ကျုပ်ကို စင်ပေါ် `ဂွပ်´ ခနဲ မြည်အောင် တင်လိုက်တဲ့ သခင့်ပုံစံက နွမ်းလျနေတဲ့ဟန် အတိုင်းသား ပေါ်လွင်နေတယ်။ အင်း...၊ ဒီနေရာလေးမှာ ဆူညံနေကျ ထုသံနှက်သံတွေရယ်၊ ကျုပ်ရဲ့ သခင်နဲ့ သူ့သူငယ်ချင်းတွေရဲ့ တချက်တချက် အော်ဟစ် နောက်ပြောင်သံတွေရယ်၊ ဖော့ကလစ်ကားသံ တ၀ူးဝူးရယ်ကတော့ ရက်အတန်ကြာအောင် တိတ်ဆိတ်နေဦးတော့မှာပေါ့။ ခဏနေတော့ သခင်က ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ကျုပ်ဘက်ကို လှည့်ကြည့်ပြီး ခပ်ဖျော့ဖျော့ စကားသံနဲ့ အရွှမ်းဖောက်လိုက်တဲ့ စကားကို ဘေးနားမှာ ရှိနေကြတဲ့ လူတွေက အားရပါးရ ရယ်မောကြပါလေရာ...။
`တူ လေးရေ၊ မင်းကတော့ ခဏအနားရဦးမှာမို့ ပျော်ချင်ပျော်နေမှာပေါ့၊ နေနှင့်ဦးပေါ့ကွာ၊ ပြန်လာမှ တရစပ်ကို ထုပစ်ဦးမယ်ကွ´
တကယ်တော့ ကျုပ်လဲ မပျော်ပါဘူး သခင်ရာ...။ ထုနှက်ဖို့ တာဝန်ကို ယူထားရတဲ့ တူတလက်အဖို့ စင်ပေါ်မှာ ငေါင်းစင်းစင်းနဲ့ နေရမယ်ဆိုတာက တာဝန်ကျေတဲ့ တူတလက်ဖြစ်လာစရာ အကြောင်းမှ မရှိတော့ ဘယ်လိုလုပ်များ ပျော်နိုင်မှာတုန်း။
***
သခင်နဲ့ ကျုပ်နဲ့ စတွေ့တုန်းကတော့ သခင့်ပုံစံ ဗလံလေးကို ကြည့်ပြီး ကျုပ်က မဲ့ပြုံးတောင် ပြုံးမိသေးတယ်။ ကြည့်လေ၊ လက်မောင်းက ပိန်ပိန်၊ လမ်းလျှောက်လိုက်ရင် ကားကားကားကား နဲ့ ဟိုအရင် ဒီမှာအလုပ်လုပ်နေကျ မက္ကဆီကန် ဗလကြီးလို လုပ်နိုင်ပါ့မလားလို့ ထင်ချင်စရာ။
သခင့်ရဲ့ အလုပ်ရှင်က အလုပ်အကြောင်းတွေ ရှင်းပြတော့ သခင်က သူလုပ်ရမယ့် အလုပ်စားပွဲ ခပ်ညစ်ညစ်ပေါ်က တူအသစ်စက်စက်လေး ကျုပ်ကို ငဲ့စောင်းကြည့်နေတာ ခဏခဏပဲ။ ကျုပ်လဲ ကျုပ်ရဲ့ သခင်အသစ်စက်စက်လေးကို စိတ်ထဲကနေ အားပေးလိုက်ပါတယ်။
`သခင်ရေ...၊ တနာရီကို ၅၅ ခု နှုန်းတဲ့နော၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပဲ၊ ကြိုးစားထား´
***
Electrical Ballast လို့ခေါ်တဲ့ လေးထောင့်တုံးပုံစံ လျှပ်စစ်အုံ အဟောင်းတွေကို သခင်က ကျုပ်ကို အသုံးပြုပြီး သံပြားခပ်ထူထူကို ပေ အဖြစ် အသုံးချလို့ ထုနှက်ရတယ်။ အဲဒီ အုံအဟောင်းထဲက ထွက်လာတဲ့ ကွိုင်ထုပ်တွေက သပ်သပ်၊ ငွေရောင် သတ္တုလေးတွေက သပ်သပ် ခွဲထုတ်ရတာ သခင်လုပ်ရတဲ့ နေ့စဉ်အလုပ်ပေါ့။
ဒီအလုပ်ဟာ သခင့်အတွက်တော့ အစပိုင်းရက်တွေမှာ အတော်လေးကို ပင်ပန်းစေပါတယ်။ ညနေစောင်းတွေ ရောက်လာပြီဆိုရင် ကျုပ်ကို စားပွဲထောင့်စွန်းပေါ် မောဟိုက်ဟိုက်နဲ့ ပစ်တင်ပြီး ပြန်သွားလေ့ရှိတဲ့ သခင့်ကို ကျုပ်လဲ ကရုဏာသက်မိပါရဲ့။ ဒါပေမယ့် အလုပ်ဟာ အလုပ်ပဲ မဟုတ်လား သခင်ရယ်၊ ဒီလိုပဲ ထုရင်းနှက်ရင်းနဲ့ သခင် အလုပ်လုပ်နေတဲ့ အလုပ်ရုံလေးမှာ တူရိုက်သံ ဆူညံညံနဲ့ မက္ကဆီကန် တေးသွား ရေဒီယို အသံက ရောလို့ ထွေးလို့။
`ဘယ်လိုလဲကွ၊ မင်းပြုံးနိုင်သေးရဲ့လား´
သခင့် အလုပ်ရှင်က သူ့အလုပ်သမားသစ်ရဲ့ အလုပ်ဆင်းတဲ့ လေးရက်မြောက် နေ့မှာ လှမ်းမေးလိုက်တယ်။
`ပြုံးပါတယ်။ ကျနော်က ပြုံးရတာကို ကြိုက်တယ်´ လို့ ရယ်ရယ်မောမောနဲ့ ပြန်ဖြေလိုက်တဲ့ သခင် တကယ်တော့ ညနေဘက်တွေမှာ ခြေပစ်လက်ပစ်နဲ့ မောပန်းလွန်းခဲ့တာကို ကျုပ်က အသိဆုံးပါ။ ဒါပေမယ့်လေ၊ သခင်က အမြဲလိုလို ပြုံးနေတတ်တဲ့ လူမျိုးတွေနေတဲ့ တိုင်းပြည်က လာတာမဟုတ်လား။
***
`အိုးး၊ မင်းရဲ့ ပထမအပတ်မှာတင် Credit 5 hours ရနေပါလားကွ၊ Great!´
Ballast အဟောင်းတွေက ထွက်တဲ့ အမှုန်တွေရဲ့ အရောင်ကြောင့် ၀ါကျင့်ကျင့်ဖြစ်နေတဲ့ မျက်နှာနဲ့ သခင်က အလုပ်ရှင်ကို ကျေးဇူးပဲလို့ ပြောပြီး အားရပါးရပြုံးလိုက်တယ်။
နောက်ပိုင်းရက်တွေမှာတော့ သခင့်ဆီကနေ မနက်ဆိုရင် ကျုပ်ကို ကြောက်လန့်တဲ့ ဟန်နဲ့ ကြည့်တတ်တဲ့ အကြည့်မျိုးတွေ၊ ညနေပိုင်းတွေကျရင် စားပွဲစွန်းဆီကို မောပန်းစိတ်ပျက်ပြီး ပစ်တင်လိုက်တာမျိုးတွေ မရှိတော့ဘူး။ အ၀တ်လက်အိတ် ခပ်ထူထူကို ၀တ်ပြီး ကျုပ်ကို သခင်က မယူလိုက်ပြီ ဆိုတာနဲ့ ကျုပ်ကလဲ သခင့်အလိုကျ တဒုန်းဒုန်းမြည်အောင် Ballast တွေကို တခုပြီးတခု ဖြိုခွဲပစ်တော့တာပဲ။
နှစ်ပတ်သုံးပတ်လောက်လဲ ဒီအလုပ်မှာ လုပ်ပြီးရော သခင့်ထက် အရင် လုပ်နှင့်နေတဲ့ မက္ကဆီကန်ပုဂ္ဂိုလ်က လှမ်းပြောယူရတယ်။
`ဘယ်လိုလဲကွ၊ တနာရီကို ၅၅ ခုက အခုတော့လဲ အသာလေးပြီးနေပါလားကွ၊ မင်း အခု တနာရီကို အခု ၉၀ နှုန်းလောက် ပြီးနေပါလား´
***
`ကျနော်က Physical job တွေနဲ့ ပိုပြီး အကျိုးပေးနေတယ်လေ၊ အမေရိကားရောက် ကာယလုပ်သားကြီးပေါ့ဗျာ...၊ အဟဲ´
အလုပ်နားခိုက်မှာ သခင့်ဖုန်းပြောသံကို ကြားလိုက်ရတော့ ကျုပ်လဲ သခင့်အတွက် စိတ်မကောင်းဘူး။ လက်တွေ ညောင်းကိုက်ပြီး နာကျင်နေအောင် အားစိုက်လုပ်ရတဲ့ ဒီလိုအလုပ်မျိုးကို အားတင်းထားကာမှသာ တင်းရော၊ ဘယ်သူကများ လုပ်ချင်မတဲ့လဲလေ။ ဒါပေမယ့် ဘာများ တတ်နိုင်မှာ မို့လို့လဲ။ ရရာအလုပ် ၀င်လုပ်ရမယ့် အခြေအနေမှာ အရိုးများတယ် ချေးခါးတယ်လို့ ဘယ်သူကရော ရွေးချယ်ခွင့် ရှိမှာမို့လို့လဲ။
သခင်ရယ်၊ လစာ ကောင်းကောင်း ပေးတယ် ဆိုတာလေးနဲ့ ဖြေတွေးလိုက်ပါ လို့ပဲ သူ မကြားနိုင်ပေမယ့် လှမ်းပြောလိုက်မိတယ်။
***
အခုတော့...၊ အရင်အလုပ်မှာ အဆင်မချောခဲ့လို့ ဒီအလုပ်ကို ရောက်လာတဲ့ သခင့်အတွက် ခက်ခဲဦးမယ့် နိမိတ်ပဲလား မသိပါဘူး။ အလုပ်တွေ ပါးဦးမယ်တဲ့။ အလုပ်ထဲမှာ နေသားကျမယ်တောင် မကြံသေးဘူး။ Laid off နံ့ ရလာတဲ့ အရိပ်အယောင်ကြောင့် သခင့်မျက်နှာပေါ်မှာ စိုးရိမ်ဟန်က အထင်းသား...။
`မင်းမှာ Credit hours တွေ နာရီ သုံးဆယ်နီးပါးတောင် ရှိနေမှပဲ၊ ပိုက်ဆံရနေဦးမှာပါကွ၊ မပူပါနဲ့၊ အော်ဒါတွေလဲ ထပ်လာမှာပါ´
သခင့်အလုပ်ရှင်ရဲ့ စကားက ဘယ်လောက်ထိ ခိုင်မာမလဲဆိုတာတော့ သူကိုယ်တိုင်ပဲ ပိုသိမယ်ထင်တယ်။
***
အခုတော့ အလုပ်ရုံထဲမှာ သခင်လဲ မရှိတော့ပါဘူး။ သူ့သူငယ်ချင်း မက္ကဆီကန်တွေလဲ မရှိတော့ပါဘူး။ အခန်းတံခါးတွေ အကုန်လုံးကို ပိတ်ပြီး အိမ်ပြန်သွားကြတာ ဆိုတော့ အလုပ်ရုံထဲမှာလဲ မှောင်လို့ မည်းလို့၊ တိတ်ဆိတ်လို့။ တူဖြစ်တဲ့ ကျုပ်လဲ ငေါင်းစင်းစင်း၊ ပေဖြစ်တဲ့ ဟိုငမောင် သံပြားလဲ ပေကုပ်ကုပ်။
ကျုပ် မပျော်ဘူးဗျ။ မနက်ဖြန်ကျရင် အလုပ်က ရှိဦးမှာလား၊ မရှိဘူးလား မသေချာတဲ့ အခြေအနေမှာ ဘယ်လိုလုပ် ပျော်စရာကောင်းမှာလဲ။ အလုပ်ရုံဆိုတာ အလုပ်လုပ်ဖို့ ဖွင့်ထားတဲ့ရုံ မဟုတ်လား။ ပိတ်ထားတဲ့ အလုပ်ရုံထဲမှာ တူဖြစ်တဲ့ ကျုပ်ကနေ အစပြုလို့ ဘယ်အရာတွေကမှ ဘယ်သူ့ကိုမှ အကျိုးပြုနိုင်မှာမှ မဟုတ်တာ...။
***
ကလိုစေးထူး
(ဓာတ်ပုံကိုတော့ ၀ီကီကနေ ဘယ်သူ့ဆီမှ ခွင့်မတောင်းဘဲ ယူသုံးလိုက်တယ်) :D
14 comments:
ကိုကလိုစေးထူးက သက်ရှိတင်မကဘူး သက်မဲ့နေရာမှာ ခံစားပြီးလည်း ရေးလို့တတ်တယ်နော့်။ လေးစားပါတယ်။
ကိုတူကြီးရယ်
အဲဟုတ်ပါဘူး
ကိုထူကြီးရယ်
ကိုကအမာပါဗျာ
ထုသာထုလိုက်စမ်းးပါ..ဟီးဟီး..။
ခင်မငခစွာဖြင့်
စည်သူ။
အကိုရေ ဒီဟာကို တဘဝလုံးနဲ့ ယှဉ်ရင် အသေးအဖွဲ ဒုက္ခလို ခံစားကြည့်လိုက်ပါ
မြန်မြန်အဆင်ပြေပါစေ....။
sdl
ကိုစေးထူးပြုံးပြုံးကြီးနဲ့တူထုနေတဲ့ပုံကိုမြင်ယောင်ကြည့်သွားပါတယ်...း)
Hi Brother, do not upset, nowadays almost everybody are facing this kind of situation, some people even worse. Do not feel so disappointed. Try to think in positive way and good things, eliminate bad things. Ur writing style as the place of hammer, are too nice and really perfect. Keep it up.
ကိုစေးထူးကို အဲ့ဒီလိုမျိုးလေးတွေ သဘောကျတာ ....။း)
တရစပ်ကို ထုပစ်နိုင်တဲ့ တူ ကလေး မြန်မြန်ဖြစ်ပါစေ...
mie nge
ကိုစေးထူးရဲ့ လက်ရာတွေကို ပြန်ဖတ်ရလို့ ၀မ်းသာတယ်။
ကိုယ်လည်းပြန်ရေးဖြစ်တော့မှာပါ။
အမြဲအားပေးလျက်
ဒါမျိုးလေးတွေ ဖတ်ရတာ တကယ့် အရသာ။
ဖြစ်ရလေ...
သူများတကာ အလုပ်ပြုတ်လု ပြုတ်ခင် လှုပ်စိစိကို
တကယ့်အရသာခံတဲ့လူကရှိသေး။
အကိုရေ အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။
လေးစားလျက်
တောင်ပေါ်သား
တူအကြောင်းတော့ဖတ်ပြီးပြီ နောက်ထပ်.......
စီဘောက်မတွေ့လို့ ဒီမှာပဲခွင့်တောင်းခဲ့မယ်ဗျာ
လင့်ယူသွားတယ်အကိုရေ အဆင်ပြေပါစေဗျာ..
ဘ ဝတွေ။ဘဝတွေ။လျှောက်ပေဦးတော.၊မျှဝေခံစားပေးပါတယ်၊တာဝန်ယူတတ်သူဟာလိပ်ပြာသန်.ပါတယ်၊
Post a Comment