ဆရာတော်ကို ရိုကျိုးဝပ်တွားစွာဖြင့် ဦးသုံးကြိမ်ချ ရှိခိုးပြီး ဘာများမိန့်လာဦးမလဲ ဟု နားစွင့်နေလိုက်သည်။
`ဒကာကြီး၊ ဒီမှာ စာတစောင်တော့ ဘုန်းဘုန်း ရေးထားတယ်၊ လိုရမယ်ရ ယူသွားပေါ့´
`တင်ပါ့ဘုရား´
ဆရာတော် ကမ်းပေးလာသော စာကို အသာဖွင့်ဖတ်လိုက်တော့ ဆရာတော်ကိုယ်တိုင် လက်ရေးခပ်သော့သော့ဖြင့် ရေးထားသော စာ၏ ခေါင်းစီးက အထင်းသား…။
`စာသင်ကျောင်းခန်း ဆောက်လုပ်ရန်အတွက် သစ်ခုတ်လှဲခွင့်ကိစ္စ´
`ဒကာကြီး၊ ဒီမှာ စာတစောင်တော့ ဘုန်းဘုန်း ရေးထားတယ်၊ လိုရမယ်ရ ယူသွားပေါ့´
`တင်ပါ့ဘုရား´
ဆရာတော် ကမ်းပေးလာသော စာကို အသာဖွင့်ဖတ်လိုက်တော့ ဆရာတော်ကိုယ်တိုင် လက်ရေးခပ်သော့သော့ဖြင့် ရေးထားသော စာ၏ ခေါင်းစီးက အထင်းသား…။
`စာသင်ကျောင်းခန်း ဆောက်လုပ်ရန်အတွက် သစ်ခုတ်လှဲခွင့်ကိစ္စ´
***
ဒီရွာကလေးရဲ့ မူလတန်းကျောင်းကို တွဲဖက်အလယ်တန်းကျောင်း အဖြစ် တိုးမြှင့်ခဲ့သည်မှာ ပြီးခဲ့သည့် နှစ်ကမှ ဖြစ်၏။ ရွာလယ် ဘုန်းတော်ကြီးကျောင်းရဲ့ ခြံစည်းရိုးနားမှာ ကပ်လျက် ဆောက်ထားသော ဒီကျောင်းကလေးမှာ ဒီရွာသားပင် ဖြစ်သော ဆရာညွှန့်စိုး ကျောင်းအုပ်အဖြစ် တာဝန်ကျတော့ ဆရာတော်ကြီးမှာ ၀မ်းသာလို့ မဆုံး…။
ဆရာညွှန့်စိုး ဒီမှာ တာဝန်ကျတာကို ဒီရွာကလေးအနေနဲ့ ဂုဏ်ယူရတာကလဲ ရှိသေးသည်။ ရွာနဲ့ သုံးမိုင်ကျော် အကွာက နယ်မြို့ပေါ်က ကျောင်းဆရာတွေတောင် ဘယ်သူမှ မသွားဖူးသေးသည့် ဂျပန်နိုင်ငံ ပညာတော်သင်ကို ဆရာညွှန့်စိုးက တနှစ်ခွဲ သွားခဲ့ဖူးသေးသည်။ ဒါကြောင့် ဆရာတော်ကြီးတင်မက ရွာသားတွေကလဲ ဆရာညွှန့်စိုး ဒီရွာမှာ ကျောင်းအုပ်အဖြစ် တာဝန်လာကျတာကို အကျေနပ်ကြီး ကျေနပ်ကြသည်။
ရွာကလေးက ရွာတန်းရှည်ပုံစံ…။ ရွာလယ် လမ်းမကြီးကို ဗဟိုပြုပြီးမှ ကရင်စု၊ ဗမာစု၊ ရှမ်းစု၊ မွန်စု ဆိုပြီး အစုကလေးတွေ ခွဲထား၏။ ဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိသည်။ ရွာလယ်ကျောင်းနှင့် တောင်ပေါ်ကျောင်း…။ စာသင်ကျောင်းကတော့ ယခု ဆရာညွှန့်စိုး တာဝန်ကျသည့် တွဲဖက် အလယ်တန်းကျောင်း တကျောင်းတည်း…။
ဒီကျောင်းကလေးကို ရွာလယ်ကျောင်းဆရာတော်ရဲ့ ကွပ်ကဲမှု အထောက်အပံ့ဖြင့် မူလတန်းကျောင်းအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့၏။ မြို့ပြရနံ့တစက်ကလေးမှ မပါ၊ လမ်းပန်းဆက်သွယ်ရေး ကျဲပါးခေါင်သီလှတဲ့ ဒီရွာကလေးမှာ နှစ်ရှည်လများ တာဝန်ထမ်းလိုတဲ့ တနယ်တကျေးက ဆရာဆရာမ ပါးရှားလှတာမို့ တခါတရံမှာ ဆရာတော်နှင့် စာချဦးပဉ္ဖင်းတို့က သင်္ဃန်းတလွှားလွှား၊ ကွမ်းတ၀ါးဝါးဖြင့် ကလေးတွေကို စာဝင်သင်ပေးရသည်။ အခု တွဲဖက်အလယ်တန်းကျောင်း အဆင့်ကို ရောက်တော့လဲ ဆရာတော်တွေ စာဝင်မသင်ပေးရသည့်တိုင် ကျောင်းကိစ္စအရပ်ရပ်မှာ ကူပံ့နေရတုန်း၊ အုပ်ချုပ်နေရတုန်းပင်။
တွဲဖက် အလယ်တန်းကျောင်းအဆင့်ကို ရောက်လာပြီဆိုတော့ ကျောင်းသားအရေအတွက်လဲ အရင်ကထက် ပိုတိုးလာသည်။ လေးတန်းအောင်တဲ့ ကျောင်းသားက အရင့်အရင်နှစ်တွေကလို ချောင်းဖြတ်၊ တောနင်းပြီး မြို့ပေါ်ကို ကျောင်းသွားတက်စရာ မလိုတော့…။ လွယ်အိတ်ကျောပိုး၊ ခမောက်မလုံ့တလုံဆောင်းလို့ ကိုယ့်ရွာကျောင်းမှာပင် ကိုယ်တက်နိုင်လေပြီ။ ဒါပေမယ့် ခက်တာက ကျောင်းရဲ့ လိုအပ်ချက်…။
မူလတန်းအဆင့်တုန်းကတော့ မသိသာလှသေးပေမယ့် ယခုနှစ်မှာတော့ ကျောင်းဆောင်သစ် ထပ်ဆောက်ဖို့က လိုလာလေပြီ။ ကျောင်းဆောက်ပေးဖို့ လက်သမားကလဲ ဆရာတော်ရဲ့ အမိန့်နဲ့ ခေါ်ပြီးပြီ။ ရွာသားတွေကလဲ အလှည့်ကျဖြင့် တက်တက်ကြွကြွ ကူညီဖို့အသင့်…။ ဒီတော့ သစ်တွေ၊ ၀ါးတွေကို စုဖို့သာ လိုတော့သည်။
အရင့်အရင်ကတော့ ဒါက ဘာများခက်တာလိုက်လို့…။ အနီးအနားတောထဲကိုဝင်၊ သင့်ရာ သစ်ကို ခုတ်လှဲလို့ လွှဲစင်ဆွဲသမားတွေနဲ့ ခွဲစိတ်ယုံပင်…။ တရွာလုံးက အိမ်တွေကိုလဲ ဒီနည်းနှင်နှင် ဆောက်ခဲ့သည်ချည်း။ ဒါပေမယ့် အခုကတော့ ထိုသို့ မရတော့ပြီ။ အဘယ်ကြောင့်ပါနည်း…။
***
တမြန်မနှစ်က ဖြစ်၏…။
ရွာကလေးကနေ နယ်မြို့ကိုသွားသည့် ကြားလမ်းမှာ စစ်တပ် တပ်ရင်းအသစ်တခု လာဖွင့်သည်။ ဗမာစုက ဘိုးစံလှရဲ့ ရာဘာခြံ၊ ဘွားအုန်းတင်ရဲ့ လယ်တချို့နဲ့ ကရင်စုက သီဟိုဠ်ခြံတချို့ အသိမ်းခံလိုက်ရ၏။ `နယ်မြေ လုံခြုံရေးအတွက်´ ဆိုတော့လဲ ဘာမှမပြောသာ…။
ခက်တာက နယ်မြေလုံခြုံတာ မလုံခြုံတာ အသာထားလို့ အနှီတပ်ရင်းသစ်ရဲ့ ဒဏ်ကို ရွာသားတွေခမျာ ခါးစည်းခံရခြင်းပင်။ တပ်ရင်းလယ်မှာ (တကယ်က ဘွားအုန်းလှ လယ်ကို သိမ်းထားတာ) စပါးကူစိုက်ဖို့၊ တပ်ရင်းထဲမှာ တောခုတ်ကူဖို့၊ တပ်တွင်းမှာ လမ်းဖောက်ကူဖို့၊ ဘာဖို့…၊ ညာဖို့ ဆိုပြီး လူဆင့်၊ လှည်းဆင့် ခဏခဏ အဆင့်ခံရသည်။ တခုတော်သေးတာက ဟိုးအရင်က တခါတလေ ရောက်လာတတ်လေ့ရှိတဲ့ စစ်တပ်တချို့လို သူတို့က ပေါ်တာတော့ မဖမ်း။
နှစ်ပရိစ္ဆေဒ များစွာကတည်းက ရွာကလေးကနေ နယ်မြို့ပေါ်ကို အပူအပင် ကင်းကင်း ရောင်းဝယ်ဖောက်ကားရတဲ့ ရှောက်သီးလှည်း၊ သံပုရာသီးလှည်းတွေလည်း အခုတော့ တပ်ရင်းအသစ်ရဲ့ ခွင့်ပြုချက်ရမှ ထိုလမ်းကို ဖြတ်ခွင့်ရလေပြီ။ ရှောက်သီး ငါးရာ မြို့ပေါ်မှာ သွားရောင်းချင်ရင် အရင်ကထက် လေးငါးဆယ်လုံး အပိုယူလာရလေပြီ။ အခန့်မသင့်ရင် `နယ်မြေလုံခြုံရေး´ ဆိုတာကြီးက ရှောက်သီးလှည်းကို နေမြင့်သည့်တိုင် မြို့ပေါ် မရောက်အောင် တားထားနိုင်သည်ကိုး…။ ဒူးရင်းသီး သွားရောင်းချင်ရင်လည်း ထိုနည်းနှင်နှင်…၊ ကွမ်းသီး အပိုးသမားတွေလဲ ထူးမခြားနား။ ပိုလို့ အကင်းပါးသူတွေကတော့ `နယ်မြေလုံခြုံရေး´ အတွက် ငွေစတချို့ အိပ်ထဲ ဆောင်သွားကြ၏။ အဲဒီ ငွေစကလေးတွေ အစိမ်းရောင် အိပ်ကပ်ထဲကို ရောက်သွားရင် သူတို့အတွက် `နယ်မြေလုံခြုံရေး´ ရဲ့ အနှောက်အယှက်က ကင်းလွတ်ခွင့်ရ၏။
ပြောရရင်တော့ နောက်ထပ်ဖွင့်တဲ့ တပ်ရင်းအသစ်ကို ရွာမှာ ထူးခြားတာ တခုခုရှိတိုင်း သံတော်ဦးတင်ရသည်။ မတင်လို့လဲ မဖြစ်၊ တလောက ရွာသား ကိုစိုးမောင်တယောက် အိမ်ဆောက်ချင်လို့ သစ်သွားခုတ်နေခိုက် ကင်းလှည့်တဲ့ စစ်သားတွေနဲ့ တိုးလို့ တပ်ထဲခေါ်သွားပြီး ဖမ်းထားတာ ရွာက လိုက်ခေါ်တော့ ငွေတသောင်း ဒဏ်ရိုက်လွှတ်လိုက်၏။ ပန်းလှရဲ့ ၀ါးလှည်းတစီး တပ်ရင်းနားက ဖြတ်သွားတုန်းကလဲ သူတို့ ခွင့်ပြုချက် မရဘဲ သွားခုတ်ရကောင်းလားဆိုပြီး ပါလာသမျှ ၀ါးအကုန်လုံးကို သိမ်းထားလိုက်သေးသည်။ အမယ်…၊ ရွာမှာ မင်္ဂလာဆောင်လုပ်ရင်တောင် သူတို့ကို လာပြောပါဆိုပဲ…။
အရင်ကတော့ ရွာကလေးမှာ `ကြီးသုံးကြီး´ ကိုသာ ရိုသေရသည် ဟု ရွာသားတွေက ပြောစမှတ်ရှိသည်။ ထို ကြီးသုံးကြီးကား ဆရာတော်ကြီး၊ ရွာလူကြီး၊ ကျောင်းအုပ်ဆရာကြီး ဟူ၏။ အဲဒီ ကြီးသုံးကြီးကပဲ ရွာရဲ့ သာရေးနာရေးတွေမှာ ဦးစီးရ၊ အကြံပေးရလေ့ရှိသည်။ ယခုကတော့ ရွာသားတွေအတွက် ကြီးတကြီး ထပ်တိုးလာလေပြီ။ အဲဒါကတော့ … ဗိုလ်ကြီး…။
အခုလဲ တကယ်တော့ ရွာရဲ့ တွဲဖက်အလယ်တန်းကျောင်း ဆောက်ဖို့အတွက် လိုအပ်တာမို့ အရင့်အရင်ကဆိုရင်တော့ ဆရာတော်ကို တင်လျှောက်ပြီးရင် ပြီးပြီ။ ဒါပေမယ့် အခုကတော့ မရ…။ နောက်ထပ် ကြီးအသစ်ကို အသိမပေးမိလို့ ဟိုက အမျက်တော်ရှသွားလျင် နောက်ဆက်တွဲအဖြစ် ခေါင်းစဉ်ပေါင်းများစွာဖြင့် လုပ်အားပေး အဆင့်ခံရမယ့် ဘေးက ရှိလေတာမို့ ဆရာတော်ကိုယ်တိုင်ကိုက `တပ်ရင်းကို သွားပြောလိုက်ကြဦးဟ´ ဟု မိန့်ရ၏။
ဒီလိုနဲ့ ကြီးတကြီးထဲမှာ တကြီး အပါအ၀င်အဖြစ်တဲ့ ဆရာ ကိုညွှန့်စိုး တယောက် ကြီးတကြီးရဲ့ စာတစောင်ကိုယူ၊ နောက်ထပ် ကြီးတကြီးဖြစ်တဲ့ ရွာလူကြီး ဘိုးသာဒွန်းကို အဖော်ပြုလို့ နောက်ဆုံးပေါ် ကြီးတကြီးဆီမှာ ကျောင်းဆောက်ဖို့ သစ်ခုတ်လှဲခွင့် တောင်းရပါတော့မည်။
***
ကျောင်းစိမ်း လုံချည်ကို ခပ်တိုတိုဝတ်လို့ ဆင်ကြယ်ညှပ်ဖိနပ်ကို တဗျတ်ဗျတ်နင်းပြီး ရွာကလေးကနေ အတန်ငယ် လျှောက်လိုက်ရင်ပဲ တပ်ရင်း ဂိတ်ကို ရောက်ပါပြီ။ ရွာလူကြီး ဘိုးသာဒွန်းကတော့ ကွမ်းတမြုံ့မြုံ့ဝါးပြီး တိတ်ဆိတ်စွာ လိုက်ပါလာ၏။
`ဘယ်သွားမလို့လဲ´
မည်ကာမတ္တ ဆောက်ထားရတဲ့ တပ်ရင်းဂိတ်ပေါက် အရောက် ကင်းတဲမှ ခြောက်ကပ်ကပ် အသားအရေ ပိုင်ရှင် တပ်သားကလေးရဲ့ အမေးကို ဆရာညွှန့်စိုးက…
`တပ်ရင်းရုံးကို သွားမလို့ပါ၊ ဆရာတော်ရဲ့ စာလဲ ပါပါတယ်´
ပြောပြောဆိုဆိုဖြင့် ဆရာတော် ရေးပေးလိုက်တဲ့ စာကို ပြလိုက်တော့ နောက်ထပ် စစ်သားတယောက်က စာကိုယူပြီး အပြေးကလေး ထွက်သွားသည်။ ခဏအကြာမှာ ပြန်ရောက်လာပြီး…
`ဗိုလ်မှူးက လာခဲ့…တဲ့´
***
`ပြော…၊ ကျောင်းဆရာ၊ ဘာကိစ္စလဲ´
တသက်နဲ့တကိုယ် ကိုယ့်ကို `ကျောင်းဆရာ´ လို့ ဘယ်သူကမှ ဒီလေသံနဲ့ ခေါ်ဖူးတာမဟုတ်တော့ ဆရာညွှန့်စိုး နားထဲကို `ကျောင်းဆရာ´ လို့ ခေါ်လိုက်တဲ့ မထီလေးစားအသံက အဆင်မပြေလှစွာ တိုးဝှေ့ဝင်ရောက်သွားသည်။ ခေါင်းကို အသာညွှတ်လိုက်ရင်း…
`ဆရာတော့် စာထဲမှာ ပါတဲ့အတိုင်းပါပဲ၊ ရွာက တွဲဖက်ကျောင်းဆောက်ဖို့အတွက် သစ်နည်းနည်း ခွဲချင်လို့ ဗိုလ်မှူးကြီးတို့ဆီမှာ ခွင့်ပြုချက် လာတောင်းတာပါ´
`သစ်က ဘယ်နှစ်တန် ခွဲမှာလဲ´
`နှစ်တန်ပါ´
`ဘာ သစ်တွေလဲ´
`ပျဉ်းကတိုးနဲ့ သစ်ပုတ်ပါ´
`ဟာ၊ သစ်ပုတ်အသားက ကျောင်းဆောက်လို့ ရသလား´
ခက်ပြီ။ ကျွန်း၊ ပျဉ်းကတိုး၊ အင် မဟုတ်တဲ့ တခြားသစ်တွေကို `သစ်ပုတ်သား´ လို့ခေါ်တာကို သူက မသိ။ ရန်ကုန်က သစ်ပုတ်ပင်လို အသားမျိုးလို့ ထင်နေလားမသိ။
`သစ်ပုတ် ဆိုတာ အခြားသစ်ကို ပြောတာပါ၊ ပျဉ်းမတို့၊ ယင်းတိုက်သား တို့ပါ´
`သြော်´
ဆရာတော်ရေးလိုက်တဲ့ စာကို မျက်မှောက်ကြုံ့လျက် ထပ်ဖတ်ပြီး နောက်ထပ်မေးလိုက်ပြန်သည်။
`ဘုန်းကြီးက တခြားဘာမှာလိုက်သေးလဲ´
အာ…၊ ဒီလူ…။ တရွာလုံးက `ဆရာတော်´ `ဆရာတော်ဘုရား´ လို့ တရိုတသေခေါ်ကြတာကို သူ့ဆီရောက်မှ `ဘုန်းကြီး´ တဲ့။ လှစ်ခနဲ ထွက်လာတဲ့ ဒေါသကို အသာမျိုချလိုက်ရပြန်သည်။
`စာသင်ကျောင်းအတွက်မို့ ခွင့်ပြုပေးပါလို့တော့ မိန့်ပါတယ်´
`အင်း´
နောက်တော့ သူတို့ယူလာတဲ့ ဆရာတော့်စာကို စားပွဲပေါ်မှာ အသာထားလို့ တခြား (ဘာစာတွေမှန်းမသိ) စာတွေကို ဖတ်နေပြန်သည်။ တော်တော်လေးကြာတော့မှ…
`ကဲ…ကဲ၊ ပြန်ကြတော့၊ နှစ်တန်ဆို နှစ်တန်ပဲ ခွဲနော် ကျောင်းဆရာ´
`ဟုတ်ကဲ့ပါ´
`သူကြီး၊ ရွာမှာ ဘာထူးသေးလဲ´
`ဘာမှ မထူးပါဘူး ဗိုလ်ကြီး´
`ဟေ့လူ၊ ကျုပ် ဗိုလ်ကြီး မဟုတ်ဘူး၊ ဗိုလ်မှူး´
`ဟုတ်ကဲ့ ဗိုလ်မှူး´
`အေး၊ ခင်ဗျားတို့ ရွာမှာ တိုက်ပွဲဖြစ်ရင် ခင်ဗျားတို့တာဝန်ပဲနော်´
`ဟုတ်ကဲ့ပါ´
`ကဲ…၊ သွားကြတော့´
***
တပ်ရင်းထဲမှ ပြန်ထွက်လာတော့ နေမြင့်စ ပြုချေပြီ။ ကလေးရုပ် မပျောက်တတ်လှသေးတဲ့ ကင်းစောင့် တပ်သားလေးက ဆရာညွှန့်စိုးတို့ နှစ်ယောက်ကို လက်ထဲမှာ သေနတ်အကိုင်သားနဲ့ ခပ်ငေးငေးကြည့်နေ၏။ သနားစိတ်ပေါက်လာပုံရသော ဘိုးသာဒွန်းက ကောင်လေးအနားကို သွားပြီး ငွေစတချို့ ပေးလိုက်သည်။ သူတို့ ထွက်လာတော့ ကောင်လေးရဲ့ အကြည့်က သူတို့နောက်မှာ ထပ်ချပ်မကွာလိုက်လာ၏။
ရွာအ၀င်ဝကို ရောက်တော့မှပင် ဗိုလ်မှူး ပြန်ပေးလိုက်တဲ့ ဆရာတော်ကြီးရဲ့ စာကို တခေါက် ပြန်ဖွင့်ဖတ်လိုက်သည်။
ဒကာတော် တပ်မှူး…
ရွာရဲ့ တွဲဖက်အလယ်တန်းကျောင်းဆောင် ဆောက်လုပ်ဖို့အတွက် သစ်ခွဲသား နှစ်တန်ခန့် လိုတာကြောင့် ရွာသားများရဲ့ လုပ်အားနဲ့ အနီးအနားတောထဲက သစ်အနည်းငယ်ကို ခုတ်လှဲမှာမို့ စာသင်သား ကလေးများအရေးကို ဒကာ့အနေနဲ့လဲ ကုသိုလ် အဖို့ဘာငှကို ရဖို့အတွက် ဆရာတော့်အနေနဲ့ ဒကာတော် တပ်မှူးဆီကို ယခုစာကို ရေးလိုက်ရပါတယ်။ ဒကာတော် ကျန်းမာရွှင်လန်းပါစေ…။
ဆရာတော်
ဘဒ္ဒန္တရေ၀တာ ဘိဝံသ
***
ဆရာတော့် စာရဲ့ အောက်မှာကမှ မှတ်ချက်တိုလေးတခုနဲ့ လက်မှတ်တခု…။
`ခွင့်ပြုသည်´
ပုံ
ဗိုလ်မှူး သန်းလှိုင်
ကလိုစေးထူး
4 comments:
ဘာပြောရမှန်းတောင် မသိတော့ပါဘူး ကိုကလိုစေးထူးရေ။ ဘားအံမှာ မြိုင်ကြီးငူဆရာတော် ကတ္တရာလမ်းခင်းလမ်းပြင်ပေးတုန်းက အမေတို့သွားဝိုင်းကူတုန်းကအကြောင်း ပြောပြတာမှတ်မိသေးတယ်။ ဆရာတော်လမ်းခင်းပေးမှန်းသိလို့ နီးရာအိမ်တိုင်းက ထွက်ကူကြတာ။ ဒါကို ကြီးကြပ်ရေးဆိုပြီး လာကြည့်သွားတယ်။ အဲဒါကို သတင်းမှာလွှင့်တော့ ".....ကြီး....က လမ်းပြုပြင်တာကို ကြည့်ရှုစစ်ဆေး လိုအပ်ချက်များမှာစား အဲ မှာကြားသွား"တဲ့။ ဆရာတော်အမည်ဆိုတာ တခွန်းမှတောင် မပါလိုက်ဘူး။ ဪ...လို့ဘဲ...။
ဖြေးဖြေးသက်သာရေးပါ ကလိုစေးထူးရ။
တော်ရုံတန်ရုံလေး လူစိတ်ရှိရင်ကို စိတ်မကောင်းဖြစ်တာနဲ့ အိပ်ယာထဲလဲသွားနိုင်တယ်။ မွန်မြတ်တဲ့တပ်မတော်ကြီးနဲ့ တပ်မတော်သားတွေအတွက်ကတော့ မထူးပါဘူး။ ဒါမျိုးတွေ ရိုး..............ဟိုး...........ဟိုး.........
ကိုစေးထူး..ဆိုင်မဆိုင်တော့ မသိဘူး…ဒါဖတ်ပြီး ငယ်တုန်းက ကျေးညီနောင်ပုံပြင် သွားသတိရတယ်…
ဟူး ကြားဖူးတာက သစ်ခုပ်ချင်ရင် ဥပဒေကြောင်းအရ သစ်တောဌာနကိုခွင့်တောင်းရပြီ ခုပ်ရတာပါ ဘယ့်နှယ့် စစ်သားကိုခွင့်တောင်းရတာလဲ နောက်ပြီး သစ်တောဥပဒေမှာ သစ်တောကြိုးဝိုင်းအနီးအနားက ရွာတွေဟာ ရွာမှာဘဲသုံးမယ် စီးပွားဖြစ်မဟုတ်ဘူးဆိုရင် သစ်တောဌာနတောင် လျှောက်စရာမလိုပါဘူး
Post a Comment