`လှေ~~ လှေ~~~ လှော်ကြ လှော်ကြ~~~ လှေ~~ လှေ လှော်ကြလှော်ကြ´
လှေလှော်ကြဟန် ပုံစံနှင့်အတူ လှော်တက် တယောက်တခုစီဖြင့် လူရွှင်တော် စိန်သီးနှင့် ကြယ်သီးတို့နှစ်ယောက် စင်ရှေ့ကို တရွေ့ရွေ့ထွက်လာကြ၏။ သီချင်းလေး တဟဲဟဲ လှေကလေး တလှော်လှော်နှင့် သူတို့နှစ်ယောက်ကို ဂေါ်ဇီလာက အသာအကဲခတ်နေသည်။
`ဝေးးး ဟေးဟေး၊ ရောက်ပြီကွ၊ ပန်းတိုင်ရောက်ပြီ´
လှေလှော်နေတာကို ဗြုန်းဆို ရပ်လိုက်ပြီး စိန်သီးက အထက်ပါအတိုင်း အော်လိုက်တော့ ကြယ်သီးကလဲ ယောင်တောင်တောင်ဖြင့် `ပန်းတိုင်ရောက်ပကွ´ လို့ လိုက်အော်ပြန်၏။ အကဲခတ်နေသော ဂေါ်ဇီလာက မဆိုင်းမတွပင်-
`အဲဒီလိုပဲ ပန်းတိုင်ရောက်ပြီကွ၊ ရောက်ပြီကွနဲ့ အော်အော်နေတာ ဘယ်နှစ်ခါရှိပြီတုန်း၊ အခုပဲ အနှစ်နှစ်ဆယ်ရှိနေပေါ့´
ပရိသတ်များ ၀ါးခနဲ ပွဲကျသွားလေ၏။
***
တလနှစ်လခန့်တော့ ကြာခဲ့ပြီ ထင်ပါသည်။
ဘလော့ဂ်ရေးဖော် ရုရှရောက် ညီငယ်တယောက်နဲ့ အွန်လိုင်းပေါ် ဆုံဖြစ်၊ စကားပြောဖြစ်၏။ သူနဲ့ကိုယ်က ရပ်တည်နေကြတဲ့ အနေအထားနဲ့ တချို့သော အမြင်အတွေးတွေ မတူလင့်ကစား ထိုညီငယ်ကလဲ သူ့ကို တလေးတစားရှိ၊ သူကလဲ ထိုညီငယ်ကို အထင်သေးခြင်း စိုးစင်းမရှိတော့ စကားပြောရတာ လေပေးဖြောင့်တယ်လို့တောင် ပြောနိုင်၏။ ပြောကြရင်းဖြင့် တကြိမ်မှာတော့ ထိုညီငယ်က အမှတ်ရရဖြစ်စရာ အကောင်းဆုံး စကားတခွန်းကို ပြောလာသည်။
`အကို၊ ကျနော်တို့တွေဟာ တကယ်တော့ ဝေးမနေကြဘူးလို့ ထင်တယ်နော်၊ ကျနော်တို့အတွက် လိုနေတာ တခုပဲရှိတယ်´
အသာငြိမ်ပြီး ဆက်နားထောင်နေခိုက်...
`အဲဒါကတော့ တံတားတစင်းပဲ အကို´
အဲဒီအခိုက်မှာတုန်းက သူ အတွေးတွေဖြင့် ငြိမ်သက်မိသွားခဲ့တာတော့ အမှန်... ... ...။
***
လှေလှော်တာကို ရပ်တန့်ပြီး စိန်သီးနှင့် ကြယ်သီးတို့နှစ်ယောက် ပန်းတိုင်ရောက်ပဟ လို့ အော်ဟစ်နေခိုက် မြူးကြွသော အိန္ဒိယ တီးလုံးသံနှင့်အတူ ဇီးသီးတယောက် ကခုန်ပြီး စင်ရှေ့ကို ထွက်လာ၏။ ပါးစပ်ကလဲ ဆိုနေလိုက်သေးသည်။
`ဟမလေး အကိုကြီး၊ ကုလားမကို ယူမလား၊ ကုလားမကို ယူမလား၊ ဒန်တန်တန်´
ဇီးသီးကို စောစောက လှေလှော်သားနှစ်ယောက် စိန်သီးနဲ့ကြယ်သီးက ငေးမောနေခိုက် ဇီးသီးကပြော၏။
`အားကိုဂျီးတို့နော်၊ အာကိုဂျီးတို့ လှေလှော်နေတာက တယောက်ကို တယောက်မြင်နေရလို့ ပန်းတိုင်ကို တကယ်မရောက်သေးတာ၊ ဒီတော့ ချွန်းဒေါ် အကြံပေးမယ်နော၊ အားကိုဂျီးတို့ နှစ်ယောက် တယောက်ကို တယောက် ကျောခိုင်းပြီး လှေကို လှော်ကြပါ အားကိုဂျီးတို့´
အိန္ဒိယ အကနှင့်အတူ တွန့်လိမ်ကခုန်ပြီး စင်ထောင့်ကို ပြန်ဝင်သွားသော ဇီးသီးရဲ့ အကြံပေးချက်အတိုင်း ဟိုနှစ်ယောက်က တယောက်ကို တယောက် ကျောခိုင်းလို့ ကုန်းရုန်း လှော်ကြပြန်တော့သည်။
***
`ခင်ဗျားပြောဖူးတဲ့ တံတားတစင်းလိုတယ် ဆိုတဲ့စကားကို ကျနော် ခဏခဏတွေးဖြစ်တယ်ဗျာ´
`ဟုတ်ကဲ့အကို´
`အဲဒီလို တွေးရင်းနဲ့ ကျနော်စိတ်ကူးလေး တခုရတယ်ဗျ´
`ဟုတ်´
`ဒီလိုလုပ်မယ်လေ၊ ကျနော့်စိတ်ထဲမှာ ကျနော်တို့တွေကို ခင်ဗျားတို့ဆီက ဘာတွေပြောချင်မလဲ၊ ပြောစရာ ဘာတွေ ရှိနေလဲဆိုတာ သိချင်တယ်၊ အဲဒီလိုပဲ ကျနော်တို့ကလဲ ခင်ဗျားတို့ကို ပြောချင်တာလေးတွေ ရှိနေပြန်တယ်´
`ဟုတ်ကဲ့´
`ဒီတော့ ခင်ဗျားတို့ဆီကလဲ ကျနော့်ကို မေးချင်တာတွေရှိတာကို ကြိုက်တာမေး၊ ကျနော်ကလဲ ပြန်မေးမယ်။ တဘက်ကို မေးခွန်း ငါးခုစီ အပြန်အလှန်ပေါ့ဗျာ´
`ဟုတ်ကဲ့´
`အဲဒီလို မေးတဲ့မေးခွန်းတွေနဲ့ ဖြေတဲ့ အဖြေတွေကို ခင်ဗျားတို့ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘလော့ဂ်တွေပေါ်ကနေ လာဖတ်သူတွေကို ချပြမယ်၊ ဖတ်တဲ့လူက သူ့အတွက်အသုံးတည့်တာကို ယူသွားကြပစေ၊ အသုံးမတည့်ဘူး ထင်တာတွေကို ချန်သွားကြပစေပေါ့´
`ဟာ၊ သိပ်ကောင်းတဲ့ အစီအစဉ်ပဲအကို´
`အင်း၊ အဲဒါလေးကလဲ ကျနော်တို့နဲ့ ခင်ဗျားတို့ကြား ဆောက်ကြည့်မယ့် တံတားတစင်းဖြစ်နိုင်ကောင်းရဲ့လို့ ခံစားမိတယ်လေ´
`အရမ်းကောင်းတယ် အကို၊ ကျနော်သဘောတူတယ်။ ကျနော့်သူငယ်ချင်းတွေကိုလဲ ညှိထားမယ်လေ´
အဲဒီနောက်မှာတော့ ဘယ်လိုဘယ်ပုံဆွေးနွေးကြမည်။ မေးကြမည့်မေးခွန်းတွေသည် ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ အခြားနည်းလမ်းအရဖြစ်ဖြစ် အသားလွတ်ပုတ်ခတ်၊ ဖိနှိပ်သော မေးခွန်းမျိုးမဖြစ်အောင် နှစ်ဘက်စလုံးက နားလည်မှုရှိရှိဖြင့် ရှောင်ကြဖို့ စသည်စသည် ဆက်ပြောဖြစ်ကြပြန်သည်။
***
စိန်သီးနဲ့ ကြယ်သီးတို့နှစ်ယောက် တယောက်နဲ့တယောက် ကျောခိုင်းပြီး လှေလှော်နေတော့ လှေက ရှေ့ကို မတက်နိုင်ဖြစ်နေခိုက်မှာပင် တရုတ်ဝတ်စုံအနီရောင်ကို ၀တ်ထားတဲ့ ပန်းသီးတယောက် ကိုးယို့ကားယား ကခုန်ပြီး စင်ရှေ့ကို ရောက်လာပြန်သည်။ စိန်သီးနဲ့ ကြယ်သီးတို့ကိုတွေ့တော့...
`အိုးဟို...၊ လုတို့ နှီယောက် လှီကိုဒီလိုလှော်လို့ မီရဘူးလေ၊ လုတို့က တယောက်ကိုတယောက် ကျောခိုင်းနေတာကိုး၊ ဒီတော့ မျက်နှာချင်းဆိုင်လှော်မှ လှီက ပန်းတိုင်ကိုရောက်မှာပေါ့ လုတို့ရ၊ ၀က စီတနာနဲ့ အကြံကောင်းပီးတာနော´
စိန်သီးတို့နှစ်ယောက်က...
`ဟေ၊ ဟုတ်ပေသားပဲ၊ ကဲလာကွာ၊ တရုတ်ကြီးပေးတဲ့ အကြံအတိုင်း ငါတို့နှစ်ယောက် မျက်နှာချင်းဆိုင် လှော်ကြရအောင်´
***
တလောက ဟိုညီငယ်နှင့် ဆွေးနွေးဖြစ်တာတွေကို အစပျိုး အကောင်အထည်ဖော်သည့် သဘောဖြင့် `တံတားပေါ်ကအတွေး´ ဆိုတဲ့ ပို့စ်ကို ရေးဖြစ်၏။ ညနေခင်းတခုမှာ ရောက်ဖြစ်ခဲ့တဲ့ တံတားကို ကြည့်ဖြစ်ရင်း ယင်းညီငယ်နှင့် ပြောဖြစ်တာတွေကို သတိရရင်း ရေးဖြစ်ခဲ့တဲ့ပို့စ်။ နောက်ပိုင်းကျရင်တော့ သူတို့တွေရဲ့ ကိုယ်စီအမြင်တွေနဲ့ လိုလားချက်၊ ဖြစ်စေချင်ချက်တွေကို ချခင်းဖြစ်တော့မည် ထင်သည်ဟု တွေးပြီး ရေးဖြစ်သော ပို့စ်။
သို့သော်... ...။
ယင်းပို့စ်ရဲ့ အခု ၂၀ မြောက်နှင့် ၂၁ ခုမြောက် မှတ်ချက်တွေကို မြင်တော့ ဘာမှကို ပြန်ပြောချင်စိတ် မရှိတော့လောက်အောင် စိတ်ပျက်၊ စိတ်ကုန်သွားမိတာတော့ အမှန်...။ ခက်လှပါဘိ။
***
`မင်းက ဒီလိုပြောတော့ ငါကလဲ ဒီလိုချသကွ´
`အောင်မယ်၊ မင့်လိုကောင်ကများ ငါ့ကို ပြန်ပြောရတယ်လို့၊ ငါ့ဘာမှတ်နေတုန်း၊ ပြန်ချသဟေ့၊ ဟောသလို ဟောသလိုကို ပြန်ချသကွ´
`အောင်မာ၊ အရပ်ထဲ ကွမ်းယာရောင်းတဲ့သာသာလောက်ကောင်ကများ ငါ့ကို ပြန်ချဝံ့သလား´
`ဟေ့၊ မင်းငါ့ကို ဒီလိုတော့ မပုတ်ခတ်နဲ့နော်´
`ပုတ်ခတ်တော့ ဘာဖြစ်ချင်တုန်း´
`ဒါဖြစ်ချင်တယ်ကွာ´
`အေး၊ မင်းက ဒါဖြစ်ချင်တော့ ငါကလဲ ဒီလိုချသကွာ´
`၀ုန်း´ခနဲ `ဗြုန်း´ ခနဲ လဲပြိုသံတွေက ရန်လိုခြင်းတွေ၏ စေစားမှုအောက်တွင် အတုန်းအရုန်းမြည်လို့...။ ဘေးကလူတွေကိုလဲ မမြင်အားနိုင်တော့ ရန်မီးတွေက တ၀ုန်းဝုန်း၊ တဒုန်းဒုန်း။
***
လှော်တဲ့လှေက ဘယ်လိုမှ ရှေ့ဆက်မရောက်နိုင်တော့ ထုံးစံအတိုင်း စိန်သီးနဲ့ကြယ်သီးတို့နှစ်ယောက် အပြန်အလှန်ငြင်းခုန်နေခိုက်မှာပင် စောစောက အကြံတွေပေးသွားကြတဲ့ သကောင့်သားနှစ်ယောက် ဇီးသီးနဲ့ ပန်းသီးတို့ စင်ရှေ့ကို ပြန်ရောက်လာကြသည်။ ဇီးသီးက...
`အားကိုဂျီးတို့ ဒီလောက်တောင် ပန်းတိုင်ကို မရောက်နိုင်ဖြစ်နေကြရင်လေ ချွန်းဒေါ်တို့ နှစ်ယောက်က နမူနာလှော်ပြပါ့မယ်၊ အားကိုဂျီးတို့ လိုက်ကြည့်ထားကြပါ´
`ဟေ၊ ဒီအကြံကောင်းသားကွ´ ဆိုတဲ့ စိန်သီးရဲ့ ရေရွတ်စကားကို ကြယ်သီးကလဲ မဆိုင်းမတွ ထောက်ခံလိုက်သေးသည်။ သဘောက လှေကို တကယ်ရွေ့အောင် သူတို့နှစ်ယောက်မှာ ဆင်ခြင်ဉာဏ် မရှိတော့တဲ့ သဘော...။
`ကဲ...၊ ချွန်းဒေါ်တို့ လှော်တာကို ကြည့်ထားကြပါ အားကိုဂျီးတို့´
ပြောလဲပြောရင်း တရုတ်ကြီး ပန်းသီးကိုလဲ မျက်စပစ်ပြလိုက်ရင်းဖြင့် လှေကို ရှေ့တယောက်နောက်တယောက် လှော်ပြီး လှေကိုပါ မ သွားကြလေဟန် နှစ်ယောက်သား စင်ထောင့်မှာပျောက်ချင်းမလှ ပျောက်သွားကြလေ၏။ ဒါတောင်မှ ဟိုနှစ်ယောက်က မသိသေးဘဲ ကျေးဇူးတောင် တင်နေလေဟန် ပျော်လို့ပါးလို့...။ ဒီအခိုက်မှာပင် စောစောက တချိန်လုံး အကဲခတ်နေတဲ့ ဂေါ်ဇီလာက...
`အေး၊ မင်းတို့က ကျေးဇူးတွေတောင်တင်နေသေးတယ်ပေါ့ ဟုတ်လား၊ ဟိုမှာ မင်းအဖေတွေက လှေကိုပါ မ သွားပြီဟ၊ မင်းတို့လှေ ပါသွားပြီ၊ သိကြရဲ့လား´
***
ဖို့ဝိန်းမြို့မှာ ကသွားတဲ့ `သီးလေးသီး အငြိမ့်´ရဲ့ ပြက်လုံးပုံဖော်ချက်က အတွေးထဲကနေ တော်တော်နဲ့ မထွက်... ... ...။
***
၂၀၁၀ ကို တရွေ့ရွေ့နဲ့ ချဉ်းကပ်လို့ကလဲ ကောင်းတုန်း။ နောင်ဂျိန်ချသံတွေကလဲ တ၀ုန်းဝုန်း။
ပြည်တွင်းမှာ...၊ ပြည်ပမှာ...၊ နယ်စပ်မှာ...၊ အရှေ့မှာ...၊ အနောက်မှာ...၊ ဟိုမှာ...၊ ဒီမှာ...။ ပြီးတော့...။
ဘလော့ဂ်တွေပေါ်မှာ... ... ...။
***
ကလိုစေးထူး