Showing posts with label အတို့အဆိတ်. Show all posts
Showing posts with label အတို့အဆိတ်. Show all posts

Monday, August 25, 2008

သိန်းဦးလိုလူ...။

တွေ့ပြန်ပါပြီဗျာ…၊ ဒင်းကို…။

တယောက်ယောက်ကို မျှော်နေတဲ့ပုံစံ လည်တဆန့်ဆန့် မေးတမျှော်မျှော်နဲ့ သင်္ဘောဆိပ်အဆင်း ဂိတ်ဝနားမှာ ဘယ်အချိန်ကတည်းက ရောက်နေလဲတော့ မသိဘူး။ စပို့ရှပ်အင်္ကျီ စင်းကျား ကို အထင်းသားဝတ်လို့ ခါးမှာလဲ စတိုင်လ်ဘောင်းဘီက အခန့်သားနဲ့ ရုပ်ရှင်မင်းသားလိုလို ဘာလိုလို…။ ရုပ်ကလဲ ရယ်တော့မလို၊ ပြုံးတော့မလို စပ်ဖြီးဖြီးရုပ်…။ ဒင်းကို မြင်လိုက်တာနဲ့ ကျုပ်တော့ အတတ်သိလိုက်တယ်။ ဒီနေ့ မြို့ကိုသွားမယ့် သင်္ဘောမှာ ဒင်းအတွက် အရေးကြီးပုဂ္ဂိုလ် တယောက်ယောက် ပါတော့မယ်လေ။

***

ဒီလူ့နာမည်က သိန်းဦး… တဲ့။

ဟိုးအရင်ကတော့ သိန်းဦးဆိုတာက ရပ်ကွက်ထဲက ဘီအီးဒီစီဆိုင်မှာ အရက်စပ်ရောင်းတဲ့လူ…။ ဘီအီးအဆီနဲ့ရေကို ဘယ်လိုစပ်ရင် သူ့အတွက် ဘယ်လောက်ကျန်မယ် ဆိုတာကလွဲရင် သိန်းဦး ဘာမှမသိ…။ သိလောက်အောင်လဲ သူ့မှာ ဘာအသိပညာ၊ ဉာဏ်ရည်ဉာဏ်သွေးမှ ရှိတာမှ မဟုတ်ဘဲ…။ ကိုးတန်းနဲ့ ကျောင်းထွက်ပြီးတော့ ဘယ်လိုက ဘယ်လို အကပ်ကောင်းလို့လဲတော့ မသိဘူး၊ အဲဒီ အလုပ်ကိုရနေတာလေ။

ဒါပေမယ့် ခေတ်ဆိုတာက ခက်သား…။ ဘယ်လောက်အထိ ခက်သလဲဆိုရင် အခုခေတ်ဟာ အထုပ်ကြီးတထုပ်ထဲမှာ ဘုရားဆင်းတုတော်ရော၊ စာအုပ်တွေရော၊ အ၀တ်အထည်တွေရော၊ အတွင်းခံဘောင်းဘီတွေရော လုံးထွေးထည့်ထားတာနဲ့ တူနေတဲ့ခေတ်…။ တခါတလေကျတော့ အတွင်းခံဘောင်းဘီက အပေါ်ရောက်လိုရောက်၊ ဆင်းတုတော်မှာ ဇောက်ထိုးဖြစ်လိုဖြစ်နဲ့ တော်တော့ကို ဂွကျနေတဲ့ခေတ်…။

အဲဒီလို ဂွကျတဲ့ ခေတ်ထဲမှာမှ ကံအားလျော်ချင်တော့ သိန်းဦးက အရက်စပ်ရောင်းရင်းနဲ့ပဲ ပြောင်ပြောင်ရောင်ရောင်လေး ဖြစ်လာပါလေရော…။ ငွေစကလေးက ရွှင်လာတော့ လူ့ဘုံဘာဝတို့ရဲ့ ထုံးစံအတိုင်း အရပ်ထဲမှာ သိန်းဦးတို့ ထိုးထိုးထောင်ထောင် ဖြစ်လာတာပေါ့။ အဲဒီလိုနဲ့ သိန်းဦးတို့ ကံဇာတာထွားလာလိုက်တာများ လမ်းလူကြီး…၊ ဆယ်အိမ်ခေါင်းကနေ နောက်တော့ ရပ်ကွက်ဥက္ကဋ္ဌပါ ဖြစ်ပါလေရော…။

ကျုပ်တို့မြို့မှာက ရပ်ကွက်လူကြီး အလုပ်ဆိုတာက တော်ရုံတန်ရုံနဲ့ ရေရှည်ခံတဲ့ အမျိုးမဟုတ်ဘူး။ ဘာကြောင့်မှန်းကို မသိဘူး၊ ရပ်ကွက်လူကြီးနေရာမှာ ရေရှည်ခံတဲ့လူဆိုတာ တော်တော်ရှားတယ်။ သိပ်ပြီးတော့ ဒဏ်မခံနိုင်ကြတာလဲ ပါမလားတော့ မသိဘူး။

ဒါပေမယ့် သိန်းဦးကျတော့ အဲဒီလို မဟုတ်ဘူး။ သူက နပ်တယ်။ နပ်တာမှ ပါးပါးလေးနဲ့ လှပ်နေအောင် နပ်တော့ ရပ်ကွက်လူကြီး သက်တမ်းက ရှည်လာလိုက်တာ အခုဆို နှစ်ပေါင်း ဘယ်နည်းတော့မတုန်း…။

သိန်းဦး နပ်တယ်ဆိုတဲ့ ပုံစံကိုလဲ ပြောပြရဦးမယ်။ သူက တွေ့သမျှလူ အကုန်လုံးကို ရောတာ…၊ ရောတာမှ မြို့မျက်နှာဖုံးလိုဖြစ်နေတဲ့ လူကြီးသူမကနေ အစ အရပ်ထဲက လူငယ်လေးတွေ အဆုံး အကုန်လုံးကို သူ့မျက်နှာကြီး စပ်ဖြီးဖြီးနဲ့ လိုက်ရောတာပဲ။ ဒါကြောင့် အရပ်ထဲက အစည်းအဝေး တခုခုမှာ သိန်းဦးကို မြင်နိုင်သလို လူငယ်တွေ လက်ဖက်ရည်ဝိုင်းမှာလဲ ပြုံးဖြဲဖြဲနဲ့ ၀င်ရောနေတဲ့ သိန်းဦးကို မြင်နိုင်တယ်။

ပထမတော့ လူတွေက `ကိုသိန်းဦးက သဘောကောင်းတယ်´ `သိန်းဦးက လူတော်ဟေ့၊ ဖော်ဖော်ရွေရွေလဲရှိတယ်´ `ဦးသိန်းဦးက ပျော်ပျော်နေတတ်တာ´ အစသဖြင့်နဲ့ အားလုံးက အကောင်းမြင်ကြတာပေါ့။ မြင်လောက်အောင်ကိုလဲ သိန်းဦးက နေခဲ့ထိုင်ခဲ့တာလေ…။

နောက်ပိုင်းကျတော့ သိန်းဦး သဘောကောင်းတာ လူရွေးပြီး သဘောကောင်းလာတယ်။ ကျုပ်တို့မြို့က သိပ်ပြီးတော့ အေးချမ်းလှတဲ့ နေရာမဟုတ်တော့ နယ်မြေခံတပ်ရင်းချည်းပဲ သုံးရင်းတောင် ရှိတယ်။ အမြောက်တပ်က တရင်းနဲ့ စစ်ဗျူဟာပါ တခုထပ်ထိုင်လိုက်တော့ ဟိုးအရင်အချိန် နယ်မြေခံတပ် တတပ်ပဲ ရှိခဲ့တုန်းကထက်စာရင် မြို့က ပိုပြီး စစ်စိမ်းရောင် ထလာတာပေါ့။ အဲဒီမှာတင် သိန်းဦးရဲ့ လူရွေးချယ် သဘောကောင်းရေး အစီအစဉ်က စတော့တာပဲ။

ရှေ့တန်းစစ်ဆင်ရေးတွေကနေ နားတဲ့အခိုက်မှာ စစ်ဗိုလ်ကလေးများ မြို့ထဲကို တခါတလေ ဈေးဝယ်ထွက်လာတာတို့၊ လက်ဖက်ရည်ဆိုင်ကို လာတာတို့နဲ့ သိန်းဦးနဲ့ ကြုံလိုက်ပြီဟေ့ ဆိုရင်တော့လား…၊ `ဗိုလ်ကြီး၊ ကျနော်က သိန်းဦးပါ၊ ရပ်ကွက်(၄) ဥက္ကဋ္ဌပါ၊ ဒီဝိုင်းကို ကျနော်ရှင်းလိုက်မယ်နော်၊ ဗိုလ်ကြီးတို့ ဗိုလ်မှူးတို့ ရပ်ကွက်ထဲရောက်တဲ့အခိုက်မှာ တခုခု လိုရင် ကျနော့်ကိုပြောပါ´ ဆိုတာမျိုး ၀င်ရောတာ…။ ပါးစပ်က ပြောနေရင်းနဲ့လဲ ဘေးကို `ဟေ့၊ ဒီဝိုင်းမှာ ဘာလိုလဲ၊ ဖြည့်ပါဟေ့၊ ပြီးရင် ငါအားလုံးလာရှင်းမယ်´ လို့ ကောင်တာကို လှမ်းအော်လိုက်သေးတာ။ တပ်ထဲက စစ်ဗိုလ်ဆိုတာကလဲ အရပ်ထဲကို ထွက်တုန်းထွက်ခိုက်မှာ အခုလို ဖော်ဖော်ရွေရွေ နှုတ်ဆက်သူ ရှိတော့လဲ ကျေနပ်တာပေါ့…။ ဒီလိုနဲ့ပဲ ဗိုလ်ကြီး၊ ဗိုလ်ကလေး ဗိုလ်မှူးနဲ့ ဗိုလ်ပေါင်းများစွာနဲ့ သိန်းဦး အသိအကျွမ်းအရင်းအနှီးတွေ ဖြစ်လိုက်တာ တဖြည်းဖြည်းနဲ့ သိန်းဦး မသိတဲ့ စစ်ဗိုလ် တယောက်မှကို မရှိတော့ဘူး။

သူ့ဘာသာသူ စစ်ဗိုလ်နဲ့ ရင်းနှီးတာ၊ သိကျွမ်းတာ ဘာဖြစ်သလဲလို့ မေးစရာရှိပေတယ်။ ဒါပေမယ့် ဖြစ်နေတာက အရပ်ထဲကလူတွေ မဟုတ်ဘူး၊ သိန်းဦးကိုက ဖောက်လာတာလို့ ပြောရမယ်ထင်တယ်။ သိန်းဦးတယောက် ဘယ်လိုဖြစ်တယ် မသိဘူး။ အဲဒီ စစ်ဗိုလ်တွေနဲ့ သိကျွမ်းရတာ၊ ရင်းနှီးရ၊ ခင်မင်ရတာကို သူ့မှာ ဂုဏ်ယူလို့မဆုံးဘူး။ အရပ်ထဲမှာ သိန်းဦးပါတဲ့ စကားဝိုင်းမှာဆိုရင် `ဘယ်ဗိုလ်မှူးက ဘယ်ကနေ ပြောင်းလာတာ၊ ဘယ်သူကတော့ဖြင့် သူနဲ့အတူတူ ဘယ်ခရီးမှာဆုံတုန်းက ဘယ်လို သဘောကောင်းတာ၊ ပြောင်းသွားတဲ့ ဘယ်ဗျူဟာမှူးကတော့ဖြင့် ဘယ်လိုစိတ်မျိုးရှိတာ´ ဘာညာသာရကာနဲ့ ရွှမ်းရွှမ်းဝေအောင် ပြောနေတော့တာပဲ။ ကြာတော့ လူတွေက မြင်ပြင်းကပ်၊ နားကြားပြင်းကပ်စ ပြုလာတာပေါ့…။

အဲဒါနဲ့ပဲ အမြင်တော်တော်ကပ်နေပုံပေါက်တဲ့ ကာလသားခေါင်း တယောက်က `သိန်းဦး သောက်ရူး၊ စစ်ဗိုလ်တွေနဲ့ ပလူး´ ဆိုပြီး သူ့အိမ်ရှေ့ စာသွားကပ်ပါလေရော…။ သိန်းဦးလား…၊ ဘယ်နေမလဲလေ။ သူလို ရပ်ကွက်အကျိုး သယ်ပိုးနေတဲ့လူကို ဒီလိုဒီလို လာစော်ကားပါတယ်ဆိုပြီး သူနဲ့ရင်းနှီးတဲ့ စစ်ဗိုလ်တွေရှေ့ ငိုပြလိုက်တာ ဟိုမောင်ခမျာ အချုပ်ထဲခေါ် အထုခံရပါလေရောလား…။

ဒါထက် ပိုဆိုးလာတာက တခုက သူ့ဘာသာသူ အကောင်ကြီးကြီး၊ အကောင်သေးသေးတွေနဲ့ ရင်းနှီးတာ (တကယ်က အတင်းကြီး လိုက်ရောထားတာကိုး) ကို သူ့ကိုယ်သူ သိပ်အရေးပါတဲ့လူလို့ ထင်လာတာပဲ။ `ဒီနေ့တော့ တော်တော်ပင်ပန်းတယ်၊ တပ်မှူးက ဆေးရုံကို လာစစ်မယ်ဆိုတော့ ဆရာဝန်ကြီးဆီသွားပြီး တပ်မှူးရဲ့အထာကို သွားပြောပြထားရတယ်၊ တော်ကြာ တလွဲတွေ ဖြစ်ကုန်မှ အခက်´ ဆိုတာက တမျိုး `ဗျူဟာမှူးခိုင်းထားတဲ့ အလုပ်တွေနဲ့ ရှုပ်နေတာ၊ အိမ်ကိုတောင် မကပ်နိုင်ဘူးဗျာ´ ဆိုတာကတဖုံ ပြောတာတွေက သိပ်တောင် မထူးဆန်းတော့သလို ဖြစ်လာတယ်။ ဒါပေမယ့် သိန်းဦး သတိမထားမိခင်မှာပဲ အရပ်ထဲကလူ အတော်များများက သူ့ကို တော်တော်ချဉ်နေပြီ။ သိန်းဦးကတော့ ဒါကို မသိဘူး။

***

သင်္ဘောက မနက် ၉ နာရီဆိုရင် ထွက်တော့မယ်။ အခု ၈ နာရီ ၁၅ မိနစ် သာသာတော့ ရှိပြီ။ သိန်းဦးကတော့ ကုန်းပေါ်ကို လည်တဆန့်ဆန့်နဲ့ မျှော်လို့ကောင်းတုန်းပဲ…။

သိပ်မကြာပါဘူး။ ကုန်းပေါ်ကနေ စစ်စိမ်းရောင် တရုတ်လုပ် လန်ဂျန်း (Lanjian) ကားတစီး ဖြည်းဖြည်းချင်း မောင်းဆင်းလာတယ်။ ကားခေါင်းခန်းထဲက ကားမောင်းသမားရဲ့ဘေးမှာ ၀၀ဖိုင့်ဖိုင့်နဲ့ လူတယောက် ပါလာတယ်။ နောက်ခန်းမှာတော့ စစ်သားသုံးလေးယောက်ပေါ့…။ သိန်းဦးမျှော်နေတာ သူပဲ ထင်တယ်။ သူ ဘာဆက်လုပ်မလဲ…။ ကျုပ် အသာငေးကြည့်နေလိုက်တယ်။

ကားရပ်ပြီ ဆိုတာနဲ့ သိန်းဦးတယောက် ကားခေါင်းခန်းနားကို လှစ်ခနဲနေအောင် ရောက်သွားတယ်။ ကားတံခါးကို ဆွဲဖွင့်ပြီး ရှိသမျှ သွားတွေကို ဖြီးလို့ အဲဒီ ၀၀ဖိုင့်ဖိုင့်နဲ့ လူကို ခါးလေးညွှတ်ပြလိုက်တယ်။ ဟိုလူကလဲ ခေါင်းတဆတ်ဆတ်ငြိမ့်လို့ သိန်းဦးကို ပြုံးပြပြီး အောက်ဆင်းလာတယ်။ ပြီးတော့ သင်္ဘောဆိပ်ကို ဆင်းလာကြတော့ သိန်းဦးက အနောက်မှာ ခပ်ရို့ရို့လေး လိုက်လာတယ်။

သင်္ဘောပေါ်ရောက်တော့ ဟိုလူက သိန်းဦးကို `ကဲ၊ ကိုသိန်းဦးရေ သွားမယ်ဗျာ´ လို့ လှမ်းနှုတ်ဆက်တယ်။ သိန်းဦးက `ဟုတ်ကဲ့ပါဗိုလ်မှူး´ လို့ ပြောပြီး သင်္ဘောအထွက်ကို လက်ကလေးအသာယှက်လို့ ငေးနေသေးတယ်။

***

အခုနေ ကျုပ်စိတ်ထဲမှာ ဘာလုပ်ချင်နေလဲလို့ လာမေးမယ်ဆိုရင် ကျုပ် အားရပါးရ ဖြေချင်တာ တခုရှိတယ်။ အဲဒါကတော့ အဲဒီ ကမ်းစပ်မှာ ရပ်ကျန်ခဲ့တဲ့ သိန်းဦးကို အနောက်ကနေ ဖနောင့်နဲ့ ပေါက်ပြီး မြစ်ထဲ ဗွမ်းခနဲကျသွားအောင် ကန်ချပစ်ချင်နေတယ်။ ဒီလိုလူတွေ အရပ်ထဲမှာ ဘယ်လောက်အထိ နေရာရနေဦးမလဲဆိုတာ မသိဘူး။

ဒါပေမယ့်…။

အဲဒီလို သွားလုပ်ရင် ဘယ်ဖြစ်လိမ့်မလဲလေ…။ တော်ကြာ သိန်းဦး ငိုပြလိုက်ရင် ဟိုကာလသားခေါင်း ခံရတာထက်တောင် ပိုဆိုးဦးမှာ…။ အသာအောင့်ထားလိုက်ဦးမှပါလေ…။ မဖြစ်သေးပါဘူး…။ စိတ်ထဲကတော့ ဆုတောင်းနေမိတာ အမှန်ပဲ။ အရပ်ထဲမှာ သိန်းဦးလိုလူတွေ များများ ထပ်မပေါ်လာပါစေနဲ့လို့။


ကလိုစေးထူး

Saturday, August 23, 2008

ကြောင်နှင့်ရေ...။

အစည်းအဝေး ခန်းမထဲ၌ လူစုံသလောက် ရှိချေပြီ။

တချို့က သူတို့ရှေ့က ဖိုင်တွဲကိုဖွင့်ပြီး အလွန်တရာမှ စိတ်ဝင်စားနေလေဟန် ငုံ့ဖတ်နေ၏။ တချို့ကတော့ ရှေ့မှာချထားတဲ့ အဲဒီဖိုင်တွဲကိုပဲ တခါမှမမြင်ဖူးတဲ့ တစိမ်းပြင်ပြင်နှယ် အကြောင်သားငေးနေ၏။ သို့သော် သူတို့အားလုံး ထိုင်နေကြတဲ့ U ပုံစံ စားပွဲရဲ့ ထိပ်ဆုံးက နေရာက ပုဂ္ဂိုလ်ကတော့ မရောက်သေး…။ ထိုင်သူမဲ့နေသေးသော အဲဒီနေရာမှာလဲ ဖိုင်တွဲတခုကို အသင့်ဖတ်နိုင်အောင် ပြင်ထားသေးသည်။ တချို့ကတော့ အစည်းအဝေးခန်းမ အ၀င်ဝသို့ လည်တဆန့်ဆန့်…။

အစည်းအဝေး ခန်းမရဲ့ ဟိုဘက်ထောင့်မှာတော့ ပရိုဂျက်တာ၊ ကွန်ပျူတာများနှင့် လူတယောက် ဟိုပလပ်ထိုး၊ ဒီပလပ်သွယ်နှင့် အလုပ်ရှုပ်နေ၏။

အတန်ငယ်ကြာတော့…။

အခမ်းအနားမှူး ဖြစ်ဟန်တူသူ တယောက်က `သဘာပတိ ကြွလာပါပြီ´ ဟု ကြေညာသံနှင့်အတူ ခန်းမထဲ ရှိနေသူ အားလုံး တိုင်ပင်မထားရပါဘဲနှင့် အလိုလို မတ်တပ်ရပ်ပြီးသား ဖြစ်သွားကြသည်။ ခန်းမထဲ ၀င်လာသော ပုဂ္ဂိုလ်ကြီးက သူ့အတွက် ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး ခန်းမထဲကို ရောက်နှင့်နေသော လူအားလုံးကို ရှုတည်တည်နဲ့ ကြည့်လိုက်ရင်း မေးတချက် ဆတ်ပြလိုက်တော့ အားလုံး ပြန်ထိုင်ကြသည်။

အားလုံး တိတ်ဆိတ်သွားချိန်မှာပင် အခမ်းအနားမှူးရဲ့ ကြေညာသံက ခန်းမထဲက လူများ၏ စာရွက်လှန်သံ တဖျတ်ဖျတ်ကို ဖောက်ထွင်းပြီး ပေါ်ထွက်လာ၏။

`သဘာပတိ ရောက်လာပြီ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ `မြန်မာဘလော့ဂ်များဆိုင်ရာ လပတ် အစည်းအဝေး´ ကို စတင်ပါတော့မယ် ခင်ဗျား´

***

`မြန်မာဘလော့ဂ်များဆိုင်ရာ လပတ်အစည်းအဝေး´

ဒီအစည်းအဝေးကို ပြုလုပ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ ဒီလိုနေရာမျိုးမှာ ဒီနာမည်နှင့် အစည်းအဝေးမျိုးကို အခုလို လုပ်ရလိမ့်မည်ဟုလဲ ခန်းမထဲရောက်နေကြသူ အားလုံး ဘယ်တုန်းကမှ မတွေးမိခဲ့ကြပေ…။ ယုတ်စွအဆုံး လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က အထိ ဘလော့ဂ်ဟူသည့် စကားလုံးကိုပင် သူတို့အားလုံး မသိခဲ့ကြ၊ မကြားဖူးခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ အခုတော့ `မြန်မာ ဘလော့ဂ်များဆိုင်ရာ လပတ်အစည်းအဝေး´ ကတော့ ပြုလုပ်ဖြစ်ခဲ့ကြပါပြီ။

ခန်းမထဲမှာ ထိုင်နေကြသူတွေ ကိုယ်စီရဲ့ အရှေ့မှာ သုံးမြှောင့်ပုံ သစ်သားတုန်းကလေးတွေက သူတို့ကိုယ်သူတို့ ကိုယ်စားပြုနေကြသည်။ အဆိုပါ ဘလော့ဂ်နာမည်တွေကတော့…။

ကာကွယ်ရေး၊ ပြည်ထဲရေး၊ သာသနာရေး၊ စည်ပင်သာယာရေး၊ သစ်တောရေး၊ လျှပ်စစ်စွမ်းအား၊ … … … … … …။ ယင်းနောက် ဟိုးနောက်ဘက် ခပ်ကျကျ စားပွဲထိပ်စွန်း နှစ်ဘက်မှာမှ ပြည်ခိုင်ဖြိုး နှင့် စွမ်းအားရှင် ကိုယ်စားပြု ပုဂ္ဂိုလ်နှစ်ယောက်က တဘက်တချက်စီမှာ ထိုင်နေကြ၏။

***

အခမ်းအနားမှူးက ချောင်းတချက်ကို အသာဟန့်လိုက်ပြီး အစည်းအဝေး အစီအစဉ်ကို ဖတ်ကြား၏။

`အခမ်းအနား အစီအစဉ်(၁) အရ သဘာပတိကြီးမှ နေရာယူပြီးတဲ့နောက် အခမ်းအနားအစီအစဉ် (၁) အရ တက်ရောက်လာသော ဘလော့ဂါကြီးများမှ သက်ဆိုင်ရာ ဌာနအလိုက် ဘလော့ဂ်များ တိုးတက်ဖြစ်ထွန်းနေမှုကို ဆက်လက်တင်ပြကြမှာ ဖြစ်ပါတယ်´

ထိုအခိုက်မှာပင် သဘာပတိလုပ်သူထံမှ အသံတခုက ဟိန်းခနဲ ထွက်လာ၏…။

`မင့်အမေကလွှားထဲမှ အခမ်းအနားအစီအစဉ် (၁) ပြီး ထပ် (၁)နေရပြန်တာတုန်းကွ၊ ခွီးထဲမှပဲ´

အခမ်းအနားမှူးက အလန့်တကြားဖြင့် သူ့လက်ထဲက စာရွက်ကို ပြန်ငုံ့ကြည့်သည်။ ပြီးနောက် စိတ်ထဲမှနေပြီး အားရပါးရ ကျိန်ဆဲပစ်လိုက်သည်။ `ခွေးမသား စာရေး၊ အစီအစဉ်(၁)လို့ နှစ်ခါပြန်ရိုက်ထားတယ်…၊ တောက်´

ပြီးမှ ကမန်းကတန်းဖြင့် ပြန်ကြေညာလိုက်သည်။

`အစီအစဉ်(၂) အရ ဘလော့ဂါကြီးများရဲ့ သက်ဆိုင်ရာ ဌာနများအလိုက် ဘလော့ဂ်တိုးတက် ဖြစ်ထွန်းနေမှုတင်ပြမှာ ဖြစ်တဲ့အတွက် ကာကွယ်ရေး ၀န်ကြီးဌာန ဘလော့ဂါမှ စတင် တင်ပြမှာ ဖြစ်ပါတယ်ခင်ဗျား´

ကာကွယ်ရေး ၀န်ကြီးဌာန ကိုယ်စားပြု ပုဂ္ဂိုလ်မှ ခပ်မတ်မတ် ထရပ်လိုက်ပြီး…

`ကာကွယ်ရေး ၀န်ကြီးဌာန ဘလော့ဂ်၊ စတင်ရေးသားသောနေ့ ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁ ရက်၊ ပို့စ်ရေးသားပြီးစီးမှု ၁၀ ပုဒ်၊ ကွန်မန့်ရရှိမှု ၁၁ ခု၊ ထူးခြားမှု မရှိ၊ အကြီးအကဲ၏ လမ်းညွှန်ချက်ကို နာခံရန် အသင့်))))))))))))))´

သဘာပတိဖြစ်သူက ခေါင်းတဆတ်ဆတ်…။ နောက်တယောက်…၊

`ပြည်ထဲရေး ၀န်ကြီးဌာနဘလော့ဂ်၊ ရာဇ၀င်လူဆိုး စာရင်းအား ပို့စ်အလိုက်တင်ပြထားပြီးဖြစ်၊ ကွန်မန့်ရရှိမှု မရှိ၊ ရဲချုပ်၏ သတင်းစာရှင်းလင်းပွဲ ရှင်းလင်းချက်များကို အများပြည်သူသို့ တင်ပြရန် လျာထားလျက်ရှိ၊ အကြီးအကဲ၏ လမ်းညွှန်ချက်ကို နာခံရန် အသင့်))))))))))))))))))´

`သာသနာရေးဝန်ကြီးဌာန ဘလော့ဂ်၊ အကြီးအကဲများ ဆွမ်းဆန်စိမ်းလောင်းလှူသောသတင်း၊ ဘုရားထီးတင်ပွဲ သတင်းမှတ်တမ်းများကို အချိန်နှင့် တပြေးညီ တင်ဆက်လျက်ရှိ၊ ထူးခြားချက် မရှိ၊ လမ်းညွှန်ချက်ကို နာခံရန် အသင့်)))))))))))))´

သို့နှင့် ၀န်ကြီးဌာနအလိုက် တင်ပြသွားကြသည်မှာ နောက်ဆုံး ပြည်ခိုင်ဖြိုးနှင့် စွမ်းအားရှင် နှစ်ဦးသာကျန်၏။ သဘာပတိက အလွန်တရာ အားရကျေနေနေဟန် မျက်နှာထားဖြင့်…။

`အင်း၊ ၀န်ကြီးဌာနတွေအနေနဲ့ ဘလော့ဂ်တွေ အခုလို တိုးတက်ဖြစ်ထွန်းနေတာ အားရစရာပဲ၊ လုပ်စမ်းပါဦး၊ စွမ်းအားရှင်နဲ့ ပြည်ခိုင်ဖြိုးဘလော့ဂ်ကရော…၊ အခြေအနေ… … …´

`ကျနော်တို့ ဘလော့ဂ်အနေနဲ့ကတော့ ဆူပူမှု ဖန်တီးဖို့ကြိုးစားနေသူတွေကို လက်ရဖမ်းဆီးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို တင်ဆက်ထားပါတယ်။ ကွန်မန့်ရရှိမှုပေါင်း ၂၂ ခု ရရှိထားပါတယ်´

`ပြည်ခိုင်ဖြိုး ဘလော့ဂ်အနေနဲ့ကတော့ လေဘေးသင့်ဒေသတွေမှာ တက်ကြွစွာ ကူညီဆောင်ရွက်နေပုံတွေကို အသားပေးတင်ဆက်ထားပြီးတော့ နောင်အနာဂတ် နိုင်ငံတော်ရဲ့ ရှေ့ခရီးမှာ ဘယ်လိုပါဝင်သွားမယ်ဆိုတာကို ပို့စ်တင်ထားပါတယ်။ ကွန်မန့်ရရှိမှုပေါင်း ၃၅ ခု ရှိပါတယ်၊ အကြီးအကဲရဲ့ လမ်းညွှန်မှုကို နာခံရန်အသင့် ))))))))))))´

အားလုံး၏ တင်ပြချက်များ အဆုံးတွင်တော့ သဘာပတိပုဂ္ဂိုလ်ကြီးက ခေါင်းတဆတ်ဆတ်ညိတ်ပြီး ကျေနပ်နေလေတော့သည်။

ဆက်လက်၍ အခမ်းအနားမှူးက…

`အခုဆက်လက်ပြီးတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ဘလော့ဂ်များ တိုးတက်ဖြစ်ထွန်းနေမှုကို ပရိုဂျက်တာ ဆလိုက်များဖြင့် တင်ပြသွားမှာ ဖြစ်ပါတယ်´

အခမ်းအနားမှူး၏ ကြေညာသံဆုံးသည်နှင့် တပြိုင်နက် `ကမ္ဘာမကြေ၊ မြန်မာပြေ၊… … … …´ သီချင်းသံက ဟိန်းခနဲ ထွက်လာပြီး `ကာကွယ်ရေး ၀န်ကြီးဌာန ကိုယ်စားပြု ဘလော့ဂ်´ ဆိုသော ဘလော့ဂ် လိုဂိုတခုက ထည်ဝါ၀င့်ကြွားစွာ ပေါ်လာ၏။ ယင်းနောက်…၊ `အားပေးနေပါတယ်၊ ဆက်ရေးပါ´ `ကောင်းပါတယ်၊ အားပေးပါတယ်´ ဟူသော ကွန်မန့်များက ထင်းခနဲ ထင်းခနဲ ပေါ်လာကြသည်။ နောက်ဆုံးတွင် `အမိနိုင်ငံတော်ကို ကာကွယ်ရန်အတွက် သင့်အား တပ်မတော်မှ အလိုရှိသည်´ ဟု စာတန်းထိုးပြီး တင်ဆက်မှုကို လက်စသတ်လိုက်တော့ ခန်းမတခုလုံး လက်ခုပ်သံတွေ တဖြောင်းဖြောင်း… … …။

သက်ဆိုင်ရာ ဘလော့ဂ်အားလုံးကို ပြသအပြီးမှာတော့ သဘာပတိရဲ့ နိဂုံးချုပ် အမှာစကား…။ အလွန်တရာ ကျေနပ်အားရဖွယ် ကောင်းလှကြောင်း၊ ယခုကဲ့သို့ တိုးတက်ဖြစ်ထွန်းနေသော ဘလော့ဂ်အင်အားဖြင့် ဆန့်ကျင်ဘက် ဘလော့ဂါများအား `မီဒီယာကို မီဒီယာဖြင့်တိုက်´ ဆိုသည်နှင့်အညီ တက်ညီလက်ညီ ချေမှုန်းသွားနိုင်မှာ အသေအချာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုတိုးတက်မှုများလောက်နှင့် ကျေနပ်မနေကြဘဲ ထပ်မံကြိုးစားသွားဖို့တော့ လိုမှာဖြစ်ကြောင်းဖြင့် မှာကြားလေ၏။

သဘာပတိ၏ နိဂုံးချုပ်အမှာစကား အဆုံးတွင် အခမ်းအနားလဲ အောင်မြင်စွာ ပြီးဆုံးသွားလေတော့သည်။

***

`ဒုန်း…၊ ဒုန်း…၊ ဒုန်း…´

တယောက်ယောက်က အခန်းတံခါးကို အပြင်ဘက်မှ အဆက်မပြတ်ထုနေတာ ဘယ်လောက်တောင် ကြာပြီလဲမသိ…။ လူက အလန့်တကြားဖြင့် အိပ်ရာက ကမန်းကတန်း ကုန်းရုန်းထလိုက်သည်။ အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ နားမလည်နိုင်သော မျက်နှာထားဖြင့် သူငယ်ချင်း ဖြစ်သူက သူ့ကို အကြောင်သား ငေးနေသည်။

`ခင်ဗျား ယောင်အော်နေတာလား´

`ဗျာ´

`သြော်၊ မသိပါဘူး၊ ခင်ဗျား အခန်းထဲကနေ အကြီးအကဲတွေရော၊ နာခံရန် အသင့်တွေရော အော်နေတဲ့ အသံတွေကြားနေလို့´

`ဗျာ´

ခပ်ကြောင်ကြောင် လူတယောက်ကို ကြည့်သော အကြည့်မျိုးဖြင့် ကြည့်ပြီး ခေါင်းတယမ်းယမ်းဖြင့် ပြန်ထွက်သွားသော မိတ်ဆွေတယောက် သူ့ရဲ့ အိပ်မက်ကိုများ သိသွားရင် ဘာများ မှတ်ချက်ပေးဦးမလဲတော့ သူမပြောတတ်တော့ချေ…။

***

ကလိုစေးထူး


(၀န်ခံချက်။ ဘလော့ဂ်လိုက်ဖတ်ရင်း စီဘောက်စ်တခုထဲမှ တွေ့မြင်ခဲ့သော `၀န်ကြီးဌာနအလိုက် ဘလော့ဂ်တွေ လုပ်ကြဖို့လဲ စီစဉ်နေပါပြီ´ ဟူသော စာသားတခုအား အခြေခံ၍ စိတ်ကူးပုံဖော်ပါသည်)