Friday, July 15, 2011

ပုံရိပ်ရဲ့ အမှတ်တရတွေ...

လွန်ခဲ့တဲ့ ငါးလလောက်ကပါ။

ကျနော် ကိုးနှစ်လောက် ဝေးကွာနေတဲ့ မိဘညီအကို မောင်နှမတွေနဲ့ မမျှော်လင့်ဘဲ အဆက်အသွယ် ပြန်ရလိုက်တယ်။

ကိုးနှစ်လောက် ကြာအောင် ဘာဆိုဘာသတင်းမှလဲ မကြား၊ ဘာအဆက်အသွယ်မှလဲ မရတဲ့ သားကြီးရဲ့ အသံကို ပြန်ကြားရလို့ ပျော်ရွှင်နေတဲ့ ကျနော့် ဖေဖေနဲ့ မေမေရဲ့ အသံတွေဟာ ဖော်မပြနိုင်အောင် ၀မ်းသာနေတဲ့ အသံတွေ အတိုင်းသား ပေါ်လွင်နေတယ်။ ပထမဆုံး ဖုန်းအဆက်အသွယ် ရလိုက်တဲ့ ညီဖြစ်သူရဲ့ “ကိုကြီးလား…၊ အခုပြောနေတာ ကိုကြီးပဲလား” ဆိုတဲ့ ၀မ်းသာအားရသံကြီးကလဲ ဘယ်လောက် ၀မ်းသာနေတယ်ဆိုတာ ထင်ရှားလို့ပေါ့။

သူတို့က ကျနော် သေသွားပြီလို့တောင် သတင်းသဲ့သဲ့ ကြားသလို ဖြစ်နေကြတာကိုး…။

***

ဟိုကောင် ညီအငယ်ကောင်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကွန်ပျူတာကို အဖြစ်လောက် သုံးတတ်နေတော့ ကျနော့်အတွက် မိသားစု ဓာတ်ပုံလေးတွေ ပို့ပေးလိုက်တယ်။ အဲဒီဓာတ်ပုံတွေထဲက မှတ်မှတ်ရရ ပုံရိပ်လေးတချို့နဲ့ ဘလော့ဂ်ပေါ်မှာ အမှတ်တရ တင်ကြည့်ချင်တယ်။










ဖေဖေရယ်၊ ကျနော်ရယ်၊ ညီလေးရယ် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက်က ပုံပါ။ ဟိုကောင်ကတော့ ပြုံးစေ့စေ့၊ ကျနော်ကတော့ မှုံတေတေရုပ်။















ဒါကတော့ ကျနော့် မိဘနှစ်ပါးရဲ့ အဲဒီအချိန် နုပျိုငယ်ရွယ်စဉ်က ပုံ။















နောက် အနှစ် ၃၀ နီးပါး အကြာမှာတော့ တနေရာစီ ခွဲပြီး နေထိုင်ကြတဲ့ ဖေဖေနဲ့ မေမေက ကျနော့်ညီမလေးရဲ့ မင်္ဂလာဆောင် အတွက် ပြန်ဆုံကြတော့ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ် စုံတွဲ ပြန်ရိုက်ဖြစ်ခဲ့တဲ့ ပုံ…။ နှစ်ယောက်စလုံးက ရှုတည်တည်နဲ့…။
























ကျနော်ညီမလေး မင်္ဂလာဆောင်တုန်းက ဖေဖေ၊မေမေ၊ ညီလေးရဲ့ မိသားစုနဲ့ ညီမလေးတို့ စုံတွဲ မိသားစု စုံစုံညီညီ ရိုက်ထားတဲ့ပုံပါ။ ဒါပေမယ့် ဖေဖေ့ဘေးက လွတ်နေတဲ့ ခုံမှာ ကျနော် ၀င်မထိုင်နိုင်ခဲ့ဘူး။













ဟိုးတလောက အွန်လိုင်းက တဆင့် တွေ့ရတဲ့ ဖေဖေနဲ့မေမေပါ။ ကျနော့်ကို မိသားစု စုံစုံလင်လင်တွေ့ကြဖို့အတွက် ဖေဖေက မေမေရှိတဲ့ နယ်မြို့ကို အရောက်သွားပြီးမှ မိသားစုတွေ အကုန် အွန်လိုင်းမှာ ဆုံကြတဲ့နေ့ကပါ။










ဖေမေက မေမေ့ကို မသိမသာ ဖက်လိုက်တုန်းက ကျနော် ခိုးရိုက်လိုက်တာ။
















ဒါကတော့ ကျနော်နဲ့ အဆက်အသွယ် ပြန်ရလို့ ပျော်နေကြတဲ့ ညီနဲ့ ညီမလေး။

***

“သား၊ ဘယ်တော့ ပြန်လာမလဲ” လို့ ဖေဖေက မေးသေးတယ်။ ကျနော် ပြန်ဖြေလိုက်တယ်။ “ဘယ်တော့ ပြန်လာလို့ ရမယ် ဆိုတာ ဖေကြီး သိတာပဲလေ” လို့…။ “အေးပေါ့ကွာ” တဲ့…။

***

ကလိုစေးထူး

8 comments:

rita said...

အပြုံးတွေနဲ့တင် သူတို့အားလုံးဘယ်လောက်ပျော်နေတယ်ဆိုတာ သိသာတယ်။ ဝမ်းသာစရာပါပဲ။
:)

ကလူသစ် said...

ကလိုလဲ တော်တော်ဝမ်းနည်းဝမ်းသာဖြစ်နေမှာပေါ့။ ခိုးရိုက်ထားတဲ့ပုံကို ပြန်ပို့ပေးလိုက်လေဗျာ။

ဘုန်းဉာဏ် said...

ကိုစေထူးကို မသိပါဘူး။ ၂၀၁၀ စင်္ကာပူ ဆမ်ဘာဝမ် သင်္ကြန် အကြောင်း စာရေးမယ် စိတ်ကူးတော့ ရေးပြီးတာ ရှိ မရှိ သိချင်တာနှင့် ရှာကြည့်တော့မှ ဒီဆိုက်ကို သိတာပါ။ နောက်တော့ ၃ လောက် လာပြီး ဟာသပို့စ်လေးတွေ ဖတ်ဖူးတယ်။ ဆိုလိုတာက မသိကျွမ်းဖူးပါဘူး။

ဒါပေမဲ့ ကိုးနှစ်လောက် အဆက်အသွယ် လုံးဝ ပြတ်သွားပြီး ခု ခင်ဗျား မိဘ၊ ညီအစ်ကို မောင်နှမတွေနှင့် အဆက် အသွယ် ပြန်ရတယ်ဆိုတော့ ခင်ဗျား အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ အဲဒီ အဆက်အသွယ်လေး ထာဝရ ရနေပါစေလို့။

Anonymous said...

နေနိုင်လိုက်လေတော်.....အမေတွေ ဖေတွေက တော်တော်တွေ့ချင်နေမှာပဲ...မှတ်တမ်းမဲ့ထဲက စောင့်ဖတ်လာတာ...၁နှစ်လောက်ကြမှ ပြန်ပေါ်လာလို့ ၀မ်းသာပါဧ။်...ထိုင်းလောက်သွားလည်ပီး မိဘတွေ့နဲ့တွေ့လည်းရတာပဲ..ကြိုးစားကြည့်ပါ. PP တွေလဲ မြန်မာမှာ လွယ်နေပီပဲ...မိဘဆိုတာ ဘာနဲ့မှ အစားထိုးမရတာ မပြောလဲ ကိုစေးထူးက ပိုသိမှာပါ..အရင်က အမိုးကို အမေထင်နေတာ .. .ပျော်ရွင်ပါစေ..မိဘကို ပေးကမ်းစောင့်ေ၇ှာက်ထောက်ပံနိုင်သော သားမြတ်တစ်ယောက်ဖြစ်ပါစေ..

မေဇင်

မောင်မျိုး said...

ကျနော် ဒီပို့စ်လေးဖတ်ပြီး ဘာလို့လဲတော့မသိဘူး မျက်ရည်တွေတောင်ဝဲလို့း) နုလိုက်တာလို့တော့မထင်စေချင်ပါ ၅၂၈ သံယောဇဉ်တွေက သိပ်ခိုင်မြဲတာလေ သွေဟာရေလောက်မကျဲဘူးဆိုသလို အရေးကြီးတော့ သွေးနီးကြတာပေါ့ ၉ နှစ်ကြီးများတောင်နော် တကယ်ကို အကြာကြီးပဲ ။ အငယ်တွေ ပျော်နေတဲ့ အပျော်တွေကို ကိုယ်ချင်းစာကြည်နုးမိတဲ့ အငယ်တွေနေရာကကြည့်ရင်တော့ အစ်ကို အစ်မတွေဆိုတာ သူတို့ရှေ့က တံတိုင်းငယ်လေးတွေပဲလေ အဲ့တာကြောင့် အရေးအကြောင်းကြုံရင်တော့ အကြီးတွေကို သတိတရ ရှိတတ်ကြတယ် ။ ကွဲကွာနေတဲ့ မိသားစုလေး ပြန်စုံကြတယ်ဆိုလို့ တကယ်ကို ၀မ်းသာပါတယ် ။

ဘဘ နဲ့ ကြီးကြီး ပုံလေးတွေက ချစ်စရာကောင်းနေတယ်း)

သက်ဝေ said...

ဝမ်းသာ ဝမ်းနည်းစရာပါပဲ...
မိဘတွေ ညီအကို မောင်နှမတွေကြားမှာ ဘာလို့များ ၉ နှစ်လောက်ကြာအောင် အစဖျောက်နေခဲ့ပါလိမ့်...
နေနိုင်လိုက်တာ လို့ ပြောချင်သွားတယ်...း))

မေဓာဝီ said...

ဓာတ်ပုံများသည် စိတ်နေစိတ်ထားကို ဖော်ပြ နေကြ၏။
မိဘ ၂ ပါးက သဘောကောင်းတဲ့ပုံ ...
ညီမလေးက ပွင့်လင်းရိုးသားတဲ့ မျက်နှာလေး
ညီလေးက ဖော်ရွေပြီး ပျော်တတ်မယ့်ပုံ ...
အကိုကြီးကတော့ ရှုသိုးသိုး ... အလကားနေ စိတ်ဆိုးတတ်တဲ့ပုံပဲ ...
ဟုတ်တယ်ဟုတ် :P

၉ နှစ်တောင် ပစ်ထားတာတော့ လွန်ပါတယ်။
၉ နှစ်လုံး စိတ်ပူနေမယ့် မိသားစုအတွက် ၉ နှစ်စာ အတိုးရော အရင်းပါ ဆပ်ပေတော့။ ပူတယ်လို့ မညည်းကြေး :))

Moe Cho Thinn said...

ပုံတွေ ကြည့်ပြီး ၀မ်းနည်းဝမ်းသာ တလှပ်လှပ် ဘာလို့ ဖြစ်နေလဲ မသိ။
အမလဲ တနှစ်လောက် ပျောက်နေတဲ့ မောင်လေးကို လာကြည့်တာ..