Wednesday, January 30, 2008

နှမ်းနှုတ်ချိန်…

အရုဏ်တက်လေပြီ။

တကယ်တော့ ဟိုး… ခပ်ဝေးဝေးဆီ ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံ တတောက်တောက် ကြားကတည်းက သူ နိုးနှင့်နေပြီ။ ဒါပေမယ့် အိပ်ချင်လွန်းသော စိတ်ကို အလိုလိုက်ပြီး စောင်ခြုံထဲမှာ ထပ်ကွေးနေလိုက်သည်။ မီးဖိုဆောင်ထဲမှာတော့ ဒေါ်ကြီးသန်း နှင့် မခင်အေးညိုတို့ အလုပ်များနေဟန် ချိုးချိုးချွတ်ချွတ် အသံများကြားနေရ၏။

`ဟိုကောင်တွေ၊ ထကြတော့လေ၊ နေတောင် ထွက်တော့မယ်´

ဘကြီး ဦးကုလား၏ အသံသြသြကြောင့် အပျင်းကျောဆွဲ အိပ်နေကြသော သူတို့ ညီအကိုတွေ အိပ်ရာမှ အလူးအလဲ ထကြချိန်တွင်မတော့ ရောင်နီပင် ပျို့နေပါပြီ။

***

၁၉၉၂ ခုနှစ်…။

သူက ရန်ကုန်မှာ ဆယ်စုနှစ် တခုကျော်ကြာ နေခဲ့ရပြီးမှ ဇာတိမြေကို မေမေနှင့်အတူ ပြန်လည် ပြောင်းရွှေ့လာတော့ တောသားလည်း မဟုတ်၊ မြို့သားလည်း မကျ စကောစက…။ ဒီမြို့လေးကို ရောက်ခါစမှာတော့ သူ့ကို အမျိုးတွေနှင့် သူငယ်ချင်းတချို့က `ရန်ကုန်သား´ လို့ခေါ်ကြသေးပေမယ့် နောက်တော့လည်း ဇာတိမြို့လေးနှင့် သူ တသားတည်း ကျသွားပါတော့သည်။

သူတို့ မြို့ကလေးကနေ လေးငါးမိုင်လောက် ဝေးသော ဒီရွာကလေးမှာ သူ့မေမေရဲ့ အမကြီး ဒေါ်ကြီးသန်း နေပါသည်။ တခြားသော ညီအကိုမောင်နှမတွေကို ငဲ့သောအားဖြင့် စောစီးစွာ ကျောင်းထွက်ပြီး အဘိုးနှင့်အတူ လယ်လုပ်၊ တောင်ယာခုတ်ခဲ့သော ဒေါ်ကြီးသန်းက တရွာတည်းသား ဦးကုလားနှင့် အကြောင်းသင့်လို့ တောမှာပင် အခြေကျခဲ့ရ၏။ ဒေါ်ကြီးသန်း ကိုယ်တိုင်က ပညာဆုံးခန်းတိုင် သင်ခွင့်မရခဲ့ပေမယ့် သူ့သားသမီးတွေကိုတော့ ပညာအမွေပေးလိုဟန် ရှိသည်။ သမီးဖြစ်သူ သူ့အမ၀မ်းကွဲ မခင်အေးညိုက အခုဆို ဆယ်တန်း…။ သူနဲ့ ရွယ်တူ ကျော်စွာကတော့ ကိုးတန်း။ နောက်…၊ ဖိုးကောက်က ငါးတန်း၊ ဖိုးထူးက နှစ်တန်း။

ကျောင်းပိတ်ရက်တိုင်း မကြာခဏ လာလည်လေ့ရှိသော ဒီရွာကလေးမှာ အခုတခေါက် ရောက်ခဲ့သည်ကတော့ အလည်အပတ်သက်သက်တော့ မဟုတ်ပါ။ `နင့်ဒေါ်ကြီးနဲ့ နှမ်းသွားနှုတ်ကူချေ´ ဟူသော မေမေ့ အမိန့်ကြောင့် ဒီကို ရောက်နေရပေမယ့် သူ ပျော်ပါသည်။ နှမ်းလည်း တခါမှ မနှုတ်ဖူးတော့ နှမ်းနှုတ်တယ်ဆိုတာ ဘယ်လိုပါလိမ့် လို့ သိချင်တာလဲ ပါမည်ထင်သည်။

***

ဘကြီး ဦးကုလားက လှည်းသံ တဂျောင်းဂျောင်းဖြင့် နှမ်းခင်းကို သွားနှင့်ပြီ။ ဒေါ်ကြီးနှင့် အမကတော့ ဘုန်းကြီးကျောင်းကို အရုဏ်ဆွမ်းသွားအကပ်ပြီးမှ နှမ်းခင်းကို လိုက်လာလိမ့်မည်။ ဒီတော့ သူတို့ ညီအကိုတွေကလည်း မနက်စာကို ကမန်းကတန်း တက်သုတ်ရိုက် စားပြီး နှမ်းခင်း ရှိရာကို နှင်ရတော့သည်။

ဒေါ်ကြီးတို့ တောင်ယာတဲလေးက မနှစ်က ခုတ်ထွင်ထားသော တောင်ယာကုန်းကလေးရဲ့ အောက်ခြေမကျတကျတွင် ဆောက်ထားသည်။ ပင်ပင်ပန်းပန်း ခုတ်ထွင်ထားရသော တောင်ယာခင်းမှာ သီဟိုဠ်ပင်ပေါက်တွေက အစီအရီ။ ဒီဘက် အောက်နားမှာက ငရုတ်ခင်း…။ တဲအနီးမှာတော့ တနိုင်စာ စိုက်ထားသည့် ခရမ်းခင်း ခပ်ငယ်ငယ်က ခရမ်းသီးတွေ တွဲရရွဲနှင့် ခရမ်းပင်တွေက စီစီတန်းလို့…။

ခပ်ဝေးဝေးကို မျှော်ကြည့်ရင်တော့ ဒေသအခေါ် ကမွတ်ကသဲ တောင်တန်းကြီး။ အဲဒီ တောင်တန်းရဲ့ ဟိုမှာဘက်မှာ မုလအိ ဘုရားရှိသည်ဟု ဒေါ်ကြီး ပြောပြဖူးသည်။ အဲဒီ ဘုရားကို သွားဖူးရင် ချစ်သူရည်းစားတွေ အတူတူ သွားဖူးလို့ မရ၊ သွားဖူးလျှင် ဖူးစာ မဆုံဖြစ်တတ်သည်ဟုလည်း ပါးစပ်ရာဇ၀င်လိုလို ကြားဖူးသေးသည်။ တခါတလေကျရင်တော့ အဲဟို တောင်တန်းကြီးဆီမှပင် ဖြစ်ဟန်တူသည် လက်နက်ကြီးငယ်သံ တချို့က မငြိမ်းချမ်းသေးသည့် သရုပ်ကို ဖော်ကျူးနေပါသေးသည်။

***

နှမ်းခင်းကိုရောက်တော့ နေရောင်ဖြိုးဖျဖျ ထွက်စပြုနေပါပြီ။ အတွေ့အကြုံ ရှိနှင့်ပြီးသား ကျော်စွာတို့ တသိုက်ကတော့ သူတို့ အဖေနှင့်အတူ တက်ညီလက်ညီ ကူနေပေမယ့် သူ့မှာတော့ ဟိုနေရာ ရပ်ရမလိုလို၊ ဒီနေရာ ရပ်ရမလိုလို ယောင်နန…။

`နကျယ်ကောင်လေး၊ လာလာ ဒီနားကနေ စနှုတ်´

ဘကြီးက သူ့ကို ကွမ်းသွေးတွေရဲနေသော သွားတွေ ပေါ်နေအောင် ပြုံးကြည့်ရင်းလှမ်းခေါ်လိုက်သည်။ အသံက စူးကျယ်ကျယ်၊ အကောင် ခပ်သေးသေးနှင့် သူ့ကို ဘကြီးက စတွေ့တွေ့ချင်းမှာပင် နာမည်ပြောင် ပေးလိုက်သည်။ `နကျယ်ကောင်´ တဲ့။ နကျယ်ကောင် ဆိုတာက သူတို့ နယ်ဘက်က တောထဲမှာ တစီစီနှင့် မဆုံးနိုင်အောင် အော်နေသော အင်းဆက် အကောင်တမျိုးပါ။ အဲဒီအကောင်တွေ လေးငါးကောင် အော်ပြီဆိုရင် နားထဲမှာ စူးနေအောင်ပင် နားညည်းလှသည်။

`လာ၊ ဘကြီးနှုတ်တာကို ကြည့်ပြီး လိုက်နှုတ်နော်´

တကယ်တော့ နှမ်းပင်တွေသာ တကယ့်တကယ် သန်သန်မာမာ ဆိုလျှင် အခုလိုမျိုး လက်ဖြင့် နှုတ်ဖို့ မလွယ်ပါ။ မြေသြဇာကောင်းကောင်း သုံးပြီး စနစ်တကျ စိုက်လျှင် နှမ်းပင်တွေက လူတရပ်ခန့်ထိလောက်ပင် ရှိနိုင်သည်။ ဘကြီး ဦးကုလားရဲ့ နှမ်းခင်းလေးကတော့ မိသားစု ၀မ်းစာဆီရရုံမျှအတွက်သာ ထွန်ယက်ပြီး ချောင်းဘေးမှာ ကျဲထားတာမို့ နှမ်းပင်တွေက တတောင့်ခွဲသာသာမျှခန့်သာ…။ တချို့ အပင် တပင်တလေကတော့ ခါးသာသာလောက် ထိုးထိုးထောင်ထောင်။

နှုတ်ခါစကတော့ နှမ်းပင်လေး သုံးလေးငါးပင် ဆွဲစုလိုက် ဖြုတ်ခနဲ ဆွဲနှုတ်လိုက်၊ နည်းနည်းများလာရင် နှမ်းခင်းဘေးမှာ အစည်းစည်းနေသော ဒေါ်ကြီးနှင့် အမဖြစ်သူဆီ သွားပို့ပေးလိုက်နှင့် ဟုတ်တုတ်တုတ်။ နှစ်နာရီ သာသာလောက် နှုတ်ပြီးချိန်မှာတော့ သူ လက်ပန်းကျတော့သည်။ နှမ်းပင်တွေက ဆွဲနှုတ်လို့ မပါတော့…။

`ဘယ်လိုလဲကွ၊ မနိုင်တော့ဘူးလား´

တတန်းထဲလည်း ဖြစ်၊ ရွယ်တူချင်းလဲ ဖြစ်တဲ့ ကျော်စွာက လှမ်းမေးတော့ မခံချင်စိတ်လေးက ငေါက်ခနဲ ထလာပြီး…

`အောင်မာ ကုလားမည်းကများ၊ ဒီလောက်ကတော့ အပျော့ပဲကွ´

`၀ါးဟားဟား´ ဟူသော ရယ်သံများက နှမ်းခင်းလေးမှာ စီခနဲ ညံသွားသည်။ အဲ…၊ ဟုတ်သား။ သူ့အဖေနာမည်က ဦးကုလားဆိုတာကို မေ့ပြီးတော့ ညီအကိုအချင်းချင်း ခေါ်သည့် အမည်ပြောင်ကို ဘကြီးရှေ့မှာ `ကုလားမည်း´ လို့ ခေါ်မိတာကိုး…။ ဒါပေမယ့် ရယ်နေကြသည့် အထဲတွင် သဘောကောင်းလှသည့် ဘကြီး အသံက အကျယ်ဆုံး…။

***

`ထမင်းစားစို့ဟေ့´

ဘကြီးခေါ်လဲ ခေါ်မှပင်…။ ၀မ်းကလည်း ဟာလှပြီ။ ဒီလိုနဲ့ ချောင်းစပ် ထမင်းဝိုင်းလေးမှာ ဆီပြန်မပါ၊ ပေါ်ဆန်းမွှေး မဟုတ် ကြီးဒေါ်လက်ရာ ခရမ်းသီးဟင်း ငါးပိထောင်း နှင့် မန်ကျည်းရွက် ဟင်းချိုက ဆာဆာမို့လို့လားတော့ မသိ၊ နတ်သုဒ္ဓါအလား။ ညီအကိုတွေ ကုန်းလွေးလိုက်သည်မှာ ချက်လာသမျှ ထမင်းဟင်း တက်တက်ပြောင်…။

`နေ့လည်ကျရင် နကျယ်ကောင်နဲ့ ဖိုးကောက်နဲ့ ချောင်းထဲမှာ ခရုဖင်လိမ် သွားကောက်ချေ´

နှမ်းနှုတ်တာ အထာမကျလို့လား၊ သူ့ကို သနားလို့လားတော့ မသိ…။ ဘကြီးက ဖိုးကောက်နဲ့ သူ့ကို ချောင်းထဲ ဆင်းခိုင်းတော့ သူ့အတွက်တော့ ဖိုးကျိုင်းတုတ်…။ ချောင်းထဲမှာ ရေလဲ ကူးရမည်။ ခရုဖင်လိမ်လဲ ကောက်ရမည်။ နှမ်းနှုတ်တာထက်တော့ အပုံကြီးသက်သာမည်။

ခရုဖင်လိမ် ကို ရန်ကုန်မှာနေစဉ်က သူတခါမှ မစားခဲ့ဘူးပေ။ အကြီးဆုံး အရွယ် လက်မသာသာခန့်သာ ရှိသည့် အဲဒီ ခရုတွေက ရှည်မျောမျော အရစ်ရစ် ပုံစံလေး…၊ သူတို့ကတော့ အလွယ်တကူပင် ခရုဖင်လိမ် ဟု ခေါ်ကြ၏။ သူတို့ ရွာကလေး အနီး ကြခတ်ချောင်း ချောင်းစပ်တလျှောက် သဲစပ်စပ်တွေမှာ လိုက်ကောက်ရသည်။ ပြီးရင် ချောင်းဘေးမှာပဲ ပေါက်လေ့ရှိသည့် ဇရစ်ပင်တွေ နှုတ်၊ အိမ်ကိုရောက်လျှင် ခရုဖင်လိမ်တွေကို ရေပြောင်အောင်ဆေး…၊ ခရုထိပ်ဖျားတွေကို ဓားဖြင့် နည်းနည်းစီ ခုတ်ဖယ်ပြီး ဇရစ် ဟင်းချိုမှာထည့်။ ပြီးရင်တော့ ထမင်းဝိုင်းမှာ ခရုစုပ်သံ တဖရူးဖရူးနှင့် ညံပေရော့…ပေါ့။ အရသာကတော့ အတော်ချိုသည်။

ညီအကို နှစ်ယောက် တနာရီသာသာလောက် ခရုကောက်လိုက်တော့ ခရု နှစ်ပြည်သာသာလောက် ရလိုက်သည်။ ခရုကောက်ရင်း ချောင်းစပ်မှာ တွေ့သမျှ ဇရစ်တွေလဲ နှုတ်ပြီးပြီ။ ငပိတို့စရာ လုပ်ဖို့ ဍရင်ကောက် ညွှန့်တွေပါ နှုတ်လိုက်ကြသေးသည်။

`မင်း ဖား စားမလား´

`မိုးတွင်းမှ မဟုတ်တာ ဘယ်က ဖားထွက်မလဲ၊ မိုးလဲ မရွာဘဲနဲ့ကို´

`ဒါဆို ငါဖမ်းပြမယ် ကြည့်နေ´

မိုးလည်းမရွာ၊ ညအခါလည်း မဟုတ်ဘဲ ဒီကောင် ဘယ်လိုလုပ် ဖားရမှာလဲ။ ဒါပေမယ့် သိပ်မကြာခင်မှာပင် ဖားရအောင် ဖမ်းနည်းကို သိရတော့သည်။

တတ်လဲ တတ်နိုင်တဲ့ ဖိုးကောက်၊ ဖားအော်သံ အတုလုပ်ပြီး ချောင်းရိုးတ၀ိုက် လိုက်အော်တော့ `အွမ်´ ခနဲ အော်သံ တချို့ ထွက်လာသည်။ ကျနော့်ကို အသာနေရန် လက်ဟန်ပြရင် သူက ဖားအော်သံ `ခရူး… ခရူး´ နှင့် အသံထပ်ပေးတော့ တွေ့ပါပြီ။ `အွမ်´ သံပေးနေတဲ့ စားဖားတကောင်…။ ကျင့်သားရနေသော ဖိုးကောက်က ပါးစပ်ကလဲ ဖားလိုအော်ရင်း လက်ထဲက လောက်လေးခွဖြင့် လှမ်းပစ်လိုက်သည်။ နောက်မှ သူက ပြောပြသည်။ သူအော်တာက ဖားထီးအသံ၊ `အွမ်´ ဆိုပြီး အသံပေးထွက်လာတာက တွင်းအောင်းနေတဲ့ ဖားမ အသံတဲ့။ မိုးဦးကျ ဖားရိုက်ထွက်သလို မလွယ်လှပေမယ့် အကောင် ခပ်ရွယ်ရွယ် သုံးကောင်ရလိုက်၏။

***

နှမ်းခင်းကို ပြန်ရောက်တော့ နှုတ်ပြီးသား နှမ်းပင်စည်းတွေကို လှည်းပေါ်သို့ပင် တင်နေကြလေပြီ။

`ဘကြီး၊ သားတို့ ခရုတွေ အများကြီးရလာတယ်ဗျ´

`အေးကွာ၊ ဟုတ်ပါပြီ´ လို့ ပြောရင်း ဘကြီးကတော့ ခပ်ပြုံးပြုံး…။ နှမ်းစည်းတွေ ကုန်စင်အောင် တင်ပြီးလို့ လှည်းတအိအိဖြင့် ဘကြီးမောင်းသွားချိန်မှာတော့ နေလဲ စောင်းပါပြီ။ ချောင်းရိုးဘေး လှည်းလမ်းကလေး တလျှောက် လျှောက်လာကြရင်း တောင်ယာတဲဆီကို အပြန်မှာ ပါးစပ်ထဲ တွေ့ကရာ ရသမျှ သီချင်းကို အော်ဟစ် သီဆိုလာကြသော ကျနော်တို့ ညီအကိုတွေရဲ့ အသံတွေက ချောင်းရိုးတ၀ိုက် ဟိန်း..လို့။

တဲကို ပြန်ရောက်လျှင် တလင်းမှာ နှမ်းစည်းတွေ ဖြည်ရအုံးမည်။ နှမ်းသီးတွေ ခြောက်လို့ နှမ်းစေ့တွေ ပုံလာအောင် သုံးလေးရက်တော့ တလင်းထဲမှာ ထားရအုံးမည်။ ဘကြီးကတော့ နှမ်းဆီတွေရရင် `င့ါညီမ တူးမာအတွက်´ ဆိုပြီး အိမ်ကို နှမ်းဆီလာပို့အုံးမှာ သေချာပါသည်။


ကလိုစေးထူး

(ငယ်စဉ်ဘ၀ တောရွာမှာ ပျော်ခဲ့ဖူးသော အချိန်တချို့ကို သတိရ ခံစား ရေးဖွဲ့ပါသည်။)

Tuesday, January 29, 2008

ဒါဟာ… အတင်းတဲ့လား…၊ အဲဒါ အတင်းတဲ့လား…

ပြောချင်၊ ရေးချင်နေတာတော့ ကြာပါပြီ။ မအားလပ်သေးတာရယ်၊ တခြားသော သရုပ်ဖော်စာတွေကို ရေးချင်စိတ်က ပိုများနေတာရယ်ကြောင့် ဒါကို မပြောဖြစ်ခဲ့သေးတာပါ။

တခြားတော့ မဟုတ်ပါဘူး။ ဒီဘက်နောက်ပိုင်း လတွေမှာ ကျနော်နဲ့ တကွ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါ အတော်များများကို မေတ္တာထားကြသူ ဟိုပုဂ္ဂိုလ်များက လက်သုံးစကားလေး တခုကို အပီအပြင်ကိုင်စွဲလို့ ဒေါသတွေ မထွက်ထွက်အောင်၊ စကားအရာအရ မနိုင် နိုင်အောင် ပြောဆို ပုတ်ခတ်တာတွေပါ။ ဘာတဲ့…၊ `အတင်းပြောနေပြန်ပြီ၊ အရည်မရ အဖတ်မရတွေ´ …တဲ့။

အဲဒီ ပုဂ္ဂိုလ်တွေကို သေသေချာချာ ဂရုစိုက် လေ့လာကြည့်မယ်ဆိုရင် ဘလော့ဂ် နာမည်တွေကသာ ကွဲမယ်၊ လက်ရှိ အုပ်ချုပ်သူ အာဏာပိုင်တွေကို သွယ်ဝိုက်လို့ တမျိုး၊ ဗြောင်ကျကျ တသွယ် ဖော်လံဖား အားပေးနေတာကတော့ တပုံစံတည်းပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ဖော်လံဖား ဘလော့ဂ်တွေကို (သူတို့အချင်းချင်းက လွဲလို့) ဘယ်သူကမှ အသိအမှတ်ပြု အားမပေးကြတဲ့အခါမှာ သူတို့ရဲ့ ပစ်မှတ်ဟာ ဒီမိုကရေစီ လိုလားသူတွေရဲ့ ဘလော့ဂ်တွေမှာ ပုံစံမျိုးစုံနဲ့ ဆဲရေးခြင်း၊ မထိတထိ ရန်စခြင်း အစရှိတာတွေကို ဖန်တီးတော့တာပါပဲ။

သူတို့ ရန်စလိုက်လို့ တော်ရုံတန်ရုံ စိတ်သိပ်မထိန်းနိုင်တဲ့ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါတယောက်ယောက်က ပြန်ပြောမိရင် သူတို့ကလည်း ထပ်ပြော၊ တဆင့်တဆင့်နဲ့ အပြန်အလှန် အကြီးအကျယ် ငြင်းခုန်ကြတဲ့ အဆင့်ကို မရောက်ရောက်အောင် ဖန်တီးယူတာကို သတိထားမိပါတယ်။ ဒီတော့ သာမန်အားဖြင့် `နိုင်ငံရေး´ ကို လေ့လာမြည်းစမ်းလိုသူ လူငယ်တွေရဲ့ အမြင်မှာ `နိုင်ငံရေး ဆိုတာကြီးက တဖက်နဲ့ တဖက် တိုက်ခိုက်အငြင်းပွား နေကြတာကြီးပါကွာ´ လို့ မြင်သွားစေလိုတဲ့ ရည်ရွယ်ချက် ပါဟန် ရှိပါတယ်။

ကျနော်တို့က ကျနော်တို့ရဲ့ ရင်ထဲက ဆန္ဒတွေ၊ ဖြစ်စေချင်တာတွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ချရေးလိုက်တယ်။ ရေးမိတာတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင် ဘလော့ဂ်မှာ မှတ်ကျောက်အတင်ခံပြီး လာဖတ်သူတွေရှေ့ ဖြန့်ခင်းပြလိုက်တော့ ထပ်တူထပ်မျှ ခံစားရသူတွေကလည်း သူတို့ရဲ့ ခံစားချက်တွေကို ဝေမျှကြတယ်။ ရှင်းရှင်းလေးပါပဲ။ ဒါပေမယ့် ခက်တာက၊ အဲဒါကိုတောင်မှ မရှုစိမ့်နိုင်သူတွေပါ။ ဘာအကြောင်းပဲ ရေးလိုက် ရေးလိုက်၊ လက်ရှိ အာဏာပိုင်တွေကို ထိပါးလိုက်ပြီ ဆိုတာနဲ့ အလွတ်ကျက်ထားသလို စာသားနဲ့ ပြန်တုံ့ပြန်ပါတော့တယ်။ `အတင်းပြောနေတယ်´ တဲ့…။

ကဲ…၊ ဟုတ်ပြီ။ ကျနော်တို့ကို `အတင်းပြောနေပါတယ်´ လို့ စွပ်စွဲနေသူတွေကို ကျနော် မေးခွန်း ပြန်ထုတ်ချင်ပါတယ်။ ကျနော်တို့ကို လက်ရှိအုပ်ချုပ်နေသူတွေက မြန်မာလူမျိုး ဖြစ်သလို၊ ကျနော်တို့ကလည်း မြန်မာလူမျိုးပါပဲ။ မြန်မာလူမျိုးချင်း နားလည်တဲ့ မြန်မာဘာသာစကားကို အသုံးပြုပြီးတော့ ကိုယ်ပိုင်ဘလော့ဂ်ကနေ မည်သူမဆို ဖတ်လို့ရနိုင်အောင် တင်ထားပြီးတော့ မိမိဆန္ဒကို ထုတ်ဖော်တာဟာ အတင်းပြောတယ်လို့ ပြောနိုင်ပါသလား။ အတင်းပြောတယ် ဆိုတာရဲ့ အနက်အဓိပ္ပာယ် ဆိုလိုရင်းကိုရော လေ့လာမိကြပါရဲ့လား။

လွတ်လပ်တဲ့ သတင်းအင်တာနက် စာမျက်နှာပေါ်မှာ ကိုယ့်ခံစားချက်ကို ကိုယ်ထုတ်ဖော်တာဟာ တကယ်တော့ `အတင်း´ မဟုတ်ပါဘူး။ တကယ့်တကယ်တမ်း အာဏာပိုင်တွေက စဉ်းစားဉာဏ်ရှိရှိနဲ့၊ အဓိဌာန်ကျကျ သုံးသပ်တတ်မယ်ဆိုရင် ဒါဟာ သူတို့အပေါ် ပြည်သူတွေက ထားရှိတဲ့ တကယ့်ဆန္ဒအစစ်အမှန်ပါ။ ဘက်ပေါင်းစုံကနေ ဖိနှိပ်ပိတ်ပင်ခံထားရတဲ့ အတွက် ပြည်တွင်းက ပြည်သူတွေက မပြောသာ၊ မပြောရဲတာဟာ သူတို့အပေါ် ထားရှိတဲ့ တကယ့်သဘောထား အစစ်အမှန်လို့ ထင်မြင်နေတာကိုက စိတ်ပျက်စရာ ကောင်းနေတာပါ။ တကယ်တမ်းသာ ကျနော်တို့ ပြောနေသမျှဟာ `အတင်းစကား´ ဆိုတာ သေချာပေါက် ယုံကြည်သပ ဆိုရင် ဘာကြောင့်များ ကျနော်တို့ရဲ့ ရေးသားချက်တွေကို ပြည်သူတွေက ဖတ်ခွင့်မရအောင် ပိတ်ပင်နေရပါသလဲ။ အတင်းစကားပဲ၊ ဘာများ ဂရုစိုက်စရာ လိုနေပါသေးလဲ။ `အတင်းစကား´ ကိုမှ ယုံကြည်နေလောက်အောင် ကျနော်တို့ ပြည်သူတွေ စဉ်းစားဉာဏ် မဲ့နေတယ်လို့တော့ ကျနော်မထင်ပါ။

ကျနော်တို့ကို `အတင်းပြောနေပါတယ်´ လို့ ပုတ်ခတ် စွပ်စွဲနေသူတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တော့ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ မကောင်းကြောင်း၊ အဲဒီနိုင်ငံတွေက ရဲတွေက ဘယ်လိုဆိုးတာ၊ အဲဒီနိုင်ငံ စစ်တပ်ကတော့ ဘယ်ပုံဘယ်နည်း မကောင်းတာ၊ အစရှိတာတွေကို ကပ်ကပ်သပ်သပ် စစ်စစ်ပေါက်ပေါက် ရေးထားတာကို တွေ့နိုင်ပါတယ်။ ကဲ၊ သူတို့ အဲဒီလို ရေးနေတာတွေကို အဲဒီနိုင်ငံကြီးတွေက သိပါလေစ။ သိဖို့ နေနေသာသာ ဟိုက ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် ထင်မှာမဟုတ်ပါဘူး။ သိစရာ အကြောင်းလဲ မရှိပါဘူး။ မြန်မာလိုရေးထားတာတွေကိုး…။

ဒါပေမယ့် ကျနော်တို့ ရေးနေတာတွေကိုတော့ မြန်မာနိုင်ငံ အုပ်ချုပ်သူ အာဏာပိုင် လူကြီးမင်းများက သိပါတယ်။ သိလို့လဲ Blogger.com ဆိုတာကြီးကို ပိတ်ပင်ထားတာပါ။ သူတို့ကို ဆန့်ကျင်တဲ့ သတင်းမီဒီယာ မှန်သမျှကိုလည်း ဖြုတ်ဦးနှောက်နဲ့ လိုက်ပိတ်နေတာပါ။ ကဲ…၊ ဒါဖြင့် တကယ်တမ်း အတင်းပြောနေသူတွေက ဘယ်သူတွေ ဖြစ်နိုင်ပါမလဲ။

ဒါပေမယ့် `အတင်းပြောတယ်´ ဆိုတဲ့ စကားကတော့ ဒီမိုကရေစီ လိုလားသူ မြန်မာဘလော့ဂါတွေကို တိုက်ခိုက်ဖို့ အကောင်းဆုံး စကားလို ဖြစ်နေပါတယ်။ ဘာကြောင့်ပါလဲ။ ဒီစကားဟာ အရပ်ထဲမှာ အရပ်သား အချင်းချင်း ပြောရင်တောင် သိပ်စိတ်ဆိုးချင်စရာကိုး။ ပြီးတော့ အချက်အလက်အရ၊ အကြောင်းအရာအရ သေသေချာချာ ဃဃနနလည်း ပြန်လည် ချေပနေစရာ သိပ်မလိုလှဘဲနဲ့ စာရေးသူကို ဒေါသထွက်လာအောင် ဆွနိုင်တဲ့ နည်းဆိုတော့ ဘာကိုပဲ ရေးရေး၊ `အတင်းပြောနေပြီ´ လို့ ပုတ်ခတ်ဖို့ အဆင်သင့် ဖြစ်နေတော့တာပါပဲ။

လွန်ခဲ့တဲ့ သုံးလေးရက်က ဘလော့ဂ်ရေးဖော် မောင်နှမတချို့နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ စကားပြောရင်းနဲ့ ဘာကို သတိထားမိသလဲဆိုတော့ သူတို့တွေရဲ့ စိတ်ထဲက ဆန္ဒတွေကို လှမ်းမြင်ယောင် လာမိတာပါ။ ဒါပေမယ့် သူတို့တွေရဲ့ အဲဒီဆန္ဒတွေကို သူတို့ဘလော့ဂ်မှာ အကုန်အစင် သူတို့ ချမရေးကြဘူး။ ဘာကြောင့်လဲ။ အထက်က ကျနော်တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ စနက်ကြောင့်ပါပဲ။ ဒီလိုလူတွေနဲ့ ဖက်ပြိုင်ပြီးတော့လည်း ရန်မဖြစ်ချင်ဘူး။ ဒါပေမယ့် လာပြောရင်လဲ မခံချင်စိတ်နဲ့ ပြန်ပြောမိတော့ ကိုယ့်မှာပဲ ဒေါသထွက်ရမယ်။ မရေးတာပဲ ကောင်းပါတယ်လို့ တွေးကြဟန် များလာတယ် လို့ ထင်မိပါတယ်။

မိန်းကလေးဆိုရင်လည်း မိန်းကလေး အလျှောက် နှမသားချင်း စာနာစိတ်လေးတောင် မထား ပုတ်ခတ် တိုက်ခိုက် ဆဲရေးပစ်ဖို့ ၀န်မလေးကြတဲ့ အဲဒီလူတွေရဲ့ စနက်ဟာ `လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်´ ကို စနစ်ကျကျ သွယ်ဝိုက် ထိပါးနေသလိုပါပဲ။

ဒါပေမယ့် ကျနော်တို့ ဆက်ရေးစရာရှိတာကတော့ ရေးရအုံးမှာပါပဲ။ အခုရော…၊ `အတင်းပြောနေပြန်ပြီ´ လို့ လာပုတ်ခတ်ချင်သူ ရှိနိုင်ပါသေးတယ်။ ဒီတော့လဲ ဘာဖြစ်သေးလဲ။ ခပ်ပြုံးပြုံးပေါ့။ အဓိကကတော့ ကိုယ်လျှောက်တဲ့ လမ်းကို ကိုယ်တကယ် ယုံဖို့ပါပဲခင်ဗျာ။



ကလိုစေးထူး

Monday, January 28, 2008

ခြောက်နှစ် အလွန်…

`ဒေါက်… ဒေါက်… ဒေါက်…´

`မေမေ... မေကြီး… သားပြန်လာပြီလေ´

တိုးဖွဖွ တံခါးခေါက်သံနှင့်အတူ ခေါ်သံတခုက နားထဲကို တိုးဝင်လာ၏။ ခဏနေတော့ အသံကတိတ်ဆိတ် သွားပြန်သည်။ နောက်တော့ ခေါ်သံက နီးနီးကပ်ကပ် ပေါ်လာသလိုလို ခံစားရပြန်သည်။ စိတ်အာရုံ၏ တွန်းအားတို့ဖြင့် တစုံတခုပြောဖို့ အားယူလိုက်တော့…

`သား…၊ သားကြီး၊ သားကြီးပြန်လာပြီလား´

***

`မေမေ၊ မေမေ´

အဆက်မပြတ်ခေါ်သံ တခုကို တကယ်တမ်း ကြားရသည့် အချိန်ကျတော့မှပင် စောစောက ကြားနေခဲ့တာက တကယ်မဟုတ်ပါလား ဆိုသည့် အသိအာရုံက ပြန်ဝင်လာတော့သည်။

`မေမေ၊ အိပ်မက် မက်နေတာလားဟင်´

သမီးငယ်ဖြစ်သူရဲ့ စိုးရိမ်မကင်းဟန် မျက်နှာထားနှင့် မေးခွန်းကို အသာအယာ ခေါင်းငြိမ့်ပြလိုက်တော့ အလိုက်သိလှသော သမီးက သောက်ရေတခွက်ကို သွားခပ်လာ၏။ အေးမြမြ ရေတခွက်က တကယ့်တကယ်တမ်း ရင်ထဲက ပူလောင်မှုကို ငြိမ်းစေလေသလား။ သူ မသိပါ။

`သမီး…၊ ပြန်အိပ်တော့လေ´

`ဟုတ်´

မျက်နှာမသာမယာဖြင့် သမီးငယ်ပြန်ထွက်သွားတော့ အခန်းထဲမှာ သူတယောက်ထဲ…။ သမီးထွန်းပေးခဲ့သော ဖယောင်းတိုင် မီးရောင် မှိန်ရောင် မှိန်ဖျဖျက အမှောင်ကို တတ်အားသရွေ့ အံတုရင်း သူ့ကို ကရုဏာသက်လှစွာ ဖေးကူနေသယောင်ယောင်…။

အခန်းတ၀ိုက် အဓိပ္ပာယ်မဲ့ လိုက်ကြည့်နေမိသော အကြည့်တို့က တနေရာ အရောက်မှာတော့ တန့်ခနဲ ရပ်သွားသည်။

ဂစ်တာအိုလေး တလက်…။

သခင်မဲ့နေတာ နှစ်အတန်ကြာနေခဲ့သော ဂစ်တာအိုလေး။ သံစဉ်အပိုင်းအစ များစွာကို သခင့်အလိုကျ ကျူးရင့်ခဲ့သော ဂစ်တာအိုလေး။ `မေမေ၊ သားသီချင်း နားထောင်မလား´ ဆိုပြီး အတင်းကာရော လာလာတီးပြတတ်သော သားကြီး တီးနေကြ ဂစ်တာအိုလေး။

ချိတ်ဆွဲထားသော ဂစ်တာအိုလေးကို အသာအယာ ယူငင်ပြီး ကြိုးတချောင်းကို တို့ထိ တီးခတ်လိုက်တော့ `ဒေါင်´ ခနဲ မြည်သံက တိတ်ဆိတ်မှုကို ခေတ္တခဏ ဖြိုခွင်းပစ်လိုက်သည်။ ထိန်းချုပ်မရလိုက်သော မျက်ရည်စတချို့က ဂစ်တာအိမ်လေးပေါ် ပေါက်ခနဲ ပေါက်ခနဲ…။

***

`မေကြီးက သားကို မချစ်ပါဘူး´

ဒီစကားကို မကြာခဏပြောခဲ့သော သားကြီးကို သူ ဘာမှ ဖြေရှင်းချက် မပေးခဲ့မိပါ။ သားသမီးတွေအနက် အကြီးဆုံး ဆိုတော့ သူ့ထက် အငယ်တွေကို ပိုဦးစားပေးလို့များ ဒီလိုထင်တာလား၊ ဒါမှမဟုတ် ဖြစ်စေချင်လွန်းတဲ့ ဆန္ဒနဲ့ အားမလိုအားမရတာတွေကြောင့် မကြာခဏ ရိုက်နှက်ခဲ့မိလို့များ ဒီလိုထင်တာလား။ ဒါပေမယ့် သားကြီး ဆယ်တန်းအောင်တဲ့ နေ့က သူပျော်သော အပျော်ကို မြင်တဲ့နောက်ပိုင်းမှာတော့ `မေကြီးက သားကို ချစ်တော့ ချစ်ပါတယ်´ လို့ ပြောပြန်သည်။ ဘာပဲဖြစ်ဖြစ် သူ ကျေနပ်ခဲ့ရပါသည်။ မိဘပဲကွယ်၊ သားသမီးကို မချစ်ဘဲ ဘယ်နေပ့ါမလဲ။

သမီးငယ်ကို မွေးတော့ သားကြီးက ၁၄ နှစ်သား၊ သူ့ညီက ၁၁ နှစ်။ ညီအကိုနှစ်ယောက်နှင့် သူတို့အဖေက မွေးခန်းအပြင်ကနေ စောင့်လို့…၊ `မိန်းကလေး မွေးတယ်´ ဆိုတော့ ညီအကိုနှစ်ယောက်က ပျော်လို့…။ အဲဒီတုန်းက သားကြီးက သူ့ကို ထူးထူးခြားခြား မေးခဲ့တဲ့ မေးခွန်းကို အမှတ်ရနေပါသေးသည်။

`မေကြီး…၊ ညီမလေးကို မွေးတာ ညည်းသံ လုံးဝမကြားရဘူးနော်။ သားတို့ကို မွေးတုန်းကရော မေကြီး မညည်းဘူးလားဟင်´

သူက ပြုံးရင်း `မေမေ မွေးတဲ့ သားသမီးတွေပေးတဲ့ နာကျင်မှုအတွက် မေမေ တခါမှ မညည်းခဲ့ဘူး´ လို့ ပြန်ဖြေတော့ သားကြီးတယောက် အတန်ကြာ ငိုင်ကျသွားခဲ့ဖူးသည်။

***

`မေမေ၊ သားသွားတော့မယ်´

ဒီစကားတခွန်းဟာ ရှည်ကြာလွန်းသော ခွဲခွာရခြင်းရဲ့ အစလားဆိုတာ အဲဒီတုန်းက သူတကယ် မသိခဲ့ပါ။ ဒါပေမယ့် သူ့ခြေဖမိုးကို နဖူးဖြင့် ထိခတ် ရှိခိုးပြီး နှုတ်ဆက်သွားသော သားကြီးကတော့ အဲဒီကတည်းက…။

တံခါးခေါက်သံ တိုးဖွဖွလို အသံတွေကြားယောင်တိုင်း သားကြီး ပြန်လာလေပြီလား လို့ လွမ်းရသည်။ လူခြေတိတ်တဲ့ ညချမ်းတွေက လူငယ်တချို့ရဲ့ ဂစ်တာသံကြားတော့ သားကြီးကို လွမ်းရသည်။ လူမစုံတော့တဲ့ မိသားစု ထမင်းဝိုင်းလေးကို ကြည့်ရင်း သားကြီးကို လွမ်းရသည်။

***

အတွေးတွေ ပြန့်ကျဲနေလိုက်သည်မှာ ခေါင်းရင်း ပြတင်းကတဆင့် လင်းရောင်ပြူစ လောကကို မြင်မှပင် ပစ္စုပ္ပန် ပြကတိကို သတိရမိတော့သည်။

အင်း…၊ နေ့တနေ့ကို ဖြတ်ကျော်ရပေအုံးမည်။ ဒီလိုနေ့ပြီးရင်ရော…၊ နောက်ထပ် နေ့များစွာ၊ များစွာ၊ များစွာ၊ … … … …။

နေ့များစွာထဲမှ တခုသောနေ့မှာတော့ သားကြီးတယောက် တကယ်ပဲ တံခါးလာခေါက်တန်ကောင်းပါရဲ့…။


ကလိုစေးထူး

(အိမ်ကို ခွဲခွာခဲ့ရခြင်း ခြောက်နှစ်ပြည့် အနေနဲ့ ဒီစာစုကို ရေးတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ မေမေတယောက် ဘယ်လိုနေရှာမလဲ ဆိုတဲ့ စိတ်နဲ့ ခံစားရေးဖွဲ့ရင်း မေမေ့အတွက် ရေးခဲ့ဖူးတဲ့ သီချင်းကိုပါ ပြန်လည် တင်ပြလိုက်ပါတယ်။)




Friday, January 25, 2008

စာရေးကြမယ်...

ဒီနေ့ တင်ပြမယ့် ပို့စ်ပုံစံမျိုးကို ကျနော် ရေးချင်နေမိတာ အတော်တော့ ကြာပါပြီ။ ဒါပေမယ့် `ဒီကောင် ဆရာကြီး လုပ်ပြန်ပြီ´ လို့ အထင်တော် ရှိကြမှာကို စိုးရိမ်မိတာ တချက်၊ တခြားသော ပို့စ်တွေကိုပဲ ရေးဖြစ်နေတာက တချက်ကြောင့် အတော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။

ကြိုတင် ပန်ကြားပါရစေ ခင်ဗျာ။ အခု တင်ပြမယ့် ပို့စ်ဟာ စာအရေးအသား ကောင်းမွန်ထက်မြက်နှင့်ပြီးသား စာရေးဆရာ/ ဆရာမ ရင့်မကြီးတွေအတွက် မရည်ရွယ်ပါဘူး။ စာအရေးအသားကို ရေးရင်း၊ လေ့ကျင့်ရင်း ကျနော်တို့လို ကလောင်သွေးဆဲ ညီအကို မောင်နှမများအတွက် တစုံတခု အထောက်အကူအပံ့ ဖြစ်စေမလားလို့ တွေးဆပြီး တင်ပြပါတယ်။ တစုံတရာ လိုအပ်ချက်၊ ဖြည့်စွက်လိုချက်တွေ ရှိလာခဲ့ရင်လဲ အားမနာစတမ်းသာ ထောက်ပြ ဖြည့်စွက် ဝေဖန်နိုင်ကြပါတယ် ခင်ဗျာ။

အရင့်အရင်ကလည်း မကြာခဏဆိုသလို စာတွေထဲ ထည့်ထည့်ရေးခဲ့ဖူးပါပြီ။ ယနေ့ ကာလအချိန်မှာဆိုရင် မြန်မာဘလော့ဂ်တွေ တနေ့တခြား ပိုပိုလို့ များလာပါတယ်။ မြန်မာပြည်က နာမည်ကြီး ဂျာနယ်တစောင်ကဆိုရင် မြန်မာဘာသာနဲ့ ရေးသားတင်ဆက်နေတဲ့ ဘလော့ဂ်ပေါင်း ၄၀၀၀ ကျော်နေပြီလို့ တင်ပြခဲ့ပါတယ်။

အဲဒီ ၄၀၀၀ ကျော် ရှိနေတဲ့ ဘလော့ဂ်တွေ အနက်ကမှ နိုင်ငံရေး အဖွဲ့အစည်း၊ လူမှုရေး အသင်းအဖွဲ့၊ အာဏာပိုင် ထောက်ခံရေး ကိုယ်စားပြု အစရှိတဲ့ အဖွဲ့အစည်း အသင်းအပင်း ဆိုင်ရာ ဘလော့ဂ်တွေကို ခဏဖယ်ထားပြီးတော့ တခြားသော ပုဂ္ဂလိက ဘလော့ဂ်တွေကို လိုက်လံ လေ့လာကြည့်မယ် ဆိုရင် အများစုသော မြန်မာဘလော့ဂ် ရေးသားသူတွေဟာ အသက် ၁၈ နှစ်မှ ၄၀ အကြား လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်တာကို တွေ့ရှိရပါတယ်။

သူများရေးတာကို အားကျလို့ပဲ လိုက်ရေးရေး၊ ကိုယ်ကိုယ်နှိုက်က ၀ါသနာအရင်းခံရှိလို့ပဲ ရေးရေး ဘလော့ဂ် ရေးပြီ ဆိုကတည်းကိုက အဲဒီလူဆီမှာ စာရေးချင်စိတ် အစပျိုးလာတာပါပဲ။ ရေးချင်တဲ့စာ ပုံစံတွေ ကွာသွားကောင်း ကွာသွားနိုင်ပေမယ့် ဘလော့ဂ်တခုကို စတင် ဖန်တီးတော့မယ် လို့ ရည်ရွယ်လိုက်ကတည်းကိုက စာရေးချင်စိတ် အစပျိုးလာတာကတော့ ငြင်းမရပါဘူး။ (ခြွင်းချက်အားဖြင့်တော့ လိင်ပိုင်းဆိုင်ရာတွေကို တင်ဆက်တဲ့ ဘလော့ဂ်နဲ့ လူပုဂ္ဂိုလ်တဦးတယောက်ကို တိုက်ခိုက်လိုစိတ် သက်သက်နဲ့ ဖန်တီးတဲ့ ဘလော့ဂ် ပိုင်ရှင်တွေကိုတော့ စာရေးချင်သူ စာရင်းထဲက ဖယ်ထားပါရစေ)။

ဘလော့ဂ် တခုကို စတင်ရေးသားကြသူ အများစု (ကျနော် အပါအ၀င်) ကြုံတွေ့ရတာ တခုရှိပါတယ်။ ပို့စ် တခု၊ နှစ်ခု ရေးပြီးတဲ့ အခါမှာ ကိုယ့်မှာ ရေးစရာ ကုန်သွားသလို ခံစားရတာ၊ ဒါမှမဟုတ် ဘာဆက်ရေးရမှန်း မသိတော့တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ရေးကလည်း ရေးချင်တယ်။ ဒါပေမယ့် ဘယ်လိုတွေ ဆက်ရေးရမှန်း မသိသူတွေ အတွက် `စာတပုဒ်ကို ဘယ်လိုရေးမလဲ´ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျနော် မှတ်သား သိမီသလောက်လေး အကြံပေး တင်ပြပါရစေ။

***

တကယ်တော့ လူတိုင်းလူတိုင်းမှာ နေ့စဉ်လိုလို သွားလာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေကိုယ်စီက တပုံတပင်ပါပဲ။ ခက်တာက အဲဒီလို နေ့စဉ် ဖြစ်ပျက်နေတာတွေကိုပဲ စာမျက်နှာပေါ် ချရေးဖို့အတွက် အခက်အခဲ ဖြစ်လေ့ရှိနေတတ်တာပါ။ ကဲ…၊ ကျနော်တို့ တနေ့ တနေ့ နေ့စဉ် လှုပ်ရှား သွားလာနေတဲ့ အကြောင်းအရာတွေထဲကမှ လူတိုင်းလိုလို မလွှဲမရှောင်သာ ဆောင်ရွက်ဖြစ်နေတဲ့ သာမန် ကိစ္စလေးကိုပဲ စာတပုဒ် ဖန်တီး ရေးသားကြည့်ကြပါစို့။

ဖတ်ရှုဖူးတဲ့ စာအုပ်တအုပ်ထဲမှာ စာရေးဆရာကြီး တဦးက ပြောဖူးပါတယ်။ `ဟေ့၊ စာဆိုတာ ရေးတတ်ရင် အိမ်သာတက်တာတောင် စာတပုဒ်ဖြစ်အောင် ရေးလို့ရတယ်ကွ´ တဲ့…။ ဟုတ်ကဲ့၊ အဲဒီ စာရေးဆရာကြီး ပြောသလို ကျနော်တို့ ဖန်တီးကြည့်ကြပါမယ်။

လူတယောက် အိမ်သာတက်တယ်။ ဘာကြောင့်လဲ၊ ရှင်းရှင်းလေးပါပဲ။ ၀မ်းနာလို့ပါ။ ၀မ်းနာတာက အစာဟောင်းကို ခန္ဓာကိုယ်ကြီးက သဘာဝရဲ့ ဖန်တီးပေးထားချက်အရ လက်ခံလိုစိတ် မရှိလို့ နာတာပေါ့။ ၀မ်းနာတဲ့ အခါ ကိုယ်စားထားတဲ့ အစားအစာအပေါ် မူတည်ပြီးတော့ ဟိုနေရာက ရစ်တစ်တစ်လိုလို ဖြစ်လိုက်၊ ဒီနေရာက ခပ်စူးစူးလို ဖြစ်လိုက်နဲ့ အစာအိမ်က ဆန္ဒပြတော့တာပါပဲ။ နေရာထိုင်ရတာ အဆင်မပြေတော့ဘူး။ ကဲ ဒီတော့ အဲဒါကိုပဲ ကျနော်တို့ စာတပိုဒ်အဖြစ် ချရေးပြီးတော့ နိဒါန်းပျိုးကြည့်ကြရအောင်လား…။

`မနက်က အစားအတော် စုံသွားလို့ ထင်သည်။ ၀မ်းနာလာ၏။ အစာဟောင်းတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေဖို့ မလိုအပ်တာကြောင့် အပြင်ကို ထုတ်ပစ်ဖို့ အချိန်တန်လေပြီ။ နေရထိုင်ရသည်မှာ အဆင်မပြေလှ၊ ဟိုနေရာက ရစ်တစ်တစ်၊ ဒီနေရာက နာတာတာ…။ ဘယ်လိုမှကို အလုပ်လုပ်လို့ မရတော့အောင် ဆန္ဒပြနေသော အတ္တဘောကြီးကြောင့် အိမ်သာတက်ဖို့ ဆုံးဖြတ်လိုက်သည်။´

အထက်မှာ ကျနော် ရေးခဲ့တဲ့ စာကြောင်းတွေမှာ ထူးခြားဆန်းပြားတဲ့ အသုံးအနှုံး ဘာမှမပါပါဘူး။ ခံစားရတဲ့ ဝေဒနာကို ပုံဖော်ဖို့အတွက် ခပ်ရိုးရိုးပဲ ရေးပါမယ်။ အဲဒီကမှတဆင့် စာဖတ်တဲ့လူကို နောက်ထပ် စာကြောင်းတွေကို ဖတ်ချင်စိတ် ထပ်ပေါ်လာအောင် ဆွဲဆောင်ရေးသားကြည့်ပါစို့။

`မလွယ်နိုင်တော့တဲ့ ဝေဒနာကြောင့် အိမ်သာရှိရာကို အလောတကြီးနဲ့ သွားကာမှ ကံဆိုးလှစွာဖြင့်ပင် အိမ်သာထဲမှာ တစုံတယောက်က ရှိနေ၏။´

တကယ့်လက်တွေ့ အပြင်ဘက်မှာတော့ အိမ်သာထဲမှာ လူရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် အိမ်သာတက်တယ် ဆိုတဲ့ ဖြစ်စဉ် ရိုးရိုးလေးကို စိတ်ဝင်စားစရာ ဖြစ်လာအောင် စာဖတ်သူကို ဆွဲယူချင်တဲ့ အတွက် ကျနော်တို့ ဖန်တီးရေးသားကြည့်ပါမယ်။ အိမ်သာ သိပ်တက်ချင်နေတဲ့ အချိန်မှာ အိမ်သာ မအားတာလောက် ကသိကအောက် ဖြစ်တာ မရှိတဲ့ ခံစားချက်က လူတိုင်းလိုလိုမှာ ရှိကြတဲ့အတွက် အဲဒီစာပိုဒ်ကို ထည့်ရေးပြီး ပုံဖော်ကြည့်ပါမယ်။

`ကသိကအောက် နိုင်လှသော အောင့်အည်းခြင်းဖြင့် အပြင်မှာ ရပ်စောင့်ရသည်မှာ အချိန်က ရှည်ကြာလွန်းလှသယောင် ခံစားရပါဘိ။ ဟူး…၊ အထဲမှာ ဘယ်သူများပါလိမ့်။ မေးလိုက်ရင် ကောင်းမလား၊ မဖြစ်သေးပါဘူးလေ။ တော်ကြာ ရိုင်းရာကျသွားမှဖြင့်။ မြန်မြန်ထွက်ပါတော့ အထဲကလူရေ လို့ စိတ်ထဲက အထပ်ထပ် တောင်းဆိုမိရင်း ဝေဒနာသက်သာလို သက်သာငြားဖြစ်အောင် အမှတ်စဉ်ကို စိတ်ဖြင့် ရေတွက်နေလိုက်၏။

တစ်…၊ နှစ်…၊ သုံး…၊ လေး… … … … နှစ်ဆယ်…၊ … ခြောက်ဆယ်ကိုး၊ … … … အမှတ်စဉ် ရှစ်ဆယ်ကျော်မှပင် အထဲက ပုဂ္ဂိုလ်က ထွက်လာတော် မူတော့သည်။´

အခုဆိုရင် စာတပုဒ်ရဲ့ အစပျိုးခြင်းဖြစ်တဲ့ `နိဒါန်း´ ကို ကျနော်တို့ ပုံဖော်နေမိပြီးသား ဖြစ်သွားပါပြီ။ နိဒါန်းတခုကို အဆင်ပြေစွာ အစပျိုးမိပြီဆိုရင် `စာကို´ လို့ခေါ်တဲ့ စာတပုဒ်က ပေးမယ့် အချက်အလက်တွေကို ကျနော်တို့ ထပ်မံကြိုးစား ရေးသားကြည့်ကြပါစို့…။

ကျနော့် အနေနဲ့ကတော့ သရုပ်ဖော် စာတပုဒ်မှာ `စာကို´ ကို ရေးသားတဲ့ နေရာမှာ အဆင်ပြေသင့်တော်သလို ရသလေးတွေကို ရောနှော တင်ဆက်တာကို သဘောကျ နှစ်ခြိုက်မိပါတယ်။ တခါတရံမှာလဲ ကျနော်တို့ သိထားတဲ့ အချက်အလက်တွေကို ကြားညှပ်ရေးသားနိုင်ပါတယ်။ ကဲ…၊ အားလုံး သိပြီးသား၊ ကြားဖူးပြီးသား ကိစ္စရပ်တွေကိုပဲ ကျနော် ဉာဏ်မီသလောက် စာစီကြည့်ပါအုံးမယ်။

`အိမ်သာထဲက ထွက်လာခါစ လူတယောက်ကို ဘယ်လို ပဋိသာရ စကားမျိုးဖြင့် နှုတ်ဆက်ရင် အဆင်ပြေမလဲဆိုတာ သူ မသိပါ။ `စားပြီးပြီလား´ လို့ သွားမေးရင်တော့ သေချာပေါက် အရိုက်ခံရနိုင်သည်။ `နေကောင်းတယ်နော်´ `မင်္ဂလာပါ´ `ဘယ်ကလာလဲ´ စသဖြင့် စိတ်ထဲမှာ စဉ်းစားမိသလောက် စကားတွေက ဘာတခုမှ အဆင်မပြေတော့ ကြောင်အမ်းအမ်းဖြင့်ပင် သူ့ကို ပြုံးပြလိုက်ပြီး အိမ်သာထဲသို့ ကမန်းကတန်း ၀င်ထိုင်လိုက်သည်။

ထိုင်မိလိုက်သည်နှင့် တပြိုင်နက် သူ့ ခန္ဓာကိုယ် အောက်ပိုင်းမှ အမည်ဖော်ပြရ ခက်လှသော မြည်သံစွဲ အလင်္ကာတွေက ကျဉ်းမြောင်းသော အိမ်သာခန်းလေးထဲမှာ အလုအယက်ပေါ်ထွက်လာရင်း အစာဟောင်းတွေကို အားရပါးရကြီး စွန့်ထုတ်ပစ်တော့သည်။ အားပါးပါး…၊ အရသာ ရှိလိုက်ပါဘိ။´

ဟာသဟန် အနည်းငယ် နှောပြီးရင်တော့ စာတပုဒ်ဟာ တဖြည်းဖြည်းနဲ့ သွက်လက်လာပါပြီ။ ဒီနေရာမှာ ကိုယ်ရေးတဲ့ စာနဲ့ သက်ဆိုင်တဲ့ အချက်မှန်သမျှ သိထားသမျှတွေထဲက သင့်တော်မယ် ထင်တဲ့ အချက်အလက်တွေကို ရေးချလို့ အကောင်းဆုံးပါ။ အရပ်စကားအရတော့ ကျနော် `ဖော´ ပါတော့မယ်။ ဖောဖောလေးတွေပေါ့။ :D

`ဝေဒနာ အတန်ငယ် သက်သာမှပင် အိမ်သာတက်ခြင်း ဆိုသည့် စကားရပ် အကြောင်းကို သူ ဟိုဟိုဒီဒီ လိုက်တွေးမိသည်။ ငယ်ငယ်က သူ့ဦးလေး တယောက် ပြောဖူးသော အိမ်သာနဲ့ ပတ်သက်သည့် ဟာသလိုလို တခု ကို သတိရမိသေးသည်။

အင်္ဂလိပ်တယောက်က မြန်မာတယောက်ကို ပြောသတဲ့။ `မင်းတို့ မြန်မာဝေါဟာရ စကား ဘယ်လောက်ကြွယ်နိုင်လို့လဲ´ လို့ မေးတော့ မြန်မာက `အိမ်သာတက်တယ်´ ဆိုတာကိုပဲ `အိမ်သာတက်တယ်´ `အီအီးပါတယ်´ `အခင်းကြီးသွားတယ်´ `တောထိုင်တယ်´ `ကျင်ကြီး စွန့်တယ်´ `ရေအိမ်ဝင်တယ်´ လို့ ပြောလိုက်တော့ အင်္ဂလိပ်ကြီး လက်ဖျားခါသွားတယ်ဆိုပဲ။´

အထက်မှာ ကျနော် ရေးခဲ့တာတွေထဲမှာ အိမ်သာတက်တာကို ခေါ်ဝေါ်ကြသေးတဲ့ အခြားသော အခေါ်အဝေါ်တွေကို အချက်အလက်အနေနဲ့ မသိမသာ ရေးလိုက်ပါတယ်။ ဒါက ဥပမာ တခုအနေနဲ့ပါ။ အဲဒီကမှ တဆင့် ဗဟုသုတပုံစံသဘောမျိုးကို ပျင်းစရာ မကောင်းအောင် ဆက်ရေးကြည့်ပါအုံးမယ်။

`ငယ်ငယ်ကတော့ အိမ်သာတက်တယ်ဆိုတာ ဘာသိမှာတုန်း၊ ကလေးဆိုတော့ ဝေဒနာကို မလွယ်နိုင်တဲ့ အချိန်မှာ လွှတ်ထုတ်ပစ်လိုက်ရုံ၊ ကျန်တဲ့ ကိစ္စကို မိဘတွေက ရှင်းပေရော့ပေါ့။ တဖြည်းဖြည်းနဲ့ သိတတ်လာတော့ အိမ်သာတက်ရင် ဘယ်လို သန့်ရှင်း သုတ်သင်ရတယ်။ အိမ်သာတက်ပြီးရင် လက်ဆေးရမယ် ဆိုတာကို မိဘတွေက သင်ပေးတော့ သိလာရသည်။

အိမ်သာတက်ပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးမဆေး ကိစ္စက ပေါ့ပေါ့တန်တန် စဉ်းစားရင်တော့ ဘာမှမဟုတ်သလိုပေမယ့် ကျန်းမာရေး ရှုထောင့်အနေဖြင့်ကတော့ ကမ္ဘာတခုလုံး အတိုင်းအတာအထိအောင် ပညာပေး ဆောင်ရွက်နေရသည့် ကိစ္စတခု ဖြစ်နေလေပြီ။ သို့တိုင်အောင် အိမ်သာတက်ပြီးလျှင် လက်ကို စင်ကြယ်အောင် ဆေးရသည်ဟူသော အသိ မရှိနိုင်သေးသည့် လူသန်းပေါင်းများစွာ ယနေ့ကမ္ဘာပေါ်တွင် ရှိနေသေး၏။

ကျင်ကြီး စွန့်သည် ဟုလည်း တနည်း ခေါ်ဝေါ်သေးသည့် အိမ်သာတက်သည့် ကိစ္စတွင် လူ့ခန္ဓာကိုယ်ရဲ့ ထူးခြားသည့် သဘာဝ သတ်မှတ်ချက်တခု ကျင်ငယ်စွန့်လျှင် ကျင်ကြီးကို အောင့်အည်းလို့ ရနေသေးပေမယ့် ကျင်ကြီးစွန့်လျှင်တော့ ကျင်ငယ်က အလိုအလျောက် ထွက်လာခြင်းပင်။ ဒါနဲ့ပတ်သက်၍ ဦးပေါ်ဦး လျှောက်ထုံးမှာတောင် ပါရှိလိုက်ပါသေးသည်။

တနေ့သော မနက်မှာ အမတ်ကြီး ဦးပေါ်ဦးတယောက် သူ့ရဲ့ အိမ်ဝိုင်းရှေ့ မြေကွက်လပ်ကို ပြောင်တလင်းခါနေအောင် တံမြက်စည်းဖြင့် လှဲကျင်းရှင်းလင်းနေခိုက် မင်းချင်းတယောက်က ကုန်းကုန်းကွကွဖြင့် ဟိုနေရာ ထိုင်မလို ဒီနေရာ ထိုင်မလို တခုခုကို ပြင်ဆင်နေတာကို တွေ့တော့ ဦးပေါ်ဦးက-

`ဟဲ့၊ အဲဒါ ဘာလုပ်နေတာတုန်း´ လို့မေးတော့… မင်းချင်းက

`ဘုရင်က၊ ပေါ်ဦးအိမ်ရှေ့ ကျင်ကြီးသွားစွန့်ချေစမ်းကွာ လို့ အမိန့်တော် ရှိလို့ပါဘုရား´ ဆိုတော့ ဦးပေါ်ဦး စဉ်းစားရပြီ။ ဒါက သူ့ကို ဘုရင်က တမင်သက်သက် ပညာစမ်းတာလဲ ဖြစ်နိုင်သည်။ ဒီတော့ မဆိုင်းမတွပင်…

`ဟဲ့၊ ဘုရင် စွန့်ခိုင်းတာ ကျင်ကြီးမှတ်လား´

`မှန်ပါ့´

`အေး၊ ဘုရင်က ကျင်ကြီးစွန့်ခိုင်းရင် ကျင်ကြီးပဲစွန့်၊ ကျင်ငယ် တစက်ထွက်တာနဲ့ နင့်ဇက်အပြတ်ပဲလိုသာ မှတ်ပေတော့´ ဆိုပြီး ဓားမိုးထားတော့ နီးရာဓားကြောက်ရတဲ့ မင်းချင်းခမျာ ဘုရင်မင်းဆီ ပြန်ပြေးပြီးတော့ ဦးပေါ်ဦး ပြောတဲ့အတိုင်း ပြန်လျှောက်လိုက်တော့ ဘုရင်မင်းက သဘောတော်တွေကျလို့ `ဒီကောင် ပေါ်ဦး သတိဉာဏ် အတော်ကောင်းသား´ လို့ မှတ်ချက်ချတယ် လို့ ဖတ်မှတ်ခဲ့ရဖူးသည်။ ဟုတ်မဟုတ်တော့ အတိအကျ မသိနိုင်။

အိမ်သာတက်သည် ဆိုသည်က နေ့စဉ်သာမန် ပြုရိုးပြုစဉ် ကိစ္စပေမယ့် အခန့်မသင့်လျှင်တော့ အတော်လေး ပြဿနာတက်နိုင်၏။ ၀မ်းသွားပြီး အိမ်သာအတက်များတာကလည်း မကောင်းသလို မတော်တရော်တွေ စားလို့ ၀မ်းချုပ်ရင်လည်း မကောင်းပြန်။ ဒီတော့ လူတွေအတွက် ဒီကိစ္စက ပေါ့ပေါ့တန်တန် မထားစကောင်း။ တိရိစ္ဆာန်တွေကတော့ ဒါတွေသိမှာမဟုတ်ဟု ပေါက်ပေါက်ရှာရှာ တွေးမိ၏။´

ဟိုဟိုဒီဒီနဲ့ စိတ်ထဲပေါ်လာသမျှ အိမ်သာတက်တာနဲ့ ပတ်သက်သမျှတွေကို ချရေးလိုက်တော့ အတော်အတန် ရှည်လျားတဲ့ စာတပုဒ်ဖြစ်နေပါပြီ။ ရေးမယ်ဆိုရင် ဆက်ရေးစရာ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် စာတပုဒ်ဆိုတာဟာ မလိုအပ်လှဘဲနဲ့ မြောက်များ ရှည်လျားစွာ ရေးမယ်ဆိုရင် ဖတ်ရသူအတွက် ငြီးငွေ့စေမှာ ဖြစ်ပြီးတော့ စာကိုလည်း `အိုင်´ သွားစေပါတယ်။ ဒီတော့ ဒီလောက်နဲ့ပဲ ဖြတ်ပြီး နိဂုံးကို ချုပ်ကြည့်ကြပါမယ်။ ရေးမယ်ဆိုရင်တော့ မြန်မာပြည်မှာ ရေလောင်းအိမ်သာ စနစ်ကို အခုထက်ထိအောင် မကျယ်ပြန့်သေးတာတို့၊ မြစ်ချောင်းတွေထဲကို ကျင်ကြီးကျင်ငယ် စွန့်ချတာတွေ ပပျောက်အောင် ပညာပေး ဆောင်ရွက်ဖို့ လိုအပ်နေသေးတာတို့ အပြင် အိမ်သာတက်တာတွေနဲ့ ပတ်သက်တဲ့ အချက်တွေ အများကြီး ရေးလို့ ရသေးတာပေါ့။ ဒါပေမယ့် ကျနော်တို့က ပေါ့ပေါ့ပါးပါး သရုပ်ဖော် စာတပုဒ်ပဲ ရေးမယ်ဆိုတော့ ဒီလောက်နဲ့ ရပ်လို့ရပါပြီ။

နိဂုံးချုပ်တဲ့ အခါမှာ စာပုံစံနဲ့ အချက်အလက်၊ တင်ပြဟန်ပေါ် မူတည်ပြီးတော့ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ ဟာသမြောက်စရာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ အဆုံးသတ်လို့ ရပါတယ်။ အခု ကျနော်တို့ ရေးနေတဲ့ အိမ်သာအကြောင်းကတော့ ရေးခဲ့ပြီးသမျှကို တခေါက်ပြန်ဖတ်တော့ ဟာသမြောက်စရာ ပုံစံလေးနဲ့ အဆုံးသတ်တာက ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကြိုးစားရေးကြည့်ပါမယ်။

`ဒုံး၊ ဒုံး၊ ဒုံး´

`အထဲက ဘယ်သူလဲ´

ဝေဒနာကို ဖြေသာရင်း တွေးနေသော အတွေးများက အိမ်သာတံခါးကို အပြင်မှ ခပ်ကြမ်းကြမ်းထုသံ ထွက်လာတော့မှပင် လန့်ဖြန့်နိုးလာတော့သည်။ တံခါးလာခေါက်တာ ဘယ်သူပါလိမ့်လို့ သိချင်စိတ်ဖြင့် အိမ်သာတံခါးကြားမှ အသာချောင်းကြည့်တော့ လားလား၊ အပြင်မှာ အလုပ်ရှင်…။ မျက်နှာကြီးက ရှုံ့မဲ့လို့။

ရှင်းလင်း သုတ်သင်စရာရှိတာကို ခပ်မြန်မြန်လုပ်ရင်း ရေဆွဲချကာ အပြင်သို့ ထွက်လာချိန်မှာတော့ `ဆောရီးကွာ၊ ငါမအောင့်နိုင်တော့လို့ပါ´ လို့ အလုပ်ရှင်က ကသောကမျောပြောရင်းဖြင့် အိမ်သာထဲသို့ ခပ်သွက်သွက် ၀င်သွား၏။

လက်ကို ဘေစင်မှာ ပြောင်စင်အောင် ဆပ်ပြာဖြင့် ဆေးကျောအပြီး အိမ်သာရှေ့မှ ဖြတ်လျှောက်အပြန်တွင်မတော့ အိမ်သာထဲမှ မြည်သံစွဲတချို့က သူ့ကို နှုတ်ဆက်လိုက်ပါသေးသည်။

`ဗြူး… ဘူး… ဗြီး… ဖရူး… ဘွတ်´

ကဲ…၊ ဒီလောက်ဆိုရင် ကျနော်တို့ နေ့စဉ် ရှင်သန် လှုပ်ရှားနေတဲ့ ကိစ္စတွေအနက်က အိမ်သာတက်တဲ့ ကိစ္စကိုပဲ ပြုံးချင်စရာ စာတပုဒ်အဖြစ် ဖန်တီးလို့ ပြီးပါပြီ။ တပုဒ်လုံးကို အောက်မှာ ပြန်ဖတ်ကြည့်ကြပါစို့။ ကျနော့် မိတ်ဆွေ ညီအကို မောင်နှမအားလုံး ကလောင်သွက်လို့ အရေးထက်နိုင်ကြပါစေခင်ဗျာ။ သြော်၊… ဒါနဲ့ အခု ရေးခဲ့တဲ့ စာရဲ့ ခေါင်းစဉ်ကို ဘယ်လိုပေးရင်ကောင်းပါ့မလဲ။ လွယ်ပါတယ်။ ခပ်ရိုးရိုးပေါ့။ `အိမ်သာတက်ခြင်း…´ လို့ပဲ ပေးလိုက်မယ်လေ။


အိမ်သာတက်ခြင်း…


မနက်က အစားအတော် စုံသွားလို့ ထင်သည်။ ၀မ်းနာလာ၏။ အစာဟောင်းတွေက ခန္ဓာကိုယ်ထဲမှာ ရှိနေဖို့ မလိုအပ်တာကြောင့် အပြင်ကို ထုတ်ပစ်ဖို့ အချိန်တန်လေပြီ။ နေရထိုင်ရသည်မှာ အဆင်မပြေလှ၊ ဟိုနေရာက ရစ်တစ်တစ်၊ ဒီနေရာက နာတာတာ…။ ဘယ်လိုမှကို အလုပ်လုပ်လို့ မရတော့အောင် ဆန္ဒပြနေသော အတ္တဘောကြီးကြောင့် အိမ်သာတက်ဖို့ ဆုံးဖြတ်လိုက်သည်။

မလွယ်နိုင်တော့တဲ့ ဝေဒနာကြောင့် အိမ်သာရှိရာကို အလောတကြီးနဲ့ သွားကာမှ ကံဆိုးလှစွာဖြင့်ပင် အိမ်သာထဲမှာ တစုံတယောက်က ရှိနေ၏။

ကသိကအောက် နိုင်လှသော အောင့်အည်းခြင်းဖြင့် အပြင်မှာ ရပ်စောင့်ရသည်မှာ အချိန်က ရှည်ကြာလွန်းလှသယောင် ခံစားရပါဘိ။ ဟူး…၊ အထဲမှာ ဘယ်သူများပါလိမ့်။ မေးလိုက်ရင် ကောင်းမလား၊ မဖြစ်သေးပါဘူးလေ။ တော်ကြာ ရိုင်းရာကျသွားမှဖြင့်။ မြန်မြန်ထွက်ပါတော့ အထဲကလူရေ လို့ စိတ်ထဲက အထပ်ထပ် တောင်းဆိုမိရင်း ဝေဒနာသက်သာလို သက်သာငြားဖြစ်အောင် အမှတ်စဉ်ကို စိတ်ဖြင့် ရေတွက်နေလိုက်၏။

တစ်…၊ နှစ်…၊ သုံး…၊ လေး… … … … နှစ်ဆယ်…၊ … ခြောက်ဆယ်ကိုး၊ … … … အမှတ်စဉ် ရှစ်ဆယ်ကျော်မှပင် အထဲက ပုဂ္ဂိုလ်က ထွက်လာတော် မူတော့သည်။

အိမ်သာထဲက ထွက်လာခါစ လူတယောက်ကို ဘယ်လို ပဋိသာရ စကားမျိုးဖြင့် နှုတ်ဆက်ရင် အဆင်ပြေမလဲဆိုတာ သူ မသိပါ။ `စားပြီးပြီလား´ လို့ သွားမေးရင်တော့ သေချာပေါက် အရိုက်ခံရနိုင်သည်။ `နေကောင်းတယ်နော်´ `မင်္ဂလာပါ´ `ဘယ်ကလာလဲ´ စသဖြင့် စိတ်ထဲမှာ စဉ်းစားမိသလောက် စကားတွေက ဘာတခုမှ အဆင်မပြေတော့ ကြောင်အမ်းအမ်းဖြင့်ပင် သူ့ကို ပြုံးပြလိုက်ပြီး အိမ်သာထဲသို့ ကမန်းကတန်း ၀င်ထိုင်လိုက်သည်။

ထိုင်မိလိုက်သည်နှင့် တပြိုင်နက် သူ့ ခန္ဓာကိုယ် အောက်ပိုင်းမှ အမည်ဖော်ပြရ ခက်လှသော မြည်သံစွဲ အလင်္ကာတွေက ကျဉ်းမြောင်းသော အိမ်သာခန်းလေးထဲမှာ အလုအယက်ပေါ်ထွက်လာရင်း အစာဟောင်းတွေကို အားရပါးရကြီး စွန့်ထုတ်ပစ်တော့သည်။ အားပါးပါး…၊ အရသာ ရှိလိုက်ပါဘိ။

ဝေဒနာ အတန်ငယ် သက်သာမှပင် အိမ်သာတက်ခြင်း ဆိုသည့် စကားရပ် အကြောင်းကို သူ ဟိုဟိုဒီဒီ လိုက်တွေးမိသည်။ ငယ်ငယ်က သူ့ဦးလေး တယောက် ပြောဖူးသော အိမ်သာနဲ့ ပတ်သက်သည့် ဟာသလိုလို တခု ကို သတိရမိသေးသည်။

အင်္ဂလိပ်တယောက်က မြန်မာတယောက်ကို ပြောသတဲ့။ `မင်းတို့ မြန်မာဝေါဟာရ စကား ဘယ်လောက်ကြွယ်နိုင်လို့လဲ´ လို့ မေးတော့ မြန်မာက `အိမ်သာတက်တယ်´ ဆိုတာကိုပဲ `အိမ်သာတက်တယ်´ `အီအီးပါတယ်´ `အခင်းကြီးသွားတယ်´ `တောထိုင်တယ်´ `ကျင်ကြီး စွန့်တယ်´ `ရေအိမ်ဝင်တယ်´ လို့ ပြောလိုက်တော့ အင်္ဂလိပ်ကြီး လက်ဖျားခါသွားတယ်ဆိုပဲ။

ငယ်ငယ်ကတော့ အိမ်သာတက်တယ်ဆိုတာ ဘာသိမှာတုန်း၊ ကလေးဆိုတော့ ဝေဒနာကို မလွယ်နိုင်တဲ့ အချိန်မှာ လွှတ်ထုတ်ပစ်လိုက်ရုံ၊ ကျန်တဲ့ ကိစ္စကို မိဘတွေက ရှင်းပေရော့ပေါ့။ တဖြည်းဖြည်းနဲ့ သိတတ်လာတော့ အိမ်သာတက်ရင် ဘယ်လို သန့်ရှင်း သုတ်သင်ရတယ်။ အိမ်သာတက်ပြီးရင် လက်ဆေးရမယ် ဆိုတာကို မိဘတွေက သင်ပေးတော့ သိလာရသည်။

အိမ်သာတက်ပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးမဆေး ကိစ္စက ပေါ့ပေါ့တန်တန် စဉ်းစားရင်တော့ ဘာမှမဟုတ်သလိုပေမယ့် ကျန်းမာရေး ရှုထောင့်အနေဖြင့်ကတော့ ကမ္ဘာတခုလုံး အတိုင်းအတာအထိအောင် ပညာပေး ဆောင်ရွက်နေရသည့် ကိစ္စတခု ဖြစ်နေလေပြီ။ သို့တိုင်အောင် အိမ်သာတက်ပြီးလျှင် လက်ကို စင်ကြယ်အောင် ဆေးရသည်ဟူသော အသိ မရှိနိုင်သေးသည့် လူသန်းပေါင်းများစွာ ယနေ့ကမ္ဘာပေါ်တွင် ရှိနေသေး၏။

ကျင်ကြီး စွန့်သည် ဟုလည်း တနည်း ခေါ်ဝေါ်သေးသည့် အိမ်သာတက်သည့် ကိစ္စတွင် လူ့ခန္ဓာကိုယ်ရဲ့ ထူးခြားသည့် သဘာဝ သတ်မှတ်ချက်တခု ကျင်ငယ်စွန့်လျှင် ကျင်ကြီးကို အောင့်အည်းလို့ ရနေသေးပေမယ့် ကျင်ကြီးစွန့်လျှင်တော့ ကျင်ငယ်က အလိုအလျောက် ထွက်လာခြင်းပင်။ ဒါနဲ့ပတ်သက်၍ ဦးပေါ်ဦး လျှောက်ထုံးမှာတောင် ပါရှိလိုက်ပါသေးသည်။

တနေ့သော မနက်မှာ အမတ်ကြီး ဦးပေါ်ဦးတယောက် သူ့ရဲ့ အိမ်ဝိုင်းရှေ့ မြေကွက်လပ်ကို ပြောင်တလင်းခါနေအောင် တံမြက်စည်းဖြင့် လှဲကျင်းရှင်းလင်းနေခိုက် မင်းချင်းတယောက်က ကုန်းကုန်းကွကွဖြင့် ဟိုနေရာ ထိုင်မလို ဒီနေရာ ထိုင်မလို တခုခုကို ပြင်ဆင်နေတာကို တွေ့တော့ ဦးပေါ်ဦးက-

`ဟဲ့၊ အဲဒါ ဘာလုပ်နေတာတုန်း´ လို့မေးတော့… မင်းချင်းက

`ဘုရင်က၊ ပေါ်ဦးအိမ်ရှေ့ ကျင်ကြီးသွားစွန့်ချေစမ်းကွာ လို့ အမိန့်တော် ရှိလို့ပါဘုရား´ ဆိုတော့ ဦးပေါ်ဦး စဉ်းစားရပြီ။ ဒါက သူ့ကို ဘုရင်က တမင်သက်သက် ပညာစမ်းတာလဲ ဖြစ်နိုင်သည်။ ဒီတော့ မဆိုင်းမတွပင်…

`ဟဲ့၊ ဘုရင် စွန့်ခိုင်းတာ ကျင်ကြီးမှတ်လား´
`မှန်ပါ့´

`အေး၊ ဘုရင်က ကျင်ကြီးစွန့်ခိုင်းရင် ကျင်ကြီးပဲစွန့်၊ ကျင်ငယ် တစက်ထွက်တာနဲ့ နင့်ဇက်အပြတ်ပဲလိုသာ မှတ်ပေတော့´ ဆိုပြီး ဓားမိုးထားတော့ နီးရာဓားကြောက်ရတဲ့ မင်းချင်းခမျာ ဘုရင်မင်းဆီ ပြန်ပြေးပြီးတော့ ဦးပေါ်ဦး ပြောတဲ့အတိုင်း ပြန်လျှောက်လိုက်တော့ ဘုရင်မင်းက သဘောတော်တွေကျလို့ `ဒီကောင် ပေါ်ဦး သတိဉာဏ် အတော်ကောင်းသား´ လို့ မှတ်ချက်ချတယ် လို့ ဖတ်မှတ်ခဲ့ရဖူးသည်။ ဟုတ်မဟုတ်တော့ အတိအကျ မသိနိုင်။

အိမ်သာတက်သည် ဆိုသည်က နေ့စဉ်သာမန် ပြုရိုးပြုစဉ် ကိစ္စပေမယ့် အခန့်မသင့်လျှင်တော့ အတော်လေး ပြဿနာတက်နိုင်၏။ ၀မ်းသွားပြီး အိမ်သာအတက်များတာကလည်း မကောင်းသလို မတော်တရော်တွေ စားလို့ ၀မ်းချုပ်ရင်လည်း မကောင်းပြန်။ ဒီတော့ လူတွေအတွက် ဒီကိစ္စက ပေါ့ပေါ့တန်တန် မထားစကောင်း။ တိရိစ္ဆာန်တွေကတော့ ဒါတွေသိမှာမဟုတ်ဟု ပေါက်ပေါက်ရှာရှာ တွေးမိ၏။


***

`ဒုံး၊ ဒုံး၊ ဒုံး´
`အထဲက ဘယ်သူလဲ´

ဝေဒနာကို ဖြေသာရင်း တွေးနေသော အတွေးများက အိမ်သာတံခါးကို အပြင်မှ ခပ်ကြမ်းကြမ်းထုသံ ထွက်လာတော့မှပင် လန့်ဖြန့်နိုးလာတော့သည်။ တံခါးလာခေါက်တာ ဘယ်သူပါလိမ့်လို့ သိချင်စိတ်ဖြင့် အိမ်သာတံခါးကြားမှ အသာချောင်းကြည့်တော့ လားလား၊ အပြင်မှာ အလုပ်ရှင်…။ မျက်နှာကြီးက ရှုံ့မဲ့လို့။

ရှင်းလင်း သုတ်သင်စရာရှိတာကို ခပ်မြန်မြန်လုပ်ရင်း ရေဆွဲချကာ အပြင်သို့ ထွက်လာချိန်မှာတော့ `ဆောရီးကွာ၊ ငါမအောင့်နိုင်တော့လို့ပါ´ လို့ အလုပ်ရှင်က ကသောကမျောပြောရင်းဖြင့် အိမ်သာထဲသို့ ခပ်သွက်သွက် ၀င်သွား၏။

လက်ကို ဘေစင်မှာ ပြောင်စင်အောင် ဆပ်ပြာဖြင့် ဆေးကျောအပြီး အိမ်သာရှေ့မှ ဖြတ်လျှောက်အပြန်တွင်မတော့ အိမ်သာထဲမှ မြည်သံစွဲတချို့က သူ့ကို နှုတ်ဆက်လိုက်ပါသေးသည်။

`ဗြူး… ဘူး… ဗြီး… ဖရူး… ဘွတ်´


ကလိုစေးထူး

Tuesday, January 22, 2008

မရေးဖြစ်တဲ့ ပို့စ်… မတင်ဖြစ်တဲ့ ပုံ…

ကျနော်က နေရာလေး တခုခုကို သွားဖြစ်လိုက်တိုင်းမှာ ကင်မရာလေး တကိုင်ကိုင်နဲ့ ပုံလေးတွေ ရိုက်တတ်ပါတယ်။ ဘလော့ဂ်မှာ တင်ဖို့ တခုခု ရလိုရငြားပါ။ ဓာတ်ပုံပို့စ် အတော်များများလဲ တင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တချို့ပုံတွေကတော့ ကောင်းနိုးရာရာ ရွေးရင်းနဲ့ပဲ ကျန်ခဲ့တာပေါ့။

ဒီနေ့တော့ ဘလော့ဂ်တချို့ကို လိုက်လံ ဖတ်ရှုပြီးတော့ ကျနော့်ရဲ့ ပို့စ်အတင်ကျဲနေတဲ့ ဘလော့ဂ်ကို အသက်ဆက်ဖို့ စာရေးမလား စဉ်းစားတော့ မတင်ဖြစ်ခဲ့တဲ့ အဲဒီ ပုံလေးတွေကို သတိရမိပါတယ်။ မလိုအပ်တော့ဘူး ထင်တဲ့ ပုံတွေကို ဖျက်ပစ်မယ် ကြံပေမယ့် အဲဒီအထဲကမှ ဖျက်ဖို့ နှမျောချင်စရာ ကောင်းနေတဲ့ ပုံလေးတွေကို စာသရုပ်ဖော်နဲ့ အတူ တွဲဖက် တင်ဆက်ပါရစေ။ ဆားချက်တယ်လို့ ပြောချင်လဲ ပြောကြပါတော့။ :)


နွေရာသီရက် တခုတုန်းကပါ။

ကျနော့် ပို့စ် တခုနှစ်ခုမှာ ထည့်ရေးခဲ့ဖူးတဲ့ ကရင်အကိုကြီးရဲ့ စပွန်ဆာ လင်မယားက သူတို့ စပွန်ဆာပေး ခေါ်ထားတဲ့ မိသားစုကို တဖက်တလမ်းက အထောက်အကူပေးတဲ့ ကျနော့်ကို ကျေးဇူးတင်တဲ့အနေနဲ့ တရက်မှာ သူတို့နဲ့ အတူတူ ကန်ထဲမှာ မော်တော်ဘုတ် အတူစီးဖို့ ဖိတ်တာကြောင့် ဒီနိုင်ငံက ကြေးရတတ်တွေရဲ့ နွေရာသီ အပန်းဖြေကြပုံ တနည်းကို လေ့လာခွင့် ရခဲ့ပါတယ်။

ငါးမိုင် ပတ်လည်လောက် အကျယ်အ၀န်းရှိတဲ့ ရေကန်ပတ်ပတ်လည်မှာ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ အိမ်တွေ ဆောက်လုပ်နေထိုင်ကြတဲ့ အမေရိကန် သူဌေးကြီးတွေဟာ နွေရာသီရောက်ပလား ဆိုရင် အဲဒီကန်ကြီးထဲမှာ ရေလွှာလျှောစီး ကစားသူကစား၊ ငါးမျှားသူ မျှား၊ နေပူဆာလှုံသူ လှုံနဲ့ အပန်းဖြေကြပါတယ်။ ထူးခြားလှတဲ့ အဲဒီရေကန်မှာ ရေအနက်ဆုံးနေရာက ဆယ့်ငါးပေခန့်သာ ရှိပါသတဲ့။




ကျနော်တို့ အလုပ်ရုံက Tools တွေကို ဖြတ်တောက်၊ ပုံဖော်တဲ့ လုပ်ငန်းအပြင် အမ်-၁၆ သေနတ် ချိန်သီးနဲ့ ပြောင်းကာတွေကို ဆေးတင်၊ တံဆိပ်ရိုက်တဲ့ လုပ်ငန်းကိုပါ ဌာနတခုအနေနဲ့ လုပ်ပါတယ်။ ဒီနိုင်ငံမှာ ဒါတွေက ပုဂ္ဂလိက လုပ်ငန်းတခုအနေနဲ့ လုပ်ကိုင်ခွင့်ရတဲ့ အတွက် သူတို့ အတွက်တော့ သိပ်မထူးဆန်းလှပေမယ့် ကျနော့်အတွက်ကတော့ အလုပ်စ၀င်ခါစအချိန်တုန်းက အတော်လေး ထူးဆန်းခဲ့ပါသေးတယ်။

ပုံမှာ မြင်ရတာကတော့ ဘဏ်လုံခြုံရေး လုပ်ငန်းတွေမှာ သုံးဖို့အတွက် ဂျပန်နိုင်ငံကို အိတ်စပို့ လုပ်မယ့် သေနတ်ကျည်ဆံ တချို့ပါ။ ကျည်ဆံထုတ်လုပ်တာက တနေရာ ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ တံဆိပ်ကိုတော့ ကျနော်တို့ စက်ရုံမှာ လာရောက် ရိုက်နှိပ်ပါတယ်။ ကျည်ဆံတွေကို ရေတွက် စာရင်းသွင်းရတဲ့ အဲဒီအချိန်တုန်းက ကျနော့် စိတ်ထဲမှာ တစုံတခုကို ခံစားရသလို မသိုးမသန့် ဖြစ်မိလို့ ဒီပုံကို ရိုက်ခဲ့ပေမယ့် ပို့စ်တခု အဖြစ်တော့ မရေးဖြစ်ခဲ့လိုက်ပါဘူး။




Niagara ရေတံခွန် ခရီးတုန်းက ပုံပါ။

ရေတံခွန်အနီးက ပန်းခြံထဲကနေ ရေတံခွန်ကို ထိုင်ငေးနေကြတဲ့ အဲဒီ မြန်မာဘုန်းတော်ကြီး သုံးပါးကို မြင်တော့ ညနေကနေရီရီ ရေတံခွန်က ရေပန်းဖွားတွေက တဖွားဖွား ကိုယ်တော်သုံးပါးရဲ့ ဦးပြည်းတော်တွေက တပြောင်ပြောင် အဲ…၊ ဟုတ်ပေါင် :D ။ အဲဒီတုန်းကတော့ ကျနော် ပို့စ်တခုကို ရေးမလားလို့ စိတ်ကူးပေါက်ပြီး ဒီပ

ုံလေးကို ရိုက်ဖြစ်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ဘုန်းဘုန်းတွေနဲ့ ရေတံခွန်ကို ဘယ်လို စာဖွဲ့ရမယ် မသိခဲ့ပါဘူး။ :D


ဒီပုံကို ကျနော့်ရဲ့ ဇာတ်လိုက်ကျော်ကြီး အမိုးရဲ့ အိမ်မှာ ခရစ်စမတ်ပွဲ လုပ်တုန်းက ရိုက်ထားတာပါ။ သာမန်အားဖြင့် ကြည့်လိုက်ရင်တော့ ဒီပုံလေးက ဘာမှ မထူးဆန်းသလိုပါပဲ။ ဒါပေမယ့် သေသေချာချာကြည့်လိုက်ရင်တော့…။

ပုံထဲမှာ ပါတဲ့ အမေရိကန်ကြီးက အမိုးတို့ကို စပွန်ဆာပေး ခေါ်ယူထားတဲ့ သူဌေးကြီး တယောက်ပါ။ အဲဒီ လူကြီးက အမိုးရဲ့ ခရစ်စမတ်ပွဲလေးကို ရောက်လာတဲ့ အခါမှာ အိမ်ထဲမှာ ရှိတဲ့လူ အားလုံး ဖိနပ် မစီးကြတာကို မြင်တော့ သူ့ဖိနပ်ကို အပြင်မှာ ချွတ်ခဲ့တဲ့ အပြင်၊ အသက်အရွယ်ကြီးရင့်သူကို ခုံပေါ်မှာ ထိုင်စေပြီးတော့ တခြားသော ငယ်ရွယ်သူတွေက အောက်ကြမ်းပြင်မှာ ထိုင်ကြတဲ့ မြန်မာဓလေ့ အရိုအသေပေးမှုကို သတိထားမိတော့ သူထိုင်နေတဲ့ ဆိုဖာပေါ်ကနေ အောက်ကို ချက်ချင်းကို ဆင်းထိုင်ပါတယ်။ အမိုးက ကရင်ဘာသာနဲ့ ခရစ်စမတ် သီချင်းတပုဒ်ကို ဆိုတော့ သူကလည်း အဲဒီ သံစဉ်အလိုက်အတိုင်း အင်္ဂလိပ်စာသားနဲ့ လိုက်ဆိုရင်း ပျော်ပျော်ပါးပါးနဲ့ပဲ ခရစ်စမတ်ပွဲလေးကို နွှဲသွားပါတယ်။

ငွေကြေးချမ်းသာပြည့်စုံသူ ဖြစ်ပေမယ့် မောက်မာထောင်လွှားခြင်း အလျဉ်း မရှိတဲ့ အပြင် တခြားသော လူမျိုးရဲ့ ဓလေ့စရိုက်ကို အလေးထား လိုက်နာပေးတာကတော့ နမူနာ ယူစရာပါပဲ။

***

နောက်များ ကြုံကြိုက်ခဲ့ရင်လည်း အဆင်ပြေသင့်တော်မယ့် ပုံတွေနဲ့အတူ သရုပ်ဖော်စာတွေနဲ့ တွဲဖက် တင်ဆက်ပါအုံးမယ်။ သဘောကတော့ ဆားထပ်ချက်စရာလေးတွေ ရှိသေးတယ်ပေါ့။ :D

လွန်ခဲ့တဲ့ ရက်ပိုင်းတွေက ကျနော် ရေးးဖြစ်ခဲ့တဲ့ ၀တ္ထုတိုလေးတွေကို အားပေးခဲ့ကြတဲ့ မိတ်ဆွေ မောင်နှမများကို အထူးကျေးဇူးတင်ပါတယ်လို့လဲ ဒီပို့စ်ကနေ တဆင့် ပြောပါရစေခင်ဗျာ။ ကျနော် နောက်ထပ် ရေးဖို့ ရည်ရွယ်ထားတဲ့ ၀တ္ထုတိုလေးတွေ ရှိပါသေးတယ်။ ထပ်မံ အားပေးကြပါအုံး။ အားလုံးကို ကျေးဇူးပါ။


ကလိုစေးထူး

Monday, January 21, 2008

ဆံသခြင်း...

တနင်္ဂနွေ မနက်…။

မကြည့်ဖြစ်တာ ကြာတဲ့ မှန်ရှေ့ကို ရပ်ကြည့်မိတော့ မျက်လုံးကို ပိတ်ဖုံးတော့မတတ် ရှည်လျားနေသော ဆံပင်နှင့် ဘာပုံပေါက်နေမှန်း မသိသော ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး နည်းနည်းတော့ စိတ်ညစ်သွားသည်။

ဆံပင် အရှည်ထားကြသူ အမောင် အတော်များများကို သူ တွေ့ဖူးသည်။ ကြည့်လို့ အဆင်ပြေတာလည်း ရှိ၊ ညှင်းသိုးသိုး ရုပ်ပေါက်နေတာလဲ ရှိ၊ တချို့များကျတော့လည်း ဆံပင်ရှည်နဲ့မှပင် ပိုကြည့်ကောင်းနေသေးသည်။

ဒါပေမယ့် အဲဒီ ဆံပင် အရှည်ကြီးနဲ့ သူတို့တွေ နေရထိုင်ရ၊ အလုပ်လုပ်ရ အဆင်ပြေလား မပြေလား သိချင်လှသည်။ သူ့မှာတော့ ဘာရယ်မဟုတ် မညှပ်ဖြစ်တာ အတန်ကြာသော ရှည်စပြုနေသည့် ဆံပင်က ထစ်ခနဲရှိ နဖူးပေါ် ၀ဲဝဲကျလာပြီး မျက်လုံးထောင့်နားမှာ ဆံပင်စတွေက ဟိုထိုးဒီထိုးဆိုတော့ အလုပ်လုပ်ရာမှာလဲ အဆင်မပြေ၊ စာရေးပြီဆိုရင်လည်း စာရိုက်လို့ ကောင်းနေတုန်း ၀ဲကျလာသည့် ဆံပင်ကို သပ်တင်နေရတာကိုက အလုပ်တခုလို ဖြစ်လို့…။ ပြီးတော့ ချူချာလှတဲ့ ရူပါနဲ့ ဆံပင်ရှည်နဲ့လည်း ဘယ်လိုမှမလိုက်ဖက်။

ဒီလိုနဲ့ပဲ ဆံပင် သွားညှပ်ဖို့ ဆုံးဖြတ်မိတော့သည်။

***

မှတ်မိသေးသည်။

သိတတ်စအရွယ် ကလေးဘ၀မှာ မေမေက သူ့ကို ဆံပင်ညှပ်ဆိုင် ခေါ်သွားရင် ဆံပင်ညှပ်သမားကို `ဒီကလေးကို ဘိုကေ ညှပ်ပေးပါ´ လို့ အမြဲ မှာတတ်သည်။ ဘိုကေ ဆိုတာ ဘေးပြောင်၊ အနောက်ပြောင် ငယ်ထိပ်တ၀ိုက်မှာ မတိုမရှည် ဆံပင်ပုံစံ။ မေမေတို့ ခေတ်က ဘိုကေ ဆံပင် အတော် ခေတ်စားခဲ့လေသလားတော့ မသိ။ သူ့ရဲ့ ကလေးဘ၀ ဆံပင်ပုံစံကတော့ ဘိုကေ ဆံပင်နှင့်သာ စခန်းသွားခဲ့ရသည်။

သူ ၇ တန်း ၈ တန်း ကျောင်းသား အရွယ်ရောက်တော့ `ဆာမူရိုင်းကေ´ ဆိုတာ အရပ်ထဲမှာ အတော် ခေတ်စားလာသည်။ သူ့မျက်စိမှာတော့ အဲဒီ ဆံပင်ပုံစံက သိပ်တော့ အထူးခြားလှကြီး မဟုတ်လှပါ။ နားထင်ဘေးစပ်မှာ ထောင့်တိတဲ့ အခါ ဆံပင်ကို ထောင့်မှန် ပုံစံလေးဖြစ်အောင် ဂျုတ်ဖြင့် ပုံဖော်လိုက်တာနှင့် ဆာမူရိုင်းကေ ဖြစ်ပြီ။ အဲဒီတုန်းက သူ ဆံပင်သွားညှပ်တဲ့အခါ ဆံပင်ညှပ်ဆရာကို `ဘိုကေ၊ ဆာမူရိုင်းထောင့် ညှပ်ပေးပါ´ လို့ မှာတော့ ဆံပင်ညှပ်ဆရာက သဘောတွေကျလို့ ပြုံးဖြီးဖြီးနှင့် သူ စိတ်ကျေနပ်အောင်တော့ ပုံဖော်ပေးရှာသည်။ ကိုယ့်စိတ်ကူးနှင့် ကိုယ်ကတော့ အတော်လေး ကြည့်ကောင်းတယ်လို့ ထင်သား…။

သူ အထက်တန်း ကျောင်းသား ဘ၀မှာတော့ ဆံပင်ပုံစံ ကိစ္စက မေမေနှင့် မကြာခဏ ထိပ်တိုက်တွေ့တော့သည်။ ဆာမူရိုင်းကေကိုတော့ သိပ်ကြည့်မရလှတဲ့ မေမေက သူ့ကို ဘိုကေနှင့်သာ ကြည့်ရ အဆင်ပြေဟန် တူသည်။ အဲဒီတုန်းက ခေတ်ပေါ် ဆံပင်ကလည်း နဖူးတ၀ိုက် ၀ဲကျနေအောင် ရှည်သော ဆံပင်ပုံစံမျိုး။ ဆံပင်ကို ဟန်ပါပါနှင့် သပ်တင်ရတာကိုက အဲဒီခေတ် လူပျိုပေါက် စတိုင်လ်။ ကျောင်းဆရာမ မေမေကတော့ ဒါကို တစက်ကလေးမှ ကြည့်မရပေ…။

တခါမှာတော့ သူညှပ်လာသော ဆံပင်ပုံစံကို ကြည့်ပြီး မေမေက `ဟယ်၊ ဒီတခါတော့ အထူးအဆန်းပါလား၊ ဒါကရော ဘာဆံပင်ပုံစံတုန်း´ လို့ မေးတော့ သူက `ဒွေးကေလေ မေမေရ´ လို့ ဖြေတော့ မေမေတယောက် ခွက်ထိုးခွက်လန် ရယ်ပြီး `ငါတော့ ဒွေးကို ကျေးဇူးတင်မှတင်ပဲဟယ်´ လို့ ပြောဖူးတာကို အမှတ်ရသေးသည်။ တိုတိုကပ်ကပ်နှင့် အတော်သေသပ်ဟန် ရှိတဲ့ အဲဒီ ဒွေးကေက လူငယ်တွေ အကြားမှာ နှစ်အတန်ကြာတော့ စိုးမိုးခဲ့ပါသေးသည်။

ဆံပင် အလယ်ခွဲကို ဆေးအနီရောင် ဆိုးရသော `စည်သူလွင်ကေ´ ခေတ်စားချိန်မှာတော့ သူ့ဆံပင်ပုံစံနဲ့ ပတ်သက်ပြီး မေမေတယောက် အတင်းအကျပ်ကြီး မသတ်မှတ်တော့ပါ။ တခုတော့ မှာ၏။ `လူတယောက်ရဲ့ ဆံပင်ပုံစံကို ကြည့်ပြီးတော့လည်း အဲဒီလူရဲ့ စိတ်တည်ငြိမ်မှုကို ခန့်မှန်းလို့ ရတယ်ဆိုတာ မမေ့နဲ့´ လို့ ပြောဖူးသည်။ ဒါပေမယ့် သူ စည်သူလွင်ကေတော့ မထားဖြစ်လိုက်ဖူးပါ။

***

`ဘယ်လိုပုံစံ ညှပ်ချင်ပါသလဲ´

`ကျနော် နောက်ဆုံး ညှပ်ခဲ့တဲ့ ပုံစံအတိုင်းပဲ ညှပ်ပေးပါ´

အသားနီစပ်စပ် အဖြူမလေးက ကွန်ပြူတာရှိရာကို တခေါက်ပြန်သွားပြီး ကျနော့်နာမည်ကို ပြန်ရှာဟန်တူသည်။ ခဏနေတော့ `အိုကေ´ ဟု သူ့ဘာသာသူပြောပြီး ပြန်လှည့်လာသည်။ နောက်တော့ ကျနော့်ဆံပင်တွေက ဆံညှပ်စက်ကပ်ကြေးအောက်တွင် တမျိမျိနှင့် …။

မြန်မာပြည်က ဆံပင်ညှပ်ဆိုင်တွေမှာတုန်းကတော့ ဒီလိုအချိန်လောက်ဆို ဆံသဆရာက ကွမ်းတံတွေး တပျစ်ပျစ်ထွေးလိုက်၊ ပါးစောင်သံကြီးနှင့် အာပေါင်အာရင်းသန်သန် ဟိုဟိုဒီဒီတွေ ပြောလိုက်နှင့်ပေါ့။ အခု ဒီမှာကတော့ တိုးလျလျဖွင့်ထားတဲ့ ဂျပ်ဇ်သီချင်းသံနှင့် `ဆံပင်ညှပ်မှာလား၊ First Name ပြောပါ´ ဟူသော အသံတချို့တလေသာ။

ဒီတော့ ဆံသဆရာ ကောင်မလေးကို သူ စကားပြောကြည့်ချင်လာသည်။ အင်း…၊ ဘာအကြောင်းပြောရပါ့။ နာမည် ဘယ်လိုခေါ်လဲ မေးရင်လဲ သိပ်မနိပ်လှ၊ နေကောင်းလား သွားမေးရင်လည်း နေကောင်းလို့ပဲ အလုပ်လာဆင်းတယ်ဆိုတော့…။ ဟိုဟိုဒီဒီ စဉ်းစားရင်း အတန်ကြာတော့ စကားစတခု ရသွားသည်။

`ရာသီဥတု အတော်အေးတယ်နော်´

`ဟုတ်တယ်၊ အတော် အန္တရာယ်များတဲ့ ရာသီပဲ´

`ဒါပေမယ့် ဒီညမှာ Packers နဲ့ New York Giants ပွဲဗျ´

`အိုးးးး… ရှင်သိတယ်လား´

`ဟုတ်ကဲ့ ကျနော် Packers Fan ပါ´ (အမှန်က ရွှီးတာ၊ ကျနော်က အမေရိကန် Football ကို ဘာမှန်းတောင် သိတာမဟုတ်)

အဲဒီကနေ စလိုက်တာ တော်တော်တော့ လေပေးဖြောင့်သွားသည်။ ပြီးခဲတဲ့ အပတ်က Seattle အသင်းကို နိုင်သွားတာ အတော် မယုံနိုင်စရာကောင်းကြောင်း၊ ဒီလောက် အေးတဲ့ ရာသီဥတုကို မမှုဘဲ ဒီညနေ သူတို့ ပြည်နယ်အသင်းက ဘယ်လိုကစားမှာ ဖြစ်ကြောင်း…။ နောက်တော့ သူက…

`ရှင်က ဘယ်နိုင်ငံကလဲ´

`မြန်မာ´

`မြန်မာနိုင်ငံမှာ အဲဒါ ကစားတယ်လား´

`နိုး´

ကောင်မလေး အသံတိတ်သွားသည်။

***

`ကဲ၊ အဆင်ပြေရဲ့လား၊ ကြည့်ပါအုံး၊ ရှင့်ကြည့်ရတာ ပိုငယ်သွားသလိုပဲ´

ကိုယ်ပေါ်မှာ လွှားထားတဲ့ ပိတ်ပြာစကို အသာဖယ်ရင်း ကောင်မလေးရဲ့ အပြောနှင့် အတူ ရှေ့ကမှန်ထဲတွင် တိုကပ်ကပ် ဆံပင်ပုံစံနှင့် လူတယောက်က ပေါ့ပါးသွားဟန်ပုံဖြင့် သူ့ကို ပြန်ကြည့်နေ၏။

ကျသင့်ငွေကို ပေးပြီး ဆိုင်ထဲက ပြန်ထွက်လာတော့ ရေခဲမှတ်အောက် အေးနေသည့် ရာသီဥတုက သူ့ကို အသင့် ဆီးကြိုနေတော့သည်။


ကလိုစေးထူး

Wednesday, January 16, 2008

ဘုရားပွဲနဲ့ ကစားပွဲ…

`ဒေါက်…၊ ဂလောက်… ဂလောက်… ဂလောက်´

`ဆင်၊ မြင်း၊ ဇော်´

အော်ဟစ်သံ တခု၏ အဆုံးမှာတော့ `ဟေး´ ခနဲ ကြွေးကြော် ပျော်မြူးသံ၊ `ဟာ´ခနဲ မချင့်မရဲ ရေရွတ်သံများ အလုအယက် ထွက်လာ၏။ နောက်တော့ လောင်းကြေး ထိုးထားသော ငွေများက အလျော်ခံရသူ ခံရ၊ အစားခံရသူ ခံရနှင့် ခဏတော့ အလုပ်ရှုပ်သွားသည်။ ပြီးတော့…၊ နောက်တပွဲ။

အလျော် အစားကိစ္စများ အားလုံးပြီးသည့် အခါမှာတော့ အံစာတုံးများကို ဒိုင်ဖြစ်သူက သူ့စိတ်ကြိုက်ဖြစ်အောင် အံဂလုံခုံ ပေါ်သို့ စီရီစွာ ထပ်တင်လိုက်သည်။ ဒီလိုနဲ့ အကာလ ညချမ်းက အံဂလုံ ခုံများတွင် ကစားကြသူတွေရဲ့ အသံ၊ အံဂလုံ အံစာများ တဒေါက်ဒေါက် ပြုတ်ကျသံများနှင့်အတူ အလုပ်များနေ၏။ ဟိုးတဖက် ခပ်လှမ်းလှမ်းမှာတော့ တောဇာတ်ပွဲလေးက မစည့်တစည် ပွဲကြည့် ပရိသတ်ရှေ့မှောက်တွင် ကပြအသုံးတော် ခံနေလေသည်။

ဇာတ်စင်နဲ့ ခပ်လှမ်းလှမ်းမှာကတော့ ပွဲဈေးတန်း။ ဖုန်တသောသော၊ လူတဖျောဖျောနဲ့ အဲဒီ ဈေးတန်းလေးရဲ့ အဆုံး ဒီမှာဘက်မှာကမှ အနီထောင်၊ အံဂလုံ အစရှိသော လောင်းကစားဝိုင်းများ။

***

`အံဂလုံ´ ဟု လူအများခေါ်ကြသော အနှီလောင်းကစားနည်းကို ဘယ်သူက စတင် တီထွင်သည်တော့ မသိ။ ဒီဘက်ခေတ် တောနယ် ဇာတ်ပွဲတွေမှာတော့ မပါမပြီးပုံစံလို ဖြစ်နေ၏။

အံဂလုံ ကစားဖို့အတွက် လက်သီးဆုပ်ခန့် အရွယ် မရှိတရှိ အံစာတုံး သုံးလုံးလို၏။ အံစာတုံးများတွင် ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်၊ နဂါးရုပ်၊ ဒေါင်းရုပ်၊ ဇော်ဂျီရုပ်များကို ဆွဲထားသည်။ အဲဒီနောက် အလျား လေးပေ၊ နှစ်ပေ၊ ထု ခြောက်လက်မခန့် ရှိ သေတ္တာပုံစံ အံဂလုံခုံ လို၏။ ဖွင့်ထားသော သေတ္တာဖုံး၏ အကန့်လေးပေါ်တွင် အံစာတုံးတွေကို အစီအရီတင်၊ ပြီးတော့ လောင်းကစားသူ ထိုးသားတယောက်က ထိုအကန့်လေးပေါ်က အံစာတုံးတွေ အောက်ကို လျှောကျလာအောင် ကြိုးဖြင့် ခပ်လှမ်းလှမ်းက ဆွဲပြီး အောက်ကို ကျလာသည့် အံစာတုံး မျက်နှာပြင်တွင် ပေါ်လာသည့် အရုပ်များကို မူတည်ပြီး အလျော်အစား လုပ်ရသော ကစားနည်းပင်။

***

မိစန်းကြည် အတွက် `ကျောင်း´ ဆိုသည်ကို လေးတန်းလောက် အထိသာ ရင်းနှီးခွင့် ရလိုက်သည်။ မိဘတွေက ဇာတ်တကာလှည့် အံဂလုံဒိုင် ကိုင်တော့ ဆူလွယ်နပ်လွယ် ငွေရပေါက်လောက်ကိုသာ အာရုံထားရာ ကျောင်းထွက်ပြီးနောက်ပိုင်းမှာ မိစန်းကြည်သည်လည်း အံဂလုံ ခုံနောက် တကောက်ကောက်ပေါ့…။

လေးတန်းနဲ့ ကျောင်းထွက်စ ကလေးသာသာ အရွယ်တုန်းကတော့ မိစန်းကြည်အလုပ်က မိဘများ အံဂလုံခုံ ဒိုင်လုပ်နေရင် အနားမှာ ငုပ်တုပ်ထိုင်၊ အဖေ အရက်သောက်ချင်လာတော့ ပွဲဈေးတန်းမှာ ပြေးဝယ်၊ ထိုးသားတွေ များများ ရှုံးကြပါစေ ဆုတောင်း…၊ ဒီလောက်သာ။

အပျိုဖော်လေး ၀င်လာတော့ မိစန်းကြည်တယောက် အံဂလုံခုံတွေရဲ့ အထာကို သိနားလည်စ ပြုလာသည်။ အံစာတုံးကို ဘယ်လိုစီရမယ်၊ ငွေများများဝင်အောင် ဆိုင်ရာပိုင်ရာတွေကို ဘယ်လိုပသရမယ် ဆိုတာ အတုမြင် အတတ်သင်တတ်လာသည်။ ရုပ်ကလေးကလဲ အသင့်အတင့်၊ မျက်နှာထားကိုလည်း အတတ်နိုင်ဆုံး ချိုအောင် ထားလိုက်တော့ `ပျော်ပျော်ကြီး´ လို့ အမည်ပေးထားတဲ့ အံဂလုံခုံက ကာလသား ထိုးသားတွေနဲ့ တဟေးဟေး တ၀ါးဝါး၊ တ၀ုန်းဝုန်း တရုန်းရုန်း…။

ပွဲဈေးတွေမှာ အံဂလုံခုံ ဒိုင်ကိုင်သည် ဆိုတာကလည်း အထာလေးတော့ နပ်မှ။ မျက်နှာထား စူပွပွ၊ အသက်ခပ်ကြီးကြီး အရွယ်တွေ ထိုင်နေသော အံဂလုံခုံမျိုးထက်စာရင် မိစန်းကြည်လို အရွယ်ကလေးလဲ ရှိ၊ ရုပ်ရည်လေးကလည်း ရှိတဲ့ ခုံမျိုးမှာမှ လူစည်တတ်၏။ တချို့ကလည်း ဘာရယ်မဟုတ် အပျော်သဘော ဟေးလား ၀ါးလား၊ တချို့ကတော့ ရိတိတိ၊ တချို့ကတော့ မူးယစ်ယစ်၊ ဘာပဲဖြစ်ဖြစ် သည်းတော့ ခံရသည်။ ကိုယ်က သူတို့အိတ်ထဲက ပိုက်ဆံကို လိုချင်သည်ကိုး။

လောင်းကစား ဆိုသည့်အမျိုးကလည်း များသောအားဖြင့် ဒိုင်တွေကသာ စားသည်ဆိုပေမယ့် ကံဆိုးမိုးမှောင် ကျရင်တော့ တခါတလေလဲ ရှုံးတတ်သေးသည်။ ဘာပဲဖြစ်ဖြစ် ဆောင်းဦးပေါက်လာလို့ ဘုရားပွဲလေးတွေ ဟိုမြို့တစ၊ ဒီရွာတစ လုပ်လာကြပြီ ဆိုရင်ဖြင့် မိစန်းကြည်တို့အတွက် အခါကောင်းပင်။ မိုးတွင်းတုန်းက သိမ်းထားတဲ့ အံဂလုံခုံလေးနဲ့ အတူ ဘုရားပွဲတွေနောက် တကောက်ကောက် လိုက်လို့ ငွေရှာလမ်းထွက်ပေတော့။ အရင်းအနှီးငွေစကလေးတော့ ကြံရဖန်ရသပေါ့။

ဘုရားပွဲနှင့် လောင်းကစားဝိုင်း ဘာများဆိုင်လို့လဲဟု မိစန်းကြည် ဉာဏ်မီသလောက် တခါတရံ စဉ်းစားကြည့်မိဖူးသည်။ အမေ့ကို မေးကြည့်တော့ `ညည်းကလဲ၊ အကောက်လိုချင်လို့ နေမှာပေါ့အေ´ ဟု ခပ်ပြတ်ပြတ်ဖြေ၏။

အကောက်…။

ဟုတ်တော့လည်း ဟုတ်သည်။ ဘုရားပွဲတခုခု ဖြစ်လို့ မိစန်းကြည်တို့ အဲဒီပွဲကို အံဂလုံခုံလေးသယ်သွားပြီ ဆိုမှဖြင့် ညနေစောင်းလို့ နေရာခင်းမယ်မှ မကြံသေး၊ ပွဲတာဝန်ခံ ဆိုသူတွေက စာအုပ်တအုပ်ကိုင်လို့ ပိုက်ဆံလာတောင်းတော့သည်။ `ကဲ၊ အကောက် အရင်ပေးဗျာ´ ဆိုပဲ။ အကောက်ဈေးကလည်း တနေရာနှင့် တနေရာ မတူ။ ဘာကိုမူတည်ပြီးကွဲသလဲ လို့ မေးရင်တော့ ပွဲတာဝန်ခံတွေရဲ့ ပါးစပ်ဖျားပေါ် မူတည်သည်လို့သာ ဖြေရမည်။

***

ဒီနေ့ တော်တော်ထူးခြားသည်။

ညနေစောင်းလို့ အံဂလုံခုံ နေရာခင်းကတည်းက ည ရှစ်နာရီ ထိုးလောက်အထိကို အံဂလုံ လာကစားကြသူ တယောက်မှ ပေါ်မလာသေး။ ထုံးစံအတိုင်း အကောက်ကတော့ အရင် လာကောက်သွားချေပြီ။ ဘုရားပွဲ သုံးရက်မှာ ဒီနေ့ကလည်း နောက်ဆုံးရက်။

`ကဲ၊ ပျော်ပျော်ကြီး ကစားကြမယ်နော်´

ဖြတ်သွားသမျှ လူတွေကြားအောင် အသံစာစာနှင့် အော်လိုက်သည်။ ဘယ်လိုဖြစ်သည် မသိ၊ လူတွေက တခြားခုံတွေမှာပဲ သွားကစားနေကြပါလား။

`အကိုတို့၊ လာလေ၊ ကစားကြပါလား´

ခြေလှမ်းယိုင်ထိုးထိုးနဲ့ လူသုံးယောက် အနားက ဖြတ်သွားခိုက် မိစန်းကြည်တယောက် အပြုံးတခုကို ဖန်တီးရင်း လှမ်းခေါ်လိုက်တော့ `အေး၊ ဒီခုံမှာ အံဂလုံ နည်းနည်းဆွဲမယ်ကွာ´ လို့ သူတို့အချင်းချင်း ပြောပြီး ခုံရှေ့ကို ရောက်လာသည်။ ပုံစံတွေက မူးနေပုံပေါ်သည်။ ဒါပေမယ့် မတတ်နိုင်၊ လူမလာတာနဲ့ စာရင် တော်သေးတာပေါ့။

`ငါးဆယ် ထိုးမယ်ကွာ´

`ဟုတ်ကဲ့၊ ရပါတယ်အကို´

ဒီလိုနဲ့ မိစန်းကြည်တို့ ခုံမှာ အံဂလုံ အံစာကျသံ တဒေါက်ဒေါက်နှင့် လူစည်စ ပြုလာသည်။ လူစည်ပြီဆိုတော့ မျက်စိကို ရှင်ရှင်ထားရပြန်သည်။ တချို့လူတွေက အံစာတုံးတွေ အောက်ကျပြီးခါမှ ပေါ်သည့် အရုပ်အကွက်မှာ ဒိုင်မသိအောင် ပိုက်ဆံခိုးထားပြီး အလျော်တောင်းတတ်လေတော့ သတိထားရသည်။ မတော်တဆလိုလိုနဲ့ အသားချင်း မထိထိအောင် လာလာတိုးတတ်သော သကောင့်သားများကို လည်း အလိမ္မာနှင့် ရှောင်ရသေးသည်။ ဘာပဲဖြစ်ဖြစ် အလုပ်တော့ ဖြစ်လိုက်သည်။ ည ဆယ်နာရီကျော်ချိန်လောက် ရောက်တော့ ၃၀၀၀ ကျော်လောက် နိုင်လိုက်၏။ အကောက်ဖိုး ၁၅၀၀ ကို ဖယ်လိုက်ရင် ၁၅၀၀ တော့ မြတ်ပြီ။

ခပ်လှမ်းလှမ်း ဇာတ်ပွဲက စတိတ်ရှိုးသံက ပျံ့လွင့်လာပြန်သည်။ `ချစ်ဆူးငယ်´ ပွဲ။ အဲဒီမင်းသားက အဆိုအရမ်းကောင်းသည်။ သွားကြည့်ချင်ပေမယ့် မဖြစ်သေး။

`ကဲ…၊ အံဂလုံ ဆွဲမယ်ကွာ´

အသက် ခပ်ရွယ်ရွယ် လူကြီးတယောက်က အံဂလုံခုံရှေ့က ခွေးခြေခုံမှာ ၀င်ထိုင်ရင်း ပြောလိုက်သည်။

`ထောင့်ငါးရာ ထိုးမယ်၊ ရမလား´

မျက်နှာထားက ပြီတီတီနှင့် အဲဒီလူကြီးက မိစန်းကြည်ကို မချိုမချဉ်ကြည့်ပြီး ပြောလိုက်၏။ ဖောင်းကားနေသော သူ့အိတ်ကပ်ထဲက ငွေအထပ်လိုက်ကလည်း သွားရေယိုချင်စရာ မျက်စပစ်နေသည်။

`ဦး၊ တကယ်ထိုးမလို့လား´

`ဟဲ့၊ ငါ့အသက် ငယ်ငယ်လေး ရှိသေးတယ်´

`သြော်၊ ကန်တော့ ကန်တော့၊ အကိုကြီး တကယ်ထိုးမှာလား´

`ထိုးမှာပေါ့၊ နင်လက်ခံရဲ့လား´

အဖေ့ကို မသိမသာ မျက်ရိပ်ပြတော့ အဖေက အသာခေါင်းဆတ်ပြလိုက်သည်။

`ထိုးလေ၊ အကိုကြီး´

လူကြီးက အိတ်ထဲက ငွေစက္ကူအထပ်လိုက်ကို ထုတ်ကိုင်ပြီး တထောင်တန် တရွက်နှင့် ငါးရာတန်တရွက်ကို ဇော်ရုပ် ပုံပေါ်တွင် ပစ်ချလိုက်သည်။

အင်း၊ သူ ဇော်ရုပ်ထိုးတယ်ဆိုတော့ မိစန်းကြည်တို့ ဒီနေရာမှာ ပညာပြရတော့မည်။ အံစာတုံးတွေကို စီတော့ ဇော်ရုပ်တွေကို မျက်နှာမူရာဘက်မှာ မရှိစေဘဲ ဘေးဘက်ကို အသာပို့ထားလိုက်သည်။ ဒါမှ ဇော်ရုပ် ကျနိုင်ခြေနည်းမည်။

`ဒေါက်၊ ဒေါက်၊ ဒေါက်´

ဝေါခနဲ ဆွဲချလိုက်သံနှင့် အတူ အံစာတုံးတွေက ခုံပေါ်ကို တဒေါက်ဒေါက် ကျလာသည်။

`ကျား၊ နဂါး၊ ဒေါင်း´

ဈေးဦးပေါက်တော့ ကောင်းပြီ။ ထိုးထားသော ငွေကို ခပ်မြန်မြန်ပင် ဆွဲယူလိုက်သည်။ လူကြီးက အပြုံးပင်မပျက်။

`ကဲ၊ နောက်ထပ် ထောင့်ငါးရာ´

`ဟုတ်ကဲ့´

`ထောင့်ငါးရာတွေ အများကြီးပေးမှာနော်´

`သေနာကြီး´ လို့ စိတ်ထဲက ကျိန်ဆဲလိုက်ပေမယ့် စကားလုံးတွေက အပြင်ကိုတော့ လက်တွေ့ထွက်မလာလိုက်ပါ။ ဒီလိုလူမျိုးတွေကို သည်းခံနိုင်လေ ငွေများများရလေ လေ။

ဒီလိုနဲ့ သူက နိုင်လိုက်၊ ကိုယ်က နိုင်လိုက်နှင့် ကစားနေရင်း ကြာတော့ လူကြီးရဲ့ အိတ်ထဲက ငွေတွေ တော်တော်ကို လျော့လာသည်။ စောစောကလို ပြီတီတီ အပြုံးတွေလဲ ပျောက်စပြုလာသည်။ ဒီတခါတော့ လူကြီးက ငွေကို အာရုံစိုက်လာပုံပေါ်သည်။

`ကဲ၊ ငါးထောင်ထိုးမယ်ဟာ´

မိစန်းကြည် မျက်လုံးပြူးသွားသည်။

`ဘယ်လိုလဲ´

စိတ်သိပ် မရှည်တော့ဟန် ထပ်မေးလာတော့…

`ငါးထောင်တော့ များတယ်လေ အကိုကြီး၊ ထောင့်ငါးရာပဲ မကောင်းဘူးလား´

`ငါ ရှုံးနေပြီဟ´

`အကိုကြီးပဲ ထောင့်ငါးရာတွေ အများကြီးပေးမယ်ဆိုပြီးတော့…´

ဒီအလုပ်လုပ်တယ် ဆိုတာက အင်မတန် သည်းခံနိုင်မှ…၊ မျက်နှာကို အတတ်နိုင်ဆုံးချိုသာနေအောင်ထား၊ မိန်းကလေး အိဒြေ္နတွေဘာတွေ အခုအချိန်မှာ ခဏလေး ဖယ်ထား၊ ဟုတ်သည်ရှိ မဟုတ်သည်ရှိ သူတို့နဲ့ အလိုက်အထိုက် ပြောပေးမှ။

***

`ကဲ၊ ကုန်ပြီဟာ၊ နည်းနည်းတော့ ပြန်ပေးပါအုံး´

တကယ်တော့ လောင်းကစားသမားတို့ ထုံးစံ ပြန်ပေးတယ်ဆိုတာ မရှိ။ ဒါပေမယ့် ဒီလူကြီးကတော့ အတော်လေး ရှုံးသွားပုံပေါ်သည်။ ဒီလိုနေရာမျိုးကျတော့ မိစန်းကြည်တို့ အဖေက အတော်လေး ပါးနပ်သည်။

`အာ၊ ရပါတယ် အကိုရ၊ ကိုယ့်ညီအကိုတွေပဲ၊ ပေးရမှာပေါ့´

ခပ်သွက်သွက်ပြောလိုက်ရင်း တထောင်တန် နှစ်ရွက်ကို ထိုလူကြီးဆီ ကမ်းပေးလိုက်တော့ မယူချင့်ယူချင်နှင့် ယူရင်း ခပ်လှမ်းလှမ်းက ကစော်ဆိုင်တွေဘက် လေးကန်ကန်နှင့် ထွက်သွားတော့သည်။

ထိုလူကြီးထွက်သွားသည်နှင့် ငွေတွေ ရေကြည့်တော့ လားလား၊ နှစ်သောင်းခွဲကျော် နိုင်လိုက်သည်။

`ကဲ၊ ကဲ သိမ်းကြစို့´

အဖေ့ လောဆော်သံ အပြီးတွင်တော့ မိစန်းကြည်တယောက် ကျင့်သားရစွာနှင့်ပင် ခုံသိမ်း၊ အခင်းသိမ်း လိုက်သည်။ မြန်မြန်သိမ်းမှ၊ တော်ကြာ ထပ်ကစားသူတွေ ရောက်လာလို့ နိုင်ထားတာလေးတွေ ပြန်ပါသွားမှ အခက်။

***

မိစန်းကြည် ဇာတ်စင်ရှေ့ ရောက်တော့ ပြဇာတ်ကချိန်ပင် ရောက်နေပေပြီ။ ပြဇာတ်ထဲမှာ မင်းသားက လောင်းကစားနောက်ကို လိုက်မိလို့ ရှိသမျှ စည်းစိမ် ကုန်လုလုတွင်မှ နောင်တရသော အခန်း။ လောင်းကစားမှုကြောင့် ငွေတွေ ကုန်ပြီးတကယ်တမ်း ဒုက္ခရောက်လာတော့ မိဘရှေ့မှာ ငိုယိုတိုင်တည်နေသော ဇာတ်ဝင်ခန်း။

`သား နောင်တ ရပါပြီဖေဖေနဲ့ မေမေ၊ ဒီ လောင်းကစားကို စွန့်လွှတ်ပြီး သား လူသစ်စိတ်သစ် ဘ၀နဲ့ ပြန်ကြိုးစားပါတော့မယ်´

ဇာတ်စင်ရှေ့မှ အသာ ပြန်လှည့်ထွက်လာတော့ ကစားလို့ ကောင်းနေကြဆဲ အံဂလုံခုံတချို့က အသံတွေက မိစန်းကြည်ကို ဆီးကြိုလိုက်သည်။

`ကျားကွ၊ ဇော်ဂျီကွ၊ မြင်းကွ´


ကလိုစေးထူး

(၂၀၀၀ ပြည့်နှစ် ၀န်းကျင် နယ်မြို့ကလေးများမှ ဘုရားပွဲများကို အခြေခံ ရေးဖွဲ့ပါသည်။)