Monday, June 30, 2008

ပြောချင်တာ…(၂)

“လောကမှာ ဘာမှအလကားမရဘူး” ဆိုတဲ့ စကားက ဒီတခါတော့ ကျနော့်အတွက် သွေးထွက်အောင်ကို မှန်ပါတယ်လို့ ပြောရတော့မှာပါပဲ။ ကျနော့် စက်ထဲမှာ အနှစ်နှစ်အလလကတည်းက ခိုအောင်းခဲ့ဟန်တူတဲ့ မောင်မင်းကြီးသား Spyware များရဲ့ လက်ချက်နဲ့ ကျနော့် ကွန်ပျူတာ ခမျာ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ငြိမ်သက်သွားလိုက်တာ ပြန်နိုးလာတဲ့ အချိန်မှာတော့ စက်ထဲမှာ ရှိတဲ့ ပရိုဂရမ်တွေနဲ့ Documents တွေ အားလုံး၊ ဘာတခုမှကို မကျန်တော့ပါဘူး။ နှမျောတသ အဖြစ်ရဆုံးကတော့ ဘလော့ဂ်မှာ မတင်ဖြစ်တဲ့ ဆောင်းပါးနဲ့ ၀တ္ထုတိုလေးတွေ၊ ရေးလက်စ သီချင်းတပိုင်းတစတွေ အားလုံး ပါသွားတာပါပဲ။ အဆိုးထဲက အကောင်းအနေနဲ့ကတော့ ဗိုင်းရပ်စ် အကိုက်ခံရတဲ့ စက်တလုံးကို ဘယ်လိုကိုင်တွယ် ပြင်ဆင်ရမယ် ဆိုတဲ့ နည်းပညာတော့ အတန်အသင့် ရလိုက်ပါတယ်။


အွန်လိုင်းနဲ့ လုံးဝအဆက်ပြတ်နေတော့ ကျနော့်ဆီကို လာလည်ကြသူတွေအတွက် ပို့စ်အသစ်မတင်ထားတဲ့ ကျနော့်ဘလော့ဂ်မှာ အချိန်ကုန်နေသလို ဖြစ်မှာစိုးတာနဲ့ ငပိသံတ၀က် အင်္ဂလိပ်လို ပို့စ်ကို တင်လိုက်ရတာ အူတော့ အယားသား…။ စာကြည့်တိုက်ကနေ သွားတင်ရတာမို့ မြန်မာဖောင့် မရှိတော့ စီဘောက်စ်ထဲမှာ မြန်မာ ဘာသာနဲ့ လာနှုတ်ဆက်ကြတာတွေကိုလဲ ဘယ်လိုမှ ဖတ်လို့မရပါဘူး။ အခု စက်ပြန်ကောင်းတော့မှပဲ အားရပါးရကြီး ဖတ်ရတယ်။


***


ကျနော့် စီဘောက်စ်မှာ အချိန်ကုန်ခံ၊ အင်တာနက်ဖိုး အကုန်ခံ၊ လက်အညောင်းခံပြီး စီဘောက်စ်တခုလုံး ပြည့်နေအောင် ကြော်ငြာလာလာဝင်တဲ့ တယောက်ကို စီဘောက်စ် သုံးခွင့်ပိတ်ပင်လိုက်ပါတယ်။ အဲဒီ (ဘယ်သူမှန်း မသိတဲ့) ပုဂ္ဂိုလ်ကို ဒီနေရာကနေ ပြောချင်တာကတော့ အခုလို ပိတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်နေသပဆိုရင်လဲ ဘာမှ မတတ်နိုင်ပါဘူး။ မိမိကိုယ်နှိုက်ကိုက မယုံကြည်၊ မလေးစားတဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးနဲ့ လာကိုင်ပေါက်ပြီးတော့ `ဒီမိုသမားတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်´ နဲ့ လာပြောနေလဲ ကျနော် ဂရုစိုက်နေတော့မှာ မဟုတ်ဘူး၊ နောက်ထပ် အဲဒီလို လာလုပ်သမျှ အိုင်ပီလိပ်စာမှန်သမျှကိုလဲ မပျက်မကွက် ဘန်းတော့မှာ ဖြစ်ကြောင်းကို အသိပေးလိုပါတယ်။


`လူ့အခွင့်အရေး´ ဆိုတဲ့ စကားလုံးကို အရိုးရှင်းဆုံး ပြောရရင် ကိုယ့်လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းလိုက်၊ အဲဒါမှ အားမရသေးရင် အဲဒီဆန့်တန်းထားတဲ့ လက်နှစ်ဖက်ကို အားရပါးရကြီး ဝှေ့ယမ်းပစ်လိုက်၊ ဘေးလူကို သွားမထိသရွေ့ကတော့ အဲဒါ လူ့အခွင့်အရေးပါပဲ။ ငါ့မှာ လက်နှစ်ဖက်ရှိတယ် ရမ်းကားမောက်မာတဲ့ အပြုအမူကိုတော့ လူ့အခွင့်အရေးစံနဲ့ မသတ်မှတ်လိုဘူး။ တဖက်သားကို အပြန်အလှန် လေးစားသမှု ပေးတယ်ဆိုတာကို သိပ်ခက်ခဲနေတယ်ထင်ရင်တော့ ဘယ်နေရာမှ အသုံးတည့်တဲ့ လူတယောက် ဖြစ်လာမယ်လို့လဲ ကျနော်မထင်ပါဘူး။


***


အဆက်ပြတ်နေတဲ့ ကာလတွေအတွင်းမှာ လွတ်သွားတဲ့ သတင်းတွေ၊ မဖတ်လိုက်ရတဲ့ စာတွေကို လိုက်ဖတ်ဖြစ်ပါတယ်။ စာတွေ၊ သတင်းတွေကို လိုက်ဖတ်ရင်းနဲ့ Gap တခုကို ထင်ထင်ရှားရှားကြီး သတိထားမိပါတယ်။


အလုပ်လုပ်ကြတယ် ဆိုတဲ့ နေရာမှာ တဘက်နဲ့တဘက်၊ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့ တဖွဲ့ရဲ့ မတူကွဲပြားတဲ့ အမြင်တွေကို အတတ်နိုင်ဆုံး ဖယ်ထားပြီးတော့ တူညီတဲ့ အချက်ကို အခြေခံရင် ပိုကောင်းနိုင်မှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ မတူညီတဲ့ အခြေအနေတွေ၊ အမြင်တွေကိုပဲ တည်ပြီးတော့ ပြောရမယ်ဆိုရင် အချိန်ကြာလာလေလေ တဘက်နဲ့ တဘက် ပိုဝေးသွားလေလေ ဖြစ်လို့ တကယ်တမ်း ထိထိရောက်ရောက် လုပ်သင့်တဲ့ အလုပ်တွေမှာ ဟုတ်တိပတ်တိ မလုပ်နိုင်တော့တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။


အနီးကပ်ဆုံး ဥပမာအားဖြင့် နှိုင်းပြရရင်တော့ ကျနော်တို့ နိုင်ငံကို တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းအပြီးမှာ လေဘေးဒဏ်ခံ ပြည်သူတွေအပေါ် ကူကြ၊ပံ့ကြ၊ ဖေးမကြတဲ့ ကိစ္စမှာပါ။ အဲဒါနဲ့ ပတ်သက်လို့ လက်ရှိအာဏာပိုင်တွေရဲ့ ကိုင်တွယ်မှု အပိုင်းကိုတော့ ဘာမှကို ပြောချင်စိတ် မရှိတော့လို့ မပြောတော့ပါဘူး။ ဒါပေမယ့် အဲဒီ အာဏာပိုင်တွေနဲ့ မဆက်စပ်တဲ့ တခြားသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ကတော့ လေဘေးဒဏ်ခံ ပြည်သူတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့ အခါမှာ အထက်မှာ တယောက်နဲ့တယောက် လက်ရှိနေထိုင်နေကြတဲ့ နေရာ၊ သိတွေ့မြင်ကြားရပုံခြင်း မတူကွဲပြားမှုတွေကြောင့် နားလည်မှု Gap တွေ ပေါ်လာတာကို သတိထားမိပါတယ်။


တကယ်တမ်း အဖြစ်သင့်ဆုံးကတော့ ပြည်တွင်းမှာ လူအားနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လက်တွေ့လုပ်နေကြသူတွေနဲ့ လူအားနဲ့ ကူညီဖို့ငှာ မစွမ်းသာတဲ့ ပြည်ပကလူတွေရဲ့ ငွေအားကို ချိတ်ဆက်မိမိနဲ့ ပေါင်းစပ်ပြီးတော့ တကယ်တမ်း ဒုက္ခရောက်နေသူတွေကို ထိရောက်စွာ ကူညီတာမျိုးပါပဲ။ အဲဒီလို လုပ်နိုင်ဖို့ကတော့ ပြည်တွင်းနဲ့ ပြည်ပက လူတွေကြားမှာ ရှိတဲ့ နားလည်မှု၊ မတူတဲ့ Gap ကို ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းဖို့ လိုပါတယ်။


ပြည်တွင်းမှာ လူတစု၊ ဒါမှမဟုတ် အဖွဲ့တခုက တကယ်ကိုပဲ လူမှုရေး အလုပ်တွေကို ထိထိရောက်ရောက် လုပ်နေတယ် ဆိုပါစို့…။ ကျနော်တို့ ပြည်ပကလူတွေ (မီဒီယာနဲ့ ဘလော့ဂါတွေအပါအ၀င်) အလုပ်သင့်ဆုံးကတော့ အဲဒီ အထဲက လူတွေ လက်ရှိ လုပ်နေတဲ့ အလုပ်ကို ပိုမိုအားကောင်းလာအောင်၊ အဲဒီအလုပ်ကို ပံ့ပိုးကူညီသူတွေ များသထက် များလာအောင် လှုံ့ဆော်ရပါမယ်။ အဲဒီလို လှုံ့ဆော်တဲ့ နေရာမှာ အထူးသတိထားသင့်တဲ့ အချက်ကတော့ မိမိ ရေးလိုက်၊ ပြောလိုက်တဲ့ သတင်းအချက်အလက်က ဖြစ်စေ၊ ရေးသားမှု တခုခုကနေ ဖြစ်စေ ပေါ်ပေါက်လာတဲ့ အကျိုးဆက်တွေကြောင့် ပြည်တွင်းမှာ လူမှုရေး လုပ်ငန်း လုပ်နေသူတွေနဲ့ အာဏာပိုင်တွေကို ထိပ်တိုက်တေ့ပေးလိုက်သလို မဖြစ်အောင် ဆင်ခြင် သတိထားသင့်တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင် ကိုယ်က စေတနာကောင်းတဲ့ နှိုးဆော်လိုက်တယ်ပဲထား၊ ဟိုဘက်မှာ တကယ်တမ်း လက်တွေ့လုပ်နေရတဲ့ ပြည်တွင်းက လူတွေကို ဒီကနေ အချုပ်ထဲထည့်နေတာနဲ့ တူသွားပါလိမ့်မယ်။


နောက်တချက် သတိထားမိတာကတော့ သတင်းအချက်အလက်တခုခုကို ရည်ရွယ်ချက် ရှိရှိနဲ့ပဲဖြစ်ဖြစ်၊ မရည်ရွယ်လိုက်ဘဲနဲ့ပဲ ဖြစ်ဖြစ် မီဒီယာတွေနဲ့ ဘလော့ဂ်တွေမှာ မှားယွင်းတင်ပြလိုက်ပြီဆိုရင် ပြည်တွင်းက (နေ့စဉ်ထုတ်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား… အစရှိတဲ့) မီဒီယာတွေထက်စာရင် ပြည်ပရောက် မီဒီယာတွေနဲ့ ဘလော့ဂါတွေရဲ့ အမှားအယွင်းက ပိုပြီးတော့ လက်ညှိုးထိုး ထောက်ပြချင်စရာ ဖြစ်တာကို သတိထားမိပါတယ်။ ဒါကလဲ အချက်နှစ်ချက်ပေါ်မှာ အခြေခံပြီးတော့ ဖြစ်တာလို့ ကျနော် မြင်ပါတယ်။


တချက်ကတော့ လက်ရှိအာဏာပိုင်တွေရဲ့ သတင်းမှားတွေကတော့ ရိုးနေပြီမို့ အဲဒီလူတွေ သတင်းထုတ်ပြန်ချက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လူတွေက သိပ်ပြီးတော့ အလေးမထားနေတော့တာက တချက်ပါ။ နောက်တချက်ကတော့ ပြည်တွင်းက မီဒီယာတွေက အမှားတွေကို ဘယ်လောက်ပြောပြော သူတို့ မှားကြောင်းကို ထောက်ပြလိုက်ရင် အကြီးစား ဒုက္ခတွေကို ရလာနိုင်ပေမယ့် ပြည်ပရောက် သတင်းမီဒီယာတွေနဲ့ ဘလော့ဂ်တွေက သတင်းအချက်အလက် တခုခု (မှန်နေရင်သာ မထောက်ခံရင် ရှိမယ်) မှားယွင်းနေလို့ ထောက်ပြကဲ့ရဲ့မယ်ဆိုရင် လူတန်းစားမရွေး၊ အဖွဲ့အစည်းမရွေး လွတ်လပ်စွာနဲ့ အားရပါးရကြီး ထောက်ပြ လက်ညှိုးထိုးလို့ ရပါတယ်။ သတင်းမှန်တွေကို တင်ပြနေလျက်နဲ့ ပြည်ပမီဒီယာသတင်းတွေဟာ အမှားတွေကြီးပါပဲ လို့ ပြောလို့ ပြည်တွင်းမှာ ဒုက္ခရောက်နိုင်စရာ အကြောင်း မရှိပါဘူး။ ဒီကြားထဲကမှ အကြောင်းကြောင်းကြောင့် သတင်းမှား တခုခုကို တင်မိတဲ့ မီဒီယာကတော့ ကျောကော့အောင် ခံပေတော့ပေါ့။


စိတ်ပျက်စရာ အကောင်းဆုံးကတော့ ဘက်နှစ်ဘက်မှာလဲ ဘယ်ဘက်မှာမှ မရပ်တည်၊ မရပ်တည်ပေမယ့် တကယ်တမ်းမှာ လူမှုရေး အလုပ်တွေကို လုပ်နေသလားဆိုတော့လဲ မဟုတ်…။ ဟိုဘက်လိုလို၊ ဒီဘက်လိုလိုနဲ့ တောမရောက်တောင်မရောက် လူတွေပါပဲ။ ဘာမှသာ ၀င်မလုပ်ရင်ရှိရမယ်၊ သူတပါးကို လက်ညှိုးထိုးထောက်ပြရတော့မယ်ဟေ့ ဆိုရင် အဲဒီလူတွေကို အရင်ဆုံး အထင်းသား မြင်ရလေ့ရှိတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တခါတလေကျရင် စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးကို ခွေလဲကျသွားတဲ့ အထိကို အဲဒီလူတွေကြောင့် စိတ်ပျက်မိပါတယ်။ ကိုယ်လုပ်နိုင်တာကို လုပ်နိုင်တဲ့ဘောင်၊ လုပ်နိုင်တဲ့ စွမ်းရည် ရှိသမျှနဲ့ လုပ်ဖို့တော့ မစဉ်းစားဘဲ ခြံစည်းရိုး ခွထိုင်နေတဲ့လူတွေဟာ တကယ်တော့ လက်ရှိ အာဏာပိုင်တွေထက် ဆိုးဝါးတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေလို့ပဲ ကျနော်ကတော့ မြင်ပါတယ်။


***


ပြောချင်တာတွေကို တစုံတယောက်ကို ရင်ဖွင့်နေရသလိုမျိုး ထိုင်ရေးလိုက်ရတော့ စိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလိုလို…။ ဒါပေမယ့် တကယ်ပေါ့တာတော့ မဟုတ်သေးဘူး။ ကျနော်တို့ ဖြစ်စေချင်တာတွေကို ဖြစ်လာရအောင် ကြိုးစားဖို့အတွက်က အများကြီး ကြိုးစားရပါဦးမယ်။


နောက်ပိုင်းရက်တွေမှာတော့ ကျနော် စာတွေ ပုံမှန်နီးပါး ရေးဖြစ်ဦးမယ်လို့ ထင်ပါတယ်။ အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ။



ကလိုစေးထူး

3 comments:

Anonymous said...

u right!

Plz write more.
I am also so upset esp stubborn ppl.

P

တန်ခူး said...

ကိုစေးထူးရေ…. ဆောင်းပါးနဲ့ ၀တ္ထုတိုလေးတွေ၊ ရေးလက်စ သီချင်းတပိုင်းတစတွေ ပျောက်ဆုံးသွားတာ သိရလို့  စိတ်မကောင်းပါဘူး…နောက်ဆိုbackupလုပ်ထားပါလား…စာတွေ ပုံမှန်နီးပါး ရေးဖြစ်ဦးမယ်ဆိုလို့  ၀မ်းသာစွာ စောင့်မျှော်နေပါတယ်….

မောင်မျိုး said...

ပျောက်သွားတဲ့ စာတွေအစားပိုကောင်းတဲ့ စာတွေ ဖြစ်လာလိမ့်မယ်း) စာတွေ ပုံမှန်ရေးမယ်ဆိုလို့ ၀မ်းသာတယ် အစ်ကိုရေ့ ....ရင်ထဲမှာ ပေါ့သွားတယ်ဆိုတော့ ကောင်းတာပေါ့ ဖွင့်ချလိုက် သိမ်းထားရင် ရင်ခံတယ် ။