Monday, March 30, 2009

လှေနှင့် လှေလှော်သားများ...

`လှေ~~ လှေ~~~ လှော်ကြ လှော်ကြ~~~ လှေ~~ လှေ လှော်ကြလှော်ကြ´

လှေလှော်ကြဟန် ပုံစံနှင့်အတူ လှော်တက် တယောက်တခုစီဖြင့် လူရွှင်တော် စိန်သီးနှင့် ကြယ်သီးတို့နှစ်ယောက် စင်ရှေ့ကို တရွေ့ရွေ့ထွက်လာကြ၏။ သီချင်းလေး တဟဲဟဲ လှေကလေး တလှော်လှော်နှင့် သူတို့နှစ်ယောက်ကို ဂေါ်ဇီလာက အသာအကဲခတ်နေသည်။

`ဝေးးး ဟေးဟေး၊ ရောက်ပြီကွ၊ ပန်းတိုင်ရောက်ပြီ´

လှေလှော်နေတာကို ဗြုန်းဆို ရပ်လိုက်ပြီး စိန်သီးက အထက်ပါအတိုင်း အော်လိုက်တော့ ကြယ်သီးကလဲ ယောင်တောင်တောင်ဖြင့် `ပန်းတိုင်ရောက်ပကွ´ လို့ လိုက်အော်ပြန်၏။ အကဲခတ်နေသော ဂေါ်ဇီလာက မဆိုင်းမတွပင်-

`အဲဒီလိုပဲ ပန်းတိုင်ရောက်ပြီကွ၊ ရောက်ပြီကွနဲ့ အော်အော်နေတာ ဘယ်နှစ်ခါရှိပြီတုန်း၊ အခုပဲ အနှစ်နှစ်ဆယ်ရှိနေပေါ့´

ပရိသတ်များ ၀ါးခနဲ ပွဲကျသွားလေ၏။

***

တလနှစ်လခန့်တော့ ကြာခဲ့ပြီ ထင်ပါသည်။

ဘလော့ဂ်ရေးဖော် ရုရှရောက် ညီငယ်တယောက်နဲ့ အွန်လိုင်းပေါ် ဆုံဖြစ်၊ စကားပြောဖြစ်၏။ သူနဲ့ကိုယ်က ရပ်တည်နေကြတဲ့ အနေအထားနဲ့ တချို့သော အမြင်အတွေးတွေ မတူလင့်ကစား ထိုညီငယ်ကလဲ သူ့ကို တလေးတစားရှိ၊ သူကလဲ ထိုညီငယ်ကို အထင်သေးခြင်း စိုးစင်းမရှိတော့ စကားပြောရတာ လေပေးဖြောင့်တယ်လို့တောင် ပြောနိုင်၏။ ပြောကြရင်းဖြင့် တကြိမ်မှာတော့ ထိုညီငယ်က အမှတ်ရရဖြစ်စရာ အကောင်းဆုံး စကားတခွန်းကို ပြောလာသည်။

`အကို၊ ကျနော်တို့တွေဟာ တကယ်တော့ ဝေးမနေကြဘူးလို့ ထင်တယ်နော်၊ ကျနော်တို့အတွက် လိုနေတာ တခုပဲရှိတယ်´

အသာငြိမ်ပြီး ဆက်နားထောင်နေခိုက်...

`အဲဒါကတော့ တံတားတစင်းပဲ အကို´

အဲဒီအခိုက်မှာတုန်းက သူ အတွေးတွေဖြင့် ငြိမ်သက်မိသွားခဲ့တာတော့ အမှန်... ... ...။

***

လှေလှော်တာကို ရပ်တန့်ပြီး စိန်သီးနှင့် ကြယ်သီးတို့နှစ်ယောက် ပန်းတိုင်ရောက်ပဟ လို့ အော်ဟစ်နေခိုက် မြူးကြွသော အိန္ဒိယ တီးလုံးသံနှင့်အတူ ဇီးသီးတယောက် ကခုန်ပြီး စင်ရှေ့ကို ထွက်လာ၏။ ပါးစပ်ကလဲ ဆိုနေလိုက်သေးသည်။

`ဟမလေး အကိုကြီး၊ ကုလားမကို ယူမလား၊ ကုလားမကို ယူမလား၊ ဒန်တန်တန်´

ဇီးသီးကို စောစောက လှေလှော်သားနှစ်ယောက် စိန်သီးနဲ့ကြယ်သီးက ငေးမောနေခိုက် ဇီးသီးကပြော၏။

`အားကိုဂျီးတို့နော်၊ အာကိုဂျီးတို့ လှေလှော်နေတာက တယောက်ကို တယောက်မြင်နေရလို့ ပန်းတိုင်ကို တကယ်မရောက်သေးတာ၊ ဒီတော့ ချွန်းဒေါ် အကြံပေးမယ်နော၊ အားကိုဂျီးတို့ နှစ်ယောက် တယောက်ကို တယောက် ကျောခိုင်းပြီး လှေကို လှော်ကြပါ အားကိုဂျီးတို့´

အိန္ဒိယ အကနှင့်အတူ တွန့်လိမ်ကခုန်ပြီး စင်ထောင့်ကို ပြန်ဝင်သွားသော ဇီးသီးရဲ့ အကြံပေးချက်အတိုင်း ဟိုနှစ်ယောက်က တယောက်ကို တယောက် ကျောခိုင်းလို့ ကုန်းရုန်း လှော်ကြပြန်တော့သည်။

***

`ခင်ဗျားပြောဖူးတဲ့ တံတားတစင်းလိုတယ် ဆိုတဲ့စကားကို ကျနော် ခဏခဏတွေးဖြစ်တယ်ဗျာ´
`ဟုတ်ကဲ့အကို´
`အဲဒီလို တွေးရင်းနဲ့ ကျနော်စိတ်ကူးလေး တခုရတယ်ဗျ´
`ဟုတ်´
`ဒီလိုလုပ်မယ်လေ၊ ကျနော့်စိတ်ထဲမှာ ကျနော်တို့တွေကို ခင်ဗျားတို့ဆီက ဘာတွေပြောချင်မလဲ၊ ပြောစရာ ဘာတွေ ရှိနေလဲဆိုတာ သိချင်တယ်၊ အဲဒီလိုပဲ ကျနော်တို့ကလဲ ခင်ဗျားတို့ကို ပြောချင်တာလေးတွေ ရှိနေပြန်တယ်´
`ဟုတ်ကဲ့´
`ဒီတော့ ခင်ဗျားတို့ဆီကလဲ ကျနော့်ကို မေးချင်တာတွေရှိတာကို ကြိုက်တာမေး၊ ကျနော်ကလဲ ပြန်မေးမယ်။ တဘက်ကို မေးခွန်း ငါးခုစီ အပြန်အလှန်ပေါ့ဗျာ´
`ဟုတ်ကဲ့´
`အဲဒီလို မေးတဲ့မေးခွန်းတွေနဲ့ ဖြေတဲ့ အဖြေတွေကို ခင်ဗျားတို့ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘလော့ဂ်တွေပေါ်ကနေ လာဖတ်သူတွေကို ချပြမယ်၊ ဖတ်တဲ့လူက သူ့အတွက်အသုံးတည့်တာကို ယူသွားကြပစေ၊ အသုံးမတည့်ဘူး ထင်တာတွေကို ချန်သွားကြပစေပေါ့´
`ဟာ၊ သိပ်ကောင်းတဲ့ အစီအစဉ်ပဲအကို´
`အင်း၊ အဲဒါလေးကလဲ ကျနော်တို့နဲ့ ခင်ဗျားတို့ကြား ဆောက်ကြည့်မယ့် တံတားတစင်းဖြစ်နိုင်ကောင်းရဲ့လို့ ခံစားမိတယ်လေ´
`အရမ်းကောင်းတယ် အကို၊ ကျနော်သဘောတူတယ်။ ကျနော့်သူငယ်ချင်းတွေကိုလဲ ညှိထားမယ်လေ´

အဲဒီနောက်မှာတော့ ဘယ်လိုဘယ်ပုံဆွေးနွေးကြမည်။ မေးကြမည့်မေးခွန်းတွေသည် ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ အခြားနည်းလမ်းအရဖြစ်ဖြစ် အသားလွတ်ပုတ်ခတ်၊ ဖိနှိပ်သော မေးခွန်းမျိုးမဖြစ်အောင် နှစ်ဘက်စလုံးက နားလည်မှုရှိရှိဖြင့် ရှောင်ကြဖို့ စသည်စသည် ဆက်ပြောဖြစ်ကြပြန်သည်။

***

စိန်သီးနဲ့ ကြယ်သီးတို့နှစ်ယောက် တယောက်နဲ့တယောက် ကျောခိုင်းပြီး လှေလှော်နေတော့ လှေက ရှေ့ကို မတက်နိုင်ဖြစ်နေခိုက်မှာပင် တရုတ်ဝတ်စုံအနီရောင်ကို ၀တ်ထားတဲ့ ပန်းသီးတယောက် ကိုးယို့ကားယား ကခုန်ပြီး စင်ရှေ့ကို ရောက်လာပြန်သည်။ စိန်သီးနဲ့ ကြယ်သီးတို့ကိုတွေ့တော့...

`အိုးဟို...၊ လုတို့ နှီယောက် လှီကိုဒီလိုလှော်လို့ မီရဘူးလေ၊ လုတို့က တယောက်ကိုတယောက် ကျောခိုင်းနေတာကိုး၊ ဒီတော့ မျက်နှာချင်းဆိုင်လှော်မှ လှီက ပန်းတိုင်ကိုရောက်မှာပေါ့ လုတို့ရ၊ ၀က စီတနာနဲ့ အကြံကောင်းပီးတာနော´

စိန်သီးတို့နှစ်ယောက်က...

`ဟေ၊ ဟုတ်ပေသားပဲ၊ ကဲလာကွာ၊ တရုတ်ကြီးပေးတဲ့ အကြံအတိုင်း ငါတို့နှစ်ယောက် မျက်နှာချင်းဆိုင် လှော်ကြရအောင်´

***

တလောက ဟိုညီငယ်နှင့် ဆွေးနွေးဖြစ်တာတွေကို အစပျိုး အကောင်အထည်ဖော်သည့် သဘောဖြင့် `တံတားပေါ်ကအတွေး´ ဆိုတဲ့ ပို့စ်ကို ရေးဖြစ်၏။ ညနေခင်းတခုမှာ ရောက်ဖြစ်ခဲ့တဲ့ တံတားကို ကြည့်ဖြစ်ရင်း ယင်းညီငယ်နှင့် ပြောဖြစ်တာတွေကို သတိရရင်း ရေးဖြစ်ခဲ့တဲ့ပို့စ်။ နောက်ပိုင်းကျရင်တော့ သူတို့တွေရဲ့ ကိုယ်စီအမြင်တွေနဲ့ လိုလားချက်၊ ဖြစ်စေချင်ချက်တွေကို ချခင်းဖြစ်တော့မည် ထင်သည်ဟု တွေးပြီး ရေးဖြစ်သော ပို့စ်။

သို့သော်... ...။

ယင်းပို့စ်ရဲ့ အခု ၂၀ မြောက်နှင့် ၂၁ ခုမြောက် မှတ်ချက်တွေကို မြင်တော့ ဘာမှကို ပြန်ပြောချင်စိတ် မရှိတော့လောက်အောင် စိတ်ပျက်၊ စိတ်ကုန်သွားမိတာတော့ အမှန်...။ ခက်လှပါဘိ။

***

`မင်းက ဒီလိုပြောတော့ ငါကလဲ ဒီလိုချသကွ´
`အောင်မယ်၊ မင့်လိုကောင်ကများ ငါ့ကို ပြန်ပြောရတယ်လို့၊ ငါ့ဘာမှတ်နေတုန်း၊ ပြန်ချသဟေ့၊ ဟောသလို ဟောသလိုကို ပြန်ချသကွ´
`အောင်မာ၊ အရပ်ထဲ ကွမ်းယာရောင်းတဲ့သာသာလောက်ကောင်ကများ ငါ့ကို ပြန်ချဝံ့သလား´
`ဟေ့၊ မင်းငါ့ကို ဒီလိုတော့ မပုတ်ခတ်နဲ့နော်´
`ပုတ်ခတ်တော့ ဘာဖြစ်ချင်တုန်း´
`ဒါဖြစ်ချင်တယ်ကွာ´
`အေး၊ မင်းက ဒါဖြစ်ချင်တော့ ငါကလဲ ဒီလိုချသကွာ´

`၀ုန်း´ခနဲ `ဗြုန်း´ ခနဲ လဲပြိုသံတွေက ရန်လိုခြင်းတွေ၏ စေစားမှုအောက်တွင် အတုန်းအရုန်းမြည်လို့...။ ဘေးကလူတွေကိုလဲ မမြင်အားနိုင်တော့ ရန်မီးတွေက တ၀ုန်းဝုန်း၊ တဒုန်းဒုန်း။

***

လှော်တဲ့လှေက ဘယ်လိုမှ ရှေ့ဆက်မရောက်နိုင်တော့ ထုံးစံအတိုင်း စိန်သီးနဲ့ကြယ်သီးတို့နှစ်ယောက် အပြန်အလှန်ငြင်းခုန်နေခိုက်မှာပင် စောစောက အကြံတွေပေးသွားကြတဲ့ သကောင့်သားနှစ်ယောက် ဇီးသီးနဲ့ ပန်းသီးတို့ စင်ရှေ့ကို ပြန်ရောက်လာကြသည်။ ဇီးသီးက...

`အားကိုဂျီးတို့ ဒီလောက်တောင် ပန်းတိုင်ကို မရောက်နိုင်ဖြစ်နေကြရင်လေ ချွန်းဒေါ်တို့ နှစ်ယောက်က နမူနာလှော်ပြပါ့မယ်၊ အားကိုဂျီးတို့ လိုက်ကြည့်ထားကြပါ´

`ဟေ၊ ဒီအကြံကောင်းသားကွ´ ဆိုတဲ့ စိန်သီးရဲ့ ရေရွတ်စကားကို ကြယ်သီးကလဲ မဆိုင်းမတွ ထောက်ခံလိုက်သေးသည်။ သဘောက လှေကို တကယ်ရွေ့အောင် သူတို့နှစ်ယောက်မှာ ဆင်ခြင်ဉာဏ် မရှိတော့တဲ့ သဘော...။

`ကဲ...၊ ချွန်းဒေါ်တို့ လှော်တာကို ကြည့်ထားကြပါ အားကိုဂျီးတို့´

ပြောလဲပြောရင်း တရုတ်ကြီး ပန်းသီးကိုလဲ မျက်စပစ်ပြလိုက်ရင်းဖြင့် လှေကို ရှေ့တယောက်နောက်တယောက် လှော်ပြီး လှေကိုပါ မ သွားကြလေဟန် နှစ်ယောက်သား စင်ထောင့်မှာပျောက်ချင်းမလှ ပျောက်သွားကြလေ၏။ ဒါတောင်မှ ဟိုနှစ်ယောက်က မသိသေးဘဲ ကျေးဇူးတောင် တင်နေလေဟန် ပျော်လို့ပါးလို့...။ ဒီအခိုက်မှာပင် စောစောက တချိန်လုံး အကဲခတ်နေတဲ့ ဂေါ်ဇီလာက...

`အေး၊ မင်းတို့က ကျေးဇူးတွေတောင်တင်နေသေးတယ်ပေါ့ ဟုတ်လား၊ ဟိုမှာ မင်းအဖေတွေက လှေကိုပါ မ သွားပြီဟ၊ မင်းတို့လှေ ပါသွားပြီ၊ သိကြရဲ့လား´

***

ဖို့ဝိန်းမြို့မှာ ကသွားတဲ့ `သီးလေးသီး အငြိမ့်´ရဲ့ ပြက်လုံးပုံဖော်ချက်က အတွေးထဲကနေ တော်တော်နဲ့ မထွက်... ... ...။

***

၂၀၁၀ ကို တရွေ့ရွေ့နဲ့ ချဉ်းကပ်လို့ကလဲ ကောင်းတုန်း။ နောင်ဂျိန်ချသံတွေကလဲ တ၀ုန်းဝုန်း။

ပြည်တွင်းမှာ...၊ ပြည်ပမှာ...၊ နယ်စပ်မှာ...၊ အရှေ့မှာ...၊ အနောက်မှာ...၊ ဟိုမှာ...၊ ဒီမှာ...။ ပြီးတော့...။

ဘလော့ဂ်တွေပေါ်မှာ... ... ...။

***

ကလိုစေးထူး

Tuesday, March 24, 2009

သဲထိတ်ရင်ဖို အလုပ်...

`Ellisa နဲ့ မာရီယာ ရုံးခန်းထဲ ခဏလိုက်ခဲ့ပါ´

အလုပ်ရှင်က လာခေါ်ပြီးတာနဲ့ ချက်ချင်းဆိုသလို ပြန်လှည့်ထွက်သွား၏။ အခေါ်ခံရတဲ့ နှစ်ယောက်လဲ အလုပ်ရှင်နောက်ကို လိုက်သွားကြတော့ ကျန်ခဲ့ကြတဲ့ သူနဲ့တကွ တခြားသော အလုပ်သမားတွေ တိုင်ပင်မထားရဘဲနှင့် တယောက်မျက်နှာကို တယောက် အပြန်အလှန် ကြည့်ဖြစ်ကြသည်။

***

ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကတော့ အလုပ်ရှင်က အားလုံးကို အစည်းအဝေးခေါ်ပြီး ဘယ်သူမှ မကြားချင်သော စကားတခွန်းကို ခေါ်ပြောခဲ့လေ၏။

`အခုလို ခေါ်ပြောရတာတော့ အရမ်းဝမ်းနည်းပါတယ်။ ခင်ဗျားတို့တွေ သိကြတဲ့အတိုင်း နေရာတိုင်းလိုလိုမှာ စီးပွားရေးတွေက ကျဆင်းတဲ့ဒဏ်ကို ခံနေရတာဟာ အခုဆိုရင် ကျနော်တို့ ကုမ္ပဏီအနေနဲ့ ဘယ်လိုမှ တောင့်ခံထားနိုင်တဲ့ အခြေအနေ မရှိတော့တဲ့အတွက် ဒီအစည်းအဝေးကို ခေါ်ရတာပါပဲ´

အလုပ်ရှင်က ပြောလက်စ စကားကို တခဏမျှ ရပ်ပြီးမှ...

`ခင်ဗျားတို့ အားလုံးကို ကျနော် အလုပ်ချိန်တွေ ဖြတ်တောက်ရတော့မယ်´

မန်နေဂျာ စာရေးမက ဆက်ပြီး သူတို့ကုမ္ပဏီအနေနဲ့ အရင်ကလို အလုပ်အမှာစာတွေ ပုံမှန်မရတော့ကြောင်း၊ အဲဒီ အခြေအနေကို လအနည်းငယ်လောက် စောင့်ကြည့်ပြီး တောင့်ခံထားကြည့်သေးပေမယ့် အခု ဘယ်လိုမှ မတတ်နိုင်တော့လို့သာ အလုပ်ချိန်လျှော့ရတာ ဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ Lay Off မပေးချင်တဲ့အတွက် ဒီနည်းကို သုံးရတာ ဖြစ်ကြောင်း၊ မကြာခင်မှာတော့ အခုလို အခြေအနေဆိုးကနေ ပြန်လွန်မြောက်မယ်လို့ မျှော်လင့်ပါကြောင်း နဲ့ ရှင်းပြတာတွေက ကြားတချက် မကြားတချက်...။ သေချာပေါက် ကြားလိုက်ရတာကတော့ သူတို့အားလုံး ပုံမှန်အလုပ်ချိန် တပတ်လျှင် နာရီ ၄၀ အစား၊ ၃၂ နာရီသာ လုပ်ရတော့မည်။

***

ပြန်စဉ်းစားကြည့်တော့...။

ရနေတဲ့ ၀င်ငွေ၊ ပေးစရာရှိတဲ့ Bill တွေ၊ မသုံးမဖြစ်သုံးရမယ့် ငွေစာရင်းကို တွက်ချက်ကြည့်တော့ တပတ်ကို ၃၂ နာရီလောက် လုပ်ရရင်လဲ အရမ်းကြီးတော့ ပစ်စလတ်ခတ် ဒုက္ခ မရောက်နိုင်သေးပါဘူးဟု ဖော့တွေးပြီး ဖြေရသည်။ ဟိုဘက်မြို့မှာဆို အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ မြန်မာတွေချည်းပဲ လူ ၄၀၀ လောက်ရှိသတဲ့၊ အဲဒီတမြို့လုံးမှာလဲ ပြီးခဲ့တဲ့လမှာတင် လူပေါင်း တသောင်းခွဲလောက် Lay Off အချခံထိသတဲ့။ သူတို့တွေထက်စာရင် တော်သေးတာပေါ့လေဟု ဖြေတွေးမိ၏။ နောက်ထပ် အလုပ်ချိန် ထပ်လျှော့လာရင်ရော ... ... ...။

အင်း...၊ အချိန်ပိုင်း အလုပ်တခုခုတော့ အခုကတည်းက လိုက်မေးထားမှ ထင်တယ်။ အတွေးတွေက ဝေေ၀၀ါးဝါး။

***

မနေ့က ဖြစ်သည်။

`ဟင်၊ ကိုဟာပိုး ဒီနေ့ အလုပ်ဆင်းရမယ့် အချိန်မှတ်လား၊ အလုပ်မသွားဘူးလား´
`ကျနော့်ကို ဒီမနက် အလုပ်ရှင်က ခေါ်ပြောလိုက်တယ်၊ တလလောက် အိမ်မှာနားနေပါတဲ့´
`ဒါဆို Lay Off ပေါ့´
`ဟုတ်တယ်´

အဲဒါမှ ပြဿနာ။ တကယ်တမ်းက သူ့လက်ထဲမှာလဲ ငွေပိုငွေလျှံရယ်လို့ လောက်လောက်လားလားလဲ ရှိနေတာ မဟုတ်။ မနက်ဖြန် အလုပ်သွားရမယ့်အချိန်ရောက်ခဲ့ရင် ငါ့အလှည့်များ ရောက်လာလေမလားလို့ တွေးရင်း စိတ်တော့ နည်းနည်းပူလာသည်။ ယောင်နနဖြင့် အင်တာနက်ထဲက အလုပ်ခေါ်စာတွေကို ဟိုဟိုဒီဒီလိုက်ရှာမိလိုက်သေးသည်။ သူတို့ကလဲ ပြောတုန်းကတော့ Lay Off ဘယ်သူ့ကိုမှ မချဘူးလေး ဘာလေးနဲ့၊ အခုတော့...။

ဒီလိုနဲ့... ...။

***

ဟိုနှစ်ယောက် ရုံးခန်းထဲ ၀င်သွားသည်မှာ နာရီဝက်လောက်ကြာတော့ ပြန်ရောက်လာကြ၏။ ခဏနေတော့ မာရီယာတယောက် မျက်နှာသိပ်မသာမယာဖြင့် ထွက်သွားသည်။ ဒါဆို သေချာပြီပေါ့၊ သူ့ကို Lay Off လုပ်လိုက်ပြီပေါ့။ နောက်ထပ် ဘယ်သူတွေကိုများ ထပ်လုပ်ဦးပါ့မလဲ။

`ဟေးး´

အနားနားကပ်ပြီး ပုခုံးကို ပုတ်ခေါ်သံကြောင့် လူက လန့်သွားသည်။ လှည့်ကြည့်လိုက်တော့ အလုပ်ရှင်... ...။ ဟင်၊ သေချာပြီထင်တယ်။ ငါ့ကို ရုံးခန်းထဲခေါ်တော့မယ်။ ပြီးရင် ဘယ်လိုဘယ်ပုံ ၀မ်းနည်းပါကြောင်း စကားအလှတွေပြောတော့မယ်။ ပြီးရင် မင်း အနားယူလိုက်ပါ ပြောတော့မယ်။ အို၊ ဘာဖြစ်ဖြစ် ဟန်ကိုယ့်ဖို့လေး နေမှ...။
`ဟုတ်ကဲ့၊ ကျနော် ဘာလုပ်ပေးရမလဲ´
`ငါ့နောက် လိုက်ခဲ့ကွာ´

ဟုတ်နေပါပြီလေ။ ဒီလူကလဲ အစကတည်းက ဟိုနှစ်ယောက်နဲ့ အတူတူခေါ်ပြောပါတော့လား။ လူလေးလေး အတွေးလေးလေးဖြင့် အလုပ်ရှင်နောက်ကို လိုက်သွားသည်။ ဒါပေမယ့် အလုပ်ရှင်ခေါ်သွားတာက ရုံးခန်းထဲကို မဟုတ်။ အလုပ်ရုံရဲ့ ဟိုးနောက်ဘက်က တနေရာက Tools အသစ်တွေ ထားရာနေရာကို ဖြစ်နေသည်။

`ဒါတွေကို Double Cut လုပ်ပေးနိုင်မလား´
`အိုကေ´

အလုပ်ရှင်က သူလိုချင်တဲ့ပုံစံကို ဘယ်လိုလုပ်ပေးစေချင်တယ် ဆိုတာ တခဏရှင်းပြပြီး ပြန်လှည့်ထွက်သွားသည်။

***

ဟိုး... ခပ်လှမ်းလှမ်းရောက်မှ သူ့ကို တခါ ပြန်လှမ်းခေါ်၏။ ပြန်ထူးလိုက်တော့...

`ငါနဲ့ ချာလီနဲ့ တရုတ်ကို ဈေးကွက်ရှာဖို့ သွားတဲ့ခရီးစဉ်မှာ အိုကေရင်တော့ ငါတို့အားလုံးအတွက် အဆင်ပြေမယ် ထင်ပါတယ်ကွာ´ ...တဲ့။

ဟူး...။

ဒီနေ့အလုပ်လုပ်ရတာ သဲထိတ်ရင်ဖို ရှိလှပါဘိတော့။ မောင်မင်းကြီးသားများရဲ့ တရုတ်ခရီးစဉ် အဆင်ပြေခဲ့ကြပါစေလို့ ဆုတောင်းလိုက်ရင်း...။

***

ကလိုစေးထူး

Monday, March 16, 2009

အင်တာဗျူးမှာ...

`မှတ်ပုံတင်ပါလာသလား´
`ဟုတ်ကဲ့´

ရှေ့တည့်တည့်က စားပွဲရှည်ကြီးနောက်မှာ ထိုင်နေကြသော လူကြီးငါးယောက်အနက် အလယ်က လူကြီးက နကျယ်ကောင့် မှတ်ပုံတင်ကို ကြည့်လိုက် နကျယ်ကောင်ကို ပြန်မော့ကြည့်လိုက်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။

`ကဲ...၊ မေးခွန်းလေးတွေ စလိုက်ကြရအောင်´
`ဟုတ်ကဲ့´

ထိုင်နေတဲ့ ခန္ဓာကိုယ်က သတိအနေအထား ခပ်မတ်မတ်ဟန် အလိုလိုဖြစ်သွားမလားတော့ မပြောတတ်... ... ...။

***

`နကျယ်ကောင်၊ နင်ဆယ်တန်းအောင်ပြီးကတည်းက လတ်လျားလတ်လျားနဲ့၊ ဒီတိုင်းနေမယ့် အတူတူ ရော့၊ အဲဒီမှာ Male Nurse လျှောက်ချေ၊ ငါ ဖောင်ယူလာတယ်၊ ဖြည့်လဲဖြည့်ပြီးပြီ။ Bio တွေ ပြန်ကျက်ထားစမ်း၊ ဘားအံမှာ သွားဖြေရမယ်´

ဟုတ်တော့လဲ ဟုတ်သည်။ ဆယ်တန်းအောင်ပြီးကတည်းက အမျိုးတွေ ရှိတဲ့ ကြခတ်ချောင်းကို သွားလိုက်၊ မြို့ကလေးကို ပြန်လာလိုက်၊ ညညဆို အပြင်ထွက်လည်လိုက်၊ အုတ်ခုံမှာ ဂီတာတဒေါင်ဒေါင်လုပ်လိုက်နဲ့ နကျယ်ကောင်က မေမေ မျက်စိနောက်မယ်ဆိုလဲ နောက်စရာ... ...။

မေမေက သူ့ကို Male Nurse ဘာကြောင့် အလုပ်ခိုင်းချင်နေရပါလိမ့်ဆိုတာ နကျယ်ကောင် စဉ်းစားလို့တော့မရ။ အမယ်၊ မေမေယူလာတဲ့ ပြက္ခဒိန်ထဲမှာကျတော့ အမျိုးသားသူနာပြု ဘယ်သူဆိုလား၊ စတိုင်လ်က ခပ်ထွားထွား၊ ဘေးမှာကလဲ သူနာပြုမလေးနှစ်ယောက်က ဘယ်တယောက် ညာတယောက်ရပ်လို့၊ နက်ခ်တိုင်နဲ့ နားကျပ်နဲ့၊ ရှိုးဘောင်းဘီနဲ့၊ ဂျူတီကုတ်နဲ့ ဘာနဲ့ဆိုတော့ ဆရာဝန်လိုလို ဘာဂလိုတိုတိုပါလား ဆိုပြီး အငေးသားတော့ဖြစ်သွားသည်။
ဘားအံမှာလဲ သွားဖြေရဦးမတဲ့။ ဘားအံကိုက တခါမှရောက်ဖူးတာ မဟုတ်သေး။ သွားဖြေရရင်တော့ မိဘတွေမပါတဲ့ ခရီးဝေးကို သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် သွားလည်ရချည်သေးရဲ့ ဆိုပြီး အသာတကြည် ခေါင်းငြိမ့်ဖြစ်ခြင်းပင်။

ဒီလိုနဲ့ ... ... ...။

ဘားအံမှာ သူနာပြုရေးဖြေအဆင့်ကို အောင်လို့၊ အခုနောက်တခေါက် အနေနဲ့ နှုတ်ဖြေဖြေဖို့အတွက် အင်တာဗျူးမည့် လူကြီးများရှေ့ အခုလို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေရခြင်းပင် ဖြစ်တော့သည်။

***

ဘေးအစွန်အကျဆုံး လူကြီးက နကျယ်ကောင်ကို မေးခွန်းတခု စမေး၏။

`မင်း၊ ကိုးတန်းနဲ့ဆယ်တန်းမှာတုန်းက Bio သင်ခဲ့ရမှာပေါ့´
`ဟုတ်ကဲ့´
`ဒါဖြင့်၊ တီကောင်က ဘယ်လိုမျိုးပွားသလဲကွာ´
`ဟို... ...၊ အထီးနဲ့အမ သားစပ်ပြီး ပွားပါတယ်ဆရာ´
`ဟေ´

`ဒါတော့ မင်းပြောမှလားကွ´ ဆိုပြီး တဟားဟားနဲ့ထရယ်ကြသည်။ ပြီးမှ...

`ငါမေးတာက၊ တီကောင်ဟာ၊ ဥနဲ့သားပေါက်သလား၊ အကောင်နဲ့သားပေါက်သလား မေးတာကွ´

နကျယ်ကောင့်စိတ်ထဲ တချက်တော့ တွေဝေသွားသည်။ တီကောင်က ဥနဲ့ပေါက်လား၊ အကောင်နဲ့ပေါက်လားတဲ့။ အကောင်နဲ့ပေါက်ရင်တော့ နို့တိုက်ကြတာကများတယ်၊ တီကောင်က နို့တိုက်ပါ့မလား၊ တီနို့ဆိုတာတော့ ငါတခါမှ မကြားဖူးဘူး။ ဥနဲ့ပေါက်တာပဲဖြစ်ရမယ်ကွာ။

`ဥနဲ့ပေါက်တာပါ ဆရာ´

မေးခွန်းမေးသူ လူကြီးက တပြုံးပြုံးနှင့် ငြိမ်သွားသည်။ အဖြေက မှန်သလား မှားသလားတော့ မသိ။

***

နောက်တယောက်က ဆရာမဖြစ်ဟန်တူသူ အသက်ခပ်ကြီးကြီးနဲ့ မိန်းမကြီးတယောက်။

`မင်းအခု ဘယ်မှာတည်းနေလဲ´
`သီးသန့် တည်ခိုခန်းမှာပါ´
`ဒါဖြင့် ဒီပြည်နယ်ရုံးကိုလာတော့ ဘယ်လမ်းကလာသလဲ´
`အထက (၁) ဘေးက လမ်းကတဆင့် မြင်းလှည်းနဲ့လာတာပါ´
`ဒါဆို ဘားအံဆေးရုံကြီးရှေ့က ဖြတ်ခဲ့ရမှာပေါ့´
`ဟုတ်ကဲ့´
`အေး၊ ဒါဖြင့် အဲဒီဆေးရုံရှေ့မှာ ဆိုင်းဘုတ် ဘယ်နှစ်ခု ထူထားသလဲကွာ´

`ဗုဒ္ဓေါ၊ ငါဘယ်လိုမှ ထင်မထားတဲ့ မေးခွန်းပါလား´ လို့ တွေးမိပြီး နကျယ်ကောင်တယောက် အတွေးထဲမှာ အလုပ်များသွား၏။ ဆေးရုံရှေ့က ဖြတ်တော့ဖြတ်လာတာ မှန်ပေမယ့် ဆိုင်းဘုတ် ဘယ်နှစ်ခုရှိသလဲဆိုတာကတော့ သတိမထားမိလိုက်တာ အမှန်...၊ မြွေအန္တရာယ် ကာကွယ်ရေး ဆိုင်းဘုတ်တခုတော့ တွေ့လိုက်သလိုလို။ ဉာဏ်နီဉာဏ်ပြာဉာဏ်ဝါတွေ ထုတ်စမ်း...၊ ထုတ်စမ်း။

ဆေးရုံဆိုတော့ `ဒို့တာဝန် အရေးသုံးပါး´ ဆိုင်းဘုတ်တော့ သေချာပေါက်ရှိမှာပဲ၊ အင်းး ပြည်သူ့ဆေးရုံကြီး ဆိုတဲ့ ဆိုင်းဘုတ်တခုကလဲ သေချာပေါက်ပေါ့။ စောစောက ငါမြင်ခဲ့တဲ့ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးဆိုင်းဘုတ်က တခု၊ ဒီတော့ သုံးခု။ အေအိုင်ဒီအက်စ် ပညာပေးတွေ ဘာတွေလဲ စိုက်ချင်စိုက်ထားမှာပဲ၊ သြော်၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးကြပါစို့ဆိုတာ အခုတလော နေရာတိုင်းတွေ့နေရသေးတယ်၊ ဆေးရုံရှေ့ဆိုတော့ ရှိချင်ရှိနေမှာ၊ ကဲ... လာလေ့ကွာ။ နောက်ထပ် အပိုနှစ်ခုလောက် ထည့်ပေါင်းလိုက်မယ်။

`၇ ခုပါ ဆရာမ´
`ဘာတွေလဲ´
`ဒို့တာဝန်အရေးသုံးပါး၊ ပြည်သူ့ဆေးရုံကြီး၊ မြွေအန္တရာယ်ကာကွယ်ရေး၊ အေအိုင်ဒီအက်စ်ပညာပေး၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးဖို့၊ ပြီးတော့ ... ... ...´
`ငရွှီး´

`တိန်´ ဟု စိတ်ထဲက ကြိတ်အော်ပြီး နကျယ်ကောင် ပါးစပ်ပိတ်သွား၏။

ဒီလိုနဲ့ မေးခွန်းပေါင်းစုံတွေကို တယောက်တလှည့်စီ မေးလိုက်တာ၊ နကျယ်ကောင်ဖြေသမျှကို သူတို့က ရယ်စရာတွေချည်းသာ ဖြစ်နေလေတော့သည်။ နောက်ဆုံးမေးတဲ့ ဆရာတယောက်က...

`မင်း၊ အခု အင်တာဗျူးကို အောင်မယ်ထင်သလားကွ´
`ဟုတ်ကဲ့၊ ဆရာတို့ အအောင်ပေးရင် အောင်မှာပါ´
`ဟေ´

ရယ်ချင်လဲ ရယ်ကြပါစေတော့လေ... ... ...။


***

တကယ်လဲ နကျယ်ကောင် တယောက် အဲဒီ အမျိုးသားသူနာပြု နှုတ်ဖြေကို မအောင်လိုက်ပါ။ အောင်ခဲ့ရင်တော့ နကျယ်ကောင်ရဲ့ ဘ၀ အချိုးအကွေ့က အဲဒီမှာတင် အပြောင်းအလဲ တခု ဖြစ်ခဲ့မည် ထင်ပါရဲ့။

***

ကလိုစေးထူး

Thursday, March 12, 2009

ရလဒ်...

ကောင်းတယ်ဗျာ၊ ဒါဖြစ်သင့်တယ်
အားပေးနေပါတယ်၊ ဆက်လုပ်ဗျာ
ထိမိတယ်ဗျို့၊ ဒါ...လုပ်သင့်တာပေါ့
မိုက်တယ်၊ မိုက်တယ်။

ဒါတော့ သဘောခြင်း တထပ်တည်း မကျဘူးဗျို့
ဘာလို့လဲဆိုတော့ ဒါကဒီလိုရှိပြီး
ဟိုဟာက ဟိုလိုရှိတယ်
အဲဒီလိုတွေဖြစ်လို့ ဒီဟာကို
ဟိုလိုကြောင့် ဒီပုံဒီနှယ်ကန့်ကွက်သဗျာ။

အလကားပါ၊ အလကားရတဲ့နေရာမှာ
ဒီလိုပဲပေါ့၊ အထင်ကြီးခံရမလားလို့လေ
သိတယ်မှတ်လား၊
ကိုယ်တို့အတွက်ကတော့ အချိန်ကုန်တယ်။

အောင်မာ...၊ ပြန်ပြောမနေနဲ့
မင်းဘာကောင်ဆိုတာ ငါကသိပြီးသား
ငါ့ဘာမှတ်နေလဲ။

အာ...၊ ဒီကောင် လူမုန်းခံရမှာကြောက်ပြီး
ရေငုံနှုတ်ပိတ်နေပြန်ပြီ
ဟေ့ကောင်...၊ ထစမ်း၊ မထဘူးလား
မထရင် ချတယ်ကွာ
ဗျင်းတယ်ကွာ၊ ဆဲတယ်ကွာ
ကလော်တုတ်တယ်ကွာ။

ဖုန်း
ဒိုင်း
အုန်း
ခွပ်
^%$#@!*
&*($%@!#
!@#$%^&

..................
..................
..................

မှတ်ပလားကွ၊ အဲဒါ ဘလော့ဂ်ရေးချင်ဦး။


ကလိုစေးထူး

စာကြွင်း...၊ ဘလော့ဂ်ရေးရခြင်းကို ကလိုစေးထူး နောင်တမရသေးပါ။ :D

Wednesday, March 11, 2009

စိတ်ညစ်နေလား...(၉)

ပြီးခဲ့တဲ့ ဆယ်ရက်သာသာအတွင်းကပေါ့။ ဘလော့ဂ်ကို နားလိုက်ဦးမှပဲ လို့ တွေးပြီး စာရေးတာတွေ၊ စာရေးဖို့တွေးတာတွေကို ရပ်ချပစ်လိုက်တယ်။ ဒီတော့ အလုပ်ကပြန်လာရင် ခါတိုင်းလို စာရေးရမယ့် အချိန်တွေမှာ စိတ်လက်ပေါ့ပါးစေအောင် သီချင်းတွေ နားထောင်လိုက်၊ တီဗွီအစီအစဉ်တွေ ကြည့်လိုက်နဲ့ပဲ များသောအားဖြင့် အချိန်တွေ ကုန်ခဲ့ပါတယ်။

စိတ်တွေ ပင်ပန်းတဲ့အခါ၊ ပြီးတော့... ခန္ဓာကိုယ်ကြီးကိုကလဲ နွမ်းနယ်လွန်းတဲ့အခါမျိုးမှာ ပြန်လည်ပေါ့ပါး သွက်လက်စေဖို့အတွက် သီချင်းတွေနဲ့ အဲဒီတီဗွီအစီအစဉ်တွေက ကျနော့်အတွက်ကတော့ များစွာ အထောက်အကူပြုစေပါတယ်။

အခု...၊ ဘလော့ဂ်ကို ပြန်ရေးတော့မယ်ဆိုတော့ တခြားဘာအကြောင်းအရာကိုမှ ပြန်ပြီး စ..မရေးခင်မှာ ကျနော့်ဘလော့ဂ်ကို လာရောက်လည်ပတ်သူ မိတ်ဆွေ၊ မောင်နှမတွေအတွက် စိတ်ပေါ့ပါးပျော်ရွှင်စရာ ပို့စ်လေး တပုဒ်ကို တင်ဆက်ပါရစေ...။

***

သီချင်းတပုဒ်ကို နားထောင်လိုက်ပြီ ဆိုပါစို့... ... ...။ ပုံမှန်အားဖြင့်ကတော့ အဲဒီသီချင်းကို ဆိုထားတဲ့ အဆိုရှင်က အသံဘယ်လိုကောင်းတာ၊ ဘယ်လိုဆွဲဆောင်မှု ရှိတာ၊ ရေးထားတဲ့ သီချင်းစာသားကတော့ဖြင့် ဘယ်လိုဘယ်ပုံ ပြောင်မြောက်တာ၊ ဘယ်လိုလေးတော့ ဖွဲ့နွဲ့ထားတာ ဆိုတဲ့အရာတွေနဲ့သာလျှင် အကဲဖြတ်ပြီး အဲဒီသီချင်းကို လူတွေက နှစ်သက်တတ်ကြပါတယ်။

ကဲ...၊ ဒါဖြင့် အပေါ်ကအချက်တွေနဲ့ မကိုက်ညီရင်ရော...၊ နှစ်သက်စရာကောင်းတဲ့ သီချင်းတပုဒ် မဖြစ်နိုင်ဘူးလား ... ... ...။

ပထမဆုံး စစနားထောင်မိတုန်းကတော့ `ဘာသီချင်းကြီးလဲဟ´ လို့ ထင်လိုက်မိသေးတယ်။ ဒါပေမယ့်...၊ နောက်တခေါက် ထပ်နားထောင်လိုက်၊ နားထောင်လေလေ၊ သဘောကျပြီး စပ်ဖြီးဖြီးဖြစ်လေနဲ့ ဖြစ်နေရတာကိုက အဲဒီသီချင်းရဲ့ ဖျော်ဖြေတင်ဆက်နိုင်မှု တမျိုး မဟုတ်လား။

ကြားဖူးသူတွေတော့ ရှိနိုင်တယ်၊ မကြားဖူးသေးရင်တော့ နားထောင်ကြည့်ကြပါဦး...၊ သိပ်တော့ မရယ်ကြေးပေါ့။ :D



***

America's Got Talent အစီအစဉ်တွေကို You Tube မှာ လိုက်ရှာကြည့်ဖြစ်တုန်းက ဘာထပ်တွေ့လဲ ဆိုတော့ Britain's Got Talent အစီအစဉ်တွေကိုပါ ကြည့်ဖြစ်လိုက်ရပါတယ်။ အဲဒီထဲကမှ ပရိသတ်တွေကို ဘယ်လိုမှ ပါးစပ်မပိတ်နိုင်ဘဲ ပြုံးရယ်နေအောင် တင်ဆက်နိုင်သူ လူမည်းလေး တယောက်ရဲ့ ယှဉ်ပြိုင်မှုကို တော်တော်နှစ်သက်မိတယ်။

သူကတော့ အဆိုနဲ့ ၀င်ပြိုင်တာပါ။ အသံကောင်းမကောင်းကတော့ အောက်မှာသာ ကြည့်ပေတော့။



အဲဒီဗွီဒီယိုကို တင်ထားတဲ့သူက ဗွီဒီယိုနာမည်ကို ပေးထားတာက Britain's Got Talent Season 2 Donald Worst Singer Auditionee ...တဲ့။ ကျနော်ကတော့ Best Entertainment Audition လို့သာ အမည်ပေးချင်တယ်။ ပြီးတော့ သာမန်အားဖြင့် ဘယ်လိုမှ ခံသာနိုင်စရာ မရှိလောက်တဲ့ ဒိုင်တွေရဲ့ မှတ်ချက်ကို ခပ်ပြုံးပြုံးပဲ ခံယူပြီး အသာပြန်လှည့်ထွက်လာနိုင်တာကိုက အရည်အချင်းတခုပဲမဟုတ်လား။

***

Just For Laughts အစီအစဉ်တွေကို လူတော်တော်များများ ကြည့်ဖူးကြမှာပါ။ အဲဒီအစီအစဉ်တွေ အများကြီးထဲကမှ ရယ်စရာထက် တွေးစရာတွေ ပိုပေးတဲ့ အစီအစဉ်လေး တခုကိုလဲ သွားတွေ့မိတယ်။



တန်ဘိုး အတန်အသင့်များနေဟန်ရှိတဲ့ ငွေစက္ကူကို ယူမယ်ဆိုရင် လွယ်လင့်တကူ ယူသွားလို့ရနိုင်တဲ့ အနေအထားမှာ လူတွေရဲ့ စိတ်ရင်းအမှန်တွေက ဘယ်လိုများ ရှိနေမလဲ။ ယူရကောင်းနိုး၊ တခြားလူတွေကများ တွေ့သွားဦးမှာလားဆိုပြီး ယူချင်ပေမယ့် အယူခက်နေဟန်လူတွေ၊ ဘေးဘီကို သေချာအောင်ကြည့်ပြီး ဘယ်သူမှ မမြင်လောက်မှ ယူမှပဲ ဆိုတဲ့လူတွေ၊ လုပ်နေကျ အလုပ်တခုကို လုပ်သွားသလိုပဲ ဆတ်ခနဲယူသွားတဲ့လူတွေ၊ ၀တ်ထားတဲ့အ၀တ်အစား၊ ရုပ်ရည်တွေကို ကြည့်လိုက်ရင် မယူလောက်ဘူးလို့ ထင်ရနိုင်ပေမယ့် ယူသွားတဲ့လူတွေ အများကြီးရှိသလို လုပ်သင့်လုပ်ထိုက်တာကိုပဲ တည်တည်ကြည်ကြည်ဟန်နဲ့ လုပ်သွားတဲ့ နမူနာယူစရာလူလဲ ရှိနေတာကိုက ရယ်စရာကနေ ပေးတဲ့ အတွေးတခုပေါ့...။

ကျနော့်မိတ်ဆွေတွေ အဲလိုကြုံရင်ရော...၊ ယူမှာလား။ အဟဲ၊ ကျနော့်ကိုတော့ ပြန်မမေးကြေးနော်။ :D

***

ကျနော့်ဘလော့ဂ်ကို လာရောက်လည်ပတ်ကြသူ မိတ်ဆွေ၊ မောင်နှမတွေကို ဒီပို့စ်က စိတ်ပေါ့ပါးကြည်လင်မှုတွေ ပေးနိုင်ပါစေ။


ကလိုစေးထူး

Sunday, March 08, 2009

အိတ်ဖွင့်... တဆင့်ပေးစာ

ဘလော့ဂ်ရေးသားခြင်း အလုပ်ကို ခဏဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ အမြဲတမ်းဖြစ်ဖြစ် ရပ်နားထားဖို့ ရည်ရွယ်ပြီး ကျနော့်ဘလော့ဂ်ကို ရပ်ဆိုင်းခဲ့ပေမယ့် စာတွေတော့ လိုက်ဖတ်မိတယ်။ အဲဒီလို လိုက်ဖတ်ရင်းနဲ့ ဆတ်ဆတ်ဆော့ဆော့နဲ့ ၀င်ရေးမိတဲ့ မှတ်ချက်တခုကြောင့် ဒီပို့စ်ကို တင်ပေးရဖို့ အကြောင်း ဖန်လာပါတယ်။

ကျနော့်ဆီကို အီးမေးလ်ပို့လာသူရဲ့ စာထဲမှာ ရေးထားတဲ့အကြောင်းအချက်ဟာ ကျိုးကြောင်းသင့်မှု ရှိတာကတချက်၊ ကျနော့်ရဲ့ မှတ်ချက်က ထောက်ပြဝေဖန်စရာ အချက်တွေကို တာဝန်ရှိမှုက တချက်ကြောင့် သူ ပေးပို့လာတဲ့စာကို မူရင်းအတိုင်း ပြန်လည် တင်ပေးလိုက်ပါတယ်။ မည်သူ့မည်သူကိုမှ နစ်နာစေလိုတဲ့ စိတ်အလျဉ်းမရှိဘဲ ကိုယ်ပါဝင်ပတ်သက်ခဲ့မိတာကို ကိုယ့်ဘာသာကိုယ် ပြန်တာဝန်ယူတဲ့ သဘောပါပဲ။

ကလိုစေးထူး

***

မနော်ဟရီနှင့် ပတ်သက်၍ အိတ်ဖွင့်ပေးစာ


သို့

ကိုစေးထူး


မနော်ဟရီရဲ့ ဒီပို့စ်နဲ့ ပတ်သက်ပြီး အောက်ပါ မှတ်ချက်ကို သူ့ပို့စ်မှာ Achit အမည်နဲ့ သွားရေးခဲ့ပါတယ်။ ဒါပေမဲ့ မနော်ဟရီဟာ ချက်ချင်းပင် ဖျက်ပစ်ခဲ့ပါတယ်။ (၃-ခါတိတိ ပြန်တင်ပေမဲ့ ၃-ခါလုံး ဖျက်ပစ်ခဲ့တယ်။) သေချာသွားတာက မနော်ဟရီဟာ ချီးကျူးသာ ခံချင်သော ဝေဖန်ခြင်းကို မခံနိုင်သော စာရေးဆရာ တယောက်ဆိုတာပါပဲ။ ဒီမှတ်ချက်ထဲမှာ ကိုစေးထူးနဲ့ ပတ်သက်တဲ့ အကြောင်းအချက်လဲ ပါဝင်နေတာကြောင့်မို့ ကိုစေးထူးထံ အိတ်ဖွင့်ပေးစာ ပို့လိုက်ရခြင်းဖြစ်ပါတယ်။ ကိုစေးထူးဟာ ဘက်လိုက်ခြင်းကင်းသူ သမာသမတ်ရှိသူ တယောက်ဆိုပါက ဒီစာကို ကိုစေးထူးရဲ့ ဘလော့ပေါ်မှာ ဖော်ပြပေးစေချင်ပါတယ်။ ကိုစေးထူးအနေနဲ့ ဘလော့ရေးသားခြင်း ရပ်နားထားတယ်ဆိုတာကို သိပေမဲ့ ဒီစာကိုတော့ တင်ဖြစ်အောင် တင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အဖျက်ခံလိုက်ရတဲ့ မှတ်ချက်က အောက်ပါအတိုင်းပါပဲ။

======================================================


မနော်ဟရီ သို့ …


ဦးဆုံးပြောချင်တာက မနော်ဟရီဆိုတာ ကွယ်လွန်သူ တာရာမင်းဝေရဲ့ ဇနီးဟောင်း တယောက် ဆိုတာကလွဲလို့ ကျန်တာတွေ မသိသလို မနော်ဟရီရဲ့ စာတွေကိုလည်း မဖတ်ဖြစ်ပါဘူး။ အခုတော့ တစုံတယောက်ရဲ့ ညွှန်းဆိုမှုကြောင့် ဒီပို့စ်ကို ဖတ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီမှတ်ချက်ကို ရေးလိုက်ရခြင်းပါပဲ။

မနော်ဟရီ ဒီစာကို ရေးဖြစ်ခဲ့ရခြင်းဟာ စီဘောက်က အောက်ပါ စကားကြောင့်ပဲလို့ ယူဆပါတယ်။


7 Mar 09, 13:59

moegyi: အပြုသဘောနဲ့ပြောပြတာပါနော်..နိုင်းနိင်းစနေလိုရေးတာမျိုးကို ပိုကြိုက်တယ် လက်တွေ့ဆန်တယ် အလုပ်မှာခေါင်းစားလို့ ဘလော့တွေထဲ ၀င်ဖတ်တာ....သိပ်ဖွဲ့နွဲ့တာတွေများလွန်းတော့...


ဒီစကားကို မနော်ဟရီ ခံပြင်းသွားပုံရတယ်။ မြင်ရသလောက်တော့ မိုးကြီးဟာ မနော်ဟရီကို စော်ကားထားတာ မပါပါဘူး။ အပြုသဘောနဲ့ ပြောတယ်လို့လဲ စကားပလ္လင် ခံထားတယ်။ သူဆိုလိုတာက မနော်ဟရီ စာရေးပုံကို တခြားစာရေးသူတယောက် ရေးပုံနဲ့ ယှဉ်ပြောထားရုံမျှသာပါ။ ဒါပေမဲ့ မနော်ဟရီဟာ (ကွယ်လွန်သူ နာမည်ကြီး စာရေးဆရာ တာရာမင်းဝေရဲ့ ဇနီးဟောင်း) နာမည်ရ စာရေးဆရာမ တယောက်ဆိုတော့ ဒီလိုယှဉ်ပြောခြင်းကို ခံနိုင်ရည် ရှိဟန် မတူပါဘူး။


မနော်ဟရီ: moegyi ; ကျေးဇူးပြုပြီးနောက်ဘယ်တော့မှမလာပါနဲ့ ။ လို့ တုန့်ပြန်ခဲ့တယ်။

တကယ်တော့ အင်တာနက်စာမျက်နှာဆိုတာ မည်သူမဆို ၀င်ထွက် သွားလာနိုင်တဲ့ သာလာယံ ဇရပ်လိုပါပဲ။ ငါလာရန်” မှ မဟုတ်ဘဲ။ ငါ့ကို ချီးကျူးသူသာ လာစေ၊ ငါ့ကို ဝေဖန်သူ မလာစေနဲ့လို့ တားလို့ရကောင်းပါ သလား။ သာလာယံဇရပ်ဆိုတော့လဲ လူတန်းစားပေါင်းစုံ လာကြမှာပါပဲ။ အဲဒီ လူတန်းစားပေါင်းစုံထဲမှာ ဇရပ်မှာ တံမြက်စည်း လှည်းပေးမယ့်သူ ပါသလို၊ ဇရပ်ထဲ အညစ်အကြေး စွန့်သွားတဲ့သူလဲ ရှိမှာပဲ။ ဇရပ်ထဲ ဘုရားရှိခိုးသူ ရှိသလို၊ ဇရပ်ထဲ ကလော်ဆဲနေမယ့် သူလဲ ရှိနိုင်တာပါပဲ။ ဒါကို ဇရပ်ရှင်က နားလည်ရမယ်၊ သည်းခံနိုင်ရမယ်၊ စကတည်းက ဇရပ်ဆောက်ထားမိမှ မဟုတ်လား။ စာရေးဆရာမ မနော်ဟရီ အနေနဲ့ ဒီအချက်ကို သတိပြုဖို့ လိုအပ်မယ် ထင်ပါတယ်။

ပိုဆိုးတာက … မနော်ဟရီဟာ စာရေးဆရာမ တယောက်လုပ်နေပြီး ခုလို ဝေဖန်မှု တခုအတွက် ဒေါသနဲ့ မာနကို ရှေ့တန်းတင်ပြီး ဒီပို့စ်ကို ရေးခဲ့တယ်။


အမှန်ကတော့ပြိုင်မြင်းတို့ရဲ့ခွာသံဆိုတာကဘာ၊တာရာမင်းဝေဆိုတာ
ကဘာ
ပြန်ရှင်းနေရဦးမယ့်လူပိန်းတွေအတွက်ကတော့ ကျွန်မမှာတာဝန်မရှိပါဘူး။ကျွန်မတာ
ဝန်ရှိတာက ရသစာပေအတွက်ပါ။


ဒီထဲက လူပိန်း (လူပြိန်း) ဆိုတဲ့ ဝေါဟာရကို မနော်ဟရီက ဘယ်လို သတ်မှတ်သလဲတော့ မသိပါဘူး။ မြန်မာလို လူပြိန်း၊ အင်္ဂလိပ်လို layman၊ ပါဠိလို သာမည … တဲ့။ အဘိဓာန်ထဲမှာ ခုလို ဖော်ပြထားတယ်။ “a person who does not belong to a particular profession or who is not expert in some field”

ပြိုင်မြင်းတို့ရဲ့ ခွာသံကို မသိသောလူ၊ တာရာမင်းဝေကို မသိသောသူမျိုးကို လူပြိန်းလို့ ခေါ်ပါသလား မနော်ဟရီ။


အထူးသဖြင့် စာဖတ်မနာတဲ့ ရသစာပေဆိုတာ ဘာမှန်းသေချာမသိတဲ့ ကူးယူဆက်စပ်မှုတွေနဲ့ရှင်သန်နေတဲ့ အင်တာနက် စာမျက်နှာပေါ်က စာဖတ်သူလို့ သူတို့ကိုယ်သူတို့ ခံယူထားတဲ့ လူတန်းစားခပ်ညံ့ညံ့ တချို့အတွက် ပိုပြီးမလိုအပ်ပါဘူး။


ဒီစာသားဟာလည်း တော်တော်ကို အံ့သြစရာပဲ။ စာရေးဆရာမ တယောက်ရဲ့ လက်က ရေးလိုက်တာမှ ဟုတ်ရဲ့လား စဉ်းစားမိတယ်။ ဒီလို အတွေးအခေါ် ဒီလို စိတ်ဓာတ်မျိုးရှိသူ စာရေးဆရာမ တယောက်ဟာ အနုပညာရှင် လို့ အမည်ခံသင့်ပါသလား။ သူဖန်တီးတဲ့ အနုပညာဟာ လူတန်းစားခွဲခြားထားတာလား။ စာရေးဆရာမ တယောက်အနေနဲ့ အဲဒီလို လူတန်းစား ခွဲခြားတဲ့ အတွေး အမြင် စိတ်ဓာတ် ရှိတာဟာ အင်မတန်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။


တကယ်တော့ စာရေးသူဆိုတာ လူပြိန်းလို့ ခေါ်တဲ့ သာမန်လူတိုင်း နားလည်အောင် ရေးသင့်ပါတယ်။ အထူးသဖြင့် ရသစာပေ ရေးသူအနေနဲ့ပေါ့။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ သိန်းဖေမြင့် စတဲ့ ရသစာပေ ရေးသားသူ စာရေးဆရာကြီးတွေရဲ့ စာဟာ လူတိုင်းဖတ်လို့ နားလည်ပါတယ်။ လူတန်းစားမခွဲခြားထားပါဘူး။ ဒီဆရာကြီးတွေဟာ ငါ့စာကို ဘယ်သူတော့ဖြင့် မဖတ်ရ၊ ဘယ်သူတော့ဖြင့် ဖတ် ဆိုပြီး မကန့်သတ် မချုပ်ချယ် ထားပါဘူး။

ရသစာပေဟာ သုတ စာပေမဟုတ်ပါဘူး။ သုတ စာပေဆိုရင်တော့ ဥပမာ အင်္ဂျင်နီယာဘာသာရပ် နဲ့ ပတ်သက်လို့ ရေးတဲ့စာဟာ အင်္ဂျင်နီယာတွေအတွက်သာ ရည်ရွယ်တာပါ။ လူတန်းစားတိုင်းအတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ရသ စာပေကတော့ လမ်းဘေးက ကွမ်းယာသည် မလေးဖြစ်ဖြစ်၊ ပဲပြုတ်သည်ပဲ ဖြစ်ဖြစ်၊ ဆိုက်ကား သမားပဲဖြစ်ဖြစ်၊ ကျောင်းသူကလေးပဲ ဖြစ်ဖြစ်၊ ဆရာဝန်ကြီးပဲ ဖြစ်ဖြစ် အားလုံး ခံစားခွင့်ရှိမယ်လို့ ထင်ပါတယ်။

မနော်ဟရီဟာ ကိုယ့်ကိုယ်ကိုယ် ရသစာပေ ရေးသားသူ၊ ရသစာပေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ အနုပညာ ဖန်တီးရှင် တယောက်လို့ ယူဆရင် လူတန်းစား ခပ်ညံ့ညံ့ ဆိုတဲ့ စကားလုံးမျိုးကို မသုံးသင့်ပါဘူး။ (၁) လူတန်းစား ဆိုတဲ့ စကားလုံးနဲ့ စာဖတ်သူတွေကို အဆင့်အတန်း ခွဲလိုက်တယ်။ (၂) ခပ်ညံ့ညံ့ ဆိုတဲ့ စကားလုံးနဲ့ ကိုယ့်လောက် မတတ်ရင် ညံ့တယ်လို့ သတ်မှတ်လိုက်တယ်။

လူတိုင်းဟာ လူတော် တွေချည်း မဟုတ်ပါ။ စာရေးသူတယောက်ကဲ့သို့ မဖန်တီးနိုင် မရေးသားနိုင်ပေမဲ့ စာရေးသူတိုင်း ဖန်တီးထားတဲ့ စာတွေကို ဖတ်ခွင့်ရှိတယ်၊ ဖတ်ပြီးရင်လဲ ကြိုက်တယ် မကြိုက်ဘူး၊ နှစ်သက်တယ် မနှစ်သက်ဘူး ခံစားခွင့် ထုတ်ဖော်ခွင့် ဝေဖန် အကြံပေးခွင့်ဆိုတာ အားလုံးမှာ ရှိတဲ့ အခွင့်အရေး မဟုတ်ဘူးလား။

ဥပမာ တခုပေးချင်ပါတယ်။

“ဇော်ဝင်းထွဋ် သီချင်းဆိုတာကို လေးဖြူလောက် မကြိုက်ဘူး” ဒီလိုပြောတာနဲ့ ဇော်ဝင်းထွဋ်ကို စော်ကားတယ်လို့ ဆိုမလား။ ဒါကို ဇော်ဝင်းထွဋ်က

“မကြိုက်လဲ ငါ့သီချင်းတွေ နားမထောင်နဲ့ကွာ၊ မင်းတို့လို ခပ်ညံ့ညံ့ကောင်တွေ နားထောင်ဖို့ ငါဆိုတာမဟုတ်ဘူး” လို့ ပြောမယ်ဆိုရင် ….

စဉ်းစားကြည့်ပါ။ ဇော်ဝင်းထွဋ်သည်လည်း သူ့ဖန်တီးမှုနဲ့သူ၊ သူ့ပရိသတ်နဲ့သူ၊ လက်ခံသူခံမယ်၊ မကြိုက်သူ လဲ ရှိမယ်။ ပရိသတ်ဟာ သီချင်းတွေအားလုံး နားထောင်ပြီး ဇော်ဝင်းထွဋ်သီချင်းတွေကို လေးဖြူ သီချင်းတွေလောက် ခံစားမရတဲ့ အတွက် သူ့ စိတ်ထဲရှိသလို အမှန်အတိုင်း ထုတ်ဖော် ပြောဆိုခြင်း သက်သက်ပါ။ ပရိသတ်မှာ ဒီလို အခွင့် အရေး ရှိသင့်တယ်လို့ ထင်ပါတယ်။ အနုပညာသမားဟာ audience voice ကို လေးစားရမယ်။ မနော်ဟရီလုပ်နေတာက ပရိသတ်ကို ကက်ကက်လန် ရန်တွေ့နေသလိုပဲ။

မနော်ဟရီက ရုတ်တရက် မခံချင်စိတ်နဲ့ ဒေါသနဲ့ မာနကို ရှေ့တန်းတင်ပြီး ခုလို ရေးတယ်ပဲထား။ ကျန်တဲ့ စာရေးသူ အချင်းချင်းက ဒါကို တားမြစ် ဖြောင့်ဖြ ပေးရမယ်။ ဒါပေမဲ့ မြင်ရတာကတော့ အားလုံးလိုလို ထောက်ခံ နေကြသလိုပါပဲ။ ပုဂ္ဂိုလ်ချင်း ရင်းနှီးနေတဲ့ အစွဲကြောင့်လဲ ပါနိုင်သလို တာရာမင်းဝေရဲ့ ဇနီးဟောင်းဆိုတဲ့ အချက်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။


မလာပါနဲ့.ဒီလောက်လွတ်လပ်မျှတတဲ့..အင်တာနက်စာမျက်နှာတွေမှာ၊ကိုယ်မလာချင်ရင်ကိုယ့်
အရည်အသွေးနဲ့မမီရင်မလာပဲနေလို့ရသားနဲ့၊လာလာပြီးအနှောက်အယှက်ပေး ကိုယ့်အရည်အ
သွေးကိုမရှက်မကြောက်လာဖော်ပြနေတာကတော့..တဆိတ်.အောက်တန်းကျညံ့ဖျင်းရာကျလွန်းပါ
တယ်။


အင်တာနက် စာမျက်နှာဟာ လွတ်လပ်မျှတတယ်လို့ ဆိုရင် ကိုယ့်ခံစားချက် ထင်မြင်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်လို့ရော မထင်ဘူးလား။ အရည်အသွေးဆိုတာ ဘာနဲ့ တိုင်းတာ သတ်မှတ်တာလဲ။ မနော်ဟရီရဲ့ စာတွေကို ကောင်းတယ်လို့ ချီးကျူးသူသာလျှင် အရည်အသွေးမီသူ အထက်တန်းကျသူအဖြစ် သတ်မှတ်လိုတာလား။ စဉ်းစားစရာပါပဲ။ မလာပါနဲ့လို့ မနော်ဟရီအနေနဲ့ တားခွင့် မရှိပါဘူး။ မလာစေချင်ရင် လူတိုင်း မလာနိုင်အောင် ကန့်သတ် ထားလို့ ရတာပါပဲ။ ခုနပြောသလို သာလာယံ ဇရပ် ဆောက်ထားပြီးမှ အခွင့်မရှိ မ၀င်ရလို့ ဆိုင်းဘုတ် ထောင်ထားသလို ဖြစ်နေတယ်။

ထပ်မံ အံ့သြရတာက ကလိုစေးထူးရဲ့ အောက်ပါ ကွန်မန့်ပါ။


ကိုယ်ဖန်တီးတဲ့ အနုပညာကို အနုပညာ လို့ မသတ်မှတ်ချင်တဲ့ လူမျိုးတွေ...
စာတပုဒ်၊ စာတကြောင်း၊ ယုတ်စွအဆုံးပြောရင် စကားလုံးတလုံးကအစ အချိန်ယူပြီး မွေးထုတ်ရတဲ့ စာရေးချင်တဲ့လူရဲ့ ခံစားချက်ကို နားမလည်ပေးနိုင်တဲ့လူတွေ...
ပေတံကြီးတကိုင်ကိုင်နဲ့ ဟိုလူကသာတယ်၊ ဒီလူက ပိုတော်တယ်ဆိုပြီး အနုပညာပစ္စည်းကို တန်ကြေးဖြတ်နေတဲ့ ပုဂ္ဂိုလ်စွဲ စာဖတ်သူအတုတွေ...
စာတပုဒ်ကို ခံစားဖို့ထက် ဘယ်နေရာကနေ သမလိုက်ရ၊ အခွင့်သာချိန်မှာတော့ ဘယ်လိုနှက်လိုက်ရပါ့လို့ ကျားချောင်းချောင်းနေတဲ့ တံဆိပ်ကပ်ဝါသနာကြီးသူတွေ...

အဲဒီလိုလူတွေ မလာရ...လို့သာ ပြောလိုက်ပေတော့ဗျာ။


အမြဲ မျှတမှုရှိတယ်လို့ ယူဆခဲ့တဲ့ စာရေးဆရာ ကလိုစေးထူးကိုယ်တိုင်က အင်တာနက် စာမျက်နှာမှာ ဟိုလူ မလာရ၊ ဒီလူ မလာရ သတ်မှတ်ချင်တဲ့စိတ်ကို မြင်လိုက်ရတော့ … တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။ ဝေဖန်သူဟာ ဟိုလူက သာတယ်၊ ဒီလူက တော်တယ် ဆိုပြီး နှိုင်းယှဉ်ပြောကြတယ်ပဲထား၊ ဒါဟာ အနုပညာ ပစ္စည်းကို တန်ဖိုး ဖြတ်နေတာလည်း မဟုတ်ပါဘူး။ ကိုယ့်အမြင်ကိုယ် ဖွင့်ပြတာပါပဲ။ စာဖတ်သူ လူတန်းစားတိုင်းဟာ လွတ်လပ်တဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကိုယ့်အမြင်ကိုယ် လွတ်လပ်စွာ ဖွင့်ဟနိုင်ခွင့် ရှိမယ်လို့ ထင်ပါတယ်။

တကယ်တမ်း ပြောရမယ်ဆိုရင်တော့ မနော်ဟရီပြောသလိုပဲ အလင်းရောင်ဟာ အားလုံးအတွက် ရှိနေပါတယ်။ ကန်းတဲ့သူ (မျက်မမြင်တယောက်) ဟာ အလင်းရောင်ကို မမြင်နိုင်ဘူး၊ မသိနိုင်ဘူးဆိုပေမဲ့ သူ့အပေါ်မှာ ဒီအလင်းရောင်ဟာ နွေးထွေးစွာ ကျရောက်မယ်ဆိုရင် သူခံစားနိုင်မှာပါ။

မျက်စိကောင်းတဲ့ သူတယောက်ပါပဲ … အလင်းရောင်လဲ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ အလင်းဟာ သူ့ မျက်စိတည့်တည့်ကို တအား စူးနေအောင် စိုက်ထိုးထားမယ်ဆိုရင် ဒီလူဟာ ဘာကိုမှ မမြင်နိုင်ပါဘူး။ ဖြစ်စေချင်တာက အလင်းရောင် ပေးနေသူတွေဟာ လူတိုင်းအပေါ်မှာ သာတူညီမျှစွာ သူ့အလင်းကို ဖြန့်ဝေပေးနိုင်ဖို့ မေတ္တာ စေတနာ နဲ့တကွ နားလည်မှုလေးတွေ ထားပေးကြနိုင်ပါစေလို့ ဆုတောင်းရင်း ဒီမှတ်ချက်ကို နိဂုံးချုပ်ပါတယ်။

=================================