
တရုတ်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း လီဖုန် မြန်မာပြည်ကို ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ခဲ့စဉ်တုန်းက ဖြစ်ပါတယ်။
ရန်ကုန်အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို လီဖုန် အရောက်မှာ မြန်မာနိုင်ငံက တာဝန်ရှိသူတွေက ကြိုဆိုကြ၊ ခရီးဦးကြိုဆို ပြုကြပေါ့။ ညရောက်တော့ အဲဒီသတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုံးစံအတိုင်း ရုပ်သံရိုက်ချက်တွေ ဝေေ၀ဆာဆာနဲ့ တင်ဆက်ပါတယ်။
သတင်းကြေညာသူ အမျိုးသမီးက…
`တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀န်ကြီးချုပ် လီဖုန် လေဆိပ်မှ ထွက်ခွာရာ လမ်းတလျှောက်တွင် မြန်မာပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများက နှစ်နိုင်ငံ အလံများကို ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြ နှုတ်ဆက်ကြပါသည်´ လို့ ကြေညာပြီးတော့ ကားတန်းဖြတ်သွားရာ လမ်းတလျှောက် ဘေးဝဲယာက ကျောင်းသူကျောင်းသားလေးတွေပုံကို ပြပါတယ်။ အဲဒီမှာတင် သတင်းတင်ဆက်သူ တည်းဖြတ် ချန်လှပ်ဖို့ လစ်ဟာသွားပုံရတဲ့ ရုပ်သံထဲက အသံတသံက ပီပီသသကြီး ပေါ်လာပါတော့တယ်။
အဲဒါကတော့ ကားတန်းပေါ်က တယောက်ယောက်က ကျောင်းသူကျောင်းသားလေးတွေကို အော်ဟစ်နေတဲ့…
`လက်ပြထား၊ လက်ပြထား´
ဆိုတဲ့ အသံပါပဲ။ သတင်းနားထောင်နေတဲ့ လူတွေမှာ တအုန်းအုန်းနဲ့ တော်တော်နဲ့ အတောမသတ်နိုင်အောင် ထရယ်ကြတာ မှတ်မိနေပါသေးတယ်။
***
၁၉၉၃ ခုနှစ်၊ မြန်မာပြည်တွင်းမှာ `ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း´ ဆိုပြီး စတင်ဖွဲ့စည်းတော့ လူတွေက `အဲဒါက ဘာအဖွဲ့ကြီးတုန်း´ လို့ အချင်းချင်း မေးခွန်းထုတ်ကြပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေကို အလွတ်ရနေပြီးသား လူကြီးတွေက `မဆလခေတ်ကလိုပေါ့ကွာ၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဘာညာနဲ့ပေါ့၊ နောက်ပိုင်းကျရင် အရန်အဖွဲ့ဝင်၊ တင်းပြည့်အဖွဲ့ဝင်ဆိုပြီး ဖြစ်လာလိမ့်မယ်´ လို့ ပြောကြတာကို ကြားခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ အာဏာပိုင်တွေဟာ အဲဒီအဖွဲ့ကို `လူမှုရေး အဖွဲ့ပါ´ လို့ ကြွေးကြော်ခဲ့ကြပါတယ်။
အသင်းဖွဲ့ပြီး သိပ်မကြာခင်မှာပဲ သူတို့ အသင်းရဲ့ အင်အား ဘယ်ရွေ့ဘယ်မျှ ရှိကြောင်း သတင်းစာတွေမှာ ဦးစွာ ကြွားလုံးထုတ်ပါတယ်။ (အမှန်တကယ်ကတော့ အဲဒီတုန်းက အခြေခံပညာကျောင်းသူ ကျောင်းသားတွေကို ဘုမသိ ဘမသိနဲ့ အသင်းဝင်လျှောက်လွှာတွေ အဖြည့်ခိုင်းပြီး အသင်းဝင်စာရင်းကို အတင်းကာရော သွင်းခဲ့ကြတာပါ)။
နောက်တော့ `ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ သင်းလုံးကျွတ် အစည်းအဝေး´ ဆိုပြီးတော့ ပြည်နယ်နဲ့ တိုင်းအလိုက် အစည်းအဝေးတွေ လုပ်ပါတယ်။ အစည်းအဝေးမှာ ပြောရမယ့် အဆိုပြုလွှာနဲ့ ထောက်ခံလွှာ ဆိုတာတွေကို ဘယ်သူက ရေးလို့ရေးမှန်းမသိ ၏၊ သည် မရွေးဖတ်ရတဲ့ အစည်းအဝေးတွေ လုပ်ကြပါတယ်။
အဲဒီကနေ အရသာတွေ့သွားလားတော့ မပြောတတ်ပါဘူး။ အုပ်ချုပ်သူ ပုဂ္ဂိုလ်များဟာ ထစ်ခနဲရှိတာနဲ့ အဲဒီလိုပဲ ထောက်ခံပွဲ၊ ကန့်ကွက်ပွဲ၊ ဆန္ဒထုတ်ဖော်ပွဲ၊ အစရှိသဖြင့် အမည်ပေါင်းစုံနဲ့ အစည်းအဝေးတွေကို သူတို့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ နိုင်ငံအနှံ့မှာ အမြဲတစေလိုလို ပြုလုပ်ပါတော့တယ်။
***
မြန်မာပြည်ဟာ စစ်ဆင်ရေး အထမ်းသမားဖြစ် အတင်းအဓမ္မ ခိုင်းစေမှု၊ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အလယ်မှာ အပုပ်နံ့ထွက်လေ့ ရှိပေမယ့် မြန်မာအာဏာပိုင်တွေက တကမ္ဘာလုံးကို လှည့်ဖျားပြီး ပြည်သူတွေကို အနုနည်းနဲ့ နှိပ်စက်နေတာ တခုကိုတော့ တခြားနိုင်ငံတွေက မသိကြပါဘူး။ အဲဒါကတော့ `ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတင်းအကျပ် တက်ရောက်စေသော အတုအယောင် အစည်းအဝေးများ´ ပါပဲ။
အခုဆိုရင် ကျနော်တို့နိုင်ငံအနှံ့မှာ `အမျိုးသားညီလာခံနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ထောက်ခံကြိုဆိုပွဲ´ ဆိုတဲ့ အမည်နဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် အလှည့်ကျ ပြုလုပ်နေတာကို တွေ့နေရပါတယ်။ အဲဒီအစည်းအဝေးပွဲတွေကို လူအင်အား ဘယ်လောက် တက်ရောက်ကြောင်း၊ ဘယ်လိုဘယ်ပုံ တင်ပြကြကြောင်း ဟန်ချက်ညီညီနဲ့ သတင်းထုတ်ပြန်နေတာဟာ နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာတွေမှာ စာမျက်နှာအပြည့်ပါပဲ။ ဒီတော့ အဲဒီအခမ်းအနားတွေ ဖန်တီးကြပုံကို လေ့လာကြည့်ချင်ပါတယ်။
***
တကယ်တော့ အဲဒီလို အခမ်းအနားတွေ လုပ်ကြရမယ်ဆိုတာနဲ့ အရင်ဆုံး မျက်ခုံးလှုပ်ရတာက ပြည်သူတွေပါပဲ။ အရပ်တကာလှည့်ပြီးတော့ ရယကတွေ၊ ဆယ်အိမ်ခေါင်းတွေက ဘယ်နေ့မှာ ဘာအခမ်းအနားရှိလို့ တအိမ်တယောက် တက်ရမှာဖြစ်ကြောင်း၊ မတက်နိုင်ရင် ဒဏ်ငွေ ဘယ်လောက်ပေးရမှာ ဖြစ်ကြောင်း စသဖြင့် လိုက်လံ အကြောင်းကြားပြီး လူစုတာဟာ ပြည်သူတွေအတွက်တော့ ဆန်းလှတော့တာ မဟုတ်ပါဘူး။ ဒါတောင် တံတားဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ၊ ဟိုလူကြီးလာ၊ ဒီလူကြီးလာ အစရှိတာတွေအတွက် အင်အားပြနိုင်ဖို့ အတင်းအကျပ် လူစုတာတွေကို ထည့်မတွက်ရသေးပါဘူး။ အဲဒါတွေပါ ထည့်တွက်ရမယ်ဆိုရင်တော့ မြန်မာပြည်သူတွေရဲ့ `အခမ်းအနား ကပ်ဘေးဒဏ်´ က မသေးလှပါဘူး။
တခါတရံကျတော့ အဲဒီအခမ်းအနားတွေကို တက်ချင်လာအောင် မက်လုံးပေး အတက်ခိုင်းတာလည်း ရှိတတ်ပါတယ်။ ဥပမာ ဘားအံမြို့မှာ လုပ်မယ့် ပြည်နယ် ကြံ့ခိုင်ရေးအသင်း သင်းလုံးကျွတ် အစည်းအဝေးကို သွားတက်ဖို့အတွက် ကျနော်တို့မြို့က နီးစပ်ရာလူငယ်တွေကို `ဘားအံ အလည်ခရီးပေါ့ကွာ၊ ခရီးစရိတ်၊ စားစရိတ်ပေးမှာ၊ လိုက်ခဲ့၊ အစည်းအဝေးက ဘာမှမဟုတ်ပါဘူး´ လို့ မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးက လိုက်လံ စည်းရုံးတာကို မြင်ခဲ့ရဖူးပါတယ်။
အစည်းအဝေးကို သွားတက်ကြတဲ့ ပြည်သူအများစုက အဲဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမှာလဲ ဆိုတာထက် အဲဒီအစည်းအဝေး ဘယ်အချိန်ပြီးမလဲ၊ မြန်မြန်ပြီး မြန်မြန်နားအေး သဘောမျိုး ထားကြတာ များကြပါတယ်။ နေကပူပူ၊ အခမ်းအနား ပြုလုပ်ရာ ကွင်းပြင်မှာ ချွေးသံတရွှဲရွှဲနဲ့ အပေါ်ကနေ ရဟတ်ယာဉ်ဖြတ်မောင်းရင် အတင်းကာရော လက်ဝှေ့ယမ်းခိုင်းသေးတာမို့ အင်မတန် စိတ်ညစ်ဖွယ်ကောင်းလှပါတယ်။
ပြည်သူတွေက ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ အဲဒီအစည်းအဝေးတွေကို ဘယ်လိုပဲ မတက်ချင် မတက်ချင် အာဏာပိုင်တွေကတော့ အခါအခွင့်သင့်တိုင်း ကျင်းပမြဲ ကျင်းပနေသလို အခုလည်းပဲ ကျင်းပနေဆဲပါပဲ။
***
အဲဒီလို အတုအယောင် ထောက်ခံပွဲ အခမ်းအနားတွေကို အာဏာပိုင်တွေက စီမံ ကျင်းပရတဲ့ အကြောင်းရင်းကတော့ သူတို့ကို ပြည်သူတွေက ထောက်ခံနေပါတယ်လို့ ကမ္ဘာကို လိမ်ချင်လို့ပါပဲ။ ပြည်သူတွေကို လိမ်တာကတော့ ရိုးနေပြီမို့ အရှက်လဲ ကုန်နေတော့ မထူးခြားလှတော့ပေမယ့် ကမ္ဘာ့နိုင်ငံတွေကိုတော့ သူတို့ဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကို ရနေပါတယ်လို့ ထင်မြင်လာအောင် ဒီနည်းနဲ့ လိမ်ရင် ရနိုင်တယ်လို့ တွက်ဆထားလို့ အခုလို အခမ်းအနားပွဲတွေကို အချိန်ကုန်၊ ငွေကုန်ခံပြီး ကျင်းပနေတာပါ။

အဲဒီလို အလိမ်အညာတွေနဲ့ ကုလသမဂ္ဂကိုပါ လိမ်ညာလှည့်ဖျားနေတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ မသတီစရာ ကောင်းလှပေမယ့် အံတုခြင်းငှာ မစွမ်းသာတဲ့ ပြည်သူတွေမှာ အလိုမတူပါဘဲနဲ့ အခမ်းအနား ကပ်ဘေးဒဏ်ကို ခံနေရတာကတော့ ခံပြင်းစရာ ကောင်းလှပါတယ်။
အာဏာပိုင်တွေကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ပြည်တွင်းပြည်ပ အတိုက်အခံတွေနဲ့၊ သတင်းဌာနတွေအနေနဲ့လည်း ဒီအခမ်းအနားတွေဟာ ပြည်သူ့ဆန္ဒအစစ်အမှန် မဟုတ်ကြောင်း၊ အာဏာပိုင်တွေရဲ့ လိမ်လှည်လှည့်ဖျားခြင်းသာ ဖြစ်ကြောင်းကို ထင်သာမြင်သာအောင် ဖော်ထုတ်မှုပိုင်းမှာ အားနည်းနေတယ်လို့ သတိထားမိပါတယ်။
ပြည်တွင်းမှာ နေထိုင်ရတဲ့ ပြည်သူကတော့ ဒီအခမ်းအနားကို မတက်ချင်လည်း လွန်ဆန်ခြင်းငှာ ဘယ်လိုမှ စွမ်းသာမှာ မဟုတ်ပါဘူး။ တက်ချင်သည်ဖြစ်စေ၊ မတက်ချင်သည်ဖြစ်စေ တက်ကြရမှာပါပဲ။
***
`လက်ပြထား၊ လက်ပြထား´
ကားတန်းပေါ်က အော်သံ၊ နေပူထဲက ကျောင်းသားကျောင်းသူလေးတွေရဲ့ စိတ်မပါလက်မပါ အလံဝှေ့ယမ်းဟန်၊ စာရွက်တွေ တထပ်ကြီးနဲ့ သတင်းကြေညာနေတဲ့ မြန်မာ့အသံ ၀န်ထမ်း…။
ဒါပေမယ့် တရုတ်ဝန်ကြီးချုပ် လီဖုန်ကတော့ သူ့ကို မြန်မာပြည်က ကျောင်းသား ကျောင်းသူလေးတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပဲလို့ ထင်သွားခဲ့မှာပါပဲ။
အခုလည်း `လက်ပြထား၊ လက်ပြထား´ ပုံရိပ်တွေက နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်နေရပြန်ပါပြီ။ တရုတ်ဝန်ကြီးချုပ် လီဖုန်တယောက် ဘာမှ မသိလိုက်သလို ကုလသမဂ္ဂနဲ့တကွ တခြားနိုင်ငံတွေကပါ ဘာမှမသိစွာနဲ့ အဲဒါတွေကို အဟုတ် လို့ ထင်သွားကြမှဖြင့်…။
ကလိုစေးထူး