Sunday, June 22, 2008

ငါးရှာထွက်ချိန်…

ဓားသွေးကျောက်ပေါ်မှာ လက်တွေ ညောင်းနေအောင် အတန်ကြာသွေးပြီးချိန်မှာတော့ ထီးရိုးကိုင်း လေးချောင်းရဲ့ ထိပ်ဖျားတွေက ချွန်မြမြ ဖြစ်သွားလေပြီ။ ဖိုးကောက်က ထီးကိုင်း ထိပ်ဖျားတွေကို လက်ညှိုးနဲ့ အသာတို့ထိကြည့်ရင်း အားရကျေနပ်ဟန်ဖြင့်…

`ဒီလောက်ဆိုအတော်ပဲ၊ သားရေပင် ချည်လို့ရပြီ´

ပြောပြောဆိုဆိုဖြင့်ပင် ဖိုးကောက်တယောက် ထီးကိုင်းတွေရဲ့ တဖက်ထိပ် မချွန်ဘဲထားတဲ့ အခြမ်းတွေမှာ သားရေပင်အကြီးတချောင်းစီကို သားရေပင် အသေးတွေနဲ့ ပူးကပ်ချည်တော့သည်။ သူနဲ့ ဖိုးထူးကတော့ ဖိုးကောက် လုပ်နေသမျှကို အငေးသား…။

`နကျယ်ကောင်၊ အိမ်ပေါ်မှာ ရေကာမျက်မှန် သွားယူကွာ´

ဖိုးကောက် အပြောကို သူခေါင်းတချက် ခပ်သွက်သွက် ငြိမ့်ပြလိုက်ပြီး အိမ်ပေါ်ကို တက်ခဲ့လိုက်သည်။ ရုပ်ရှင်ထဲက ရေငုပ်သမားတွေ ရေငုပ်ဝတ်စုံဝတ်တဲ့အခါ မျက်နှာမှာကာတဲ့ မှန်ဘီဘူးလို ဟာမျိုးလေးကို တခြားနယ်တွေမှာ ဘယ်လိုခေါ်လဲတော့ မသိ၊ သူတို့ဆီမှာကတော့ သဘာဝကျကျပင် `ရေကာမျက်မှန်´ ဟု နာမည်ပေးလိုက်ကြသည်။

ခဏအကြာမှာတော့ ရေကာမျက်မှန်ကိုယ်စီ၊ လက်လုပ် ထီးရိုးကိုင်းမှိန်း ကိုယ်စီနဲ့ သူတို့ သုံးယောက် ကြခတ်ချောင်း ချောင်းထဲမှာ ငါးရှာထွက်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။

***

ကြခတ်ချောင်းဆိုတဲ့ ရွာကလေးက ရွာတန်းရှည် ပုံစံဖြစ်ပြီး ကရင်စု၊ ဗမာစု၊ ရှမ်းစု၊ တောင်ပေါ်စု စသဖြင့် အိမ်စုကလေးတွေ ခွဲထားကာ အိမ်ခြေ တထောင်ကျော်သာသာ ရှိသည့် ရွာတရွာဖြစ်ပါသည်။ သူ နေတဲ့ မြို့ကလေးကနေ သုံးမိုင်ခွဲသာသာလောက် ဝေးတဲ့ ကြခတ်ချောင်းရွာမှာ မေမေ့ဘက်က အမျိုးတွေ တပုံတပင် ရှိတာမို့ အခုလို နွေကျောင်းပိတ်ရက်ရှည်မှာ ဒီရွာကလေးမှာပဲ ဆွေမျိုးအိမ်တွေမှာ လိုက်လည်ရင်း ပျော်ရသည်။ စပါးရိတ်ကူ၊ နှမ်းနှုတ်ကူသယောင်ယောင်နှင့် သူ ဆွေမျိုးတွေ၊ ညီအကိုဝမ်းကွဲတွေ ရှိရာ ဒီရွာကလေးမှာ အလွန်ပျော်တတ်၏။

ကြခတ်ဝါးရုံတွေ အများအပြားပေါက်လေ့ ရှိတဲ့ ဒီရွာကလေးရဲ့ ဘေးမှာ ကြခတ်ချောင်း ဆိုတဲ့ နာမည်နဲ့ ချောင်းငယ် တခုက ကွေ့ဝိုက်စီးဆင်း၏။ မကျဉ်းမကျယ်၊ မတိမ်မနက် ရေကြည်မြမြနှင့် ဒီချောင်းမှာ အခုလို ပူအိုက်တဲ့ နွေရာသီဆိုရင် ရေလာခပ်သူ ရွာသူရွာသားတွေနဲ့ စည်ကားနေတတ်သလို ချောင်းရိုးတလျှောက် ပေါက်တတ်တဲ့ တို့စရာအပင်တွေကို လိုက်နှုတ်သူတွေအပြင် သူတို့လို ဖားရှာ၊ ငါးရှာသူတွေလဲ မနည်းလှပါ…။

နွေဘက်ဆိုရင် အေးမြမြဖြစ်ပြီး ဆောင်းတွင်းဆိုရင် နွေးနေတတ်တဲ့ ချောင်းရေကို ရန်ကုန်ကနေ ပြောင်းလာခါစ အစတုန်းကတော့ သူ အံ့သြနေမိပါသေးသည်။ ဒါပေမဲ့ တောသားတပိုင်း ဖြစ်သွားတဲ့ နောက်ပိုင်းမှာတော့ ချောင်းထဲကို တဗွမ်းဗွမ်းနဲ့ ခုန်ချရေကူး ကစားရတာကို ပျော်တတ်လာသလို ချောင်းရိုးတလျှောက် တို့စရာနှုတ်၊ ဖားရှာ ငါးရှာရတာကိုလဲ အရသာတွေ့သွားလေတော့သည်။

မှတ်မှတ်ရရ… ချောင်းထဲမှာ ငါးသွားမျှားရင်း အတော်အတန် အကောင်ကြီးတဲ့ ငါးလင်ဗန်းတကောင် သူ ရခဲ့ဖူးသည်။ အဲဒီ ငါးလင်ဗန်းကို ငါးမျှားတံထိပ်ဖျားမှာ တွဲလောင်းချိတ်ဆွဲပြီး ရင်တကော့ကော့နဲ့ အိမ်ပြန်လာတဲ့ သူ့ကို ဒေါ်ကြီးသန်းက သဘောကျမဆုံး…။ အရင်ကဆိုရင် သူချောင်းထဲ သွားလိုက်တိုင်း ခရုဖင်လိမ်တွေ၊ ဇရစ်၊ ဋရင်ကောက် တို့စရာတွေသာ အကောင်းဆုံးအဖြစ် ပါလာတတ်တာကိုး…။

အခုလဲ ပုဆိုးကို စလွယ်သိုင်း၊ အပေါ်ပိုင်းဗလာ အောက်ပိုင်း ဘောင်းဘီတို ၀တ်လို့ ရေကာမျက်မှန်ကို လည်ပင်းမှာ စတိုင်ထွားထွားနဲ့ ချိတ်၊ လက်ထဲက ထီးရိုးမှိန်းလေး တဆဆကိုင်ရင်း ချောင်းထဲသွားကြပါဦးမည်။

***

`နကျယ်ကောင်၊ ဒီမှာကြည့်´

ဖိုးကောက်က သူ့ကို မှိန်းကိုင်ပုံ ကိုင်နည်းကို ပြ၏။ ထီးကိုင်းမှိန်းရဲ့ အခြေမှာ ကပ်ချည်ထားတဲ့ သားရေပင်ကို လက်မမှာ စွပ်၊ ထီးကိုင်းကို အပေါ်ကို ဆွဲတင်းပြီး ခပ်တင်းတင်းပြန်ဆုပ်လိုက်တော့ သားရေပင်က တင်းသွား၏။ လက်ကို ပြန်ဖွလိုက်တော့ ထီးကိုင်းမှိန်းက လျှောခနဲ ရှေ့ကို ပြေးထွက်သွားသည်။

ရေကာမျက်မှန်ကို မျက်လုံးရှေ့မှာ လုံနေအောင် တပ်ပြီး ချောင်းရေအောက် ကျောက်ကြိုကျောက်ကြားမှာ ပုန်းခိုနေတတ်တဲ့ ငါးလင်ဗန်းနဲ့၊ ငါးဘတ် တွေကို လိုက်ရှာရသည်။ တကောင်ကောင်ကို တွေ့ရင်တော့ ကျောက်ကြို ကျောက်ကြားထဲကနေ ငါးထွက်မသွားမီမှာ ထီးရိုးကိုင်းနဲ့ ပစ်ရ၏။

လူတရပ်စာ မရှိတရှိ ဒါမှမဟုတ် ခါးသာသာ ရေအနက်လောက်က ကျောက်ဆောင်၊ ကျောက်တုံးတွေရဲ့ ကြားထဲမှာ အအေးကြိုက်တဲ့ ငါးတွေ အောင်းနေတတ်တာမို့ အသက်ကို အောင့်နိုင်သလောက် အတတ်နိုင်ဆုံး အောင့်ပြီး မှောင်ပျပျရေအောက်မှာ စူးစိုက်ရှာရတာက လွယ်တော့မလွယ်လှ။ လူးလွန့်လွန့် လှုပ်နေတဲ့ ငါးကိုယ်လုံးကို တွေ့အောင်အရင်ရှာ၊ ပြီးရင်တော့ မလွဲအောင် ချိန်ဆထိုးပေတော့…။ သူ့အတွက်ကတော့ မလွယ်လှပါ။ ရေအောက်မှာ စက္ကန့်သုံးဆယ်သာသာလောက် ငုပ်မိတာနဲ့တင် ဘယ်လိုမှနေလို့ မရတော့တာနဲ့ ရေပေါ်ကိဲု ပြန်ပြန်တက်ပြီး အသက်ကို တဖူးဖူးနဲ့ ပြန်ရှူနေရသည်။

`နကျယ်ကောင်၊ ပလိုင်းသွားတက်ယူ၊ မြန်မြန်´

ရေငုပ်နေရာကနေ ဘွားခနဲ ပြန်ပေါ်လာတဲ့ ဖိုးကောက်က ကမန်းကတန်းဟန် လှမ်းအော်လိုက်တာကြောင့် သူလဲ ကမ်းပေါ် အမြန်ပြေးတက်ရသည်။ ပလိုင်းကို အမြန်ယူပြီး ပြန်လှည့်လာတော့ ဖိုးကောက်က နောက်ကနေ လိုက်လာတာ ကမ်းစပ်ကို ရောက်နေပြီ သူ့လက်ထဲမှာတော့ ဖြတ်ဖြတ်လူးနေတဲ့ မှိန်းတန်းလန်းနဲ့ လက်တ၀ါးသာသာခန့် ငါးဖယ်တကောင်…။ ငါးကို လျှောထွက်မသွားရအောင် ထီးကိုင်းမှိန်း ဟိုဘက်ထိပ် ဒီဘက်ထပ်ကနေ ပိတ်ကိုင်ထားတော့ ငါးဖယ်က တံစို့ထိုးထားသလို ဖြစ်နေ၏။

`မြန်မြန်ကွ´
`အေးပါဟ´

ငါးကို ပလိုင်းထဲ သေချာထည့်၊ အဖုံးကို လုံအောင်ပိတ်ပြီးမှပင် ဖိုးကောက်က စိတ်ချလက်ချ ရှိသွားဟန်…။

`မင်းရော ဘယ်နှစ်ကောင် ရပြီလဲ´
`ဟီး၊ တကောင်မှမရသေးဘူး´
`ဟားဟားဟား´

သူ့ကိုကြည့်ရင်း ရယ်နေသော ဖိုးကောက်ကို သိပ်မကျေနပ်ပေမယ့် သူကလဲ တကောင်မှ ရမထားတော့ မချိသွားဖြဲ ပြန်လုပ်ပြလိုက်ရသည်။ ဒီတခါတော့ ရအောင် ဖမ်းပြလိုက်မယ် ဟု စိတ်ထဲကနေ တေးထားလိုက်သည်။

***

`ဟာ၊ အကြီးကြီးပဲ´

လက်ခနဲ လူးသွားတဲ့ ငါးကိုယ်လုံးဝါဖျော့ဖျော့နဲ့ အတူ စိတ်ထဲကနေ ရေရွတ်မိရင်း အသက်ကို အတတ်နိုင်ဆုံး ထပ်အောင့်ထားရင်း လက်ထဲက ထီးကိုင်းရိုးမှိန်းကို လက်တဆဆဖြင့် ကျောက်ကြားထဲကို အသာချိန်ရွယ်လိုက်၏။ ပြီးတော့မှ ဆုပ်ထားသော လက်ကို အသာဖွလွှတ်လိုက်တော့ လက်ထဲက ဆူးက လှစ်ခနဲ ရှေ့ကို တိုးထွက်သွားသည်။ နောက်တော့ ဆူးချွန်က တဆတ်ဆတ် ခါနေလေတော့သည်။ သေချာပြီ၊ ငါးကိုယ်လုံးကို ထိသွားပြီ။

အလောတကြီးနဲ့ ဆွဲထုတ်ရင် ဆူးချွန်က လျှောပြီး ငါးပြန်လွတ်နိုင်တာမို့ လက်တဖက်က ဆူးချွန်ကို အသာဖိတွန်းထားပြီး နောက်တဖက်ဖြင့် ကျောက်ကြားထဲကို ထိုးလျှိုနှိုက်ယူရသည်။ အသက်ရှူကလဲ ကျပ်လှပြီ။ နည်းနည်း အားစိုက်ပြီး ဆွဲနှိုက်ထုတ်လိုက်တော့ လူးလွန့်ရုန်းကန်နေသော ငါးက ပါလာသည်။ လက်ဖျံတ၀ိုက်မှာလဲ စစ်ခနဲနာကျင်သွားသလိုလို…။

ရေပေါ်ကို ဘွားခနဲ ပြန်တက်ပြီး အသက်ကို အငမ်းမရ ရှူရင်း လက်ထဲက ငါးကိုလဲ လွတ်ထွက်မသွားရအောင် ထိန်းကိုင်ရသေးသည်။

`ဟာ…၊ ငါးဘတ်ကြီး အကြီးကြီးပါလား´

ဖိုးကောက်က အံ့သြနေဟန် လေသံဖြင့် အပြောမှာ သူကလဲ သူ့ကိုယ်သူ အောင်နိုင်သူ စစ်သူကြီးဟန် အပြည့် ပုံစံဖမ်းပြီး ခပ်ကြွားကြွား လေသံဖြင့် ပြန်ပြောလိုက်သည်။

`မင်းရတဲ့ ငါးထက်ကြီးတယ်၊ တွေ့လား´
`အေးပါ၊ အေးပါ´

တဖျတ်ဖျတ် လူးနေသော ငါးကို ပလိုင်းထဲ ထည့်လိုက်သည်။ ပလိုင်းထဲမှာ ဖိုးကောက် ဖမ်းထားသော ခပ်သေးသေး အရွယ် ငါးတွေလဲ မနည်းလှ…။

`ပြန်စို့´
`အေး´

ချောင်းထဲကနေ ပြန်တက်လာတော့ အချိန်က ညနေစောင်းလုလု…။

***

ရွာလည်လမ်းအတိုင်း ပြန်လျှောက်လာရင်း ဖိုးကောက်က ကရင်သီချင်း တပိုင်းတစကို အော်ဆိုလာသည်။ ဘာတွေ ဆိုနေတာလဲတော့ သူလဲ နားမလည်…။ ဒါပေမယ့် နားထောင်လို့ ကောင်းတာတော့ သိသည်။ သူလဲ သီချင်းအော်ဆိုချင်စိတ်က ပေါက်လာ၏။

`မိုးကို~~~ ချစ်လိုက်တာလေ~~~ မိမိုးကို ချစ်လိုက်တာလေ~~~ မင်း ဘယ်လမ်းသွားသွား~~~ မင်းနောက်က လိုက်လို့နေမယ်~~~ စိုးပိုင်မှုရဲ့ အချစ်စိတ်တွေ~~~ ´

သီချင်းတွေက အစမရှိ အဆုံးမရှိ၊ ဆိုနေတဲ့ အသံကလဲ ကောင်းမကောင်း မသိ…။

အိမ်ကိုပြန်ရောက်ရင် ငါးသေးသေးတွေကို ကင်စားရမည်။ ဒေါကြီးသန်းရဲ့ လက်ရာ ငါးဘတ်မွှေနဲ့ ထမင်းစားလို့လဲ မြိန်ဦးမှာ သေချာသည်။ သေချာတာကတော့ ဒီနေ့အတွက်တော့ နကျယ်ကောင် တယောက် ငါးရှာအတော်ဆုံးအဖြစ် မျက်နှာပန်းလှနေဦးမှာပင်…။



ကလိုစေးထူး

6 comments:

မိုးညို said...

ကိုယ်တွေ့များလား ကိုစေးထူးရေ ...
တောရွာကျေးလက်ရနံ့တွေ ရသွားတယ် ။
ငါးကလေး အိုးကပ်တောင် စားချင်စိတ်ပေါက်လာတယ် ။း )
လွတ်သွားတဲ့စာတွေ နောက်မှလာထပ်ဖတ်ဦးမယ်ဗျာ ။

တန်ခူး said...

နကျယ်ကောင်လေး ဘယ်ပျောက်နေလဲလို ထင်တာ့ ခုတော့ငါးရှာထွက်နေတာကိုး….

Mintasay said...

အကို့ရေးဟန်က လတ်ဆတ်တယ်။ ရွရွလေး။ အဲလိုအနုပညာမြောက်တာလေးတွေ များများဖန်တီးပါ အကိုရ

ညီအကိုများ said...

မိုက်တယ်..အကိုရေ...အမြဲအားပေးလျက်ပါ....

ကိုနေ(YNP)

မင်းကျန်စစ်။ said...

တကယ့်သဘာဝအရသာတွေကို ခံစားရတယ်ဗျာ။
ဖတ်လို့ အရမ်းကောင်းပါတယ်။
အတုယူပီး ကြိုးစားလျှက်ဗျာ။

M.Y. said...

ငါးရှာ၊ ဖားရှာ၊ မှိုနုတ်၊ မျှစ်ချိုးစတဲ့ လွမ်းစရာ အတွေ့ အကြုံ ကလေးတွေ ဝေမျှပေးတာကျေးဇူးပါ။ ကျွန်တော် က ကျေးလက် ကို နွေကျောင်းပိတ်မှရောက်ဖူးတယ်။ ကျေးလက်ဆိုတာထက်နယ်မြို့ ကလေးပါ။ မြို့ ဆန်ပါတယ်။ ငါးဖမ်း၊ ငှက်ပစ် တာတော့မြို့ ပေါ်မှာ ပဲလုပ်ခဲ့တယ်…ဒါပေမယ့် ကျွန်တော်တို့ က တစ်ကယ့်ကိုအပျော်..ကိုစေးထူး ရသစာစုထဲက ငါးဖမ်း၊ငှက်ထောင်၊ဆိုတာတွေက တစ်ကယ့်ကို မိသားစုဟင်းတခွက်အတွက် ဖြစ်တာမို့ ကျေးလက် ဘ၀တွေကို ကိုယ်ချင်းစာမိပါတယ်…

ဒီလို နဂျယ်ကောင်လေးရဲ့  ကျေးလက်ရသစာစုတွေ ကို သတိရသလောက်၊ ပြန်ခံစားရသလောက်ပေါ့…လုပ်ပါဦး…