Thursday, November 30, 2006

သူငယ်ချင်းများ အတွက်...

ကျနော် အွန်လိုင်းကို တက်ခဲ့တာ တနှစ်ကျော်ခဲ့ပါပြီ။ သူငယ်ချင်းတွေ အများကြီး ရခဲ့သလို အခုဆိုရင် ကျနော့်ကို မုန်းနေကြသူတွေလဲ နည်းမယ် မထင်ပါ။ ကျနော်တို့ တတွေ ဆုံဆည်းနေကြ မြန်မာချက်လဲ ပိတ်သိမ်းသွားခဲ့တာ အတန်ငယ် ကြာခဲ့ပါပြီ။ ဟိုတစု၊ ဒီတစုနဲ့ အဆင်ပြေရာ နေရာမှာ တွေ့ဆုံနေကြတဲ့ သူငယ်ချင်းတွေတော့ ရှိကြပါရဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်ကို ခင်သော၊ မခင်သော၊ မုန်းသွားကြသော သူငယ်ချင်း အားလုံးကို သတိတရနဲ့ ကျနော် ဒီသီချင်းကို ရေးဖြစ်ပါတယ်။ ဒီသီချင်းဟာ ကျနော် တယောက်တည်း အတွက် မရည်ရွယ်ပါဘူး။ အားလုံး အားလုံးသော သူငယ်ချင်းများ အားလုံးအတွက် ရည်ရွယ် ဖွဲ့ဆိုတာဖြစ်ပါတယ်။ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။ အချင်းချင်း မုန်းနေကြတဲ့ သူငယ်ချင်းအားလုံးလဲ ပြန်လည် ချစ်ခင်နိုင်ကြပါစေ။ G-Key နဲ့ တီးခတ် ထားပါတယ်။ ဒီနေရာ မှာ နားထောင်ပါ ခင်ဗျာ။

သူငယ်ချင်းများ အတွက်…
Intro: G Em C D
G Em C G
အဖြူရောင် ခင်မင်မှုများနဲ့ရယ် သံယောဇဉ် အသွယ်သွယ် ဖလှယ်
Em C G D
ဘ၀တကွေ့ဝယ် ဆုံဆည်းခွင့်ရခဲ့ အို.. သူငယ်ချင်းများရယ်
G Em C G
ဘယ်နိုင်ငံ ဘယ်နေရာကို ရောက်ရောက်ကွယ် ငါတို့ဟာ မြန်မာတွေကွယ်
Em D G D
ရင်းနှီးလို့ ညီအကို မောင်နှမများသဖွယ်


တခါတရံ မတူညီမှုများရှိလဲ တူညီမှုကို ဖွေရှာမယ်
အတေးအမှတ်မဲ့ ရန်ညှိုးလဲ မထားနဲ့ အို.. သူငယ်ချင်းများရယ်
ပျော်စရာ ကိုယ်စီ ဝေငှလို့ရယ် ဘ၀အမောတွေ ပြေစေမယ်
ဝမ်းနည်းလဲ အတူတူ ငိုကြွေးကြမယ်။

Solo: G Em C G Em C G D

ဂုဏ်ရွှေငွေတွေ တကယ်အရေးမကြီးတယ်
မာန်မာနတွေ ဖယ်ကာရယ်
သွေးစည်းလို့ တို့စည်းလုံးကြစို့ အို.. သူငယ်ချင်းများရယ်
တချိန်ချိန် တကယ်လို့ တို့ဝေးကြရင် မေ့မသွားစေချင်လို့ကွယ်
အားလုံးအတွက် ကျနော် ဒီသီချင်းဖွဲ့တယ်

Wednesday, November 29, 2006

ငြိမ်းချမ်းရေး သူရဲကောင်းများသို့ ...



လူတယောက်ဟာ ရာဇ၀တ်မှု တခုခု မကျူးလွန်ပါပဲနဲ့၊ အများအကျိုးကို ဆောင်ရွက်နေပါလျက်နဲ့ နှစ်ရှည်လများ အကျဉ်းစံနေသင့်ပါသလား။ ကျနော်တို့ နိုင်ငံမှာတော့ အဲဒီလို လူမျိုး မြောက်မြားစွာ လူသိရှင်ကြားရော၊ လူမသိအောင်ပါ သံတိုင်တွေရဲ့ နောက်ကွယ်မှာ ယုံကြည်ချက်တခု အတွက် သူတို့ဘ၀တွေကို မြုပ်နှံနေ ကြပါတယ်။

ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားခေါင်းဆောင် ငါးယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ နှစ်လ ပြည့်ခဲ့ပါပြီ။ အရင်ကလဲ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ပြီးလို့ ပြန်လွတ်လာမှ မကြာသေး၊ အာဏာလက်ဝယ် ရှိသူတို့က သူတို့ ထိုင်ခုံတည်မြဲဖို့အတွက် သားသမီးချင်းမှ ကိုယ်ချင်းမစာ အမေနဲ့ သားတွေကို ခွဲထားခဲ့ပြန်ပါပြီ။ သူတို့ လွတ်မြောက်ရေးအတွက် တကမ္ဘာလုံး အနှံ့က ၀ိုင်းဝန်း တောင်းဆိုခဲ့ပေမယ့် ဘာမှ မထူးလာသေးပါ။

ဒီခေါင်းဆောင်တွေကို ဂုဏ်ပြုချင်တဲ့အတွက် ငြိမ်းချမ်းရေး သူရဲကောင်းများသို့… လို့ အမည်ပေးထားတဲ့ သီချင်းတပုဒ်ကို ရေးမိပါတယ်။ ဒီသီချင်းကို လူအုပ်စုနဲ့ သံပြိုင်ဆိုရရင် ပိုကောင်းမယ်လို့ တွေးမိပါသေးတယ်။ သံစဉ်ကိုလဲ ကျနော် တတ်သလောက် မှတ်သလောက် ရှာထည့်ထားတာပါ။ ကီးကတော့ C-Key နဲ့ တီးထားပါတယ်။ မတရား အကျဉ်းချ ခံနေရတဲ့ ကျနော်တို့ နောင်တော်များ အမြန်ဆုံး ပြန်လည် လွတ်မြောက် ကြပါစေ။ ဒီနေရာ မှာ နားထောင်ပါ ခင်ဗျာ။

ငြိမ်းချမ်းရေး သူရဲကောင်းများသို့ …
Intro; C G Am Em F G C G

C G
ယုံကြည်ချက်အတွက်
Am Em
ခိုင်မာရဲရင့် စိတ်ဓာတ်တွေ
F C G
ငြိမ်းချမ်းစွာ အမှန်တရားအတွက် တောင်းဆိုနေ

C G
တည်ကြည် ထက်မြက်
Am Em
မယိုင်မလဲတဲ့ ဇွဲနဲ့လေ
F G C G
သူတို့ဘ၀တွေ သံတိုင်များနောက် အကျဉ်းစံနေ


အာဏာလက်နက်
ဘယ်လိုသုံးလဲ မမှုခဲ့ပေ
အကြမ်းမဖက်တဲ့ ရန်လိုခြင်းမဲ့ ခေါင်းဆောင်တွေ

နိုင်ငံအအကျိုးနဲ့
ပြည်သူအားလုံး အကျိုးအတွက်လေ
ရှေ့ဆက်နေ ငါတို့ အားလုံးရဲ့ အကိုတွေ

F Em
နောင်တော်တို့ရေ
Am C
ကမ္ဘာမြေ အနှံ့မလေ
F C G
တောင်းဆုခြွေ အဖြူရောင် ပို့သမေတ္တာတွေ


တချိန်မှာ တို့အတွက်
အောင်မြင်မှုက ကမ်းလင့်နေ
တွဲလက်တွေ ခိုင်ခိုင်မြဲလို့ ညီညွတ်စေ

Solo; Intro


Tuesday, November 28, 2006

ဆုံဆည်းခွင့် ..

နှလုံးသားခြင်းတို့ နီးစပ်ကြလို့
ရင်မှာ အချစ်ကိုယ်စီ ပြည့်နေ
အတားအဆီးများက တို့နှစ်ယောက်ကြားထဲ
ပင်လယ်ကြီးလို ခြားနေ

မပြောဖြစ်ခဲ့တဲ့ စကားလုံးများအတွက်
ရင်မှာ မျက်ရည်တွေ သက်သေ
ပေါင်းစပ်ခွင့်မဲ့ မင်းနဲ့ ငါ့အတွက်
ဆုံနိုင်ခွင့်ဆိုတာ ဝေးနေ

တို့တတွေ သိနေ ဘယ်လိုမှ မနီးနိုင်
အချစ် မင်းစိတ်မပျက်နဲ့လေ
တယောက် တကမ္ဘာခြားလဲ
ရင်မှာ မျှော်လင့်နေ
ပြန်ဆုံဆည်းခွင့်တော့ မရှိပေ …။

အဲဒါလေးကတော့ အလုပ်လုပ်ရင်းနဲ့ အတွေးထဲပေါ်လာတဲ့ စာသားတွေပါ။ အဲဒီစာသားတွေကို အိမ်ပြန်ရောက်တော့ ဂီတာနဲ့ သံစဉ်ရှာကြည့်မိပါတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေပေါ့ ခင်ဗျာ၊ ကျနော့်ရဲ့ ကိုယ်တိုင်ရေး ကိုယ်ပိုင် သံစဉ် သီချင်းတပုဒ်ပါ။ ဒီနေ့ပဲ ရေးမိတာပါ။ သံစဉ်ကတော့ ဆိုလွယ်တေးပါပဲ။ G-Key နဲ့ တီးထားပါတယ်။ ဒီနေရာ မှာ နားဆင်ပါခင်ဗျာ။ ပြီးရင် ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ သီချင်းလေး နာမည်ကိုတော့ ဆုံဆည်းခွင့် လို့ ရိုးရိုးပဲ ပေးထားပါတယ်။

Monday, November 27, 2006

တနင်္လာ တရက်တာ ...

Thanksgiving Day အားလပ်ရက်ကတော့ ပြီးသွားပြန်ပါပြီ။ လေးရက်တာ နားသာ နားလိုက်ရတယ်။ စာလဲ တပုဒ်မှ မရေးဖြစ်၊ မဖတ်ဖြစ်၊ ဟိုသွားဒီသွားနဲ့တင် အချိန်က ကုန်သွားပါတယ်။ အခု မနက်လဲ အလုပ်သွားဖို့ကို အိပ်ယာနိုးတဲ့ အချိန်ကတင် မနက် ၇ နာရီကျော်၊ နှိုးစက်ပိတ်ထားတာကို ပြန်ဖွင့်ဖို့ မေ့နေတာရယ်နဲ့ လေးရက်လုံးလုံး မူးရူးခဲ့တဲ့ ဒဏ်တွေကြောင့် လူက အားရပါးရကြီးကို အိပ်ပျော် နေခဲ့တာပါ။ အိပ်ရာက အလူးအလဲထ၊ အလုပ်သွားဖို့ ကမန်းကတန်း ပြင်ဆင်ပြီး အလုပ်ကို အသည်းအသန် ပြေးရပါတယ်။ အလုပ်ကိုရောက်တော့ ၇ နာရီ ၂၄မိနစ်၊ တော်ပါသေးရဲ့၊ သဘောကောင်းတဲ့ အလုပ်ရှင်က ကျနော့်ကို ခပ်ပြုံးပြုံးနဲ့ “ ကြည့်ရတာ အိပ်ယာထ နောက်ကျတာနဲ့ တူတယ် “ လို့ ပြောပါတယ်။

ဒီကိုရောက်တော့မှ ကျနော်လဲ နေ့တွေကို ချစ်ရ၊ မုန်းရကောင်းမှန်း ကောင်းကောင်းကြီး သိပါတယ်။ ဒီနေ့ တနင်္လာနေ့ဟာ ရက်သတ္တပတ်ရဲ့ ကျနော် အမုန်းဆုံးနေ့ပါ။ အချစ်ဆုံးကတော့ သောကြာနေ့ပေါ့။ ပေးဒေးကလဲ ဖြစ်၊ နောက်နေ့ အလုပ်ဆင်းစရာ မလိုတော့ မနက်စောစော ထစရာလဲမလို။ အဲဒီတော့ ဒီနေ့ တနင်္လာနေ့ကို ငြီးငွေ့ခြင်း မြောက်မြားစွာနဲ့ အလုပ်ချိန်ကို ကျော်ဖြတ်ရပါတယ်။ အိမ်ကို ပြန်ရောက်တော့ ကွန်ပြူတာရှေ့ ခဏထိုင်၊ ပြီးတော့ ချွေးတွေ၊ သံမှုံတွေနဲ့ ညစ်ထေးနေတဲ့ ကျနော့်ရဲ့ အတ္တဘောကြီးကို သန့်စင်ရေး လုပ်ရပြန်ပါတယ်။

ရေမိုးချိုးပြီးလို့ တီဗွီဖွင့်ကြည့်တော့ ကျနော် မကြည့်ဖြစ်လိုက်တဲ့ မန်ယူ-ချဲလ်ဆီး ဘောလုံးပွဲကို ပြန်လွှင့်နေပါတယ်။ လူမှုဗေဒဆိုင်ရာ သိပ္ပံပညာရှင်များက သွေးမထွက်သော စစ်ပွဲများရယ်လို့ ဘောလုံးပွဲများကို တင်စားပါသတဲ့။ အခုစစ်ပွဲမှာတော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးကို နိုင်စေချင်ပေမယ့် ပွဲက သရေ ကျသွားပါတယ်။ မဟေသီ မဂ္ဂဇင်းတအုပ်မှာ ဆရာ ဂျက်(ကွမ်းခြံကုန်း) က ဆရာချစ်ဦးညို ဟောပြောခဲ့တဲ့ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ စကားကို အခုလို ရေးပြခဲ့ဖူးပါတယ်။

တခါတုန်းက မျက်စိ ကန်းနေသူတို့ ဘောလုံးအသင်းနဲ့ ရူးသွပ်နေသူတို့ ဘောလုံး ကစားကြပါသတဲ့။ မျက်စိ ကန်းနေသူတွေ ဘောလုံးကန်နိုင်စေဖို့က ဘောလုံးမှာ ခြူကလေးတွေ ဆွဲပေးထားပါတယ်။ အသင်းသား အချင်းချင်း မှတ်မိသိစေဖို့ကိုလဲ ခြေထောက်တွေမှာ ခြူကလေးတွေနဲ့ပေါ့။ အဲဒီအပြင် ဘောလုံး ဂိုးပေါက်တွေမှာလဲ ခြူဆွဲပြီး အသံပေးထားပါသေးတယ်။ အဲဒီလိုနဲ့ ကစားလိုက်ကြတာ နောက်ဆုံးမှာ မျက်စိ ကန်းနေသူတို့ အသင်းက ၁၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အဲဒီ ၁၁ ဂိုးကတော့ မျက်စိကန်းနေတဲ့ လူတွေ သွင်းတဲ့ ဂိုးမဟုတ်ပါဘူး။ ရူးနေတဲ့ လူတွေက မိမိတို့ဂိုးကို မိမိတို့ (ဂိုးသမား အပါအ၀င်) တယောက် တဂိုးစီ (တာဝန်သိသိ) ပြန်သွင်းခဲ့ကြတာကြောင့် မျက်စိ ကန်းနေသူတွေက အနိုင်ရသွားတာ ဖြစ်ပါသတဲ့။ အသိတရားကန်းခြင်းဟာ မျက်စိ ကန်းခြင်းထက် ပိုဆိုးကြောင်း ဥပမာပြ ဆုံးမလိုတာ ဖြစ်ပါတယ်။

ဘောလုံးပွဲ ထိုင်ကြည့်ပြီးတော့ စက်ရှေ့ထိုင်၊ ပို့စ်အသစ်အတွက် စာရေးမယ် ကြံစည်မလို့ ရှိသေး၊ ဖုန်းက လာပြန်ပါတယ်။ အလုပ်တူတူလုပ်တဲ့ မြန်မာ သူငယ်ချင်းက သူ့အိမ်က ကွန်ပြူတာ ပျက်သွားတာကို ဘယ်လိုလုပ်ရင် ကောင်းမလဲ လှမ်းမေးတာပါ။ လှမ်းမေးတယ်သာ ပြောရတယ်၊ သူပြောချင်တာတွေ ပြောပြီး ကျနော်က ဟုတ်ကဲ့၊ ကောင်းတာပေါ့နဲ့တင် ပြီးသွားတာပါ။ လူမျိုးခြားတွေ ကြားမှာ မြန်မာအချင်းချင်း ဒီလိုပဲ စကားပြောဖော် ရှာရတော့ နားလည်မှု ပေးရပါတယ်။ အပြန်အလှန်ပေါ့။

စာရေးဖို့ အာရုံက ပျက်သွားပြန်တော့ မနေ့က ၀ယ်လာတဲ့ ပရင်တာကို တပ်ဖို့စိတ်ကူးရတော့ ကတ်တလောက် စာအုပ်ကိုဖတ်၊ မတောက်တခေါက် အင်္ဂလိပ်စာနဲ့ စမ်းတမ်းစမ်းတမ်းဖတ်ပြီး ဟိုအပေါက်ထိုး ဒီအပေါက်ထိုး လုပ်လိုက်တာ အဆင်ပြေသွားပါတယ်။ သတင်းဝက်ဘ်ဆိုက် တခုက စာတချို့ကို ပရင့်စမ်းထုတ်တော့ အိုကေနေပါတယ်။ စိတ်ထဲမှာလဲ ကျေနပ်သွားပါတယ်။ ကွန်ပြူတာ စကရင်မှာ မျက်စိ အကိုက်ခံ စာဖတ်ရတဲ့ ဘေးက အထိုက်အလျောက် သက်သာရာ ရတော့မယ်။ လျှောက်လွှာ စာရွက်တွေနဲ့ ပရင့်ထုတ်ထားတော့ စာအုပ် အရသာကို မမီရင်တောင် မျက်စိ အကိုက်တော့ တော်တော် သက်သာတော့မယ်။

ဒီလိုနဲ့ပဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ တနေ့တာကုန်သွားပါတယ်။ ဒီနေ့ ကျနော်မုန်းတဲ့ တနင်္လာနေ့ကို လွန်ပြီးတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ ပြီးရင်တော့ ကျနော်ချစ်တဲ့ သောကြာနေ့ကို လာပြန်အုံးမှာပါ။ ကျနော် ချစ်တဲ့ သောကြာနေ့ ပြီးဆုံးသွားရင်တော့ရော ???၊ မုန်းတဲ့ တနလာင်္နေ့ပေါင်း များစွာက ရောက်လာပြန်အုံးမှာပါပဲ။ ဒီလိုနဲ့ပဲ ချစ်တဲ့နေ့တွေ၊ မုန်းတဲ့နေ့တွေပေါင်း များစွာကြားမှာ တစုံတရာကို မျှော်လင့်နေရင်းနဲ့ မွေးရပ်မြေနဲ့ ကမ္ဘာ တဖက်ခြားမှာ ၀င်ကစွပ်ကောင် တကောင်လို ဘယ်လောက်များ ကြာအောင် နေရအုံးမယ် ဆိုတာ တယောက်ထဲ ဟိုတွေး ဒီတွေး တွေးမိပါရဲ့။


ကလိုစေးထူး

Tuesday, November 21, 2006

ဒီတလ အကြိုက်ဆုံးများ...

ဒီနေ့တော့ ကျနော် ဖတ်ခဲ့မိသမျှ မြန်မာ ဘလော့များ၊ အင်တာနက်စာ မျက်နှာများက အကြိုက်မိဆုံး စာစု၊ ကဗျာနဲ့ ဖန်တီးမှုများကို တင်ပြချင်ပါတယ်။ အခု တင်ပြတဲ့စာတွေ၊ ကဗျာတွေ၊ ဖန်တီးမှုတွေဟာ ကျနော် တဦးတည်းရဲ့ ဖတ်ရှု သိမိသလောက်သာ ဖြစ်လို့ ဒီထက် သာလွန် ကောင်းမွန်တာတွေ ရှိကောင်း ရှိနိုင်အုံးမှာပါ။ မြင်းထိန်း ငတာရဲ့ ချီးကျူးမှုမျိုးလို ဖြစ်သွားမိခဲ့ရင်လဲ လွန်တာရှိ ၀န္နာမိပါ ခင်ဗျာ။ ကျနော် ဖတ်ရှုမိသမျှတွေထဲက အောက်မှာ ဖော်ပြထားတာတွေကတော့ မချီးကျူးပဲ မနေနိုင်တဲ့အတွက် ရိုးသားစွာ ဝေမျှပေးခြင်းသာ ဖြစ်ပါတယ်။ ကဲ.. ကျနော်နဲ့ အတူ ခံစားကြည့်ကြရအောင်လား။

***အကြိုက်ဆုံး ဘလော့ဂါ ပို့စ် များ***

(၁) လဖက်ရည်ဆိုင်က ညနေခင်း

ဒီပို့စ်ကို ရေးသူကတော့ မမေဓာဝီပါ။ ဆင်းရဲ ကြပ်တည်းလှတဲ့ ဒီခေတ် မြန်မာပြည်မှာ သူဖုန်းစားတွေ အတော်ကို များပြားလာတာကို ဒီပို့စ်က ပြပါတယ်။ ဒီပို့စ်မှာ ကျနော် နှစ်သက်တာကတော့ မိမိ စိတ်အမှားကို ၀ံ့ဝံ့စားစား ၀န်ခံထားတာကိုပါ။ အရေးအသားကလဲ ညက်ညောလှပါတယ်။
http://maydar-wii.blogspot.com/2006/09/at-teashop.html

(၂) မန္တလေး-မိုးကုတ်
ဒီပို့စ်ကို ဖန်တီးခဲ့သူကတော့ ကိုဇော်မိုးအောင်ပါ။ ဆောင်းဝင်ခါစ မန္တလေး ကျုံးဘေးက ရှုခင်း အလှကို ဖွဲ့ဆိုတာ အတော်လေးကို လှပသေသပ်ပါတယ်။ မိုးကုတ်ကို အသွား ကားလမ်းခရီးမှာ နံဘေးမှာ အတူထိုင်တဲ့ အမယ်အိုကြီးရဲ့ အလုပ်ရှုပ်ပုံကို တင်ပြပုံကလဲ ပြုံးချင်စရာပါ။ မိုးကုတ်အသွား လမ်းခရီးတလျှောက် မြင်ကွင်းတွေကိုပါ ဖွဲ့ဆိုရင် ပိုကောင်းမှာပဲလို့ လောဘကြီးမိပါတယ်။
http://zawmoeaung.blogspot.com/2006/10/blog-post_31.html

***အကြိုက်ဆုံး ကဗျာ***

ဗလာများ
ကိုစိန်မျောက်မျောက်ရဲ့ ဘလော့မှာပါ။ ၁၉၉၆၊ ဖေဖော်ဝါရီလထုတ် ရာစုသစ် မြစ်ကျဉ်း ကဗျာ စုစည်းမှု (၄)မှ ထုတ်နှုတ်ဖော်ပြတယ်လို့ သိရပါတယ်။ တိုတောင်းပေမယ့် ထိမိလှတဲ့ ကဗျာလေးပါ။ ဒီကဗျာကို ဖတ်မိတော့ ကြားရက် ပင်းသူတွေနဲ့ မြင်ရက် ကန်းသူတွေကို ချက်ချင်းပဲ မျက်စေ့ထဲ မြင်ယောင်မိပါတယ်။ ရေးတဲ့ ကဗျာဆရာတော့ ဒွန် တဲ့။
http://7monkeys.blogspot.com/2006/11/blog-post_21.html

*** အကြိုက်ဆုံးသော တေးသီချင်း တင်ပြမှု***
Kiss
မူရင်း ကိုရီးယား သီချင်းနာမည် ဖြစ်ပုံ ရပါတယ်။ ကျနော် သဘောကျတာက မူရင်းသီချင်းကို ခံစားပြီးရင် မြန်မာမှုပြု သီဆိုထားတဲ့ အဆိုတော် ရှင်ဖုန်းရဲ့ မညံ့လှတဲ့ သီချင်းကိုပါ တင်ပေးထားတာကိုပါ။ ရင်ခုန်မိသူလို့ အမည်ပေးထားတဲ့ အဲဒီသီချင်းအပြင် အဲဒီ စီးရီးက သီချင်းအားလုံးကို နားထောင်ချင်ရင်ဖြစ်စေ၊ ဒေါင်းလော့ ကူးယူချင်ရင်ဖြစ်စေ အားလုံး အဆင်ပြေအောင် ဖန်တီးပေးထားတဲ့ ဘလော့ပိုင်ရှင်ရဲ့ အားထုတ်မှုကို လေးစားမိပါတယ်။
http://sisain.blogspot.com/2006/11/kiss.html

***အကြိုက်ဆုံး သီချင်း***
နားနားပြီးပြော - မျိုးကြီး
ကိုသီဟကျော်ဇောရဲ့ ဘလော့မှာ သွားတွေ့ပါတယ်။ ဒီသီချင်းကို ကြိုက်နှစ်သက်မိတာကတော့ ကြိုက်သလို အတွေးချဲ့လို့ ရနိုင်တဲ့ ကိုမောင်မောင် ဇော်လတ်ရဲ့ သီချင်းစာသားတွေကြောင့်ပါ။ အဲဒီစာသားတွေကို ကိုမျိုးကြီးရဲ့ ပါးနပ်တဲ့ အဆိုဟန်၊ အိုင်စီအဖွဲ့ရဲ့ တီးလုံးတွေနဲ့ ပေါင်းစပ်လိုက်တော့ ထိမိကောင်းမွန်လှတဲ့ တေးတပုဒ်ဖြစ်လာပါတယ်။ သံစဉ်ကတော့ ကိုယ်ပိုင် သံစဉ်လို့ မျှော်လင့်ရပါတယ်။
http://thihakyawzaw.blogspot.com/2006/11/narr-narr-pe-pyaw-myo-gyi.html


ကလိုစေးထူး

Monday, November 20, 2006

မှတ်ပုံတင် တဆိတ်လောက် ...

ကျနော်တို့ မြို့ကနေ ရန်ကုန်ကို သွားဖို့ ရေလမ်းခရီး တခုမှာပါ။ ပျင်းရိဖွယ်ကောင်းလှတဲ့ သင်္ဘောခရီးကို လိုက်ပါရင်းနဲ့ မှေးကနဲ အိပ်ပျော်သွားခိုက်မှာ ကျနော့် ခြေထောက်ကို ခပ်ဆတ်ဆတ် ကန်နှိုးခံရလို့ အိပ်မှုံစုံမွှားနဲ့ မော့ကြည့်မိတော့ အပေါ်က အရပ်ဝတ်၊ အောက်က ကာကီရောင် ဘောင်းဘီ ၀တ်ထားတဲ့ လူတယောက်က ရှုတည်တည်နဲ့ ကျနော့်ကို ကြည့်နေပါတယ်။ ပြီးတော့ တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။

တခါကလဲ ရန်ကုန်ကို ရထားနဲ့သွားတော့ ရထားက မထွက်သေးတာနဲ့ အောက်ဆင်းပြီး ဟိုဟိုဒီဒီ လိုက်ငေးနေတုန်း အရပ်ဝတ်နဲ့ လူတယောက်က အနားကပ်လာပါတယ်။ ပြီးတော့ တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။

ကားနဲ့သွားတဲ့ ခရီးတခုမှာလဲ မြို့အ၀င်တခုမှာ ခုံတန်းရှည်တခု ချထိုင်နေတဲ့ အရပ်ဝတ်၊ ကာကီရောင် စစ်စိမ်းရောင် ၀တ်ထားတဲ့ လူတစုက ကားပေါ်က လူအားလုံးကို ဆင်းခိုင်းပြီး တခွန်းပဲ ပြောပါတယ်။ မှတ်ပုံတင် တဆိတ်လောက်တဲ့။

တကယ်တော့ မှတ်ပုံတင်ကို စစ်ဆေးတယ်ဆိုတာ လိုအပ်လို့ စစ်ဆေးတာ ဆိုရင်တော့ ပြောစရာမရှိပါဘူး။ ဒီနိုင်ငံမှာလဲ မှတ်ပုံတင် စစ်တဲ့အခါတွေ ရှိပါတယ်။ ဒါပေမယ့် အပေါ်မှာ ကျနော်ပြောခဲ့တဲ့ နေရာတွေလိုမှာတော့ မဟုတ်ပါဘူး။ ဆေးလိပ်/အရက် သွားဝယ်တဲ့အခါ အသက်ပြည့်မပြည့် စစ်တဲ့အခါမျိုး၊ ဘဏ်စာအုပ်ထဲက ငွေသား ထုတ်ယူတဲ့အခါ စစ်တာမျိုး၊ စာတိုက်မှာ ပါဆယ်ထုပ် သွားထုတ်ယူရတဲ့အခါမှာ စစ်တာမျိုး စသဖြင့်တွေပါ။ ခြိမ်းခြောက်မှု ကင်းပါတယ်။

ဒါဖြင့် ကျနော်တို့ နိုင်ငံမှာကရော…။ မှတ်ပုံတင် အစစ်ခံရတဲ့အချိန်မှာ မပြနိုင်ရင် ဘာဖြစ်လာ နိုင်ပါသလဲ။ ပထမအဆင့်ကတော့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒုတိယ အဆင့်ကတော့ လူအခြေအနေကို ကြည့်ပြီးတော့ ငွေညှစ်ခံရပါ လိမ့်မယ်။ ဒီထက် ဆိုးဝါးတဲ့ အခြေအနေ တခုကတော့ စစ်တပ်ထဲ အတင်း သွတ်သွင်းခံရတာမျိုးပါ။ စစ်သားစုဆောင်းတဲ့ လူတွေကလဲ မှတ်ပုံတင် တဆိတ်လောက်ဆိုတာကို လက်နက် တခုအနေနဲ့ အသုံးချလေ့ ရှိပါတယ်။

နိုင်ငံသား ဖြစ်မှုတခုကို အသိအမှတ်ပြုတဲ့ ဒီကဒ်ပြားလေး မရှိတဲ့အတွက် အဲဒီလို ခြိမ်းခြောက်မှုတွေ ခံရသလို အဲဒီ ကဒ်ပြားလေး ရဖို့အတွက်ကိုလဲ အတော်ကြိုးစားရ ပြန်ပါတယ်။ ရာထူးအဆင့်ဆင့်၊ စားပွဲအဆင့်ဆင့်ကို ဖြတ်ပြီး ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံရရေးအတွက် အိတ်ကပ်ထဲက ငွေယားလေးတွေကို ဆိုင်ရာပိုင်ရာတွေကို ဆက်သရပြန်ပါတယ်။ အချိန်နဲ့ ငွေကို ရင်းနှီးပြီးမှပဲ ဒီကဒ်ပြားက ရပါတယ်။

ခြိမ်းခြောက်မှု ပရပွနဲ့ နေသားကျနေရတဲ့ ကျနော်တို့ နိုင်ငံမှာ မှတ်ပုံတင်လေး တဆိတ်လောက် ဆိုတဲ့ စကားဟာ နောက်ထပ် ဘယ်လောက်ကြာကြာတိုင်အောင် အလွဲသုံးစား အလုပ်ခံနေရဦးမယ် ဆိုတာကတော့ …..။


ကလိုစေးထူး

Sunday, November 19, 2006

နှစ်သက်မိသော တေးတပုဒ်...

ဒီအလုပ်ပိတ်ရက်မှာ ကျနော် ဘာစာမှ မရေးဖြစ်ပါဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ပဲ ဘယ်မှလဲ မသွားဖြစ် ဘာမှလဲ မလုပ်ဖြစ်ပဲ နှစ်ရက်တာ ကုန်သွားပါတယ်။ သီချင်းတွေ လိုက်နားထောင်ကြည့်တော့ တော်တော် သဘောကျနှစ်ခြိုက်မိတဲ့ သီချင်းလေးကို နားထောင်မိလို့ သူငယ်ချင်းများကိုလဲ ဝေမျှချင်လာပါတယ်။ ဒီနေရာ မှာ နားထောင်ပါနော်။ ဒီသံစဉ်လေးကို ကိုထူးအိမ်သင်က မြန်မာမှုပြု ပြန်ဆိုထားပါသေးတယ်။ အခု သီချင်းကလဲ သီချင်းရဲ့ ရသကို အပြည့်အ၀ ပေးနိုင်တယ်လို့ ကျနော်တော့ ထင်မိပါတယ်။

Friday, November 17, 2006

လမ်းကလေး...
















ဒီလမ်းကလေးကို ကျနော် စတင် ရင်းနှီးခွင့်ရခဲ့တာကတော့ မနှစ်က ဇူလိုင်လလောက်ကပါ။ ကံကောင်းတယ်ပဲ ဆိုရမလားမသိ၊ အလုပ်နဲ့အိမ်က နီးနီးလေး ရပါတယ်။ အဲဒီမှာတင် အဲဒီ စက်ဘီး လမ်းကလေးနဲ့ မိတ်ဆွေ ဖြစ်တော့တာပါ။ ကျနော့်အိမ်ကနေ အလုပ်ကို သွားချင်ရင် တင်းနစ်ကွင်းနဲ့ ဘိုးဘွားရိပ်သာ ကားရပ်နားနေရာလေးကို ဖြတ်ပြီးရင် ကျနော့် မိတ်ဆွေ အဲဒီ လမ်းကလေးကို ရောက်ပါတယ်။ အဲဒီ လမ်းကလေးကမှတဆင့် အလုပ်ရှိရာကို စက်ဘီးနဲ့ သွားရတာပါ။ တခါတလေတော့လဲ အေးအေးလူလူ လမ်းလျှောက်သွားလေ့ ရှိပါတယ်။

မနှစ်က ကျနော်စရောက်ခါစ အချိန်တုန်းကတော့ လမ်းကလေးဟာ ပြုံးနေတဲ့ မိန်းမပျိုလေးနဲ့ တူပါတယ်။ လမ်းဘေး တဖက် တချက်မှာဆိုရင်လဲ အပင်တွေက စိမ်းစိမ်းစိုစိုနဲ့၊ ဘေးမဲ့ပေးထားတဲ့ ရှဥ့်ကလေးတွေ၊ ယုန်ကလေးတွေကလဲ အပူပင်မဲ့စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ကူးလူး ဆော့ကစားလို့ပေါ့။ တခါတရံမှာတော့ လမ်းဘေးက မီးရထားလမ်းက မီးရထားကြီးက ဆူညံသံတွေနဲ့အတူ ဆိတ်ငြိမ်တဲ့ လမ်းကလေးကို ငေါက်ငမ်းတတ်ပါတယ်။

တခါတလေ စက်ဘီးနဲ့ မသွားချင်လို့ အေးဆေးစွာ လမ်းလျှောက်သွားတဲ အခါတွေဆိုရင် လမ်းကလေးရဲ့ ရသကို အပြည့်အ၀ ခံစားရလေ့ရှိပါတယ်။ ကျန်းမာရေးအရ အပြေးလေ့ကျင့်သူတွေ၊ စကိတ်၊ စက်ဘီးစီးတဲ့လူတွေက လမ်းဆိုတာရဲ့ အဓိပ္ပာယ်ကို ကိုယ်စီကိုယ်င ဖော်ဆောင်ကြပါတယ်။ လမ်းကလေးက ကားလမ်းခုံးကျော် တံတားတခုအောက်က ဖြတ်သွားရတဲ့ အခါ အဲဒီတံတားအောက်မှာ ခိုအောင်းပုံရတဲ့ အိမ်ခြေမဲ့ တယောက်ကလဲ အမေရိကန်နိုင်ငံရဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို လမ်းနဲ့အတူ ပြသလို့နေပါတယ်။ ဆောင်းတွင်းဆိုရင်တော့ သူ ဘယ်မှာ နားခိုလဲ ကျနော် မသိပါ။

လမ်းကလေးရဲ့ ကျနော် အနှစ်သက်ဆုံး နေရာလေးကတော့ မြစ်ကူးတံတား နေရာလေးပါ။ နွေဘက်တွေမှာ ဆိုရင် မြစ်ထဲမှာ ကူးလူးပျော်ပါးနေတဲ့ ငါး၊ လိပ်တွေနဲ့ မြစ်ဘေးက ဘဲငန်းတွေကို ကြည့်ရတာဟာ မြန်မာပြည်က ကျနော်တို့ မြို့ကလေးကို ပြန်သတိရစေပါတယ်။ တခါတလေတော့လဲ ငါးမျှားသူတွေက အဲဒီ သတ္တ၀ါလေးတွေရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးလေ့ ရှိပါတယ်။

အခုလို ဆောင်းဝင်ခါစ အချိန်လေးကတော့ လမ်းကလေးဟာ ညှိုးယော်တဲ့ မျက်နှာထားလေးနဲ့ပေါ့။ အပင်တွေရဲ့ အလှဖြစ်တဲ့ သစ်ရွက်တွေကို ရာသီဥတုက ဖဲ့ခြွေသွားပြီလေ။ ခြောက်သယောင်းနေတဲ့ လက်တံတွေနဲ့ အပင်တွေက ကြမ်းတမ်းတဲ့ ရာသီဥတု အောက်မှာ ခြောက်လလောက်တော့ အလှမဲ့ကြဦးမယ်။ လမ်းကလေးကရော ဘာထူးသေးလဲ၊ အမြင်လှတဲ့ နှင်းဖတ်တွေ ကျလာရင် နှင်းခြစ်တဲ့ ကားတွေက လမ်းမချော်ဖို့ အကြောင်းပြပြီး သူ့မျက်နှာကို ဒေါသတကြီးနဲ့ ပွတ်တိုက် ဖယ်ရှားပစ်တာ ခံရဦးမယ်။

အလုပ်ပိတ်တဲ့ နေ့တွေမှာ ကျနော်က အဲဒီလမ်းကလေးကို မေ့ထားပေမယ့် အလုပ်ပြန်ဆင်းရတဲ့ တနင်္လာနေ့ကျရင်တော့ လမ်းကလေးက ကျနော့်ကို အပြစ်မယူစွာ ဆီးကြိုမြဲပါပဲ။ ကျနော့်ကိုမှ မဟုတ်ပါဘူး၊ တခြား တခြားသော အဖြူ၊ အမည်း၊ အညို အ၀ါ မရွေး လမ်းကလေးက မခွဲခြားပဲ တာဝန်ကျေနေတာပါပဲ။

တကယ်တော့ လမ်းဆိုတာ ခရီးတခုကို ရောက်အောင်သွားနိုင်ဖို့ အကျိုးဆောင်တဲ့ အရာလေး တခုပါ။ အဲဒီ လမ်းအပေါ်မှာပဲ လူတွေဟာ မတူညီသော၊ တူညီသော ခရီးကို ရည်ရွယ်ချက် မျိုးစုံနဲ့ သွားနေကြပါတယ်။ တချို့ကျတော့ အလျင်လိုစွာ၊ တချို့ကျတော့လဲ ဖြည်းဆေး ငြင်သာစွာ၊ တချို့ကျတော့ သက်တောင့် သက်သာ ရှိစွာ၊ တချို့ကျတော့လဲ ပင်ပန်း ဆင်းရဲကြီးစွာနဲ့ပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် လမ်းကတော့ ဆင်းရဲချမ်းသာ မရွေး၊ အယုတ်လတ် မြတ် မရွေး သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နေတာပါပဲ။


ကလိုစေးထူး

Thursday, November 16, 2006

နိုင်ငံ့အရေး=နိုင်ငံရေး ...

ဒီနေ့တော့ ကျနော် ဖတ်မိတဲ့ ဆောင်းပါးလေးက စာတချို့ကို ကောက်နှုတ်တင်ပြချင်ပါတယ်။ The Voice ဂျာနယ်က ထိုက်အောင်ရေးတာပါ။ တကယ်တော့ လေလှိုင်းထဲက နိုင်ငံရေးဟာ ကြီးမားတဲ့ အပြောင်းအလဲတခု မဟုတ်လာနိုင်ရင်တောင် ပျက်သုန်းသွားတဲ့ ဘ၀တွေရဲ့ မျက်ရည်စမ်းတွေကိုတော့ လက်လှမ်းမီသလောက် ပြောပြနိုင်ပါတယ်။ အမှန်တော့လဲ လူတိုင်းလူတိုင်းဟာ မနက်မိုးလင်းလို့ မျက်စေ့ နှစ်လုံးပွင့်တာနဲ့ ကိုယ်စီကိုယ်င နိုင်ငံရေး လုပ်နေကြတာပါပဲ မဟုတ်လား။ အောက်က စာကို ဖတ်ကြည့်ရင် ပိုနားလည် ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။

O2 လူ့အဖွဲ့အစည်း

တလောက ဂျာနယ်ထုတ်ဝေခွင့် ရရှိထားသူ တဦးရဲ့ 'မင်းတို့နိုင်ငံရေးလုပ်နေတာလား' ဆိုတဲ့ စကားတခွန်း ကို ကြားရပါတယ်။ ကျွန်တော်တို့လူမှုအသိုင်းအ၀ိုင်းမှာ နိုင်ငံရေး ဆိုတဲ့ စကားလုံးအပေါ် အမြဲလိုစိုးရိမ်ထိတ်လန့်တဲ့ အမြင်နဲ့ ပြောလေ့ရှိပြီး ဒီအမြင်ဟာ အရိုးစွဲနေတတ်တဲ့အတွေးအခေါ်တခုလို့ဆိုရင် မှားမယ် မထင်ပါဘူး။
ကျွန်တော့်ကို အခုလို ပြောခဲ့တဲ့ အဆိုပါ ပုဂ္ဂိုလ်က အသက်ခြောက်ဆယ်ကျော်လို့ ခုနစ်ဆယ်အရွယ် တိုင်နေတဲ့ အငြိမ်းစား ၀န်ထမ်းတဦးပါ။အဲဒီနေ့ကတော့ ကျွန်တော်လည်း ဘာမှ ဖြေရှင်းချက် မပေးခဲ့ပါဘူး။ တကယ်တော့ကျွန်တော်တို့ သတင်းစာဆရာ ဆိုတဲ့ အလုပ်ကို ကောင်းစွာ သဘောပေါက်ခြင်းမရှိသလို နိုင်ငံရေး ဆိုတဲ့ စကားလုံး အပေါ် သူကိုယ်တိုင်လည်းကောင်းစွာခွဲခြား နားလည်နိုင်ခြင်း မရှိဘူးဆိုတာ သိရတဲ့အတွက်စိတ်မကောင်းခြင်းလည်း ဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် တာဝန်ယူလုပ်ကြရတဲ့ သဘောရှိပါတယ်။ ဥပမာ -ကျောင်းဆရာဟာ ကျောင်းဆရာအလုပ် လုပ်သလို၊ ဆရာဝန် ဆိုတာဟာလည်း ဆရာဝန်အလုပ်လုပ်ကြတဲ့ သဘောမျိုး ဖြစ်ပါတယ်။ အဲဒီလို ကျရာအခန်း ကဏ္ဍအသီးသီးက တာဝန်ယူလုပ်ကိုင်ခြင်းဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ နိုင်ငံ့အရေးကိစ္စကိုလုပ်ဆောင်ခြင်းရယ်လို့ ဆိုရမယ် ထင်ပါတယ်။
အထူးသဖြင့် ကျွန်တော်တို့ လူအများစုဟာ နိုင်ငံရေးဆိုတဲ့ စကားလုံးကြားရုံနဲ့ ထိတ်လန့်တကြား လက်တွန့်တတ်ကြပုံဟာ တကယ်တော့ တာဝန်ယူစိတ်နည်းပါးတယ်ဆိုတာ ပြသရာရောက်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးသိပ္ပံ ဆိုတဲ့ဘာသာရပ်ကို နားလည်သဘောပေါက်ပြီး လေ့လာလိုတဲ့ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် ပေါ်ပေါက်လာဖို့ရာ ကြိုးစားရပါဦးမယ်။ ကျွန်တော်တို့မြန်မာလူ့အဖွဲ့အစည်းရဲ့ အမြင် သဘောထားတရပ် အဖြစ် နိုင်ငံရေးဆိုတာဟာကိုယ်နဲ့မဆိုင်ပါဘူး ဆိုတဲ့ အမြင်မျိုး မထားကြတော့ရန်လည်းအချိန်တန်ပါပြီ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတခုရဲ့ အကောင်းအဆိုးအကြောင်းအကျိုး ဆိုတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံသားအားလုံးက ကျွန်တော်တို့ အားလုံးရဲ့ အရေးဖြစ်နေလို့ပါပဲ။
ဒါကြောင့်ပဲ လူဟာ နိုင်ငံရေးသတ္တ၀ါ ဖြစ်တယ်လို့ ပြောဆိုကြတာ ထင်ပါတယ်။နိုင်ငံအရေးကိစ္စ မှန်သမျှကို ကျရာ နေရာမှ တာဝန်ယူလုပ်ကိုင်လျက်ရှိသူမှန်သမျှကို နိုင်ငံရေးသမားလို့ ခေါ်ဆိုရမှာပါ။ ဒါကြောင့်နိုင်ငံရေးသမား ဆိုတာ သီးခြားလူတန်းစား တရပ်အနေနဲ့ မွေးဖွားလာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူ တရပ်လုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။တနည်းအားဖြင့် တာဝန်ယူလိုစိတ် များများရှိတဲ့ တာဝန်သိပြည်သူတွေပေါ်ထွန်းလာရေး သို့မဟုတ် ရင့်ကျက်သော မြန်မာလူမှုအဖွဲ့အစည်း အသစ်တရပ်ပေါ်ပေါက်လာရေးဟာ အနာဂတ် မြန်မာနိုင်ငံအတွက် များစွာ အရေးကြီးလှပါတယ်။
ဒါကြောင့် အထက်မှာရေးခဲ့တဲ့ မေးခွန်းမေးသူလို လူများကို တွေ့မြင်တိုင်းကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ ပမာပေး ခိုင်းနှိုင်းလေ့ရှိတဲ့အကြောင်းအရာတခုကို သတိရမိပါတယ်။ အဲဒါကတော့ 'ကိုယ်တိုင် မီးမလောင်၊မီးလောင်ခြင်းကိုလည်း အားမပေးသော ကာဗွန်ဒိုင် အောက်ဆိုဒ်လို လူစားမျိုး'ဟူ၍ ပါပဲ။ ဒါကြောင့် တာဝန်ယူလိုစိတ် များတဲ့ အောက်ဆီဂျင်လိုလူ့အဖွဲ့အစည်းမျိုး ပေါ်ထွန်းလာဖို့ ကျွန်တော်တို့ ကြိုးစားကြရ ဦးမှာပါ။


ထိုက်အောင်

Wednesday, November 15, 2006

ဘတ်စ်ကားများ ...

ဘယ်လောက် တိုးတက်တဲ့ နိုင်ငံပဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့ နိုင်ငံပဲဖြစ်ဖြစ် မြို့ပြတွေမှာ ယနေ့ထိအောင်နဲ့ နောင် နှစ်ပေါင်းများစွာ တိုင်အောင် မရှိမဖြစ်တာက ဘတ်စ်ကားတွေပါ။ မြို့ပြနေ အခြေခံလူတန်းစားတွေ အတွက်တော့ ဘတ်စ်ကားဆိုတာက ကြီးမားတဲ့ လိုအပ်ချက်တခုပါပဲ။ ဒီတော့ ဘတ်စ်ကားတွေ အကြောင်း စိတ်ကူးတည့်ရာ ဟိုဟိုဒီဒီ ရေးချင်လာပါတယ်။
ကျနော့် ဘ၀မှာ ဘတ်စ်ကားတွေနဲ့ စတင် အသိအကျွမ်း ဖြစ်ခွင့်ရတာကတော့ ငါးတန်းရောက်တဲ့ နှစ်ကပါ။ အဲဒီ နှစ်က ကျနော်တို့ မိသားစုက အိမ်ပြောင်းတော့ မေမေ တာဝန်ထမ်းဆောင်နေတဲ့ တောင်ဥက္ကလာပ၊ အလက(၃)နဲ့ ရပ်ကွက်(၄)က အတန်ငယ် အလှမ်းကွာသွားပါတယ်။ အရင်တုန်းကတော့ ရပ်ကွက်(၉)မှာ နေတော့ ကျောင်းကို လမ်းလျှောက်သွားယုံပေါ့။ ဘတ်စ်ကားနဲ့ ကျနော်နဲ့ ဘာမှမဆိုင်။ မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျနော် တနေ့ကိုမှ မုန့်ဖိုး ပြားငါးဆယ်ပဲ ရပါတယ်။ အဲဒီတုန်းက အစပထမတော့ ဘတ်စ်ကားခတွေက မှတ်တိုင်အလိုက် ယူတာပါ။ ဥပမာ သုံးမှတ်တိုင်စာလောက် ဆိုရင် ငါးပြား၊ ခြောက်မှတ်တိုင်လောက် ဆိုရင် ဆယ်ပြားနဲ့ တဆင့် တဆင့် တိုးယူသွားတာပါ။ ဂိတ်ဆုံးအထိ စီးရင်တော့ ပြားလေးဆယ်ပေါ့။ ကျနော်နေတဲ့ အိမ်ကနေ ကျောင်းကိုသွားရင် ဘတ်စ်ကား ခြောက်မှတ်တိုင်လောက် စီးရတာမို့ ဆယ်ပြားပေါ့၊ အသွားအပြန် ပြားနှစ်ဆယ် နှုတ်လိုက်ရင် ပြားသုံးဆယ်က မုန့်ဝယ်စား ရပါတယ်။
ကျနော်နေတဲ့ အိမ်ကနေ ကျောင်းသွားဖို့အတွက် ပါရမီမှတ်တိုင်ကနေ စီးရတာ များပါတယ်။ နံပါတ် (၃၆)နဲ့၊ ကပရ က ပြေးပေးတဲ့ သီးသန့် (၁)(၂) ကားတွေ စီးရတာပါ။ တခါတလေလဲ နှစ်စီးတွဲ ကားတွေပေါ့။ အဲဒီတုန်းက ကျနော် အကြိုက်ဆုံးကားက သီးသန့်ကားတွေနဲ့ နှစ်စီးတွဲကားတွေပါ။ ဘာလို့လဲဆိုတော့ အဲဒီ ဘတ်စ်ကားတွေက စပယ်ရာ ဦးလေးကြီးတွေက ကျောင်းဝတ်စုံနဲ့ ကျနော်တို့ကို တခါမှ ကားခမယူပါဘူး။ လာတောင်းလို့ သားမုန့်စားလိုက်တာ ကုန်သွားပြီလို့ ပြောလိုက်ရင်လဲ ပြုံးနေတာပါပဲ။ အမုန်းဆုံးက (၃၆)ဟိုင်းလတ်တွေပါ။ စိတ်ကိုက စွဲနေလို့လား မသိပါဘူး၊ ဟိုင်းလတ်ကားက စပယ်ရာတွေက ဟိုးကတည်းက အခုထိ အတော်လေးကို ဆက်ဆံရေး ကျဲပါတယ်။ ကျနော်တို့ ကျောင်းစိမ်းတွေ တွေ့ရင် မတင်ချင်ပါဘူး။ ကားခ မပေးနိုင်ရင်လဲ ငေါက်ငမ်းတတ်ပါတယ်။
မေမေနဲ့အတူ နယ်ကို ပြောင်းသွားပြီးတော့လဲ မကြာခဏဆိုသလို ရန်ကုန်ကို အလည်လာတတ်တော့ ဘတ်စ်ကားတွေနဲ့ ကျနော် ဆွေမျိုးတော်ရ ပြန်ပါတယ်။ နှစ်တွေ ရှေ့ကိုရောက်လာလေ၊ ဘတ်စ်ကား နံပါတ်နဲ့ ကားခက တိုးလာလေလေပါပဲ။ ရန်ကုန်မှာ ကျနော် အကြိုက်ဆုံး ဘတ်စ်ကားလိုင်းကတော့ နံပါတ် (၅၁)လိုင်းပါ။ တခြားကြောင့် မဟုတ်ပါဘူး။ ရန်ကုန်ရဲ့ အထင်ကရ နေရာ တော်တော်များများဖြစ်တဲ့ ဆူးလေ၊ လှည်းတန်း၊ အင်းယားကန်၊ ရှစ်မိုင်လမ်းဆုံ အစရှိတာတွေကို ဖြတ်သွားလို့ပါ။
မြန်မာပြည်က ဘတ်စ်ကားတစီးမှာ အဓိက ဇာတ်လိုက်က ဘယ်သူလဲလို့ မေးရင် ကျနော်ကတော့ စပယ်ရာလို့ပဲ ဖြေချင်ပါတယ်။ ကားပေါ် စတက်ပြီဆိုတာနဲ့ ကမ္ဘာ့စကား အပြောနိုင်ဆုံးနဲ့ ဂဏန်းသင်္ချာ အတော်ဆုံးလူသားရဲ့ အထူးအဆန်း စကားတွေ၊ တခါတလေ နားရင်းရိုက်ချင်စရာ စကားတွေ၊ တခါတလေတော့လဲ ပြုံးချင်စရာ စကားတွေကို ဆင်းမယ့် မှတ်တိုင် မရောက်မချင်း ကြားနိုင်ပါတယ်။ ဘယ်လောက် ကားကျပ်သပ်နေပါစေ၊ လူ ဘယ်နှစ်ယောက် တက်လာတယ်ဆိုတာ သူတို့ ကောင်းကောင်းကြီး မှတ်မိကြပါတယ်။ စကားကိုလဲ ကရားရေလွှတ် တတွတ်တွတ်ကို ပြောနိုင်ပါတယ်။
ကျနော်တို့ နိုင်ငံမှာ ဂုဏ်မယူပဲ မနေနိုင်တာ တခုရှိပါသေးတယ်။ အဲဒါကတော့ မြို့တော် ရန်ကုန်မှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဘတ်စ်ကားအိုကြီးတွေကို ယနေ့ထိတိုင်အောင် ၀င့်ဝင့်ကြွားကြွား တွေ့နိုင်ပါတယ်။ တချို့ တိုးရစ်တွေဆို အမှတ်တရ ဓာတ်ပုံတောင် ရိုက်ယူသွားကြပါတယ်။ အချိန် ဘယ်လောက်ကြာအောင် အဲဒီကားကြီးတွေ မြိ့တော်တာဝန်ကို ထမ်းဆောင်ကြဦးမယ် ဆိုတာတော့ မသိသေးပါ။
ဒီနိုင်ငံရောက်တော့လဲ ဘတ်စ်ကားကို ကျနော် ခပ်ကင်းကင်းနေလို့ မရသေးပြန်ပါဘူး။ ဒါပေမယ့် အခြေအနေခြင်းကတော့ အကွာကြီး ကွာသွားပါပြီ။ ဒီမှာက ကားတွေက အချိန်ကလဲ အတိအကျ နောက်ပြီးတော့ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် စပယ်ရာလဲ မရှိပါဘူး။ ကားပေါ်တက်ပြီဆိုတာနဲ့ ကားခပေးတဲ့ စက်မှာ ပိုက်ဆံထည့်၊ ဆင်းမယ့် မှတ်တိုင်ရောက်တော့ နီးရာ stop requested ကြိုးကို လှမ်းဆွဲလိုက်ယုံပါ။ ဒရိုင်ဘာ အချိုးမပြေရင် ဖုန်းဆက်တိုင်လို့ရသလို ကျနော်တို့ အချိုးမပြေရင်လဲ သူတိုင်မှာပါ။ ဒီက ဘတ်စ်ကားတွေမှာ သဘောကျစရာတခုကတော့ ကားတစီးကို စီးပြီးရင် နောက် တနာရီခွဲအတွင်း အဲဒီ ကားလက်မှတ်နဲ့ နောက်ထပ်ကားကို အခမဲ့စီးနိုင်တာပါ။ ပြည်သူတွေ ငွေကုန်ကြေးကျ သက်သာအောင် လုပ်ထားပေးတဲ့ စနစ်ကောင်းလေး တခုပါ။ ကားထဲက ရုပ်မြင်သံကြားစက်ကလဲ ရောက်မယ့် မှတ်တိုင်နဲ့ အပြင်က မိုးလေ၀သ အခြေအနေကို ပြပေးပါသေးတယ်။
ဒါပေမယ့် ဒီက ဘတ်စ်ကားတွေမှာ မရနိုင်တဲ့ ကျနော်တို့နိုင်ငံက ချစ်စရာ ဘတ်စ်ယဉ်ကျေးမှု တခုရှိပါတယ်။ အဲဒါကတော့ အချင်းချင်း ရိုင်းပင်းကူညီမှုပါ။ တချို့သော လူနည်းစုတွေကလွဲရင် ကျနော်တို့ဆီမှာက သက်ကြီးရွယ်အိုတွေ တက်လာရင် နေရာရနှင့်တဲ့လူ တယောက်ယောက်က နေရာဖယ်ပေးတာမျိုး၊ မနိုင်မနင်း ဖြစ်တဲ့ ပစ္စည်းငယ်လေးတွေကို ကူကိုင်ထား ပေးတာမျိုးလေးတွေက ဒီနိုင်ငံမှာ မတွေ့ရပါဘူး။ သူလဲ သူထသူထ၊ ကိုယ်လဲ ကိုယ်ထူကိုယ်ထနဲ့ သွားလာကြတာ များပါတယ်။
ဘတ်စ်ကား အကြောင်းတွေ ဟိုရေး ဒီရေး ရေးပြီးတော့ ကျနော်တခု စိတ်ကူးယဉ်မိတာ ရှိပါတယ်။ မြန်မာပြည် ပြန်ရောက်ရင် (၅၁)လိုင်းကားကို အစအဆုံး နှစ်ခါပြန်လောက် စီး၊ ပြီးရင် ကားပေါ်တက်လာတဲ့ လူတွေကို လေ့လာ၊ စာရေးဆရာဂိုက်ကို စတိုင်ကျကျဖမ်းပြီး မဖြစ်ညစ်ကျယ် စာတပုဒ်လောက်ရေးလို့ ကိုယ့်ဘာသာကိုယ် ထုတ်ဝေသူပြန်လုပ် ….။အင်း.. ရှုံးဖို့များမှာကတော့ သေချာမယ် ထင်ပါရဲ့။


ကလိုစေးထူး

Tuesday, November 14, 2006

ပြန်မရနိုင်တော့တဲ့ မိသားစု ထမင်းဝိုင်းလေး ...

ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကပေါ့။ ကျနော်ရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ညီလေးနဲ့ ညီမလေးရယ်နဲ့ မိသားစု ထမင်းဝိုင်းလေး။ ဆီဦး ထောပတ်မပါဘူး၊ ပေါ်ဆန်းမွှေး ဆန်နဲ့လဲ မချက်ဘူး။ မေမေ့ရဲ့ ၀န်ထမ်းဆန် ခပ်ညံ့ညံ့လေးရယ်၊ အာလူးတွေ အများကြီး ရောထားတဲ့ မည်ကာမတ္တ ကြက်သားဟင်း တခွက်ရယ်၊ ငါးပိရည် တို့စရာတွေနဲ့ မိသားစု ထမင်းဝိုင်းလေး …..။ ပီတိတွေ တလှေကြီးနဲ့ မိသားစု ထမင်းဝိုင်းလေး …။

ညီမလေးကတော့ အဲဒီ ထမင်းဝိုင်းရဲ့ ဇာတ်လိုက်ပေါ့။ ဟင်းခွက်ကို သူ့အနားက မခွာတမ်းထားပြီး ပလုပ် ပလောင်း စားတာ။ ကျနော်တို့ ညီအကိုကလဲ ဘာထူးသေးလဲ၊ မေ့မေ့လက်ရာကို တပျော်တပါးကြီး ခေါင်းမဖော်စတမ်း လွေးနေကြတာလေ။ မိဘတွေကတော့ ကျေနပ်မဆုံး တပြုံးပြုံးနဲ့ ကျနော်တို့ ပိုပိုသာသာ စားရဖို့ကိုပဲ ဦးစားပေး နေခဲ့တာ။

အခု အချိန်မှာတော့ ဒါတွေဟာ အိပ်မက်ပမာ အဝေးဆုံးရဲ့ အဝေးဆုံးမှာ ကျန်ခဲ့ပါပြီ။ အပြုံးမဲ့မျက်နှာတွေနဲ့ ကမ္ဘာ တဖက်ခြားမှာ နေသားကျအောင် ကြိုးစားနေထိုင်ရင်း ပြန်မရနိုင်တော့မယ့် မိသားစု ထမင်းဝိုင်းလေးကို တမ်းတတတ လွမ်းမိပါရဲ့ …..။

*** တကယ်တော့ ဒီစာကို ပလဲနက်ဖိုရမ်မှာ ကျနော် တခါရေးဖူးပြီးသားပါ။ အိမ်ကို သတိရလာလို့ ဒီမှာ ပြန်တင်လိုက်ရတာပါ ***


ကလိုစေးထူး

Monday, November 13, 2006

ဆောင်းတွင်း အ၀င်..

ဆောင်းရာသီရဲ့ တပ်လှန့်သံအဖြစ် အအေးဓာတ်က တနေ့ထက် တနေ့ ပိုလာပါပြီ။ ဒီရာသီ ရောက်ပြီဆိုရင် ဒီက မြင်ကွင်းတွေဟာ ကျနော့်မျက်စိထဲမှာတော့ မီးလောင်ပြင် တခု အလားပါပဲ။ အရွက်မဲ့ သစ်ပင်တွေက ကြည့်လေရာ နေရာတိုင်းလိုလိုမှာ ထိုးထိုးထောင်ထောင်နဲ့၊ မြေပေါ်မှာလဲ ရွက်ကြွေတွေက လေတိုက်တိုင်း တဖျောဖျောနဲ့ လွင့်နေလိုက်ကြတာ၊ ကျနော်တို့ နိုင်ငံနဲ့ ကွာချင်တိုင်း ကွာနေတဲ့ ရာသီဥတုနဲ့ မြင်ကွင်းတွေပါ။

မကြာမီမှာ နှင်းတွေ ကျပါတော့မယ်။ တကယ်တော့ နှင်းကျတာကို ဘာအလုပ်မှ မလုပ်ပဲ အိမ်ထဲကနေ ထိုင်ကြည့်ရင်တော့ အတော်ကို လှပတဲ့ မြင်ကွင်းဖြစ်ပြီး လွမ်းလဲ လွမ်းစရာ ကောင်းလှပါတယ်။ နှင်းဖတ်လေးတွေ တဖွဲဖွဲကျပြီး မြေပြင်ကို အဖြူရောင် ဆိုးပေးနေတာဟာ ကဗျာမပီ စာမမီတဲ့ ရှုခင်းကောင်းလေးပါ။ နှင်းကျနေတဲ့ အခိုက်အတန့်လေးဟာ အရမ်းကြီးလဲ သိပ်မအေးလှတော့ မနှစ်က စရောက်ခါစဆိုရင် နှင်းတောထဲမှာ ကျနော် ကလေးဆန်ဆန် ထွက်ပျော်ခဲ့ဖူးပါတယ်။ ဓာတ်ပုံတွေ ရိုက်လိုက်၊ အော်ဟစ်လိုက်ပေါ့။ ဒါပေမယ့် နောက်ပိုင်း အလုပ်ခွင် ၀င်ရတဲ့ အခါကျတော့ လူက သူများတွေလို ကားကလဲ မရှိသေး၊ စက်ဘီးလေး တစီးကို အဖော်ပြုလို့ အလုပ်သွားချိန်နဲ့ အလုပ်ပြန်ချိန်တွေမှာ နှင်းကျတာနဲ့ ကြုံပီလားဆိုရင် လမ်းတွေ တချောချောနဲ့ ကားတွေ တဝေါဝေါကြားမှာ လူလဲ မပျော်နိုင်တော့ပါဘူး။

အခုကျနော် နေနေတဲ့ ပြည်နယ်ကို အမေရိကန်ရဲ့ နေလို့ အကောင်းဆုံး နံပါတ်ငါး ပြည်နယ်အဖြစ် စစ်တမ်းများအရ သတ်မှတ် ပါတယ်။ ပညာရေး၊ စီးပွားရေးနဲ့ လုံခြုံမှု အဖြစ်ဆုံးတွေကို တွက်ရင်တော့ ဟုတ်နိုင်လောက်ပါရဲ့။ ဒါပေမယ့် ရာသီဥတုကတော့ တနေ့ရွှေ တနေ့ငွေပါပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က 65·F ဖြစ်ပေမယ့် ဒီနေ့ 30F ဖြစ်တတ်တော့ နယ်မြေခံ မဟုတ်တဲ့ ကျနော်တို့ အာရှသားတွေ အတွက်ကတော့ ဒီပြည်နယ်ဟာ ရာသီဥတုအရ နေလို့ မကောင်းတဲ့ ပြည်နယ် စာရင်းမှာ ထိပ်ဆုံးက အပါအ၀င်ပါပဲ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က ကျနော်တို့ရဲ့ နာရီလက်တံတွေကို အနောက်ကို တနာရီ ရွှေ့ဆုတ်လိုက်ရပါတယ်။ နွေရာသီ ရောက်တော့ တခါ အရှေ့ပြန်တိုးပေါ့။ ဆောင်းရာသီမှာ နေ၀င်ချိန်ကလဲ အလွန်စောသွားပါတယ်။ ညနေ လေးနာရီခွဲပြီး ဆိုရင်ပဲ အမှောင်ဝင်လာပါတယ်။ ငါးနာရီဆို မိုးစုံးစုံးချုပ်ပါပြီ။ နွေရာသီကျတော့ ညကိုးနာရီ နီးပါးလောက်မှပဲ သူရိယ ကိုယ်တော်က အိပ်တန်း ၀င်တော်မူပါတယ်။

မနှစ်က ဒီအချိန်တုန်းကတော့ ကျနော် လက်ခုံတွေ အက်ကွဲပါတယ်။ ကြီးမားတဲ့ ရာသီဥတု အပြောင်းအလဲကို ဘယ်လို ကြိုတင်ပြင်ဆင်ရမယ် ဆိုတာ မသိခဲ့တော့ ကျနော့် စိတ်ထင် လူခန္ဓာကိုယ် အတ္တဘောက အိမ်နဲ့ အလုပ်ထဲမှာဆို နွေးလိုက်၊ အပြင်ထွက်တော့ အေးလိုက်နဲ့ ဖန်ခွက်နဲ့ တူသွားတယ်နဲ့ ထင်ပါရဲ့။ ဒေသခံ မိတ်ဆွေကို မေးပြီး နီးရာဆိုင်က အသားအရည် လိမ်းဆေး တမျိုး ၀ယ်လူးတော့မှ သက်သာပါတော့တယ်။

ရှေ့လာမယ့် အပတ်ဆိုရင်တော့ Thanks Giving တဲ့။ ဘာဂစ်ဗင်းဖြစ်ဖြစ် ကျနော်ကတော့ အလုပ်မလုပ်ပဲ နားရမယ့် တရက်ကိုပဲ ကြိုတင် တွက်ချက်ပြီး ပျော်နေပါတယ်။ ခရစ္စမတ်ကျရင်လဲ နှစ်ရက်ပိတ်မယ်။ နှစ်သစ်ကူး ရောက်ရင် တရက်၊ သူများပိုက်ဆံကို အလုပ်မလုပ်ပဲ ရဖို့ကို ဟိုတွက်ဒီတွက်နဲ့ အကျင့်မကောင်းလိုက်ပုံများ။ မြန်မာပြည်က အားလပ်ရက်တွေ ဒီကို ရွှေ့လိုက်ရင် အတော်ကောင်းမှာပဲလို့တောင် ကြံဖန်တွေး လိုက်မိပါတယ်။ မြန်မာပြည်မှာက အားလပ်ရက်တွေ များတယ်လေ …။ ကျနော့် အထင် ရက်နှစ်ဆယ်လောက် ရှိမယ်။ ဒီမှာတော့ တနှစ်လုံးမှ ခုနှစ်ရက်ထဲ။

မြန်မာပြည်မှာတော့ ဒီအချိန်ဆို ကထိန်ပွဲတွေ ဟိုတစ ဒီတစနဲ့ ခြိမ့်ခြိမ့်သဲ နွှဲနေကြလောက်ရောပေါ့။ ဒီရောက်မှ ကျနော်တို့ နိုင်ငံရဲ့ ဆောင်းရာသီရဲ့ ချစ်စရာကောင်းပုံကို လွမ်းဆွတ်မိပါတယ်။ ဘယ်လောက်အေးအေး ဒီမှာလို အနွေးထည် အထူကြီးမလို၊ လက်အိတ်ထူထူ မလို၊ ရှုးဖိနပ် မစီးချင်ဘူးလား ရသေးတယ်။ စတိုင်ကျကျ ဂျင်းဂျက်ကက်လေး တထည် ဒါမှမဟုတ် ဂျာကင် ခပ်ပါးပါးတထည်လောက်နဲ့လဲ မြန်မာပြည် ဆောင်းရာသီကို ပျော်ပျော်ကြီး ဖြတ်သန်းနိုင်တယ်လေ။ တချို့များဆို မြူမှုန်ထူထူထဲ ဆောင်းအေးခဲမှာ ၀မ်းစာရေးအတွက် အနွေးထည်တောင် ၀တ်နိုင်အားတာမှ မဟုတ်တာ။

ဆောင်းတွင်းကို မချစ်မနှစ်သက်တဲ့ အသည်းခိုက်အောင် အေးခဲမှုနဲ့ ဖြတ်ပြီးရင်တော့ …။ ပူပြင်းတဲ့ နွေရာသီ ဆိုတာကြီးက ကျနော်တို့ကို အသင့် စောင့်နေအုံးမှာပဲလေ။ အဲဒီလိုပဲ အေးလိုက်၊ ပူလိုက်နဲ့ပဲ တနှစ်ပြီး တနှစ်၊ အသက်တွေက ကြီးရင်း၊ ရုန်းကန်ရင်း လှုပ်ရှားရင်းနဲ့ပဲ ဘ၀ဆိုတဲ့ သံသရာကြီးထဲမှာ ကျနော်တို့တတွေ ပျော်ရွှင်လိုက်၊ ငိုကြွေးလိုက်၊ ချစ်ခင်လိုက်၊ မုန်းတီးလိုက်၊ တွေ့ဆုံလိုက် ကွေကွင်းလိုက်နဲ့ …။

*** ဒီစာကိုရေးပြီးတော့ ကောင်းကင်ကို မော့ကြည့်တာ မည်းမှောင်နေလိုက်ပုံများ၊ အလင်းနဲ့ တူတာဆိုလို့ ကောင်းကင်အောက်က နီယွန် အလင်းတုတွေပဲ တွေ့ရတယ် ***


ကလိုစေးထူး

Sunday, November 12, 2006

စစ်ပွဲ နောက်ကွယ်မှာ ....

“ကျနော်တို့ အိမ်ဖက်က မီးခိုးတွေ မြင်လို့ ကလေးကို ရှာဖို့ ပြေးသွားတယ်။ ပြာတွေအောက်မှာ လက်ကလေး တဖက် …..၊ ကျနော့် သားကလေးရဲ့ လက်၊ သားလေးက ကျနော့်အတွက် လက်ကလေး တဖက်ထားခဲ့တယ်။ ကျနော် အဲဒီမှာ တနေ့လုံး နေခဲ့တယ်။ ဗမာစစ်တပ် ပြန်လာပြီး ကျနော့်ကို သတ်သွားရင် ကောင်းမှာပဲ ဆိုပြီး …………..။”

မြန်မာ စစ်တပ်ရဲ့ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး ထိုးစစ်ကြောင့် သားကလေး ဆုံးရှုံးသွားရတဲ့ အပြစ်မဲ့ ပြည်သူ တယောက်ရဲ့ ရင်နင့်ဖွယ် စကားလေးပါ။ ပြောရင်းနဲ့ ဆို့နင့် တိမ်ဝင်သွားတဲ့ သူ့အသံက တကယ်ကို ရင်နင့်စရာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆွေးနွေးပွဲလေး တခုမှာ ကရင် အမျိုးသမီးငယ် တယောက်က ဒီလို ပြောဖူးပါတယ်။ “ကျမ အရင်တုန်းကဆိုရင် ဗမာတွေကို အရမ်းမုန်းတာ၊ ဗမာ စစ်တပ်က ကျမတို့ မိသားစု ဘ၀ပျက်အောင် လုပ်ခဲ့တာလေ၊ အခုတော့ နားလည်မှု ရှိလာပါပြီ” တဲ့..။ ဒါပေမယ့် သူ အဲဒီစကားပြောတုန်းက သူ့စိတ်ထဲမှာ တကယ်ကိုပဲ ဗမာလူမျိုးကို မုန်းနေတဲ့ အရင်းခံစိတ် မကုန်သေးဘူးဆိုတာ ကျနော် သူ့စိတ်တံခါးကို လှမ်းမြင်လိုက်မိပါတယ်။

ကြာခဲ့ပါပြီ ….။ ကျနော့် တသက်မကတဲ့ ပြည်တွင်းစစ်။ ဒါပေမယ့် ကြားထဲက တကယ် အထိနာနေတာက အပြစ်မဲ့ အရပ်သားတွေလေ …။ လူမျိုးရေး မုန်းတီးမှုတွေလဲ ဖြစ်ခဲ့ရ။ ပျက်သုန်းသွားတဲ့ ဘ၀တွေ၊ အနာဂတ် မဲ့သွားတဲ့ ကလေးငယ်တွေ၊ စာသင်ကျောင်း ပျောက်ခဲ့ရတဲ့ ကျောင်းသားတွေ ဒါတွေ ဘယ်တော့များမှ ပြီးဆုံး သွားမှာပါလိမ့်။ သူတို့ကတော့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးလို့ တွင်တွင် ပြောနေကြဆဲပါ။ အဲဒီ အကြောင်းပြ စကားလေး တခွန်းရဲ့ နောက်ကွယ်မှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ၊ ဒီလိုနဲ့ပဲ …………။

*** ဒီဗွီဘီ သတင်းဌာနက တင်ဆက်ထားတဲ့ အီဗန်ဝီလျံ Burma Secret War ဆိုတဲ့ မြန်မာ ပြည်တွင်းစစ်အကြောင်း သတင်းမှတ်တမ်းကို ကြည့်ပြီး ရေးဖြစ်ပါတယ် ***


ကလိုစေးထူး

Friday, November 10, 2006

လေလွင့်သွားသော နိုင်ငံ့သည်းချာများ ....


အမိ မြန်မာပြည်မှာ နေစဉ်တုန်းက မြင်လိုက်တိုင်း စိတ်ဆင်းရဲရတာ တခု ရှိခဲ့ဖူးပါတယ်။ မျက်နှာထားလေးတွေက နုနုနယ်နယ်၊ နေလောင်တဲ့ အသားအရေနဲ့ စစ်သားငယ်လေးတွေ တနည်းအားဖြင့် ကလေး စစ်သားတွေကို တွေ့လိုက်တဲ့ အခါတိုင်းပါ။ တကယ်တော့ ကျနော်တို့ နိုင်ငံမှာ စစ်တပ်ထဲကို ၀င်ရောက် တာဝန်ထမ်းဆောင်ဖို့ တရားဝင် သတ်မှတ်ထားတဲ့ အသက်က (၁၈)နှစ်ပါ။ ဒါပေမယ့် ဒီကလေးတွေ ဘာလို့များ အသက်မပြည့်သေးပဲ စစ်တပ်ထဲ ရောက်နေကြရပါလိမ့်။ စိတ်ဝင်တစားနဲ့ လေ့လာကြည့် မိပါတယ်။

တကယ်တော့ လွတ်လပ်ရေးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ လူထုရဲ့ မေတ္တာပျက် အော့နှလုံးနာ ခံရတဲ့ အဆင့်ကို ဟိုတုန်းက မရောက်သေးပါဘူး။ လူပုံက ညိုထွားထွား၊ စစ်ယူနီယောင်း စမတ်ကျကျနဲ့ စစ်သားကြီးတွေရဲ့ ဟန်ပန်က ပြည်သူတွေရဲ့ မျက်စိထဲမှာ အားကိုးလောက်စရာ့ အမေ့သားကြီး ဆိုတဲ့ အတိုင်းပါပဲ။ သားကလေး ငယ်ငယ်ကို သား၊ ကြီးလာရင် ဘာလုပ်မလဲလို့ မေးတဲ့အခါများ ကလေးက စစ်သားကြီး စစ်ဗိုလ်ကြီး လုပ်မှာလို့ ပြန်ဖြေလိုက်ရင် မိဘတွေက ကျေနပ်မဆုံး တပြုံးပြုံးနဲ့ပေါ့။ ပြည်သူတွေကလဲ “စွန်စားတဲ့ လူတွေရယ်၊ ကျေးဇူးကို မျှော်တွေးလို့ ဗမာ့သွေးကို နှမပေးချင်ပါတယ်” လို့ တနည်း၊ “ရန်သူတွေကို အသေနှံတယ်၊ စေတနာ ရှိလွန်းလို့ပါကွယ်၊ ပိုပြီးပျော်ဖို့ကွယ်၊ တို့ကြီးတော်ကြီးကိုပါ ငါပေးမယ်” လို့တဖုံ သီချင်းစာသားတွေနဲ့ အဲဒီခေတ် တပ်မတော်အပေါ်မှာ ဘယ်လောက် ချစ်မြတ်နိုးသလဲ ဆိုတာ ပြသခဲ့ပါတယ်။

ဒုတိယအကြိမ် အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်း စစ်တပ်ကတော့ တပ်မတော်ရဲ့ နာမည်ကို သုံးမရအောင် ပျက်စေတော့ပါပဲ။ လူတွေအများကြီးကို ရက်ရက်စက်စက် ပစ်သတ်ပြီးကာမှ တိုင်းပြည်ကို ချောက်ထဲ ကျသွားမှာစိုးလို့ ကယ်တင်လိုက် ရတာပါ လို့ ဆိုပါတယ်။ ဒီကြားထဲကမှ ၁၉၉၀ခုနှစ်၊ ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှု လိုက်တဲ့ နောက်ပိုင်းမှာတော့ စစ်ဆိုရင် ရေတောင် စစ်မသောက်ဘူး လို့ အရပ်စကား တွင်သွားရတဲ့ အထိ စစ်တပ်ဟာ လူထုရဲ့ အမုန်းဒဏ်ကို ခံရပါတော့တယ်။

ယုံကြည်မှု ဆုံးရှုံးတာဟာ အကြီးမားဆုံး ဆုံးရှုံးမှု ဆိုတဲ့အတိုင်း ပြည်သူတွေက စစ်တပ်အပေါ် ယုံကြည် ကိုးစားမှု ကင်းသွားတဲ့ နောက်ပိုင်း စစ်တပ်ထဲကို ၀င်ရောက် တာဝန်ထမ်းလို စိတ်လဲ ကင်းမဲ့သွား ပါတယ်။ ဒီကြားထဲ စစ်ခေါင်းဆောင်များက စစ်တပ်ကို အင်အား ကြီးသထက်ကြီးအောင် တိုးချဲ့ချင်ပါသေးတယ်။ အကြောင်းရင်ကတော့ မသင့်မမြတ် ဖြစ်နေတဲ့ ထိုင်းနိုင်ငံကို အင်အားပြလိုမှု၊ ပြည်သူလူထုကို အကြောက်တရားနဲ့ အင်အားပြ ခြိမ်းခြောက်လိုမှုနဲ့ မှိုလို ပေါများလာတဲ့ စစ်ခေါင်းဆောင်များကို ရာထူးနေရာ ခပ်များများ တိုးမြှင့်လိုမှုတို့ကြောင့် ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံရဲ့ နေရာ အနှံ့အပြားမှာ စစ်ဌာနချုပ်သစ်များ၊ စစ်ဗျူဟာများ၊ တပ်သစ်များကို ထပ်မံဖွင့်လှစ်ပါတယ်။ ဥပမာအားဖြင့် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊ တြိဂံ ဒေသတိုင်း စစ်ဌာနချုပ်နဲ့ အမှတ်(၁)မှ (၁၆)အထိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များဟာ ၁၉၈၈ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် ခြေလျင်တပ်ရင်း တရင်းရဲ့ နောက်ဆုံး ဖွဲ့စည်းပုံအရ ရှိရမယ့် အင်အားဟာ မူရင်း ၇၈၆ဦး၊ တွဲဖက် ၃၀ ဦး စုစုပေါင်း (၈၁၆)ဦး ဖြစ်ပြီး စစ်ဆင်ရေး တခုကို သွားရမယ့် ခြေလျင်/ခြေမြန် တပ်ရင်း တရင်းရဲ့ စစ်ထွက် အင်အားဟာ အနည်းဆုံး ၅၀၀ ရှိရပါတယ်။ စစ်ဌာနချုပ် တခုရဲ့ လက်အောက်မှာ ခြေလျင်/ ခြေမြန်တပ်ရင်း ၁၀ ရင်းနဲ့ စစ်ဗျူဟာ ၃ ဗျူဟာ ရှိရတဲ့အတွက် စစ်ဌာနချုပ် အသစ်တခု ဖွင့်လှစ်တိုင်းမှာ စစ်သား အနည်းဆုံး ၈၀၀၀ ကျော် ရှိဖို့လိုပါလိမ့်မယ်။ ဒါဟာ စစ်ဌာနချုပ် တခုရဲ့ လက်အောက်မှာ ရှိရမယ့် လက်ရုံးတပ်ရင်းလို့ ခေါ်တဲ့ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆေး၊ အင်ဂျင်နီယာ တပ်ရင်းများရဲ့ အင်အားကို ထည့်မတွက်ရ သေးပါဘူး။ အဲဒါတွေပါ အပါအ၀င် ဆိုရင်တော့ စစ်ဌာနချုပ် တခုရဲ့ လက်အောက်မှာ စစ်သား အနည်းဆုံး တသောင်းကျော် ရှိရပါတယ်။

ခြေလျင်/ ခြေမြန် တပ်ရင်းများရဲ့ အနေအထားကို လေ့လာကြည့်လိုက်တဲ့အခါ ဖွဲ့စည်းပုံအရ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားပေါင်း ၈၁၆ ဦး ရှိရမယ်လို့ ဆိုပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ ဘယ်တပ်ရင်းမှာမှ အဲဒီ ဖွဲ့စည်းပုံ အတိုင်း အင်အား အပြည့်အ၀ မရှိကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြုန်းတီး ကြောင့် ဖြစ်ပါတယ်။ အဲဒီ ပြုန်းတီး အင်အားမှာ စစ်ပြေးအင်အားက အများဆုံး ဖြစ်ပါတယ်။ ဒါဟာလဲ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စစ်သည်များရဲ့ အား ၁၀ ပါး အနက်က အမိန့်နာခံမှု ဆိုတဲ့ အချက်ကို စစ်တပ်တွင်း အရာရှိများက အလွဲသုံးစား လုပ်ပြီး လက်အောက် စစ်သည်များအပေါ် အနိုင်ကျင့်မှုများ၊ စစ်တပ်အတွင်း ခြစားမှုများကြောင့် ယနေ့ခေတ် စစ်တပ်များရဲ့ စစ်ပြေးမှုများဟာ ဘယ်ခေတ်နဲ့မှ မတူအောင် အများဆုံး ဖြစ်ခဲ့ပါတယ်။

အဲဒီတော့ စစ်ခေါင်းဆောင်များဟာ အသစ်ဖွင့်လှစ်တဲ့ စစ်တပ်တွေအတွက် အင်အားလိုအပ်ချက်နဲ့ ပြုန်းတီး အင်အားတွေအတွက် ဖြည့်ဆီးဖို့အတွက် အကြံအိုက် ရပါတော့တယ်။ တဖက်မှာလဲ သူတို့ကို ပြည်သူလူထုက မကြည်ညိုတော့တဲ့ အတွက် သာမန်နည်းလမ်းများနဲ့ စစ်တပ်ထဲကို တာဝန် ထမ်းဆောင်စေဖို့ ဘယ်လိုမှ မစည်းရုံး နိုင်တော့ပါဘူး။ အဲဒီတော့ တပ်တွင်း စီမံချက်တွေ အမျိုးမျိုးထုတ်ပြီး စစ်သား စုဆောင်းဖို့အတွက် ကြံဆောင်ရပါတော့တယ်။ မြန်မာပြည် တပြည်လုံးမှာ ရှိရှိသမျှ စစ်တပ်တွေကို တနှစ်လျှင် အနည်းဆုံး တပ်သားသစ် အယောက် ၃၀ စုဆောင်းရမယ်လို့ ညွှန်ကြားချက်တွေ အဆင့်ဆင့် ထုတ်ပြန်ရပါတော့တယ်။ ပြည့်မီအောင် စုဆောင်းနိုင်ခြင်း မရှိတဲ့ တပ်က တပ်ရင်းမှုး၊ တပ်မမှူး၊ တိုင်းမှူးများလဲ ၄ လပတ် အစည်းအဝေး များမှာ ကောင်းကောင်းကြီးကို အဆူအဆဲ ခံကြရပါတယ်။

တကယ်တော့ တပ်ရင်း တရင်းအတွက် သူတို့ကို စစ်တပ်က လုံးဝကြီးကို အကြည်ညိုပျက်နေတဲ့ ဒီခေတ်ကြီးထဲမှာ တနှစ်တာအတွင်း တပ်သားသစ် အယောက် ၃၀ ရအောင် စုဆောင်းနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ မလွယ်တာထက် မဖြစ်နိုင်ဘူးလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်လို့ ဆိုလာပြန်တော့ အထက်ကနေ အောက်ကို အဆင့်ဆင့် ပြန်ကျပ်ရ ပါတော့တယ်။ ဒီတော့ တရားခြင်း မတရားခြင်း မသိနိုင်တော့ဘဲ နည်းလမ်း မကျတဲ့ ပုံစံအမျိုးမျိုးနဲ့ တပ်သားသစ် စုဆောင်းရေး လုပ်ငန်းကို ဆောင်ရွက် ကြပါတော့တယ်။ အဲဒီမှာတင်း မြန်မာနိုင်ငံအတွက် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများ ဖြစ်တဲ့ ကလေးများဟာ ဓားစာခံများ ဖြစ်ရပါတော့တယ်။

မြန်မာပြည်ရဲ့ မြို့တော် ရန်ကုန်နဲ့ အခြားသော အထင်ကရမြို့တွေရဲ့ လူစည်ကားရာ ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်နဲ့ ဈေးများမှာ သွားလာနေတဲ့ လူတွေထဲကို “တာဝန်” ဆိုတဲ့ လက်ပတ် အနီကြီးနဲ့ စစ်တပ် ယူနီဖောင်း ၀တ်ပြီး သားကောင် ရှာဖွေနေတဲ့ မုဆိုးရဲ့ မျက်လုံးမျိုးနဲပ စောင့်ကြည့်နေတတ်တဲ့ စစ်သားတွေကို သတိထားပြီး ကြည့်ရင် တွေ့နိုင်ပါတယ်။ သူတို့ ရှာဖွေနေတာကတော့ အ၀တ်အစား ပေစုတ်စုတ်နဲ့ အိမ်ခြေမဲ့ ဖြစ်ဟန် တူသူများ၊ အခြား အရပ်တပါးကို သွားရောက် အလုပ်လုပ်မယ့် ပုံစံရှိ လူငယ်များနဲ့ အိမ်ပြေး ဖြစ်ပုံရတဲ့ ကလေးသူငယ်များပဲ ဖြစ်ပါတယ်။

သူတို့ ရှာဖွေနေတဲ့ သားကောင်ကို တွေ့ပြီဟေ့ ဆိုတာနဲ့ အဲဒီ အနားကို ချဉ်းကပ်ပါတယ်။ အခြား သွားလာနေတဲ့ လူတွေ သတိမထားမိခင်မှာပဲ သူတို့ လုပ်စရာရှိတာကို ကျင့်သား ရနေတဲ့ မုဆိုးတယောက်အလား ခပ်မြန်မြန် လုပ်ပါတယ်။ “မှတ်ပုံတင် ပါရဲ့လား” ဆိုတဲ့ စကားဟာ လ၀ကနဲ့သာ ဆိုင်ပြီး သူတို့နဲ့ လုံးဝမဆိုင်တဲ့ မေးခွန်း ဖြစ်ပေမယ့် စစ်သား မြင်ရင် အလိုလိုကြောက်စိတ် ၀င်နေတဲ့ ကလေးငယ် တယောက်ကို ခြိမ်းခြောက်ဖို့တော့ အလွန် အသုံးဝင်ပါတယ်။ မှတ်ပုံတင် ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ၊ မက်လုံးပေးလို့ တနည်း၊ ခြိမ်းခြောက်လို့ တဖုံနဲ့ တပ်ထဲဝင်ဖို့ စည်းရုံးပါတော့တယ်။ နောက်ဆုံးတော့ အဲဒီ ကလေးငယ်ဟာ စိတ်ပါပါ၊ မပါပါ အဲဒီ စစ်သား နောက်ကို ပါသွားတော့တာ ပါပဲ။

ကလေးငယ်များရဲ့ မိဘများဟာ မိမိရင်သွေး ပျောက်ပြီဆိုတာနဲ့ ပူပင်သောကတွေ တပုံတပင်နဲ့ ရှာဖွေ စုံစမ်းကြ ရပါတယ်။ ရဲစခန်းမှာ တိုင်ချက်ဖွင့်၊ လူပျောက် ကြေညာ စသဖြင့် ပြုလုပ်ရင်း စစ်တပ်ထဲကို သူတို့ရဲ့ ရင်သွေးငယ် ရောက်သွားပြီ ဆိုတာ သိရပြန်တော့ တပူပေါ် နှစ်ပူဆင့်ရ ပြန်ပါတယ်။ စစ်တပ်ထဲကို အရွယ်မတိုင်မီ ရောက်သွားတဲ့ သူတို့ရဲ့ရင်သွေး မိဘရင်ခွင်ထဲ ပြန်ရောက်ဖို့ကို စစ်ဗိုလ်တွေဆီမှာ အမျိုးမျိုး အောက်ကျခံပြီး နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားရ ပြန်ပါတယ်။ များသော အားဖြင့်တော့ မအောင်မြင်ကြပါဘူး။ အဲဒီမှာတင်ပဲ ကျောင်းဝတ်စုံ သတ်နေသင့်သေးတဲ့ ကလေးဟာ သူမ၀တ်ချင်တဲ့ စစ်ဝတ်စုံကို အတင်းအဓမ္မ စေခိုင်းမှုကြောင့် ၀တ်လိုက်ရ ပါတော့တယ်။

တကယ်တော့ မိမိကိုယ် မိမိ ထိန်းကျောင်း ပျိုးထောင်နိုင်တဲ့ ဆင်ခြင်တုံတရားနဲ့ ပြည်စုံတဲ့ အရွယ်မရောက်မချင်း မည်သူ တဦးတယောက်ကမှ ကလေးသူငယ်များကို လုပ်ငန်းခွင်ထဲကို အတင်းအဓမ္မ သွင်းခွင့်မရှိပါဘူး။ ဒါကို ကလေး အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၉)မှာ အတိအလင်း ဖွင့်ဆိုထားပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ သူတို့ ကောင်းစားရေး တခုတည်းအတွက် နိုင်ငံ့ရင်သွေးတွေကို အာဏာရှင်အရောင် အဖြစ် ကောင်းကောင်းကြီး ဆိုးပေးလျက် ရှိပါတယ်။

“တကယ်တော့ကွာ၊ ကလေးတွေဟာ စာသင်ကျောင်းမှာ၊ မိဘရင်ခွင်မှာပဲ ရှိသင့်တာပေါ့၊ အဲဒီ ကလေးတွေကို စစ်တပ်ထဲ အတင်းသွင်း၊ မနေနိုင်လို့ ထွက်ပြေးပြန်တော့ စစ်ပြေးမှု ဆိုတဲ့ နာမည်နဲ့ ထောင်ချပစ်၊ နောက်ဆုံးတော့ ကလေးရဲ့ ဖြူစင်နေတဲ့ ဘ၀လေးကို ထောင်ထွက်ဆိုတဲ့ နာမည် တွင်သွားအောင် စစ်တပ်ထဲက လူမဆန်တဲ့ အကောင်တွေက အရောင်ဆိုးပစ်တာနဲ့ အတူတူပဲ မဟုတ်လား” လို့ မိဘ တဦးက နာနာကျည်းကျည်း မှတ်ချက် ချပါတယ်။

ကျောင်းစာ သင်နေရမယ့် အရွယ် ရင်သွေး ကလေးများကို သေနတ်ကြီးက မနိုင့်တနိုင်၊ စစ်ယူနီဖောင်း ပွယောင်းယောင်းနဲ့ တွေ့မြင်ရခြင်းဟာ ကျနော့်အတွက်တော့ ရင်အနင့်ရဆုံး၊ စိတ်အထိခိုက် ရဆုံး မြင်ကွင်း ပါပဲ။ ဒါဆို သူတို့ကို မွေးထုတ်လိုက်တဲ့ မိဘတွေရဲ့ အပူက ပိုဆိုးတော့မှာပေါ့။ သတင်းစာတွေမှာ ဆောင်းပါးတွေ ဖော်ပြလိုက်၊ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြလိုက်ယုံနဲ့တော့ ဒါတွေ မပပျောက်နိုင်ပါ။ ဖူးတံ ၀င့်လို့ ချီနေတဲ့ ပန်းကလေးများ လှလှပပ ဖူးပွင့်နိုင်ကြပါစေ ……….။


ကလိုစေးထူး

Wednesday, November 08, 2006

ကျပမ်းစကားပြောပွဲ ...

ကျပမ်း စကားပြောပွဲ ဆိုတာကို အတော် များများ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ မိမိ ကျရာ မဲပေါက်တဲ့ ခေါင်းစဉ်ကို ဖွဲ့နွဲ့ ပြောဆိုရတဲ့ စကားပြော စွမ်းရည် ပြိုင်ပွဲလေး တခုပါ။ မိမိကိုယ်မိမိ လူရှေ့မှာ ယုံကြည်မှု ပိုမို ရလာစေဖို့၊ ဗဟုသုတ ဉာဏ်ရည် မြင့်မား စေဖို့နဲ့ ညစ်နွမ်းနေတဲ့ စိတ်တွေကို ပေါ့ပါးစေတဲ့ ချစ်စရာ့ စွမ်းရည် ပြိုင်ပွဲလေးပါ။ ဗဟုသုတကကြွယ်၊ ဟာသ အာဝဇ္ဖာန်းကလဲ ပေါတဲ့ တယောက်ယောက်ကများ ပြိုင်ပွဲဝင်လိုက်ရင် အောက်က ပရိသတ်ကလဲ ရယ်သံ တသောသောနဲ့ ပျော်စရာ ကောင်းလှပါတယ်။

ဟိုးတုန်းကတော့ ကျပမ်း စကားပြောပွဲတွေရဲ့ ခေါင်းစဉ် တော်တော်များများက ပေါ့ပေါ့ပါးပါးနဲ့ ပြောသူကိုလဲ ပျော်စရာ၊ နားထောင်ရတဲ့လူကိုလဲ ရွှင်စရာ ဖြစ်စေပါတယ်။ ကျနော် ကိုးတန်းတုန်းက ကျောင်းမှာ လုပ်ခဲ့တဲ့ ပြိုင်ပွဲလေးဆိုရင် ပြိုင်ကြရတဲ့ ခေါင်းစဉ်တွေကိုက ကျနော်/ကျမ အဆိုတော်ကြီး ဖြစ်ခဲ့သော်၊ ဆရာဝန်ကြီး ဖြစ်ခဲ့သော်၊ အပျော်ဆုံးနေ့၊ စသဖြင့် စသဖြင့် ခေါင်းစဉ်လေးတွေပါ။ ပြောတဲ့ လူငယ်တွေရဲ့ စိတ်ထဲက အနာဂတ် အိပ်မက်ကိုလဲ အဲဒီ ခေါင်းစဉ်လေးတွေက တဆင့် ဖော်ညွန်းစေပါတယ်။ အဲဒီ ပြိုင်ပွဲလေးမှာ ကျနော် လက်ဝှေ့ကျော်ကြီး ဖြစ်ခဲ့သော် ခေါင်းစဉ်နဲ့ ပထမ ရသွားတဲ့ ကျောင်းသားရဲ့ ပြိုင်ပွဲဝင် ရယ်ရွှင်ဖွယ် စကားတချို့ကို အခုထိ မှတ်မိနေပါ သေးတယ်။

“ ကျနော်က လက်ဝှေ့ကျော်တယ်ဆိုတာ မြန်မာပြည်လောက်နဲ့တင် ကျေနပ်တာ မဟုတ်တော့ ကမ္ဘာ့ အဆင့်ကိုပါ ၀င်နွှဲတာပေါ့.. ကြည့်လေ ကျနော့် ဗလကို (လူက ဗလံလေးပါ) ဒီလိုနဲ့ ကျနော် အိုလံပစ်မှာလဲ ချန်ပီယံ၊ တဖြည်းဖြည်းနဲ့ နာမည်ကျော်လာ လိုက်တာ နောက်တော့ မိုက်တိုင်ဆန်နဲ့ပါ ယှဉ်ထိုး ရပါတယ်… သူ့ကို နိုင်ရင်တော့ ကမ္ဘာမှာ မြန်မာ့လက်ဝှေ့ကျော် ကျနော်ဖြစ်ပြီလေ.. အဲဒီလိုနဲ့ ပထမအချီ စပြီဆိုတာနဲ့ သူ့ကို နောက်ကောက်ချပစ်ဖို့ တရစပ် ထိုးတာ.. (သူက ပြောတာကို ခဏ နားလိုက်ပါတယ်.. ပရိသတ်ကလဲ သူ့ကို စိတ်ဝင်တစားနဲ့ အောက်ကနေ ငြိမ်ချက်သား ကောင်းလို့ နားထောင်နေဆဲ၊ သူဆက်ပြောလိုက်တာက) ကျနော် ပြန်သတိရတော့ မြန်မာပြည် ပြန်ရောက်နေပြီ” အောက်က နားထောင်တဲ့ ပရိသတ်က ၀ါးလုံးကွဲ ရယ်ကြတာ ခန်းမတခုလုံး တအုံးအုံးနဲ့။

နောက်ပိုင်းကျတော့ ကျပမ်းစကားပြောပွဲတွေက အဲဒီလိုတွေ မဟုတ်တော့ပါဘူး။ ပြိုင်ပွဲဝင်ကြရတဲ့ ခေါင်းစဉ်တွေကို ကြည့်ဦးမလား..။ တပ်မတော်သာ အမိ တပ်မတော်သာ အဖတို့၊ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်တို့၊ သမိုင်းအစဉ်အလာကောင်း ရှိခဲ့သော တပ်မတော်တို့၊ စသဖြင့် ခေါင်းစဉ်တွေနဲ့ ပြိုင်ပွဲ ၀င်တဲ့လူတွေကလဲ ကျောက်ရုပ်ကြီးတွေလို တောင့်တောင့်ကြီး ရပ်လို့ တပ်မတော် ကောင်းကြောင်းကို ကြံဖန်ပြီး ပြောရ၊ နားထောင်တဲ့ အောက်က ပရိသတ်ကလဲ ပျင်းတွဲ့စွာနဲ့ တချိုများဆို အိပ်တောင် ငိုက်လို့။ တယောက်ပြိုင်ပွဲ ၀င်ပြီး သွားရင် လက်ခုပ်သံ ဖြောက်ဆိပ်နဲ့ ဆုပေးပွဲလုပ်တော့လဲ တာဝန်ကျေ လက်ခုပ်လေး တီးလိုက်နဲ့ ပျော်စရာ ပွဲလေးက ပျင်းစရာ၊ ငြီးငွေ့ဖွယ်အဖြစ် အသွင်ပြောင်းခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီကော..။

အခုနေမှာ အခွင့်ရရင်တော့ ကျနော် ကျပန်းစကား ပြောချင်နေပါတယ်။ ပြောချင်တဲ့ ခေါင်းစဉ်က “ကျနော် စစ်ခုံရုံး တရားသူကြီး ဖြစ်ခဲ့သော်” တဲ့။


ကလိုစေးထူး

Monday, November 06, 2006

အလုပ်ထဲမှာ ဟိုတွေး ဒီတွေး..

တန်ဆောင်တိုင်တဲ့..။ ကျနော့် အတွက်တော့ ဘာမှန်း မသိလိုက်ပဲ ကုန်လွန် သွားခဲ့ပြန်ပါပြီ။ အသိ မိတ်ဆွေ တချို့ရဲ့ ဘလော့တွေမှာ တန်ဆောင်မုန်းပွဲ အကြောင်းတွေ တဖွဲ့တနွဲ့ ရေးထားကြတာ တွေ့တော့မှသာ အော်.. တန်ဆောင်မုန်း ပွဲတော်တောင် ရောက်လာပါလားလို့ အမှတ်ရတော့ ပါတယ်။ နောက်လဲ ဘယ်လိုနေ့မျိုးတွေကို ဘယ်လောက် ကြာကြာ ဒီလိုပဲ မသိလိုက် မသိဘာသာ ပြီးဆုံးသွားအုံးမလဲ ဆိုတာ မသိပါ။

ငူငိုင်နေတဲ့ ဒီမနက်မှာ အလုပ်ထဲမှာ စက်သံဆူဆူညံညံတွေကို မကြားချင်တာနဲ့ နားကျပ် ရေဒီယိုနဲ့ country သီချင်းလိုင်းတွေ နားထောင်လိုက်တော့ စိတ်က နည်းနည်း ကြည်လင်သလိုလို ပြန်ဖြစ်လာပါတယ်။ ဂီတဟာ လူရဲ့ စိတ်ကို လန်းဆန်းအောင်၊ ဆွေးမြေ့အောင်၊ လွမ်းဆွတ်အောင်၊ တက်ကြွအောင်၊ ပျော်ရွှင်အောင် အမျိုးမျိုး စေစားနိုင် ပါတယ်။ သီချင်းနားထောင်ရင်း ဟိုတွေး ဒီတွေးနဲ့ ကျနော် နေထိုင်ခဲ့ရာ မွေးရပ်မြေ ကျနော်တို့ မြို့လေးကို သတိရ မိလို့ အိမ်ပြန်ရောက်တော့ ဒီစာကို ရေးဖြစ်ပါတယ်။

တကယ်တော့ ကျနော်တို့ မြို့လေးဟာ အညတရ တောသားလေး တယောက်နဲ့ တူတဲ့ တောသာသာ မြို့လေးပါ။ ကတ္တရာလမ်း ဆိုလို့ မြို့လယ်က လမ်း တလမ်းသာ ရှိပြီးတော့ တခြားလမ်းတွေကတော့ မြေနီလမ်းလေး တွေပါ။ လျှပ်စစ်မီးကလဲ တနေ့ကို ညနေ ငါးနာရီကနေ ညကိုးနာရီအထိသာ ပေးနိုင်ပါတယ်။ ရပ်ကွက်ငယ် ခြောက်ခုနဲ့ လူဦးရေ တသောင်းကျော်သာ ရှိတဲ့ ကျနော်တို့ မြို့ကို မြန်မာပြည်က တချို့သောသူတွေ နာမည်တောင် မကြားဖူး ကြပါဘူး။

မနက်မိုးလင်းရင် မြို့ကို တန်ဆာဆင်နေတာက ဘုန်းကြီးကျောင်းများက အုန်းမောင်းခေါက်သံ တတုံးတုံး၊ တောနယ်ကနေ ဈေးလာရောင်းကြတဲ့ လူတွေရဲ့ လှည်းသံ တဂျုန်းဂျုန်းနဲ့ မြို့သူ မြို့သားတွေရဲ့ ကြည်စင်တဲ့ မျက်နှာ တပြုံးပြုံးပါ။ တချို့က ရှောက်သီး၊ တချို့ သံပုရာ၊ တချို့ ကွမ်းသီးနဲ့ မိမိတို့ ခြံထွက်တွေကို လာရောင်းကြတဲ့ တောနယ်က လူတွေနဲ့ မြို့ခံလူတွေ ပေါင်းစပ်ထားတဲ့ မြို့ဈေးလေးဟာ မနက် ကိုးနာရီလောက် အထိတော့ လူစည်နေတတ်ပါတယ်။ ဈေးကွဲတော့လဲ လူတွေ စဲပေါ့။

တချို့ ညတွေမှာတော့ အပြန်အလှန် ပစ်ခတ်ကြတဲ့ လက်နက်ကြီး လက်နက်ငယ် သံတွေက မြို့လူထုကို အထိတ် တလန့် ဖြစ်စေပါတယ်။ လက်နက် ကျည်ဆံတွေက မြို့ထဲ ကျလာလို့တော့ မဟုတ်ပါ။ လူစိတ်ရှိတဲ့ သူပုန်များက ကျနော် ကြည့်ဖူးတဲ့ ခပ်ညံ့ညံ့ ပေါ်လစီကားတွေထဲကလို မြို့ထဲကို လက်နက်များဖြင့် ပစ်ခတ်ခြင်း မလုပ်ပါ။ သူတို့ ပစ်တာက စစ်တပ်ထဲကိုပဲ ပစ်ပါတယ်။ အဲဒီ အသံတွေ ကြားပြီးရင် နောက်နေ့မှာ ရပ်ကွက်လူကြီးက ဘာမှန်းမသိတဲ့ အရေးပေါ်ကြေး ဆိုပြီး ငွေလာလာကောက်လေ့ ရှိလို့ နက်ဖြန်ကျရင်တော့ ငွေကုန်တော့မှာပဲ ဆိုပြီး လန့်တဲ့ ထိတ်လန့်မှုပါ။

ကျနော် သဘောကျမိတဲ့ ကျနော်တို့ မြို့သားတွေရဲ့ စည်းလုံးမှု တခုကို ပြောပြ ချင်ပါသေးတယ်။ တနှစ်တခါ လုပ်လေ့ရှိတဲ့ မိုးရာသီ ရပ်ကွက်အလိုက် ဘောလုံးပွဲတွေမှာ ကျနော်တို့ ရပ်ကွက်နဲ့ ရပ်ကွက် (၅)အသင်းဟာ ကျနော်တို့ မြို့ရဲ့ ဒါဘီပွဲပါ။ ကွင်း တဖက်ခြမ်းစီကနေ အားပေးသူ အချင်းချင်း အပြိုင် အားပေးသလို ဘောလုံး သမားတွေကလဲ ရေကုန်ရေခန်း ပြိုင်လေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ ရပ်ကွက် နှစ်ခုက ပရိသတ် အချင်းချင်း အလွန် တည့်ကြတဲ့ နေ့ရှိပါတယ်။ အဲဒီနေ့ကတော့ မြို့ထဲက ရပ်ကွက် တသင်းသင်းနဲ့ စစ်တပ်အသင်း ယှဉ်ကန်ကြတဲ့ နေ့ပါ။ စစ်တပ် အသင်းက ဘယ်အသင်းနဲ့ ကန်ကန်၊ ကန်တဲ့ ရပ်ကွက်ကို အဲဒီနေ့မှာ အားပေး ကြပါတယ်။ တချိန်လုံး အနိုင်ကျင့်ခံနေရသမျှ အဲဒီ မိနစ်ကိုးဆယ်သော အခိုက်အတန့်မှာ သူတို့ သဘောထားကို ထုတ်ဖော် ကြပါတယ်။

အခုလို အချိန် တန်ဆောင်တိုင်မှာတော့ ခပ်ငယ်ငယ် စတေ့ရှိုးပွဲလေး လုပ်လေ့ရှိပါတယ်။ စက်သံ တဂွီဂွီနဲ့ တီးတာ တခြား၊ ဆိုတာ တခြား ဖြစ်နေလဲ သူ့ပရိသတ်နဲ့ သူတော့ ဟုတ်နေတာပါပဲ။ စတေ့ရှိုးပွဲ ပြီးရင်တော့ ညမိုးချုပ်ကြီး မအိပ်နိုင်တာက လူငယ်တချို့ပါ။ လက်ဖက်ရည်ဆိုင် ဆိုင်းပုဒ်ကို ဖြုတ်ပြီး ၀က်သားဆိုင် ရှေ့မှာ သွားတပ်လိုတပ်၊ စာအုပ် အငှားဆိုင် ရှေ့မှာ အထည်ဆိုင် ဆိုင်းပုဒ်ရွှေ့လိုရွှေ့နဲ့ ပိုင်ရှင်တွေကလဲ စိတ်ဆိုးရင် ခဏပါပဲ။

ဘာလိုလိုနဲ့ မွေးရပ် ဇာတိမြို့နဲ့ ဝေးနေခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ။ မနက်မိုးလင်းလာရင် စက်သံတွေ တ၀ုန်းဝုန်းကြားမှာ စက်ရုပ် တရုပ်လို ရုန်းကန်လိုက်၊ အိမ်ပြန်လိုက်၊ နောက်နေ့ တခါ အလုပ်သွားလိုက် သံသရာလည်ရင်း လူမျိုးခြားတွေ ကြားမှာ ဘဏ်စာရင်းထဲက ကိန်းဂဏန်းတွေ တိုးလာဖို့ပဲ အားထုတ်ရင်း ဟိုးဝေးဝေးက မြို့ငယ်လေးကို ဘယ်သောအခါမှ ပြန်ခွင့် ရနိုင်မှာပါလိမ့်….။


ကလိုစေးထူး

Friday, November 03, 2006

ဟိုရောက် ဒီရောက် ဉာဏ်မမီသော အကြောင်းများ..

ဒီတခါ ရေးမှာကတော့ ဘာကိုမှ မည်မည်ရရ ခေါင်းစဉ် တပ်ရမှန်း မသိတဲ့ ဟိုရောက် ဒီရောက်ပဲ ခေါ်မလား၊ စိတ်ထဲ ကလိ ကလိဖြစ်နေတဲ့ ဆင်ဆာ တချို့အကြောင်း ရေးချင်ပါတယ်။

ကျနော် စာတွေကို စဖတ်ဖြစ်စဉ်က တချို့သော မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ တခါတလေ ငွေမှင်တွေ သုတ်ထားတဲ့ စာတချို့ ပါလာတတ်ပါတယ်။ တခါတလေ တော့လဲ မှင်အနက်တွေနဲ့ပေါ့၊ စာတည်းအဖွဲ့က သဘောတော် မကျတဲ့ စာမျိုးကို အဲလိုလေးတွေ ဆင်ဆာဖြတ် တတ်ကြပါရဲ့။ လူဆိုတာကလဲ အခက်သား။ အဲဒီလို ဖုံးကွယ်ထားပြီဆိုမှ ပိုလို့ သိချင်လာပါတယ်။ အဲဒီလို စာအုပ်မျိုး တွေ့လာပြီလားဆို နေရောင်မှာ ထောင်ပြီး မရရအောင် ဖတ်ကြည့်တတ်ပါတယ်။ နောက်ပိုင်းတွေကျတော့ အဲလိုတွေ မှင်သုတ်ပြီး မဖျက်တော့ပါဘူး။ သူတို့ သဘောမကျတာ ရေးမိရင် စာဖောင် တခုလုံး အဖြဲခံရတော့တာပါပဲ။

ဟိုးတလောက ရေပျော်ငှက်တို့၏ ရင်ခုန်သံများ ဆိုတဲ့ ဗီစီဒီ ခွေကို ကြည့်ဖြစ်တော့ ကိုညီထွဋ်ရဲ့ နောက်စေ့မှာ အရိပ်ဖြူ တခုက သွားလေရာ လိုက်နေလို့ ဘာများပါလိမ့်လို့ သေချာကြည့်တော့၊ ဆံပင်ရှည်ကို ဆင်ဆာဖြတ် ထားတာကို တွေ့ရပါတယ်။ ဖြစ်မှ ဖြစ်ရပလေ။ ဒါဖြင့် ဟိုတုန်းက မြန်မာကြီးတွေ ကျတော့ ဆံရှည် ယောင်ထုံးကြီးတွေနဲ့ မဟုတ်လားလို့ ကပ်သီးကပ်သတ် စဉ်းစားမိပါတယ်။

တခါကလဲ အိပ်ဇမ်ပယ်လ် အဖွဲ့ရဲ့ လိုက်ဖ်ရှိုးခွေကို ကြည့်ဖြစ်တော့ တချို့ သီချင်းတွေမှာ သက်အောင်ရဲ့ ရင်ဘတ်နဲ့ ပုခုံးမှာ စောစောကလိုပဲ အရိပ်ဖြူက ထပ်ချပ်မကွာ လိုက်နေတော့ လူက ပိုစိတ်ဝင်စား သွားပါတယ်။ အဲဒါနဲ့ တကွက်ချင်း သေသေချာချာ လိုက်ကြည့်တော့မှ လားလား၊ သူ့ရင်ဘတ်က ဂဏန်းကို ဆင်ဆာဖြတ်တာကိုး။ ဘယ်လောက်လို့ ထင်ပါသလဲ။ ၈၈ လေ။ အော်.. ကြောက်တတ် လိုက်ပုံများ။ အဲဒီ ဂဏန်းကို ကြောက်တတ်ပုံ နောက်တခု သွား သတိထား မိပါသေးတယ်။ တချို့သော ဘောလုံး အားကစား ဂျာနယ်တွေမှာ အင်္ဂလန် ပရီးမီးယားလိဂ်က မစ်ဒယ်ဘရော့ အသင်းရဲ့ ရင်ဘတ်က လိုဂို တံဆိပ်ကို ဆင်ဆာ ဖြတ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ တံဆိပ်က 888.com ဖြစ်နေလို့ပါ။ နောက်များဆိုရင် ကလေးတွေကို စာသင်ရင် ၈ တို့ ၈၈ တို့ ၈၈၈၈ တို့ဆိုရင် ကျော်ပြီး သင်မလား မသိလို့ ကြံကြံဖန်ဖန် တွေးမိပါတယ်။

ကျနော် ၁၄ နှစ်သားလောက်က ထင်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဟင်နီကင်နဲ့ ကားစ်ဘတ် ဘီယာများအား အမျိုးသားရေး တာဝန်အရ သောက်သုံးရန် မသင့်ဆိုပြီး တင်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။ အော်… ဘီယာ သောက်တာလဲ အမျိုးသားရေးနဲ့ ဆိုင်သကိုး။ မှတ်သားစရာ။ အဲဒီ ဘီယာတွေကို အငြိုးကြီးတာ ဘယ်လောက် အထိများလဲဆိုရင် ပရီးမီးယား ကလပ် လီဗာပူးလ် အသင်းခမျာ မြန်မာ အားကစား ဂျာနယ်တွေနဲ့တွေ့မှပဲ သူတို့ အကျီင်္က ရင်ဘတ် တံဆိပ် ကားလ်ဘတ် ဘီယာလိုဂိုလဲ အနိစ္စ သဘောနဲ့ ကိစ္စချောရ ရှာပါတယ်။
တခါတလေတော့လဲ လူတွေဆိုတာက စဉ်းစားပုံခြင်းက မတူကြတော့ သူတို့ တတွေကပဲ ရွှေဥာဏ်တော် စူးရောက် ကြတာလား။ ကျနော်ကပဲ နေရင်း ထိုင်ရင်း အဆိုးမြင် ၀ါဒီဖြစ်နေသလား ဟိုရောက် ဒီရောက် တွေးပြီး ဟိုရေး ဒီရေး ရေးလိုက်မိပါတယ်။


ကလိုစေးထူး

Thursday, November 02, 2006

လောင်းကစားခြင်း...

ဟိုတလောက ဈေးဝယ်ရင်းနဲ့ ထီရောင်းတဲ့ စက်နားရောက်တော့ ငါးဒေါ်လာတန် ခဲခြစ် ကံစမ်းထီ တမျိုးကို တွေ့တာနဲ့ တခုလောက် ၀ယ်စမ်းကြည့်လိုက်တာ ဒေါ်လာ နှစ်ဆယ် ပေါက်ပါတယ်။ အလုပ်ထဲက မြန်မာ သူငယ်ချင်း တယောက်ကို အဲဒါပြောပြတော့ သူလဲ စမ်းဦးမယ် ဆိုပြီး နောက်နေ့ကျတော့ သွားဝယ်တာ သူက ကျနော့်ထက် ကံထူးပြီး ဒေါ်လာ ငါးဆယ် ပေါက်လာပါတယ်။ ကျနော်ကတော့ နှစ်ဆယ်ဖိုး ပေါက်တာနဲ့တင် ရပ်လိုက်ပေမယ့် အဲဒီ သကောင့်သားကတော့ မရပ်နိုင်ဘဲ အမြင့်ဆုံးဆု ဒေါ်လာ ငါးသောင်းကို အာသာ ငန်းငန်းနဲ့ နေ့စဉ်လိုလို ကစားလိုက်တာ ရထားတဲ့ ငါးဆယ်အပြင် အခုဆို ဘယ်လောက် ထပ်ရှုံးနေပြီလဲတောင် မသိတော့ပါဘူး။ အဲဒါကို ကြည့်ပြီး ကျနော်တယောက် မြန်မာပြည်မှာ နေတုန်းက လောင်းကစားရဲ့ သားကောင် ဖြစ်ခဲ့ဖူးတာကို ပြန်သတိရ မိပါတယ်။

တကယ်တော့ လောင်းကစားဆိုတာ အပျော်လုပ်တာပါ ဆိုတဲ့ အကြောင်းပြချက်ကနေ စကြတာ များပါတယ်။ ဘာကြောင့်ရယ်တော့ မသိပါဘူး။ ဘယ်လို လောင်းကစားမျိုး ဖြစ်ဖြစ် လောင်းကစားကို ပထမဦးဆုံး စလုပ်တဲ့ အကြိမ် အတော်များများမှာ လူတိုင်းလိုလို နိုင်လေ့ ရှိပါတယ်။ ကျနော် စပြီး လောင်းကစားကို လုပ်မိတာကတော့ ကျနော်တို့ မြို့က ဘုရားပွဲမှာပါ။ ကျနော်တို့ နယ်ဘက်တွေမှာ ဘုရားပွဲ တခုခု လုပ်ကြပြီဆိုရင် မပါမဖြစ် ပါနေတာကတော့ အန်ဂလုံ၊ အနီထောင်၊ မြှားပစ်၊ အ၀ိုင်းလှည့် အစစသော လောင်းကစား ၀ိုင်းတွေပါ။ နယ်စုံက လူစုံက ကျနော်တို့ မြို့က နယ်ခံတွေရဲ့ အိတ်ကပ်ထဲက ငွေ အတော်များများကို အဲဒီ ဘုရားပွဲတွေကနေ သဲ့ယူ သွားကြပါတယ်။

ယောက်ျားလေး ဆိုတာ အကုန် လုပ်ဖူးရမယ်လို့ အမြှောက်ကောင်းတဲ့ (အမှန်ကတော့ ကိုယ်တိုင်ကလဲ ပျက်ချင်ချင်) သူငယ်ချင်းတွေနဲ့ ပေါင်းပြီး အရက်ကလေးက တမြမြနဲ့ ဘုရားပွဲမှာ အန်ဂလုံ သွားကစားပါတယ်။ (အန်ဂလုံ ဆိုတာက အံစာတုံး ခပ်ကြီးကြီးတွေကို ဆင်၊ မြင်း၊ နဂါး၊ ဇော်ဂျီ၊ ကျား၊ ဒေါင်း စတဲ့ အရုပ် ခြောက်ရုပ်ကို တဖက်စီမှာ ရေးဆွဲ၊ ပက်လက် လှန်ထားတဲ့ ကစားခုံပေါ်မှာ အံစာတုံးတွေကို စီတင်၊ ထိုးသား တယောက်ယောက်က မောင်းကြိုးဆွဲချပြီး ပေါ်လာတဲ့ အရုပ်ကို အလျော်ပေး၊ မပါတဲ့ အရုပ်ထိုးမိရင် စားတဲ့ ကစားနည်းပါ) မူးကြောင်ကြောင်နဲ့ ကစားလိုက်တာ ဒိုင်က အမြင်ကပ်လောက်အောင် နိုင်လာပါတယ်။ အဲဒါနဲ့တင် အားမရသေးပဲ အနီထောင် ၀ိုင်းတွေဘက် သွားကစားပြန်ပါတယ်။ နိုင်ပြန်ပါတယ်။ နောက်ပိုင်းတွေ ကျတော့ ထုံးစံအတိုင်းပေါ့။ ရှုံးတာမှ ခွက်ခွက်လန်။

တခါတုန်းကလဲ တတိယနှစ် စာမေးပွဲဖြေဖို့ ဖေဖေ့ဆီမှာ ငွေသွားတောင်းဖို့ ရန်ကုန်သွားပါတယ်။ ဖေဖေနဲ့ တွေ့တော့ အဖေ နေကောင်း သားဆုတောင်း၊ အိညှောင့် အိညှောင့်နဲ့ (ရုပ်ကြမ်းနဲ့ မလိုက်) ချွဲပစ်ပြီး ငွေယားကလေး ရအောင်တောင်းတော့ ဖေဖေကလဲ မွေးထားမိတဲ့ သားအတွက် ၀ဋ်ဒုက္ခကြီးစွာနဲ့ ပေးတော်မူပါတယ်။ ငွေလေး ရလာတော့ ညကားနဲ့ ဘားအံကို မသွားမီ လိုက်လည်ဦးမှဆိုပြီး ဟိုဟိုဒီဒီနဲ့ မဟာဗန္ဓုလ ပန်းခြံဘေးက Fantasy World 2 ကို ရောက်သွားပါတယ်။ တောသား မြို့တက် ကျနော် မယောင်မလည်နဲ့ အထဲကို ရောက်သွားတော့ တနေရာမှာ Twenty one ဖဲ လောင်းကစား စက်တခုကို သွားတွေ့ပါတယ်။ စက်ထဲကနေ အမျိုးသမီး နှစ်ယောက် အမျိုးသား နှစ်ယောက်က ဒိုင်အဖြစ် screen ကနေ အလှည့်ကျ ဖဲဝေပေး ထိုးသား ကစားသမားကတော့ လေးယောက်အထိ ကစားလို့ရပါတယ်။ အဲဒါကို ကစားဖို့အတွက် အကြွေစေ့ လဲရပါတယ်။ တစေ့ကို လေးဆယ် ကျပ်ပါ။ ပထမတော့ တထောင်ဖိုးလောက် အပျင်းပြေ ကစားမှပဲ ဆိုပြီး ကစားလိုက်တာ ပထမ အစတော့ နိုင်သလိုလို ရှိပါတယ်။ အဲဒီလိုနဲ့ အဲဒီ စက်ရှေ့မှာ မထစတမ်း ကစားလိုက်တာ နောက်ဆုံး အိတ်ထဲပါလာသမျှ ငွေ အကုန်လုံးကို ကုန်သွားပါတယ်။ ဒါနဲ့ အဖေဆီ ပြန်သွား၊ ခါးပိုက်နှိုက်ခံရ သလိုလို ကျပျောက်သလိုလို ညာပြောရပြန် ပါတယ်။ မွေးရကျိုး နပ်လိုက်ပုံများ။

ဘောလုံးပွဲတွေ ခေတ်စားလာတော့လဲ လောင်းလိုက်သေး ပြန်တာပါပဲ။ တလုံး ငါးမူးစား၊ သရေ တမတ်လျော် အခေါ်အဝေါ် မျိုးစုံနဲ့ ဂျာနယ်တွေဖတ်လိုက် လောင်းလိုက်၊ ကိုယ်လောင်းတဲ့ အသင်း နိုင်သွားတော့ ကိုယ့်လောက် ဘောလုံးပွဲ ခန့်မှန်းတာ တော်တဲ့လူ မရှိတော့ သယောင်ယောင် မြောက်ကြွကြွနဲ့ ရှုံးရင်တော့လဲ ဒိုင်ညစ်လို့၊ နည်းပြကြောင့်နဲ့ လေတွေပစ် ပျော်ပျော်ကြီးကို လောင်းခဲ့ ပြန်ပါတယ်။

တကယ့် တကယ်တမ်း လောင်းကစားနည်းတွေ ပေါလှတဲ့ ဒီနိုင်ငံရောက်တော့ ကျနော် လောင်းကစားကို လုပ်ချင်စိတ် မရှိတော့ပါဘူး။ တပင်တပန်း လုပ်လို့ ရထားတဲ့ ငွေလေးကို ရှုံးသွားမှာ ကြောက်တာလဲ ပါပါတယ်။ (ဒါတောင် ဟိုထီက သွားထိုးလိုက်ပါသေးတယ်)

တကယ်တော့ လောင်းကစား လုပ်ရင် ဘ၀ပျက်မယ့် အကြောင်းကို ကျောင်းစာထဲမှာရော အပြင် စာအုပ်၊ စာပေ ရုပ်ရှင် တွေမှာ လူပေါင်းများစွာက ပြောပြပြီးသားပါ။ ဒါပေမယ့်လဲ လောင်းကစား သမားတွေကတော့ ကစားလို့ ကောင်းဆဲပါပဲ။ ဘ၀ ပျက်တဲ့လူလဲ ပျက်။ လူနှိမ်ခံရလို ခံရနဲ့။ မကစားတာပဲ ကောင်းပါတယ်လေလို့ စိတ်ထဲက ဆုံးဖြတ်မိပါတယ်။
မကစားဘူးကွ ((((((။

(အခု ဒီစာကို ရေးပြီးတော့ တီဗွီဖွင့်လိုက်တာ 2006 World Series Porker အစီအစဉ် လွှင့်နေပါတယ်။ အနိုင်ရသွားတဲ့ ငနဲက စပ်ဖြီးဖြီးနဲ့ တီဗီထဲကနေ ပြုံးပြနေပါရောလား….)


ကလိုစေးထူး