Wednesday, June 11, 2008

အတွေးစများ…(၆)


ကျနော့် ဘလော့ဂ်မှာ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက `စစ်တပ်ထဲမှာ´ ဆိုတဲ့ ပို့စ်အတွဲ (၄) ပုဒ်ကို ရေးဖြစ်ခဲ့ဖူးပါတယ်။ မနေ့ကတော့ တခြားဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ရင်းနဲ့ တစုံတခုကို သတိရမိလို့ အဲဒီဆောင်းပါးကို ပြန်ဖတ်ဖြစ်တော့ ကျနော်ရေးခဲ့တဲ့ `စစ်တပ်ထဲမှာ´ ပို့စ်တွေကို ထပ်မံ အားဖြည့်ရေးစရာ အချက်အလက်တွေ များစွာ ကျန်နေသေးတယ် ဆိုတာကို သွားတွေ့ပါတယ်။ များမကြာမီမှာ ထပ်ရေးဖို့အတွက် တေးထားလိုက်ပါရဲ့။

မြန်မာစကားပုံမှာ `သူ့ဆန်စားတော့ ရဲရတယ်´ ဆိုတာလေး ကြားဖူးပါတယ်။ ဒါပေမယ့် စဉ်းစားစရာက ကိုယ်စားမိတဲ့ သူ့ဆန်ဆိုတာက သူကကျွေးနေတာမှ ဟုတ်ရဲ့လား၊ အဲဒီ သူဆိုတဲ့ လူကြီးကရော ကိုယ့်ကို ကျွေးနေတဲ့ ဆန်ကို ဘယ်ကနေ ရလာတာလဲ ဆိုတာကို တွေးစရာပါ။ ကိုယ်စားနေတဲ့ `သူ့ဆန်´ ဆိုတာရဲ့ မူလ လားရာ အရပ်ကို သိပါလျက်နဲ့ တလွဲဆံပင်ကောင်းပြီး ရဲတာမျိုးကတော့ သိပ်အဆင်မပြေလှတဲ့အပြင် လူရယ်စရာလဲ ကောင်းပါတယ်။

ကျနော်တို့တွေ စာတွေ ရေးတဲ့အခါမှာ တခါတလေကျရင် ကျနော်တို့ကို ထောက်ခံအားပေးသူတွေနဲ့ တွေ့ရတဲ့ အခါမျိုးတွေ ရှိသလို ဆန့်ကျင်တုန့်ပြန်သူတွေနဲ့လဲ ကြုံရလေ့ ရှိတတ်ပါတယ်။ အဲဒါတွေ အပြင်ကမှ နောက်ထပ် ကြုံနိုင်ရသေးတာက ကျနော်တို့ကို စောင့်ကြည့်လေ့လာနေတဲ့ လူအများကြီးကိုပါ။ ဆိုကြပါစို့…၊ အဲဒီလို စောင့်ကြည့်နေတဲ့ လူတွေက ဟိုဘက်ကို ၅၀ ဒီဘက်ကို ၅၀ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ရေးလိုက်တဲ့ စာတကြောင်း၊ ဆောင်းပါးတပုဒ်ကြောင့် ဒီဘက်ကို ၆၀၊ ဒီထက်ပိုပြီး ၇၀၊ ၈၀ နောက်ဆုံး ၁၀၀ အပြည့် ဖြစ်လာနိုင်အောင် ကျနော်တို့မှာ ပါးနပ်တဲ့ စည်းရုံးမှုတော့ လိုပါတယ်။

`ဟောဒီမှာကြည့်၊ ငါ ဒါကို ယုံကြည်တယ်၊ ဟိုဘက်ကကောင်တွေကို ကြည့်လိုက်စမ်း၊ ဘယ်လောက်ဆိုးလဲ၊ မင်းလဲ ငါ့ဘက်က ပါစမ်းပါ၊ ငါ့ဘက်က မပါရင်တော့ မင်းလဲ ဟိုကောင်တွေနဲ့ အတူတူပဲ နေမှာပဲ´ ဆိုတဲ့ သဘောသက်ရောက်မှုမျိုးဆန်တဲ့ အရေးအသားတွေဟာ ကိုယ့်ဘက်ကို နဂိုကတည်းက ၇၀% လောက် ပါချင်ချင် ဖြစ်နှင့်နေပြီးသား လူတွေကိုတောင် ဆုံးရှုံးသွားနိုင်တယ်ဆိုတာ စဉ်းစားသင့်တာတော့ အမှန်ပါ။

`ဟိုကောင်တွေက ဘာလုပ်နေကြတာလဲ၊ မင်းတို့ အဲလိုလုပ်နေလို့ ဖြစ်မလားကွ၊ ဘယ့်နှယ့်ဝိုင်းပါ၊ ဒီ့နှယ့်ဝိုင်းပါ´ ဆိုတဲ့ လက်ညှိုးငေါက်ငေါက်ထိုးနေတဲ့ စကားလုံးတွေနေရာမှာ တမတ်ဖိုး လုပ်နိုင်သူကို တကျပ်ဖိုး လုပ်နိုင်တဲ့ အားတွေ ရှိလာအောင်၊ တကျပ်ဖိုး စွမ်းဆောင်နိုင်သူကို တရာဖိုး စွမ်းဆောင်နိုင်သူ ဖြစ်လာအောင် အားဖြည့်ကူတဲ့ စကားလုံးတွေ ဖြစ်လိုက်ရင် ဘယ်လောက် ကောင်းပေလိမ့်မလဲ။ `ဒီလောက်နဲ့တော့ အလုပ်ဖြစ်မယ် မထင်ပါဘူး´ လို့ ပြောမယ့် အစား `အဲဒီလို လုပ်နေတာအပြင်၊ ဟောဒီ အကြံဉာဏ်ကောင်းတွေနဲ့ပါ ပေါင်းစပ်ပြီး တို့တွေ အတူတူလုပ်ရအောင်လေ´ လို့ ပြောရင် နဂို အလုပ်လုပ်နေသူမှာလဲ အားတက်စေတဲ့အပြင်၊ ဘေးက မလုပ်ဘဲ ထိုင်နေသူကိုပါ တခါတည်း ကိုယ့်ဘက်ပါအောင် အလိုလို စည်းရုံးပြီးသား ဖြစ်စေမှာပါ။

`အပြုသဘော ချဉ်းကပ်မှု´ ဆိုတာဟာ တကယ်တော့ ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို တိမ်းစောင်းပစ်လိုက်တာ မဟုတ်ပါဘူး။ လူတယောက်က ကိုယ့်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာဟာ သူ့မှာ ဘာအကြောင်းရင်းခံတွေ ရှိနေလို့ ကိုယ်နဲ့ မတူရတာလဲဆိုတာကို နားလည်ပေးကြည့်တာဟာလဲ အပြုသဘောတမျိုးပါပဲ။ သူ ဘာတွေ ပြောချင်နေတာလဲ ဆိုတာကို ဂရုတစိုက် နားထောင်ပေးကြည့်တာနဲ့တင်ကို ကိုယ့်ကို ဆန့်ကျင်နေတဲ့ သူ့စိတ်ရဲ့ ရာခိုင်နှုန်း တချို့ကို (သူမသိလိုက်ခင်မှာ) ဆွဲယူစည်းရုံးပြီးသား ဖြစ်နေပါပြီ။

တချို့က အကြောင်းအရာ တခုခုကို ဆွေးနွေးမယ်ဆိုရင် တံခါးချပ် ဟင်းလင်းဖွင့်ထားတဲ့ အခန်းတခုနဲ့ တူတဲ့ ပုံစံမျိုး ဆွေးနွေးလေ့ရှိပါသတဲ့။ သဘောကတော့ အားလုံးကို ဖွင့်ထားတယ်၊ ဒီတော့ ကိုယ်နားလည် လက်ခံထားတဲ့ ကိစ္စရပ်တခုအပေါ်ကို တဘက်လူက ကောင်းတယ်လို့ ပြောသည်ဖြစ်စေ၊ ဆိုးတယ်လို့ ပြောသည်ဖြစ်စေ ချင့်ချိန်ထောက်ရှုပြီးတော့ တဘက်လူကို နားလည်ပေးတယ်။ သူ့ဘက်က ခံစားချက်ကို စာနာပေးတယ်၊ တဘက်မှာလဲ ကိုယ့်ယုံကြည်ချက်က ဘာလဲဆိုတာကို ဟိုဘက်က လူ သဘောပေါက်အောင် ပြန်ကြိုးစားတယ်။

အပေါ်က လူစားမျိုးနဲ့ ဆန့်ကျင်ဘက် နောက်တမျိုးကတော့ တခုခုကို ပြောကြဆိုကြ၊ ဆွေးနွေးကြမယ်ဟေ့ ဆိုရင် သူက ဘာနဲ့တူသလဲ ဆိုတော့ သူ့လက်ထဲမှာ အသင့်ပါလာတဲ့ ပိတ်ထားတဲ့ စာအိတ်ထဲက စာရွက်တွေကို တရွက်ပြီး တရွက် ထုတ်ပြီးတော့ အဲဒီစာရွက်ထဲမှာ အသင့်ရေးလာတဲ့ စီရင်ချက်တွေကိုပဲ ဖတ်ပြနေတဲ့ လူနဲ့ တူပါသတဲ့။ တဘက်လူက ဘာပဲပြောပြော၊ သူ့လက်ထဲက စာအိတ်ထဲမှာပါလာတဲ့ စာရွက်တွေသည်သာ သူ့အသက်၊ အဲဒီ စာရွက်တွေကို ဖတ်ပြတာက သူ့အလုပ်ဖြစ်ပါသတဲ့။

ဒီနေရာမှာ တခါတလေကျရင် (ကျနော်အပါအ၀င်) အတော်များများဟာ ကိုယ့်ကိုယ်ကို Open mind ရှိသူလို့ အထင်သာ ရှိတတ်ပေမယ့် တကယ့်တကယ်တမ်းမှာတော့ စာအိတ်ထဲက စီရင်ချက်တွေကို ဖတ်ပြမိသလို ဖြစ်နေတတ်ပါသေးတယ်။ သတိပြုစရာပါ။

သူတပါးကို အထက်စီးကနေပဲ ပြောချင်နေတဲ့ လူကို မဆက်ဆံချင်ဘဲနဲ့ အလိုက်အထိုက် ဆက်ဆံရတဲ့ ၀ဋ်ဒုက္ခရဲ့ ကြီးမားမှုကလဲ မစားသာပါဘူး။ ဒီဝဋ်ဒုက္ခကို အတော်များများလဲ ခံဖူးမယ်လို့တော့ ထင်ပါရဲ့။ ခက်တာက အဲဒီလို လူစားတွေထဲက တယောက်ယောက်ကများ အကြောင်းအကောင်း မသင့်လို့ နောင်တခေတ်ရဲ့ မြန်မာ့ ခေါင်းဆောင်တယောက်များ ဖြစ်လာခဲ့ရင် ဆိုတဲ့ အတွေးကို တွေးမိလိုက်တော့ အတော်ခေါင်းနားပန်းကြီးမိပါတယ်။

ဟိုတွေးဒီတွေးတွေကို ဟိုရေးဒီရေး ရေးလိုက်တာ စိတ်ထဲမှာ ပေါ့သလို မပေါ့သလိုတော့ ဖြစ်သွားပါရဲ့။ ဒါပေမယ့် ပြောချင်တဲ့ အကြောင်းအရာတွေက တကယ်တော့ မကုန်သေးပါဘူး။ အဲဒါတွေကတော့ နောက်များမှပဲ ဆက်ရေးပါဦးမယ်။ ဆောင်းပါးပုံစံ ဖြစ်ဖြစ်၊ ရသပုံစံ ဖြစ်ဖြစ် တခုခုပေါ့…။


ကလိုစေးထူး

7 comments:

Anonymous said...

good post.

စိုးထက် - Soe Htet ! said...

Right !
Cheers !
sh

ကိုပေါ said...

ကိုစေးထူး ရဲ့ ဒီပို့စ်နဲ့ ပတ်သက်ပြီးတော့ ကျနော် စဉ်းစားမိတဲ့ အချက်ကလေးတွေကို ပြောပြချင်ပါတယ်။

လူတွေကို စည်းရုံးတဲ့နေရာမှာ ချိုသာခြင်း၊ ကြမ်းတမ်းခြင်း၊ စကားလုံးမာခြင်း၊ တဖက်လူကို အပြစ်ဖို့ခြင်း စတာတွေဟာ သူ့နေရာနဲ့သူ ပါနိုင်ပါတယ်။ တချို့သော နေရာမှာ အဲသည်လို မာမာပြောခြင်း၊ အပြစ်ဖို့ခြင်းတွေကိုယ်၌က ဆွဲဆောင်မှု တမျိုးပါဘဲ။ အပျော့ဆွဲနဲ့စည်းရုံးတိုင်း ကိုယ့်ဘက်ပါနိုင်တာမဟုတ်သလို….ခပ်မာမာပြောလိုက်လို့လည်း ထွက်ပြေးသွားတတ်တာမျိုး မဟုတ်ပါဘူး။ တခါ အပျော့ဆွဲနဲ့ စည်းရုံးလို့ ပါလာပြန်တော့လည်း ပျော့တိပျော့ဖတ်တွေက အများသားဗျိုး။ အရေးကြုံရင် အားကိုးလို့ မရတော့ဘူး။ တခါတည်း နောက်ကို လျှိုဝင်သွားကြရော။ တကယ်ကျရင် အဲဒီ “နှုတ်ချို သျှိုတပါး” တို့၊ “မုသားမပါ လင်္ကာမချော” ဆိုတဲ့ စကားတွေဟာ လူတွေကို လိမ်ဘို့၊ မာယာဆင်ဘို့ အားပေးနေသလိုဘဲ။ အာဏာရှင်အစိုးရတွေ ၀ါဒဖြန့်မှိုင်းတွေမှာ အဲဒီနည်းတွေ အများဆုံးသုံးသပေါ့။

ကျနော့်အမြင်အရပြောရရင်တော့ စကားလုံး သုံးစွဲပုံ မာခြင်းပျော့ခြင်းနဲ့ တင်ပြပုံသည် ပဓာနမကျ။ ဆိုလိုရင်းကို ထိမိအောင်ပြောနိုင်ခြင်းနဲ့ ကိုယ်ပေးချင်သော မက်ဆေ့ခ်ျ (Message) လူတွေဆီ ရောက်ဘို့သာ ပဓာနကျတယ်လို့ ယူဆပါတယ်။ ဆရာကြီးလေသံနဲ့ ပြောတာချင်ကြတာကလည်း ၀ါသနာ ဓါတ်ခံကြောင့်ပေါ့ဗျာ။ ကျောင်းဆရာ၊ ဆရာမလုပ်ဘူးတဲ့သူတွေ ဆိုရင် အဲဒီလေသံက တော်ရုံနဲ့ မဖျောက်နိုင်တော့ဘူးဗျ။

ဒါပေမယ့် လူတိုင်းလူတိုင်းမှာ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်ကလေးတွေ ပါကြတဲ့အတွက် စာရေးသူ ပေးလိုက်တဲ့ မက်ဆေ့ခ်ျဟာ အကျိုးရှိသလား၊ မရှိလား ဆိုတာကို စဉ်းစားချင့်ချိန်ပြီးမှ လက်ခံသင့် လက်မခံသင့် စာဖတ်သူက သူ့ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

ဥပမာပေးရရင်…..

ဒီးဒုတ်ဦးဘချို ရေးဘူးတာရှိတယ်။ (စာသားအတိအကျ မမှတ်မိပါ။ ရန်ကုန်တက္ကသိုလ်နှစ်ငါးဆယ် အထိမ်းအမှတ် မဂ္ဂဇင်းထဲမှာ ဦးဘချိုရဲ့ ဆောင်းပါးဟောင်းကို ပြန်လည်ဖော်ပြထားသည်ကို မှတ်မိပါသည်။)

“နိုင်ငံရေးဟူသည် နိုင်ငံသားတိုင်း၏ အရေးပင်ဖြစ်သည်။ နိုင်ငံရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများသည် မိမိ၏ တာဝန်ကို မိမိ ကျေပွန်စွာ ထမ်းဆောင်နေရုံမျှဖြစ်၍ သူတို့ကို အထူးကျေးဇူးတင်စရာမလို။ နိုင်ငံရေးကိုအလျဉ်း မလုပ်ကြသူများသည်ကား ပြည်လှေးပြည်မွှားများသာ ဖြစ်ကြကုန်သည်။ မိမိကိုယ်တိုင် နိုင်ငံရေးကို မလုပ်ရုံမျှမက သူတပါးလုပ်နေသည်ကို လိုက်လံ ပိတ်ပင် တားဆီးသူများသည် တိုင်းပြည်ရန်သူနံပါတ်တစ် ဖြစ်ပေသည်။” တဲ့။

အဲဒီလိုပြောချလိုက်တာ နိုင်ငံရေးမလုပ်ဘဲ နံဘေးက ရပ်ကြည့်နေတဲ့ သူတွေကို ပြည်လှေးပြည်မွှားလို့ ပြောလိုက်တာဘဲ။ ကြားရရင် နားခါးချင်စရာကြီးပါ။ တမတ်ဖိုးတောင်မလုပ်နိုင်တဲ့လူတွေကို ပိုပြီး ထွက်ပြေးချင်အောင် ပြောတယ်လို့ ထင်စရာပါ။ ဒါပေမယ့် အနှစ်သာရကို ကြည့်ရင်တော့ သွေးထွက်အောင်မှန်တဲ့ အမှန်တရားပေါ့။ ဆတ်ဆတ်ခါ နာတယ်ဆိုရင်၊ ပြည်လှေးပြည်မွှားလို့ ခေါ်တာမခံချင်ရင် ကိုယ့်ကိုယ်ကို ပြောင်းလဲကြပေါ့၊ ဟုတ်ဘူးလား။

နောက်တခါ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် ဗိုလ်ချုပ်က အပျော့ဆွဲဆွဲတဲ့ လူစားမျိုးမဟုတ်။ အမှန်တရားနဲ့ သစ္စာတရားကို လက်ကိုင်ထားပြီး ပိဿလေးနဲ့ ဘေးပစ်သလို ပြောတတ်သောလူစားဖြစ်နေတာကို တွေ့ရပါတယ်။ တချို့သော စကားလုံးတွေဆိုရင် ကြမ်းလွန်းလို့ နားထောင်ရတာ ကျောတောင် ချမ်းမိပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်တမ်းက နားထောင်နေတဲ့ ဗမာတွေကို ဆဲနေ ဆူနေ၊ လက်ညှိုးထိုးနေ၊ ကြိမ်းမောင်းနေတာတွေ ဖြစ်လို့ပါဘဲ။ ဘောလုံးပွဲ ဥပမာတို့၊ လှေပြိုင်ပွဲ ဥပမာတို့၊ လမ်းမပေါ် ဆေးရိုးလှမ်းတာတို့၊ ကွန်မြူနစ်တွေကို ထုတ်လိုက်ရတဲ့အကြောင်းတွေတို့ စုံလို့ပေါ့ဗျာ။ သံဖြူဇရပ်မှာ သူ့တပ်သားတွေကို ပြောတဲ့ မိန့်ခွန်းဆိုရင် ဖတ်ရတာ အသည်းပါ အေးတယ်။

ဒါပေမယ့် အဲဒါနဲ့ဘဲ ဗိုလ်ချုပ်ကို စည်းရုံးရေးညံ့တယ်လို့ ပြောလို့မရဘူးလေဗျာ။ နောက်ပြီး အဲဒီ ဗိုလ်ချုပ်လို လူမျိုး ခေါင်းဆောင်ဖြစ်လာလို့လည်း တိုင်းပြည် မနစ်နာခဲ့ရပါဘူးဗျာ။

ဟောဟောဒိုင်းဒိုင်း ပြောတတ်ပေမယ့် ရိုးဖြောင့်ပြီး အရည်အချင်းရှိတဲ့ ခေါင်းဆောင်မျိုးကို တိုင်းပြည်က ပိုအလိုရှိပါတယ်။ ဝေ့လည်ကြောင်ပတ်နဲ့ ဘုရားလိုလို တရားလိုလို….ပြီးတော့ အရည်အချင်းကျ ထင်သလောက်မရှိတဲ့ မရိုးမသား ဟန်ဆောင်ကောင်းတဲ့ ခေါင်းဆောင်မျိုးကို လူကြိုက်များရင်တော့ များကောင်းများမယ်။ နောက်ပြီး လူကြိုက်များပေမယ့် ကိုယ်ကျိုးရှာလွန်းတဲ့လူမျိုး။ မမှန်ကန်တဲ့လူမျိုး။ ဥပမာ….ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လို လူမျိုး။ အဲဒီခေါင်းဆောင်မျိုးတော့ ကျနော်တို့က ကန်တော့ဆွမ်းပါဗျိုး။ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်လိုပါတယ်။

တဖက်မှာလည်း “ညီလေး မင်းကိုနိုင်…” အစချီပြီး အီးညှောင်ပတ်ညှောင် ရေးတတ်တဲ့ ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးငါးမင်းဆွေ လို ဆောင်းပါးရှင်တွေလည်း ရှိတာဘဲ။ အမှန်တရားမပါတဲ့အခါ သူ့ဆောင်းပါးတွေကို ဘယ်သူများ ဖတ်လို့လဲ။

တကယ်ကတော့ သစ္စာသည်သာ အလှတရားပါ။ အမှန်တရားဟာ တန်ဆာမဆင်ဘဲလည်း ရိုးရိုးလေးနဲ့ လှပါတယ်။

ကျနော်ကတော့ ဗုဒ္ဓရဲ့ လမ်းစဉ်ကို ကြိုက်သဗျို့။

“မှန်တယ်၊ အကျိုးရှိတယ် ဆိုရင် နားထောင်ရသူ ကြိုက်ကြိုက်မကြိုက်ကြိုက် အခါအားလျော်စွာ ပြောဆိုအပ်တယ်” ဆိုတာလေဗျာ။

ဒီအင်တာနက်ခေတ်ကြီးထဲမှာ သိပ်ပြီး သိုင်းသိုင်းဝိုင်းဝိုင်းရေးဘို့ကို ရေးတဲ့လူကလည်း အချိန်မပေးနိုင်၊ ဖတ်တဲ့လူကလည်း အချိန်မပေးနိုင်ဆိုတော့ကား စာဖတ်သူကို ချော့မော့ဆွဲခေါ်နေဘို့ စိတ်မရှည်နိုင်တော့ဘူးဗျ။ ကလေးတွေလည်း မဟုတ်ကြတော့ဘူး။ (တခါတလေ စိတ်ပါရင်တော့ ချော့ခေါ်တာပေါ့ဗျာ။)

ဒီတော့…...အမှန်တရားကိုဘဲ အားကိုးပြီး…………ပိဿလေးနဲ့ ဘေးပစ်သလို ပြောကြရတာကို ဘလော့ဂ်တွေ လည်ဖတ်ရင်း တွေ့ခဲ့မြင်ခဲ့ရင် နားလည်ပေးလိုက်ပါဗျာ…ဟဲဟဲ။ ဘယ်နည်းနဲ့ဘဲ စည်းရုံးစည်းရုံး….အင်တာနက်ပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ကို ပြကြပါစေဗျာ။ အချိန်တန်တော့လည်း အမှိုက်တွေက အမှိုက်နေရာရောက်သွားပါလိမ့်မယ်။

ခင်မင်စွာဖြင့်….
ကိုပေါ။

Anonymous said...

Saya Klo

Keep up with good work!!!

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
ကလိုစေးထူး said...

ကိုပေါရေ…
အာရုံတွေ ပြန့်နေလို့ စာရေးလို့ မရတာနဲ့ ကိုပေါ ဂရုတစိုက်နဲ့ လာရေးပေးထားတဲ့ ကွန်မန့်ကိုပါ အကြောင်းပြန်ဖို့ နောက်ကျနေခဲ့ရတယ်။ ခွင့်လွှတ်ပါ။ ကိုပေါ ပြောတာတွေဟာလဲ လျော်ကန်မှုရှိပါတယ်။ တခုရှိတာက ဗိုလ်ချုပ်တို့ ခေတ်တုန်းက အခြေအနေနဲ့ ကျနော်တို့ အခုခေတ် အခြေအနေတွေ အပုံကြီးကွာနေသလို လူမျိုးခြားရဲ့ ဖိနှိပ်မှုကို တော်လှန်ဖို့ စည်းရုံးရတာနဲ့ လူမျိုးတူ အချင်းချင်း အနိုင်ကျင့်မှုအောက်က ရုန်းထွက်ဖို့ ဆွဲယူရတာချင်းလဲ ကွာလာပါတယ်။ အဲဒီလို ကွာလာတဲ့အတွက် မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို ပါးပါးနပ်နပ် နဲ့ ကိုယ့်ဘက် ပါလာအောင် စည်းရုံးသင့်တာတွေလဲ ရှိလာပါတယ်။ အပျော့ဆွဲနဲ့ နားဝင်အောင် စည်းရုံးတာနဲ့က ကွာဟမှု ရှိပါတယ်။ ကျနော် ရေးခဲ့တာလဲ အဲဒီ သဘောပါပဲ။ ဂရုတစိုက် ဖတ်ရှုဝေဖန်မှုအတွက် ကျေးဇူးပါ ကိုပေါရေ။