Wednesday, July 30, 2008

သူတို့နဲ့ ကျနော်တို့...။

သူတို့ လာခဲ့ကြပါပြီ။

လာခဲ့ရုံတင်မှ မက ပိုင်တိပိုင်စိုး၊ ရိုင်းတိရိုင်းပျ၊ မောက်တီးမောက်မာမာနဲ့ကို အခန့်သားကြီး နေရာယူလို့ နေကြပါပြီ။ တချက်တချက်မှာ အိနြေ္ဒရ ရွာသူကြီးလိုလို လူကြီးလူကောင်းပုံစံဟန်ပန် ဆန်လှစွာ၊ တချက်တချက်မှာတော့ စရိုက်ဆိုးသွမ်း ငါးစိမ်းတန်းက အရှုံးပေးလောက်အောင် စွာကျယ်ကျယ်နိုင်လှစွာနဲ့ပဲ သူတို့ နေရာယူခဲ့ကြပါပြီ။

ဒီလူတွေကို ဘယ်သူတွေက ခေါ်လာတာလဲ။ ဒါမှမဟုတ် ဒီလူတွေ ဒီနေရာကို ဘာကြောင့် ရောက်လာကြတာလဲ။ ဒီနေရာမှာ သူတို့ ဘယ်လောက်အထိ ဆက်နေကြဦးမှာလဲ။ ဆက်နေမယ်ဆိုရင်ရော ဘယ်လိုလူစားတွေက အဲဒီလူတွေကို အားပေးအားမြှောက် ပြုကြမှာလဲ။ ဘယ်သူကမှ လက်မခံရင်ရော သူတို့က ဒီနေရာကနေ ထွက်သွားမှာလား။

***

လွန်ခဲ့တဲ့ (၈) လလောက်က `ပြိုင်ပွဲ´ ဆိုတဲ့ ပို့စ်လေး တပုဒ်ကို ကျနော်ရေးခဲ့ဖူးတယ်။

အဲဒီတုန်းကတော့ ထူးခြားပြောင်းလဲလာတဲ့ ဘလော့ဂ်လောကကို သတိထားမိတာနဲ့အတူ ဖြစ်လာနိုင်ဖွယ်ရာရှိတဲ့ အရိပ်အယောင်တွေကို ရှင်းပြပြီးတော့ ကျနော်နဲ့ စိတ်တူကိုယ်တူ တခြားသော မိတ်ဆွေဘလော့ဂါတွေရဲ့ သဘောထားကိုလဲ တီးခေါက်ကြည့်ခဲ့မိတာပါပဲ။ အခု အဲဒီပို့စ်ကို ရေးခဲ့တာ (၈) လ ကျော်လွန်လာတဲ့ အခါမှာတော့ အဲဒီတုန်းက ကျနော်တို့တတွေ ထင်မြင်ခဲ့တာတွေနဲ့ လက်ရှိအခြေအနေကို ပြန်ပြီးတော့ ယှဉ်ထိုးကြည့်ချင်မိတယ်။

ဒီလိုနဲ့ပဲ အခု စာစုလေးကို ရေးဖြစ်လိုက်တယ် ဆိုပါတော့…။

***

`ကြံ့ဖွတ် အသင်းဝင်တွေကို ဘလော့ဂ်လုပ်နည်း သင်တန်းတွေ ပေးနေတယ်´

အဲဒီ သတင်းကို ကြားလို့မှ သိပ်မကြာပါဘူး။ လက်ရှိအာဏာပိုင်ကို ထောက်ခံအားပေးတဲ့ ဘလော့ဂ်တခုပေါ်မှာ အမည်ပေါင်းစုံနဲ့ ဘလော့ဂ်အသစ်အများကြီးကို လင့်ခ်ချိတ်ထားတာကို တွေ့ခဲ့ရတယ်။ ပို့စ်လေးတွေက ဘာမှဟုတ်တိပတ်တိ ရေးထားတာတော့ မဟုတ်ပါဘူး။ ကျောင်းသင်ခန်းစာထဲက စာတချို့နဲ့၊ သူတို့ကိုယ်သူတို့ မိတ်ဆက်ထားတဲ့ ပို့စ် တခုတလေကလွဲရင် ဘာမှမတင်ဖြစ်လိုက်ကြတဲ့ အဲဒီဘလော့ဂ်တွေရဲ့ လင့်ခ်တွေ အချိန်သိပ်မကြာခင်မှာပဲ အားလုံး ပျောက်ကွယ်ကုန်ပါတယ်။

ဆိုလိုတာက အာဏာပိုင်တွေရဲ့ စီစဉ်မှုနဲ့ ကြံ့ဖွတ်အသင်းဝင်တွေကို ဘလော့ဂ်သင်တန်းတွေ တကယ်ပဲ ပေးခဲ့တယ်ဆိုတာတော့ ဟုတ်တယ်၊ ဒါပေမယ့် အဲဒီ ဘလော့ဂ်သင်တန်းကနေ မွေးထုတ်လိုက်ပါတယ်ဆိုတဲ့ ဘလော့ဂါတွေ တကယ့်တကယ်တမ်းမှာ မြန်မာဘလော့ဂ် အသိုင်းအ၀န်းကို ဘယ်လိုပုံစံနဲ့မှ မထင်ပေါ်လာခဲ့ပါဘူး။

ခန့်မှန်းကြည့်ရသလောက်ကတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ အစီအစဉ်နဲ့ သင်ဟေ့၊ သင်ဟေ့ ဆိုလို့သာ သင်လိုက်ကြရတယ်၊ ဘလော့ဂ်တခုကို ဘယ်လိုရေးကြမလဲ၊ သူတို့တတွေရဲ့ အထက်လူကြီးတွေ လိုချင်တဲ့ပုံစံကို အံဝင်ခွင်ကျဖြစ်အောင် ဘလော့ဂ် ဘယ်လိုရေးသင့်တယ်ဆိုတာကို မသိလိုက်ခင်မှာပဲ ရပ်တန့်သွားကြပုံပါပဲ။ ဘလော့ဂ်တခုကို ပုံမှန်ရေးသားနိုင်ဖို့အတွက် လုံလောက်တဲ့ နည်းပညာအထောက်အပံ့နဲ့ တခြားသော အထောက်အပံ့တွေကလဲ ရှိသေးတာက တချက်ကြောင့် အဲဒီဘလော့ဂ် ပိုင်ရှင်တွေခမျာ `အမည်ခံ ဘလော့ဂ်´ အဖြစ်လောက်နဲ့ပဲ တစခန်းရပ်သွားကြပုံပေါ်ပါတယ်။

ဒါပေမယ့် တစခန်း မရပ်နိုင်သေးတဲ့ ဘလော့ဂ်ပေါင်း မြောက်များစွာကတော့ အမည်ပေါင်း မြောက်များစွာကို သုံးပြီးတော့ မြန်မာပြည်မှာ ထူးခြားတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ တခုခု ပေါ်လာပြီးတိုင်းမှာ ထပ်၍ထပ်၍ ပေါ်လာလို့ နေဆဲပါပဲ။ ဘယ်လို ဘလော့ဂ်တွေ ထပ်ပေါ်လာလေ့ရှိပါသလဲ၊ သူတို့ ဘာလာလုပ်ကြပါသလဲ…၊ ဘာတွေရော လုပ်နေကြပါသလဲ…။

အရင့်အရင်ကတော့ ဘလော့ဂ် လောကမှာ အာဏာပိုင်တွေကို ထောက်ခံရေးသားတဲ့ ဘလော့ဂ်ဆိုတာ ရှိဖို့ဝေးလို့ ကွန်မန့်တွေ၊ စီဘောက်စ်တွေမှာတောင် ဘယ်သူကမှ လက်ရှိအာဏာပိုင်တွေကို ပေါ်ပေါ်ထင်ထင် မထောက်ခံဝံ့ပါဘူး။ မထောက်ခံဝံ့ဘူးလို့ ပြောရတာက တခြားကြောင့်တော့ မဟုတ်ပါ၊ လက်ရှိအာဏာပိုင်တွေရဲ့ လုပ်ရပ်ကို မစင်ထက်ရွံရှာနေတဲ့ ပြည်သူတွေအတွက် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်ဆိုတာက ဟောဒီ အင်တာနက် နယ်ပယ်လေး တခုပဲ ရှိသလို ဖြစ်နေတာကြောင့် ဒီလိုနေရာမှာပါ လာပြီးတော့ လက်ရှိအာဏာပိုင်တွေရဲ့ လေသံ လာဖမ်းတာကို ဘယ်သူကမှ မလိုလားလို့ပါ။

အခုအချိန်မှာတော့ ဘယ်သူတွေ လိုလားလား၊ မလိုလားလား သူတို့တတွေ ဈေးတန်းကလေး… လို့ တနည်း၊ ပန်းခင်းကလေး လို့ တသွယ် ကျနော် တင်စားထားတဲ့ ဟောဒီ ဘလော့လောကထဲကို ရောက်ရှိလာခဲ့ကြပါပြီ။

သူတို့တွေ ဒီကိုလာတဲ့အခါ ဘာကို ယူလာခဲ့လို့ လေ့လာကြည့်လိုက်တော့ မက်လောက်စရာ အနုပညာဖြစ်ဖြစ်၊ မှတ်သားလေ့လာစရာ ဖြစ်ဖြစ် ဘာတခုမှ ပါလာကြတာတော့ မဟုတ်ပါဘူး။ ရိုးစင်းလွန်းလှပြီး ပျင်းရိစရာကောင်းလှတဲ့ နေ့စဉ်ထုတ် မြန်မာသတင်းစာနဲ့ မြန်မာ့အသံ၊ ရုပ်မြင်သံကြားထဲက အာဏာပိုင် အကြိုက်စကားလုံးတွေကိုသာ အပြည့်အသိပ် သယ်လာခဲ့ကြတာပါပဲ။ ဘယ်သူမှ လာမဖတ်ကြတဲ့ သူတို့ရဲ့ ဘလော့ဂ်တွေကို လူအများ သတိထားလာရအောင် လူသိများတဲ့ အာဏာပိုင် ဆန့်ကျင်သူ ဘလော့ဂ်တချို့မှာ ရန်စခြင်းနဲ့ တမျိုး၊ စိတ်အနှောက်အယှက် မျိုးစုံ ပေးခြင်းနဲ့ တဖုံ သူတို့ ဘလော့ဂ်ကို ပရိုမိုးရှင်း လုပ်ယူပါတယ်။ ကုန်ကုန်ပြောရရင် မြန်မာတနိုင်ငံလုံးက အလေးထားရတဲ့ လွတ်လပ်ရေးရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ စော်ကားမော်ကားပြီးတော့ ဘလော့ဂ်ကို လူသိများအောင် လုပ်ယူကြတာတောင် ရှိခဲ့ဖူးတယ်။

သူတို့တွေ အဓိက ပစ်မှတ်ထား လုပ်ဆောင်နေကြတာကို အသေအချာ လေ့လာကြည့်မယ်ဆိုရင် သူတို့တွေဟာ ဘယ်သူကမှ မထောက်ခံတဲ့ လက်ရှိ အာဏာပိုင်ကို လူတွေက ထောက်ခံလာအောင် ဒီလောက်ကြီး မကြိုးစားဘူး။ ကြိုးစားလို့လဲ သိပ်ပြီး အကျိုးထူးလာမှာ မဟုတ်တာကို သူတို့ ကောင်းကောင်းကြီး သဘောပေါက်ဟန် ပေါ်ပါတယ်။ ဒီတော့ သူတို့ အလုပ်က လက်ရှိအာဏာပိုင်တွေကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်များနဲ့ အသင်းအဖွဲ့များကို စိတ်ဓာတ်ရေးရာအရ ယိုင်နဲ့သွားအောင် အဓိက ဦးတည်ပါတယ်။ အာဏာပိုင်တွေကို ဆန့်ကျင်နေကြသူတွေရဲ့ အားနည်းချက်နဲ့ ပျော့ကွက်၊ ဟာကွက်တွေကို စေ့စေ့စပ်စပ် လိုက်ရှာပြီးတော့ တန်ပြန်တိုက်ခိုက်ကြတာတွေကို တစိုက်မတ်မတ် လုပ်ပါတယ်။

အဲဒီလို လုပ်ရင်းနဲ့ပဲ နှစ်ဘက် အပြန်အလှန် တိုက်ခိုက် ငြင်းခုန်တာတွေ ဖြစ်လာကြပြီဆိုရင် ဒါဟာ သူတို့ရဲ့ ဦးတည်ချက်တခု အထမြောက်ခြင်း တမျိုးပါပဲ။ သာမန်ပြည်သူတွေက `ဟာ၊ ဒီကောင်တွေ အားအားရှိ သူတို့အချင်းချင်း ငြင်းခုန်ရန်ဖြစ်နေကြတာပဲ´ လို့ မြင်ပြီးတော့ နဂို မုန်းရင်းစွဲရှိပြီးသား အာဏာပိုင်တွေကို အပြင် အာဏာပိုင်တွေကို ဆန့်ကျင်သူတွေကိုပါ စိတ်ပျက်သွားစေအောင် ဦးတည် ဖန်တီးတာကို သတိထားမိပါတယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ထဲမှာ ပြည်သူနဲ့ တသားတည်းဖြစ်နေတဲ့ ဒီမိုကရေစီ လိုလားသူများကို ပြည်သူနဲ့ တသီးတခြားစီ ဖြစ်သွားအောင် နည်းမျိုးစုံနဲ့ တိုက်ကွက်ဖော်ကြတာဟာ အဓိကအချက်အနေနဲ့ ပါဝင်နေတာကတော့ အထင်အရှားပါပဲ။

သူတို့ရဲ့ မထိတထိ ရိထေ့တာတွေကို မခံမရပ်နိုင်လို့ တချို့လူငယ်တွေက ပြင်းပြင်းထန်ထန် စကားလုံးတွေနဲ့ လက်တုံ့ပြန်မိပြီဟေ့ ဆိုရင်တော့ ဒါဟာ သူတို့အတွက် အကွက်ကောင်းပါပဲ။ ဘေးက လာဖတ်သူက နှစ်ဘက်စလုံးကို စိတ်ကုန်သွားရလောက်အောင် ထပ်ပြီး ရန်စ၊ ရိ၊ ထေ့ကြတော့တာပါပဲ။ လာဖတ်သူက သူတို့ကို စိတ်ကုန်သွားတော့လဲ ဒါဟာ နဂိုကတည်းက အရင်းပဲမို့ သူတို့နဲ့ တုပြိုင်ဖက်မိသူကို စိတ်ကုန်သွားတာကသာ သူတို့အတွက် အမြတ် ဖြစ်ပါတယ်။

***

ဘယ်လိုပဲဖြစ်ဖြစ်…၊ သူတို့ ရောက်နေကြတာကတော့ အသေအချာပါပဲ။ ချပ်ဝတ်တန်ဆာ အပြည့်အစုံ၊ လက်နက်အစုံအလင်နဲ့ သူတို့…။ အစွယ်တပြူးပြူး စိတ်ဘီလူး ပိုင်ရှင် သူတို့…။ မိစ္ဆာမာယာ နူးညံ့မှု ဗလာနဲ့ သူတို့…။

သူတို့နဲ့ ကျနော်တို့…၊ ကျနော်တို့နဲ့ သူတို့…။

***


ကလိုစေးထူး

16 comments:

ပီတိ said...

ဥပက္ခာပြုတာက တခါတလေမှာ ငြင်းခုန်နေတာထက် ထိရောက်ပါတယ်။ အဲလိုဘလော့တွေကို သွားဖတ်ချင်ဖတ်ပါ၊ ဖတ်ပြီးတော့ ဥပက္ခာပြုထားလိုက်တာပဲ ကောင်းပါတယ်။

mtj said...

ကိုပီတိ ရဲ့စကားကို အပြည့်အ၀ ထောက်ခံတယ်။ သူတို့လိုချင်တာ တန်ပြန်မှုတခုခုပဲလေ ဥပက္ခာပြုထားခြင်းက အကောင်းဆုံး တန်ပြန်မှုပါပဲဗျာ :)

မောင်မျိုး said...

ဘာအကျိုးမှမရှိ၊မှတ်သားလောက်စရာလေးမရှိရင်တောင် အမှန်ကိုမြင်သာစေတဲ့ ခလေးအတွေးလောက်ဆိုတော်သေးတယ်လေ အခုက သူ့ ထမင်းစားလို့  သူ့ ကောင်းကြောင်းရေးနေတဲ့ ပုံစံနဲ့  ဘလော့မျိုးတွေကိုတော့ ၀င်ကိုမဖတ်ဘူး စိတ်လည်းမ၀င်စားဘူးး အဲ့ဒီဈေးသည်က ဈေးတန်းထဲမှာ ဘယ်လိုပဲ အော်ရောင်းနေနေ ဘယ်သူမှမ၀ယ်စားရင် နောက်ဆုံးအရင်းပြုတ်ပြီး ဒီဈေးထဲက ထွက်သွားလိမ့်မယ် :)

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူး..
ဆိုင်ကြီးကနားကြီးတွေဘဲ ဖြစ်ဖြစ်..
ဟင်းရွက်ဆိုင်လေးတွေဘဲ ဖြစ်ဖြစ်..
အမြဲ သန့်ရှင်း သပ်ရပ်
သာယာစိုပြေနေမယ် ဆိုခဲ့ရင်..
ဈေးတန်းလေးဟာ ဈေးဝယ်သူတွေရော
ဈေးတမ်းလျှောက်သူတွေအတွက်ပါ ဘယ်လောက်များ ကြည်နူး ကျေနပ်စရာဖြစ်စေမလဲ....!!
လောကကြီးက အင်မတန် နေပျော်စရာကောင်းမှာနော်.. ။
ဆုတောင်းမိပါတယ်ရှင်..။

လင်း said...

ဈေးတန်းလေးက ဈေးတန်းလေးပီပီ လူပေါင်းစုံ ဈေးသည်ပေါင်းစုံ ရှိတယ်လို့ သာ သဘောထားရင်း ကိုယ်ယုံကြည်ရာလမ်းကို ကိုယ်ဆက်လျှောက်ကြတာ ကောင်းပါတယ်။ မဟုတ်ဘူးလား

စိုးထက် - Soe Htet ! said...

လာဖတ်ပါတယ် ... ကျွန်မန့် ရေးသွားပါတယ် ... လို့ ရေးသွားပါတယ် :)

လူသစ် said...

ဈေးတန်းပဲဗျာ အမှိုက်ပုံတော့ရှိမှာပေါ့။ မပူပါနဲ့ အမှိုက်ကားလာရင် ရှင်းသွားလိမ့်မယ်။ လောလောဆယ်တော့ တနိုင်တပိုင်လေးပဲရှင်းနေရသေးတယ်ဗျ။

Moe Cho Thinn said...

ဘက်နှစ်ဘက် ကတော့ ခေတ်တိုင်းမှာ ရှိကြတာပါပဲ။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲလို့ သဘောထားလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှတော့ သူတို့ ဘလော့ဂ်တွေ သွားမလည်ဖြစ်ဘူး။ "မကောင်းတဲ့စိတ်နဲ့ ရေးတဲ့စာတွေ မဖတ်ချင်လို့။ "

အမျိုးချစ်သူ said...

ဒီမိုကရေစီ သစ္စာ အတွက် လေးစားပါတယ် ကိုစေးထူး ... တစ်ကယ် ဖြစ်နေတဲ့ အမှန်တရားကို လိုက်ပြီး မနိုင်မနင်း ဖာနေရတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး ...
အချင်းချင်း ဖြစ်တဲ့ ပြဿနာက အချင်းချင်း သာ အသိဆုံးပါ ... ဘယ် သူက မှ လမ်းဘေး အဆင့် လူတွေ အကြောင်း လိုက်စုံစမ်းပြီး တွန်း မနေပါဘူး ...
ခေါင်းစဉ် မှာ ကို က ဘက်ခွဲ နေတဲ့ အတွက် မျှတဖို့ တော်တော် ခက်ပါလိမ့်မယ် ... နိုင်ငံကောင်းဖို့ တစ်ခုကို မျက်နှာ မူလိုက်ရင် အားလုံးက တစ်ဖက်ထဲ မှာပါ ... ပြောချင်တာ က နိုင်ငံ တွင်း က လူနဲ့ ပြင်ပက လူ အကြောင်းများလား ... ဒီလိုအမြဲ ခွဲ မြင်နေတဲ့ အတွက် စိတ်မကောင်းပါဘူး ...

ကလိုစေးထူး said...

မှတ်ချက်ရေး အကြံပေးကြသူ၊ အားပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
အမျိုးချစ်သူရဲ့ မှတ်ချက်ကိုလဲ ကြိုဆိုပါတယ်။ ကျနော် ခေါင်းစဉ်ကို အခုလို ပေးထားတာဟာ ဘက်ခွဲထားတဲ့ သဘောတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်တည်ချက်ခြင်း မတူကြတာကတော့ အမှန်ပါပဲ၊ ဒီတော့ မတူတဲ့ သဘောနဲ့ သူတို့နဲ့ ကျနော်တို့... လို့ ရေးလိုက်တာပါ။ အားလုံး တူလာတဲ့ တနေ့ကျရင်တော့လဲ အရှေ့က သူတို့နဲ့ ဆိုတာ မရှိတော့ဘဲနဲ့ `ကျနော်တို့´ ဆိုတဲ့ ဘုံကိုယ်စားပြု စကားလုံး တလုံးပဲ ရှိတန်ကောင်းပါရဲ့လို့တော့ မျှော်လင့်ပါတယ်။ နိုင်ငံတွင်း၊ နိုင်ငံပြင်ဆိုတဲ့ ပြင်ပအပေါ်ယံ ခွဲခြားကန့်သတ်တာမျိုးလဲ ကျနော့်မှာ မရှိပါဘူး။ ကျနော်က ဒီဘက်က ဘက်တဘက်မှာ ရပ်လိုက်တယ်၊ ကျနော်ရေးထားတဲ့ `သူတို့´ က ဟိုဘက် တခြမ်းမှာရပ်နေတယ်။ ကျနော်ရပ်တဲ့ဘက်မှာရော၊ `သူတို့´ ရပ်တဲ့ဘက်မှာရော၊ နှစ်ဘက်စလုံးစီမှာ နိုင်ငံတွင်း၊ပြင်က လူတွေ ပါဝင်နေတာပါပဲ။ ဘယ်ဘက်မှာပဲ ရပ်ရပ်၊ အမျိုးချစ်သူ ပြောသွားသလို `နိုင်ငံကောင်းဖို့´ ဆိုတဲ့ စိတ်အစစ်အမှန် တကယ်ထားတဲ့လူကို ပြည်သူ တကယ်ချစ်ပါလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

mg kyi poae said...

ကိုစေးထူးရေ... တကယ်တော့ အမှားနဲ့အမှန်ဆိုတာ ကွဲပြားပြီးသားပါ။ အဲဒါကို ထမင်းဝဖို့လောက်ပဲသိတဲ့ စိတ်ဓါတ်အောက်တန်းကျတဲ့ ဆန်ကုန်မြေလေးတွေကြောင့် ရှုပ်ထွေးနေရတယ်။ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေကို တနေ့မှာ ပြည်သူတွေက ဒဏ်ပြန်ခတ်မှာပါ။ ကျွန်တော်ကတော့ မရင့်ကျက်သေးဘူး .... လက်စားချေချင်တဲ့စိတ်တွေနဲ့ ပြည့်နေတယ်ဗျ။

Pinkgold said...

ခံစား မနေပါနဲ့ အကိုရာ
ဘယ်ပတ်ဝန်းကျင် ဘယ် community မှာ မဆို ရှိတတ်ပါတယ်

mgngal said...
This comment has been removed by the author.
mgngal said...

လောကသဘာဝ ပြောကြတာက ကောလဟာလ ၊ အမှန်တွေလည်းပါသဗျ ၊:D

Thet Oo said...

မြန်မာနိုင်ငံသားအချင်းချင်း တိုက်နေရသမျှ မြန်မာပြည် မတိုးတက်နိုင်ဟု ထင်မြင်မိပါသည်။

ပေဖူးလွှာ said...

တန်ပြန်တစ်ခုစီတော့ ရှိမှာပဲလေ။ တို့လူငယ်တွေ ဘယ်လောက်တောင့်ခံနိုင်မလဲအပေါ်မှာပဲ မူတည်မှာပါ။