Monday, July 07, 2008

နတ်ဝင်သည်...။

တနေကုန် တစိမ့်စိမ့်ရွာနေတဲ့ မိုးကြောင့် အကာလ မိုးညအခါက ချမ်းစိမ့်စိမ့်ဖြင့် နေရထိုင်ရသည်မှာ စည်းစိမ်ရှိလှသည်…။ ဂျင်းသား ဂျာကင်အင်္ကျီကို ခပ်စေ့စေ့ဝတ်လို့ မောင်သွင်ယုတယောက် ဖယောင်းတိုင်မီးရောင် အားကိုးဖြင့် စာဖတ်ရသည်မှာ အေးအေးလူလူ နိုင်လှပါဘိ…။ မိုးဖွဲမိုးစက်လေးများက တချက်တချက်တွင် တဖျောက်ဖျောက်ဖြင့် အင်ဖက်မိုးကို ရိုက်ခတ်နေသည့် အသံက ဂီတသံစဉ် တခုအလား…။ ထိုအခိုက်…

`ဟင်းဟင်းဟင်းဟင်း…၊ ဟင်းဟင်းဟင်းဟင်း´

ခနိုးခနဲ့သံလိုလို၊ မရယ်ချင့်ရယ်ချင်သံလိုလို ရယ်သံတခုက ခြေရင်းအိမ်ဘက်ဆီမှ ထွက်လာတာမို့ အသံလာရာကို နားစွင့်လိုက်မိ၏။

`ကဲ…၊ ဘာကိစ္စလဲဟေ့၊ ကိုယ်တော့်ကို လျှောက်တင်စမ်း၊ ဟင်းဟင်းဟင်းဟင်း´
`မှန်ပါ့ ကိုယ်တော်´

အင်း…၊ ခြေရင်းအိမ်က ဒေါ်ဝတုတ် တယောက် နတ်ဝင်နေပြန်ပြီပဲ…။ ခဏနေရင် အသံတွေကျယ်လာတော့မှာမို့ ဖတ်လက်စ စာအုပ်ကို ဘေးချပြီး ဒီတခါ ဘာနတ်များပါလိမ့်လို့ အသာ နားဆက်စွင့်နေလိုက်သည်။

***

မောင်သွင်ယုတို့ ခြေရင်းအိမ်က နေထိုင်သူ အပြောင်းအလဲ အတော်များလှသည်။ အိမ်ရှင်ဖြစ်သူက ဒီမြို့မှာ အိမ်ဝယ်ထားပေမယ့် တခြားမှာ စီးပွားရေးလုပ်နေတာမို့ သူ့အိမ်ကို အိမ်ငှားများ တင်ထားလေ့ရှိ၏။ အိမ်ငှားတယောက်က လေးငါးခြောက်လနေလိုက်၊ ပြောင်းသွားလိုက်၊ နောက်ထပ် အိမ်ငှားလာလိုက်၊ ထပ်ပြောင်းလိုက်နှင့် မောင်သွင်ယုတို့ ရန်ကုန်မြို့ကနေ ပြောင်းလာသည့် သုံးနှစ် မရှိတရှိအတွင်းမှာတင်ကို အိမ်ငှား မိသားစု ၆ စုလောက် အပြောင်းအလဲ လုပ်ပြီးလေပြီ။

ခြေရင်းအိမ်မှာ ဒီတခါလာနေတဲ့ အိမ်ငှားကတော့ ဒေါ်ဝတုတ်…။ နာမည်ကသာ ၀တုတ်သော်လည်း ပိန်လှီလှီခန္ဓာကိုယ်က ခြောက်ကပ်ကပ် အသားအရေနဲ့ တွဲလိုက်တော့ ကြည့်ရသည်မှာ ဘယ်လိုမှ အဆင်မပြေလှ…။ ၀မ်းစာရေးအတွက် ကျပန်းအလုပ်လုပ်ရလို့ ပုံမှန်အသက်အရွယ်ထက် ပိုမို အိုစာဟန်ပေါက်နေတဲ့ ဒေါ်ဝတုတ်က အိမ်တွေမှာ တခါတရံ အ၀တ်အငှားလိုက်လျှော်တာလဲ တွေ့ဖူးသည်။ တခါတရံလဲ တောနယ်ဘက်ဆင်းပြီး ရှောက်သီး၊ သံပုရာသီး အငှားသွားပိုးတတ်သေးသည်။ ယောက်ျားဖြစ်သူက ဆုံးတာကြာပြီ။ ၁၂ နှစ်အရွယ် သားကလေးတယောက်နှင့်အတူ မောင်သွင်ယုတို့ ခြေရင်းအိမ်မှာ လာနေနေသည်မှာ ၇ လခန့်တော့ ရှိပါပြီ။

ဒေါ်ဝတုတ်တို့ အိမ်ဘက်ဆီကနေ ညနေစောင်း၊ ဒါမှမဟုတ် အခုလိုပဲ ညဦးပိုင်း အချိန်တွေဆိုရင် ဒီအသံတွေကို ကြားကြားနေသည်မှာ သိပ်တော့ မကြာလှသေးပါ။ မောင်သွင်ယုရဲ့ ညီ အပြောကတော့ ချဲဂဏန်း လာတောင်းတဲ့ တယောက်ကို ဒေါ်ဝတုတ် နတ်ပူးပြီး ပေးလိုက်တဲ့ ချဲဂဏန်းက ဒဲ့ပေါက်သွားလို့ အခုနောက်ပိုင်းမှာ နတ်မေးတဲ့လူ ပိုများလာတာ…တဲ့။ `သူက ဘာနတ်တွေ ၀င်ပူးတာလဲ´ လို့ မေးကြည့်တော့ `အစုံပဲ´…တဲ့။

အခုလဲ ဘာနတ်ဝင်ပြန်ပြီ မသိ…။

***

`ကိုယ်တော် ပြောတဲ့အတိုင်း လုပ်ကဲ့လားဟေ့´
`လုပ်ပါတယ် ကိုယ်တော်´
`အေး၊ စီးပွားလာဘ်လာဘရော အရင်ထက် တက်လာတယ် မဟုတ်လားကွဲ့´
`ဟုတ်ပါတယ်၊ ဒါကြောင့်လဲ ကိုယ်တော့်ကို လာပင့်ရတာပါ´
`ဟင်းဟင်းဟင်းဟင်း၊ ဟင်းဟင်းဟင်းဟင်း´

အသံကို ဟိန်းအောင် တမင်လုပ်ယူထားရတဲ့ အသံနဲ့ တဟင်းဟင်းရယ်သံကို ကြားရပြန်သည်။

`ကဲ…၊ ကိုယ်တော်ပျော်မယ်ကွယ်၊ ဖွာတော်နဲ့ သောက်တော် ဆက်စမ်းကွဲ့´
`မှန်ပါ ကိုယ်တော်´
`သယ်…၊ ညံ့လိုက်တဲ့ ဖွာတော်၊ သုခိတာကိုမှ ဆက်ရလား၊ ဖွာတော်လန်ဒန်လေး ဘာလေး မပါဘူးလားကွဲ့´

ဗုဒ္ဓေါ…၊ ဘာကိုယ်တော်လဲတော့ မသိ၊ သူက လန်ဒန် မှ ကြိုက်တယ်ဆိုပဲ…။ မအောင့်နိုင်တာနဲ့ တခွီးခွီးရယ်သံ ထွက်မိသွားတော့ အသံတွေက တခဏ ငြိမ်သွား၏။

`ဟိုကောင်လေး…၊ လန်ဒန် ၂၀ ဖိုးသွားဝယ်ချေ´

နတ်လာမေးသူရဲ့ တယောက်ယောက်ကို လှမ်းခိုင်းလိုက်သံကို ကြားပြီး ခဏအကြာမှာတော့ ဒေါ်ဝတုတ်ရဲ့ ပုံမှန် စကားသံပြန်ထွက်လာသည်။

`ဘာတွေပြောသွားသေးလဲ…ဟေ´

***

ဒီဓလေ့က ဘယ်လိုက ဘယ်လို စပေါ်လာသလဲဆိုတာ ပြောရအတော်ခက်လှပေမယ့် နတ်မေးသူနဲ့ နတ်ဝင်သူတွေကတော့ သူ့အရပ်နဲ့ သူ့ဇာတ် စည်းဝါးအတော် ကိုက်လှ၏။ ချဲဂဏန်းလာတောင်းသူ၊ ဈေးရောင်း ကောင်းချင်သူ၊ ရှမ်းပြည် (မောင်သွင်ယုတို့ဘက်မှာ ထိုင်းနိုင်ငံကို ရှမ်းပြည်လို့ ခေါ်ကြသည်) မှာ အလုပ် သွားလုပ်ရင် အဆင်ပြေမပြေ သိချင်တဲ့လူ၊ ယုတ်စွအဆုံး အသုဘအိမ် ဖဲဝိုင်းမှာ နိုင်အောင် လာဘ်လာဘ၀င်အောင် နတ်လာမေးသူနှင့် ခိုးရာလိုက်ပြေးသော သမီးအကြောင်း နတ်လာမေးသူက အစ ရှိကြသည်။

နတ်ကိုးကွယ်မှုကို ယုံသလားလို့ မောင်သွင်ယုကို မေးရင် `မယုံ´ ဟု ဖြေမိတဲ့ အဖြေကြောင့် လူအတော်များများနှင့် အငြင်းအခုန် ဖြစ်ရဖူးသလို ရှေးရိုးစွဲ အတန်ငယ်ဆန်သော လူကြီးတချို့ရဲ့ `ဂျစ်ကပ်ကပ်ကောင်ပဲ´ လို့ မှတ်ချက် အပေးကိုလဲ ခံရလေသည်။ သို့သော် နတ်မေးလိုသူနဲ့ နတ်ဝင်သည်တို့ရဲ့ အပြန်အလှန် ချိတ်ဆက်မှုနဲ့ ယုံကြည်ကိုးကွယ်မှုတွေကို စိတ်ဝင်စားမိတာတော့ အမှန်ပင်။

တခါတော့ ဒေါ်ဝတုတ်ကို မေးကြည့်မိ၏။

`ဒေါ်ဝတုတ် နတ်ပူးရင် ကိုယ့်ကိုယ်ကို တကယ်ကို ဘာမှ မသိတော့ဘူးလား´
`ကောင်လေး၊ နင်က မယုံလို့လား´
`သိချင်လို့ပါ´
`နင် မေးစရာကိစ္စပေါ်လာရင် လာခဲ့၊ အဲဒီအခါမှ သိလိမ့်မယ်´

အဲဒါမှ ဒုက္ခ…၊ ကိုယ်က နတ်သွားမေးစရာ ဘာအကြောင်းကိစ္စမှလဲ ရှိတာမဟုတ်…။ ဒါပေမယ့် ဒေါ်ဝတုတ် နတ်ပူးတာကို အသံပဲကြားဖူးထားတော့ ဘယ်လို နတ်ခေါ်လဲ ဆိုတာကိုလဲ သိချင်သေးသည်။ ဘာကိစ္စကို သွားမေးရပါ့…။ စဉ်းစားစမ်း…။

သြော…၊ ဟုတ်ပြီ။

***

ဒီလိုနဲ့ တညနေ…။

ဒေါ်ဝတုတ် အိမ်ပေါ်ကို ရောက်တော့ ခပ်မြင့်မြင့် ဘုရားစင်ကို နောက်ခံထားပြီး ဘုရားစင်ရဲ့ ရှေ့မှာ ခုံတန်းပုလေးတခုနဲ့ အစီအရီတင်ထားသော နတ်ရုပ်တချို့က ဆီးကြိုနေ၏။ အမွှေးတိုင်တချို့က အငွေ့တလူလူ အနံ့တသင်းသင်းဖြင့် ထွန်းထားသေးသည်။ အသက်ခပ်ရွယ်ရွယ် အဒေါ်ကြီးတယောက်နှင့် ဒေါ်ဝတုတ်တို့ နတ်စင်ရှေ့မှာ ထိုင်ပြီး စကားကောင်းနေကြ၏။ မောင်သွင်ယုကို မြင်တော့…

`လာလာ၊ ကောင်လေး´
`ဒါ ခေါင်းရင်းအိမ်က ဆရာမသားလေ´

ဒေါ်ဝတုတ်က မောင်သွင်ယုကိုလဲ ခေါ်ရင်း အဒေါ်ကြီးနဲ့ပါ မိတ်ဆက်ပေးသည်။

`ကောင်လေး၊ နတ်မေးမလို့လား´
`ဟုတ်ကဲ့၊ ကျနော် မေးချင်တာက နတ်ဝင်လို့ရမရတော့ မသိဘူး´
`နင်က ဘာကိစ္စမေးမှာတုန်း´
`ဟို…၊ ဟို…´ (ရှက်သလိုလို ကြောက်သလိုလိုက ဖြစ်လိုက်သေး)
`ဘာတုန်းဟဲ့´
`အချစ်ရေး ကိစ္စပါ´
`ဒါများဟယ်၊ ရတယ်၊ ငါပင့်ပေးမယ်´

အချစ်ရေး ကိစ္စကို ဘယ်နတ်ကို ပင့်မှာပါလိမ့်လို့ တော်တော်တော့ စိတ်ဝင်စားသွားတာ အမှန်…။ ဒေါ်ဝတုတ် ဘာများဆက်လုပ်မလဲ လို့ အသာစောင့်ကြည့်မယ် ပြင်တုန်း…

`ဟဲ့ကောင်လေး၊ ဟောဟိုမှာ ဘုရားသွားရှိခိုး၊ ဘုရားကို အရင်ဦးတိုက်ပြီးမှ ကိုယ်တော်တွေကို စောင့်ရှောက်ပေးတော်မူပါလို့ တိုင်တည်ရတယ်´

ဒေါ်ဝတုတ် ခိုင်းသလို ဘုရားကိုတော့ ရှိခိုးလိုက်ပေမယ့် တကယ်စိတ်ထဲမှာ ဆုတောင်းတာက `ကောင်မလေး တပည့်တော်ကို ပြန်ကြိုက်ပါစေ ဘုရား´ လို့ ဆုတောင်းတာ…။ ခဏအကြာမှာတော့ ဒေါ်ဝတုတ်တယောက် ဇော်စိမ်းပန်း သုံးလေးခက်ကို လက်ခုပ်နှစ်ဖက်မှာ ညှပ်ပြီး နတ်ရုပ်တွေရှေ့မှာ နဖူးပေါ် လက်တင်ပြီး မျက်လုံးကို အသာမှေးပြီး ပါးစပ်က ဘာတွေမှန်း မသိ ပွစိပွစိ ရွတ်တော့သည်။ ရွတ်နေရင်းနဲ့မှ လက်တွေက တဆတ်ဆတ်တုန်ယင်လာပြီး နဖူးနဲ့ လက်ဖ၀ါးစောင်းတွေကို တဇတ်ဇတ်ရိုက်ခတ်နေ၏။ ပြီးမှ မောင်သွင်ယု ထိုင်နေရာဘက်ကို လှည့်ထိုင်ပြီး ခန္ဓာကိုယ်က ကတုန်ကယင်ဟန်ဖြင့်…

`သောကြာသား၊ ဘာကိစ္စနဲ့ လာသလဲဟေ့´
`အချစ်ရေး ကိစ္စနဲ့ပါ´
`မောင်မင်း ရည်ငံနေတာက ဘာနေ့သမီးလဲကွယ့်´
(လေသံ ခပ်အုပ်အုပ်ဖြင့်)… `ညိုညိုဦး ကိုပါ´
`သောကြာနဲ့ အင်္ဂါ တွဲဘက်ညီပေတာပဲ၊ ကိုယ်တော့်ဆီ ရောက်လာမှတော့ အားလုံးအဆင်ပြေစေရမယ်´

အဆင်ပြေစေရမယ် ဆိုတာက အသာထား…။ အခုဝင်နေတာက ဘာနတ်လဲဆိုတာကို မောင်သွင်ယု အတော်သိချင်လှသည်။ မေးလို့ကောင်းပါ့မလား…၊ တော်ကြာ မရိုမသေ လုပ်ရာကျမှဖြင့် အခက်…။ တွေ့နေရတာကတော့ ဒေါ်ဝတုတ်ရဲ့ တဆတ်ဆတ်တုန်နေတဲ့ ခန္ဓာကိုယ်…။ လူက ထိုင်လျက်သားနဲ့ မျက်လုံးကို မှေးလို့ ဟိုဒီယိမ်းထိုးနေလိုက်သေးသည်။ နောက်တော့ `မေးကြည့်မယ်ကွာ´ လို့ စိတ်ကို ပိုင်းဖြတ်ပြီး ကြားဖူးတဲ့ ဇာတ်ထဲက လေသံဖြင့်…

`မှန်ပါ၊ ကိုယ်တော့်ရဲ့ နာမည်ကို သိလိုပါတယ်´
`သောကြာသား မောင်မင်း၊ နတ်တွေမှာ နာမည်ဆိုတာ မရှိဘူး ဘွဲ့တော်ပဲ ရှိတယ်´
`မှန်ပါ့´ (ဟုတ်သလိုလိုတော့ ရှိလာပြီ)
`အေး၊ ငါကတော့ ဖူးစာရေးနတ်မင်းပဲ မောင်မင်း´

၁၁၁ ပါးသော နတ်မင်းတွေထဲမှာ ဖူးစာရေးနတ်ပါလား မပါလား မောင်သွင်ယု တကယ်မသိ…။ စိတ်ထဲမှာတော့ တော်တော် ဇဝေဇ၀ါ ဖြစ်သွားသည်။ အို…၊ ပါချင်ပါမှာပေါ့၊ ကိုယ်သိတာမှ မဟုတ်တာ…။

`အင်္ဂါသမီးကို ရည်ငံရင် စနေနေ့မှာ ချစ်ရေးမဆိုမိစေနဲ့ မောင်မင်း´
`မှန်ပါ ကိုယ်တော်´ (ဘာဖြစ်လို့လဲတော့ မသိ)
`တောင်အရပ်မှာလဲ ချစ်ရေး မဆိုမိစေနဲ့´
`မှန်ပါ´
`ချစ်ရောင်လင်းဖို့အတွက် ချစ်ရေးဆိုတဲ့နေ့မှာ ဖယောင်းတိုင်ငါးတိုင်ကို အိတ်ထဲဆောင်သွား´
`မှန်ပါ´
`ကဲကဲ…၊ ကိုယ်တော် ပြန်ကြွတော့မယ်၊ မောင်မင်း ချစ်ရေးဆိုတဲ့နေ့မှာ ကိုယ်တော့်ကို အာရုံမှတ်ကွယ့်၊´
`မှန်ပါ´

နောက်တော့ ဒေါ်ဝတုတ်တယောက် နတ်စင်ဘက် ပြန်လှည့်ပြီး ဦးချရှိခိုးပြန်သည်။ ရှိခိုးပြီးတော့ မောင်သွင်ယုဘက်ကို လှည့်…၊ ၀ါးခနဲ တချက်သမ်းလိုက်ပြီး…

`ကိုယ်တော်က ဘာတွေ ပြောသွားသေးလဲ ကောင်လေး´
`အစုံပဲ ဒေါ်ဝတုတ်´

ပြောပြောဆိုဆိုနဲ့ အိတ်ကပ်ထဲမှာ အသင့်ပါလာတဲ့ လန်ဒန်ဘူးကို ဒေါ်ဝတုတ်ဆီ ကမ်းပေးလိုက်ရင်း…

`ဖွာတော်…၊ ဒေါ်ဝတုတ်´
`ငါက မသောက်တတ်ပါဘူး၊ ကိုယ်တော်တွေ ကြိုက်တာကိုသာ ဆက်ရတာ´
`ဘယ်လောက်ပေးရမလဲ´
`မပေးပါနဲ့၊ ပွဲဆက်ဖို့သာ ကိုယ်တော့်အတွက် ငါးဆယ် အုန်းပွဲကြားမှာ ကပ်ခဲ့´
`ဟုတ်ကဲ့…၊ ဟုတ်ကဲ့´

***

နောက် ခြောက်လ အကြာ…။

ဒေါ်ဝတုတ်တယောက် ရှမ်းပြည်မှာ အလုပ်သွားလုပ်ဖို့ အိမ်ပြောင်းသွားသည်။ မောင်သွင်ယု ပိုးနေတဲ့ ညိုညိုဦးလဲ ဒေါ်ဝတုတ် ပြောင်းသွားပြီး သိပ်မကြာခင်မှာပင် စက်လှေသူဌေးတယောက်နှင့် ယူလိုက်လေ၏။ ဘယ်ဆီမှာ နေတယ် မသိရတဲ့ ဖူးစာရေးနတ်သည်လည်း မကယ်နိုင်သလို ဒေါ်ဝတုတ်ရဲ့ နတ်ပင့်သံလဲ မကြားရတော့ပါ…။ တခါတလေတော့ မောင်သွင်ယုမေမေက ဒေါ်ဝတုတ်ကို သတိတရနဲ့ ပြောရှာသား…။

`အင်း…၊ ဒေါ်ဝတုတ် နဲ့ ဖူးစာရေးနတ်ကိုတော့ သတိရတယ်ဟေ့´

***


ကလိုစေးထူး

11 comments:

မြရွက်ဝေ said...

အဟား ရီရတယ်။ နတ် ၂ခါလား မေးဖူးတယ်။ မယုံဘဲနဲ့လေ။ သူများကို အဖော်လိုက်ပေးရင်းနဲ့ပေါ့။ စိတ်ထဲကတော့ အတော်ရီချင်တာ။ တခုမှလဲ မမှန်ဘူးဗျ! :P

မောင်မျိုး said...

ဟားဟား တော်တော်ရယ်ရတယ် အစ်ကိုရေ့ ဖူးစာရေး နတ်ဆိုပါလားး ကျနော်တော့ ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိလို့ ပဲ နှလုံးသွင်းထားတော့ နတ်တွေမယုံဘူးဗျ ဒါပေမယ့် ပတ်ဝန်းကျင်မှာတော့ အမြဲကြုံနေရတာပါပဲ ဘိုးတော်တို့  ရသေ့တို့  စုံနေတာပဲ....ပြီးခဲ့တဲ့လက အိမ်မှာ နတ်ကတော်ပင့်လို့  စကားပြန်လုပ်ပေးနေရတဲ့ အချိန်တုန်းက တကယ့်ငရဲကျသလိုပဲဗျို့  သူပြောတာ တစ်ခြား ကျနော် ပြန်တာ တစ်ခြားပဲ ဟီးဟီးး နတ်ကတော်က ပြောသွားတယ် သားတော် ကောင်မလေးက အတော်လှတာပဲတဲ့ အဲ့ထဲကမှားနေပြီးး မရှိတဲ့သူကို လှပါတယ်ဆိုတော့ :P

Anonymous said...

i'm pusaryay nat!

ပေဖူးလွှာ said...

blogger နတ်လဲ ရှိပါတယ်။ နတ်သျှင်နောင်လေ။ ဘာနတ်လဲတော့ မသိ။ နောက်မှပဲ ဂဏန်းလေးဘာလေးသွားတောင်းရမယ်။ :P

လင်း said...

ဖူးစာရေး နတ်ဆိုပါလားး တွေ့ ချင်လိုံ ဘယ်နားမှာပင့်ရမလဲ

Ko Paw said...

ဇာတ်လမ်းအစကနေ အဆုံးအထိ ဆွဲဆောင်မှုရှိပါပေတယ်ဗျာ။ ဟာသလေးကလည်း ပါသေး။ မြန်မာ ၀တ္ထုတိုရွှေခေတ်လို့ပြောရမယ့် ၁၉၇၀၊ ၁၉၈၀ ခုနှစ်များတ၀ိုက်ဆီ အချိန်အခါမျိုးသာဆိုရင် ကိုစေးထူးကို နာမည်ကြီးဝတ္ထုရေးဆရာတယောက်အနေနဲ့ မြင်ရမှာ သေချာတယ်။

ကိုရင်နော်ခင်လေးငယ် said...

ကိုကလိုစေးထူး..
အစ စဖတ်ကတည်းက ..
အဆုံးထိဖတ်ချင်အောင် စွဲဆောင်နိုင်တဲ့
အရေးအသားနော်...
ရီလည်းရီရတယ်...;P

BLACK DREAM said...

ကျွန်တော်လည်းပင့်အုံးမှပဲ...။ ဟိ...။

Anonymous said...

ha ha ha ha I did not know you can make such funny story.

ဝေလေး said...

ဟီး ဟီး....ရယ်ရတယ်။ဖူးစာရေးနတ်ကနတ်ဝင်လို့ရလား
ခွိ ခွိ........ကြားဖူးဘူး...
ဖတ်လို့အရမ်းကောင်းတယ်။

တန်ခူး said...

ကိုစေးထူးရေ… ကျွန်မကြားဖူးတာကတော့ အဲဒါမျိုးကို ထိုင်ကနားလို့ ခေါ်တာပဲ… ကျွန်မလဲ ကိုစေးထူးလို အဖြစ်မျိုးကြုံဖူးတယ်… ကိုယ်တိုင်မေးတာတော့ မဟုတ်ဘူး… ခြေရင်းအိမ်ကမေးတာ ခိုးနားထောင်တာ… ကိုကြီးကျော်မေးရင် ကြက်ကြော်ကအမြဲပါတယ်… ၀င်တဲ့နတ်ကို အတွေ့ လား၊ အငွေ့ လားလို့ မေးရင် ကြက်ကြော်စားချင်တော့ အမြဲ အတွေ့ လို့ ဖြေတယ်… သူမစားချင်တာဆို အငွေ့ ပဲ… ကိုစေးထူးအရေးကောင်းလို့  ဒေါ်ဝတုတ်ကို တကယ်နတ်မေးနေရသလိုပဲ…