Monday, July 21, 2008

ပန်းခြံ ညနေ...။

ဒီနှစ်မှာတော့ နွေရာသီရက်တွေက တရွေ့ရွေ့နဲ့ ရှေ့ကို တိုးလို့သွားနေပေမယ့် လူက အေးအေးဆေးဆေး နေရတဲ့ ရက်တွေက မနှစ်ကထက်စာရင် အတော်ကြီးကို ပိုနည်းလာသလိုပါပဲ။ မနှစ်ကတုန်းကမှ မနက်၊ နေ့လယ်၊ ညနေ ဆိုပြီးတော့ စာတွေ ရေးနိုင်သေးတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမျိုး ပတ်ဝန်းကျင် သရုပ်ဖော် ပို့စ်လေးတွေ မရေးဖြစ်ခဲ့တာ တော်တော် ကြာခဲ့ပါပြီ။

ဒီနေ့ညနေမှာတော့ သွားစရာရှိတဲ့ အပွိုင့်မန့် တခုက ပျက်သွားတာကြောင့် မရောက်တာကြာတဲ့ ပန်းခြံဘက်ကို ထွက်ဖြစ်ခဲ့ပါတယ်။




ညနေဆိုပေမယ့်လဲ အချိန်အားဖြင့်ကတော့ ၇ နာရီကျော်ပြီမို့ ညဘက်ကို ချဉ်းနင်းနေပြီပေါ့…။ နေ၀င်နောက်ကျနေတဲ့ နွေညနေရဲ့ လမ်းမပေါ်မှာကတော့ တောမြို့ကလေးမို့ ကားတွေက ခပ်ကျဲကျဲနဲ့ပဲ ဟိုတစီး၊ ဒီတစီး တဖျောဖျော တသောသော မောင်းလို့…။ စူးရှတဲ့ ဥသြသံတွေပေးပြီး တချက်တချက် ပေါ်လာတတ်တဲ့ ရဲကားတစီးတလေကြောင့်တော့ လမ်းပေါ်ကနေ အလန့်တကြားနဲ့ ဘေးကပ်ပေးရတာတော့ ရှိတာပေါ့။








ပန်းခြံထဲကိုရောက်တော့ တခြားနေရာတွေကို လိုက်မကြည့်ဖြစ်မီမှာ အရောင်အသွေးစုံလင်လှတဲ့ ဟောဒီပန်းခင်းကြီးရဲ့ အလှအပကို အရင်ဆုံး ခံစားဖြစ်ပါတယ်။ စီစီရီရီနဲ့ တသေတသပ် စိုက်ပျိုးထားတဲ့ ပန်းခင်းထဲမှာ စိမ်းတခါ၊ ၀ါတလှည့်၊ နီတမျိုး၊ ပြာတဖုံ ပန်းမျိုးစုံတွေကို ကြည့်ရင်းနဲ့ ကျနော်တို့ ဘလော့ဂ် လောကကြီးကို ကျနော်က `ဘလော့ဂ် မောင်မယ် စာပန်းခင်း´ လို့ တင်စားခဲ့ဖူးတာကိုတောင် ပြန်ပြီး အမှတ်ရမိတယ်။




ပန်းချီကားတချပ်လို လှချင်တိုင်းလှနေတဲ့ ပန်းခင်းတွေက ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်နဲ့ ခန္ဓာနှစ်ခုစလုံးကို လန်းဆန်းသွားစေတာကတော့ အမှန်ပါ။




ကျနော်ရဲ့ လမ်းကလေးကိုလဲ မမေ့မလျော့နဲ့ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါသေးတယ်။ ပန်းခြံထဲမှာမို့ ပန်းခြုံ အခြံအရံအပြည့်နဲ့ လမ်းကလေးရဲ့ ဟိုးဘက် ခပ်လှမ်းလှမ်းမှာကတော့ ကျနော် နည်းနည်း အငြင်ကပ်တဲ့ ဘေ့စ်ဘော ကစားပွဲ တခုရဲ့ အသံတွေ ဆူညံလို့နေလေရဲ့…။




ဒါကတော့ အမေရိကားရောက် မက္ကဆီကန် လူမျိုးတွေရဲ့ ဘော်လီဘော ကစားပွဲလေးပါ။ အမေရိကားမှာ မက္ကဆီကန် လူမျိုး ဦးရေ သန်း ၂၀ လောက် ရောက်ရှိနေထိုင်နေကြတယ်လို့ ဖတ်မှတ်ရဖူးပါတယ်။ အပြင်လောကမှာ လက်တွေ့ သိကျွမ်းဆက်ဆံဖူးတဲ့ မက္ကဆီကန် လူမျိုးတွေထဲမှာကတော့ ဆယ်ယောက်မှာ ခြောက်ယောက်လောက်က တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး အမေရိကားကို ရောက်နေကြသူတွေပါ။

ဒါပေမယ့် သူတို့ကို ကြည့်ရတာ အပူအပင်ကင်းလွန်းတယ်။ ရဲတယောက်ယောက်က `ဟေ့၊ လာစမ်းပါဦး၊ မင်း အိုင်ဒီပြစမ်း´ လို့ အလကားနေရင်း ခေါ်စစ်မခံရဘူး။ ဘာပြဿနာမှ မတက်အောင် နေနိုင်ရင် သူတို့ရဲ့ ကွန်မြူနတီနဲ့ သူတို့ အပူအပင် အကြောင့်အကြကင်းလှစွာနဲ့ ငွေရှာနိုင်တယ်။ ယုတ်စွအဆုံး အမေရိကားမှာ အင်္ဂလိပ်စကား တလုံးမှ မပြောဘဲနဲ့တောင် နေလို့ရနိုင်လောက်တဲ့ အထိ သူတို့ရဲ့ ကွန်မြူနတီတွေ ဒီမှာ အလွန်အားကောင်းပါတယ်။






မြစ်ဘက်ကို လမ်းဆက်လျှောက်ဖြစ်ခဲ့တော့ မြစ်ထဲမှာ လာမယ့် ဗုဒ္ဓဟူးနေ့ Water Ski Show အတွက် လေ့ကျင့်နေကြတာကို တွေ့ရတယ်။ စက်အားကောင်းကောင်းနဲ့ ရှေ့ကနေ မောင်းနေတဲ့ မော်တော်ဘုတ်ရဲ့ အနောက်မှာ ရေလွှာစီးသူတွေက ဖျောခနဲ ဖျောခနဲ ပါသွားလိုက်၊ တချက်တချက်မှာ ရေထဲကို ၀ရုန်းသုန်းကား ပြုတ်ကျလိုက်နဲ့ သူတို့လိုချင်တဲ့ ပြကွက်ကို အထပ်ထပ်အခါခါ ကျင့်နေကြတာ ကြည့်လို့တောင် ကောင်းသေးတော့…။

မြစ်ကမ်းဘေး တလျှောက် လေတဖြူးဖြူးနဲ့ လမ်းလျှောက်ရတာ အရသာတော့ အတော်ရှိပါတယ်။ ဘေးနားကနေ တဖြတ်ဖြတ်နဲ့ ပြေးသွားကြတဲ့ အပြေးလေ့ကျင့်သူ တချို့…၊ တဂတ်ဂတ်နဲ့ အော်နေတဲ့ မြစ်ထဲက ဘဲအုပ်ရဲ့ အသံ…၊ မြစ်ရဲ့ ဟိုမှာဘက်ကမ်းက ၀ါသနာရှင် ကိုတံငါတစု…၊ မြစ်ကို ဖြတ်ပြီးဆောက်ထားတဲ့ တံတားပေါ်က အလောတကြီး နိုင်လွန်းနေကြတဲ့ ကားရောင်စုံတွေ…၊ အဲဒါတွေကို လိုက်ငေးရင်းနဲ့ပဲ အမှောင်ပျိုးစ ပြုလာတော့ အိမ်ကို ပြန်ဖို့ ခြေလှမ်းပြင်ရပြန်တယ်။




အိမ်အပြန်လမ်းမပေါ်ကို ရောက်တော့ လောကတခွင်မှာ အမှောင်က ချက်ကျလက်ကျ နေရာယူစပြုနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ညနေခင်းအတွက်ကတော့ ရေးစရာ ပို့စ်တခု ရခဲ့ပြန်ပြီပေါ့။



ကလိုစေးထူး

10 comments:

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

ကိုစေးထူးပန်းတွေက အများကြီးပိုလှတာပေါ့..
:D

Anonymous said...

မအားတဲ့ ကြားက လာရောက်ဖတ်တယ်။
ဖတ်လို့ကောင်းတယ်...။
ဒါပေမဲ့ စိတ်ရှုပ်ထွေးနေဆဲ....
ငလျင်အသေးစားတခု ဖြစ်တော့မယ်တဲ့

Nandar said...

Lovely post.....

I love flowers very much, In fact summer flowers are more astonish and colorful which make you to get refresh all the time.

Whenever i feel down, I go to park all the time which is near by where i live and to get the atmospheres in park to cheers myself up.

Thanks for sharing......

Nandar

nu-san said...

ပန်းခြံထဲကို လျှောက်လည်ကြည့်လိုက်ရတာ စိတ်ကို လန်းဆန်းသွားသလိုပဲ... တခါတလေလည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကို အလုပ်ကြောင့်ဖြစ်ြဖစ် တခြားတခြားသော ကိစ္စတွေကြောင့် ပဲဖြစ်ြဖစ် မေ့နေသလိုဖြစ်နေရော...ဒီပို့စ်ကို ဖတ်ပြီး အားရင် နီးနီးနားနား ပန်းခြံဆီ သွားဦးမှလို့ တေးထားလိုက်ပြီ .. :)

စိတ်ညစ်နေလား ပို့စ်က ဗီဒီယိုတွေတော့ နောက်မှ လာကြည့်တော့မယ်.. အရင်တခေါက်ကြည့်ပြီးထဲက နောက်ပြိုင်ပွဲတွေကို ထပ် ကြည့်ချင်နေတာဗျ... :D

စစ်အောင်သူ said...

ကလိုစေးထူး
ဘလော့ရေးတာက တစ်ခုဆိုတစ်ခု တစ်သမတ်ထဲ ရေးတာကောင်းမယ်ထင်တယ်။ တော်လှန်ရေးဘလော့ရေးတော့မယ်ဆိုရင်လဲ မျိုးချစ်မြန်မာတို့၊ ဒေါက်တာလွမ်းဆွေတို့၊ ခင်မင်းဇော်၊ ကိုထိုက်တို့လို လမ်းကြောင်းကို တစ်ခုထဲလျှောက်ပါ။ အနုပညာသက်သက်ရေးမယ်ဆိုရင်လဲ ဝေလင်းတို့၊ ပန်ဒိုရာ၊ ကိုငြိမ်းဝေတို့လို အနုပညာကိုသေချာရေးပါ။ မင်းဟာက တော်လှန်ရေးယောင်ယောင်၊ စာပေယောင်ယောင်နဲ့ အဲဒီလို လိုက်ယောင်နေရင် တော်လှန်ရေးသမား သိက္ခါကျတယ်။ စာပေသမားလဲ သိက္ခါကျတယ်။ ဘလော့ကာဆိုတာ အဲဒီလိုကြီးလားလို့ လူရီစရာလဲဖြစ်တယ်။ လမ်းမှန်ကို သေချာရွေးနိုင်ပါစေ။

J J said...

အကို မရောက်ဖြစ်တာကြာပီ
ပို.စ်အသစ်တွေအကုန်စုဖတ်သွားတယ်

ညီအကိုများ said...

အားပေးလျက်ပါ..ကိုစေးထူးရေ....

ကလိုစေးထူး said...

တပြည်သူ...။ အဲဒါ စိုက်ထားတဲ့လူတွေ တော်တာ။ :D
နန္ဒာ...၊ ကျေးဇူးပါ။
မနုစံ...၊ ပန်းခြံသွားမယ်ဆိုရင်လဲ တချိန်ထဲ အလုပ်နှစ်မျိုးသုံးမျိုး လုပ်တတ်တဲ့ ကားသမားနဲ့ စက်ဘီးသမားတွေကို သတိထားဦးနော်။ :D တီဗွီ အစီအစဉ်က နောက်အပတ်တွေဆိုရင် ဆီမီးဖိုင်နယ်ဖြစ်ပြီဆိုတော့ ပိုကောင်းတော့မှာ၊ ဆက်ဆက် လာကြည့်ပေတော့...။
စစ်အောင်သူ ကိုတော့ Blog ဆိုတာရဲ့ ဆိုလိုချက် အနှစ်သာရဟာ ဘာလဲဆိုတာကို သေသေချာချာ ပြန်လေ့လာစေချင်ပါတယ်လို့သာ အကြံပေးလိုပါတယ်။
j j နဲ့ ညီအကိုများကိုလဲ အားပေးမှုအတွက် ကျေးဇူးတင်ကြောင်းပါ။

တန်ခူး said...

မနေ့ ထဲက ဖတ်ချင်နေတာ…ခေါင်းစဉ်လေးမြင်ရပြီး ဖတ်မရလို့ … ဒီနေ့ တော့ ပန်းခြံထဲလျှောက်လည်လိုက်တယ်… ပျော်စရာနော်…ပန်းခင်းလေးကလဲ ကြည်နူးစရာ… မြစ်ကလေးလဲရှိတယ်… ပုံလေးတွေကြည့်ရတာ စိတ်လက်ကြည်သာသွားလို့  ကျေးဇူးပါ ကိုစေးထူးရေ….

မောင်မျိုး said...

မရောက်ဖူးပေမယ့် မြင်ယောင်သွားတယ် အစ်ကိုး) တစ်ပုံးချင်းင်္စီ လိုက်ဖတ်စွာဖော်ပြနိုင်တာ လေးစားပါတယ် ။