Sunday, October 29, 2006

ကျနော် နှင့် သူရာ

ဒီတပတ်တော့ သူငယ်ချင်း တယောက်အိမ်ကို အလည်သွားရင်း ဘီယာဝိုင်း ဖွဲ့လိုက်တာ လူလဲ အတော်လေးကို ဒေါင်ချာစိုင်း သွားပါတယ်။ မနက်မိုးလင်းတော့ ခေါင်းတွေက ကိုက်၊ ရင်ထဲမှာလဲ တလှပ်လှပ်နဲ့ အတော်ကို နေရ ထိုင်ရ ဆိုးတာပါပဲ။ မနက်မိုးလင်း အိပ်ယာထလို့ နာရီကိုကြည့်တော့ မနက် ကိုးနာရီခွဲ နေပါပြီ။ ကွန်ပြူတာရှေ့ ရောက်တော့ ကွန်ပြူတာထဲက အချိန်က ရှစ်နာရီခွဲသာ ရှိပါသေးတယ်။ ငါ အမူး မပြေသေးတာလား မသိလို့ စဉ်းစားမိ ပါသေးတယ်။ အမှန်က ဆောင်းဝင်တော့မှာ မို့လို့ ဒီမှာ စံတော်ချိန်ကို တနာရီ နောက်ပြန်ဆုတ် ထားတာပါ။

သူရာ ယစ်ရွှေရည်ရဲ့ ဆိုးကျိုးတွေကို စာအုပ်ပေါင်း များစွာမှာ စာရေးဆရာပေါင်း များစွာက ရေးခဲ့ပြီးသားပါ။ ရေးတဲ့လူက ဘယ်လောက်ပဲ ရေးနေပေမယ့် ကျနော်တို့လို ငမိုက်သားတွေကတော့ အချိန်ကျလာပြီ ဆိုတာနဲ့ ၀ိုင်းဖွဲ့လိုက် သောက်လိုက်၊ မူးလိုက်နဲ့ သူရာမေရိယကံကို တပျော်တပါးကြီး ကျူးလွန်ကြတာပါပဲ။
ကျနော့် ဘ၀မှာ အရက်ကို မှတ်မှတ်ရရ ပထမဆုံး စသောက်ဖူးတာကတော့ ဆယ်တန်း စာမေးပွဲ နောက်ဆုံးနေ့ ညမှာပါ။ စာမေးပွဲ မဖြေနိုင်တာကို အကြောင်းပြပြီး အတန်းဖော် ညီအကို ၀မ်းကွဲ နှစ်ယောက်နဲ့ အတူ သောက်တာပါ။ အိမ်ပြန်တော့ မေမေသိမှာ စိုးလို့ ကွမ်းယာတွေဝါး၊ မာလကာ ရွက်တွေဝါးနဲ့ ဘယ်လောက်ပဲ ဖုံးဖိပေမယ့် အကင်းပါးတဲ့ မေမေကတော့ သိတာပါပဲ။

မေမေ အလယ်တန်း ကျောင်းအုပ် ရာထူးနဲ့ တခြားမြို့ကို ပြောင်းရွှေ့သွားလို့ အဒေါ်တွေနဲ့ ကျနော် သွားနေရတဲ့ အခါမှာတော့ ကျနော် တယောက် လုံးဝကြီးကို အရက်လွတ်လပ်ရေး ရတော့တာပါပဲ။ စိတ်ညစ်လို့၊ ပျော်လို့၊ မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ ဆုံလို့၊ နှုတ်ဆက်ပွဲ လုပ်လို့ စသဖြင့် စသဖြင့် ခေါင်းစဉ်ပေါင်း များစွာနဲ့ အရက်ကို အကြိမ်ပေါင်း များစွာ သောက်ခဲ့တော့ တာပါပဲ။ အရက်ကို အနိမ့်ဆုံး တောအရက်နဲ့ လက်ဖက်သုပ် အမြည်းကနေ အဖိုးတန် အရက်များအထိ သောက်ခဲ့ဖူးပါတယ်။ မူးပြီးရင် ရန်တွေဖြစ်၊ တခါတလေ ကောင်မလေးတွေ အိမ်ရှေ့မှာ မူးမူးနဲ့ သီချင်းတွေ သွားအော်ဆိုနဲ့ ကျနော်ဟာ အတော်ဆိုးတဲ့ အကောင်ပါ။
အရက်ကြောင့် လူအထင်သေးခံရ၊ အပစ်ပယ်ခံရနဲ့ ဒါလဲ မမှတ်ပါဘူး။

ဒီနိုင်ငံရောက်တော့ ကျနော် အရက်မသောက်တော့ပါ။ (အမှန်က ခေါင်းစဉ် ပြောင်းတာပါ)။ ဘီယာပဲ သောက်ပါတယ်။ မီလာလိုက်၊ ကားလ်စ်ဘတ်၊ ဘတ်ဒ်ဝိုက်ဇာ၊ ဆင်းဂါး၊ ဟင်နီကင်၊ ခိုရိုနာ စသဖြင့် စသဖြင့် တံဆိပ်ပေါင်း များစွာနဲ့ ဘီယာပေါင်းများစွာကို သောက်လိုက်တာ ဘယ်တော့မှ အတော သတ်နိုင်တော့မယ် မသိပါ။ ဒါကြောင့် ကျနော် တခု စဉ်းစားမိပါတယ်။ မကောင်းမှန်းလဲ သိ၊ ငွေကုန်မှန်းလဲ သိရက်နဲ့ ဘာလို့များ ကျနော်တို့ ကျေကျေနပ်နပ်ကြီး သောက်နေကြပါလိမ့်။ အဖြေတွေကတော့ အများကြီးပါ။ ဒါပေမယ့် သောက်တာကလဲ သောက်နေဆဲပါ…။ ဒီလိုနဲ့ပဲ ဆုံးမသူမဲ့ ကျနော် ဘယ်နေ့ကျရင် ဒါတွေကို မသောက်ပဲ နေနိုင်မှာပါလိမ့်လို့ ခေါင်းတွေ ကိုက်နေတဲ့ မနက်မှာ အတွေးတခုတော့ ၀င်မိပါရဲ့ ….။


ကလိုစေးထူး

3 comments:

Maydarwii said...

ကြိုက်လို့သောက်တာ ဟုတ်ဖူးလား။
ဘီယာတွေမရောင်းတော့တဲ့ တနေ့ကျရင်တော့ သောက်ဖြစ်တော့မှာမဟုတ်ဖူးနော်။

ကလိုစေးထူး said...

သူတို့မရောင်းဖြစ်တော့ရင် ကိုယ့်ဘာသာကိုယ် ချက်ပြီး သောက်ဦးမယ်လေ.. ကြိုက်လို့ သောက်တယ်လို့တော့ မပြောမိပါဘူး… ;P

Anonymous said...

သောက်နဲ့