Wednesday, June 18, 2008

ချစ်ချင်လွန်းလို့…

ကျနော့်အသက် ခပ်ငယ်ငယ်တုန်းကပေါ့…။ အိမ်မှာ နေရှင်နယ် ရေဒီယိုကက်ဆက်လေး လေး တလုံးရှိတော့ ရေဒီယိုဝါသနာအိုး မေမေက ကျောင်းကနေ ပြန်လာပြီဆိုတာနဲ့ ရေဒီယိုကို ဖွင့်လို့ အပန်းဖြေလေ့ရှိတယ်။ ညနေမိုးချုပ်မှ ပြန်လာတတ်လေ့ရှိတဲ့ ဖေဖေ့ အပြန်ကို မျှော်ရင်း မေမေညည်းလေ့ရှိတဲ့ သီချင်း `မောင်ပြန်လာရင် အဆင်သင့် စားဖို့ပြင်~~~ ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်~~~ ကန်ဇွန်းရွက် အချဉ်ရည် အဆင်ပြေအောင်ပင်~~~ ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်နဲ့တွဲလို့~~~´ ဆိုတဲ့ သီချင်းကို မှတ်မိနေပါသေးတယ်။


ကျနော်တို့ ကလေးတွေ အရမ်းကြိုက်ခဲ့တဲ့ နောက်ထပ် ရေဒီယို သီချင်းတပုဒ် ရှိပါသေးတယ်။


`အပျင်းပြေစရာ မောင်ကြီးရာ´

(ဘာတုန်းကွ)

`မုန့်စကားထာ ဖွက်တမ်းသာ~~~ ကစားတဲ့အခါ´

(အေးလေ)

`ဖော်နိုင်ရင် မုန့်ကျွေးမှာပေါ့ကွာ´

`အုန်းသီးက ကောင်းကောင်း~~~ နှမ်းထောင်းကကောင်းကောင်း ~~~ အဲ..အဲဒါ~~~ အဲ… အဲဒါ~~~ အဲ… အဲဒါ ဘာတုန်းကွာ´

သီချင်းတွေက နားထောင်ရင်းနဲ့ မျက်စိထဲ မြင်ယောင်စေလာအောင် သရုပ်ပေါ်လွန်းတာရယ်နဲ့ သာယာနာပျော်ဖွယ် ဆိုဟန် ဆိုပေါက်တွေကြောင့် အတော်လေးကို ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ သီချင်းတွေပါ။


***


ဟိုတုန်းက (၈၈ အရေးတော်ပုံ မတိုင်ခင်က) ရေဒီယို အစီအစဉ်တွေကတော့ အခုနောက်ပိုင်းခေတ်လိုမျိုး စစ်ချီသီချင်း၊ စစ်သည်သီချင်းတွေ၊ ပေါ်လစီသီချင်းလို့ လူပြောများတဲ့ သီချင်းတွေက နားကြားပြင်းကပ်လောက်တဲ့ အထိအောင် ခဏခဏ လာလေ့ မရှိပါဘူး။ `စစ်သည်အတွက် တေးလက်ဆောင်´ အစီအစဉ်လာတဲ့ အခါကျရင်သာ စစ်သည်သီချင်းတွေ နားထောင်ရလေ့ရှိပါတယ်။

ဒါပေမယ့် `ခေတ်ဟောင်းတေး အစီအစဉ်´ ကနေ တခါတရံ လာလေ့ရှိတဲ့ သီချင်းတပုဒ်ကတော့ စာသားတွေက ပြောင်မြောက်လွန်းတာကြောင့် အခုထိတိုင်အောင် မမေ့ပါဘူး။ ကြည့်ပါ…။


`သွေးနဲ့သာရယ်~~~ ချွေးနဲ့သာရယ်~~~ စစ်တိုက်တဲ့နေရာဝယ် ~~~ အသက်စွန့်ကာနေတော့တယ် ~~~ သနားလောက်စရာကွယ် ~~~ စားသောက်ရာဝယ် ~~~ အဆင်းရဲလဲ ခံရှာတယ်~~~ ဇွဲသတ္တိကောင်းနဲ့ရယ်´

~~~ စွန့်စားတဲ့ သူတွေရယ်~~~ ကျေးဇူးကို မျှော်တွေးလို့ ဗမာ့သွေးကို နှမပေးချင်ပါတယ်´


ကြည့်စမ်းပါဦး…။ ကျနော်တို့ မြန်မာလူမျိုးဆိုတာက နှမသားချင်းဆိုရင် ဖူးဖူးမှုတ် ချစ်တတ်ကြတာကလား။ တော်ရုံတန်ရုံကောင်က ကိုယ့်နှမကို ရိသဲ့သဲ့ လာလုပ်လို့ကတော့ `ဇက်ပြုတ်သွားမယ်၊ ဘာမှတ်သလဲ၊ ဒါ ငါ့ညီမကွ´ ဆိုတဲ့ အကိုတွေ၊ မောင်တွေကို မြင်ဖူးကြမှာပါ။ အခုတော့ သီချင်းထဲမှာ ရေးထားလိုက်တာများ `ဗမာ့သွေးကို နှမပေးချင်ပါသတဲ့´။ သွေးချွေး၊ အသက်ကို စတေးပြီးတော့ ပြည်သူတွေအတွက် အဆင်းရဲ အငတ်မွတ်ခံပြီး ဇွဲနပဲ ကောင်းလွန်းလှတဲ့ ဗမာ့တပ်မတော်သား လူညိုထွားကြီးများကို တချိန်တခါက ပြည်သူတွေ ချစ်လိုက်ကြပုံများ သူတို့သာ အလိုရှိရင် ကိုယ့်နှမကိုတောင် ပေးလိုက်ချင်ပါရဲ့ ဆိုပြီး မေတ္တာပရပွနဲ့ ရေးထားပုံပါ။


နောက်တပိုဒ်ကိုလဲ ကြည့်ပါဦး။


`ရန်သူတွေကို အသေနှံတယ်~~~ စေတနာ ရှိလွန်းလို့ပါကွယ် ~~~ ရန်သူတွေကို အသေနှံတယ် ~~~ စေတနာ ရှိလွန်းလို့ပါကွယ် ~~~ ပိုပြီး ပျော်ဖို့ကွယ်~~~ ဒို့ကြီးဒေါ်ကြီးကိုပါ ငါပေးမယ်´

ပြည်သူ့အကျိုးကို ရွတ်ရွတ်ချွံချွံသယ်ပိုးလို့ လွတ်လပ်ရေးကို အရယူပေးမယ့် မောင်တွေ ပျော်မယ်ဆိုရင် ကြီးတော်ကြီးကိုပါ ပေးဦးမတဲ့…။ ပြုံးချင်စရာ စာသားပေမယ့် ဟိုတုန်းက တပ်မတော်အပေါ် ပြည်သူက ဘယ်လောက်ထိအောင် ချစ်မြတ်နိုးခဲ့သလဲ ဆိုတာကိုတော့ အဲဒီစာသားတွေက အထင်းသား ထင်ဟပ်စေခဲ့တာတော့ အမှန်ပါ။


***


တကယ်တော့ `တပ်မတော်´ ဆိုတဲ့ အသင်းအဖွဲ့ကို ပြည်သူတွေရဲ့ မူရင်းဓာတ်ခံ စိတ်က ချစ်ပြီးသားပါပဲ။ ကိုယ့်ရင်က မွေးခဲ့တဲ့ သားနဲ့တူတဲ့ တပ်မတော်မို့ ပြည်သူတွေက တုန်နေအောင် ချစ်ခဲ့ကြတာဟာ အတိတ်ကာလက သမိုင်းပုံရိပ်တွေက သက်သေပါပဲ။ ဒါပေမယ့် ခက်တာက အဲဒီအချိန်ကာလတွေဟာ အခုတော့ ဟိုးခပ်ဝေးဝေးမှာ ကျန်ခဲ့ပါပြီ။


ဒီကနေ့ ခေတ်ကာလမှာ စစ်တပ်နဲ့ ဆက်စက်ပြီး အခွင့်အရေးတွေ ရနေတဲ့ ကိုယ်ကျိုးသမားတွေက လွဲရင် သာမန်ပြည်သူတွေအတွက် စစ်တပ်ဟာ မြွေတကောင်နဲ့ တူနေပါပြီ။ ရွံလည်းရွံသလို ကြောက်လည်း ကြောက်ရတဲ့ စစ်တပ်နဲ့ ပြည်သူအကြားက အမုန်းတရားတွေကို ဘယ်တော့ရပ်နိုင်မလဲ။


`တပ်မတော် ဖြိုခွဲသူ ဒို့ရန်သူ´ လို့ အော်နေရုံနဲ့တော့ ပြည်သူက စစ်တပ်ကို အချစ်မ၀င်လာပါဘူး။ မီဒီယာတွေ ဟင်းလင်းပွင့်နေတဲ့ ဒီခေတ်ကြီးမှာ ဘာမှပြန်မလုပ်နိုင်လို့ ဆောင့်ကြောင့်ထိုင်နေတဲ့လူကို ၀ါးရင်းတုတ်ကိုင် စစ်သားက တကိုယ်လုံးအားနဲ့ ဆောင့်ကန်ပြီးခါမှ တီဗွီထဲမှာ `အစဉ်အလာကောင်းတဲ့ တပ်မတော်´ လို့ ပြောနေရင်လဲ လူရယ်စရာသာ ဖြစ်တော့မှာပါ။


***


ပြည်သူအပေါ် `ရန်သူ´ လို့ စတင်သုံးစွဲပြီး ရေးသားစ ပြုလာတာကိုလည်း သတိထားမိပါတယ်။ အဲဒီလို ရေးရတဲ့ အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါ၊ သူတို့ စစ်တပ်ကို ဆန့်ကျင်နေလို့ပါ။ သူတို့ စစ်တပ်က ကိုင်စွဲထားတဲ့ အာဏာကို လက်လွှတ်လိုက်ရမှာကို စိုးလို့ပါ။


ဒါကြောင့် ပြည်သူတွေထဲက ပြည်သူတွေက ကိုယ့်ကို ဆန့်ကျင်တာနဲ့ပဲ ရန်သူ လို့ သတ်မှတ်ပြီး လက်နက်နဲ့ ဆန့်ကျင်တဲ့လူကို လက်နက်နဲ့၊ မီဒီယာနဲ့ ဆန့်ကျင်သူကို မီဒီယာနဲ့ ပြန်တုံ့ပြန်မယ်ဆိုတဲ့ တပ်မတော်ကို ကျနော်တို့ ယနေ့ခေတ် ပြည်သူတွေက ဘယ်လိုပုံစံမျိုး ပြန်ချစ်စေချင်တာလဲတော့ မသိနိုင်ပါဘူး။


တကယ်တမ်း ပြန်စဉ်းစားကြည့်ရင်၊ စဉ်းစားတတ်မယ် ဆိုရင်၊ ဆင်ခြင်တတ်မယ်ဆိုရင် တပ်မတော်ပဲ ဖြစ်ဖြစ်၊ သူပုန်ပဲဖြစ်ဖြစ် ဒီပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာမို့ ရန်သူတွေ မဟုတ်ပါဘူး။ မတူခြားနားတိုင်း ရန်သူလို့ သတ်မှတ်ပြီး သရမ်းချင်တိုင်း သရမ်းနေရင်တော့ ကျနော်တို့တွေ ပိုပြီး အချင်းချင်း ဝေးသထက် ဝေးဖို့ပဲ ရှိပါတယ်။ တကယ်တမ်း ရန်သူက `ကိုယ်ကျိုးကိုသာ ကြည့်တဲ့စိတ်ဓာတ်´ ပါ။ အဲဒီ စိတ်ဓာတ်တွေကိုသာ ရန်သူလို့ အဓိက သတ်မှတ်ဖယ်ရှားပစ်ရမှာပါ။


ကိုယ့်ကို ချစ်စေချင်အောင် ချစ်ပါလို့ တစာစာ ပြောနေရုံနဲ့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။ ချစ်ချင်စိတ်ရှိလာအောင် မိဘနဲ့ တူတဲ့ပြည်သူကို မိဘကျေးဇူးဆပ်နေသလို သဘောထားပြီး အလုပ်အကျွေး ပြုရပါမယ်။ ဒါမှသာလျှင် ပြည်သူကလဲ တပ်မတော်ကို ပြန်ချစ်ပါမယ်။ တကယ် စေတနာထားပြီး လုပ်ပြလိုက်စမ်းပါ။ အတွေးအမြင် ပွင့်လင်းနှံ့စပ်နေတဲ့ ဒီဘက်ခေတ် ပြည်သူတွေအဖို့ အမှားအမှန်ကို ခွဲခြားတတ်ပြီးသားမို့ စေတနာမှန်ရင်၊ တကယ်အလုပ်လုပ်ပြရင် တကယ်ကို ချစ်လာပါလိမ့်မယ်။

ဒါကြောင့် ချစ်ချင်လွန်းလို့ ချစ်အောင် လုပ်ပြစမ်းပါလို့…။




ကလိုစေးထူး



စာကြွင်း။ (အပေါ်မှာ ရေးထားတာတွေကို ဖတ်ပြီးတော့ `ငါ့ကိုများ ပြောနေတာလား မသိ´ လို့ စိတ်ထဲမှာ ထင်နေမိရင်တော့ တိုက်ဆိုင်မှု ရှိသူတိုင်းကို ရည်ညွန်းပါသည် လို့သာ ပြောပါရစေ။)

6 comments:

Anonymous said...

ဒါကြောင့် ချစ်ချင်လွန်းလို့ ချစ်အောင် လုပ်ပြစမ်းပါလို့…။
ဟီးဟီး
ရီရတယ်..အဲဒီစာကြောင်း
မဖြစ်နိုင်တော့ပါ..။
မဖြစ်နိုင်တော့ပါ..။
ပေးလာတဲ့ အခွင့်ကောင်းကို တောင် လုံးဝအသုံးမချတတ်တဲ့ သတ်မတော်..
အပေါ်က သီချင်းတွေလဲ ခုမှ ကြားဖူးတော့တယ်..
အံ့သြစရာပဲ..။

Ko Paw said...

“ဗမာ့သွေးကို နှမပေးချင်တာ”ကတော့ မြန်မာပြည်လွတ်လပ်ရေးမရခင် ဗမာ့တပ်မတော် စစ်မထွက်ခင် ဂျူဗလီဟောမှာ ဂီတာစိမ်းမောင်နဲ့ ရန်နိုင်စိန်တို့ သီဆိုကြတာဖြစ်ကြောင်း ဆရာအောင်သင်းဟောပြောပွဲတခုမှာ ကြားဘူးတယ်။ ဒီဘက်ခေတ်က လဒ တွေကိုတော့ နှမပေးဘို့ဝေးစွ။ အော့နှလုံးနာလွန်းလို့ အမျိုးတောင် မစပ်ယှက်ချင်ဘူး။

ပြည်သူနဲ့ တွေ့တော့ ပန်းလို၊
ရန်သူနဲ့ တွေ့တော့ မီးလို…..ဖြစ်ရမယ့်ကိစ္စမယ်
အခုတော့….ပြည်သူနဲ့တွေ့တော့မီးလို…..
ကိုယ့်ပြည်သူပြည်သားရော၊ အိမ်နီးချင်းနိုင်ငံသားတွေပါ ဒုက္ခပေးနေတဲ့ ဘိန်းရာဇာတွေကို ပန်းလိုဆက်ဆံနေတယ်။ ကိုယ့်တိုင်းပြည်က သယံဇာတကို အကုန်သိမ်းကြုံးယူပြီး သူတို့ကို အကာအကွယ်ပေးနေတဲ့ တရုတ်ကို အဖေခေါ်နေတယ်။

လူသစ် said...

ကောင်းလှေ့တေး ကောင်းလှေ့တေး။

မောင်မျိုး said...

ဟိုတုန်းကနဲ့  အခု အကွာကြီး ကွာနေတာကို ချပြသွားတာကောင်းပါတယ် အစ်ကိုကြီးရေ့ ကျနော့်ကို ပြောတယ်လို့  မထင်ပါဘူးး :) .........။

Anonymous said...

Very nice article. Thanks a lot.

M.Y. said...

ဒီခေတ်ပျက်ကြီးမှာလ..
အပွင့်ကြီး ချင်းထပ်မှ
မြတ်သထက်အမြတ်ထွက်သမို့ 
သာမာန်ပြည်သူက..နှမပေးချင်တိုင်းလည်းပေးလို့ မရပြန်..
ရော်….ချစ်ချင်ပေမယ့် …ချစ်ခွင့်မပိုင်..