မမြင်ဖူး မူးမြစ်ထင်...
မြန်မာ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲမှာတော့ အလွန်အင်မတန်မှ ဆင်းရဲသူတယောက် ပိုက်ဆံ အရမ်းချမ်းသာလာတဲ့ အခါ၊ ငွေတွေအများကြီးကို တွေ့မြင်လာတဲ့အခါ လောဘဇောတိုက်တတ်ကြတာကို ပညာပေး သင်ခန်းစာအနေနဲ့ ရိုက်ကူးပြသလေ့ ရှိတတ်ကြပါတယ်။ တကယ့်တကယ်တမ်းမှာတော့ အဲဒီ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲက `ငွေ´ထက် ကြောက်စရာကောင်းတဲ့ အရာကတော့ `အာဏာ´ ပါပဲ။
ပင်ကို အခြေခံစိတ်ဓာတ် မရင့်ကျက်သူအတွက် `ငွေ´ ဟာ သူ့ဘ၀ကို ပျက်စီးစေနိုင်တာ မှန်ပေမယ့် အဲဒီလူလက်ထဲကို `အာဏာ´ သာ ရောက်သွားရင်တော့ သူ့တယောက်ထဲတင်ကိုသာမက သူနဲ့ ပတ်သက်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်မှုတွေ ရှိလာတော့တာပါပဲ။
အရပ်ထဲမှာနေတုန်းက အလွန်အင်မတန် ရိုးရိုးကုပ်ကုပ်နေတတ်ပေမယ့် ဗိုလ်သင်တန်းအောင်လို့ သင်တန်းဆင်းလို့ အရာရှိ ပေါက်စ ဖြစ်လာပြီ ဆိုရင်ပဲ `အာဏာ´ ဆိုတဲ့ တံလှပ်က တော်ရုံတန်ရုံ စိတ်ဓာတ်မခိုင်မာသူတွေရဲ့ စိတ်ကို စတင် မြူဆွယ်လိုက်ပါတယ်။ စစ်တပ်ရဲ့ စည်းကမ်းကျနတဲ့ စစ်စည်းကမ်းအရ လမ်းသွားရင်းနဲ့ ဆုံမိရင်တောင် အခြားအဆင့် ဖြစ်သူက အရာရှိကို အလေးပြု အရိုအသေပေးရတာမို့ ပင်ကိုစိတ်ဓာတ် မခိုင်မာသူရဲ့ မြောက်ကြွကြွ စိတ်ကို အဲဒါလေးက အစ လှုပ်နှဲ့ယူပါတယ်။
မတထောင်သားတွေ များလှတဲ့ စစ်တပ်ထဲမှာ တခါတရံမှာ အခြေအနေအရ အောက်လက်ငယ်သား တယောက်ယောက်ကို ပါးရိုက်၊ နားရိုက် ကန်ကျောက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ယနေ့လက်ရှိ မြန်မာ့တပ်မတော် ဆိုတာက အလွန်အင်မတန် လူပေါင်းစုံလှတာမို့ တချို့သော ညာဉ်ခပ်ဆိုးဆိုး စစ်သားတွေကို အရာရှိတွေအနေနဲ့ (စစ်စည်းကမ်းဥပဒေတွေ ဘာတွေနဲ့ အရေးမယူချင်လို့ တပည့်လက်သားကို ဆုံးမတဲ့ သဘောမျိုး) ကိုယ်ထိလက်ရောက် ရိုက်နှက် ဆုံးမရတာကို စစ်တပ်သဘောသဘာဝမို့ ပြောစရာ မရှိပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ စစ်ဗိုလ်ဆိုး တချို့ဟာ အဲဒါကို အရသာတွေ့သွားတတ်တာပါပဲ။ တကယ်တော့ လက်ရှိ မြန်မာစစ်တပ်ထဲမှာ `စစ်ပြေးမှု´ တွေ အရမ်းများနေရတာဟာ အဲဒီလို စစ်ဗိုလ် ခပ်ညံ့ညံ့တွေရဲ့ လက်ချက်လဲ ပါပါတယ်။
ဒီလို ပြောလို့၊ ရေးလို့ `ဒါဖြင့် စစ်တပ်ထဲမှာ စစ်ဗိုလ်တိုင်းက အဲဒီလိုပဲ ဖြစ်နေတယ်လို့ ပြောချင်သလား´ လို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ အာဏာတွေ ဘယ်လိုပဲ ရလာရလာ၊ ရာထူးတွေ ဘယ်လိုပဲ ကြီးလာကြီးလာ ပင်ကိုယ်စိတ်ဓာတ် အခြေခံကောင်းသူဟာ သူတို့ စစ်တပ်ထဲမှာလဲ အလွန်အင်မတန် အရိုသေခံရတဲ့ ခေါင်းဆောင်ကောင်း ဖြစ်သလို အရပ်ဘက် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာလဲ နမူနာယူစဖွယ် ဖြစ်အောင် နေထိုင်လေ့ရှိပါတယ်။ ခက်တာက အဲဒီလို စစ်ဗိုလ်မျိုး လက်ရှိ မြန်မာ့တပ်မတော်ထဲမှာ ပါးရှားသထက် ပါးရှားလာတာပါပဲ။
စစ်တပ်ထဲက စစ်သားတွေရဲ့ တချို့သော စိတ်ဓာတ်ကို အလွန်တရာ အံ့သြမိတာ တခုရှိပါတယ်။ ကိုယ်က နိမ့်ပါးနေတဲ့ အချိန်မှာ …၊ ဥပမာ- အခြားအဆင့် ဆိုရင်လဲ တပ်သားသစ်ဘ၀၊ အရာရှိဆိုရင်လဲ ဗိုလ်လောင်းဘ၀မှာ မိမိရဲ့ အထက်က အဆင့်ဆင့်သော ပုဂ္ဂိုလ်များရဲ့ တရားသော၊ မတရားသော နှိပ်ကွပ်မှုတွေကို ငြိမ်ခံနေလိုက်ပါတယ်။ ဒါပေမယ့် သူတို့တတွေ တဖန်ပြန်ပြီးတော့ တပ်သားသစ်ကနေ ဒုတပ်ကြပ်၊ တပ်ကြပ် ဖြစ်တဲ့လူကလဲ အဲဒီအလျှောက်၊ ဗိုလ်လောင်း ပဲကတုံးကလဲ ဗိုလ်ကြီးဖြစ်လာတဲ့ လူအလျှောက် လုပ်ပိုင်ခွင့် ရှိလာပြီဆိုတော့တာနဲ့ အရင့်အရင်တုန်းက သူတို့ ခံခဲ့ရတာနဲ့ ထပ်တူထပ်မျှ ကျအောင် အောက်လက်ငယ်သားကို နှိပ်ကွပ်ပြန်တော့တာပါပဲ။ တရားမျှတစွာ အုပ်ချုပ် စီမံတဲ့ အထက်အရာရှိရဲ့ အကျင့်ကောင်းကို နမူနာယူပြီး အဲဒီလိုမျိုး အရာရှိလို လိုက်လုပ်တာမျိုးဆိုရင်တော့ ဘာမှပြောစရာ အကြောင်းမရှိပါဘူး။ ကိုယ် နိမ့်ပါးနေတုန်းက မတရားလုပ်တာကို သိသိကြီးနဲ့ ငြိမ်ခံခဲ့ရတယ်၊ ဒါပေမယ့် ကိုယ် ရာထူးအာဏာ ရှိလာတဲ့အချိန်ကျရင် မတရားတော့ မလုပ်ဘူးဆိုတဲ့ စိတ်ဓာတ်ကို ဘာကြောင့် မမွေးနိုင်ရတာလဲ ဆိုတာကတော့ တော်တော် အံ့သြဖွယ်ရာ ကောင်းပါတယ်။
အဲဒီလို စိတ်ဓာတ်ပိုင်ရှင်တွေက စစ်တပ်ထဲမှာကတော့ `ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့´ ဆိုတဲ့ မူအတိုင်း အဆင်ပြေသလိုလို ရှိနေပေမယ့် ပြင်ပက ပြည်သူတွေကို အဲဒီ စိတ်ဓာတ်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ တွေ့သမျှလူကို ကိုယ့်လက်အောက်ငယ်သားလို သဘောထားပြီး `ဒီကောင်က ဘာကောင်မို့လဲ၊ ငါတို့မှာ ဒီအဆင့်ရဖို့အတွက် မနည်းကြိုးစားလာရတာ၊ ငါ့ကို ဘာကောင်ထင်နေလဲ´ ဆိုတဲ့ အပေါက်မျိုး ချိုးဖို့ကို ၀န်မလေးတော့ဘူး။ ကိုယ်နဲ့ အမြင်ချင်းမတူညီတဲ့ တဘက်လူကို အထင်သေးပစ်ဖို့ကတော့ ငှက်ပျောသီး အခွံနွှာစားတာထက်တောင် သူတို့အတွက် လွယ်ကူလွန်းသွားပါပြီ။ အခု ကျနော်တို့ နိုင်ငံ ဒီအခြေအနေဆိုက်နေရတာဟာ အဲဒီလို လူစားတွေက နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ရယူထားလို့ပါပဲ။
ဒါဟာ ဘာလဲဆိုတော့ ငွေထက်ကြောက်စရာကောင်းတဲ့ `အာဏာ´ ကို မမြင်ဖူးမူးမြစ် ထင်ကြတာပါပဲ။
လူပါး စစ်ဗိုလ်...
`လူပါး´ လို့ သုံးနှုန်းတာဟာ တကယ်တော့ လှောင်ပြောင်တဲ့ သဘောမဟုတ်ပါဘူး။ ပါးရည်နပ်ရည် ရှိတာ၊ အထက်ကိုဆိုလဲ အထက်ကို၊ အောက်ကိုဆိုလဲ အောက်ကို အလျောက် လိုက်လျောညီထွေ ဖြစ်အောင် အလိုက်သင့် နေထိုင်တတ်တဲ့ စစ်ဗိုလ်မျိုးကို ရည်ညွှန်းလိုတာကြောင့် လူပါး လို့ သုံးတာပါပဲ။
ဘာမှ မစဉ်းစား မဆင်ခြင်တဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ မြောက်မြားစွာ ရှိနေသလို အခြေအနေအမှန်ကို ကောင်းစွာ သဘောပေါက်တဲ့ အနည်းငယ်သော လူပါးစစ်ဗိုလ်တွေလဲ မြန်မာစစ်တပ်ထဲမှာ ရှိနေတာ အမှန်ပါ။ ခက်တာက အဲဒီလို စစ်ဗိုလ်တွေ မြန်မာ့တပ်မတော်မှာ ဘယ်လောက်များများ နေရာရလာမှာလဲ၊ အဲဒီစစ်ဗိုလ်တွေကရော `အာဏာ´ ရဲ့ လှုပ်နှဲ့မှု ဒဏ်ကို ဘယ်လောက်ကြာကြာအထိ စစ်တပ်ထဲမှာ တောင့်ခံနိုင်မလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။
ကျနော်ရဲ့ ဇာတိမြေ ကရင်ပြည်နယ်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိလေတော့ ရတခ တိုင်းမှူးပေါင်းစုံ တာဝန်ယူဖူးတဲ့အနက် ထူးခြားတဲ့ လူပါးစစ်ဗိုလ် တိုင်းမှူးနှစ်ယောက်ကို ကြုံဖူးပါတယ်။
တယောက်ကတော့ ဗိုလ်ချုပ် ကက်စိန်ပါ။ သူ တိုင်းမှူးဖြစ်တဲ့ အချိန်မှာပဲ ကြံ့ဖွတ်အသင်းတွေကို စတင်ဖွဲ့စည်းကြတာမို့ ကျနော်တို့မြို့ရဲ့ ကြံ့ဖွတ်အသင်းရုံးဆိုင်းပုဒ်တင်ပွဲကို သူကိုယ်တိုင် လာပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သလို မြို့နယ်ခန်းမမှာလဲ အသင်းဝင်တွေကို သူ့ရဲ့ သြ၀ါဒကို ခံဖို့အတွက် နယ်မြေခံတပ်ရင်းမှူးက ကျောင်းသူကျောင်းသားတွေကို စုစည်းထားပါတယ်။ တိုင်းမှူးရောက်လာတော့ နေ့လည် ၁၁ နာရီကျော်ပါပြီ။ သူက `သားတို့ သမီးတို့ ထမင်းစားပြီးကြပြီလား´ လို့ မေးပါတယ်။ အားလုံး တညီတညွှတ်တည်းပဲ `မစားရသေးပါဘူး´ လို့ဖြေတော့ သူက တပ်ရင်းမှူးကို `မင်း ကလေးတွေကို ဘယ်အချိန်ကတည်းက ခန်းမထဲကို ခေါ်ထားတာလဲ၊ အလကား ဒုက္ခပေးထားတယ်´ လို့ ဆူပါတယ်။ ပြီးတော့ အစည်းအဝေးကို မစသေးဘဲ ကျောင်းသူကျောင်းသားတွေကို ထမင်းပြန်အစားခိုင်းပြီးတော့ နေ့လည် ၁၂ နာရီခွဲမှ ပြန်စပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူးလို့ ထင်နိုင်ပေမယ့် တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်ရဲ့ အဲဒီ အပြုအမူလေးကိုပဲ ကျနော်တို့ မြို့သားတွေမှာ ချီးမွမ်းလို့ မဆုံးပါဘူး။
နောက်တယောက်ကတော့ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်ပါ။ ခေတ်အဆက်ဆက်က တိုင်းမှူးတွေ လက်ထက်တုန်းက ဘယ်တော့မှ မပြီးခဲ့တဲ့ မော်လမြိုင်သွား ကားလမ်းကို အဲဒီတိုင်းမှူး တက်ပြီး သိပ်မကြာခင်မှာပဲ ကတ္တရာကျောက်ခင်းလမ်းအဖြစ် သပ်သပ်ရပ်ရပ် ဖွင့်လှစ်လိုက်တော့ မြို့ခံပြည်သူတွေက သူ့ကို အလွန်သဘောကျကျပါတယ်။ ဒါ့အပြင် သူ့ရဲ့ စစ်တပ်ထဲမှာလဲ လက်အောက်ငယ်သားတွေကို ကျောသားရင်းသာ မခွဲခြား အင်မတန်မှ စောင့်ရှောက်တတ်လို့ စစ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုလဲ တခြားတိုင်းမှူးတွေထက် ပိုရပါတယ်။ မော်လမြိုင်မြို့ပေါ်မှာဆိုရင်လဲ မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို (ပြည်သူတွေကို မထိခိုက်စေရဘဲ) တကယ် အလုပ်လုပ်ခဲ့တာတွေ ရှိတာကြောင့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အတူတူ ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ ဗိုလ်ချုပ်စစ်မောင် ပါသွားတော့ မော်လမြိုင် ဈေးကြီးက လူတွေ တော်တော်ငိုကြတယ်လို့ ကြားသိရဖူးပါတယ်။
တကယ်တော့ လူပါးစစ်ဗိုလ်တွေကို သူတို့ရဲ့ လက်အောက်ငယ်သားတွေ လေးစားနေတာ၊ ပြည်သူတွေကလဲ မုန်းမနေတာဟာ သိပ်ခက်ခဲ နက်နဲနေတဲ့ သော့ချက်တော့ မဟုတ်ပါဘူး။ လက်ထဲမှာ ရှိနေတဲ့ `အာဏာ´ ဆိုတဲ့ အရာကို တချို့အချိန်တွေမှာ ခေတ္တခဏမေ့ထားပြီးသော် လည်းကောင်း၊ အဲဒီ အာဏာကို အလွဲသုံးစား မလုပ်တာဟာ လည်းကောင်း အစရှိတဲ့ ပါးနပ်မှုတွေကြောင့်ပါပဲ။
ဆက်ရန်…
7 comments:
အမှန်တွေ..
အရပ်ဖက်က လူတွေဆီမှာလဲ အဲလို ကြီးနိုင်ငယ်ညှင်းစိတ်တွေ ယိုဆီးနေပီလေ..
သူတို့ ဘယ်လောက်ခံခဲ့ရတယ်ဆိုတာကို ကိုယ်ချင်းမစာပဲ
ိုကိုယ့်အလှည့်မှာအောက်က လူတွေကို ပြန်ဆော်နေတာ
သိပ်စိတ်ပျက်ဖို့ကောင်းတယ်..။
အရေးအသားက ညက်တယ်
စောင့်ဖတ်နေပါတယ်..
ကိုကလိုဆက်ရန်ရေ
ဆွေးနွေးချက်တွေကို လက်ခံပါတယ် အစ်ကိုရေ့ မြောက်ကြွတာကတော့ မပြောနဲ့ တော့ သူတို့ မျက်နှာမှာကိုက အာဏာရဲ့အရိပ်ငွေ့ တွေကိုတွေ့ နေရတယ် လူတိုင်းကို ဆိုလိုတာမဟုတ်ပါဘူး ဒါပေမယ့် ကြုံရတဲ့သူတွေတိုင်းက အဲ့လိုကိုဖြစ်နေလို့  ။စစ်အစိုးရ လက်ထပ်မှာတော့ စစ်သားတိုင်းက မာန်တော့ ရှိနေမှာပါ ပျော့တာနဲ့ ပျင်းတာပဲ ကွာတယ် ။ စစ်ထဲကကောင်းတဲ့သူကျ ခဏလေးသေတာပဲနော့်း) ဟိုအဖိုးကြီးကျ အခုချိန်ထိ မသေသေးဘူး ကျိန်စာတွေ ၀နေတာ ဖြစ်မယ် ။
ဆက်ရန်ကို စောင့်မျှော်နေပါတယ်။
yes, there are many nice army officials according to UN officials who used to work for Burma. But these nice officials never been part of players.
Very constructive and fair presentation rather than pedantically criticized.
It's very rare to find in Myanmar Bloggers who can critic fair like you. I totally agree with your points of view in this post. I also admire your considerable mind which we must live in with.
No doubts, there have two sides of sense of humors in our military in these days as you explained who taking advantages at power and who fair play to use at power.
Looking forward to read continue posts.
Thanks.
Nandar
You have to understand their backgrounds. Gen. Kat Sein (he was colonel for long long time) enlisted himself (with a bunch of his friends) after 7th July event. Their belief and motto was that to fight the system, you have to fight inside and not from outside. He graduated from Rangoon Univ. If you want to know more about Thiha Thura Sit Maung, get the book written by retired col. Thaung Wai Oo, in his book he claimed that he, Ko Sit Maung (after he returned from US staff college training) were using the crowded bus to be back to the national defence univ. in fort Mingaladon.
A loss for us to lose those good guys and we are left with c..k suckers.
အင်း တပ်ထဲမှာလည်းကိုယ့်အမျိုးဘဲချစ်တဲ့သူတွေအတော်များနေပုံရတယ်။အလုပ်ထဲမှာကြုံရတဲ့လူတယောက်။သူအကိုအရင်းတွေ အကိုဝမ်းကွဲတွေ ဦးလေးတွေ အားလုံးက Air Force နဲ့ Navy မှာထိပ်တန်းအရာရှိကြီးတွေဆိုတော့။ဟ.ခင်ဗျာကျတော့ ဘာလို့တပ်ထဲမဝင်တာလည်းဆိုတော့။အေးကွငါကဆယ်တန်းလည်းမအောင်တော့ ဗိုလ်သင်တန်းလည်းတက်လို့မရဘူး။ရေတပ်ထဲဝင်ဖို့သွားပြန်တော့လည်း ဦးလေးက“ဟေ့ကောင်ငါတို့အမျိုးထဲမှာဘိနပ်တိုက်တဲ့ကောင်တယောက်မှမရှိဘူး”ဆိုပြီးဆဲလွှတ်ပြီးသင်းဘောပေါ်တင်ပေးလိုက်လို့ sailor ဖြစ်နေတာကွာ ဆိုတဲ့စကားလေးသွားသတိရမိတယ်။
အတွေးအခေါ်တွေမျှတပါတယ် ။ဒါပေမယ့် ထဲထဲဝင်ဝင် သိစေချင်ပါတယ် ကိုစေးထူး ။ကောင်းပါတယ်ဗျာ ၊သတိ ပြုစရာလေးတွေပါ။
Post a Comment