Monday, June 30, 2008

ပြောချင်တာ…(၂)

“လောကမှာ ဘာမှအလကားမရဘူး” ဆိုတဲ့ စကားက ဒီတခါတော့ ကျနော့်အတွက် သွေးထွက်အောင်ကို မှန်ပါတယ်လို့ ပြောရတော့မှာပါပဲ။ ကျနော့် စက်ထဲမှာ အနှစ်နှစ်အလလကတည်းက ခိုအောင်းခဲ့ဟန်တူတဲ့ မောင်မင်းကြီးသား Spyware များရဲ့ လက်ချက်နဲ့ ကျနော့် ကွန်ပျူတာ ခမျာ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ငြိမ်သက်သွားလိုက်တာ ပြန်နိုးလာတဲ့ အချိန်မှာတော့ စက်ထဲမှာ ရှိတဲ့ ပရိုဂရမ်တွေနဲ့ Documents တွေ အားလုံး၊ ဘာတခုမှကို မကျန်တော့ပါဘူး။ နှမျောတသ အဖြစ်ရဆုံးကတော့ ဘလော့ဂ်မှာ မတင်ဖြစ်တဲ့ ဆောင်းပါးနဲ့ ၀တ္ထုတိုလေးတွေ၊ ရေးလက်စ သီချင်းတပိုင်းတစတွေ အားလုံး ပါသွားတာပါပဲ။ အဆိုးထဲက အကောင်းအနေနဲ့ကတော့ ဗိုင်းရပ်စ် အကိုက်ခံရတဲ့ စက်တလုံးကို ဘယ်လိုကိုင်တွယ် ပြင်ဆင်ရမယ် ဆိုတဲ့ နည်းပညာတော့ အတန်အသင့် ရလိုက်ပါတယ်။


အွန်လိုင်းနဲ့ လုံးဝအဆက်ပြတ်နေတော့ ကျနော့်ဆီကို လာလည်ကြသူတွေအတွက် ပို့စ်အသစ်မတင်ထားတဲ့ ကျနော့်ဘလော့ဂ်မှာ အချိန်ကုန်နေသလို ဖြစ်မှာစိုးတာနဲ့ ငပိသံတ၀က် အင်္ဂလိပ်လို ပို့စ်ကို တင်လိုက်ရတာ အူတော့ အယားသား…။ စာကြည့်တိုက်ကနေ သွားတင်ရတာမို့ မြန်မာဖောင့် မရှိတော့ စီဘောက်စ်ထဲမှာ မြန်မာ ဘာသာနဲ့ လာနှုတ်ဆက်ကြတာတွေကိုလဲ ဘယ်လိုမှ ဖတ်လို့မရပါဘူး။ အခု စက်ပြန်ကောင်းတော့မှပဲ အားရပါးရကြီး ဖတ်ရတယ်။


***


ကျနော့် စီဘောက်စ်မှာ အချိန်ကုန်ခံ၊ အင်တာနက်ဖိုး အကုန်ခံ၊ လက်အညောင်းခံပြီး စီဘောက်စ်တခုလုံး ပြည့်နေအောင် ကြော်ငြာလာလာဝင်တဲ့ တယောက်ကို စီဘောက်စ် သုံးခွင့်ပိတ်ပင်လိုက်ပါတယ်။ အဲဒီ (ဘယ်သူမှန်း မသိတဲ့) ပုဂ္ဂိုလ်ကို ဒီနေရာကနေ ပြောချင်တာကတော့ အခုလို ပိတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်နေသပဆိုရင်လဲ ဘာမှ မတတ်နိုင်ပါဘူး။ မိမိကိုယ်နှိုက်ကိုက မယုံကြည်၊ မလေးစားတဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးနဲ့ လာကိုင်ပေါက်ပြီးတော့ `ဒီမိုသမားတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်´ နဲ့ လာပြောနေလဲ ကျနော် ဂရုစိုက်နေတော့မှာ မဟုတ်ဘူး၊ နောက်ထပ် အဲဒီလို လာလုပ်သမျှ အိုင်ပီလိပ်စာမှန်သမျှကိုလဲ မပျက်မကွက် ဘန်းတော့မှာ ဖြစ်ကြောင်းကို အသိပေးလိုပါတယ်။


`လူ့အခွင့်အရေး´ ဆိုတဲ့ စကားလုံးကို အရိုးရှင်းဆုံး ပြောရရင် ကိုယ့်လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းလိုက်၊ အဲဒါမှ အားမရသေးရင် အဲဒီဆန့်တန်းထားတဲ့ လက်နှစ်ဖက်ကို အားရပါးရကြီး ဝှေ့ယမ်းပစ်လိုက်၊ ဘေးလူကို သွားမထိသရွေ့ကတော့ အဲဒါ လူ့အခွင့်အရေးပါပဲ။ ငါ့မှာ လက်နှစ်ဖက်ရှိတယ် ရမ်းကားမောက်မာတဲ့ အပြုအမူကိုတော့ လူ့အခွင့်အရေးစံနဲ့ မသတ်မှတ်လိုဘူး။ တဖက်သားကို အပြန်အလှန် လေးစားသမှု ပေးတယ်ဆိုတာကို သိပ်ခက်ခဲနေတယ်ထင်ရင်တော့ ဘယ်နေရာမှ အသုံးတည့်တဲ့ လူတယောက် ဖြစ်လာမယ်လို့လဲ ကျနော်မထင်ပါဘူး။


***


အဆက်ပြတ်နေတဲ့ ကာလတွေအတွင်းမှာ လွတ်သွားတဲ့ သတင်းတွေ၊ မဖတ်လိုက်ရတဲ့ စာတွေကို လိုက်ဖတ်ဖြစ်ပါတယ်။ စာတွေ၊ သတင်းတွေကို လိုက်ဖတ်ရင်းနဲ့ Gap တခုကို ထင်ထင်ရှားရှားကြီး သတိထားမိပါတယ်။


အလုပ်လုပ်ကြတယ် ဆိုတဲ့ နေရာမှာ တဘက်နဲ့တဘက်၊ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့ တဖွဲ့ရဲ့ မတူကွဲပြားတဲ့ အမြင်တွေကို အတတ်နိုင်ဆုံး ဖယ်ထားပြီးတော့ တူညီတဲ့ အချက်ကို အခြေခံရင် ပိုကောင်းနိုင်မှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ မတူညီတဲ့ အခြေအနေတွေ၊ အမြင်တွေကိုပဲ တည်ပြီးတော့ ပြောရမယ်ဆိုရင် အချိန်ကြာလာလေလေ တဘက်နဲ့ တဘက် ပိုဝေးသွားလေလေ ဖြစ်လို့ တကယ်တမ်း ထိထိရောက်ရောက် လုပ်သင့်တဲ့ အလုပ်တွေမှာ ဟုတ်တိပတ်တိ မလုပ်နိုင်တော့တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။


အနီးကပ်ဆုံး ဥပမာအားဖြင့် နှိုင်းပြရရင်တော့ ကျနော်တို့ နိုင်ငံကို တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းအပြီးမှာ လေဘေးဒဏ်ခံ ပြည်သူတွေအပေါ် ကူကြ၊ပံ့ကြ၊ ဖေးမကြတဲ့ ကိစ္စမှာပါ။ အဲဒါနဲ့ ပတ်သက်လို့ လက်ရှိအာဏာပိုင်တွေရဲ့ ကိုင်တွယ်မှု အပိုင်းကိုတော့ ဘာမှကို ပြောချင်စိတ် မရှိတော့လို့ မပြောတော့ပါဘူး။ ဒါပေမယ့် အဲဒီ အာဏာပိုင်တွေနဲ့ မဆက်စပ်တဲ့ တခြားသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ကတော့ လေဘေးဒဏ်ခံ ပြည်သူတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့ အခါမှာ အထက်မှာ တယောက်နဲ့တယောက် လက်ရှိနေထိုင်နေကြတဲ့ နေရာ၊ သိတွေ့မြင်ကြားရပုံခြင်း မတူကွဲပြားမှုတွေကြောင့် နားလည်မှု Gap တွေ ပေါ်လာတာကို သတိထားမိပါတယ်။


တကယ်တမ်း အဖြစ်သင့်ဆုံးကတော့ ပြည်တွင်းမှာ လူအားနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လက်တွေ့လုပ်နေကြသူတွေနဲ့ လူအားနဲ့ ကူညီဖို့ငှာ မစွမ်းသာတဲ့ ပြည်ပကလူတွေရဲ့ ငွေအားကို ချိတ်ဆက်မိမိနဲ့ ပေါင်းစပ်ပြီးတော့ တကယ်တမ်း ဒုက္ခရောက်နေသူတွေကို ထိရောက်စွာ ကူညီတာမျိုးပါပဲ။ အဲဒီလို လုပ်နိုင်ဖို့ကတော့ ပြည်တွင်းနဲ့ ပြည်ပက လူတွေကြားမှာ ရှိတဲ့ နားလည်မှု၊ မတူတဲ့ Gap ကို ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းဖို့ လိုပါတယ်။


ပြည်တွင်းမှာ လူတစု၊ ဒါမှမဟုတ် အဖွဲ့တခုက တကယ်ကိုပဲ လူမှုရေး အလုပ်တွေကို ထိထိရောက်ရောက် လုပ်နေတယ် ဆိုပါစို့…။ ကျနော်တို့ ပြည်ပကလူတွေ (မီဒီယာနဲ့ ဘလော့ဂါတွေအပါအ၀င်) အလုပ်သင့်ဆုံးကတော့ အဲဒီ အထဲက လူတွေ လက်ရှိ လုပ်နေတဲ့ အလုပ်ကို ပိုမိုအားကောင်းလာအောင်၊ အဲဒီအလုပ်ကို ပံ့ပိုးကူညီသူတွေ များသထက် များလာအောင် လှုံ့ဆော်ရပါမယ်။ အဲဒီလို လှုံ့ဆော်တဲ့ နေရာမှာ အထူးသတိထားသင့်တဲ့ အချက်ကတော့ မိမိ ရေးလိုက်၊ ပြောလိုက်တဲ့ သတင်းအချက်အလက်က ဖြစ်စေ၊ ရေးသားမှု တခုခုကနေ ဖြစ်စေ ပေါ်ပေါက်လာတဲ့ အကျိုးဆက်တွေကြောင့် ပြည်တွင်းမှာ လူမှုရေး လုပ်ငန်း လုပ်နေသူတွေနဲ့ အာဏာပိုင်တွေကို ထိပ်တိုက်တေ့ပေးလိုက်သလို မဖြစ်အောင် ဆင်ခြင် သတိထားသင့်တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင် ကိုယ်က စေတနာကောင်းတဲ့ နှိုးဆော်လိုက်တယ်ပဲထား၊ ဟိုဘက်မှာ တကယ်တမ်း လက်တွေ့လုပ်နေရတဲ့ ပြည်တွင်းက လူတွေကို ဒီကနေ အချုပ်ထဲထည့်နေတာနဲ့ တူသွားပါလိမ့်မယ်။


နောက်တချက် သတိထားမိတာကတော့ သတင်းအချက်အလက်တခုခုကို ရည်ရွယ်ချက် ရှိရှိနဲ့ပဲဖြစ်ဖြစ်၊ မရည်ရွယ်လိုက်ဘဲနဲ့ပဲ ဖြစ်ဖြစ် မီဒီယာတွေနဲ့ ဘလော့ဂ်တွေမှာ မှားယွင်းတင်ပြလိုက်ပြီဆိုရင် ပြည်တွင်းက (နေ့စဉ်ထုတ်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား… အစရှိတဲ့) မီဒီယာတွေထက်စာရင် ပြည်ပရောက် မီဒီယာတွေနဲ့ ဘလော့ဂါတွေရဲ့ အမှားအယွင်းက ပိုပြီးတော့ လက်ညှိုးထိုး ထောက်ပြချင်စရာ ဖြစ်တာကို သတိထားမိပါတယ်။ ဒါကလဲ အချက်နှစ်ချက်ပေါ်မှာ အခြေခံပြီးတော့ ဖြစ်တာလို့ ကျနော် မြင်ပါတယ်။


တချက်ကတော့ လက်ရှိအာဏာပိုင်တွေရဲ့ သတင်းမှားတွေကတော့ ရိုးနေပြီမို့ အဲဒီလူတွေ သတင်းထုတ်ပြန်ချက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လူတွေက သိပ်ပြီးတော့ အလေးမထားနေတော့တာက တချက်ပါ။ နောက်တချက်ကတော့ ပြည်တွင်းက မီဒီယာတွေက အမှားတွေကို ဘယ်လောက်ပြောပြော သူတို့ မှားကြောင်းကို ထောက်ပြလိုက်ရင် အကြီးစား ဒုက္ခတွေကို ရလာနိုင်ပေမယ့် ပြည်ပရောက် သတင်းမီဒီယာတွေနဲ့ ဘလော့ဂ်တွေက သတင်းအချက်အလက် တခုခု (မှန်နေရင်သာ မထောက်ခံရင် ရှိမယ်) မှားယွင်းနေလို့ ထောက်ပြကဲ့ရဲ့မယ်ဆိုရင် လူတန်းစားမရွေး၊ အဖွဲ့အစည်းမရွေး လွတ်လပ်စွာနဲ့ အားရပါးရကြီး ထောက်ပြ လက်ညှိုးထိုးလို့ ရပါတယ်။ သတင်းမှန်တွေကို တင်ပြနေလျက်နဲ့ ပြည်ပမီဒီယာသတင်းတွေဟာ အမှားတွေကြီးပါပဲ လို့ ပြောလို့ ပြည်တွင်းမှာ ဒုက္ခရောက်နိုင်စရာ အကြောင်း မရှိပါဘူး။ ဒီကြားထဲကမှ အကြောင်းကြောင်းကြောင့် သတင်းမှား တခုခုကို တင်မိတဲ့ မီဒီယာကတော့ ကျောကော့အောင် ခံပေတော့ပေါ့။


စိတ်ပျက်စရာ အကောင်းဆုံးကတော့ ဘက်နှစ်ဘက်မှာလဲ ဘယ်ဘက်မှာမှ မရပ်တည်၊ မရပ်တည်ပေမယ့် တကယ်တမ်းမှာ လူမှုရေး အလုပ်တွေကို လုပ်နေသလားဆိုတော့လဲ မဟုတ်…။ ဟိုဘက်လိုလို၊ ဒီဘက်လိုလိုနဲ့ တောမရောက်တောင်မရောက် လူတွေပါပဲ။ ဘာမှသာ ၀င်မလုပ်ရင်ရှိရမယ်၊ သူတပါးကို လက်ညှိုးထိုးထောက်ပြရတော့မယ်ဟေ့ ဆိုရင် အဲဒီလူတွေကို အရင်ဆုံး အထင်းသား မြင်ရလေ့ရှိတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တခါတလေကျရင် စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးကို ခွေလဲကျသွားတဲ့ အထိကို အဲဒီလူတွေကြောင့် စိတ်ပျက်မိပါတယ်။ ကိုယ်လုပ်နိုင်တာကို လုပ်နိုင်တဲ့ဘောင်၊ လုပ်နိုင်တဲ့ စွမ်းရည် ရှိသမျှနဲ့ လုပ်ဖို့တော့ မစဉ်းစားဘဲ ခြံစည်းရိုး ခွထိုင်နေတဲ့လူတွေဟာ တကယ်တော့ လက်ရှိ အာဏာပိုင်တွေထက် ဆိုးဝါးတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေလို့ပဲ ကျနော်ကတော့ မြင်ပါတယ်။


***


ပြောချင်တာတွေကို တစုံတယောက်ကို ရင်ဖွင့်နေရသလိုမျိုး ထိုင်ရေးလိုက်ရတော့ စိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလိုလို…။ ဒါပေမယ့် တကယ်ပေါ့တာတော့ မဟုတ်သေးဘူး။ ကျနော်တို့ ဖြစ်စေချင်တာတွေကို ဖြစ်လာရအောင် ကြိုးစားဖို့အတွက်က အများကြီး ကြိုးစားရပါဦးမယ်။


နောက်ပိုင်းရက်တွေမှာတော့ ကျနော် စာတွေ ပုံမှန်နီးပါး ရေးဖြစ်ဦးမယ်လို့ ထင်ပါတယ်။ အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ။



ကလိုစေးထူး

Wednesday, June 25, 2008

Be right back

Hello People,
I got a spyware protected in my computer and trying to fix now. Hopefully, I can come back in three days later. So sorry for if my blog waste of your time without new posts. I will be right back soon.
Best regards,
Klosayhtoo

Sunday, June 22, 2008

ငါးရှာထွက်ချိန်…

ဓားသွေးကျောက်ပေါ်မှာ လက်တွေ ညောင်းနေအောင် အတန်ကြာသွေးပြီးချိန်မှာတော့ ထီးရိုးကိုင်း လေးချောင်းရဲ့ ထိပ်ဖျားတွေက ချွန်မြမြ ဖြစ်သွားလေပြီ။ ဖိုးကောက်က ထီးကိုင်း ထိပ်ဖျားတွေကို လက်ညှိုးနဲ့ အသာတို့ထိကြည့်ရင်း အားရကျေနပ်ဟန်ဖြင့်…

`ဒီလောက်ဆိုအတော်ပဲ၊ သားရေပင် ချည်လို့ရပြီ´

ပြောပြောဆိုဆိုဖြင့်ပင် ဖိုးကောက်တယောက် ထီးကိုင်းတွေရဲ့ တဖက်ထိပ် မချွန်ဘဲထားတဲ့ အခြမ်းတွေမှာ သားရေပင်အကြီးတချောင်းစီကို သားရေပင် အသေးတွေနဲ့ ပူးကပ်ချည်တော့သည်။ သူနဲ့ ဖိုးထူးကတော့ ဖိုးကောက် လုပ်နေသမျှကို အငေးသား…။

`နကျယ်ကောင်၊ အိမ်ပေါ်မှာ ရေကာမျက်မှန် သွားယူကွာ´

ဖိုးကောက် အပြောကို သူခေါင်းတချက် ခပ်သွက်သွက် ငြိမ့်ပြလိုက်ပြီး အိမ်ပေါ်ကို တက်ခဲ့လိုက်သည်။ ရုပ်ရှင်ထဲက ရေငုပ်သမားတွေ ရေငုပ်ဝတ်စုံဝတ်တဲ့အခါ မျက်နှာမှာကာတဲ့ မှန်ဘီဘူးလို ဟာမျိုးလေးကို တခြားနယ်တွေမှာ ဘယ်လိုခေါ်လဲတော့ မသိ၊ သူတို့ဆီမှာကတော့ သဘာဝကျကျပင် `ရေကာမျက်မှန်´ ဟု နာမည်ပေးလိုက်ကြသည်။

ခဏအကြာမှာတော့ ရေကာမျက်မှန်ကိုယ်စီ၊ လက်လုပ် ထီးရိုးကိုင်းမှိန်း ကိုယ်စီနဲ့ သူတို့ သုံးယောက် ကြခတ်ချောင်း ချောင်းထဲမှာ ငါးရှာထွက်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။

***

ကြခတ်ချောင်းဆိုတဲ့ ရွာကလေးက ရွာတန်းရှည် ပုံစံဖြစ်ပြီး ကရင်စု၊ ဗမာစု၊ ရှမ်းစု၊ တောင်ပေါ်စု စသဖြင့် အိမ်စုကလေးတွေ ခွဲထားကာ အိမ်ခြေ တထောင်ကျော်သာသာ ရှိသည့် ရွာတရွာဖြစ်ပါသည်။ သူ နေတဲ့ မြို့ကလေးကနေ သုံးမိုင်ခွဲသာသာလောက် ဝေးတဲ့ ကြခတ်ချောင်းရွာမှာ မေမေ့ဘက်က အမျိုးတွေ တပုံတပင် ရှိတာမို့ အခုလို နွေကျောင်းပိတ်ရက်ရှည်မှာ ဒီရွာကလေးမှာပဲ ဆွေမျိုးအိမ်တွေမှာ လိုက်လည်ရင်း ပျော်ရသည်။ စပါးရိတ်ကူ၊ နှမ်းနှုတ်ကူသယောင်ယောင်နှင့် သူ ဆွေမျိုးတွေ၊ ညီအကိုဝမ်းကွဲတွေ ရှိရာ ဒီရွာကလေးမှာ အလွန်ပျော်တတ်၏။

ကြခတ်ဝါးရုံတွေ အများအပြားပေါက်လေ့ ရှိတဲ့ ဒီရွာကလေးရဲ့ ဘေးမှာ ကြခတ်ချောင်း ဆိုတဲ့ နာမည်နဲ့ ချောင်းငယ် တခုက ကွေ့ဝိုက်စီးဆင်း၏။ မကျဉ်းမကျယ်၊ မတိမ်မနက် ရေကြည်မြမြနှင့် ဒီချောင်းမှာ အခုလို ပူအိုက်တဲ့ နွေရာသီဆိုရင် ရေလာခပ်သူ ရွာသူရွာသားတွေနဲ့ စည်ကားနေတတ်သလို ချောင်းရိုးတလျှောက် ပေါက်တတ်တဲ့ တို့စရာအပင်တွေကို လိုက်နှုတ်သူတွေအပြင် သူတို့လို ဖားရှာ၊ ငါးရှာသူတွေလဲ မနည်းလှပါ…။

နွေဘက်ဆိုရင် အေးမြမြဖြစ်ပြီး ဆောင်းတွင်းဆိုရင် နွေးနေတတ်တဲ့ ချောင်းရေကို ရန်ကုန်ကနေ ပြောင်းလာခါစ အစတုန်းကတော့ သူ အံ့သြနေမိပါသေးသည်။ ဒါပေမဲ့ တောသားတပိုင်း ဖြစ်သွားတဲ့ နောက်ပိုင်းမှာတော့ ချောင်းထဲကို တဗွမ်းဗွမ်းနဲ့ ခုန်ချရေကူး ကစားရတာကို ပျော်တတ်လာသလို ချောင်းရိုးတလျှောက် တို့စရာနှုတ်၊ ဖားရှာ ငါးရှာရတာကိုလဲ အရသာတွေ့သွားလေတော့သည်။

မှတ်မှတ်ရရ… ချောင်းထဲမှာ ငါးသွားမျှားရင်း အတော်အတန် အကောင်ကြီးတဲ့ ငါးလင်ဗန်းတကောင် သူ ရခဲ့ဖူးသည်။ အဲဒီ ငါးလင်ဗန်းကို ငါးမျှားတံထိပ်ဖျားမှာ တွဲလောင်းချိတ်ဆွဲပြီး ရင်တကော့ကော့နဲ့ အိမ်ပြန်လာတဲ့ သူ့ကို ဒေါ်ကြီးသန်းက သဘောကျမဆုံး…။ အရင်ကဆိုရင် သူချောင်းထဲ သွားလိုက်တိုင်း ခရုဖင်လိမ်တွေ၊ ဇရစ်၊ ဋရင်ကောက် တို့စရာတွေသာ အကောင်းဆုံးအဖြစ် ပါလာတတ်တာကိုး…။

အခုလဲ ပုဆိုးကို စလွယ်သိုင်း၊ အပေါ်ပိုင်းဗလာ အောက်ပိုင်း ဘောင်းဘီတို ၀တ်လို့ ရေကာမျက်မှန်ကို လည်ပင်းမှာ စတိုင်ထွားထွားနဲ့ ချိတ်၊ လက်ထဲက ထီးရိုးမှိန်းလေး တဆဆကိုင်ရင်း ချောင်းထဲသွားကြပါဦးမည်။

***

`နကျယ်ကောင်၊ ဒီမှာကြည့်´

ဖိုးကောက်က သူ့ကို မှိန်းကိုင်ပုံ ကိုင်နည်းကို ပြ၏။ ထီးကိုင်းမှိန်းရဲ့ အခြေမှာ ကပ်ချည်ထားတဲ့ သားရေပင်ကို လက်မမှာ စွပ်၊ ထီးကိုင်းကို အပေါ်ကို ဆွဲတင်းပြီး ခပ်တင်းတင်းပြန်ဆုပ်လိုက်တော့ သားရေပင်က တင်းသွား၏။ လက်ကို ပြန်ဖွလိုက်တော့ ထီးကိုင်းမှိန်းက လျှောခနဲ ရှေ့ကို ပြေးထွက်သွားသည်။

ရေကာမျက်မှန်ကို မျက်လုံးရှေ့မှာ လုံနေအောင် တပ်ပြီး ချောင်းရေအောက် ကျောက်ကြိုကျောက်ကြားမှာ ပုန်းခိုနေတတ်တဲ့ ငါးလင်ဗန်းနဲ့၊ ငါးဘတ် တွေကို လိုက်ရှာရသည်။ တကောင်ကောင်ကို တွေ့ရင်တော့ ကျောက်ကြို ကျောက်ကြားထဲကနေ ငါးထွက်မသွားမီမှာ ထီးရိုးကိုင်းနဲ့ ပစ်ရ၏။

လူတရပ်စာ မရှိတရှိ ဒါမှမဟုတ် ခါးသာသာ ရေအနက်လောက်က ကျောက်ဆောင်၊ ကျောက်တုံးတွေရဲ့ ကြားထဲမှာ အအေးကြိုက်တဲ့ ငါးတွေ အောင်းနေတတ်တာမို့ အသက်ကို အောင့်နိုင်သလောက် အတတ်နိုင်ဆုံး အောင့်ပြီး မှောင်ပျပျရေအောက်မှာ စူးစိုက်ရှာရတာက လွယ်တော့မလွယ်လှ။ လူးလွန့်လွန့် လှုပ်နေတဲ့ ငါးကိုယ်လုံးကို တွေ့အောင်အရင်ရှာ၊ ပြီးရင်တော့ မလွဲအောင် ချိန်ဆထိုးပေတော့…။ သူ့အတွက်ကတော့ မလွယ်လှပါ။ ရေအောက်မှာ စက္ကန့်သုံးဆယ်သာသာလောက် ငုပ်မိတာနဲ့တင် ဘယ်လိုမှနေလို့ မရတော့တာနဲ့ ရေပေါ်ကိဲု ပြန်ပြန်တက်ပြီး အသက်ကို တဖူးဖူးနဲ့ ပြန်ရှူနေရသည်။

`နကျယ်ကောင်၊ ပလိုင်းသွားတက်ယူ၊ မြန်မြန်´

ရေငုပ်နေရာကနေ ဘွားခနဲ ပြန်ပေါ်လာတဲ့ ဖိုးကောက်က ကမန်းကတန်းဟန် လှမ်းအော်လိုက်တာကြောင့် သူလဲ ကမ်းပေါ် အမြန်ပြေးတက်ရသည်။ ပလိုင်းကို အမြန်ယူပြီး ပြန်လှည့်လာတော့ ဖိုးကောက်က နောက်ကနေ လိုက်လာတာ ကမ်းစပ်ကို ရောက်နေပြီ သူ့လက်ထဲမှာတော့ ဖြတ်ဖြတ်လူးနေတဲ့ မှိန်းတန်းလန်းနဲ့ လက်တ၀ါးသာသာခန့် ငါးဖယ်တကောင်…။ ငါးကို လျှောထွက်မသွားရအောင် ထီးကိုင်းမှိန်း ဟိုဘက်ထိပ် ဒီဘက်ထပ်ကနေ ပိတ်ကိုင်ထားတော့ ငါးဖယ်က တံစို့ထိုးထားသလို ဖြစ်နေ၏။

`မြန်မြန်ကွ´
`အေးပါဟ´

ငါးကို ပလိုင်းထဲ သေချာထည့်၊ အဖုံးကို လုံအောင်ပိတ်ပြီးမှပင် ဖိုးကောက်က စိတ်ချလက်ချ ရှိသွားဟန်…။

`မင်းရော ဘယ်နှစ်ကောင် ရပြီလဲ´
`ဟီး၊ တကောင်မှမရသေးဘူး´
`ဟားဟားဟား´

သူ့ကိုကြည့်ရင်း ရယ်နေသော ဖိုးကောက်ကို သိပ်မကျေနပ်ပေမယ့် သူကလဲ တကောင်မှ ရမထားတော့ မချိသွားဖြဲ ပြန်လုပ်ပြလိုက်ရသည်။ ဒီတခါတော့ ရအောင် ဖမ်းပြလိုက်မယ် ဟု စိတ်ထဲကနေ တေးထားလိုက်သည်။

***

`ဟာ၊ အကြီးကြီးပဲ´

လက်ခနဲ လူးသွားတဲ့ ငါးကိုယ်လုံးဝါဖျော့ဖျော့နဲ့ အတူ စိတ်ထဲကနေ ရေရွတ်မိရင်း အသက်ကို အတတ်နိုင်ဆုံး ထပ်အောင့်ထားရင်း လက်ထဲက ထီးကိုင်းရိုးမှိန်းကို လက်တဆဆဖြင့် ကျောက်ကြားထဲကို အသာချိန်ရွယ်လိုက်၏။ ပြီးတော့မှ ဆုပ်ထားသော လက်ကို အသာဖွလွှတ်လိုက်တော့ လက်ထဲက ဆူးက လှစ်ခနဲ ရှေ့ကို တိုးထွက်သွားသည်။ နောက်တော့ ဆူးချွန်က တဆတ်ဆတ် ခါနေလေတော့သည်။ သေချာပြီ၊ ငါးကိုယ်လုံးကို ထိသွားပြီ။

အလောတကြီးနဲ့ ဆွဲထုတ်ရင် ဆူးချွန်က လျှောပြီး ငါးပြန်လွတ်နိုင်တာမို့ လက်တဖက်က ဆူးချွန်ကို အသာဖိတွန်းထားပြီး နောက်တဖက်ဖြင့် ကျောက်ကြားထဲကို ထိုးလျှိုနှိုက်ယူရသည်။ အသက်ရှူကလဲ ကျပ်လှပြီ။ နည်းနည်း အားစိုက်ပြီး ဆွဲနှိုက်ထုတ်လိုက်တော့ လူးလွန့်ရုန်းကန်နေသော ငါးက ပါလာသည်။ လက်ဖျံတ၀ိုက်မှာလဲ စစ်ခနဲနာကျင်သွားသလိုလို…။

ရေပေါ်ကို ဘွားခနဲ ပြန်တက်ပြီး အသက်ကို အငမ်းမရ ရှူရင်း လက်ထဲက ငါးကိုလဲ လွတ်ထွက်မသွားရအောင် ထိန်းကိုင်ရသေးသည်။

`ဟာ…၊ ငါးဘတ်ကြီး အကြီးကြီးပါလား´

ဖိုးကောက်က အံ့သြနေဟန် လေသံဖြင့် အပြောမှာ သူကလဲ သူ့ကိုယ်သူ အောင်နိုင်သူ စစ်သူကြီးဟန် အပြည့် ပုံစံဖမ်းပြီး ခပ်ကြွားကြွား လေသံဖြင့် ပြန်ပြောလိုက်သည်။

`မင်းရတဲ့ ငါးထက်ကြီးတယ်၊ တွေ့လား´
`အေးပါ၊ အေးပါ´

တဖျတ်ဖျတ် လူးနေသော ငါးကို ပလိုင်းထဲ ထည့်လိုက်သည်။ ပလိုင်းထဲမှာ ဖိုးကောက် ဖမ်းထားသော ခပ်သေးသေး အရွယ် ငါးတွေလဲ မနည်းလှ…။

`ပြန်စို့´
`အေး´

ချောင်းထဲကနေ ပြန်တက်လာတော့ အချိန်က ညနေစောင်းလုလု…။

***

ရွာလည်လမ်းအတိုင်း ပြန်လျှောက်လာရင်း ဖိုးကောက်က ကရင်သီချင်း တပိုင်းတစကို အော်ဆိုလာသည်။ ဘာတွေ ဆိုနေတာလဲတော့ သူလဲ နားမလည်…။ ဒါပေမယ့် နားထောင်လို့ ကောင်းတာတော့ သိသည်။ သူလဲ သီချင်းအော်ဆိုချင်စိတ်က ပေါက်လာ၏။

`မိုးကို~~~ ချစ်လိုက်တာလေ~~~ မိမိုးကို ချစ်လိုက်တာလေ~~~ မင်း ဘယ်လမ်းသွားသွား~~~ မင်းနောက်က လိုက်လို့နေမယ်~~~ စိုးပိုင်မှုရဲ့ အချစ်စိတ်တွေ~~~ ´

သီချင်းတွေက အစမရှိ အဆုံးမရှိ၊ ဆိုနေတဲ့ အသံကလဲ ကောင်းမကောင်း မသိ…။

အိမ်ကိုပြန်ရောက်ရင် ငါးသေးသေးတွေကို ကင်စားရမည်။ ဒေါကြီးသန်းရဲ့ လက်ရာ ငါးဘတ်မွှေနဲ့ ထမင်းစားလို့လဲ မြိန်ဦးမှာ သေချာသည်။ သေချာတာကတော့ ဒီနေ့အတွက်တော့ နကျယ်ကောင် တယောက် ငါးရှာအတော်ဆုံးအဖြစ် မျက်နှာပန်းလှနေဦးမှာပင်…။



ကလိုစေးထူး

Thursday, June 19, 2008

စိတ်ညစ်နေလား…

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက စာရေးဖို့ကြိုးစားလိုက်၊ အဆင်မပြေလိုက်နဲ့ အာရုံတွေ နောက်နေတာနဲ့ပဲ ဘာစာမှ မရေးဖြစ်ခဲ့ပါဘူး။ စာရေးလို့ မရတာနဲ့ တီဗွီရှေ့မှာ ထိုင်ပြီး Channel တွေကို ဟိုဟိုဒီဒီ လိုက်ကြည့်မိရင်းနဲ့ သဘောကျစရာ အစီအစဉ်တခုကို သွားကြည့်မိပါတယ်။ `အစားကောင်း စားရတဲ့အခါ ချစ်တဲ့လူကို သတိရတယ်´ ဆိုတဲ့ စကားအတိုင်း ကျနော် သဘောကျနှစ်ခြိုက်မိတဲ့ အစီအစဉ်ကို ကျနော့် မိတ်ဆွေများကိုလဲ မျှဝေချင်တာကြောင့် ဘလော့ဂ်ပေါ်မှာ တင်ဆက်ပါရစေ။


America’s got Talent … တဲ့။


တကယ်တော့ ကျနော်ကသာ အခုမှ တောသားမြို့တက် ဖြစ်ပြီး အထူးအဆန်း ဖြစ်နေပေမယ့် အဲဒီ အစီအစဉ်ကို တင်ဆက်နေခဲ့တာ နှစ်ပေါင်း အတန်ကြာတောင် ရှိလောက်ပါပြီ။ တခြားသော နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ သြစတေးလျနိုင်ငံတွေမှာလည်း Britain’s got Talent, Australia’s got Talent ဆိုပြီး တင်ဆက်ပါတယ်။ Europe’s got Talent ဆိုတာလဲ ရှိပါသေးတယ်။ ဘယ်နိုင်ငံကနေ ဒီအစီအစဉ်ကို အစောဆုံး တင်ဆက်ခဲ့တာလဲ ဆိုတာကတော့ မသိနိုင်ပါဘူး။


အစီအစဉ်ရဲ့ သဘောက ပါဝင်ယှဉ်ပြိုင်သူ အနေနဲ့ မိမိမှာရှိတဲ့ ထူးခြားတဲ့ မည်သည့်စွမ်းရည်ကို မဆို ပြသပြီး ယှဉ်ပြိုင်ရပါတယ်။ သီချင်းဆို၊ အက၊ မျက်လှည့်၊ ကျွမ်းကျင်မှု အတတ်ပညာတမျိုးမျိုး၊ ကျွမ်းဘား၊ စသဖြင့် မိမိ စိတ်သန်ရာကို အကောင်းဆုံး ဖျော်ဖြေတင်ဆက်ရပါတယ်။ ဒိုင်သုံးယောက်က အကဲဖြတ်ပါတယ်။ ဒိုင်ရဲ့ မှတ်ချက်၊ ပရိသတ်ရဲ့ အားပေးမှုတွေအပေါ် မူတည်ပြီးတော့ နောက်ထပ် အဆင့်ဆင့်ကို ဖြတ်ကျော်ရပါတယ်။ နောက်ဆုံးအဆင့်မှာ အနိုင်ရသူဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ တသန်း ရပါတယ်။ တခြားနိုင်ငံတွေရဲ့ ဆုကြေးငွေတွေကိုတော့ မသိပါဘူး။


အခု ကျနော်ကြည့်ခဲ့ရတာကတော့ ၂၀၀၈ ခုနှစ်အတွက် America’s got Talent အစီအစဉ်ပါ။


ဆုကြေးငွေ တသန်းပေးတာပဲ ဆိုပြီးတော့ ကချော်ကချွတ် လာပြိုင်ရင်လဲ အကဲဖြတ်တဲ့ ဒိုင်တွေက အားမနာတတ်သလို အားပေးတဲ့ ပရိသတ်တွေကလဲ တညီတညာတည်း ကန့်ကွက်ကြပါတယ်။ အောက်မှာ နမူနာ ရှုစားကြည့်ပါ။



ကြိုးစားမှု ကောင်းကောင်းနဲ့ တင်ဆက် ဖျော်ဖြေသူတွေကိုတော့ ဒိုင်တွေကရော ပရိသတ်တွေကပါ တခဲနက် အားပေးကြသလို တီဗွီကနေ တဆင့် ကြည့်ရတဲ့လူကိုပါ ပြုံးရွှင်စေအောင် စွမ်းဆောင်နိုင်ကြပါတယ်။





နယူးယောက်ပြည်နယ်က ဖျော်ဖြေတင်ဆက်တာပါ ဆိုတဲ့ ဂျွန်နသန်ရဲ့ တင်ဆက် ဖျော်ဖြေမှုပါ။ ဘယ်လောက်အောင် အားထုတ်ကြိုးစားခဲ့ရသလဲဆိုတာ သူ့ရဲ့ ဖျော်ဖြေမှုမှာ ပေါ်လွင်နေပါတယ်။ နောက်တဆင့် လာ့ဗေးဂပ်စ် မြို့မှာ ယှဉ်ပြိုင်ဖို့အတွက် ဆန်ကာတင် စာရင်းဝင်ပါတယ်။



ဒါကတော့ ညီအကိုနှစ်ယောက်ရဲ့ တယောအတီးနဲ့ တင်ဆက်မှုပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ ရှိဟန် သူတို့ ညီအကို နှစ်ယောက်ရဲ့ တင်ဆက်မှုကလဲ နှစ်သက်စရာကောင်းလှပါတယ်။



ဒီကလေးမလေးကတော့ အသက် လေးနှစ်သာ ရှိပါသေးတယ်။ အပူအပင်ကင်းစွာနဲ့ ကြီးပြင်းလာရဟန် တူတဲ့ ကလေးမလေးရဲ့ သီချင်းဆိုဟန်က ပရိသတ် အားလုံးကို ငြိမ်သက်စွာ နားထောင်နေစေအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ စင်ဘေးကနေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေတဲ့ သူ့မိဘတွေရဲ့ မျက်နှာထားကလဲ မိဘမေတ္တာကို ဖော်ကျူးနေစေပါတယ်။ ဒိုင်သုံးယောက် စလုံးရဲ့ ဆုံးဖြတ်ချက်က ဒီကလေးမလေးကို နောက်တဆင့် အနေနဲ့ လားဗေးဂပ်စ် မြို့မှာ ယှဉ်ပြိုင်ခွင့် ရစေခဲ့ပါတယ်။




နီယိုဘွိုက် လို့ အမည်ရတဲ့ ဒီပုဂ္ဂိုလ်ကို သူ့ရဲ့ သီဆိုတင်ဆက်မှု မတိုင်မီက ဒီလောက်ကြီး ဟုတ်မယ် မထင်လှပါဘူး။ ဒါပေမယ့် သူ့ငယ်စဉ်ဘ၀ကို ပြောပြနေတာကတော့ ကရုဏာသက်စရာမို့ စိတ်ဝင်တစားနဲ့ နားထောင်မိတော့မှ သူ့ရဲ့ ပိုင်နိုင်လှတဲ့ အဆိုစွမ်းရည်ကို သိရပါတော့တယ်။ ပရိသတ် အားလုံးက မတ်တပ်ရပ် အားပေးခဲ့ကြတဲ့ သူ့ရဲ့ တင်ဆက်မှုဟာလဲ နောက်တဆင့်အတွက် ထိုက်တန်ပါတယ်။ နောက်တဆင့် ထပ်ပြိုင်ရမယ့် အဖြေကို သိပြီးနောက်မှာ သူ့အမေဆီကို စိတ်လှုပ်ရှားစွာနဲ့ ဖုန်းဆက်ပြောပြနေတဲ့ပုံစံက အိမ်နဲ့ဝေးသူ ကျနော့်ကိုပါ (ခေတ်စကားနဲ့ ပြောရရင်) Heart ထိစေခဲ့ပါတယ်။


တခြားသော တင်ဆက်သူတွေ တချို့လဲ ရှိခဲ့ပါသေးတယ်။ ဘရစ်တနီစပီးယား လို တုပ ကပြတဲ့ မောင်မစ္စက တယောက်ဆိုရင်လဲ ဒိုင်တယောက်က ကန့်ကွက်ပေမယ့် နောက်တဆင့် တက်ရောက်ခွင့် ရသွားပါတယ်။


***


ကျနော့်မိတ်ဆွေများလဲ အခု အစီအစဉ်တွေကို ကြည့်ပြီး ခဏတာပဲ ဖြစ်ဖြစ် စိတ်ရွှင်လန်း ကြည်လင်နိုင်ပါစေ…။



ကလိုစေးထူး

Wednesday, June 18, 2008

ချစ်ချင်လွန်းလို့…

ကျနော့်အသက် ခပ်ငယ်ငယ်တုန်းကပေါ့…။ အိမ်မှာ နေရှင်နယ် ရေဒီယိုကက်ဆက်လေး လေး တလုံးရှိတော့ ရေဒီယိုဝါသနာအိုး မေမေက ကျောင်းကနေ ပြန်လာပြီဆိုတာနဲ့ ရေဒီယိုကို ဖွင့်လို့ အပန်းဖြေလေ့ရှိတယ်။ ညနေမိုးချုပ်မှ ပြန်လာတတ်လေ့ရှိတဲ့ ဖေဖေ့ အပြန်ကို မျှော်ရင်း မေမေညည်းလေ့ရှိတဲ့ သီချင်း `မောင်ပြန်လာရင် အဆင်သင့် စားဖို့ပြင်~~~ ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်~~~ ကန်ဇွန်းရွက် အချဉ်ရည် အဆင်ပြေအောင်ပင်~~~ ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်နဲ့တွဲလို့~~~´ ဆိုတဲ့ သီချင်းကို မှတ်မိနေပါသေးတယ်။


ကျနော်တို့ ကလေးတွေ အရမ်းကြိုက်ခဲ့တဲ့ နောက်ထပ် ရေဒီယို သီချင်းတပုဒ် ရှိပါသေးတယ်။


`အပျင်းပြေစရာ မောင်ကြီးရာ´

(ဘာတုန်းကွ)

`မုန့်စကားထာ ဖွက်တမ်းသာ~~~ ကစားတဲ့အခါ´

(အေးလေ)

`ဖော်နိုင်ရင် မုန့်ကျွေးမှာပေါ့ကွာ´

`အုန်းသီးက ကောင်းကောင်း~~~ နှမ်းထောင်းကကောင်းကောင်း ~~~ အဲ..အဲဒါ~~~ အဲ… အဲဒါ~~~ အဲ… အဲဒါ ဘာတုန်းကွာ´

သီချင်းတွေက နားထောင်ရင်းနဲ့ မျက်စိထဲ မြင်ယောင်စေလာအောင် သရုပ်ပေါ်လွန်းတာရယ်နဲ့ သာယာနာပျော်ဖွယ် ဆိုဟန် ဆိုပေါက်တွေကြောင့် အတော်လေးကို ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ သီချင်းတွေပါ။


***


ဟိုတုန်းက (၈၈ အရေးတော်ပုံ မတိုင်ခင်က) ရေဒီယို အစီအစဉ်တွေကတော့ အခုနောက်ပိုင်းခေတ်လိုမျိုး စစ်ချီသီချင်း၊ စစ်သည်သီချင်းတွေ၊ ပေါ်လစီသီချင်းလို့ လူပြောများတဲ့ သီချင်းတွေက နားကြားပြင်းကပ်လောက်တဲ့ အထိအောင် ခဏခဏ လာလေ့ မရှိပါဘူး။ `စစ်သည်အတွက် တေးလက်ဆောင်´ အစီအစဉ်လာတဲ့ အခါကျရင်သာ စစ်သည်သီချင်းတွေ နားထောင်ရလေ့ရှိပါတယ်။

ဒါပေမယ့် `ခေတ်ဟောင်းတေး အစီအစဉ်´ ကနေ တခါတရံ လာလေ့ရှိတဲ့ သီချင်းတပုဒ်ကတော့ စာသားတွေက ပြောင်မြောက်လွန်းတာကြောင့် အခုထိတိုင်အောင် မမေ့ပါဘူး။ ကြည့်ပါ…။


`သွေးနဲ့သာရယ်~~~ ချွေးနဲ့သာရယ်~~~ စစ်တိုက်တဲ့နေရာဝယ် ~~~ အသက်စွန့်ကာနေတော့တယ် ~~~ သနားလောက်စရာကွယ် ~~~ စားသောက်ရာဝယ် ~~~ အဆင်းရဲလဲ ခံရှာတယ်~~~ ဇွဲသတ္တိကောင်းနဲ့ရယ်´

~~~ စွန့်စားတဲ့ သူတွေရယ်~~~ ကျေးဇူးကို မျှော်တွေးလို့ ဗမာ့သွေးကို နှမပေးချင်ပါတယ်´


ကြည့်စမ်းပါဦး…။ ကျနော်တို့ မြန်မာလူမျိုးဆိုတာက နှမသားချင်းဆိုရင် ဖူးဖူးမှုတ် ချစ်တတ်ကြတာကလား။ တော်ရုံတန်ရုံကောင်က ကိုယ့်နှမကို ရိသဲ့သဲ့ လာလုပ်လို့ကတော့ `ဇက်ပြုတ်သွားမယ်၊ ဘာမှတ်သလဲ၊ ဒါ ငါ့ညီမကွ´ ဆိုတဲ့ အကိုတွေ၊ မောင်တွေကို မြင်ဖူးကြမှာပါ။ အခုတော့ သီချင်းထဲမှာ ရေးထားလိုက်တာများ `ဗမာ့သွေးကို နှမပေးချင်ပါသတဲ့´။ သွေးချွေး၊ အသက်ကို စတေးပြီးတော့ ပြည်သူတွေအတွက် အဆင်းရဲ အငတ်မွတ်ခံပြီး ဇွဲနပဲ ကောင်းလွန်းလှတဲ့ ဗမာ့တပ်မတော်သား လူညိုထွားကြီးများကို တချိန်တခါက ပြည်သူတွေ ချစ်လိုက်ကြပုံများ သူတို့သာ အလိုရှိရင် ကိုယ့်နှမကိုတောင် ပေးလိုက်ချင်ပါရဲ့ ဆိုပြီး မေတ္တာပရပွနဲ့ ရေးထားပုံပါ။


နောက်တပိုဒ်ကိုလဲ ကြည့်ပါဦး။


`ရန်သူတွေကို အသေနှံတယ်~~~ စေတနာ ရှိလွန်းလို့ပါကွယ် ~~~ ရန်သူတွေကို အသေနှံတယ် ~~~ စေတနာ ရှိလွန်းလို့ပါကွယ် ~~~ ပိုပြီး ပျော်ဖို့ကွယ်~~~ ဒို့ကြီးဒေါ်ကြီးကိုပါ ငါပေးမယ်´

ပြည်သူ့အကျိုးကို ရွတ်ရွတ်ချွံချွံသယ်ပိုးလို့ လွတ်လပ်ရေးကို အရယူပေးမယ့် မောင်တွေ ပျော်မယ်ဆိုရင် ကြီးတော်ကြီးကိုပါ ပေးဦးမတဲ့…။ ပြုံးချင်စရာ စာသားပေမယ့် ဟိုတုန်းက တပ်မတော်အပေါ် ပြည်သူက ဘယ်လောက်ထိအောင် ချစ်မြတ်နိုးခဲ့သလဲ ဆိုတာကိုတော့ အဲဒီစာသားတွေက အထင်းသား ထင်ဟပ်စေခဲ့တာတော့ အမှန်ပါ။


***


တကယ်တော့ `တပ်မတော်´ ဆိုတဲ့ အသင်းအဖွဲ့ကို ပြည်သူတွေရဲ့ မူရင်းဓာတ်ခံ စိတ်က ချစ်ပြီးသားပါပဲ။ ကိုယ့်ရင်က မွေးခဲ့တဲ့ သားနဲ့တူတဲ့ တပ်မတော်မို့ ပြည်သူတွေက တုန်နေအောင် ချစ်ခဲ့ကြတာဟာ အတိတ်ကာလက သမိုင်းပုံရိပ်တွေက သက်သေပါပဲ။ ဒါပေမယ့် ခက်တာက အဲဒီအချိန်ကာလတွေဟာ အခုတော့ ဟိုးခပ်ဝေးဝေးမှာ ကျန်ခဲ့ပါပြီ။


ဒီကနေ့ ခေတ်ကာလမှာ စစ်တပ်နဲ့ ဆက်စက်ပြီး အခွင့်အရေးတွေ ရနေတဲ့ ကိုယ်ကျိုးသမားတွေက လွဲရင် သာမန်ပြည်သူတွေအတွက် စစ်တပ်ဟာ မြွေတကောင်နဲ့ တူနေပါပြီ။ ရွံလည်းရွံသလို ကြောက်လည်း ကြောက်ရတဲ့ စစ်တပ်နဲ့ ပြည်သူအကြားက အမုန်းတရားတွေကို ဘယ်တော့ရပ်နိုင်မလဲ။


`တပ်မတော် ဖြိုခွဲသူ ဒို့ရန်သူ´ လို့ အော်နေရုံနဲ့တော့ ပြည်သူက စစ်တပ်ကို အချစ်မ၀င်လာပါဘူး။ မီဒီယာတွေ ဟင်းလင်းပွင့်နေတဲ့ ဒီခေတ်ကြီးမှာ ဘာမှပြန်မလုပ်နိုင်လို့ ဆောင့်ကြောင့်ထိုင်နေတဲ့လူကို ၀ါးရင်းတုတ်ကိုင် စစ်သားက တကိုယ်လုံးအားနဲ့ ဆောင့်ကန်ပြီးခါမှ တီဗွီထဲမှာ `အစဉ်အလာကောင်းတဲ့ တပ်မတော်´ လို့ ပြောနေရင်လဲ လူရယ်စရာသာ ဖြစ်တော့မှာပါ။


***


ပြည်သူအပေါ် `ရန်သူ´ လို့ စတင်သုံးစွဲပြီး ရေးသားစ ပြုလာတာကိုလည်း သတိထားမိပါတယ်။ အဲဒီလို ရေးရတဲ့ အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါ၊ သူတို့ စစ်တပ်ကို ဆန့်ကျင်နေလို့ပါ။ သူတို့ စစ်တပ်က ကိုင်စွဲထားတဲ့ အာဏာကို လက်လွှတ်လိုက်ရမှာကို စိုးလို့ပါ။


ဒါကြောင့် ပြည်သူတွေထဲက ပြည်သူတွေက ကိုယ့်ကို ဆန့်ကျင်တာနဲ့ပဲ ရန်သူ လို့ သတ်မှတ်ပြီး လက်နက်နဲ့ ဆန့်ကျင်တဲ့လူကို လက်နက်နဲ့၊ မီဒီယာနဲ့ ဆန့်ကျင်သူကို မီဒီယာနဲ့ ပြန်တုံ့ပြန်မယ်ဆိုတဲ့ တပ်မတော်ကို ကျနော်တို့ ယနေ့ခေတ် ပြည်သူတွေက ဘယ်လိုပုံစံမျိုး ပြန်ချစ်စေချင်တာလဲတော့ မသိနိုင်ပါဘူး။


တကယ်တမ်း ပြန်စဉ်းစားကြည့်ရင်၊ စဉ်းစားတတ်မယ် ဆိုရင်၊ ဆင်ခြင်တတ်မယ်ဆိုရင် တပ်မတော်ပဲ ဖြစ်ဖြစ်၊ သူပုန်ပဲဖြစ်ဖြစ် ဒီပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာမို့ ရန်သူတွေ မဟုတ်ပါဘူး။ မတူခြားနားတိုင်း ရန်သူလို့ သတ်မှတ်ပြီး သရမ်းချင်တိုင်း သရမ်းနေရင်တော့ ကျနော်တို့တွေ ပိုပြီး အချင်းချင်း ဝေးသထက် ဝေးဖို့ပဲ ရှိပါတယ်။ တကယ်တမ်း ရန်သူက `ကိုယ်ကျိုးကိုသာ ကြည့်တဲ့စိတ်ဓာတ်´ ပါ။ အဲဒီ စိတ်ဓာတ်တွေကိုသာ ရန်သူလို့ အဓိက သတ်မှတ်ဖယ်ရှားပစ်ရမှာပါ။


ကိုယ့်ကို ချစ်စေချင်အောင် ချစ်ပါလို့ တစာစာ ပြောနေရုံနဲ့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။ ချစ်ချင်စိတ်ရှိလာအောင် မိဘနဲ့ တူတဲ့ပြည်သူကို မိဘကျေးဇူးဆပ်နေသလို သဘောထားပြီး အလုပ်အကျွေး ပြုရပါမယ်။ ဒါမှသာလျှင် ပြည်သူကလဲ တပ်မတော်ကို ပြန်ချစ်ပါမယ်။ တကယ် စေတနာထားပြီး လုပ်ပြလိုက်စမ်းပါ။ အတွေးအမြင် ပွင့်လင်းနှံ့စပ်နေတဲ့ ဒီဘက်ခေတ် ပြည်သူတွေအဖို့ အမှားအမှန်ကို ခွဲခြားတတ်ပြီးသားမို့ စေတနာမှန်ရင်၊ တကယ်အလုပ်လုပ်ပြရင် တကယ်ကို ချစ်လာပါလိမ့်မယ်။

ဒါကြောင့် ချစ်ချင်လွန်းလို့ ချစ်အောင် လုပ်ပြစမ်းပါလို့…။




ကလိုစေးထူး



စာကြွင်း။ (အပေါ်မှာ ရေးထားတာတွေကို ဖတ်ပြီးတော့ `ငါ့ကိုများ ပြောနေတာလား မသိ´ လို့ စိတ်ထဲမှာ ထင်နေမိရင်တော့ တိုက်ဆိုင်မှု ရှိသူတိုင်းကို ရည်ညွန်းပါသည် လို့သာ ပြောပါရစေ။)

Wednesday, June 11, 2008

အတွေးစများ…(၆)


ကျနော့် ဘလော့ဂ်မှာ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက `စစ်တပ်ထဲမှာ´ ဆိုတဲ့ ပို့စ်အတွဲ (၄) ပုဒ်ကို ရေးဖြစ်ခဲ့ဖူးပါတယ်။ မနေ့ကတော့ တခြားဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ရင်းနဲ့ တစုံတခုကို သတိရမိလို့ အဲဒီဆောင်းပါးကို ပြန်ဖတ်ဖြစ်တော့ ကျနော်ရေးခဲ့တဲ့ `စစ်တပ်ထဲမှာ´ ပို့စ်တွေကို ထပ်မံ အားဖြည့်ရေးစရာ အချက်အလက်တွေ များစွာ ကျန်နေသေးတယ် ဆိုတာကို သွားတွေ့ပါတယ်။ များမကြာမီမှာ ထပ်ရေးဖို့အတွက် တေးထားလိုက်ပါရဲ့။

မြန်မာစကားပုံမှာ `သူ့ဆန်စားတော့ ရဲရတယ်´ ဆိုတာလေး ကြားဖူးပါတယ်။ ဒါပေမယ့် စဉ်းစားစရာက ကိုယ်စားမိတဲ့ သူ့ဆန်ဆိုတာက သူကကျွေးနေတာမှ ဟုတ်ရဲ့လား၊ အဲဒီ သူဆိုတဲ့ လူကြီးကရော ကိုယ့်ကို ကျွေးနေတဲ့ ဆန်ကို ဘယ်ကနေ ရလာတာလဲ ဆိုတာကို တွေးစရာပါ။ ကိုယ်စားနေတဲ့ `သူ့ဆန်´ ဆိုတာရဲ့ မူလ လားရာ အရပ်ကို သိပါလျက်နဲ့ တလွဲဆံပင်ကောင်းပြီး ရဲတာမျိုးကတော့ သိပ်အဆင်မပြေလှတဲ့အပြင် လူရယ်စရာလဲ ကောင်းပါတယ်။

ကျနော်တို့တွေ စာတွေ ရေးတဲ့အခါမှာ တခါတလေကျရင် ကျနော်တို့ကို ထောက်ခံအားပေးသူတွေနဲ့ တွေ့ရတဲ့ အခါမျိုးတွေ ရှိသလို ဆန့်ကျင်တုန့်ပြန်သူတွေနဲ့လဲ ကြုံရလေ့ ရှိတတ်ပါတယ်။ အဲဒါတွေ အပြင်ကမှ နောက်ထပ် ကြုံနိုင်ရသေးတာက ကျနော်တို့ကို စောင့်ကြည့်လေ့လာနေတဲ့ လူအများကြီးကိုပါ။ ဆိုကြပါစို့…၊ အဲဒီလို စောင့်ကြည့်နေတဲ့ လူတွေက ဟိုဘက်ကို ၅၀ ဒီဘက်ကို ၅၀ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ရေးလိုက်တဲ့ စာတကြောင်း၊ ဆောင်းပါးတပုဒ်ကြောင့် ဒီဘက်ကို ၆၀၊ ဒီထက်ပိုပြီး ၇၀၊ ၈၀ နောက်ဆုံး ၁၀၀ အပြည့် ဖြစ်လာနိုင်အောင် ကျနော်တို့မှာ ပါးနပ်တဲ့ စည်းရုံးမှုတော့ လိုပါတယ်။

`ဟောဒီမှာကြည့်၊ ငါ ဒါကို ယုံကြည်တယ်၊ ဟိုဘက်ကကောင်တွေကို ကြည့်လိုက်စမ်း၊ ဘယ်လောက်ဆိုးလဲ၊ မင်းလဲ ငါ့ဘက်က ပါစမ်းပါ၊ ငါ့ဘက်က မပါရင်တော့ မင်းလဲ ဟိုကောင်တွေနဲ့ အတူတူပဲ နေမှာပဲ´ ဆိုတဲ့ သဘောသက်ရောက်မှုမျိုးဆန်တဲ့ အရေးအသားတွေဟာ ကိုယ့်ဘက်ကို နဂိုကတည်းက ၇၀% လောက် ပါချင်ချင် ဖြစ်နှင့်နေပြီးသား လူတွေကိုတောင် ဆုံးရှုံးသွားနိုင်တယ်ဆိုတာ စဉ်းစားသင့်တာတော့ အမှန်ပါ။

`ဟိုကောင်တွေက ဘာလုပ်နေကြတာလဲ၊ မင်းတို့ အဲလိုလုပ်နေလို့ ဖြစ်မလားကွ၊ ဘယ့်နှယ့်ဝိုင်းပါ၊ ဒီ့နှယ့်ဝိုင်းပါ´ ဆိုတဲ့ လက်ညှိုးငေါက်ငေါက်ထိုးနေတဲ့ စကားလုံးတွေနေရာမှာ တမတ်ဖိုး လုပ်နိုင်သူကို တကျပ်ဖိုး လုပ်နိုင်တဲ့ အားတွေ ရှိလာအောင်၊ တကျပ်ဖိုး စွမ်းဆောင်နိုင်သူကို တရာဖိုး စွမ်းဆောင်နိုင်သူ ဖြစ်လာအောင် အားဖြည့်ကူတဲ့ စကားလုံးတွေ ဖြစ်လိုက်ရင် ဘယ်လောက် ကောင်းပေလိမ့်မလဲ။ `ဒီလောက်နဲ့တော့ အလုပ်ဖြစ်မယ် မထင်ပါဘူး´ လို့ ပြောမယ့် အစား `အဲဒီလို လုပ်နေတာအပြင်၊ ဟောဒီ အကြံဉာဏ်ကောင်းတွေနဲ့ပါ ပေါင်းစပ်ပြီး တို့တွေ အတူတူလုပ်ရအောင်လေ´ လို့ ပြောရင် နဂို အလုပ်လုပ်နေသူမှာလဲ အားတက်စေတဲ့အပြင်၊ ဘေးက မလုပ်ဘဲ ထိုင်နေသူကိုပါ တခါတည်း ကိုယ့်ဘက်ပါအောင် အလိုလို စည်းရုံးပြီးသား ဖြစ်စေမှာပါ။

`အပြုသဘော ချဉ်းကပ်မှု´ ဆိုတာဟာ တကယ်တော့ ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို တိမ်းစောင်းပစ်လိုက်တာ မဟုတ်ပါဘူး။ လူတယောက်က ကိုယ့်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာဟာ သူ့မှာ ဘာအကြောင်းရင်းခံတွေ ရှိနေလို့ ကိုယ်နဲ့ မတူရတာလဲဆိုတာကို နားလည်ပေးကြည့်တာဟာလဲ အပြုသဘောတမျိုးပါပဲ။ သူ ဘာတွေ ပြောချင်နေတာလဲ ဆိုတာကို ဂရုတစိုက် နားထောင်ပေးကြည့်တာနဲ့တင်ကို ကိုယ့်ကို ဆန့်ကျင်နေတဲ့ သူ့စိတ်ရဲ့ ရာခိုင်နှုန်း တချို့ကို (သူမသိလိုက်ခင်မှာ) ဆွဲယူစည်းရုံးပြီးသား ဖြစ်နေပါပြီ။

တချို့က အကြောင်းအရာ တခုခုကို ဆွေးနွေးမယ်ဆိုရင် တံခါးချပ် ဟင်းလင်းဖွင့်ထားတဲ့ အခန်းတခုနဲ့ တူတဲ့ ပုံစံမျိုး ဆွေးနွေးလေ့ရှိပါသတဲ့။ သဘောကတော့ အားလုံးကို ဖွင့်ထားတယ်၊ ဒီတော့ ကိုယ်နားလည် လက်ခံထားတဲ့ ကိစ္စရပ်တခုအပေါ်ကို တဘက်လူက ကောင်းတယ်လို့ ပြောသည်ဖြစ်စေ၊ ဆိုးတယ်လို့ ပြောသည်ဖြစ်စေ ချင့်ချိန်ထောက်ရှုပြီးတော့ တဘက်လူကို နားလည်ပေးတယ်။ သူ့ဘက်က ခံစားချက်ကို စာနာပေးတယ်၊ တဘက်မှာလဲ ကိုယ့်ယုံကြည်ချက်က ဘာလဲဆိုတာကို ဟိုဘက်က လူ သဘောပေါက်အောင် ပြန်ကြိုးစားတယ်။

အပေါ်က လူစားမျိုးနဲ့ ဆန့်ကျင်ဘက် နောက်တမျိုးကတော့ တခုခုကို ပြောကြဆိုကြ၊ ဆွေးနွေးကြမယ်ဟေ့ ဆိုရင် သူက ဘာနဲ့တူသလဲ ဆိုတော့ သူ့လက်ထဲမှာ အသင့်ပါလာတဲ့ ပိတ်ထားတဲ့ စာအိတ်ထဲက စာရွက်တွေကို တရွက်ပြီး တရွက် ထုတ်ပြီးတော့ အဲဒီစာရွက်ထဲမှာ အသင့်ရေးလာတဲ့ စီရင်ချက်တွေကိုပဲ ဖတ်ပြနေတဲ့ လူနဲ့ တူပါသတဲ့။ တဘက်လူက ဘာပဲပြောပြော၊ သူ့လက်ထဲက စာအိတ်ထဲမှာပါလာတဲ့ စာရွက်တွေသည်သာ သူ့အသက်၊ အဲဒီ စာရွက်တွေကို ဖတ်ပြတာက သူ့အလုပ်ဖြစ်ပါသတဲ့။

ဒီနေရာမှာ တခါတလေကျရင် (ကျနော်အပါအ၀င်) အတော်များများဟာ ကိုယ့်ကိုယ်ကို Open mind ရှိသူလို့ အထင်သာ ရှိတတ်ပေမယ့် တကယ့်တကယ်တမ်းမှာတော့ စာအိတ်ထဲက စီရင်ချက်တွေကို ဖတ်ပြမိသလို ဖြစ်နေတတ်ပါသေးတယ်။ သတိပြုစရာပါ။

သူတပါးကို အထက်စီးကနေပဲ ပြောချင်နေတဲ့ လူကို မဆက်ဆံချင်ဘဲနဲ့ အလိုက်အထိုက် ဆက်ဆံရတဲ့ ၀ဋ်ဒုက္ခရဲ့ ကြီးမားမှုကလဲ မစားသာပါဘူး။ ဒီဝဋ်ဒုက္ခကို အတော်များများလဲ ခံဖူးမယ်လို့တော့ ထင်ပါရဲ့။ ခက်တာက အဲဒီလို လူစားတွေထဲက တယောက်ယောက်ကများ အကြောင်းအကောင်း မသင့်လို့ နောင်တခေတ်ရဲ့ မြန်မာ့ ခေါင်းဆောင်တယောက်များ ဖြစ်လာခဲ့ရင် ဆိုတဲ့ အတွေးကို တွေးမိလိုက်တော့ အတော်ခေါင်းနားပန်းကြီးမိပါတယ်။

ဟိုတွေးဒီတွေးတွေကို ဟိုရေးဒီရေး ရေးလိုက်တာ စိတ်ထဲမှာ ပေါ့သလို မပေါ့သလိုတော့ ဖြစ်သွားပါရဲ့။ ဒါပေမယ့် ပြောချင်တဲ့ အကြောင်းအရာတွေက တကယ်တော့ မကုန်သေးပါဘူး။ အဲဒါတွေကတော့ နောက်များမှပဲ ဆက်ရေးပါဦးမယ်။ ဆောင်းပါးပုံစံ ဖြစ်ဖြစ်၊ ရသပုံစံ ဖြစ်ဖြစ် တခုခုပေါ့…။


ကလိုစေးထူး

Monday, June 09, 2008

ကျောင်းဖွင့်ချိန်…

မိုးဦးကျ မနက် ဝေလီဝေလင်းမို့ သစ်ရွက်ဖျားတွေမှာ ယီးလေးခိုနေတဲ့ ရေပေါက်ငယ်လေးတွေက လေတိုက်လိုက်တိုင်း ဖွားခနဲ ဖွားခနဲ လွင့်စင်လာပြီး သွပ်မိုး ပျဉ်ထောင် အိမ်ငယ်လေးရဲ့ ခေါင်မိုးကို တဗျောက်ဗျောက် ဖြင့် ရိုက်ခတ်နေ၏။


မိုးအေးအေးနဲ့ပေမယ့် အလင်းရောင်က ထင်သာမြင်သာ ရှိနေပြီမို့ ဦးထွန်းလှအောင် တယောက် အိပ်ရာထဲမှာ ဆက်မကွေးနိုင်တော့ပါ။ အိပ်ရာဘေးနားက စားပွဲတင်နာရီကို လှမ်းကြည့်လိုက်တော့ ခြောက်နာရီ ထိုးလုပြီ။ အိပ်ရာထပြီးနောက် အိမ်နောက်ရေကပြင်မှာ မျက်နှာသွားချိန်မှာပင် ကျောင်းစောင့် ကိုတင့် ၏ အသံသြသြ တခုက အိမ်ရှေ့ကနေ လှမ်းအော် နှုတ်ဆက်နေလေ၏။


`ဆရာကြီး၊ ကျနော် လက်ဖက်ရည် ၀ယ်လာပြီ´

***


ဒီမြို့ကလေးမှာ အထက်တန်းကျောင်းအုပ် အဖြစ် ဦးထွန်းလှအောင် တာဝန်ကျခဲ့သည်မှာ လေးနှစ်ကျော်ခန့်တော့ ရှိပါပြီ။ အရင့်အရင်က ကျောင်းအုပ်တွေကတော့ တနှစ် ဒါမှမဟုတ် နှစ်နှစ်လောက် တာဝန်ထမ်းဆောင်ပြီးတာနဲ့ မြို့ကြီး ပြကြီးတွေကို အသီးသီးအသက ပြန်ပြောင်းသွားကြပေမယ့်လည်း သူကတော့ ဒီမြို့ကလေးမှာပင် သံယောဇဉ်တွေ ဖြစ်လို့ ပျော်နေလေပြီ။ သူက ထုံးအိုင်ရွာသားမို့ ကျောင်းပိတ်ရက်ရှည်တွေဆိုရင် ဇာတိရွာကို ပြန်လိုက်၊ ကျောင်းဖွင့်တဲ့ အချိန်ဆို ဒီမြို့ကလေးကို ပြန်လာလိုက်နှင့် အဆင်တော့ ပြေသား…။


အင်္ဂလိပ် အက္ခရာ `E´ ပုံသဏ္ဍာန် ဆောက်ထားတဲ့ ကျောင်းဝင်းလေးရဲ့ ထောင့်မှာ ကျောင်းအုပ်ဆရာကြီးအတွက် ပျဉ်ထောင် သွပ်မိုးအိမ်ကလေးကို ဆောက်ပေးထားခြင်း ဖြစ်၏။ အိမ်ရှေ့ကနေ လှမ်းကြည့်ရင် ခပ်လှမ်းလှမ်းက ကျောင်းဆောင်ကြီးကို ထီးထီးကြီး မြင်နိုင်သည်။ သွပ်မိုးတွေ နီတချပ်၊ ဖြူတချို့နဲ့ ကျောင်းကြီးက သူ့ဆီမှာ ပညာရည်နို့ သောက်စို့ကြမည့် ကျောင်းတော်သူ ကျောင်းတော်သားတွေကို လက်ယပ်ခေါ်နေသည့်ဟန် …။ ကျောင်းခြံစည်းရိုး တလျှောက်မှာတော့ ခပ်ကျဲကျဲစီ စိုက်ထားတဲ့ သီဟိုဠ်ပင်ပျိုတွေက အချင်းချင်း ထိစပ်ဖို့ ကြီးထွားအားယူရင်းဖြင့် နေပူချိန်တွေကို အန်တု အရိပ်မိုးပေးဖို့ တက်ကြွနေသည့်နှယ် အရွက်တွေက စိမ်းထွားထွား…။


အိမ်ဘေးက မြေကွက်လပ်မှာတော့ ဦးထွန်းလှအောင် စိုက်ထားတဲ့ ဗူးပင်နွယ်တွေက စင်ပေါ်ကို အညွှန့်တချို့တ၀က် ရောက်လို့ပင်နေပြီ။ အိမ်နောက်ဖက်မှာကတော့ ထွန်ယက်စ လယ်ကွင်းတမျှော်တခေါ်ကို ခပ်ဝေးဝေးက တောင်တန်း နောက်ခံ မှိုင်းညှို့ညှို့ဖြင့် မြင်နိုင်သည်။


***


ကျောင်းဝတ်စုံ အဖြူအစိမ်းပေါ်ကနေ တိုက်ပုံအင်္ကျီကို ထပ်ဝတ်လိုက်၏။ မနက် ရှစ်နာရီ မထိုးတတ်သေးပေမယ့် ကျောင်းသားတချို့က ရောက်နေချေပြီ။ ကျောင်းအုပ်ကြီး ရုံးခန်းမှာ လက်ဆွဲအိတ်ကို ၀င်ထားလိုက်ပြီး ကျောင်းဝရန်တာမှတဆင့် ကျောင်းရှေ့မြင်ကွင်းကို ငေးကြည့်နေလိုက်သည်။


ကျောင်းဝင်းကြီးရဲ့ ရှေ့မှာက မြေကွက်လပ် အကျယ်ကြီး…၊ အဲဒီ မြေကွက်လပ်ကျယ်ရဲ့ ဟိုတဖက်မှာကမှ လမ်းသွယ်လေး တခု…၊ ဒီလမ်းသွယ်လေးက မြို့ကလေးရဲ့ တခုတည်းသော ကတ္တရာလမ်းကနေ ဖဲ့ဆင်းလာပြီး ကျောင်းကို လာသမျှ ကျောင်းသားတွေရဲ့ နင်းဖြတ်မှုကို ခံယူ၏။


တစတစဖြင့် ကျောင်းလာတက်သူ ကျောင်းသူကျောင်းသားတွေ များလာတဲ့ အခါမှာတော့ မြေကွက်လပ်ကျယ်ကြီးထဲမှာ အဖြူအစိမ်းတွေ ပြန့်ကျဲနေသည်မှာ ပန်းချီကားတချပ်နှယ်ပင်…။
တချို့ကတော့ ခြေကျင်…၊ တချို့မှာတော့ စက်ဘီး၊ ငွေကြေးအတန်အသင့် တတ်နိုင်သူတွေကျတော့ သူတို့ မိဘတွေက ဆိုင်ကယ်နဲ့ လိုက်ပို့လို့…။ သေးငယ်လှတဲ့ မြို့ကလေးမို့ ကိုယ်ပိုင်ကားဖြင့် ကျောင်းလာတက်သူတော့ မရှိပါချေ။

***


`တီ…တီ´
ဟွန်းသံ အဆက်မပြတ်ပေးရင်း ကျောင်းဝင်းထဲကို မောင်းဝင်လာတဲ့ ဆိုင်ကယ်တစီးက သစ်လွင်လိုက်ပါဘိ၊ ကာလပေါက်ဈေးဖြင့် တန်ဘိုး မနည်းလှသည့် ဒီဆိုင်ကယ်ကို မောင်းလာသူကလဲ အ၀တ်အစားက သစ်သစ်လွင်လွင်…၊ သူ့နောက်မှာ ထိုင်စီးလာတာက သူ့သားကလေးလား၊ သူ့တူလေးလားတော့ မသိ ကောင်လေးပုံစံက ဖြူဖြူနုနုဖြင့် အပူအပင် အင်မတန် ကင်းလှတဲ့ရုပ်ကလေး…။ ကောင်လေးက ကျောင်းခန်းထဲကို ၀င်သွားတော့ ဆိုင်ကယ်မောင်းသူလည်း စောစောကလိုပင် ဟွန်းသံ တတီတီဖြင့် ပြန်ထွက်သွား၏။


`အောင်မယ်မယ်…၊ ဒီကောင်တွေ လုပ်လာကြပြန်ပြီ´
ကျောင်းဝင်းထဲကို လှမ်းဝင်လာကြတဲ့ ကျောင်းသားသုံးလေးယောက်ကို တွေ့တော့ ဦးထွန်းလှအောင် စိတ်ထဲမှာ အထက်ပါ အတိုင်း ရေရွတ်လိုက်မိပြန်၏။ ကြည့်လေ…၊ ဒီကောင်တွေ။ ပုဆိုးခါးပုံစကို ဒူးခေါင်းလောက် မရောက်တရောက် ဖြစ်အောင် ချထားပြီးတော့ အကျီကြယ်သီးကို ရင်ဘတ်ဟနေအောင် ၀တ်ထားလိုက်သေးသည်။ လွယ်အိတ်လွယ်တာကလဲ ကြည့်…၊ စလွယ်သိုင်းလဲ မဟုတ်၊ ဘေးလဲ မကျ၊ ဘုထုံးထုံးပြီး ဆွဲကြိုးဆွဲသလို အလယ်တည့်တည့်မှာ ချိတ်လာ၏။


`ဟိတ်ကောင်တွေ´
ဟိန်းခနဲ ထွက်လာသည့် သူ့အသံကြောင့် ကောင်လေးတွေ အပေါ်ကို အလန့်တကြား မော့ကြည့်လေ၏။
`မင်းတို့ ပုဆိုးတွေ ပြင်ဝတ်စမ်း´
`ဟုတ်…၊ ဟုတ်…´
`အကျီင်္ကြယ်သီးတွေလဲ တပ်၊ မင်းတို့ တော်တော် ပူအိုက်နေလား…၊ ဟေ´
`………..´


သူ့အော်ငေါက်သံကြောင့် ကောင်လေးတွေ သူတို့ ၀တ်ပုံစားပုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အမြန်ပြန်ပြင်ဝတ်ပြီး ကျောင်းဆောင်တွေထဲကို ကုပ်ကုပ် ကုပ်ကုပ်ဖြင့် ၀င်သွားကြသည်။ သူ့ နောက်ကွယ်ကျမှ ပုံစံ ပြန်ပြောင်းရင်တော့ မပြောတတ်…။


***


`ဟင်…၊ ဟိုမှာလာနေတာ သန်းတင် ပါလား´
`ပွကြီး´ လို့ သူတို့ ကျောင်းသားအချင်းချင်း နာမည်ပြောင်ပေးထားတဲ့ သန်းတင်က ဆယ်တန်းဖြေထားတဲ့ ကျောင်းသား…။ အခုက ဆယ်တန်းအောင်စာရင်းတွေ မထွက်သေးဘဲနဲ့ ဒီကောင် ဘာလို့ ကျောင်းလာတက်တာပါလိမ့်…။ ကျောင်းဆောင်နားကို ရောက်လာတော့ လှမ်းအော်မေးရသည်။


`ဟိတ်ကောင်၊ သန်းတင်၊ မင်းဘာလာလုပ်တာတုန်း´
`အဟီး…၊ ကျနော် ကျမယ်ဆိုတာ ကျနော့်ကိုယ် ကျနော်သိလို့ ကျောင်းလာကြိုတက်တာ ဆရာကြီး၊ စာတွေ နောက်မကျအောင်´


သန်းတင် အဖြေစကားကို ကြားတော့ စိတ်ထဲမှာ ပြုံးမိ၏။ အင်းလေ၊ အရင်နှစ်တွေတုန်းကလဲ အဲဒီလိုပဲ ကိုယ့်အခြေအနေ ကိုယ်သိသူ ကျောင်းသားတချို့ ကျောင်းကြိုတက်တာတွေ ရှိတာပဲ။ မြို့ကြီးပြကြီးက ကျောင်းတွေမှာတော့ ဒါမျိုးဘယ်ရလိမ့်မလဲ၊ ဒီမှာကတော့ `သူတို့ ပညာလိုချင်ရှာလို့ပဲလေ´ လို့ ဖြည့်တွေးပြီး စာကြိုသင်ချင်လဲ သင်ကြပါစေဆိုပြီး ခွင့်ပြုထားရသည်။

***


မနက် ကိုးနာရီ ထိုးပါပြီ။


ဆရာ ဦးမြင့်စိုးက ကျောင်းတက် ခေါင်းလောင်းကို တီးလိုက်ချိန်မှာတော့ ကျောင်းဝင်းထဲမှာ၊ ကျောင်းရှေ့ မြေကွက်လပ်ထဲမှာ ပြန့်ကျဲနေသော ကျောင်းသားတွေ အားလုံး ကျောင်းခန်းတွေထဲကို စုစည်း ရောက်ရှိကုန်သည်။ သို့သော်…။


ကျောင်းရှေ့ ဟိုးခပ်လှမ်းလှမ်းမှာ…။ လူတယောက် ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ အမြန်လျှောက်လာနေ၏။ ခေါင်းပေါ်မှာလဲ ဈေးတောင်းဗန်းတခုကို ရွက်လာသေးသည်။ အပေါ်မှာ ၀တ်ထားတာက ကျောင်းစိမ်းအကျီင်္ အဖြူပေမယ့် အဖြူရောင်က ၀ါညစ်ညစ်အရောင်ပင် ဖြစ်နေပြီ။ ကျောင်းစိမ်းထဘီတော့ မ၀တ်နိုင်ရှာဘူး ထင်ပါရဲ့၊ ရိုးရိုးအရပ်ဝတ် ထဘီနှင့်…။


`သြော်…၊ ကြခတ်ချောင်းရွာက ခင်အေးညိုပါလား။ ဒီကောင်မလေး ဒီနှစ်မှ ဆယ်တန်းတက်တာ၊ ကြည့်ရတာ ဈေးရောင်းပြီးမှ ကျောင်းကို အမှီလာရတာနဲ့ တူပါတယ်´


ဦးထွန်းလှအောင် တယောက် ကရုဏာအတွေးဖြင့် ငေးနေဆဲမှာပင် ကလေးမလေးက ကျောင်းခန်းထဲ ရောက်သွားချေပြီ။


***


နောက်ထပ် မိနစ်အနည်းငယ် အကြာမှာတော့ ကျောင်းဆောင်ကြီးနဲ့ ကျောင်းသားတွေက ကြက်သားငယ်လေးတွေကို ရင်အုပ်ထဲမှာထည့်ထားတဲ့ ကြက်မကြီးအလား နွေးထွေးမှု အပြည့်ဖြင့် ပညာသင်ရက်တရက်ကို အစပျိုးဖို့ အဆင်သင့် ဖြစ်လို့ နေပါပြီ။


`စောညွှန့်ဝင်း´
`ရှိပါတယ် ခင်ဗျ´
`မောင်လှမြင့်´
`ရှိပါတယ် ခင်ဗျ´
`ဆွာရမ်ဆေး´
`ရှိပါတယ် ခင်ဗျ´
`နော် မူလျားဖောင်´
`ရှိပါတယ် ရှင့်´


ဆရာမရဲ့ အတန်းခေါ်သံပြီးရင်တော့ စာအံသံတွေ ဆူညံလာပါဦးမည်။ ထိုစာအံသံတွေက တဆင့် နိုင်ငံ့ခေါင်းဆောင်လောင်းတွေ ထွက်ပေါ်လာပါလိမ့်မည်။ ဆရာဝန်လောင်းတွေ ထွက်ပေါ်လာပါလိမ့်မည်။ အင်ဂျင်နီယာလောင်းတွေ ထွက်ပေါ်လာပါလိမ့်ဦးမည်။ ဆရာ/ဆရာမ တွေ ဖြစ်လာကြမယ့် စာသင်သားတွေလဲ ရှိပေလိ့မ်ဦးမည်။


ဒီလိုနှင့်ပင် ကျောင်းဖွင့်စနေ့လေး တရက်က တက်ကြွသစ်လွင်စွာ အစပျိုးလို့နေပါတော့သည်။


***


ကလိုစေးထူး

Tuesday, June 03, 2008

ဒီအချိန်မှာ…

တို့ အကြင်နာတွေနဲ့ ကမ်းဆင့် ကူစို့လေ…
မျက်ရည်တွေနဲ့ ဘ၀များစွာ ငိုကြွေးနေ
အသက်ရှင်လျက် ဘ၀သေ… မေတ္တာငတ်မွတ်နေ…
မုန်တိုင်းရိုင်းနိုင်ပေ… ဖြိုလှဲရက်နိုင်ပေ…
ကြမ်းတမ်းလှတဲ့ ဒီအဖြစ်ဆိုးမှာလေ…။

တို့ စေတနာတွေနဲ့ ဖေးမပါစို့လေ…
လမ်းပေါ်မှာလေ… ဆာလောင်မှုတွေ အော်ညည်းနေ
အပြစ်စင်တဲ့ ဘ၀တွေ… လွင့်စင်ခဲ့ရပေ
ကြမ္မာမျိုး ဆိုးနိုင်ပေ… မာန်လှိုင်းခက်ထန်ပေ
အိပ်မက် မဟုတ်တဲ့ ဒီအဖြစ်ဆိုးမှာလေ…။
အငြင်းပွားမှုတို့ ရပ်လို့လေ… အားလုံးတွဲလက် မြဲစို့လေ

အချင်းများမှုတို့ မေ့လို့လေ… ဖေးမမှုတို့ ပေါင်းစို့လေ
ဒို့ ကူမယ်လေ… ဒို့လှူမယ်လေ…
ချစ်ခြင်းများနဲ့ တူညီပေါင်းနိုင်စေ/ အိပ်မက် မဟုတ်တဲ့ ဒီအဖြစ်ဆိုးမှာလေ…။


စိတ်ကူးထဲက စာသားလေးတွေကို ချရေးကြည့်မိတာပါ။ ရေးနေရင်းနဲ့ သံစဉ်ထည့်ကြည့်ဖို့ စိတ်ကူးရလာလို့ ကြိုးစားကြည့်မိပါတယ်။ နည်းပညာ အားနည်းမှုကြောင့် အဆင်မပြေလှပေမယ့် မမေ့မလျော့သွားရအောင် အဲဒီ သီချင်းအကြမ်းကိုပဲ ဘလော့ဂ်ပေါ်မှာ တင်ပါရစေ။ `ဒီအချိန်မှာ…´ လို့ အမည်ပေးထားတဲ့ ကဗျာမမည်၊ သီချင်းမပီ တမ်းချင်းကို နားဆင်ချင်တယ် ဆိုရင်တော့ …။

… - klosayhtoo

ကလိုစေးထူး

Sunday, June 01, 2008

ကူညီကာ ဖေးလို့ မကူပေမယ့်…

`ဟော…၊ လာပြီထင်တယ်ဟေ့´

တစုံတယောက်၏ အော်ဟစ်သံနှင့်အတူ လမ်းဘေးမှာ အစီအရီ ထိုင်နေကြသော လူများ၏ မျက်နှာကိုယ်စီက တိုင်ပင် ကိုက်ထားစရာမလိုပါဘဲနှင့် ကားသံကြားရာဆီသို့ မျှော်လင့်ချက် အပြည့်ဖြင့် ငေးမျှော်လိုက်ကြ၏။ ခပ်လတ်လတ် ဒိုင်နာကားအဖြူ တစီးက တအိအိဖြင့် မောင်းလာရင်း လူအုပ်ကြီး အနားကို ဖြတ်သွားချိန်မှာတော့ အရွယ်ပေါင်းစုံဖြင့် လူအုပ်ကြီးထံမှ အသံတွေက အလုအယက် ထွက်လာပါတော့သည်။

`ရေလေး တပုလင်းလောက်´

`သားတို့ ဗိုက်ဆာနေလို့ စားစရာလေးတွေ ပစ်ချပေးပါ´

`အမေကြီးကို တခုခုကျွေးပါ´

ကားနောက်ခန်းမှာ ပါလာသော အသက်ခပ်ရွယ်ရွယ် လူငယ်တချို့ထံမှ ခေါက်ဆွဲခြောက်ထုပ်၊ မုန့်ခြောက်ထုပ်၊ သကြားလုံး တချို့နဲ့ ရေပုလင်းတွေက လူအုပ်ကြီးထံဆီသို့ ၀ဲပျံ့လာချိန်တွင်မှာတော့ စောစောက အသံတွေက နဂိုထက် ပိုလို့ပင် ဆူညံစွာ ထွက်ပေါ်လာလေတော့သည်။ ရှုရက်စရာ မရှိသော မြင်ကွင်းကြောင့်ထင့်၊ စောစောက ခြစ်ခြစ်ပူနေသော နေမင်းသူရိန်သည်ပင် တိမ်လွှာကြားသို့ အလျင်အမြန်ပြေးဝင်ပြီး မသာမယာ မျက်နှာထားကို ပုန်းကွယ်လိုက်လေ၏။

`ဟိုးရှေ့မှာ အကိုတို့ အမတို့ထက် ပိုဒုက္ခရောက်နေသူတွေ ရှိနေသေးလို့ အခုလောက်နဲ့ ကျေနပ်ကြပါနော်´

ဒိုင်နာကားနောက်ခန်းပေါ်က လူရွယ်က လူအုပ်ကြီးကို မရွှင်မလန်း မျက်နှာဖြင့် တချက်ငေးကြည့်လိုက်ရင်း တုန်ရီသော အသံဖြင့် အထက်ပါအတိုင်း ပြောပြီးချိန်မှာပင် ကားမောင်းသူက ကားအရှိန်ကို အတန်ငယ် မြှင့်လိုက်လေရာ လေထဲမှာ လက်တွေကို ဖြန့်ထားသော မျှော်လင့်ချက် မျက်လုံးတွေက ကားသွားရာ တဆုံးထိ ငေးမျှော်ပြီး ကျန်ရစ်ခဲ့ကြပြန်သည်။

နောက်တော့ လူအုပ်ကြီးက တိတ်ဆိတ်လွန်းလှစွာဖြင့်ပင် လမ်းဘေး တဖက်တချက်စီမှာ ငုပ်တုပ်ကလေးတွေ ထိုင်ပြီး တခုခုကို ဆက်စောင့်ကြရပြန်ပါတော့သည်။

***

`လာပြန်ပြီဟေ့…´

ဒီတခါ လာတဲ့ကားကတော့ အတန်ငယ်ကြီးမားသော လော်ရီကားကြီးမို့ လူအုပ်ကြီးက စောစောကထက်ပင် ပိုလို့ တက်ကြွလေဟန် စုရုံးစုရုံးဖြင့် စီစီညံနေသော အသံတွေက ပိုလို့ ကျယ်လောင်လာပြန်ပါသည်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ နီးလာတဲ့ ကားကြီးက စောစောက ဒိုင်နာကားလို အရှိန်မလျော့ဘဲ ပုံမှန်သွားမြဲ သွားမည့်ဟန်ကို မြင်ရလေတော့ လူတွေရဲ့ မျှော်လင့်ချက် မျက်လုံးတွေက အရောင်တွေ မှိန်သွားကြပြန်၏။ ဒါတောင် ကားကြီး ဝေါခနဲ ဖြတ်သွားစဉ်မှာ အသံတချို့က ကားကြီးနောက်ကို အလုအယက် လိုက်ပါသွားပါသေးသည်။

`ဗိုက်ဆာလွန်းလို့ တခုခုချပေးခဲ့ပါ´

***

ညနေစောင်းလုလု အချိန်ကို ရောက်ခဲ့ပါပြီ။

အရောင်ဖျော့စ ပြုလာသော နေရောင်နဲ့အတူ ၀န်းကျင် တခွင်က နဂိုထက် ပိုမိုညှိုးယော်လာသည့်တိုင်အောင် လမ်းဘေးမှာ ထိုင်နေတဲ့ မျှော်လင့်ချက် မျက်လုံးပိုင်ရှင်တွေက နေရာကနေ မရွေ့ကြသေးပါ။ ကျောရိုးခပ်ပြိုင်းပြိုင်း၊ အင်္ကျီဗလာနဲ့ လူတယောက်က စောစောက အသည်းအသန် တိုးဝှေ့လုကောက်ထားရသော ကိတ်မုန့်ထုပ် တထုပ်ကို ဖြည်စားနေသည်။ သူ့ဘေးမှာတော့ ကလေးငယ်ကို ခါးထစ်ခွင် ချီထားတဲ့ မိန်းမတယောက်က ယမ်ယမ်ခေါက်ဆွဲခြောက် တထုပ်ကို ဒီအတိုင်းချိုးချေပြီး ခေါက်ဆွဲခြောက်နည်းနည်းဝါးလိုက်၊ ချီထားတဲ့ ကလေးငယ် ပါးစပ်ထဲကို ခွံ့လိုက်နှင့် အလုပ်များနေ၏။

ဟိုဘက် ခပ်လှမ်းလှမ်းမှာတော့ သကြားလုံးအများကြီး ရထားသော ကလေးဆီမှာ တခြားသော ကလေးတွေက ကလေးတို့ သဘာဝ `ငါ့လဲ နည်းနည်းကျွေး´ ဟု တောင်းစားနေ၏။ ခဏအကြာမှာတော့ `မရှိတော့ဘူး၊ ကုန်ပြီဟ´ ဆိုသော အော်သံတခု ထွက်ပေါ်လာအပြီးမှာတော့ ကလေးတွေရဲ့ မျက်လုံးတွေက ကားလမ်းမရဲ့ ဟိုးခပ်ဝေးဝေးဆီကို ပြန်ရောက်သွားကြပြန်ပါသည်။

`ရေလေး တပေါက်လောက် သောက်ချင်လိုက်တာ´

တိုးလျလျ ညည်းတွားသံတခုက အတော်အတန် အသက်ကြီးရင့်နေဟန် အမယ်ကြီးတယောက်ဆီမှ ပေါ်ထွက်လာ၏။ အင်္ကျီဗလာနဲ့လူက အမယ်ကြီးအနားကို ခပ်သွက်သွက်သွားပြီး သူ့ရဲ့ ခါးပိုက်ထောင်ထဲက သောက်လက်စ ရေသန့်ဗူးကို ပေးလိုက်သည်။

***

ကားတစီး…၊ အဝေးကမို့ ရုတ်တရက်တော့ ကားတစီးတည်းလို့ ထင်နိုင်ပေမယ့် တကယ်တော့ တစီးမကပါ၊ နှစ်စီး…၊ သုံးစီး..ခန့်ရှိမည့် ကားတန်းငယ် တခု…။ နေရောင် မပျောက်သေးပေမယ့် ရှေ့မီးသီးကြီးတွေ ဖွင့်မောင်းလာတာမို့ စောစောက ကားတွေနဲ့ မတူ တမူထူးခြားနေ၏။ လူတွေရဲ့ မျှော်လင့်ချက် မျက်လုံးတွေက ကားမီးရောင်တွေကို အန်တုမည့်ဟန် အရောင်တွေ လက်လာကြပြန်သည်။ အားလုံးရဲ့ မျက်လုံးတွေကလည်း ထိုကားတန်းဆီကို စူးစိုက်ငေးကြည့်နေကြသည်။

တဖြည်းဖြည်းနဲ့ နီးလာတဲ့ ကားတန်းကို ကြည့်နေရင်းမှ ထိုကားများ၏ အရောင်ကို သတိထားမိသူ တယောက်က အလန့်တကြား အော်ဟစ်လိုက်၏။

`ဟာ၊ စစ်ကားတွေဟ၊ ပြေး…၊ ပြေး´

ဝုန်းခနဲ ပြေးလွှားကြတဲ့ လူအုပ်ကြီးရဲ့ ခြေလှမ်းတွေကို ကြောက်ရွံ့ခြင်းတွေက အားဖြည့်ပေးလိုက်တော့ စောစောက မျှော်လင့်ခြင်းတွေက တမုဟုတ်ခြင်း ပျောက်ကွယ်သွားရတော့သည်။ စောစောက ပေးကူသူနဲ့ ကမ်းယူသူတို့ရဲ့ ပတ်ဝန်းကျင်လေးမှာ အခုတော့ `ဟဲ့၊ အငယ်လေး မြန်မြန်ပြေးလေ၊ ဘာငေးနေတာတုန်း´ `ဖိုးမောင်ရေ၊ ညီလေးကို လက်မလွတ်စေနဲ့နော်´ `မြန်မြန်လာပါဟ´ အစရှိသော အသံပေါင်းစုံကသာ အလုအယက် ထွက်ပေါ်နေလေတော့သည်။

လူအုပ်ကြီး ထိုင်စောင့်နေခဲ့တဲ့ နေရာကို ကားတန်းရောက်လာချိန်မှာတော့ ဘယ်လိုမှ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို တဦးတလေနဲ့ ကလေးတယောက်နှစ်ယောက်သာ လမ်းနံဘေးမှာ မျက်လုံးလေးတွေ အကြောင်သားဖြင့် ကျန်ခဲ့၏။

`ခင်ဗျားတို့က အဲဒီ လမ်းဘေးမှာဘာလုပ်နေကြတာလဲ´

`ခင်ဗျားတို့ အဲဒီလို လမ်းဘေးမှာ ထိုင်တောင်းနေတာ နိုင်ငံ ဂုဏ်သိက္ခာကို ဘယ်လောက် ထိခိုက်တယ် ထင်လဲ´

`ရေသာခို အချောင်လိုက်တဲ့ စိတ်ကို မွေးပြီး ကိုယ့်လူမျိုးနာမည် ကိုယ်မဖျက်စမ်းပါနဲ့´

`သွား၊ ကိုယ့်နေရာကိုယ်´

`ဒီတကြိမ်တော့ သတိပေးရုံပေးလိုက်မယ်၊ နောက်တခေါက်လာလို့ ရှိနေတဲ့လူတွေ အကုန် အချုပ်ထဲထည့်ခံရမယ်´

အတန်ငယ် အကြာမှာတော့ ရေတပေါက်၊ ထမင်းတလုပ်မှ ထွက်ကျမလာသော်ငြား ရင့်သီးမောက်မာမှုတွေကို အပြည့်တင်ဆောင်လာသော ကားတန်းကြီးက ဆောင့်ကြွားကြွားနိုင်လှစွာဖြင့် အပြင်းမောင်းထွက်သွားကြလေသည်။

***

ည အမှောင်သို့ ရောက်ခဲ့ပါပြီ။

ခြင်တွေက တ၀ီဝီနဲ့ လေအေးတွေ တစိမ့်စိမ့်တိုက်နေတဲ့ ကားလမ်းဘေးက တိတ်ဆိတ်လို့ နေသော်လည်း သေသေချာချာ သတိထားကြည့်ရင်တော့ လမ်းမထက်ကို သတိနဲ့ မျှော်ငေးနေတဲ့ လူပေါင်းများစွာ ဆိတ်ငြိမ်စွာ ထိုင်နေသည်ကို တွေ့နိုင်ပါလိမ့်မည်။

ထိုထို လူပေါင်းများစွာဟာ တကယ်ပဲ နိုင်ငံဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နေတာပါလား။ ဒါဖြင့် အရင်တုန်းက ဒီလမ်းဘေးမှာ ဒီလူတွေ ဘာလို့ မရှိရတာပါလဲ။ ဒီလူတွေ လမ်းပေါ်ထွက်တောင်းနေရတဲ့ အခြေအနေတွေက ဘာကြောင့်ပါလဲ၊ ဒီလူတွေကရော တောင်းနေရတာကို စိတ်ထဲပါလွန်းလှတယ်လို့ ဘယ်သူက ထင်ရက်နိုင်ပါသနည်း။

နိုင်ငံ့မျက်နှာစာ တခုဖြစ်တဲ့ နေ့စဉ်ထုတ် သတင်းစာနောက်ကျောဖုံးကတော့ ပေါကြောင်ကြောင် အမိန့်တခုကို စိတ်မသက်သာလှစွာ နာခံရင်းဖြင့်ပင် အကျည်းတန်စာတန်းတွေကို ဘယ်နှစ်ရက်တိုင်အောင် ဖော်ပြနေဦးမည်ဆိုတာ မသိနိုင်တော့ပါချေ..။

ကလိုစေးထူး


(တွေ့မိ၊ ဖတ်မိတဲ့ သတင်းတွေနဲ့ ရုပ်သံမှတ်တမ်းတွေကို အခြေခံပြီး ပုံဖော်ရေးဖွဲ့အပ်ပါတယ်။