Tuesday, December 30, 2008

ပန်းတိုင်ရွယ်ကိုး ... ၂၀၀၉ သို့

နှစ်သစ်ကူး ဆုတောင်းသံလေးတွေကို နေရာအနှံ့ ကြားနေရပြန်ပါပြီ။

ကျနော် အခု ဒီစာကို ရေးနေတဲ့ အချိန်ကနေ ရေတွက်ရင်တော့ နောက်ထပ် ၂၈ နာရီခွဲ ကြာရင် ၂၀၀၉ ခုနှစ်ကို ရောက်ပါတော့မယ်။

ကျနော့်တဦးတည်းရဲ့ ခံစားချက်သက်သက် အရ ပြောရရင်တော့ ၂၀၀၈ ဆိုတာကြီးကို ခပ်မြန်မြန်ပဲ လွန်မြောက်စေချင်နေပါပြီ။ ၂၀၀၈ ခုနှစ်ဟာ ကံကောင်းခြင်း နည်းပါးလှတဲ့နှစ်၊ ကံဆိုးမှု ပရပွကို သယ်လာတဲ့နှစ်လို့ကို ခံစားရတယ်။

ဒီနှစ်ထဲမှာပဲ နာဂစ်မုန်တိုင်းလို ကပ်ဆိုးဒဏ်ကိုလဲ ခံစားရ၊ ဒီနှစ်ထဲမှာပါ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ များစွာကြွေလွင့်ခဲ့ရ။ ဒီကြားထဲ မတရားမှုတွေ အားလုံးကို ကိုယ်စားပြုတဲ့ ဥပဒေမူကြမ်းကိုလဲ အတင်းကာရော အသက်သွင်းခဲ့ကြတာလဲ ဒီနှစ်ထဲမှာပဲ။ မိစ္ဆာတွေ သိက္ခာတင်ခဲ့ကြတဲ့ နှစ် လို့တောင် တင်စားလိုက်ချင်ရဲ့။

အစွဲအလမ်း ကြီးတယ်ပဲ ဆိုချင်ဆိုကြပါတော့…၊ ကံဆိုးတဲ့နှစ် ၂၀၀၈ ကို လွန်မြောက်ပြီး ပန်းတိုင်ရွယ်ကိုး ၂၀၀၉ ကိုသာ အမြန်ရောက်ချင်ပါပြီ။

ကျနော့် မိတ်ဆွေများ အားလုံး မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

အားလုံးကို ခင်မင်လေးစားစွာ

ကလိုစေးထူး

Monday, December 29, 2008

ဟာသနဲ့ ဟာသ...

`ပွမ် ))))))))))))´

အနားကပ်ပြီး ကားဟွန်းတီးလိုက်သံကြောင့် ဘောက်ဆတ်ဘောက်ဆတ်နှင့် လမ်းလျှောက်နေသော ကျွဲကော်ကိုင်းမျက်မှန်နှင့် အူကြောင်ကြောင်ပုံစံလူ လန့်သွားသည်။ အနားမှာရပ်လာတဲ့ ကားထဲမှာက ၀ဖိုင့်သော ခန္ဒာကိုယ်ပိုင်ရှင် အမျိုးသမီးတယောက်က ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာကြီးကို အဆီတွေအစ်နေအောင် ပြုံးပြပြီး…

`ကိုကိုချစ်၊ လန့်သွားတယ်ဆိုရင် ဆောရီးနော်။ အံ့သြသွားအောင် လုပ်လိုက်တာ၊ လာ၊ ကားပေါ်တက်´

ကိုကိုချစ်လို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ်က ချွဲပျစ်ချိုအီနေသော စကားသံကို မအီမလည်မျက်နှာထားဖြင့် ပြန်ကြည့်နေသည်။ ပြီးမှ…

`အာ၊ ရပါတယ်၊ ကျနော် ဒီကနေပဲ လမ်းလျှောက်သွားလိုက်တော့မယ်´
`အာ၊ မရဘူး၊ မရဘူး၊ မတက်ဘူးလား၊ မတက်ရင် ဆင်းလာပြီးခေါ်ပြီနော်၊ ဆင်းလာပြီနော်´

စောစောက အသံထက် နှစ်ဆလောက် ပိုချွဲသောအသံနဲ့ တဆက်တည်း ကားပေါ်ကနေ ဆင်းလာမည့်ဟန် တကဲကဲဖြစ်နေတဲ့ မရွှေဝတုတ်ကြောင့် ကိုကိုချစ်ခမျာ `အဲ၊ တက်မယ်၊ တက်မယ်´ ဟု ကမန်းကတန်း ပြန်ပြောရင်း ကားပေါ်ကို ပုဆိုးစွန်တောင်ဆွဲပြီး ၀ရုန်းသုန်းကားဖြင့် အမြန်တက်ရတော့သည်။

***

`ဟားဟားဟားဟား´
`အဟီးဟီး´
`ဟားဟားဟား´

ဘာစာမှ မရေးဖြစ်တဲ့ တညနေတွင် ကွန်ပျူတာထဲက မြန်မာဟာသကားတကားကို ကြည့်ရင်း တ၀ါးဝါး တဟားဟားဖြင့် သဘောကျနေမိ၏။ တခါတလေကျတော့ လူပန်း၊စိတ်နွမ်းနေတဲ့ အချိန်မှာ ဒီလိုဟာသကားလေးတွေက ခဏတဖြုတ်ပဲ ဖြစ်ဖြစ် လူကို လန်းစေတာတော့ အသေအချာပင်…။

ကြည့်မိတဲ့ကားကလဲ ဟာသမှ တကယ့်ဟာသ။ ကျော်ရဲအောင် နဲ့ ပွင့် တို့ သရုပ်ဆောင်နေသည်ကလဲ ရယ်ချင်စရာ။ သူကိုယ်တိုင်ကလဲ မြန်မာကားကိုမှ နှစ်သက်သူကလဲ ဖြစ်လေတော့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ရယ်မောနေရသည်မှာ အရသာ ရှိလိုက်ပါဘိ။

အခန်းတခုလုံးလဲ သူ့ရယ်သံတွေကသာ ဖုံးလွှမ်းနေ၏။ ထိုအခိုက်…

***

`ဒေါက် ဒေါက် ဒေါက်´

အိမ်တံခါးကို တယောက်ယောက်က အဆက်မပြတ်လာခေါက်နေသံကြောင့် ရယ်လက်စကို အရှိန်ခဏသတ်ပြီး တံခါးသွားဖွင့်ပေးလိုက်တော့ တံခါးဝမှာ ဟိုဘက် တိုက်ခန်းက အမိုးရဲ့ သားမက် ကော်လာဖိုးရပ်နေ၏။ သူ့ကို မြင်တော့…

`အကို၊ ကျနော် ဒီညတည ဒီမှာပဲ အိပ်ချင်လို့´
`သြော်၊ အိပ်လေ၊ ရပါတယ်´

ပြောလဲပြော၊ အခန်းထဲလဲ ၀င်လာသော ထိုလူက စောစောက သူ့အင်္ကျီကြားထဲမှာ ထိုးထည့်ထားတဲ့ လက်ကို အပြင်ထုတ်လိုက်တော့ လားလား…၊ လက်ထဲမှာလဲ နည်းတဲ့ အရက်ပုလင်းကြီး မဟုတ်။ အခန်းထဲရောက်သည်နှင့် သူ့ရှေ့မှာ ဗြုန်းဆို ထိုင်ချလိုက်ပြီး…

`ကျနော် စိတ်ညစ်တယ်ဗျာ၊ ကျနော့်ကို သူတို့ ၀ိုင်းအနိုင်ကျင့်ကြတယ်၊ အီးဟီးဟီးဟီး´

စောစောက တံခါးဝမှာတုန်းက အကောင်းလိုလိုနဲ့ သူ့အခန်းထဲ ရောက်လာမှ ဆိုင်းမဆင့် ဗုံမဆင့် ငိုချလိုက်သော ကော်လာဖိုးကို ကြည့်ရင်း သူလဲ ဘာပြောလို့ပြောရမှန်း မသိ…

`အီးဟီးဟီးဟီး၊ အမေရိကားရောက်မှ မပျော်ဘူးဗျာ၊ အီးဟီးဟီး´

အဲဒါမှ အခက်၊ စောစောကတင် ဟာသကားကြည့်နေတဲ့ သူ့မျက်နှာက ဟာသကားအရှိန်ကြောင့် ဘယ်လိုမှ မျက်နှာပိုးသေနိုင်မှာမဟုတ်။ ဒါပေမယ့်…

`ကဲပါဗျာ၊ ဒီလိုပေါ့၊ တခါတလေ ဖြစ်တတ်ပါတယ်၊ ငိုမနေပါနဲ့ဗျာ´

ကွန်ပျူတာမှာ ဖွင့်ထားလက်စ ဟာသကားကလဲ မပိတ်ရသေး…။ ဟိုလူ့ကို အားပေးစကားတချက် ပြောပြီး ဇာတ်ကားကို ဆက်ကြည့်မိပြန်သည်။

ဒီတခါတော့ ကျော်ရဲအောင်တယောက် အချဉ်အစပ်စာတွေကို ကြိုက်တဲ့ ကောင်မလေးအကြိုက်အတိုင်း လိုက်စားမိရာမှ အိမ်သာနဲ့ နပန်းလုံးနေရတဲ့အခန်း။ အိမ်သာထဲကို ၀င်သွားလိုက်၊ မျက်နှာကြီးရှုံ့မဲ့ပြီး ပြန်ထွက်လာလိုက်၊ တခါပြန်ဝင်သွားလိုက်…။

`ဟားဟားဟားဟား´
`ဟီးဟီးဟီး´

`တကယ်ကို အကိုရာ၊ ကျနော်က အခုအချိန်မှာ အလုပ်ရှာနေတုန်းမို့သာ ယောက္ခမအိမ်မှာ ခဏနေရတာပါ။ ဒါကို အနိုင်ကျင့်တယ်ဗျာ၊ အီးးးဟီးးး´

ဇာတ်ကားကို ကြည့်ပြီး ရယ်မယ်မှမကြံသေး ဟိုလူက ထငိုပြန်တော့ မျက်နှာပိုးကို အတင်း ဘရိတ်အုပ်သတ်ရပြန်သည်။ ဟိုလူက ပြောလဲပြော၊ လက်ထဲက အရက်ပုလင်းကိုလဲ ခွက်ထဲကို ငှဲ့နေပြန်သည်။ သူက မနေနိုင်မထိုင်နိုင်ဖြင့်…

`ဖြည်းဖြည်းချပါဟ´
`ဒီမယ်အကို၊ ကျနော် ဒီလောက်က အေးဆေးပါဗျ၊ ဟောဒီမှာကြည့်´

ငှဲ့ထားတဲ့ အရက်တွေကို ဂလုဂလုနဲ့ တရှိန်ထိုး မော့ချပြပြန်သည်။ ပြီးတော့ `စိတ်ညစ်တယ်ဗျာ၊ အီးဟီးဟီး´ ဆို ထပ်ငိုပြန်သည်။

***

`ကဲ၊ မငိုပါနဲ့တော့ဗျာ၊ နော်၊ ဒီမှာစောင်နဲ့ ခေါင်းအုံး၊ အိပ်ရင်လဲ အိပ်တော့လေ´

အရက်ငို ငိုတတ်သူကို သူလဲ ဘယ်လိုမှ မချော့တတ်။ ကျော်ရဲအောင်ရဲ့ ကိုးရို့ကားယားပုံစံကို ကွန်ပျူတာမှာ ထပ်ကြည့်မိပြန်တော့ `ခွီး´ ခနဲ ထပ်ရယ်မိပြန်သည်။

`အကို၊ ကျနော်က ရယ်စရာ ဖြစ်နေလို့လားဟင်´
`ဗျာ၊ အာ…၊ မဟုတ်ပါဘူး´
`အကိုက ကျနော်ဝင်လာကတည်းက မျက်နှာက စပ်ဖြီးဖြီးကြီး´
`အဟီး… … ဒါကတော့၊ ကျနော်က ခင်ဗျားမလာခင်က ဟာသကားကြည့်ပြီး ရယ်နေတာဗျ၊ အဲဒီအချိန်မှာ ခင်ဗျားက ရောက်လာပြီး ဗြုန်းဆို ငိုချလိုက်တော့ ကျနော်လဲ ဘာလုပ်ရမှန်းကို မသိတော့ဘူး၊ မျက်နှာလဲ ဘယ်လိုဖြစ်နေမှန်းကို မသိတော့ပါဘူးဗျာ´

ဟိုလူ ခဏတော့ ငြိမ်သွားသည်။ ခဏကြာတော့… … …

`အဟီးဟီးဟီး၊ ရှက်လိုက်တာဗျာ၊ ရယ်စရာကြီးနော်´
`ဟီးဟီး၊ ကျနော်ရယ်တာ ဟာသကားကိုပါ´
`မဟုတ်ဘူး၊ ကျနော်က ပိုရယ်စရာ ဖြစ်နေတာနေမှာ´
`ကျနော့်မျက်နှာကြီးကလဲ ရယ်စရာဖြစ်နေမှာပါ၊ အဟားဟားဟား´

ကွန်ပျူတာက ဟာသကားနဲ့ အပြင်က ဟာသသမားနှစ်ယောက်ရဲ့ အသံတွေကြောင့် တခန်းလုံး ရယ်သံတွေနဲ့ ပြည့်နှက်သွားတော့သည်။

အဲဒီနောက်တော့ ငါးမိနစ်မျှပင် မကြာလိုက်ပါ။ ကော်လာဖိုးတယောက် အောက်ပါပုံအတိုင်း ခေါင်းစိုက်လျက် လောကကြီးကို တခဏမျှ နှုတ်ဆက်သွားလေတော့သည်။



***

ကလိုစေးထူး

Thursday, December 25, 2008

Hallelujah



အိမ်ထဲကနေ လှမ်းထွက်လိုက်သည်နှင့် ခြေသလုံးနားထိ မရောက်တရောက် နှင်းတွေက အေးစက်စက်အရသာနှင့် အတူ နှုတ်ဆက်လိုက်ကြသည်။ တလောက သင်ခဲ့ရတဲ့ အင်္ဂလိပ်စာလုံး 'Hobble' ဆိုတာ ဒီလို လမ်းလျှောက်နည်း ထင်ပါရဲ့လို့ တွေးလိုက်မိသေးသည်။




ဒီလို အဖြူရောင် အဆုပ်လိုက် အဆုပ်လိုက်နဲ့ လှနေတဲ့အပင်ဖြစ်ဖို့ အရေး နှစ်ရက်နီးနီးကျလိုက်သော နှင်းမုန်တိုင်းက လူတွေကို အတော်လေးတော့ ဒုက္ခရောက်နေစေခဲ့တာ အမှန်...။ လမ်းဘေးမှာ ထိုးရပ်နေတဲ့ကားတချို့၊ နှင်းတောထဲမှာ တ၀ူးဝူးနဲ့ ငိုသံပါအောင် ရုန်းနေရတဲ့ ကားငယ်လေးတွေ၊ လမ်းပေါ်ကနှင်းတွေကို အညှာအတာမရှိ တ၀ုန်းဝုန်းတဂျုံးဂျုံးဖြင့် ဒေါသတကြီး တွန်းဖယ်ပစ်တတ်သော နှင်းခြစ်ကားကြီးတွေက တမြေခြားရဲ့ ဆောင်းသရုပ်ကို မမောနိုင်မပန်းနိုင် ပုံဖော်လို့ နေစေ၏။

အလုပ်ထဲရောက်တော့ `ဘယ်လိုလဲကွ၊ နှင်းတွေနဲ့ ပျော်ရဲ့လား´ လို့ အလုပ်ရှင်က အရွှမ်းဖောက်ပြီး လှမ်းနှုတ်ဆက်သည်။ `သိပ်တော့ မလွယ်ဘူး´ လို့ ပြန်ပြောလိုက်တော့ တဟားဟားနဲ့ အော်ရယ်ပြီး `ငါကတော့ နှင်းတွေကို ချစ်တယ်ကွ´ ဟုပြောပြီး သူသင်ပေးထားတဲ့ မြန်မာစကား မပီတပီဖြင့် `မင်ဂလားဘာ´ ဟု နှုတ်ဆက်ပြီး ဟိုဘက်က စက်တွေဘက် လှည့်ထွက်သွားသည်။ ခဏနေတော့ ပြန်လှည့်လာပြီး `မမေ့နဲ့နော်၊ ဒီနေ့ နေ့လည်စာကို အလုပ်ထဲမှာ ကျွေးမှာကွ´ တဲ့။

ရွှေပြည်ကြီးမှာတုန်းကတော့ ခရစ်စမတ်ဆိုတာ ကိုယ်က ခရစ်ယာန်မဟုတ်ပေမယ့်လဲ ခရစ်ယာန်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလိုက်ဆို၊ သူတို့ဖိတ်တဲ့ ခရစ်စမတ်ပွဲလေးတွေတက်၊ ယေရှုခရစ်တော် မွေးပွားပုံ ပြဇာတ်တိုလေးတွေကို ငေးမောကြည့်ရင်းနဲ့ ပျော်ခဲ့ရတာ...။ ရှိုးထုတ်လို့ကောင်းရုံ ဂျင်းဂျက်ကက်ကောင်းကောင်းလေး တထည်ပဲဖြစ်ဖြစ်၊ ဈေးခပ်ပေါပေါ ပျောက်ကျား အနွေးထည်လေး တထည်နဲ့ပဲဖြစ်ဖြစ် ရွှေပြည်ကြီးရဲ့ ဒီဇင်ဘာဆောင်းမှာ စတိုင်လ်ထွားနိုင်သေးသည်။

`ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာ ရောက်စေသော်ဝ်´ တဲ့...။ ဘယ်လောက်များ နှစ်လိုစရာကောင်းပြီး မေတ္တာတရားတွေ ထုံမွှမ်းနေတဲ့ စကားပါလဲ။ ကောင်းမှုမင်္ဂလာမှန်သမျှ လူမရွေး၊ ဘာသာမရွေး ရောက်စေဖို့ ဆုတောင်းတဲ့ ဒီသီချင်းသံလေးကို ဘယ်နိုင်ငံရောက်ရောက် သူ မေ့မှာမဟုတ်။



ပြီးခဲ့တဲ့ တပတ်လောက်ကတော့ အလုပ်ရဲ့ ခရစ်စမတ် အကြိုပါတီပွဲကို ရောက်ခဲ့သေးသည်။ သူ့အလုပ်သမားတွေထဲမှာ အာရှသားတွေ များစပြုနေတာကို သတိထားမိပုံရတဲ့ အလုပ်ရှင်က ဒီနှစ်မှာတော့ တရုတ်ဆိုင် တခုမှာ ပါတီပွဲလုပ်ပေးလို့ စားရသောက်ရတာ အရသာက မဆိုးလှပေမယ့် သံပတ်ပေးထားရတဲ့ အပြုံးတွေနဲ့ကတော့ အဆင်မချောလှပါ။ ဘီယာဘားက ဘီယာ တလုံးရဲ့ ဈေးကို မေးလိုက်တော့ အပြင်ထက် လေးဆလောက် ပိုနေတဲ့ ဈေးကြောင့် စိတ်အလိုကို မလိုက်ဖြစ်မိတော့ပေ။ သူတို့ရဲ့ ပုံစံထဲမှာ မပျော်ဝင်မိသေးတာကိုက ခပ်ကောင်းကောင်းထင်ပါရဲ့။ ရွှေပြည်ကြီးက ခပ်ညံ့ညံ့ အရက်တလုံးကို ခင်ရာမင်ရာ သူငယ်ချင်းတွေနဲ့ စုသောက်ပြီး ကာရာအိုကေတွေ အော်ဆိုရတာလောက် အခုပါတီပွဲက သူ့ကို ဆွဲဆောင်မှု မရှိခဲ့တာတော့ အသေအချာပင်။

***

သူနဲ့ အတူတူ အလုပ်တွဲလုပ်နေတဲ့ Brondon က ဒီတပတ်လုံး အလုပ်မလာတော့ လူနှစ်ယောက်စာကို တယောက်ထဲ လုပ်နေရသလို ဖြစ်ပေမယ့် အလုပ်ရှင်က ရယ်ရယ်မောမော စစနောက်နောက်နဲ့ လာကူပေးနေလို့ တော်သေးသည်။

နေ့လည်ကျတော့ အလုပ်ရှင်မှာထားတဲ့ စားစရာတွေကို ဆိုင်ကနေ အချိန်မှီလာပို့သည်။ သိပ်တော့လဲ ထူးထူးထွေထွေ မဟုတ်လှပါ။ အသားညှပ်ပေါင်မုန့်တချို့၊ ခရမ်းချဉ်သီးနဲ့ ရောချက်ထားတဲ့ အီတာလျံစတိုင်လ် အသားလုံးတချို့၊ သူအမည် မခေါ်တတ်တဲ့ ခေါက်ဆွဲလိုလို အလုံးတွေ၊အကောက်တွေ ထောပတ်အတုံးတွေ ရောမွှေထားတာတွေရယ်၊ အာလူးကြော်ရယ်၊ မုန့်အချိုနည်းနည်းပါးပါးရယ်။

`ငါ ဘီယာဝယ်ထားတယ်ကွ၊ ချမလား´

ဒါမျိုးကတော့ ကြာသလားလို့...။ 'Sure' ဆိုတဲ့ စကားက ခပ်သွက်သွက် ထွက်သွားနှင့်ပြီးသား။ နောက်တော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေ အားလုံး ရယ်မောလိုက်ကြ၊ အော်ဟစ်နောက်ပြောင်လိုက်ကြ၊ အလုပ်ထဲက တလွဲတချို့ကို ပြောရင်းဆိုရင်း နဲ့ အသံတွေစီစီညံလိုက်သေးပါသည်။

`မယ်ရီ ခရစ်စမတ်ပါ၊ ကားကို ဘေးကင်းအောင် မောင်းကြပါ၊ ပျော်ရွှင်ကြပါစေ´ လို့ အချင်းချင်း နှုတ်ဆက်ကြရင်း အလုပ်ကနေ ပြန်ကြတော့ အချိန်က နေ့လည် ၁ နာရီသာသာ။ နေ့တ၀က်နဲ့ နားခွင့်လဲပေး၊ နေ့လည်စာလဲကျွေး၊ လုပ်ခလဲ ပေးတော့လဲ ပျော်စရာ.. ... ...။



ချမ်းအေးလှတဲ့ ခရစ်စမတ်ပြီးရင် မကြာခင်မှာ နှစ်သစ်ကို ကူးပေလိမ့်ဦးမည်။ သိပ်ကံမကောင်းလှတဲ့ ၂၀၀၈ ကြီး မြန်မြန် လွန်မြောက်ပါစေတော့ လို့သာ ဆုတောင်းရင်း ဒီနှစ် X factor 2008 ရဲ့ ဆုရှင် Alexandra Burke ရဲ့ Hallaelujah သီချင်းကို နားထောင်ရင်း ... ... ...။

မင်္ဂလာခရစ်စမတ်မှာ အားလုံး အေးချမ်းပျော်ရွှင်မှုတွေနဲ့ ပြည့်စုံနိုင်ကြပါစေ။

***

ကလိုစေးထူး

Tuesday, December 23, 2008

ကျွမ်းထင်းကောက်ချိန်

ခပ်စိမ့်စိမ့် ဆောင်းလေအေးက အင်ဖက်မိုး၊ ထရံကာ လယ်တဲကလေးကို ခပ်ဆတ်ဆတ် တိုက်ခတ်လိုက်သည်။

တဲထဲမှာ အိပ်နေကြသော ဖိုးကောက်၊ ကျော်စွာနဲ့ နကျယ်ကောင်တို့ တသိုက် စောင်ခြုံထဲမှာ ကွေးလို့ တိုးဝှေ့အိပ်နေကြသည်မှာ အ၀တ်ထုပ်တွေ ပုံထားသည့်အလားပင် ဖြစ်၏။ မနက်မိုးလင်းလုပြီ ဆိုတာကို သိကြပေမယ့် ဘကြီးဦးကုလားရဲ့ အခေါ်အနှိုးကို မကြားရမခြင်း အိပ်ရာက မထကြ... ...။ ဒါပေမယ့်...။

`ဟေ့၊ ဟေ့ ထကြ ထကြ၊ အခုအချိန်မှမထရင် ဘာလုပ်စားကြမှာတုန်းကွ´

သိပ်မကြာလိုက်ပါ။ ဘကြီးဦးကုလားရဲ့ အသံသြသြကြီးက နကျယ်ကောင်တို့ တသိုက်ရဲ့ အိပ်စက်ခြင်းကို တညတာအတွက် အဆုံးသတ်ပေးလိုက်တော့သည်။

***

`ကောက်ဟေ့၊ ပြီးရင် ဟိုးဘက်အစပ်မှာ သေချာပုံ´

`ထင်းတုံးအကြီးကြီးတွေကို ဒီဘက်မှာ သေချာစီထား၊ ဟိုကောင်လေး နကျယ်ကောင်၊ မင်းဗလံလေးနဲ့ မနိုင်မနင်းတွေ လျှောက်မမနဲ့လေ၊ သွားဟိုဘက်က ခပ်ရွယ်ရွယ်တွေကို စုကောက်ချေ´

တောင်ယာမီးရှို့ထားတဲ့ ထင်းမီးကျွမ်းစတွေ ပြန့်ကျဲနေတဲ့ မြေကွက်ထဲမှာ ဘကြီးဦးကုလားရဲ့ အသံနဲ့အတူ နကျယ်ကောင်တို့တတွေ အလုပ်များနေကြ၏။

ဟောဒီ တောင်ယာကွက်အတွက် တောခုတ်ကြတုန်းကတော့ နကျယ်ကောင် မပါဝင်ခဲ့ဖြစ်... ... ...။ ဒါပေမယ့် တောင်ယာမီးမရှို့မီ ဘေးမှာ မီးတားလမ်းကလေးတွေ ဖောက်တော့ ချွေးဒီးဒီးကျအောင် ကူလုပ်ခဲ့လိုက်ရသည်။ တောင်ယာမီးရှို့တော့လဲ မီးတားလမ်းကို ကျော်ပြီး ဟိုဘက်တောထဲကို မီးမကူးသွားရလေအောင် ရေဆွတ်ထားတဲ့ သစ်ခက်သစ်လက်တွေနဲ့ အဆင်သင့်စောင့်၊ မီးတားလမ်းထဲက မြက်ခြောက်တချို့ကို မီးကူးလာရင် တဖုန်းဖုန်းနဲ့ ရိုက်သတ်မီးငြှိမ်းနဲ့ ပင်ပန်းလိုက်တဲ့ ဖြစ်ခြင်း။

ဒီနေ့ကတော့ တောင်ယာမီးရှို့လို့ ကြွင်းကျန်တဲ့ ထင်းတုံးတွေ၊ ထင်းခြောက်စတွေကို ဖယ်ရှားပြီး တောင်ယာခင်းရဲ့ ဘေးမှာ စုပုံကြရမည်။ ပုံထားတဲ့ ထင်းပုံထဲက တချို့ကို ခင်ရာမင်ရာ ရွာသားတချို့က လှည်းတွေနဲ့ ထင်းအလို့ငှာ လာသယ်သူက သယ်လိမ့်မည်။ မသယ်လို့ ကျန်တာတွေကိုတော့ လယ်တဲမှာသုံးပေါ့...။ ဒီလိုနေ့မျိုးကို နကျယ်ကောင်တို့ ဘက်မှာ ခေါ်ကြတာက... ... ...။

`ကျွမ်းထင်းကောက်ချိန်´

***

ထင်းတုံးတွေက မီးကျွမ်းထားတာမို့ သယ်လိုက်၊ ဘေးမှာသွားပုံလိုက် လုပ်နေကြသူတို့မှာ မီးသွေးဖုတ်သမားများနှယ် တကိုယ်လုံး ပေကျံကုန်သည်။ မနက် ခြောက်နာရီသာသာကတည်းက ကျွမ်းထင်းကောက်လိုက်ကြသည်မှာ ဆယ်နာရီလောက်ခန့်ကျတော့ နကျယ်ကောင် တယောက် ဖတ်ဖတ်မောလေပြီ။ ဖိုးကောက်နဲ့ ကျော်စွာကို ကြည့်တော့လဲ ဒီတခါတော့ ဟိုအရင် မှိုနှုတ်၊ နှမ်းနှုတ်ချိန်တုန်းကလို သူတို့တွေ နကျယ်ကောင်ကို နောက်ပြောင်ရယ်မော နိုင်စွမ်းမရှိကြတော့ပါ။ အပူရှိန် မကုန်တတ်သေးတဲ့ ထင်းတွေကို နေမင်းရဲ့ အပူကပါ စွက်လေတော့ မမောဘဲ ခံနိုင်ပါမည်လား။

`ဝေးးး၊ ဒေါ်ကြီးသန်းလာပြီကွ´

ထမင်းတောင်းလေး ရွက်ပြီး တလှုပ်လှုပ်နဲ့ လာနေကြတဲ့ ဒေါ်ကြီးသန်းနဲ့ မခင်အေးညိုကို မြင်တော့မှပင် ၀မ်းထဲမှာ တကြုတ်ကြုတ်နှင့် ပိုဆာလာသည်။

ဒေါ်ကြီးသန်း ချက်လာတဲ့ ဟင်းတွေက ယာထွက် ခရမ်းသီးကို မီးဖုတ်သုပ်ထားတာရယ်၊ ဆည်ထောင် ငါးခုံးမတွေကို ဆီနည်းနည်းနဲ့ အိုးကပ်ချက်ထားတာက တခွက်၊ ပြီးရင် ကောက်ကောက်ညွှန့် တချို့နဲ့ ဇရစ်ညွှန့်၊ ငါးပိထောင်း ဒါပါပဲ။ ဒါပေမယ့် အားလုံး လွေးလိုက်ကြသည်မှာ ခေါင်းမဖော်တမ်း။

`ဒီအခင်းကို ငရုတ်တနှစ်စိုက်ပြီးရင် စိန်ခိုပင်တွေ စိုက်ရမယ်´

နကျယ်ကောင်တို့ဘက်မှာက သီဟိုဠ်ပင်ကို စိန်ခိုပင်ဟု ခေါ်၏။ စိန်ခိုစေ့တွေက နောက်ပိုင်းမှာ ဈေးကောင်းလာတာကြောင့် ဘကြီးဦးကုလား တယောက် စိန်ခိုပင် စိုက်ဖို့ စိတ်ကူးရဟန်တူသည်။

***

ထမင်းစားသောက်ပြီးလို့ ခဏတဖြုတ် နားပြီးချိန်မှာတော့ ဘကြီးဦးကုလားက ...

`ကျော်စွာနဲ့ နကျယ်ကောင်၊ ငါ မနေ့က ပွေးထောင်ထားတာတွေ သွားကြည့်ကြ´

`ပွေး´ ဆိုတာကို စတွေ့ဖူးတုန်းက နကျယ်ကောင်က လယ်ကြွက်လို့ ထင်မိခဲ့သေးသည်။ ၀ါးပိုးဝါး အဆစ်ပိုင်းတိုပေါ်မှာ ၀ါးခြမ်းပြားနဲ့ သားရေကွင်း ခပ်ကြီးကြီးကို လေးကိုင်းသဏ္ဍာန် ထောင်ချောက်ဆင်ပြီး ပွေးတွင်းနဲ့ မနီးမဝေးမှာ ထောင်ကြရသည်။ ၀ါးပိုးဆစ်ပိုင်းထဲ ခေါင်းထိုးပြီး ကားယားကားယားနဲ့ မိနေတတ်တဲ့ ပွေးသားကို ငရုပ်သီးခပ်စပ်စပ်နဲ့ ကြော်ထားတာကို ဘကြီးဦးကုလားကတော့ `ကြက်သားနဲ့တောင် မလဲဘူးဟေ့´ လို့ ပြောလေ့ရှိ၏။

ဘကြီးဦးကုလား ထောင်ထားတဲ့ ပွေးထောင်ချောက် ငါးခုမှာ ပွေး နှစ်ကောင်တော့ မိထား၏။ မမိထားသော ထောင်ချောက်ကို အလျင်စလို သွားကိုင်ဖို့ ပြင်နေသော နကျယ်ကောင်ကို...`ဟေ့ရောင်)))))) လက်ညှပ်တော့မှာပဲ၊ မင်းတော့.. ... ...´ ဆိုပြီး ဖိုးကောက်က ခပ်မြန်မြန်တားလိုက်ရသေးသည်။

ပွေးက နှစ်ကောင်ထဲဆိုတော့ ညနေစာတော့ ဖြစ်မည်မထင်။

***

ညနေနည်းနည်း စောင်းလာရင် နကျယ်ကောင်တို့ ကျွမ်းထင်းတွေ ထပ်ကောက်ကြရဦးမည်။

ဒီတောင်ယာခင်းမှာပဲ ဘကြီးဦးကုလား ငရုပ်ပင်တွေ စိုက်လိမ့်ဦးမည်။ စိန်ခိုပင်တွေလဲ စိုက်လိမ့်ဦးမည်။ တောင်ယာကုန်းလေး ပေါ်ကနေ အောက်ကို လှမ်းငေးကြည့်လိုက်တော့ စိမ်းရောင် ဖျော့ဖျော့တချို့၊ ၀ါရောင်သန်းသန်းတ၀က် လယ်ကွက်တွေက စပါးနှံတွေ ညွှတ်လို့၊ ကိုင်းလို့... ...။

ညနေကျရင်တော့ ပွေးသားကြော် နည်းနည်းတော့ စားရမယ် ထင်ပါရဲ့လို့လဲ နကျယ်ကောင် တွေးလိုက်မိပါသေးသည်။

***

ကလိုစေးထူး

Monday, December 22, 2008

တယောက်မကောင်း အများ...

`ကဲ...၊ မကျေနပ်ရင် တစ်ကစ တဲ့။ တပ်စု (၁) ကကောင်တွေ ထိပ်ဆုံးကနေ ထွက်စမ်း´

တပ်စု(၁) တပ်သားသစ် တပ်စုမှူး၏ `တပ်စု၊ သတိ၊ ဘယ်လှည့်´ ဟူသော အမိန့်သံများ ထွက်လာသလို တပ်သားသစ်အားလုံး၏ စစ်ဖိနပ်သံများ တဖြောင်းဖြောင်း ထွက်လာသည်။ အားလုံးသော တပ်သားသစ်သင်တန်းသားများ၏ မျက်နှာတွေကတော့ ကြောက်ရွံ့ခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ ရောယှက်နေလေ၏။

ယင်းနောက်တွင်တော့ တပ်စု(၁)မှ တပ်သားသစ်များ အတန်းလိုက်ဖြင့် အိမ်သာ ရှိရာဘက်သို့ တယောက်ခြင်း... ... ...။

`တယောက်ကို နည်းနည်းစီပဲနော်၊ နောက်လူတွေအတွက် ချန်ထား´ ဟူသော သင်တန်းအရာခံဗိုလ် ရဲ့ ခပ်မာမာအသံက သူတို့နောက်ကျောမှ ကပ်လိုက်လာသေးသည်။

***

တေဇ တပ်သားသစ် တပ်ခွဲမှာ တပ်စုက လေးစု၊ တပ်သားသစ်ပေါင်း ၂၅၀ စာအတွက် အိမ်သာက စုစုပေါင်းမှ ၈ လုံးသာ ရှိ၏။ နေဇာတို့ ရောက်ခါစမှာတုန်းက အဲဒီအိမ်သာတွေ အားလုံး တလုံးမှ သန့်သန့်ရှင်းရှင်း မရှိ...။ နောက်ပိုင်း ဖက်ထိပ်တာဝန်တွေ ခွဲကြပြီး အိမ်သာသန့်ရှင်းရေးတွေ လုပ်လိုက်တော့မှ သေသေသပ်သပ် သပ်သပ်ရပ်ရပ် ဖြစ်ရသည်။

ဒါပေမယ့် လူ အယောက် ၂၅၀ စာအတွက် အိမ်သာ ၈ လုံးဆိုတာက လောက်ငသော အရေအတွက် မဟုတ်။ ရောက်ခါစမှာတုန်းက ဒါကို သတိမထားမိတော့ နေဇာ အတော်ဒုက္ခရောက်ရသည်။ မနက်မိုးလင်းချိန်ဆိုရင် အိမ်သာရှေ့မှာ သွားရပ်စောင့်ရတဲ့ ဒုက္ခက မသေးလှ။ တန်းစီချိန်ကလဲ နီး၊ ဝေဒနာကလဲ မလွယ်နိုင် ဖြစ်တဲ့အခါမျိုးဆို အတော်ဆိုးလှသည်။ နောက်တော့ ညအိပ်ခါနီး အလေးသွားထားသည့် အကျင့်ကို မွေးယူရ၏။ ဒါတောင် မနက်စောစောမှာ အပေါ့အလွန်သွားချင်တဲ့အခါမျိုးဆို ဒုက္ခရောက်ရသေးသည်။

မနေ့ကတော့ သင်တန်း တပ်ခွဲ အရာခံဗိုလ် ဆရာကြီး သောင်းအေးက သင်တန်းသား အားလုံးကို စကားပြောရင်း အိမ်သာ ကိစ္စကို ထည့်ပြော၏။

`မင်းတို့ ကောင်တွေနော်၊ အိမ်သာတွေသုံးတာ စည်းနဲ့ကမ်းနဲ့သုံး၊ အီးပါသေးပေါက်ကို အိမ်သာမှာပဲ လုပ်ကြ၊ အိမ်သာဘေးမှာ အပေါ့အလေး သွားတဲ့ကောင်တော့ နာမယ်သာမှတ်၊ အေး...၊ တယောက်ယောက် အပေါ့အလေး သွားထားတာကို တွေ့လို့ ဘယ်သူမှန်း မသိရင်တော့ တပ်ခွဲတခွဲလုံး အဲဒီ အီးပုံကို လက်ညှိုးနဲ့ ကလော်ရမယ်´

***

တိုက်ဆိုင်တာပဲလား၊ ဒါမှမဟုတ် တပ်သားသစ်တွေထဲက တယောက်ယောက်ကများ တကယ်ပဲ စည်းကမ်းမဲ့တာလား၊ ဒါမှမဟုတ်... ... ....။ ဘာကြောင့်မှန်း မသိပေမယ့် ဒီနေ့မနက် စောစောမှာတော့ နေဇာတို့ တပ်သားသစ် သင်တန်းသားအားလုံးအတွက် သတင်းဆိုးက စောင့်နေလေပြီ။

သင်တန်းအရာခံဗိုလ်ရဲ့ မျက်နှာ ခပ်ထန်ထန်က တပ်ခွဲ တခုလုံးကို ဖြန့်ကျက်စီးမိုးလို့... ... ...။

`ငါညက ပြောတယ်၊ အခု အိမ်သာ နှစ်လုံးကြားမှာ စည်းမရှိကမ်းမရှိ အီးပါထားတယ်၊ ကဲ...၊ မင်းတို့က ငါ့ကို စမ်းတာဆိုတော့လဲ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့ကွာ၊ ညက ပြောထားတဲ့အတိုင်းပေါ့´

***

`ဝေါ့၊ အေ့´

လက်ညှိုးတွေကို မြေကြီးပေါ်မှာ ပွတ်သပ်ပစ်ရင်း မျက်နှာရှုံ့မဲ့စွာ ထွက်လာသူက ထွက်လာ၊ ပျို့အန်သော အသံတွေထွက်သူက ထွက်နဲ့...။ နောက်မှာ တန်းစီစောင့်နေသော သူတွေကလဲ မျက်နှာတွေက မသာမယာ။ စိုးရွံ့ဟန်တွေကလဲ သူတို့မျက်နှာတွေပေါ်မှာ အထင်းသား...။

`နည်းနည်းပဲ ကလော်နော်၊ အနောက်က ယောက်ဖအတွက် ချန်ထား´ ဆိုတဲ့ သင်တန်းဆရာတွေရဲ့ အသံကလဲ အဆက်မပြတ်။

တပ်စု(၁) မှ လူကုန်လို့ တပ်စု(၂) အလှည့်ကို ရောက်နေလေပြီ။

ဆယ်ယောက် သာသာလောက် အရောက်မှာတော့... ... ...။

`ဟာ...၊ ဟေ့ကောင်၊ ဘာလုပ်တာလဲ၊ ဟေ့ကောင်´ ဆိုသော အသံနှင့် အတူ အိမ်သာနားမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်သွားသည်။ `မင်းက သူရဲကောင်းလားကွ´ ဆိုတဲ့ အသံနှင့်အတူ ထိုးကြိတ်သံတချို့၊ `အားးး၊ အီးး´ ဟူသော ညည်းညူသံတွေပါ ထွက်ပေါ်လာ၏။

`သတိဆွဲစမ်း၊ ဟေ့ကောင်´

သင်တန်းအရာခံဗိုလ်ရဲ့ စကားသံအဆုံးမှာ စောစောက အထိုးအကြိတ်ခံခဲ့ရဟန် တူတဲ့ တပ်သားသစ်က သတိအနေအထားကို တုန်ချိချိဖြင့် ကြိုးစားပြီး ဆွဲနေစဉ်မှာပင်...

`မင်းက လက်ခုပ်အပြည့်နဲ့ အားလုံးကြုံးပစ်ရအောင်၊ လူစွမ်းကောင်းလားကွ´
`ဖြောင်း´
`ဒါစစ်တပ်ကွ၊ တယောက်မကောင်း အများဆိုတာ မင်းနားလည်လား´
`ဖြောင်း´

ဘာပဲဖြစ်လာဖြစ်လာ၊ ခံတော့မည်ဟု ဆုံးဖြတ်ထားဟန် ထို တပ်သားသစ်က ပထမတော့ ပေတေပြီး ခံနေသေးသော်လည်း နောက်တော့ မြေပေါ်ကို ပုံခနဲ လဲကျသွားသည်။ ဒါတောင် သင်တန်း အရာခံဗိုလ်က ဒေါသမပြေသေးဟန်ဖြင့် နှစ်ချက်လောက် ဆင့်ကန်လိုက်သေးသည်။ ပြီးမှ...

`အဲဒီကောင် ဒီနေ့ နေ့လည်စာ မစားစေနဲ့´

***

သင်တန်းနားချိန် ညဘက်ရောက်တော့ တပ်သားသစ်တွေ အချင်းချင်း တီးတိုးပြောဖြစ်ခဲ့ကြသည်က တပ်စု(၂)က တပ်သားသစ် ရဲနိုင် အကြောင်းပင် ဖြစ်၏။

သူ့နောက်က လူတွေ မစင်ပုံကို လက်ညှိုးနဲ့ ထပ်ပြီး နည်းနည်းခြင်းစီ မကလော်ရလေအောင် သူ့လက်ခုပ်နဲ့ အတင်းကြုံးပြီး အထုခံအရိုက်ခံကာ အနားက သဲမှုန့်တွေကိုပါ အတင်းဖြန်းပစ်ခဲ့တဲ့ ရဲနိုင်ရဲ့ လုပ်ရပ်ဟာ မှန်သလား မှားသလား ဆိုတာတော့ နေဇာ မဝေခွဲနိုင်ပေမယ့် ဒီအပြစ်ပေးနည်းဟာလဲ မှန်သလား မှားသလားဆိုတာ မဆုံးဖြတ်တတ်ခဲ့ပါ။

ဒီနည်းလမ်းနဲ့ အပြစ်ပေးတဲ့လူက မှန်သလား၊ ရဲဘော်ရဲဘက်စိတ်ဖြင့် ကိုယ့်သူငယ်ချင်းတွေ အစား အသားအနာခံသွားသည့် ရဲနိုင်က မှန်သလားဆိုတာ တွေးရင်း တည ကုန်လွန်ခဲ့ပြန်လေပြီ။

***

ကလိုစေးထူး

Wednesday, December 17, 2008

လောကဓံ Vs ဇရာ

ပြဿနာက မနေ့ညနေက စသည်ဟု ဆိုနိုင်သည်။

အဲဒီ ပြဿနာ စမိကတည်းက သူ ဟိုဟိုဒီဒီတွေးနေတာလဲ တညလုံး။ အခုလည်း မိုးစင်စင်လင်းလို့ အလုပ်ထဲတောင် ရောက်နေပြီ။ ဒီပြဿနာရဲ့ အတွေးစတွေက အခုထိတိုင်အောင် မဆုံးသေး...။


အင်း...၊ အစကတည်းက သေသေချာချာ မကြည့်မိခဲ့ရင် အကောင်းသား... ... ...။

***

`ဟိုင်း´

Kathy ဆိုတဲ့ အဘွားကြီးက သူ့ရှေ့ကနေ ဖြတ်သွားတော့ အားရပါးရပြုံးပြပြီး လှမ်းနှုတ်ဆက်သွားသည်။ ဒီအဘွားကြီး အရွယ်က ၅၅ နဲ့ ၆၀ ကြားမှာ ရှိလေမလားတော့ မပြောတတ်၊ ဒါပေမယ့် ရှိသင့်တဲ့ နုပျိုမှုထက် အိုမင်းရင့်ရော် လွန်းနေသလားဟု သူ့စိတ်ထဲ ထင်မိသည်။ အဘွားကြီခမျာ ဒူးခေါင်းကလည်း ခွဲထားသေးတော့ တုတ်ကောက်ကလေး တဒေါက်ဒေါက် ထောက်ပြီး တရွေ့ရွေ့ သွားနေရရှာသည်။ အလုပ်ရှင်နဲ့ ဆွေမျိုးနီးစပ်တော်လေသူမို့ သူ့ကို ပစ္စည်းအမှတ်တံဆိပ် ကပ်သည့်နေရာမှာသာ ခိုင်းထား၏။

ခဏကြာတော့ ပစ္စည်းအော်ဒါ အမှတ်ကို သေချာအောင် သိဖို့အတွက် Kathy ရှိတဲ့ စားပွဲကို တခေါက်ရောက်ရပြန်သည်။ `ဟိုင်း´ ဆိုပြီး အဘွားကြီးက နောက်တခါ ပြန်နှုတ်ဆက်သည်။ ဒီတခေါက်တော့ အဘွားကြီးရဲ့ မျက်နှာကို သူ သေသေချာချာ သတိထားကြည့်မိသည်။ အလိုလေးလေး...၊ သူ့ဆီမှာမှ အများကြီးပါလား။ နောင်တချိန်ကျရင် ငါလဲပဲ သူ့လို... ... ...။

***

Troy ဆိုတဲ့ လူက တခါတလေကျရင် သူ့သားကလေးကို အလုပ်ထဲကို ခေါ်ခေါ်လာတတ်သည်။ သူက အလုပ်ထဲမှာ ရှယ်ယာတချို့တ၀က်ပါ ထည့်ဝင်ထားသူမို့ နောင်တချိန် သူ့သားကလေး အရွယ်ရောက်လာရင် ဒီအလုပ်ကိုပဲ ဆက်ပြီး လုပ်သွားစေချင်ဟန် ရှိလေမလားတော့ မပြောတတ်... ...။ သူ့သားကလေးက အခုမှ အသက် ၁၃ နှစ်သာ ရှိသေး၊ Troy ကတော့ အလုပ်ထဲကို ခေါ်လာတဲ့ အခါမျိုးမှာဆို ဒီနေရာက ဒီလိုလုပ်ရတာ၊ ဒီမှာကြည့် အဖေလုပ်တာကို ထိုင်ကြည့်စမ်း ဆိုပြီး သင်နေတော့တာ...။

ဒီနေ့လဲ သူ့သားကို အလုပ်ထဲ ခေါ်လာပြန်ပြီ။ ခါတိုင်းလိုပဲ Troy က ဘယ်ပစ္စည်းက ဘယ်နေရာမှာ ဘယ်လိုဆက်စပ် သုံးရတာ၊ ဒါတွေကတော့ ဘယ်နိုင်ငံကနေ အော်ဒါမှာထားတာနဲ့ ရှင်းတ၀က် သင်တ၀က်ပြောပြနေ၏။ အတန်ငယ်ကြာတော့ `Troy, Line one please´ ဆိုတဲ့ ဖုန်းလာသံကြောင့် ကောင်လေးကို ထားခဲ့ပြီး Troy ထွက်သွားသည်။

Troy ထွက်သွားတော့ ကောင်လေးကလဲ Troy လုပ်လက်စ အလုပ်တွေကို ဆက်လုပ်ရင်း သူ့ရှေ့စားပွဲမှာ ထိုင်နေ၏။ `ဘယ်လိုလဲ၊ ပျော်ရဲ့လားကွ´ လို့ လှမ်းနှုတ်ဆက်တော့ ကောင်လေးက သူ့ကို တချက်မော့ကြည့်ပြီး `စိတ်ဝင်စားစရာ ကောင်းပါတယ်´ လို့ ပြန်ဖြေသည်။ ဒီမှာတင် ကောင်လေးမျက်နှာကို စေ့စေ့စပ်စပ် သတိထားကြည့်မိပြန်သည်။

သြော်...၊ သူ့မှာကျတော့ ဘာမှကို မရှိပါလား။ ရှင်းလို့၊ လင်းလို့၊ ကြည်လင်လို့... ... ...။

***

`ကျေးဇူးပဲကွာ၊ နောက်မှဆုံတာပေါ့´

George က နေ့စဉ်လိုလို နေ့လည် ၂ နာရီဝန်းကျင်လောက်မှာ အလုပ်ထဲ ရောက်လာလေ့ရှိသည်။ သူတို့ကုမ္ပဏီနဲ့ အလုပ်ခြင်း ဆက်စပ်မှု ရှိနေတော့ တခါတလေမှာ သူ့ဆီကနေ အလုပ်လာယူတဲ့အခါလည်း ရှိ၊ တခါတလေလဲ George က အလုပ်တွေ သယ်လာတာလဲ ရှိသည်။ ဒီနေ့ကတော့ George မနေ့က လာအပ်ထားခဲ့တဲ့ အလုပ်တခုကို သူက အချိန်မီ အပြီး လုပ်ပေးလိုက်နိုင်လို့ ကျေးဇူးတွေ တင်နေခြင်းပင်...။ George ကြည့်ရတာကတော့ သူနဲ့ အသက်တူ ရွယ်တူခန့်လောက်ပင်။ အလွန်ဆုံးရှိလှ ၃၅ ပေါ့လို့ ခန့်မှန်းမိသည်။

လက်သီးဆုပ်ခြင်း ထိခတ်ပြီး နှုတ်ဆက်ကြရင်းနဲ့ George မျက်နှာကိုလဲ သတိထားကြည့်မိပြန်သည်။

အင်း...၊ သူ့ဆီမှာကျတော့ ငါနဲ့မှ အတူတူပါလား ... ... ...။

***

မညှပ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဆံပင်က နားသယ်ကို ဖုံးလုလု ဖြစ်လာတဲ့အပြင် ဂုပ်ကပါ ယားကျိကျိဖြစ်လာတာကြောင့် အလုပ်ကနေ ပြန်တာနဲ့ ဆံပင်ညှပ်ဆိုင်ကို တခါတည်း တန်းသွားပြီး ညှပ်ပစ်လိုက်သည်။

အိမ်ကိုရောက်တော့ ညနေ ငါးနာရီထိုးလုလု...။

ပင်ပန်းလာခဲ့သမျှကို စိမ်ပြေနပြေ ရေစိမ်ချိုးပစ်လိုက်ပြီး မနေ့ကလိုပင် ကိုယ်ပေါ်က ရေစက်တွေကို သုတ်စင်ရင်း မှန်ရှေ့မှာ ရပ်လို့ ကိုယ့်မျက်နှာကိုယ် သေသေချာချာ ကြည့်မိလိုက်ပြန်သည်။

တွေ့ပြန်ပါပြီ။ နဖူးပေါ်မှာ ထင်းခနဲ ဖြစ်ပြုလာပြီ ဖြစ်တဲ့ အရေးအကြောင်း သုံးလေးခု...။

ဒါပေမယ့် အခုတကြိမ် ပြန်တွေ့တဲ့ အချိန်မှာတော့ မနေ့ကလို `ငါ့နဖူးက ဒီအရေးအကြောင်းတွေ အရင်က မရှိသေးပါဘူး´ ဆိုပြီး စိတ်မသက်မသာဖြစ်မှုကတော့ မရှိတော့ပါ။ မျက်စိထဲမှာလဲ Troy ရဲ့ သားကလေးရယ်၊ George ရယ်၊ Kathy ရယ်ကို ပြန်မြင်ယောင်နေမိသည်။

မှန်ထဲက လူကို သေချာစူးစိုက်ကြည့်ပြီး အားရပါးရ ပြုံးပြလိုက်၏။

မှန်ချပ်ထဲမှာ လူတယောက် နဖူးတင်မက ပါးပြင်နှစ်ဖက်မှာပါ အရေးအကြောင်းပေါင်းများစွာဖြင့် သူ့ကို ကြည်ကြည်စင်စင်ကြီး ပြန်ပြုံးပြနေလေတော့သည်။

***

ကလိုစေးထူး

Sunday, December 14, 2008

သင်တန်းကျောင်းနဲ့ Second Round

`အားလုံး သေချာနားထောင်´

တပ်ကြပ်ကြီး ၀င်းနိုင်က လေသံခပ်ပြတ်ပြတ်ဖြင့် ပြောပြီး သူ့ရှေ့မှ တပ်စု(၃) သင်တန်းသားများကို ဝေ့ခနဲ တချက်ကြည့်လိုက်သည်။ ရှေ့တလက်မ နောက်ပြောင် ဆံပင်ပုံစံများဖြင့် နေဇာအပါအ၀င် တပ်သားသစ်များ အားလုံး ဆရာကြီးဝင်းနိုင်ရဲ့ စကားကို နားစွင့်နေကြ၏။

စစ်ရေးပြကွင်း၏ နေရောင် ကျဲကျဲ မနက်ခင်းတွင် နေဇာတို့ တပ်စု(၃)နှင့်အတူ အခြားသော တပ်စုမှ တပ်သားသစ် သင်တန်းသား အားလုံးသည်လည်း `တိတ်နှိပ်သုံး.... တိတ်နှိပ်သုံး၊ တိတ်´ ဟူသော စစ်ရေးပြအသံများ ဆူညံစွာဖြင့် စစ်ရေးပြသင်ခန်းစာများကို သင်ယူနေကြလေသည်။ စစ်ဝတ်စုံ အိုဂျီယူနီဖောင်းတွေ ကိုယ်စီဖြင့် တပ်သားသစ် သင်တန်းသားများအားလုံး နည်းပြ တပ်စုတပ်ကြပ်ကြီးများ၏ စစ်မိန့်သံများ အောက်တွင် ချွေးအရွှဲသား... ... ...။ တချက်တချက် မိုးမွှန်အောင် ပေါ်လာတတ်သော သင်တန်းနည်းပြ ဆရာတွေရဲ့ ဆဲသံဆိုသံများကလဲ စစ်ရေးပြနံနက်ခင်းတွင် မထူးဆန်းတော့လှစွာဖြင့်ပင် ဆူညံနေပါသေးသည်။

***

နေဇာတယောက် တပ်သားသစ် လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်ခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိခဲ့ပါပြီ။

အမှတ်(...) တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းမှာ နေဇာတို့ သင်တန်းတက်ရသည့် တပ်သားသစ် သင်တန်း တပ်ခွဲအမည်က `တေဇ တပ်ခွဲ´။

နှစ်ပတ်ဆိုသော အချိန်တို အတွင်းမှာပင် နေဇာ့ ရုပ်ပိုင်းဆိုင်ရာကတော့ အတော်ကြီးကို ပြောင်းလဲသွားခဲ့လေပြီ။ သေသေသပ်သပ် ဆံပင်ပုံစံ အစား ရှေ့တလက်မ နောက်ပြောင် ဘဲမြီးဆံပင်ပုံစံ၊ ခပ်လတ်လတ် အသားရောင်အစား နေလောင်တဲ့ အသားရောင် ညိုညစ်ညစ်၊ စိုစိုပြည်ပြည် ရုပ်သွင်နေရာမှာ အမြဲလိုလို ဆာလောင်နေတဲ့ ရုပ်သွင်ဟန်တွေက အစားထိုးပစ်လိုက်လေပြီ။ ဟိုအရင်က ကြည်လင်နေခဲ့တဲ့ မျက်လုံးအစုံတွေကတော့ ကြောက်ရွံ့မှုတွေ ဖုံးလွှမ်းနေတဲ့ မျက်လုံးသေတွေ ဖြစ်လို့နေလေပြီ။

စိတ်ပိုင်းဆိုင်ရာကရော... ... ...။

အိမ်ပြန်ချင်သော စိတ် နေရာမှာ ပေါက်တဲ့နဖူး မထူးတော့ပြီ ဆိုတဲ့ စိတ်ကို အစားထိုးလို့ လက်ရှိအခြေအနေကို နေဇာတယောက် လက်မခံချင်ဘဲ လက်ခံလိုက်ရပါပြီ။ လက်မခံချင်လို့လဲ မဖြစ်...၊ `ထွက်ပြေးရဲတဲ့ကောင် ပြေးစမ်း၊ မင်းတို့ကိုတင် မကဘူး၊ မင်းတို့ကို လက်ခံထားတဲ့ မင်းတို့ မိဘတွေ၊ ဆွေမျိုးတွေကိုပါ ထောင်နှစ်နှစ် အချိန်မရွေး ချလို့ရတယ်၊ စစ်ပြေးမှုကို ဘာမှတ်နေလဲ´ ဆိုတဲ့ စကားတွေကို စုဆောင်းရေးမှာရော၊ သင်တန်းကျောင်းမှာပါ နားရည်လျှံကျအောင် ကြားနေရလေတော့ ငါထွက်ပြေးရင်လဲ ငါ့မိဘတွေပါ ဒုက္ခရောက်ရတော့မယ် ဆိုတဲ့ အတွေးက စိတ်ထဲကနေ မထွက်...။

`မင်းတို့အောက်မှာ ရှိတာ၊ မင်းတို့ထက်နိမ့်တာ ဆိုလို့ မြေကြီးပဲ ရှိတော့တယ်၊ ဒီတော့ မင်းတို့အားလုံး လက်ရှိ ကိုယ်ရောက်နေတဲ့ ကိုယ့်အခြေအနေကိုယ် နားလည်ပြီး ဒီသင်တန်းကို ပြီးဆုံးအောင်မြင်တဲ့အထိ တက်ကြပါ၊ စည်းကမ်းဖောက်ရင် ဖောက်သလို စစ်စည်းကမ်းတွေနဲ့ အညီ အရေးယူရလိမ့်မယ်´ ဆိုသော တိုင်းဗဟို သင်တန်းကျောင်း တပ်မှူးရဲ့ သင်တန်းအဖွင့် မိန့်ခွန်း အမှာစကားကလဲ တပ်သားသစ် တယောက်ဖြစ်တဲ့ နေဇာ့အတွက်တော့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေသာ မွေးဖွားပေးလိုက်၏။ တပ်မှူးပြောသွားသည့် စကားတွေက စစ်သားလောင်း တယောက်အတွက်တော့ စိတ်အားတက်ကြွဖွယ် ဖြစ်ရမည့် အစား ခြိမ်းခြောက်မှုတွေကသာ ပိုပြီးများနေသည်ဟု နေဇာ့စိတ်ထဲ ထင်မိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေဇာကတော့ တပ်သားသစ် သင်တန်းသားတယောက် ဖြစ်ခဲ့ပါပြီ။

`တေဇ´ တပ်ခွဲမှာ တက်ရောက်ရမည့် တပ်သားသစ် အားလုံးပေါင်း ၂၅၀ ကို တပ်စုလေးစု ခွဲပြီး နေရာချထားသည်။ ၆၂ ယောက်စီ ရှိသော တပ်စုက နှစ်စု၊ ၆၃ ယောက်စီ ရှိသော တပ်စုက နှစ်စုဖြင့် တပ်စု (၁)(၂)(၃)(၄)တွင် နေဇာတက်ရမည့် တပ်စုက တပ်စု(၃)...။ နေဇာက သင်တန်းသား အမှတ် ၁၈၅။

ရက်သတ္တပတ် ၁၆ ပတ် တက်ရမည့် သင်တန်းကာလမှာ ပထမလေးပတ်က စစ်ရေးပြသင်ခန်းစာ ဖြစ်တာကြောင့် အခုလို မနက်စောစောပိုင်းတွေကတော့ နေဇာတို့ သင်တန်းသားတွေအတွက် စစ်ရေးပြလေ့ကျင့်ရေးကွင်းထဲမှာ ချွေးဒီးဒီးကျအောင် သင်တန်းတက်ကြရသည်။ ညနေစောင်းရင်တော့ ဖက်ထိပ်*ပေါ့။

ဖားခုန် လို့ခေါ်တဲ့ ဆောင့်ကြောင့်ထိုင်၊ လက်နှစ်ဖက်ကို နောက်စေ့မှာ အသာယှက်ပြီး ခုန်ဆွခုန်ဆွ သွားရတဲ့ ဒဏ်ပေးနည်းကိုလဲ အသားကျခဲ့ပြီ။ ချစ်လှစွာသော အမေနဲ့ နှမများကိုလဲ သင်တန်းကျောင်းဆရာတွေရဲ့ ပါးစပ်ဖျားက မယားအဖြစ် လေးလတာအတွက် မူပိုင်ဆဲဆိုခွင့်အဖြစ်သတ်မှတ်လို့ အဆဲအဆိုတွေကို နားရည်ဝစလဲ ပြုခဲ့ပြီ။ မေမေက တမြတ်တနိုးဖြင့် မွှေးမွှေးကြူခဲ့ဖူးရတဲ့ ပါးနှစ်ဖက်မှာလဲ အပြစ်ရှိသော မရှိသော နားမလည် ဘယ်ပြန်ညာပြန် အရိုက်ခံရဖူးခဲ့ပြီ။ ထွက်ပြေးမှာ စိုးလို့ဆိုပြီး ညဘက်တွေမှာ အပေါ့အပါးသွားလိုလျှင် သင်တန်းဆောင်ကနေ အိမ်သာတွေ ရှိရာကို အ၀တ်ဗလာ ကိုယ်လုံးတီးဖြင့် သွားရတာကိုလဲ အထူးအဆန်းမဟုတ်တော့သလို သဘောထားတတ်လာခဲ့ပြီ။

`ကျနော်တို့ ထမင်းမ၀ပါဘူး´ လို့ တပ်သားသစ်တယောက်က သတင်းထပို့မိလို့ နောက်တနေ့မှာ ရနေကြ ထမင်းစကေးထက် ပိုနည်းသွားတဲ့အခါမှာ `ဘာသတင်းပို့စရာ ရှိလဲ´ ဆိုတဲ့ သင်တန်းဆရာတွေရဲ့ အမေးစကားကို သင်တန်းသားအားလုံးက `မရှိပါဘူး´ လို့ ပြန်ပြောတာက ရန်ပိုအေးမယ်မှန်း နားလည်တတ်ကြခဲ့ပြီ။

သင်တန်းဆရာတယောက်ရဲ့ ခပ်ပြတ်ပြတ် စကားတခုကိုတော့ နေဇာ သဘောကျမိသေးသည်။ ဘာတဲ့...။

`အေး...၊ မင်းတို့ တပ်သားသစ် သင်တန်းသားတွေအတွက် သင်တန်းမှာရော မင်းတို့တွေ စစ်ထဲမှာ နေသွားသမျှ ကာလပတ်လုံးမှာ အကောင်းဆုံး နေသင့်တဲ့နည်းကို ငါပြောလိုက်မယ်...၊ ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့၊ အဲဒါပဲ´

***

တပ်စုတပ်ကြပ်ကြီး ၀င်းနိုင်က တပ်စု(၃) သင်တန်းသားတွေကို စူးစိုက်ကြည့်ပြီး မေးခွန်းတခုကို မေးလိုက်၏။

`မင်းတို့ထဲမှာ Second Round တွေပါသလား´

Second Round တဲ့...။ ဘာများပါလိမ့်လို့ နေဇာ စဉ်းစားနေဆဲမှာပင် ဆရာကြီး ၀င်းနိုင်က...

`Second Round ဆိုတာ စစ်တပ်ထဲကနေ ထွက်ပြေးပြီး နောက်တခေါက် ပြန်ဝင်လာကြတဲ့ကောင်တွေကို ပြောတာ၊ အေး...၊ ကိုယ့်ကိုယ်ကို ကိုယ်သိရင် အခု ငါမေးနေတဲ့ အချိန်မှာ ဖြေထားနော်´

တပ်သားသစ် သင်တန်းသားထဲမှ တယောက်စ နှစ်ယောက်စများ ဂဏာမငြိမ်ဖြစ်သွားလေမလားဟု ဆရာကြီးဝင်းနိုင်က စူးစမ်းအကြည့်ဖြင့် လိုက်ကြည့်နေသေးသည်။ ပြီးမှ...

`အေး...၊ ငါအခု မေးတယ်ဆိုတာက အခုနေ၀န်ခံထားရင် မင်းတို့ကို အရေးယူမလို့မဟုတ်ဘူး၊ Second Round ဆိုတာက စစ်သင်တန်း တက်ဖူးပြီးသားလူတွေ ဆိုတော့ အဲဒီလူတွေကို သင်တန်းသား တပ်စုမှူး၊ အဆောင်မှူးနေရာမှာ ထားမလို့၊ တပ်စုမှူးနဲ့ အဆောင်မှူးဆိုတာ သင်တန်းသားတွေကို အုပ်ချုပ်ရမယ်၊ ဖက်ထိပ်မလုပ်ရဘူး၊ ဒီတော့ ငါမေးနေတုန်း ၀န်ခံရင် မင်းတို့အတွက် ပိုကောင်းမယ်၊ နောက်မှ ငါတို့ဘာသာ စုံစမ်းလို့ သိရရင်တော့ မင်းတို့ မသက်သာဘူးနော်´

ပြောလက်စ စကားကို ရပ်ပြီး တပ်စုတခုလုံးကို ဝေ့ကြည့်လိုက်ပြန်သည်။

`ကဲ...၊ ပြောကြလေ၊ မင်းတို့ထဲမှာ ဘယ်သူ Second Round ပါသလဲ´

တပ်သားသစ်များထဲမှာ နှစ်ယောက်က လက်ထောင်လိုက်ကြ၏။ ဆရာကြီးဝင်းနိုင်က အောင်နိုင်သူ တယောက်ရဲ့ အပြုံးမျိုးနဲ့...

`သြော...၊ မင်းမင်းဦးနဲ့ အောင်ဝင်း၊ ငါထင်တော့ ထင်သားပဲ၊ ပြောစမ်း ဘယ်တပ်ကနေ ပြေးလာတာလဲ´

နေဇာကတော့ အအံ့သြကြီး အံ့သြနေတော့သည်။ ဘယ့်နှယ်...၊ ဒီလို နေရာကိုများ ထွက်ချည်ဝင်ချည် လုပ်နေတဲ့ အဲဒီလို လူတွေ ရှိနေသေးတယ် ဆိုပါလား။ ဟိုနှစ်ယောက်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်နံပါတ် အဟောင်းတွေနဲ့ သူတို့ပြေးလာခဲ့ကြတဲ့ တပ်ရင်းအမည်တွေကို ဆရာကြီး ၀င်းနိုင်ကို ပြောပြနေကြ၏။ မင်းမင်းဦးကတော့ ဒုတပ်ကြပ်အဆင့်ရောက်မှ ထွက်ပြေးလာတာတဲ့...၊ စစ်တပ်ကနေ ထွက်ပြေးပြီ စစ်တပ်ထဲကိုပင် နောက်တခေါက် ပြန်ဝင်ဖို့ စိတ်ကူးကို ဒီလူတွေ ဘယ်လိုများ ရပါလိမ့်လို့ တွေးမိပြီး နေဇာ အံ့သြလို့ မဆုံး...။

ဒီထက်မက အံ့သြရတာက အဲဒီလို စစ်စည်းကမ်း ဖောက်ဖျက်နှင့်ပြီးသား လူတွေက သင်တန်းသား တပ်စုမှူး၊ အဆောင်မှူးနေရာလို ခေါင်းဆောင်မှု နေရာတွေမှာ နေရာရဦးမယ် ဆိုတာကိုပင်...။ သင်တန်းသား အသစ်တွေထဲက ပညာအရည်အချင်း ရှိသူတွေကို နေရာပေးရမည့်အစား ဒီလိုလူတွေကို နေရာပေးသည့် သင်တန်းဆရာတွေရဲ့ စိတ်ကူးကို နားမလည်နိုင်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ... ... ...။

Second Round တွေဖြစ်တဲ့ မင်းမင်းဦးက သင်တန်းသား တပ်စုမှူး၊ အောင်ဝင်းက အဆောင်မှူးအဖြစ် ဆရာကြီးဝင်းနိုင်က သတ်မှတ်ပေးလိုက်ပါပြီ။

ရှေ့ကို ဘာတွေ ဆက်ဖြစ်ဦးမည်တော့ မသိ...။

***


ကလိုစေးထူး

(ဖက်ထိပ် ဆိုသည်မှာ မြန်မာစစ်တပ်များထဲတွင် ဘမ်းစကားတခုနှယ် အလွန်အသုံးတွင်ကျယ်သော စကားလုံးဖြစ်သည်။ ပြင်သစ်ဘာသာစကားမှ ဆင်းသက်လာပြီး Fatigue ပင်ပန်းဆင်းရဲစွာလုပ်ရသော အလုပ်ဟု အဓိပ္ပာယ်ရသည်ဟု သိရှိရပါသည်။)

Wednesday, December 10, 2008

ဘလော့ဂ် စာကျက်ခန်း...

လောကမှာ လူတွေဟာ ပုံသဏ္ဌာန် မျိုးစုံနဲ့ လမ်းလျှောက်တတ်ကြပါသတဲ့။ တခါတလေကျရင်တော့ လူတွေက စိတ်အေးလက်အေးနဲ့ လေညှင်းခံရင်းနဲ့ပဲ ဖြစ်ဖြစ်၊ ဈေးဆိုင်တန်းထဲမှာပဲ ဖြစ်ဖြစ် လှည့်လည် လျှောက်တတ်ကြပါသတဲ့။

***

အဲဒီလို အစပျိုးလိုက်တော့ ကလိုစေးထူးတယောက် လမ်းလျှောက်တာကိုပဲ စာဖွဲ့ဦးတော့မယ်လို့ ထင်စရာ ဖြစ်တော့မယ်။ အမှန်တကယ်ကတော့ စာသင်ခန်းထဲမှာ သင်လာရတာတွေကို ပြန်ပြီး ဖောက်သည်ချချင်တဲ့ သဘောပါ။

ကျနော် ကျောင်းပြန်တက်နေတယ် ဆိုတာက အင်္ဂလိပ်စာ တိုးတက်ဖို့ အဓိကထားသင်ကြားနေတဲ့ အတန်းမှာ သင်ယူရတာမို့ သင်ရတာတွေကလဲ စကားလုံးတွေရယ်၊ အသံထွက်မှန်ကန်စေဖို့ရယ်၊ သဒ္ဒါရယ်ကိုပဲ သင်ကြတာများပါတယ်။ ဒါပေမယ့် သင်တဲ့နေရာမှာ ဆောင်းပါးတခုခု၊ ဒါမှမဟုတ်လဲ အချက်အလက် တခုခုကို အခြေခံပြီး စိတ်ဝင်စားစဖွယ် သင်တာမို့ မှတ်မိလွယ်၊ သင်လွယ် တတ်လွယ်ပါတယ်။

မနေ့ကတော့ အင်္ဂလိပ်စကားလုံး အသစ်တွေ တိုးတက်စေဖို့ သင်တဲ့အနေနဲ့ `လမ်းလျှောက်ခြင်း´ ကို အခြေခံတဲ့ စကားလုံးတွေ အကြောင်းကို သင်ခဲ့ရတယ်။

ကျနော်နဲ့ ဘ၀တူ မောင်ကျည်ပွေ့၊ မကျည်ပွေ့များနဲ့တကွ အင်္ဂလိပ်စာကို လေ့လာလိုသူတွေ အတွက် ပေါ့ပေါ့ပါးပါး ဖတ်ရင်းနဲ့ပဲ စကားလုံး အသစ်တချို့ တိုးပြီး သိရအောင် ရည်ရွယ်ပြီး သင်ခဲ့ရတာတွေကို ဖောက်သည်ချပါရစေ။

***

ကဲ...၊ အထက်က အစပျိုးခဲ့တာကို ပြန်ဆက်ကြည့်မယ်။

ကျနော့် အတွက်ကတော့ လမ်းလျှောက်တယ် ဆိုတာကို Walk ဆိုတာလောက်ပဲ သိခဲ့တာက များပါတယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းမှာ လူတွေဟာ မတူညီကွဲပြားတဲ့ ပုံစံမျိုးစုံနဲ့ လမ်းလျှောက်ကြတဲ့အခါမှာ သုံးနှုံးတဲ့ စကားလုံးတွေဟာလဲ ကွဲပြားသွားပါသတဲ့။

ဦးတည်ရာ တခုခု မရှိဘဲ လမ်းလျှောက်နေတာမျိုးနဲ့ တူတဲ့ အစုထဲမှာတော့ wander, stroll, saunter, roam, amble, ramble အစရှိတဲ့ စကားလုံးတွေ ပါဝင်ပါတယ်။ ဥပမာ...၊ လေညှင်းခံလမ်းလျှောက်တာ၊ Mall ထဲမှာ ဟိုဟိုဒီဒီ လိုက်ငေးတာတွေ၊ ပြီးတော့ စိတ်လှုပ်ရှားစွာနဲ့ အခန်းထဲမှာ ဟိုဘက်ထိပ် ဒီဘက်ထိပ် လျှောက်နေတာမျိုးတွေ အတွက် အဲဒီစကားလုံးတွေကို သုံးပါတယ်တဲ့။

စစ်သားတွေ ချီတက် လမ်းလျှောက်တာ၊ ဒါမှမဟုတ် ဘင်ခရာအဖွဲ့လိုမျိုး အစုအဖွဲ့တွေ လမ်းလျှောက်ကြတာမျိုးကိုတော့ march, pace ဆိုတဲ့ စကားလုံးတွေကို သုံးနိုင်ပါတယ်။

လမ်းလျှောက်တာပေမယ့်လဲ တယောက်ယောက် မသိရအောင် တိတ်တိတ်လေး ခြေဖျားထောက်ပြီး သူ့အနားကို ချဉ်းကပ်ပြီး လျှောက်သွားတာမျိုးကျတော့ tiptoe တဲ့။

စစ်သားလမ်းလျှောက်တာခြင်း အတူတူ တောတွင်းက ရွှံ့နွံတွေထဲမှာ ခြေထောက်တွေကို လေးလံလွန်းလှစွာ တလှမ်းခြင်း လှမ်းနေရတာမျိုး၊ ဒါမှမဟုတ်လဲ နှင်းတွေ အရမ်းကျနေတဲ့ လမ်းပေါ်မှာ နှင်းတွေထဲ ခြေထောက်တွေ မြုပ်သွားအောင် စွပ်ခနဲ စွပ်ခနဲ ခပ်လေးလေးကြီး လျှောက်နေရတာမျိုး ဆိုရင်တော့ plod, trudge အစရှိတဲ့ စကားလုံးတွေကို သုံးရပါသတဲ့။

တခါတလေကျရင် ကျနော်တို့ လမ်းလျှောက်ပုံတွေဟာ ပုံမကျပန်းမကျ ဖြစ်နေတာတွေ၊ ဒါမှမဟုတ်လဲ ခြေထောက်မှာ ဒဏ်ရာတခုခုရနေတာကြောင့် လမ်းလျှောက်တာက မူမမှန်တဲ့ လမ်းလျှောက်ဟန်တွေ ဖြစ်တတ်ပါတယ်။ တချို့ကျတော့လဲ သိပ်ဝလွန်းတဲ့ အခါကျတော့ လမ်းလျှောက်တဲ့အခါမှာ သာမန်လူတွေလို မူမှန်မဟုတ်တော့ဘူး၊ ဘဲသွားသွားသလို ဖြစ်နေတတ်တယ်။ အဲဒီလို လမ်းလျှောက်တာမျိုးတွေကိုတော့ waddle,toddle, stagger, falter, stumble, hobble, limp ဆိုတဲ့ စကားလုံးတွေကို သုံးနိုင်ပါတယ်။ တခုခြင်းစီရဲ့ အဓိပ္ပာယ်တွေကိုတော့ သီးခြားလေ့လာနိုင်ပါတယ်။

သူခိုးတွေ အိမ်တအိမ်အိမ်ထဲကို တခုခု ၀င်ခိုးတော့မယ်ဆိုရင် လျှောက်တဲ့ လမ်းလျှောက်နည်းမျိုးကိုတော့ sneak, steal အစရှိသဖြင့် သုံးပါတယ်။ ပြိုင်ပွဲ တခုခုမှာ ဆုရလို့ ဂုဏ်ယူစွာနဲ့ လျှောက်တဲ့ လမ်းလျှောက်နည်းမျိုးကိုကျတော့ strut, swagger လို့ သုံးပါသတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ လမ်းလျှောက်တဲ့ လျှောက်နည်းကိုကျတော့ stride ...တဲ့။ သတင်းဆိုးတခုခုကို ကြားလို့၊ ဒါမှမဟုတ်လဲ တခုခုကြောင့် ၀မ်းနည်းစွာနဲ့ စိတ်ပျက်အားငယ်စွာ လျှောက်တဲ့ လမ်းလျှောက်နည်းကိုကျတော့ shuffle, slouch လို့ သုံးပြန်တယ်။

တခါတလေမှာ ရေဒီယိုကနေပြီး Traffic is inching. ဒါမှမဟုတ်လဲ creeping အစသဖြင့် ပြောတာမျိုးကို ကြားဖူးကြပါလိမ့်မယ်။ အဲဒါကတော့ တရွေ့ရွေ့သွားတာကို ဆိုလိုပါတယ်တဲ့။ လူတွေ အများကြီးရှိတဲ့ ခန်းမတခု၊ ဒါမှမဟုတ်လဲ ပွဲတော်တခုခုမှာ ကိုယ်သွားလိုရာနေရာကို တလက်မခြင်း တရွေ့ရွေ့သွားရတဲ့ လမ်းလျှောက်နည်းတွေကို ပြောချင်ရင်တော့ inch, creep, edge.

အဲဒီလို တရွေ့ရွေ့သွားနေရတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမြန်လမ်းလျှောက်နေရာမျိုး ဖြစ်နေပြီ ဆိုရင်တော့ hasten, hurry အစရှိတဲ့ စကားလုံးတွေကို သုံးပါတယ်တဲ့။ အလုပ်ကို ငါးမိနစ်အတွင်း ရောက်အောင် သွားရဖို့ လမ်းလျှောက်ရတာမျိုး၊ ရထားနောက်ကျမှာစိုးလို့ အပြေးတပိုင်း လျှောက်တာမျိုးကို ဆိုလိုတာမျိုး ထင်ပါတယ်။

***

ကျနော် အပေါ်မှာ ရေးခဲ့တာတွေဟာ သိပြီးသား စကားလုံးတွေလဲ ဖြစ်ချင်ဖြစ်ပါမယ်။ ဒါပေမယ့် မသိရသေးသူတွေအတွက်တော့ တလုံးဖြစ်စေ၊ နှစ်လုံးဖြစ်စေ တိုးပြီး သိသွားတယ်ဆိုရင် ဒီပို့စ်ရေးရကျိုး နပ်ပါပြီ။ လိုအပ်ချက်များ ရှိနေသေးရင်လဲ ဖြည့်စွက် ထောက်ပြနိုင်ပါတယ်။ နောက်နေ့တွေမှာလဲ သင်ခန်းစာတွေထဲက စိတ်ဝင်စားဖွယ်ရာတွေကို ရေးပါဦးမယ်။

ဒီပို့စ်ကို ဘယ်လို ခေါင်းစဉ်တပ်ရင် ကောင်းမလဲလို့ စဉ်းစားလိုက်တော့ စာသင်ခန်းတခုနဲ့ တူနေတဲ့ ပို့စ်မို့လို့ `ဘလော့ဂ်စာသင်ခန်း´ လို့ပဲ ပေးလိုက်တော့မယ်လို့ စဉ်းစားပေမယ့် ကျနော်က သင်တာမှ မဟုတ်တာ၊ ဒီတော့ ကျနော်လဲ စာကျက်သလိုဖြစ်၊ သင်ထားတာတွေကိုလဲ ပြန်ပြီး ဖောက်သည်ချတာမျိုးဆိုတော့ `ဘလော့ဂ်စာကျက်ခန်း´ ဆိုတာက ပိုကောင်းမယ်ထင်ပါရဲ့...။

နောက်အပတ်ကျရင် စာထပ်ကျက်ကြပါစို့။

***

ကလိုစေးထူး

Monday, December 08, 2008

စိုးကြီးလိုလူ...

ကျနော် မြန်မာပြည်မှာ နေခဲ့ရစဉ်တုန်းက ကျနော်တို့နေတဲ့ လမ်းထဲက အိမ်တအိမ်အကြောင်းကို ဒီနေ့တနေ့လုံး တွေးနေမိတယ်။ အိမ်တအိမ် ဆိုတာထက် အဲဒီ အိမ်မှာနေတဲ့ လူတယောက်ကို ပိုအမှတ်ရနေမိတာပါ။ အဲဒီလူအကြောင်းကို သတိရမိတော့ ဒီစာကို ရေးဖို့ စိတ်ကူး ရမိတယ်။

***

သူ့နာမည်ကိုတော့ စိုးကြီးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။

စိုးကြီးတို့အိမ်က မိသားစုဝင် အတော်အတန်များတဲ့ မိသားစုပေါ့။ စိုးကြီးတို့ မောင်နှမက ငါးယောက်၊ မိဘတွေရယ် ပြီးတော့ စိုးကြီးအဖေရဲ့ အကိုကြီး ဘကြီး ဦးမောင်မြင့်ရယ် ဆိုတော့ အားလုံးပေါင်း ၈ ယောက်။ စိုးကြီးက မောင်နှမတွေထဲမှာ အကြီးဆုံး။

စိုးကြီးက ခြောက်တန်းလောက်ကတည်းက ကျောင်းမနေတော့ဘူး။ အိမ်ရဲ့ စီးပွားရေးကလဲ သိပ်အခြေမခိုင်လှတာမို့ မိဘလုပ်သူတွေကလဲ စိုးကြီး ခြောက်တန်းနဲ့ ကျောင်းထွက်တာကို သိပ်ပြီးတော့ အလေးမထားနိုင်ခဲ့ဘူး။ ရှောက်သီးလေး၊ သံပုရာသီးလေး သွားပိုးလိုက် ပြန်ရောင်းလိုက်နဲ့ အသက်ဆက်နေကြရတဲ့ မိသားစု စားဝတ်နေရေးကို စိုးကြီးက ကျောင်းထွက်ပြီး ကူခဲ့တာလို့တော့ မထင်လိုက်လေနဲ့။ ကျောင်းသာ မနေတော့တာ၊ အရပ်ထဲမှာ ဟေးလားဝါးလားနဲ့ သူ့ထက် အသက်ကြီးတဲ့ ခပ်ပေပေ လူပျိုကာလသားတွေနဲ့ တတွဲတွဲ လုပ်နေတာ အဲဒီ အရွယ်ကတည်းကိုကပဲ။

ခပ်တိုတိုပြောရရင်တော့ အဲဒီလိုနဲ့ပဲ စိုးကြီးတယောက် အသက် ၂၀ သာသာလောက် အရွယ်လဲ ရောက်လာရော မိဘတွေက ဘယ်လိုမှ ပြောမရဆိုမရတော့ဘူး။ ပထမ အဆင့် ဆေးလိပ်သောက်တတ်လာတယ်၊ ကွမ်းလေး တမြမြလုပ်တတ်လာတယ်။ နောက်တော့ ထန်းရည်လေး တမြမြ၊ အရက်ကလေး တမြမြနဲ့ ပိုပြီး အဆင့်တက်လာတော့တာပဲ။ ပိုဆိုးတာက စိုးကြီးငွေရှာတတ်လာတဲ့အခါမှာ အိမ်မှာ တော်ရုံနဲ့ ဘယ်သူပြောတာမှ လက်မခံတော့တဲ့ အကျင့်ပါလာတယ်။ သူ့ထက်အငယ် မောင်နှမတွေစကားကို မပြောနဲ့ မိဘတွေကိုတောင် `အမေတို့က ဘာနားလည်လို့လဲ´ ဆိုပြီး ကလန်ကဆန်က ပြန်လုပ်သေးတာ။

တခါတလေဆိုရင် စိုးကြီးတို့အိမ်မှာ စိုးကြီး အရက်တွေမူးလာတဲ့အချိန်ဆို ကြားရတာ အတော်စိတ်ညစ်စရာကောင်းတယ်။ ညီတွေ ညီမတွေကို ပြဿနာရှာလား ရှာရဲ့။ အဖေလုပ်သူက `စိုးကြီး၊ မင်းမူးရင်လဲ အိပ်တော့ကွာ´ လို့ ပြောရင် `မအိပ်ဘူးဗျာ´ ဆိုပြီး ပြန်အော်ဟစ်လား၊ အော်ဟစ်ရဲ့။ အမေလုပ်သူ ပြောတဲ့စကားကိုတော့ စိုးကြီးက အရေးကိုမလုပ်တာ။

စိုးကြီး မမူးတဲ့အချိန်မှာ သူနဲ့ခင်ရာမင်ရာတချို့က စိုးကြီးကို ပြောဖူးတယ်။ `စိုးကြီးရယ်၊ မင်းဆိုးတာကြီးက တော်တော်လွန်တယ်ဟ၊ မင်းဆိုးသမျှကို ခံနေရတဲ့ မင်းအဖေအမေနဲ့ မောင်နှမတွေခမျာ တော်တော်သနားဖို့ ကောင်းတယ်´ လို့ တမျိုး၊ `မင်းတော့ မိဘကိုပါ ပြန်ပြီး ကဏ္ဍကောစလုပ်တာ ကံကြီးတော့ ထိုက်ဦးမယ်´ ဆိုပြီ တဖုံ နားချဖြောင်းဖြကြပေမယ့် ပြောနေတဲ့အချိန်မှာသာ မထုံတက်တေးလုပ်ပြီး အသာငြိမ်နားထောင်နေတာ။ ညနေရောက်လို့ မူးလဲလာရော အဲဒီလို သူ့ကို နားချတဲ့လူတွေကို မူးမူးနဲ့ ကလော်ဆဲတော့တာပဲ။ ကြာတော့ လူတွေက စိုးကြီးကို ဖြောင်းဖြနားချဖို့ကို လက်ရှောင်ကြတော့တာပဲ။ စိုးကြီးကတော့ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပေါ့။ ခက်တာက အဲဒီလောက် ဆိုးဝါးတဲ့ စိုးကြီးနဲ့မှ ပုလင်းတူဗူးဆို့ ပေါင်းသင်းကြတဲ့ လူတချို့ကြောင့်လဲ စိုးကြီး ပိုဆိုးနေတာပါ။

ဒီလိုနဲ့ပဲ စိုးကြီးဟေ့ ဆိုရင် လူတွေက မပတ်သက်ချင်တော့ဘူး။ စိုးကြီး ဆိုးထားတဲ့ အရှိန်နဲ့ သူ့အိမ်က လူတွေလဲ အရပ်ထဲမှာ ဘယ်သွားသွား မျက်နှာငယ်ရတယ်။ စိုးကြီးကို ဘယ်သူမှ ပြောမရဆိုမရတော့ဘူး ဆိုပြီး သူ့မိဘကစလို့ အရပ်ထဲက အဆုံး အားလုံး လက်မြှောက်ရမလို ဖြစ်နေချိန်မှာပဲ... ... ...။

***

အဲဒီနေ့က စိုးကြီးတို့ အိမ်ဘက်က ဆူဆူညံညံအသံတွေ ကြားရတော့ ပထမတော့ ခါတိုင်းလိုပဲ စိုးကြီး မူးပြီး ရစ်နေတာ မှတ်လို့ ဘာသိဘာသာပဲ နေမိတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အသံတွေက ပိုကျယ်လာသလို ကျယ်နေတဲ့ အသံကလဲ ခါတိုင်းနဲ့ မတူတော့ ကျနော်တို့ တအိမ်သားလုံး စိုးကြီးတို့ အိမ်ဘက်က အခြေအနေကို နားစွင့်မိကြတယ်။

`မင်းလားကွ၊ လူမိုက်´
`ဖြောင်း´
`ဒုန်း´
`အား´
`မင်းက ငါ့ကို ဘာထင်နေလဲ၊ မင်းလိုကောင်ကတော့ ဟောဒီလို ထိုးတယ်ကွ၊ လာလေကွာ´
`ခွပ်၊ ဖြောင်း´
`အား´

အသံတွေကို သေသေချာချာ နားထောင်ကြည့်တော့ လားလား၊ စိုးကြီးရဲ့ ဘကြီး ဦးမောင်မြင့်ရဲ့ ဒေါသတကြီး အသံပါလား။ ဒေါသ ဘယ်လောက်ကြီးနေတယ် မသိဘူး၊ သူ့ကို ၀င်ဆွဲကြလွဲကြတဲ့ အသံတွေ ဘာမှကို မကြားရဘူး။ တခုခုနဲ့ ရိုက်နေတာလား၊ လက်သီးနဲ့ ထိုးနေတာလား မသိရပေမယ့် စိုးကြီးဆီကနေ တအားအားနဲ့ ညည်းညူနေတဲ့ အသံပဲ ကြားရတယ်။

`မင်းက မပြောဘဲ အသာကြည့်နေတာကို အကောင်းထင်နေတာလားကွ။ မင်းကိုယ်မင်း ဘာထင်နေလဲ၊ ကိုယ့်အိမ် တအိမ်သားလုံးကိုရော မိဘကိုပါ စော်ကားနေတဲ့ကောင် မင်းကို သတ်ပြီး ငါထောင်ထဲ ၀င်ရချင်ဝင်ရပစေ၊ ဒီညတော့ မင်းနဲ့ငါနဲ့ ပွဲကြီးပွဲကောင်းပဲ´
`၀ုန်း´
`အား၊ ဘကြီး´
`ပြောစမ်းဟေ့ကောင်၊ မင်းဘယ်လောက်မိုက်သလဲ´
`ဒုန်း´
`အား´

တကယ်တော့ ဦးမောင်မြင့်ဆိုတာ စိုးကြီးတို့ တအိမ်လုံးမှာ အအေးဆုံးလူ။ သူ့ကိုတွေ့လိုက်ရင် ကွမ်းလေးတမြုံ့မြုံ့နဲ့ အရပ်ထဲမှာလဲ သူ့နဲ့ အဆင်မပြေဖြစ်တဲ့လူ မရှိလှဘူး။ ဒီလို လူအေးကြီးက အခုလောက် ဒေါသတကြီးနဲ့ အကြမ်းပတမ်းကိုင်နေတာ အံ့သြစရာတော့ ကောင်းတယ်။

တော်တော်လေး ကြာတော့မှ ရိုက်တဲ့လူပဲ မောသွားလား၊ အရိုက်ခံရတဲ့လူကပဲ မေ့သွားတာလားတော့ မသိဘူး။ စိုးကြီးတို့ အိမ်ဘက်က အသံတွေ တိတ်သွားတယ်။

***

အဲဒီညနောက်ပိုင်းမှာတော့ စိုးကြီးတယောက် အချိုးတွေ လုံးဝ ပြောင်းသွားတယ်။ မပြောင်းလို့လဲ မဖြစ်ဘူး၊ ကလန်ကဆန်လုပ်တာနဲ့ တကယ်ကို ဆော်ပလော်တီးတဲ့ သူ့ဘကြီးရဲ့ လက်သံပြောင်တာကလဲ လန့်လောက်စရာဆိုတော့ ပြောင်းရတာ။ အိမ်ကိုမူးပြီးပြန်လာရင် အရင်လို တအိမ်သားလုံးကို မရစ်ရဲတော့ဘူး။ အသာလေး အိပ်ရာထဲဝင်ခွေတယ်။ ဒါတောင်မှ နောက်ပိုင်းကျတော့ `ဟေ့ကောင်၊ မင်းအရက်သောက်လာရင် အိမ်ကို ပြန်မလာနဲ့´ လို့ ဘကြီး ဦးမောင်မြင့်က ထပ်အမိန့်ထုတ်လိုက်တာ အိမ်ကို မူးပြီးတောင် ပြန်မလာရဲတော့ဘူး။

ပြောရရင်တော့ ဒီလောက် ဆိုးတဲ့ စိုးကြီးကို သူ့မိဘတွေက စလို့ အရပ်ထဲကလူတွေ အဆုံး အေးအေးဆေးဆေး ပြောပြ၊ ဖြောင်းဖြတုန်း လက်မခံတဲ့ စိုးကြီးကို လက်သံထပြောင်ပစ်လိုက်တဲ့ ဘကြီးဦးမောင်မြင့်ဟာ မိုက်ဂုဏ်ကိုချိုးပစ်လိုက်တာလို့ ပြောရမလားဘဲ။

တကယ်ဆိုရင် အကြမ်းပတမ်းကိုင်တယ်ဆိုတာက ကောင်းတဲ့အမျိုးမှ မဟုတ်တာပဲ။ ကိုယ့်သွေးကိုယ့်သားကို ပြန်ပြီး ရိုက်ရပုတ်ရတာကို ဘကြီးဦးမောင်မြင့်လဲ လုပ်ချင်မယ်တော့ မထင်ဘူး။ ဒါပေမယ့် အဲဒီလိုမှ မလုပ်ရင် စိုးကြီးဆိုတဲ့ကောင်က ကိုယ့်မိဘပါ ကိုယ်ပြန်စော်ကားနေတော့ ၀င်ပြီး ပွဲကြမ်းပစ်လိုက်ပုံပေါ်တယ်။ တကယ်လို့များ ဦးမောင်မြင့်လဲ စိုးကြီးရဲ့ တခြားသော မိသားစုဝင်တွေလို စိုးကြီးကို လေပြည်အေးလေးနဲ့ တရားချဖို့ ကြိုးစားနေရင် ဘာဆက်ဖြစ်မယ်တော့ မသိဘူး။ ဒါပေမယ့် အခုလို ကိုယ့်ကို တကယ်နိုင်တဲ့လူလဲ ရှိလာရော စိုးကြီး အချိုးပြောင်းသွားတာတော့ အမှန်ပဲ။

***

စိုးကြီးလို ခပ်ဆိုးဆိုးကောင်ဆိုတာ တခါတလေတော့လဲ ကြိမ်လုံးဒဏ် ခပ်စပ်စပ်၊ ဒါမှမဟုတ်လဲ နားရင်းကို ခပ်ကြမ်းကြမ်း ရိုက်သင့်ရင် ရိုက်ရမလားလို့ တွေးကြည့်မိတာပဲ။ အဲဒီလိုမှ မဟုတ်ရင် `ငါက ဘယ်သူ့ကြောက်နေရမှာလဲ´ ဆိုပြီး လုပ်ချင်ရာကို လုပ်နေတော့မှာလေ။



ကလိုစေးထူး


Sunday, December 07, 2008

စုဆောင်းရေးမှာ...

`ဘူးစင်ကင်းကောင်း၊ အကြောင်းထူး မရှိ´
`အိမ်သာ...၊ ကင်းကောင်း၊ အကြောင်းထူး မရှိ´
`အိပ်ဆောင်တစ် ကင်းကောင်း၊ အကြောင်းထူး မရှိ´

ညရဲ့ အမှောင်ထဲမှာ တချက်တချက် ပျံ့လွင့်လာသော အော်သံတချို့က အချုပ်ဆောင်ထဲက နေဇာ့ကို အိပ်စက်ခြင်းငှာ မစွမ်းသာအောင် လှန့်နေကြလေသည်။ နေဇာ့ဘေး ဘယ်ညာမှာတော့ ခပ်ကျဉ်းကျဉ်း အချုပ်ခန်းထဲမှာ ခြင်ထောင် မရှိ၊ စောင်မရှိ ဒီအတိုင်း ခွေခွေလေး အိပ်နေကြသူတွေက မစီမရီ ဖြစ်လို့နေ၏။ တချို့များကျတော့လဲ ဟောက်သံလေးများပင် ထွက်လို့...။

လူပေါင်းများစွာရဲ့ အနံ့အသက်တွေနဲ့ လှောင်အိုက်လှတဲ့ အချုပ်ဆောင်ထဲမှာ ဘယ်တုန်းကတည်းက အခိုင်အမာ နေရာရနေကြမှန်း မသိသည့် ကြမ်းပိုးကောင်တွေရဲ့ နှိပ်စက်မှုကလဲ ဘယ်လိုမှ အိပ်မရအောင် နှောက်ယှက်နေသေးသည်။

နောက်ဆုံးတော့ ဘယ်လိုမှ အိပ်မရသည့်အတူတူ ငူငူကြီး ထထိုင်လို့ နေဇာတယောက် အချုပ်သံတိုင်ပြတင်းမှ တဆင့် အမှောင်ထုထဲကို ငေးလို့ ... ... ...။

***

`သားရယ်၊ မေမေတို့အိမ် အခြေအနေလဲ သားသိရဲ့သားနဲ့၊ ပြီးတော့ ဖေဖေ့ဆီကလဲ ငွေမပို့လာတာ နှစ်လလောက် ရှိနေပြီလေ´

မေမေက ဘယ်လိုပင် ဖြောင်းဖြပေမယ့် နေဇာတယောက် သုန်မှုံသော မျက်နှာထားက မပျောက်။

`မေမေပဲ သားကို ၀ယ်ပေးမယ်ပြောထားတာပဲဟာ´
`ဟုတ်တော့ ဟုတ်ပါတယ် သားရယ်၊ ဒါပေမယ့်... ... ...´
`တော်ပြီ၊ တော်ပြီ၊ မေမေညာတယ်´

ဆူဆူအောင့်အောင့် ပြောရင်း အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လာတော့ မေမေ အနောက်မှာ မျက်နှာမသာမယာဖြင့် ကျန်ခဲ့သည်။

မေမေ့ကို Casio နာရီလေး တလုံးဝယ်ပေးဖို့ နေဇာ ပူစာခဲ့တာ တော်တော်ကြာပါပြီ။ အတန်းထဲမှာ သူငယ်ချင်းတချို့က အဲဒီနာရီလေးတွေ ပတ်လာတာတွေ့ရင် သူလဲ လိုချင်မိသည်။ အဲဒီနာရီက ရေစိမ်လဲ ခံသတဲ့။ အကြမ်းပတမ်းလဲ ခံသတဲ့။ မေမေ့ကို ပူစာတော့ မေမေက `၀ယ်ပေးပါမယ် သားရယ်´ ဆိုပြီး နေ့ရွှေ့၊ ညရွှေ့။ အခုလဲ ဖေဖေ့ဆီက ပိုက်ဆံ မပို့လာသေးလို့တဲ့။ စိတ်ဆိုးဆိုးနဲ့ လက်ဖက်ရည် ဆိုင်ဘက်ကို ထွက်လာလိုက်သည်။

***

`ဆ...ဆရာ´

နာမည်စာရင်းတွေကို ရေးမှတ်နေသော တပ်ကြပ် သံချောင်းက လက်ကလေးပိုက်ပြီး အနားမှာ ရို့ရို့ကလေး ရပ်လို့ လေသံထစ်ထစ် အအ ဖြစ်နေသော နေဇာ့ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

`အေး၊ ဘာလဲ ပြော´
`ကျ...ကျနော် အိမ်ပြန်ချင်တယ်၊ စစ်ထဲ မ၀င်ချင်ဘူးဆရာ´
`ဘာကွ´
`ဟို...၊ ကျနော်... စာမေးပွဲလဲ ဖြေရဦးမယ် ဆရာ´

ဆရာသံချောင်းက ဒီလိုစကားတွေကို ကြိမ်ဖန်များစွာ ကြားဖူးထားလို့ နားရည်ဝနေဟန်၊ ဘာမှ မဖြစ်လေဟန်နဲ့...

`မင်းက အိမ်ပြန်ချင်တယ်လား´
`ဟုတ်...၊ ဟုတ်ကဲ့´
`အေး...၊ ပြန်ရမှာပေါ့ကွာ၊ ဟေ့...၊ မိုးအောင်...၊ ဆရာမိုးအောင် ဘယ်ရောက်နေလဲ´
`ဗျာ...၊ လာပြီ ဆရာ´
`အေး၊ ဒီကောင့်ကို အချုပ်ထဲ သွားထည့်ထားလိုက်ကွာ´
`မလုပ်ပါနဲ့ ဆရာ၊ ကျနော် အိမ်ပြန်ချင်လို့ပါ၊ စာမေးပွဲလဲ ဖြေရမှာမို့လို့ပါ´

ငိုသံတ၀က်နဲ့ ပြောရင်း ဆရာမိုးအောင် ဆွဲခေါ်ရာနောက် ပါသွားတဲ့ နေဇာ့ကို ကြည့်ပြီး ဆရာသံချောင်း ပါးစပ်က ရေရွတ်လိုက်သေးသည်။

`ဘယ်လိုကောင်တွေလဲ မသိပါဘူး၊ နာရီမ၀ယ်ပေးတာနဲ့ စစ်ထဲ ရောက်လာရတာနဲ့၊ အိမ်ပြန်ချင်ရတာနဲ့၊ စာမေးပွဲ ဖြေချင်ရတာနဲ့၊ စုဆောင်းရေးကို အလှူအိမ်များ ထင်နေလား မသိဘူး´

***

`တင်အေး´
`ရှိ´
`ထွက်´
`အောင်ဇော်´
`ရှိ´
`ထွက်´
`ကျော်ကျော်ဦး´
`ရှိ´
`ထွက်´
`နေဇာ´
`ရှိပါတယ်ခင်ဗျ´
`အေး၊ ရှိပါတယ် ခင်ဗျဆိုတဲ့ကောင် လာစမ်းကွာ´

အချုပ်ခန်းတံခါးဝကနေ တယောက်ခြင်းကို နာမည်ခေါ်ပြီး အပြင်ထွက်ခိုင်းနေသော စစ်သားက နေဇာ့ကို ခပ်ဆတ်ဆတ် ခေါ်ထုတ်လိုက်သည်။ အနားရောက်တော့ ဘာမပြောညာမပြောဖြင့် ပါးကို ဖြောင်းခနဲနေအောင် ရိုက်လိုက်၏။ နာကျင်မှု၊ အံ့သြမှုဖြင့် အလန့်တကြား ပြန်ကြည့်သော နေဇာ့ကို...

`ဒါစစ်တပ်၊ မင့်အမေလင် အိမ်မဟုတ်ဘူး၊ စာသင်ခန်းလဲ မဟုတ်ဘူး၊ စစ်တပ်ထဲမှာ နာမည်ခေါ်ရင် ရှိ လို့ တလုံးပဲထူးရတယ်။ နောက်တခါ ရှိပါတယ် ခင်ဗျ ဆိုရင် ဒီထက်နာမယ်´
`ဟုတ်ကဲ့´
`ဟုတ်ကဲ့ချင်ဦးကွာ´
`ဖြောင်း´

နောက်တချက် ထပ်အရိုက်ခံရပြန်ပြီ။

`ပြောစမ်း၊ ဟုတ်... လို့´
`ဟုတ်´
`အေး၊ နောက်နေ့ပဲ သင်တန်းကျောင်းကို သွားရတော့မယ်၊ စစ်သားလုပ်မယ့်ကောင်က ခေါ်လိုက်ရင် စစ်သားနဲ့ တူအောင်ထူး၊ အခြောက်လိုလို ဂန်ဒူးလိုလို လာမလုပ်နဲ့´
`ဟုတ်´
`ဘယ်လိုကောင်တွေမှန်းကို မသိဘူး၊ သွား...ပြန်ဝင် အချုပ်ခန်းထဲကို၊ မနက်ဖြန် မင်း သင်တန်းကျောင်းပါတယ်´

***

`ဖိုကြီး၊ ကင်းကောင်း၊ အကြောင်းထူး မရှိ´
`အိမ်ဆောင်နှစ်၊ ကင်းကောင်း၊ အကြောင်းထူး မရှိ´

ကင်းသမားတွေရဲ့ ကင်းသတင်းပို့သံတွေကတော့ ငါးမိနစ်ခြား တခါဆိုသလို နေဇာ့ဆီ ပျံ့လွင့်လာနေဆဲပင်။ နာရီဝယ်မပေးတဲ့ မေမေ့ကို စိတ်ဆိုးပြီး အိမ်ကထွက်လာမိတာကို အခုမှ နောင်တရနေလို့လဲ မထူးတော့ချေပြီ။ မနက်ဖြန် စစ်သင်တန်းတက်ရတော့မည်တဲ့။ ရှေ့ဆက်ပြီး ဘာတွေ ကြုံရဦးမည်တော့ မသိ။

အမှောင်ထဲကို ငေးကြည့်မိပြန်သည်။

ဘာမှမမြင်ရတဲ့ အမှောင်ထဲကနေ ကင်းသတင်းပို့သည့် ခပ်ထန်ထန် အသံတွေက ပျံ့လွင့်နေဆဲ။

***

ကလိုစေးထူး

(ကျနော့် ဘလော့ဂ်မှာ `နဂျယ်ကောင်´ ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အတူ သရုပ်ဖော်ဝတ္ထုတိုလေးတွေ ရေးခဲ့သလိုပဲ `နေဇာ´ ဆိုတဲ့ ဇာတ်ကောင် တကောင်ကို မွေးဖွားပြီး ဇာတ်လမ်းတွဲတွေကို ရသဟန်နဲ့ ဖန်တီးကြည့်ဖို့ စိတ်ကူးရမိပါတယ်။ ၀တ္ထုရှည် ရေးဟန်ကို တခါမှ မရေးဖူးခဲ့တာကြောင့် ဇာတ်လမ်းတွဲဟန်နဲ့ပဲ တခန်းစီ၊ တပိုဒ်စီ တင်ဆက်ဖို့ ရည်ရွယ်ထားပါတယ်။ `နေဇာ ဇာတ်လမ်းတွဲများ´ ပေါ့။ ဖတ်ရှုအားပေးကြပြီး ဝေဖန်နိုင်ကြပါတယ်။)

Wednesday, December 03, 2008

ကျနော် မောင်ကျည်ပွေ့...

`ဒီအခန်းဟာ Level 5 အခန်းပါလား ခင်ဗျာ´

အတန်းထဲက ဆရာမက `Yes´ လို့ ပြုံးပြုံးကြီး ဖြေပြီးတာနဲ့ ကျနော့်နာမည်ကို မေးပြီး ကျနော့်ရဲ့ ဖိုင်လ်တွဲကို ခပ်မြန်မြန်ပဲ စစ်ဆေးလို့ အတန်းသားတွေနဲ့ မိတ်ဆက်ပေးပါတယ်။ နောက်တော့ စာသင်ခန်းထဲမှာ ဆရာနဲ့တပည့် အပြန်အလှန် ဆွေးနွေးပြောဆိုကြသံတွေနဲ့ ဆူညံလို့၊ ပျော်ရွှင်လို့၊ ကျနော်ကလဲ အဲဒီ အသံတွေထဲ စီးမျောပျော်ဝင်လို့...။

***

`ဟဲလို၊ Capital One bank ကပါ၊ ဘာများကူညီပေးရမလဲ´

ခပ်မြန်မြန်ပြောသွားတဲ့ တဘက်က အင်္ဂလိပ်စကားကို အတော်လေး အာရုံစိုက် နားထောင်ပြီးတော့... `ကျနော့် ခရက်ဒစ်ကဒ်ကို အတည်ပြုချင်လို့ပါ´ လို့ ပြန်ပြောရတယ်။ ဟိုဘက်က ပုဂ္ဂိုလ်မလေးက ကျနော့်နာမည်၊ အသက်၊ လိပ်စာကို မေးတယ်။ ဒီအထိလဲ အိုကေနေတုန်းပဲ။ ပြီးတော့ Social Security နံပါတ်ရဲ့ နောက်ဆုံး လေးလုံးကိုလဲ မေးတယ်။ ဒါလဲ အဆင်ချောနေတုန်းပါပဲ။ ကဒ်နံပါတ်တွေ ပြောပြပြီးလို့ `အိုကေ၊ ကျမရှင့်ကို ဒီကဒ်နဲ့ ပတ်သက်လို့ ရှင်းပြစရာတွေ ရှိပါတယ်´ ဆိုတဲ့နေရာကနေ စလို့ ကျနော် ဒုက္ခရောက်တော့တာပဲ။

စက်သေနတ်ပစ်သလို တရစပ်ပြောနေတဲ့ အင်္ဂလိပ်စကားကို `ရှင့်ရဲ့ ခရက်ဒစ်ကဒ်ကို ဒေါ်လာ ငါးရာကနေ စတင် အသုံးပြုခွင့် ရှိပါတယ်´ ဆိုတာလောက်ပဲ ကောင်းကောင်း နားလည်လိုက်တယ်။ ကျန်တာတွေကို သူက ဆက်တိုက်ပြောလိုက်၊ ကျနော့်ကို `နားလည်ပါသလား´ လို့ မေးရင် `စကားကို ဖြည်းဖြည်းပြောပြီး နောက်တခေါက်လောက်´ လို့ ပြန်ပြောလိုက်နဲ့ အချိန်တွေက မကြာသင့်ဘဲ ကြာနေတော့တယ်။ နောက်ဆုံးတော့ ဘယ်လိုမှ မတတ်နိုင်တော့တာနဲ့ `ကျနော့်ကို ခွင့်လွှတ်ပါ၊ ကျနော် ခင်ဗျားပြောနေသလောက်ကို အားလုံး နားမလည်ပါဘူး၊ ဒါကြောင့် အဲဒီ ကဒ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေနဲ့ အချက်အလက်တွေကို စာတိုက်ကတဆင့် ထပ်ပို့ပေးပါ´ လို့ ပြန်ပြောမှပဲ ကိစ္စပြတ်တော့တယ်။

အဲဒါက တခါ...။

***

`ဟဲလို၊ Time Warner Cable ကလား´
`ဟုတ်ပါတယ်။ ကျနော် ဘာကူညီရမလဲ´
`ခင်ဗျားတို့ဆီကနေ ကျနော် ကေဘယ်လ်အင်တာနက်လိုင်း ယူထားတာ အခု ကွန်နက်ရှင် မရဘူးဖြစ်နေလို့ပါ´

ထုံးစံအတိုင်း နာမည်မေး၊ လိပ်စာမေး၊ ဖုန်းနံပါတ်မေးနဲ့ ခဏအကြာမှာတော့ ဟိုတခါကလို စက်သေနတ်ပစ်သံနဲ့ တူတဲ့ အင်္ဂလိပ်စကားတွေ ဖုန်းထဲကနေ တဆင့် နားထဲကို ခုန်ပေါက်ဝင်လာပြန်တယ်။ `ဖြည်းဖြည်းပြောပေးပါ ခင်ဗျာ´ လို့ ပြန်ပြန်ပြောရတာလဲ ခဏခဏ။ `အိုကေ၊ ခင်ဗျား အခု ကွန်ပျူတာရှေ့မှာ ထိုင်လိုက်ပါ၊ ရောက်ပြီလား၊ စက်ကို Re-start လုပ်ပါ၊ ပြီးရင် ပြန်ပြောပါ´ အဲဒီအထိတော့ ဟုတ်နေသေးတယ်။ ဒါပေမယ့် နောက်ပိုင်း သူထပ်ခိုင်းတာတွေက ဘာမှန်း နားမလည်တော့ပြန်ဘူး။ နောက်ဆုံး...`ဆောရီးပါဗျာ။ ကျနော် ခင်ဗျားပြောတာကို နားမလည်ပါဘူး´ လို့ ထပ်ပြောတော့ `အိုကေ၊ ကျနော် ကြိုးစားကြည့်ပေးပါမယ်´ လို့ ပြောပြီး ဖုန်းကို ဂွပ်ခနဲနေအောင် ချသွားတယ်။ တော်တော်လေး ကြာတော့မှ လူတယောက် တံခါးလာခေါက်ပြီး ကျနော့်စက်ရှေ့မှာ ထိုင်လို့ ဖုန်းကို ဖွင့်ပြီး ဟိုဘက်ကလူနဲ့ အပြန်အလှန်တွေ ပြောရင်း ပြင်ဆင်လိုက်တာ ဆယ်မိနစ်တောင် မကြာလိုက်ဘူး၊ ကွန်နက်ရှင် ပြန်ရပါလေရော...။

***

တကယ်တော့ အပေါ်မှာ ပြောတဲ့ အဖြစ်လိုမျိုးတွေ ကျနော့်လို နောက်ထပ် လူ ဘယ်နှစ်ယောက်လောက် ကြုံဖူးကြသလဲတော့ မပြောတတ်ပါဘူး။ ကျနော်ကတော့ ဖုန်းထဲမှာ အင်္ဂလိပ်လို ပြောရပြီ ဆိုတာနဲ့ ပြဿနာ ကောင်းကောင်းတွေ့လေ့ရှိတယ်။ ဒီနိုင်ငံကို ရောက်ခါစက အိမ်ဖုန်း စရခါစဆို ပိုဆိုးသေးတယ်။ တရက်တလေဆို နာရီဝက်တခါလောက်ကို ကြော်ငြာဖုန်းတွေ ၀င်လာတတ်တယ်။ ကိုင်မိရင် ကျနော့်နာမည်ကို မေးပြီး သူတို့ကတော့ ဘယ်သတင်းစာတိုက်ကပါ၊ ဘာကုမ္ပဏီပါနဲ့ ပြောပြီး ကရားရေလွှတ် တတွတ်တွတ် ပြောတော့တာပဲ။ ပထမတော့ ဘာမှန်းမသိဘဲ ကြောင်အမ်းအမ်းနဲ့ ဖုန်းခွက်ကို ကိုင်ထားပြီး သူပြောနေတာတွေကို နားထောင်နေသေးတယ်။ တခါတလေများဆို ဟိုဘက်က ပြောနေတဲ့ ကိုယ်တော်ချောက ကျနော် ငြိမ်ငြိမ်လေး နားထောင်နေတာကိုတောင် `ခင်ဗျားနားထောင်နေရဲ့လား´ လို့ မေးသေးတယ်။ နောက်ဆုံးတော့ `ဆောရီးပါပဲ၊ ကျနော် ခင်ဗျားပြောတာတွေကို နားမလည်ပါဘူး´ လို့ ပြောရတော့တယ်။ ရောက်နှင့်နေတဲ့ သူငယ်ချင်း တယောက်ကို နောက်ပိုင်းကျတော့မှ မေးစမ်းပြီး ဖုန်းကုမ္ပဏီမှာ ကြော်ငြာဖုန်းတွေကို Block အလုပ်ခိုင်းရတယ်။

ရယ်စရာ အလွဲတခုကတော့ ရောက်ခါစ မြန်မာမိတ်ဆွေ တယောက်ဆိုရင် အဲဒီလို ကြော်ငြာဖုန်းတွေလာရင် နားမလည်ပေမယ့်လဲ ဟိုဘက်က ပြောနေတာကို အကြောင်သားနဲ့ Yes, Yes ဆိုပြီး ပြန်ပြောတာ နောက်နေ့တွေကျတော့ အိမ်ရှေ့မှာ မဂ္ဂဇင်းတွေ၊ သတင်းစာတွေကို တံခါးဝမှာ တယောက်ယောက်က လာပို့ထားသတဲ့။ လကုန်တော့မှ ငွေတောင်းလွှာရောက်လာတော့ လန့်ပြီး နားလည်တဲ့သူကို ပြန်မေးရသတဲ့။

***

ဒီတော့ အပေါ်မှာ ကျနော် ကြုံရတဲ့ အခက်အခဲတွေနဲ့ အလွဲတချို့တွေဟာ ဘာကို ပြနေသလဲဆိုတော့ ကျနော် တတ်ထားတဲ့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားဟာ တကယ့်တကယ်တမ်းမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတာကို တွေ့လာရတယ်။ အပြင်မှာ စကားပြောတာနဲ့ ဖုန်းထဲမှာ စကားပြောတာဆို အတော်ကြီးကို ကွာပါတယ်။ အပြင်မှာကတော့ International Language လို့ ပြောင်နောက်ခေါ်ကြတဲ့ လက်ဟန်ခြေဟန်တွေပါ သုံးလို့ ကိုယ်ပြောတတ်သလို ပြောပြီး အဆင်ပြေနိုင်ပေမယ့် ဖုန်းထဲမှာကျတော့ ဂွအကျကြီး ကျတော့တာပါ။

ဒီလိုနဲ့ပဲ ကျောင်းတော်ဆီ ခြေဦးပြန်လှည့်ရတော့တာပါပဲ။

Testing Exam ကို ဖြေပြီးတော့ ထွက်လာတဲ့ ရလဒ်က Level 5 ပါတဲ့။ အားလုံးပေါင်း Level 6 အထိ ရှိတာဆိုတော့ ဒီလောက် အဆင့်ကနေ သင်ရတာကိုက မဆိုးဘူးလို့ ကိုယ့်ကိုယ်ကို ပြန်အားပေးရတယ်။

`Level 5 နဲ့ Level 6 အဆင့် ကျောင်းသားတွေ တက်လို့ရနိုင်တဲ့ ကောလိပ်ကျောင်းတွေ ရှိပါတယ်၊ ကြိုးစားပါ၊ အဆင်ပြေပါစေ´ လို့တော့ စာမေးပွဲ ရလဒ်ကို ပြောပြတဲ့ ဆရာမက မှာလိုက်ပါရဲ့...။

***

`ကဲ...၊ ဒီနေ့ အတန်းချိန်ကတော့ ဒီလောက်ပါပဲ၊ ကြာသပတေးနေ့ ညနေ ခြောက်နာရီမှာ ပြန်ဆုံကြပါစို့´

အရယ်အရွှမ်းကလေးတွေနဲ့ စာသင်တတ်တဲ့ ထိပ်ပြောင်ပြောင် ဆရာရဲ့ စကားအဆုံးမှာ အတန်းထဲက ကျောင်းသူ ကျောင်းသားတွေ စုရုံးရုံးနဲ့ ပြန်ဖို့ ပြင်ကြဆင်ကြ။

သြော်...၊ ငယ်ငယ်တုန်းက သင်ခဲ့ဖူးတာကိုတောင် မှတ်မိသေး။ ဘာတဲ့...၊ ကျည်ပွေ့အတက်ပေါက် တာဆိုလား။ အခုတော့ အဲဒီ ပုံပြင်ထဲက အတိုင်းဆို ကျနော်သည်လဲ မောင်ကျည်ပွေ့ပေါ့။ ဘလော့ဂ်ရေးဖော် ကိုကျည်ပွေ့ကိုတောင် သတိရမိသေးတော့...။

ကျောင်းဝင် အပြင်ကို ထွက်လိုက်တော့ အပြင်မှာ အေးလို့...၊ ခဲလို့။ နှင်းဖတ်တွေ ဖွဲလို့ သည်းလို့။ ကျောင်းကို ပြန်ငဲ့ကြည့်လိုက်တော့ လျှပ်စစ်မီးအပြင် ပညာအလင်းပါ စွက်ထားတဲ့ ကျောင်းက လင်းလို့ ထိန်လို့...။

***


ကလိုစေးထူး

Tuesday, December 02, 2008

ခါဂျီး...၊ ခါဂွေး...၊ ဂါးနီ (နောက်ဆက်တွဲ)

အားလုံး မင်္ဂလာပါ။

ကျနော် တနင်္ဂနွေနေ့ညနေမှာ ခရီးကနေ ပြန်ရောက်ပါတယ်။ ရောက်ဖြစ်ခဲ့တဲ့နေရာက အသွားအပြန် ၃၆ နာရီကြာအောင် ကားမောင်းရတဲ့ အကွာအဝေး ဖြစ်ရတဲ့အထဲ အပြန်လမ်းခရီးမှာ လမ်းတောက်လျှောက် ဆိုးဝါးနေတဲ့ ရာသီဥတုကြောင့် ကံသီလို့သာ အိမ်ကို ဘေးမသီရန်မခ ပြန်ရောက်ခဲ့ပါတယ်။ ခရီးသွား အတွေ့အကြုံလေးတွေကိုတော့ နောက်များမှပဲ စာရေးဖြစ်ပါဦးမယ် ထင်ပါတယ်။

***

လွန်ခဲ့တဲ့ ရက်အတန်ကြာက ကျနော် `ခါဂျီး...၊ ခါဂွေး...၊ ဂါးနီ´ ဆိုတဲ့ ပို့စ်လေး တပုဒ် ရေးဖြစ်ပါတယ်။ ရေးတုန်းကတော့ တွေ့ခဲ့ကြုံခဲ့ရတဲ့ အလွဲလေး တခုကို စာလာဖတ်သူတွေကို ပေါ့ပေါ့ပါးပါးလဲ ပြုံးစေရအောင် ဆိုတဲ့ ရည်ရွယ်ချက် သက်သက်နဲ့ ရေးခဲ့ပေမယ့် အခုတော့ အဲဒီ စာနဲ့ ပတ်သက်တဲ့ ကျနော့်ရဲ့ တာဝန်ရှိမှုအတွက် တစုံတရာ ပြန်ရေးမှ ဖြစ်တော့မယ်လို့ ယူဆတဲ့အတွက် အခု ပို့စ်ကို ရေးပါတယ်။

အဲဒီ ပို့စ်ကို ကျနော် ရေးခဲ့တဲ့နေရာမှာ ကျနော် ထည့်သွင်း မရေးဖြစ်ခဲ့တဲ့ အကြောင်းအရာတချို့ ရှိပါတယ်။ ဘာကြောင့် ထည့်မရေးသလဲ ဆိုတော့ ပေါ့ပေါ့ပါးပါး ပြုံးစေချင်တာကို အသားပေးလိုတာက တချက်နဲ့ အသေးစိတ်ကြီးတွေလဲ ထည့်ရေးနေစရာ မလိုပါဘူးလေလို့ သာမန်သဘော တွေးခဲ့တာကြောင့်ပါ။ ဒါပေမယ့် အခုတော့ ဒါတွေကို ထည့်ရေးဖို့ လိုအပ်လာပါပြီ။

အဲဒီ ကရင်အကိုကြီးအတွက် ကျနော်က စကားပြန်အဖြစ် မကူညီခင်မှာ သူကိုယ်တိုင် အနေနဲ့လဲ မြန်မာဘာသာပြန်ထားတဲ့ စီဒီအခွေကို နားထောင်ထားတဲ့ အပြင် သူတတ်သမျှ မှတ်သမျှလေးနဲ့ ရုံးမှာသွားသွားဖြေနေတာ သုံးကြိမ်ရှိပါပြီ။ သူနားထောင်နေတဲ့ ဘာသာပြန် စီဒီခွေက တခြားပြည်နယ်ကို အခြေခံထားတာရယ် သူ့ရဲ့ အင်္ဂလိပ်စာ အားနည်းချက်တွေရယ်ကြောင့် သုံးကြိမ်စလုံး ကျပြီးမှ ကျနော့်ဆီမှာ အကူအညီလာတောင်းတဲ့အတွက် လုပ်ပေးဖြစ်တာပါ။

ကျနော် လက်ရှိနေတဲ့ ပြည်နယ်မှာ ယာဉ်မောင်းသင် လိုင်စင်ရဖို့အတွက် တနှစ်မှာ ငါးကြိမ်အထိသာ ကြိုးစားခွင့် ရှိပါတယ်။ ငါးကြိမ်တိုင်အောင် ကျခဲ့ရင် နောက်နှစ်အထိ ထပ်စောင့်ရပါတယ်။ တနှစ်မှာ ခြောက်လလောက်က အေးနေတဲ့ ဒီပြည်နယ်မှာ အရမ်းအေးတဲ့ လတွေမှာဆို အပြင်မှာ ဆယ်မိနစ်လောက် နေဖို့ကိုတောင် မလွယ်တာမို့ ကားမရှိသူတွေအတွက် အလုပ်သွား အလုပ်ပြန်က အင်မတန် ဒုက္ခရောက်ပါတယ်။ ဒါကြောင့် အဲဒီ ကရင်အကိုကြီးရဲ့ အခက်အခဲကို မကြည့်ရက်တဲ့ စိတ်တခုတည်းနဲ့ ဒီလိုနည်းနဲ့ ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဒီ စာမေးပွဲကို သွားမဖြေခင်မှာလဲ ကျနော့် အိမ်မှာ သူ့ကို အဓိကကျတဲ့ ယာဉ်စည်းကမ်းဆိုင်ရာ အချက်အလက်တွေ၊ ကားလမ်းတွေပေါ်က အမှတ်အသားတွေ အကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။ အဲဒါတွေ လုပ်ပြီးမှ သွားဖြေစေခဲ့တာပါ။

သွားဖြေစေခဲ့တယ် ဆိုပေမယ့် သူ မအောင် အောင်အောင် ကျနော်က Cheating လုပ်ခဲ့တာဆိုတော့ ဘာပဲပြောပြော ဒါဟာ ကောင်းတဲ့ ရှုထောင့်တခု မဟုတ်တာကို ကျနော် နားလည်လက်ခံပါတယ်။ ဒါကြောင့် ကျနော့်ကို အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးပြီး စေတနာ ရှေ့ထား ဝေဖန်ထောက်ပြပေးကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။

သို့သော် သေချာတာ တခုကတော့ ကျနော် အဲဒီ ပို့စ်ကို ရေးခဲ့တာဟာ `ငါတော့ ဘယ်လိုလူလည်ကျလိုက်တာကွ´ ဆိုတဲ့ ဂုဏ်ယူချင်စိတ်နဲ့ မဟုတ်ခဲ့ပါဘူး။ အဲဒီအတွက် ကျနော့်ကိုယ် ကျနော် လိပ်ပြာသန့်စွာ ပြောရဲပါတယ်။ ကျနော်တို့ အလွဲကလေးတွေ ကြုံခဲ့တယ်၊ ဒါလေးကို ပေါ့ပေါ့ပါးပါး ပြုံးရအောင် ဆိုတဲ့ စိတ်တခုတည်းသာ ထားခဲ့ပါတယ်။ ပို့စ်ရဲ့ label ကိုတောင် ပေါ့ပေါ့ပါးပါး လို့ပဲ ပေးဖြစ်ခဲ့ပါတယ်။ ကူညီပေးခဲ့တယ် ဆိုပေမယ့် လုံးဝဥဿုံ ပြီးပြည့်စုံသော ဖြစ်သင့်မှုတွေ မဖြစ်ခဲ့တာကိုတော့ ၀န်ခံပါတယ်။ အဲဒါတွေဟာလဲ ဘယ်လို လူလည်ကျလိုက်မှပဲ၊ ဘယ်လိုတော့ အလွဲသုံးစား လုပ်ရင် ရတာပဲဟာဆိုတာ သက်သက်ကိုသာ အခြေခံတွေးခဲ့တာ မဟုတ်ရပါဘူး။

`ဒါဖြင့် မင်းအခုလို လုပ်ပေးလိုက်တဲ့ ကရင်အကိုကြီးက လမ်းပေါ်မှာ ကားတိုက်လို့ ပြဿနာ တက်တော့ မြန်မာလူမျိုး သိက္ခာမကျဘူးလား´ လို့ မေးစရာ ရှိပါတယ်။ သူ့ကို လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေကို သေချာရှင်းပြခဲ့ပါတယ်။ နောက်လဲ ကားမောင်းသင်ပေးတဲ့အခါ ရှင်းပြရမှာတွေ ရှိပါတယ်။ ဒီတော့ ကားတိုက်မှု မဖြစ်အောင် တနည်းအားဖြင့် သူ့အနေနဲ့ လမ်းစည်းကမ်းကို နကန်းတလုံးမှ နားမလည်ဘဲ ကားတက်မောင်းလို့ ကားတိုက်မှု ဖြစ်ရတယ်ဆိုတဲ့ ပုံစံမျိုး မဖြစ်အောင် ကျနော် ဆက်လက် တာဝန်ယူထားပါတယ်လို့ ပြောပြချင်ပါတယ်။

နောက်တခုက အဲဒီ ပို့စ်ထဲက ဇာတ်လိုက်ကျော် ကရင်အကိုကြီးကို အခုဆိုရင် အားတဲ့ရက်တွေမှာ ကျနော် ကိုယ်တိုင်ပဲ ကားမောင်း သင်ပေးနေပါတယ်။ အမေရိကားမှာ ကားမောင်းသင်တန်းကြေးဟာ အလွန်တရာ ဈေးကြီးတဲ့အတွက် သူ လက်ရှိရနေတဲ့ လုပ်ခနဲ့ စာရင် မတန်တဆကြီး ပေးနေရမှာ စိုးတာလဲ ပါတာပါ။

အမေရိကားမှာ လူတယောက်ကို ကားမောင်းသင်ပေးခွင့် ရှိဖို့အတွက် (ကျနော့် အခုလက်ရှိနေတဲ့ ပြည်နယ်ရဲ့ ယာဉ်မောင်းလက်စွဲ စာအုပ်ထဲမှာ ရေးထားချက်အရ) အနည်းဆုံး ယာဉ်မောင်းလိုင်စင်သက်တမ်း ၂ နှစ်နဲ့ အသက် ၂၁ နှစ် အထက် ရှိရပါမယ်။ နောက်တခုက ကျနော် သင်ပေးမှာက ကျနော့်ကားနဲ့ပါ။ ကျနော့်ကားမှာ ကျနော့် တယောက်ထဲရဲ့ အမည်သာလျှင် ကားအာမခံထားတာကြောင့် တကယ်လို့များ အမောင်းသင်နေတုန်း တခုခု ဖြစ်ခဲ့ရင် ကျနော်တက်မယ့် ပြဿနာတွေက အများကြီးပါ။

မည်သို့ပင် ဖြစ်စေပါ။

စာတပုဒ်ကို စာရေးသူက ဘယ်လိုရေးလိုက်သည် ဖြစ်စေ စာဖတ်သူတွေအနေနဲ့ မိမိမြင်တဲ့ ရှုထောင့်ကနေ လွတ်လပ်စွာ ထင်မြင်ပိုင်ခွင့် ရှိတဲ့အတွက် ကျနော်ရေးတာကို ဖတ်ပြီး `ဒီကောင်လုပ်တာနဲ့ ငါတို့ လူမျိုး သိက္ခာကျတော့မှာပဲ´ လို့ ထင်စရာတွေ ဖြစ်ခဲ့တဲ့အတွက် ဒီအပေါ်မှာတော့ ကျနော် ကိုယ့်တာဝန်ကိုယ်ယူပြီး စာဖတ်သူတွေကို တောင်းပန်ပါတယ်။

ကူညီနည်း ပုံစံမကျတဲ့အတွက် ကျနော် မှားတာကို ၀န်ခံဖို့ အသင့်ပါပဲ။ ဒါပေမယ့် ကျနော် မှားတဲ့ အဲဒီ အမှားဟာ ဆရာဝန်တယောက်က ကိုယ်ဝန်ဖျက်ချဖို့အတွက် ကူညီပေးတဲ့ အမှားမျိုးနဲ့ လုံးဝဆက်စပ်မှု မရှိသလို သဘောသဘာဝခြင်းလဲ တခြားစီလို့ ထင်ပါတယ်။ လူတယောက် အေးခဲနေတဲ့ ရာသီဥတုဒဏ်ကို ဖြတ်ကျော်ရမယ့် ၀ဋ်ဒုက္ခကို ကျနော် ကားမရှိခင်တုန်းက အခြေအနေနဲ့ ကိုယ်ချင်းစာပြီး လုပ်ခဲ့တာတခုပဲ ရှိပါတယ်။ ဒါကို ကျနော့်အနေနဲ့ ၀င့်ကြွားလိုတဲ့ စိတ် လုံးဝ မရှိပါဘူး။

ရေးခဲ့တာလဲ အတန်ငယ်တော့ ရှည်လျားပါပြီ။ နောက်ဆုံး အနေနဲ့ကတော့ ကျနော် အခုပို့စ်ကို ရေးတာဟာ အခြေအနေတခုကို အရင်ထက်စာရင် ပိုနားလည်လာဖို့သက်သက်သာ ရည်ရွယ်ပါတယ်။

နားလည်လက်ခံနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အပြုသဘော အကြံပေး ဆွေးနွေးထောက်ပြသွားကြသူ မိတ်ဆွေ မောင်နှမ၊ အကိုအမများ အားလုံးကို ကျေးဇူးတင်ပါတယ်။

***


ကလိုစေးထူး