Saturday, May 31, 2008

ပြောပါရစေ..

ကျနော့် ကွန်ပျူတာရဲ့ ကျန်းမာရေး ချို့ယွင်းချက်ကြောင့် ကျနော့် ဘလော့ဂ်နဲ့ တကွ အင်တာနက်လောကကြီးကိုပါ ငါးရက်လောက် အဆက်အသွယ် ပြတ်လုနီးပါး ဖြစ်သွားပါတယ်။ သတင်းငတ်တဲ့ ဒဏ်ကို သိပ်မခံစားနိုင်လို့ နီးစပ်ရာ စာကြည့်တိုက်မှာ သတင်းသွားဖတ်နေလို့သာ အဆက်အသွယ် လုံးဝ မပြတ်တာလို့ ပြောလို့ရတဲ့ အနေအထားပါ။

ဒီနေ့ညနေတော့ ကျနော့်ရဲ့စက် ကျန်းမာရေး ပြန်ကောင်းပါပြီလို့ စက်ပြင်ဆရာ မောင်မင်းကြီးသားက ဖုန်းဆက်လာတာနဲ့ အသော့ကလေး အပြေးနှင်လို့ စက်ကို သွားယူရပါတယ်။ အိမ်ကိုရောက်တော့ အင်တာနက် လိုင်းတွေ ပြန်ချိတ်၊ ရက်အတန်ကြာ အိပ်ပျော်နေတဲ့ ကျနော့်ဘလော့ဂ်ကို ပြန်စစ်၊ မေးလ်တွေကို ပြန်စစ်၊ နောက်တော့ ဘလော့ဂ်လည်ထွက်၊ သတင်းတွေနောက် လိုက်…၊ အင်တာနက်တောမှာ မျော..။

စာဖတ်နေရင်းနဲ့ကို တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ကွန်မန့်တခု ၀င်လာလို့ ဘာများလဲလို့ ဖတ်မိတော့ ကျနော်တင်ထားတဲ့ ပို့စ်ပါ အကြောင်းအရာနဲ့ လားလားမှ မဆိုင်တဲ့ အကြောင်းအရာတွေကို anonymous နာမည်ကို သုံးပြီး လာတင်ထား…၊ အောက်ဆုံးမှာက မျိုးမြန်မာကနေ ကူးယူပါတယ်လို့ ကြော်ငြာပါ ၀င်လိုက်သေး…။ အင်း…၊ ဒီမောင်တွေ ခမျာမှာလဲ လာမဖတ်မှာ စိုးရိမ်လွန်းရှာတယ် ထင်ပါရဲ့ လို့ ခပ်ငေါ့ငေါ့တွေးလိုက်မိပါရဲ့။

သတင်းတွေ၊ ဘလော့ဂ်တွေ ကို လက်လှမ်းမီသလောက် လိုက်ဖတ်အပြီးမှာတော့ ကျနော် စကားနည်းနည်း ပြောချင်လာတယ်။ ဒါကြောင့် အခုပို့စ်ကို ရေးမိပါတယ်။

အခုဆိုရင် ကျနော်တို့ နိုင်ငံမှာ အလွန်တရာကြီးမားလှတဲ့ သဘာဝဘေးဒဏ်ကြီးကို ရိုက်ခတ်ခံခဲ့ရတာဟာ တလပြည့်လုနီး ဖြစ်ခဲ့ပါပြီ။ အဲဒီ သဘာဝဘေးဒဏ်သတင်းကို ကြားကြားခြင်းမှာ ကျနော်တို့ အရင်ဆုံး လုပ်ဖြစ်ခဲ့တာက `မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူတွေကို ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ´ ဆိုတာကို ချက်ချင်းတွေး၊ ချက်ချင်း အကောင်အထည်ဖော်တဲ့ အလုပ်ပါပဲ။ `နိုင်ငံရေး´ လို့ အများက ယူဆသတ်မှတ်ထားတဲ့ အကြောင်းအရာတွေ (တည့်တည့်ပြောရရင် လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်ဝေဖန်တာတွေ) ကို လုံးဝ ဘေးဖယ်ထားပြီးတော့ မိမိရဲ့ ချွေးနည်းစာတွေကို ထည့်ဝင်လှူဒါန်းကြတဲ့ အလုပ်ကိုသာ အားလုံး (အားလုံး) က အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။

ကျနော့် အနေနဲ့ မြန်မာပြည်ကို ငွေလွှဲဖို့ရာ ဆိုရင် အမျိုးမျိုးသော အကြောင်းတွေကြောင့် တရားဝင် ငွေလွှဲလမ်းကြောင်း (တရားဝင် ဘဏ်ငွေလွှဲစနစ်) ကို မသုံးနိုင်ပါဘူး။ ဒါပေမယ့် အရေးကြီးတာက တကယ်တမ်း ဒုက္ခရောက်နေသူတွေ လက်ထဲကို ကျနော်တို့ တတ်နိုင်သမျှ လှူတာလေးတွေ ရောက်ပါစေတော့ ဆိုတဲ့ စိတ်ကြောင့် ရတဲ့ အဆက်အသွယ်ကို ဖြစ်တဲ့ နည်းနဲ့ ပို့ရပါတယ်။ အဲဒီလို ပို့ရတော့ အခက်အခဲတွေ တွေ့ရပါတယ်။ (ပြည်တွင်းက) တချို့က `ပြဿနာတွေ များလို့´ ဆိုတဲ့ အကြောင်းပြချက်နဲ့ တွန့်ဆုတ်ပါတယ်။ တကယ်တမ်းမှာလဲ သူတို့ဆီမှာ ခြိမ်းခြောက်မှုမျိုးစုံကို သတိကြီးစွာ ထားပြီးတော့ ကျနော်တို့နဲ့ အဆက်အသွယ်ယူ၊ ကျနော်တို့ရဲ့ အလှူကို အထမြောက်အောင် ကူရတာပါ။

အခု ဒီစာကို ရေးနေတဲ့ အချိန်မှာတင်ကို ကျနော်တို့ ပြည်နယ်က မြန်မာတွေ စုပေါင်းလှူဒါန်းကြတဲ့ အလှူငွေ ဒေါ်လာ ၁၈၀၀ ဟာ လမ်းခုလတ်မှာ ကြန့်ကြာနေဆဲပါ။

အဲဒီလိုမျိုး ကိုယ်က တကယ်လုပ်သင့်တယ် ထင်တဲ့အရာကို အားစိုက်လုပ်ဆောင်ရင်းနဲ့ သတင်းတွေကို လိုက်ဖတ်တဲ့ အခါမှာတွေ့ရတဲ့ မတရားမှုတွေ၊ ရင့်သီးယုတ်မာမှုတွေကို ခံပြင်းမှုတွေနဲ့ အတူ ရေးမိတာတွေတော့ ရှိပါရဲ့။ အဲဒီအခါမှာ ကျနော်တို့ ရလိုက်တဲ့ ရလဒ်ကတော့ ဘယ်သူမှန်း မသိတဲ့ (လက်ရှိ အာဏာပိုင်ကို လိုလားပုံရတယ်လို့ ယူဆရတဲ့) သကောင့်သားတွေရဲ့ စီဘောက်စ်မှာ မကြားဝံ့မနာသာ ဆဲဆိုသွားတာ၊ ပေါကြောင်ကြောင် ရူးနှမ်းနှမ်း ကွန်မန့်တွေကို လာပေးသွားတာတွေပါပဲ။

ကဲ၊ အဲဒီလို လာဆဲသွားတဲ့ မဟာ ပုဂ္ဂိုလ်ကျော်များနဲ့ တကွ လက်ရှိအာဏာပိုင်တွေကို တည့်တည့်ကြီး တမျိုး၊ သွယ်ဝိုက်လို့ တဖုံ၊ မခို့တရို့ တနည်း ထောက်ခံအားပေးနေကြတဲ့ လူတွေကို ကျနော် မေးကြည့်ချင်ပါတယ်။ ကျနော်တို့ ဒီမိုသမားတွေ (ဒီတံဆိပ်ကို ကျနော့်ကို ဘယ်သူ ကပ်ပေးလိုက်မှန်းတော့ မသိပါဘူး၊ ဒါပေမယ့် ကျနော့်ကို ဒီမိုသမားလို့ တယောက်ယောက်က လာပြောရင် ကျနော် အလွန်အင်မတန် ဂုဏ်ယူစွာ ကျေနပ်ပါတယ်) ရဲ့ ဘလော့ဂ်(အများစု)တွေမှာ မုန်တိုင်း ဖြစ်ခဲ့တဲ့ အချိန်ကနေ စလို့ အခုအချိန်ထိတိုင်အောင် အဓိက အသားပေးဖော်ပြခဲ့ကြ၊ ရေးခဲ့ကြ၊ လှုံ့ဆော်ခဲ့ကြတာဟာ ဘာအကြောင်းပါလဲ။ မျက်စိရှိသူ မြင်တတ်ပါတယ်။ နှလုံးသား ရှိသူ ခံစားတတ်ပါတယ်။ ဦးနှောက်ရှိရင် ခွဲခြားတတ်ပါတယ်။

ဒီတော့ ကျနော်ပြောရဲပါတယ်။ မုန်တိုင်း ဖြစ်တဲ့ အချိန်မှာ No Vote ဆိုတဲ့ လှုံ့ဆော်သံတွေ လုံးဝ တိတ်ဆိတ်ခဲ့ပါတယ်။ အားလုံးရဲ့ စိတ်ထဲမှာ ဒါဟာ `လူမှုရေးကိစ္စ´၊ `ငါတို့ နိုင်ငံသားတွေ သေကြပျက်စီးကုန်နေပြီ၊ ငါတို့ ဘာလုပ်ပေးနိုင်မလဲ´ ဆိုတဲ့ ရှုထောင့်ကနေသာ အတော်များများက စဉ်းစားခဲ့ကြတာပါ။

စင်္ကာပူရောက် မျိုးချစ်မြန်မာတချို့ဆိုရင် မြန်မာပြည်အထိ အရောက်ပြန်လို့ မုန်တိုင်းဖြစ်ခဲ့တဲ့ မြို့တွေဆီမှာ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလုပ်အားပေးခဲ့ကြတာဟာ လေးစားစရာ၊ အားတက် ဂုဏ်ယူစရာပါ။

ဒါပေမယ့် ကျနော်တို့ကို အုပ်ချုပ်နေတဲ့ လက်ရှိအာဏာပိုင်တွေကတော့ ဘာကို အသားပေးခဲ့ပါသလဲ။ ကျနော် အထူးအထွေ ပြောနေစရာ လိုမယ် မထင်တော့ပါဘူး။ မေလ ၂ ရက်နေ့မှာ ကပ်ဘေးဆိုက်တာကို မေလ ၁၀ ရက်နေ့မှာ ဆန္ဒခံယူပွဲလုပ်ခဲ့တာ၊ အဲဒီ ဆန္ဒခံယူပွဲမှာ အောင်ပွဲခံနိုင်ဖို့အတွက် ကလိန်ကကျစ် နည်းလမ်းပေါင်းစုံကို ဘက်ပေါင်းစုံကနေ သုံးခဲ့တာ ဘယ်သူတွေပါလဲ။ ပြောရရင် ရှည်ပါတယ်။ ဒါတွေကို မပြောချင်လို့ ပြောချင်စိတ် ကုန်ခန်းနေလို့ကို ဘာမှ မပြောဘဲ အဓိကကျတဲ့ အလုပ်ကိုသာ ဦးစားပေးနေခဲ့တာပါ။

တခါတလေကျတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အတော်လေးကို စိတ်ဆင်းရဲရသလို စိတ်လဲ တော်တော် ကုန်မိပါတယ်။ ကျနော်တို့က စိတ်ထဲမှာ ယုံကြည်တာတွေ၊ ခံစားရတာတွေကို ကိုယ်မြင်တဲ့ ရှုထောင့်ကနေ ချရေးတယ်။ ဘာအကျိုးအမြတ် တခုမှ မျှော်ကိုးနေလို့ မဟုတ်ပါဘူး။ ရစရာ အကြောင်းလဲ မရှိပါဘူး။ ဘလော့ဂ် မရေးဘဲနဲ့ အလုပ်လုပ်ချိန်တန် လုပ်၊ ရတဲ့ဝင်ငွေနဲ့ ကိုယ်ရောက်တဲ့ နိုင်ငံမှာ အေးအေးဆေးဆေး နေလို့ရပေမယ့်လဲ မနေနိုင်ပါဘူး။ မနေချင်ပါဘူး။

ဒါပေမယ့် တချို့သော ပုဂ္ဂိုလ်များရဲ့ အဲဒီအပေါ် သဘောထား response ကတော့ အတော်လေးကို ဆိုးပါတယ်။ ကျနော်တို့ကို `ဒီမိုသမား´ လို့ တံဆိပ်ကပ်လိုက်တာနဲ့တင် အားမရနိုင်သေးဘဲ မောင်နဲ့နှမ၊ သားနဲ့ အမိ မြင်လို့မှ မတော်တဲ့ စကားလုံးတွေနဲ့ လာဆဲတာ၊ အချိန်အခါနဲ့ အခြေအနေကို အလိုက်မသိနိုင်လွန်းစွာနဲ့ အယူဝါဒရေးရာ ဆိုင်ရာ ကိစ္စတွေကို အတင်းကာရောကြီး ဆွဲယူ ငြင်းခုန်လိုတာတွေကို လက်ခံရရှိတော့ တော်တော်စိတ်ပျက်မိပါတယ်။

ကျနော့်ကို မကြာခဏဆိုသလို လာရောက် ပုတ်ခတ်လေ့ရှိတဲ့ ဇော်မျိုး အမည်ခံ ဘလော့ဂ်မှာ ရေးထားတဲ့ စာသားလေးတခုက `ဘာမှ မလှူဘဲ ဝေဖန်သူသည် အာချောင်သူသာ ဖြစ်သည်´ တဲ့။ အင်မတန်ကောင်းပါတယ်။ ဟုတ်ကဲ့၊ တကယ် လှူနေတဲ့ လူတွေကို ဒီထက် ပိုလှူချင်လာအောင်၊ ဒါမှမဟုတ် မလှူဖြစ်သေးတဲ့ လူတွေရဲ့ အိတ်ကပ်ထဲကနေ ငွေတကျပ် တပြားဘဲ ဖြစ်ဖြစ် မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် လှူဖြစ်လာအောင် ကျနော်တို့ ဘယ်လိုကြိုးစားသင့်တယ်ဆိုတာကို ပိုပြီး ချဉ်းကပ်ရေးသား လှုံ့ဆော်ကြရင် ပိုမကောင်းပေဘူးလား။

ကျနော့် သဘောကို တခါကလဲ ပြောဖူးပါတယ်။ ကျနော်တို့ တဘက်စီကနေ ယုံကြည်ချက် တခုစီနဲ့ ရပ်တည်နေကြတယ်။ ဒါပေမယ့် `စစ်ခွေးတွေ´ လို့ ရင့်ရင့်သီးသီး သုံးနှုန်းဆဲဆိုတတ်တဲ့ ဒီမိုသမားတွေကို ကျနော် အားမပေးသလို ဒီမိုကရေစီ လိုလားသူတွေကို မိုက်ရိုင်းဆဲဆိုတတ်သူတွေကိုလဲ ကျနော် စိတ်ပျက်ပါတယ်။ ဒီနည်းနဲ့ ကျနော်တို့ နားလည်မှု ဘယ်တော့မှ မရနိုင်ပါဘူး။ အပြန်အလှန် လိုက်ဆဲနေတာက အဖြေမဟုတ်ပါဘူး။

အထူးသဖြင့် အခုလို အချိန်မျိုးမှာ ပိုလို့ အရေးကြီးလှတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့တွေ တဘက်နဲ့ တဘက် ဆဲနေကြလို့ ဒုက္ခရောက်နေသူမှာ ထမင်းတလုပ် ပိုမတိုးလာတဲ့အတွက် တကယ့် အဓိကအရာကို ကျနော်တို့ ဦးစားပေးရပါမယ်။ ရုရှက စစ်ဘိုတွေ မုန်တိုင်းအတွက် အလှူလုပ်တယ်ဆိုရင် ကျနော် လက်ခုပ်တီး သာဓုခေါ်မှာ ဖြစ်သလို ဒီမိုသမားတွေက လှူတာကိုလဲ ၀မ်းမြောက် အားပေးမိမှာပါ။

လူဆိုတာ အရိပ်သုံးပါး နားလည်ရပါတယ်။ သေတဲ့လူတွေက သောက်သောက်လဲ သေပြီးတဲ့ အပြင် ဒုက္ခရောက်နေသူတွေကလဲ သန်းချီနေတာကို အကူအညီပေးဖို့ မစဉ်းစားဘဲ ကိုယ့်အာဏာမြဲရေးကိုသာ အားစိုက်ခဲ့တဲ့လူက စိုက်ခဲ့ပြီးပါပြီ။ ဒါကို သခင်အားရ ကျွန်ပါးဝပြီး ထောက်ခံချင်သပ ဆိုလဲ ကိုယ့်ဘလော့ဂ်ပေါ်ကနေသာ ကိုယ် အားရပါးရကြီး အော်ဟစ် ထောက်ခံကြပါတော့လို့သာ ပြောချင်ပါတယ်။ ကျေနပ်အားပေးမယ့်လူတွေ ကွန်မန့်လာရေးပြီး အားပေးကြပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ အခုလို အချိန်မှာ ဘာကိုမှ ပြန်ပြီးတော့ ဖက်ပြိုင် ငြင်းခုန်လိုစိတ် မရှိပါဘူး။


ကလိုစေးထူး

4 comments:

lwinmoe said...

>> အယူဝါဒရေးရာ ဆိုင်ရာ ကိစ္စတွေကို အတင်းကာရောကြီး ဆွဲယူ ငြင်းခုန်လိုတာတွေကို လက်ခံရရှိတော့ တော်တော်စိတ်ပျက်မိပါတယ်။

I would like to say that this kind of heated arguments has been going on since the 90s on
soc.culture.burma
newsgroup before the term 'blog' was created.
I remember one or two people like Okka back in 1998 while I was a student.

It's not new and I hope that the bloggers will be able to look beyond that and do what they have to instead of wasting their efforts on not-so-important stuff.

MyoMyanmar said...

ကလိုစေးထူးခင်ဗျာ..

ကျွန်တော်သည် ယခုကော်မန့်အား ရှင်းလင်းမှုပြုလိုသောကြောင့် ရေးသားခြင်းဖြစ်ပါသည်။

တိုက်ရိုက်ရေးသားခြင်းမဟုတ်သော်ငြားလည်း သင်ရေးသားမှု၏ ဦးတည်ချက်ဖြစ်သော (မဟုတ်လျှင်တောင် ထိုသို့ အဓိပါယ်သက်ရောက်စေသော) ကျွန်တော်မျိုးမြန်မာမှ anonymous အမည်ဖြင့် သင့်နေရာတွင် ၀င်ရောက်ကြော်ငြာသွားပါသည်ဆိုသည့် ရေးသားချက်အား လုံးဝပယ်ပါသည်။ ပုံမှန်အားဖြင့် ကျွန်တော်သည် မိမိဆွေးနွေးချက်များအား တုန့်ပြန်မှုကို ပြန်ဆွေးနွေးသည့်အခါမျိုးတွင် လည်းကောင်း၊ မိမိနှစ်ခြိုက်မိသော ဘလော့ဂါများထံမှ လက်လွတ်စပါယ်ရေးသားမှုများ တွေ့သည့်အခါ ဝေဖန်ထောက်ပြမှု ပြုလိုသည့်အခါမျိုးတွင်လည်းကောင်း ရေးသားခြင်းများမှအပ အခြားမည်သည့်အကြောင်းဖြင့်မျှ ကော်မန့်ရေးသားခြင်းမပြုပါချေ။

ဒီမိုနိုင်ငံရေးအတိုက်အခံများအား အစဉ်တစိုက် ဝေဖန်သည့်ဘက်တွင် ရပ်တည်ခဲ့သည်သူတစ်ဦး ဖြစ်သည်နှင့်အညီ တခါတရံ ဝေဖန်ပြစ်တင်ခံရမှုများ ပေါ်ပေါက်ခဲ့လျှင်ပင် လက်ခံသင့်လျှင် လေ့လာလက်ခံကာ ပရမ်းပတာများကို လစ်လျူရှုခဲ့သူလည်း ဖြစ်၏။ သို့သော် သင်၏ ဘလော့သည် ကျွန်တော်နှစ်ခြိုက်သဘောကျသော အဖွဲ့အနွဲ့များကို ပေးစွမ်းခြင်း၊ သင့်ယုံကြည်ချက်အပေါ် ရပ်တည်မှုသည်လည်း များစွာပရမ်းပတာမဆန်ခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြေရှင်းရေးသားခြင်း ဖြစ်ပါ၏။

ယခု anonymous အမည်ဖြင့် ရေးသားသွားသော အကြောင်းအရာများသည် မောင်ငယ်ရင်သွေးမှ ရေးသားခဲ့ပီး Posted by MyoMyanmar ဆိုသော ကျွန်တော့်တာဝန်ယူမှုဖြင့် ကျွန်တော်၏ ဘလော့တွင် ၂၀၀၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် တင်ခဲ့သော ဆောင်းပါးဖြစ်သည်မှာ မှန်ပါ၏။ သို့သော် ကျွန်တော့်အနေဖြင့် ကော်မန့်ရေးသားလိုလျှင်တောင် အဘယ့်ကြောင့် အမည်မခံဝံ့စရာ ရှိပါသနည်း။ မိမိရေးသားချက်အတိုင်းအပေါ် အမြင်ရှင်းသူတစ်ယောက်အနေဖြင့် ကျွန်တော်သည် မျိုးမြန်မာဆိုသော အမည်ဖြင့် ရေးသားမှုအပေါ် ဂုဏ်ယူမှုမှအပ အခြား နာမည်မခံဝံ့စရာမည်သည့် သိမ်ငယ်မှုကိုမျှ မခံစားရပါချေ။

ထို့ကြောင့် ထပ်မံဆိုပါမည်။ သင့်ဘလော့တွင် အခြားအမည်ခံကာ ရေးသားခြင်းမျိုး မပြုလုပ်ခဲ့ပါချေ။

တဆက်ထဲမှာပင် ယခုရှင်းလင်းမှုနှင့်အတူ သင့်အမြင်အားလည်း ကော်မန့်ရေးသားလိုပါသည်။ ထိုအရာသည် သင့်အမေးအား ပြန်လည်မေးမြန်ခြင်းလည်း ဖြစ်ပါ၏။ သင်မေးမြန်းခဲ့ပါသည်...
ဘလော့ဂ်(အများစု)တွေမှာ မုန်တိုင်း ဖြစ်ခဲ့တဲ့ အချိန်ကနေ စလို့ အခုအချိန်ထိတိုင်အောင် အဓိက အသားပေးဖော်ပြခဲ့ကြ၊ ရေးခဲ့ကြ၊ လှုံ့ဆော်ခဲ့ကြတာဟာ ဘာအကြောင်းပါလဲ။ မျက်စိရှိသူ မြင်တတ်ပါတယ်။ နှလုံးသား ရှိသူ ခံစားတတ်ပါတယ်။ ဦးနှောက်ရှိရင် ခွဲခြားတတ်ပါတယ်။ ..

ရှင်းပါသည်။ သင်သည်မျက်စိရှိသူဖြစ်၏၊ နှလုံးသားရှိရုံမက အခြားသူများ၏ နှလုံးသားကိုပင် ဖွဲ့နွဲ့နိုင်စွမ်းအားဖြင့် လှုပ်ရှားစေသူဖြစ်၏။ ဦးနှောက်ရှိသူဖြစ်၏။ ထိုအရာများအား ဘက်မလိုက်သော အမြင်တပ်ကြည့်ပေးလိုက်မည်ဆိုလျှင် သင့်အားမေးလိုသည့် ကျွန်တော့်အဖြေအား ရှင်းလင်းစွာ ဖြေဆိုနိုင်ပါလိမ့်မည်။

သင်သည် ထိုဒီမိုဘလော့များ (အများစုဖြစ်သည်) နောက်ပိုင်းရေးသားနေသည့် ရေးသားမှုများ၏ ဦးတည်ချက်တစ်ခုကို မမြင်သည်လား (သို့) မခံစားမိသည်လား (သို့) မစဉ်းစားမိသည်လား။ ထိုအရာသည် ဒုက္ခသည်များအားစာနာမှု ကိုသာဦးတည်ပါသည်ဟု သင်သည်ရဲဝံ့စွာဆိုနိုင်ပါသည်လား။ ကျွန်တော့အနေဖြင့် ပွင့်လင်းစွာဝေဖန်ရမည်ဆိုလျှင်မူ ထိုသူတို့သည် တကမ္ဘာလုံး ၀င်ကယ်နေလျှင်တောင် ထိုစစ်သင်္ဘောများမ၀င်ရလျှင် မကျေနပ်နိုင်သည်အထိ၊ ထိုသို့ ၀င်ရမည်ဆိုလျှင်တောင် အစိုးရအားခွင့်ပြုသောကြောင့်မဟုတ်ပဲ အကြမ်းဖက်ဝင်ရောက်သောအဆင့်ကိုပင် ဖြစ်စေချင်သည်ကို ရှင်းလင်းစွာ မျက်စိဖြင့်မြင်ပါ၏။ နှလုံးသားမှ ခံစားပါ၏။ ဦးနှောက်မှ စဉ်းစားမိပါ၏။ တိတ်တခိုးမျော်လင့်ခဲ့သော အခြေနေတခုကို ရောက်လေမလားဟု မျှော်လင့်ချက်တစ်ခုဖြင့် တိုက်တွန်းချိန်သည် မြန်မာနိုင်ငံ အတိဒုက္ခရောက်နေချိန်ဖြစ်သည်မှာ ၀မ်းနည်းဖွယ်ပင်ဖြစ်ချေသည်။

သို့သော် ကျွန်တော်မျိုးမြန်မာသည် အမှန်တကယ် စစ်မှန်သောစေတနာဖြင့် မုန်တိုင်းအရေးတွင် လှုပ်ရှားခဲ့ကြသော၊ တတ်အားသမျှ စွမ်းသမျှ လုပ်ကိုင်ခဲ့ကြသော ပြည်တွင်းပြည်ပ၊ အစိုးရ အတိုက်အခံများကိုမူ လှိုက်လှဲစွာပင် ဦးညွန့်ကျေးဇူးတင်မိပါသည်။ ထိုသူတို့သည် ကျွန်တော့်၏ ကျေးဇူးရှင်များကဲ့သို့ပင် ဖြစ်ပါချေသည်။

ကျေးဇူးတင်ပါသည်
မျိုးမြန်မာ

ကလိုစေးထူး said...

မျိုးမြန်မာရေ…

ကျနော်ရေးတဲ့ အထဲမှာ မျိုးမြန်မာက anonymous နာမည်ခံတယ်ဆိုတဲ့ အရေးမျိုး မပါခဲ့ပါဘူး။ ကျနော် ဆိုလိုချင်တာက မျိုးမြန်မာရေးထားတာ၊ ဒါမှမဟုတ် မျိုးမြန်မာရဲ့ ဘလော့ဂ်ပေါ်မှာ တင်ထားတဲ့ အကြောင်းအရာတွေကို အချိန်အခါနဲ့ အရိပ်သုံးပါးကိုမှ နားမလည်၊ အလိုက်ကန်းဆိုး မသိ အခမဲ့ အကျိုးဆောင် လာကြော်ငြာနေတဲ့ အဲဒီ အမည်မသိကို စိတ်ပျက်မိတာကိုပါပဲ။ နာမည် မခံထားတော့ ပြောရခက်ပါတယ်။ ဒါကြောင့် အဲဒီ အမည်မခံထားတဲ့ ကြော်ငြာရှင်ကိုပဲ စိတ်ပျက်တဲ့ အကြောင်း ရေးပါတယ်။ ကျနော် နားလည်ထားတာက ဒီအချိန်မှာ အဲဒါတွေကို ဆွေးနွေးငြင်းခုန်နေရမယ့် အချိန်မဟုတ်ဘူး ဆိုတာပါပဲ။ မျိုးမြန်မာက လာကြော်ငြာတာပါ လို့ ရည်ရွယ်မိသလို ဖြစ်သွားရင်တော့ ကျနော့်အရေးအသားရဲ့ ညံ့ဖျင်းမှုလို့ပဲ ၀န်ခံရပါမယ်။

နောက်တခု…။ မျိုးမြန်မာ ကျနော့်ကို မေးထားတာကို ကျနော် ပြန်ဖြေပါမယ်။
လူဆိုတာက တယောက်နဲ့တယောက် အမြင်မတူသလို ရပ်တည်ချက်တခုကို ချဉ်းကပ်တဲ့ ပုံစံခြင်းလဲ ဘယ်နည်းနဲ့မှ မတူပါဘူး။ မတူလို့လဲ မျိုးမြန်မာရေးနေတာတွေနဲ့ ကျနော်ရေးနေတာတွေ ဆန့်ကျင်ဘက် ဖြစ်နေတာပေါ့။ အဲဒီလိုပါပဲ။ ဦးတည်ချက်ခြင်း တူနေသည့်တိုင်အောင် အကြောင်းအရာ တခုကို ချဉ်းကပ်ပုံခြင်း မတူတဲ့အခါမှာ အမြင်တွေက အမျိုးမျိုး ကွဲနိုင်တဲ့အတွက် ကျနော့်အနေနဲ့ အားလုံးကို အနုလုံပဋိလုံ လိုက်လံ သုံးသပ်ဖို့ အကြောင်းမရှိပါဘူး။

ကျနော် တွေးတာ တခုကိုတော့ ပြောပြပါမယ်။ အခုအချိန်မှာ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကပဲ ကူတာဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ထိခိုက်ခံစားနေရတဲ့ ကျနော်တို့ ပြည်သူတွေရဲ့ အကျိုးကို အရင်ငဲ့ကွက်ပြီးတော့ လက်ခံသင့်တယ်လို့ ကျနော်မြင်ပါတယ်။ `ဒီကောင်တွေကို လက်ခံလိုက်ရင် ငါတို့ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လေမလား´ ဆိုတဲ့ အတွေးမျိုးနဲ့ တောင်စဉ်ရေမရ လျှောက်ပြောပြီး ငြင်းဆန်တာမျိုးကိုတော့ ကျနော် ရှုံ့ချပါတယ်။ တခုတော့ ရှိတာပေါ့…၊ အဲဒီ (မျိုးမြန်မာ ရည်ညွှန်းလိုတဲ့) စစ်သင်္ဘောတွေကို အ၀င်မခံဘဲနဲ့ တခြားသော အကူအပံ့တွေနဲ့တကွ ကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးဟာ ကျနော်တို့ မြန်မာပြည်သူတွေအတွက် တကယ်ပဲ လုံလောက်ပြည့်စုံနေပြီဆိုတဲ့ အာမခံချက်ရှိနေရိုးမှန်ရင်တော့ အာဏာပိုင်တွေ ငြင်းနေတာကို ကျနော် လက်သင့်ခံကောင်း လက်သင့်ခံမိပါလိမ့်မယ်။ အခုအနေအထားကတော့ ကျနော် ပြောခဲ့သလိုပါပဲ။ မျက်စိရှိသူ မြင်ပါတယ်၊ နှလုံးသား ရှိသူ ခံစားတတ်ပါတယ်။ ဘာကြောင့် ငြင်းနေရတယ်ဆိုတာကို ကျနော်တို့ သိနေမှတော့ အဲဒါကို တည်ပြီး ငြင်းနေကြမယ့် အစား မျိုးမြန်မာ ဘာလုပ်ပေးနိုင်လဲ၊ ကျနော်ရော ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ တခြားသော အကျိုးရှိမယ့် ရှုထောင့်ကနေသာ ချဉ်းကပ်ကြည့်ကြပါစို့လား။

ဒီတော့ ကျနော့်ကို စာဖတ်သူ တယောက်က ပြောဖူးတာလေးကိုပဲ ကျနော် ပြန်ဖောက်သည်ချလိုက်ပါရစေ။ သူကပြောပါတယ်။ `အကိုရေးလိုက်တဲ့ စာကို ဖတ်မိသူတယောက်ယောက် အနေနဲ့ အကို့စာကို ဖတ်ပြီးတဲ့အခါ မုန်တိုင်းဒဏ်ခံပြည်သူတွေအတွက် သူ့အိတ်ထဲက ငွေတပြားတချပ်ဖြစ်ဖြစ် ထုတ်လှူချင်စိတ်ပေါက်လာအောင် ပိုပြီး ရည်ရွယ်ရေးတာ ပိုကောင်းမှာပေါ့´ တဲ့။

အဲဒါပါပဲ။ ကျနော်တို့ အမြင်တွေ ကွဲလို့ရပါတယ်။ ဒါပေမယ့် ဒီနေရာလေးမှာတော့ ကျနော်တို့ အမြင်တွေ တူချင်ပါတယ်။ မျိုးမြန်မာရေးတာကို ဖတ်မိတာပဲဖြစ်ဖြစ်၊ ကျနော်ရေးတာကို ဖတ်မိတာပဲဖြစ်ဖြစ်၊ ဖတ်မိသူကို အကျိုးရှိတဲ့ လုပ်ဆောင်ချက်ကလေး တခုခု လုပ်ဖြစ်အောင် တွန်းအားပေးလိုက်တာမျိုးပဲ ဖြစ်သင့်တယ်လို့ ကျနော်တော့ မြင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကလိုစေးထူး

Tomorrow said...

မနေနိုင်လို့ဝင်ရေးခွင့်ပြုပါ ကိုကလိုစေးထူးရေ :)

ကိုမျိုးမြန်မာ ခင်ဗျား

ကျနော်တို့လည်း အမေရိကန်တပ်ဝင်လာမှာနဲ့စာရင် မြန်မာအချင်းချင်းဖြေရှင်းတာကိုပိုသဘောကျပါတယ်

ဒါပေမဲ့ ဧရာဝတီတိုင်းက အဘွားပြောစကား ( ဂျပန်ခေတ်ထက်ဆိုးတယ် ငါ့မြေးရယ် ) ဆိုတော့ .... ဘယ်လိုလုပ်မလဲ

စစ်တပ်မှာ မြန်မာအချင်းချင်းဖြေရှင်းနိုင်အောင် ကြိုးစားပေးနိုင်သူများရှိရင် ပြဿာနာတွေဖြစ်လာ နိုင်စရာမရှိတဲ့အကြောင်း အားလုံးသိမှာပါ

ကို မျိုးမြန်မာသည် စစ်တပ်ထဲကဖြစ်ခဲ့ရင် ခင်ဗျားမှာလည်းတာဝန် ရှိပါတယ်

ကောင်းကျိုးလိုလားလျက်....