Monday, July 14, 2008

တံခါးခေါက်သံ...။

စနေနေ့ရဲ့ မနက်ခင်းတခု…။

သောကြာညတုန်းက တော်တော်နဲ့ မအိပ်ဖြစ်လိုက်တာကြောင့် စနေမနက်ခင်းမှာတော့ သူ့အိမ် တအိမ်လုံးကို အိပ်စက်အနားယူခြင်းကသာ မောင်ပိုင်စီးထား၏။ တီဗွီပိတ်၊ ကွန်ပျူတာပိတ်၊ ဖုန်းပလပ်ဖြုတ်၊ အိမ်တံခါးပိတ်…ဂျိတ် ဆိုပါတော့…။ အပြင်မှာ ရွာနေတဲ့ မိုးသံ တဝေါဝေါကလဲ အိပ်နေတဲ့လူကို ဇိမ်ပိုရှိအောင် ပံ့ပိုးနေသယောင်ယောင်…။

သို့သော်…။

***

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´

နားထဲကို စက်သေနတ် အတွဲလိုက် လာပစ်ထည့်နေသလား ထင်ရလောက်တဲ့ တံခါးခေါက်သံက အိပ်လို့ကောင်းနေတဲ့ အာရုံကို ကန်ကျောက်လှုပ်နှိုး ပစ်လိုက်သည်။ ကြားကြားဖူးသမျှ တံခါးခေါက်သံတွေထဲမှာ ဒီတခါ တံခါးခေါက်သံကတော့ တကယ်ကို `အားမနာလျှာမကျိုး´ တံခါးခေါက်သံ…။ တံခါးကို ခပ်ကြမ်းကြမ်း ခေါက်ရုံနဲ့တင် အားမရသေးလို့လား မသိ…၊ တချက်တချက်မှာ တံခါးသော့ပေါက် လက်ကိုင်ဘုကို ဆွဲလှည့်နေတဲ့ အသံ တကလစ်ကလစ် ကိုပါ ကြားနေရသေးသည်။

`ကျွတ်…၊ ဘယ်သူလဲ မသိဘူး။ မဖွင့်ဘူးကွာ´

အိမ်ကို လာလာခေါက်တဲ့ တံခါးခေါက်သံတွေကို ခေါက်တဲ့ အသံပုံစံကို မူတည်ပြီး သူက အမျိုးအစားခွဲထား၏။ တချို့က တံခါးကို ဖွဖွလေး ခေါက်သည်။ တံခါးလာခေါက်ရတာကိုတောင် တော်တော်အားနာနေရတဲ့ အသံမျိုး။ များသောအားဖြင့်ကတော့ ကရင်အကိုကြီးတို့ လင်မယား လာခေါက်ရင် ဒီလို အသံမျိုး ကြားရသည်။ အကူအညီ တခုခု လိုပေမယ့် အင်မတိအင်မတန် အားနာတာကြောင့် တံခါးကို မရဲတရဲ ခေါက်တဲ့ပုံစံ။

ထူးထူးခြားခြား တံခါးခေါက်တတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီကိုရောက်လာတာ လေးငါးခြောက်လလောက်ပဲ ရှိသေးသော `ကိုမိုးဇက်´ ဆိုတဲ့ လူ…။ သူ တံခါးခေါက်တာကတော့ သူများတွေလို လက်ခေါက်နဲ့ ခေါက်တာ မဟုတ်ဘဲ လက်ချောင်းထိပ်ဖျားလေးတွေနဲ့ တံခါးအပေါ်မှာ ကြွက်ဖြတ်ပေးတဲ့ အသံမျိုး တံခါးကို တောက်တာမို့ သူ့တံခါးခေါက်သံက သူများတွေနဲ့ မတူ။ မြန်မာပြည်မှာဆိုရင်တော့ ရဲစခန်းတို့၊ ဆေးရုံတို့မှာ လက်ချောင်းလေးတွေကို စားပွဲပေါ်မှာ အဲဒီလို ခေါက်တဲ့လူတွေ အတော် အဟောက်ခံရ၏။

အနီးအနားက မြန်မာမိသားစု တချို့ရဲ့ ကလေးတွေ အိမ်ကို လာလည်တာဆိုရင်တော့ တံခါးခေါက်သံက မိုးချုန်းသည့်အလားပင်…။ သူတို့ လက်သီးဆုပ်ကလေးတွေနဲ့ တဒုန်းဒုန်း ထုတဲ့အပြင်ကို အပြင်ကနေ `ဦးဦး၊ တံခါးဖွင့်´ လို့ အော်သံ သဲ့သဲ့ကိုပါ ကြားနိုင်သေးသည်။ အဲဒီ မောင်မင်းကြီးသားလေးများကတော့ သူ အကြောက်ရဆုံး…။ တံခါးမဖွင့်မချင်း တံခါးကို အားရပါးရထုသေးတဲ့အပြင် တံခါးဖွင့်ပေးလိုက်ရင်လဲ တီဗွီရှေ့မှာ တချို့ထိုင်၊ တချို့ကတော့ သူ့ကွန်ပျူတာကို ပြဿနာရှာလေတော့၏။ ခပ်တည်တည်နဲ့ စာထိုင်ရေးဖို့တော့ မကြံစည်လေနှင့်…။ `ဦးဦး…၊ သားဂိမ်းကစားမယ်လေ´ ဆိုပြီး ကွန်ပျူတာကို အာဏာသိမ်းပြီသာမှတ်…။

ဒီနိုင်ငံက တခြားသော လူမျိုးခြား တယောက်ယောက် လာခေါက်တဲ့ အသံကိုတော့ သူက `ကိန်းကြီးခန်းကြီး တံခါးခေါက်သံ´ လို့ ကိုယ့်ဘာသာကိုယ် အမည်ပေးလိုက်၏။ သူတို့ကတော့ တံခါးကို အသံခပ်ကျယ်ကျယ်နဲ့ ခပ်ပြင်းပြင်းလေး သုံးလေးငါးချက် ကို နှစ်ခါလောက် ခေါက်လို့မှ တံခါးမဖွင့်ပေးရင်တော့ နောက်ကြောင်း ပြန်လှည့်သွားကြပြီ။ လာခေါက်လေ့ရှိတာကတော့ များသောအားဖြင့် ဖုန်း၊ ခရက်ဒစ်ကဒ်၊ သတင်းစာ၊ ကေဘယ်လ်လိုင်း ကြော်ငြာသမားတွေနဲ့ တခါတလေမှာ လာတတ်လေ့ရှိတဲ့ သူ့ စပွန်ဆာ…။

***

အခုတံခါးခေါက်သံကတော့ ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ မခန့်မှန်းတတ်…။ ဒါပေမယ့် တော်တော်တော့ အားမနာလျှာမကျိုး နိုင်လွန်းတဲ့ တံခါးခေါက်သံဟု ထင်မိ၏။ ပိုင်စိုးပိုင်နင်းကလဲ နိုင်သေး…။ တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လိုက်…၊ တံခါးကို ခပ်ကြမ်းကြမ်းခေါက်လိုက်…။ ခဏငြိမ်သွားလိုက်…၊ နည်းနည်းလေး ကြာရင် ပြန်ခေါက်လိုက်နဲ့…။

သာမန်အချိန်ထက် အဆပေါင်းတရာလောက် လေးလံနေသလို ခံစားရတဲ့ ဦးခေါင်းက ဘယ်လိုမှ မထူချင်သေးတာမို့ ဘေးနားက ခေါင်းအုံးကို နားနားကပ်အောင် ဆွဲယူပြီး ပြန်အိပ်ပစ်လိုက်သည်။ တော်တော်ကြီးကြာမှ တံခါးခေါက်သံက ငြိမ်သွား၏။

`ပြန်သွားပြီထင်တယ်၊ ပြန်လဲ အေးတာပဲ၊ ဘယ့်နှယ်ကွာ၊ ဒီမှာအိပ်နေမလား ဘာလားတောင် မတွေးဘူး၊ မနက်အစောကြီး တံခါးလာခေါက်ရတယ်လို့´

ဘာပဲဖြစ်ဖြစ် စပ်စုချင်စိတ်ကလဲ ရှိသေးတာမို့ အိပ်ရာကနေ ကြုံးရုန်းထ..၊ ခြေကို အသာလေး ဖွဖွနင်းပြီး တံခါးရဲ့ ချောင်းကြည့်ပေါက်ကတဆင့် အပြင်ကို ချောင်းလိုက်တော့ ဘယ်သူမှ မရှိ…။ `ကောင်းတယ်´ လို့ စိတ်ထဲမှာ အားရပါးရတွေးပစ်လိုက်၏။ ဒါပေမယ့် ပြန်အိပ်လို့တော့ ဘယ်လိုမှ မရတော့…။ နာရီကို ကြည့်လိုက်တော့ မနက်ကိုးနာရီသာသာ…။

ဒီလိုနဲ့ပဲ အိပ်ရာထ၊ မျက်နှာသစ်၊ အစာစား၊ ပလုတ်ကျင်း၊ ကျောင်းသွား…၊ (အဲ… ဟုတ်ပေါင်) အပြင်ထွက်…။ :D

***

စနေနေ့ ညနေ…။

တီဗွီ အစီအစဉ်က ကောင်းနေတာနဲ့ ဇိမ်ကျနေတုန်း မနက်ကလို တံခါးခေါက်သံက ထပ်ပေါ်လာပြန်သည်။

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ကလစ်…ကလစ်´

တံခါး ခေါက်ပြီးတာနဲ့ တံခါးလက်ကိုင်ဘုကို ပိုင်စိုးပိုင်နင်း ဆွဲလှည့်နေတာကို လူက တော်တော် အူယားလာသည်။

`ဘယ်သူမို့လို့ ဒီလောက်တောင်…၊ ကဲ… ဒီလောက်တောင် ဖြစ်လှတာ သိကြသေးတာပေါ့ကွာ´

ခပ်တိုတို ဖြစ်ချင်လာတဲ့ စိတ်ကြောင့် ချောင်းကြည့်ပေါက်ကနေတောင် အရင်ဆုံး မကြည့်အားတော့ဘဲ တံခါးကို အလျင်စလို ဆွဲဖွင့်ပစ်လိုက်၏။ တံခါးဝမှာ ရပ်နေတာက…

`ဟင်…အမိုး´

လက်ထဲမှာ လက်နှစ်လုံးသာသာလောက် ငါးအကင်လေးတွေထည့်ထားတဲ့ ပန်းကန်ပြားလေး တချပ်နဲ့ အမိုးက သူ့ကို တွေ့တော့ အမိုးအပေါ် စီးမိုးနေတဲ့ သူ့အရပ်ကြီးကို မော့ကြည့်ပြီး ပြုံးပြသည်။ ပြီးတော့…

`ဖိုးခွား၊ နေကောင်းရဲ့လား´
`ဟုတ်ကဲ့၊ ကောင်းပါတယ်၊ အမိုး ဘာလိုလို့လဲ၊ ကျနော် ဘာလုပ်ပေးရမလဲ အမိုး´ (စိတ်ထဲမှာ အမိုးတယောက် တခုခု လိုအပ်လို့ လာတာလို့ ထင်နေတုန်း)
`ဘာမှ မလိုပါဘူး၊ အမိုးညက အိပ်မက်သိပ်မကောင်းလို့ ဖိုးခွားတယောက် နေလို့မှ ကောင်းရဲ့လား မသိဘူး ဆိုပြီး လာကြည့်တာ´

သူ ခေတ္တခဏတော့ ဆွံ့အသွား၏။ နှုတ်က အာစေးထည့်ထားသလိုလို ဘာစကားမှ မထွက်နိုင်သေးခင်မှာပဲ အမိုးက ဆက်ပြီး…

`မနက်ကလဲ အမိုးလာသေးတယ်၊ ဖိုးခွားအိပ်ပျော်နေတာလား၊ တံခါးဖွင့်မပေးတာနဲ့ စိတ်ပူပြီး ပြန်သွားရတယ်´
`ဟုတ်…၊ ဟုတ်ကဲ့´
`ဒီငါးတွေက အဘိုးသွားမျှားထားတာလေ´

ထမင်းစားပွဲပေါ်မှာ ငါးကင် ပန်းကန်လေးကို သွားတင်ရင်း ပြောနေတဲ့ အမိုးကို သူ အကြောင်သားဖြင့် လိုက်ငေးနေမိ၏။

`ကဲ…၊ ပြန်မယ်နော်၊ နေကောင်းတယ်ဆို အမိုး စိတ်ပျော်ပြီ´

တုံးတိတိသာ ပြောသွားပေမယ့် စကားထဲက မေတ္တာတရားတွေက ခွင့်လွှတ်နားလည်ခြင်း များစွာကို ကိုယ်စားပြုဖို့ သူ့အခန်းထဲတွင် အမိုးချန်ထားခဲ့၏။

***

စနေနေ့ည…။

တံခါးခေါက်သံ ခွဲခြားသူ စပယ်ရှယ်လစ် လို့ ကိုယ့်ကိုယ်ကို ထင်ထားသူ လူတယောက်ကို သူ့အိမ်တံခါးက လှောင်ပြုံးပြုံးပြီး ကြည့်နေလေ၏။



ကလိုစေးထူး

11 comments:

မောင်မျိုး said...

အမိုး စိတ်ထားလေးက နုညံ့လိုက်တာ အိပ်မက်မကောင်းလို့ လည်း လာကြည့်တယ် ပြီးတော့ ငါးကင်လေးပါ ယူလာပေးသေးတယ်။ တံခါးခေါက်သံကို နားထောင်ပြီးအရေးသားကောင်းစွာနဲ့ ပို့ စ်ကောင်းတစ်ပုဒ်ရေးဖွဲ့ နိုင်တာ လေးစားပါတယ် အစ်ကိုစေးထူးရေ့ :)

Anonymous said...

.........

Nandar said...

^........^ It's does happen sometime. Isn't she lovely?? very kind and care.....
Lucky you to have those kind of person around in your neighborhood.

Nandar

ညီအကိုများ said...

CCTV တပ်ထားပါလား..အကိုရ... :D ဟီး......
ဆောင်းပါးလေးအရမ်းကောင်းပါတယ်ဗျာ...

ကိုနေ(YNP)

M.Y. said...

ကိုစေးထူး..
လှပတဲ့ ရသစာကောင်းလေးတစ်ပုဒ်ပဲ..ရေးပြီးသမျှ အမိုး နှင့် ကိုဖားစည် ပုံပြင်များ ဟာ လူ့တွေအကြောင်း ရသဖတ်စာတွေပါပဲ.. (ကျွန်တော်ကတော့အရေးကျဲဆဲပါပဲ..)

လင်း said...

စနေနေ့မနက်အစောကြီးထရတဲ့အကြောင်းကတော့ ဟုတ်ပါပြီ။ သောကြာနေ့  အိပ်ပျက်ရတဲ့ အကြောင်းကရော

Pinkgold said...

ဟွန်း တော်တော် ဆိုးတဲ့ ဖိုးခွား...

အမိုးက တံခါးလာခေါက်တာတောင် ပေတေပြီး မဖွင့်ပေးပဲနေတာ..

ထက်သာ အမိုးဆို ရိုက်ပြီး ပြန်လာမှာ.. ဘာစားစရာမှ မပေးဘူး... ဟီး

တန်ခူး said...

ကောင်းလိုက်တာ ကိုစေးထူးရေ… ရေးသူဝင်မပြောပဲ ဖတ်သူကို ခံစားခိုင်းလိုက်တဲ့ ရေးဟန်လေးကို အားကျနှစ်သက်မိတယ်… အမိုးလိုအမိုးမျိုးရတာ ကိုစေးထူးတကယ် ကံကောင်းပါတယ်…

လူသစ် said...

တော်သေးတာပေါ့ အမေရိကန်က တံခါးခေါက်သံမို့လို့။ မြန်မာပြည်မှာဆို နာရီကြည့်၊ ညနက်သန်းခေါင်ဆို ပြေးပေတော့ပဲ

Tea said...

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´

:)

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´

ကလိုစေးထူး said...

တံခါးလာခေါက်ကြသူတွေရော...၊ တံခါးမခေါက်ဘဲ အားပေးဖတ်ရှုသွားကြသူတွေရော...၊ တံခါးဝကနေ တိတ်တိတ်လေး လှည့်ပြန်သွားကြသူတွေကိုရော အားလုံးကို ကျေးဇူးပါ။ :D