Monday, October 20, 2008

ကိုပင်လှနဲ့ လောကအလှ


ဆူဆူညံညံနဲ့ တ၀ူးဝူး တဝေါဝေါ စက်သံတွေကြောင့် ဆောင်းဦးလေ ဖြူးဖြူးရဲ့ အရသာကို ခံနေတဲ့ ကျုပ်လဲ ဆတ်ခနဲ တွန့်သွားတယ်။ ကျုပ်ရင်ခွင်ထဲမှာ ခိုလှုံမှိန်းနေတဲ့ ယုန်ပေါက်ကလေးနှစ်ကောင်ရယ် ရှဥ့်ညိုလေး တကောင်ရယ်လဲ အလန့်တကြား ပြေးထွက်သွားတော့တာပဲ။


အင်း...။

သူတို့ ကျုပ်ကို အလှဆင်ပေးဖို့ အချိန်ရောက်လာပြန်ပြီနဲ့ တူတယ်။

***

တကယ်ပါဗျာ။ ကျုပ်ဘ၀က စပြီးတော့ အသက်ရှင်လို့ အရွယ်ရောက်စ ပြုပြီဆိုတာနဲ့ အညွှန့်ချိုးခံရတဲ့ ဘ၀...။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အညွန့်ဖြတ်ခံရတာ၊ အဲ... တိတိပပ ပြောရရင် အညွှန့်ညှပ်ခံရတာပေါ့။ ကပ်ကြေးထက်ထက်ကို ခင်ဗျားတို့ မြင်ဖူးတယ် မှတ်လား။ အဲဒီ ကပ်ကြေးထက်ထက်ကြားမှာပဲ ကျုပ်ရဲ့ အညွှန့်တွေကို ဂျိခနဲ ဂျိခနဲ အညှပ်ခံရတာဗျ...။

ကျုပ်မို့လို့ အညွှန့်လေး တလူလူ ဖြစ်လာပြီလားဆိုရင် ရောက်လာကြပါပြီ၊ အညွန့်ညှပ်မယ့်လူတွေ...။ သူတို့ကတော့ ကိုယ့်ကိုယ်ကို အလှဆင်သူကြီးတွေ ဆိုပြီး ဂုဏ်ယူနေကြမလား မပြောတတ်ဘူး။ ကျုပ်မှာသာ သူတို့လက်ထဲက ကပ်ကြေး ထက်ထက်တွေနဲ့ တက်မယ်တောင် မကြံရသေးတဲ့ အညွှန့်တွေကို အညွှန့်တုံးတွေ အဖြစ် သူတို့ စိတ်တိုင်းကျ လှပပြနေရတဲ့ ဘ၀။

ကျုပ် ကိုယ့်ဘ၀ကိုကိုယ် တော်တော် စိတ်နာတယ်။ ဘယ်နှယ့်ဗျာ...၊ ဒီဘ၀မှာ အသက်ရှင်ရတာခြင်း အတူတူ ကျုပ်တို့ကိုမှ တချိန်လုံးအညွှန့်လာလာ အဖြတ်ခံနေရတဲ့ ကိစ္စ၊ စိတ်မနာဘဲ ဘယ်နေမှာတုန်း။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဟိုနေရာ ထိုးထိုးထောင်ထောင်၊ ဒီနေရာ ထိုးထိုးထောင်ထောင်တွေ အများကြီး ရှိနေပါလျက် သူတို့ကျတော့ ကျုပ်လို ပုံအသွင်း မခံရဘူး။ ကျုပ်မှာသာ...။

ဘာလဲ...၊ ကျုပ်ဘယ်သူပါလိမ့်လို့ စဉ်းစားနေတာလား။ ခေါင်းပူမနေပါနဲ့ဗျာ။ ကိုးရီးယားကားတွေလို ကျုပ်ကလဲ ကွေ့ဝိုက်မနေချင်ပါဘူး။ ဟောဒီမှာလေ ကျုပ်ပုံ...။



ကျုပ်တို့ မျိုးနွယ်ကို ဒီလိုပုံဖော်ရင် လှမယ်ဆိုတဲ့ စိတ်ကူးကို ဘယ်လူသား သကောင့်သားကများ ရခဲ့လဲ မသိပါဘူးဗျာ။ ဒီလိုပဲ၊ လူက အဲလေ အပင်က ဟိုနားတစ ဒီနားတစ အညွှန့်ကလေးထွက်ဖို့ကို အချိန်မရဘူး။ လာလာညှပ်နေလိုက်ကြတာ။ ကျုပ်တော့ အပင်တကာ့ အပင်ထဲမှာ အပင်ဖြစ် အရှုံးဆုံးလို့သာ မှတ်လိုက်ချင်တော့တယ်။ အဲဒီလိုနဲ့ တွေးပြီး စိတ်ဓာတ်ကျနေတုန်းမှာပေါ့...။

`ဒီမယ်ဗျ´

ခေါ်သံလိုလို တခု ဘယ်ကနေကြားပါလိမ့်။ အရေးထဲ ဟိုစက်သံကလဲ ဆူညံလိုက်ပါသဘိ။ စက်သံဆူဆူညံညံသံတွေ ခဏလေး တိတ်သွားခိုက်မှာပဲ ကျုပ်ကို ခေါ်သံ ထပ်ကြားရပြန်တယ်။

`ဒီမှာဗျ...၊ ဒီမှာ´

အလို...၊ လက်စသတ်တော့ ခေါ်သံတွေက ကျုပ်ရဲ့ ခြေရင်း မလှမ်းမကမ်းက မြက်ပင်တွေဆီက လာနေတာကိုး။ မလောက်လေး မလောက်စား မြက်က ကျုပ်ကို ဒီလို မာထန်ထန် ခေါ်ရကောင်းလားဆိုပြီး စိတ်ထဲ ခပ်မျက်မျက်နဲ့ပဲ...

`ဘာလဲကွ၊ မင်းကများ ငါ့ကို ဒီမှာလေး ဘာလေးနဲ့´
`ခေါ်ရမှာပဲဗျ´
`မင်းကို ငါက ဘာလုပ်နေလို့တုန်း´
`ဒီမယ်၊ ခင်ဗျားက ခင်ဗျားကိုယ် ခင်ဗျား တော်တော်ကို ထိခိုက်နစ်နာလှပြီလို့ ထင်နေတယ်ပေါ့လေ၊ ဟုတ်လား´
`ဟုတ်တာပဲလေကွာ၊ မင်း ဟိုမှာ မကြားဘူးလား အသံတွေ၊ အဲဒီလူတွေ ခဏနေရင် ငါ့ကို လာပြီး အညွှန့်ညှပ်ကြဦးတော့မှာ၊ ငါ့မှာ အညွှန့်တလူလူ ဆိုတဲ့ အချိန်ကို မရှိရဘူးလေ၊ အဲဒီတော့ နစ်နာတာပေါ့ကွ´

မြက်ပင်က ကျုပ်စကားကိုလဲ ကြားရော တဟားဟားနဲ့ ထရယ်ပါလေရော...။ ဒီကောင်ရယ်တာမှ အားရပါးရ...၊ ဒါပေမယ့် ဒင်းရယ်တဲ့ အသံက ကျုပ်ကို လှောင်သံ ပါနေသလိုလိုပဲ။

`ဟေ့ကောင်၊ တိတ်စမ်း´
`ရယ်စမ်းပါရစေဗျာ၊ ခင်ဗျားက ခင်ဗျားသာလျှင် နစ်နာသူကြီးလို့ ပြောနေတာကို ကျုပ်က ရယ်ချင်လွန်းလို့ပါ´

စိတ်ရှိလက်ရှိ ရယ်လို့ဝတော့မှ မြက်ပင်က ...

`ဒီမယ် ကိုပင်လှ၊ ခင်ဗျားက တချိန်လုံး အလှပဲ အဆင်ခံနေရသူဆိုတော့ ကျုပ်က ခင်ဗျားကို ကိုပင်လှလို့ ခေါ်မယ်။ တကယ်တော့ ခင်ဗျားက အညွှန့်ဖြတ်ခံနေရတယ်ဆိုတာ ခင်ဗျားအတွက်တော့ စဉ်းစားကြည့်ရင် နာကျင်စရာပေါ့။ ဒါပေမယ့် ခင်ဗျားထက်ဆိုးတဲ့ ကျုပ်တို့ ဘ၀တွေကို တွေးကြည့်စမ်းပါဗျာ။ ကျုပ်တို့မှာ ကျုပ်တို့ မရှိတော့လဲ လူတွေက ဖုန်တွေထူမှာစိုးလို့ ဆိုပြီး အလှစိုက်ကြတယ်။ ဟော...၊ ကျုပ်တို့မို့ အညွှန့်လေး ထိုးထိုးထောင်ထောင် ဖြစ်လာပြီ ဆိုပြန်တော့ လာပါပြီ၊ မြက်ရိတ်စက်မျိုးစုံနဲ့။ တခါတလေများဆို သူတို့ မလိုအပ်တော့ရင် ကျုပ်တို့ကို အမြစ်ကနေပါ လှန်ပစ်တတ်သေးတာ။ သူတို့ ဖြတ်ပစ်လို့ အညွှန့်တုံးပြီး ညီညာနေတဲ့ပုံပေါ်နေတဲ့ ကျုပ်တို့ရဲ့ မျက်နှာပေါ်ကို သူတို့ပဲ နင်းလားနင်းရဲ့၊ စိတ်လိုလက်ရနဲ့ ကျုပ်တို့အပေါ်မှာ လဲလျောင်းလား လဲလျောင်းရဲ့၊ ကျုပ်တို့မှာ ဆောင်းတွင်းချိန်လေးပဲ လူတွေရဲ့ အရိတ်အလှီးကို မခံရတာ။ ဒါလဲ အကောင်းတော့ မထင်နဲ့ ကျုပ်တို့အပေါ်မှာ တဆောင်းလုံးလုံး အုပ်မိုးနေတဲ့ နှင်းဖတ်တွေကြောင့် သက်သာသယောင် ထင်နေရတာ၊ လူတွေ ဘယ်လောက် ကိုယ်ချင်းစာတရား မရှိသလဲဆိုတာ ဆောင်းတွင်းဘက်ရောက်ရင် သူတို့မှာသာ အနွေးထည်ထူထူဝတ်ရတာနဲ့၊ မီးလင်းဖို မွှေးရတာနဲ့၊ တချိန်လုံးလုံး အပြင်မှာ အအေးဒဏ်ခံနေရတဲ့ ကျုပ်တို့ကို အဲဒီအခါကျတော့ သူတို့ အလေးမထားကြတော့ဘူးလေ´

`ဒါတောင် ကျုပ်က သာမန်မြက်ဘ၀နဲ့ ဟောဒီနေရာမှာ မြက်ဖြစ်ခွင့်ရသေးလို့ တော်သေးတာ၊ ကျုပ်ထက် ဘ၀ဆိုးတဲ့ မြက်တွေ ရှိသေးတယ်။ ဘောလုံးကွင်းထဲ အစိုက်ခံရတဲ့ မြက်ဆိုရင် ခင်ဗျားစဉ်းစားကြည့်။ လူအယောက် သုံးဆယ်ဝန်းကျင်လောက်က အားရပါးရ ပြေးလွှားနင်းခြေလိုက်၊ သူတို့နင်းလို့ပြီးရင် နောက်တခါ ထပ်နင်းလို့ကောင်းအောင် တယုတယ ပြန်စိုက်လိုက်၊ တခါတခါများဆို သူတို့စိတ်တိုင်းမကျရင် မြက်တွေကို အသားလွတ်ကြီး ကန်တဲ့ကောင်တွေက ရှိသေးတယ်။ ဂေါက်ကွင်းထဲက မြက်တွေဆိုလဲ ဘာထူးသေးလဲ၊ ကြည့်တော့သာ တချိန်လုံး ရေလောင်းခံရ၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခံရနဲ့မို့ ဟုတ်သယောင်ယောင် ရှိတာ။ သူတို့လဲ နောက်ဆုံးတော့ လူတွေရဲ့ စိတ်တိုင်းကျ အနင်းခံရတာပဲ မဟုတ်လား၊ ဂေါက်တံ အဖျားမှာ ပါသွားတဲ့ မြက်တွေဆို ဘယ်လောက်တောင် နာကျင်နေမလဲ ဆိုတာ ကျုပ်တွေးကြည့်မိတယ်´

`ခင်ဗျားက အညွှန့်တွေ အဖြတ်ခံရတယ်ဆိုပေမယ့် အနင်းတော့ မခံရပါဘူးဗျာ။ ခင်ဗျားကို တွေ့လိုက်ရင် လူတွေက အလှအပတခုအနေနဲ့ ပုံဖော်တာမို့ အညွှန့်အဖြတ်ခံရတာခြင်း တူရင်တောင် တော်ပါသေးတယ်။ ကျုပ်တို့ကမှ အဖြတ်ခံ၊ အနင်းခံတွေပါဗျ´

`ဒါပေမယ့် ကျုပ်က ခင်ဗျားလိုတော့ အားငယ်ညည်းတွားနေမယ်လို့ ထင်သလား၊ ကျုပ်လား၊ ဟောဒီ နေရာမှာ ဒီလိုပဲ အနင်းခံ၊ အလှီးခံဘ၀နဲ့ ရှင်သန်နေတာ ကာလပေါင်းမနည်းတော့ဘူး၊ ကျုပ်ကို မမွေးခင်ကလဲ ကျုပ်တို့ အဘိုးတွေ၊ အဖေတွေက သူတို့ကိုယ်သူတို့ အနင်းခံပြီး လောကကောင်းဖို့ကို မြက်ဖြစ်ကျိုး နပ်စွာ ထမ်းသွားကြတာပဲ။ ကျုပ်လဲ ဒီလိုပဲပေါ့။ ကျုပ်ကို ဒီနေ့ အညွှန့်လာဖြတ်ရင် နောက်နေ့ ကျုပ် အညွှန့်ပြန်တက်မယ်။ လာဖြတ်တော့လဲ ဖြတ်ပေါ့။ အရေးကြီးတာက ကျုပ်အလုပ်ကိုက အညွှန့်တက်နေဖို့ပဲ။ ဖြတ်တာက သူတို့အလုပ်၊ အညွှန့်ထပ်ထွက်နေရမှာက ကျုပ်အလုပ်။ ဒါပဲ မဟုတ်လား၊ ဘာများ တွေဝေ၊ အားငယ်နေရဦးမှာလဲဗျာ´

***

မြက်ပင်က အားရပါးရပြောပြီးတော့ မောသွားလားတော့ မပြောတတ်ဘူး။ ငြိမ်ကျသွားတယ်။ ဒီကောင်ပြောတာ စဉ်းစားကြည့်တော့လဲ ဟုတ်ပေသားပဲ။ ကျုပ်ကို လူတွေ အညွှန့်လာဖြတ်တယ်ဆိုတာ အဲဒီ မြက်တွေထက်စာရင် ဘာဟုတ်သေးလို့တုန်း။ တကယ်ဆို သူတို့က ကျုပ်ထက် ပိုပြီး လောကအတွက် ပေးဆပ်နေရတာလေ။ ကျုပ် စောစောက ကိုယ့်ကိုယ်ကို အားငယ်နေမိတာကိုတော် ရှက်မိပါရဲ့...။

***

တဝေါဝေါနဲ့ ဆူညံနေတဲ့ မြက်ရိတ်စက်ရဲ့ အသံက ဝေးနေရာကနေ တဖြည်းဖြည်းနဲ့ နီးလာတယ်။ စောစောက ကျုပ်ကို စကားတွေ အများကြီးပြောသွားတဲ့ မြက်ပင်လေးကို ကျုပ် မရဲတရဲ လှမ်းကြည့်မိတယ်။ သူက ကျုပ်ကို အဓိပ္ပာယ်အပြည့်ပါတဲ့ အပြုံးနဲ့ အားရပါးရ ပြုံးပြနေတယ်။ ကိုယ့်ကိုယ်ကို သတိမထားလိုက်ခင်မှာပဲ ကျုပ်လဲ အဲဒီ မြက်ပင်လေးကို ဦးညွှတ်လိုက်မိတယ်။ လေပြင်းတချက်ရဲ့ အကူအညီနဲ့ပေါ့...။

ထက်မြတဲ့ စက်သွားတွေရဲ့ လှီးဖြတ်မှုအောက်မှာ မြက်ပင်ဖျားကလေးတွေ ဝေ့ခနဲဝေ့ခနဲ လွင့်ထွက်သွားကြတယ်။ ဒါပေမယ့် သူတို့ အပြုံးမပျက်ကြဘူး။ ဟိုမြက်ပင်လေးလဲ စက်သွားရဲ့ လက်ချက်နဲ့ အညွှန့်ဖြတ်ခံလိုက်လေရဲ့...၊ နောက်ထပ်လဲ လူတွေက သူတို့ကို အကြိမ်ပေါင်းများစွာ လာပြီး လှီးကြ ဖြတ်ကြဦးမှာပါပဲ။ သူတို့ကလဲ ခပ်ပြုံးပြုံးပဲ နေမှာ သေချာတယ်။

***

စောစောက ဆူညံနေတဲ့ ပတ်ဝန်းကျင် တခုလုံး အခုတော့ တိတ်ဆိတ် ငြိမ်သက်သွားပါပြီ။

ဒီနေ့တော့ ကျုပ်ကို လူတွေက ဘာလို့လဲ မသိဘူး။ အညွှန့် ဖြတ်မသွားကြဘူး။ ဒါပေမယ့် ခင်ဗျားသိလား။ ကျုပ် ဒီနေ့ မပျော်ဘူးဗျ။ သေချာတာကတော့ နောက်တခါ လူတွေ ကျုပ်ကို အညွှန့်လာဖြတ်ရင် ကျုပ်ညည်းတွားနေတော့မှာ မဟုတ်ဘူးထင်တယ်။

***


ကလိုစေးထူး

(တရက်မှာ ကွင်းထဲက မြက်တွေ ရိတ်နေတဲ့လူကို တွေ့တော့ တွေးမိတဲ့ စိတ်ကူးကို ပုံဖော်ကြည့်တာပါ)

Friday, October 17, 2008

ကန်စွန်းပန်း အချစ်

`ဂလုံ... ဂွမ် ဂွမ် ဂွမ်´

ကြိုးတပ်ထားတဲ့ စစ်သုံးဟန်းကောကို ရေတွင်းဝ ခပ်ကျဉ်းကျဉ်းလေးထဲ ပစ်ချလိုက်တော့ ဟန်းကောက လူးကာလွန့်ကာနဲ့ ဂလုံဂလွမ် အသံတွေပေးပြီး ခုန်ဆင်းသွားတယ်။ ဟန်းကောကို ရေမြုပ်အောင် ခဏလေးစောင့် ...၊ ပြီးရင် အပေါ်ကို ဆွဲတင်လိုက်တော့ ရေမပါ့တပါ ဟန်းကောက တကျွိကျွိနဲ့ အပေါ်ကို ပြန်တက်လာတယ်။ ရေတွင်းဘေးမှာ ချထားတဲ့ သံပုံးထဲကို ဗွမ်းဆို လောင်းထည့်...၊ ပြီးတော့ ရေတွင်းထဲက ရေထပ်ကဲ့...။

လဆန်းရက်ရဲ့ ည ၇ နာရီခွဲသာသာမို့ မိုးပေါ်က လမင်းကလဲ မပြူတုံ့ပြူတုံနဲ့...။ လရောင်အောက်မှာတော့ ရေတွင်းသေးသေးလေး ဘေးမှာ ကောင်လေး တယောက်နဲ့ ကောင်မလေး တယောက်ရယ် လေးထောင့်သံပုံး နှစ်ပုံးရယ်၊ စစ်သုံးဟန်ကောရယ်...။

`ဌေးနှင်းဝေ´
`ဘာလဲ´
`ဟို...၊ ဟိုလေ´

ဝကစ်ကစ်နဲ့ ကောင်မလေးက မှောင်မှောင်မဲမဲနဲ့ ရေတွင်းထဲကို ဘာမှမမြင်ရဘဲနဲ့ ငုံ့ကြည့်နေတယ်။ ရေတွင်းထဲက စစ်သုံးဟန်းကောက တကျွိကျွိနဲ့ တက်လာပြန်တယ်။ ရေပြည့်လုလု ကောင်မလေးရဲ့ ရေပုံးထဲကို ဖြည့်လိုက်ရင်း ဗြုံးဆို ကောင်လေးက...

`နင့်ကိုငါ ကြိုက်တယ်ဟ´

***

လရောင် မှိန်မှိန်အောက်မှာ စည်ပိုင်း အသေးစားလေးနဲ့ တူတဲ့ ကောင်မလေးက ၀ကစ်ကစ်ကိုယ်လုံးလေး လှုပ်လီလှုပ်လဲ့နဲ့ ရေတွင်းကို နောက်တခေါက် ပြန်ရောက်လာပြန်တယ်...။ ရေပြည့်သွားတဲ့ ကောင်လေးက သူ့အိမ်ကို ရေတခေါက်သွားဖြည့်နေခိုက်နဲ့မို့ ရေတွင်းဘေးမှာ စစ်သုံးဟန်းကောကလေးပဲ ရှိနေတယ်။ ခဏနေမှ ကောင်လေး ပြန်ရောက်လာတယ်။

`နင်ရော ငါ့ကို ကြိုက်လား´

ရောက်ရောက်ခြင်း မေးလိုက်တဲ့ ကောင်လေးရဲ့ အမေးကြောင့် ကောင်မလေး လန့်ပြီး လွှတ်ချလိုက်တဲ့ ဟန်းကောက ရေတွင်းနံရံကို ထိမိသွားတာ အသံတွေက ဆူညံသွားတာပဲ။

`ဟာ...၊ နင်ကလဲ၊ ချက်ချင်းကြီး ...´

ကောင်လေး ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သွားပြန်တယ်။ ပတ်ဝန်းကျင်တခုလုံးမှာ ဟန်းကောသံ ဂလုံဂလွမ်တွေကပဲ ပြန်ဖုံးသွားပြန်တယ်။ တော်တော်ကြာမှ...

`ဌေးနှင်းဝေ´
`ဟမ်´
`ဟိုလေ...၊ နင် အခု အဖြေပေးရခက်ရင်လေ ငါ့ကို နောက်နေ့ကျရင် ပန်းပန်ပြလေ´
`ဟာ...၊ နင်ကလဲ၊ ငါ့မှာ ပန်းဝယ်ဖို့ ပိုက်ဆံ မရှိဘူးဟ´

အဲဒါမှ ဒုက္ခ...၊ ကောင်လေးမှာကလဲ ၀င်ငွေရှိတာမှ မဟုတ်တာ။ အခုမှ ကျောင်းနေတုန်း စာသင်သားအရွယ် ဘယ်က ၀င်ငွေ ရှိမှာတုန်း။ ပန်းပွင့်ရအောင် ဘယ်လိုလုပ်ရပါ့...။ ပန်းဝယ်ဖို့ ပိုက်ဆံမရှိဘူး ဆိုတော့ ပန်းတော့ ပန်ပြချင်တယ်ဆိုတဲ့ သဘောများလား။ စိတ်ထဲမှာ ဟိုတွေးဒီတွေးတွေးနေရင်းနဲ့ အိမ်နောက်ဖေးက ကန်စွန်းခြုံတွေကို မျက်စိထဲ သွားမြင်ယောင်လာတယ်။

ဟုတ်တာပဲ...။ သူတို့တွေရဲ့ အိမ်နောက်ဖေးတွေမှာ အလေ့ကျသဘော ပေါက်နေတဲ့ ကန်စွန်းပင်တွေမှာ အပွင့်တွေ အများကြီးပဲလေ။ သူနဲ့ ကောင်မလေးအိမ်က တအိမ်ကျော် ဆိုပေမယ့် အိမ်နောက်ဖေးခြင်းကျတော့ လှမ်းမြင်နေရတာ...။ နောက်ဖေး အိမ်သာကို သွားတဲ့ ၀ါးတံတားပေါ်မှာလဲ ကန်စွန်းပင်တွေက နွယ်လိမ်ပြီး ပေါက်နေသေးတယ်လေ။ အဲဒီက အပွင့်ကို အပန်ခိုင်းလိုက်ရင်... ... ...။

`နင်တို့အိမ်နောက်ဖေးမှာလေ ...´
`... ... ...´
`ကန်စွန်းပန်းတွေ ရှိတယ်လေဟာ´
`အင်း´
`အဲဒါလေ၊ နင် တပွင့်လောက် ပန်ပြီး ၀ါးတံတားပေါ် ရပ်ပြလေ´

ကောင်မလေး ဘာမှပြန်မပြောဘဲ ရေပဲ ခပ်နေတော့တယ်။ ရေပြည့်လို့ ရေပုံးကို အမမှာ ...

`ဟဲ့...၊ ပန်ပြမှာလား´
`ဟာ...၊ မသိဘူးဟာ´

ဘောက်ဆတ်ဆတ်နဲ့ ပြန်သွားတဲ့ ကောင်မလေး အဲဒီညက ရေတွင်းကို နောက်တခေါက်ပြန်မလာတော့ဘူး။

တကယ်တော့ နောက်နေ့တွေကျတော့ ကောင်မလေးက ကန်စွန်းပန်းလဲ မပန်ပြပါဘူး။ အဖြေတောင်းတာကလဲ တော်တော်ကို အူကြောင်ကြောင် နိုင်လို့ပဲလားတော့ မသိဘူး။ ကောင်လေး အမေကို သွားတိုင်ပါလေရော...။ အဲဒါနဲ့ အဖြေမရဘဲ အမေ့ ဒုတ်စာ မိလိုက်တာပဲ အဖတ်တင်တယ်လေ။

***

နောက် ၇ နှစ်လောက်လဲ ကြာရော...။

တနေ့မှာပေါ့...။

နယ်ကိုပြောင်းသွားပြီးမှ ရန်ကုန်က အဖေရှိရာကို အလည်ပြန်ရောက်လာတဲ့ ကောင်လေးက တရက်တော့ အဲဒီရေတွင်းရှိတဲ့ လမ်းထဲကို ရောက်လာတယ်။ သူတို့နေခဲ့ဖူးတဲ့ အိမ်ကလေးကို ၀ယ်ထားတဲ့ ဘကြီးဦးတင်ဝင်းကို လာနှုတ်ဆက်တာပါ။ ရန်ကုန်အကြောင်း၊ နယ်အကြောင်းတွေ စကားစမြည်ပြောနေကြတုန်း...။

`အစ်ကို...၊ အစ်ကို´
`ဟေ´
`ဟိုမှာလေ မကြီးဌေးနှင်းဝေ´

ဦးတင်ဝင်းရဲ့ သား သန်းထိုက်ဦး လက်ညှိုးထိုးပြတာကို လိုက်ငေးလိုက်တော့...၊ လားလား...။

၇နှစ်လွန် ကာလအတွင်း စည်ပိုင်း အကြီးစားကြီးနဲ့ တူနေတဲ့ ဌေးနှင်းဝေ...၊ ရာဝင်အိုးကြီးကို ခြေထောက်တပ်ပေးထားသလို ခြေလှမ်းတွေနဲ့ တလှုပ်လှုပ်လျှောက်လာလိုက်တာ ဦးတင်ဝင်းတို့ အိမ်ရှေ့ရောက်တော့ ကောင်လေး တဖြစ်လဲ လူရွယ်ကို မြင်သွားပါလေရော။

`ဟယ်...၊ နင်ရန်ကုန်ရောက်နေတာလား၊ ငါ့ဆီလာလည်လေ´
`သြော်...၊ ဟုတ်...၊ အင်း...၊အင်း...´
`လေစိမ်းတွေ တိုက်မနေနဲ့နော်´

လှုပ်လီလှုပ်လဲ့နဲ့ ထွက်သွားတဲ့ ဌေးနှင်းဝေရဲ့ ခေါင်းမှာ ပန်းတပွင့်ပန်ထားတယ်။ ဟူး...တော်ပါသေးရဲ့၊ ကန်စွန်းပန်းမဟုတ်လို့...။ အဲဒီအချိန်မှာပဲ အိမ်ရှေ့အိမ်က ဖွင့်လိုက်တဲ့ ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်က ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာတယ်။

`အချစ်ဆိုသည်မှာ ~~~ အံ့သြမှုများနဲ့ ဆန်းကျယ်သော အရာ~~~ အချစ်ဆိုသည်မှာ ~~~´

အဲဒီနေ့က....။

ဌေးနှင်းဝေတို့အိမ်ကို ကောင်လေး သွားမလည်ဖြစ်ခဲ့ပါဘူး...။


***


ကလိုစေးထူး


(မတန်ခူး Tag ထားတဲ့ `အချစ်ဆိုသည်မှာ´ ခေါင်းစဉ်ကို ၀တ္ထုအသွင် ဖန်တီးတင်ဆက်ပါတယ်။ စာမရေးဖြစ်တဲ့ ရက်တွေအတွက် လာလည်ဖတ်ရှုကြသူ မိတ်ဆွေများကို အနူးအညွတ်တောင်းပန်ပါတယ်။)

Thursday, October 09, 2008

အရှိုးရာ

ကျနော် သတိရလာတော့ အနုပညာတွေ သွေးစက်လက်နဲ့ ပြန့်ကျဲနေတယ်။

ဟိုးခပ်ဝေးဝေးက ဟစ်အော်သံတွေ ကြားလိုက်ရတယ်။ ညာသံပေးနေကြတာလား၊ သွားတော့ဟေ့ လို့ ၀ိုင်းဝန်းအော်ဟစ်နေတာလား၊ ဘရာဗိုလို့ အားပေး မြည်ဟည်းနေတာလား၊ နောက်တပုဒ်လို့ ထပ်တောင်းဆိုနေတာလား ဟစ်အော်သံတွေကတော့ ဆူညံနေတာပဲ။

လက်တွေကို မြင်လိုက်ရတဲ့ တခဏ၊ မျက်လုံးတွေကို ခံစားမိလိုက်ရတဲ့ အခိုက်အတန့်လေး တခု၊ ငုံ့နေတဲ့ ဦးခေါင်းတွေကို စာနာမိတဲ့ အသိ...၊ ကီးဘုတ်ပေါ်မှာ တဖြတ်ဖြတ်ပြေးလွှားနေတဲ့ လက်ချောင်းလေးတွေမှာ တခါတလေကျရင် နှလုံးသွေးတွေပါ စွန်းထင်းနေခဲ့တာကို နားလည်ပေးနိုင်ပါစ...။

အခန်းကျဉ်းလေးရဲ့ အပြင်ဘက်မှာ ခေတ်မီခြင်းတွေ ဥဒဟို ပြေးလွှားနေကြတယ်။ အပြုံးမဲ့တဲ့ စက်ရုပ်တွေက အသပြာနောက်ကို ကောက်ကောက်လိုက်ပြီး သိက္ခာတွေကို အရောင်ထပ်တင်နေကြတယ်။ အခန်းကျဉ်းလေးထဲမှာတော့ နည်းပညာ အထောက်အကူနဲ့ လူတယောက် သူ့အမေအိမ်ကို စိတ်ကူးတွေနဲ့ ပြန်ရောက်နေတယ်။ နှမ်းနှုတ်ချိန်ကို ပြန်သွားနေတယ်၊ ရှောက်သီးတွေကို ထမ်းပိုးနေတယ်။ ချောင်းထဲမှာ ဖားငါးလဲ ရှာနေသေးတယ်။ တခါတလေတော့ အထုပ်အပိုးတွေကို မနိုင့်တနိုင် ထမ်းပိုးပြီး ရှေ့တန်းစစ်မြေပြင်ကို သွားရသေးတယ်။

အားပါးတရနဲ့ ဖန်တီးလိုက်တဲ့ တင်ဆက်မှုတခုအတွက် ဘာတွေ ပြန်ရနိုင်မလဲ။ စောင့်ကြည့် အကဲခတ်မှုတွေလား၊ မျဉ်းခတ် စည်းကြပ်မှုတွေလား၊ ချိန်ရွယ် မောင်းတင်မှုတွေလား၊ အို... အဲဒါတွေ အကုန်လုံးကို တခါတလေ ရတတ်တဲ့ နွေးထွေးမှုဆိုတာနဲ့ တန်ပြန်ပစ်လိုက်တာပေါ့။

`ခံစားလို့ မရဘူး´ လို့ ပြောသွားတယ်။ အားတင်းပြီး ဆက်ပြုံးထားစမ်း။ လျှောက်ရမယ့် လမ်းက ရှိသေးတယ်။ ဒီလမ်းကို ကိုယ့်သဘောနဲ့ ကိုယ်လျှောက်တာလေ။ ဟန်ဆောင်ထားတဲ့ ၀တ်ရုံဆိုတာ တကယ်တော့ `အားတင်းမှု´ သက်သက်သာ ဖြစ်နေပါပေါ့လား။ ကဲ... ချွတ်ချလိုက်စမ်း အဲဒီ ၀တ်ရုံ....။ ခန္ဓာကိုယ်ပေါ်မှာ ထင်နေတဲ့ ပေတံတွေရဲ့ အရှိုးရာတွေကို အားရပါးရ ကြည့်ကြပေတော့...။

အားအားရှိ ဒီအကြောင်းပဲ ပြောမိတာကို တဆိတ်လောက်တော့ သည်းခံပေးပါ။ ဒီအကြောင်းဟာ အရေးကြီးဆုံး မဟုတ်လား။ နားမထောင်ချင်တော့လဲ ဟိုးဘက်မှာ ဆူညံနေအောင် ဖွင့်ထားတဲ့ စည်းချက်ညီ ယိမ်းအကကိုသာ သွားငေးပေရော့...။ ရင်ဘတ်ထဲက ဆန္ဒမရှိဘဲနဲ့တော့ ချိုမိုင်မိုင်တောင် လိုက်မကပါရစေနဲ့။

ဝတ္ထုတပုဒ်လောက် ဖန်တီးရင် ကောင်းမလား၊ ကဗျာဖွဲ့ပြီး စာဆိုရင်ကောင်းမယ်ထင်တယ်၊ ဆောင်းပါးကလဲ မရေးဖြစ်တာကြာပြီ၊ သီချင်းစာသားတွေကလဲ တပိုင်းတစပါလား...။ အားးးးးးး... လက်ရှသွားပြီ။ ရှေ့က စက်သွားက အတွေးတွေ များနေတဲ့ အလုပ်သမားကို ဒဏ်ခတ်လိုက်တယ်။ အိုကေရဲ့လားလို့ မေးတဲ့ မျက်နှာဖြူ အလုပ်ရှင်ရဲ့ မျက်လုံးထဲမှာ နားမလည်မှုတွေ ဖြတ်ပြေးနေတယ်။ အိမ်ကိုပြန်ရောက်တော့ ဆဲစာတချို့က ကွန်ပျူတာ မျက်နှာပြင်ပေါ်ကနေ နှုတ်ဆက်နေလေရဲ့...။

မှန်ကြည့်တာကိုလဲ စာစီမိတယ်၊ အရောင်မတူတဲ့ အရွက်တွေကလဲ အတွေးတွေကို ပေးတာပဲ။ အမိုးနဲ့ ဆုံတော့ အမိုးခမျာ ဇာတ်ရုပ်တခု ဖြစ်ရပြန်တယ်။ ယာလာကတော့ သူ့သကြားလုံး ဘယ်သူ့မှ မပေးနိုင်ဘူး ဆိုပဲ။ လူတွေကို လိုက်ငေးကြည့်မိတယ်၊ အပူအပင်ကင်းနေတဲ့ သူတို့တွေနေရာမှာ အော်ဟစ်ငိုယိုနေတဲ့ ရွှေပြည်ကြီးကိုပဲ မြင်မြင်ယောင်နေတာကိုက ထိရှလွယ်လွန်းသတဲ့လားကွယ်။ ဒီလိုဆိုရင်လဲ ကျေကျေနပ်နပ်ကြီး ထိရှလိုက်စမ်းပါရစေ။

Where is Burma? ဆိုတဲ့ အမေးကို Near Thailand လို့ မဖြေချင်သလို `မြန်မာနိုင်ငံကို ငါသိတယ်၊ Dictatorship Country မဟုတ်လား´ ဆိုတဲ့ အဖြေစကားကိုလဲ မကြားချင်ဘူး။ ဒါဖြင့် ငါတို့နိုင်ငံဟာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း နဲ့ နေလာတာကွ လို့ ရင်ကော့ရမလား။ ရင်ကော့ချင်တာတော့ အမှန်ပဲ။ ရင်မော့ချင်တာလဲ အမှန်ပဲ။ ဒါပေမယ့် ရင်မောနေရတော့ ... ရေးလိုက်ပါရစေဦး။ ဘာဝတူသူတွေ အတူတူ ခံစားကြတာပေါ့။ တချက်တချက် ပစ်လိုက်တဲ့ မြှားချက်တွေကို ကာဖို့တော့ ယုံကြည်ချက် ချပ်ဝတ်တန်ဆာကို ခပ်တင်းတင်းလေး စည်းနှောင်ကြမယ်လေ။

ဝမ်းချမယ် ဆိုတာကို သိရင်တောင် ကျန်းမာရေး တကယ်ကောင်းမယ်ဆိုရင် ပျားရည်ကို မျိုချပစ်လိုက်မယ်။ ဆေးခါးတိုက်တာပါ ဆိုပြီး အဆိပ်ထဲမှာတော့ ပျားရည်တွေ ဖုံးကွယ်မထားပါနဲ့။ ဘာသိဘာသာနေတတ်တဲ့ စိတ်ကို အသက်ရှုရပ်သွားတဲ့ အခါကျမှ မွေးတာက ပိုကောင်းမယ်ထင်တယ်။ စာအုပ်ကြီးက ထူပေမယ့် ဖတ်သင့်ရင် ဖတ်ရမှာပေါ့ကွယ်။ အဲဒီထဲမှာ ဆေးနည်းတဖုံကောင်းကောင်းတော့ ရှိနိုင်တယ် မဟုတ်လား။

အတူတူပဲလေ၊ လူတွေ နေ့စဉ် သွားလာတာ၊ လှုပ်ရှားတာ၊ နေထိုင် ပြောဆိုတာ၊ အိုဗျာ ကုန်ကုန်ပြောမယ်၊ ခင်ဗျားရေအိမ်ဝင်တာလဲ အဲဒါပဲဗျ။ သိပါတယ် ဆိုရင်လဲ ဘာလို့ ဒါကို တွင်တွင်ငြင်းနေမလဲဗျာ။ စာနာစိတ်ဆိုတာ အလကားရနိုင်ရဲ့သားနဲ့ ဘာလို့ ဥပေက္ခာစိတ်တွေကိုပဲ ဖောခြင်းသောခြင်း မွေးမြူနေရတာလဲ။ ဝေလေလေတွေကြောင့်ပါလို့ အပြစ်ပုံချပြီး ခြံစည်းရိုးပေါ်ကနေ ဗယ်လင်တိုင်းကဗျာတွေချည်း ရွတ်နေရင်တော့ ကျနော့်ဘက်ကို ထိုးမယ့် လက်လေးချောင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ခင်ဗျားကို ကျနော် လက်ညှိုးထိုးပါရစေ။

အားယူပြီး ရှေ့ကို ဆက်လှမ်းလိုက်တာ အတူတူ လမ်းလျှောက်သူတွေက ဖေးဖေးမမ ရှိလို့သာ တော်တော့တယ်။ တချက်တချက်တော့ နောက်ကျောက စူးသလိုလိုပဲ။ အို...၊ တဆုံးထိ ထိုးသွင်းခံရတော့လဲ လဲကျ သေဆုံးလိုက်ရုံပေါ့။ အခုလောလောဆယ်တော့ အသက်ရှိနေသေးတယ်။ အသိရှိနေသေးတယ်။

ထင်မှတ်မထားတဲ့ တချိန်မှာတော့ `ဖြောင်း´ ခနဲ အရိုက်ခံလိုက်ရတယ်။ တခုခုနဲ့လဲ ထိုးခုတ်ခံလိုက်ရသလိုပဲ။ နာကျင်သွားလား၊ ဒါမှမဟုတ် မနာကျင်ဘူးလား။ ထုံကျင်နေတာလား။ နောက်ဆုံးတော့...၊ အားတင်းပြီး ကြုံးရုန်းထလိုက်တာ...။

ကျနော် သတိရလာတော့ အနုပညာတွေ သွေးစက်လက်နဲ့ ပြန့်ကျဲနေတယ်။



ကလိုစေးထူး

Wednesday, October 08, 2008

ဒါဖြင့် ဒီလိုလုပ်တာပေါ့

ဆောင်းပါးတပုဒ်ကို ရေးပြီးခါစတုန်းကပေါ့...။

ရင်းနှီးတဲ့ မိတ်ဆွေတယောက်ကို အဖတ်ခိုင်းပြီး ထင်မြင်ချက်ပေးခိုင်းတော့ သူပြန်ပြောတဲ့ မှတ်သားစရာ စကားကို ကျနော် မှတ်မိနေပါသေးတယ်။

`ခင်ဗျားရေးတာ မျှတပါတယ်။ ဒါပေမယ့် ပြဿနာတွေကို ချခင်းပြနေတာနဲ့ပဲ တူနေတယ်´

***

သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံးမှာ ပြန်ရေးခဲ့သမျှတွေရဲ့ အများစုတွေက အဲဒီအတိုင်းချည်းပဲလို ဖြစ်နေခဲ့တယ်။ မတရားမှုတွေ၊ နိုင်လိုမင်းထက် ပြုမှုတွေ၊ သာတူညီမျှမရှိမှုတွေ၊ ခြစားမှုတွေ အစရှိတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဘက်ပေါင်းစုံကနေ ကျနော် တင်ပြခဲ့တယ်။ ဒါပေမယ့် ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပေးတဲ့နေရာမှာတော့ တော်တော်လေးကို အားနည်းခဲ့တာကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ်။

ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုတော့ ပုံဖော်တင်ပြခဲ့ပါရဲ့...။ အဲဒီ တင်ပြချက်တွေချည်းသက်သက်ဟာ ထိရောက်တဲ့ အဖြေကောင်းတခုတော့ မဟုတ်သေးဘူးလို့တော့ ထင်လိုက်မိတယ်။

သို့သော်...။

***

မြန်မာပြည်မှာ ထင်ရှားကျော်ကြားတဲ့ နာမည်ရ စာရေးဆရာကြီး တယောက်က သူ့ဆောင်းပါး တပုဒ်မှာ `ဒါဖြင့် ဘာလုပ်ကြမလဲ´ ဆိုပြီး မေးခွန်းပြန်ထုတ်တဲ့ စာကို ဖတ်မိလိုက်ရပါတယ်။

အဲဒီ စာရေးဆရာကြီးရဲ့ သဘောက သူကတော့ အဲဒီ လမ်းကြောင်းကို လက်ခံပြီ။ ဒီတော့ လက်ရှိ အခြေအနေကို လက်မခံရင် ဘာဆက်လုပ်ကြမလဲ လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြဖို့သာ ရှိတယ်လို့ ဆိုတယ်။

အဲဒီဆရာကြီး ရေးထားသလို လက်ရှိအခြေအနေဟာ ကျနော်တို့အတွက် လက်ခံစရာ အနေအထားမဟုတ်တာကလဲ သေချာနေတယ်။ ဒါပေမယ့် သူက ပြန်မေးထားတာက `ဒါဖြင့် ဘာလုပ်ကြမလဲ´ ...တဲ့။

***

တကယ်တော့ အဖြေက ရှင်းနေပြီးသားပါ။

ဒါကြီးကို ကျနော်တို့ မကြိုက်မှတော့ မကြိုက်ကြောင်း ပြတ်ပြတ်သားသား သဘောထားပြဖို့က နံပါတ်တစ်ပါ။ အဲဒီ အဆင့်ကို ပြတ်ပြတ်သားသား ပြပြီးရင်တော့ နောက်တဆင့်အနေနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ ဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ကန့်ကွက်ဖို့အတွက်ကတော့ ဆန့်ကျင်ချင်တဲ့ စိတ်တွေ ပေါ်လာအောင် လှုံ့ဆော်ရတော့မှာပေါ့။

မပြန်လမ်းကြောင်းကို အခိုင်အမာခင်းတော့မယ့် လူတွေရဲ့ စေတနာမဲ့ လုပ်ရပ်တွေ ပုံပေါ်လာအောင် သူတို့ရဲ့ တရားမမျှတမှု၊ နိုင်လို မင်းထက်ပြုမှု၊ ခြစားမှု၊ လူသားမဆန်မှုတွေကို ဖော်ထုတ်ရတော့မှာပဲပေါ့။ ဒါမှလဲ ဟန်ဆောင်ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကို ပြည်သူတွေ သိတော့မှာပေါ့။ လက်ရှိ အုပ်ချုပ်သူ အာဏာပိုင်တွေရဲ့ မတရားမှုတွေကို အဲဒီလိုမှ မဖော်ထုတ် မရေးသားရင် သူတို့ပြောသမျှတွေနဲ့ပဲ အဟုတ်ထင်ပြီး ရေစုန်မျောတော့မှာပေါ့။

ဒါဆိုရင် `ဒါဖြင့် ဘာလုပ်ကြမလဲ´ ဆိုတဲ့ အမေးအတွက် အဖြေက တခုတည်း ရှိတော့တယ်လို့ ထင်တယ်။

`ဒါဖြင့် ဆန့်ကျင်ကန့်ကွက်ကြမယ်´ ...။

အဲဒီလို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် တဦးချင်းမှသည် အစုအဖွဲ့၊ အစု့အဖွဲ့မှသည် တပြည်လုံး အတိုင်းအတာ အထိ ဖြစ်လာအောင် မတရားမှုတွေကို ဖော်ထုတ်ကြရမယ်။ စည်းရုံးလှုံ့ဆော်ရမယ်။ တယောက်ပါလာရင် တယောက်၊ နှစ်ယောက်ပါလာရင် နှစ်ယောက်လို့ သဘောထားလို့ တရားမျှတမှုရဲ့ ဘက်တော်သားတွေ များသထက်များလာအောင် မတရားမှုတွေရဲ့ အညစ်အထေးတွေကို ဖော်ထုတ်ကြရမယ်။ ဒီတော့...။

`ဒါဖြင့် ဒီလိုလုပ်တာပေါ့´

***


ကလိုစေးထူး

Tuesday, October 07, 2008

စံဖူး... နကျယ်ကောင်နဲ့ ချောစိန်

`ကဲ...၊ စမယ်နော်၊ လပ်ဖ်အော))))))´

ဒိုင်အဖြစ် အမှတ်ရေတွက်မယ့် အောင်ကြည့်လက်ထဲမှာ နကျယ်ကောင်နဲ့ စံဖူးတို့ လောင်းထားတဲ့ ပိုက်ဆံလဲ ရှိနေပြီ။ နှစ်ယောက်လုံးကလဲ ကွင်းဟိုဘက်ဒီဘက်မှာ အဆင်သင့် ဖြစ်နေပြီဆိုတော့ ပိုက်ကျော်ခြင်းပွဲစဖို့ အချက်ပေးလိုက်တယ်။

နကျယ်ကောင်နဲ့ စံဖူးကတော့ ကွင်းဟိုဘက်ဒီဘက်ကနေ တယောက်ကို တယောက် မှုန်ကုပ်ကုပ်နဲ့ အပြန်အလှန်ကြည့်နေကြလေရဲ့...။

***

တကယ်က နကျယ်ကောင်က ပိုက်ကျော်ခြင်းကို လောက်လောက်လားလား ကစားတတ်တာမှ မဟုတ်ဘဲ...။ အရပ်ကြီး ဂလန်ဂလားနဲ့ ခေါင်းတိုက်တာ တခုပဲ ဟုတ်ဟုတ်ငြားငြား တတ်တာ။ ဟိုကောင် စံဖူးကတော့ ကောင်းကောင်း ခတ်တတ်တယ်။ ရှမ်းပြည်(ထိုင်း) က ပြန်လာတာကလဲ သိပ်မကြာသေးတော့ ငွေစလေးကလဲ တရွှင်ရွှင်နဲ့ပေါ့။ နေ့လည်နေ့ခင်း နကျယ်ကာင်တို့ အိမ်နားက ခြင်းလုံးကွင်းမှာ အပျော်သဘော ခတ်နေကြတုန်း စံဖူး ရောက်ချလာတာ...။

တယောက်ကို ငါးကျပ်ကြေး သုံးယောက်တွဲစီ အပျော်သဘော ခတ်နေကြတုန်း စံဖူးရောက်လာတော့ ပထမတော့ သူက ဘေးကနေ အသာရပ်ကြည့်နေသေးတယ်။ နောက်တော့ အနိုင်သုံးလေးပွဲ ဆက်နေတဲ့ နဂျယ်ကောင်တို့ အသင်းကို ကြည့်မရတာလား နဂျယ်ကောင့်ကို မျက်မုန်းကျိုးနေတာလားတော့ မသိဘူး၊ ဆိုင်းမဆင့် ဗုံမဆင့်နဲ့ `နကျယ်ကောင်၊ မင်းနဲ့ငါ တယောက်ခြင်း ချမလား´ ဆိုပြီး စိန်ခေါ်တော့တာ...။

နကျယ်ကောင်ကလဲ `အေး...၊ ချတယ်ကွာ´ လို့ ပြန်ပြောတာပဲ။ ဘေးက သူငယ်ချင်းက မွန်လို `နကျယ်ကောင်၊ ဂွဲ့ဝူး ဂွဲ့ဝူး (မရဘူး)´ ဆိုပြီး တားသေးတယ်။ နကျယ်ကောင်က `ဂွဲ့...တယ်ကွာ´ ဆိုပြီး ဇွတ်တရွတ်နိုင်တာနဲ့ပဲ စံဖူးနဲ့ နဂျယ်ကောင် ခြင်းပွဲ ဖြစ်လာတော့တာပဲ။ လောင်းကြေးကတော့ တယောက်ကို ဆယ့်ငါးကျပ်ကြေး...။

***

စံဖူးနေတဲ့ လမ်းထဲမှာ နကျယ်ကောင် သွားသွားပိုးနေတဲ့ ချောစိန် ဆိုတဲ့ မွန်မလေး တယောက်ရှိတယ်။ စံဖူးကလဲ အဲဒီကောင်မလေးကို လိုက်နေတာ ဆိုတော့ နကျယ်ကောင့်ကို သိပ်မကြည်ဘူး။ ကောင်မလေးက ကိုးတန်း...၊ နကျယ်ကောင်ထက် တတန်းငယ်တယ်။ စံဖူးကတော့ ခြောက်တန်းကတည်းက ကျောင်းထွက်ထားတဲ့ကောင်ဆိုတော့ နကျယ်ကောင်က သူ့ထက်စာရင် တပန်းသာနေသလိုလို ဖြစ်နေတာပေါ့။ ဆရာမသားကလဲ ဖြစ်နေသေးတာကိုး။ တရက်ကျတော့ နကျယ်ကောင် ချောစိန်တို့ လမ်းထဲ ရစ်သီရစ်သီ သွားလုပ်တုန်း စံဖူးနဲ့ ဆုံတယ်။

`နကျယ်ကောင်၊ ဘယ်လဲကွ´
`ဒီနားတင်ကွ´
`ဘာလဲ၊ ချောစိန်တို့ အိမ်လား´

နကျယ်ကောင် ရှုတည်တည်နဲ့ ပြန်ကြည့်ပြီး `အေး...၊ ဟုတ်တယ်ကွာ´ လို့ ပြန်ဖြေလိုက်တယ်။

`မင်းနဲ့ သူနဲ့ ဖြစ်နေပြီလား´

အမှန်တကယ်က ရည်းစားဖြစ်ဖို့ နေနေသာသာ ကောင်မလေးကို ဘာမှတောင် နကျယ်ကောင် အဲဒီတုန်းက မပြောရသေးဘူး။ ဟိုက ပြန်ကြိုက်လား မကြိုက်လား သိဖို့ဆိုတာကတော့ ဝေးရောပေါ့...။ ဒါပေမယ့် နကျယ်ကောင် စံဖူးကို တော်တော်လေးကို မျက်စိစပါးမွှေးစူးနေတာနဲ့ပဲ...။

`အေး၊ ဖြစ်နေတယ်ကွ´

ယုံသလိုလို၊ မယုံသလိုလို မျက်နှာနဲ့ စောင်းငန်းစောင်းငန်း လှည့်ထွက်သွားတဲ့ စံဖူးကို ကြည့်ပြီး စိတ်ထဲကတော့ တခွိခွိနဲ့ပေါ့...။ အခု ခြင်းပွဲဖြစ်လာရတဲ့ အရင်းခံက အဲဒီအချက်တွေကြောင့်လဲ ပါတာပေါ့။ ရည်းစားလုဘက် မဟုတ်တဲ့ အပြိုင်ပိုးဘက်တွေလို့ ပြောရမလားဘဲ။

***

`သရီး... လပ်ဖ်´

ဟိုကောင်က သုံးမှတ်တက်သွားပြီ။ နကျယ်ကောင့်ခမျာ အူယားဖားယား နိုင်လို့ကောင်းတုန်း။ ခါးတောင်းကြိုက်ထားတဲ့ ပုဆိုးကို ပေါင်ရင်းမှာ ကပ်နေအောင် ခပ်ကျစ်ကျစ်လေး လိပ်တင်ရသေးတယ်။ ဟိုကောင် စံဖူးကတော့ ရှမ်းပြည်ပြန် ယိုးဒယားဖြစ် အားကစားဘောင်းဘီနဲ့...။ နကျယ်ကောင့်ကိုလဲ ထီမထင်တဲ့ မျက်နှာနဲ့ လှမ်းကြည့်နေသေးတယ်။

နောက်တလုံး...။

ဝှီးခနဲ ရောက်လာတဲ့ ခြင်းလုံးကို မျက်စိစုံမှိတ် ခေါင်းတိုက်ပစ်လိုက်တာ ခြင်းလုံးက ပိုက်ထဲကို သွားတိုးပြန်ပါလေရော...။ သွားပြန်ပြီ။

`ဖိုး... လပ်ဖ်´

***

စံဖူးက လှောင်ထေ့ထေ့ မျက်နှာထားနဲ့...

`ဘယ်လိုလဲ...၊ အမှတ်ကျော ယူမလား နကျယ်ကောင်´
`မယူဘူးကွာ´

နောက်တလုံး...။

ဒီတခါတော့ စံဖူးက နကျယ်ကောင့်ကို လျှော့တွက်ထားပုံနဲ့ ဆာဗင်ကို ခပ်မြောက်မြောက်လေး ပင့်ခတ်ပြီး ပို့လိုက်တယ်။ ဘယ်ရမလဲ...၊ မီးရထားတွဲ ၀င်ဆောင့်သလို အရှိန်နဲ့ ဒုန်းဆို ပြေးတိုက်လိုက်တာ ဟိုဘက်ကွင်းထောင့်ကို ခြင်းလုံးက စိုက်ခနဲ ရောက်သွားတယ်။ ဟိုကောင် ခြေကားယားနဲ့ လိုက်ဖမ်းတာ မမိတော့ဘူး။

`လပ်ဖ်... ဖိုး´

စံဖူးဆိုတဲ့ကောင်က ဘယ်သန်...၊ ဒီတော့ ညာဘက်ကို ထိုးရင် ဒီကောင် ဆယ်နိုင်လောက်မှာ မဟုတ်ဘူးလို့ တွက်တယ်။ ဒီလိုနဲ့...။

***

`နိုင်း ... အလဲဗင်း´

နေပူက ကျဲကျဲအောက်မှာ ကျောအပြောင်သားနဲ့ စံဖူးနဲ့ နကျယ်ကောင် ခြင်းစွမ်းပြနေလိုက်ကြတာ ပွဲက အရှိန်တော့ တော်တော်ကောင်းစ ပြုလာပြီ။ နှစ်မှတ်ပဲ ကွာတော့တာမို့ စံဖူးကလဲ စောစောကလို အထင်မသေးရဲတော့ဘူး...။ အဲဒီအခိုက်မှာပဲ...။

ဆာဗင်ထိုးတော့မယ့် နကျယ်ကောင့် မျက်လုံးက ခြင်းကွင်းရဲ့ ဟိုးဘက်က လမ်းမကို တချက်လှမ်းကြည့်မိတယ်။ ခပ်ဝေးဝေးကနေ လျှောက်လာနေတဲ့ အရိပ်လေး တခု...၊ သူ့စိတ်ကြောင့်ပေါ့ နေပူပူမှာ ခြင်းအပြိုင်ခတ်နေရတာ...။

ချောစိန်...။

ခြင်းကွင်းကို ဆတ်တောက်တောက်ပုံစံ ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ ချောစိန်ကို တွေ့တော့...။

***

ရုပ်ရှင်တွေထဲမှာတော့ အဲဒီအချိန်မှာ နကျယ်ကောင် အားတွေတက်ပြီး နိုင်မှာပေါ့။ တကယ်တမ်း အပြင်မှာကျတော့ ချောစိန်ကို တွေ့တော့မှပဲ အမှတ်တွေလဲ တမှတ်မှ မတက်တော့ဘူး။ ရှုံးသွားပါလေရော...။

အဲဒီနေ့က နကျယ်ကောင် ဆယ့်ငါ့းကျပ်ရှုံးသလို ခြေထောက်လဲနာ၊ ခေါင်းလဲ နာပေါ့...။ ဒါပေမယ့် စံဖူးကို နကျယ်ကောင် နိုင်လိုက်ပါတယ်။

ဘာလို့လဲဆိုတော့..။

အဲဒီနေ့ ညနေမှာ ချောစိန်နဲ့ နကျယ်ကောင် တကယ်ပဲ ရည်းစားဖြစ်သွားကြတယ်။ ခြင်းလုံးပွဲ ရှုံးတာကို သနားလို့တဲ့...။

***


ကလိုစေးထူး

Monday, October 06, 2008

စိတ်ညစ်နေလား…(၈)

America's Got Talent 2008 ရဲ့ Final (Top 5) အစီအစဉ်ကို လော့စ်အိန်ဂျလိစ် မြို့မှာ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ Top 5 မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသူတွေကတော့...

Nuttin' but Strings
Donald Braswell
Eli Mattson
Neil E.Boyd
Queen Emily တို့ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာတသန်း ဆုကြေးပေးမှာလဲဖြစ်၊ အနိုင်ရမယ့်သူကလဲ တယောက်ထဲ ဖြစ်၊ နောက်ဆုံး အဆင့်ပြိုင်ပွဲလဲ ဖြစ်တာကြောင့် ပြိုင်ပွဲဝင်အားလုံးဟာ သူတို့မှာ ရှိတဲ့ အစွမ်းအစတွေကို အစွမ်းကုန် ပြသကြတဲ့ ပွဲလို့ပြောနိုင်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ကျနော့် အကြိုက်ဆုံး ပြိုင်ပွဲဝင်ကတော့ Nuttin' but Strings ပါ။

***

နောက်ဆုံးအဆင့် ပြိုင်ပွဲရဲ့ ရလဒ်ကိုတော့ နောက်ထပ် တပတ်အကြာ အောက်တိုဘာ ၁ ရက်နေ့မှာ လော့စ်အိန်ဂျလိစ် မြို့မှာပဲ တခြားသော ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ တွဲဘက်ပြီး တင်ဆက်ကြေညာခဲ့ပါတယ်။ ပထမဆုရရှိသူကိုတော့ အောက်တိုဘာ ၁၇ ရက်နေ့၊ လာ့ဗေးဂက်စ် မြို့မှာ ဆုပေးပွဲ ကျင်းပပြီး ဒေါ်လာ တသန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

AGT show ရဲ့ နောက်ဆုံး ရလဒ် ကြေညာတဲ့ ပွဲမှာ ကျနော် အလွန် နှစ်သက်မိတဲ့ အစီအစဉ် တခုကတော့ နောက်ဆုံးအဆင့်ကို ရောက်ရှိ ယှဉ်ပြိုင်သွားကြတဲ့ ပြိုင်ပွဲဝင်တွေကို သူတို့ သီဆိုခဲ့ကြတဲ့ သီချင်းတွေရဲ့ မူရင်း အနုပညာရှင်တွေက အားပေးစကား ပြောကြားတဲ့ အစီအစဉ်လေးကို ထည့်သွင်းပေးထားတာကိုပါ။ မူရင်း အနုပညာရှင်တွေရဲ့ အားပေးစကားကို နားထောင်နေတဲ့ ပြိုင်ပွဲဝင် တယောက်ချင်းစီရဲ့ ပီတိ မျက်နှာထားဟာ ဘယ်လောက်တောင် သူတို့ ကျေနပ်အားရနေတယ်ဆိုတာကို ပေါ်လွင်နေစေတာမို့ အဲဒီ အစီအစဉ်ကို ကြည့်နေတဲ့ လူတွေဆီကိုပါ အပျော်တွေ ကူးစက်စေပါတယ်။

အဲဒီနောက်မှာ ထပ်မံ တင်ဆက်တဲ့ အစီအစဉ်ကတော့...




Top 10 ပြိုင်ပွဲဝင်တွေ စုပေါင်းသီဆိုကြတဲ့ အဲဒီ သီချင်းလေးရဲ့ စာသားအဓိပ္ပာယ်ကလဲ ကောင်း၊ သီဆိုကြသူအားလုံးကလဲ ကိုယ်ပိုင် အစွမ်းအစ ကိုယ်စီနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုသွားကြတာမို့ ကျေနပ်စရာကောင်းလှတဲ့ အစီအစဉ်လေးပါ။ နောက်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ခွင့် မရခဲ့လိုက်ရှာတဲ့ လေးနှစ်သမီးလေးရဲ့ အသံနဲ့ အစပြုထားတာလေးကို ပိုနှစ်သက်မိပါတယ်။




အဲဒါတော့ AGT 2008 မှာ အပယ်ခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ စီစဉ်တင်ဆက်မှု တခုပါ။ အပယ်ခံခဲ့ရပေမယ့်လဲ သူတို့မှာလဲ အစွမ်းအစတော့ ရှိတယ်ဆိုတာကို အဲဒီ သီချင်းနဲ့ စုပေါင်းပြသခဲ့တာမို့ အပေါ်က Top 10 အဖွဲ့နဲ့ မတူခြားနားတဲ့ ရသတမျိုးကို ပေးစွမ်းနိုင်တာပါပဲ။ ရှုံးနိမ့်ခဲ့ကြသူတွေအတွက် အားပေးနှစ်သိမ့်စရာ အစီအစဉ်တခုလဲ ဖြစ်မယ်ထင်ပါရဲ့...။

***


ဖျော်ဖြေရေး အစီအစဉ်တွေ အားလုံးပြီးတဲ့ အချိန်မှာတော့ Top 5 ရဲ့ ရလဒ်တွေကို ကြေညာခဲ့ပါတယ်။ ရလဒ်တွေကို အဆုံးအဖြတ်ပေးခဲ့တာကတော့ ဖုန်းနဲ့ အွန်လိုင်းမှတဆင့် မဲပေးခဲ့ကြတဲ့ ပရိသတ်တွေပါ။

ပဉ္စမနေရာကို ရရှိသွားသူကတော့ အံ့သြစရာကောင်းပါတယ်။ Queen Emily ပါ။ စတုတ္ထနေရာကိုတော့ Donald Braswell က ရရှိသွားပါတယ်။

တတိယနေရာကို ကြေညာတဲ့အချိန်မှာလဲ အံ့သြသွားရသူတွေ အတော်များပါတယ်။ ဘာလို့လဲဆိုတော့ Nuttin' but Strings က ရသွားလို့ပါ။ အသံတုန်တုန်နဲ့ စကားပြောနေတဲ့ ညီအကိုနှစ်ယောက် ဘယ်လောက်ခံစားနေရတယ်ဆိုတာ သိသာလှပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်ဒေါ်လာ တသန်းဆုကြေးကို ဆွတ်ခူးဖို့ လူ နှစ်ယောက်ပဲ ကျန်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ AGT 2008 ရဲ့ ပထမဆုကို ...

Neil E.Boyd က ထိုက်တန်စွာ ဆွတ်ခူးရရှိသွားပါတော့တယ်။

***

AGT 2008 show အစီအစဉ်ကတော့ ပြီးသွားခဲ့ပါပြီ။ မပြီးသေးတာကတော့ ကျနော့်ရဲ့ ဟိုတွေးဒီတွေးတွေပေါ့။

ဘာကို တွေးမိလဲ ဆိုတော့ အဲဒီ ဆုကြေး အမေရိကန်ဒေါ်လာ တသန်းကို ကျနော်သာ ရခဲ့ရင် ဘာတွေလုပ်ရရင် ကောင်းမလဲ ဆိုပြီး လျှောက်တွေးမိတာပါ။ :D ဒေါ်လာ တသန်းရရင် လုပ်ချင်တဲ့ အရာတွေက များတော့ များသား...။ ပြီးတော့ အခု ပို့စ်ကို လာဖတ်တဲ့ ကျနော်မိတ်ဆွေတွေကရော၊ ဒေါ်လာတသန်းဆုများ ရရင် ဘာတွေ လုပ်ချင်သလဲ ဆိုတာ သိချင်ပါသေးတယ်။ ရေးပေးခဲ့ကြပါဦး။ ပျော်ပျော်ပါးပါးပေါ့။ :)

ခင်မင်စွာ


ကလိုစေးထူး

Sunday, October 05, 2008

အိုင်ရိုက်စ် နဲ့ ကျနော်


ဒီတပတ် ပိတ်ရက်တော့ ဘယ်ကိုမှ သွားမလည်ဖြစ်...။ ရာသီဥတုကလဲ အေးတိအေးစက် ဖြစ်စ ပြုလာတာကြောင့် အပြင်ထွက်ရတာ သိပ်ပြီး လန်းလန်းဆန်းဆန်း မရှိလှတော့။ ဒီကြားထဲ ဒီနေ့အေး၊ နောက်တနေ့နွေး ဖြစ်နေတဲ့ အပူချိန်ဒဏ်ကို ခန္ဓာကိုယ်က သိပ်လက်မခံနိုင်တာကြောင့် နှာစေးချောင်းဆိုးက ဖြစ်လိုက်သေးသည်။ လူက နေရထိုင်ရတာ အဆင်မပြေသည့် အထဲ အတွေးတွေကပါ ပျင်းနေသေးလေတော့ စာအသစ် မရေးဖြစ်သည်မှာလဲ ရက်အတန်ကြာခဲ့လေပြီ။

ဝတ္ထုတို တပုဒ်လောက်ရေးရကောင်းမလား အစပျိုးလိုက်၊ ရေးနေရင်းနဲ့ပင် ရေးသူကိုယ်တိုင်ကိုက စိတ်တိုင်းမကျတော့ ဖတ်တဲ့သူအဖို့ ပိုဆိုးမှာပဲလို့ တွေးမိတော့ ရပ်ထားလိုက်၊ ဆောင်းပါး တပုဒ်ပုဒ် ရေးမလားတွေးလိုက် စိတ်တိုင်းမကျလိုက်၊ နောက်တော့လဲ ဘာမှကို မရေးဖြစ်...၊ ဒီလိုနဲ့ သောကြာညကတည်းက ချိန်ရွယ်လာတဲ့ အတွေးတွေက စနေနေ့ကိုသာ ကူးသွားသည်၊ ဘာစာတပုဒ်မှ ဖြစ်မလာ...။

စာရေးလို့ မရတဲ့ အတူတူ ဘာရယ်မဟုတ် အိမ်ရှေ့က ၀ရန်တာမှာ သွားရပ်ငေးမိ၏...။ တကယ်တမ်းမှာက အပြင်မှာကလဲ ကြည့်စရာရှုစရာ ဘာမှ လောက်လောက်လားလား ရှိနေတာ မဟုတ်...၊ ဟိုတစီးဒီတစီး ရပ်ထားတဲ့ ကားပါကင်ရယ်၊ အဲဒီ ကားပါကင်ရဲ့ ဟိုမှာဘက်က ကားလမ်းရယ်၊ ကားလမ်းဟိုဘက်က ဘိုးဘွားရိပ်သာရယ်၊ ဒါပဲ...။ ကားတစီးတလေက ဖျောခနဲ ၀င်လာလိုက်၊ ၀ူးခနဲ ပြန်ထွက်သွားလိုက်၊ ပြီးရင် ပြန်ပြီး တိတ်ဆိတ်သွားလိုက်နဲ့ အင်မတန်အေးစက်စက်နိုင်ပြီး ခြောက်ကပ်လွန်းတဲ့ ပတ်ဝန်းကျင်...။

စက်ရှေ့မှာ ယောင်နနနဲ့ ပြန်ထိုင်မိပြန်သည်။ စာရေးလို့ မရတဲ့အတူတူ ပို့စ်အဟောင်းတွေမှာ လာရေးထားကြတဲ့ မှတ်ချက်တွေကို ပြန်လိုက်ဖတ်ဖြစ်မိ ပြန်သည်။ ဖတ်နေရင်းနဲ့ လူက ခေါင်းငြိမ့်မိနေလား၊ ခေါင်းခါမိနေလားတော့ မပြောတတ်...၊ ပင့်သက် တချက်တော့ ဖွဖွချလိုက်မိသည်ဟု ထင်သည်။

***

ပြန်ဝင်လာတုန်းက စေ့မထားမိတဲ့ တံခါးက ကျွိခနဲ ပွင့်လာသည်။ လှမ်းကြည့်လိုက်တော့ အမိုး...။ ကရင်လွယ်အိတ်လေး တလုံးကို လွယ်လို့...၊ အနွေးထည် ခပ်ထူထူကိုလဲ ၀တ်ထားသေးသည်။

`ဖိုးခွား အားပါသလား´
`ဟုတ်၊ အမိုး ဘာလိုလို့လဲ´
`အမိုးအိမ်မှာ စားစရာ မရှိတော့ဘူး၊ ဈေးသွားပို့ပေးလို့ ရမလား´

အင်းလေ...၊ စာရေးလို့လဲ မရမယ့် အတူတူ အမိုးက ဈေးလိုက်ပို့ခိုင်းတော့လဲ အပြင်ထွက်ရတာကိုက ခပ်ကောင်းကောင်းပဲပေါ့...။

`ဟုတ်ကဲ့ အမိုး´

***

ကားမောင်းရင်းဖြင့် အမိုးကို ဘာရယ်မဟုတ် ငဲ့ကြည့်မိတော့ အမိုးက သူလွယ်ထားတဲ့ ကရင်လွယ်အိတ်ထဲက နေကြာစေ့ထုပ်ကို တဖောက်ဖောက်ဖြင့် ခွာစားနေသည်။ မျက်နှာကလဲ ခါတိုင်းနဲ့ မတူ...၊ ဘာတွေ လိမ်းထားသည် မသိ။ မိတ်ကပ်အရောင်လိုလို ဖြူဖြူဖွေးဖွေးကြီး...။ `အမိုး´ ဟု လှမ်းခေါ်လိုက်တော့ `ဟင်´ ဆိုပြီး လှည့်ကြည့်တာ မျက်လုံးတ၀ိုက်မှာကလဲ မျက်ရစ်အမဲတွေက မညီမညာနဲ့ အကွင်းလိုက်လေး...။

`အမိုးဒီနေ့ တော်တော်လှနေပါလား´

`အဟိ´ လို့ တချက်ရယ်ပြီး နေကြာစေ့တွေ ဆက်ခွာစားနေပြန်သည်။ ပြီးတော့ ပြန်ပြောသေးသည်။

`မသေခင်တော့ လှရမှာပေါ့၊ သေသွားရင် လှချင်ရင်တောင် လှလို့မရတော့ဘူးလေ´

မြတ်စွာဘုရား...။ `အမိုးတယောက် ငယ်မူများ ပြန်နေလား မသိ´ လို့ စိတ်ထဲမှာ တွေးမိသည်။ ဟုတ်ချင်ဟုတ်မှာပါလေ၊ ဟိုတနေ့ကလဲ စက်ဘီးသေးသေးလေးကို မစီးတတ် စီးတတ်နဲ့ တင်းနစ်ကွင်းထဲ ပတ်နင်းနေတာ တွေ့လိုက်သေးသည်။ သူ့စိတ်ထဲမှာတော့ ရယ်ချင်ပက်ကျိ...။

***

ဆိုင်ကိုရောက်တော့...။

မနက်စာ စားလို့ကောင်းမယ့် မုန့်ထုပ်လေးတွေကို လိုက်ကြည့်နေတုန်း အကျီစကို လာဆွဲခံရလို့ လှည့်ကြည့်တော့ အမိုး...။

`အချိုမှုန့်ထုပ်တွေ ဘယ်နားမှာလဲ´
`ဟိုဘက်အတန်းမှာ အမိုး´
`အေး၊ နှစ်ထုပ်လောက် ယူမယ်နော်´

ပြီးတော့ ပြန်လှည့်ထွက်သွားသည်။ ဘာမှအပန်းမကြီးတာမို့ သွားယူပြီး အမိုးရဲ့ တွန်းလှည်းထဲ သွားထည့်ပေးလိုက်သည်။ ခဏကြာတော့...

`မာမားခေါက်ဆွဲ တဖာလောက် သွားယူပေးစမ်းပါ´

သွားရှာပြီး ယူပေးရပြန်သည်။ စိတ်ထဲမှာတော့ ကျလိကျလိ ဖြစ်စပြုလာပြီ။ ဒီလိုနဲ့ မုန့်ထုပ်လေးတွေ ဆက်ရွေးနေပြန်သည်။ ခဏပဲ ကြာလိုက်သည်။

`ပုစွန်ထားတဲ့နေရာ မသိလို့၊ သွားရှာယူပေးပါဦး´

ဒီတခေါက်ကတော့ သွားသာယူပေးလိုက်ရသည်။ စိတ်ထဲမှာတော့ မကြည်လင်တော့ပေ...။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်သေး...။ ဒီလိုနဲ့...။

`ဆန်အိတ်အကြီး နှစ်ထုပ်ယူမယ် ဖိုးခွား၊ သွားသယ်ပေးပါဦး´

ဒီတခါတော့ စိတ်မရှည်မှုရဲ့ သည်းခံနိုင်စွမ်းအားက လွတ်ထွက်သွားချေပြီ။

`ဆိုင်က အလုပ်သမားကို သွားပြောလိုက် အမိုး´

လေသံက ခပ်ဆတ်ဆတ် ဖြစ်သွားလို့ထင်သည်၊ အမိုးက သူ့ကို တချက် ငဲ့ကြည့်ပြီး `သြော်၊ အေးအေး´ ဆိုပြီး အသာပြန်လှည့်ထွက်သွားသည်။

***

`ဒီအဘွားကြီး၊ ငယ်မူကျတော့ ပြန်နေတယ်၊ ငါ့ကိုများ သူ့အလုပ်သမား မှတ်နေလား မသိဘူး၊ ဟိုဟာခိုင်းလိုက်၊ ဒီဟာခိုင်းလိုက်နဲ့...၊ လိုက်လဲပို့ပေးရသေးတယ်၊ ခိုင်းကို ခိုင်းနိုင်လွန်းတယ်၊ သူ့ဘာသာယူပေါ့´

စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ အပြင်လူ မြင်နိုင်တာ မဟုတ်တော့ လူက အတွင်းစိတ်ထဲမှာ ဗြောင်းဆန်အောင် ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။ စိတ်တိုတိုနဲ့ ဆိုင်ပြင်မှာ ထွက်ရပ်နေလိုက်သေးသည်။ မျက်နှာကိုလဲ ရှူတည်တည်နဲ့ နေလိုက်သည်။ အဘွားကြီး ဒီမျက်နှာကို တွေ့မှ သဘောပေါက်ပစေ...။

အချိန်တွေက တဖြည်းဖြည်းနဲ့ ကြာလာသည်။ အမိုးတယောက် ပြန်မထွက်လာသေး...၊ တမိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်...။ ဆိုင်ထဲ ပြန်လိုက်သွားကြည့်ဦးမှ...။ ဆိုင်ထဲရောက်တော့...။

***

`အိုင်...၊ ရိုက်စ်... ရိုက်စ်´

အမိုးတယောက် အတော်လေး အခက်တွေ့နေဟန် တူသည်။ မျက်နှာပေါ်မှာလဲ စောစောက လိမ်းလာတဲ့ ဖြူဖွေးဖွေး မိတ်ကပ်တွေ အစား ချွေးတွေစို့လို့ နေသည်။ မျက်ကွင်းညိုညိုတွေလဲ ဘယ်ဆီရောက်ကုန်ပြီ မသိတော့...။

ဆိုင်အရောင်းသမားက `ပေါင် ငါးဆယ် အိတ်လား၊ ၂၅ပေါင် အိတ်လား´ ဟု ပြန်မေးသည်။

`အိုင်...၊ ရိုက်စ်၊ အိုင် ရိုက်စ်´

ကျနော့်ကို မြင်တော့ ဘာမှလဲ ထပ်ပြီး အကူအညီမတောင်းရဲတော့ဟန်နဲ့ `အိုင်ရိုက်စ်၊ အိုင်ရိုက်စ်´ တွေသာ အထပ်ထပ်ပြောပြီး အရောင်းသမားကို ထမင်းစားဟန်ပုံစံ လက်ဟန်ခြေဟန်ပြပြီး ထပ်ကြိုးစားနေပြန်သည်။

ထိုအခိုက်အတန့်လေး...၊ အဲဒီအခိုက်အတန့်လေးမှာပင် ဘယ်သူမှ မသိလိုက်ခင် သူ့ကိုယ်သူ အရှက်ကြီး ရှက်မိသွားလေတော့သည်။

`အမိုး၊ အိတ်အကြီးလိုချင်တာဟုတ်´
`ဟုတ်တယ်၊ ဖိုးခွား´

`ဂျက်စ်မင်းဆန် ပေါင်ငါးဆယ်အထုပ် နှစ်ထုပ်ပေးပါ´ လို့ အရောင်းသမားကို ပြောပြီး သူနဲ့အတူ ဆန်တအိတ်ကိုပါ ခပ်သွက်သွက် ကူသယ်လာလိုက်သည်။

***

ဆန်အိတ်တွေ၊ ဈေးအထုပ်တွေကို စိတ်ပါလက်ပါနဲ့ ကူသယ်ပေးနေသော သူ့ကို အမိုးက ဘယ်လိုနားလည်နေမလဲတော့ မပြောတတ်...။

`ဖိုးခွား´
`ဗျာ၊ အမိုး´
`အမိုး၊ မုန့်တီခြောက်တွေ ၀ယ်ဖို့ မေ့နေသေးတယ်´

ဒီတခါတော့ သူ့စိတ်ထဲမှာ ကြည်ကြည်လင်လင်နဲ့ အားပါးတရပင်...

`ဟုတ်၊ သွားပြန်ဝယ်လေ အမိုး၊ ကျနော်လိုက်ခဲ့ပေးမယ်၊ လာလာ´

***

တွန်းလှည်းလေး တွန်းပြီး အရှေ့ကနေ သွားနေသော အမိုးကို သူ လှမ်းခေါ်လိုက်သည်။

`အမိုး´



ပြန်လှည့်ကြည့်လာသော အမိုးရဲ့ အပြုံးက ကြည်လင်ပါဘိ။ အပြစ်စင်ပါဘိ။

***

အပြန်လမ်းမှာလဲ အမိုးတယောက် အလာတုန်းကလိုပင် နေကြာစေ့ထုပ်ကလေးကို တဖောက်ဖောက် ခွာစားပြီး လိုက်လာနေဆဲပင်။

ဘယ်သူမသိလိုက်သော သူ့ရဲ့စိတ်ညစ်ရိုင်းတွေ ချက်ချင်း ပျောက်ပြီး သူ့ကိုယ်သူ ရှက်သွားစေတဲ့ အတွေးက ဘာလဲ ဆိုတာကိုတော့ အမိုးကို သူ ပြန်မပြောပြဖြစ်တော့ပါ။ အဲဒါကတော့....

`အမိုးသာ ငါ့အမေအရင်းဆိုရင်....´

***

ကလိုစေးထူး