Monday, October 30, 2006

မရဏလမ်းမှ အသက်တချောင်း

ပေါ်တာ အထမ်းသမား အတွေ့အကြုံကို တင်ပြစဉ်က ခြောက်ရက်တာသော လမ်းခရီးက ထိတ်လန့်ဖွယ်၊ စက်ဆုပ်ဖွယ်၊ ခါးသီးဖွယ်ရာ ဖြစ်ရပ်တချို့ ဖော်ပြဖို့ ကျန်ရစ်ခဲ့ပါတယ်.. ဒါပေမယ့် ဒီဖြစ်ရပ် ဒီဖြစ်စဉ်တွေဟာ အမှန်တကယ် ဖြစ်ခဲ့တာရယ်ကြောင့်နဲ့ တိမ်မြုပ်နေတဲ့ အမှန်တရားတွေ၊ အညှင်းပန်း ခံရမှုတွေကို ကျနော် လက်လှမ်း မီသလောက် ခင်မင်ရတဲ့ ကျနော့် သူငယ်ချင်းများကို လက်ဆင့်ကမ်း ပြောပြချင်တဲ့ အတွက် ထပ်မံရေးသားလိုက်ပါတယ်..

ဒီအဖြစ်တွေကို မပြောပြမီမှာ စစ်ဆင်ရေး တခုကို ထွက်ကြမယ့် စစ်တပ်တွေရဲ့ ကျနော်တို့ အရပ်သားတွေ တနည်းအားဖြင့် ပေါ်တာတွေကို စောင့်ကြပ်ကြတဲ့ စနစ်တခုကို ပြောပြချင်ပါတယ်.. ခရီးစတင် ထွက်ကြရတဲ့အခါ အရှေ့ဆုံးကနေ သွားကြတဲ့ ပွိုင့်တပ်စိတ်မှာ ပေါ်တာတွေကို မလိုက်စေရပါဘူး.. အဲဒီ ပွိုင့်တပ်စိတ်က စစ်သားများကိုလည်း သူတို့ရဲ့ ကျောပိုးအိတ်၊ ရိက္ခာ အစရှိတာတွေကို မထမ်းစေပါဘူး.. အဲဒီလိုပဲ ခရီးသွား လူတန်းကြီးရဲ့ နောက်ဆုံးမှာကိုလဲ ပေါ်တာတွေကို မထည့်စေပါဘူး.. စစ်သားတွေ ချည်းသာ လိုက်စေပါတယ်.. ဆိုလိုတာ ကတော့ ရှေ့ဆုံး လူ အယောက် ၂၀ ယောက်နဲ့ နောက်ဆုံးက လူအယောက် ၂၀လောက်ဟာ စစ်သားတွေချည်းသာ ဖြစ်ပါတယ်.. ဒါကြောင့် ကျနော်တို့ ပေါ်တာတွေကို အလယ်မှာ ထားပီး (အဲဒီတုန်းက) ပေါ်တာ ငါးယောက်ကို စစ်သားတယောက်က စောင့်ကြပ်ကြပါတယ်..

မြန်မာရုပ်ရှင်တွေ ဗီဒီယိုတွေထဲက စစ်ကားတွေထဲမှာတော့ စစ်ဆင်ရေးသွားကြတဲ့အခါ လူတန်းကြီးထဲမှာ ပေါ်တာတွေ တယောက်တလေမှ ပါတာ မတွေ့ဖူးသလို ချီတက်ကြတာလဲ စနစ်တကျရှိလှပါတယ်.. ဒါပေမယ့် တကယ့် အပြင် လက်တွေ့ ကျနော်တွေ့ခဲ့ရတာကတော့ ခရီးစထွက်တဲ့အခိုက်မှာသာ လူတွေက စနစ်ကျသလိုလို ရှိပေမယ့် တကယ်တမ်း ခရီးသွားတာ ကြာလာတဲ့ အခါမှာတော့ တခါတလေ ရှေ့ကလူတွေနဲ့ နောက်ကလူတွေ အဆက်ပြတ်လိုပြတ်နဲ့ လူပေါင်းရာချီတဲ့ လူတန်းကြီးဟာ ဟိုတစု ဒီတစုနဲ့ ဖြစ်ကြလွန်းလို့ အရှေ့ကလူတွေက အနောက်မှာ ကျန်ခဲ့တဲ့လူတွေကို မကြာခဏ စောင့်ခေါ်ရလေ့ရှိပါတယ်..

အစပထမတော့ ကျနော်ဟာ ပေါ်တာဆိုတာကို ပထမဦးဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ ကြုံတာကလဲဖြစ်၊ သွားရမယ့်ခရီးက ပန်းခင်းတဲ့လမ်းလဲ မဟုတ်ဆိုတော့ ကျနော့်လောက် ကံဆိုးတဲ့လူ ဒီကမ္ဘာမှာ မရှိတော့ဘူးလို့တောင် ထင်မှတ်ခဲ့မိပါတယ်… တကယ်တမ်း ခရီးသွားကြတဲ့အခါမှာတော့ ကျနော့်ထက် မြောက်မြားစွာ ကံဆိုးမိုးမှောင် ကျနေတဲ့ လူပေါင်း များစွာကို သတိထားမိလာရပါတယ်.. အဲဒီလူတွေကတော့ စစ်ဆင်ရေး လုပ်ကြမယ့် စစ်တပ်တွေက သူတို့လာရာ လမ်းခရီးမှာ တွေ့တဲ့ ယောက်ျားတွေကို အခွင့်အရေးရရင် ရသလို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြရတဲ့လူတွေပါ.. သူတို့တတွေ ဘာလို့ ကျနော့်ထက်ကံဆိုးကြရပါသလဲ?? ဒီလိုကြောင့်ပါ… ကျနော်တို့တတွေကတော့ လေးရက်တာ လုပ်အားပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်ဆိုပြီး အနုနည်းနဲ့ အဖမ်းခံရတဲ့ လူတွေဖြစ်လို့ပါ.. ပေါ်တာခြင်းအတူတူ ကျနော်တို့က လေးရက်ပြည့်ရင် ဒါမှမဟုတ်လဲ ငါးရက် ခြောက်ရက်ပြီးရင် ပြန်လွတ်ကြမယ့်လူတွေပါ.. ဟိုလူတွေကတော့ အဲဒီလို မဟုတ်ပါဘူး.. သူတို့က အဖမ်းဆီးခံကြတာ ဖြစ်တဲ့အတွက် သူတို့ကို ဘယ်တော့ ပြန်လွှတ် ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားတာ မရှိပါဘူး.. အဲဒါကြောင့် စစ်ဆင်ရေးတာဝန် ခြောက်လ တာဝန်ပြည့်လို့ စစ်သားတွေက နောက်တန်း ပြန်တော့မယ်ဆိုရင် နောက်ထပ်ရှေ့တန်း တက်မယ့် တပ်အတွက် အဲဒီလူတွေကို လွှဲပြောင်း ပေးလိုက်တဲ့ အတွက် အဲဒီလူတွေဟာ နောက်ထပ် စစ်တပ်နဲ့အတူ ၀န်တင် လားတွေသဖွယ် အနိဌာရုံတွေ ရှိရာကို လိုက်ပါကြရ ပြန်ရှာပါတယ်..

အသွား ခရီးကတော့ ထူးခြားတာ သိပ်မများလှပါဘူး.. လူတန်းကြီးက တရုန်းရုန်း၊ ဆဲသံဆိုသံ တညံညံနဲ့ပဲ သွားဆိုရင် သွားလိုက်.. နားဆိုတော့ နားလိုက်နဲ့ပဲ သူတို့အလိုကျ အောင့်အီး ထမ်းပိုးရင်း သူတို့တွေ တပ်ချင်းလဲကြမယ့် ရွာကို လေးရက်အကြာမှာ ရောက်သွားခဲ့ပါတယ်.. ကျနော့် ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်မယ့် စက်ဆုပ် ထိတ်လန့်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ခဲ့ရတာတော့ အပြန်ခရီးမှာပါ..
အသွားခရီးမှာ ကျနော်တို့ကို ပေါ်တာအဖြစ် ခိုင်းစေတဲ့စစ်တပ်ဟာ နောက်တန်းကနေ ရှေ့တန်းကို စစ်ဆင်ရေး ထွက်တဲ့ တပ်ဖြစ်ပြီး အပြန်ခရီးမှာ ခိုင်းစေတဲ့ တပ်ကတော့ ရှေ့တန်းကနေ နောက်တန်းကို ပြန်ကြရမယ့် တပ်ဖြစ်ပါတယ်.. အဲဒါကြောင့် ထမ်းပိုးပေးရတဲ့ ပစ္စည်းခြင်း အတန်ငယ် ကွဲပြားပါတယ်.. အသွားတုန်းက ထမ်းပိုးရတာတွေက လက်နက်တွေနဲ့ ရိက္ခာတွေသာ ဖြစ်ပေမယ့် အပြန်ခရီးမှာ ထမ်းရတဲ့အထဲမှာတော့ ဒဏ်ရာရနေတဲ့ စစ်သားတွေပါ ပါလာခဲ့ပါတယ်.. ကျနော့်မျက်မြင်အရ ပြောရရင် အသွားတုန်းက ကျနော်တို့ကို စောင့်ကြပ်တဲ့ စစ်သားတွေထက် အပြန်ခရီးက စစ်သားတွေက ပိုမို ရိုင်းစိုင်း ရင့်သီးကြပါတယ်.. သူတို့နဲ့အတူ ပါလာတဲ့ ပေါ်တာတွေကလဲ ကျနော်စောစောကပြောသလို ကာလရှည်ရှာ ဖမ်းဆီးခိုင်းစေခြင်းရတဲ့ လူတွေဖြစ်တဲ့အတွက် မေးရိုးကငေါငေါ၊ မျက်တွင်းဟောက်ပက်တွေနဲ့ အင်မတန် ကရုဏာသက်ဖွယ် ကောင်းလှပါတယ်.. ဒါပေမယ့် ခိုင်းစေတဲ့ စစ်သားတွေကတော့ ဒါဟာ လူသားအချင်းချင်းပါလားဆိုတဲ့ စာနာစိတ်မထားပါဘူး.. ရက်ပေါင်းကြာရှည် အခိုင်းစေခံရလို့ ဆက်မသွားနိုင်ရင် လက်ထဲမှာ အသင့်ဆောင်ထားတဲ့ သစ်ကိုင်းနဲ့အချက်ပေါင်းများစွာ မထမချင်းရိုက်ပါတယ်.. ပါးစပ်ကလဲ အဆက်မပြတ်ဆဲဆိုပြီး ရိုက်တာပါ.. ဒီလိုနဲ့……………………..။

အဲဒီတုန်းက ကျနော်တို့ လူတစုဟာ ခရီးတန်းရဲ့ အရှေ့နဲ့ရော အနောက်နဲ့ပါ အဆက်ပြတ်နေခဲ့ပါတယ်.. လူတစု ဆိုပေမယ့်လဲ များများ စားစားတော့ မဟုတ်ပါ။ ကျနော်နဲ့ ဦးလေး အပါအ၀င် ပေါ်တာ ခြောက်ယောက် လောက်နဲ့ အစောင့် စစ်သား နှစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲဒီစစ်သား နှစ်ယောက်ထဲက နှစ်ရစ်နဲ့ တယောက်က အဲဒီလို ရှေ့နဲ့ရော နောက်နဲ့ပါ ပြတ်နေတာကို လိုလားပုံ မရပါဘူး။ အဲဒါနဲ့ ရှေ့ကို မြန်မြန် သွားနိုင်သမျှ သွားအောင် ကျနော်တို့တွေကို လောဆော် ပါတယ်။ ဒါပေမယ့် ကျနော်တို့ထဲက ပေါ်တာ တယောက်က ရှေ့ကို ဘယ်လိုမှ ဆက်မသွားနိုင် လောက်အောင် အမောဆို့နေပါတယ်။ အမောဆို့တယ်ဆိုတာထက် ရက်ပေါင်းများစွာ လေးပင်တဲ့ ၀န်ထုပ်ကို ထမ်းယူ လိုက်ပါနေရတဲ့ အတွက် သူ့ ခန္ဓာကိုယ်ထဲက လူ တယောက်ရဲ့ ရှိရှိသမျှ အားအင် ကုန်ခန်း သွားတာလို့ ပြောရင် ပိုမှန်ပါမယ်။ ရှေ့ကို ခြေလှမ်း အနည်းငယ် သွားလိုက်၊ လမ်းဘေးမှာ ပုံလဲလိုက်၊ ပါးစပ်ကလဲ “ ဆရာတို့ရယ်၊ ကျနော် ဘယ်လိုမှ မတတ်နိုင်တော့ လို့ပါ “ လို့ ငိုသံကြီးနဲ့ တတွတ်တွတ် တောင်းပန်လိုက် နဲ့ပါ။ ပထမတော့ အစောင့် စစ်သားက ဆဲဆိုပြီး အတင်းပြန်ထ ခိုင်းပါတယ်။ ဟိုလူက မထတော့ မထမချင်း ရိုက်ပါတယ်။ ရိုက်လိုက် ကုန်းရုန်းထပြီး ရှေ့ကို နည်းနည်းသွားလိုက်၊ နောက်တခါ ပုံလဲလိုက်၊ ထပ်ရိုက် ထပ်ထနဲ့ နောက်ဆုံးမှာတော့ အထမ်းသမားဟာ သူထမ်းထားတဲ့ အထုပ်ကို ဘုန်းကနဲ ပစ်ချပီး သွေးရူးသွေးတန်းနဲ့ တောထဲကို ၀င်ပြေးပါတယ်။ ပါးစပ်ကလည်း အမေရေ၊ အမေရေလို့ ကျယ်လောင်စွာ အော်ဟစ်ပြီး ပြေးတာပါ။ အဲဒီမှာတင် အစောင့် စစ်သား နှစ်ရစ်နဲ့လူက (နားနဲ့မနာ ဖ၀ါးနဲ့နာပါ) “ ဟာ.. ဒီ ငါ … သား “ လို့ ဆဲပြီး၊ လက်ထဲက သေနတ်နဲ့ လှမ်းပစ်ထည့်လိုက် ပါတော့တယ်။ ပစ်တယ်ဆိုတာက ခြောက်လှန့်ပြီး ပစ်တာ မဟုတ်ပါ။ လူကို သေသေ ချာချာကြီးကို လှမ်းပစ်ထည့်တာပါ။ လေးငါးချက်လောက် ပစ်အပြီးမှာတော့ ထွက်ပြေးသွားတဲ့ လူကို ထိသွားပါတယ်။ ကျနော်တို့တွေကို အကုန် အဲဒီမှာ ငြိမ်ငြိမ်ထိုင်နေကြလို့ လှမ်းပြောပြီး စစ်သား နှစ်ယောက်က ပြေးသွားတဲ့ လူနောက်ကို သွားကြည့်ပါတယ်။ ခနနေတော့ ပြန်လာကြပါတယ်။ ပစ်လိုက်တဲ့ နှစ်ရစ်နဲ့လူက စိတ်လှုပ်ရှားနေပုံ ပေါ်ပါတယ်။ ဟိုလူ ထမ်းရမယ့် အထုပ်ကို သူကိုယ်တိုင်ပဲ ဆဲဆဲဆိုဆို ကောက်ထမ်းရင်း ကျနော်တို့ကိုလဲ “ ပြေးလို့ ခြောက်ပစ်လိုက်တာ သေသွားပြီ “ လို့ ပြောရင်း ရှေ့ကို ဆက်သွား ခိုင်းပါတယ်။ နာရီဝက် သာသာလောက် ရှေ့ကို ဆက်သွားတော့ ပြတ်သွားတဲ့ ရှေ့ကလူတွေ နားရက်သား ထိုင်စောင့် နေကြတာကို ပြန်မီသွားပါတယ်။ နှစ်ရစ်နဲ့လူက ပေါ်တာတယောက် လွတ်သွားတယ်လို့ သူ့ အရာရှိကို သတင်းပို့ပါတယ်။ ပစ်သတ်လိုက်တယ် လို့ မပြောပါဘူး။ ကျနော် အပါအ၀င် တခြားသော ဘယ်သူမှလဲ သူ ပစ်သတ်လိုက်တယ် ဆိုတာကို မပြောရဲ ကြပါဘူး။ အဲဒီ အချိန်မှာ ပုရွက်ဆိတ် တကောင်လောက်တောင် တန်ဖိုးမဲ့နေတဲ့ မိမိ အသက်ကို ရေငုံ နှုတ်ပိတ်နေခြင်းကသာလျှင် အကောင်းဆုံး စောင့်ရှောက်တာပဲလို့ အားလုံးက နားလည် နေကြလို့ပါ။ အဲဒီလိုနဲ့ပဲ ရခဲလှတဲ့ လူ့ဘ၀ရယ်လို့ ဘုရားရှင်ကိုယ်တိုင် မြွက်ကြားခဲ့တဲ့ လူ့ အသက်တချောင်းဟာ ရက်စက် ကြမ်းကြုတ်မှုရဲ့ ဓားစာခံ အဖြစ် ပေးဆပ် လိုက်ရပါတော့တယ်။ သူ အိမ် ပြန် အရောက်ကို မျှော်နေကြမယ့် သူရဲ့ မိဘ၊ ဆွေမျိုး၊ ညီအကို မောင်နှမတွေ ဒီလိုပုံစံနဲ့ သူ အသက်ဆုံးသွားတာကို သိရှာကြရင် ဘယ်လောက်တောင် ရင်ထုမနာ ဖြစ်ကြမလဲ၊ ဖြေမဆည်နိုင် ဖြစ်ကြမလဲဆိုတာ ရင်နင့်စရာပါ။

အခု အချိန်မှာရော အဲဒါတွေ ရပ်သွားပြီလို့ ထင်ကြပါသလား။ လုံးဝ မှားသွား ပါလိမ့်မယ်။ ထောင်ဝတ်စုံ ပြာပြာနဲ့ ရဲဘက်တွေကို ၀န်ဆောင် တပ်ရင်းတွေ ဖွဲ့ပြီး ပေါ်တာ အဖြစ် ခိုင်းစေ နေကြဆဲပါ။ ဒါတင်မက သူတို့ သွားရာ လမ်းက ရွာတွေမှာ တွေ့သမျှ ယောက်ျားတွေကိုလဲ ပေါ်တာအဖြစ် ဆွဲနေကြဆဲပါ။ ခိုင်းနေကြဆဲပါ။

လူတိုင်းဟာ မိမိ အသက်ရှင် ရပ်တည်နိုင်ရေး ဒါမှမဟုတ် အခြေခိုင်နိုင်ရေး အတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန် လှုပ်ရှားကြ ရပါတယ်။ ဒါပေမယ့် လူစိတ်ရှိတဲ့ လူတိုင်း မိမိကြောင့် တပါးသူ ထိခိုက်နစ်နာမှာ ဘယ်သူမှ မလိုလားကြပါဘူး။ လူစိတ် ကင်းမဲ့တဲ့ လူ့ဗာလ တွေကတော့ ကိုယ့်ကြောင့် ပျက်သုန်းသွားရတဲ့ ဘ၀တွေ၊ အသက်တွေကို ထောက်ထား ညှာတာခြင်း မဲ့စွာနဲ့ သူတို့ တည်မြဲဖို့အတွက် ယုတ်မာ ရက်စက် ကြပါတယ်။ အဲဒီလို လူတွေ ဘယ်လောက်များ သက်ဆိုး ရှည်ကြဦး ကြမှာပါလိမ့်။ ဒီလိုနဲ့ပဲ ကျနော်တို့တတွေ …….. ။


ကလိုစေးထူး

4 comments:

D Moe Thit said...

ဒါကိုဖတ်ပြီး .. ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အံသြမှု၊ ရွံရှာမှု တွေကို တပြိုင်တည်း ခံစားရတယ်ဗျာ..

မေဓာဝီ said...

ဖတ်ပြီးတကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။
အဲဒီလိုအဖြစ်ဆိုးမျိုးတွေ ..နောက်ထပ် ထပ်ပြီး မဖြစ်ကြပါစေနဲ့လို့ဆုတောင်းနိုင်ရုံမှ တပါး …။

TZA said...

လွတ်မြောက်လာတဲ့ ကိုစေးထူးအတွက် ဝမ်းသာမိပါတယ်။

:P said...

စိတ်မကောင်းလိုက်တာ.. ရက်စက်လိုက်ကြတာ..။