Saturday, July 25, 2009

ပြိုင်ဘက်နဲ့ ရန်သူ...

ကျနော်က First-11 ဂျာနယ်တွေရဲ့ ပရိသတ်တယောက်ဆိုတော့ အပတ်စဉ် ထွက်သမျှ Eleven ဂျာနယ် လေးမျိုးစလုံးကို ပုံမှန်ဖတ်ဖြစ်နေကျပါ။

ပြီးခဲ့တဲ့နှစ်ကပေါ့...။

တရက်မှာတော့ အပတ်စဉ်ထုတ် အားကစား ဂျာနယ် အသစ်ကို သွားဖတ်ရင်းနဲ့ အားကစားဆောင်းပါးရှင် ဆရာကြီး ခင်မောင်ထွေး(ပျဉ်းမနား) ရေးတဲ့ `ပြိုင်ဘက်ဟာ ရန်သူမဟုတ်´ ဆိုတဲ့ ဆောင်းပါးကို သွားဖတ်မိတယ်။

ဆရာကတော့ ဘောလုံးအားကစားနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေသာ အရေးများသူမို့ အဲဒီဆောင်းပါးမှာလဲ ဘောလုံးအားကစားနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာကိုသာ အခြေပြုရေးခဲ့တာပါပဲ။ အဲဒီတုန်းက ဆရာရေးခဲ့တာက အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ စကိုလာရီကို ထုတ်ပယ်ပစ်လိုက်တာကို မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က မဖြစ်သင့်တဲ့ အကြောင်း နည်းပြအချင်းချင်း ဖေးမတဲ့စကား ပြောပေးခဲ့တာကို ချီးကျူးပြီးတော့ အခြေခံရေးခဲ့တယ်လို့ မှတ်မိတယ်။ နောက်တော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ကလပ်အသင်းမှာ ကစားတဲ့ လမ်းပတ်၊ လီဗာပူမှာ ကစားတဲ့ စတီဖင်ဂျာရတ်နဲ့ မန်ယူမှာကစားတဲ့ ရူနီတို့ဟာ သူတို့ကလပ်အသင်း အချင်းချင်း တွေ့ဆုံကစားကြတဲ့ အခါ အသည်းပေါက်မတတ် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားလေ့ ရှိပေမယ့် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကစားရပြီဆိုရင်တော့ စည်းလုံးညီညွှတ်လှစွာနဲ့ပဲ နိုင်ငံအသင်းရလဒ်ကောင်းဖို့ အားတက်သရော အတူတကွ ကစားကြတာကို ဆရာရေးခဲ့တာကို ဖတ်ခဲ့ရပါတယ်။

အဲဒါတွေကို ဥပမာပေးလို့ ဆရာ ရေးသွားတာရဲ့ အနှစ်ချုပ်က `ပြိုင်ဘက်ဟာ ရန်သူ မဟုတ်ဘူး´ ဆိုတဲ့ အယူအဆပါ။

***

နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ရေးကြတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အတွေ့အကြုံကို အခြေခံတဲ့ စာတွေကိုပဲ ဖြစ်ဖြစ် ဒီဘက်ဟိုဘက် မီဒီယာတွေမှာ အသောင်းသောင်း အပြောင်းပြောင်း ရေးကြတဲ့အခါမှာ `ရန်သူ´ `ရန်သူ့ကို´ `ရန်သူ့လူ´ စသဖြင့် သုံးနှုန်းရေးသားတာတွေကို မကြာခဏဆိုသလို တွေ့မိဖတ်မိကြမှာပါပဲ။

အဲဒီလို သုံးနှုန်းရေးသားတဲ့ `ရန်သူ´ ဆိုတဲ့ စကားလုံးကိုတွေ့တော့ ကျနော် စဉ်းစားမိတာက ရန်သူဆိုတာက ဘယ်သူတွေကို ကျနော်တို့ သတ်မှတ်မှာလဲ၊ ကျနော်တို့နဲ့ မတူသူလား၊ ကျနော်တို့နဲ့ မတူတဲ့လူတိုင်းကရော ကျနော်တို့ရဲ့ တကယ့်ရန်သူပဲလား ဆိုတာတွေကို ဆက်စပ်တွေးတောမိပြန်တယ်။

ဒါမှမဟုတ် ကျနော်တို့ဟာ ပြိုင်ဘက်ကို ရန်သူလို့ သတ်မှတ်မိနေတာလား။ တကယ့်ရန်သူကိုရော ပြိုင်ဘက်လို့ သတ်မှတ်မိနေပြန်တာလား ဆိုတာကလဲ စဉ်းစားစရာ...။

***

သေချာစေ့ငုံအောင် စဉ်းစားလိုက်ရင်တော့ `ပြိုင်ဘက်´ ဆိုတာဟာ လုံးဝရန်သူ မဟုတ်ပါဘူး။ မတူတဲ့အမြင်ကိုယ်စီနဲ့ စွမ်းဆောင်ရည် ကိုယ်စီ ရှိလို့သာ လျှောက်နေတဲ့ လမ်းကြောင်း ကွဲပြားချင် ကွဲပြားနေပါစေ၊ ရည်ရွယ်ရာ ပန်းတိုင် တူနေတယ်ဆိုရင် ကျနော်တို့နဲ့ မတူသူ တဘက်လူဟာ ပြိုင်ဘက်ပဲ ဖြစ်သင့်ပါတယ်။

ပြိုင်ဘက်တွေမှာလဲ ပုံစံအမျိုးမျိုး ရှိနေပြန်ပါသေးတယ်။ စောစောက ရေးခဲ့တဲ့ ဘောလုံးစကားအရ ဆက်စပ်ပြောရရင် ချဲလ်ဆီးနဲ့ မန်ယူ မတူတဲ့ ကလပ်နှစ်ခုမှာတုန်းက အသည်းပေါက်အောင် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အတွက် အတူတူ ကစားရရင်တော့ ချဲလ်ဆီးတို့ မန်ယူတို့မှာ ကစားတုန်းက ထားခဲ့တဲ့ စိတ်ဓာတ်တွေကို မေ့ဖျောက်ပြီးတော့ မိမိနိုင်ငံအသင်း အောင်မြင်ဖို့အတွက် စည်းလုံးဖို့ စိတ်ထားက ရှိရပါတော့မယ်။

ဒီတော့ စွဲကိုင်ထားတဲ့ အယူအဆ၊ ပါဝင်နေတဲ့ အဖွဲ့အစည်း မတူဘူးဆိုတာ တခုထဲနဲ့တော့ ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို ကျနော်တို့တွေ `ရန်သူ´ လို့ မသတ်မှတ်စကောင်းဘူးလို့ တွေးစရာ ရှိပါတယ်။

သို့သော်...။

***

ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေမှာ တဘက်စီ ကစားတုန်းကလဲ ဒီလူတွေဟာ ရန်တစောင်စောင်နဲ့ ကစားခဲ့ပြီးပြီ။ နိုင်ငံတကာ အသင်းအတွက် ကစားရတဲ့ အခါကျတော့လဲ `ဒီကောင်၊ ငါနဲ့ ကလပ်ခြင်းတူတာ မဟုတ်ဘူး၊ အခု တသင်းထဲကစားတုန်း ဒီကောင့်ကို ပုံစံပေးရမယ်´ ဆိုတဲ့ စိတ်ထားမျိုးကို ဆက်သယ်သွားရင်တော့ နိုင်ငံအသင်းအတွက်ပါ သွားထိခိုက်ပါတော့မယ်။

အဲဒီကနေ ဆက်စပ်ပြီး တွေးကြည့်ချင်ပါတယ်။

နိုင်ငံတခုအတွက် စစ်တပ်ဆိုတာ ရှိအပ်၊ ရှိသင့်တဲ့ အဆင်တန်ဆာ တခုဖြစ်တဲ့အတွက် နိုင်ငံနဲ့ ပြည်သူအပေါ် ကာကွယ်ဖို့ အလို့ငှာ နိုင်ငံတိုင်းမှာ စစ်တပ်တွေ ရှိကြရတယ်။ စစ်တပ်တွေရဲ့ တာဝန်ဟာ သူ့ပြည်သူကို ကာကွယ်ဖို့နဲ့ နိုင်ငံကို စောင့်ရှောက်ဖို့ပါ။ ဒီတော့ ကိုယ့်ပြည်သူတွေနဲ့ နိုင်ငံအပေါ်ကို ကာကွယ်နေရိုးမှန်ရင်တော့ ဒီစစ်တပ်ဟာ သူ့ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအတွက် ရန်သူ ဖြစ်လာစရာ မရှိပါဘူး။ မတူတဲ့ အမြင်တွေရှိလို့သာ ဆန့်ကျင်နေရမယ်၊ သူတို့ကို ပြိုင်ဘက်လို့ သတ်မှတ်ယုံသာ ရှိပါတယ်။

ဒါပေမယ့် ကိုယ့်ပြည်သူ ကိုယ်သတ်ပြီး နိုင်ငံတခုလုံးကို ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့မိဘ ဆိုတဲ့ `ငလေးလုံး´ အတွက်ကိုပဲ ရည်ရွယ်ထားတဲ့ စစ်တပ်မျိုးကိုကျတော့ ပြိုင်ဘက်လို့ သတ်မှတ်ဖို့က အတော်ခက်ပါတယ်။ အဲဒီလို လမ်းစဉ်မျိုးကို ယုံကြည်သက်ဝင်နေတဲ့ စစ်ယူနီဖောင်းဝတ်မှန်သမျှဟာလဲ ကျနော်တို့အတွက်တော့ ရန်သူသာ ဖြစ်လာမှာပါပဲ။

ဟော...၊ ဒီမိုကရေစီကို ယုံကြည်သက်ဝင်ပါတယ်လို့ တွင်တွင်ပြောပြီးတော့ မိမိယုံကြည်တဲ့ဝါဒအတိုင်း ဖြစ်လာအောင် ကိုယ်တိုင်က ကြိုးစားရမယ့်အပြင် ကိုယ့်လို ယုံကြည်သူတွေ ပိုများလာအောင်၊ ဒီမိုကရေစီဝါဒကို အခြေခံပြီး တိုင်းပြည်အကျိုးရှိမယ့် အရာတွေကို ဦးစားပေး မစဉ်းစားဘဲ ကိုယ်ကျိုး တခုထဲကိုသာ ကြည့်တဲ့လူတွေ၊ အဖွဲ့အစည်းမျိုးတွေကို ကျတော့ပြန်တော့လဲ ဘောလုံးစကားပြောရရင် တသင်းထဲ ကစားနေရင်တောင် အသင်းကစားဖော်လို့ သတ်မှတ်ဖို့ ခက်သလို အသင်းမတူရင်လဲ ပြိုင်ဘက် မဖြစ်လာနိုင်ပြန်ပါဘူး။

***

`ခင်ဗျား ကျနော့်ကို ရန်သူ တယောက်လို သတ်မှတ်တယ် မဟုတ်လား´

ဒီစကားကို ကျနော်လုံးဝ မနှစ်သက်ပြီး အရင်ကရော အခုအချိန်ထိ ဆန့်ကျင်နေဆဲ မြန်မာစစ်တပ်ရဲ့ စစ်ဗိုလ်တယောက်က မေးခဲ့ဖူးတယ်။ `ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေကို ခင်ဗျားလုပ်နေရင်တော့ ရန်သူပေါ့ဗျာ´ လို့ပဲ ပြန်ဖြေဖြစ်ခဲ့ပါတယ်။

ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေက ဘာတွေလဲလို့ မေးစရာ ရှိလာပြန်ပါလိမ့်မယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီး ကိုယ့်ကိုလဲ ဘာမှပြန်မလုပ်နိုင်တဲ့ ကိုယ့်တူသားအရွယ် ကျောင်းသားလေးရဲ့ ကျောကုန်းကို ဗြန်းခနဲနေအောင် ၀ါးရင်းတုတ်နဲ့ ရိုက်ချပစ်လိုက်တဲ့ လူမျိုး၊ ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ လူဝတ်ကြောင်ဖြစ်တဲ့ ကိုယ့်ကို ပြန်လည်ဦးချရှိခိုးနေတဲ့ ဘုရားသားတော် သံဃာတွေကို ရိုက်နှက်ဝံ့တဲ့ လူမျိုးဟာ ကျနော်တို့အတွက် ပြိုင်ဘက်ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ အဲဒီလို စိတ်ထားမျိုးနဲ့ လူမျိုးတွေဟာ ဟိုးးအောက်လက်ငယ်သားကနေ အကြီးဆုံး ခေါင်းဆောင်ပိုင်းအထိ ရန်သူပါပဲ။

ဝတ်ထားတာက စစ်ယူနီဖောင်း ဖြစ်နေပေမယ့် သူ့အတွေးထဲမှာ ကိုယ့်ပြည်သူ ကိုယ့်နိုင်ငံအတွက် အကျိုး တကယ်ရှိမယ့် အရာတွေကို ဦးစားပေးစဉ်းစားပြီး တကယ်လဲ လက်တွေ့လုပ်နေတဲ့ လူဟာတော့ အမြင်မတူလို့ ပြိုင်ဘက်ဖြစ်နေတာကလွဲရင် ရန်သူလို့ သတ်မှတ်စရာ အကြောင်းမရှိဘူးလို့ မြင်မိပါတယ်။ တကယ်ဆို ကျနော်တို့တွေဟာ ရန်သူကို ရန်သူလို တကယ်ကိုပဲ ခွဲခြားသိမြင်တတ်ဖို့ ဆင်ခြင်ပိုင်းခြားသင့်ပါတယ်။ ကိုယ်နဲ့ မတူတဲ့ မြင်မြင်ကရာကို `ရန်သူဟေ့´ ဆိုပြီး လက်ညိုးထိုးလိုက်ရင် အားလုံးအတွက် အကျိုးရှိမယ့် ပြိုင်ဘက်ကောင်းကို ဆုံးရှုံးသွားနိုင်ပါတယ်။

ဒီထက်ပိုပြီး တွေးကြည့်ပါမယ်။

`ဟေ့၊ ငါတို့ စစ်တပ်မှ စစ်တပ်ဟေ့၊ တခြားလူတွေ၊ အဖွဲ့တွေက ငါတို့စစ်တပ် အုပ်ချုပ်နေတာလောက် တိုင်းပြည်ကောင်းအောင် ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ငါတို့ကို ဆန့်ကျင်တာနဲ့ ဆန့်ကျင်တဲ့ကောင်တွေ မှန်သမျှ အသေသာ မှတ်ပေတော့´ ဆိုတဲ့ စစ်သားဟာ ကျနော်တို့ပြည်သူတွေအတွက် ထာဝရ ရန်သူ ဖြစ်နေပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးနဲ့ စစ်ခေါင်းဆောင်ကတော့ အကြီးဆုံး ရန်သူပေါ့။

***

တကယ်တော့...။

အမြင်မတူရင်နေပါစေ။ အတွေးမတူရင်နေပါစေ။

ကျနော်တို့တကယ်လိုအပ်နေတာ ပြိုင်ဘက်ကောင်းတွေပါ။ ရန်သူ မဟုတ်ပါဘူး။

***

ကလိုစေးထူး

10 comments:

Anonymous said...

ရန်သူကနေ ပြိုင်ဘက် ...
ပြိုင်ဘက်ကနေ ရဲဘော်ရဲဘက် ဖြစ်သွားရင် အကောင်းဆုံးပါပဲ။

လင်းထက် said...

ပိုစ့်ကောင်းလေး တစ်ပုဒ်ပဲဗျာ..။

ကိုပေါ said...

မှန်ပါတယ်။

ပြိုင်ဖက်ကို မိမိနည်းတူ တန်းတူညီတူအခွင့်အရေးနဲ့ လွတ်လွတ်လပ်လပ် ကစားခွင့်ပေးမယ်ဆိုရင် အဲဒီ တဖက်လူကို ပြိုင်ဖက်လို့ သတ်မှတ်နိုင်ပါတယ်။

မိမိနဲ့ အမြင်၊ အယူအဆ၊သဘောထား မတူသူတွေကို တန်းတူရည်တူ ဖော်ဟခွင့်၊ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်တွေမပေးဘဲ မိမိကသာ တဖက်သတ် ပြောမယ်၊ ထုတ်ဖော်မယ်ဆိုရင် ဒါဟာ တရားသဖြင့် မဟုတ်တော့ပါဘူး။ အဲသည်လို လူမျိုးကို ပြိုင်ဖက် သက်သက်ရယ်လို့ မြင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

ပိုဆိုးတာက စောစောက ပြောခဲ့တဲ့ အခွင့်အရေးတွေကို မပေးတဲ့အပြင် အဲဒီအခွင့်အရေးတွေကို ကျင့်သုံးဖို့ ကြိုးစားသူတွေကို နှိပ်ကွပ်တယ်၊ ဖမ်းဆီးတယ်၊ ချုပ်နှောင်တယ်ဆိုရင် အဲဒါဟာ ရန်သူအဆင့် လုံးလုံး ဖြစ်သွားပါပြီ။

ဒီကနေ့ နအဖ အစိုးရဟာ အဲသည် အတိုင်း ဖိနှိပ်ချုပ်ချယ်နေတဲ့အတွက် ပြည်သူ့ရန်သူဖြစ်နေတာပါ။

နအဖ အစိုးရရယ်မှ မဟုတ်။ ဘယ်အစိုးရမဆို အမြင်မတူသူနိုင်ငံရေးသမားတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ သတင်းလွတ်လပ်ခွင့်တွေ မပေးရင် အာဏာရှင်အစိုးရပါပဲ။

Myo Win Zaw said...

မှန်တယ် ကလိုရေ အပြင်မှာကိုယ့်အမျိုးသားခြင်း တောင် စစ်တပ်ကိုဝေဖန်ရင် ရန်သူသဖွယ် အပြင်းအထန် ကို နှိပ်ကွပ်တော့တာဘဲ လက်နက်ခြင်းတကယ် ရင်ဆိုင်တိုက်လာတဲ့ ၀ တို့ ကိုးကန့်တို့ကျတော့ တမျိုးဗျာ တခြားမကြည့်ပါနဲ့ အရပ်ဘက်ရုံးတွေမှာတောင် ၀န်ကြီးက စစ်တပ်က အောက်ခြေ၀န်ထမ်းတွေအပေါ် ဆက်ဆံတာတောင် စစ်တပ်ကလာတဲ့သူမှာသစ္စာရှိသတဲ့ အရပ်ဘက်က လူတွေဆို ရန်သူလိုသတိထားဆက်ဆံရမယ်တဲ့ ကျွန်တော်တို့က ဒီရေသောက် ဒီမြေမှာနေ ဘာသာစကားအတူတူပြောနေတဲ့လူတွေပါ စစ်တပ် နဲ့ အရပ်ဘက်ကွာရင်တောင် ရန်သူသဖွယ်ဘဲ ဂိုဏ်းဂဏစွဲကြီးတာ စစ်တပ်မှစစ်တပ်အစစ်ဗျို့ ပါတီနိုင်ငံရေး အမျိုးသားနိုင်ငံရေးတွေ လျှောက်ခွဲပြီး ပြောနေတယ် စစ်တပ်နိုင်ငံရေးကတော့ တွေ့ဘူးသမျှ အဆိုးဆုံးဘဲ လူမျိုးခြင်းတူတာတောင် စစ်တပ်နဲ့စစ်တပ်ကို မထောက်ခံရင် ရန်သူတွေချည်းဘဲလို့ သတ်မှတ်လိုက်တော့တာဘဲ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်အရပ်ဘက် တွဲအုပ်ချုပ်မယ်ဆိုပြီး ၀ါဒတွေဖြန့်နေလဲ စစ်တပ်က အရပ်ဘက်ကလူတွေကို ခွဲခြားဆက်ဆံလို့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး

Nge Naing said...

ဟုတ်ပါတယ်၊ ရန်သူနဲ့ ပြိုင်ဘကက လုံးဝမတူပါဘူး။ ဥပမာပေးပြီး သုံးသပ်တင်ပြထားတာ သိပ်ကောင်းပါတယ်။

Talkii said...

ကိုယ်နဲ့ သဘောထားမတူတိုင်း ရန်သူလို့ သတ်မှတ်တာလောက် ဦးနှောက်သဘောထားညံ့တာ မရှိဘူး တဲ့။

အိပ်ပျော်ချင်ဟန်ဆောင်နေတဲ့သူကို နှိုးရခက်တယ်ဗျ။

Moe Cho Thinn said...

ရန်သူဆိုတာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သဘောကျ ထောက်ခံသွားပါတယ်။
ကျေးဇူးတင်တယ် မောင်လေးရေ..

တန်ခူး said...

ကိုစေးထူးရေ... ရေးထားတာလေး ကောင်းတယ်... ကျွန်မလဲ ဒီလိုအတွေးမျိုးလေးရဖူးလို့ ပြိုင်ဘက် != ရန်သူ ဆိုတဲ့ ပို့ စ်လေးရေးခဲ့ဘူးတယ်... ပြိုင်ဘက်ကောင်းများများပါစေလို့ 

to learn french language said...

အင်း.မြန်မာ့သမိုင်းမှာလည်း.ဗျည်းနွဲ့ ဗညားနွဲ့ လို စီးချင်းတိုက်ပွဲဇတ်လမ်းမှာ လည်း ပြိုင်ဘက်ကို အနိုင်လိုချင်စိတ်တခုထဲနဲ့မတရားသောနည်းတွေကိုသုံးပြီး မဖြေရှင်းပဲ သစ္စာရှိစွာ ပြိုင်ဘက်ကောင်းလိုသဘောထားပြီး...မျှမျှတတ တိုက်ပွဲဝင်ခဲ့ကြတဲ့..သူရဲကောင်းတွေ ရှိပါတယ်...။

....။။။.....

ပိုးဖြူ တို့မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရက..
ပြည်သူပြည်သားတွေကို ရင်ဝယ်သားလိုအုပ်ချုပ်ဖို့ဝေးရော......
ဘယ်လိုနည်းပဲသုံးရသုံးရ..အဓိက ကမီးသေနေဖို့ပဲ ဆိုတဲ့ခံယူချက်နဲ့ကို...
ဖိနှိပ်နေတာ :( သူက ကိုယ်တွေကို ပြိုင်ရမဲ့သူလို့တောင် သဘောထားတာမဟုတ်...နိုင်၇မဲ့သူတွေလို..
လက်ခုပ်ထဲကရေဖြစ်အောင်....လက်နက်သုံး အာဏာသုံးပြီး..ညှင်းပန်းနေတာ :(

ဘယ်ရှုထောင့်ကကြည့်ကြည့် သူတို့ ရဲ့ ရက်စက်ပြီး..လူစိတ်ကင်းတဲ့လုပ်၇ပ်တွေမှာ
ရိုးသားဖြူစင်တဲ့ သာမညပြည်သူတယောက်လောက်ကတောင်ယှဉ်ပြိုင်ရလောက်တဲ့ အရည်အချင်းမျိုး နတ္ထိ..ပါ။ ရန်သူမှ ကမ္ဘာမကျေတဲ့ ရန်သူမျိုးတွေပေါ့...ငတေမာပြီးရောဆိုတဲ့...
လူကိုယ်နဲ့ မိစ္ဆာခေါင်းးး ကြီးတွေ...

မန်းကိုကို said...

ဆောင်းပါးလေးက ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့တော့ ကောင်းပါတယ်။ ဧရာဝတီမဂ္ဂဇင်းမှာ တွေ့မိတယ်ထင်တယ်။ အဲဒီမှာတော့ ဆင်ဆာက ထက်ကထက်လှသမို့ ကြိုးစားပမ်းစား ရေးပို့သမျှတွေလည်း သဲထဲရေသွန်ဆိုတော့ ဒီမှာရေးတာက နည်းနည်းပိုသာမလားပဲ။

ဒါပေမယ့် ပြောကာမှ ဦးဏှောက်က ထိုင်းနေပြန်လို့ ရေးလို့ မရပြန်ဘူး။

သေချာတာကတော့ လက်ရှိနအဖဟာ ပြိုင်ဖက်လို့ သတ်မှတ်ရမှာ အတော်ခက်နေတယ်။ ရန်သူလို့ ပြောဖို့ကတော့ တချို့နေရာတွေမှာတော့ လုံလောက်ပေမယ့် ၁၀၀% လည်းမဟုတ်ပြန်ဘူး။ ပြိုင်ပွဲတစ်ခုမှာ ကျင်းပသူ၊ ဒိုင်၊ ပရိသတ်နဲ့ ဝင်ပြိုင်သူ နေရာတွေအားလုံးကို ယူထားတဲ့ လမ်းထဲက ကလေးဗိုလ်တွေနဲ့များ ပိုနီးစပ်တယ်လို့သာ ယာယီခေါ်လိုက်ချင်ပါတယ်။