Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, July 25, 2009

ပြိုင်ဘက်နဲ့ ရန်သူ...

ကျနော်က First-11 ဂျာနယ်တွေရဲ့ ပရိသတ်တယောက်ဆိုတော့ အပတ်စဉ် ထွက်သမျှ Eleven ဂျာနယ် လေးမျိုးစလုံးကို ပုံမှန်ဖတ်ဖြစ်နေကျပါ။

ပြီးခဲ့တဲ့နှစ်ကပေါ့...။

တရက်မှာတော့ အပတ်စဉ်ထုတ် အားကစား ဂျာနယ် အသစ်ကို သွားဖတ်ရင်းနဲ့ အားကစားဆောင်းပါးရှင် ဆရာကြီး ခင်မောင်ထွေး(ပျဉ်းမနား) ရေးတဲ့ `ပြိုင်ဘက်ဟာ ရန်သူမဟုတ်´ ဆိုတဲ့ ဆောင်းပါးကို သွားဖတ်မိတယ်။

ဆရာကတော့ ဘောလုံးအားကစားနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေသာ အရေးများသူမို့ အဲဒီဆောင်းပါးမှာလဲ ဘောလုံးအားကစားနဲ့ ဆက်နွယ်တဲ့ အကြောင်းအရာကိုသာ အခြေပြုရေးခဲ့တာပါပဲ။ အဲဒီတုန်းက ဆရာရေးခဲ့တာက အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းရဲ့ နည်းပြ စကိုလာရီကို ထုတ်ပယ်ပစ်လိုက်တာကို မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆာအဲလက်စ်ဖာဂူဆန်က မဖြစ်သင့်တဲ့ အကြောင်း နည်းပြအချင်းချင်း ဖေးမတဲ့စကား ပြောပေးခဲ့တာကို ချီးကျူးပြီးတော့ အခြေခံရေးခဲ့တယ်လို့ မှတ်မိတယ်။ နောက်တော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး ကလပ်အသင်းမှာ ကစားတဲ့ လမ်းပတ်၊ လီဗာပူမှာ ကစားတဲ့ စတီဖင်ဂျာရတ်နဲ့ မန်ယူမှာကစားတဲ့ ရူနီတို့ဟာ သူတို့ကလပ်အသင်း အချင်းချင်း တွေ့ဆုံကစားကြတဲ့ အခါ အသည်းပေါက်မတတ် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားလေ့ ရှိပေမယ့် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကစားရပြီဆိုရင်တော့ စည်းလုံးညီညွှတ်လှစွာနဲ့ပဲ နိုင်ငံအသင်းရလဒ်ကောင်းဖို့ အားတက်သရော အတူတကွ ကစားကြတာကို ဆရာရေးခဲ့တာကို ဖတ်ခဲ့ရပါတယ်။

အဲဒါတွေကို ဥပမာပေးလို့ ဆရာ ရေးသွားတာရဲ့ အနှစ်ချုပ်က `ပြိုင်ဘက်ဟာ ရန်သူ မဟုတ်ဘူး´ ဆိုတဲ့ အယူအဆပါ။

***

နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ရေးကြတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အတွေ့အကြုံကို အခြေခံတဲ့ စာတွေကိုပဲ ဖြစ်ဖြစ် ဒီဘက်ဟိုဘက် မီဒီယာတွေမှာ အသောင်းသောင်း အပြောင်းပြောင်း ရေးကြတဲ့အခါမှာ `ရန်သူ´ `ရန်သူ့ကို´ `ရန်သူ့လူ´ စသဖြင့် သုံးနှုန်းရေးသားတာတွေကို မကြာခဏဆိုသလို တွေ့မိဖတ်မိကြမှာပါပဲ။

အဲဒီလို သုံးနှုန်းရေးသားတဲ့ `ရန်သူ´ ဆိုတဲ့ စကားလုံးကိုတွေ့တော့ ကျနော် စဉ်းစားမိတာက ရန်သူဆိုတာက ဘယ်သူတွေကို ကျနော်တို့ သတ်မှတ်မှာလဲ၊ ကျနော်တို့နဲ့ မတူသူလား၊ ကျနော်တို့နဲ့ မတူတဲ့လူတိုင်းကရော ကျနော်တို့ရဲ့ တကယ့်ရန်သူပဲလား ဆိုတာတွေကို ဆက်စပ်တွေးတောမိပြန်တယ်။

ဒါမှမဟုတ် ကျနော်တို့ဟာ ပြိုင်ဘက်ကို ရန်သူလို့ သတ်မှတ်မိနေတာလား။ တကယ့်ရန်သူကိုရော ပြိုင်ဘက်လို့ သတ်မှတ်မိနေပြန်တာလား ဆိုတာကလဲ စဉ်းစားစရာ...။

***

သေချာစေ့ငုံအောင် စဉ်းစားလိုက်ရင်တော့ `ပြိုင်ဘက်´ ဆိုတာဟာ လုံးဝရန်သူ မဟုတ်ပါဘူး။ မတူတဲ့အမြင်ကိုယ်စီနဲ့ စွမ်းဆောင်ရည် ကိုယ်စီ ရှိလို့သာ လျှောက်နေတဲ့ လမ်းကြောင်း ကွဲပြားချင် ကွဲပြားနေပါစေ၊ ရည်ရွယ်ရာ ပန်းတိုင် တူနေတယ်ဆိုရင် ကျနော်တို့နဲ့ မတူသူ တဘက်လူဟာ ပြိုင်ဘက်ပဲ ဖြစ်သင့်ပါတယ်။

ပြိုင်ဘက်တွေမှာလဲ ပုံစံအမျိုးမျိုး ရှိနေပြန်ပါသေးတယ်။ စောစောက ရေးခဲ့တဲ့ ဘောလုံးစကားအရ ဆက်စပ်ပြောရရင် ချဲလ်ဆီးနဲ့ မန်ယူ မတူတဲ့ ကလပ်နှစ်ခုမှာတုန်းက အသည်းပေါက်အောင် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အတွက် အတူတူ ကစားရရင်တော့ ချဲလ်ဆီးတို့ မန်ယူတို့မှာ ကစားတုန်းက ထားခဲ့တဲ့ စိတ်ဓာတ်တွေကို မေ့ဖျောက်ပြီးတော့ မိမိနိုင်ငံအသင်း အောင်မြင်ဖို့အတွက် စည်းလုံးဖို့ စိတ်ထားက ရှိရပါတော့မယ်။

ဒီတော့ စွဲကိုင်ထားတဲ့ အယူအဆ၊ ပါဝင်နေတဲ့ အဖွဲ့အစည်း မတူဘူးဆိုတာ တခုထဲနဲ့တော့ ကိုယ်နဲ့ ဆန့်ကျင်ဘက်ကို ကျနော်တို့တွေ `ရန်သူ´ လို့ မသတ်မှတ်စကောင်းဘူးလို့ တွေးစရာ ရှိပါတယ်။

သို့သော်...။

***

ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေမှာ တဘက်စီ ကစားတုန်းကလဲ ဒီလူတွေဟာ ရန်တစောင်စောင်နဲ့ ကစားခဲ့ပြီးပြီ။ နိုင်ငံတကာ အသင်းအတွက် ကစားရတဲ့ အခါကျတော့လဲ `ဒီကောင်၊ ငါနဲ့ ကလပ်ခြင်းတူတာ မဟုတ်ဘူး၊ အခု တသင်းထဲကစားတုန်း ဒီကောင့်ကို ပုံစံပေးရမယ်´ ဆိုတဲ့ စိတ်ထားမျိုးကို ဆက်သယ်သွားရင်တော့ နိုင်ငံအသင်းအတွက်ပါ သွားထိခိုက်ပါတော့မယ်။

အဲဒီကနေ ဆက်စပ်ပြီး တွေးကြည့်ချင်ပါတယ်။

နိုင်ငံတခုအတွက် စစ်တပ်ဆိုတာ ရှိအပ်၊ ရှိသင့်တဲ့ အဆင်တန်ဆာ တခုဖြစ်တဲ့အတွက် နိုင်ငံနဲ့ ပြည်သူအပေါ် ကာကွယ်ဖို့ အလို့ငှာ နိုင်ငံတိုင်းမှာ စစ်တပ်တွေ ရှိကြရတယ်။ စစ်တပ်တွေရဲ့ တာဝန်ဟာ သူ့ပြည်သူကို ကာကွယ်ဖို့နဲ့ နိုင်ငံကို စောင့်ရှောက်ဖို့ပါ။ ဒီတော့ ကိုယ့်ပြည်သူတွေနဲ့ နိုင်ငံအပေါ်ကို ကာကွယ်နေရိုးမှန်ရင်တော့ ဒီစစ်တပ်ဟာ သူ့ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအတွက် ရန်သူ ဖြစ်လာစရာ မရှိပါဘူး။ မတူတဲ့ အမြင်တွေရှိလို့သာ ဆန့်ကျင်နေရမယ်၊ သူတို့ကို ပြိုင်ဘက်လို့ သတ်မှတ်ယုံသာ ရှိပါတယ်။

ဒါပေမယ့် ကိုယ့်ပြည်သူ ကိုယ်သတ်ပြီး နိုင်ငံတခုလုံးကို ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့မိဘ ဆိုတဲ့ `ငလေးလုံး´ အတွက်ကိုပဲ ရည်ရွယ်ထားတဲ့ စစ်တပ်မျိုးကိုကျတော့ ပြိုင်ဘက်လို့ သတ်မှတ်ဖို့က အတော်ခက်ပါတယ်။ အဲဒီလို လမ်းစဉ်မျိုးကို ယုံကြည်သက်ဝင်နေတဲ့ စစ်ယူနီဖောင်းဝတ်မှန်သမျှဟာလဲ ကျနော်တို့အတွက်တော့ ရန်သူသာ ဖြစ်လာမှာပါပဲ။

ဟော...၊ ဒီမိုကရေစီကို ယုံကြည်သက်ဝင်ပါတယ်လို့ တွင်တွင်ပြောပြီးတော့ မိမိယုံကြည်တဲ့ဝါဒအတိုင်း ဖြစ်လာအောင် ကိုယ်တိုင်က ကြိုးစားရမယ့်အပြင် ကိုယ့်လို ယုံကြည်သူတွေ ပိုများလာအောင်၊ ဒီမိုကရေစီဝါဒကို အခြေခံပြီး တိုင်းပြည်အကျိုးရှိမယ့် အရာတွေကို ဦးစားပေး မစဉ်းစားဘဲ ကိုယ်ကျိုး တခုထဲကိုသာ ကြည့်တဲ့လူတွေ၊ အဖွဲ့အစည်းမျိုးတွေကို ကျတော့ပြန်တော့လဲ ဘောလုံးစကားပြောရရင် တသင်းထဲ ကစားနေရင်တောင် အသင်းကစားဖော်လို့ သတ်မှတ်ဖို့ ခက်သလို အသင်းမတူရင်လဲ ပြိုင်ဘက် မဖြစ်လာနိုင်ပြန်ပါဘူး။

***

`ခင်ဗျား ကျနော့်ကို ရန်သူ တယောက်လို သတ်မှတ်တယ် မဟုတ်လား´

ဒီစကားကို ကျနော်လုံးဝ မနှစ်သက်ပြီး အရင်ကရော အခုအချိန်ထိ ဆန့်ကျင်နေဆဲ မြန်မာစစ်တပ်ရဲ့ စစ်ဗိုလ်တယောက်က မေးခဲ့ဖူးတယ်။ `ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေကို ခင်ဗျားလုပ်နေရင်တော့ ရန်သူပေါ့ဗျာ´ လို့ပဲ ပြန်ဖြေဖြစ်ခဲ့ပါတယ်။

ရန်သူလို့ သတ်မှတ်ရမယ့် အရာတွေက ဘာတွေလဲလို့ မေးစရာ ရှိလာပြန်ပါလိမ့်မယ်။

ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပြီး ကိုယ့်ကိုလဲ ဘာမှပြန်မလုပ်နိုင်တဲ့ ကိုယ့်တူသားအရွယ် ကျောင်းသားလေးရဲ့ ကျောကုန်းကို ဗြန်းခနဲနေအောင် ၀ါးရင်းတုတ်နဲ့ ရိုက်ချပစ်လိုက်တဲ့ လူမျိုး၊ ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ လူဝတ်ကြောင်ဖြစ်တဲ့ ကိုယ့်ကို ပြန်လည်ဦးချရှိခိုးနေတဲ့ ဘုရားသားတော် သံဃာတွေကို ရိုက်နှက်ဝံ့တဲ့ လူမျိုးဟာ ကျနော်တို့အတွက် ပြိုင်ဘက်ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ အဲဒီလို စိတ်ထားမျိုးနဲ့ လူမျိုးတွေဟာ ဟိုးးအောက်လက်ငယ်သားကနေ အကြီးဆုံး ခေါင်းဆောင်ပိုင်းအထိ ရန်သူပါပဲ။

ဝတ်ထားတာက စစ်ယူနီဖောင်း ဖြစ်နေပေမယ့် သူ့အတွေးထဲမှာ ကိုယ့်ပြည်သူ ကိုယ့်နိုင်ငံအတွက် အကျိုး တကယ်ရှိမယ့် အရာတွေကို ဦးစားပေးစဉ်းစားပြီး တကယ်လဲ လက်တွေ့လုပ်နေတဲ့ လူဟာတော့ အမြင်မတူလို့ ပြိုင်ဘက်ဖြစ်နေတာကလွဲရင် ရန်သူလို့ သတ်မှတ်စရာ အကြောင်းမရှိဘူးလို့ မြင်မိပါတယ်။ တကယ်ဆို ကျနော်တို့တွေဟာ ရန်သူကို ရန်သူလို တကယ်ကိုပဲ ခွဲခြားသိမြင်တတ်ဖို့ ဆင်ခြင်ပိုင်းခြားသင့်ပါတယ်။ ကိုယ်နဲ့ မတူတဲ့ မြင်မြင်ကရာကို `ရန်သူဟေ့´ ဆိုပြီး လက်ညိုးထိုးလိုက်ရင် အားလုံးအတွက် အကျိုးရှိမယ့် ပြိုင်ဘက်ကောင်းကို ဆုံးရှုံးသွားနိုင်ပါတယ်။

ဒီထက်ပိုပြီး တွေးကြည့်ပါမယ်။

`ဟေ့၊ ငါတို့ စစ်တပ်မှ စစ်တပ်ဟေ့၊ တခြားလူတွေ၊ အဖွဲ့တွေက ငါတို့စစ်တပ် အုပ်ချုပ်နေတာလောက် တိုင်းပြည်ကောင်းအောင် ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး၊ ဒီတော့ ငါတို့ကို ဆန့်ကျင်တာနဲ့ ဆန့်ကျင်တဲ့ကောင်တွေ မှန်သမျှ အသေသာ မှတ်ပေတော့´ ဆိုတဲ့ စစ်သားဟာ ကျနော်တို့ပြည်သူတွေအတွက် ထာဝရ ရန်သူ ဖြစ်နေပါလိမ့်မယ်။ အဲဒီစိတ်ထားမျိုးနဲ့ စစ်ခေါင်းဆောင်ကတော့ အကြီးဆုံး ရန်သူပေါ့။

***

တကယ်တော့...။

အမြင်မတူရင်နေပါစေ။ အတွေးမတူရင်နေပါစေ။

ကျနော်တို့တကယ်လိုအပ်နေတာ ပြိုင်ဘက်ကောင်းတွေပါ။ ရန်သူ မဟုတ်ပါဘူး။

***

ကလိုစေးထူး

Monday, January 26, 2009

ဟုန်မှာစိုးတယ်...

`ဒီကောင်တွေကြောင့် ကျုပ်တို့ တိုင်းပြည် ဒီလိုဖြစ်နေရတာဗျ´

ဘယ်ကတည်းက စကားစနေသလဲတော့ မသိ... ...။ နည်းနည်း မြှင့်တက်လာတဲ့ လေသံကြောင့် ကွမ်းယာယာနေတဲ့ ဖိုးအောင်က သူ့ကွမ်းယာဆိုင်ဘေးက ခွေးခြေခုံလေးပေါ်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ဆီ ဖြတ်ခနဲ လှည့်ကြည့်လိုက်တယ်။ နောက်တော့ ယာလက်စ ကွမ်းယာတွေကို ဆက်ယာနေပြန်တယ်။ ခဏကြာတော့ ဟိုပုဂ္ဂိုလ်ဆီကနေ စကားသံ ထပ်ထွက်လာပြန်တယ်။

`ကိုအောင်ပဲ စဉ်းစားကြည့်လေ အခုဆို မြန်မာပြည်မှာ ဘယ်လောက်ငတ်နေလဲ၊ လူတွေ ဘယ်လောက် ဒုက္ခရောက်ရသလဲ၊ ဒါဟာ ဒီ စစ်အာဏာရှင် စနစ်ဆိုးကြောင့်... ... ...´

`ဒီအာဏာရှင် စနစ်ကို အမြစ်ဖြတ်တော်လှန်မှ ကျနော်တို့ တိုင်းပြည်ကောင်းစားမှာ´

ပြောရင်းနဲ့ အရှိန်ရလာပုံရတဲ့ အဲဒီပုဂ္ဂိုလ်ကို ကွမ်းယာတွေ ယာနေတာ လက်စသတ်သွားတဲ့ ဖိုးအောင်က `အကို၊ ရော့...၊ ကွမ်းယာတွေ ပြီးပြီ´ လို့ ပြောလိုက်တယ်။ ဒီဘက်ကို ပြန်လှည့်လာတဲ့ ဖိုးအောင်က ကျနော်နဲ့ မျက်နှာချင်းဆိုင်မိတော့ တခုခုကို ရှဲု့မဲ့ဟန် လုပ်ပြလိုက်သေးတယ်။ မှာထားတဲ့ ကွမ်းယာတွေရသွားပြီးပေမယ့် စောစောက ပုဂ္ဂိုလ်က စကားစက ပြတ်သေးဟန် မတူဘူး။

`ဒီမှာဗျာ၊ ကျနော်တို့ အဖွဲ့က ထုတ်တဲ့ စာစောင်၊ ခင်ဗျားစိတ်ဝင်စားရင် ဖတ်ပေါ့´ ဆိုပြီး ဖိုးအောင်လက်ထဲကို စာစောင် တခု ထိုးပေးတယ်။ ဖိုးအောင်က...

`ဆောရီး အကိုရာ၊ ကျနော် စိတ်မ၀င်စားဘူး´

အဲဒီ ဖြစ်ရပ်လေးကို စတွေ့တွေ့ခြင်းတုန်းကတော့ ကျနော် အဲဒီ ကွမ်းယာရောင်းတဲ့ ဖိုးအောင်ကို စိတ်တိုလိုက်တာများ။ သူ့ကို အားနာလို့သာ ရှေ့တင်မှာ ဘာမှမပြောဖြစ်တာ၊ စိတ်ထဲကတော့ ကောင်းကောင်းကြီးကို ရှုတ်ချတာပေါ့။ အလကားလူ၊ ကိုယ့်နိုင်ငံမှာ ဘာဖြစ်လို့ဖြစ်နေမှန်းတောင် စိတ်မ၀င်စားတဲ့လူ၊ ဒီလိုလူတွေချည်း များနေလို့ အာဏာရှင်တွေ ငါတို့နိုင်ငံမှာ ပိုမြဲနေတာ စသဖြင့် စသဖြင့် အတွေးတွေနဲ့ စိတ်ထဲမှာ အတော်ကြီးကို ဒေါပွခဲ့ဖူးတယ်။

***

`အကို...၊ အကို...၊ အကိုတို့ အမတို့ ဘယ်သူရှိပါသလဲခင်ဗျာ´
`ဒုန်း၊ ဒုန်း၊ ဒုန်း´

အချိန်က ည ၂ နာရီသာသာလောက် ရှိပြီဖြစ်လို့ အားလုံးက အိပ်မောကျနေတဲ့ အချိန်။ ခြံရှေ့က တံခါးကို တစုံတယောက်က တဒုန်းဒုန်းထုလိုက်၊ ၀ုန်းဝုန်းဝုန်းနဲ့ လှုပ်ခါလိုက်၊ ပါးစပ်ကလဲ အော်ဟစ်လိုက်နဲ့မို့ အိမ်ထဲမှာ အိပ်မောကျနေတဲ့ ကျနော်တို့တွေ အကုန် လန့်နိုးကုန်တယ်။ ကိုဖြူက ကျနော့်ဟို...

`ဟေ့လူ၊ လာလာ... ...၊ ခြံရှေ့မှာ ဘာဖြစ်တယ် မသိဘူး´ ဆိုပြီး ပြောလဲပြော အိပ်ရာကနေလဲ အလူးအလဲထလို့ ကျနော်တို့ နှစ်ယောက်သား ခြံရှေ့ကို အမြန်ထွက်လာတော့ ခြံတံခါးနားမှာ အသက် ၂၅ ၀န်းကျင်အရွယ်လောက် လူရွယ် သုံးယောက်လောက် ရပ်နေကြတယ်။ သူတို့နောက် ခပ်လှမ်းလှမ်းမှာက ကောင်မလေး သုံးလေးယောက် ... ... ...။

`ကျနော်တို့ ဒီခြံရှေ့က အထည်စက်ရုံကပါ၊ ကျနော်တို့ထဲက တယောက် ဘာဖြစ်တယ်မသိဘူး၊ ဗိုက်နာတယ်ဆိုပြီး လူးလိမ့်နေတာပဲ၊ နှုတ်ခမ်းတွေလဲ ပြာနေပြီ၊ ဘာလုပ်ပေးရမှန်းလဲ မသိဘူး၊ အလုပ်သမားခေါင်းကို ဖုန်းလှမ်းဆက်တော့လဲ မကိုင်ဘူး၊ အဲဒါ... ... ... ...´

အဲဒါ... ... ... ဆိုပြီး ဆက်ပြောမယ့်စကားတွေက တန့်သွားပေမယ့် သူတို့ ဘာအကူအညီလိုသလဲ ဆိုတာကို ကိုဖြူက ကောင်းကောင်းသဘောပေါက်တယ်။ ချက်ချင်းဆိုသလိုပဲ... ...

`ဟေ့လူ၊ ခင်ဗျားက ဆိုင်ကယ်သွားထုတ်ဗျာ၊ သူတို့ စက်ရုံရှေ့မောင်းသွားလိုက် လိုအပ်ရင် တခါထဲ ဆေးရုံခေါ်သွားရအောင်´

နောက်ပိုင်းမှ သိရတာက ဗိုက်နာနေတယ် ဆိုတဲ့ ကောင်လေးက အစာအဆိပ်သင့်တာပါ။ သူ့ကိုတွေ့တော့ ဘာရယ်ညာရယ်ပြောမနေတော့ဘူး၊ ဘေးက ၀ိုင်းပွေ့တဲ့လူ ပွေ့နဲ့ ဆိုင်ကယ်တစီးမှာ လူသုံးယောက်စီးလို့ အဲဒီကောင်လေးကို အလယ်မှာ ညှပ်ထိုင်ပြီး ကျနော်နဲ့ ကိုဖြူ ဆေးရုံကို ခေါ်သွားတယ်။

ကောင်လေးကို ဆေးရုံမှာ တင်ထားခဲ့ပြီးတော့ ကျနော်တို့ ပြန်လာတော့ ခြံဝမှာ စောစောက လူရွယ်တွေ ရှိနေတုန်းပဲ။ ကိုဖြူက ဘာမှစိတ်မပူဖို့၊ လောလောဆယ် ဆေးရုံမှာ တင်ထားခဲ့တဲ့အကြောင်း၊ မနက်မိုးလင်းရင် သက်သာသွားလိမ့်မှာ ဖြစ်တဲ့ အကြောင်းတွေ ရှင်းပြနေတယ်။ သူတို့တွေကလဲ ကျေးဇူးတွေ အထပ်ထပ်တင်လို့ပေါ့။ အဲဒီလို ပြောနေကြရင်းနဲ့ သူတို့ထဲက တယောက်က ကိုဖြူ့ကို ဗြုန်းဆို မေးခွန်းတခု ရုတ်တရက်မေးလိုက်တယ်။

`ဟို...၊ အကိုတို့က ကျောင်းသားအဖွဲ့တွေလား´

ကိုဖြူက...

`သူပုန်တွေ ဆိုပါတော့ဗျာ´

လို့ ခပ်တိုတို ဖြေပြီး အိမ်ထဲကို ပြန်ဝင်သွားတယ်။

နောက်ပိုင်းတော့...၊ ကျနော်တို့ ခြံရှေ့က စက်ရုံက လူငယ်လေးတွေ တချို့ သူတို့ အလုပ်အားချိန်တွေ၊ အလုပ်နားရက်တွေဆိုရင် မြန်မာပြည်ထဲမှာဖတ်ခွင့် မရနိုင်တဲ့ စာစောင်တွေ၊ သတင်းစာတွေကို လိုလိုလားလားနဲ့ လာတောင်းဖတ်တော့တာပဲ။ ပြီးတော့ သူတို့ ဘာတွေ အခက်အခဲဖြစ်နေလဲ၊ စက်ရုံထဲမှာက ဘယ်လိုဘယ်ပုံ အလုပ်လုပ်နေရတာလဲ၊ လုပ်ခက ဘယ်လောက်၊ အလုပ်ရှင်က ဘယ်ပုံဘယ်လို မတရားလုပ်တာ ဆိုတဲ့ အကြောင်းတွေကို အားကိုးစရာ၊ တိုင်တည်စရာ တခုအနေနဲ့ကို သဘောထားပြီး ရင်ဖွင့်တတ်လာကြပါတော့တယ်။

***



မတွေ့ဖြစ်တာ လနဲ့ချီကြာနေတဲ့ ဘလော့ဂ်ရေးဖော် မိတ်ဆွေ တယောက်နဲ့ တနေ့ကဆုံဖြစ်တော့ စကားတွေ ပြောကြရင်းနဲ့ သူက အဲဒီ ကာတွန်း ကျနော့်ကို ပြဖြစ်တယ်။ ဆရာကြီး ဦးဘဂျမ်းရဲ့ အဲဒီကာတွန်းကို ဖတ်မိတော့ အပေါ်မှာ ကျနော်ရေးပြခဲ့တဲ့ အဖြစ်အပျက်နှစ်ခုကို မျက်စိထဲ ချက်ချင်းဆိုသလို ပြန်လည်မြင်ယောင်မိ၊ သတိရမိပါတယ်။


ပြီးတော့ ဆရာကြီးရဲ့ ကာတွန်းထဲက `ဟုန်နေပြီ´ ဆိုတဲ့ စကားက ပဲ့တင်သံတွေလို မြည်ဟည်းနေတယ်။

***

`ကျနော့်ဘ၀ကို ဒါမျိုးတွေကြောင့် အပျက်မခံရဲဘူး´
`ဟာဗျာ၊ တနေ့တနေ့ ဒါတွေက ဘယ်နေရာမဆို တွေ့နေရတာပဲ၊ ဘာတဲ့ ... ပုရစ်ဖူးတွေ မြေမှာကြွေ၊ စစ်ဘီလူးတွေ မေမှာသေ တို့ ဘာတို့၊ ကြည့်လေဗျာ၊ အခုပဲ ၂၀၀၈ ကို ကုန်နေပြီ။ ဘာတွေများ ဖြစ်လာလို့လဲ´
`နိုင်ငံရေးလား၊ သားသားကြောက်ကြောက်၊ ဟဲဟဲ´
`သြော်...၊ အကိုက အဲဒါတွေ လုပ်နေတာလား၊ အင်းအင်း၊ ညီမတို့တော့ ဆင်ခြင်ရတယ်။ သြော်...၊ မတရားတာတော့ သိတာပေါ့ အကိုရယ်၊ ဒီလိုပဲ မနက်ဖြန်များ ပြောင်းလာမလား၊ သဘက်ခါများ ပြောင်းလာမလားနဲ့ မျှော်ခဲ့တာလဲ မနည်းဘူးလေ´
`ကျနော် ဒေါ်စုကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ... ... ...´


ဆရာကြီး ဘဂျမ်းကာတွန်း၊ `ကြားရတာများတော့ ဟုန်နေပြီ အဘရဲ့´ ... .. ...။

***



`ပြည်သူတွေနဲ့ တသားတည်းဖြစ်ဖို့ အတွက်၊ ကျနော်တို့က ပြည်သူတွေနဲ့ သီးခြားဖြစ်မယ့် အပြောအဆို အပြုအမူတွေ၊ နိုင်ငံရေးတွေချည်းပဲ၊ စကားလုံးတွေချည်းပဲ ပြောနေရင် ကြာတော့ ပြည်သူက ကျနော်တို့နဲ့ မဆက်ဆံရဲတော့တာတွေ မထိတွေ့ရဲတဲ့ ပြဿနာမျိုးတွေ ရှိတယ်´

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ တောင်တွင်းကြီးမှာ ပြောသွားတဲ့ အဲဒီစကားဟာ အထက်က တင်ပြခဲ့သလို ကြာတော့ ဟုန်လာမှာကို စိုးရိမ်လို့များလား လို့ ခံစားမိပြန်တယ်။

***

`ကျနော်တို့ဆီမှာ ပြဿနာက နိုင်ငံရေးကို လုပ်ကြတယ်ဆိုတဲ့လူတွေက သူတို့ကိုယ်ကိုသူတို့ နိုင်ငံရေးသမား ဆိုတဲ့ လူတန်းစားတရပ်အဖြစ် သူတို့ဘာသာသူတို့ သတ်မှတ်မှန်းမသိ သတ်မှတ်နေကြတာပဲဗျ၊ တချိန်လုံး နိုင်ငံရေးစကားတွေပဲပြောနေတော့ ကြာတော့ လူတွေက နားရည်လျှံကုန်တယ်လို့ ထင်တာပဲဗျာ´

လေးစားရတဲ့ အကိုတယောက်က မှတ်မှတ်ရရ ပြောသွားဖူးတဲ့ စကား။

***

`ဟုန်မသွားကြရအောင်´ ကျနော်တို့ ပါးနပ်မှု ရှိဖို့ အများကြီး လိုအပ်နေပါပြီ။ ဟုန်မှာ စိုးမိပါတယ်။

***

ကလိုစေးထူး

(ဒီပို့စ်ရေးဖြစ်ဖို့ တွန်းအားဖြစ်စေတဲ့ ဆရာကြီး ဦးဘဂျမ်း ရဲ့ ကာတွန်းကွက်ကို ပို့ပေးတဲ့ ဘလော့ဂ်ရေးဖော်မိတ်ဆွေကို ကျေးဇူးတင်ပါတယ်)

Tuesday, January 20, 2009

လွတ်လပ်မှု Vs ဟိရီသြတ္တပ္ပ

လောကမှာ လူတိုင်းဟာ လွတ်လပ်မှုကို ခုံမင်ကြသူတွေချည်းပါပဲ။

ဒါပေမယ့် လွတ်လပ်မှုဆိုတာကို ကျနော်တို့ ဘယ်လို နားလည်ကြမလဲ။ စည်းလွတ်ဘောင်လွတ် ပြောချင်၊ နေချင်တာကို လွတ်လပ်မှုကို ခုံမင်တာပါလို့ တံဆိပ်ကပ်သင့်သလား။ လွတ်လပ်မှုနဲ့ ပရမ်းပတာနိုင်မှုကို ခွဲခြားနိုင်မှုအတိုင်းအတာဟာ ဘယ်လောက်အထိ လိုအပ်နေသလဲ။

အဲဒီလိုတွေ တွေးမိလိုက်တော့... ... ...။

***

၁၉၉၈ ခုနှစ်လောက်က လို့ ထင်ပါတယ်

မြန်မာနိုင်ငံ ဂီတလောကကို လှုပ်ခတ်သွားစေမယ့် Hip Hop ဆိုတဲ့ ဂီတကို လူငယ်တစုက သယ်ဆောင်လာခဲ့ကြတယ်။

`အကုန်လုံးထကြ~~~ အကုန်လုံး ထက~~~ သီချင်းတွေက အခုအခါတော့ စိတ်မှာ မြူးကြွ~~~ တချို့တွေက အမုန်း~~~ တချို့တွေက အပြုံး~~~~ နားထောင်ပြီး မင်းတို့ ဝေဖန်ပေးကြဦး´

အက်ဆစ်လို့ အမည်ပေးထားတဲ့ လူငယ်အဖွဲ့ရဲ့ မြူးကြွပြီး ခပ်ဆတ်ဆတ်လေသံဟန် ဆိုပေါက်နဲ့ ဟစ်ဟော့ပ် စာသားတွေဟာ အဲဒီတုန်းက လူငယ်တွေကို သတိပြုမိစေသလို အဲဒီတခွေတည်းနဲ့ အက်ဆစ် အဖွဲ့ဟာလဲ မြန်မာပြည် ဟစ်ဟော့ပ်ရဲ့ သမိုင်းသစ်ကို စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Theory ... ... ...၊ အဲဒီ အဲဒီနောက်ပိုင်း ဒီဘက်တွေမှာတော့ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ရသ၊ ဂျေမီ... ... ...။ အခုများတော့လဲ ဟစ်ဟော့ပ်ဆိုတာ မြန်မာပြည်မှာ တွင်တွင်စီးနေတဲ့ ဂီတမြစ်တစင်းနဲ့ကို တူလို့... ... ...။

***

ပြီးခဲ့တဲ့ တရက်နှစ်ရက်ကပါ။



Bi Weekly Eleven မှာ ထူးထူးခြားခြား သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ `မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှု စနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနှင့်ချီ ပျံ့နှံ့လျက်ရှိ´ တဲ့။

အဲဒီ သတင်းဆောင်းပါးကို ဖတ်ကြည့်တော့ ဒါဟာ ရေးသင့် ရေးထိုက်တဲ့ သတင်း ဖြစ်သလို သတင်းထဲမှာ ပါတဲ့ အချက်အလက်တွေ အရသာဆိုရင် မြန်မာပြည်တွင်းက ဆယ်ကျော်သက်လူငယ်တွေအတွက် ကောင်းတဲ့ အလားအလာ တခု မဟုတ်တာကို သတိပြုနားလည်မိလို့ အဲဒီသတင်းကို ရေးသားတင်ပြသူ ဂျာနယ်တိုက်ကိုပါ ကျေးဇူးတင်မိတယ်။

နောက်တော့ အင်တာနက်တခွင် ပြဲပြဲစင်အောင် လိုက်လံမွှေနှောက်ပြီး အဲဒီ ဂျောက်ဂျက်ဆိုသူရဲ့ သီချင်းတွေကို ရှာဖွေ နားထောင်ကြည့်လိုက်တော့၊ လားလား... ... ...။

သို့သော်... ... ...။

***



နောက် နှစ်ရက်လောက်ကြာတော့ ခေတ်ပြိုင် သတင်း ၀က်ဘ်ဆိုက်ကနေ သတင်းတပုဒ်တက်လာတယ်။ `ဂျောက်ဂျက် ၀န်ခံကတိထိုးရ၊ ဆင်ဆာမဲ့ခွေနှင့် မပတ်သက်ဟုပြော´ ...တဲ့။ စိတ်ထဲကနေ ချက်ချင်းပဲ တွေးမိတာက ကောင်းတာပေါ့၊ ၀န်ခံကတိထိုးရတာထက်စာရင် ထိုက်သင့်တဲ့ သတိပေးတားမြစ်မှုတောင် လုပ်သင့်သေးတယ်လို့ တွေးလိုက်မိပါသေးတယ်။

ဒါတောင် ခေတ်ပြိုင်ရဲ့ သတင်းထဲမှာ `ဟစ်ဟော့နှစ်သက်သူ လူငယ်တဦးက´ လို့ အမည်တပ်ထားတဲ့ ပြောစကားတချို့မှာ ဘ၀င်မကျစရာတွေ ပါနေသေးပေမယ့် ဒါဟာ ဂျာနယ်တိုက်ရဲ့ အာဘော်မဟုတ်တန်ကောင်းပါရဲ့လို့ ဖြေတွေးမိတယ်။

ဒီလိုနဲ့ သတင်းတွေ လိုက်ဖတ်ရင်း Mizzima သတင်းဂျာနယ်ကို ဖတ်မိတဲ့ အခါမှာတော့... ... ...။

***



ဆောင်းပါးရှင် နေသန်မောင် ရဲ့ `စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုညည်းသံများ´ ...တဲ့။

ခေါင်းစဉ်မှာ `စည်းကမ်းပြည့်ဝသော´ လို့ အမည်စတပ်ထားကတည်းကိုက ဆောင်းပါးရှင်ကတော့ ဟိုလူကြီးများရဲ့ လက်သုံးစကားကို ငေါ့ထေ့ထေ့ လုပ်ထားလေပြီလို့ သဘောပေါက်မိတယ်။ သူတို့ကလဲ `စည်းကမ်းပြည့်ဝသော´ ဆိုတာကို ခဏခဏ သုံးကြတာကိုး။ ထားတော့။

အဲဒီဆောင်းပါးတပုဒ်လုံးကို အနုလုံပဋိလုံ ဖတ်ပြီးတော့ ကျနော်နားလည်လိုက်တာကတော့ မြန်မာပြည်မှာ ဟစ်ဟော့ပ် ဆိုတာဟာ တော်လှန်ရေးတခုလို ဆင်နွှဲပြီးတော့ အနှိမ်ခံပြီးမှ နေရာရလာတာ၊ ဟစ်ဟော့ပ်ကို အခုဆိုရင် လူငယ်တွေ အားလုံးကလဲ အားပေးနေပြီ၊ ဂျောက်ဂျက်တို့ဆိုတဲ့ သီချင်း မိုက်ရိုင်းတယ်ထင်ရင် နားမထောင်ဘဲနေရုံရှိတယ်။ နောက်ဆုံး အနှစ်ချုပ်ရရင် ဒီလို သီချင်းတွေ မရှိသင့်ဘူးလို့ ပြောနေ၊ရေးနေကြသူတွေဟာ လူငယ်တွေကို နားလည်မှု မရှိကြသူတွေ၊ ဒီထက်ပိုပြောရရင် နေပြည်တော်အရပ်က `စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ´ ဆိုတာကြီးနဲ့သာ ထိုက်တန်သူတွေ စသဖြင့် စသဖြင့် အငေါ်တူးထားတာတွေကို ရလိုက်၊ နားလည်လိုက်တယ်။


***

ကျနော့် မိတ်ဆွေ အမေအရွယ်၊ အဒေါ်အရွယ် အမအရွယ်၊ နှမအရွယ်များ ခင်ဗျာ။ နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ ကျနော်တို့က `ဒါဟာ လူငယ်တွေရဲ့ ထွက်ပေါက်ပဲ၊ လွတ်လပ်မှု တခုပေပဲလို့ နားလည်ပေးသင့်တယ်´ ဆိုတဲ့ ဂျောက်ဂျက်ရဲ့ သီချင်းတပုဒ်က စာသားတချို့ကို အောက်မှာ ရှုပါ။

`ဘဲတကာနဲ့ ~~~ ပတ်ပြီးတော့ ဗျင်းလိုသည့် ဆော်တွေကိုလဲ ဗွီအိုင်ပီက ~~~ စောက်ထင်ကို မကြီး~~~´
`ဘော်ဒီကြီးက စောက်ရမ်း တောင့်ရဲ့သားနဲ့ ~~~ ရောက်တဲ့နေရာ~~~ စောက်ခွက်ကြီးကို ကောက်မယ့်အထာ~~~´
`သူ့ကိုယ်သူ~~~ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ သူ့ကိုယ်သူ အမှန်လေးပါတဲ့~~~ အမှေးလန်နေပြီ~~~ အမှန်လေးပါပဲ~~~ အခုတော့ အမှေးလန်နေပြီ´

***

ခေတ်ပြိုင်သတင်းထဲက ဟစ်ဟော့ပ်နှစ်သက်သူ လူငယ်တဦးက ဆိုတဲ့စကားမှာ `ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့ပ်မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ´ လို့ ရေးထားပါတယ်။ အထက်မှာ ကျနော် တင်ပြထားတဲ့ ဂျောက်ဂျက်စာသားတွေဟာ ဘယ်လို အသိုင်းအ၀န်း ဘယ်လိုအရာတွေကနေ ရထားတဲ့ အတွေ့အကြုံတွေပါလဲ။

နေသန်မောင် ဆိုတဲ့ ဆောင်းပါးရှင်ကလဲ `ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲ ရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ´ လို့ ရေးထားပြန်တယ်။

ရှက်ဖို့ကောင်းတယ်ဆိုတာဟာ ဆောင်းပါးရှင်က ဘာကို ဆိုလိုတာပါလဲ။ တကယ်တမ်း ရှက်ဖို့ကောင်းတယ်လို့ သတ်မှတ်သင့်တာက မောင်နဲ့နှမ သားနဲ့အမိ ကြားလို့မှ မတော်တဲ့ စာသားတွေကို ထမင်းစားရေသောက်သလို သီဆိုသွားတဲ့ အဲဒီ ဂျောက်ဂျက်ဆိုတဲ့ လူငယ်မဟုတ်ပေဘူးလား။

တကယ်တော့ အဲဒီ သီချင်းတွေကို ဖန်တီးသူ ဂျောက်ဂျက်ဆိုတဲ့ လူငယ်ဟာ အနုပညာစွမ်းပကား သေးပုံမရတာကို သူ့ရဲ့ ညစ်ညမ်းစာသားတွေ မပါတဲ့ တခြားသောသီချင်းတွေက သက်သေခံနေပါတယ်။ ဒီလောက်တောင် ညစ်ပတ်စုတ်ပြတ်နေတဲ့ စာသားတွေကိုသာ မသုံးစွဲရင် နားထောင်ရအဆင်ပြေပြီး သူသည်လည်း အောင်မြင်တဲ့ ဟစ်ဟော့ပ် အဆိုတော်တယောက်ဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လဲပဲ သူတို့ပထမ (တရားဝင်မဟုတ်ဘဲ) ထွက်ခဲ့တဲ့ အခွေကို အားပေးခဲ့တဲ့ မနည်းလှတဲ့ လူငယ်တွေ ရှိခဲ့တာပါ။ ဒါတောင် `ဗလာကြီး လာမစားနဲ့~~~ မင်းစောက်ခွက်ကြီး ရာသီလာသွားမယ်~~~´ ဆိုတဲ့ စာသားမျိုး `နင်ထမင်းစားပြီး ကြီးတာလား -ီးစားပြီး ကြီးတာလား~~~~ -ီးစားပြီး ကြီးရင်တော့ ~~~ နင်ဖီးလ်အားကြီး ရှိလိမ့်မယ်´ ဆိုတဲ့ စာသားတွေဟာ ရိုင်းစိုင်းတဲ့ အသုံးအနှုံးတွေပါ။ အခု ဒုတိယမြောက်ခွေကတော့ ကမ်းကုန်သွားတယ်လို့ကို ပြောရမှာပါ။

ကျနော်တို့ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်ပါ။ ကျနော်တို့ မအေတွေ၊ နှမတွေကို တယောက်ယောက်ကများ..အဲဒီ အထက်ပါ သီချင်းစာသားတွေနဲ့ လမ်းမှာ ထိကပါးရိကပါးလုပ်ခဲ့ရင် ကျနော်တို့ ဘယ်လိုနေမလဲ။ `အာ...၊ ဒါလူငယ်တွေရဲ့ ထွက်ပေါက်ပဲ၊ ဟစ်ဟော့ပ်ဆိုတာ ရီဗော်လူးရှင်း၊ နင်တို့က ဒါလေးတောင် နားမလည်ဘူးလား´ ဆိုပြီး ကိုယ့်နှမကိုယ် ပြန်နားရင်းရိုက်ပြီး ဟိုသီချင်းဖန်တီးရှင် မောင်တွေကို `မောင်ရင်တို့ သီချင်းတွေ မိုက်တယ်ကွာ၊ ဆက်ချ´ လို့ အားပေးရမှာလား။ နည်းနည်းတော့ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ `စိစစ်ရေးက ပိတ်တာဟေ့´ လို့ ဆိုတိုင်း `ဟာ...၊ ဒါတော့ မတရားတာပဲကွ၊ မြန်မာပြည် စိစစ်ရေး ဒီလိုချည့်ပါပဲကွာ´ လို့ ၀ါးလုံးချေးသုတ်ရမ်းတာမျိုးတော့ ကျနော့် တဦးတည်း အမြင်အရ အားမပေးလိုတာ အမှန်ပါ။

လူမျိုးတိုင်းမှာ ယဉ်ကျေးမှုဆိုတာ ရှိပါတယ်။ ဟိရီသြတ္တပ္ပ ဆိုတဲ့ အရှက်အကြောက် တရားဆိုတာ ရှိပါတယ်။ နိုင်ငံတကာက လူနေမှုကို ခေတ်ရဲ့ အလိုက်အထိုက်နဲ့အညီ မှီရ၊ လိုက်ရတာတွေ ရှိတာကို လက်ခံနိုင်ပေမယ့် ကိုယ့်လူမျိုးရဲ့ `ယဉ်ကျေးမှုစံ´ ဆိုတာလေးကတော့ မမေ့သင့်ပါဘူး။ အဲဒါကို ထိန်းသိမ်းနေတာက ကျနော်တို့ ဆန့်ကျင်နေတဲ့ စစ်အာဏာရှင်ဖြစ်နေရင်လဲ ဒါဟာ ကောင်းတဲ့အလုပ်မို့ ကျနော်တို့ လက်ခံပေးရပါလိမ့်မယ်။ ကိုယ်တိုင်ကလဲ တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်လူမျိုးဂုဏ် ကိုယ်မြှင့်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် တချိန်ချိန်မှာ အမေဖြစ်သူကို သားဖြစ်သူက `ဗလာကြီး လာမစားနဲ့~~~ စောက်ခွက်ကြီး ရာသီလာသွားမယ်´ ဆိုတဲ့ သီချင်းမျိုးနဲ့ ပြန်ပြီး ကလော်တုတ်လာမယ့် အခြေအနေမျိုးကို မရောက်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒါတွေကို ရေးလို့ `မင်းက ဟစ်ဟော့ပ်ကို ဘယ်လောက်နားလည်လို့တုန်း´ လို့ မေးလာရင်လဲ `ဟုတ်ကဲ့၊ နားမလည်ပါဘူးခင်ဗျာ၊ ဒါပေမယ့် ခံစားလို့ရတဲ့ သီချင်းတွေကိုတော့ အားပေးခဲ့ပါတယ်´ လို့ သာ ပြန်ဖြေရုံရှိပါတယ်။ ဒါပေမယ့် ကျနော် အထက်မှာ ရေးထားတဲ့ စာသားတွေကိုတော့ ဘယ်လိုစိတ်နဲ့မှ ခံစားလို့မရသေးပါ။ အဲဒါကို `ရှက်ဖို့ကောင်းတယ်´ လို့ သတ်မှတ်ရင်လဲ ငြိမ်ခံရမှာပါပဲ။ `မင်း ဒီလောက်ကလေးမှ နားမလည်ဘူးလား၊ ခေတ်မမှီဘူးလား´ ဆိုရင်လဲ အဲဒီလို ခေတ်မျိုးတော့ ကျနော် မမှီချင်တာ အမှန်ပါ။

MFG အဖွဲ့ပေါ်လာတုန်းက အားပေးခဲ့ကြတာပဲလို့ ပြန်ထောက်စရာရှိပါတယ်။ ဒါပေမယ့် MFG အဖွဲ့ကို လူငယ်တွေ အားပေးခဲ့ကြတဲ့ ပုံစံနဲ့ အခု ဂျောက်ဂျက်အဖွဲ့ကို လူငယ်တွေ အားပေးနေကြတဲ့ ပုံစံက အနှစ်သာရခြင်း တခြားစီကွာခြားတာကို သတိထားသင့်ပါတယ်။ စာသားဖော်ကျူးမှုတွေက တခြားစီပါ။

တကယ်ဆို မြန်မာဂီတပရိသတ်ဟာ ရှေးရိုးစွဲတွေ မဟုတ်ပါဘူး။ အက်ဆစ်အဖွဲ့ရဲ့အခွေ ထွက်လာတဲ့ အချိန်တုန်းက `ငါတို့ထဲက တယောက်ကို လာထိရင်~~~ အက်ဆစ်နဲ့ လောင်မြိုက်ခံရမယ်ဆိုတာ~~~ မင်းတို့သိစေချင်´ ဆိုတဲ့ ခပ်မိုက်မိုက်စာသားတွေ၊ ပန့်ခ် အဆိုတော် ဘစ်ဘက်အဖွဲ့ရဲ့ သီချင်းတပုဒ် `စိတ်ညစ်ရပါလား´ ဆိုတဲ့ သီချင်းထဲက `ကျောင်းကို ရောက်တော့လဲ ဆော်တွေက တယောက်မှ မိုက်တာမရှိ´ `ငါ့ကို အဘိုးကြီးက အော်ဆဲ၊ ဘာတွေလဲ စိတ်ညစ်ရပါလား´ ဆိုတဲ့ သီချင်းစာသားလိုမျိုးတွေလောက်ကို ဘယ်သူကမှ စကားထဲထည့်လုပ် ပြောခဲ့တာ မဟုတ်ပါဘူး။ ခေတ်ရဲ့ ရေစီးကြောင်း တခုပဲလေ ဆိုပြီးတော့ပဲ အများစုက လက်ခံအားပေးခဲ့ကြတာချည်းပါ။ မင်းမင်းလတ်တို့ လက်ထက်တုန်းကတောင် `လမ်းကလေးလျှောက်ရင် တင်ကို လှုပ်တယ်´ လို့ ထည့်ဆိုခဲ့ကြသေးတာ မဟုတ်ပါလား။ ဒါပေမယ့် လူအများနားလည်လက်ခံနိုင်တဲ့ ဘောင်ကို ကျော်ပြီးတော့ ရုန့်ရင်းကြမ်းတမ်းလွန်းတဲ့ အဆင့်ထိ ဖြစ်လာရင်တော့ ဒါကို တားရဆီးရမှာပါပဲ။ ခေါ်ယူသတိပေးတာတွေ၊ ၀န်ခံကတိထိုးခိုင်းတယ် ဆိုတာတွေဟာ နေရာတိုင်းမှာ တရားနေတာမဟုတ်သလို နေရာတိုင်းမှာ မတရားလုပ်နေတာလို့လဲ ကျနော်တို့ ပြောနေလို့ မရပါဘူး။

ကျနော်တို့ အက်ဆစ်အဖွဲ့ကနေ သီအိုရီ၊ ရဲလေး၊ စိုင်းစိုင်း၊ ရသ၊ ဂျေမီ တို့အထိတိုင်အောင် ဟစ်ဟော့ပ်ကို အားပေးနေခဲ့ကြတဲ့ အနှစ်သာရဟာ `ဟစ်ဟော့ပ်က ပွင့်လင်းတယ်၊ ဒီလိုလဲ ရိုင်းချင်ရိုင်းမယ်´ ဆိုတဲ့ နားလည်မှုမျိုး မဟုတ်ပါဘူး။ ပွင့်လင်းတာနဲ့ ရိုင်းတာက တခြားစီပါ။ ဒီအခြေခံလေးကိုသာ နားလည်ထားရင် နောက်ထပ် ဘယ်လိုဂီတအသစ်မျိုးတွေ ထပ်ပေါ်လာပါစေဦး၊ လက်ခံနားဆင်လို့ ရနေဦးမှာပါ။

***

ကျနော်တို့အားလုံးဟာ လွတ်လပ်မှုကို လိုချင်ကြပါတယ်။ `စည်းကမ်းပြည့်ဝသော´ လို့ ခေါင်းစဉ်တပ်ပြီး သူများက ဗိုလ်ကျဆရာလုပ်တာကို မခံချင်ရင် ကိုယ်တိုင်ကလဲ `လွတ်လပ်မှု´ ဆိုတာဘာလဲဆိုတာ နားလည်ဖို့တော့ လိုပါလိမ့်မယ်။

ပရမ်းပတာဆန်တာနဲ့ လွတ်လပ်တာဟာ တခြားစီပါ။

***

ကလိုစေးထူး



(ဆောင်းပါးကို ထိထိမိမိဖော်ပြချင်တဲ့အတွက် သီချင်းစာသားတွေကို မူရင်းအတိုင်း တင်ပြရတဲ့အတွက် တောင်းပန်လိုပါတယ်။ ဓာတ်ပုံတွေကိုတော့ ခေတ်ပြိုင်နဲ့ Eleven ၀က်ဘ်ဆိုက်ကနေ ယူငင်ဖော်ပြပါတယ်)

Tuesday, November 11, 2008

လက်တွေ့ကျတဲ့ အလုပ်...

ကျနော် ဘလော့ဂ် စရေးခါစ တလကျော်ကျော်လောက်တုန်းကပေါ့။

ဆောင်းပါး တပုဒ်ကို အားတက်သရော ရေးနေတုန်း ဂျီတော့ခ်မှာ ပြောမနာဆိုမနာ သူငယ်ချင်း စစ်သားတယောက် အွန်လိုင်း တက်လာတုန်း သူက `ဘာလုပ်နေတုန်းကွ´ လို့ မေးတော့ `မင်းတို့ လူကြီးတွေကို ဆော်ပလော်တီးတဲ့ စာတွေ ရေးနေတာကွ´ လို့ စိတ်ပေါက်ပေါက်နဲ့ ဖြေလိုက်မိတယ်။ ဒါနဲ့ သူကလဲ `အေး၊ ချကွာ´ လို့ ပြောပြီး ငြိမ်သွားတယ်။ တော်တော်လေး ကြာတော့မှ သူက စကားတခွန်းကို ကောက်ကာငင်ကာ ထပြောတယ်...။

`ဒါပေမယ့် မင်းဟာက ၁% လောက်တောင် မထိရောက်ဘူးကွ´ ...တဲ့။

ဘယ်ရမလဲ၊ အဲဒီတုန်းက သူတပြန် ကိုယ်တပြန် ငြင်းလိုက်ခုန်လိုက်ရတာ၊ ဒါနဲ့တင် အားမရလို့ ကဗျာတပုဒ်ထဲတောင် အဲဒီ စကားကို ထည့်စပ်လိုက်မိဖူးသေးတယ်။

***

ဘလော့ဂ်ရေးတဲ့အခါ၊ ဒါမှမဟုတ်လဲ စာစောင် တခုခုမှာ စာတိုပေစလေးတွေ ရေးမိတဲ့အခါ သာမန်အားဖြင့် ရသ၊ သုတတွေ၊ ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးနေရင် သိပ်မသိသာလှပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ရသစာစုလေးတွေ ရေးတဲ့အခါမှာ အဓိက ထိုးနှက်ခံရတဲ့ အချက်တွေ ရှိတယ်။ အဲဒါတွေကတော့...

`ဒို့ကတော့ လက်တွေ့သမားပဲ၊ လက်တွေ့ မလုပ်နိုင်ဘဲ ဘာမှမပြောဘူး´
`စာလုံးတွေနဲ့ ပြောနေမယ့် အစား လက်တွေ့လုပ်ပါလား´
`ကျနော်/ကျမကတော့ ကိုယ်မလုပ်နိုင်တော့ အသာငြိမ်နေတာက ပိုကောင်းမယ်ထင်တာပဲ၊ အထဲမှာ လုပ်နေသူတွေကိုတော့ လေးစားပါတယ်´

အထက်မှာ ကျနော် တင်ပြတဲ့ စကားတွေဟာ တချို့တ၀က်မျှသာ ဖြစ်ပါတယ်။ ပြန်ရေးပြဖို့ သိပ်မသင့်တော်လှတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေနဲ့ အထိုးနှက်အတိုက်ခိုက်ခံရတာတွေကလဲ အပုံအပင်။ ဒါတောင် အဲဒါတွေဟာ ကျနော်တို့က `နအဖ´ လို့ ခေါင်းစဉ်တပ်ထားတဲ့ အစုအဖွဲ့က လူတွေက ပြန်တုံ့ပြန်တဲ့ စကားမဟုတ်သေးဘူး။

နအဖ လို့ သတ်မှတ်ထားတဲ့ လူတချို့ပြောလေ့ ရှိတဲ့ `ဟေ့၊ ငါတို့လို နိုင်ငံ့တာဝန်ကို လက်တွေ့မထမ်းဆောင်ဘဲနဲ့ ဘာမှပြောမနေနဲ့၊ မင်းက နိုင်ငံအတွက် ချွေးဘယ်နှစ်စက်များ ထွက်ပြီးပြီမို့လို့လဲ´ ဆိုတဲ့ စကားမျိုးကတော့ ရိုးလို့တောင် နေပါပြီ။

***

ပြောချင်တာက သာမန်အားဖြင့်တော့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးတွေ၊ စာတွေ ရေးတဲ့ ဘလော့ဂါတွေ၊ စာရေးသူတွေဟာ ဒီ့ပြင် ဘလော့ဂါတွေ စာရေးသူတွေထက် အတိုက်အခိုက်ခံရတာ ပိုများသလို လူမုန်းလဲ ပိုများပါတယ်။ အရေးမတတ်ရင် `အလကား၊ လေကျယ်နေတာ´ လို့ သိမ်းကြုံးပြောသွားတာ ခံရနိုင်သေးတယ်။

ဒီလိုဆိုရင်ဖြင့် အဲဒီလူတွေဟာ ဘာလို့များ အားအားယားယားနဲ့ နိုင်ငံရေး (အထူးသဖြင့်) လက်ရှိ အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ စာတွေကို တစိုက်မတ်မတ် ရေးနေရသလဲလို့ တွေးစရာ ဖြစ်လာတယ်။

***

ဒီ့ပြင်လူတွေကိုတော့ ဘယ်သို့၊ ဘယ်ဝါသို့နဲ့ ကောက်ချက်ကြီးကြီးတွေ ဆွဲပြီး သုံးသပ်ချက်တွေ ကျနော် မရေးလိုပါ။ (ရေးရင်လဲ ၀ိုင်းတီးမှာ သေချာတယ်) ကျနော် တဦးတည်းရဲ့ ခံယူချက်အနေနဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာတွေကို ရေးရေးဖြစ်နေတဲ့ အကြောင်းကိုတော့ ပြောပြချင်မိတယ်။

နံပါတ်တစ် အချက် ဒီလိုစာတွေ ရေးနေရတာဟာ စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်တွေ၊ ယုံကြည်ချက်တွေကို လွတ်လပ်စွာ ခင်းကျင်းချပြနိုင်စရာ တခုတည်းသော နေရာက ကျနော့် ဘလော့ဂ်ဖြစ်နေလို့ ဒါတွေကို ဒီမှာ ရေးဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ လက်ရှိအာဏာပိုင်ကို ဆန့်ကျင်တဲ့ စာတပုဒ်ကို ရေးလိုက်ရင် ထိရောက်မှုဟာ ဘယ်လောက် ရာခိုင်နှုန်းရှိနိုင်မလဲ ဆိုတာကို ကျနော် မတွေးပါဘူး။ တခါတလေမှာ ဆိုလိုတဲ့ အချက်ကို ထိမိအောင် မရေးနိုင်ရင်၊ နောက်တချက်က ကိုယ့်လိုပဲ ခံစားထင်မြင်တဲ့သူ နည်းပါးရင် ရေးလိုက်တဲ့ စာဟာ ဘာမှ မထိရောက်ဘူးလို့ သတ်မှတ်လို့ ရနိုင်တယ်။ ဒါပေမယ့် ကျိုးကြောင်းပြချက် ခိုင်လုံပြီး ရေးထားတာလဲ ထိမိပြီးတော့ အများစုက ပြောချင်နေတဲ့ စာကို ကိုယ်ရေးထားတဲ့ စာက ကိုယ်စားပြုနေသလို ဖြစ်ရင်တော့ စာတပုဒ်တပုဒ်ရဲ့ ထိရောက်မှုက အတော်လေး တာသွားပါတယ်။

နိုင်ငံရေးကို ၀ါသနာ လုံးဝမပါပါဘူး ဆိုတဲ့ လူတယောက်ကို တခါမှာတော့ ကျနော်က အချက်တခုကို သတင်းအနေနဲ့ ပေးလိုက်တော့ သူက အံ့သြစရာကောင်းလှစွာပဲ စိတ်ဝင်တစားနဲ့ ပြန်ဆွေးနွေးလာတာကို ကြုံရဖူးတယ်။ အဲဒီတုန်းက ကျနော်ပေးတဲ့ သတင်းတခုက `ငါတို့ နိုင်ငံတော် အလံတွေကို ဟောဒီလို ပုံစံကို ပြောင်းပစ်တော့မယ်တဲ့´ ဆိုတဲ့ သတင်းပါ။ ဒီ့ပြင်အချိန်တွေမှာတုန်းက နိုင်ငံရေးတွေ ၀ါသနာမပါဘူး လို့ တွင်တွင် ပြောခဲ့သူက နိုင်ငံတော် အလံကို ပြောင်းပစ်တော့မယ် ဆိုတဲ့ သတင်းကြားတော့ ရှူးရှူးရှားရှားတွေ ဖြစ်ပြီး သတင်းတွေ လိုက်ဖတ်၊ တခြားသော မသိသေးသူတွေကိုပါ သတင်းလိုက်ပေးနဲ့ လိုက်လုပ်နေတာကို တွေ့ခဲ့ရဖူးတယ်။

နောက်တချက်ကတော့ ကျနော်တို့ ပြောလိုက်၊ ရေးလိုက်တဲ့ စာတကြောင်း၊ ဆောင်းပါး တပုဒ်ကို ဖတ်ပြီးရင် လူတယောက်စ၊ နှစ်ယောက်စကပဲ ဖြစ်ဖြစ် စိတ်ထဲမှာ `ဒါတော့ဖြင့် ငါလုပ်နိုင်တယ်၊ ငါလဲ ပါဝင်ရမယ်´ ဆိုတဲ့ အတွေးမျိုး ၀င်သွားပြီဆိုရင် ကျနော်တို့ ရေးရကျိုးက နပ်ပါတယ်။ တရာစ၊နှစ်ရာစကနေ ထောင်သောင်းသိန်းသန်း ချီတဲ့အထိ ပါဝင်လာတာမျိုးဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့...။

လူတွေဟာ ပရိယေသန၀မ်းစာရေးကြောင့် အရပဲဖြစ်ဖြစ်၊ တခြားသော လူမှုရေးရာ ပုဂ္ဂလဗျာပါ အပူတွေကြောင့်ပဲ ဖြစ်ဖြစ် `နိုင်ငံရေး´ ဆိုတာကြီးကို လှည့်မကြည့်နိုင်အား၊ နားမထောင်နိုင်အားတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလူတွေ အားလုံးကို `ဒီလူတွေ နိုင်ငံကို မချစ်ဘူး´ လို့ သတ်မှတ်လို့တော့ မရနိုင်ပါဘူး။ အခိုက်အတန့်အားဖြင့် ငုပ်စိတ်ဖြစ်နေရတဲ့ နိုင်ငံရေး နိုးကြားမှုကို ပါးနပ်လိမ္မာစွာ စည်းရုံးရေးသားတဲ့ စာရေးသူဟာ တစတစနဲ့ ဆွဲခေါ်နိုင်စွမ်း ရှိတယ်လို့တော့ ကျနော် ယုံကြည်တယ်။ ဒီတော့ စာရေးနေသူတွေရဲ့ ကြိုးစားမှုတွေဟာ လက်တွေ့ကျတဲ့ နေရာမှာ ရှိမနေဘူးလို့ သတ်မှတ်လို့ မရနိုင်တော့ပါဘူး။

ဥပမာ တခုပြောပါမယ်။

စစ်သားတွေကို စစ်တပ်ထဲကို ၀င်ချင်လာအောင် စည်းရုံးတဲ့နေရာမှာ စစ်ချီသီချင်းတွေနဲ့၊ ရုပ်ရှင်စစ်ကားတွေနဲ့ စည်းရုံးကြတာကို တွေ့ဖူးကြမှာပါ။ အဲဒီ စစ်ချီသီချင်းတွေနဲ့ စစ်ကားတွေရဲ့ လက်ချက်ကြောင့် စစ်ထဲရောက်သွားကြတဲ့ လူငယ်တွေ မနည်းပါဘူး။ ဒါပေမယ့် အဲဒီ စစ်ချီသီချင်းတွေနဲ့ စစ်ကားတွေကို ရေးသား၊ ရိုက်ကူး ထုတ်လုပ်သူတွေအားလုံးဟာ စစ်သားတွေ မဟုတ်ကြပါဘူး။ သူတို့ကို ဘယ်သူကမှလဲ `မင်း၊ စစ်မတိုက်ဖူးဘဲနဲ့ စစ်သီချင်းတွေ ရေးမနေနဲ့´ လို့ မပြောပါဘူး။

ပြောချင်တာက တင်ပြတဲ့ အကြောင်းအရာ၊ ရေးသားချက်ဟာ ဆိုလိုရင်းကို ထိရောက်မှု ရှိတယ်ဆိုရင် အချည်းနှီးဖြစ်တယ် ဆိုတာ မရှိပါဘူး။ ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာ ရပ်ပြီး တစိုက်မတ်မတ် လုံ့လပြုတာဟာ လက်တွေ့ကျခြင်း တမျိုးပဲ မဟုတ်ပါလား။ လယ်သမားက လယ်ကွင်းထဲမှာ လယ်ထွန်နေသလို စာရေးတဲ့သူ တယောက်က စာတွေ ရေးနေတာကိုက လက်တွေ့ကျတဲ့ အလုပ်ကို လုပ်နေတာ မဟုတ်ပါလား။

***

တကယ်က ဒါတွေနဲ့ ပတ်သက်လို့ တော်တော်တန်တန်ကြီးကို ရေးခဲ့ပေါင်းလဲ မနည်းတော့ပါဘူး။ ဒါပေမယ့် အခု ထပ်ရေးမိပြန်တယ်။ နောင်လဲ ထပ်ရေးချင် ရေးနေမိဦးမှာပဲ။ အဲဒီလို ရေးနေတာကိုက လက်တွေ့ကျတဲ့ အလုပ်တခုကို လုပ်နေတာလို့ ကျနော် ယုံတယ်။



ကလိုစေးထူး

Tuesday, August 05, 2008

ဒီအချိန်မှာ ...။

အခုတလော တီဗွီအစီအစဉ်တွေရဲ့ အောက်ခြေမှာ ကြော်ငြာတခုကို မကြာခဏဆိုသလို ကြော်ငြာနေတာကို တွေ့ရပါတယ်။ တခြားတော့ မဟုတ်ပါဘူး၊ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဘေဂျင်းအိုလံပစ် ကြော်ငြာပါ။

အားကစားနည်းပေါင်းစုံကို နိုင်ငံပေါင်းစုံက ကစားသမားတွေ ပါဝင်ဆင်နွှဲကြမယ့် အဲဒီ အိုလံပစ် အားကစားပွဲတော်ရဲ့ ကြော်ငြာမှာ အားကစားပွဲတော်အကြောင်း အချက်အလက်တွေထက် ကျနော့်ကို ပိုပြီးစိတ်ဝင်စားစေတဲ့ အရာကတော့ အားကစားပွဲတော် စတင်ကျင်းပမယ့် နေ့ပါပဲ။ အဲဒီနေ့ကတော့ …။

၈-၈-၀၈ တဲ့…။

***

သူတို့နိုင်ငံအတွက်တော့ အဲဒီနေ့ အဲဒီရက်ဟာ အင်မတန်မှ ဂုဏ်ယူစရာ၊ ၀ံ့ကြွားစရာ နေ့တနေ့ ဖြစ်ပေမယ့် သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံ ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ လူသားဆန်သော စိတ်ဓာတ်ရှိသူ မြန်မာနိုင်ငံသား အားလုံးအတွက် မေ့ကောင်းစရာ မဟုတ်တဲ့ သမိုင်းဝင်နေ့တခုရဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည် နေ့တနေ့ပေါ့…။

လွန်ခဲ့တဲ့ အနှစ် ၂၀…။

အဲဒီအချိန် အဲဒီကာလတုန်းကဆိုရင် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အားလုံးရဲ့ စိတ်ထဲမှာ ၂၆ နှစ်တာပတ်လုံး အမှောင်ဖုံးခဲ့ရတဲ့ တပါတီအာဏာရှင် လက်အောက်ကနေ အလွတ်ရုန်းထွက် နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တတိုင်းတပြည်လုံး အုံးအုံးညံအောင် တက်ကြွခဲ့ကြတယ်။ လှိုက်လှိုက်လှဲလှဲ တခဲနက် အသံတွေနဲ့အတူ ပြည်သူတွေရဲ့ ရင်ခေါင်းထဲကနေ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်အောင် အော်ဟစ်လိုက်တဲ့ `ဒီမိုကရေစီ ရရှိရေး…၊ ဒို့အရေး ဒို့အရေး´ ဆိုတဲ့ ကြွေးကြော်သံတွေဟာ လမ်းမတွေထက်ကနေ တဆင့် ဘ၀ဂ်ညံအောင် ဟိန်းလျှံခဲ့တယ်။

ချိန်ထားတဲ့ သေနတ်ပြောင်းတွေရှိရာကို လက်နက်ဗလာ၊ ရန်လိုမှုနတ္ထိနဲ့ ရင်ဆိုင်ခဲ့ကြတဲ့ လူတန်းစားပေါင်းစုံသော လူထုရဲ့ တခုတည်းသော အားမာန်ကတော့ `ဒီမိုကရေစီ ရရှိရေး´ ဆိုတဲ့ မျှော်လင့်ချက်ပါ။ အဲဒီ မျှော်လင့်ချက် တခုတည်း အတွက်နဲ့ပဲ လမ်းမပေါ်မှာ အသက်ပေါင်းများစွာ သွေးချင်းချင်းနီခဲ့ရတယ်။ အခုတော့ အဲဒီ မျှော်လင့်ချက်တွေရဲ့ သက်တမ်းဟာ ကြွေရတု တိုင်သွားခဲ့ပါပြီ။

အခုလို အနှစ် ၂၀ လွန်မြောက်လာတဲ့ အချိန်မှာ ကျနော်တို့ အားလုံးရဲ့ အဲဒီ မျှော်လင့်ချက်က ဝေးနေပြီလားလို့ တွေးမိတယ်။ မဝေးပါဘူး၊ ဒါပေမယ့် နီးသလားဆိုတော့လဲ ကျော်ဖြတ်ရဦးမယ့် အရာတွေက မြောက်များစွာ ရှိနေသေးပြန်တယ်။ ကျနော်တို့ လိုက်မမှီနိုင်တဲ့ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး စီးချင်းထိုးမှုတွေ၊ ပျက်ပြားနေတဲ့ စည်းလုံးမှုတွေ၊ ခြစားပြိုလဲနေတဲ့ တိုင်းပြည်ရဲ့ အခက်အလက်တွေ၊ ယိုစီးနေတဲ့ ဦးနှောက်တွေ၊ အဲဒါတွေ အားလုံးကို ရင်ဆိုင် ကျော်လွှားရပါဦးမယ်။

လက်ရှိအာဏာပိုင်တွေကတော့ လတ်တလော မြန်မာပြည် အခြေအနေဟာ သူတို့လိုရာဘက်ကို ယိမ်းယိုင်လာပြီလို့ ယူဆဟန်ရှိပါတယ်။ အာဏာပိုင်တွေရဲ့ အာဘော်တွေကို ကိုယ်စားပြုတဲ့ သတင်း မီဒီယာနဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်လိုက်ရင်လဲ တက်ထောင်ချင်ဟန် ရှိတဲ့ အရေးအသားမျိုးတွေကို တွေ့လာရပါတယ်။ ဒီမိုကရေစီ အင်အားစုတွေဟာတော့ဖြင့် သူတို့(အာဏာပိုင်)တွေကို ဘယ်လိုမှ တွန်းလှန်ခြင်းငှာ မစွမ်းသာတော့ဘူး လို့ အထင်ရှိဟန်လဲ ပေါ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အထင်နဲ့ ပါစင်အောင် လွဲလှစွာနဲ့ပဲ တိုင်းပြည်က မကျေနပ်မှုတွေ ပြည့်သိပ်နေတဲ့ ဗုံးတလုံးနဲ့ တူနေတာပါ။

အဲဒီ အနှစ် ၂၀ ကာလပတ်တွင်း၊ ဒီထက်ပိုပြောရရင်တော့ `ချောက်ထဲကျတော့မယ့် တိုင်းပြည်ကို အကယ်ခံခဲ့ရတဲ့ အနှစ် ၂၀ ကာလအတွင်းမှာရော´ ကျနော်တို့နဲ့ ပုံစံမတူတဲ့ လမ်းကြောင်းကနေ အာဏာပိုင်တွေဟာ တိုင်းပြည်ကို တိုးတက်အောင် လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ်မှာ ကမ္ဘာ့အဆင်းရဲဆုံးလို့ ကုလသမဂ္ဂက အသတ်မှတ်ခံထားရတဲ့ ကျနော်တို့ တိုင်းပြည်ဟာ အနှစ် ၂၀ လွန်မြောက်လာတဲ့အခါမှာ ခြအစားဆုံး၊ သတင်းလွတ်လပ်မှု မရှိဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစရှိတဲ့ သတ်မှတ်ချက်တွေကိုပါ ထပ်ဆောင်း အတိုးခံရတုန်းပါပဲ။

ပြည်သူတွေရဲ့ လူနေမှု ဘ၀ကိုကြည့်မယ်ဆိုရင်လဲ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက လူမှုဘ၀ မပြည့်စုံခဲ့တဲ့ ပြည်သူတွေ ၂၀၀၈ ခုနှစ်ကို ရောက်လာတော့လဲ `ဗိုက်ကလေး ပြည့်ရင် တော်ပါပြီဆရာရယ်´ လို့ တိုးလျှိုးတောင်းပန်နေရတုန်း၊ တုန်ချိနေတဲ့ အဘိုးအိုက နံရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်ကို ခါးတောင်းမြှောင်အောင် ကျိုက်လို့ တ၀မ်းတခါးအတွက် မြစ်ထဲမှာ ငါးရှာထွက်နေရတုန်း၊ လုံးကြီးပေါက်လှ မြန်မာလုံမပျိုလေးတွေ သူတို့ရဲ့ လုပ်အားခကို ခေါင်းပုံအဖြတ်ခံရပြီး တိုင်းတပါးသားရဲ့ ထိကပါးရိကပါးမှုကို သူတပါးနိုင်ငံမှာ ခံနေရတုန်း…။

ပွင့်လင်းစွာ ၀န်ခံရရင်တော့ ၈၈၈၈ အရေးတော်ပုံရဲ့ အသီးအပွင့်လို့ ပြောရမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးမှု အင်အားဟာ အာဏာရှင်တွေ ပြိုလဲကျဆုံးသွားရစေလောက်တဲ့ ခြိမ်းခြောက်မှုမျိုးအထိ (လက်ရှိအချိန်မှာ) မရှိသေးတာပါပဲ။ ဒီလိုပြောလိုက်လို့ အပြစ်တင်ရင်လဲ ခံယူယုံပဲ ရှိပါတယ်။ ပြည်သူတွေနဲ့ စစ်တပ် တခြားစီ ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့နဲ့ တသားတည်းဖြစ်လာအောင် လုပ်ယူနိုင်စွမ်းတွေ ယခုထက် အဆပေါင်းများစွာ လိုအပ်နေသေးတာ အမှန်ပါ။

၈၈၈၈ ကာလရဲ့ အနှစ် ၂၀ ပြည့်အချိန်မှာ တွေးမိတာ တခု ရှိပါသေးတယ်။ အဲဒါကတော့ လက်ရှိအာဏာပိုင်တွေနဲ့တကွ၊ သူတို့ကို ထောက်ခံနေကြသူတွေပဲ ဖြစ်ဖြစ်၊ ဆန့်ကျင်နေကြသူတွေပဲ ဖြစ်ဖြစ် စဉ်းစားကြတဲ့ `နိုင်ငံကောင်းဖို့´ ဆိုတဲ့ အချက်ပါ။

`နိုင်ငံကောင်းဖို့ကို မျက်နှာမူလိုက်ရင် အားလုံးဟာ တဘက်ထဲမှာပါ´ …တဲ့။

သိပ်လှတဲ့ စကားလုံးပါပဲ။ ဒါပေမယ့် အဲဒီ နိုင်ငံကောင်းဖို့ကို မျက်နှာမူတယ်ဆိုပြီး လက်ရှိ အချုပ်အခြာအာဏာကတော့ ငါတို့ပဲ ဆက်ထိန်းထားမှ ဖြစ်မယ်၊ မင်းက ငါတို့လုပ်သလို လိုက်လုပ်ပေါ့၊ နိုင်ငံကောင်းဖို့အတွက်ပါကွာ ဆိုပြီး ရောချလို့တော့ မရပါဘူး။ နိုင်ငံကောင်းဖို့ကို မျက်နှာမူပြီး တဘက်ထဲ ဖြစ်စေချင်ရင် အာဏာကို ရယူထားသူကလဲ အုပ်ချုပ်ခံပြည်သူတွေရဲ့ လိုအပ်ချက်၊ ခံစားချက်ကို စာနာဖြည့်ဆည်းပေးရမှာ ဖြစ်သလို ပြည်သူတွေဘက်ကလဲ ရန်လိုမှုတွေကို လျှော့ချပြီး တူညီမှုတွေကို ပိုပြီး အားကောင်းလာအောင်သာ ကြိုးစားကြရဖို့ပဲ ရှိပါတယ်။

`နိုင်ငံကောင်းဖို့´ ဆိုတဲ့ စကားလုံးဟာ လက်ရှိ ကိုင်စွဲထားတဲ့ အာဏာကို မြဲမြံဖို့အတွက် အသုံးချခံစကားလုံး မဖြစ်သင့်သလို လက်ရှိ ကိုယ့်နေရာလေး ပျောက်သွားမှာစိုးတာနဲ့ပဲ ကိုယ်ပိုင်ခံတပ်လို အကာအကွယ်ယူတဲ့ စကားလုံးလဲ မဖြစ်သင့်ပါဘူး။

မကျေနပ်မှုတွေ ပြည့်သိပ်နေတဲ့ ကျနော်တို့ တိုင်းပြည်ကြီးဟာ မျက်နှာငယ်လှစွာနဲ့ ဖြတ်သန်းခဲ့ရတာဟာ တကယ်တော့ နှစ်ပေါင်း ၂၀ ရဲ့ ဟိုမှာဘက် ကာလများစွာကတည်းပါ။ ဟိုဘက် ဒီဘက် မျိုးဆက်တခုပြီးတခု အချိန်းအပြောင်း ဖြစ်လာပေမယ့် လက်ရှိအနေအထားဟာ ဒီအတိုင်းပဲ ဆိုတာတော့ မဖြစ်သင့်တာ အမှန်ပါ။

`အဖေအမေလဲ တာဝန်မကျေဘူး၊ ဦးလေးလဲ တာဝန်မကျေဘူး၊ ငါတို့ရဲ့ နောက်မျိုးဆက်လဲ တာဝန်… ကျေမယ်မထင်ဘူး´

MFG အဖွဲ့ရဲ့ အဲဒီစာသားထဲကလိုတော့ မဖြစ်ချင်တာ အမှန်ပါ။ ဒီတော့ ကျနော်တို့ လုပ်စရာက တခုပဲ ရှိပါတော့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေကြရုံပါပဲ။ တခုတော့ ရှိတာပေါ့၊ ကျေကြဖို့ လိုတယ်ဆိုတဲ့ တာဝန်ဟာ ပြည်သူလိုလားတဲ့ ဆန္ဒအစစ်အမှန်ကို ဖော်ဆောင်နိုင်မယ့် တာဝန်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။


ကလိုစေးထူး



Wednesday, July 16, 2008

စစ်တပ်နဲ့ စစ်ဗိုလ် ...(နိဂုံး)

အပွင့်ဆိုသည်မှာ…

ပုခုံးပေါ်မှာ အပွင့်သေးသေး တပွင့် စပြီး ရလိုက်တယ် ဆိုတာဟာ တကယ်တမ်း သေသေချာချာ စဉ်းစားလိုက်မယ်ဆိုရင် အဲဒါဟာ `ပြည်သူ့ဝန်´ ဆိုတဲ့ ထမ်းတံပိုးကို သူတို့ ပုခုံးပေါ် တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ တပွင့်ကနေ နှစ်ပွင့်၊ နှစ်ပွင့်ကနေ သုံးပွင့်၊ သုံးပွင့်ကနေ တခွေ…၊ အဲဒီလိုနဲ့ အပွင့်အရောင် ပိုပြောင်လာလေလေ၊ အပွင့်တွေ ပိုများလာလေလေ ပုခုံးပေါ်က ထမ်းတံပိုးကြီးက ကြီးလာလေလေဆိုတာမျိုးပဲ ဖြစ်ရမှာပါ။ အခုကတော့ ပုခုံးပေါ်က အပွင့်ကို ထမ်းတံပိုးလို့ သဘောထားတဲ့ စစ်ဗိုလ်တွေ အစား `တန်ခိုး အရှိန်အ၀ါ´ လို့ သဘောထားကြတဲ့ စစ်ဗိုလ်တွေပိုများနေရတာကြောင့် စစ်တပ်မှာ နာမည်ပျက်ရပါတယ်။ အဲဒီ နာမည်ပျက်မှုတွေကို ပြန်ပြီး အဖတ်ဆယ်ဖို့ဆိုတာကလဲ ပုခုံးပေါ်မှာ အပွင့်တွေ ပိုင်ဆိုင်ထားတဲ့ အဲဒီ စစ်ဗိုလ်တွေမှာပဲ တာဝန်ရှိပါတယ်။

ယနေ့ခေတ် လူငယ် စစ်ဗိုလ်ပေါက်စတွေဟာ အရင့်အရင် သူတို့ရဲ့ နောင်တော်စစ်ဗိုလ်တွေထက်စာရင် ပိုပြီး မျက်စိပွင့်၊ နားပွင့်တဲ့ အခွင့်အလမ်းတွေ ရှိနေတာကို ကျနော် အထူးအထွေ ရေးနေစရာတောင် မလိုပါဘူး။ ပြည်သူတွေရဲ့ အသံအစစ်ကို ကြားခွင့်ရနေပါလျက်နဲ့၊ အခြေအနေအမှန်တွေကို ပကတိအတိုင်း မြင်နေပါလျက်နဲ့ နားလည်ရကောင်းမှန်း မသိတဲ့ အပြင် ဆရာထက် တပည့်လက်ဝါးစောင်းကို တလွဲဆံပင်ကောင်း ထက်ချင်နေကြတဲ့၊ မောက်မာရိုင်းစိုင်းလွန်းလှတဲ့ ဗိုလ်ပေါက်စတွေ အတွက်ကတော့ သူတို့ ပုခုံးပေါ်က အပွင့်တွေဟာ အဆိပ်ပန်းတွေနဲ့ ထပ်တူထပ်မျှ ကျနေမှာ အသေအချာပါ။

စစ်တပ်နဲ့ စစ်ဗိုလ်…

`စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် အဖွဲ့အစည်း´ ဆိုတာကို စစ်ဗိုလ်တိုင်းက ပြောလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုသာ ပြောလိုက်တယ် စစ်တပ်သိက္ခာတက်အောင် ဘာလုပ်သင့်သလဲဆိုတာကိုတော့ စစ်တပ်ရဲ့ အကြီးအကဲဆိုသူ ခေါင်းဆောင် စစ်ဗိုလ်က အစ ကောင်းစွာ သဘောပေါက်ခြင်း မရှိပါဘူး။ အဲဒီလို ခေါင်းဆောင်ရဲ့ သစ္စာတော်ကို ခံနေရတဲ့ စစ်ဗိုလ် အယုတ်အလတ် အမြတ်မရွေးတွေကရော နောင်တချိန်ချိန်မှာ သူတို့တတွေရဲ့ လက်ထဲကို စစ်တပ်ရောက်လာခဲ့ရင် ဘာဆက်လုပ်ကြမလဲ….။

အထက်မှာ ကျနော် တင်ပြခဲ့သလို `ငါတို့မှာ ဒီအဆင့်ရဖို့ မနည်းကြိုးစားလာရတာ… အခု ငါတို့ အလှည့်ရောက်ပြီ၊ ကျန်တဲ့ကောင်တွေ နာဖို့သာပြင်ထား´ ဆိုတဲ့ အတွေးမျိုးနဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ များသထက်များလာတာကိုတော့ မလိုလားတာ အမှန်ပါ။

စစ်တပ်ထဲက စစ်သားဟောင်းကြီး တဦးရဲ့ စကားတခွန်းကို ဖတ်မှတ်ဖူးခဲ့တာ မှတ်သားစရာ ကောင်းလှတာမို့ ပြန်လည် ဖောက်သည်ချပါရစေ…။

`ငါ့သားများ စစ်ထဲဝင်ရင်လေ…၊ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာဟာ တကယ်သာလိုက်နာနိုင်ရင်* ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့´

စစ်တပ်ဟာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီး ဖြစ်တာ ဟုတ်မဟုတ်ဆိုတာကို သက်သေအနေနဲ့ ကျနော်တို့က စစ်တပ်ထဲမှာ အသီးသီးအသက ပါဝင်လှုပ်ရှားနေကြသူတွေရဲ့ စရိုက်တွေကို အကဲခတ်ယုံမှတပါး တခြား မရှိပါဘူး။ ဒီတော့ စစ်တပ်ထဲမှာကမှ ခေါင်းဆောင်မှု နေရာမှာ ပါဝင်နေပါတယ်ဆိုတဲ့ ပြန်တမ်းဝင် အရာရှိ စစ်ဗိုလ်တွေ အနေနဲ့ မိမိရဲ့ အပြုအမူ၊ အပြောအဆိုတွေအနက်က တခုခုကြောင့် အထက်က စစ်သားဟောင်းကြီးရဲ့ စကားကို ပြောင်းပြန် မှတ်ယူရမလို ဖြစ်အောင်တော့ မလုပ်သင့်ပါဘူး။

နိဂုံး…

တကယ်တော့ စစ်တပ်နဲ့ ပက်သတ်ပြီး ရေးခဲ့တာတွေဟာ အကြောင်းအရာပေါင်း များလှပါပြီ။ `တဆိတ်ရှိ စစ်တပ်ကိုပဲ ဝေဖန်ချင်နေလို့´ လို့ အဝေဖန်ခံရလွန်းလို့ အရေထူနေပေမယ့် မောက်မာရိုင်းစိုင်းလွန်းတဲ့ စစ်ဗိုလ်တချို့ကို တွေ့တော့ ရေးဖို့ တွန်းအားတခု ဖြစ်ဖြစ်လာရပြန်ပါတယ်။ ဒီလူတွေ ဘာလို့ မောက်မာနေရသလဲ၊ ဘာကြောင့် ဒီလောက်တောင်မှပဲ အတွေးအခေါ်ပိုင်းအရ၊ စာနာမှုပိုင်းအရ၊ လူသားဆန်မှုပိုင်းအရ စုတ်ပြတ်သတ်အောင် ချွတ်ချော်တိမ်းပါးနေရသလဲ ဆိုတာကို ဆန်းစစ်ကြည့်ချင်တဲ့ သဘောအရ ဒီလိုစာမျိုးကို ရေးမိပြန်ပါတယ်။

မောက်မာနေတဲ့ တချို့ စစ်ဗိုလ်ပေါက်စတွေ ကျနော်တို့ ပြည်သူထဲက ပြည်သူတွေက သူတို့ အဲဒီလို မောက်မာတဲ့ အချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားသွားရတယ်ဆိုတာကို သိစေချင်တယ်။ ဒီဆောင်းပါးကြောင့် ယဉ်ကျေးသွားတာမျိုးကို မျှော်လင့်တယ် ဆိုတာထက် `ငါတို့လုပ်နေတာဟာ ဘာတွေဖြစ်နေလဲ၊ ငါတို့ စစ်တပ်ထဲမှာ ဘာတွေ ဖြစ်နေလဲ´ ဆိုတာကို ပြည်သူက ဘယ်လိုမြင်နေပြီလဲ ဆိုတဲ့ အသိတရားလေးတော့ သူတို့စိတ်ထဲကို ၀င်သွားစေချင်လို့ ဒီဆောင်းပါးကို ရေးပါတယ်။


ကလိုစေးထူး


(စာကြွင်း။ ဆောင်းပါးထဲက စစ်သားဟောင်းကြီး ပြောတဲ့ စကားမှာ `တကယ်သာ လိုက်နာနိုင်ရင်´ ဆိုတဲ့ အဓိက စကားလုံးတခု ကျနော် မေ့လျော့သွားတာကို စီဘောက်စ်ကနေ တဆင့် ဖြည့်စွက်ပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။)

Sunday, July 13, 2008

အမေရိကား သို့ မလာမီ ဒါဖတ်ပါ...(၂)။


Chruch ကျောင်းတွေရဲ့ တိုက်ရိုက် ကူညီထောက်ပံ့ခံရတဲ့ မိသားစုတွေဟာ အေဂျင်စီရဲ့ ပံ့ပိုးမှုကိုပဲ ရတဲ့ မိသားစုထက်စာရင် ပိုပြီးတော့ ဂရုစိုက်ခံရလေ့ရှိပါတယ်။ အေဂျင်စီဆိုတာကတော့ အဖွဲ့အစည်း သဏ္ဍာန် လှုပ်ရှားရလေတော့ တခါတရံမှာ သူတို့အေဂျင်စီက ခေါ်ထားတဲ့ မိသားစုတွေအိမ်မှာ အစားအသောက် ပြတ်လပ်နေတာကိုတောင် မသိလိုက်တဲ့ အထိ လစ်ဟာမှုတွေ ဖြစ်လေ့ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ဆိုရင် အရင်က ရောက်နှင့်နေတဲ့ မြန်မာမိသားစု အချင်းချင်းကပဲ တတ်နိုင်သလောက် ၀င်ရောက် ဖြည့်ကူရတာမျိုးတွေ လုပ်ပေးရလေ့ရှိပါတယ်။ Chruch ကျောင်းရဲ့ အထောက်အပံ့ရတဲ့ မိသားစုတွေကတော့ အဲဒီလို ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ Church ကျောင်းတွေရဲ့ အထောက်အပံ့ရခြင်း မရခြင်း ဆိုတာကတော့ ကုသိုလ်ကံလို့သာ ပြောရမှာပါပဲ။

ဟိုသယ် ဒီသယ်တွေ…

အမေရိကန်ကို လာဖို့အတွက် Departure Date ရပြီဆိုတာနဲ့ အတော်များများက မြန်မာအစားအစာများကို တနိုင်တပိုင် သယ်သွားကြဖို့ စိတ်ကူးလေ့ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမေရိကန်ကို အစားအသောက်တွေ သယ်လာတာနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းပြထားတဲ့ ဒီဆောင်းပါးကို ဖတ်စေချင်ပါတယ်။

အကောင်းဆုံး အကြံပေးချင်တာကတော့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာအစားအစာတွေ မသယ်တာကတောင် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သယ်လာတဲ့ စားစရာတွေအနက် တခုခုက သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ငြိစွန်းတာမျိုး ဖြစ်မယ်ဆိုရင် ခရီးစဉ်မှာ မလိုအပ်ဘဲနဲ့ နှောင့်နှေးတတ်ပါတယ်။ တချို့ဆိုရင် ငါးပိကြော်က အစ သယ်လာတော့ (စည်းကမ်းချက်အရ မသယ်ရဘူးလို့ မသတ်မှတ်ထားပေမယ့်) အနံ့အသက် မလုံခြုံမှုကြောင့် အဲဒီ ငါးပိကြော်ကိစ္စကို စစ်ဆေးနေရတာနဲ့တင်ကို အချိန်တွေ အတော်ကုန်ပါတယ်။ နောက်ပြီးတော့ ဒီနိုင်ငံမှာ အစားအစာနဲ့ပတ်သက်ရင် ကျနော်တို့ မြန်မာတွေ ပါးစပ်နဲ့ တည့်တဲ့ အာရှဈေးဆိုင်တွေ အများကြီးပါ။ မြန်မာ စားစရာတွေကလဲ ပြည်နယ်တိုင်းလိုလိုမှာ သူ့အချိတ်အဆက်နဲ့သူ ၀ယ်စားလို့ရနေတာမို့ စားစရာတွေကို မသယ်လာတာ ပိုကောင်းတယ်လို့တောင် မြင်ပါတယ်။

တတ်နိုင်ရင်တော့ မြန်မာရိုးရာအ၀တ်အထည် တချို့၊ မြန်မာစာအုပ်တချို့ကို သယ်တာကို ပိုအားပေးချင်ပါတယ်။ အဲဒါတွေက ဒီမှာ ရနိုင်သည့်တိုင်အောင် တော်တော်ဈေးကြီးတာမို့ အဲဒါတွေ သယ်တာကမှ ပိုသင့်တော်ပါဦးမယ်။

အဓိက ပြင်ဆင်ထားသင့်တာ…

ဒီကိစ္စကို `နိုင်ငံခြား သွားတော့မယ် ဆိုရင်…´ ပို့စ်တွေထဲမှာလဲ လူအတော်များများက ထည့်သွင်း ဆွေးနွေးခဲ့ကြဖူးပါတယ်။ အမေရိကားကို လာရတော့မယ်ဆိုတာ သေချာပြီဆိုရင် အဓိက ပြင်ဆင်ရမှာကတော့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို ကြိုတင်သင်ယူထားဖို့ပါပဲ။

တခါတရံမှာ အမေရိကန်ကို ရောက်ပြီးမှ ကိုယ်သွားရမယ့် ပြည်နယ်နဲ့ မြို့ကို ဆက်သွားဖို့အတွက် IOM (International Organization for Migration) ၀န်ထမ်းရဲ့ အကူအညီ မပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး ခရီးဆက်ရတာတွေ ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကြားခံလေဆိပ်တခုကို ရောက်တဲ့အချိန်မျိုးကျရင် အင်္ဂလိပ်စကား တလုံးမှ မတတ်ထားသူတွေ အဖို့ အတော်လေး ဒုက္ခရောက်ရလေ့ရှိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စကားကိုတော့ ရနိုင်သလောက် သင်လာကြဖို့ လိုအပ်ပါတယ်။

ဒီကိုရောက်တဲ့အခါမှာလဲ အင်္ဂလိပ်စကားကို မဖြစ်မနေ သင်သင့်ပါတယ်။ သင်ဖို့အတွက်လဲ ESL (English Second Language) Class တွေ ရှိပါတယ်။ မိမိမှာ ရှိတဲ့ အင်္ဂလိပ်စာ စွမ်းရည်အလိုက် Level ခွဲပြီးတော့ သင်ပေးတာမို့ သင်ချင်စိတ် ရှိဖို့ပဲ လိုပါတယ်။ တချို့က `ငါတို့က အသက်ကြီးပြီ၊ စာသင်ရမယ့် အရွယ်မဟုတ်တော့ဘူး´ လို့ တလွဲတွေးပြီး နေရာတကာမှာ ဘာသာပြန်ကိုပဲ အလွယ်တကူ သုံးပြီး နေလေ့ရှိပါသေးတယ်။ ဒါပေမယ့် ဒီမှာနေတာ အချိန်ကြာလာတဲ့အခါ၊ အလုပ်တကယ်တမ်း လုပ်ကြပြီဆိုတဲ့အခါမှာ အင်္ဂလိပ်စကား လုံးဝမပြောနိုင်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ကောင်းကောင်းကြီး ခံရတာမို့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကိုတော့ ဒီမှာနေနေသမျှကာလတွေအတွက် သေချာပေါက် လိုအပ်ပါတယ်။

အလုပ်အကိုင်…

များသောအားဖြင့်ကတော့ တတိယနိုင်ငံ အခြေချမိသားစုဝင်အနေနဲ့ အမေရိကန်ကို ရောက်လာသူ အတော်များများအတွက် အောက်ခြေလုပ်ငန်းတွေပဲ လုပ်ရတာများပါတယ်။ အင်္ဂလိပ်စာ အခြေခံ အင်မတန်ကောင်းသူတွေကတော့ သူတို့ကြိုးစားရင် ကြိုးစားသလို လခကောင်းတဲ့ အလုပ်တွေ ရလေ့ရှိပါတယ်။ ကျန်တဲ့ အများစုကတော့ အောက်ခြေအလုပ်ပေါ့…။

အမေရိကန်ကို ရောက်တဲ့အခါမှာ ကိုယ့်ဘ၀ကို ကိုယ့်ဘာသာကိုယ် ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ဆိုတာက အလုပ်ကောင်းကောင်း ရဖို့ပါပဲ။ မိသားစု တချို့က `အလုပ်ရှာပေးတာဟာ စပွန်ဆာရဲ့ အလုပ်´ လို့ တွက်ဆပြီးတော့ တော်တော်ကြီးကို အေးအေးလူလူနိုင်လွန်းတာကို တွေ့ရဖူးပါတယ်။ စပွန်ဆာက ရှာပေးလာတဲ့ အလုပ်ကိုကျတော့လဲ လခက ဘယ်လိုနည်းနေသေးလို့၊ ဟိုဟာဖြစ်လို့ ဒီဟာ ဖြစ်လို့ဆိုပြီး ဂျီးများတတ်သေးတာမျိုး ရှိပါသေးတယ်။

ဒီနိုင်ငံကို ရောက်တဲ့အခါမှာ ကိုယ်က အင်္ဂလိပ်စကား ကောင်းကောင်းမတတ်သေးလို့ အလုပ်ကို ဘယ်လိုရှာရမှန်းလဲ မသိဘူး၊ စပွန်ဆာကလဲ အလုပ်ရှာပေးနေတာ အဆင်မပြေဖြစ်နေတယ် ဆိုရင်တော့ အကောင်းဆုံးတခုကတော့ နီးစပ်ရာ အရင်ရောက်နှင့်နေတဲ့ မြန်မာမိတ်ဆွေတွေရဲ့ အလုပ်တွေမှာ ၀င်လျှောက်တာမျိုး၊ ရင်းနှီးတဲ့ မြန်မာသူငယ်ချင်း တယောက်ယောက် အကူအညီနဲ့ အလုပ်ရှာဖွေရေး အေဂျင်စီတွေက တဆင့် အလုပ်ရှာတာမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။

အလုပ်ရတဲ့အခါမှာလဲ ဒီနိုင်ငံမှာက Work History ဆိုတာ ရှိတော့ ကိုယ့်ရဲ့ အလုပ်သမိုင်းကြောင်း ကောင်းဖို့အတွက် အလုပ်ကို အချိန်မှန်သွားတာ၊ ပုံမှန်ကြိုးစားတာတွေနဲ့ Work History ကောင်းကောင်းရအောင် ထိန်းရပါမယ်။ Work History ကောင်းမှလဲ လက်ရှိ လုပ်နေတဲ့ အလုပ်ထက် ပိုကောင်းတဲ့ အလုပ်ကို ရှာတဲ့အခါမျိုးမှာ ပိုပြီးလွယ်ကူပါတယ်။ အလုပ်တခုမှာ တလနှစ်လ လုပ်လိုက်၊ နောက်တခုကို ထပ်ပြောင်းလိုက်ဆိုတာမျိုးက သိပ်များလွန်းရင်တော့ မကောင်းလှပါဘူး။

ကျနော်နေတဲ့ ပြည်နယ်က အေဂျင်စီတွေနဲ့ Church တွေဟာ သူတို့ခေါ်ယူထားတဲ့ မိသားစုတွေရဲ့ တာဝန်ကို သုံးလအထိပဲ တာဝန်အပြည့်အ၀ ယူပေးလေ့ရှိတာမို့ အဲဒီ သုံးလအတွင်းမှာ အလုပ်ရဖို့က သူတို့ကိုချည်း အားကိုးနေလို့ မရတာအမှန်ပါ။

အဖိုးတန်သော လေလုံးများ…

အမေရိကန်ကို ရောက်လာပြီဆိုရင် အများစုက Home Sick ဒဏ်ကို ခံရတာက တကြောင်း၊ ဟိုဘက်ဒီဘက် အသီးသီးရောက်နေကြတဲ့ တခြားသော ပြည်နယ်တွေဆီက မိတ်ဆွေတွေဆီမှာ အခြေအနေ စနည်းနာလို့တာက တကြောင်းကြောင့် Home Phone ရပြီဆိုတာနဲ့ အသားကုန် ဖုန်းပြောတော့တာပါပဲ။

ပြောနေတုန်းကတော့ ကိစ္စမရှိသေးပေမယ့် လကုန်ပြီဟေ့ဆိုတာနဲ့ လေလုံးတွေရဲ့ အဖိုးတန်ပုံကို ကောင်းကောင်းကြီး သိစေမယ့် Bill တွေ လာတဲ့အခါမှာ၊ ကိုယ်ကလဲ အလုပ်အကိုင်ကောင်းကောင်း မရသေးတဲ့အချိန်မျိုးဆို အခက်တွေ့လေ့ရှိတတ်ပါတယ်။ အဆိုးဆုံးကတော့ International Call တွေကို Phone card မပါဘဲ သုံးကြတာပါ။ မြန်မာပြည်လိုနိုင်ငံကို အဲဒီလိုခေါ်မိရင် တမိနစ်ကို နှစ်ဒေါ်လာခွဲလောက် အထိ ကျတတ်တယ်လို့ အကြိမ်ကြိမ် သတိပေးပေမယ့် ဘာကြောင့်မှန်းမသိ (လက်တွေ့စမ်းချင်တာလဲ ပါမယ်ထင်တယ်) တချို့မိသားစုတွေက ဖုန်းကဒ်ကို မသုံးဘဲ တိုက်ရိုက်ခေါ်တတ်ကြလို့ Bill လာတဲ့အခါမှာ တော်တော် ဒုက္ခများရပါတယ်။

တတိယနိုင်ငံမှာ…

တကယ်တော့ တတိယနိုင်ငံရောက် မိသားစုတွေကို အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ ခေါ်ယူတယ်ဆိုတာက ဘ၀တခုကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားခွင့်ရဖို့ပါပဲ။ သူတို့နိုင်ငံရဲ့ လိုအပ်ချက်တခုကို ဖြည့်ဆည်းချင်တာလဲ တချက်ပါတယ်ဆိုတာ မှန်ပေမယ့် ဒီနိုင်ငံကို ရောက်ခွင့်ရတဲ့ အခွင့်အရေးကို ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ အသုံးချသင့်ပါတယ်။

`ငါတို့ရဲ့ အရင်တုန်းက ဆင်းရဲဒုက္ခတွေဟာ ဒီနိုင်ငံမှာ ရောက်တာနဲ့ အားလုံး ပြီးသွားပြီ။ တခုခုဆို စပွန်ဆာတွေက ကူညီလိမ့်မယ်၊ အလုပ်မရှိရင် Food Stamp ထိုင်စားလို့ရတာပဲ´ လို့ တယောက်ယောက်ကများ ပြောလာပြီဆိုရင် အဲဒါဟာ အချက်အလက် အမှားတွေပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကိုရောက်တဲ့ တချို့ ပုဂ္ဂိုလ်များက မရောက်လာသေးတဲ့ မိသားစုတွေကို ပေးတဲ့အချက်အလက်တွေက (ဘာကြောင့်မှန်းမသိ) မှားနေတာတွေ၊ ပြီးတော့ အပိုဆာဒါးတွေ ပါတာမျိုးတွေ ရှိတတ်ပါတယ်။

အဓိကကတော့ ကိုယ်ကိုယ်တိုင်ကလဲ ကြိုးစားမယ်၊ ကိုယ်ကြိုးစားတာကိုမှ အခက်အခဲတချို့ရှိလာရင် အထောက်အပံ့ပေးသူ စပွန်ဆာ ဒါမှမဟုတ် နီးစပ်ရာ မိတ်ဆွေကို အကူအညီတောင်းတာမျိုးက ဒီမှာပို အဆင်ပြေပါလိမ့်မယ်။

တကယ်တမ်းကတော့ အချက်အလက်တွေ၊ သိစေချင်တဲ့ အရာတွေက အများကြီးပါပဲ။ ဒါပေမယ့် စာမျက်နှာပေါ် တင်ပြီး ရေးပြဖို့ကို စာစီရတာက (တခြားသော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်စရာတွေကို ဆင်ခြင်နေရတာနဲ့ပဲ) အကန့်အသတ် အများကြီး ရှိတာမို့ ဒီဆောင်းပါးကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။

အမေရိကန်ကို Resettlement Agency ရဲ့ အထောက်အပံ့နဲ့ လာရဖို့လဲ သေချာနေပြီ၊ သိချင်တဲ့ အချက်အလက်တွေလဲ ရှိနေတယ်ဆိုရင်တော့ ကျနော့်ရဲ့ အီးမေးလ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျနော် တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်မယ့် အချက်အလက်တွေကို ရှာပြီး ပြန်ဖြေပေးပါမယ်။


ကလိုစေးထူး

Wednesday, July 09, 2008

စစ်တပ်နဲ့ စစ်ဗိုလ် ...(၂)


မမြင်ဖူး မူးမြစ်ထင်...

မြန်မာ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲမှာတော့ အလွန်အင်မတန်မှ ဆင်းရဲသူတယောက် ပိုက်ဆံ အရမ်းချမ်းသာလာတဲ့ အခါ၊ ငွေတွေအများကြီးကို တွေ့မြင်လာတဲ့အခါ လောဘဇောတိုက်တတ်ကြတာကို ပညာပေး သင်ခန်းစာအနေနဲ့ ရိုက်ကူးပြသလေ့ ရှိတတ်ကြပါတယ်။ တကယ့်တကယ်တမ်းမှာတော့ အဲဒီ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲက `ငွေ´ထက် ကြောက်စရာကောင်းတဲ့ အရာကတော့ `အာဏာ´ ပါပဲ။

ပင်ကို အခြေခံစိတ်ဓာတ် မရင့်ကျက်သူအတွက် `ငွေ´ ဟာ သူ့ဘ၀ကို ပျက်စီးစေနိုင်တာ မှန်ပေမယ့် အဲဒီလူလက်ထဲကို `အာဏာ´ သာ ရောက်သွားရင်တော့ သူ့တယောက်ထဲတင်ကိုသာမက သူနဲ့ ပတ်သက်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်မှုတွေ ရှိလာတော့တာပါပဲ။

အရပ်ထဲမှာနေတုန်းက အလွန်အင်မတန် ရိုးရိုးကုပ်ကုပ်နေတတ်ပေမယ့် ဗိုလ်သင်တန်းအောင်လို့ သင်တန်းဆင်းလို့ အရာရှိ ပေါက်စ ဖြစ်လာပြီ ဆိုရင်ပဲ `အာဏာ´ ဆိုတဲ့ တံလှပ်က တော်ရုံတန်ရုံ စိတ်ဓာတ်မခိုင်မာသူတွေရဲ့ စိတ်ကို စတင် မြူဆွယ်လိုက်ပါတယ်။ စစ်တပ်ရဲ့ စည်းကမ်းကျနတဲ့ စစ်စည်းကမ်းအရ လမ်းသွားရင်းနဲ့ ဆုံမိရင်တောင် အခြားအဆင့် ဖြစ်သူက အရာရှိကို အလေးပြု အရိုအသေပေးရတာမို့ ပင်ကိုစိတ်ဓာတ် မခိုင်မာသူရဲ့ မြောက်ကြွကြွ စိတ်ကို အဲဒါလေးက အစ လှုပ်နှဲ့ယူပါတယ်။
မတထောင်သားတွေ များလှတဲ့ စစ်တပ်ထဲမှာ တခါတရံမှာ အခြေအနေအရ အောက်လက်ငယ်သား တယောက်ယောက်ကို ပါးရိုက်၊ နားရိုက် ကန်ကျောက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ယနေ့လက်ရှိ မြန်မာ့တပ်မတော် ဆိုတာက အလွန်အင်မတန် လူပေါင်းစုံလှတာမို့ တချို့သော ညာဉ်ခပ်ဆိုးဆိုး စစ်သားတွေကို အရာရှိတွေအနေနဲ့ (စစ်စည်းကမ်းဥပဒေတွေ ဘာတွေနဲ့ အရေးမယူချင်လို့ တပည့်လက်သားကို ဆုံးမတဲ့ သဘောမျိုး) ကိုယ်ထိလက်ရောက် ရိုက်နှက် ဆုံးမရတာကို စစ်တပ်သဘောသဘာဝမို့ ပြောစရာ မရှိပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ စစ်ဗိုလ်ဆိုး တချို့ဟာ အဲဒါကို အရသာတွေ့သွားတတ်တာပါပဲ။ တကယ်တော့ လက်ရှိ မြန်မာစစ်တပ်ထဲမှာ `စစ်ပြေးမှု´ တွေ အရမ်းများနေရတာဟာ အဲဒီလို စစ်ဗိုလ် ခပ်ညံ့ညံ့တွေရဲ့ လက်ချက်လဲ ပါပါတယ်။

ဒီလို ပြောလို့၊ ရေးလို့ `ဒါဖြင့် စစ်တပ်ထဲမှာ စစ်ဗိုလ်တိုင်းက အဲဒီလိုပဲ ဖြစ်နေတယ်လို့ ပြောချင်သလား´ လို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ အာဏာတွေ ဘယ်လိုပဲ ရလာရလာ၊ ရာထူးတွေ ဘယ်လိုပဲ ကြီးလာကြီးလာ ပင်ကိုယ်စိတ်ဓာတ် အခြေခံကောင်းသူဟာ သူတို့ စစ်တပ်ထဲမှာလဲ အလွန်အင်မတန် အရိုသေခံရတဲ့ ခေါင်းဆောင်ကောင်း ဖြစ်သလို အရပ်ဘက် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာလဲ နမူနာယူစဖွယ် ဖြစ်အောင် နေထိုင်လေ့ရှိပါတယ်။ ခက်တာက အဲဒီလို စစ်ဗိုလ်မျိုး လက်ရှိ မြန်မာ့တပ်မတော်ထဲမှာ ပါးရှားသထက် ပါးရှားလာတာပါပဲ။

စစ်တပ်ထဲက စစ်သားတွေရဲ့ တချို့သော စိတ်ဓာတ်ကို အလွန်တရာ အံ့သြမိတာ တခုရှိပါတယ်။ ကိုယ်က နိမ့်ပါးနေတဲ့ အချိန်မှာ …၊ ဥပမာ- အခြားအဆင့် ဆိုရင်လဲ တပ်သားသစ်ဘ၀၊ အရာရှိဆိုရင်လဲ ဗိုလ်လောင်းဘ၀မှာ မိမိရဲ့ အထက်က အဆင့်ဆင့်သော ပုဂ္ဂိုလ်များရဲ့ တရားသော၊ မတရားသော နှိပ်ကွပ်မှုတွေကို ငြိမ်ခံနေလိုက်ပါတယ်။ ဒါပေမယ့် သူတို့တတွေ တဖန်ပြန်ပြီးတော့ တပ်သားသစ်ကနေ ဒုတပ်ကြပ်၊ တပ်ကြပ် ဖြစ်တဲ့လူကလဲ အဲဒီအလျှောက်၊ ဗိုလ်လောင်း ပဲကတုံးကလဲ ဗိုလ်ကြီးဖြစ်လာတဲ့ လူအလျှောက် လုပ်ပိုင်ခွင့် ရှိလာပြီဆိုတော့တာနဲ့ အရင့်အရင်တုန်းက သူတို့ ခံခဲ့ရတာနဲ့ ထပ်တူထပ်မျှ ကျအောင် အောက်လက်ငယ်သားကို နှိပ်ကွပ်ပြန်တော့တာပါပဲ။ တရားမျှတစွာ အုပ်ချုပ် စီမံတဲ့ အထက်အရာရှိရဲ့ အကျင့်ကောင်းကို နမူနာယူပြီး အဲဒီလိုမျိုး အရာရှိလို လိုက်လုပ်တာမျိုးဆိုရင်တော့ ဘာမှပြောစရာ အကြောင်းမရှိပါဘူး။ ကိုယ် နိမ့်ပါးနေတုန်းက မတရားလုပ်တာကို သိသိကြီးနဲ့ ငြိမ်ခံခဲ့ရတယ်၊ ဒါပေမယ့် ကိုယ် ရာထူးအာဏာ ရှိလာတဲ့အချိန်ကျရင် မတရားတော့ မလုပ်ဘူးဆိုတဲ့ စိတ်ဓာတ်ကို ဘာကြောင့် မမွေးနိုင်ရတာလဲ ဆိုတာကတော့ တော်တော် အံ့သြဖွယ်ရာ ကောင်းပါတယ်။

အဲဒီလို စိတ်ဓာတ်ပိုင်ရှင်တွေက စစ်တပ်ထဲမှာကတော့ `ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့´ ဆိုတဲ့ မူအတိုင်း အဆင်ပြေသလိုလို ရှိနေပေမယ့် ပြင်ပက ပြည်သူတွေကို အဲဒီ စိတ်ဓာတ်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ တွေ့သမျှလူကို ကိုယ့်လက်အောက်ငယ်သားလို သဘောထားပြီး `ဒီကောင်က ဘာကောင်မို့လဲ၊ ငါတို့မှာ ဒီအဆင့်ရဖို့အတွက် မနည်းကြိုးစားလာရတာ၊ ငါ့ကို ဘာကောင်ထင်နေလဲ´ ဆိုတဲ့ အပေါက်မျိုး ချိုးဖို့ကို ၀န်မလေးတော့ဘူး။ ကိုယ်နဲ့ အမြင်ချင်းမတူညီတဲ့ တဘက်လူကို အထင်သေးပစ်ဖို့ကတော့ ငှက်ပျောသီး အခွံနွှာစားတာထက်တောင် သူတို့အတွက် လွယ်ကူလွန်းသွားပါပြီ။ အခု ကျနော်တို့ နိုင်ငံ ဒီအခြေအနေဆိုက်နေရတာဟာ အဲဒီလို လူစားတွေက နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ရယူထားလို့ပါပဲ။

ဒါဟာ ဘာလဲဆိုတော့ ငွေထက်ကြောက်စရာကောင်းတဲ့ `အာဏာ´ ကို မမြင်ဖူးမူးမြစ် ထင်ကြတာပါပဲ။


လူပါး စစ်ဗိုလ်...

`လူပါး´ လို့ သုံးနှုန်းတာဟာ တကယ်တော့ လှောင်ပြောင်တဲ့ သဘောမဟုတ်ပါဘူး။ ပါးရည်နပ်ရည် ရှိတာ၊ အထက်ကိုဆိုလဲ အထက်ကို၊ အောက်ကိုဆိုလဲ အောက်ကို အလျောက် လိုက်လျောညီထွေ ဖြစ်အောင် အလိုက်သင့် နေထိုင်တတ်တဲ့ စစ်ဗိုလ်မျိုးကို ရည်ညွှန်းလိုတာကြောင့် လူပါး လို့ သုံးတာပါပဲ။

ဘာမှ မစဉ်းစား မဆင်ခြင်တဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ မြောက်မြားစွာ ရှိနေသလို အခြေအနေအမှန်ကို ကောင်းစွာ သဘောပေါက်တဲ့ အနည်းငယ်သော လူပါးစစ်ဗိုလ်တွေလဲ မြန်မာစစ်တပ်ထဲမှာ ရှိနေတာ အမှန်ပါ။ ခက်တာက အဲဒီလို စစ်ဗိုလ်တွေ မြန်မာ့တပ်မတော်မှာ ဘယ်လောက်များများ နေရာရလာမှာလဲ၊ အဲဒီစစ်ဗိုလ်တွေကရော `အာဏာ´ ရဲ့ လှုပ်နှဲ့မှု ဒဏ်ကို ဘယ်လောက်ကြာကြာအထိ စစ်တပ်ထဲမှာ တောင့်ခံနိုင်မလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။

ကျနော်ရဲ့ ဇာတိမြေ ကရင်ပြည်နယ်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိလေတော့ ရတခ တိုင်းမှူးပေါင်းစုံ တာဝန်ယူဖူးတဲ့အနက် ထူးခြားတဲ့ လူပါးစစ်ဗိုလ် တိုင်းမှူးနှစ်ယောက်ကို ကြုံဖူးပါတယ်။

တယောက်ကတော့ ဗိုလ်ချုပ် ကက်စိန်ပါ။ သူ တိုင်းမှူးဖြစ်တဲ့ အချိန်မှာပဲ ကြံ့ဖွတ်အသင်းတွေကို စတင်ဖွဲ့စည်းကြတာမို့ ကျနော်တို့မြို့ရဲ့ ကြံ့ဖွတ်အသင်းရုံးဆိုင်းပုဒ်တင်ပွဲကို သူကိုယ်တိုင် လာပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သလို မြို့နယ်ခန်းမမှာလဲ အသင်းဝင်တွေကို သူ့ရဲ့ သြ၀ါဒကို ခံဖို့အတွက် နယ်မြေခံတပ်ရင်းမှူးက ကျောင်းသူကျောင်းသားတွေကို စုစည်းထားပါတယ်။ တိုင်းမှူးရောက်လာတော့ နေ့လည် ၁၁ နာရီကျော်ပါပြီ။ သူက `သားတို့ သမီးတို့ ထမင်းစားပြီးကြပြီလား´ လို့ မေးပါတယ်။ အားလုံး တညီတညွှတ်တည်းပဲ `မစားရသေးပါဘူး´ လို့ဖြေတော့ သူက တပ်ရင်းမှူးကို `မင်း ကလေးတွေကို ဘယ်အချိန်ကတည်းက ခန်းမထဲကို ခေါ်ထားတာလဲ၊ အလကား ဒုက္ခပေးထားတယ်´ လို့ ဆူပါတယ်။ ပြီးတော့ အစည်းအဝေးကို မစသေးဘဲ ကျောင်းသူကျောင်းသားတွေကို ထမင်းပြန်အစားခိုင်းပြီးတော့ နေ့လည် ၁၂ နာရီခွဲမှ ပြန်စပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူးလို့ ထင်နိုင်ပေမယ့် တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်ရဲ့ အဲဒီ အပြုအမူလေးကိုပဲ ကျနော်တို့ မြို့သားတွေမှာ ချီးမွမ်းလို့ မဆုံးပါဘူး။

နောက်တယောက်ကတော့ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်ပါ။ ခေတ်အဆက်ဆက်က တိုင်းမှူးတွေ လက်ထက်တုန်းက ဘယ်တော့မှ မပြီးခဲ့တဲ့ မော်လမြိုင်သွား ကားလမ်းကို အဲဒီတိုင်းမှူး တက်ပြီး သိပ်မကြာခင်မှာပဲ ကတ္တရာကျောက်ခင်းလမ်းအဖြစ် သပ်သပ်ရပ်ရပ် ဖွင့်လှစ်လိုက်တော့ မြို့ခံပြည်သူတွေက သူ့ကို အလွန်သဘောကျကျပါတယ်။ ဒါ့အပြင် သူ့ရဲ့ စစ်တပ်ထဲမှာလဲ လက်အောက်ငယ်သားတွေကို ကျောသားရင်းသာ မခွဲခြား အင်မတန်မှ စောင့်ရှောက်တတ်လို့ စစ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုလဲ တခြားတိုင်းမှူးတွေထက် ပိုရပါတယ်။ မော်လမြိုင်မြို့ပေါ်မှာဆိုရင်လဲ မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို (ပြည်သူတွေကို မထိခိုက်စေရဘဲ) တကယ် အလုပ်လုပ်ခဲ့တာတွေ ရှိတာကြောင့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အတူတူ ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ ဗိုလ်ချုပ်စစ်မောင် ပါသွားတော့ မော်လမြိုင် ဈေးကြီးက လူတွေ တော်တော်ငိုကြတယ်လို့ ကြားသိရဖူးပါတယ်။

တကယ်တော့ လူပါးစစ်ဗိုလ်တွေကို သူတို့ရဲ့ လက်အောက်ငယ်သားတွေ လေးစားနေတာ၊ ပြည်သူတွေကလဲ မုန်းမနေတာဟာ သိပ်ခက်ခဲ နက်နဲနေတဲ့ သော့ချက်တော့ မဟုတ်ပါဘူး။ လက်ထဲမှာ ရှိနေတဲ့ `အာဏာ´ ဆိုတဲ့ အရာကို တချို့အချိန်တွေမှာ ခေတ္တခဏမေ့ထားပြီးသော် လည်းကောင်း၊ အဲဒီ အာဏာကို အလွဲသုံးစား မလုပ်တာဟာ လည်းကောင်း အစရှိတဲ့ ပါးနပ်မှုတွေကြောင့်ပါပဲ။

ဆက်ရန်…

Tuesday, July 08, 2008

အမေရိကား သို့ မလာမီ ဒါဖတ်ပါ...။

အမေရိကန် နိုင်ငံရဲ့ နွေရာသီကို ရောက်ခဲ့ပြန်ပါပြီ။

ကျနော်နေထိုင်တဲ့ ပြည်နယ်မှာကတော့ အခုလို ပွင့်လင်းရာသီကို ရောက်လာပြီဆိုရင် Resettlement Agency တွေအနေနဲ့ အလုပ်များလေ့ရှိပါတယ်။ ဆိုးဝါးစွာ အေးခဲလွန်းလှတဲ့ ဆောင်းရာသီမှာ Resettlement လုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ဘယ်လိုမှ အခြေအနေမပေးတာမို့ အခုလို နွေရာသီကို ရောက်ပြီ ဆိုတော့မှပဲ ဒီလုပ်ငန်းတွေကို အားစိုက် လုပ်ဆောင်လေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ထိုင်း၊ မလေးရှား၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေကနေ အမေရိကန် နိုင်ငံကို တတိယနိုင်ငံအဖြစ်နဲ့ ရောက်ရှိ အခြေချမယ့် မိသားစုသစ်တွေ တဖွဲဖွဲ ရောက်လာလေ့ ရှိပါတယ်။

ဟိုမှာဘက် အရင့်အရင် နေထိုင်ခဲ့ရတဲ့ အမိရွှေပြည်ကြီးနဲ့ တကွ အခြားနိုင်ငံတွေမှာ ဘယ်လိုပဲ နေခဲ့ရသည် ဖြစ်စေ၊ အမေရိကန် နိုင်ငံကို တတိယနိုင်ငံအဖြစ် ရောက်လာပြီ ဆိုတာဟာ ဘ၀ကို အသစ်ကနေ တဖန်ပြန်စရတာနဲ့ အတူတူပါပဲ။ အဲဒီလို အသစ်ပြန်စဖို့အတွက် အမေရိကန်နိုင်ငံကို မလာခင်မှာ သိထားသင့်တဲ့ အချက်တွေ၊ ဒီနိုင်ငံကို ရောက်လာတဲ့အခါ တွေ့လာရမယ့် အခြေအနေတွေ၊ တချို့အခက်အခဲတွေ Sharing လုပ်ချင်တဲ့ ဆန္ဒနဲ့ ဒီစာကို ရေးလိုက်ပါတယ်။

ဒါပေမယ့် အခု စာကို မရေးမီမှာ အနည်းငယ်တော့ စကားပလ္လင်ခံလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ `တတိယနိုင်ငံ သို့ ပြောင်းရွှေ့ ထွက်ခွာသူ မြန်မာများ´ အနေနဲ့ တကယ်လို့များ အမေရိကန်ကို အခြေချခွင့် အခြေအနေကြုံလာတဲ့အခါမှာ မလိုလားအပ်တဲ့ သတင်းမှားတွေကြောင့် ဒီရောက်ပြီးမှ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရလေ့ ရှိတာကြောင့် ဒီစာကို ရေးလိုရင်းသာ ဖြစ်ပါတယ်။ တခြားသော ရည်ရွယ်ချက် ဘာမှမပါရှိပါဘူး။

အခု ရေးမယ့် စာစုမှာ Green Card Lottery ပေါက်ပြီး အမေရိကန်မှာ အခြေချခွင့် ရမယ့်လူတွေအတွက်လဲ အသုံးဝင်နိုင်မယ့် အချက်အလက်တွေ ပါနိုင်သေးတာကြောင့် `အမေရိကန် မလာခင် ဒါဖတ်ပါ´ လို့ပဲ အခုစာစုကို အမည်ပေးပါရစေ။ နောက်တခုက ကျနော်အခု ရေးမှာက လက်ရှိ ကျနော်ရောက်ရှိနေတဲ့ ပြည်နယ်က အတွေ့အကြုံကိုသာ အခြေခံရေးသားမှာမို့ တခြားသော ပြည်နယ်တွေမှာ အခြေချနေထိုင်ခွင့်ရသူ မိသားစုဝင်တွေအနက် တယောက်ယောက်ကနေပြီး အချက်အလက်တွေ အားဖြည့် ကူမယ်ဆိုရင် အထူးကျေးဇူးတင်မှာပါပဲ။ အဓိကကတော့ ဟိုကနေ ဘာမှ မသိ၊ ဒါမှမဟုတ် အချက်အလက် အမှားတွေကို သိပြီး ထွက်လာကြတာထက်စာရင် အခုရေးလိုက်တဲ့ စာကြောင့် တခုခု အကျိုးရှိစေချင်တဲ့ ဆန္ဒပါပဲ။

သူတို့ ဘာကြောင့် ခေါ်သလဲ…။

လက်ရှိ အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုကြောင့် နေရပ်တိုင်းပြည်တွေမှာ ဆက်လက်နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ မွေးရပ်ကို စွန့်ခွာလာရသူတွေ အနက် တကမ္ဘာလုံးမှာ ရှိတဲ့ နေရပ်စွန့်ခွာသူ မိသားစု အားလုံးရဲ့ ၅၀% ကို အမေရိကန် နိုင်ငံက သူ့နိုင်ငံမှာ အခြေချနေထိုင်ဖို့ ခေါ်ယူပါတယ်။ ဒါဟာ ဒုက္ခရောက်နေသူတွေကို ကူညီလိုတဲ့ ဆန္ဒအပြင် တခြားတဘက်မှာလဲ သူတို့ နိုင်ငံရဲ့ အခြေခံအလုပ်တွေမှာ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းလိုတဲ့ ရည်ရွယ်လိုရင်းလဲ ပါရှိပါတယ်။

အမေရိကန် နိုင်ငံကို ရောက်လာကြမယ့် မိသားစုဝင်တွေ သိထားသင့်တဲ့ အချက်ကတော့ ဒီနိုင်ငံက ကူညီတယ်ဆိုတာဟာ မိမိဘ၀ကို ကိုယ့်ခြေထောက်ပေါ် ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့အတွက် အထောက်အပံ့သာ ပေးတယ် ဆိုတာပါပဲ။ တချို့သော နိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန် နိုင်ငံရောက် မိသားစုတွေကို သက်ဆိုင်ရာ အစိုးရတွေက အလုပ်မလုပ်နိုင်ရင်လဲ ဆက်လက်ထောက်ပံ့ပေးနေလေ့ ရှိတယ်လို့ တဆင့်စကား ကြားရပေမယ့် အမေရိကန် နိုင်ငံရောက် မိသားစုဝင်တွေကိုတော့ အစိုးရက သုံးလကနေ များသောအားဖြင့် ငါးလ အထိသာ ထောက်ပံ့ပေးလေ့ရှိပါတယ်။ ဒါကြောင့် တယောက်ယောက်ကများ `မင်း အမေရိကားရောက်ရင် အားလုံး အေးဆေးပဲ၊ ဘာမှပူစရာ မလိုတော့ဘူး´ လို့ ပြောလာခဲ့ရင် အဲဒါဟာ သတင်းမှား လို့ မှာပါရစေ။ တကယ်က အမေရိကန်ကို ရောက်သူတိုင်း အလုပ်လုပ်မှ၊ အလုပ်ရမှ လူလူသူသူ နေထိုင်ရပ်တည်နိုင်ပါလိမ့်မယ်။

ဘယ်ပုံဘယ်နည်း ခေါ်သလဲ…။

အမေရိကန်မှာ အခြေချနေထိုင်ဖို့အတွက် သက်ဆိုင်ရာ သံရုံးတွေကနေ အတည်ပြုပေးလိုက်တဲ့ မိသားစုဝင်တွေရဲ့ ကိုယ်ရေးအချက်အလက် အားလုံးကို နယူးယောက်မှာ လစဉ်ပုံမှန်ထိုင်လေ့ရှိတဲ့ Resettle Programs အစည်းအဝေးတွေမှာ ပြည်နယ်အသီးသီးက Resettle Agency တွေက သူတို့ တာဝန်ယူနိုင်တဲ့ မိသားစုတွေကို ခွဲဝေ တာဝန်ယူကြပါတယ်။ အဲဒီ အေဂျင်စီတွေကပဲ ဒီကိုခေါ်ဖို့ ကိစ္စအ၀၀ကို အသေးစိတ် စီမံတာမို့ အေဂျင်စီ မတူတဲ့အပေါ်မှာ ဆောင်ရွက်တဲ့ ပုံစံခြင်း အတန်ငယ်ကွာခြားမှုရှိပါတယ်။

မိသားစုတွေကို ခွဲတမ်းချ တာဝန်ယူကြတဲ့ နေရာမှာ နောက်ထပ် ရောက်လာမယ့် မိသားစုတွေရဲ့ မိဘ၊မောင်နှမ ဆွေမျိုးသားချင်းတွေအနက် တဦးဦးဟာ ပြည်နယ်တခုခုမှာ ရောက်နှင့်နေပြီးသားဆိုရင် အဲဒီ ရောက်နှင့်တဲ့ ပြည်နယ်ကိုပဲ နေရာချထားလေ့ရှိပါတယ်။ ဥပမာအားဖြင့် သမီးဖြစ်သူက နယူးယောက်မြို့မှာ အခြေချနေထိုင်နေတယ် ဆိုရင် နောက်ထပ် လာရောက်မယ့် အမေဖြစ်သူကိုလဲ သမီးရှိရာ နယူးယောက်မှာသာ နေရာချထားပေးတာမျိုးပါ။ မိသားစုဝင် တဦးဦး အမေရိကန်ကို ရောက်နှင့်နေခြင်း မရှိတဲ့လူတွေကတော့ အဆင်ပြေရာ ပြည်နယ်တခုခုမှာ အခြေချစေပါတယ်။

အေဂျင်စီတွေဟာ သူတို့ခေါ်ယူရမယ့် မိသားစုဝင် စာရင်းကို ရပြီးတဲ့အခါမှာ သူတို့ အခြေစိုက်ရာ ပြည်နယ်တွေမှာ ရှိတဲ့ Church ကျောင်းတွေမှာ စည်းရုံး အလှူခံလေ့ရှိပါတယ်။ ဘယ်မိသားစုဝင်ကိုတော့ တာဝန်ယူ ကူညီထောက်ပံ့ပေးနိုင်မလား ဆိုတာမျိုး စည်းရုံးတာပါ။ Church တချို့က တချို့သော မိသားစုဝင်တွေကို သူတို့ကျောင်းအနေနဲ့ ကူညီစောင့်ရှောက်ပါမယ် လို့ တာဝန်ယူပေးတဲ့အခါမှာတော့ အဲဒီ မိသားစုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကူညီမယ့် Church ကျောင်းကို လွှဲအပ်ပေးလိုက်ပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေကိုတော့ အေဂျင်စီတွေကပဲ တိုက်ရိုက်သဘော ကူညီပံ့ပိုးပါတယ်။

ရောက်ရောက်ခြင်း…။

အမေရိကန် အစိုးရက Resettlement Agency ကနေတဆင့် (ကျနော်နေတဲ့ ပြည်နယ်မှာတော့) စတင်ရောက်လာသူ မိသားစုဝင်တိုင်းကို အမေရိကန် ဒေါ်လာ တယောက် ၄၀၀ နှုန်းပေးပါတယ်။ အဲဒီငွေကိုပဲ ရောက်လာသူ မိသားစုတွေနေဖို့ အိမ်ငှားစရိတ်နဲ့ အထွေထွေ အသုံးစရိတ် အဖြစ် သုံးစွဲရတာမို့ များသောအားဖြင့် အေဂျင်စီတွေကပဲ အဲဒီငွေတွေကို ထိန်းသိမ်းထားလေ့ရှိပါတယ်။ အေဂျင်စီအနေနဲ့ ရောက်လာသူ မိသားစုအသစ်အတွက် ထောက်ပံ့ကြေးငွေ ပေးဖို့ သီးခြားရန်ပုံငွေဆိုတာ မရှိပါ။ ဒါကြောင့် အဲဒီ ငွေလေးရာကိုပဲ အိမ်ငှားစရိတ်အဖြစ်သုံးပါတယ်။

အဲဒီမှာ ကွာခြားသွားတာကတော့ အထက်မှာ ကျနော် တင်ပြခဲ့တဲ့ Church တွေကနေ တိုက်ရိုက် ကူညီထောက်ပံ့ခံရတဲ့ မိသားစုဝင်တွေနဲ့ အေဂျင်စီရဲ့ ပံ့ပိုးမှုကိုသာ ရတဲ့ မိသားစုဝင်တွေရဲ့ အခြေအနေပါပဲ။

ဆက်ရန်…