Monday, June 09, 2008

ကျောင်းဖွင့်ချိန်…

မိုးဦးကျ မနက် ဝေလီဝေလင်းမို့ သစ်ရွက်ဖျားတွေမှာ ယီးလေးခိုနေတဲ့ ရေပေါက်ငယ်လေးတွေက လေတိုက်လိုက်တိုင်း ဖွားခနဲ ဖွားခနဲ လွင့်စင်လာပြီး သွပ်မိုး ပျဉ်ထောင် အိမ်ငယ်လေးရဲ့ ခေါင်မိုးကို တဗျောက်ဗျောက် ဖြင့် ရိုက်ခတ်နေ၏။


မိုးအေးအေးနဲ့ပေမယ့် အလင်းရောင်က ထင်သာမြင်သာ ရှိနေပြီမို့ ဦးထွန်းလှအောင် တယောက် အိပ်ရာထဲမှာ ဆက်မကွေးနိုင်တော့ပါ။ အိပ်ရာဘေးနားက စားပွဲတင်နာရီကို လှမ်းကြည့်လိုက်တော့ ခြောက်နာရီ ထိုးလုပြီ။ အိပ်ရာထပြီးနောက် အိမ်နောက်ရေကပြင်မှာ မျက်နှာသွားချိန်မှာပင် ကျောင်းစောင့် ကိုတင့် ၏ အသံသြသြ တခုက အိမ်ရှေ့ကနေ လှမ်းအော် နှုတ်ဆက်နေလေ၏။


`ဆရာကြီး၊ ကျနော် လက်ဖက်ရည် ၀ယ်လာပြီ´

***


ဒီမြို့ကလေးမှာ အထက်တန်းကျောင်းအုပ် အဖြစ် ဦးထွန်းလှအောင် တာဝန်ကျခဲ့သည်မှာ လေးနှစ်ကျော်ခန့်တော့ ရှိပါပြီ။ အရင့်အရင်က ကျောင်းအုပ်တွေကတော့ တနှစ် ဒါမှမဟုတ် နှစ်နှစ်လောက် တာဝန်ထမ်းဆောင်ပြီးတာနဲ့ မြို့ကြီး ပြကြီးတွေကို အသီးသီးအသက ပြန်ပြောင်းသွားကြပေမယ့်လည်း သူကတော့ ဒီမြို့ကလေးမှာပင် သံယောဇဉ်တွေ ဖြစ်လို့ ပျော်နေလေပြီ။ သူက ထုံးအိုင်ရွာသားမို့ ကျောင်းပိတ်ရက်ရှည်တွေဆိုရင် ဇာတိရွာကို ပြန်လိုက်၊ ကျောင်းဖွင့်တဲ့ အချိန်ဆို ဒီမြို့ကလေးကို ပြန်လာလိုက်နှင့် အဆင်တော့ ပြေသား…။


အင်္ဂလိပ် အက္ခရာ `E´ ပုံသဏ္ဍာန် ဆောက်ထားတဲ့ ကျောင်းဝင်းလေးရဲ့ ထောင့်မှာ ကျောင်းအုပ်ဆရာကြီးအတွက် ပျဉ်ထောင် သွပ်မိုးအိမ်ကလေးကို ဆောက်ပေးထားခြင်း ဖြစ်၏။ အိမ်ရှေ့ကနေ လှမ်းကြည့်ရင် ခပ်လှမ်းလှမ်းက ကျောင်းဆောင်ကြီးကို ထီးထီးကြီး မြင်နိုင်သည်။ သွပ်မိုးတွေ နီတချပ်၊ ဖြူတချို့နဲ့ ကျောင်းကြီးက သူ့ဆီမှာ ပညာရည်နို့ သောက်စို့ကြမည့် ကျောင်းတော်သူ ကျောင်းတော်သားတွေကို လက်ယပ်ခေါ်နေသည့်ဟန် …။ ကျောင်းခြံစည်းရိုး တလျှောက်မှာတော့ ခပ်ကျဲကျဲစီ စိုက်ထားတဲ့ သီဟိုဠ်ပင်ပျိုတွေက အချင်းချင်း ထိစပ်ဖို့ ကြီးထွားအားယူရင်းဖြင့် နေပူချိန်တွေကို အန်တု အရိပ်မိုးပေးဖို့ တက်ကြွနေသည့်နှယ် အရွက်တွေက စိမ်းထွားထွား…။


အိမ်ဘေးက မြေကွက်လပ်မှာတော့ ဦးထွန်းလှအောင် စိုက်ထားတဲ့ ဗူးပင်နွယ်တွေက စင်ပေါ်ကို အညွှန့်တချို့တ၀က် ရောက်လို့ပင်နေပြီ။ အိမ်နောက်ဖက်မှာကတော့ ထွန်ယက်စ လယ်ကွင်းတမျှော်တခေါ်ကို ခပ်ဝေးဝေးက တောင်တန်း နောက်ခံ မှိုင်းညှို့ညှို့ဖြင့် မြင်နိုင်သည်။


***


ကျောင်းဝတ်စုံ အဖြူအစိမ်းပေါ်ကနေ တိုက်ပုံအင်္ကျီကို ထပ်ဝတ်လိုက်၏။ မနက် ရှစ်နာရီ မထိုးတတ်သေးပေမယ့် ကျောင်းသားတချို့က ရောက်နေချေပြီ။ ကျောင်းအုပ်ကြီး ရုံးခန်းမှာ လက်ဆွဲအိတ်ကို ၀င်ထားလိုက်ပြီး ကျောင်းဝရန်တာမှတဆင့် ကျောင်းရှေ့မြင်ကွင်းကို ငေးကြည့်နေလိုက်သည်။


ကျောင်းဝင်းကြီးရဲ့ ရှေ့မှာက မြေကွက်လပ် အကျယ်ကြီး…၊ အဲဒီ မြေကွက်လပ်ကျယ်ရဲ့ ဟိုတဖက်မှာကမှ လမ်းသွယ်လေး တခု…၊ ဒီလမ်းသွယ်လေးက မြို့ကလေးရဲ့ တခုတည်းသော ကတ္တရာလမ်းကနေ ဖဲ့ဆင်းလာပြီး ကျောင်းကို လာသမျှ ကျောင်းသားတွေရဲ့ နင်းဖြတ်မှုကို ခံယူ၏။


တစတစဖြင့် ကျောင်းလာတက်သူ ကျောင်းသူကျောင်းသားတွေ များလာတဲ့ အခါမှာတော့ မြေကွက်လပ်ကျယ်ကြီးထဲမှာ အဖြူအစိမ်းတွေ ပြန့်ကျဲနေသည်မှာ ပန်းချီကားတချပ်နှယ်ပင်…။
တချို့ကတော့ ခြေကျင်…၊ တချို့မှာတော့ စက်ဘီး၊ ငွေကြေးအတန်အသင့် တတ်နိုင်သူတွေကျတော့ သူတို့ မိဘတွေက ဆိုင်ကယ်နဲ့ လိုက်ပို့လို့…။ သေးငယ်လှတဲ့ မြို့ကလေးမို့ ကိုယ်ပိုင်ကားဖြင့် ကျောင်းလာတက်သူတော့ မရှိပါချေ။

***


`တီ…တီ´
ဟွန်းသံ အဆက်မပြတ်ပေးရင်း ကျောင်းဝင်းထဲကို မောင်းဝင်လာတဲ့ ဆိုင်ကယ်တစီးက သစ်လွင်လိုက်ပါဘိ၊ ကာလပေါက်ဈေးဖြင့် တန်ဘိုး မနည်းလှသည့် ဒီဆိုင်ကယ်ကို မောင်းလာသူကလဲ အ၀တ်အစားက သစ်သစ်လွင်လွင်…၊ သူ့နောက်မှာ ထိုင်စီးလာတာက သူ့သားကလေးလား၊ သူ့တူလေးလားတော့ မသိ ကောင်လေးပုံစံက ဖြူဖြူနုနုဖြင့် အပူအပင် အင်မတန် ကင်းလှတဲ့ရုပ်ကလေး…။ ကောင်လေးက ကျောင်းခန်းထဲကို ၀င်သွားတော့ ဆိုင်ကယ်မောင်းသူလည်း စောစောကလိုပင် ဟွန်းသံ တတီတီဖြင့် ပြန်ထွက်သွား၏။


`အောင်မယ်မယ်…၊ ဒီကောင်တွေ လုပ်လာကြပြန်ပြီ´
ကျောင်းဝင်းထဲကို လှမ်းဝင်လာကြတဲ့ ကျောင်းသားသုံးလေးယောက်ကို တွေ့တော့ ဦးထွန်းလှအောင် စိတ်ထဲမှာ အထက်ပါ အတိုင်း ရေရွတ်လိုက်မိပြန်၏။ ကြည့်လေ…၊ ဒီကောင်တွေ။ ပုဆိုးခါးပုံစကို ဒူးခေါင်းလောက် မရောက်တရောက် ဖြစ်အောင် ချထားပြီးတော့ အကျီကြယ်သီးကို ရင်ဘတ်ဟနေအောင် ၀တ်ထားလိုက်သေးသည်။ လွယ်အိတ်လွယ်တာကလဲ ကြည့်…၊ စလွယ်သိုင်းလဲ မဟုတ်၊ ဘေးလဲ မကျ၊ ဘုထုံးထုံးပြီး ဆွဲကြိုးဆွဲသလို အလယ်တည့်တည့်မှာ ချိတ်လာ၏။


`ဟိတ်ကောင်တွေ´
ဟိန်းခနဲ ထွက်လာသည့် သူ့အသံကြောင့် ကောင်လေးတွေ အပေါ်ကို အလန့်တကြား မော့ကြည့်လေ၏။
`မင်းတို့ ပုဆိုးတွေ ပြင်ဝတ်စမ်း´
`ဟုတ်…၊ ဟုတ်…´
`အကျီင်္ကြယ်သီးတွေလဲ တပ်၊ မင်းတို့ တော်တော် ပူအိုက်နေလား…၊ ဟေ´
`………..´


သူ့အော်ငေါက်သံကြောင့် ကောင်လေးတွေ သူတို့ ၀တ်ပုံစားပုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အမြန်ပြန်ပြင်ဝတ်ပြီး ကျောင်းဆောင်တွေထဲကို ကုပ်ကုပ် ကုပ်ကုပ်ဖြင့် ၀င်သွားကြသည်။ သူ့ နောက်ကွယ်ကျမှ ပုံစံ ပြန်ပြောင်းရင်တော့ မပြောတတ်…။


***


`ဟင်…၊ ဟိုမှာလာနေတာ သန်းတင် ပါလား´
`ပွကြီး´ လို့ သူတို့ ကျောင်းသားအချင်းချင်း နာမည်ပြောင်ပေးထားတဲ့ သန်းတင်က ဆယ်တန်းဖြေထားတဲ့ ကျောင်းသား…။ အခုက ဆယ်တန်းအောင်စာရင်းတွေ မထွက်သေးဘဲနဲ့ ဒီကောင် ဘာလို့ ကျောင်းလာတက်တာပါလိမ့်…။ ကျောင်းဆောင်နားကို ရောက်လာတော့ လှမ်းအော်မေးရသည်။


`ဟိတ်ကောင်၊ သန်းတင်၊ မင်းဘာလာလုပ်တာတုန်း´
`အဟီး…၊ ကျနော် ကျမယ်ဆိုတာ ကျနော့်ကိုယ် ကျနော်သိလို့ ကျောင်းလာကြိုတက်တာ ဆရာကြီး၊ စာတွေ နောက်မကျအောင်´


သန်းတင် အဖြေစကားကို ကြားတော့ စိတ်ထဲမှာ ပြုံးမိ၏။ အင်းလေ၊ အရင်နှစ်တွေတုန်းကလဲ အဲဒီလိုပဲ ကိုယ့်အခြေအနေ ကိုယ်သိသူ ကျောင်းသားတချို့ ကျောင်းကြိုတက်တာတွေ ရှိတာပဲ။ မြို့ကြီးပြကြီးက ကျောင်းတွေမှာတော့ ဒါမျိုးဘယ်ရလိမ့်မလဲ၊ ဒီမှာကတော့ `သူတို့ ပညာလိုချင်ရှာလို့ပဲလေ´ လို့ ဖြည့်တွေးပြီး စာကြိုသင်ချင်လဲ သင်ကြပါစေဆိုပြီး ခွင့်ပြုထားရသည်။

***


မနက် ကိုးနာရီ ထိုးပါပြီ။


ဆရာ ဦးမြင့်စိုးက ကျောင်းတက် ခေါင်းလောင်းကို တီးလိုက်ချိန်မှာတော့ ကျောင်းဝင်းထဲမှာ၊ ကျောင်းရှေ့ မြေကွက်လပ်ထဲမှာ ပြန့်ကျဲနေသော ကျောင်းသားတွေ အားလုံး ကျောင်းခန်းတွေထဲကို စုစည်း ရောက်ရှိကုန်သည်။ သို့သော်…။


ကျောင်းရှေ့ ဟိုးခပ်လှမ်းလှမ်းမှာ…။ လူတယောက် ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ အမြန်လျှောက်လာနေ၏။ ခေါင်းပေါ်မှာလဲ ဈေးတောင်းဗန်းတခုကို ရွက်လာသေးသည်။ အပေါ်မှာ ၀တ်ထားတာက ကျောင်းစိမ်းအကျီင်္ အဖြူပေမယ့် အဖြူရောင်က ၀ါညစ်ညစ်အရောင်ပင် ဖြစ်နေပြီ။ ကျောင်းစိမ်းထဘီတော့ မ၀တ်နိုင်ရှာဘူး ထင်ပါရဲ့၊ ရိုးရိုးအရပ်ဝတ် ထဘီနှင့်…။


`သြော်…၊ ကြခတ်ချောင်းရွာက ခင်အေးညိုပါလား။ ဒီကောင်မလေး ဒီနှစ်မှ ဆယ်တန်းတက်တာ၊ ကြည့်ရတာ ဈေးရောင်းပြီးမှ ကျောင်းကို အမှီလာရတာနဲ့ တူပါတယ်´


ဦးထွန်းလှအောင် တယောက် ကရုဏာအတွေးဖြင့် ငေးနေဆဲမှာပင် ကလေးမလေးက ကျောင်းခန်းထဲ ရောက်သွားချေပြီ။


***


နောက်ထပ် မိနစ်အနည်းငယ် အကြာမှာတော့ ကျောင်းဆောင်ကြီးနဲ့ ကျောင်းသားတွေက ကြက်သားငယ်လေးတွေကို ရင်အုပ်ထဲမှာထည့်ထားတဲ့ ကြက်မကြီးအလား နွေးထွေးမှု အပြည့်ဖြင့် ပညာသင်ရက်တရက်ကို အစပျိုးဖို့ အဆင်သင့် ဖြစ်လို့ နေပါပြီ။


`စောညွှန့်ဝင်း´
`ရှိပါတယ် ခင်ဗျ´
`မောင်လှမြင့်´
`ရှိပါတယ် ခင်ဗျ´
`ဆွာရမ်ဆေး´
`ရှိပါတယ် ခင်ဗျ´
`နော် မူလျားဖောင်´
`ရှိပါတယ် ရှင့်´


ဆရာမရဲ့ အတန်းခေါ်သံပြီးရင်တော့ စာအံသံတွေ ဆူညံလာပါဦးမည်။ ထိုစာအံသံတွေက တဆင့် နိုင်ငံ့ခေါင်းဆောင်လောင်းတွေ ထွက်ပေါ်လာပါလိမ့်မည်။ ဆရာဝန်လောင်းတွေ ထွက်ပေါ်လာပါလိမ့်မည်။ အင်ဂျင်နီယာလောင်းတွေ ထွက်ပေါ်လာပါလိမ့်ဦးမည်။ ဆရာ/ဆရာမ တွေ ဖြစ်လာကြမယ့် စာသင်သားတွေလဲ ရှိပေလိ့မ်ဦးမည်။


ဒီလိုနှင့်ပင် ကျောင်းဖွင့်စနေ့လေး တရက်က တက်ကြွသစ်လွင်စွာ အစပျိုးလို့နေပါတော့သည်။


***


ကလိုစေးထူး

7 comments:

Anonymous said...

gd. post. but.. that time will be shown destroyed in that place and , syargyi feeling when he saw his shool.

Phyu

တန်ခူး said...

ဒီလို ဝထ္တုလေးတွေ မဖတ်ရတာ ကြာပြီဆိုတော့ ဖတ်ရတာ ပိုအရသာရှိတယ်… ငယ်ငယ်က ကျောင်းဖွင့်ချိန်တွေ လွမ်းမိတယ်… ဦးထွန်းလှအောင်လို ဆရာကြီးတွေ အတော်ရှားသွားပြီ…

wynn.sun said...

အဖြူအစိမ်း ကျောင်းသားဘ၀ကို ပြန်လွမ်းမိပါတယ်

လားရှိုးသူ said...

အတိတ်က ကျောင်းတော် ကြီးနဲ့ နာသုံးနာခံကာ ပညာသင်ကြားပေးတဲ့ လေးစားထိုက်သော ဆရာ၊မ တွေရဲ့ စိတ်ဓာတ် တွေကို ဝယ်လို့ရရင် ပြန်ဝယ်လိုက်ချင်ပါရဲ့။

မောင်မျိုး said...

ကျောင်းဖွင့်စ အချိန်လေးမှာ ဒီလိုပို့ စ်လေးဖတ်လိုက်ရတော့ ကိုယ့်ကိုယ်ကို ဆယ်တန်းကျောင်းသားလေးလို ပြန်ခံစားမိတယ် ။ ဦးထွန်းလှအောင် လို ဆရာ မျိုး ကျနော်တွေ့ ဖူးခဲ့တယ်ဗျ ကံကောင်းတယ်လို့ ပြောရမယ် ။

Anonymous said...

အဟမ်း ...
အစအဆုံး ဖတ်ကြည့်ပြီးသကာလ ခြုံပြီးပြောရရင်တော့ ... အင်း ... ကောင်းပါတယ် ... ကောင်းပါတယ်။ ဘာခြုံတာလဲ ဆိုတော့ ခေါင်းမြီးခြုံတာ ဆိုပါတော့ ... ။ ခေါင်းမြီးခြုံတယ်ဆိုတော့ ဘာမှ မမြင်ရဘူးလေ ... ဒီတော့ ကောင်းတာပေါ့ ... ဟဲဟဲ နောက်တာပါ။ အတည်ပြောတော့မယ်။
အကြောင်းအရာ ... သင့်တင့်ပါတယ်။
တင်ပြပုံ ... သေသပ်ပါတယ်။
အရေးအသား အဖွဲ့အနွဲ့ပိုင်းမှာ အသေချာဖတ်ကြည့်တော့ ဟာကွက်လေးတွေ တွေ့ရတယ်။ အားမနာတနာနဲ့ ဝေဖန်လိုက်ပါရစေ ... ဆရာရေ ... ။

ပထမစာပိုဒ်မှာ ... မိုးဦးကျ မနက် ဝေလီဝေလင်းမို့ (မို့ကို သုံးရန် မသင့်တော်ဟု ယူဆပါတယ်) မို့ ကို သုံးခြင်းအားဖြင့် မိုးဦးကျမနက် ဝေလီဝေလင်းမို့သာ ဒီအဖြစ်မျိုး ဖြစ်တယ် ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။ နောက်တခု .. တဗျောက်ဗျောက်ဖြင့် .. (ဖြင့် ကို သုံးရန်မလိုဟု ယူဆပါတယ်)
တဗျောက်ဗျောက်လို့ မသုံးဘဲ တဖြောက်ဖြောက်ဆိုရင် ပိုလှမလား တွေးကြည့်မိပါတယ်။

ဒါနဲ့ပဲ ဒီလိုပြင်ကြည့်မိတယ်။

မိုးဦးကျ နံနက်ခင်း ဝေလီဝေလင်းမှာ သစ်ရွက်ဖျားတွေ၌ ယီးလေးခိုနေသော ရေပေါက်ငယ်လေးတွေက လေတိုက်လိုက်တိုင်း ဖွားခနဲ ဖွားခနဲ လွင့်စင်လာပြီး သွပ်မိုး ပျဉ်ထောင် အိမ်ငယ်လေးရဲ့ ခေါင်မိုးကို တဖြောက်ဖြောက် ရိုက်ခတ် နေလေ၏။

ဒုတိယစာပိုဒ် ... မိုးအေးအေးနဲ့ (နဲ့ ထည့်စရာမလိုပါ) ကိုတင့် ၏ အသံသြသြ တခုက (အသံက တခု ၂ ခု မရှိပါ) ခုလို ပြင်ကြည့်တာ အဆင်ပြေမလားတော့မသိဘူး။

မိုးအေးအေးပေမယ့် အလင်းရောင်က ထင်သာမြင်သာ ရှိနေပြီမို့ ဦးထွန်းလှအောင် တယောက် အိပ်ရာထဲမှာ ဆက်မကွေးနိုင်တော့ပါ။ အိပ်ရာဘေးနားက စားပွဲတင်နာရီကို လှမ်းကြည့်လိုက်တော့ ခြောက်နာရီ ထိုးလုပြီ။ အိပ်ရာထပြီး အိမ်နောက်ရေကပြင်၌ မျက်နှာသစ်နေချိန်မှာပင် ကျောင်းစောင့် ကိုတင့်က အသံသြသြဖြင့် အိမ်ရှေ့မှ လှမ်းအော် နှုတ်ဆက်နေလေ၏။
(ပိုကောင်းတာက)
အိပ်ရာထပြီး အိမ်နောက်ရေကပြင်၌ မျက်နှာသစ်နေချိန်မှာပင် အိမ်ရှေ့မှ လှမ်းအော် နှုတ်ဆက်လိုက်သော ကျောင်းစောင့် ကိုတင့်၏ အသံသြသြကို ကြားလိုက်ရသည်။

`ဆရာကြီး၊ ကျနော် လက်ဖက်ရည် ၀ယ်လာပြီ´
***
အတော်ပဲ ... ဗိုက်ဆာနေတာနဲ့။
ဒီလိုနဲ့ ...ကိုတင့်လာပေးတဲ့ လဘက်ရည်နဲ့ အီကြာကွေး စိတ်ကူးထဲမှာ အ၀လွေးရင်း ဗိုက်လေးပြီး ငြီးငွေ့သွားလို့ ဆက်လက် ဝေဖန်မှု မပြုတော့ဘဲ ဒီမှာတင် stop လိုက်ပါတော့တယ်။
((တကယ်တမ်း ပြောမယ်ဆို အများကြီးကျန်သေးတယ်။ အားနာလို့ (ဟဲဟဲ))

nu-san said...

ကိုစေးထူးဆီ အလည်မရောက်ဖြစ်တာ ကြာပြီ။ အခုရောက်လာတော့ ကျောင်းဖွင့်ချိန် ပို့စ်လေးကို အရင် ဖတ်မိတယ်.. ဖတ်ရင်း အလယ်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီးကို မျက်လုံးထဲ မြင်ယောင်လာတယ်.. ဆရာကြီးက စာသင်တာကောင်းသလို စည်းကမ်းနဲ့ပတ်သက်လာရင် လုံးဝအလျော့မပေးဘူး.. သူ က ၈ တန်း မှာ အင်္ဂလိပ်စာ သင်ပေးတယ်။ သူ့အချိန်ဆိုရင် စာမသင်ခင် ကျောင်းက ဆရာ၊ ဆရာမ သားသမီးတွေ အရင်ဆုံးစာမေးတယ်.. ကျမကတော့ သူ့ကို ကြောက်လည်းကြောက်တော့ ဖြေရင် တလွဲချည်းပဲ.. :D