Tuesday, July 19, 2011

ပူတဲ့နေ့က...

ဘယ်အပူလှိုင်းက ဘယ်လိုဖြတ်လို့ ဘာဖြစ်တယ်တော့ မသိ…၊ ဒီရက်ပိုင်း တော်တော်ကြီးကို ပူလွန်းလှပါတယ်။ ညဘက် အိပ်ချိန်မှာတောင် အပူချိန်က မကျတော့ အဲယာကွန်းတတ်မထားတဲ့ အပေါစား အိမ်ခန်းက ပေါင်းအိုးနဲ့ နင်လားငါလားမခြား ပူချင်တိုင်း ပူနေတော့တာပဲ။

တပတ်စာ ရာသီဥတု ခန့်မှန်းကို ကြည့်လိုက်တော့ ဆက်ပြီး ပူနေဦးမယ့်နေ့တွေက တန်းစီနေတယ်။ ဒီတပတ်လုံး ဒီလောက် အပူနဲ့ဘယ်လိုမှ နေလို့ ဖြစ်မှာ မဟုတ်ဘူး လို့ တွေးမိတာနဲ့ သူများတွေ ပြောပြောနေတဲ့ အဲယားကွန်း သေးသေးလေး ဆိုတာကို သွားဝယ်ရမလားလို့ ဆိုင်ကို ထွက်ခဲ့လိုက်တယ်။

***

ပြီးခဲ့တဲ့ လေးငါးဆယ်ရက်လောက်ကပေါ့…။

အိပ်လို့ကောင်းနေတုန်း မနက်စောစောမှာ မြည်နိုင်လွန်းတဲ့ ဖုန်းသံကြောင့် ဘယ်လိုမှ ဆက်အိပ်လို့ မရတော့ဘူး…။ မကိုင်မချင်း ခေါ်နေလောက်မယ့် ဖုန်းကို အိပ်ချင်မူးတူးနဲ့ ကိုင်လိုက်တော့…

“သားကြီးလား”

ဟင်… ဖေဖေ့ အသံပါလား။

“ဟုတ်ကဲ့၊ ဖေကြီး”

“မင်းဖုန်းကလဲကွာ၊ ခေါ်လိုက်ရတာ၊ လိုင်းကပဲ မကောင်းတာလား မသိပါဘူး”

တကယ်တော့ ဒီဘက်ကောင်က အပျင်းကြီးပြီး ဖုန်းမကိုင်တာကို ဖေဖေက မသိရှာဘူး။

“ဖေကြီး၊ အဲဒီကနေ သားဆီ ဖုန်းခေါ်တော့ ဈေးကြီးတာပေါ့၊ သားဆက်ပါမယ်”

“ပြောတာပဲ၊ မင်းက မဆက်တာကြာတော့ မင်းနေကောင်းရဲ့လား၊ အဆင်ပြေရဲ့လားလို့ ဆက်ကြည့်တာကွ”

“ဟုတ်ကဲ့၊ အဆင်ပြေပါတယ်၊ နေလဲကောင်းပါတယ် ဖေကြီး”

ဒီလိုနဲ့ပဲ ဟိုဟိုဒီဒီ အလ္လာပ၊သလ္လာပတွေ နည်းနည်းပါးပါးပြောဖြစ်ကြ…။ ဖုန်းချခါနီးကျတော့ ဖေဖေက…

“သြော်၊ သားကြီး…၊ အဖေ့ဖုန်းက ဒီ ၇ လပိုင်းထဲမှာ နောက်ဆုံးထား လဲရတော့မယ်ကွ”

ဟိုးတခါကတည်းက ဖေဖေ့ဖုန်းကိစ္စကို ပြောဖြစ်တော့ အဲဒီအတွက် ငွေငါးသိန်းလောက် ကုန်မယ် ဆိုလား ပြောဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ ဖေဖေကပဲ ဒီဖုန်းကိစ္စ အေးဆေးမှ လဲလို့လဲ ရပါတယ် ဆိုလို့ ကျနော်ကလဲ ခပ်အေးအေးပေါ့…။

ဖေဖေက ဖုန်းလဲရမယ်ပဲ ပြောတယ်။ ပိုက်ဆံ ပို့ပါလို့တော့ မပြောပါဘူး။ ဒါပေမယ့် ကျနော် ပို့သင့်တာပေါ့။

***

Wal-mart ဆိုင်ထဲကို ရောက်တော့ သူငယ်ချင်း ပြောပြတဲ့ အဲယားကွန်းသေးသေးလေးတွေက စီးပွားရေး အကွက်မြင်သူတွေရဲ့ လက်ချက်နဲ့ ဆိုင်ထဲမှာ အစီအရီ…။ ဈေးနှုန်းတွေကလဲ မထီတရီပေါ့…။ ဈေးအတော်ဆုံးဟာကို ကြည့်လိုက်တော့ ၉၅ ဒေါ်လာ…တဲ့။ ၀ယ်ရင် ကောင်းမလား…၊ … … …။ ဆိုင်ထဲမှာတော့ အဲယားကွန်းလေကြောင့် အေးမြနေတာပဲ…။

***

ကျနော့် အသက်ခပ်ငယ်ငယ်ဘ၀ရဲ့ တခုသောရက်မှာပေါ့…။ ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တခုက အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပူအိုက်လွန်းလို့ ချွေးတွေ တဒီးဒီး၊ အဲဒီ ချွေးတွေကြောင့် ဟိုနေရာယားလို့ ကုတ်လိုက်၊ ဒီနေရာ ယားလို့ ကုတ်လိုက်နဲ့ ကျနော်တို့ ညီအကို နှစ်ယောက်လဲ ဘယ်လိုမှ နေလို့ အဆင်မပြေဘူး။

လူချမ်းသာတွေ မဟုတ်တဲ့ အပြင် လူလတ်တန်းစားသာသာတောင် မရှိချင်တဲ့ ဘ၀တွေမို့ အိမ်မှာ မတ်တပ်ပန်ကာလေး တလုံးတောင် မ၀ယ်နိုင်ခဲ့ပေမယ့် သားနှစ်ယောက်လုံးကို “ကဲ…၊ ဟေ့ကောင်တွေ လာကြကွာ” လို့ ခေါ်တဲ့ပြီး ယပ်ခတ်တဖျတ်ဖျတ်ခတ်လို့ ဖေဖေက ချွေးသိပ်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက ဖေဖေ ကိုယ်တိုင်လဲ ချွေးတွေ တကိုယ်လုံး ရွှဲလို့…။

***

Wal-mart ဆိုင်ထဲက ထွက်လိုက်တာနဲ့ အပြင်က လေပူက ခပ်ရင့်ရင့်ပဲ ဆီးကြိုနေတယ်။ ဒီလေပူကြီးနဲ့ပဲ အိမ်ခန်းထဲမှာ နေရဦးမယ်။ အို…၊ အလုပ်ထဲမှာတော့ အဲယားကွန်းနဲ့ဆိုတော့ သက်သာပါတယ်လေ လို့ ဖော့တွေးလိုက်တယ်။

ကျနော် အဲယားကွန်း သေးသေးလေးလဲ မ၀ယ်ဖြစ်ခဲ့ဘူး။

***

သားသမီးကို အပေးသာ ရှိပြီး အယူမရှိချင်တဲ့ မိဘကို ကျနော်က အလိုက်သိရမယ်လေ…။ ဒီရာသီဥတုကြောင့် ပူတာကို ခံရတော့လဲ တပတ်၊ တလပေါ့…။ ဒီလကုန်ရင် ဖေဖေ့ရဲ့ ဖုန်းစုတ်လေးကို လဲပေးဖို့ ကျနော် ဖြစ်အောင် ငွေပို့ပေးရမယ်လေ။

***

ကလိုစေးထူး

7 comments:

Nge Naing said...

ကိုပေါဘလော့ဂ်ကို မခင်မှတ်ဘဲ ရောက်သွားလို့ ကိုကလိုစေးထူး Link ကိုတွေ့လိုက်ရပြီး စာပြန်ရေးနေတာ အခုမှ သိလိုက်ရတယ်။ ကွဲကွာနေတဲ့ မိဘ မောင်နှမတွေအကြောင်း ရေးထားတဲ့ ပို့စ်တွေကို ဖတ်ရတိုင်း အခြေအနေနဲ့ ရင်ထဲက ခံစားရတဲ့ ဝေဒနာတွေချင်း တူကြလို့ ဖြစ်မယ် ကျွန်မ ကိုယ်တိုင်ခံစားရလို့ ရေးထားတဲ့စာကို ပြန်ဖတ်ရသလိုပဲ ခံစားရတယ်။ မိဘနဲ့ ဝေးနေတဲ့သားသမီးတိုင်းရဲ့ ရင်ထဲမှာ မိဘတွေနဲ့ ပတ်သက်ပြီး ပြောစရာတွေကတော့ ပြောပြလို့ ကုန်မယ်မထင်ဘူး။ ကိုကလိုစေးထူး စာပြန်ရေးနေတာ ၀မ်းသာပါတယ်။ ကျွန်မဘလော့၈်ကိုလည်း အားရင် လာလည်ပါဦး။ ကိုကလိုစေးထူး ပို့စ်ပြန်တင်တာ တွေ့လို့ ၀မ်းသာအားရနဲ့ ရောက်လာပေမဲ့ ကျွန်မလည်း နောက်ပိုင်းမအားတာနဲ့ သတင်းဘလော့ဂ်တွေက လွဲပြီး တခြား အထွေထွေဘလော့ဂ်တွေကို ဘယ်ကိုမှ သိပ်မရောက်ဖြစ်ဘူး။

ကျွန်မ ဘလော့ဂ်မှာ Malware တွေ ရှင်းတုန်းက Link ထားတဲ့ ဘလော့ဂ်တွေ အကုန်လုံး ဖြုတ်ထားရပြီး နောက်ထပ် Link ပြန်ချိတ်တော့ အရင်ချိတ်ထားတဲ့ Link တွေးစုံအောင် အခုထိ ပြန်စုလို့ မမိသေးဘူး။ အခုတော့ Link ပြန်ယူသွားလိုက်ပြီနော့်။

rita said...

မိဘအတွက်နဲ့ကိုယ့်အတွက်နဲ့ယှဉ်လာတုန်း မိဘကိုဦးစားပေးလိုက်မယ်ဆိုတဲ့ ကုသိုလ်စိတ်ကြောင့် ရာသီဥတုဒဏ်ရှိတောင်မှ အရင်လိုပူလိုက်တာလို့ ကိုစေထူး မခံစားရလောက်တော့ဘူးထင်ပ ... :)

Maung Myo said...

ဒီပို့စ်လေးဖတ်ပြီး ကျနော်လည်း ကျနော့်အဘ (အဖေ့) ကိုသွားပြန်သတိရမိတယ် တောမှာ ဆောင်းဆိုရင် အောက်က ထင်းမီးဖိုကြီးဖိုပေး ခြင်ကိုက် ပူအိုက်တဲ့ရာသီဆို အနီးက အိပ်ပျော်နေတဲ့ သားသမီးတွေကို လုံချည်ဟောင်းတစ်ထည်နဲ့ ခြင်မောင်း လေအေးတွေပေးခဲ့တဲ့ အဘကို တကယ်ပဲ သတိရမိပါတယ်ဗျာ ။

စိတ်၏ဖြေရာ said...

အမြဲလာဖတ်နေကျblogလေးပါ။
စာမရေးတာအတော်ကြာပြီနော်။
စာတွေပြန်ရေးလို့ဝမ်းသာပါတယ်။
ဆက်လက်အားပေးနေပါတယ်။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

တန်ခူး said...

ကိုစေးထူးရေ... စာပြန်ရေးတာတွေ့ လို့  ဝမ်းသာလိုက်တာ... ခံစားချက်တွေ ထပ်တူကျတဲ့ ဒီစာလေးအတွက် ကျေးဇူးပါ... တခါတလေ ကိုယ်ထောက်ပံ့တာလေးက ဘာမှမဟုတ်ပေမယ့် ငါ့သားသမီးတွေက ငါ့ကိုပစ်မထားကြပါလားဆိုတဲ့ လုံခြုံစိတ်ချမှုက သူတို့ အတွက် ဒီအချိန်မှာ အရေးကြီးဆုံးပါ... ပြန်ရေးပါ ကိုစေးထူးရေ.. အမြဲအားပေးနေတယ်..

စံပယ်ချို said...

တောင်ကြီးမှာကျန်နေတဲ့မေမေ့ကိုသတိရမိပါတယ်
မိဘဆိုတာ အပေးသာရှိပြီး အယူမရှိဘူးနော်
ဟုတ်တာပေါ့.....
ခုလဲမိုးတွေရွာရင်မေမေနေလို့မှကောင်းပါ့မလားလို့စိတ်ပူနေမိတာပါ။
ချမ်းမြေ့ပါစေရှင်။

Moe Cho Thinn said...

ကိုယ်ခံစားရတဲ့ အပူထက် မိဘတွေ ကိုယ့်ကို ပူခဲ့ရတဲ့ အပူတွေက နှစ်ပေါင်း နည်းမယ် မထင်ဘူး။ သိတတ်တဲ့ စိတ်ကလေးကို ကျေးဇူးတင်မိတယ်။