Chruch ကျောင်းတွေရဲ့ တိုက်ရိုက် ကူညီထောက်ပံ့ခံရတဲ့ မိသားစုတွေဟာ အေဂျင်စီရဲ့ ပံ့ပိုးမှုကိုပဲ ရတဲ့ မိသားစုထက်စာရင် ပိုပြီးတော့ ဂရုစိုက်ခံရလေ့ရှိပါတယ်။ အေဂျင်စီဆိုတာကတော့ အဖွဲ့အစည်း သဏ္ဍာန် လှုပ်ရှားရလေတော့ တခါတရံမှာ သူတို့အေဂျင်စီက ခေါ်ထားတဲ့ မိသားစုတွေအိမ်မှာ အစားအသောက် ပြတ်လပ်နေတာကိုတောင် မသိလိုက်တဲ့ အထိ လစ်ဟာမှုတွေ ဖြစ်လေ့ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ဆိုရင် အရင်က ရောက်နှင့်နေတဲ့ မြန်မာမိသားစု အချင်းချင်းကပဲ တတ်နိုင်သလောက် ၀င်ရောက် ဖြည့်ကူရတာမျိုးတွေ လုပ်ပေးရလေ့ရှိပါတယ်။ Chruch ကျောင်းရဲ့ အထောက်အပံ့ရတဲ့ မိသားစုတွေကတော့ အဲဒီလို ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ Church ကျောင်းတွေရဲ့ အထောက်အပံ့ရခြင်း မရခြင်း ဆိုတာကတော့ ကုသိုလ်ကံလို့သာ ပြောရမှာပါပဲ။
ဟိုသယ် ဒီသယ်တွေ…
အမေရိကန်ကို လာဖို့အတွက် Departure Date ရပြီဆိုတာနဲ့ အတော်များများက မြန်မာအစားအစာများကို တနိုင်တပိုင် သယ်သွားကြဖို့ စိတ်ကူးလေ့ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမေရိကန်ကို အစားအသောက်တွေ သယ်လာတာနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းပြထားတဲ့ ဒီဆောင်းပါးကို ဖတ်စေချင်ပါတယ်။
အကောင်းဆုံး အကြံပေးချင်တာကတော့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာအစားအစာတွေ မသယ်တာကတောင် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သယ်လာတဲ့ စားစရာတွေအနက် တခုခုက သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ငြိစွန်းတာမျိုး ဖြစ်မယ်ဆိုရင် ခရီးစဉ်မှာ မလိုအပ်ဘဲနဲ့ နှောင့်နှေးတတ်ပါတယ်။ တချို့ဆိုရင် ငါးပိကြော်က အစ သယ်လာတော့ (စည်းကမ်းချက်အရ မသယ်ရဘူးလို့ မသတ်မှတ်ထားပေမယ့်) အနံ့အသက် မလုံခြုံမှုကြောင့် အဲဒီ ငါးပိကြော်ကိစ္စကို စစ်ဆေးနေရတာနဲ့တင်ကို အချိန်တွေ အတော်ကုန်ပါတယ်။ နောက်ပြီးတော့ ဒီနိုင်ငံမှာ အစားအစာနဲ့ပတ်သက်ရင် ကျနော်တို့ မြန်မာတွေ ပါးစပ်နဲ့ တည့်တဲ့ အာရှဈေးဆိုင်တွေ အများကြီးပါ။ မြန်မာ စားစရာတွေကလဲ ပြည်နယ်တိုင်းလိုလိုမှာ သူ့အချိတ်အဆက်နဲ့သူ ၀ယ်စားလို့ရနေတာမို့ စားစရာတွေကို မသယ်လာတာ ပိုကောင်းတယ်လို့တောင် မြင်ပါတယ်။
တတ်နိုင်ရင်တော့ မြန်မာရိုးရာအ၀တ်အထည် တချို့၊ မြန်မာစာအုပ်တချို့ကို သယ်တာကို ပိုအားပေးချင်ပါတယ်။ အဲဒါတွေက ဒီမှာ ရနိုင်သည့်တိုင်အောင် တော်တော်ဈေးကြီးတာမို့ အဲဒါတွေ သယ်တာကမှ ပိုသင့်တော်ပါဦးမယ်။
အဓိက ပြင်ဆင်ထားသင့်တာ…
ဒီကိစ္စကို `နိုင်ငံခြား သွားတော့မယ် ဆိုရင်…´ ပို့စ်တွေထဲမှာလဲ လူအတော်များများက ထည့်သွင်း ဆွေးနွေးခဲ့ကြဖူးပါတယ်။ အမေရိကားကို လာရတော့မယ်ဆိုတာ သေချာပြီဆိုရင် အဓိက ပြင်ဆင်ရမှာကတော့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို ကြိုတင်သင်ယူထားဖို့ပါပဲ။
တခါတရံမှာ အမေရိကန်ကို ရောက်ပြီးမှ ကိုယ်သွားရမယ့် ပြည်နယ်နဲ့ မြို့ကို ဆက်သွားဖို့အတွက် IOM (International Organization for Migration) ၀န်ထမ်းရဲ့ အကူအညီ မပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး ခရီးဆက်ရတာတွေ ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကြားခံလေဆိပ်တခုကို ရောက်တဲ့အချိန်မျိုးကျရင် အင်္ဂလိပ်စကား တလုံးမှ မတတ်ထားသူတွေ အဖို့ အတော်လေး ဒုက္ခရောက်ရလေ့ရှိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စကားကိုတော့ ရနိုင်သလောက် သင်လာကြဖို့ လိုအပ်ပါတယ်။
ဒီကိုရောက်တဲ့အခါမှာလဲ အင်္ဂလိပ်စကားကို မဖြစ်မနေ သင်သင့်ပါတယ်။ သင်ဖို့အတွက်လဲ ESL (English Second Language) Class တွေ ရှိပါတယ်။ မိမိမှာ ရှိတဲ့ အင်္ဂလိပ်စာ စွမ်းရည်အလိုက် Level ခွဲပြီးတော့ သင်ပေးတာမို့ သင်ချင်စိတ် ရှိဖို့ပဲ လိုပါတယ်။ တချို့က `ငါတို့က အသက်ကြီးပြီ၊ စာသင်ရမယ့် အရွယ်မဟုတ်တော့ဘူး´ လို့ တလွဲတွေးပြီး နေရာတကာမှာ ဘာသာပြန်ကိုပဲ အလွယ်တကူ သုံးပြီး နေလေ့ရှိပါသေးတယ်။ ဒါပေမယ့် ဒီမှာနေတာ အချိန်ကြာလာတဲ့အခါ၊ အလုပ်တကယ်တမ်း လုပ်ကြပြီဆိုတဲ့အခါမှာ အင်္ဂလိပ်စကား လုံးဝမပြောနိုင်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ကောင်းကောင်းကြီး ခံရတာမို့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကိုတော့ ဒီမှာနေနေသမျှကာလတွေအတွက် သေချာပေါက် လိုအပ်ပါတယ်။
အလုပ်အကိုင်…
များသောအားဖြင့်ကတော့ တတိယနိုင်ငံ အခြေချမိသားစုဝင်အနေနဲ့ အမေရိကန်ကို ရောက်လာသူ အတော်များများအတွက် အောက်ခြေလုပ်ငန်းတွေပဲ လုပ်ရတာများပါတယ်။ အင်္ဂလိပ်စာ အခြေခံ အင်မတန်ကောင်းသူတွေကတော့ သူတို့ကြိုးစားရင် ကြိုးစားသလို လခကောင်းတဲ့ အလုပ်တွေ ရလေ့ရှိပါတယ်။ ကျန်တဲ့ အများစုကတော့ အောက်ခြေအလုပ်ပေါ့…။
အမေရိကန်ကို ရောက်တဲ့အခါမှာ ကိုယ့်ဘ၀ကို ကိုယ့်ဘာသာကိုယ် ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ဆိုတာက အလုပ်ကောင်းကောင်း ရဖို့ပါပဲ။ မိသားစု တချို့က `အလုပ်ရှာပေးတာဟာ စပွန်ဆာရဲ့ အလုပ်´ လို့ တွက်ဆပြီးတော့ တော်တော်ကြီးကို အေးအေးလူလူနိုင်လွန်းတာကို တွေ့ရဖူးပါတယ်။ စပွန်ဆာက ရှာပေးလာတဲ့ အလုပ်ကိုကျတော့လဲ လခက ဘယ်လိုနည်းနေသေးလို့၊ ဟိုဟာဖြစ်လို့ ဒီဟာ ဖြစ်လို့ဆိုပြီး ဂျီးများတတ်သေးတာမျိုး ရှိပါသေးတယ်။
ဒီနိုင်ငံကို ရောက်တဲ့အခါမှာ ကိုယ်က အင်္ဂလိပ်စကား ကောင်းကောင်းမတတ်သေးလို့ အလုပ်ကို ဘယ်လိုရှာရမှန်းလဲ မသိဘူး၊ စပွန်ဆာကလဲ အလုပ်ရှာပေးနေတာ အဆင်မပြေဖြစ်နေတယ် ဆိုရင်တော့ အကောင်းဆုံးတခုကတော့ နီးစပ်ရာ အရင်ရောက်နှင့်နေတဲ့ မြန်မာမိတ်ဆွေတွေရဲ့ အလုပ်တွေမှာ ၀င်လျှောက်တာမျိုး၊ ရင်းနှီးတဲ့ မြန်မာသူငယ်ချင်း တယောက်ယောက် အကူအညီနဲ့ အလုပ်ရှာဖွေရေး အေဂျင်စီတွေက တဆင့် အလုပ်ရှာတာမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။
အလုပ်ရတဲ့အခါမှာလဲ ဒီနိုင်ငံမှာက Work History ဆိုတာ ရှိတော့ ကိုယ့်ရဲ့ အလုပ်သမိုင်းကြောင်း ကောင်းဖို့အတွက် အလုပ်ကို အချိန်မှန်သွားတာ၊ ပုံမှန်ကြိုးစားတာတွေနဲ့ Work History ကောင်းကောင်းရအောင် ထိန်းရပါမယ်။ Work History ကောင်းမှလဲ လက်ရှိ လုပ်နေတဲ့ အလုပ်ထက် ပိုကောင်းတဲ့ အလုပ်ကို ရှာတဲ့အခါမျိုးမှာ ပိုပြီးလွယ်ကူပါတယ်။ အလုပ်တခုမှာ တလနှစ်လ လုပ်လိုက်၊ နောက်တခုကို ထပ်ပြောင်းလိုက်ဆိုတာမျိုးက သိပ်များလွန်းရင်တော့ မကောင်းလှပါဘူး။
ကျနော်နေတဲ့ ပြည်နယ်က အေဂျင်စီတွေနဲ့ Church တွေဟာ သူတို့ခေါ်ယူထားတဲ့ မိသားစုတွေရဲ့ တာဝန်ကို သုံးလအထိပဲ တာဝန်အပြည့်အ၀ ယူပေးလေ့ရှိတာမို့ အဲဒီ သုံးလအတွင်းမှာ အလုပ်ရဖို့က သူတို့ကိုချည်း အားကိုးနေလို့ မရတာအမှန်ပါ။
အဖိုးတန်သော လေလုံးများ…
အမေရိကန်ကို ရောက်လာပြီဆိုရင် အများစုက Home Sick ဒဏ်ကို ခံရတာက တကြောင်း၊ ဟိုဘက်ဒီဘက် အသီးသီးရောက်နေကြတဲ့ တခြားသော ပြည်နယ်တွေဆီက မိတ်ဆွေတွေဆီမှာ အခြေအနေ စနည်းနာလို့တာက တကြောင်းကြောင့် Home Phone ရပြီဆိုတာနဲ့ အသားကုန် ဖုန်းပြောတော့တာပါပဲ။
ပြောနေတုန်းကတော့ ကိစ္စမရှိသေးပေမယ့် လကုန်ပြီဟေ့ဆိုတာနဲ့ လေလုံးတွေရဲ့ အဖိုးတန်ပုံကို ကောင်းကောင်းကြီး သိစေမယ့် Bill တွေ လာတဲ့အခါမှာ၊ ကိုယ်ကလဲ အလုပ်အကိုင်ကောင်းကောင်း မရသေးတဲ့အချိန်မျိုးဆို အခက်တွေ့လေ့ရှိတတ်ပါတယ်။ အဆိုးဆုံးကတော့ International Call တွေကို Phone card မပါဘဲ သုံးကြတာပါ။ မြန်မာပြည်လိုနိုင်ငံကို အဲဒီလိုခေါ်မိရင် တမိနစ်ကို နှစ်ဒေါ်လာခွဲလောက် အထိ ကျတတ်တယ်လို့ အကြိမ်ကြိမ် သတိပေးပေမယ့် ဘာကြောင့်မှန်းမသိ (လက်တွေ့စမ်းချင်တာလဲ ပါမယ်ထင်တယ်) တချို့မိသားစုတွေက ဖုန်းကဒ်ကို မသုံးဘဲ တိုက်ရိုက်ခေါ်တတ်ကြလို့ Bill လာတဲ့အခါမှာ တော်တော် ဒုက္ခများရပါတယ်။
တတိယနိုင်ငံမှာ…
တကယ်တော့ တတိယနိုင်ငံရောက် မိသားစုတွေကို အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ ခေါ်ယူတယ်ဆိုတာက ဘ၀တခုကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားခွင့်ရဖို့ပါပဲ။ သူတို့နိုင်ငံရဲ့ လိုအပ်ချက်တခုကို ဖြည့်ဆည်းချင်တာလဲ တချက်ပါတယ်ဆိုတာ မှန်ပေမယ့် ဒီနိုင်ငံကို ရောက်ခွင့်ရတဲ့ အခွင့်အရေးကို ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ အသုံးချသင့်ပါတယ်။
`ငါတို့ရဲ့ အရင်တုန်းက ဆင်းရဲဒုက္ခတွေဟာ ဒီနိုင်ငံမှာ ရောက်တာနဲ့ အားလုံး ပြီးသွားပြီ။ တခုခုဆို စပွန်ဆာတွေက ကူညီလိမ့်မယ်၊ အလုပ်မရှိရင် Food Stamp ထိုင်စားလို့ရတာပဲ´ လို့ တယောက်ယောက်ကများ ပြောလာပြီဆိုရင် အဲဒါဟာ အချက်အလက် အမှားတွေပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကိုရောက်တဲ့ တချို့ ပုဂ္ဂိုလ်များက မရောက်လာသေးတဲ့ မိသားစုတွေကို ပေးတဲ့အချက်အလက်တွေက (ဘာကြောင့်မှန်းမသိ) မှားနေတာတွေ၊ ပြီးတော့ အပိုဆာဒါးတွေ ပါတာမျိုးတွေ ရှိတတ်ပါတယ်။
အဓိကကတော့ ကိုယ်ကိုယ်တိုင်ကလဲ ကြိုးစားမယ်၊ ကိုယ်ကြိုးစားတာကိုမှ အခက်အခဲတချို့ရှိလာရင် အထောက်အပံ့ပေးသူ စပွန်ဆာ ဒါမှမဟုတ် နီးစပ်ရာ မိတ်ဆွေကို အကူအညီတောင်းတာမျိုးက ဒီမှာပို အဆင်ပြေပါလိမ့်မယ်။
တကယ်တမ်းကတော့ အချက်အလက်တွေ၊ သိစေချင်တဲ့ အရာတွေက အများကြီးပါပဲ။ ဒါပေမယ့် စာမျက်နှာပေါ် တင်ပြီး ရေးပြဖို့ကို စာစီရတာက (တခြားသော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်စရာတွေကို ဆင်ခြင်နေရတာနဲ့ပဲ) အကန့်အသတ် အများကြီး ရှိတာမို့ ဒီဆောင်းပါးကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။
အမေရိကန်ကို Resettlement Agency ရဲ့ အထောက်အပံ့နဲ့ လာရဖို့လဲ သေချာနေပြီ၊ သိချင်တဲ့ အချက်အလက်တွေလဲ ရှိနေတယ်ဆိုရင်တော့ ကျနော့်ရဲ့ အီးမေးလ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျနော် တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်မယ့် အချက်အလက်တွေကို ရှာပြီး ပြန်ဖြေပေးပါမယ်။
ကလိုစေးထူး
3 comments:
ကိုစေးထူးရေ...
တကယ်တော့ DV လို့ခေါ်တဲ့ Green card lottery ပေါက်ပြီး လာတဲ့သူနဲ့ တတိယနိုင်ငံ Process နဲ့လာတဲ့သူက လုံးလုံးမတူတာပါ။ လူအများစုထင်နေတာက DV ပေါက်ရင် အမေရိကန်နိုင်ငံကို ပိုက်ဆံတပြားမှမကုန်ဘဲ ရွှတ်ကနဲ ရောက်သွားတာလို့ ထင်ထားတာပါပဲ။ အဲဒါက လုံးလုံးကို မှားပါတယ်၊ အမေရိကန်သံရုံး က ဗီဇာတခုသာပေးတာဖြစ်ပြီး ကုန်ကျစရိတ် အားလုံးကို ကိုယ်ကသာ ကျခံရတြာ ဖစ်ပါတယ်။ ခုတော့ အကြမ်းဖျင်းပြော ရရင် လူတယောက်ကို အနည်းဆုံး ဒေါ်လာ ၃၀၀၀ ကုန်မှ အမေရိကန် နိုင်ငံကို ရောက်မယ်ဆိုတာပါပဲ။ နောက်တော့မှ ကိုယ်တွေ့တွေကို အသေးစိပ် ရေးပါဦးမယ်။
အခုတက်မဲ့သမ္မတ သက်တမ်းကုန်ရင်တော့ အမေရိကန်လာပြီး သမ္မတရွေးခံမယ် စိတ်ကူးတာပဲ။ အချက်အလက်တွေ လေ့လာထားပေးအုန်း ကလိုရေ ဟဲ
အမမေငြိမ်း...။
ဟုတ်...၊ ကျနော်ရေးခဲ့တဲ့ တချို့အချက်တွေက Green card lottery ပေါက်တဲ့လူတွေအတွက်လဲ အသုံးဝင်မယ်ဆိုတာက ဒီကိုရောက်ပြီးလို့ အလုပ်ရှာတဲ့အခါမျိုးတွေနဲ့ တခြားသော အချက်အလက်တွေကို ရှာရတာမျိုးတွေကို ဆိုလိုတာပါ။ (တကယ်တော့ အဲဒါတွေကို စုံစေ့အောင်လဲ မရေးလိုက်နိုင်ခဲ့ပါဘူး)။ DV အကြောင်းကို ရေးမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းမှာ ဖြစ်မှာရယ် ဘာပဲပြောပြော အကျိုးရှိတဲ့ ပို့စ်လေးတခုလဲ ဖြစ်မှာမို့ စောင့်ဖတ်ပါမယ် အမ..။
ကိုလူသစ်...။
မဖြစ်နိုင်ပါဘူးကွယ်...။ :P ဘာလို့လဲဆိုတော့ အမေရိကန်နိုင်ငံဖွား အမေရိကန်နိုင်ငံသားမှသာလျှင် သမ္မတနဲ့ ဒုသမ္မတ ဖြစ်ခွင့်ရှိပါသတဲ့။ :D
Post a Comment