Tuesday, August 02, 2011

ဖားရှာထွက်ချိန်...

၆ ဗို့အား ဘထ္တရီကို လွယ်အိပ်ခပ်သေးသေးမှာ ငြိမ်လျက်သားလေး ဖြစ်အောင် ခပ်ကျပ်ကျပ်လေး လွယ်ကြည့်လိုက်၊ ပြန်ချလိုက်၊ တလှမ်းနှစ်လှမ်း စမ်းလျှောက်ကြည့်လိုက်နဲ့ ဟန်ရေးပြင်နေတဲ့ နကျယ်ကောင်ကို ဖိုးကောက်နဲ့ ဖိုးထူးက ပြုံးစေ့စေ့နဲ့ ကြည့်နေကြ၏။ ကြည့်လဲ ကြည့်ပစေတော့…၊ ဒီဘထ္တရီအိုးလေးက အလွယ်မတော်လို့ တော်ကြာ အက်ဆစ်တွေ ဘာတွေ ထွက်လာမှဖြင့် အခက်လေ။

ဟော…၊ ခပ်ငြိမ်ငြိမ်လေး လွယ်လို့ရသွားပြီဆိုတော့ နဖူးမှာစည်းထားတဲ့ ဓာတ်မီးလုံးကို ထင်းခနဲ လင်းမလင်း ဘထ္တရီအိုး ပလပ်မှာထိုးပြီး စမ်းကြည့်ရသည်။ ဓာတ်မီးလင်းနေပြန်တာနဲ့တင် မပြီးသေး၊ ဒီဓာတ်မီးအလင်းတန်းက စုပြီး အလင်းတန်း အဖြာကြီးဖွာထွက်မနေရအောင် ဓာတ်မီးခေါင်းလေးကို လှည့်ပတ် ချိန်ရသေးသည်။

အဲဒါတွေ အကုန်လုံး နေသားတကျဖြစ်ပြီဆိုတော့မှ အရေးကြီးတာ တခု ကျန်နေသေးတာကို သတိတရဖြင့် ဖိုးကောက်ကို မေးလိုက်၏။

“ဖိုးကောက်၊ ငါ့အတွက် ပလိုင်းက ဘယ်မှာလဲကွ”

***

ဂုန်ဘီရွာက ဘကြီးဦးကုလားရဲ့ တောင်ယာတောကုန်းစောင်းက အဆင်းဟိုဘက်ကနေ လယ်ကွင်းတွေထဲကို သူတို့ရောက်တော့ မှောင်ရီပျိုးချိန်…။ နဖူးစီးဓာတ်မီးတ၀င်းဝင်း၊ လက်ထဲမှာက ၀ါးခြမ်းပြားထက် ခပ်ရွယ်ရွယ်လေး ကြီးသည့် ၀ါးကြောစိမ်းပြားပြား လက်တပြန်စာ တချောင်းစီကိုင်လို့…။ ဖိုးကောက်နဲ့ ဖိုးထူးနောက်ကို မီအောင် ခပ်သွက်သွက် လိုက်ရင်း နကျယ့်ကောင့် နားထဲမှာ နေ့လည်က အနှီနှစ်ကောင် ဆရာကြီးလုပ် သင်ပေးထားတာတွေကို ပြန်ကြားယောင်နေ၏။

“ဖားရှာတယ်ဆိုတာ ဓာတ်မီးရောင်အောက်မှာ ဘယ်မျက်လုံးက ဖားမျက်လုံးဆိုတာကို ခွဲတတ်ရမယ်ကွ။ အမှောင်တောထဲမှာ ပုရစ်လိုလို အကောင်လေးတွေလဲ မျက်စိက လင်းတယ်၊ ဒါပေမယ့် ဖားမျက်လုံးနဲ့ မတူဘူး။ ဖားမျက်လုံးက အမှောင်ထဲမှာမှ ဓာတ်မီးထိုးလိုက်ရင် အ၀ါရောင်မှာ အစိမ်းရောင်လေးရောနေသလို စူးနေတာ။ အဲဒီလို တွေ့ပြီဆိုရင် ဓာတ်မီးကို အဲဒီမျက်လုံးကနေ မလွဲစေပဲ တန်းတန်းလျှောက်သွား၊ အနားကို နီးလာရင် ဟောဒီ ၀ါးခြမ်းပြားနဲ့ ဗြတ်ဆိုပြီး တချက်ပဲ ခပ်ဆတ်ဆတ်ရိုက်ရတယ်။ တအားရိုက်ရင် သေသွားမယ်။ သေသွားရင် မနက်မိုးလင်းတော့ ပုပ်နေမယ်။ စားလို့ မကောင်းဘူး။ မင်းက ငါတို့နောက်ကနေ လိုက်ပြီး အသာကြည့်နေ”

ဖားရှာထွက်တယ် ဆိုမှတော့ သူ့အသက်သတ်တာမို့ သိပ်တော့ မကောင်းလှ။ ဒါပေမယ့် ဒီလိုမိုးက အေးအေးမှာ ဖားသားခပ်ချိုချိုကို ချဉ်ပေါင်ရွက်ခပ်လတ်လတ်တွေကို နည်းနည်းလောက်ထည့်၊ ငရုတ်သီးခပ်စပ်စပ်ကို ငါးပိပါရောပြီးတော့ မွှေချက်ထားသည့် အရသာကို လျှာဖျားက စွဲနေလေပြီ။

***

ဟိုနှစ်ယောက်က ရှေ့ကနေ စိုက်စိုက် စိုက်စိုက်နဲ့ သွားလိုက်၊ ဖားတွေ့ရင် ဗြတ်ဆို ခပ်ဆတ်ဆတ် တချက်ရိုက်ပြီး ပလိုင်းထဲကို ခပ်သွက်သွက်လေး နောက်ပြန်ထည့်လိုက်၊ တခါ ရှေ့တိုးသွားလိုက်နဲ့ နကျယ်အောင်မှာကတော့ ဖားရိုက်ထွက်တာ ၀တ်စုံပြည့်နဲ့ အမည်ခံကြီးဖြစ်နေတာမို့ ကြာတော့ ပျင်းသလိုလို ဖြစ်လာ၏။ သိုနှင့်…

“ဘာဖြစ်ဖြစ်~~~မင်းလေးသာ အနားရှိ~~~ ရင်ဆိုင်ကာ ဖြေရှင်းမည်~~~ စွန့်စားမယ် ကိုယ့်အချစ်ရေ~~~ လိုက်ရဲလား”

ဘာမပြောညာမပြော အသဲပြဲကြီးနဲ့ သီချင်းထအော်ဆိုတဲ့ နကျယ်ကောင့် အသံကို ဖိုးကောက်က အလန့်တကြားနဲ့…

“ဟေ့ရောင်၊ ဖားရိုက်ထွက်ပါတယ်ဆိုမှ အသံပြဲနဲ့ သီချင်းအော်ဆိုရလား၊ တိတ်တိတ်နေ”
“ဟ…၊ ငါလဲ ပျင်းတာပေါ့ကွ၊ ဒါဖြင့် ငါ့ကို ရှေ့ကပေးသွားလေ”
ဖိုးကောက် အင်တင်တင်တော့ ဖြစ်သွားဟန် ခဏငြိမ်သွားပြီးမှ…
“ကဲ…၊ သွားကွာ၊ ဒါဖြင့်လဲ”

သိရောပေါ့ကွာ၊ ငါလဲ ဖမ်းတတ်ပါတယ်ကွလို့ စိတ်ထဲက ကြုံးဝါးရင်း နကျယ်ကောင်တယောက် အကုသိုလ်အလုပ်ကို ရှေ့ဆုံးကနေ လုပ်ဖို့ တက်ကြွသော ခြေလှမ်းဖြင့် လှမ်းလိုက်သည်။

***

သူတို့ ရှေ့ကနေသွားပြီး ရှာတုန်းကတော့ တွေ့လိုက်တဲ့ ဖားတွေ၊ တွေ့တဲ့ ဖားတွေကိုလဲ ရိုက်လိုက်တာမှ တကောင်မှမလွဲ၊ အခု နကျယ်ကောင့် အလှည့်ကျမှ ဖားတကောင်တလေ တွေ့ဖို့တောင် မနည်းရှာနေရသည်။ ဟိုးးရှေ့က မျက်လုံးက ဖားမျက်လုံးလားမသိ ဆိုပြီး အနားကို သွားကြည့်တော့ ဘာမှန်းမသိတဲ့ အင်းဆက်ပိုးကောင်သေးသေးလေး ဖြစ်နေ၏။ ဖားတွေ့လို့ ရိုက်လိုက်ပြန်တော့ သကောင့်သားက မြန်လိုက်တဲ့အမျိုး၊ ခုန်ထွက်သွားတာမှ လှစ်ခနဲ။ ကြာတော့ ဖားတွေက သိပ်တောင် မကြောက်တော့လေသလား မသိ၊ အော်သံတွေက ပိုဆူညံနေသလားတောင် မှတ်ရသည်။

ဒါပေမယ့် အချိန်အတန်ငယ် ကြာလာတော့ နကျယ်ကောင်လဲ ဟုတ်တုတ်တုတ်ဖြစ်လာသည်။ ဟိုနှစ်ယောက်လောက် မရရင်တောင် နည်းနည်းပါးပါးတော့ ရလာ၏။ ဘာရမလဲကွပေါ့…။

***

လယ်ကွက်တွေဘက်ကနေ ဂုန်ဘီချောင်းစပ်နားရောက်လာတော့ ချောင်းစပ်တလျှောက်ကို ဓာတ်မီးဖြာခနဲ တချက်ထိုးကြည့်လိုက်သည်။

ဟော၊ ဒီတခါ ဓာတ်မီးအလင်းရောင်မှာ ပေါ်နေတဲ့ မျက်လုံးအရောင်က ထူးခြားလှပါလား။ အရောင်က ခါတိုင်း ဖားအကောင်ငယ်ငယ်တွေထက် နှစ်ဆလောက် ပိုစူးရှပြီး ပိုလဲ ကြီးနေသည်။ သေချာသတိထားမိတော့ အနီရောင်တောင် သန်းနေသလိုလို…။ ဒါနဲ့…၊

“ရှေ့မှာ၊ ဖားကောင်ကြီး”

နောက်ကို လက်ကာပြရင်း လေသံခပ်အုပ်အုပ်နဲ့ လှမ်းပြောလိုက်တော့ ဖိုးကောက်ရော ဖိုးထူးပါ ကုန်းကုန်းကွကွတွေ ဖြစ်ကုန်၏။ နကျယ်ကောင်ကိုယ်တိုင်လဲ ခန္ဓာကိုယ်က ခပ်ကုန်းကုန်းကြီးနဲ့ ရှေ့ကို တလှမ်းစီတိုးသွား၏။ မျက်လုံးအရောင်ကလဲ နီးလာလေလေ ပိုစူးလာလေလေ၊ ပြီးတော့ တချက်ကလေးမှပင် ဓာတ်မီးရောင်ကို ဖယ်ခွာမသွားဘဲ ပြန်စိုက်ကြည့်နေပြန်သည်။ ဒီလိုနဲ့ တဖြည်းဖြည်းခြင်း နီးလာတော့…

“ဟာာာာာာာ….”
ဖိုးကောက်က နောက်ကနေ ဟာ ခနဲ တအံ့တသြလဲ အသံထွက်၊ လက်ကလဲ သွက်လက်စွာဖြင့်ပင် အဲဒီ မျက်လုံးနီနီကြီးကို လက်ထဲက ၀ါးခြမ်းနဲ့ တဖုန်းဖုန်းပြေးရိုက်သည်။ ပါးစပ်ကလဲ…

“နကျယ်ကောင်၊ ငါ့ဆီကို မီးထိုးထား၊ မီးထိုးထား” ဟု ဆက်တိုက်ပြောနေသေးသည်။ ဖိုးကောက် လေးငါးချက် သမနေတဲ့ အဲဒီမျက်လုံးနီနီကြီးကို နကျယ်ကောင် အခုမှ ထင်ထင်ရှားရှားတွေ့တာက ကြံဆစ်ပိုင်းလုံးပတ်သာသာ အ၀ါအနက်ကျား မြွေတကောင်…။ စောစောက ဓာတ်မီးရောင်ထဲက မျက်လုံးနီနီကြီးက ဒီမြွေဖြစ်နေတာကို နကျယ်ကောင်က ရှေ့ဆုံးကနေသွားနေပြီး မသိလိုက်၊ နောက်ကပါလာတဲ့ ဖိုးကောက်က မြွေခွေခွေကို မြင်တော့ လက်သွက်ခြေသွက်လိုက်ပေလို့…၊ နို့မို့ရင် မတွေးဝံ့စရာ…။

***

ဘကြီးဦးကုလားရဲ့ တောင်ယာတဲကို ပြန်ရောက်တော့ သန်းခေါင်သာသာတောင် ရှိလုပြီ။ ပြန်ကြမယ်ဆိုတော့မှ ဖိုးကောက်က… “ကဲ၊ ဒီလောက် ဆိုချင်တဲ့ကောင်၊ ဆိုတော့ကွာ” ဆိုလို့ နကျယ်ကောင်ကလဲ အပြောမခံစွာပင် ရဲသွင်ရဲ့ အချစ်များရင်ထဲမှာ~~~ အချစ်များအသည်းထဲမှာ~~ တွေ ဟဲပစ်လိုက်သေးသည်။

တဲမှာ ရှိတဲ့ တမိသားစုလုံးစာ ချက်စားလေ့ရှိတဲ့ ဒန်အိုးအကြီးကြီးထဲကို ပါလာသမျှ ဖားတွေကို ဂရုတစိုက်နဲ့ လောင်းသွန်ထည့်ပြီးတော့ အပေါ်ကနေ အဖုံးပြန်ပိတ်ပြီးတော့ အိုးအဖုံးကို ငရုတ်ဆုံဖြင့် ဖိထားလိုက်သည်။ မနက်မိုးလင်းမှ မြို့ကဈေးကလေးမှာ အပုံလေးတွေ ပုံပြီးရင် ဖားတပုံ ဘယ်လောက်နဲ့ရောင်းရရင် ကောင်းမလဲ၊ စားဖို့အတွက်က ဘယ်လောက်ချန်ထားမှလို့ ဟိုတွေးဒီတောနဲ့ပင် သိပ်မကြာလှမှာတင် နကျယ်ကောင်တို့ သုံးယောက်လုံး အိပ်မောကျသွားလေတော့သည်။

***

ကလိုစေးထူး

(ကျနော် အခုရက်ပိုင်း အလုပ်နည်းနည်းပြန်ရှုပ်နေလို့ စာရေးချင်ပေမယ့် အခုမှရေးရတယ်။ ဘလော့ဂ်တချို့တလေကိုလဲ အခုမှပဲ အနည်းအကျဉ်းလိုက်ဖတ်ဖြစ်တယ်။ ကျနော့်ဆီမှာ လာလည်ဖတ်ရှုတဲ့ မိတ်ဆွေတွေကို ဧည့်ဝတ်မကျေသလို ဖြစ်ရင် ခွင့်လွှတ်စေလိုပါတယ်။ အားလုံးချမ်းမြေ့ရွှင်လန်းပါစေ။)

7 comments:

ကိုထွဋ် said...

it is really good...

Thanks

မေဓာဝီ said...

နကျယ်ကောင်ဇာတ်လမ်းတွေ မဖတ်ရတာကြာပြီမို့ ဖတ်လို့တော့ ကောင်းပါရဲ့၊ ဖားတော့ ကြောက်တယ်။ ဖားသားလဲ မစားရဲဘူး။ စားဖို့ဝေးစွ ... ဖားတွေကို ကြည့်ရတာ ပွစိပွစိနဲ့မို့ စေ့စေ့ကြည့်ရင်တောင် အသည်းယားလွန်းလို့။

ဒါနဲ့ မြွေက အ၀ါနဲ့ အနက်ကျားဆိုတော့ ငန်းတော်ကြားထင်တယ်။ အဲ မြွေကြီးရော ဈေးထဲသွားရောင်းလား ချက်စားလိုက်ကြလား။

Maung Myo said...

နားဂျယ်ကောင်လေးလည်း ကိုစေးထူးနဲ့ အတူတူ ပျောက်သွားလိုက်တာ တော်တော်ကြာပေါ့ အခုတော့ ပြန်ပေါ်လာပြီ နောက်ပိုင်း စိတ်ဝင်စားစရာတွေ ထပ်ဖတ်သေးတာပေါ့း)

စံပယ်ချို said...

ဇာတ်လမ်းကတော့ဖတ်ကောင်းတယ်ဒါပေမယ့်ဖားကို
တော့ကြောက်တတ်တယ်..စားလဲမစားရဲဘူး
သူများတွေပြောတာတော့စားလို့ကောင်းတ်ာတဲ့.......

rita said...

:)

တန်ခူး said...

နဂျယ်ကောင်ကို သတိရနေတာ ကြာပေါ့ ကိုစေးထူးရေ... အမြဲအားပေးနေပါတယ်

အိမ့်ချမ်းမြေ့ said...

ကိုစေးထူး..

မလေး စာတွေအကုန်မွှေနှောက်ဖတ်ရှုသွားပါတယ်။
စာတွေပြန်ရေးလို့လည်း ၀မ်းသာမိကြောင်းပါရှင်။