`ဟူးးး´
ပင့်သက်လေကို အားရပါးရမှုတ်ထုတ်လိုက်ပြီး အလုပ်ရုံရှိရာကို ပြန်စောင်းငဲ့ကြည့်လိုက်တော့ ထုသံရိုက်သံ၊ ဖော့ကလစ်ကား မောင်းသံတွေက ဆူညံနေသေးသလိုလို။ ခန္ဓာကိုယ်ပေါ်မှာလဲ ချွေးနံ့နဲ့ သံချေးလိုလို အနံ့တွေက ရောပြွန်းလို့၊ ညစ်ထေးလို့...။
အလုပ်ရုံဘေးက ပန်းခြံသေးသေးလေးရဲ့ မြက်ခင်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး လမ်းမပေါ်မှာ ကားတွေ ဥဒဟို ဟိုဒီ သွားလာနေကြတာကို ဘာရယ်မဟုတ် လိုက်ငေးနေလိုက်သည်။ ပန်းခြံထဲက လေကောင်းလေသန့်ကြောင့် လန်းဆန်းလာသလိုလိုတော့ ရှိသား...။
***
ခေတ်စကားနဲ့ပြောရရင်တော့ `သဲထိတ်ရင်ဖို အလုပ်´ လို့ တင်စားခဲ့ရသော အလုပ်ဟောင်းက အောင်ဖေညောင်းသွားလေပြီ ဖြစ်သည်။ အလုပ်ချိန်ကို တပတ်လျှင် နာရီ ၄၀ ကနေ ၃၂ နာရီ၊ အဲဒီက တဆင့် ၂၄ နာရီ ဖြစ်လိုက် ၃၂ နာရီ ပြန်ဖြစ်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေကတည်းက အလုပ်ရှင်ရဲ့ တရုတ်ပြည် ဈေးကွက်ချဲ့ ခရီးစဉ်က အဆင်မချောခဲ့တာကို ရိပ်မိနေသား...။ ဒါကြောင့်ပင် `ငါ ဘယ်လိုမှ မတတ်နိုင်တော့လို့ မင်းတို့ကို အလုပ်ကနေ Laid off ပေးရတော့မယ်´ လို့ တကယ်တမ်းပြောလာတော့ `ရပါတယ်၊ ကျနော် ခင်ဗျားကို နားလည်ပါတယ်´ လို့သာ ပြန်ပြောဖြစ်ခဲ့သည်။
အခုတော့ အလုပ်အကိုင်သစ်မှာ နေသားပင်မကျတကျ ဖြစ်လို့နေလေပြီ။ မနက် ၇ နာရီမှာ အလုပ်တခု ပြုတ်ပြီး ၁၁ နာရီမှာ နောက်ထပ် အလုပ်တခု ပြန်ရတာကိုက သူ့အတွက် ကံကောင်းမှု တခုလားတော့ မပြောတတ်။
***
သူ အခု ထိုင်နေတဲ့ ပန်းခြံလေးက အလုပ်ရုံရဲ့ မျက်နှာခြင်းဆိုင် လမ်းတဘက်ခြမ်းမှာ ရှိသည်။ ပန်းခြံဆိုပေမယ့် မြက်တွေရိတ်၊ ခုံတန်းလေးတွေ ဟိုနားတစ ဒီနားတစ မည်ကာမတ္တ လုပ်ပေးထားတဲ့ ပန်းခြံပိစိကွေးလေပင် ဖြစ်၏။ လမ်းလျှောက်လေ့ကျင့်သူတို့၊ အပြေးလေ့ကျင့်သူတို့ ခဏတဖြုတ်ဝင်နားဖို့ လုပ်ထားပေးပုံပေါ်သည်။
နွေရာသီဆိုတော့လဲ ဒီနိုင်ငံရဲ့ ထုံးစံအတိုင်း ပတ်ဝန်းကျင်က စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်း နိုင်လှသည်။
***
ပန်းခြံထဲ ဟိုဟိုဒီဒီ လျှောက်ငေးရင်းနဲ့ လမ်းဘေးအစပ်က တောအုပ်ငယ်လေးပေါ်မှာ အကြည်တို့က တန့်သွားသည်။ တောအုပ်လေးထဲက ထိုးထိုးထောင်ထောင် မြက်ပင်ရှည်တွေကြားမှာ ဟိုတစဒီတစ ပွင့်နေတဲ့ ပန်းကလေးတွေပါလား။ ပန်းတွေက မြန်မာပြည်က စိန်ချယ်ပန်းလိုလို ဘာလိုလိုနဲ့ အရောင်တွေကလဲ စုံလို့။ ဒါပေမယ့် ကြည့်ရတာတော့ တယောက်ယောက်က တကူးတက စိုက်ပျိုးထားလို့ ပေါက်ရောက် ပွင့်လန်းနေကြတာ ဖြစ်ဟန် မတူ...၊ အလေ့ကျ ပေါက်နေဟန် ရှိ၏။
ပန်းပွင့်တပွင့်ဆီကို ခူးမယ့်ဟန်နဲ့ လက်လှမ်းမိလိုက်တော့...
`မခူးပါနဲ့´
နားထဲမှာ တယောက်ယောက်က အသံမာမာနဲ့ ပြောလိုက်လေဟန် ကြားလိုက်တာကြောင့် ခဏတော့ တွန့်သွားသည်။ ဘေးဘီကို လှည့်ကြည့်တော့လဲ တယောက်မှ မရှိ။ ဒါနဲ့ နောက်တကြိမ် လက်လှမ်းမိပြန်သည်။
`ဟေ့၊ မခူးနဲ့လေ´
`အေး၊ ဟုတ်တယ်၊ မခူးနဲ့၊ မခူးနဲ့´
`မခူးနဲ့´
`မခူးနဲ့´
`မခူးနဲ့))))´
ဒီတခါတော့ တယောက်ထဲက ပြောနေတဲ့ အသံတင် မဟုတ်၊ အများကြီးက ၀ိုင်းအော်ဟစ်နေသလိုပါ ကြားရသည်။ ဟင်၊ လက်စသတ်တော့ ပန်းကလေးတွေဆီက အသံတွေ ထွက်နေတာ ထင်တယ်။ စိတ်ထင်လို့ပဲလား မသိ၊ ပန်းကလေးတွေ အားလုံး ကိုယ်စီကိုယ်စီ မှုန်ကုပ်ကုပ် ပုံစံတွေနဲ့ သူ့ကို မကျေမနပ် ကြည့်နေကြလေသည်။
***
`ဒီမယ်´
စောစောက သူ ခူးဖို့ လက်ရွယ်မိတဲ့ ပန်းပွင့်ဆီက လေသံခပ်မာမာ ထွက်ပေါ်လာပြန်သည်။ ယောင်နနဖြင့် `ဗျာ´ လို့ ထူးလိုက်မိသည်။
`မင်းက ဒီပန်းတွေကို ဘာအတွက် ခူးချင်တာလဲ´
`ဟို...၊ ဟို........´
စောစောကတည်းကိုက ခူးဖို့သာ လက်ရွယ်လိုက်ပေမယ့် ဘာအတွက် ခူးချင်တယ်ဆိုတာက သူကိုယ်တိုင်လဲ မသိတော့ ဖြေစရာ အဖြေစကားက မရှိ။
`မင်းမှာ အဖြေမရှိဘူး မဟုတ်လား´
`......´
`ဘယ်ရှိမလဲ၊ မင်းက ဘာအတွက်မှလဲ မဟုတ်ဘဲနဲ့ ခပ်ပေါ့ပေါ့လေး တွေးပြီး လက်ဆော့ပြီး ခူးဖို့ပြင်နေတာကိုး၊ ဒါကြောင့် ငါတို့က မခူးနဲ့လို့ ၀ိုင်းတားတာ´
`သြော်´
အားနာပါးနာနဲ့ `သြော်´ လိုက်ရပေမယ့် `တော်တော်ကြီးကျယ်တဲ့ ပန်းပဲ´ လို့တော့ စိတ်ထဲက ထင်နေသေးသည်။
`တကယ်တော့ မင်းမခူးလဲ ငါတို့က အချိန်တန်ရင် သူ့အလိုလို နွမ်းသွားမှာပါ´
`ဟုတ်ကဲ့´
`အေး၊ လူတွေဟာ ပန်းကို စိုက်တဲ့လူ ရှိသလို ခူးတဲ့လူလဲ ရှိတယ်၊ ပန်းစိုက်တဲ့လူ ကိုယ်တိုင်က ပန်းခူးတာ ဖြစ်နိုင်သလို မစိုက်ဘဲနဲ့လဲ ခူးတဲ့လူတွေ ရှိတယ်´
`အင်း´
`ဒါနဲ့၊ ဘယ်သူမှ မခူးတဲ့ ပန်းတွေကိုရော မင်း ဘယ်လို မြင်သလဲ၊ ဥပမာ ငါတို့လိုပေါ့´
`ကျနော် မမြင်တတ်ပါဘူး´
`ဘယ်သူမှ မခူးပေမယ့် မြင်ရတဲ့လူကိုတော့ ပန်းတိုင်းဟာ မျက်စိပသာဒ ကို ပေးနိုင်စွမ်းတော့ ရှိတယ် မဟုတ်လားကွ´
`ဒါတော့ ဟုတ်ပါတယ်´
`မင်းက စောစောက ဘာရယ်မဟုတ် ခူးလိုက်တယ် ဆိုပါစို့၊ မင်းခူးပြီး ကျန်ခဲ့တဲ့နေရာမှာ ပန်းကိုင်းငုပ်တိုလေးတွေပဲ ကျန်ခဲ့တော့မယ်၊ စောစောက မင်းရခဲ့တဲ့ စိတ်အေးကြည်လင်မှု မျက်စိပသာဒတွေကို တခြားသူတွေလဲ ခံစားရဖို့ မရှိတော့ဘူး´
`ထားပါစို့၊ မင်းက ခူးပြီးတော့ တခြားတနေရာရာမှာ အလေးထားပြီး သုံးရင်တော့လဲ အပြစ်မဆိုသာပြန်ဘူး´
`ဟုတ်...´
`မင်းအိမ်မှာ ပန်းအိုးလေးထိုးတာပဲဖြစ်ဖြစ်၊ သေသေချာချာ သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီးတော့ လက်ဆောင်ပေးတာပဲဖြစ်ဖြစ် ဒါတွေဆိုရင် တော်သေးတယ် မဟုတ်လား´
`.... ....´
`အဓိကကတော့ မြတ်မြတ်နိုးနိုး ထားတဲ့ စိတ်နဲ့သာ ပန်းခူးတာဆိုရင် ပိုမကောင်းဘူးလားကွာ´
`.........´
`ပန်းလဲ မစိုက်၊ ပန်းကိုလဲ မပျိုး၊ ပွင့်နေတဲ့ ပန်းကိုလဲ အလေးမထားဘဲ ခူးတာမျိုးတော့ မလုပ်စေချင်ဘူးကွာ´
ပြောနေရင်းနဲ့ ပန်းပွင့်လေးတွေအားလုံး ၀မ်းနည်းသွားလေဟန် ငိုက်ကျသွားကြသလိုလို...။ သူလဲ စောစောက ခူးဖို့ပြင်မိတဲ့ သူ့လက်တွေကို အယောင်ယောင်အမှားမှားဖြင့် ပြန်ငေးနေမိသည်။
***
`ကျွီ)))))´
လမ်းမပေါ်က ကားဘရိတ်အုပ်သံ ခပ်ပြင်းပြင်းကြောင့် စိတ်အာရုံတွေက သတိပြန်ဝင်လာသလိုလို ဖြစ်သွားသည်။ ပန်းကလေးတွေဆီ ငေးမိတော့ လေတိုက်လိုက်တိုင်းမှာ ယီးလေးနွဲ့လို့။ ပန်းခင်းလေးနားကနေ အသာ ပြန်လှည့်ထွက်လာတော့ သူ့ရဲ့ စိတ်အာရုံထဲမှာ အတွေးတွေက သီတန်းလို့ နေတော့သည်။
***
`အမိုး၊ ဘယ်ကပြန်လာတာတုန်း´
အိမ်ပေါ်ကို မတက်မီ လမ်းကလေးဘက်ကနေ အမိုးတယောက် ပြန်လာတာကို တွေ့တော့ လှမ်း နှုတ်ဆက်လိုက်သည်။ အမိုးလက်ထဲမှာလဲ ပန်းတွေ အများကြီး၊ လမ်းဘေးက ခူးလာတာတွေ ထင်ရဲ့။
`ပန်းတွေ အများကြီးပါလား အမိုးရဲ့၊ ဘာလုပ်ဖို့လဲ´
`ဘုရားရှိခိုးပွဲမှာ ပန်းအိုးထိုးမလို့လေ´
`သြော်၊ ဟုတ်...´
`ဖိုးခွားလဲ ယူမလား၊ ဘုရားပန်းတင်ချင် တင်လို့ရအောင်လေ´
`ယူမယ်၊ ယူမယ် အမိုး´
အားရ၀မ်းသာဖြင့် အမိုးဆီက ယူလိုက်တော့ သူ့လက်ထဲကို ပန်းပွင့်တချို့ ပျော်ရွှင်စွာ ခုန်ပေါက်ရောက်လာတော့သည်။ အမိုးလက်ထဲမှာ ကျန်နေတဲ့ ပန်းတွေကလဲ ပျော်ရွှင်နေတဲ့ ဟန်ပန်တွေ ကိုယ်စီနဲ့ပါပဲ။
အိမ်ပေါ်ရောက်လို့ ရေမိုးချိုးပြီးရင် ပန်းကလေးတွေကို သေချာသပ်ရပ်စွာ ဘုရားပန်းအဖြစ် တင်လှူပူဇော်ရပါဦးမည်။ ပန်းကလေးတွေ ကျေနပ်နေမှာ သေချာတယ် ထင်ရဲ့... ...။
***
ကလိုစေးထူး
(ကျနော်စာမရေးဖြစ်ခဲ့တဲ့ အချိန်တွေမှာလဲ ကျနော့်ဘလော့ဂ်ကို နေ့တိုင်း လာလာဖတ်နေကြတဲ့ မိတ်ဆွေတွေ၊ ကျနော် စာပြန်ရေးဖို့အတွက် ဖြူစင်တဲ့ စိတ်ထားတွေနဲ့ တိုက်တွန်းအားပေးခဲ့ကြတဲ့ မိတ်ဆွေ၊ မောင်နှမတွေ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ကျနော် စာတွေ ပြန်ရေးဖြစ်တော့မယ် ထင်ပါရဲ့)

27 comments:
ကိုစေးထူးရေ
Welcome Back ပါခင်ဗျာ
စာတွေပြန်ရေးတော့မယ်ဆိုလို့ဝမ်းသာပါတယ်ဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
ပန်းလေးတွေအကြောင်း လာဖတ်သွားတယ်။
း)
အိမ်ပေါ်ရောက်လို့ ရေမိုးချိုးပြီးရင် ပန်းကလေးတွေကို သေချာသပ်ရပ်စွာ ဘုရားပန်းအဖြစ် တင်လှူပူဇော်ရပါဦးမည်။ ပန်းကလေးတွေ ကျေနပ်နေမှာ သေချာတယ် ထင်ရဲ့... ...။
ပန်းလေးတွေတင်မဟုတ်ဘဲ ပန်းခူးသူလဲကျေနပ်မှာပါ ။ သူ့ ကြောင့် လူတော်တော်များများ စိတ်ကြည်လင်ခဲ့ရလို့ ။
း)
မင်္ဂလာပါ ကို ကလိုစေးထူးရေ..။
အလုပ်ကပြန်လာပြီးတာနဲ့ ဘလောဂ် လေးကိုဖွင့်ကြည်တော့ ပို့စ်အသစ်တက်တာတွေ့ ရတယ်ဗျာ..။ အေးပေါ့ဗျာ ပန်းကလေးတွေလည်း စကားတွေပြောတတ်ရင် ဒီအတိုင်းပြောမှာသေချာတယ်ဗျ။ များသောအားဖြင့် လူတွေက ကို့ အတွက်အသုံးမဝင်ဘူးဆိုရင် တန်ဘိုးမရှိဘူးလို့ ထင်တတ်ကြတယ်..။အမှန်တော့ သူ့ နေရာနဲ့ သူ တန်ဘိုးရှိကြ၊ အသုံးဝင်ကြပါတယ်ဗျာ..။ ဆိုကြပါစို့  ဘာရယ်လို့ မဟုတ်ဘူးပေါ့ဗျာ လမ်းလျှောက်ရင်းနဲ့ လမ်းဘေးက ချုံပုတ်မှာ ရှိတဲ့ခါခြင်အုံကို လက်ဆော့ပြီး ခဲနဲ့ပေါက်လိုက်သလိုပေါ့ဗျာ..။ ကိုကသာအမှုမဲ့အမှတ်မဲ့ လုပ်လိုက်တာ သူတို့ ခမျာမှာတော့ အိုးအိမ်ပျက်ရလေပေါ့..။
ခင်မင်စွာဖြင့်
........စည်သူ။
ခူးဖို့ရွယ်လျှင် ... ကို ဖတ်ပြီး သမိန်ပေါသွပ်ထဲက ကဗျာတပုဒ် သတိရမိလို့ ...
ခူးမယ်လို့ကြံ
ပန်မယ်လို့ရည်စူး
လက်ဦးသူအချွေစောလို့
ပေါရာက ရူး ... တဲ့
ဟဲဟဲ ခံစားချက်ကို ဖျက်ဆီးတာတော့ မဟုတ်ပါဘူး။
သတိရမိတာလေး ရေးပြတာပါ။
ko say htoo
:) :) :)
ကျွန်တော် စာပြန်ရေးဖြစ်တော့မယ် ထင်ပါရဲ့  ဆိုလို့ ၀မ်းသာသွားပါတယ်...အားပေးနေမှာပါ...ဆက်ရေးပါ...
အရင်တုန်းကတော့ ပန်းမြင်ရင်မနေနိုင်ဘူး ခူးချင်နေမိတယ်...အခုနောက်ပိုင်းကျတော့ ဒီပို့စ်ထဲက စိတ်ကူးအတိုင်း တွေးမိခဲ့ဘူးလို့ မခူးဖြစ်တော့ဘူး....အသက်ကစကားပြောလာပြီ ထင်ပါရဲ့ ....
ပေးချင်တဲ့ မက်ဆေ့ခ်ျလေးကလှတယ်...
mie nge
အကိုရေ ကြိုဆိုပါတယ်ဗျး) အစစအရာရာ အဆင်ပြေနေပါစေ အကိုရေ အကိုရဲ့ စာတွေကို မျှော်နေမိပါတယ် ပြန်ရေးတာ ၀မ်းသာတယ် အကိုရေ
လေးစားလျက်
တောင်ပေါ်သား
ပြန်လာတာနဲ့ လက်စွမ်းပြတော့တာပဲ။ ကောင်းလေစွ။ welcome back and hoping to read upcoming posts.
“ကျနော် စာတွေ ပြန်ရေးဖြစ်တော့မယ် ထင်ပါရဲ့”.. တဲ့
ဝမ်းသာစရာ စကားပါပဲ.. ကျနော်တို့တွေ အစ်ကို ပြန်အလာကို မျှော်နေကြတာ..
အခုတော့ အစ်ကိုရေးတဲ့ စာတွေ ပြန်ဖတ်ရတော့မယ်..
ပန်းလေးတွေနဲ့ အတူပျော်ရွှင်သွားတယ် အစ်ကိုရေ..း)
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
စာပြန်ရေးတာ ၀မ်းသာပါတယ်ဗျာ။
ကျေနပ်ပါတယ် ...
မဆိုးပါဘူး။ လိမ္မာသားပဲ။ စာမရေးလို့ တစ်ချက်ပဲ ဟောက်လိုက်ရတယ်။ ပို့စ်အသစ်တက်လာရော။ :P
ဖတ်သွားပါတယ်..
(ဒီပို့စ်နဲ့မဆိုင်တဲ့စကားတစ်ခွန်းပြောပါရစေ)
မဟန မတွေ့တာကြာပေါ့နော့...
စာပြန်ရေးတာတွေ့တော့ ဝမ်းသာသွားတယ်...။
ဘာမှ ရည်ရွယ်ချက် မရှိပဲ ပန်းမြင်ရင်ခူးချင်တဲ့အကျင့်ကို မနည်းဖျောက်ထားရတယ်... ဒါတောင် လက်လှမ်းမီတဲ့နေရာ ပန်းပွင့်နေရင် လက်က ဝဲဝဲသွားလို့ ထိန်းနေရတာ..။
ကိုကလိုစေးထူး စာပြန်ရေးဖို့ တိုက်တွန်းပါတယ်။ ကျွန်မ ဒီနေ့ပဲ ဘလော့ဂ်တခု ဖွင့်လိုက်တာကိုလည်း Senior bloger တယောက်အနေနဲ့ လာလည်ပြီး လိုအပ်တဲ့ အကြံဥာဏ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ပန်းလည်း မပန်ဖြစ်ဘဲ ပန်းတွေ့ရင် လိုချင်တာ အမြဲတမ်းပဲ။ ကျူးလစ်ပန်းတွေ စ တွေ့စက ရူးပြီး ပန်းအိုးထဲ ထိုးထားတာ အပင်ပေါ်မှာလို ကြည့်လို့ မလှဘူး။ သဘာဝအတိုင်း ပန်းခင်းကြီးကိုကြည့်ရတာ ပိုလှသလိုပါပဲ။ ကိုစေးထူးရေ ပြန်လာလို့ ၀မ်းသာတယ်နော်
ကိုကလို စေးထူးလို့ခေါ်ရတာ မရင်းနှီးဘူးအကိုရာ။ အရင်တုန်းက ခေါ်သလိုမျိုး ခေါ်ချင်ပါတယ်။ ဒါပေမယ့် တချို့တွေက မကြိုက်တက်လို့ မခေါ်ခဲ့တော့ပါဘူး။ စာတွေ မျှော်နေမယ်အကို။ အားရင်းချက်လေး အွန်လိုင်းပေါ်မှာ ထိုးရအောင်ဗျာ။
လင်းလင်း
ပြန်ရေးပါ သိပ်ကောင်းပါတယ်။
ကိုစေးထူးပြန်ရောက်လာတာ...အတိုင်းမသိ ဝမ်းသာရပါတယ်ဗျာ........။
အားလုံးသတိ
မင်္ဂလာပါ ကိုစေးထူးရေ.. အကိုစာတွေ ပြန်ဖတ်ရမှုကို ကြိုဆိုတဲ့အထဲမှာ မောင်သတိကိုလည်း စာရင်းထည့်ထားဗျာ.. အဲ အခန့်မသင့်ရင် အမြင်မတူတာတွေ ငြင်းကြခုန်ကြဖို့ မိတ်ဆွေကြီး ပြန်လာတဲ့အတွက် ၀မ်းသာတယ်ဗျို့.. ဟားဟား..
အားလုံးသက်သာ..
မောင်သတိ
ခုချိန်မှာ ခင်တဲ့ မိတ်ဆွေတွေ ဘလော့နားနေလို့ ကိုယ်လဲ ရေးရတာ အားတောင် ခပ်ပျော့ပျော့။ ကိုစေးထူး စာ တကယ် ပြန်ရေးတော့မယ်ဆိုလို့ ၀မ်းသာတယ်နော်။
အပင်မှာ ပွင့်တဲ့ ပန်းလို လန်းဆန်းပါစေ။
ခုတလော ဖတ်နေကျ ဘလော့တွေ နားမယ်ဆိုတာချည်းပဲ။ ကိုစေးထူးလည်း အသံတိတ်နေတာ ကြာပေါ့။ ခု ပြန်ရေးမယ်ဆို ၀မ်းသာပါ၏။ ဖတ်ရတာ အားရှိပါ၏။ :) ကြိုဆိုပါ၏။
ဘာမှတော့ ကွန့်မင့်မရေးပေမယ့် မကြာခဏတော့ လာလာကြည့်ပါတယ်။ စာပြန်ရေးမယ်ဆိုလို့ ၀မ်းသာတယ်ကိုစေးထူး။
မျှော်လိုက်ရတာ မော ဟော ဟော...........
စာတွေပြန်ရေးမယ်ဆိုလို့ဝမ်းသာပါတယ်ရှင်
ဒီလိုစကားတစ်ခွန်းအတွက်..လောလောဆယ်
လူပေါင်းနှစ်ဆယ့်ငါးယောက်(ကွန့်မင်းရေးသူများ)ကို
ပျော်ရွင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့
ညီမျှတဲ့ပျော်ရွင်မူ့များပြန်လည်ရစေသော်...
မမ
စာအသစ်ဖတ်ရတော.ဝမ်းသာသွားတယ်၊
ခူးဖို့ရွယ်လျှင်တဲ့... တွေးစရာတွေအများကြီးရသွားတယ် ကိုစေထူး...စာပြန်ရေးတာဝမ်းသာပါတယ်။။
Post a Comment