Monday, July 25, 2011

ကျနော်နဲ့ မန်ယူဖန်...








ဒီလူက ကျနော် အခုလက်ရှိ အဆောင်ကို ပြောင်းလာလာခြင်းကတော့ အဲဒီ အခန်းမှာ မရောက်လာသေးဘူး။ ဒီအဆောင်မှာ အခန်းပေါင်း ၈ ခန်းမှာ ၇ ခန်းက မြန်မာမိသားစုတွေနေတာ…။ ကျနော် စရောက်တော့ ကျနော့်မျက်နှာချင်းဆိုင် သူတို့အခန်းမှာ တခြားမြန်မာ နှစ်ယောက်ပဲ ရှိသေးတယ်။ နောက်တော့ ဟိုတယောက်၊ ဒီတစနဲ့ သူတို့အခန်းမှာ လူတွေတိုးလာလိုက်တာ အခုတော့ အဲဒီ အခန်းမှာ လူပေါင်း ၇ ယောက်လား ၈ ယောက်လားတောင် မသိဘူး ရောက်နေကြတာ…။ အဲဒီ နောက်ထပ် ရောက်လာတဲ့ လူတွေထဲကမှ သူက တယောက်အပါအ၀င်…။

အဆောင်ရှေ့မှာက ၀ရန်တာလေး တခု ရှိတယ်။ သိပ်ချမ်းအေးတဲ့ ရာသီ မဟုတ်ရင် အလုပ်အားချိန် တခါတလေမှာ ကျနော်က အဲဒီ ၀ရန်တာရှေ့ထွက်၊ ကုလားထိုင်လေး တလုံးချပြီး တငွေ့ငွေ့လေးနဲ့ အတော်လာတဲ့ အမောင်ဘီယာလေး တစုပ်စုပ်၊ အမြည်းကလေး တမြုံ့မြုံ့နဲ့ ဇရက်မင်း စည်းစိမ်ယူလေ့ရှိတယ်။ သူတို့အခန်းကလူတချို့ကလဲ အဲဒီ ၀ရန်တာလေးကို ထွက်ထွက်လာပြီး ကျနော်နဲ့ ထပ်တူကျင့်ကြံကြလေရင်းနဲ့ အချင်းချင်း အလ္လာပ၊သလ္လာပလိုက်ကြ ဟိုပွားဒီငြင်းလိုက်ကြရင်းနဲ ဒီလူနဲ့ စတင်သိကျွမ်းလိုက်တယ် ဆိုပါတော့…။

***

ဒင်းနဲ့ကျနော် ၀ါသနာတူတာ တခုက ဘောလုံးပွဲကြည့်ရတာကို ကြိုက်တယ်။ ဒါပေမယ့် မတူတာက အားပေးတဲ့ အသင်းပဲ…။ ကျနော်က ချယ်လ်ဆီး အားပေးတယ်၊ သူကတော့ မန်ယူတဲ့…။ ဇာတ်လမ်းက အဲဒီမှာတင် စတာပဲ…။

တခြားအကြောင်းအရာတွေ အကြောင်း ပြောကြဆိုကြရင် လေပေးဖြောင့်သလောက် ဘောလုံးအကြောင်းဆိုရင်တော့ ဒီလူနဲ့ကျနော် တစောင်းစေးနဲ့ မျက်ချေးပဲ။ တချက်ကလေးမှကို အမြင်ကမတူတော့ဘူး။ အေးလေ…၊ ဟိုမှာ တကယ်ကန်နေကြတဲ့ အသင်းတွေတောင် ပြိုင်ဆိုင်မှု ပြင်းထန်မှတော့ ကျနော်တို့ အားပေးတဲ့ ဖန်တွေကလဲ လေခြင်းပြိုင်ကြလေသတည်းပေါ့…။

ဘောလုံးအကြောင်းလေးများ ပြောလိုက်ပလားဆိုရင် သူကလဲ သူအားပေးတဲ့ မန်ယူက ဘယ်လောက် ဖလားတွေ ရထားကြောင်း၊ ဘယ်လိုကောင်းကြောင်း၊ နောက်ထပ် ဘယ်လို ဖလားတွေ ယူဦးမှာဖြစ်ကြောင်းနဲ့ အာဘောင်အာရင်း သန်သန် ရေရေလည်လည် ပြောလေ့ ရှိတယ်။ ကျနော်ကလဲ ဘယ်ခေမလဲ၊ မန်ယူကိုကလွဲရင် တခြားအသင်းကိုတော့ အားပေးလို့ရတာတွေ၊ ချယ်လ်ဆီးကိုပဲ ကြိုက်တာတွေ၊ အမယ်…၊ အဲဒီတုန်းကဆိုရင် မန်ယူက ချယ်လ်ဆီးကို သုံးပွဲဆက်တိုက် ရှုံးထားတဲ့ အရှိန်နဲ့ ကောင်းကောင်းကြီးကို လေလက်နက်နဲ့ ဒင်းကို နွှာတာလေ…။

ဘောလုံးပွဲ လာတဲ့နေ့တွေဆိုရင် တခါတလေ သူက ကျနော့်အခန်းမှာ လာကြည့်တတ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျနော် မန်ယူကို နွှာပါများလွန်းလို့လားမသိ…၊ လာမကြည့်တော့ဘူး။ ကျနော်ကလဲ နေပေါ့ကွာ…၊ အေးတာပဲလို့တောင် တွေးမိလိုက်သေး…။ ရယ်တော့ ရယ်ရတယ်ဗျ…။ ဘောလုံးပွဲတွေ လာတဲ့အခါကျရင် သူ့မန်ယူအသင်းကန်တဲ့အခါ ကျနော်က ဆန့်ကျင်ဘက်အသင်းကို အားပေးတယ်။ ကျနော့် ချယ်လ်ဆီးကန်ရင်လဲ သူကလဲ ထိုနည်းလည်းကောင်းပေါ့…။ မန်ယူနဲ့ ချယ်လ်ဆီး ဆုံကြရင်တော့ ဘာပြောကောင်းမလဲပေါ့…။ ရယ်ရတယ် ဆိုတာက တယောက်အခန်းက… ‘ဟာကွာ)))))))))))’ ဆိုတဲ့ ကြိတ်မနိုင်ခဲမရ အသံထွက်လာချိန်မှာ တယောက်က ‘ရေးးးးး၊ ရက်စ်))))၊ ဝေးဟေးဟေးးးးးး’ ဆိုပြီး အောင်ပွဲခံသံက တချိန်တည်းလိုလို ထွက်လာတော့တာပဲ…။

မနှစ်ကတော့ ကျနော် အတော်မျက်နှာပန်းမလှတဲ့ နှစ်လို့ ပြောရမလားဘဲ…။ ကျနော် အားပေးတဲ့ ကိုရွှေချယ်လ်ဆီးက အောက်တိုဘာလလောက်အထိ ဟုတ်တုတ်တုတ်နဲ့ ကန်သမျှပွဲတိုင်းလိုလို ဂိုးတွေ တဂျိမ်းဂျိမ်းနဲ့ သွင်းပြီး အောင်ပွဲတွေခံနေတာ အဲဒီတုန်းကဆိုရင် ကြုံကြိုက်လို့ ဟိုလူ့ကို တွေ့လိုက်ရင်ကို ကျနော့်မျက်ခွက်ကြီးက တမော့မော့နဲ့လေ…၊ ဘယ့်နှယ်ရှိစပေါ့…။ ဒါပေမယ့် ဆန်းဒါးလန်းကို ၃-၀ နဲ့ ရှုံးပြီးကတည်းက ချယ်လ်ဆီးလဲ ဂျွမ်းပြန်သွားလိုက်တာ တောက်လျှောက်ကို ရလဒ်တွေ ကျတော့တာပဲ၊ အဲဒီမှာတင် အမောင်မန်ယူက အိပဲ့အိပဲ့နဲ့ ဖြတ်ကျော်သွားလိုက်တာ ပရီးမီးယားလဲ ပြန်မကျော်နိုင်၊ ချန်ပီယံလိဂ်မှာလဲ မန်ယူကို ရှုံးနဲ့…။

***

လူ့စိတ် အစွဲတမျိုးက ခက်တယ်။ ရေခြားမြေခြားမှာ ရောက်နေတဲ့ နိုင်ငံသားခြင်း အတူတူပေမယ့် အဲဒီ အကြိုက်မတူတာလေး တခုကိုကပဲ ဖုတုတု ဖြစ်ချင်ဖြစ်စေသေးတာ။ ဒီကြားထဲ သူကလဲ ဘောလုံးသတင်းတွေဖတ်၊ ကျနော်ကလဲ ထိုနည်းလည်းကောင်းဆိုတော့ ဟိုဘောလုံးသမားက ဘယ်လို၊ ဒီအသင်းက ဘယ်ပုံနဲ့ တချိန်လုံး ငြင်းစရာချည်း ဖြစ်နေတော့တာပဲ။

ဒင်းမှာ မန်ယူ တံဆိပ်နဲ့ လက်ပြတ်အကျီတထည်လားရှိတယ်။ သူ… တချိန်လုံး အဲဒါချည်း ၀တ်နေရင် မျက်စိထဲ အပိုးကို မကျိုးတာ၊ ဘယ်ရမလဲ၊ ကျနော်ကလဲ ကျနော့်မှာ ရှိတဲ့ ချယ်လ်ဆီး အိမ်ကွင်း၊ အဝေးကွင်းအကျီတွေကို မရိုးနိုင်အောင် ထုတ်ဝတ်ပြတာပေါ့…။ ဒီလိုနဲ့ ကျနော်နဲ့ သူနဲ့က စစ်အေးတိုက်ပွဲလိုလို ဖြစ်လာလိုက်တာ ကြာလာတော့ လူချင်းဆုံရင်တောင် ပြုံးပြနှုတ်ဆက်တာမျိုး သိပ်မရှိချင်တော့ဘူး။

***

မန်ယူဖန်ဆိုတာ အလွန်အကြွားထူတယ်၊ သူတို့ အသင်းကို အားပေးရုံနဲ့တင် မလုံလောက်ဘဲ တခြားရှိရှိသမျှသော အသင်းတွေကို ချိုးနှိမ်တတ်တယ်။ သူတို့အားပေးတဲ့ မန်ယူအသင်းကို ပြောလိုက်ရင်တော့ အနာပေါ်တုတ်ကျ၊ ဆတ်ဆတ်ခါ နာတတ်တယ်။ သူတို့က ချိုးနှိမ်ဖဲ့နေရရင်တော့ အလွန်ကျေနပ်ကြတယ်။ မန်ယူနိုင်နေရင် ကျေနပ်နေသမျှ ရှုံးလိုက်ရင်လဲ အရှုံးကို လက်မခံတတ်ကြဘူး။ မြန်မာပြည်မှာ မန်ယူဖန်တွေ အများဆုံးဖြစ်နေတယ်လို့ ပြောကြတာဟာ ဂျာနယ်တွေ လက်ချက်ကြောင့်…။ မန်ယူမို့ တပွဲလောက် နိုင်မိရင် စကားဝိုင်းမှာ ကြွားလို့ကို မဆုံးတော့ဘူး။ ဘောလုံးအားကစားဆိုက်ဒ်တွေမှာဆိုလဲ ဘာထူးသေးလဲ၊ ဒင်းတို့ချည်း သောင်းကျန်းတော့တာ…၊ ဘာဘာ…၊ ညာညာ…။ အဲဒါက ကျနော့်ဘက်က အတွေး…။

မန်ယူဆိုတာ အခုဆိုရင် အင်္ဂလန်မှာ အအောင်မြင်ဆုံးအသင်း၊ ဖလား ၁၉ ကြိမ်ရဖူးသွားပြီ။ တခြားအသင်းကို အားပေးသူတွေက မန်ယူရဲ့ အောင်မြင်မှုကို မနာလိုနေကြလို့ အန်တီမန်ယူလုပ်နေကြတာ။ ငါတို့က မန်ယူမှမန်ယူပဲ…၊ ဂျာနယ်တွေက ဖွလို့ မြန်မာပြည်မှာ မန်ယူဖန်တွေ များတယ်ထားဦး၊ ခြေစွမ်းမကောင်းတဲ့ အသင်းအကြောင်းကို ဖွတဲ့ ဂျာနယ်က အစောကြီးကတည်းက ထမင်းငတ်ပြီပေါ့၊ ဒီတော့ ဖန်တွေများလာတာ ဘာဆန်းသလဲ။ ဖွတိုင်း ဖန်များရရောလား။ အလကား၊ မန်ယူကို သက်သက် မနာလို တိုရှည်ဖြစ်နေတာ။ ဒါကတော့ မန်ယူဖန် ဟိုလူ့အတွေး…။

ဒီလိုနဲ့ပဲ ကျနော်တို့ မတည့်ကြတော့ဘူး…။

***

အဲဒီနေ့ကို ကျနော် အမှတ်ရရ အခုထိ ရှိနေဆဲပဲ။

ဘယ်နေ့လဲ ဆိုတော့ မန်ယူနဲ့ ဘာကာလို့ခေါ်တဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် နောက်ဆုံးကန်ကြတဲ့ပွဲ…။

ကောင်းလိုက်တဲ့ပွဲဗျာ…၊ တကယ်ပါ။ ကြည့်ဖူးသမျှပွဲတွေထဲမှာ မန်ယူကို ကလေးအသင်းလို သဘောထားပြီး ကစားသွားနိုင်တဲ့ အဲဒီလို ပွဲမျိုးကို ကြည့်ရတာလောက် အရသာရှိတာ မရှိဘူး။ ဘာကာက အပေးအယူလေးတွေ ခပ်လှလှနဲ့ ကစားသွားလိုက်တာ မန်ယူတွေ ကွင်းထဲမှာ တောပြေးတောင်ကန်တွေ ဖြစ်နေတာကို ကြည့်လိုက်ရတာ အရသာ ရှိလိုက်ပါဘိ…။ အထူးသဖြင့် မက်ဆီရဲ့ ဂိုးဆိုရင် ကျနော် အားပါးတရကို ထအော်အားပေးတာ။ လှလိုက်တဲ့ဂိုး…၊ နေရာလွတ်ကလေးကို တချက်ကလေး ရှာပြီး ဘုန်းးးဆို ပိတ်ကန်ထည့်လိုက်တာလေ…၊ မှတ်ကရော…။ အဲဒါနဲ့ ဘာကာက အနိုင်ဂိုးသွင်းတိုင်း ဂိုးးးးးးးး ဆို ကြုံးကြုံးအော်ပြီး အားပေးတာပဲ။

ပွဲပြီးလို့ ဘာကာက ဖလားယူတာတွေက အစ အရသာခံကြည့်ပြီးလို့ ၀ရန်တာကို ထွက်လာတော့ ဟိုလူ…။ ဘယ်ကတည်းက ၀ရန်တာမှာ ရောက်နေတယ် မသိဘူး…။ ကျနော့်ကို စားတော့ဝါးတော့မလို စူးစူးဝါးဝါး စိုက်ကြည့်နေတယ်။ ကျနော်ကလဲ…၊ ကြည့်ပဒိပေါ့…။ အမယ်.. အိမ်ထဲက ချယ်လ်ဆီးအကျီတောင် သွားထုတ်ဝတ်ပြီး လေကလေးချွန်လို့ သူ့ရှေ့မှာတင် အပြင်ထွက်လာလိုက်သေးတယ်။ အဆောင်ကထွက်လာခါနီး သူ့အခန်းတံခါးကို ဂျိုင်းခနဲ ပိတ်လိုက်တဲ့ အသံတောင် ကြားလိုက်သေး…၊ အရသာ ရှိလိုက်ပါဘိ…။

***

အဲဒီနေ့ကပါပဲ…။ ကျနော် အစာအဆိပ်သင့်တာလား ဘာလား မသိဘူး။ ညစာ စားပြီးတာနဲ့ထိုးအန်ပြီး ခေါင်းက အရမ်းမူးလာတယ်။ ရေချိုးခန်းက ဘေစင်မှာ ပလုတ်တွေ ဘာတွေကျင်း ရေသောက်ချလိုက်လဲ ခဏပဲ…။ အရမ်းမူးလာတာနဲ့ ၀ရန်တာကို ထွက်ပြီး လေကောင်းလေသန့်လေး ရလို ရငြားထွက်လာလိုက်တယ်။ အားးး၊ မရဘူး.. အတော်မူးတာပဲ၊ သူက အရက်တွေ ဘီယာတွေ မူးသလိုမဟုတ်ဘူး။ ရင်ထဲက ပျို့လာလိုက်၊ ခေါင်းကို ကြေးစည်ထုသလို တခုခုနဲ့ လာထုထည့်သလို ဒူဝေေ၀ ဆိုပြီးမူးလာသလို ဖြစ်လိုက် ဖြစ်တာ…။

ကျနော် ၀ရန်တာကို ထွက်လာတော့ ဟိုလူကလဲ ရှိနေတယ်။ သူက ကျနော့်ကို စောင်းငန်းငန်းနဲ့ ကြည့်လိုက်၊ ဟိုဘက်ပြန်လှည့်သွားလိုက်နဲ့ လုပ်နေတာ…။

အတော်ကြာတော့ ကျနော့် အခြေအနေက ပိုဆိုးလာတယ်။ ၀ရန်တာမှာ ထိုင်နေရတာကိုက လေညှင်းဒဏ်ခံနေရတာကိုက ပိုဆိုးလာသလိုပဲ။ အဲဒါနဲ့ အိမ်ထဲ ပြန်ဝင်မယ်လို့ စဉ်းစားပြီးတော့ ထိုင်နေရာကနေ ထလိုက်တော့ လူက အရုပ်ကြိုးပြတ်လဲသွားတယ်။ ဗုန်းးးးခနဲ…။ နောက်တော့ ဘာမှ မသိတော့ဘူး…။

***

ကျနော် သတိရလာတော့ ကျနော့်ဘေးမှာ အင်္ဂလိပ်လို ပြောတဲ့ ဘာသာခြားစကားသံတွေကို အရင်ကြားရတယ်။ နောက်တော့ မြန်မာလို စကားသံတခုကို အရင်ဆုံးကြားလိုက်ရတယ်။

“ဘယ်လိုလဲ၊ သက်သာရဲ့လားဗျ” တဲ့…။

ကြည့်လိုက်တော့…၊ ဟိုလူ…။ ကျနော်နဲ့ မတည့်တဲ့ မန်ယူဖန် ဟိုလူ…။

ကျနော်မေ့လဲသွားတော့ အရေးပေါ်ဖုန်း 911 ကို သူပဲခေါ်ပေးတာတဲ့…။ အခုလဲ အနားမှာ အတော်စိုးရိမ်နေပုံနဲ့ စောင့်ကြည့်နေတာ…။ ၀တ်ထားတာလဲ ကျနော်ကြည့်မရတဲ့ မန်ယူတံဆိပ်ပါ ချိုင်းပြတ် အကျီနဲ့…။ ဒါပေမယ့် သူ့လက်ထဲမှာကလဲ ဆေးရုံအ၀တ်အစားနဲ့ လဲတုန်းက ကျနော့်ကိုယ်ပေါ်ကနေ ချွတ်ထားတဲ့ ချယ်လ်ဆီးအကျီ…။

***

ပြီးခဲ့တဲ့ တပတ်တုန်းကပေါ့…။

ကျနော့်အလုပ်ရုံက မန်နေဂျာက အလုပ်ထဲမှာ လူလိုလို့ သူငယ်ချင်းရှိရင် ခေါ်လာခဲ့ပါလို့ ကျနော့်ကို ခေါ်ပြောတယ်…။

ကျနော် ဘယ်သူ့ကို ခေါ်သွားဖြစ်တယ် ထင်လဲ…။ ကျနော်ကြည့်မရတဲ့ မန်ယူဖန် ဟိုလူပဲပေါ့…။ သူက အခုလက်ရှိ အလုပ်လိုက်ရှာနေရတာ။ အရင်အလုပ်က အဆင်မပြေလို့တဲ့…။

***

အင်း…၊ ဘောလုံးပွဲလာရင်တော့ ကျနော်တို့ ပြန်ငြင်းချင် ငြင်းကြရနိုင်တယ်။ မခံချင်စိတ်တွေ ဖြစ်ချင်လဲ ဖြစ်ရနိုင်တာပဲ…။ ဒါပေမယ့် ကျနော်တို့က အဲဒီ အကြိုက်မတူတာ တခုထဲအတွက်နဲ့ တချိန်လုံးတော့ ဘယ်မုန်းနိုင်ပါ့မလဲလေ…။ အရေးကြီးရင်တော့ သွေးနီးကြရမှာပဲပေါ့…။ ဟုတ်တယ်ဟုတ်…။

***

ကလိုစေးထူး

7 comments:

မောင်မျိုး said...

ကျနော်လည်း မန်ယူဖန်ပါပဲ ဒီနေရာကိုလာတိုင်း အပြာရောင်နောက်ခံကြီးမြင်ရင် အူတွေယားယားနေတာ ပြောလာည်းမပြောရဲဘူးလေ ကိုယ်က မလာပဲ နေမှမနေနိုင်တာကိုး))

အရေးကြီးရင်တော့ သွေးနီးကြရမှာပဲပေါ့ဗျာ သိပ်ဟုတ်တာပေါ့ မန်ယူဖန် နဲ့ ချယ်ဆီးဖန် လေထဲ သေနပ်ဆက်ပစ်ကြတာပေါ့နော့် ။

အစ်မပန်ဒိုရာ ၊ မသက်ဝေ တို့နဲ့တော့ တွေ့တာပဲ ဒါနဲ့ စကားမစပ် ဘလော့ဂါတွေထဲလည်း မန်ယူ ပရိတ်သတ်များတယ်နော် :P

rita said...

ဘလော့ကြီးတခုလုံးပြာနေတာ ချယ်ဆီးကလန်ဒါ မြင်ထဲက ကိုစေးထူးက ချယ်ဆီးကြီးမှန်းသိကြမှာပါ၊ ခုတော့ပိုသေချာသွားပေါ့။

မှတ်မိသေး၏ အိမ်မှာရီတာကလွဲရင် ဖေကြီး၊ ကိုကြီး နဲ့မောင်လေး၊ ဘောပွဲများလာပြီဆို တီဗွီကိုသူတို့အပိုင်သိမ်းတယ် ..တရုတ်ကား ကိုရီးယားကား ဘာမှကြည့်မရတော့ဘူး။
ပြီးရင် အသင်းကွဲပြီး ညီအကိုချင်းလဲအငြင်းကပွားပြီ၊ တီဗွီထဲကဆူ အပြင်ကဆူနဲ့ နားကြားပြင်းကပ်လာရင် ရီတာကဘုတောမိရော " အာ..နားငြီးတယ်၊ ဒီလောက်တောင်ဖြစ်နေရင် ကိုယ်တိုင်ကန်ကြပါလား" လို့။
ခုလဲကိုစေးထူးကိုအဲ့လိုများပြောမိရင် ...သူ့ဘလော့လာမဖတ်နဲ့ဆိုပြီး ဖတ်မရအောင် block လုပ်မယ်ထင်ပ ....:)

ကလူသစ် said...

အဲ့တာလေးတွေကြောင့် စောင့်ဖတ်နေရတာ

သတိ said...

အားလုံးသတိ

ခေါင်းစဉ်ဖတ်ခတဲကကို ကော်မန့်ပေးမယ်လို့ စိတ်ကူတာဗျို့ ကိုစေးထူးရေ.. ကျွန်တော်လဲ မန်ယူပါပဲဗျာ.. အကိုနဲ့ ငြင်းစရာတစ်ခု ထပ်တိုးတာပေါ့.. ဟားဟား.. လူတွေကြားမှာ သွေးနီးဖို့ ပေါ်လာတတ်တဲ့ အရေးတကြီး ကိစ္စတိုင်းဟာ negative ဆန်တတ်တာမို့ ကဲ.. သွေးနီးစရာ ဘယ်လို အရေးတကြီး ကိစ္စမှ မပေါ်ပါစေနဲ့ ဆုတောင်းရင်း အကို ကျန်းမာအဆင်ပြေပါစေဗျား..

အားလုံးသက်သာ
မောင်သတိ

san htun said...

အိမ်မှာတော့ ဖေနဲ့  မောင်လေးက မန်ယူဖန်။

Moe Cho Thinn said...

ရန်ဖြစ် ပြန်ချစ် ပေါ့ကွာ..။ “ခြားနားခြင်းကို သည်းခံခြင်းဟာ ဒီမိုကရေစီ” တဲ့။ အမတော့ မတူတာတွေ့ရင် ဆရာ တက္ကသိုလ် ဘုန်းနိုင် ပြောခဲ့ဖူးတဲ့ အဲဒီစကားလေးကို ပြန် ကြားယောင်တတ်တယ်။

blackroze said...

အကိုရေ
ညီမကတော့ချယ်ဆီးမှ ချယ်ဆီးပါဘဲ..
မန်ယူဖန်တွေများတယ်ဆိုတဲ့
ဘလော့ဂါတွေကြားထဲမှာ
ချယ်ဆီးဖန်အချင်းချင်းသွေးစည်းကြတာပေါ့
ညီမကနိုင်ငံအသင်းဆိုရင် အီတလီ
ကလပ်အသင်းဆိုရင် ချယ်ဆီး ပါဘဲ..