`မင်္ဂလာပါ´
ဆိုင်ခင်းမယ်တောင် မကြံသေး၊ လူရှေ့မှာ လာရပ်ပြီး ပြုံးပြနေတဲ့ ထိုပုဂ္ဂိုလ်ကို မြင်လိုက်တော့ လောက၀တ်အရ ပြန်ပြုံးပြလိုက်ရသည်။ နောက်တော့ သူလဲ ကိုယ့်ဆိုင်ကိုကိုယ် ပြင်ဆင်ခင်းကျင်းနေရတာနဲ့ အလုပ်နည်းနည်းရှုပ်သွား၏။ အနည်းငယ် အားလပ်စပြုလို့ ခဏအနားရချိန်မှာပင် စောစောက ပုဂ္ဂိုလ်လည်း သူ့ဆိုင်ရှေ့ကို ပြန်ရောက်လာပြန်တော့သည်။ အင်း…၊ ထုံးစံအတိုင်း ထိုပုဂ္ဂိုလ် ဈေးတပတ်ပြည့်အောင် လှည့်ခဲ့ပြီးပြီနဲ့ တူပါရဲ့…။
***
ဈေးတန်းကလေး…။
ဒီဈေးတန်းကလေးကို သူ စရောက်ခါစကတော့ ဈေးတန်းထဲမှာ ဆိုင်ခန်းတွေက ကျဲတိကျဲတဲ…။ ဟိုတစ ဒီတစ ဖွင့်ထားတဲ့ ဆိုင်နည်းနည်းကလေးမှာမှ ပုံမှန် ဆိုင်ခင်းနိုင်တာက ပိုလို့တောင် နည်းသေးသည်။ အဲဒီတုန်းက ဒီဈေးတန်းကလေးကို စိတ်ဝင်စားသူတွေကလဲ တယောက်စ၊ နှစ်ယောက်စမျှသာ…။ ပြောရမယ်ဆိုရင်တော့ ဒီဈေးတန်းကလေးမှာ ဆိုင်လာခင်းကြတဲ့လူ အချင်းချင်း တဆိုင်နဲ့တဆိုင် ကူးလူးအားပေးလိုက်၊ ဘေးဘီက မိတ်ဆွေတွေကို `ဟဲ့…၊ ငါ့ဆိုင်ကလေးကို လာအားပေးပါဦး´ လို့ ဆွဲလွဲခေါ်လိုက်နဲ့သာ လုံးလည်ချာလည် လိုက်နေခဲ့ရသည်။
နောက်တော့ ဇွဲကောင်းကောင်းနဲ့ ပုံမှန်ဆိုင်ခင်းသူတွေရဲ့ အားထုတ်မှုကြောင့် ဈေးတန်းကလေးက တစတစနဲ့ လူသိများလာ၏။ ဈေးတန်းကလေးက ဆိုင်တွေက ဆိုင်ကြီး၊ ကန္နားကြီး မဟုတ်သည့်တိုင် အရည်အသွေး မသေးလှတဲ့ ဆိုင်တင် ပစ္စည်းကလေးတွေက ဖြတ်သွားဖြတ်လာတွေကို ဆွဲဆောင်နိုင်လာသည်။ ဒီလိုနဲ့ ဈေးတန်းကလေးဆီကို ပုံမှန် လာအားပေး လည်ပတ်သူတွေ များလာသလို ဈေးတန်းကလေးမှာ ဆိုင်ခင်းဖို့ စိတ်ဝင်စားသူတွေလဲ ထုနဲ့ထည်နဲ့ ဖြစ်လာတော့သည်။
နောက်ပိုင်းမှာတော့ တခြားသော ဈေးကြီးတွေက နာမည်ကြီး ဆိုင်ရှင်များကပင် ဒီဈေးတန်းကလေးရဲ့ ကျော်ကြားမှုကို အသိအမှတ်ပြုလာရတော့သည်။ ထို နာမည်ကြီး ဆိုင်ရှင်တွေထဲက တချို့ ဒီဈေးတန်းကလေးမှာ ဆိုင်ခန်းတနေရာ လာဖွင့်လိုက်တော့ ဈေးတန်းကလေးမှာ ပိုလို့ စည်ကားမြိုင်ဆိုင်နေတော့သည်ပေါ့။
သူ့အနေနဲ့ကတော့ ဒါသည်ပင် သူ့အိပ်မက်…။ ဟောဒီဈေးတန်းကလေးကို သူ စရောက်ခဲ့စဉ် ကတည်းက ဒီဈေးတန်းကလေးမှာ ဆိုင်မျိုးစုံစုံလင်လင်နဲ့ စည်စည်ကားကားကြီး ဖြစ်နေရင် ဘယ်လောက်ကောင်းပါလိမ့်မလဲ လို့ သူ မကြာခဏ တမ်းတခဲ့ဖူးသည်။
ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ဈေးတန်းကလေးက သူ တမ်းတခဲ့ဖူးသလိုပင် စည်ကားလွန်းမက စည်ကားခဲ့လေပြီ။
***
လောကမှာ အဆိုးနဲ့အကောင်းက ကပ်လျက်ဒွန်တွဲနေတယ် ဆိုသည့် စကားက သွေးထွက်အောင် မှန်လွန်းလှ၏။
သူ စည်ကားစေချင်ခဲ့သော ဒီဈေးတန်းကလေးမှာ အခုဆိုရင် ဆိုင်ခန်းပေါင်း ဘယ်လောက်ရှိနေပြီ ဆိုတာ ရေတွက်လို့ မရနိုင်လောက်အောင် များပြားနေတာ မှန်ပေမယ့် တခါတလေကျတော့လဲ ဈေးတန်းကလေးကို ကြည့်ပြီး စိတ်ညစ်ညူးရတာတွေက ရှိလာပြန်သည်။
တချို့က ဈေးတန်းကလေးကို `အရက်စော်နံတယ်´ လို့ ပြော၏။ တချို့ကျတော့ `နပမ်းရုံကျနေတာပဲ၊ အမြဲတမ်း သတ်ပုတ်နေကြတယ်´ လို့ ပုတ်ခတ်၏။ ဒါပေမယ့် အရက်ဆိုင်ကို မရောက်ဘဲ တခြားတဘက်က ဆိုင်တန်းကောင်းတွေဘက်ကိုသာ ရောက်သူတွေကျတော့လဲ ဈေးတန်းကလေးကို ချီးမွမ်းလို့မဆုံး…။ ဆိုးတာတခုကတော့ တခါတလေကျရင် ဆယ်အိမ်ခေါင်းနဲ့ ရွာသူကြီးအမျိုး ခပ်ဆိုးဆိုးလူတချို့ ဈေးဆိုင်ထဲမှာ ရမ်းကားတတ်တာ တခုကတော့ အတော်ဆိုးလှ၏။
အင်းလေ…၊ လောကမှာ အကောင်းချည်းသက်သက်တော့ ဘယ်ရနိုင်ပါ့မလဲ…။
***
သူ့ဆိုင်ရှေ့မှာ စောစောတုန်းက လာပြုံးပြသွားတဲ့ ပုဂ္ဂိလ်သည်လည်း ဒီဈေးတန်းကလေးမှာ ဆိုင်ခန်းတခုတော့ ပိုင်ဆိုင်ထား၏။ ထိုပုဂ္ဂိုလ်ရဲ့ဆိုင်မှာ ဘာတခုမှတော့ မယ်မယ်ရရ တည်ခင်းမထားချေ…။ ဒါပေမယ့် ပုဂ္ဂိုလ်ကြီးက တခြားဆိုင်တွေကိုတော့ ဆိုင်ပေါက်စေ့ ရောက်နိုင်တယ်လို့ ပြောရမည်။ တခါတလေ သူ တခြားဆိုင်တွေကို ဟိုဟိုဒီဒီ လိုက်လည်ပလားဆိုတာနဲ့ ပုဂ္ဂိုလ်ကြီးကို အဲဒီဆိုင်ရှေ့မှာ ခပ်ပြုံးပြုံးကြီးနဲ့ အခန့်သားတွေ့ရပြီ။
ပုဂ္ဂိုလ်ကြီးကို သူ သတိထားမိတာ တခုကတော့ ပြုံးနိုင်လွန်းခြင်းပင်…။ သူမို့ သူ့ဆိုင်မှာ တခုခု အသစ် တည်ခင်းပြီလားဟေ့ ဆိုရင် ဆိုင်ရှေ့မှာ ပုဂ္ဂိုလ်ကြီးက ခပ်ပြုံးပြုံးနဲ့ သူများထက် အရင် ရောက်နှင့်နေပြီ။ သူ့ဆိုင်မှာ ခင်းကျင်းထားတာတွေကို သဘောကျလို့လား၊ ဒါမှမဟုတ် ဘာလို့ ပြုံးတာလဲ သူတကယ်မသိ…။ ဒီထက်ပို ထူးဆန်းတာက သူနဲ့ ပုံစံခြင်းမတူသော၊ တူသော တခြားဆိုင်တွေမှာလဲ ပုဂ္ဂိုလ်ကြီးက အမြဲလိုလို ပြုံးပြနေပြန်သည်။ နောက်တော့လဲ ` မိတ္တဗလ ပြည့်စုံဟန် တူပါရဲ့´ လို့သာ မှတ်ချက်ဖွဖွကို စိတ်ထဲကနေ ပေးရသည်။
အခုတော့ ဘာစိတ်ကူးပေါက်သည် မသိ…။ ပုဂ္ဂိလ်ကြီးက သူ့ဆိုင်ရှေ့က ခုံမှာ အခန့်သားထိုင်နေလေပြီ။
`ကျနော်တော့ ရွာပြန်တော့မယ်ဗျ´
`သြော်…၊ ဟုတ်ကဲ့၊ အပြီးပြန်မှာလား´
`ဟုတ်ကဲ့´
`ဟုတ်ကဲ့၊ ကောင်းပါတယ်ဗျာ´
အကြောင်းအရာ အလ္လာပ၊ သလ္လာပတွေနဲ့ စကားလုံးတောထဲကို နှစ်ယောက်သား မျောသွားကြပြန်သည်။ ခဏကြာတော့…
`ခင်ဗျားကိုတော့ လေးစားတယ်ဗျာ၊ လုပ်လဲလုပ်ကြပါ´
`ဟုတ်ကဲ့´
`သေချာလေးလဲ စံပြလုပ်ပြကြပါဗျာ၊ အပြောနဲ့ အလုပ်တလွဲတွေ မြင်နေရတာ အားမရဘူး´
`အင်း၊ ကျနော်လဲ စိတ်ထဲ ရှိသလိုတော့ လုပ်နေတာပဲ၊ စံပြရယ်တော့ မဖြစ်လောက်ပါဘူး။ ကိုယ့်ကိုယ်ကို အဲလိုပဲ ကျနော်မြင်တယ်´
နောက်တော့ သူကြီးအိမ်မှာ သူ နှစ်လလောက် နေဖူးတဲ့အကြောင်းတွေ၊ သူကြီးတို့ အမျိုးတွေက ဘယ်လိုဘယ်ပုံနဲ့ စကားတွေဖောင်ဖွဲ့ပြီး လေလှိုင်းတောမှာ လူးလွန့်ပြန်သည်။
`အားလုံးက ရွာကောင်းဖို့ လုပ်နေကြတာပဲလို့ ကျနော်မြင်ပါတယ်´
`ဒါပေါ့´
ကျောင်းတုန်းက သူ့ဆရာတယောက်က သူ့ကို သင်ပေးထားသည်။ လူတယောက် ကိုယ့်ကို စကားလာပြောနေရင် သူပြောနေတာကို စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ သူ့ကို သေချာစိုက်ကြည့်ပြီး အာရုံစိုက်နားထောင်ပေးပါ…တဲ့။ ဒါဟာ လူမှုဆက်ဆံရေးရဲ့ ယဉ်ကျေးမှု တခုပဲတဲ့…။ ဒီလိုနဲ့ပဲ `ဟုတ်ကဲ့´ တွေ ထပ်နေအောင် ပုဂ္ဂိုလ်ကြီးကို ဧည့်ခံရပြန်သည်။
`ကျနော် ငယ်ငယ်ကလေးတည်းက မဆဲပါဘူး၊ အမြဲကောင်းအောင်ပဲ ကြိုးစားနေတယ်၊ မိန်းမနဲ့တောင် ရန်မဖြစ်ဘူး၊ ပြောမရရင် မပြောဘဲနေတယ်၊ အမှန်တရားကိုတော့ အထိမခံဘူး၊ နောက်တော့ သူပဲ လာပြန်ကန်တော့ရတယ်´
`ဟုတ်ကဲ့´
`ဘယ်သူပဲ အုပ်ချုပ်ပါစေဗျာ၊ အဓိကက ရွာကောင်းဖို့ပါပဲ။ နောက်ပြီး ကိုယ့်တာဝန်ပိုင်းကို အကောင်းဆုံး အရိုးသားဆုံး လုပ်ကြဖို့ပါပဲ´
`ဟုတ်ပါတယ်၊ ကျနော်လဲ အဲဒီလိုပဲ မြင်ပါတယ်။ စေတနာမထားတဲ့လူကိုတော့ ဆန့်ကျင်ရမှာပေါ့´
`ပြောချင်တာကတော့ ကျနော်က ရွာလောက်တောင် မဟုတ်ဘူး၊ စကြာဝဠာကြီး တခုလုံးကိုတောင် ငြိမ်းချမ်းစေချင်တာ´
***
စကားစတွေ ဖြတ်ပြီးချိန်မှာတော့ ပုဂ္ဂိုလ်ကြီးလဲ တခြားဆိုင်ခန်းတွေဘက် ခြေဦးလှည့်သွားလေပြီ။ ဘယ်ဆိုင်မှာ သွားထိုင်ပြီး ဘာတွေ ပြောဖြစ်ဦးမယ်တော့ မသိ…။ သူကြီးတို့ အမျိုးတွေဆိုင်ကိုပဲ ရောက်လေမလား၊ ဒါမှမဟုတ် ဆိုင်ခန်းတိုင်းလိုလိုရဲ့ အရှေ့မှာ သွားပြုံးပြနေဦးမလားလဲ သူ မပြောတတ်ပါ။
မည်သို့ပင်ဖြစ်စေ…။
ဈေးတန်းကလေးကတော့ စည်ကားနေမြဲပင်…။
***
ကလိုစေးထူး
24 comments:
အဲဒီဆိုင်ခန်းတွေ သိပ်မစည်ကားခင်ကလည်း အဲဒီလူကြီး မြန်မာလက်ဘက်ရည်ဆိုင်တို့၊ ပဒုမ္မာဈေးတို့၊ ပလဲနက်ဟိုတယ်တို့၊ နေးတစ်ဓမ္မာရုံတို့၊ ပုဂံထမင်းဆိုင်တို့မှာ မတွေ့မိဘူးလား။
ပြုံးပြတတ်တာကတော့ မိတ္တဗလ ဋီကာကို အတိအကျ လိုက်နာလို့နေတာ ဖြစ်မှာပေါ့ဗျာ။ “လူတွေ့ရင် ပြုံးပြပါ” ဆိုတာလေ။ နောက်ပြီး ဒဂုန်တာရာပြောသလို နိုင်ငံရေးမှာ အမြဲတမ်း ရန်သူမရှိ၊ မိတ်ဆွေသာ ရှိတယ် ဆိုတာလိုပေါ့ဗျာ။ ဒါထက် ကိုစေးထူးဆိုင်မှာရော ဘာတွေ အားပေးသွားသေးလဲဗျ။
ဈေးတန်းထဲကလူ ဈေးတန်းထဲလူ သူကရွာပြန်တော့မယ်တဲ့လား?
အပြုံးဆိုရာမှာလဲ အမျိုးမျိုးရှိသား… ကြိုက်ပြုံး… ပျော်ပြုံး… ကြိတ်ပြုံး… မဲ့ပြုံး… ခနဲ့ ပြုံး…….
ဒါထက်… ကျွန်မဆိုင်လေးဘက်လဲ လမ်းကြုံရင် ၀င်ခဲ့ပါဦး…
Dear Ko Say Htoo
I can't see other posts. Only latest post. Please show me how to fix it. Thanks.
ပြုံးတတ်တဲ့လူကြီး..
ရွာပြန်တော့မယ်တဲ့လား?
အပြုံးလေးတွေမမြင်ရတော့ဘူးပေါ့နော်..
ပြန်သေးပါဘူး။ တနှစ်နီးပါးလိုသေးတယ်။ ဘာပဲဖြစ်ဖြစ် ပြန်ရင် ဒီပြုံးဖြဲဖြဲကြီးကို လွမ်းနေရအုန်းမှာပဲ ဟဲဟဲ
အင်းး ဖျက်လိုဖျက်ဆီးမလုပ်တာရယ်... သူကြီးကို နာနာ ကန်တော့ဖို့ ဖိအားပေးမသွားတာရယ်ကိုပဲ ကျေးဇူးတင်ရတော့မှာပဲ :D
ကျွန်တော်ကတော့ ဖွင့်ချင့်လို့သာ ဖွင့်ထားရတာ.. မကိုက်ဘူးရယ်.. အရင်းထဲက ပါနေတယ်.. :) [ ပြုံးပြတာ အကျင့်ပါနေလို့ :) ]
ဈေးတန်းထဲက လူ လာလည်သွားပါတယ် ... အမှတ်တရ ဂုဏ်ပြုပေးတာ ကျေးဇူး ... :)
အဲဒီလူကြီးကို သွားတိုက်ဆေး ကြော်ငြာ ရိုက်ခိုင်းရမယ်။
သည်ပုံကို ကြည့်ပါ အဝေးကနေ မြင်နိုင်သည် ဆိုတာမျိုးပေါ့။ ဟဲဟဲ...
သြော်... ဒါနဲ့ ဆရာသမားက မိန်းမနိုင်ကြောင်းပါ ကပ်ကြွားထားတယ်ဗျို့။ တွေ့မယ် တွေ့မယ် သူ့ မဟေသီ ထိပ်ခေါင် မဒမ်ကြီး အွန်လိုင်း လာမှ မသိမသာလေး ကပ်ချွန်ပေးလိုက်အုံးမယ်။ အဟက်...
စတာနော် အတည်...
ကမ္ဘာကြီးအားလှပစေလိုလျှင်
သင့်မျက်နှာအား အရင်ဆုံးပြုံးလိုက်ပါ ။
မည်သူကိုမျှမရည်ရွယ်ပါ ။
အားလုံးအတွက် ပါ ။
ကိုယ့်တာဝန်ပိုင်းကို အကောင်းဆုံး အရိုးသားဆုံး လုပ်ကြဖို့ပါပဲ
တာဝန်ဆိုတာရယ် လုပ်နိုင်ဖို့ဆိုတာရယ် ရိုးသားဖို့ဆိုတာရယ်
တစ်ခါတရံတော့လည်း စည်းစားမိသားဗျ
ရွာမှာဖြင့်မနေနိုင်လို့ အပြင်ကိုရောက်သွားပြီးကာမှ
ရွာကောင်းစားရေးဆိုပြီး ပြောဆိုနေကြတာတွေအတွက်
သူတို့မှာပြောဆိုပိုင်ခွင့်ရှိရဲ့လားလို့ပါဗျာ
မှားရင်လည်းမှားမှာပေါ့ဗျ နော် ရမ်းတဲ့သူတွေများတော့လည်း တွေးရတာပေါ့ဗျာ
ဈေးတန်းထဲကလူရေ ရွာကိုပြန်လာတာဝမ်းသာစရာပေါ့
ကျနော်တို့ကလည်း ကြိုနေပါတယ်ဗျာ
မှတ်ချက်လာပေးသွားကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ မှတ်ချက်တွေ အားလုံး အနက်ကမှ ကိုမုတ်သုံလေး ပြောသွားတဲ့ အထဲက အချက်တွေကိုတော့ ကျနော် နည်းနည်းလောက် ပြန်ပြောချင်တယ်။
ရွာမှာ မနေနိုင်လို့ ထွက်သွားတယ် ဆိုတဲ့နေရာမှာ အဲဒီလူတွေ ဘာကြောင့် ထွက်သွားရလဲ ဆိုတာကို ကိုမုတ်သုန်လေး ခွဲခြား နားလည်ပေးဖို့တော့ လိုလိမ့်မယ်။ ကိုမုတ်သုန် ဖြတ်သန်းရှင်သန်ခဲ့ဖူးတဲ့ ဘက်တဘက်တည်းကို ကြည့်ပြီးတော့ ရွာကထွက်သွားတဲ့လူက ရွာကောင်းကျိုး ပြောခွင့် ရှိလို့လားလို့တော့ တဘက်စောင်းနင်း မပြောစေချင်ဘူး။ ရမ်းတဲ့လူတွေ များတယ်ဆိုရင် အဲဒီရမ်းတဲ့လူတွေကို မရမ်းအောင်ရော ကိုမုတ်သုန်လေး မကြိုးစားကြည့်ချင်ဘူးလား။ ကိုမုတ်သုန်လေး ပြောသလိုပဲ ခင်ဗျားက ခင်ဗျားနားလည်ထားတဲ့ တာဝန်ဆိုတာကို ရွာရဲ့ အမှန်တကယ် ကောင်းကျိုးတွက် တကယ်ပဲ လုပ်နေတယ်ဆိုရင် အဲဒီရမ်းတဲ့လူတွေ ခင်ဗျားကိုကြည့်ပြီး သူတို့ရမ်းနေရတာကို ရှက်လာပါလိမ့်မယ်။
ကိုမုတ်သုံလေးနဲ့ ကျနော်ဆိုတာက ထဲထဲဝင်ဝင် ခင်မင်တယ်လို့ ပြောရင် ပိုမှန်မယ် ဆိုတော့ ခင်ဗျားဆီကနေ အဲဒီလို စကားထွက်လာတာကိုတော့ ကျနော် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျား နားလည်စာနာတတ်လာအောင် ရွာပြင်ရောက်ခဲ့ရတဲ့ ဘ၀တွေ အကြောင်းကို ကျနော် အသေအချာရေးပါဦးမယ်။
ဟုတ်တယ်ကိုစေးထူး
ကျနောပြောတဲ့စကားဟာ ဘက်တစ်ဖက်တည်းက ကြည့်ပြီးပြောခဲ့တာပါပဲအစ်ကို
ကိုစေးထူးစိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အတွက် ကျနော့စကားအဓိပ္ပာလ်ကွဲသွားတာကြောင့်ဖြစ်မယ်ထင်ပါတယ်
ရွာအပြင်ရောက်တဲ့လူတိုင်းကို မဆိုလိုပါဘူးအစ်ကို
ရွာအပြင်ရောက်ပြီး အေးအေးဆေးဆေးနေနေကြတဲ့သူတွေလည်း အများကြီးရှိနေတာပဲဆိုတာလည်း ကျနော်သိပါရဲ့
ရွာအပြင်ရောက်ပြီး ရွာကောင်းကျိုးကို ကိုယ်ကျိုးစွန့်လုပ်နေတဲ့သူတွေရှိတယ်ဆိုတာလည်း ကျွန်တော်သိပါရဲ့
ကျနော့စကားက ၀ါးလုံးရှည်နဲ့ သိမ်းရမ်းပြီး ပြောလိုက်သလိုဖြစ်သွားသလားလို့ ကော်မန့်ပေပြီးတော့ တွေးမိပါသေးရဲ့
ကျနော့စကားမှားမယ်ဆိုတာနဲ့ ရမ်းတဲ့လူတွေများတယ်လို့ကျနောပြောထားခဲ့တယ်နော်
ကိုစေးထူးရေးလာမယ်ဆိုတဲ့အတွက်လည်း ကျနော်ကြိုဆိုပါတယ်ဗျာ
ကျနော့ဆီကလှမ်းကြည့်လိုက်တါံပြတင်းပေါက်လေးက သေးကောင်းသေးနေမှာပေါ့အစ်ကို
အပြင်မှာဘာတွေဘယ်လောက်အထိ ကျယ်ပြန့်နေမလဲ ခင်းကျင်ထားမလဲဆိုတာ ကျနော့ပြတင်းပေါက်ကကြည့်လိုက်တဲ့အနေအထားက ပြည့်စုံချင်မှပြည့်စုံမယ်ဆိုတာလည်း ယူဆမိပါရဲ့
အထူးသဖြင့်စိတ် စိတ်တွေကို နားလည်ဖို့ဆိုတာ အဌားခံစားလိုက်ရုံနဲ့ဖြစ်နိုင်တာမဟုတ်ဘူးဆိုတာလည်း ကျနောလက်ခံပါတယ်
ကိုစေးထူးရေ
ကျနောပြောလိုက်တဲ့စကားဟာ အပြုသဘောမဆောင်ဘူးဆိုရင်တော့ စိတ်မကောင်းဖြစ်ရပါရဲ့ဗျာ
ကိုစေးထူးပြောသလိုပါပဲ ကိုစေးထူးနဲ့ ကျနောဆိုတာ ထဲထဲဝင်ဝင်ခင်တဲ့သူတွေဖြစ်တာကြောင့် ကျနော့စိတ်ကို အစ်ကိုပိုနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါရဲ့ဗျာ
အစ်ကိုရေ ကျနောတစ်ခု သွားသတိရမိပါတယ်
ဂဏန်းတွေကိုပလိုင်းထဲထည့်ထားတဲ့အခါ တစ်ကောင်က ပလိုင်းကလွတ်ဖို့ကြိုးစားနေတာကို ကျန်တဲ့ကောင်တွေက ဆွဲချတတ်တယ်ဆိုတဲ့သဘောကိုပါ
ဆွဲချတတ်တဲ့ဂဏန်းတွေထဲမှာမပါအောင် ကျနောကြိုးစားနေပါရဲ့ဗျာ
ထောက်ပြဝေဖန်တဲ့အတွက် ကျေးဇူးအများကြီးတင်လျက်ပါဗျာ
စကားလုံးတွေကတဆင့် ကျနောတို့တတ်စွမ်းသလောက် အမှန်တရားကိုချဉ်းကပ်ကြရမပေါ့ဗျာ
ကျနော့အနေနဲ့ မှားနေတယ်ဆိုရင်တော့ ပြင်လိုက်မှာပါပဲ
ဒွသည်ကသာလျှင် ဖက်တဖက်တည်းကြည့်ခြင်းဆိုတာရယ် တစ်ဖက်စောင်းနင်းဆိုတာတွေရယ်ွကလွတ်မြောက်နိုင်မယ်မဟုတ်ပါလား
ကိုစေးထူးရဲ့  အတွေးစိတ်ကူး နဲ့  သရုပ်ဖေါ် ရေးသားထားပုံလေးက ကောင်းလိုက်တာ ဆိုတာထက် အများကြီး ပိုပါတယ်။ လူတစ်ကာကို ရန်လုပ်ချင်၊ မူးပြီး ရမ်းချင်၊ နပမ်းသတ်ချင် ဖြစ်နေတာတွေထက်စာရင် အပြုံးကိုဆောင်နေတာက အများကြီး တော်သေးတာပေါ့ လို့ ထင်မြင်မိပါတယ်..။
ပြုံးပုံ ပြုံးနည်းတွေကိုတော့... အင်း.. သရုပ်မခွဲလိုတော့ပါဘူးလေ။
သက်ဝေလဲ အဲဒီလို ကြက်ပျံမကျ စည်ကားနေတဲ့ ဈေးတန်းလေးထဲမှာ သိပ်ဖွယ်ဖွယ်ရာရာ မဟုတ်ပေမယ့် ဆိုင်လေးတစ်ဆိုင် ကြိုးစားပမ်းစား ခင်းကျင်းထားပါတယ်။ အားလပ်လို့  ကြုံကြိုက်တဲ့အခါမှာ တစ်ခေါက်တကျင်း ၀င်ရောက် လည်ပတ်စေချင်ပါတယ်...။ (ကြော်ငြာဝင်တယ် လို့ တော့ မထင်စေချင်ပါ... :-P)
ဈေးတန်းထဲမှာ နေခဲ့ဖူးတယ် ပျော်ခဲ့ဖူးတယ် ခုတော့ ပြန်မယ် ကြိုက်တာလုပ် အောရိုက် ကျွန်တော့်ဆီတော့ လက်ကား လာဝယ်သားကလား :D
ဈေးတန်းကလေး နဲ့ ဆိုင်ခန်းလေးတွေရဲ့အဖြစ်အပျက်တွေအားလုံးကိုပုံဖော်ပေးထား တဲ့ ကိုစေးထူး ရဲ့အတွေး အရေး လေးတွေကို နှစ်သက်မိပါတယ် ၊၊
ဈေးလာဝယ်သူ ၊ဈေးလည်ပတ်သူ တွေအားလုံးနဲ့ဈေးတန်းကလေး စည်ကားမြိုင်ဆိုင်နေတာလေးကိုကြည့်ပြီးပီတိဖြစ်မိပါ
တယ်၊၊
အားလုံးပျော်ရွှင်အဆင်ပြေကြပါစေဗျာ ၊၊
ဈေးသည်လေးတစ်ယောက် လာရောက်သွားပါတယ်ဗျာ ဒီဈေးသည်လေးက ဒီဆိုင်က ဈေးသည်ကြီးရဲ့ ရောင်းနည်း ရောင်းဟန်တွေကို အမြဲ သင်ယူနေကြောင်းပါ လမ်းကြုံရင် ကျနော့်ဆိုင်က အသုတ်စုံချဉ်ငန်စပ်လေးတွေ အားပေးပါအုံး ;)
ကျွန်တော်အမြင်ကတော့ သူအဲဒီလို လျှောက်သွားတာ လျှောက်လည်တာ အပြစ်လို့ မမြင်ဘူး...။ ဘယ်သူ့ကို နစ်နာစေ လို့လဲ(1001ကို လူတိုင်းဖတ်ဖူးမှာပါ နှိုင်းယှဉ်ကြည့်စေလိုတယ်)...။ ကုန်ကုန်ပြောရရင် သူအဲဒီလို ဘလော့တစ်ခုကို သွားလည်တယ်ဆိုရင်ဖြင့် ဘလော့ဂါတစ်ယောက်က ပျော်ပါတယ်(ခင်ဗျားလို နာမည်ကြီးဘလော့ဂါတွေ အတွက်တော့ တစ်မျိုးပေါ့)...။ အဲဒီကိစ္စကို အပြစ်တစ်ခုလို ယူဆပြီး အခုလို စောင်းမြောင်းရေးတာက မှားတယ်လို့ မြင်ပါတယ်...။
ကိုရက်မန်ရေ...။
ကျနော်ရေးတာဟာ စောင်းမြောင်းရေးတာ မဟုတ်ဘဲ ဒဲ့ရေးတာဖြစ်တဲ့အတွက် ကာယကံရှင်ကတောင် တိုက်ရိုက်သိပါတယ်။ ပြီးတော့ သူ လိုက်လည်တာကို ကျနော် အပြစ်တင်နေတဲ့ပုံစံလဲ မရေးခဲ့ပါဘူး။ လိုက်လည်နေလို့လဲ ကျနော့်ကို ဘာမှမထိခိုက်သလို ဘယ်သူ့ကိုမှလဲ ထိခိုက်တာ မဟုတ်ပါဘူး။ အပေါ်မှာ ရေးသွားကြတဲ့ များစွာသော ကွန်မန့်တွေကို ဖတ်လိုက်မယ်ဆိုရင်လဲ အရေးခံရသူကို ထိခိုက်နစ်နာတယ်လို့ ထင်တဲ့လူ မရှိပါဘူး။ အရင့်အရင်ကလဲ ကျနော်နဲ့ တွေ့ရ၊ကြုံရတဲ့ လူတွေထဲက လူတချို့ရဲ့ မှတ်သားလောက်စရာတွေကို ကျနော် ပို့စ်လုပ်ပြီး ရေးခဲ့ဖူးပါတယ်။ ဥပမာ... `သူနဲ့ ကျနော်´ ပို့စ်...။ အခုရေးလိုက်တာ အဲဒီပို့စ်ပုံစံနဲ့ သိပ်မခြားနားလှပါဘူး။ ဘ၀တကွေ့မှာ လူတွေနဲ့ ကျနော် ထိတွေ့ဆက်ဆံရတယ်၊ အဲဒီလူတွေထဲက တချို့ စိတ်တံခါး တစိတ်တပိုင်းကို ကျနော် သိမ်သိမ်မွေ့မွေ့နဲ့ လှစ်ဟပြကြည့်တဲ့ သဘောထက် ဘာမှ မပိုပါဘူး။
အော်... တုန်းလိုက်တဲ့....မီးမီး..
အဲဒါ... .....ကို ပြောတာကိုးးးး
ဟီးးးး
ညံ့ချက်က ကမ်းကုန်
ဈေးတန်းအပြင်က ငေးတတ်သူ
ကျွန်တော်တို့လည်း ဒီဈေးတန်းထဲမှာ မြုပ်မှန်းမသိ နှစ်မြုပ်နေခဲ့တာ တစ်နှစ်ပြည့်တော့မယ် အစ်ကိုရေ။ :) အစ်ကို့ ဆိုင်ခန်းလို စေတနာကောင်း၊ အရည်အသွေးကောင်းပြီး၊ ဈေးနှုန်းမျှတတဲ့ ဆိုင်ခန်းလေးတွေ များများပေါ်လာပါစေလို့ ဆုတောင်းပေးပါတယ်။
သူ့ကို ကြည့်မရပါ။
သေချာဖတ် မဖတ် တော့မသိဘူး။
ပြုံးနေတဲ့ အရုပ်တွေနဲ့ လာလည်သွားပါသည်ဆိုတဲ့ သူ့နာမည်နဲ့ စာကြောင်းတွေက ဘလောက်တော်တော်များများရဲ့ စီဘောက်စ်မှာ တွေ့နေရတယ်။
သူလာလည်တာ ဘာထူးဆန်းပါသလဲ လို့တွေးမိပါတယ်။
ကိုယ်ပိုင်ဘလောက် မ၇ှိတဲ့ စာဖတ်သူတွေအများကြီးပါ။ နာမည်မရှိ နာမည်မကြီး စာဖတ်သူတွေပါ။
Post a Comment