Monday, May 12, 2008

အလှူကို ဖျက်ဆီးကြသူများ…

`အိုကေ…၊ အားလုံးပြီးပါပြီနော်´

ငွေလက်ခံသူ စာရေးမက ပြောလဲပြော၊ လက်ခံဖြတ်ပိုင်းတခုကိုလဲ ကမ်းပေးလိုက်ပါတယ်။ `ဟုတ်ကဲ့၊ ကျေးဇူးပါ´ လို့ ပြန်ပြောရင်း Western Union ငွေလွှဲဖြတ်ပိုင်းလေးကို ကြည့်လိုက်တဲ့ တခဏမှာ စိတ်ထဲမှာ တခုခုကို ကျေနပ်သွားသလိုလို…။

***

`အကိုရေ…၊ အကိုပို့လိုက်တဲ့ ချက်ခ်ရောက်ပြီနော်၊ အဲဒါ ဖုန်းလှမ်းဆက်တာပါ´

`ဟာ…၊ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဒါနဲ့ အမ ဘယ်တောလောက့် မြန်မာပြည်ထဲကို လွှဲနိုင်မလဲခင်ဗျ´

`ကျမ ဒီညပဲ ဖုန်းလှမ်းဆက်မှာပါ´

`ဟုတ်၊ ငွေဈေးကတော့ ဟိုတနေ့က ပြောထားတဲ့ အတိုင်းပဲနော် အမ´

`ဟုတ်ပါတယ်ရှင်´

`ဟုတ်ကဲ့ခင်ဗျာ၊ အခုလို ကူညီတာ ကျေးဇူးပါပဲဗျာ´

ပို့လိုက်တဲ့ ငွေက မြန်မာငွေဆို ဘယ်လောက်ရမလဲ တခေါက် ပြန်တွက်ချက်ပြီး ဒီလောက်ဆို ဆန် သုံးလေးအိတ်စာပဲဖြစ်ဖြစ်တော့ ရတန်ကောင်းပါရဲ့လို့ တွေးမိရင်း ပင့်သက်တခုကို ချမိပြန်ပါတယ်။

***

အခု ဒီစာကို ရေးနေတဲ့ အချိန်မှာ မေလ ၁၂ ရက်နေ့ ရှိပါပြီ။ ကျနော်တို့ရဲ့ ရွှေပြည်ကြီးမှာ သဘာဝကပ်ဘေး အန္တရာယ်ဆိုးကြီး ဖြစ်တဲ့ နာဂစ် မုန်တိုင်း ကျရောက်ခဲ့တာဟာလည်း (၈)ရက်တာ ကြာခဲ့ပါပြီ။ မုန်တိုင်းသတင်း၊ အသေအပျောက်သတင်း၊ ထိခိုက်သတင်းတွေကြောင့် ဘာစာကိုမှ ရေးလို့မရလောက်အောင်ပဲ အာရုံတွေ စုစည်းလို့ မရခဲ့ပါဘူး။

ဒါပေမယ့် ရွှေပြည်ကြီးကနေ ကမ္ဘာတဘက်ခြမ်းကို ရောက်နေသူ တယောက်အနေနဲ့ အလုပ်နိုင်ဆုံးလို့ ယူဆရတဲ့ မိမိတတ်နိုင်သလောက် လှူဒါန်းတာကိုတော့ လုပ်ဖြစ်၊ လုပ်မိပါတယ်။

တကယ်တမ်း ပြန်စဉ်းစားကြည့်ရင်တော့ ကျနော်လှူနိုင်တယ် ဆိုတဲ့ အတိုင်းအတာ ပမာဏဟာ ဟိုတဘက်မှာ အတိဒုက္ခရောက်နေကြတဲ့ လူပမာဏနဲ့ စာရင် အလွန်အင်မတန်နည်းပါးလှသေးပေမယ့် တခြားသော နီးစပ်ရာ မိတ်ဆွေတွေနဲ့တကွ နိုင်ငံအရပ်ရပ်ကို ရောက်နေကြတဲ့ ရွှေပြည်ကြီးသား မြန်မာများရဲ့ အလှူသတင်းတွေကို သိရ၊ ဖတ်ရတဲ့အခါ ပီတိအားရမှုတွေတော့ အတန်အသင့် ဖြစ်ခဲ့ရပါတယ်။

သို့သော်…။

***

`ဒီမှာက ဘယ်လိုဖြစ်နေလဲ ဆိုတော့အကိုရာ၊ အရပ်ထဲက ပိုက်ဆံရှိတဲ့ တချို့လူတွေက ဒုက္ခသည်တွေကို သွားလှူတယ်၊ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ လှူလို့မရဘူးဗျ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေက ဘယ်ကလာတာလဲ၊ ဘယ်သူ့ ခွင့်ပြုချက်လဲ၊ သူတို့လက်ထဲကို အပ်ပါ၊ သူတို့ဦးစီးပြီး ဝေငှပါ့မယ် ဆိုတာမျိုးတွေ ကြုံရတယ်။ နောက်ဆုံး ဘယ်လောက်အထိတောင်လဲဆို အာရှတော်ဝင် လို ဆေးခန်းမျိုးကဆို လူကိုယ်တိုင်ပဲ လုပ်အားသွားပေး ဆေးကုတာမျိုး လုပ်ကြတယ်၊ ဆေးတွေလှူချင်ပေမယ့် အဲဒီကြံ့ဖွတ်တွေ လက်ထဲကို မထည့်ချင်တော့လေ´

***

`ကိုကျော်သူတို့ အခု ဆန်ဝေတဲ့ ပုံစံက ဘယ်လိုပုံစံမျိုးနဲ့ ဝေတာလဲ ခင်ဗျ´

`ကျနော်တို့ ဒုက္ခသည်တွေလက်ထဲကို ရောက်အောင် အဓိကထားပြီးတော့ ဝေနေတယ်၊ ဝေနေတဲ့ အချိန်မှာ ဘာတွေ ဖြစ်လာလဲဆိုတော့ ဘေးကနေပြီးတော့ တုတ်တွေ၊ ဓားတွေနဲ့ ၀ိုင်းပြီးတော့ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ထွက်ပြေးရတဲ့ အပိုင်းတွေ ရှိတယ်´

`အခုက အလှူလုပ်တဲ့ ကိစ္စမှာတောင် အကုန်ဝိုင်းပြီး ဟိုဟာလုပ်နေကြတော့ အဲဒါကြီးက အတော်လေးဆိုးတယ်´

`ဘယ်လိုသတ္တ၀ါတွေမှန်းကို မသိဘူးခင်ဗျ၊ ကျနော်စဉ်းစားလို့ မရဘူး၊ အဲဒီသတ္တ၀ါတွေက တော်တော် မိုက်ရိုင်းတဲ့ သတ္တ၀ါတွေပါ´

`အလှူရှင်တွေကတော့ ကျနော်တို့ နိုင်ငံတကာကရော၊ မြန်မာပြည်ကရော စုံနေတာပဲ။ ဒီအလှူရှင်တွေ လှူတဲ့ဟာကို ကျနော်တို့က ကိုယ်ထိလက်ရောက် ဒုက္ခသည်တွေ လက်ထဲကိုရောက်ဖို့က ကျနော်တို့က တာဝန်ရှိနေတယ်၊ အဲဒီတာဝန်ကို ပူးတွဲပြီးတော့ပေါ့လေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပူးတွဲပြီးတော့ ကျနော်တို့နဲ့ လုပ်ဆောင်မယ်ဆိုရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်မြင်တယ်´

(ကိုကျော်သူနှင့် အာအက်ဖ်အေ သတင်းဌာနအင်တာဗျူးမှ ကောက်နှုတ်ချက်)

***




`ကျနော်တို့ ရပ်ကွက်က ၀ါသနာတူ လူငယ်လေးတွေ စုပြီးတော့ လာလှူတာပါ၊ ကျနော်တို့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ၀ါသနာရှင် လူငယ်တွေပါ´

အဲဒါကတော့ လပွတ္တာမြို့ပေါ်မှာ လေဘေးဒုက္ခသည်ကလေးတွေကို လှူဒါန်းနေတဲ့ လူငယ်တယောက်က သူ့ကို လာမေးသူကို ပြန်လည်ဖြေရှင်းနေရတာပါ။

ကျနော် စဉ်းစားကြည့်မိပါတယ်။ မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးတဲ့ သတင်းကြားပြီဆိုကတည်းက ပြည်တွင်း၊ပြည်ပက မြန်မာတွေ အပြင် တခြားသော နိုင်ငံတကာကပါ အရင်ဦးဆုံး စဉ်းစားကြတာက မသေဘဲ ကျန်ရစ်သူတွေကို ဘယ်လိုကူညီမလဲ၊ ဘာတွေ လှူကြမလဲဆိုတာပါ။ စဉ်းစားတဲ့ အတိုင်းပဲ လှူဒါန်းမှုတွေကို အလွန်အင်မတန် အားရဖွယ်ကောင်းလောက်အောင် ဆောင်ရွက်နေကြတာဟာ သတင်းတွေထဲမှာ မဖတ်ချင်အဆုံးပါပဲ။

ဒါပေမယ့် ဒီလို လှူဒါန်းတဲ့ ကိစ္စတွေမှာ ဘာအတွက်ကြောင့်များ အနှောက်အယှက်တွေ ရှိနေရပါသလဲ။ စစ်သားကပဲ လှူလှူ၊ ကြံ့ဖွတ်ကပဲ လှူလှူ၊ သူပုန်ကပဲ လှူလှူ၊ အရပ်ထဲက ပြည်သူတွေကပဲ လှူလှူ၊ လှူတာက လှူတာပါပဲ မဟုတ်ပါလား။ ဘယ်အဖွဲ့ကမို့ မလှူရ၊ ငါတို့ဦးစီးမှ၊ ငါတို့ နာမည်နဲ့မှဆိုပြီး လိုက်လံပိတ်ပင်ကန့်သတ်နေတာဟာ ဘယ်လို စိတ်ထားတွေများပါလဲဆိုတာ နားလည်လို့ကို မရပါဘူး။

`အကိုရေ၊ ကျနော်ကတော့ ဒုက္ခသည်တွေရဲ့ လက်ထဲကိုပဲ အရောက်ဖြစ်စေမယ့် နည်းနဲ့ ပိုလှူချင်တယ်ဗျာ´ ဆိုတဲ့ စကားကို အလှူငွေထည့်တဲ့ အခါ ကျနော်တို့ ဘာကြောင့် ပြောနေရပါသလဲ။ ရှင်းရှင်းလေးပါပဲ။ အဲဒီ ဒုက္ခသည်တွေ လက်ထဲကို ကျနော်တို့ အလှူတွေ အပြည့်အ၀၊ ဒါမှမဟုတ် လုံးဝ မရောက်မှာကို စိုးရိမ်ပူပန်နေရလို့ပါ။

***



အဲဒီ ဗွီဒီယိုမှတ်တမ်း တလျှောက်လုံးမှာ ကျနော် ရင်အနင့်ရဆုံးစကားတခွန်းနဲ့၊ ဒေါသအဖြစ်ရဆုံး စကားတခွန်းစီ ရှိပါတယ်။

ဒေါသအဖြစ်ရဆုံးကတော့ မြန်မာ ၀န်ကြီးချုပ် လုပ်စားတဲ့ သက်ကြားအိုကြီးရဲ့ စေတနာမဲ့ ပါးစပ်ဖျားစကား `ထမင်းတွေ ဘာတွေရော စားရလား´ ဆိုတဲ့ စကားပါ။

ရင်အနင့်ရဆုံးကတော့ ၀န်ကြီးချုပ် လုပ်စားသူရဲ့ ဖောဖောဖိန့် စကားတွေကို နေပူမှာ နားပူခံနားထောင်နေရရှာသူ တယောက်က ပြောလိုက်တဲ့ `ဗိုက်ကလေး ပြည့်ရင် တော်ပါပြီဆရာရယ်၊ ဆန်ပြုတ်ကလေးပဲ သောက်ရသောက်ရပါ…´ ဆိုတဲ့ စကားကိုပါ။

***

`ကိုယ်က မလှူ လှူသော်မကြိုက်၊ ကိုယ်က မကူ ကူသော်မကြိုက်၊ ထိုလူမိုက်များ မင်းဖြစ်ငြားက ပြည်သူတို့မှာ သေဖို့သာတည်း´ …တဲ့။

သူငယ်ချင်းတယောက် ရေးတဲ့ စာချိုးစကားလေးပါ။

ကျနော်တို့ ပြည်သူတွေ ဒုက္ခတွေ ရောက်နေကြတယ်။ ဒုက္ခတွေကြောင့် မျက်ရည်တွေ ဝေနေရပါတယ်။ အဲဒီ မျက်ရည်တွေ ကျနော်တို့တတွေ ဖြေသိမ့်ကူဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒုက္ခပေါ် အပူဆင့်၊ မျက်ရည်ပေါ် အငိုဆင့်အောင် ကြိုးစားနေသူတွေကိုရော ဘယ်သူကမှ ဒဏ်မခတ်ကြတော့ဘူးလားဗျာ။


ကလိုစေးထူး

5 comments:

မြင့်မြတ် said...

အစ်ကိုရေ့ အဝေးရောက် သူတွေရဲ့ ခံစားချက်ကို နားလည်ပါတယ် ကိုယ်နိုင်သလောက်ပဲပေါ့ ဘယ်တက်နိုင်မလဲ ဒုက္ခသည်တွေ အပေါ်ဒီလိုလုပ်လို့ ထွက်တာကို လည်း အံသြလို့ မဆုံးဘူးဗျား(

Anonymous said...

:(

very sad and don't understand .
They are inhuman.
How can we remove?
No way ????


phyu

Emerald said...

http://www.youtube.com/watch?v=8PemtGzevT4&eurl=http://soneseayar.blogspot.com/

Why we have such kind of government who don't care at all whether we are dead of alive. I can't understand why they have a heart to neglect all those people in trouble.

Anonymous said...

Man

I am a fan of your posts. Not only you, everyone is angry, sad and frustrated. Afterall, either you are professional, student, IDP or rebel or govt. employee, we are Burmese and when our brothers and sisters dies there, our hearts break. We are fully grown man but these days, eyes are a bit blurred.

sawthanlwin said...

we have to pray for the military government cancel to book to stay in the Hell...
I do not want to get them in the Hell but they already book to stay in the Hell..also I do not want our people more suffering from the military government..