Tuesday, July 08, 2008

အမေရိကား သို့ မလာမီ ဒါဖတ်ပါ...။

အမေရိကန် နိုင်ငံရဲ့ နွေရာသီကို ရောက်ခဲ့ပြန်ပါပြီ။

ကျနော်နေထိုင်တဲ့ ပြည်နယ်မှာကတော့ အခုလို ပွင့်လင်းရာသီကို ရောက်လာပြီဆိုရင် Resettlement Agency တွေအနေနဲ့ အလုပ်များလေ့ရှိပါတယ်။ ဆိုးဝါးစွာ အေးခဲလွန်းလှတဲ့ ဆောင်းရာသီမှာ Resettlement လုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ဘယ်လိုမှ အခြေအနေမပေးတာမို့ အခုလို နွေရာသီကို ရောက်ပြီ ဆိုတော့မှပဲ ဒီလုပ်ငန်းတွေကို အားစိုက် လုပ်ဆောင်လေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ထိုင်း၊ မလေးရှား၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေကနေ အမေရိကန် နိုင်ငံကို တတိယနိုင်ငံအဖြစ်နဲ့ ရောက်ရှိ အခြေချမယ့် မိသားစုသစ်တွေ တဖွဲဖွဲ ရောက်လာလေ့ ရှိပါတယ်။

ဟိုမှာဘက် အရင့်အရင် နေထိုင်ခဲ့ရတဲ့ အမိရွှေပြည်ကြီးနဲ့ တကွ အခြားနိုင်ငံတွေမှာ ဘယ်လိုပဲ နေခဲ့ရသည် ဖြစ်စေ၊ အမေရိကန် နိုင်ငံကို တတိယနိုင်ငံအဖြစ် ရောက်လာပြီ ဆိုတာဟာ ဘ၀ကို အသစ်ကနေ တဖန်ပြန်စရတာနဲ့ အတူတူပါပဲ။ အဲဒီလို အသစ်ပြန်စဖို့အတွက် အမေရိကန်နိုင်ငံကို မလာခင်မှာ သိထားသင့်တဲ့ အချက်တွေ၊ ဒီနိုင်ငံကို ရောက်လာတဲ့အခါ တွေ့လာရမယ့် အခြေအနေတွေ၊ တချို့အခက်အခဲတွေ Sharing လုပ်ချင်တဲ့ ဆန္ဒနဲ့ ဒီစာကို ရေးလိုက်ပါတယ်။

ဒါပေမယ့် အခု စာကို မရေးမီမှာ အနည်းငယ်တော့ စကားပလ္လင်ခံလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ `တတိယနိုင်ငံ သို့ ပြောင်းရွှေ့ ထွက်ခွာသူ မြန်မာများ´ အနေနဲ့ တကယ်လို့များ အမေရိကန်ကို အခြေချခွင့် အခြေအနေကြုံလာတဲ့အခါမှာ မလိုလားအပ်တဲ့ သတင်းမှားတွေကြောင့် ဒီရောက်ပြီးမှ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရလေ့ ရှိတာကြောင့် ဒီစာကို ရေးလိုရင်းသာ ဖြစ်ပါတယ်။ တခြားသော ရည်ရွယ်ချက် ဘာမှမပါရှိပါဘူး။

အခု ရေးမယ့် စာစုမှာ Green Card Lottery ပေါက်ပြီး အမေရိကန်မှာ အခြေချခွင့် ရမယ့်လူတွေအတွက်လဲ အသုံးဝင်နိုင်မယ့် အချက်အလက်တွေ ပါနိုင်သေးတာကြောင့် `အမေရိကန် မလာခင် ဒါဖတ်ပါ´ လို့ပဲ အခုစာစုကို အမည်ပေးပါရစေ။ နောက်တခုက ကျနော်အခု ရေးမှာက လက်ရှိ ကျနော်ရောက်ရှိနေတဲ့ ပြည်နယ်က အတွေ့အကြုံကိုသာ အခြေခံရေးသားမှာမို့ တခြားသော ပြည်နယ်တွေမှာ အခြေချနေထိုင်ခွင့်ရသူ မိသားစုဝင်တွေအနက် တယောက်ယောက်ကနေပြီး အချက်အလက်တွေ အားဖြည့် ကူမယ်ဆိုရင် အထူးကျေးဇူးတင်မှာပါပဲ။ အဓိကကတော့ ဟိုကနေ ဘာမှ မသိ၊ ဒါမှမဟုတ် အချက်အလက် အမှားတွေကို သိပြီး ထွက်လာကြတာထက်စာရင် အခုရေးလိုက်တဲ့ စာကြောင့် တခုခု အကျိုးရှိစေချင်တဲ့ ဆန္ဒပါပဲ။

သူတို့ ဘာကြောင့် ခေါ်သလဲ…။

လက်ရှိ အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုကြောင့် နေရပ်တိုင်းပြည်တွေမှာ ဆက်လက်နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ မွေးရပ်ကို စွန့်ခွာလာရသူတွေ အနက် တကမ္ဘာလုံးမှာ ရှိတဲ့ နေရပ်စွန့်ခွာသူ မိသားစု အားလုံးရဲ့ ၅၀% ကို အမေရိကန် နိုင်ငံက သူ့နိုင်ငံမှာ အခြေချနေထိုင်ဖို့ ခေါ်ယူပါတယ်။ ဒါဟာ ဒုက္ခရောက်နေသူတွေကို ကူညီလိုတဲ့ ဆန္ဒအပြင် တခြားတဘက်မှာလဲ သူတို့ နိုင်ငံရဲ့ အခြေခံအလုပ်တွေမှာ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းလိုတဲ့ ရည်ရွယ်လိုရင်းလဲ ပါရှိပါတယ်။

အမေရိကန် နိုင်ငံကို ရောက်လာကြမယ့် မိသားစုဝင်တွေ သိထားသင့်တဲ့ အချက်ကတော့ ဒီနိုင်ငံက ကူညီတယ်ဆိုတာဟာ မိမိဘ၀ကို ကိုယ့်ခြေထောက်ပေါ် ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့အတွက် အထောက်အပံ့သာ ပေးတယ် ဆိုတာပါပဲ။ တချို့သော နိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန် နိုင်ငံရောက် မိသားစုတွေကို သက်ဆိုင်ရာ အစိုးရတွေက အလုပ်မလုပ်နိုင်ရင်လဲ ဆက်လက်ထောက်ပံ့ပေးနေလေ့ ရှိတယ်လို့ တဆင့်စကား ကြားရပေမယ့် အမေရိကန် နိုင်ငံရောက် မိသားစုဝင်တွေကိုတော့ အစိုးရက သုံးလကနေ များသောအားဖြင့် ငါးလ အထိသာ ထောက်ပံ့ပေးလေ့ရှိပါတယ်။ ဒါကြောင့် တယောက်ယောက်ကများ `မင်း အမေရိကားရောက်ရင် အားလုံး အေးဆေးပဲ၊ ဘာမှပူစရာ မလိုတော့ဘူး´ လို့ ပြောလာခဲ့ရင် အဲဒါဟာ သတင်းမှား လို့ မှာပါရစေ။ တကယ်က အမေရိကန်ကို ရောက်သူတိုင်း အလုပ်လုပ်မှ၊ အလုပ်ရမှ လူလူသူသူ နေထိုင်ရပ်တည်နိုင်ပါလိမ့်မယ်။

ဘယ်ပုံဘယ်နည်း ခေါ်သလဲ…။

အမေရိကန်မှာ အခြေချနေထိုင်ဖို့အတွက် သက်ဆိုင်ရာ သံရုံးတွေကနေ အတည်ပြုပေးလိုက်တဲ့ မိသားစုဝင်တွေရဲ့ ကိုယ်ရေးအချက်အလက် အားလုံးကို နယူးယောက်မှာ လစဉ်ပုံမှန်ထိုင်လေ့ရှိတဲ့ Resettle Programs အစည်းအဝေးတွေမှာ ပြည်နယ်အသီးသီးက Resettle Agency တွေက သူတို့ တာဝန်ယူနိုင်တဲ့ မိသားစုတွေကို ခွဲဝေ တာဝန်ယူကြပါတယ်။ အဲဒီ အေဂျင်စီတွေကပဲ ဒီကိုခေါ်ဖို့ ကိစ္စအ၀၀ကို အသေးစိတ် စီမံတာမို့ အေဂျင်စီ မတူတဲ့အပေါ်မှာ ဆောင်ရွက်တဲ့ ပုံစံခြင်း အတန်ငယ်ကွာခြားမှုရှိပါတယ်။

မိသားစုတွေကို ခွဲတမ်းချ တာဝန်ယူကြတဲ့ နေရာမှာ နောက်ထပ် ရောက်လာမယ့် မိသားစုတွေရဲ့ မိဘ၊မောင်နှမ ဆွေမျိုးသားချင်းတွေအနက် တဦးဦးဟာ ပြည်နယ်တခုခုမှာ ရောက်နှင့်နေပြီးသားဆိုရင် အဲဒီ ရောက်နှင့်တဲ့ ပြည်နယ်ကိုပဲ နေရာချထားလေ့ရှိပါတယ်။ ဥပမာအားဖြင့် သမီးဖြစ်သူက နယူးယောက်မြို့မှာ အခြေချနေထိုင်နေတယ် ဆိုရင် နောက်ထပ် လာရောက်မယ့် အမေဖြစ်သူကိုလဲ သမီးရှိရာ နယူးယောက်မှာသာ နေရာချထားပေးတာမျိုးပါ။ မိသားစုဝင် တဦးဦး အမေရိကန်ကို ရောက်နှင့်နေခြင်း မရှိတဲ့လူတွေကတော့ အဆင်ပြေရာ ပြည်နယ်တခုခုမှာ အခြေချစေပါတယ်။

အေဂျင်စီတွေဟာ သူတို့ခေါ်ယူရမယ့် မိသားစုဝင် စာရင်းကို ရပြီးတဲ့အခါမှာ သူတို့ အခြေစိုက်ရာ ပြည်နယ်တွေမှာ ရှိတဲ့ Church ကျောင်းတွေမှာ စည်းရုံး အလှူခံလေ့ရှိပါတယ်။ ဘယ်မိသားစုဝင်ကိုတော့ တာဝန်ယူ ကူညီထောက်ပံ့ပေးနိုင်မလား ဆိုတာမျိုး စည်းရုံးတာပါ။ Church တချို့က တချို့သော မိသားစုဝင်တွေကို သူတို့ကျောင်းအနေနဲ့ ကူညီစောင့်ရှောက်ပါမယ် လို့ တာဝန်ယူပေးတဲ့အခါမှာတော့ အဲဒီ မိသားစုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကူညီမယ့် Church ကျောင်းကို လွှဲအပ်ပေးလိုက်ပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေကိုတော့ အေဂျင်စီတွေကပဲ တိုက်ရိုက်သဘော ကူညီပံ့ပိုးပါတယ်။

ရောက်ရောက်ခြင်း…။

အမေရိကန် အစိုးရက Resettlement Agency ကနေတဆင့် (ကျနော်နေတဲ့ ပြည်နယ်မှာတော့) စတင်ရောက်လာသူ မိသားစုဝင်တိုင်းကို အမေရိကန် ဒေါ်လာ တယောက် ၄၀၀ နှုန်းပေးပါတယ်။ အဲဒီငွေကိုပဲ ရောက်လာသူ မိသားစုတွေနေဖို့ အိမ်ငှားစရိတ်နဲ့ အထွေထွေ အသုံးစရိတ် အဖြစ် သုံးစွဲရတာမို့ များသောအားဖြင့် အေဂျင်စီတွေကပဲ အဲဒီငွေတွေကို ထိန်းသိမ်းထားလေ့ရှိပါတယ်။ အေဂျင်စီအနေနဲ့ ရောက်လာသူ မိသားစုအသစ်အတွက် ထောက်ပံ့ကြေးငွေ ပေးဖို့ သီးခြားရန်ပုံငွေဆိုတာ မရှိပါ။ ဒါကြောင့် အဲဒီ ငွေလေးရာကိုပဲ အိမ်ငှားစရိတ်အဖြစ်သုံးပါတယ်။

အဲဒီမှာ ကွာခြားသွားတာကတော့ အထက်မှာ ကျနော် တင်ပြခဲ့တဲ့ Church တွေကနေ တိုက်ရိုက် ကူညီထောက်ပံ့ခံရတဲ့ မိသားစုဝင်တွေနဲ့ အေဂျင်စီရဲ့ ပံ့ပိုးမှုကိုသာ ရတဲ့ မိသားစုဝင်တွေရဲ့ အခြေအနေပါပဲ။

ဆက်ရန်…

4 comments:

Anonymous said...

ဆက်ရန်.. မျှော်နေပါတယ် :)

Anonymous said...

ဆက်ရန်တွေ အားလုံး မြန်မြန်ရေးပေးဗျို့...
ကိုကလို ဆက်ရန် ဖြစ်နေဦးမယ်

ကလူသစ် said...

ဗဟုသုတအနေနဲ့ ဖတ်နေတယ်ဗျို့။ နီးတော့ မနီးစပ်ပါဘူး။

အမေရိကန်ကိုလာချင်တာကတော့ တခြမ်းကိုသေနေတာပဲဗျာ။ ကိုယ်တပိုင်းပဲ ၀င်ရ ၀င်ရ ၀င်ချင်နေတာ။ တခြမ်းပဲလက်ခံသလားလို့ မေးပေးစမ်းပါဗျာ။ (ဟား ဟား ကလူသစ်ဝင်ချင်တာမဟုတ်ပါဘူး။ အမေရိကန်မုန်းတယ်ဆိုတဲ့ တခြမ်းပဲ့တွေအတွက်မေးခိုင်းတာပါ)

တန်ခူး said...

အကျိုးရှိတဲ့Postလေးပါ… သွားချင်တဲ့မိတ်ဆွေတွေကို ဒီpostလေးဖတ်ဖို့ 
လက်တို့ လိုက်မယ်…