စိတ်ထဲမှာ အတော်လေးကို ချီတုံချတုံ ဖြစ်နေရတာက တော်တော် ပင်ပန်းလွန်းလှသည်။
စာရွက်ထဲမှာ အကြမ်းရေးထားသည့် စာရင်းတွေကို ကွန်ပျူတာထဲကို တဆင့် ရိုက်ထည့်ပြီး ဘယ်လောက်ရပြီးပြီလဲဆိုပြီး ထပ်မံတွက်ချက်မိပြန်သည်။ လက်ရှိရထားတဲ့ အတိုင်းအတာအရ ဆိုးတော့ မဆိုးလှပါဘူး လို့ တွေးမိသေးပေမယ့် တခုခု လိုနေသေးသလို စိတ်ထဲမှာ ခံစားနေတာကြီးက ဘယ်လိုမှ ဖျောက်လို့ မရဖြစ်နေ၏။
ကွန်ပျူတာ ဘေးက တယ်လီဖုန်းကတော့ ကျနော့်ကို မတှုန်မလှုပ်ဖြင့် ကြည့်နေလေသည်။
***
သူ …။ သူ့နာမည်ကိုတော့ ကိုစိန် လို့ပဲ လွယ်လွယ်ခေါ်ကြပါစို့…။
သူနဲ့ ကျနော်က တစောင်းစေးနဲ့ မျက်ချေး…။ ဟိုးအစကတော့ ဒီလောက်ကြီး မဟုတ်လှပေမယ့် အခုအချိန်မှာတော့ မျက်နှာချင်းဆိုင် တွေ့မိရင်တောင် နှုတ်ဆက်စကား ဟဟ မဆိုနိုင်လောက်အောင်ပင် မခေါ်နိုင်မပြောနိုင် ဖြစ်နေလေပြီ။
အစည်းအဝေးတခုခု လုပ်ကြပြီဆိုရင် သူပြောချင်တာနဲ့ ကျနော် ဖြစ်ချင်တာက အမြဲဆန့်ကျင်ဘက်…။ သူက ကျနော့်ကို `ဘာမဟုတ်တဲ့ကောင်´ လို့ ထင်ချင်သည်။ ကျနော့်ကလဲ သူ့ကို `အလကားလူ´ ဟု စိတ်ထဲကနေ သတ်မှတ်၏။ ကျနော်ပြောသမျှကို ကန့်လန့်တိုက်တတ်သော သူ့ကို ကျနော်က စကားမပြောချင်သလို သူပြောသမျှနှင့် သဘောထား မတိုက်ဆိုင်တတ်သော ကျနော့်ကို သူကလဲ အမြင်မကြည်…။
ပြီးခဲ့နှစ် သြဂုတ်လက ကျနော်တို့ ပြည်နယ်မှာ အထိမ်းအမှတ်အခမ်းအနား တခုလုပ်တော့ သူလာမတက်ခဲ့သလို အခမ်းအနားလုပ်ဖို့ ကျသင့်ငွေကို ဒီပြည်နယ်မှာ ရှိတဲ့ မြန်မာတွေက စုပေါင်းထည့်ဝင်ကြတော့လဲ သူမပါခဲ့ပါ။ အကြောင်းပြချက် လုံလုံလောက်လောက် မပေးခဲ့ပေမယ့် သူ့ခြေသူ့လက် ဖြစ်ခွင့်မရတဲ့အတွက် အဲဒီ အခမ်းအနားကို လစ်လျူရှုခဲ့တာကို တဆင့်ပြန်သိရတော့ ကျနော်ကလဲ သူ့အမျိုးသမီး ဖိတ်ခဲ့တဲ့ သူ့သားကလေးရဲ့ မွေးနေ့ပွဲကို မသွားခဲ့ပါ။
လူဆိုတာကလဲ ခက်သည်။ ဟိုတချိန် အဆင်ပြေတုန်းကသာ သူဘာလုပ်လုပ် အကောင်းမြင်နိုင်ပေမယ့် အခုလောလောဆယ်ကတော့ သူဘာတွေဖြစ်နေ ဖြစ်နေ၊ ဘာတွေလုပ်လုပ် မျက်စိထဲ နားထဲမှာ ကန့်လန့်ချည်းသာ ဖြစ်နေလေတော့သည်။ သူကလဲ ကျနော့်အပေါ် ထိုနည်းနှင်နှင် စိတ်သာ ဖြစ်နေမှာ သေချာပါသည်။
***
မေလ ၃ ရက်နေ့မှာ ကျနော်တို့ နိုင်ငံ ရွှေပြည်ကြီးကို ကြမ္မာဆိုးငင်လှစွာဖြင့်ပင် `ပန်း´ လို့ အဓိပ္ပာယ်ရတဲ့ နာဂစ်မုန်တိုင်းရဲ့ တိုက်ခတ်ခြင်းကို ခံလိုက်ရ၏။ နာမည်ကသာ နန်းဆန်ပေမယ့် ကြမ်းထန်လှတဲ့ မုန်တိုင်းဒဏ်ကြောင့် ဆုံးပါးသွားတဲ့ အသက်တွေမှာ အတုန်းအရုန်း၊ ပျောက်ဆုံးနေဆဲ လူတွေကလဲ ထုနဲ့ထေး…။ မုန်တိုင်းပြီးဆုံးသွားပြန်တော့ မပြီးသေးသည်က အသက်ရှင်ကျန်ခဲ့ပေမယ့် ဒုက္ခပေါင်းများစွာနဲ့ ဘ၀ပေါင်းများစွာ…။
အဝေးကြီးကနေပြီး `ကျနော်တို့ ၀မ်းနည်းပါသည်´ လို့ ပြောရုံလောက်နဲ့တော့ ထူးခြားပြီး ထိရောက်တဲ့ အရာ တခုမှာ ဖြစ်မလာနိုင်ဘူးလို့ တွေးမိတော့ လက်လှမ်းမီရာကနေ တဆင့် ငွေစချွေးနည်းစာ တချို့ကို လှူဒါန်းဖြစ်ခဲ့ပြီးပြီ။ ဒါပေမယ့် ကျနော် လက်ရှိနေထိုင်ရာ ပြည်နယ်မှာ အင်အားမနည်းပါးလှသော အနီးအနားဝန်းကျင်က မြန်မာမိတ်ဆွေတွေ အနေနှင့်လည်း စုစည်းလှူဒါန်းရရင် ကောင်းမှာပဲလို့ ထပ်တွေးမိတော့ နီးစပ်ရာတွေကို ဖုန်းလိုက်ဆက်၊ အကျိုးအကြောင်း ရှင်းပြ၊ ထည့်ဝင်ကြနဲ့ ငွေစကလေးတွေက အတော်အတန်တော့ စုမိလေပြီ။
ခက်နေတာက ဟိုလူ၊ ကိုစိန်…။ ဒီလူ့ဆီကို ကျနော် ဖုန်းဆက်သင့် မဆက်သင့်ကို တော်တော်လေးကို ဝေခွဲရ ခက်လှပါသည်။ ဖုန်းဆက်လိုက်ရင် သူက ကျနော့်ကို ချေချေငံငံ ပြန်ပြောပါ့မလား…။ အခု လုပ်နေတဲ့ အလုပ်ကို သူပြောပြောနေတဲ့ ကျနော်လို `ဘာမဟုတ်တဲ့ကောင်´ က လုပ်နေတာဆိုပြီး ကန့်လန့်တိုက် စကားတွေ ပြောရင် ကျနော်ပဲ ဒေါသဖြစ်ရဦးမည်။ တော်ကြာ စကားလုံးအကြီးကြီးတွေ လျှောက်ပြောပြီး အလှူငွေလဲ မထည့်ရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးကလဲ တွေးမိသေးသည်။
`အို…၊ ဘာဖြစ်သေးလဲ၊ သူ့ဘာသာ ထည့်တာ မထည့်တာ တကဏ္ဍ၊ ငါ့အနေနဲ့ကတော့ ဖုန်းဆက်ပြောပြသင့်တယ်´
နောက်ဆုံးတော့ လူက ချီတုံချတုံနှင့်ပင် ဖုန်းခွက်ကို ကောက်ကိုင်လို့ နံပါတ်တချို့ကို နှိပ်ဖြစ်လိုက်တော့…။
***
`ဟာ၊ ထည့်ရမှာပေါ့ဗျ၊ ကောင်းတယ်ဗျာ။ အခုရော ကောက်ထားတာ ဘယ်လောက်ရပြီလဲ´
`ဟုတ်၊ တထောင်ကျော်လောက်တော့ ရနေပြီ´
`ကျနော် နှစ်ရာ ထည့်မယ်ဗျာ´
စိတ်ထဲမှာ `ဒါ ကိုစိန်မှ ဟုတ်ရဲ့လား´ လို့ တွေးနေတုန်း…
`ဒါ နိုင်ငံရေး မဟုတ်ဘူးဗျ၊ လူမှုရေး၊ လူမှုရေးမှ ခင်ဗျားတို့ ကျနော်တို့ ချစ်လှပါတယ်ဆိုတဲ့ လူတွေရဲ့ အရေးလေ´
ဒီနိုင်ငံရောက်ခဲ့ပြီးမှ ကိုစိန့်ဆီက ကြားသမျှ စကားတွေထဲမှာ အခု စကားလောက် နားဝင်ချိုတာ မရှိတော့ဘူးဟု ထင်မိသည်။ ဟုတ်ပါသည်။ အခု အရေးသည် နိုင်ငံရေးရှုထောင့်တွေ၊ ထင်မြင်ချက်တွေကို အသာထားလို့ ဟိုတဘက်မှာ ဒုက္ခရောက်နေတဲ့ လူတွေကို `ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ´ ဆိုတာကို ကောင်းကောင်းကြီး အဖြေထုတ်ရမည့် အချိန်ပင် မဟုတ်ပါလား…။ လက်ရှိ အာဏာပိုင်တွေက မကြည့်၊ မကူတာကို လက်ညှိုးထိုးထောက်ပြနေရုံ သက်သက်နဲ့တော့ ဒုက္ခရောက်နေတဲ့ လူတွေဆီကို ဆန်တဆုပ်၊ ရေတမှုတ် မရနိုင်တာ သေချာပါသည်။ မတရားမှုတွေကို ဖော်ထုတ်တင်ပြခြင်းနှင့် အတူ အရေးပါထိရောက်သော အကူအပံ့တွေကို ကိုယ်တတ်နိုင်တဲ့ တထောင့်တနေရာကနေ ပါဝင်ရမှာ အသေချာပင် ဖြစ်၏။
ကျနော်နဲ့ အဆင်မပြေသူကပဲ လှူလှူ၊ ကျနော်နဲ့ အလျဉ်းသင့်သူကပဲ ကူကူ အဓိက အရေးကြီးတာက များများလှူနိုင်ကြဖို့ ဆိုတဲ့ အချက်ကို ကျနော်တို့ မေ့ထားလို့ မရနိုင်ပါ။
***
ကိုစိန်နဲ့ ဖုန်းပြောပြီးတော့ ငွေပို့ပေးရမယ့် လူဆီကို အီးမေးလ်လှမ်းပို့…၊ အလှူခံဖို့ ကျန်နေသေးတဲ့ တချို့ ဖုန်းနံပါတ်တွေကို ပြန်ထပ်ရှာနေခိုက်မှာ အိမ်တံခါးခေါက်သံ ခပ်ဖွဖွပေါ်လာလို့ တံခါးသွားဖွင့်ပေးလိုက်တော့ အမိုး…။
`ဖိုးခွားပြောထားတာကို အမိုးပိုက်ဆံ လာပေးတာ´
`သြော်၊ ဟုတ်ကဲ့ အမိုး`
`အမိုး ငါးဆယ် လှူမယ်နော်´
စာအိတ်လေးနဲ့ တသေတသပ်ထည့်လာတဲ့ ငွေစက္ကူတချို့ကို ကျနော့်ကို ကမ်းပေးပြီး ပြန်သွားသော အမိုးကိုကြည့်ပြီး မုန်တိုင်းတိုက်ခတ်ခံရတဲ့ ဓာတ်ပုံတချို့ကို အမိုးကို ပြစဉ်က အမိုးပြောခဲ့သော စကားတခွန်းကို ပြန်ကြားယောင်မိပါသည်။
`သူတို့က အမိုးမြေးကလေးတွေ အရွယ်နော်၊ သူတို့ အဘိုးအဘွား အမေအမေတွေ ဘယ်လောက်တောင် စိတ်ထိခိုက်မလဲ´
***
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကျနော် ငွေတချို့ ထပ်လွှဲပါဦးမည်။ ဒီတခေါက် လွှဲမယ့် ငွေထဲမှာတော့ ကရင်လှူတဲ့ ငွေ၊ ဗမာလှူတဲ့ငွေ၊ ချင်းလှူတဲ့ ငွေ၊ ရခိုင်လှူတဲ့ ငွေတွေ အပြင် ကျနော်နဲ့ အဆင်ပြေတဲ့လူ၊ ကျနော် သိပ်အမြင်ကပ်တဲ့လူ၊ ကျနော့်ကို ကြည့်ရတဲ့လူ၊ ကျနော့်ကို ဘယ်တုန်းကမှ အကောင်းမထင်တဲ့လူ၊ … … … အားလုံးရဲ့ ငွေတွေပါသွားပါလိမ့်မည်။
ဒါပေမယ့် ဒီငွေတွေကို လှူရတဲ့ `ဒုက္ခရောက်နေသူတွေကို ကျနော်တို့ တတ်နိုင်သလောက် လှူကြမယ့်´ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တူညီခဲ့ပါသည်။
ဒီအချိန်မှာ တကယ်တမ်း အဓိကအကျဆုံးအရာကလဲ အဲဒါပဲ မဟုတ်ပါလား ခင်ဗျာ…။
ကလိုစေးထူး
8 comments:
အစ်ကို့ ကိုကော ကိုစိန် ဆိုသော အစ်ကိုကြီးကို ပါ လေးစားပါတယ်ဗျာ ပို့ စ်လေးဖတ်ပြီး ၀မ်းသာပီတိလည်း ဖြစ်မိတယ် ဒါက နိုင်ငံေ၇းမဟုတ်ဘူး ကျနော်တို့ ချစ်လှပါသည်ဆိုသော သူတွေအတွက်အရေးဆိုတာလေးကိုလည်း သဘောကျတယ် ။
That's !
:)
u right!
carry on.
Phyu
ဒါက နိုင်ငံေ၇းမဟုတ်ဘူး ကျနော်တို့ ချစ်လှပါသည်ဆိုသော သူတွေအတွက်။
လေးစားပါတယ်..အကိုတို့ရေ...
မင်္ဂလာပါဗျာ
အရမ်းကောင်းပါသည်
လေးစားဂုဏ်ယူပါတယ်အစ်ကို...။ စေတနာမှန်တဲ့ ကျွန်တော်တို့ လုပ်ရပ်တွေ အောင်ကို အောင်မြင်ရမှာပေါ့ :)...။ အရမ်းဝမ်းသာတယ် အစ်ကိုရာ။
Absolutely right!!
And you are very good writer. Nice writing..
တကယ်လုပ်သင့်တဲ့အရာကို အားကြိုးမာန်တက်လုပ်ဆောင်ခဲ့တာ လေးစားပါတယ် ကိုစေးထူးရေ….
Post a Comment