Thursday, October 26, 2006

ကျနော် ချစ်သော မြန်မာ ဇာတ်ကားများ

ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်၊ ဘယ်လို လူမျိုးပဲ ဖြစ်ဖြစ် အပန်းဖြေရာ စိတ်အနားပေးရာ ဆိုတာ ရှိတတ်ကြပါတယ်။ တနေ့တာ ပင်ပန်း နွမ်းနယ်သမျှကို မိမိ စိတ်ကျေနပ်ရာ တခုခု ပြုလုပ်ခြင်းအားဖြင့် လူတွေဟာ အပန်းဖြေ တတ်ကြပါတယ်။ လူတွေ အပန်းဖြေဖို့ အတွက် လူတွေ ပျော်အောင် လူတွေကပဲ ဖန်တီး လာရာက တဆင့် ခေတ်စနစ် တိုးတက်မှု အလိုက် ရုပ်ရှင်၊ ဗီဒီယိုတွေ ပေါ်ပေါက်လာ ရပါတယ်။ ရုပ်ရှင် ဆိုတဲ့ စကားလုံး ဘယ်ကနေ ဘယ်လို စတင် ပေါ်ပေါက်ခဲ့သလဲ ကျနော် မသိပါ။ သေချာတာကတော့ ကျနော် လူမဖြစ်မီ ကတည်းက ရုပ်ရှင်ဆိုတာကြီးက ပေါ်ပေါက်နေပါပြီ။ ကျနော့် ဘ၀မှာ ပထမဦးဆုံး မှတ်မှတ် ရရ ကြည့်ဖြစ်ဖူးတဲ့ ရုပ်ရှင်ကားကတော့ “ စက်ရုပ်ကြီး မောင်ပြုံးချို “ ဆိုတဲ့ မြန်မာ ရုပ်ရှင်ကားပါ။ ပါဝင် သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေကို တိတိကျကျ မမှတ်မိတော့ပေမယ့် ပရော်ဖက်ဆာကြီးက စက်ရုပ် တရုပ်ကို လူသားတွေ အကျိုးပြုဖို့အတွက် ရည်ရွယ်ပြီး တီထွင်၊ နောက်တော့ အဲဒီ စက်ရုပ်က လူဆိုးတွေ လက်ထဲ ရောက်သွားတော့ လူဆိုးတွေက အဖျက်လုပ်ငန်းတွေ လုပ်ဖို့ ကြံစည်၊ အဲဒါကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ အဲဒီ ဇာတ်ကားဟာ ကျနော့်တို့ ကလေး ဘ၀က လက်ခုပ် လက် ၀ါးများတောင် နာအောင် တီးပြီး အားပေး ခဲ့ရတဲ့ ရုပ်ရှင်ပါ။


ငယ်စဉ်ကလေး ဘ၀က ကျနော်တို့ နေထိုင်ရာ ရပ်ကွက်ထဲမှာ ပိတ်ကားထောင်ပြီး ရုပ်ရှင် မကြာခဏ ပြလေ့ ရှိပါတယ်။ အောင်ထွန်းလေးတို့ သရုပ်ဆောင်ထားတဲ့ “သူရဲကောင်းလေးများ" ဆိုတဲ့ ဇာတ်ကားဟာ ကလေးဘ၀ အသည်းစွဲပါ။ မြန်မာ့ ရုပ်မြင် သံကြားမှာ အရင်တုန်းက ဆိုရင် စနေနေ့ ရုပ်ရှင်၊ တနင်္ဂနွေနေ့ ရုပ်ရှင်ဆိုပြီး မြန်မာ ဇာတ်ကားတွေ လာလေ့ ရှိပါတယ်။ အများအားဖြင့်တော့ ဟိုးရှေးရှေးက ဇာတ်ကားတွေ များပါတယ်။ တခါတလေ အသံတိတ် ရုပ်ရှင်ကားတွေတောင် လာလေ့ ရှိပါတယ်။ အဖေတခု သားတခု၊ ရွှေခြည်ငွေခြည် တန်းပါလို့၊ မီလာ ရှီကာ စိုင်းဗေဒါ အစရှိတဲ့ ဇာတ်ကားတွေကို ကြည့်ပြီး မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ဖူးပါတယ်။ ကျနော် လူပျိုပေါက် အရွယ်ရောက်လာချိန် မြန်မာ ဗီဒီယိုကားတွေ ပေါ်လာတော့လဲ ညနေစောင်းရင် မြင်းလှည်းနဲ့ လှည့်လည် ကြော်ငြာတဲ့ ဗီဒီယိုကား ကြော်ငြာ အသံကြားရင် ဒီည ဘာကားပါလိမ့်လို့ အပြေးအလွှား နားထောင်၊ ညမိုးချုပ်ရင် ဗီဒီယိုရုံသွားဖို့ စိုင်းပြင်းတော့တာ ပါပဲ။ မှတ်မှတ်ရရ ကျနော် လူပျိုပေါက် အချိန်က ရဲကိုကိုဟာ အတော် ခေတ်စားခဲ့ဖူးပါတယ်။ သူ့ရဲ့ ထိုးကြိတ်ခန်းတွေ၊ အကတွေနဲ့ ကျနော်တို့ နယ်မြို့ကလေးက ပျိုပျို၊ အိုအို၊ ကိုကို၊ မမတွေရဲ့ အိတ်ထောင်ထဲက ငွေယားတွေကို အတော်သဲ့ယူ သွားနိုင်ခဲ့ပါတယ်။


ကျနော် ဆယ်တန်းရောက်တော့ မင်းသားကြီး ဦးကျော်ဟိန်းနဲ့ ကိုကျော်သူတို့ အပြိုင် သရုပ်ဆောင်ထားတဲ့ “ အကြွေး “ ဆိုတဲ့ ဗီဒီယို ဇာတ်ကား အတော် ခေတ်စားခဲ့ ပါတယ်။ ဦးကျော်ဟိန်းကလဲ သရုပ်ဆောင်ကောင်း၊ ကိုကျော်သူကလဲ ကျနော်တို့ ခြောက်တန်းလောက်တုန်းက ဆိုရင် သူဇာတ်ကား တကားထဲမှာ လွယ်အိတ်ကို အထုံးကလေး ထုံးပြီး သရုပ်ဆောင်ခဲ့တာကို အပြင်မှာ လူငယ်တွေက လိုက်လုပ်ကြရလောက်အောင် ဆွဲဆောင် နိုင်ခဲ့တဲ့ လူဆိုတော့ အဲဒီဇာတ်ကားဟာ (ကျနော့်အထင်) မြို့ရော၊ ကျနော်တို့ တောမှာပါ လူကြိုက် အတော် များခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ထွက်ခဲ့တဲ့ မိုက်ချက်ကတော့ ကမ်းကုန်ပဲ (ရှုမ၀)၊ နောက်မဆုတ်နဲ့ ကိုကံချွန်၊ အဆိပ် ပြင်းသည်၊ အစရှိတဲ့ ဇာတ်ကားတွေကလဲ ကျနော့်အကြိုက် မြန်မာ ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်။


အခုတော့ အခြေ အနေ အလှည့်အပြောင်း ဘ၀ အကြောင်းတွေကြောင့် ကျနော် တယောက် အမိ မြန်မာ နိုင်ငံနဲ့ ကမ္ဘာ တဖက်ခြားကို အခုတော့ ရောက်လို့ နေခဲ့ပါပြီ။ ရောမ ရောက်တော့ ရောမလို ကျင့်ရင်းနဲ့ပဲ ခေတ်မီ တိုးတက်မှုတွေ၊ ထူးခြား ဆန်းကျယ်မှုတွေ အပုံအပင်ကိုလဲ တွေ့ခဲ့ရပါတယ်။ ကျနော်တို့ နိုင်ငံငယ်လေးက ဇာတ်ကားများထက် နည်းပညာပိုင်းဆိုင်ရာ အဆမတန်ကွာခြားစွာသော အဆင့်မြင့် ရုပ်ရှင်ကားတွေ၊ ဒီဗွီဘီ၊ ဗီဒီယိုကားတွေလဲ အပြားပြား ကြည့်ခဲ့ရပါတယ်။ နိုင်ငံခြား ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတွေ အကြားမှာ မြန်မာဇာတ်ကားကိုမှ ကြိုက်နှစ်သက်မိတဲ့ ကျနော် တယောက် ခဏခဏ အဟားခံရဖူးပါတယ်။ ဒါပေမယ့် ကျနော် ဂရုမစိုက်ပါ။ သူတို့တွေဆီက ဇာတ်ကားတွေ ဘယ်လောက် ဆန်းကျယ်ပါစေ။ ကျနော် ကြည့်ချင်မိတာက မြန်မာ ဇာတ်ကားများသာ။ တိုက်တန်းနစ် ဇာတ်ကားက အတော်ကောင်းပေမယ့် ဇာတ်ကားမပြီးခင် ဘာဆက်ဖြစ်မယ် ဆိုတာ ကြိုသိနှင့်နေတဲ့ ကချော်ကချွတ် မြန်မာကား ခပ်ညံ့ညံ့လေးက ကျနော့်စိတ်ကို ပိုဆွဲဆောင်စေပါတယ်။ Million dollars baby ဇာတ်ကားကို ကျနော်တို့ဆီက အမေ့နို့ဖိုး ကားလောက် ဆွဲဆောင်မှု ရှိတယ်လို့ ကျနော့် စိတ်ထဲ မထင်ပါ။ အထူးပြုလုပ်ချက် တွေနဲ့ ဖန်တီးထားတဲ့ ၀ုန်းဒိုင်း အုန်းဂွမ်း ပေါက်ကွဲမှုတွေကို ကြည့်ရတာထက် နယ်ကြိုက် တောဇာတ်ကားမှာ ဗလံလေးနဲ့ မင်းသားကို ဗလ ကောင်းကောင်း လူကြမ်းတွေက တမင် အနာခံ လဲကျ ပေးနေရတဲ့ မြန်မာကားတွေကို ပိုကြည့်ချင်မိပါတယ်။ တောကျတယ်ပဲ ဆိုချင်ဆို၊ ခေတ်မဆန်ဘူးပဲ ပြောချင်ပြော ကျနော့် အကြိုက်ကတော့ မြန်မာဇာတ်ကားများသာ။ ဒီလိုနဲ့ပဲ အားလပ်ချိန်လေးတွေမှာ အင်တာနက်က မြန်မာဇာတ်ကားတွေ ကြည့်ရင်း၊ အမိ မြန်မာပြည်ကို လွမ်းရင်းနဲ့ ကျနော်တယောက် အပြုံးမဲ့ မျက်နှာတွေနဲ့ တိုင်းတပါးမှာ အမိမြန်မာပြည်ကို သတိရရင်း…. ။


ကလိုစေးထူး


1 comment:

မေဓာဝီ said...

ခုတလော မြန်မာ့အသံမှာ ရှေးကားတွေပြန်ပြနေတယ်။
ဟိုတပတ်က မှုံရွှေရည် ပြသွားတယ်။ မနေ့ကနဲ့ တနေ့က ၂ ညမှာတော့ ပန်းပန်လျက်ပါ (မူရင်း) ပြသွားတယ်။
မှုံရွှေရည်တုန်းကတော့ စောင့်ကြည့်လိုက်သေးတယ်။
ပန်းပန်လျက်ပါ ကိုတော့ ရှေ့မှာလာနေတဲ့ ညီလာခံသတင်းတွေကို စောင့်ရတာသည်းမခံနိုင်တာနဲ့ မကြည့်ဖြစ်လိုက်ဘူး။
ရှေးက မြန်မာရုပ်ရှင်တွေက ပိုကြည့်လို့ကောင်းတယ်။ သရုပ်ဆောင်တွေရော ဒါရိုက်တာတွေပါ ပိုအဆင့်မီသလိုပဲ။