Sunday, June 01, 2008

ကူညီကာ ဖေးလို့ မကူပေမယ့်…

`ဟော…၊ လာပြီထင်တယ်ဟေ့´

တစုံတယောက်၏ အော်ဟစ်သံနှင့်အတူ လမ်းဘေးမှာ အစီအရီ ထိုင်နေကြသော လူများ၏ မျက်နှာကိုယ်စီက တိုင်ပင် ကိုက်ထားစရာမလိုပါဘဲနှင့် ကားသံကြားရာဆီသို့ မျှော်လင့်ချက် အပြည့်ဖြင့် ငေးမျှော်လိုက်ကြ၏။ ခပ်လတ်လတ် ဒိုင်နာကားအဖြူ တစီးက တအိအိဖြင့် မောင်းလာရင်း လူအုပ်ကြီး အနားကို ဖြတ်သွားချိန်မှာတော့ အရွယ်ပေါင်းစုံဖြင့် လူအုပ်ကြီးထံမှ အသံတွေက အလုအယက် ထွက်လာပါတော့သည်။

`ရေလေး တပုလင်းလောက်´

`သားတို့ ဗိုက်ဆာနေလို့ စားစရာလေးတွေ ပစ်ချပေးပါ´

`အမေကြီးကို တခုခုကျွေးပါ´

ကားနောက်ခန်းမှာ ပါလာသော အသက်ခပ်ရွယ်ရွယ် လူငယ်တချို့ထံမှ ခေါက်ဆွဲခြောက်ထုပ်၊ မုန့်ခြောက်ထုပ်၊ သကြားလုံး တချို့နဲ့ ရေပုလင်းတွေက လူအုပ်ကြီးထံဆီသို့ ၀ဲပျံ့လာချိန်တွင်မှာတော့ စောစောက အသံတွေက နဂိုထက် ပိုလို့ပင် ဆူညံစွာ ထွက်ပေါ်လာလေတော့သည်။ ရှုရက်စရာ မရှိသော မြင်ကွင်းကြောင့်ထင့်၊ စောစောက ခြစ်ခြစ်ပူနေသော နေမင်းသူရိန်သည်ပင် တိမ်လွှာကြားသို့ အလျင်အမြန်ပြေးဝင်ပြီး မသာမယာ မျက်နှာထားကို ပုန်းကွယ်လိုက်လေ၏။

`ဟိုးရှေ့မှာ အကိုတို့ အမတို့ထက် ပိုဒုက္ခရောက်နေသူတွေ ရှိနေသေးလို့ အခုလောက်နဲ့ ကျေနပ်ကြပါနော်´

ဒိုင်နာကားနောက်ခန်းပေါ်က လူရွယ်က လူအုပ်ကြီးကို မရွှင်မလန်း မျက်နှာဖြင့် တချက်ငေးကြည့်လိုက်ရင်း တုန်ရီသော အသံဖြင့် အထက်ပါအတိုင်း ပြောပြီးချိန်မှာပင် ကားမောင်းသူက ကားအရှိန်ကို အတန်ငယ် မြှင့်လိုက်လေရာ လေထဲမှာ လက်တွေကို ဖြန့်ထားသော မျှော်လင့်ချက် မျက်လုံးတွေက ကားသွားရာ တဆုံးထိ ငေးမျှော်ပြီး ကျန်ရစ်ခဲ့ကြပြန်သည်။

နောက်တော့ လူအုပ်ကြီးက တိတ်ဆိတ်လွန်းလှစွာဖြင့်ပင် လမ်းဘေး တဖက်တချက်စီမှာ ငုပ်တုပ်ကလေးတွေ ထိုင်ပြီး တခုခုကို ဆက်စောင့်ကြရပြန်ပါတော့သည်။

***

`လာပြန်ပြီဟေ့…´

ဒီတခါ လာတဲ့ကားကတော့ အတန်ငယ်ကြီးမားသော လော်ရီကားကြီးမို့ လူအုပ်ကြီးက စောစောကထက်ပင် ပိုလို့ တက်ကြွလေဟန် စုရုံးစုရုံးဖြင့် စီစီညံနေသော အသံတွေက ပိုလို့ ကျယ်လောင်လာပြန်ပါသည်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ နီးလာတဲ့ ကားကြီးက စောစောက ဒိုင်နာကားလို အရှိန်မလျော့ဘဲ ပုံမှန်သွားမြဲ သွားမည့်ဟန်ကို မြင်ရလေတော့ လူတွေရဲ့ မျှော်လင့်ချက် မျက်လုံးတွေက အရောင်တွေ မှိန်သွားကြပြန်၏။ ဒါတောင် ကားကြီး ဝေါခနဲ ဖြတ်သွားစဉ်မှာ အသံတချို့က ကားကြီးနောက်ကို အလုအယက် လိုက်ပါသွားပါသေးသည်။

`ဗိုက်ဆာလွန်းလို့ တခုခုချပေးခဲ့ပါ´

***

ညနေစောင်းလုလု အချိန်ကို ရောက်ခဲ့ပါပြီ။

အရောင်ဖျော့စ ပြုလာသော နေရောင်နဲ့အတူ ၀န်းကျင် တခွင်က နဂိုထက် ပိုမိုညှိုးယော်လာသည့်တိုင်အောင် လမ်းဘေးမှာ ထိုင်နေတဲ့ မျှော်လင့်ချက် မျက်လုံးပိုင်ရှင်တွေက နေရာကနေ မရွေ့ကြသေးပါ။ ကျောရိုးခပ်ပြိုင်းပြိုင်း၊ အင်္ကျီဗလာနဲ့ လူတယောက်က စောစောက အသည်းအသန် တိုးဝှေ့လုကောက်ထားရသော ကိတ်မုန့်ထုပ် တထုပ်ကို ဖြည်စားနေသည်။ သူ့ဘေးမှာတော့ ကလေးငယ်ကို ခါးထစ်ခွင် ချီထားတဲ့ မိန်းမတယောက်က ယမ်ယမ်ခေါက်ဆွဲခြောက် တထုပ်ကို ဒီအတိုင်းချိုးချေပြီး ခေါက်ဆွဲခြောက်နည်းနည်းဝါးလိုက်၊ ချီထားတဲ့ ကလေးငယ် ပါးစပ်ထဲကို ခွံ့လိုက်နှင့် အလုပ်များနေ၏။

ဟိုဘက် ခပ်လှမ်းလှမ်းမှာတော့ သကြားလုံးအများကြီး ရထားသော ကလေးဆီမှာ တခြားသော ကလေးတွေက ကလေးတို့ သဘာဝ `ငါ့လဲ နည်းနည်းကျွေး´ ဟု တောင်းစားနေ၏။ ခဏအကြာမှာတော့ `မရှိတော့ဘူး၊ ကုန်ပြီဟ´ ဆိုသော အော်သံတခု ထွက်ပေါ်လာအပြီးမှာတော့ ကလေးတွေရဲ့ မျက်လုံးတွေက ကားလမ်းမရဲ့ ဟိုးခပ်ဝေးဝေးဆီကို ပြန်ရောက်သွားကြပြန်ပါသည်။

`ရေလေး တပေါက်လောက် သောက်ချင်လိုက်တာ´

တိုးလျလျ ညည်းတွားသံတခုက အတော်အတန် အသက်ကြီးရင့်နေဟန် အမယ်ကြီးတယောက်ဆီမှ ပေါ်ထွက်လာ၏။ အင်္ကျီဗလာနဲ့လူက အမယ်ကြီးအနားကို ခပ်သွက်သွက်သွားပြီး သူ့ရဲ့ ခါးပိုက်ထောင်ထဲက သောက်လက်စ ရေသန့်ဗူးကို ပေးလိုက်သည်။

***

ကားတစီး…၊ အဝေးကမို့ ရုတ်တရက်တော့ ကားတစီးတည်းလို့ ထင်နိုင်ပေမယ့် တကယ်တော့ တစီးမကပါ၊ နှစ်စီး…၊ သုံးစီး..ခန့်ရှိမည့် ကားတန်းငယ် တခု…။ နေရောင် မပျောက်သေးပေမယ့် ရှေ့မီးသီးကြီးတွေ ဖွင့်မောင်းလာတာမို့ စောစောက ကားတွေနဲ့ မတူ တမူထူးခြားနေ၏။ လူတွေရဲ့ မျှော်လင့်ချက် မျက်လုံးတွေက ကားမီးရောင်တွေကို အန်တုမည့်ဟန် အရောင်တွေ လက်လာကြပြန်သည်။ အားလုံးရဲ့ မျက်လုံးတွေကလည်း ထိုကားတန်းဆီကို စူးစိုက်ငေးကြည့်နေကြသည်။

တဖြည်းဖြည်းနဲ့ နီးလာတဲ့ ကားတန်းကို ကြည့်နေရင်းမှ ထိုကားများ၏ အရောင်ကို သတိထားမိသူ တယောက်က အလန့်တကြား အော်ဟစ်လိုက်၏။

`ဟာ၊ စစ်ကားတွေဟ၊ ပြေး…၊ ပြေး´

ဝုန်းခနဲ ပြေးလွှားကြတဲ့ လူအုပ်ကြီးရဲ့ ခြေလှမ်းတွေကို ကြောက်ရွံ့ခြင်းတွေက အားဖြည့်ပေးလိုက်တော့ စောစောက မျှော်လင့်ခြင်းတွေက တမုဟုတ်ခြင်း ပျောက်ကွယ်သွားရတော့သည်။ စောစောက ပေးကူသူနဲ့ ကမ်းယူသူတို့ရဲ့ ပတ်ဝန်းကျင်လေးမှာ အခုတော့ `ဟဲ့၊ အငယ်လေး မြန်မြန်ပြေးလေ၊ ဘာငေးနေတာတုန်း´ `ဖိုးမောင်ရေ၊ ညီလေးကို လက်မလွတ်စေနဲ့နော်´ `မြန်မြန်လာပါဟ´ အစရှိသော အသံပေါင်းစုံကသာ အလုအယက် ထွက်ပေါ်နေလေတော့သည်။

လူအုပ်ကြီး ထိုင်စောင့်နေခဲ့တဲ့ နေရာကို ကားတန်းရောက်လာချိန်မှာတော့ ဘယ်လိုမှ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို တဦးတလေနဲ့ ကလေးတယောက်နှစ်ယောက်သာ လမ်းနံဘေးမှာ မျက်လုံးလေးတွေ အကြောင်သားဖြင့် ကျန်ခဲ့၏။

`ခင်ဗျားတို့က အဲဒီ လမ်းဘေးမှာဘာလုပ်နေကြတာလဲ´

`ခင်ဗျားတို့ အဲဒီလို လမ်းဘေးမှာ ထိုင်တောင်းနေတာ နိုင်ငံ ဂုဏ်သိက္ခာကို ဘယ်လောက် ထိခိုက်တယ် ထင်လဲ´

`ရေသာခို အချောင်လိုက်တဲ့ စိတ်ကို မွေးပြီး ကိုယ့်လူမျိုးနာမည် ကိုယ်မဖျက်စမ်းပါနဲ့´

`သွား၊ ကိုယ့်နေရာကိုယ်´

`ဒီတကြိမ်တော့ သတိပေးရုံပေးလိုက်မယ်၊ နောက်တခေါက်လာလို့ ရှိနေတဲ့လူတွေ အကုန် အချုပ်ထဲထည့်ခံရမယ်´

အတန်ငယ် အကြာမှာတော့ ရေတပေါက်၊ ထမင်းတလုပ်မှ ထွက်ကျမလာသော်ငြား ရင့်သီးမောက်မာမှုတွေကို အပြည့်တင်ဆောင်လာသော ကားတန်းကြီးက ဆောင့်ကြွားကြွားနိုင်လှစွာဖြင့် အပြင်းမောင်းထွက်သွားကြလေသည်။

***

ည အမှောင်သို့ ရောက်ခဲ့ပါပြီ။

ခြင်တွေက တ၀ီဝီနဲ့ လေအေးတွေ တစိမ့်စိမ့်တိုက်နေတဲ့ ကားလမ်းဘေးက တိတ်ဆိတ်လို့ နေသော်လည်း သေသေချာချာ သတိထားကြည့်ရင်တော့ လမ်းမထက်ကို သတိနဲ့ မျှော်ငေးနေတဲ့ လူပေါင်းများစွာ ဆိတ်ငြိမ်စွာ ထိုင်နေသည်ကို တွေ့နိုင်ပါလိမ့်မည်။

ထိုထို လူပေါင်းများစွာဟာ တကယ်ပဲ နိုင်ငံဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နေတာပါလား။ ဒါဖြင့် အရင်တုန်းက ဒီလမ်းဘေးမှာ ဒီလူတွေ ဘာလို့ မရှိရတာပါလဲ။ ဒီလူတွေ လမ်းပေါ်ထွက်တောင်းနေရတဲ့ အခြေအနေတွေက ဘာကြောင့်ပါလဲ၊ ဒီလူတွေကရော တောင်းနေရတာကို စိတ်ထဲပါလွန်းလှတယ်လို့ ဘယ်သူက ထင်ရက်နိုင်ပါသနည်း။

နိုင်ငံ့မျက်နှာစာ တခုဖြစ်တဲ့ နေ့စဉ်ထုတ် သတင်းစာနောက်ကျောဖုံးကတော့ ပေါကြောင်ကြောင် အမိန့်တခုကို စိတ်မသက်သာလှစွာ နာခံရင်းဖြင့်ပင် အကျည်းတန်စာတန်းတွေကို ဘယ်နှစ်ရက်တိုင်အောင် ဖော်ပြနေဦးမည်ဆိုတာ မသိနိုင်တော့ပါချေ..။

ကလိုစေးထူး


(တွေ့မိ၊ ဖတ်မိတဲ့ သတင်းတွေနဲ့ ရုပ်သံမှတ်တမ်းတွေကို အခြေခံပြီး ပုံဖော်ရေးဖွဲ့အပ်ပါတယ်။

5 comments:

Anonymous said...

tks for that post.......
i hate Than Shwe group more than i write.
very sad demonstration story.

Phyu

Anonymous said...

Stupid People Destroying Country

Winkabar said...

အစ်ကိုရေးထားတာက တကယ်ထိတာပဲ။ လူတွေက မျှော်လင့်နေရတယ်.. တကယ့်တကယ်တွေ့ကြုံတာကျတော့လည်း မျှော်လင့်ထားတာနဲ့ တခြားစီ။ အင်းး မလွယ်ဘူးနော်။ :(

Anonymous said...

`ဟော…၊ လာပြီထင်တယ်ဟေ့´ တစုံတယောက်၏ အော်ဟစ်သံနှင့်အတူ လမ်းဘေးမှာ အစီအရီ ထိုင်နေကြသော လူများ၏ မျက်နှာကိုယ်စီက တိုင်ပင် ကိုက်ထားစရာမလိုပါဘဲနှင့် ကားသံကြားရာဆီသို့ မျှော်လင့်ချက် အပြည့်ဖြင့် ငေးမျှော်လိုက်ကြ၏။ ထိုအထဲမှာ သူလည်း တစ်ယောက်အပါအ၀င်ဖြစ်သည်။ သို့သော် စိတ်အားကတော့ အတက်ကြွကြီးမဟုတ်လှ။ လူက နုန်းနေတာလည်း ပါသည်။ မနက်တည်းက နေပူကြီးထဲမှာ ရပ်ပီး နေခဲ့ရသည်မဟုတ်လား။ အသက် ၁၄ နှစ်ပင် မပြည့်လှသေးသော သူ့အတွက် ဒီလူအုပ်ကြီးနဲ့ အပြိုင်လုဖို့ဆိုတာ တကယ့်ကို ခက်ခဲသောကိစ္စဖြစ်သည်။ ဒါပေမဲ့ သူ့မှာရွေးချယ်စရာ မရှိပါ။ ခြေထောက်တစ်ဖက် မရှိတဲ့အမေနဲ့ ၆ နှစ်လောက်ပဲ ရှိသေးတဲ့ ညီမလေးတို့သာရှိတဲ့ သူတို့မိသားစုထဲမှာ ဘယ်လိုများ ရွေးချယ်ခွင့်ဆိုတာကို ရနိုင်မှာတဲ့လဲ။ ဒါကြောင့်လည်း အဖေမရှိတော့တဲ့ ဆယ်နှစ်သားဘ၀ထဲက သူ့အတွက် ဒီဒုက္ခိတအမေနဲ့ ညီမလေးအတွက် စာသင်ကျောင်းကို ကျောခိုင်းခဲ့ရတာပဲလေ။

ထင်တဲ့အတိုင်းပါပဲ။ အားကုန်တိုးဝှေ့ကြတဲ့ လူအုပ်ထဲမှာ သူ့လက်ထဲဘာမှ ရောက်မလာခဲ့ပါဘူး။ ဟိုးရှေ့မှာ အကိုတို့ အမတို့ထက် ပိုဒုက္ခရောက်နေသူတွေ ရှိနေသေးလို့ အခုလောက်နဲ့ ကျေနပ်ကြပါနော်´ ဒိုင်နာကားနောက်ခန်းပေါ်က လူရွယ်က လူအုပ်ကြီးကို မရွှင်မလန်း မျက်နှာဖြင့် တချက်ငေးကြည့်လိုက်ရင်း တုန်ရီသော အသံဖြင့် အထက်ပါအတိုင်း ပြောနေတဲ့အချိန်မှာ ကျွန်တော်မရသေးဘူးဗျာလို့ သူအားကုန်အော်ပစ်လိုက်တယ်။ စိတ်တိုနေသလိုပဲ။ ဆူညံနေတဲ့ အသံကြားမှာ ကြားလားမကြားလား မသိပေမဲ့ ကားလေးကတော့ တဖြည်းဖြည်းဝေးသွားပါပီ။ သူစိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်မိတယ်။ ငိုမိတော့မယ်ထင်တယ်။ ခပ်လှမ်းလှမ်းမှာ အမကြီးတစ်ယောက် ဒူးပြဲသွားတာကို အ၀တ်စုတ်နဲ့သုတ်ရင်း တရှုံ့ရှုံ့ငိုနေတယ်။ ခုနကလုတဲ့အရှိန်နဲ့ ရန်ဖြစ်နေကြတဲ့ မိန်းမကြီးနှစ်ယောက်အသံကလည်း ပိုပီးစိတ်ရှုတ်လာသလိုပဲ။ သူမြေကြီးပေါ်ကိုပဲ ပက်လက်လှန်ချပစ်လိုက်သည်။ ဘာမှမသိချင်တော့ပါ။

ဟိုနေ့တွေတုန်းကတော့ ကယ်ဆယ်ရေးအဖွဲ့ဆိုတဲ့ လူကြီးတွေလာပီး လူတွေလာလှူတာအားလုံး သူတို့စီစဉ်ခွဲဝေမယ်လို့ အစီစဉ်တွေဘာတွေ လုပ်ခဲ့ပါရဲ့။ သူတောင် သူများလှူတာကို သူတို့က၀င်ကိုင်ဦးမယ်လို့ စိတ်ကွက်မိသေး။ အဲဒီတုန်းက သူတို့ပေးခဲ့တဲ့ အလှူပစ္စည်းလေးတွေယူရတာတော့ စနစ်တကျနဲ့ မပင်ပန်းခဲ့တာကို သူခုချိန်မှ ပြန်လွမ်းနေမိသည်။

နောက်တော့ အားလုံး တန်းစီထိုင်နေတုန်း
ကျုပ်တို့လှူမှာကို ခင်ဗျားတို့ကို ဘာလို့အပ်ရမှာလဲ.. အလှူလုပ်တာတောင် လာတားနေတယ်.. စိတ်ဓါတ်တွေကတော့..
အေးလေ.. ဒီလိုနေရာတောင် မရှောင်တော့ဘူး.. ချုပ်ချယ်ချင်နေတာတော့ လွန်သွားပီ..
ခပ်မာမာပြောသံနှစ်ခုဟာ သူတို့ တန်းဆီထိုင်နေတဲ့ နေရာကတောင် အတိုင်းသားကြားနေရသည်။
ကဲ.. ကျုပ်တို့က ခင်ဗျားတို့လက်မအပ်ပဲ ကိုယ်တိုင်လှူမယ်ဗျာ.. ဘာလုပ်မလဲ ဖမ်းမလားပြော..
နီရဲခက်ထန်နေတဲ့ မျက်နှာနဲ့ အဲဒီလူကြီးကိုပြောပီး..
အကိုတို့ အမတို့ခင်ဗျာ.. ကျွန်တော့်တို့အလှူကို တားဆီးပိတ်ပင်နေသူတွေရှိနေပါတယ်။ ဒါပေမဲ့ရအောင်လှူမှာပါခင်ဗျ.. ကားနားမှာ လာယူပေးကြပါ။

ဝုန်းခနဲ ပြေးကြတဲ့လူတစု။ သူတို့ကို ကျေနပ်နှစ်သိမ့်မှုတွေနဲ့ရော စိတ်မကောင်းမှုတွေနဲ့ပါ အလှူပစ္စည်းတွေ ဝေပေးနေတဲ့ အလှူရှင်တွေ။ မိန်းကလေးတချို့ဆို အလှူအပေါ် ကြည်နူးတာရော။ စိတ်မကောင်းဖြစ်တာရောနဲ့ မျက်ရည်တွေတောင်ကျလို့။ ဒါပေမဲ့ သူကတော့ လူအုပ်ကြားထဲမှာ တိုးလို့ ဝှေ့လို့ပေါ့လေ။
ခုနက အသံအောင်အောင်နဲ့ ကယ်တင်ရှင်လိုပြောခဲ့တဲ့ လူကြီးအဖွဲ့ကတော့ မျက်နှာကြီးတွေ မဲပီး ခေါင်းတခါခါနဲ့ ကြည့်နေကြပါရဲ့။ သူတို့လည်း ဘာလုပ်လို့ရမလဲလေ။

ပုံမှန်အဖွဲ့အစည်းတွေကပေးတဲ့ ဟာလေးတွေ၊ တချို့ ဟိုလူကြီးအဖွဲ့ကို ပေးခဲ့တဲ့ အလှူရှင်တွေ လှူတဲ့ဟာလေးတွေဆိုရင်တော့ သူ့အနေနဲ့ ညီမလေးနဲ့ အမေ့ပါခေါ်လို့ သက်သက်သာသာ ရခဲ့ပေမဲ့ ခုလိုအလှူရှင်ကားတွေ တဝေါဝေါ အတောမသတ်ဖြတ်နေတဲ့ သူတို့နေရာလေးထက် ပိုအရေးကြီးတယ်တဲ့ နေရာတွေကို အဲဒီအဖွဲ့တွေက ပိုအာရုံစိုက်ကြပါရဲ့။ ဘယ်သူလာလာမလာလာ နှစ်ရက်တစ်ခါ တစ်ယောက်ကို ဆန်နှစ်လုံးနဲ့ ငါးသေတ္တာတစ်ဗူးဝေနေတဲ့ ဟိုလူကြီးတို့အဖွဲ့သာမရှိခဲ့ရင် သူ့မိသားစု အသက်တောင် စိုးရိမ်ရမှာ အသေအချာပါ။

ဘာပဲပြောပြော မကြာခင်ရမယ်လို့ ပြောတဲ့ အထောက်အပံ့လေးတွေရရင်တော့ သူအမေတို့ကိုခေါ်ပီး ရွာပြန်တော့မည်။ ခုချိန်မှာတော့ ဒီလူအုပ်ကြီးထဲမှာ ဘယ်ကလာမယ်မှန်းမသိတဲ့ ကားကိုမျှော်ရင်း။ ဘေးနားက ပြဲစုတ်နေတဲ့ သတင်းစာဖြတ်ပိုင်းလေးကို ဖတ်ကြည့်မိနေပါတယ်။

ကိုကလိုစေးထူးရေ..
ကျွန်တော်လည်း အကို့စာလေးဖတ်ပီး ရေးချင်လာတာနဲ့ အကို့ခြေဖျားတောင် မမီပေမဲ့ ရေးလိုက်ပါတယ်ခင်ဗျ.. ဒီအဖြစ်ပျက်တွေဟာလည်း တကယ်လက်တွေ့ ကြုံနေရတဲ့အဖြစ်တွေပါပဲခင်ဗျာ။ ဘာပဲပြောပြော အများနဲ့လုပ်တာမှာ အခက်အခဲတွေ မလိုလားအပ်တာတွေကတော့ ကြုံရတာပါပဲခင်ဗျာ။ အကို့အမြင်နဲ့ မတူတဲ့ရှုထောင့်တစ်ခုပေမဲ့ တကယ့်ကို လူအများကြီးကြုံခဲ့တဲ့ အဖြစ်ပါ။ ခုတော့ သူတို့တွေအားလုံးနီးပါး လမ်းဘေးမှာ မရှိကြတော့ပါဘူးခင်ဗျာ.. အစိုးရက ၀င်ထိန်းလိုက်တာပါသလို။ ထောက်ပံ့မှုတွေကိုယ်စီယူပီး ဒီစိတ်ညစ်စရာကောင်းလှတဲ့ လမ်းဘေးမှာ ပစ္စည်းလုရတာကို စွန့်ခွာပီး နေရပ်ပြန်ကုန်ကြပါပီခင်ဗျ.. အကိုပြောခဲ့သလိုပါပဲ ဒီလူတွေဟာ ဒီနေရာမှာ ရှိချင်လို့ ရှိခဲ့ကြတာမှမဟုတ်တာပဲလေ.. ဒါပေမဲ့လည်း စည်းကမ်းဆိုတာကလည်း လောကမှာ နေရာတိုင်း အဖြစ်တိုင်းမှာ ထားရှိသင့်တဲ့ ကိစ္စလေးပဲမို့ ကိုစေးထူးဟာ အဖက်ဖက်ကို နားလည်ပေးမယ်လို့ ကျွန်တော်ယုံပါတယ်ခင်ဗျာ..

မောင်သတိ

ကလိုစေးထူး said...

ကို သတိ ပြန်ရေးတဲ့ ၀တ္ထုတို ကွန်မန့်ကလဲ တော်တော်လေး ထိမိပါတယ်။ အရေးအသားကလဲ ကောင်းတော့ ဖတ်ရတာ မျက်စိထဲမှာ မြင်ယောင်စေတယ်။ ကျနော်ရေးတဲ့ ၀တ္ထုတိုပုံစံနဲ့ ဆိုလိုရင်း ပုံစံမတူတာကတော့ မြင်ကြတဲ့ အမြင်မတူလို့ပါ။ ကိုသတိရေးသလို အဖြစ်တွေလဲ ရှိနေမယ်ဆိုတာ ကျနော် ယုံပါတယ်။ ကိုသတိရေးထားသလို တာဝန်ရှိသူတွေအနေနဲ့ တကယ်ပဲ စနစ်တကျနဲ့ တထိန်းတသိမ်းနဲ့ လုပ်ပေးနိုင်လို့ ရှိရင်တော့ ဒါဟာ ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရမယ့် ကိစ္စပါပဲ။