Friday, March 30, 2007

ကျနော်နှင့် တင်းနစ်ကွင်းကလေး..



နေ့စဉ်နေ့တိုင်း မျက်နှာချင်းဆိုင်ခွင့်၊ မြင်တွေ့ခွင့် ရနေတဲ့ အဲဒီနေရာလေးရှိတဲ့နေရာကို လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ကျနော် ရောက်ရှိခဲ့ပါတယ်။

နွေရာသီရောက်လာပြီဆိုရင်တော့ ဒီနေရာလေးမှာ တင်းနစ် ကစားသူ၊ တခါလေတော့လည်း အပူအပင်ကင်းစွာနဲ့ စကိတ်စီးကစားတတ်တဲ့ ကလေးငယ်လေးများနဲ့ ဒီကွင်းလေးဟာ စိုပြည်နေတတ်ပါတယ်။

တင်းနစ်ကစားနည်းဟာ ကိုယ်ကာယ အားထုတ်ကစားရတဲ့ အားကစားနည်းတွေထဲမှာ တတိယမြောက် အမောပန်းဆုံးတဲ့။ (ပထမ အမောပန်းရဆုံးက လက်ဝှေ့၊ ဒုတိယက ဘက်စကက်ဘောပါ၊ လူကြိုက်သိပ်များလှတဲ့ ဘောလုံးအားကစားနည်းကတော့ စတုတ္ထမြောက် အမောပန်းရဆုံးပါတဲ့။)

တကယ်တမ်း သေချာ စဉ်းစားကြည့်တော့ ကျနော်တို့ မြန်မာလူမျိုး အခြေခံလူတန်းစားတွေနဲ့ တင်းနစ် ကစားနည်းဆိုတာက မိုးနဲ့မြေအလား အလှမ်းကွာလှတယ်လို့ ထင်မိပါတယ်။ တင်းနစ်ကွင်း ဆိုတာကြီးကို သီးသန့် ဆောက်ရ၊ တင်းနစ်ရိုက်တံခ၊ ဘောလုံးခကလည်း ဈေးကြီးပါသဘိနဲ့ ဆိုတော့ ကျနော်တို့ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ တင်းနစ်ကစားနည်းနဲ့ ပတ်သက်လို့ ဟုတ်တိပတ်တိ ဘာဆု တခုတလေမှ မရဖူးသေးတာဟာ အဆန်းတော့ မဟုတ်လှပါဘူး။

ကျနော်တို့ မြို့ကလေးမှာတော့ ဘုရားစူးရစေ့ တင်းနစ်ကွင်းတခု ရှိပါတယ်။ မြို့ပိုင် တပ်ရင်းမှူးက တခါတလေ သူ့နောက်တော်ပါ ဗိုလ်မင်းတွေနဲ့ လာလာ ကစားတတ်ပါတယ်။ တခါတလေတော့လည်း မြို့မျက်နှာဖုံး ခေါ်ရမလားမသိ၊ ပိုက်ဆံဝါလား သူဌေးတချို့ ကစားတာ တွေ့ရတတ်ပါတယ်။ သူတို့ ကစားတာကို မျှော်ငေးရင်းနဲ့သာ အော်… ငါတို့ ငယ်ငယ်က ကင်းဘုတ်ပစ်တမ်းကစားခဲ့တဲ့ ဘောလုံးလေးတွေက လူကြီးတွေ ဒီလိုမျိုးကစားရတဲ့ တင်းနစ် ကစားနည်းပါလား လို့ နားလည်ခဲ့ရပါတယ်။

တီဗွီက အားကစားလိုင်းတွေကို ကြည့်ပါများတော့ တင်းနစ်ကစားနည်းရဲ့ အမှတ်ပေးပုံကို အတန်ငယ် နားလည်လာပါတယ်။ အင်း.. ကမ္ဘာမှာ တင်းနစ်ကို သူမတူထူးချွန်အောင် ကစားနိုင်တဲ့ လူတွေများ တော်တော်ကို ၀င်ငွေဖြောင့်ကြတာကိုး။ အဲဒီ ထူးချွန်ပြီး ၀င်ငွေဖြောင့်နေတဲ့ လူတွေကို သေချာလေ့လာကြည့်တော့လည်း ချမ်းသာတဲ့ နိုင်ငံက လူတွေ ဖြစ်နေတာ များပါတယ်။ လက်ရှိ ကမ္ဘာ့ အဆင့်တစ် ရော်ဂျာဖယ်ဒါးရား ဆိုရင် ဆွစ်ဇာလန်က၊ အန်ဒီရော့ဒစ်ဆိုရင် အမေရိကန်က…။




ဆောင်းတွင်းတုန်းကတော့ တင်းနစ်ကွင်းလေး ခမျာမှာ အေးခဲလှတဲ့ ရာသီဥတုနဲ့အတူ အဖြူရောင် နှင်းဖတ်တွေကို တချိန်လုံးလိုလို ထမ်းပိုးခဲ့ရပါတယ်။ လူတွေကလည်း သူ့ကို လှည့်မကြည့်အားပါဘူး။ အဲဒီတော့ သူ့ခမျာမှာလည်း ငေးငိုင်ငိုင်နဲ့ပေါ့။

တခါတလေ ကျနော် စဉ်းစားကြည့်မိပါတယ်။ ကျနော်တို့ ဘ၀တွေက တင်းနစ်ဘောလုံးလေးတွေနဲ့ တူနေလေရော့သလားမသိ..။ တခါတခါမှာ အားပြင်းပြင်းနဲ့ အရိုက်ခံလို ခံရ၊ တခါတခါကျတော့လည်း လိုရာကို ရောက်အောင် အသာလေး ပင့်ပြီး ညင်ညင်သာသာ အပို့ခံလို ခံရ၊ တခါတလေကျတော့လည်း ကစားသမားတွေက ရှုံးနိမ့်တဲ့ အခါ အလိုမကျမှုနဲ့ အတူ အဝေးကို ဒေါသတကြီး ရိုက်ထုတ်ခံရလိုခံရနဲ့၊ ကစားသမားတွေက အောင်ပွဲရတော့ တင်းနစ်ဘောလုံးလေးတွေက ချောင်ကွယ်မှာ ငြိမ်ကုပ်လို့ ဘယ်သူမှ သတိမထားမိတဲ့ အဖြစ်။

တင်းနစ်ကွင်းလေးကို `ဖျတ်´ကနဲ ဓာတ်ပုံရိုက်ရင်း စိတ်ပေါက်ပေါက်နဲ့ `ဟေး´ လို့ အော်ပစ်လိုက်တော့၊ အနားက ကလေးတွေက ကျနော့်ကို ကြောင်စီစီနဲ့ လှမ်းကြည့်နေလေရဲ့။

ကလိုစေးထူး

Thursday, March 29, 2007

ကျနော့်အကြိုက်(၃)...

ဒီတပတ် ကျနော့်အကြိုက်ကတော့ ဆရာ နန္ဒာစိုး(ဆင်ဖြူကျွန်း) ရဲ့ `ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်´ ၀တ္ထုတို ဖြစ်ပါတယ်။


ဆရာ နန္ဒာစိုး(ဆင်ဖြူကျွန်း)ရဲ့ အရေးအသားတွေကို ကျနော် စတင် နှစ်သက်ခဲ့မိတာကတော့ သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းက `ဂွစာ၏ တလစာမှတ်တမ်း´ အရေးအသားတွေကိုပါ။ လူတယောက်ရဲ့ တလအတွင်း နေ့စဉ် ဖြစ်ပျက်ကြုံဆုံရပုံတွေကို ဟာသလေးနှောလို့ ဖတ်ချင်စဖွယ် ရေးလေ့ရှိတဲ့ ဆရာဟာ ၀တ္ထုတိုတွေ ရေးတော့လည်း အင်မတန်မှ ပြောင်မြောက်လှပါတယ်။

ဒီဝတ္ထုကိုတော့ ၂၀၀၂ခုနှစ်၊ ဧပြီလထုတ် ရနံ့သစ် မဂ္ဂဇင်းမှာ စတင်ဖော်ပြခဲ့တာပါ။ ဧရာဝတီ အင်တာနက် မဂ္ဂဇင်းရဲ့ ရသလွင်ပြင်ကဏ္ဍမှာ ဖတ်မိတော့ နှစ်သက်လှတာကြောင့် ကျနော့် ဘလော့ခ်မှာ ထပ်ဆင့် ဝေမျှလိုက်ပါတယ်။


အဲ..၊ ဆရာ နန္ဒာစိုးရဲ့ ၀တ္ထုကို မဖော်ပြမီမှာ နည်းနည်းလောက် လေကြောရှည်ပါရစေ။ မြန်မာ ဘလော့ကာစာအုပ်များ ဘလော့မှာ ကျနော့်အကြိုက်(၂) မှာ တင်ခဲ့တဲ့ ဆရာလင်းထင်ရဲ့ `ခေါင်းလောင်းကလေး၏ နေ့စွဲများ´ ၀တ္ထုကို တင်ရာမှာ တစုံတရာ မှားယွင်းမှုကြောင့်လားမသိ၊ တချို့က ကျနော်ရေးတယ်လို့ ထင်ဟန်ရှိပါတယ်။ ကျနော်ရေးတယ် အမှတ်နဲ့ ချီးကျူးထားကြတာကိုတွေ့တော့ အဲဒီဝတ္ထုရေးသူက ကျနော် မဟုတ်တဲ့အတွက် မနေတတ်မထိုင်တတ်နဲ့ ရှက်ရွံ့မိပါတယ်။ ကျနော်ရေးတာ မဟုတ်ရပါကြောင်းတော့ ကွန်မန့်ပြန်ရေးခဲ့ပါတယ်။
ကဲ..၊ `ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်´ ၀တ္ထုကို ခံစားကြည့်ကြပါစို့။

ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်

(၁)


ကြားရတဲ့ ဖိုးသာဒင်ရဲ့အကြောင်းက သတင်းကောင်းမဟုတ်ဘူး ။ သည်တော့ စိတ်လည်းမကောင်းရဘူး ဆိုပါတော့ ...။ ဒါပေမယ့် သတင်းကြားကြားချင်း ဖိုးသာဒင်ဆီ ထပြေးရအောင်ကလည်း အချိန်အားက မရသေးတော့ ကြားတဲ့သတင်းကိုပဲ ရင်ထဲမှာမကောင်းဘဲ ထည့်ထားရတယ်။ ညနေဘက်တော့ မဖြစ်ဖြစ်အောင် သွားတွေ့မယ်လို့ဆုံးဖြတ်ရင်း မပြီးစီးနိုင်တဲ့ ကိစ္စမြားမြောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် ဇွတ်နှစ်မြှပ်ထားနေရတယ်။ ဒါပေမယ့် ... အလကားပါ၊ စိတ်က ဖိုးသာဒင်ဆီကိုပဲ ရောက်ရောက်နေတယ်။ အသားညိုညို၊ ခန္ဓာကိုယ် သေးကျစ်ကျစ်၊ အရိုးခံ မျက်လုံးတွေနဲ့ ဖိုးသာဒင်ရဲ့မျက်နှာကိုပဲ မြင်မြင်နေတယ်။ မာယာမပါတဲ့ အပြုံးစင်းစင်းနဲ့ ၀င်္ကန္တမစွက်တဲ့ ဖိုးသာဒင်ရဲ့ အရိုင်းဆန်ဆန် မေးခွန်းတွေပဲ နားထဲမှာ ကြားကြားနေတယ်။ ဘယ်လိုပြောရမလဲ ...။


အင်း ... နေမထိ ထိုင်မသာကြီးပဲ ဆိုပါတော့။


(၂)


ဖိုးသာဒင်ဆိုတာက ကျွန်တော်နဲ့ခင်မင်ရင်းနှီးနေတဲ့ ထန်းတက်သမား ကောင်လေးတယောက်ပါ။ အသက်က ဘာရှိဦးမလဲ၊ ရှိလှမှ ၁၅ နှစ်ပေါ့။ ကျွန်တော်နေတဲ့မြို့နဲ့ နှစ်မိုင်လောက်အကွာက ထန်းသမားမိသားစုတွေနဲ့ ထန်းတောထဲမှာနေတယ်။ ထန်းတဲကလေး တလုံးနဲ့ပေါ့လေ။ အသက် ၁၅ နှစ်အရွယ် ထန်းတက်သမားလေးဆိုတော့ မထူးလှပါဘူး၊ အညာထန်းတောထဲမှာ တွေ့နေကျ ထူးမခြားနား ထန်းတက်သမား ချာတိတ်ကလေးတွေလိုပါပဲ။ အသားညိုညို ၊ နေလောင်ဒဏ်သင့်ပေမယ့် ထန်းပင်တက်ခြင်း အိပ်ဆာဆိုက်ကြောင့် ကျစ်လျစ်နေတဲ့ ခန္ဓာကိုယ်နဲ့ ခပ်ရိုးရိုး ကောင်ကလေးတယောက်ပါ။ အမေမုဆိုးမကြီးနဲ့ သားအမိနှစ်ယောက်ထဲ နေတယ်။ သူ ငါးတန်းကျောင်းသားဘ၀မှာ သူ့အဖေ သေဆုံးသွားခြင်းကစလို့ အဖေ့ကိုယ်စား ထန်းပင်တွေကိုပွေ့ဖက်၊ စာသင်ကျောင်းကို နှုတ်ဆက်ခဲ့ရတယ်လို့ပြောရင်ပဲ မခမ်းနားတဲ့ သူ့ဘ၀အတ္ထုပ္ပတ္တိက ပြည့်စုံသွားပါပြီ။


သူနဲ့ ကျွန်တော်တို့ဟာ သူ့တဲကထွက်တဲ့ ပင်ကျရည်မြူအိုးကလေးတွေရဲ့ တံတားထိုးမှုနဲ့ ပေါင်းကူးဆက်သွယ် ခင်မင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ဆိုတာက ကျွန်တော်ရယ်၊ ကျွန်တော်နဲ့ရေးဖော် ကဗျာဆရာတယောက်ရယ်ပေါ့။ ဘာရယ်မဟုတ်ဘူး၊ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာနဲ့ ကျွန်တော်ဟာ နေညိုရင် လေမပြိုတတ်ကြသေးပေမယ့် မြို့ပြနဲ့ဝေးရာ သူ့ထန်းတဲကလေးဆီကို စက်ဘီးကိုယ်စီနဲ့ ရောက်ကြလေ့ရှိတယ်။ ထန်းတော ထန်းလက် ထန်းရွက်တွေကို လွတ်လပ်စွာ ဖြတ်သန်းလာတဲ့ လတ်ဆတ်တဲ့လေညင်းကို ရှူရှိုက်ရင်း သူ့ပင်ကျရည်ကို ကျွန်တော်တို့မှာပါလာတဲ့ စာပေအကြောင်း သောင်းပြောင်းထွေလာ ငြင်းခုံအုံဖွဲ့ စကားလုံးတွေနဲ့ မြည်းကြတယ်။ မြို့ပြရဲ့ တနေ့တာလှုပ်ရှားရုန်းကန် မွန်းကျပ်မှုထဲကနေ သူ့ထန်းတဲ ဟောင်းဟောင်းအိုအို ကလေးဆီ ညနေတိုင်း ထွက်ပြေးခိုလှုံလာတတ်တဲ့ ကျွန်တော်တို့နှစ်ယောက်ကို သူကတော့ စာရေးဆရာတွေဆိုပြီး အထင်ကြီးလေးစားပုံရပါတယ်။ ကျွန်တော်တို့ ပြောဆိုငြင်းခုံနေရင် (သူကလည်း အလုပ်အားနေသေးရင်) မလှမ်းမကမ်းကနေပြီး နားထောင် ထောင်နေတတ်တာပါပဲ။


ကျွန်တော်တို့ကတော့ ဘာရယ်မဟုတ်ဘူး။ “မန္တလေး”၊ “မြန်မာ” နဲ့ “နိုင်ငံတကာ” ဈေးကြီးတာချင်း အတူတူကို မကပ်နိုင်တဲ့ ခပ်မွဲမွဲ ဘိုင်ကောင်တွေပီပီ၊ လွတ်လပ်အေးချမ်းစွာ ငြင်းခုံခွင့်ရတဲ့ သူ ထုတ်လုပ်တည်ခင်းတဲ့ မြူအိုးတွေထဲက ရိုးရာဘီယာ ဈေးခပ်ပေါပေါနဲ့ပဲ စီးမျောလွင့်ပါးမိခဲ့ကြခြင်းသက်သက်ပါပဲ။


အဲဒါဟာ ကျွန်တော်တို့နဲ့ ဖိုးသာဒင်ကလေးရဲ့ ဆက်နွယ်မှုသမိုင်း သံခိပ်ပေါ့လေ။


(၃)


မှတ်မိနေတာလေး ရှိသေးရဲ့။


တညနေမှာပေါ့။ ကျွန်တော်နဲ့ ကဗျာဆရာထိုင်နေတဲ့ဝိုင်းဆီကို ဖိုးသာဒင်နဲ့ လူကြီးတယောက်ရဲ့ စကားသံတွေလွင့်လာတယ်။


‘ဟာ မလုပ်ပါနဲ့ ဦးတာတေရာ၊ ဦးလေး အကြွေးတွေ များနေပြီ၊ ကျွန်တော်တို့လည်း ဒါရမှ ဒါစားရတာ။ မနက်ဖြန်တော့ ဆက်ဆက်ကြီး ဖဲ့ဆပ်ပါဦးနော်’
‘အေးပါကွ၊ မနက်ဖြန် ဖဲ့ဆပ်မယ်၊ စိတ်ချစမ်းပါ ...’


ဒီလောက်ပါပဲ။ မြူအိုးဆွဲပြီး ထွက်သွားတဲ့လူကြီးကို ကျွန်တော်တို့ ငေးကြည့် ကျန်ရစ်နေတုန်းမှာပဲ ဖိုးသာဒင်က ပြောလိုက်တယ်။ ကျွန်တော်တို့ကို ဦးတည်ပြီး သူ့ဒုက္ခကို ရင်ဖွင့်လိုက်တာပါ။


‘ခက်တာပဲ ဆရာတို့ရာ၊ အဲဒီဦးလေးကြီးက သူလိုချင်ရင် ဇွတ်ယူတော့တာပဲ။ ပိုက်ဆံကျ သူစိတ်ကူးရမှ ရှင်းတာ။ ပြောလို့လည်း မရဘူး’


ကျွန်တော်တို့ ပြိုင်တူ သက်ပြင်းချမိတယ်။ ခဏရှိတော့ ကဗျာဆရာက ဘာစိတ်ကူးပေါက်တယ် မသိဘူး။


‘ဟေ့ ... အဲဒါ အလွယ်ကလေး ရတယ်ကွ၊ ဒီမှာကြည့် ...’

ပြောပြောဆိုဆိုနဲ့ နေရာက ထတဲ့ပြီး တဲထောင့်က သံပြားဟောင်းကလေး တချပ်ကို ကောက်ယူတယ်။ ပြီးမှ အနားမှာတွေ့တဲ့ မီးသွေးခဲတခဲနဲ့ သံပြားပေါ်ကို စာတကြောင်း ရေးချလိုက်တယ်။


“လောကကြီးမှာ ဘာမှ အလကားမရ”တဲ့။


ရေးပြီးမှ သံပြားကို တဲရှေ့က ၀ါးပိုးဝါးတိုင်ခြေမှာ ထောင်လိုက်ပြီး ကဗျာဆရာက ထပ်ပြောတယ်။


‘မင်း အဲဒီ အိုင်ဒီယာအတိုင်းသာ သွား၊ တော်တန်ရုံ မျက်နှာပြောင်တဲ့သူတွေကတော့ ဒီစာကြောင်းကို မြင်တာနဲ့ မင်းကို ငွေရှင်းပေးဖို့ သူတို့ အိပ်ကပ်ကို ပြန်စမ်းမိကြလိမ့်မယ်’


ဖိုးသာဒင်က ငုံ့ဖတ်ကြည့်ပြီး ပြုံးလို့။ ပြီးတော့ ရိုးရိုးကလေး ပြန်မေးတော့ ကျွန်တော်တို့လည်း ပြုံးဖြစ်သွားရဲ့။


‘သံပြားပေါ်က စာကတော့ဟုတ်ပါပြီ၊ အဲဒီ အိုင်ဒီယာဆိုတာက ဘာကိုပြောတာတုန်း’
‘အေး ... ဟုတ်သားပဲ၊ အိုင်ဒီယာဆိုတာ အတွေးအခေါ်ပေါ့ကွာ၊ အတွေးအခေါ်ကို ပြောတာ’
‘အတွေးအခေါ် ဟုတ်လား ...’


အတော်ကြာသွားတယ်။ “အတွေးအခေါ်” ဆိုတာရဲ့ အဓိပ္ပာယ်ကို “တွေးခေါ်” နေရတာကိုက ဖိုးသာဒင်မှာ မျက်မှောင်တွေကြုတ်လို့။ ဒါကို ကျွန်တော်တို့ ရိပ်စားမိကြပါတယ်။ ကဗျာဆရာက ထပ်ရှင်းတယ်။


‘ဒီလိုကွာ၊ “လောကကြီးမှာ ဘာမှ အလကားမရဘူး” ဆိုတာ အမှန်တရားတခုလို့ ပြောတာ၊ ရိုးရိုးကလေးရယ်။ အေး … ဒါပေမယ့် ရိုးသလောက် ပြင်းထန်တယ်နော်။ မှတ်ထား၊ အမှန်တရားဆိုတာ ရိုးသလောက် ပြင်းထန်တယ်။ ခပ်ပျော့ပျော့ ခပ်ညံ့ညံ့ကောင်တွေဟာ အဲဒီ အမှန်တရားဆိုတာနဲ့တွေ့ရင် မခံနိုင်ဘူး၊ ပက်လက်လန်ကုန်တာပဲ၊ ဒါမှ မဟုတ်ရင်လည်း ထိပ်တိုက်မတွေ့ရဲဘဲ နည်းမျိုးစုံနဲ့ ရှောင်ပြေးရော’


ရှင်းခါမှ ပိုရှုပ်ကုန်ပြီ ထင်ပါရဲ့။ ဖိုးသာဒင် ပိုပြီး မျက်မှောင်တွေ ကြုတ်ကုန်ပါလေရော။ ကျွန်တော် ကဗျာဆရာကို တခွန်းဝင်ပြောလိုက်တယ်။


‘ရှေ့နေမင်း ကယ်မှ ထောင်လုံးလုံးကျတော့မှာပဲ ကျောင်းဒကာရယ်။ ဖိုးသာဒင် ချာတိတ်ကလေးဟ၊ သူ့အိုးနဲ့သူ့ဆန် တန်ရုံခပ်စမ်းပါဦး’


ကျွန်တော်တို့ သုံးယောက်လုံး ရယ်ဖြစ်ကြတယ်။ ကဗျာဆရာက ရှေ့ဆက်တယ်။


‘ကဲ ထားကွာ၊ လောကကြီးမှာ ဘာမှ အလကားမရဘူးဆိုတာ အမှန်တရားတခု၊ အမှန်တရားဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ ယေဘုယျ အရိုးစင်းဆုံး သဘောတူညီ သတ်မှတ်ချက်။ ဥပမာ ဖိုးသာဒင်ရာ၊ မင်း ထမင်းစားဖို့အတွက် ဆန် ဘယ်ကရသလဲ’
‘ဈေးက ၀ယ်ရတာပေါ့ခင်ဗျ’
‘အဲဒီအတွက် မင်းက ညီမျှတဲ့တန်ဖိုး ပေးရတယ်မို့လား။ တပြည်လိုချင်ရင် သူသတ်မှတ်တဲ့ တပြည်ဈေး၊ တတင်းလိုချင်ရင် သူ သတ်မှတ်တဲ့ တတင်းဈေး … အဲဒီ ပိုက်ဆံပေးမှ ရတယ် မဟုတ်လား’


ဖိုးသာဒင် ခေါင်းညိတ်တယ်။


‘အေး … အဲဒီတော့ အရိုးဆုံး မင်းမှတ်ထားလိုက်ဖို့က လောကကြီးရဲ့ နေရာတိုင်း၊ ဖြစ်စဉ်တိုင်းမှာ ကိုယ်က တခုပေးမှ တခုပြန်ရတယ်။ ကိုယ့်ဘက်က အရင်းအနှီးပြောပြော၊ တန်ရာတန်ကြေးပဲပြောပြော၊ တစုံတရာ မပေးဘဲနဲ့တော့ ကိုယ်လိုချင်တာလည်း ဘယ်တော့မှ ပြန်မရဘူး ဆိုတာပဲ။ မဆန်းပါဘူးကွာ၊ လူတွေဟာ တယောက်နဲ့တယောက် ဖလှယ်ပေးဆပ်ရင်း ရယူနေကြတာချည်းပါပဲ။ လူအချင်းချင်း ဝေးလို့၊ သဘာဝတရားကြီးကတောင် အဲဒီ အခြေခံအချက်ကြီးထဲက ပြေးမလွတ်ဘူးကွ။ မင်း မှတ်ထား၊ တို့ အသက်ရှူနေတဲ့ “လေ”တောင် အလကား မရဘူး။ အဲဒီ “လေ” ရဖို့ မင်းရဲ့အဆုပ်တွေ၊ နှာခေါင်းတွေက “ရှူ”တဲ့အလုပ်ကို ရပ်လိုက်တာနဲ့ မင်းလည်း “လေ” ပြတ်ပြီ အောက်မေ့ပေတော့’
‘ဒါတော့ အမှန်ပဲပေါ့ခင်ဗျ၊ ဒါပေမယ့် သူက မှန်လျက်သားနဲ့ ပြင်းထန်နေရတာက ဘယ်လိုကြောင့်တုန်း။ အမှန်တရားဆိုတဲ့ ကိစ္စကြီးဟာလေ’


အင်း … အဖြေ ဘုရားလောင်း ဖြစ်တာ မဖြစ်တာ နောက်ထား၊ အမေး နွားကျောင်းသားကတော့ တဆင့်ပြီးတဆင့် လုပ်လာပြီလို့တွေးရင်း ကျွန်တော်ပြုံးမိရပြန်တယ်။ ကိုယ့်လူကတော့ ကျားမြီးဆွဲမိလျက်သား ဖြစ်နေပါပကော။ နိုင်အောင်သာ ဆက်ဆွဲပေတော့လို့ အားပေးပြီး ပြုံးပြလိုက်ရပေတော့ရဲ့။


‘ဒါက မင်းကိုယ်တိုင် ကြုံလာတဲ့တနေ့ကျမှ အဖြေရှင်းရှင်း ရမှာကွ။ အေး … ဒါပေမယ့် တခုတော့ ရှိတယ်နော်၊ အမှန်တရားဆိုတဲ့ နေရာမှာလည်း သူနဲ့ တိုက်ခိုက်ထိတွေ့နေတဲ့ ကာလနဲ့ အချိုးညီနေမှ။ ကဲကွာ မင်း ငယ်ငယ်က မုန့်ပျားသလက် တချပ်ကို ဘယ်လောက်ပေးဝယ်စားရသလဲ’
‘တခုကို ငါးမူးလေ၊ အခုတော့ ငါးကျပ် … ခင်ဗျ’
‘အဲဒါပဲ၊ ဟိုးတုန်းက ငါးမူးပေးခဲ့ရပြီး အခု ငါးကျပ်ပေးရတာမို့ အခု ငါးကျပ်ပေးနေရတာဟာ မှားနေပြီလို့ ပြောလို့မရသလို ဟိုတုန်းက ငါးမူးပေးခဲ့ရတာကိုလည်း မှားခဲ့တယ်လို့ ပြောလို့မရဘူး။ သတ်မှတ်တန်ဖိုးချင်း ကွာခြားသွားတာဖြစ်ပေမယ့် နှစ်ခုစလုံးဟာ မှန်နေတာချည်းပဲ။ ဘာကြောင့်လဲဆိုတော့ “ဖြစ်စဉ်”က သူနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ “ကာလ”နဲ့ အချိုးကျနေလို့ပဲ။ ဒါကြောင့် အမှန်တရားဆိုတာက “ကာလ”နဲ့ လိုက်ပါပြီး ပြောင်းလဲနေတတ်တာမျိုး”လို့ မှတ်ထားဦး။ ပြီးတော့ အမှန်တရားဆိုတာ ဝေေ၀၀ါးဝါး၊ ဇဝေဇ၀ါ လူတွေနဲ့တွေ့ရင်လည်း သူ့ကို ဇွတ်တရွတ် အနိုင်ကျင့်ခံရတတ်သေးသကွ။ အဲဒါနဲ့ပတ်သက်ပြီး မင်းကို ရယ်စရာပုံပြင်ကလေးတပုဒ် ပြောပြမယ်၊ နားထောင်မလား။


ကျွန်တော်ကတော့ ပြုံးနေရတာပါပဲ။ ကိုယ့်လူက အဲဒီလို စကားလုံးတွေ သွန်ချနေရမယ်ဆိုရင် ထမင်းမေ့၊ ဟင်းမေ့ လူစားကိုး။ ဖိုးသာဒင်က ခေါင်းညိတ်ပြတယ်။ ပုံပြင်ဆိုတော့လည်း ပိုပြီး စိတ်ဝင်စားလာဟန် တူပါရဲ့။


‘ဒီလိုကွ၊ ကုန်းဘောင်ခေတ်တုန်းက ဟာသပုံပြင်ကလေးပေါ့ကွာ။ စာသင်သား ကိုရင်ကလေးတွေ စာဖြေကြရတဲ့ စာမေးပွဲတခုမှာပေါ့ကွ။ ကိုရင်ကလေး တပါးကလည်း ၀င်ဖြေသတဲ့၊ အဲဒီမှာ အခုပြောတဲ့ ကိုရင်ကလေးက ဖြေရင်း ဖြေရင်းနဲ့ သူ ဘာမှ မသိတော့ဘူးတဲ့ကွ၊ ဆက်မဖြေနိုင်တော့ဘူးပေါ့ကွာ။ ဒါပေမယ့် ဒီအတိုင်းလည်း ငူငူကြီး ငြိမ်ထိုင်မနေချင်တော့ သူ့စိတ်ကူးထဲ ပေါ်သမျှတွေကို ထင်ကရာ လျှောက်ရေးတော့တာပဲဟေ့၊ စာမျက်နှာပြည့်အောင် ဖြေမယ်ဆိုတဲ့သဘော နေမှာပေါ့ကွ၊ သူ ထင်သမျှ အကုန်လျှောက်ရေးပြီးတဲ့အချိန်မှာ အောက်ဆုံးကနေ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ”လို့ ရေးလိုက်တယ်။ ဟံသာဝတီ ဆရာတော်ဘုရားကြီးဆိုတာ ရှင်ဘုရင်ကိုးကွယ်တဲ့၊ ဘုန်းမီးနေလ တောက်ပနေတဲ့ နာမည်ကျော် ဆရာတော်ဘုရားကြီး ဆိုပါတော့ကွာ။ အမှန်က ကိုရင်ကလေးလည်း ဆရာတော်ဘုရားကြီးဆိုတဲ့ နာမည်ကို ကြားဖူးနေတာပဲရှိတယ်၊ ဆရာတော်ဘုရားကြီးရဲ့မူက ဘယ်လိုဘယ်ဝါဆိုတာ ဘာမှသိတာမဟုတ်ဘူး။ ဒါပေမယ့် အောင်စာရင်းထွက်လာတော့ ကိုရင်ကလေးက “အထူအောင်”နဲ့ အောင်သတဲ့ ဖိုးသာဒင်ရေ။ ဒီခေတ်စကားနဲ့ ပြောရရင်တော့ ဂုဏ်ထူးနဲ့ အောင်တယ်ပေါ့ကွာ’
‘ဟင် … ဘာဆိုင်လို့လဲ၊ သူမှ တကယ် ဆက်မဖြေနိုင်တာကြီးကို …’


ဖိုးသာဒင်က ဘ၀င်မကျလေသံနဲ့ စောဒကတက်တယ်။


‘အေးလေ၊ ဒါပေမယ့် အဖြေလွှာကို စစ်ရတဲ့ ဆရာတွေကိုယ်တိုင်က အဖြေလွှာကြည့်ပြီး မျက်မှောင်ကြုတ်တဲ့သူက ကြုတ်၊ ခေါင်းကုတ်တဲ့သူက ကုတ် ဖြစ်နေတော့တာကိုးကွ။ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ”ဆိုတာကို သူတို့လည်း သေသေချာချာ ဂဃနဏ သိတာမဟုတ်ဘူး။ ဒါပေမယ့် ဆရာတော်ကြီးရဲ့ အရှိန်အ၀ါကလည်း ကြီးလွန်းလှတာဆိုတော့ အရမ်းလည်း မပယ်ရဲဘူးကွ။ နောက်ဆုံးတော့ မထူးပါဘူး ကိုယ်တော်ရာ၊ အအောင်သာ ပေးလိုက်ကြပါစို့။ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ”လို့ ရဲရဲဝံ့ဝံ့ ရေးဖြေ၀ံ့တာ ဒီကိုရင်တပါးပဲ ပါတာ။ ဒီတော့ သူ့ကို အထူးအောင်အဖြစ် ပေးလိုက်ကြပါစို့ ဖြစ်ကရော။ ဒါကြောင့် အမှန်တရားဆိုတာ ဝေေ၀၀ါးဝါး ဇဝေဇ၀ါ လူတွေနဲ့တွေ့ရင်လည်း ဇွတ်တရွတ် အနိုင်ကျင့်ခံရတတ်သေးတယ်လို့ ပြောတာကွ။ မင်းလည်း လူတကာက မှန်တယ်ပြောတိုင်း အရမ်းလက်မခံမိစေနဲ့ဦး။ တော်ကြာ ငါပြောတဲ့ “ဟံသာဝတီ ဆရာတော်ဘုရားကြီး၏ မူ” ဆိုတာမျိုးနဲ့ တည့်တည့်တိုးလို့ ချောက်ကျနေဦးမယ်”


ဖိုးသာဒင် သဘောကျ ရယ်လိုက်တာလေ မျက်စိကိုပိတ်ရော၊ ဒါပေမယ့် အဲဒီနေ့က “လောကကြီးမှာ ဘာမှ အလကားမရ၊ ကိုယ်ကပေးမှ ကိုယ်ပြန်ရ”ဆိုတဲ့ ပို့ချချက်ကိုတော့ အတော်ကြီးသဘောကျ ကျေနပ်သွားဟန် တူတာပဲ။ နောက်ရက် နောက်ရက် တွေမှာလည်း သူက အဲဒီသံပြားပေါ်က စာကြောင်းကလေး မှိန်မှိန်လာတိုင်း ထင်ရှားအောင် မီးသွေးခဲနဲ့ ဖိဖိပြီး ထပ်ထပ်ပြန်ရေးနေတာ တွေ့ရတော့တာကိုး။


(၄)


သတင်းရတဲ့နေ့မှာပဲ ကျွန်တော်တို့ ဖိုးသာဒင်ဆီရောက်ကြတယ်။ ဟုတ်ပါတယ်၊ ကြားရတဲ့ သတင်းဆိုးက အမှန်ပါပဲ။ ဖိုးသာဒင်ကလေးရဲ့ ညာဘက်ခြေသလုံးမှာ ကျောက်ပတ်တီး ဖွေးဖွေးကြီး စည်းလို့။


‘ဆရာဝန်ကြီးက ညို့သကျည်းရိုးက ထက်ပိုင်းကျိုးသွားတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အက်ပြီး ကျိုးလုလု ပြင်းထန်တယ်ပြောတယ်။ တော်ပါသေးရဲ့၊ သူက အသက်ငယ်ရွယ် သေးတဲ့ သွေးသားတက်နေချိန်မို့ သိပ်မကြာခင်မှာပဲ အရိုးပြန်ဆက်ပြီး ပြန်ကောင်းသွားမှာပါ ဆိုလို့’


ဆေးရုံကုတင်ဘေးက ဖိုးသာဒင်ရဲ့အမေက ရှင်းပြတာပါ။ ဖိုးသာဒင်ကတော့ ခပ်ပြုံးပြုံးပဲ ပြောပါတယ်။


‘ဟုတ်တယ်၊ ထန်းပင်ပေါ်က ပြုတ်ကျတယ်ဆိုပေမယ့် “အောက်ရင်းထောင်” အလယ်လောက်က ပြုတ်ကျတာဆိုတော့ သိပ်မမြင့်လို့သာပေါ့။ နက်ဖြန် သန်ဘက်ပဲ ဆေးရုံက ဆင်းမှာပါ။ ဒီကြားထဲတော့ ကျွန်တော့်အစ်ကို တ၀မ်းကွဲကိုပဲ ထန်းတက်ဖို့ အကူအညီတောင်းရတော့မှာပဲ။ ပြန်ဆက်သွားမှာပါ ဆရာတို့ရာ၊ ပူစရာမရှိပါဘူး’


ဟုတ်ပါတယ်။ သူ့အသက်အရွယ်ကလေးနဲ့ပြောရရင် “တက်လူ”ပဲ။ ခြေသလုံးရိုးကိုလည်း ကျပ်စည်းပြီး အပေါ်က ကျောက်ပတ်တီးကိုင်ထားပြီးပြီပဲ။ ပူစရာ မရှိလှပါဘူးလို့ ကျွန်တော်တို့လည်း သဘောရကြပါတယ်၊ စိတ်အေးကြရပါတယ်။ ဒါပေမယ့် ဘယ်မှာ ဟုတ်လို့တုန်း၊ မထင်မှတ်တဲ့ ပူစရာကြီးက မထင်မှတ်တဲ့ထောင့်ကနေ ၀င်လာတာကို တွေ့ကြရပါလေရောလား။ ကျွန်တော်တို့ မျှော်လင့်မထားခဲ့ဘဲ ၀င်လာခဲ့တဲ့ ပူစရာကြီးကို သယ်ဆောင်လာခဲ့တာက တခြား မဟုတ်ဘူး။ ဖိုးသာဒင်ရဲ့ အင်မတန်မာကျောတဲ့ ကျောက်ပတ်တီးကြီးအောက်ထဲကို ၀င်လာခဲ့တဲ့ ကြမ်းပိုးတကောင် ဖြစ်ကြောင်းပါ။


(၅)


ကိုယ်ချင်းလည်း စာတယ်၊ ဒေါသလည်း ထွက်တယ်၊ စိတ်လည်း မကောင်းဘူး။ ဖိုးသာဒင် ကြုံလာရတဲ့ ကြံကြံဖန်ဖန် ဒုက္ခနဲ့ပတ်သက်လို့ ပြောတာပါ။ နောက်တပတ်လောက်မှာ ကျွန်တော်တို့ ဖိုးသာဒင်ရဲ့တဲကို ရောက်ကြတယ်။ ဖိုးသာဒင်မှာ မျက်တွင်းချောင်ကလေးနဲ့၊ ည ည မအိပ်ရလို့ အိပ်ရေးပျက်တာ လေးည ရှိနေပြီတဲ့။


‘ခြေကျိုးတာ အကြောင်းမဟုတ်ဘူး ဆရာတို့ရေ၊ ကျွန်တော့်ကျောက်ပတ်တီးထဲမှာ ၀င်နေတဲ့ ကြမ်းပိုးကမှ တကယ့်အကြောင်း။ ကျွန်တော့်တဲကို ပြန်ရောက်ပြီးမှ ဘယ်ညက ၀င်လိုက်မှန်းမသိဘူး။ ၀င်နေတာကတော့ သေချာတယ်၊ အသားကုန် ကိုက်နေတာ။ ခဏနေရင်း စစ်ခနဲ စစ်ခနဲ။ ဟိုနေရာ ရွှေ့ကိုက်လိုက်၊ ဒီနေရာ ရွှေ့ကိုက်လိုက်၊ ထင်သလို သောင်းကျန်းနေတာဗျ။ လှမ်းကုတ်ရအောင်ကလည်း ဒီလောက်မာတဲ့ ကျောက်ပတ်တီးကြီးပေါ်ကနေ ဘယ်လိုလုပ် ကုတ်နိုင်မှာတုန်း၊ ကျောက်ပတ်တီးကြီးကလည်း ဖြေဖို့ ရက်မစေ့သေး၊ ဖြေလည်း မဖြေတတ်။ ဒုက္ခကြီးပါပဲ ဆရာတို့ရယ်၊ ဘယ်လို နှိမ်နှင်းရမှန်းမသိလို့ ရလိုရငြားဆိုပြီး အခုလိုလုပ်ကြည့်နေတာ။ ဒါလည်း မထူးခြားပါဘူး’


အသံကိုကြားရရုံနဲ့တင် ဘယ်လောက် စိတ်ဒုက္ခရောက်နေတယ်ဆိုတာ သိသာတယ်။ လက်ထဲမှာလည်း စက်ဘီးစမုတ်တိုင်ဟောင်းလေးတချောင်း ကိုင်လို့။ ကြမ်းပိုးကိုက်တဲ့ နေရာကို မှန်းပြီး ကျောက်ပတ်တီးကြားကနေ လှမ်းလှမ်းထိုးနေရင်းက ပြောနေတာပါ။ ကျွန်တော်စိတ်အိုက်သွားတယ်။ ကဗျာဆရာကတော့ ဒေါသတွေ လှိမ့်ထွက်တော့တာပါပဲ။ သူက ကြမ်းပိုးကို အသေမုန်းတဲ့ အဘိဓမ္မာပိုင်ရှင်ကိုး။


‘တောက် … အတော်ဆိုးတဲ့ အဖြစ်ပဲ။ လောကမှာ ဘယ်သူ့ကိုမှ အကျိုးမပြုတဲ့၊ သူများသွေးစုပ်ရုံသက်သက်နဲ့ နေထိုင်ရှင်သန်တဲ့ သတ္တ၀ါတွေထဲမှာ ကြမ်းပိုးက ထိပ်ဆုံးကပါသကွ၊ ဒီသတ္တ၀ါက ရိုးရိုးမဟုတ်ဘဲ ခြေကျိုးလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်ဖြစ်နေရပါတယ်ဆိုတဲ့ မင်းလို ဒုက္ခိတကိုမှ အကာအကွယ် ကောင်းကောင်းယူပြီး ကျကျနနကြီး သွေးစုပ်နေတယ် ဆိုတာကတော့ တပူပေါ် နှစ်ပူဆင့်ပေါ့ကွာ။ အပါးဝလွန်း အားကြီးနေပြီ။ ဒါပေမယ့် မင်း ခုလို စက်ဘီးစမုတ်တိုင်နဲ့ ထိုးနေတာမျိုးကတော့ အပိုပဲကွ။ မမြင်ရတဲ့ ရန်သူကို မသေမချာ မထိရောက်တဲ့နည်းနဲ့ မျက်မှန်းရမ်းဆ လှမ်းတိုက်ရသလို ဖြစ်နေတယ်။ ငါတို့ နည်းလမ်းရှာဦးမယ်’


အဲဒီနေ့က ပြန်လာကြတော့ ဖိုးသာဒင်ရဲ့ ကျောက်ပတ်တီးကြားက ကြမ်းပိုးက ကျွန်တော်တို့ခေါင်းထဲပါလာပြီး နှစ်ယောက်စလုံးရဲ့ ဦးနှောက်ကို တစစ်စစ် ကိုက်တော့တာပါပဲ။ မခံချင်စရာကလည်း အတော်ကောင်းသကိုး။ စာနာခံစား ကြည့်မိပါတယ်။ ကုတ်လို့မရတဲ့ ကျောက်ပတ်တီးမာမာကြီးအောက်က ကိုက်နေတဲ့ ကြမ်းပိုးဟာ ခြေသလုံးသားနဲ့တကွ “စိတ်”ကိုပါ ကိုက်နေတာပဲ။ ခြေသလုံးသား အကိုက်ခံရတာ မှန်ပေမယ့် ပိုနာ ပိုယား ပိုခံစားရတာက အသည်းနှလုံးကလွဲလို့ ဘာဖြစ်နိုင်ဦးမှာတဲ့လဲ။ သူ့ကို လက်တုံ့ပြန်ဖို့ နောက်ထား၊ သူပေးတဲ့ ဒဏ်ချက်အတွက် အယားဖြေခွင့်ကလေးမှ မရတဲ့အဖြစ်။ ခံရတဲ့သူမှာ ဝေဒနာက သူ့အလိုအလျောက် အော်တိုမစ်တ ရှန်တိန်လုပ်ပြီး မူလခြေကျိုးဝေဒနာက ဒုတိယ၊ အဲဒီ မောင်မင်းကြီးသား ကိုယ်တော်မြတ် ကြမ်းပိုးကပေးတဲ့ ဝေဒနာက ပထမဖြစ်လာမှာ ဧကန်ပဲလေ။


ကဗျာဆရာကမေးတယ်။


‘ကျောက်ပတ်တီးကို ဖြေချလိုက်ရင်ကောဗျာ’
‘ဘယ်ဖြစ်မလဲဗျ၊ ရက်မစေ့ဘဲဖြေတော့ ခြေကျိုးတဲ့ဒဏ်ရာအတွက် ကုသထားရသမျှ အဟောသိကံ ဖြစ်ကုန်မှာပေါ့။ ခုဖြေ၊ ခုပြန်စည်း ဆိုတာမျိုးလုပ်ရအောင် ဖိုးသာဒင်က ဆရာဝန်ကြီးရဲ့သားလည်းမဟုတ်ဘူး။ အဲလိုအခွင့်အရေးထူးမျိုးလည်း ဖိုးသာဒင်မှာ ရစရာလမ်းမရှိဘူး’


ကျွန်တော် ချက်ချင်းကန့်ကွက်မိတယ်။ ပြီးတော့ နောက်တနည်းကို ကျွန်တော်က အဆိုတင်လိုက်တယ်။


‘အဲဒီ ကြမ်းပိုးသေအောင် ကြမ်းပိုးသတ်ဆေး အဆိပ်ရည်တွေဖျော်ပြီး ပတ်တီးကြားက လောင်းချပစ်လိုက်ရင်ကောဗျာ … မအိုကေလောက်ဘူးလား’
‘ဒါလည်း မဖြစ်နိုင်ဘူး ကိုယ့်လူ။ အဆိပ်ရည်တွေက ကြမ်းပိုးတော့သေပါရဲ့၊ အဲဒီ ပိတ်လှောင်နေတဲ့ ခြေသလုံးသားထဲ တစိမ့်စိမ့်ဝင်နေပြီး Side Effect ၀င်လာရင် ဘယ်လိုလုပ်မတုန်း။ အဆိပ်ရည်ကြောင့် အသားတွေလောင်ပြီး ရိရွဲကုန်မှအခက်’


ကျွန်တော်တင်လိုက်တဲ့ အဆိုကို ကဗျာဆရာက ပယ်ချပြန်ရော။ ဟိုလို လှည့်တွေးလိုက်၊ ဒီလိုလှည့်တွေးလိုက်၊ တခုခုသော အကြောင်းပြချက်၊ စိုးရိမ်ချက်နဲ့ နှစ်ယောက်သား သံသရာလည်နေလိုက်ကြတာ။ ကျွန်တော်တို့ရဲ့ တွေးတောမှု၊ ဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေ မှန်းဆမျှော်မြင်မှု၊ ခံစားမှုအားလုံးဟာ ဖိုးသာဒင်ရဲ့ ကြမ်းပိုးနဲ့ အကြီးအကျယ် စစ်ခင်းနေခဲ့ကြတဲ့အတိုင်း နွမ်းလျလို့၊ ခြေကုန်လက်ပန်းကျလို့။ ဒါပေမယ့် ဘယ်မှာလဲ … တိကျတဲ့အဖြေ၊ မဆုံးနိုင်တဲ့ဝင်္ကပါကြီးထဲ ပတ်နေကြရသလိုပဲ။


အင်း … ကျွန်တော်တို့ကသာ အဲဒီပြဿနာကို အမျိုးမျိုး ချိန်ဆမှန်းမျှော်တွေးတောနဲ့ မောနေခဲ့ကြရတာပါ။ တကယ်မှာက တခုတည်းသော အဖြေကို ဖိုးသာဒင်က ထုတ်ထားနှင့်ပြီး ဖြစ်နေခဲ့တယ်။


(၆)


နောက်တပတ်လောက်မှာ ကျွန်တော်တို့ရောက်သွားတော့ ဖိုးသာဒင်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့ရတယ်။ တွေ့တွေ့ချင်းပဲ သူက၀မ်းသာအားရနဲ့ ဆီးပြောပေတော့ရဲ့။


‘ကျွန်တော့်ပတ်တီးထဲက ကြမ်းပိုးတော့ ကိစ္စချောသွားပြီ ဆရာတို့။ ကျွန်တော်လည်း နေသာထိုင်သာ ရှိနေပြီ။ ဆရာတို့ပြောတဲ့အတိုင်း တချက်တည်းတွေးပြီး လုပ်ချလိုက်တာလေ’


… ဆိုတော့ ကျွန်တော်တို့ မျက်လုံးပင့်မိကြတယ်။ ဘယ့်နှယ်တုန်းဟ၊ ဘယ်လိုလုပ်လိုက်တာတုန်း၊ တို့လည်း ဘာမှမပြောမိပါကလား။ အလိုလိုမှ အဲဒီကိစ္စ အဖြေမရ ဖြစ်နေရတဲ့အထဲပေါ့လေ။


‘နေပါဦး … တို့က ဘာပြောမိလို့ မင်းက ဘယ့်နှယ်လုပ်လိုက်တာတုန်း သာဒင်ရဲ့၊ ရှင်းစမ်းပါဦး’
‘လောကကြီးမှာ ဘာမှ အလကားမရ ဆိုတာလေ။ အဲဒါကို တစိမ့်စိမ့်တွေးပြီး သဘောကျအားတက်လာတာနဲ့ ချထည့်လိုက်တာပဲ။ ရေနွေးအိုး ပွက်ပွက်ဆူအောင်တည်ပြီး ကြမ်းပိုးကိုက်နေတဲ့ ဘက်ခြမ်းကို တချက်တည်း အသားကုန်လောင်းချပစ်လိုက်တာ။ ခဏကြာတော့ ဒီကောင် ငြိမ်သွားရော။ နောက်ပိုင်း လုံးဝမလှုပ်ရှားလာတော့ဘူး၊ မှတ်ကရော’


ကျွန်တော်တို့ မျက်လုံးပြူးသွားကြတယ်။ ပက်ပက်စက်စက်ကြီးပါလား။ ကျောင်းဒကာလိုပေါ့။


‘ဟကောင်ရ၊ ရေနွေးပွက်ပွက်ဆူကြီးနဲ့ဆိုတော့ မင်းအသားလည်း ကျက်သွားမှာပေါ့ကွာ’
ကဗျာဆရာက “မိုက်တဲ့ကောင်ပဲ”ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ မေးလိုက်တော့ ဖိုးသာဒင်က ခပ်ရိုးရိုးပဲ သူ့အမြင်ကို ပြန်ပြောပါတယ်။ ဘာ အကွေ့အ၀ိုက်မှ မပါဘူး၊ ရှင်းရှင်းကလေး။


‘ဟိုက အသက်လေ ဆရာ၊ သူ့ “အသက်”ကို လိုချင်မှတော့ ကိုယ်ကလည်း “အကျက်”လောက်တော့ ပြန်ပေးရမှာပေါ့။ ကိုယ်က မပေးရင် ကိုယ်လည်း ဘာမှပြန်မရဘူးလို့ ဆရာတို့ပဲ ပြောတာပဲ၊ အမှန်တရားပဲလေ။ နောက်တခု … အမှန်တရားဆိုတာ ရိုးသလောက် ပြင်းထန်တယ်ဆိုတာလည်း ကျွန်တော် သိသွားပြီ ဆရာ။ သူ့ကိုချရင်း ကျွန်တော်လည်း တော်တော် အီသွားခဲ့တာကိုး။ နှစ်ရက်လောက် ဆက်ခံလိုက်ရတယ်လေ။ ခုတော့ သက်သာနေပြီ’


တခါတလေ အမှန်တရားရဲ့ ရိုးသလောက် ပြင်းထန်မှုကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့လို မရေရာတဲ့ တွေဝေမှန်းဆမှုတွေနဲ့ တချိန်ဆဆ အချိန်ဆွဲပြီး ဆင်ဝှေ့ရန်ရှောင်လုပ်နေမယ့်အစား တချက်တည်းသော ပိုင်းဖြတ်မှုနဲ့ “သာဒင်ကို ဘာထင်သလဲ”ဆိုတဲ့ သတ္တိမျိုး ထုတ်သုံးမှကိစ္စငြိမ်းတယ်ဆိုတာ ဒီချာတိတ်က လက်တွေ့ပြလိုက်သလိုပဲ ခံစားကြရပါတယ်။ ကျွန်တော်နဲ့ ကဗျာဆရာတို့ သက်ပြင်းကိုယ်စီချရင်း တယောက်မျက်နှာ တယောက်ကြည့်နေမိကြတာ အတော်ကြာတယ်။


(၇)


မိတ်ဆွေများ ခင်ဗျား။ဘ၀မှာ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ချစ်ခြင်းမေတ္တာအရေး … ဟိုအရေး၊ ဒီအရေး အ၀၀နဲ့ ပတ်သက်ပြီး တခါတလေ နှလုံးသားကို၊ တခါတလေ ဦးနှောက်ကို၊ တခါတလေ အတွေးအမြင်ကို ကြမ်းပိုးတကောင်ကောင် လာကိုက်ခဲ့ရင်ဖြင့် နှိမ်နှင်းနိုင်ဖို့ သဲလွန်စလေးတခု ရတန်ကောင်းရဲ့လို့ မျှော်လင့်မိတာပါပဲ။ ကျွန်တော်တို့ဟာ အမည်မသိ ကြမ်းပိုးအမျိုးအစားပေါင်းစုံနဲ့ ရင်ဆိုင်သွားကြရဦးမှာက မြေကြီးလက်ခတ်မလွဲ မဟုတ်လား။ ။


နန္ဒာစိုး (ဆင်ဖြူကျွန်း)

Wednesday, March 28, 2007

လူသားများကို မလေးစားသော ဦးကျော်ဟိန်း...

`ကျနော်စဉ်းစားတယ်ဗျ။ မြန်မာနိုင်ငံမှာ၊ မြန်မာရုပ်ရှင်လောကမှာ ကြီးကျယ်ခဲ့ဖူးတဲ့ လူတွေရဲ့ သားသမီးတွေဟာ ကျော်ဟိန်းရဲ့ သားသမီးတွေလောက် ကြီးကျယ်ကြလား..? ကြီးကျယ်လာအောင် သူတို့ရဲ့ အဖေတွေ အမေတွေက လုပ်ခဲ့ကြသလားလို့ သမိုင်းကြောင်းကို ပြန်လှန်တဲ့အခါ..၊ မရှိဘူးဗျ။

ကျနော်တို့..၊ နာမည်သိပ်ကြီးခဲ့တဲ့ ဦးကျော်ဆွေ၊ သူ့သားသမီးတွေ ကြီးကြီးကျယ်ကျယ် မရှိဘူး။ ဦးရွှေဘ..၊ ကြီးကျယ်ခဲ့ဖူးတယ်။ သူ့သားသမီးတွေ မကြီးကျယ်ဘူး။ အခုလက်ရှိ..၊ ၀ါဝါ၀င်းရွှေရဲ့ သားနှစ်ယောက်၊ ကြီးကျယ်သလား? မဟန်ဘူးဗျ။ ခင်??? (မသဲကွဲ) ရဲ့သား၊ နံပါတ်ဖိုးနဲ့ သေသွားတယ်၊ မမိုက်ဘူးဗျာ။ ကျနော့်ကို လမ်းသရဲ…တဲ့။ ဒါပေမယ့် အဲဒီကောင် ခေါင်းက သိပ်သွားတယ်၊ အရမ်း… စဉ်းစားတယ်။ ခင်ဗျားတို့လည်း စဉ်းစားပါ။ ကျနော် သီချင်း တပုဒ်ဆိုထားတယ်။ စဉ်းစား..ကြ´

ရုပ်ရှင်ကား ဇာတ်ဝင်ခန်းတခု မဟုတ်ပါ။ ၀တ္ထု ဇာတ်လမ်း တပုဒ်လည်း မဟုတ်ပါ။ ကျနော် အပါအ၀င် မြန်မာ ရုပ်ရှင်၊ ဗွီဒီယိုကြည့် ပရိသတ် တော်တော်များများ နှစ်ခြိုက်အားပေးခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းက သူ့ဆီက မှတ်သားစရာ တခုခု ရလေမလားလို့ မျှော်လင့်တကြီးနဲ့ သူ့စကားတွေကို တလေးတစား နားထောင်နေတဲ့ လူငယ်များရဲ့ ရှေ့မှာ အထက်ပါအတိုင်း ပြောသွားခဲ့တာပါ။

အဲဒီစကားကို ကြားတော့ တော်တော်ကြီးကို အံ့အားသင့်သွားပါတယ်။

၂၀၀၆ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့၊ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းလူငယ်ဌာန မှာ ကျင်းပသွားတဲ့ ဆဋ္ဌမအကြိမ် နှစ်ခြင်းလူငယ် ဓမ္မညီလာခံမှာ ဖြစ်ပါတယ်။ အဲဒီညီလာခံကို ဦးစီးဦးဆောင် ကျင်းပတဲ့ လူငယ်များရဲ့ စေတနာစကားကတော့ လေးစားစရာပါ။

`မြန်မာနိုင်ငံ တနိုင်ငံလုံးမှ လာတဲ့ တိုင်းရင်းသားလူငယ်တွေဟာ..၊ တချို့ဆိုရင် သုံးလေးရက်လောက် လာရတယ်။ လမ်းမှာ တကူးတက လေးငါးရက် ရန်ကုန်ကို ငွေကြေးကုန်ကျခံပြီးတော့မှ လာရတယ်။ လူငယ်တွေ ဘ၀မှာ တခုခုလေး ရသွားစေချင်တယ်။ အဲဒီ ရသွားစေချင်တဲ့ အကြောင်းကြောင့် နိုင်ငံကျော် တဦး၊ ဒါမှမဟုတ် လူငယ်ကို ချစ်တဲ့ အနုပညာရှင်ကြီး တဦးကတော့ဖြင့် လူငယ်များကို စကားပြောပြီး အားပေးလိုက်လို့ ရှိရင်ဖြင့် သူတို့ရဲ့ လာရကျိုး၊ ပင်ပန်းရကျိုး၊ ငွေကုန်ရကျိုး အများကြီးရမယ် ဆိုတာ ကျနော်တို့ မျှော်လင့်တယ်´

အင်မတန်မှ ဖြူစင်တဲ့ စကား၊ လူကြီးသူမဆီက အဖိုးတန်စကားတွေကို လူငယ်တွေ ရသွားစေချင်တဲ့ စေတနာ စကား..။ ဒီလိုစကားတွေနဲ့ ခရီးဦးကြိုပြုပြီး တလေးတစား နားထောင်နေကြတဲ့လူတွေရဲ့ အရှေ့မှာ ဦးကျော်ဟိန်း ပြောသွားတဲ့ စကားတော်တော်များများကတော့ဖြင့် ကသောင်းကနင်း နိုင်လှတယ်လို့ မြင်မိပါတယ်။

သူ့သားသမီးတွေလောက် တခြားသော မင်းသား၊ မင်းသမီးကြီးတွေရဲ့ သားသမီးတွေက မကြီးကျယ်ကြဘူး ဆိုတဲ့ စကားဟာ အတော်ကြီးကို လက်လွတ်စပယ် နိုင်လွန်းတဲ့ စကားလို့ ထင်မိပါတယ်။ မင်းသားကြီး ကောလိပ်ဂျင်နေ၀င်းရဲ့သား ရာဇာနေ၀င်း၊ သမီး ဟေမာနေ၀င်းတို့ထက် သူ့သားသမီးတွေက ကြီးကျယ်နေတယ်လို့ ထင်လေရော့သလား။ မင်းသားကြီး ဦးသုမောင်ရဲ့ သား ဖိုးသောကြာလောက်ရော သူ့သား နေ၀င်းက ကျော်ကြားနေပြီလား။

သူတပါးကိုပုတ်ခတ်ပြီး ကြွားလုံးထုတ်သွားတဲ့ ဦးကျော်ဟိန်းကို ဒီတခါမှာတော့ တော်တော်ကြီးကို စိတ်ပျက်သွားမိပါတယ်။

သူပြောသွားတဲ့ စကားတွေကို ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်ပါ။

ပြောသွားပါသေးတယ်။

`ကျနော် သက္ကရာဇ် ၂၀၀၈ ခုနှစ်ကျရင် ဒီအလုပ် (အနုပညာ) အလုပ်တွေ မလုပ်တော့ဘူးလို့ ကျနော် သတ်မှတ်လိုက်တာဟာ ဒီလို ဟောပြောပွဲတွေ ထပ်လုပ်ချင်လို့ ကျနော် ဟိုဘက်ကို ဖြတ်လိုက်တာ၊ ကျနော် ရုပ်ရှင်ရိုက်ရတာ သီချင်းဆိုရတာ တပြည်လုံးကို မပျံ့ဘူး ဖြစ်နေတယ်၊ နောက်ဆိုရင် တဆင့်တဆင့် ဒီစကားတွေက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားမယ်´

အင်း.. ဒီအတိုင်းသာဆိုရင်တော့ ကိုယ်ကျိုးတွေ နည်းကုန်တော့မယ် ထင်ပါရဲ့ခင်ဗျာ။ ဖိလစ်ပိုင်က အက်စ်ထရာဒါလ် လို ပုံစံမျိုး လုပ်တော့မယ်လားမသိ။

အဲ.. ဒါနဲ့။ သူပြောတဲ့ ကြီးကျယ်တယ် ဆိုတဲ့ သူ့သားနဲ့သူ တွဲဖက်သီဆိုသွားတဲ့ သီချင်းကိုတော့ ဒီမှာ ကြည့်ပါ။ လူမည်းအဆိုတော် Usher ပုံစံကို အတုခိုးပြီး ဘာတွေမှန်းမသိ အိုက်တင်လုပ်ပြတဲ့ ဦးကျော်ဟိန်းရဲ့ သားတော်မောင် နေ၀င်းရဲ့ စတိုင်လ်ကိုဝင်ကြည့်မိတဲ့ ပရိသတ်ထဲက တယောက်က ချီးကျူး ထောပနာ ပြုထားပါသေးတယ်။

Tuesday, March 27, 2007

မြန်မာစာသည်... တို့စာ...

ဒီစာကို ရေးဖို့ ချိန်ရွယ်နေတာ အတော်ကြာခဲ့ပါပြီ။ ရေးသင့် မရေးသင့်ကို ချင့်ချိန်နေတာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အခုတော့ အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်မိတာကြောင့် ရေးဖြစ်ပါတယ်။

ဒီဘက် လတွေထဲမှာ မြန်မာ ဘလော့ခ်တွေ တော်တော်ကြီးကို များလာတာ သတိထားမိပါတယ်။ လက်လှမ်းမီသလောက် လိုက်ဖတ်ကြည့်တော့လည်း ဘာနဲ့ တူသလဲဆိုတော့ ဖြူနီပြာဝါ အရောင်စုံလင်တဲ့ ပန်းခင်းတခုကို ရောက်သွားသလိုပါပဲ။ သူ့အဆင်းနဲ့သူ တမျိုးစီတော့ တန်ဆာဆင်ထားကြတာမို့ အားလုံးလိုလို ကောင်းကြပါတယ်။

ကျနော် နောက်ထပ် သတိထားမိတာ ရှိပါသေးတယ်။ ကျနော်တို့ မြန်မာလူငယ်တွေ စာအတော် ရေးလာကြပါတယ်။ ရေးဟန်အမျိုးမျိုး၊ တင်ဆက်မှု ပုံစံ အသွယ်သွယ်နဲ့ မိမိ အတွေ့အကြုံ၊ ရပ်တည်ချက်၊ ခံစားမှု စသည်စသည်တို့ကို ဖတ်ချင်စဖွယ် ဖြစ်အောင် အတော်ကြီးကို ကြိုးစား ရေးသားလာကြပါတယ်။ ဘလော့ခ်ဆိုတာက မိမိသာလျှင် အရှင်သခင်၊ မိမိသာလျှင် အယ်ဒီတာ၊ မိမိသာလျှင် တည်းဖြတ်သူ ဆိုတော့ လွတ်လပ်စွာ တွေးခေါ်ကြ၊ ရေးသားကြတာ တကယ်ကို အားရစရာကြီးပါ။

မြန်မာ လူငယ် တော်တော်များများက ဘလော့ခ်ရေးရင် မြန်မာ ဘာသာကိုသာ အသုံးပြုကြသူ များပါတယ်။ အလွန်အင်မတန် နည်းတဲ့ လူနည်းစုသာလျှင် တခြားသော ဘာသာစကားကို သုံးပါတယ်။ ကျနော့်စိတ်ထဲမှာလည်း မြန်မာလူမျိုးအချင်းချင်းအကြားမှာ မြန်မာလို ပြောရ၊ ရေးရတာကို ပိုပြီး အားရပါးရ နိုင်တယ် လို့ ခံစားရလို့ တကြောင်း၊ တခြားဘာသာစကားကိုလည်း တခုတလေမှ ဖြစ်မြောက်အောင် မနိုင်နင်းတာက တကြောင်းကြောင့် ဘလော့ခ်ကို မြန်မာလိုပဲ ရေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဘလော့ခ်တခုကို ပုံမှန် ရေးဖြစ်ဖို့ဆိုတာ အင်မတန် အချိန်ပေးရပါတယ်။ ရတဲ့ အချိန်ကလေးမှာ မိမိတင်ပြချင်တာကို ကမန်းကတန်း ရေးဖြစ်လိုက်တဲ့ အခါမှာ သတိမမူလိုက်မိတဲ့ ချွတ်ချော်မှုလေးတွေက တင်လိုက်တဲ့ စာတွေထဲမှာ ပါသွားတတ်ပါတယ်။ ဘလော့ခ်ရေးသူတွေ အများဆုံး မှားကြတဲ့ အမှားကတော့ `သတ်ပုံ သတ်ညွှန်း´ပါ။

လူငယ်တယောက်ရဲ့ ဘလော့ခ်မှာ မြန်မာစာ သတ်ပုံအပေါ် သူခံယူထားပုံကို `တချို့စာလုံးပေါင်းပြင်စားသူများတွေ့လျှင် မင်းဟာကြီးဟိုနားမှားနေတယ် ဒီနားမှားနေတယ် ပြောကောင်းပြောမည်။ ဒါလဲပြင်စရာမလိုပါ။ ကျနော် စာသုံးပေါင်း သတ်ပုံကျမ်းပြုစုသူမဟုတ်ပါ။´ လို့ ရေးထားတာကို ဖတ်လိုက်ရဖူးပါတယ်။ တကယ်တော့ ကျနော်တို့တတွေ မြန်မာစာကို သတ်ပုံ သတ်ညွှန်း မှန်နိုင်သမျှ မှန်အောင် ကြိုးစား ထိန်းသိမ်းနေကြတာဟာ စာလုံးပေါင်းပြင်စားရာ ကျတယ်လို့ ကျနော်တော့ မထင်ပါ။ ဒါဟာ `တို့စာကို လေးစားပါ´ ဆိုတဲ့ စကားနဲ့ အညီ ကျနော်တို့ စာကို ကျနော်တို့ လေးစားနေတာလို့ပဲ ခံယူမိပါတယ်။ စာလုံးပေါင်း သတ်ပုံကျမ်းပြုစုသူ မဟုတ်တာနဲ့ဘဲ စာလုံးပေါင်းတွေ မှားချင်တိုင်း မှားကြလေကုန်သတည်း ဆိုတာကျတော့လည်း မနိပ်သေးပါဘူး။

မြန်မာ ဘလော့ခ်ကာတွေ အမှားများကြတာ တခုကတော့ ၀စ်စပေါက်နဲ့ အောက်ကမြစ်တွေ မလိုတဲ့နေရာမှာ ထည့်လိုထည့်၊ လိုတဲ့နေရာကျတော့ ကျန်လိုကျန် ဖြစ်တတ်တာပါ။ အချိန်လု ရေးရခြင်းကြောင့် ဖြစ်မယ်လို့ နားလည်မိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ အကိုကြီးတယောက်က နည်းနည်း ညစ်တီးညစ်စုတ်နိုင်တဲ့ ဟာသ တခုနဲ့ ဥပမာပေး ပြောဖူးတာကို သတိရမိပါတယ်။

တခါတုန်းက သမီးရည်းစားနှစ်ယောက် မိဘတွေ မသိအောင် ချိန်းတွေ့ကြပါတယ်။ အဲဒါကို ကောင်မလေးရဲ့ ဦးလေးက မြင်သွားပါတယ်။ သူ့ဦးလေး မြင်သွားတာကို ကောင်မလေးက ကောင်လေးကို စာရေးပြီး လူကြုံနဲ့ ပြောတော့ ၀စ်စပေါက်နဲ့၊ အောက်ကမြစ်တွေ တလွဲဖြစ်နေလို့ ဒီလို ရေးလိုက်မိပါသတဲ့။

`အကိုနဲ့ကျမ ဘူစင်အောက်မှာ ချိန်တေ့နေကြတာကို ဦးလေကမြင်းသွားတယ်´

တကယ်တော့ သူပြောချင်တာက-

`အကိုနဲ့ ကျမ ဘူးစင်အောက်မှာ ချိန်းတွေ့နေကြတာကို ဦးလေးက မြင်သွားတယ်´ ပါ။

တကယ်တော့ မိမိရေးလိုက်တဲ့ စာကို မတင်မီမှာ အနည်းဆုံး တခေါက်လောက် ဖြစ်ဖြစ် ပြန်ဖတ်မယ် ဆိုရင် ဒီကိစ္စ တော်တော် အိုကေသွားမှာပါ။ ပြောသာပြောရတယ်။ ကျနော်လည်း ဘယ်နားမှာ ကျန်နေ၊ ပိုပြန်ပြီလဲ မသိ၊ တွေ့ရင် ပြောပြကြပါအုံး။

`သိန်းဌက်´ လို့ရေးထားတာကို ဖတ်လိုက်ရမိပါတယ်။ တကယ်တော့ `င´ ဟ-ထိုး ကသတ် ငှက်လို့ ရေးရမှာပါ။ `သိန်းဌက်´ လို့ရေးလိုက်တော့ အသံထွက် အမှန်အတိုင်းပြောရရင် `သိန်းထက်´ ဖြစ်သွားပါတယ်။ ဒီထက် နည်းနည်းလေး ပိုဆိုးသွားတာက ကိုစိုင်းထီးဆိုင်ရဲ့ အထင်ကရ သီချင်းစာသား `နင်ဟာ အတောင်ပါတဲ့ ငှက်ပါ.. ငါက လွင့်ပါးတဲ့ ရော်ရွက်ဝါ´ ဆိုတဲ့ သီချင်းစာသားလေးကို ဘန်နာမှာ တင်တော့ `နင်ဟာ အတောင်ပါတဲ့ ဌက်ပါ…´ လို့ စာလုံးပေါင်းထားတော့ အဲဒီ သီချင်းကို လိုက်ညည်းမိရင်း ပြုံးမိပါတယ်။

မြန်မာ ဘလော့ခ်ရေးသူတွေ အခက်တွေ့နေကြဟန် ရှိတာ တခု သတိထားမိပါသေးတယ်။ အဲဒါကတော့ ပါ့ဌ်ဆင့် စာလုံးတွေပါ။ ကျနော်လည်းပဲ မကြာခဏ ဆိုသလို မှားနေဆဲပါ။ ရိုက်ရတာလည်း ခက်ပေသားကိုး။

`စည်းကမ်းဆိုတာ တစုံတရာကို တိုးတက်စေဖို့ပါ။ ဒါပေမယ့် အဲဒီစည်းကမ်းက မလိုအပ်ဘဲ နေရင် တိုးတက်အောင် လုပ်တာနဲ့ မတူဘဲ မပြန့်ပွားအောင်လုပ် ထားသလိုဖြစ်နေတတ်ပါတယ်´ လို့ လူငယ်တယောက်က ကွန်မန့် တခုမှာ ပြောဖူးပါတယ်။ ကျနော် အခုလို သတ်ပုံ ကိစ္စကို ဆွေးနွေးနေတာဟာ စည်းကမ်းပုံသေခွက်ကြီးနဲ့ ကန့်သတ်နေတာတော့ မဟုတ်ရပါ။

သတ်ပုံ စာအုပ်ထဲက သတ်ပုံ အချို့အတိုင်း ကျနော် လိုက်မရေးတာ တချို့ ရှိပါတယ်။ အဲဒါတွေကတော့-

`တစ်´ ဆိုတဲ့ သတ်ပုံပါ။ ဗိုလ်ချူပ်ကြီး နေ၀င်းဟာ သူ အာဏာ ရလာပြီး နောက်ပိုင်းမှာ မြန်မာစာအဖွဲ့ကို သတ်ပုံ တခု အပြင်ခိုင်းခဲ့ပါတယ်။ အဲဒါကတော့ တခု၊ တကောင်၊ တယောက် အစရှိတဲ့ ကိန်း ဂဏန်းပြ အသုံးတွေကို တစ်ခု၊ တစ်ကောင်၊ တစ်ယောက် အစသဖြင့် ပြင်ရေး ခိုင်းခဲ့တာပါ။ သူအာဏာ လက်ဝယ်ရှိချိန်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ အဲဒီ သတ်ပုံကြောင့် တချို့သော မြန်မာ စာလုံးတွေကို ရှုပ်ထွေးစေတာကို သတိပြုမိပါတယ်။ အဲဒါတွေကတော့ တစုံတရာကို တစ်စုံ တစ်ရာ၊ တခါတလေကို တစ်ခါတစ်လေ၊ တယောက်ယောက်ကို တစ်ယောက်ယောက်၊ တစုံတယောက်ကို တစ်စုံ တစ်ယောက် လို့ သုံးကြတာတွေကိုပါ။ အဲဒီ စာလုံးတွေမှာ နှစ်စုံနှစ်ရာ၊ နှစ်ခါနှစ်လေ၊ နှစ်ယောက်ယောက်၊ နှစ်စုံ နှစ်ယောက် ဆိုပြီး ထပ်ရေးလို့ မရနိုင်ပါ။

ကျွန်တော်၊ ကျွန်မ ဆိုတဲ့ အသုံးကိုလည်း မနှစ်သက်လှတာကြောင့် ကျနော်၊ ကျမ လို့သာ သုံးဖြစ်ပါတယ်။

အင်မတန် အမှားများကြတာတခုကိုလည်း သတိထားမိပါသေးတယ်။ ဒါကိုတော့ ကျနော့်အရင် ရေးပြ၊ ထောက်ပြတဲ့လူတွေလဲ ရှိနှင့်နေကြပါပြီ။ မှားတာကိုလည်း တွေ့နေဆဲပါပဲ။ မ.. နောက်မှာ `ပဲ´ ဆိုတဲ့ အသုံးကို သုံးနေကြတာပါ။ ဥပမာ- မဟုတ်ဘဲ၊ မလုပ်ဘဲ၊ မသွားဘဲ စတဲ့ အသုံးတွေကို မဟုတ်ပဲ၊ မလုပ်ပဲ မသွားပဲ လို့ မှားယွင်းကြတာပါ။ မမေ့အောင်လို့ ခပ်လွယ်လွယ် မှတ်ချင်ရင်တော့ `မ´နောက်မှာ ဘဲ လိုက်တယ် လို့မှတ်ရင် မေ့တော့မယ် မထင်ဘူး။ :)

သတ်ပုံ အကြောင်း ပြောရင်းနဲ့ မြန်မာစာ ရေးဟန်အကြောင်း နည်းနည်းလောက် စကားကြော ရှည်ချင်ပါသေးတယ်။

မြန်မာစာ ရေးဟန်မှာ စကားပြောရေးဟန်နဲ့ စကားပြေရေးဟန်ရယ်လို့ ရေးဟန် ပုံစံနှစ်မျိုး ရေးလေ့ရှိပါတယ်။

စာတပုဒ်ကို စကားပြေဟန်ပဲ ရေးရေး၊ စကားပြောဟန်ပဲ ရေးရေး၊ ရေးတဲ့လူရဲ့ သူရေးတဲ့ စာအပေါ် နိုင်နင်းစွာ ဖွဲ့နွဲ့တင်ပြနိုင်မှု အပေါ်မူတည်ပြီး နှစ်မျိုးလုံး ဖတ်လို့ ကောင်းပါတယ်။ ဥပမာပြရရင် ထမင်းနဲ့ ကောက်ညှင်းရဲ့ မတူသော အရသာတွေ ပေးသလိုပါပဲ။ ထမင်းရဖို့ ဆန်ကြမ်းကို ချက်ရပါတယ်။ ကောက်ညှင်းပေါင်းရဖို့တော့ ကောက်ညှင်းဆန်ကို ပေါင်းရပါတယ်။ စကားပြောဟန်နဲ့ စကားပြေဟန်ကို တပုဒ်တည်းမှာ ရောရေးလိုက်တော့ ဆန်ကြမ်းနဲ့ ကောက်ညှင်းဆန်ကို ရောချက်လိုက်သလိုဖြစ်သွားတယ်လို့ ခံစားရမိပါတယ်။ ဒါဟာ အထက်က ပြောခဲ့သလို `စည်းကမ်း´ ဆိုတဲ့ ပုံသေခွက် အောက်ကနေ စဉ်းစားတာ မဟုတ်ပါဘူး။ `ရသ´ ဆိုတဲ့ ခံစားမှု နေရာကနေ တွေးတော မြင်ယောင်တာပါ။

အစဉ်အလာအောက်က ခွဲထွက်ရေးသားလာရင်းနဲ့ အခုခေတ်မှာ အသုံးတွင်ကျယ်နေကြတာ တခု ရှိပါတယ်။ တကယ်တော့ `သူမ´ ဆိုတဲ့ အသုံးဟာ မြန်မာစာ ရေးဟန်မှာ မရှိပါဘူး။ မြန်မာစာ စာစီစာကုံး ပြိုင်ပွဲတွေမှာ `သူမ`လို့ သုံးရင် အမှတ်လျှော့တာကို မှတ်သားရဖူးပါတယ်။ ဒါပေမယ့် အခုအချိန်အခါမှာတော့ ခေတ်စမ်းစကားပြေ ရေးသူများ၊ ၀တ္ထုရေး အကျော်အမော်များရဲ့ အသုံးများလာမှုကြောင့် `သူမ´ ဆိုတဲ့ အသုံးက တော်တော်လေးကို တွင်ကျယ်နေပါပြီ။ အဲဒီလို အသုံးမျိုးကျတော့ ဖတ်ရတာလည်း အရသာ မပျက်လှတော့ အဆင်ပြေပါတယ်။

ပြောလို့သာပြောရတယ်။ နောက်တချိန်ချိန်မှာ စကားပြောနဲ့ စကားပြေ ရောရေးဟန်တွေ အသုံးတွင်ကျယ်လာနိုင်ကောင်းလည်း တွင်ကျယ်လာနိုင်ပါတယ်။ အခုကတော့ ဖတ်ရတာ ခပ်ထောင့်ထောင့်ကြီး ဖြစ်နေသလို ခံစားနေရဆဲပါပဲ။ `ရှေးရိုးစွဲကြီး´ လို့ သမုတ်ရင်တော့လည်း မတတ်နိုင်၊ ငြိမ်ခံနေရုံသာ ရှိပါတယ်။

သတ်ပုံ ကိစ္စကို ဖိုရမ်တွေမှာဖြစ်ဖြစ်၊ နောက်ဆုံး.. ပုံနှိပ်ထုတ်ဝေတဲ့ မဂ္ဂဇင်းတချို့မှာတောင် ငြင်းကြ ပြောကြတာတွေ ဖတ်ရမိဖူးပါတယ်။ အင်မတန်လည်း ငြင်းခုန်လို့ ကောင်းလှတဲ့ ကိစ္စကြီးပေကိုး..။ ဘယ်လိုပင် ငြင်းကြပါစေ၊ ငြင်းသူတွေ၊ ဆွေးနွေးသူတွေ အားလုံး အပြုသဘောဆောင်ရင်ဖြင့် ဒါဟာ ကောင်းတဲ့ အလားအလာ ဖြစ်လာမှာပါ။

သီးလေးသီးရဲ့ ဆေးရောင်စုံ အငြိမ့်ဆိုတာကို ကြည့်လိုက်ရတုန်းက ရှေ့ထွက်မင်းသမီးလေးက `ရင်ထဲရှိသမျှ ရင်ဖွင့်ပြလို့ တကယ်ပြောပြလိုက်မှာ၊ အပြုသဘောလေးမို့ အထု သဘောမပေးဘဲ ခံစားနားဆင်ပါ´ လို့ ဆိုသွားပါတယ်။ အပြုသဘောနဲ့ ပြောပြတာကို ထုထောင်းမယ် မကြံလိုက်ပါနဲ့တဲ့။

အဲဒီမင်းသမီးလေးဆိုသွားတဲ့ စာသားကို သဘောကျလို့ ကော်ပီကူးပါရစေခင်ဗျာ။

`မြင်တွေ့မိသမျှ ခံစားမိလို့ တကယ်ပြောပြလိုက်တာ၊ အပြုသဘောလေးမို့ အထုသဘောမပေးဘဲ ဖတ်ရင်းနားလည်ပါ´

အားလုံး ပျော်ရွှင်သော နေ့တနေ့ဖြစ်ပါစေ။ အချိန်ယူပြီး ဆုံးအောင် ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်။


ကလိုစေးထူး

Sunday, March 25, 2007

နိုင်ငံ + ပြည်သူ = နိုင်ငံရေး..

စနေနေ့ ညက ဖြစ်ပါတယ်။

တင့်တင့်ထွန်း စတိတ်ရှိုးပွဲကို သွားတော့ ခန်းမရဲ့ အ၀င်ဝမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အန်တီကြီးနှစ်ယောက်နဲ့ ဆုံပါတယ်။ `အန်တီတို့၊ စတိတ်ရှိုးပွဲ လာကြည့်တာလား´ လို့ နှုတ်ဆက် မေးမိပါတယ်။ ဒါပေမယ့် အဲဒီ အန်တီကြီးတွေက မျက်နှာထား မသာမယာနဲ့ တယောက်စီ ဒီလိုပြန်ဖြေပါတယ်။

`မဟုတ်ဘူး၊ ကလေးမလေးတွေကို လိုက်ပို့တာ၊ တို့တွေက ပြန်မှာ´
`ကြည့်စမ်းပါဦးကွာ၊ တခုခုလုပ်ကြမယ်ဟေ့ ဆိုပြီး လူစုရင်၊ အစည်းအဝေးတို့ ဘာတို့ဆိုရင် လူတွေက ဒီလို မတက်ကြွဘူး´
`မင်းလည်း တို့နဲ့ တွေ့ရအောင်၊ တို့နဲ့ တွေ့ချင်လို့ ဖို့ဝိန်းလာတာမှ မဟုတ်တာ၊ တင့်တင့်ထွန်း စတိတ်ရှိုးပွဲလာတာမဟုတ်လား´
`အန်တီတို့ကတော့ ၀မ်းနည်းတယ်၊ ကဲ.. သွားမယ်ဟေ့´

***

လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပါတယ်။

ဂျပန်မှာ ပညာလာသင်နေတဲ့ အမျိုးသမီး တယောက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုပြောပါတယ်။

`ကျမတို့က မိဘတွေက ချမ်းသာကြတာ မဟုတ်ဘူး၊ ရှိတဲ့ငွေလေးကို ခြစ်ခြုတ်ပြီး ဒီမှာ ပညာလာသင်နေရတာ၊ နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားဖို့ အချိန်မရှိဘူး။ အဲဒါတွေ လုပ်လို့လည်း တခုခု အထိခိုက်မခံနိုင်ဘူး။´

***

လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်က ဖြစ်ပါတယ်။

မြန်မာပြည်တွင်းက နာမည်ကြီး ၀က်ဘ်ဆိုက်တခုရဲ့ တာဝန်ရှိသူ လူငယ်တယောက်က ဒီလိုပြောတာကို တွေ့ဖူးပါတယ်။

`ဒီထဲမှာ နိုင်ငံရေးတွေ မပြောကြပါနဲ့ဗျာ၊ ကျနော်တို့ အရေးယူခံရပါလိမ့်မယ်။ ကျနော်က မိဘကို လုပ်ကျွေးနေရတာ၊ အဲဒါတွေအတွက်နဲ့ ကျနော့်ဘ၀ အနစ်မွန်းမခံနိုင်ဘူး´

***

အထက်ပါ ဖြစ်ရပ်တွေကို ကြည့်ရင် `နိုင်ငံရေး´ ဆိုတဲ့ စကားရပ်လေး တခုကို လူတွေ နားလည်လက်ခံကြတာဟာ မတူညီဘူး ဆိုတာ သိလာစေပါတယ်။ အဲဒီလို မတူညီမှုနဲ့ အတူ လူတန်းစားတွေ တစတစနဲ့ ကွဲပြားနေလေမလားလို့ တွေးမိတော့ ဒီစာကို ရေးမိပါတယ်။

တကယ်တော့ ကျနော်တို့နိုင်ငံမှာ `နိုင်ငံရေး´ လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက တွန့်ကနဲ ဖြစ်သွားတတ်တာ အစဉ်အလာ တခုလို ဖြစ်နေပါပြီ။ နိုင်ငံရေးသမားများ ဆိုတာနဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်သူများလို့ မျက်လုံးထဲမှာ အရင်ဆုံး မြင်ယောင် ပစ်လိုက်ကြတာ များနေပါပြီ။ သူတို့သည်သာလျှင် နိုင်ငံရေးသမား၊ အဲဒီတော့ အချိန်မရွေး ဖမ်းဆီး ထောင်ချခံရနိုင်တယ်။ ယုတ်စွအဆုံး ဘ၀ပျက်သွားနိုင်တယ်..၊ အဲဒီလို တွေးပစ်လိုက်တာ များပါတယ်။

တကယ်တော့ နိုင်ငံရေး ဆိုတာ နိုင်ငံရဲ့ အရေး၊ ပြည်သူရဲ့ အရေးဆိုတာ ရှင်းနေပါတယ်။ ခေါင်းဆောင်ကြီးတွေကလည်း ဒီလိုပဲ အနက်ဖွင့်ဆိုပါတယ်။ ပါတီထောင်မှ နိုင်ငံရေး မဟုတ်သလို ပါတီအဖွဲ့အစည်းဝင် ဖြစ်မှ နိုင်ငံရေး သမား မဟုတ်ပါဘူး။ အခုတော့ နိုင်ငံရေးသမားနဲ့ ပြည်သူ ဆိုပြီး လူတန်းစား နှစ်ရပ်က ကွဲပြားမှန်းမသိ ကွဲပြားလာနေပါပြီ။

ခြိမ်းခြောက်မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အသားကျလာတဲ့ ပြည်သူတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်၊ ရပ်တည်ပိုင်ခွင့်ကိုတောင်မှ (အုပ်ချုပ်သူကို ဆန့်ကျင်ရမယ်ဆိုရင်) လွတ်လပ် ပွင့်လင်းစွာ ထုတ်ဖော် မပြောရဲတော့ပါဘူး။ ပြောတဲ့လူတွေကိုလည်း `သူတို့က နိုင်ငံရေးသမားတွေ´ လို့ သတ်မှတ်ပစ်လိုက်ကြပါတယ်။ သတ်မှတ်ရလောက်အောင်လည်း အခြေအနေတွေက ဖန်တီးပေးနေပါတယ်။ အဲဒီလိုနဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရသူတွေကလည်း သူတို့လို မလုပ်၊ မပြောတဲ့ ပြည်သူကို အားမရ၊ ပြည်သူကလည်း သူတို့နဲ့ အသားမကျ၊ တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးသွားပါတော့တယ်။

တနေ့လုပ်မှ တနေ့စား၊ ၀မ်းရေးတောင် အနိုင်နိုင် ရုန်းကန်နေရတဲ့ သာမန်ပြည်သူ တယောက်က `စစ်အာဏာရှင် ပြုတ်ကျရေး´ ဆိုတာကို ထည့်မစဉ်းအားသလို အစိုးရစားရိတ်နဲ့ ပညာတော်သင် ထွက်လာရတဲ့ လူငယ်တယောက်ကလည်း သူ မြန်မာပြည် ပြန်ရောက်ရင် ရမယ့် အခွင့်အရေးကို အုပ်ချုပ်နေသူကို ဆန့်ကျင်လို့ ရလာမယ့် လတ်တလောရလဒ်နဲ့ မလဲလှယ်ရဲပါဘူး။ အဲဒီတော့ သူတို့ အတွေးတွေ၊ သူတို့ စဉ်းစားချက်တွေထဲမှာ အုပ်ချုပ်သူတွေကို ဆန့်ကျင်နေတဲ့လူတွေဟာ သူတို့နဲ့ တသားတည်း မကျတော့ပါဘူး။ တခါတရံမှာဆိုရင် `ဒီလူတွေနဲ့ ပတ်သက်မိရင် ငါ့ကိုပါ ထိခိုက်လာနိုင်တယ်´ လို့တောင် တွေးပစ်လိုက်ပါတယ်။

တကယ်တမ်း သေချာ စဉ်းစားကြည့်ရင် လူတိုင်းဟာ နိုင်ငံရေးသမားတွေ လို့ ပြောလို့ရပါတယ်။ ပညာသင်နေတဲ့ ကျောင်းသားတယောက်ဟာလည်း ပညာသင်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ပါဝင်နေသလို လုပ်ငန်းခွင် ၀င်နေတဲ့ လုပ်သားတွေကလည်း အလုပ်လုပ်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက်နေပါတယ်။

Seminar တခုမှာ ဆွေးနွေးသူ အမျိုးသမီး တယောက်က `လူတွေရဲ့ နေ့စဉ် ရှင်သန် သွားလာ လှုပ်ရှားမှုတိုင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်´ လို့ အဆိုပြု ဆွေးနွေးဖူးပါတယ်။ အဲဒီတော့ တခြားသော ဆွေးနွေးသူ အမျိုးသားတယောက်က `အိမ်သာတက်တာကရော နိုင်ငံရေးနဲ့ ဆိုင်ပါသလား´ လို့ မေးလိုက်ပါတယ်။ အဲဒီအမျိုးသမီးငယ် ပြန်ဖြေတာကတော့-

`အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပါတယ်။ အိမ်သာတက်သူဟာ အိမ်သာတက်ပြီးရင် လက်ဆေးဖို့ အရေးကြီးသလို အိမ်သာကိုလည်း သန့်ရှင်းအောင်၊ ယင်လုံအောင် ထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ အိမ်သာကို တက်ပြီး လက်ကို စင်ကြယ်စွာ မဆေးတဲ့ အိမ်သာတက်သူဟာ ၀မ်းရောဂါလို ရောဂါမျိုးတွေ ရနိုင်ပြီး သူကမှ တဆင့် သူ့မိသားစုကို ရောဂါကူးစေနိုင်ပါတယ်။ အဲဒီလို မိသားစုတွေ များလာရင် တဖြည်းဖြည်းနဲ့ နိုင်ငံကိုပါ ထိခိုက်စေနိုင်လို့ အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်´

တကယ်တော့ လူတွေအားလုံး နေ့စဉ် ရှင်သန် သွားလာ လှုပ်ရှား ရုန်းကန်မှုတိုင်းဟာ နိုင်ငံရေးပါ။ ပါတီထောင်မှ၊ အုပ်ချုပ်သူကို ဆန့်ကျင်မှ နိုင်ငံရေးမဟုတ်ပါဘူး။ ဆင်းရဲ ချို့ငဲ့သူ တယောက်ကို မိမိ တတ်နိုင်သလောက်လေး ဝေငှပေးလိုက်တာနဲ့ အဲဒီ ပေးလိုက်တဲ့ ခဏမှာတင် နိုင်ငံရေး လုပ်ပြီးသား ဖြစ်သွားပါတယ်။ မိမိသိထားတာကို မသိသေးတဲ့ လူတွေကို ဝေငှပေးလိုက်တာဟာလည်း နိုင်ငံရေး လုပ်နည်း တမျိုးပါပဲ။ အဲဒီတော့ `ကျနော်/ကျမ နိုင်ငံရေး မလုပ်ပါဘူး´ ဆိုတာ မရှိပါဘူး။ လူတိုင်း နိုင်ငံရေး လုပ်နေကြပါတယ်။ နိုင်ငံ့ရဲ့ အရေးကို ဆောင်ရွက်နေကြပါတယ်။ ကောင်းသော ဆောင်ရွက်ခြင်းနဲ့ ဆိုးသော ဆောင်ရွက်ခြင်းကတော့ မိမိရဲ့ ရွေးချယ် ယုံကြည်မှုပါပဲ။

လက်ရှိ အုပ်ချုပ်သူတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောနေတဲ့ လူတွေကလည်း မိမိပြောနေသလို တခြားလူတွေက မပြောရကောင်းလားလို့ အားမလို အားမရဖြစ်နေလို့ မဖြစ်ပါဘူး။ အဲဒီလို အားမလို အားမရ ဖြစ်လေလေ လူထုနဲ့ ဝေးသွားလေလေ ဖြစ်တော့မှာပါ။

ရေးခဲ့တာ အတန်ငယ် ရှည်လျားသွားပါပြီ။ စာဖတ်သူများကို မေတ္တာရပ်ခံချင်တာ တခုရှိပါတယ်။ ကျနော်ရေးတဲ့ စာကို ကြိုက်သလို ဝေဖန်နိုင်ပါတယ်။ ချီးကျူးမှုဟာ ချိုမြိန်တဲ့ အရသာကို ပေးစေပေမယ့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုဆိုတာလည်း လိုအပ်လှပါတယ်။ စာတပုဒ်မှာ အားကောင်းချက်၊ အားနည်းချက် ဒွန်တွဲနေတာမို့ အမှားကင်းသူဆိုတာ မရှိပါဘူး။ ထောက်ပြနိုင်ပါတယ်၊ ဝေဖန်နိုင်ပါတယ်။ စာကို သေချာစွာ ဖတ်ပြီး ဝေဖန်ထောက်ပြတာမျိုး ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။

ကလိုစေးထူး

Friday, March 23, 2007

ပြည်သူ့အတွက်... ပြည်သူ့အတွက်...

`တိတ်.. နိတ်.. သုံး…လေး … တိတ်နိတ်သုံးလေး.. တိတ်နိတ်သုံးလေး ပြည်သူ့စစ်သား.. ပြည်သူ့စစ်သား… ပြည်သူ့စစ်သား…´

မနက်ဝေလီ ဝေလင်း မြူထူထူထဲမှာ စစ်ဖိနပ်တွေရဲ့ မြေကြီးပေါ် ဆောင့်နင်းသံ ခပ်ပြင်းပြင်းနဲ့အတူ အထက်ပါ အသံက ဟိန်းလို့ ထွက်လာပါတယ်။ အသံလာရာကို ကြည့်လိုက်တော့ မနက်ခင်း အပြေးလေ့ကျင့်ခန်း ထွက်လာဟန်တူတဲ့ တပ်သားသစ် သင်တန်းသားများ..။ `ရှေ့တလက်မ နောက်ပြောင်´ လို့ ကျနော်တို့တွေ အရပ်ထဲမှာ စနောက်ပြီး ခေါ်လေ့ရှိတဲ့ နောက်စေ့ ပြောင်ပြောင် ဦးစွန်းဖုတ် ဆံပင် ကိုယ်စီနဲ့ ကျနော် ထိုင်နေရာ `ရှင်သန်ခြင်း´ ကဖေးရဲ့ အရှေ့ကနေ ဖြတ်သွားကြပါတယ်။

နောက်ကျောမှာ သဲအိတ်ကိုယ်စီပိုးလို့ လေးလေးမှန်မှန်ပြေးနေကြတဲ့ သူတို့ လူအုပ်ထဲမှာ တယောက်ယောက်ကို တွေ့လေမလားလို့ အငမ်းမရ လိုက်ကြည့်မိပါတယ်။ ဟော..တွေ့ပြီ။ ဟိုးနောက်ဘက်ကျကျ အတန်းမှာ ပိုးထားရတဲ့ သဲအိတ်က မနိုင်မနင်း ဖြစ်နေဟန်နဲ့ ကောင်လေး။ ခြေလှမ်းတွေကလည်း အရှေ့လူကို မနည်း အမှီလိုက်နေရတဲ့ ဟန်..။ နည်းပြဖြစ်ဟန်တူသူရဲ့ အသံက ဟိန်းထွက်လာပြန်တယ်။

`အမှတ်စဉ်.. အမှတ်စဉ်.. အမှတ်စဉ် ………. ဆို´

***

`ရှင်သန်ခြင်း´ ကဖေးဆိုတာက ကျနော်တို့ မြို့လေးရဲ့ မြို့လယ်လို့ ဆိုရမယ့် နေရာက လက်ဖက်ရည် ဆိုင်လေးပါ။ ဆိုင်လေး တည်နေတဲ့ နေရာက ဟိုးဘက် တောနယ်က မနက်စောစော ဈေးလာရောင်းတဲ့ လှည်းတန်းလာတတ်တဲ့ လမ်းနဲ့ မြို့ရဲ့ တခုတည်းသော ကတ္တရာ လမ်းဆုံထောင့် ဖြစ်နေတဲ့ အပြင် ဈေးနဲ့လည်း အနီးလေးဆိုတော့ အခုလို မနက်စောစောဆိုရင် မြင်ကွင်း အစုံမြင်ရတတ်ပါတယ်။

သံပုရာသီး၊ ရှောက်သီးအပြည့်နဲ့ တအိအိမောင်းလာတတ်တဲ့ လှည်းမောင်းသံ တဂျွိဂျွိ၊ ဈေးတောင်းကိုယ်စီ၊ အပိုးအလွယ် ကိုယ်စီနဲ့ ဈေးရောင်းလာတတ်တဲ့ တောသူတောင်သားများ၊ သနပ်ခါးက ထူလပျစ်၊ သင်တိုင်းဖြူဖြူ အရောင်ညစ်နဲ့ ကရင်လုံမပျိုလေးများကို ဒီဆိုင်လေးရဲ့ မနက်ခင်းမှာ တွေ့နိုင်သလို နယ်မြေခံ တပ်ရင်းက ဖွင့်လှစ်တဲ့ တပ်သားသစ်သင်တန်းသား ပဲကတုံးလေးတွေကိုလည်း မြင်ရနိုင်တဲ့ ဒီဆိုင်လေးမှာ မနက်စောစောတိုင်း ကျနော် ဆိုင်ထိုင်ဖြစ်ပါတယ်။ လက်ဖက်ရည်လည်း သောက်ရင်း၊ နံနက်ခင်း မြင်ကွင်းတွေကိုလည်း ငေးမော ခံစားရင်းနဲ့ပေါ့..။

အဲဒီကောင်လေးကို ကျနော် သတိထားမိတာ ရက်အတန်ကြာခဲ့ပါပြီ။ မျက်နှာထားလေးက ကလေးတယောက်လို နုနယ်နေပေမယ့် နေလောင်နေတဲ့ သူ့အသားရောင် နီကျင်ကျင်က သူဝတ်ထားတဲ့ ၀တ်စုံစိမ်းနဲ့ မလိုက်ဖက်လှစွာ သူ့ရဲ့ အပြစ်ကင်းတဲ့ နုပျိုခြင်းကို ဖျက်ဆီးလို့နေပါတယ်။ ဒီမြို့လယ်ကို သူတို့ လူအုပ်ရောက်လာတိုင်းမှာ သူ့မျက်လုံးတွေက ကျနော်ထိုင်နေရာ ဆိုင်ဘက်ကိုကြည့်ရင်း၊ တခါတလေတော့လည်း တောနယ်က ဈေးလာရောင်းသူတွေ လာရာ လမ်းဖက်ကို ကြည့်ရင်း နှုတ်ကတော့ သူ့နည်းပြဆရာ အမိန့်အသံအတိုင်း ရွတ်ဆိုရင်း လိုက်ပါသွားတတ်ပါတယ်။

`ဘာလုပ်နေလဲ´
`လေ့ကျင့်နေတယ်´
`ဘယ်သူ့အတွက်လဲ´
`ပြည်သူ့အတွက်´
`ဘာစိတ်ဓာတ်လဲ´
`သံမဏိစိတ်ဓာတ်… သံမဏိစိတ်ဓာတ်… သံမဏိစိတ်ဓာတ်´
အစိမ်းရောင် လူအုပ်ကြားထဲ ရောနှောပါသွားတဲ့ ကောင်လေးကို ကြည့်ရင်း စိတ်ထဲမှာ မှတ်ချက်တခုကို ကရုဏာသက်စွာ ချလိုက်မိပါတယ်။

`ဒီကောင်လေး အသက်ဆယ့်ရှစ်နှစ် ဘယ်လိုမှ မပြည့်နိုင်ဘူး…´

***

ညတညမှာတော့ ဖယောင်းတိုင် မီးရောင် မှိန်မှိန်နဲ့ အတူ အိမ်ထဲမှာ စာဖတ်နေတုန်း အိမ်အပြင်ကနေ ခပ်အုပ်အုပ် ခေါ်သံတခုကို ကြားလိုက်ရပါတယ်။

`အကို.. အကို.. ´

အိမ်တံခါးကို ကမန်းကတန်းဖွင့်ပေးလိုက်တော့.. ။ ဟင်.. ဟိုကောင်လေး။ ဘယ်လိုဖြစ်လာတာပါလိမ့်။ ကောင်လေးက ကျနော် တံခါးဖွင့်လိုက်တာနဲ့ သူ့နောက်ကို တယောက်ယောက် အနောက်က လိုက်လာမှာ စိုးရိမ်ဟန် တချက်လှည့်ကြည့်ရင်း အိမ်ထဲကို ခပ်သွက်သွက်လေး ၀င်ပါတယ်။ ပြီးတော့.. တုန်တုန်ယင်ယင်နဲ့ မျက်ရည်တွေ ၀ဲလို့ စကားတခွန်းပြောပါတယ်။

`ကျနော့်ကို ကယ်ပါ အကို၊ ကျနော် အိမ်ပြန်ချင်တယ်၊ ကျနော့်ကို အိမ်ပြန်ပို့ပေးပါ´

ဟာ.. ဒါဆို၊ သူ.. သူ ထွက်ပြေးလာတာပေါ့၊ သူ စစ်တပ်ထဲက ထွက်ပြေးလာတာပေါ့။ ကျနော့်ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ စီကနဲ ညံသွားပါတယ်။ အိမ်အပြင်ကိုလည်း တယောက်ယောက်များ ရှိနေလေမလားလို့ မလုံမလဲနဲ့ ကြည့်မိပါတယ်။ တယောက်မှ ရှိဟန်မတူဘူးလို့ စိတ်ချရတော့မှ အိမ်တံခါးတွေကို အားလုံး လိုက်ပိတ်လိုက်ပါတယ်။

`ကဲ.. ပြောကွာ၊ ညီလေး၊ မင်းဘယ်လိုဖြစ်လာတာလဲ´

အဲဒီနောက်မှာတော့ ကောင်လေးရဲ့ အတိတ်ကို သူနဲ့အတူ ကျနော်ပါ စီးမျော လိုက်ပါသွားမိပါတော့တယ်။

***

`ဒီလိုပါ အကို၊ ကျနော့်အသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်၊ အင်းစိန်မှာ နေပါတယ်။ ကျောင်းနေတုန်းပါ။ ကိုးတန်းပေါ့။ အိမ်မှာဆို ကျနော် အငယ်ဆုံးပါ အကို၊ အားလုံးကလည်း အလိုလိုက်ကြတယ်။ အားလုံး အလိုလိုက်တော့ ကျနော်ကလည်း မိဘနဲ့ အကိုအမတွေအပေါ် ဆိုးတာပေါ့။ အဖေကတော့ သိပ်အလိုမလိုက်ချင်ဘူး။ အဲဒီလိုနဲ့.. တနေ့မှာတော့ ကျနော် လိုချင်တဲ့ ဆီကိုဖိုက်နာရီကို အဖေ့ကို ပူဆာတာ အဖေက မ၀ယ်ပေးဘူးလေ။ ဘာရမလဲ။ သောင်းကျန်းတာပေါ့။ ဘယ်လောက် သောင်းကျန်းသောင်းကျန်း အဖေက ၀ယ်မပေးတော့ ကျနော်လဲ အဒေါ်တွေ ရှိတဲ့ မှော်ဘီဘက်သွားမယ်ဆိုပြီး အိမ်က ဆင်းလာပါတယ်´

`အင်းစိန် ဘူတာမှာ ရထားစောင့်နေတုန်း၊ စစ်သားတယောက်က ကျနော့်အနားကို လာတယ်။ မှတ်ပုံတင်ပါလားတဲ့။ နောက်တော့ ဘယ်သွားမှာလဲ၊ ဘယ်မှာနေလဲ အစုံမေးတော့တာပဲ။ ကျနော့်ကို မှတ်ပုံတင် မရှိတဲ့အတွက် မသင်္ကာမှုနဲ့ အချုပ်ထဲ ထည့်လို့ရတာတွေရော၊ ထောင်ချပစ်လို့ ရတယ်ဆိုတာတွေရော အစုံပြောတယ်။ သူခေါ်သွားမယ့် နေရာကို လိုက်ခဲ့ရင်တော့ ထောင်မကျဘူးတဲ့။ အဲဒီနေရာကတော့ စုဆောင်းရေး လေ။ ´

`အဲဒီလိုနဲ့ပဲ နောက်ဆုံးတော့ ကျနော် စုဆောင်းရေးကို ရောက်သွားတယ်။ အဲဒီမှာ ဆယ်ရက်လောက်နေရတယ်။ နောက်တော့ ဒီမြို့က ခလရ(…) မှာ သင်တန်းလာတက်ရတာပါပဲ အကိုရာ။´

`ဒါဖြင့် မင်းအိမ်က မသိကြဘူးပေါ့´
`မသိကြဘူး အကို´
`မင်းအသက် ဆယ့်ရှစ်နှစ်မှ မပြည့်သေးတာ၊ မပြောပြဘူးလား´
`ပြောတယ် အကို၊ ဒါပေမယ့် မရပါဘူး၊´
`အခု၊ မင်းဘာဆက်လုပ်မလဲ´
`ကျနော် ပြေးလာတာ အကို၊ ကျနော် အိမ်ပဲ ပြန်ချင်တယ်၊ ကျောင်းဆက်နေချင်တယ်´

ပြောရင်းနဲ့ မျက်ရည်တွေ တွေတွေကျလာတဲ့ ကောင်လေးကို ကြည့်ရင်း ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားပါတယ်။ ဟုတ်တာပေါ့..။ ဒါ.. ကျောင်းနေသင့်သေးတဲ့ အရွယ်လေ။ ကျောင်းဝတ်စုံဖြူစိမ်းလေးနဲ့ ကျက်သရေ ရှိနေရမယ့် အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေး တယောက် ဘယ့်နှယ့်ဖြစ်ပြီး ဒီလိုပုံစံ ဖြစ်နေရပါလိ့မ်။

စဉ်းစားရင်းနဲ့လည်း ဦးနှောက်ကို ခပ်သွက်သွက်လေး အလုပ်ပေးရပါတယ်။ သူ့ကို သူ့အိမ်အရောက်တော့ ပို့ပေးလို့ မဖြစ်နိုင်၊ စစ်တပ်ထဲကိုလည်း ပြန်မအပ်ချင်ပါဘူး။ ဒါပေမယ့် အန္တရာယ်ကတော့ ကြီးပါတယ်။ စစ်ပြေးကို လက်ခံထားရင် ထောင် ၂ နှစ်ချလို့ ရသတဲ့။ ဟူး…။

ကြိုကြားထွက်တတ်တဲ့ ကားတစီးစီးနဲ့ ထည့်ပေးလိုက်ရင် ကောင်းမလား။ မဖြစ်သေးပါဘူး။ လမ်းက ဂိတ်တခုခုမှာ ပြန်မိသွားမှ အခက်။ လမ်းမှာကလည်း ဂိတ်တွေက အများသား။ သူ့အသားအရေ နီကျင်ကျင်နဲ့ ခေါင်းကလည်း ပဲကတုံးနဲ့၊ မလွယ်လောက်ဘူး။

သင်္ဘောနဲ့ ထည့်ပေးလိုက်ရင်ရော..?။ မနက်စောစော ထပြီး လူတွေ အများကြီး မလာခင်သူ့ကို သင်္ဘောပေါ် အရောက်ပို့လိုက်မယ်။ သင်္ဘောထွက်သွားရင် ပြီးပြီ။ အပေါ်ထပ်ကိုတော့ တက်ခိုင်းလို့ မဖြစ်ဘူး။ အပေါ်မှာက အစောင့်ရဲတွေ ပါလာသေးတယ်။ သင်္ဘောထွက်တာနဲ့ ရှောက်သီး၊ သံပုရာသီးထုပ်တွေ ကြားမှာလိုက်သွားရင် လွတ်နိုင်တယ်။ အင်း. ဦးထုပ်တလုံးလည်း ထည့်ပေးလိုက်မှ ဖြစ်မယ်ထင်တယ်။ ငွေလည်း နည်းနည်းလိုမှာပဲ။ ဟုတ်ပြီ…။ သင်္ဘောနဲ့ပဲ ထည့်ပေးလိုက်တော့မယ်။

`ကဲ..ညီလေး´
`ဗျာ´
`ဒီလိုလုပ်
…………………………………….
……………………………………………..
…………………………………………………..´

ကျနော်ပြောတာတွေကို နားထောင်ရင်း ကောင်လေးရဲ့ မျက်လုံးက အရောင်တွေ လက်လာတယ်။ အတောင်မစုံသေးတဲ့ ငှက်ကလေးတကောင်ကို မိဘရင်ခွင်ထဲ ပြန်ထည့်ပေးရဖို့ တခုတည်းသာ စဉ်းစားနေတဲ့ ကျနော့်မှာလည်း ပီတိတွေနဲ့ အတူ ကောင်လေးနဲ့ သူ့မိဘတွေ ပြန်ဆုံမယ့် မြင်ကွင်းကို မျက်စေ့ထဲ ပုံဖော်ကြည့်တယ်။ သူတို့ အပျော်တွေကို မြင်ယောင်ကြည့်မိတယ်။

`ကဲ.. အိပ်တော့ ညီလေး၊´
`ဟုတ်.. အကို´

ဖယောင်းတိုင်မီးကို `၀ူး´ ကနဲ မှုတ်သတ်လိုက်ရင်း။ ပြတင်းတံခါးကို အသာဖွင့်၊ ကောင်းကင်ကို မော့ကြည့်တော့ လမသာတဲ့ ညမှာ ကြယ်ရောင် မှိတ်တုတ်တုတ်က အမှောင်ကို ရတတ်သလောက် အားလေးနဲ့ အံတုနေလေရဲ့။ ဒါပေမယ့် လောကတခွင်မှာတော့ အမှောင်တွေပဲ ကြီးစိုးနေသယောင်ယောင်။

***

မှေးကနဲ အိပ်ပျော်သွားခိုက်မှာ အိမ်တံခါးကို ခပ်ကြမ်းကြမ်း ထုနှက်နေတဲ့ အသံနဲ့အတူ မာထန်တဲ့ အသံတွေကြောင့် အလန့်တကြား နိုးလာပါတယ်။

`တံခါးဖွင့်စမ်း၊ မြန်မြန်´

တံခါးအပွင့်မှာပဲ ဓာတ်မီးရောင်တွေက အိမ်ထဲကို ဖြာကနဲ ကျရင်း ဟိုဟိုဒီဒီ ထိုးလို့ သားကောင်ကို ရှာပါတော့တယ်။

`တွေ့ပြီဟေ့.. တွေ့ပြီ´

ခွေခွေကလေး အိပ်နေတဲ့ သူတို့ရဲ့ သားကောင်၊ အတောင်မစုံငှက်ကလေးကို ကြမ်းတမ်းတဲ့ လက်အစုံနဲ့ အတင်းချုပ်ကိုင် ဆွဲခေါ်ပါတော့တယ်။ တုန်ယင်နေတဲ့ ကောင်လေးက ငိုယိုလို့ တောင်းပန်နေတာက ရင်နင့်စရာ..။

`ဆရာတို့ရယ်.. ကျနော် အိမ်ပြန်ချင်လို့ပါ။ မဖမ်းပါနဲ့… သား.. ကျောင်းပြန်တက်ချင်လို့ပါ၊ မဖမ်းပါနဲ့´

လာခေါ်သူ လူတစုက အရပ်ထဲမှာ သိပ်အကြာကြီး အချိန်ဖြုန်းချင်ဟန်မတူပါဘူး။ ကောင်လေးကို အိမ်ပေါ်က ခပ်ကြမ်းကြမ်းဆွဲခေါ်သွားပါတယ်။ သူတို့ထဲက ရာထူးအကြီးဆုံး ဖြစ်ဟန်တူသူ လူတယောက်က ကျနော့်ကို ရှုတည်တည်နဲ့ ကြည့်ရင်း-

`ညတွင်းချင်း ပြန်မိလို့ မင်းလဲ သက်သာသွားတယ်မှတ်ပါ။ စစ်ပြေးကို လက်ခံထားတယ်ဆိုတာ ထောင်ချပစ်လို့ရတာ မမေ့နဲ့၊ ဒါနောက်ဆုံး အကြိမ်ဖြစ်ပါစေ´

အဲဒီနောက်မှာတော့…

အိမ်ထဲမှာ ကျနော် တယောက်ပဲ ကျန်ခဲ့ပါတယ်။ အတောင်မစုံတဲ့ ငှက်ကလေးရဲ့ ငိုသံလည်း အမှောင်ထဲကို နောက်တကြိမ် တိုးဝင်ပျောက်ကွယ် သွားပြန်ပါပြီ။

နောက်နေ့ မနက်စောစောတွေမှာတော့ ကျနော် `ရှင်သန်ခြင်း´ ကဖေးကို မထိုင်ဖြစ်တော့ပါ။ ကောင်လေးတယောက် အဲဒီ လူအုပ်နဲ့အတူ ပါလာနေဆဲလား မကြည့်ရဲတော့ပါ။ မကြည့်ရက်တော့ပါ။ ဒါပေမယ့် စစ်ဖိနပ်သံ တဖြောင်းဖြောင်းနဲ့ အတူ တခါတလေမှာ ပျံ့လွင့်လာတတ်တဲ့ အသံတွေကို အိမ်ကနေကြားရတတ်ပါတယ်။ အဲဒီအခါတိုင်းမှာ အတောင်မစုံ ငှက်ကလေးကို မြင်ယောင်မိရင်း ထိခိုက်ကြေကွဲစွာ နားကို ပိတ်ထားမိပါတော့တယ်။ ဒါတောင် ပဲ့တင်သံလိုလို တစွန်းတစ ကြားလိုက်မိပါသေးတယ်။

`ဘယ်သူ့အတွက်လဲ´
`ပြည်သူ့အတွက်..
ပြည်သူ့အတွက်..
ပြည်သူ့….
ပြည်သူ့….
ပြည်သူ့..အတွက်´

သြော်…။ ပြည်သူ့အတွက်တဲ့လား။
ကလိုစေးထူး

Monday, March 19, 2007

ပုဂံလမ်းနှင့်အတူ…

ယခုအပတ် အလုပ်အားရက်မှာတော့ ကျနော်တယောက် အဝေးရောက် မြန်မာများ စုဝေးရာ အင်ဒီယားနား ပြည်နယ်၊ ဖို့ဝိန်းမြို့ကို အလည်အပတ် သွားရောက်ဖြစ်ခဲ့ပါတယ်။ မတွေ့တာ ကြာတဲ့ သူငယ်ချင်းတွေကို တွေ့ရင်း၊ စနေနေ့ညမှာ ကျင်းပတဲ့ တင့်တင့်ထွန်းရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကိုလည်း ကြည့်ရင်းနဲ့ပေါ့..။

အင်ဒီယားနားပြည်နယ်ဟာ အမေရိကန်ရောက် မြန်မာတွေ ဒုတိယ အမ
ျားဆုံး စုဝေးရာ နေရာဖြစ်နေပါပြီ။ (ပထမ အများဆုံးကတော့ ကယ်လီဖိုးနီးယား ပြည်နယ်လို့ သိရပါတယ်)။ ကိုယ်နဲ့ စရိုက်မတူ၊ ယဉ်ကျေးမှုမတူတဲ့ လူတွေကြားမှာ အလုပ်နဲ့အိမ်၊ အိမ်နဲ့ အလုပ် ဒါတွေနဲ့ပဲ ချာလပတ်လည်နေတော့ မြန်မာရနံ့၊ မြန်မာ အငွေ့အသက်တွေ ရနိုင်တဲ့ မြန်မာအစုအဝေး ရှိရာမှာ သွားရောက် စုဝေးရင်း တချို့လည်း ပြောင်းရွှေ့အခြေချရင်းနဲ့ အခုတော့ ဖို့ဝိန်းမြို့မှာ မြန်မာကွန်မြူနတီ တခု ကောင်းကောင်း ရှိနေပြီလို့ ပြောလို့ ရနေပါပြီ။

မြန်မာ လက်ဖက်ရည်ဆိုင်တောင် သွားထိုင်ဖြစ်လိုက်ပါသေးတယ်။ မြန်မာပြည်က ဆိုင်လေက် ရသ အပြည့်အ၀ မပေးနိုင်စွမ်းပေမယ့် လက်ဖက်ရည် အဖန်သောက်လို့ ကျက်သရေ အမှန်ရောက်ရင်း မတွေ့တာကြာတဲ့ မိတ်ဆွေတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ စကားလက်ဆုံကျခဲ့ပါသေးတယ်။ လက်ဖက်ရည် တခွက် တကျပ်၊ အီကြာကွေး တခု တကျပ်၊ ပဲပလာတာ တခု တကျပ် ၅၀ ပြား၊ စသဖြင့်နဲ့ ဒေါ်လာငွေ အစား ကျပ်လို့ သုံးစွဲရေးထားတာကို တွေ့မိတော့ အမိမြန်မာပြည်မှာ မြန်မာကျပ်ငွေနဲ့ အခုလိုဈေးနှုန်းအတိုင်းသာ ရှိနေရင် ဘယ်လောက်ကောင်းလိုက်မလည်းလို့ ကြံကြံဖန်ဖန် တွေးမိလိုက်ပါသေးတယ်။

စနေညနေခင်းမှာတော့ မတင့်(တင့်တင့်ထွန်း) ရဲ့ တကိုယ်တော် ရှိုးပွဲလေး လုပ်ခဲ့ပါတယ်။ အပိုင်းသုံးပိုင်း ခွဲပြီးလုပ်တဲ့ ဒီပွဲမှာ မတင့်က သူ့ရဲ့ အဖွင့်သီချင်းကို ရန်ကုန်မှာ သီဆိုခွင့်မရတာကြာခဲ့ပြီဆိုတဲ့ `ဒါလေးများ´ သီချင်းနဲ့ စဖွင့်ပါတယ်။ ခပ်မြူးမြူးလေးပေါ့။ စတေ့ရှိုးပွဲ ပုံလေးတွေကို အောက်မှာဖော်ပြလိုက်ပါတယ် ခင်ဗျာ။


စတေ့ရှိုးပွဲ မစမီ ရောက်နှင့်နေကြတဲ့ ပရိသတ်များပါ။ ဒီပွဲကို လူလေးရာနဲ့ ငါးရာအကြား လာရောက်ကြတယ်လို့ ခန့်မှန်းရပါတယ်။ လက်မှတ်ခကတော့ တစောင် ၂၀ ဒေါ်လာ၊ ကျောင်းသားများအတွက် တဆယ့်ငါးဒေါ်လာပါ။


ဖြေဖျော်မှု ပထမ အပိုင်းက မတင့်ရဲ့ ပုံတချို့ပါ။ မတင့်ရဲ့ ယခုပွဲ ၀တ်ပုံစားပုံဟာ ၂၀၀၄ ခုနှစ်တုန်းက နယူးယောက်မှာ လုပ်သွားတဲ့ ပွဲထက်စာရင် အတော် အဆင်ပြေလုံခြုံပါတယ်။


ဒါကတော့ ဒုတိယ အပိုင်း ဖျော်ဖြေမှု ပုံရိပ်တွေပါ။



မတင့်ရဲ့ တတိယ အပိုင်း ဖျော်ဖြေမှု မစခင်မှာ ကြားဖြတ်အစီအစဉ်အနေနဲ့ လူငယ် တချို့ သီချင်းဆိုပါတယ်။ အထက်ပါ လူငယ်နှစ်ဦး (ကိုယ်တိုင်ရေး သီချင်းလို့ ယူဆရတဲ့) သီဆိုသွားတဲ့ `မြန်မာပြည်သား ဘ၀´ ဆိုတဲ့ သီချင်းဟာ ပရိသတ်ရင်ကို ခံစားချက် မြားစင်းများ သဖွယ် ထိမှန်စေခဲ့ပါတယ်။ တိုးတက်နေတဲ့ ဒီတိုင်းပြည်ကြီးနဲ့ မြန်မာပြည်ဆိုတာ မယှဉ်သာနိုင်တာ သိပေမယ့် မြန်မာပြည်ကိုလည်း ဒီနိုင်ငံလို တိုးတက်စေချင်တဲ့ ခံစားချက်ကို အခြေခံ ရေးဖွဲ့ထားတဲ့ သူတို့ရဲ့ ဟစ်ဟော့ပ် သီချင်းကို နားထောင်ပြီး သူတို့ နည်းတူ ခံစားနေရတဲ့ ပရိသတ်တွေက လေထဲကို လက်တွေ ဝှေ့ယမ်းပြီး အားပေးခဲ့ကြပါတယ်။






အဲဒါကတော့ တတိယ အပိုင်း ဖျော်ဖြေမှု ပုံရိပ်တွေပါ။




ဒီဘက်နှစ်များမှာ အဆိုတော် တော်တော်များများ လုပ်လေ့ရှိကြတဲ့ လက်မှတ်ထိုး အခွေရောင်း အစီအစဉ်ကို တင့်တင့်ထွန်းကလည်း သူ့ရှိုးပွဲအပြီးမှာ လုပ်ခဲ့ပါတယ်။ တခွေ ၁၀ ဒေါ်လာပါ။ သူနဲ့ ဓာတ်ပုံတွဲရိုက်ချင်သူများနဲ့ သူ့ပရိသတ်များက ၀ယ်ယူအားပေးခဲ့ပါတယ်။

တင့်တင့်ထွန်း တကိုယ်တော် ဖျော်ဖြေပွဲရဲ့ ထူးခြားတာ တခုကတော့ `ပုဂံလမ်းမှ စောင့်နေမယ်´ သီချင်းကို တောင်းဆိုသူများရဲ့ ဆန္ဒအရ နှစ်ကြိမ်တိုင် ဖျော်ဖြေသွားတာပါ။ ကျနော့် ကင်မရာလေးမှာ ထည့်ထားတဲ့ မမ်မိုရီကဒ်ရဲ့ သိမ်းနိုင်စွမ်း ရှိသလောက်ကို ကြိုးစားပြီး အဲဒီ သီချင်းကို ရိုက်ကူးလာခဲ့ပါတယ်။ ဒီမှာ နားထောင်ပါ ခင်ဗျာ။

ဒီလိုနဲ့ နောက်တနေ့ကျတော့ ပုဂံလမ်းမှာ စောင့်နေမယ့် မတင့်ကို အသာမေ့လို့ လုပ်ငန်းခွင် အမှီပြန်ရောက်ဖို့ ကျနော်နေထိုင်ရာ ပြည်နယ်ရှိရာကို ပြန်ရပါတယ်။

တရိပ်ရိပ်ပြေးနေတဲ့ ကားကို သတိထားမောင်းရင်း …၊ အင်ဒီယားနားပြည်နယ်က နောက်မှာ ကျန်ခဲ့လို့..။ အင်း.. ပုဂံလမ်းကို အမြန်ပြန်ချင်ပါဘိ။

ကလိုစေးထူး



Thursday, March 15, 2007

ရွှေပြည်သို့ လွမ်းဆွတ်ခြင်းနှင့်အတူ…

အချိန် အားလပ်ပြီဆိုရင် ကွန်ပြူတာရှေ့မှာထိုင်၊ စာတွေ ဟိုရေးဒီရေး ရေး၊ chatting ထိုင်၊ အဲဒီအပြင် ကျနော်မကြာခဏ လုပ်လေ့ရှိတာကတော့ ၀က်ဆိုက်ပေါင်းစုံက မြန်မာပြည် ဓာတ်ပုံတွေ ကြည့်ပြီး ရွှေပြည်ကြီးကို အလွမ်းဖြေရတာပါ။

မြန်မာပြည်ဓာတ်ပုံတွေကို ကြည့်ရတာဟာ လွမ်းဆွေးမှုတွကိုလည်း ဖြစ်စေရ.၊ ရင်မောမှုတွေကိုလည်း ဖြစ်စေရ၊ ဘာပဲဖြစ်ဖြစ် အလွမ်းတော့ အတန်ငယ် ပြေသွားသလို ခံစားရပါတယ်။

အခု အချိန်ဆို ကျနော်တို့ ရွှေပြည်ကြီးမှာ ဘယ်လိုနေမှာပါလိမ့်။ ဟိုဟိုဒီဒီ လမ်းမျှော်ကြည့်မိတော့…။


မြို့ရွှေဂုံရဲ့ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲတွေ ကျင်းပနေဆဲလားမသိ၊ မှုံပြပြနဲ့ ဘောလုံးသမားတွေလို့ ထင်ရတဲ့ အဖြူစက်ကလေးတွေတော့ တွေ့မိပါရဲ့။ ဟိုးဝေးဝေးက ထိုးထိုးထောင်ထောင်ကြီးတွေ၊ ပြွတ်ပြွတ်သိပ်သိပ်ကလေးတွေ ရောပြွန်းနေတဲ့ ရန်ကုန်မြို့ကြီးက အရင်အတိုင်းလေလား။


မြို့ပြရဲ့ည အဲဒီလမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာထိုင်ချင်မိပါရဲ့။ တေးသီချင်း ခပ်အေးအေးလေးတွေ နားထောင်ရင်း၊ ရေနွေးကြမ်းတွေ တအိုးပြီးတအိုး သောက်ရင်းနဲ့ပေါ့..။ အငြင်းသန်ပြီး ကျယ်လောင်လောင် လုပ်တတ်တဲ့ သူငယ်ချင်းတွေ ပါရင် ပိုလို့ စည်သွားမယ်ထင်ရဲ့။


အဲဒီလို အကြော်စုံ ပူပူနွေးနွေးလေးတွေကို မစားရတာကြာသလို…၊

ငရုတ်သီးစိမ်းတဖဲ့ကိုက်ရင်း၊ ကြက်သွန်ဖြူ တမွှာစားရင်း မရပ်မနားဝါးရတဲ့ ဒီလို ၀က်သားတုတ်ထိုးလည်း ဝေးနေတာကြာပေါ့.။


မန္တလေးနဲ့ ပတ်သက်လို့ သားစိုးက သီချင်းထဲမှာ ဒီလို ဆိုခဲ့ပါတယ်-

`မင်းတို့ နေထိုင်တဲ့အရပ် မင်းတို့ ဂုဏ်ယူတွေးမှတ်၊ ငါတို့ မြန်မာဘုရင်တွေ နန်းစိုက်ခဲ့တဲ့ အဲဒီအရပ်၊ အဲဒီအရပ်၊ အဲဒီအရပ်..´

ဟုတ်ကဲ့..။ အဲဒီ သီချင်းစာသားရဲ့အနာက်မှာ တဆက်တည်း ပြုလုပ်ထားတဲ့ arrangement တခုကတော့ တရုတ်တွေ နဂါးလှည့်ရာမှာ တီးတဲ့ တုံချမ်းတုံချမ်း တီးလုံးပါ။


ပွင့်လန်းနေတဲ့ ပန်းလေးတွေရဲ့ နောက်က ကြိုးတံတားနဲ့အတူ ဟိုးအဝေးက တောင်ကြီးမြို့လေးရဲ့ ရှုခင်း တစိတ်တဒေသကလည်း လွမ်းမောဖွယ်ရာ..။


ဘာအဆောင်အယောင်မှ မရှိပေမဲ့ အေးချမ်းလှတဲ့ ရွာအ၀င်လမ်းကလေး၊ နေပူကျဲကျဲအောက်မှာ စပါးခြွေလှေ့နေကြတဲ့ ကျေးတောသူများ၊ ဟိုးဝေးဝေးက ထန်းပင်တန်း ခပ်အုပ်အုပ် နွေရဲ့ သရုပ်နဲ့အတူ လွမ်းလိုက်ပါဘိ..။






ငှက်ပျောသီးလေး တဖီးတလေ ရောင်းရဖို့အရေး၊ အကြော်တခုတလေ ရောင်းရဖို့အရေး အသက်အန္တရာယ်တောင် မမြင်နိုင်အားတဲ့ မြန်မာ့ သားကောင်းမိခင်များမှာလည်း ချောလဲလို့ ရေနစ်ကုန်မှ ဒုက္ခ၊ အညှော်နံ့တွေနဲ နပန်းလုံးလို့ ၀မ်းရေးကို ရုန်းနေရရှာတဲ့ လုံမကို တွေ့ရပြန်တော့လည်း စိတ်မှာ မသက်သာ။ အလွမ်းနဲ့ အတူ ရင်မှာ ခပ်နင့်နင့်..။


လူကျပ်နေဆဲ ဘတ်စ်ကားအိုတွေ၊ စာသင်ခန်းထဲမှာ ရှိသင့်တဲ့ ဈေးသည်ကလေးငယ်၊ အခုရော ဒီအတိုင်းပဲ ရှိနေလေမလား..။



အသက်သွေးချွေး စဉ်မနှေး ပေးဆပ်နေသူတွေလည်း တက်တက်ကြွကြွကြီးကို အိပ်သူကအိပ်၊ လယ်ဂျာစာအုပ်ရှေ့ချ၊ အကောက်ငွေ ထိုင်စောင့်သူ စောင့်၊ သူတို့တွေရော နေရင်းဌာနေ ဘယ်တော့များမှ ပြန်ကြမှာပါလိမ့်။





ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်ကိုတော့ တကယ်လွမ်းလှပါတယ်။ မိုးပြာရောင်ကောင်းကင်နောက်ခံ တောင်တန်းစိမ်းညှို့ညှို့၊ တောင်ခြေက အိမ်စုစုနဲ့ ကျေးတောရွာလေး၊ စိမ်းတကွက် ၀ါတကွက် လယ်ကွင်းပြင်၊ ကျနော်လက်ရှိနေနေတဲ့ မြင်ကွင်းတွေနဲ့ လားလားမှ မတူတဲ့ ရွှေပြည်ကြီးကို တမ်းတတတ လွမ်းရင်းနဲ့ ဒီပို့စ်ကို တင်လိုက်ပါရဲ့..။


ကလိုစေးထူး

Wednesday, March 14, 2007

မိုက်လိုက်ကြစို့ ..သူငယ်ချင်း…

`ဒီမယ် ဟေ့ကောင်၊ ဘဒင်ဆိုတဲ့ကောင်က လက်ထဲမှာ ဖျစ်ညှစ်လို့ရတဲ့ ပုရွက်ဆိတ်လေး မဟုတ်ဘူးကွ၊ ဘီလူးကြီး၊ သေနတ်ပစ်တယ်ဆိုတာ လက်ညှိုးလေးကို ဟောသလို ကွေးတတ်ရတယ်၊ အဲဒီလို ကွေးနိုင်ဖို့အတွက် ဆယ်နှစ်(((((။ သွားသင်လိုက်၊ ပြီးရင် ပြန်လာခဲ့၊ ငါစောင့်နေမယ်´

မထီတရီ ပြောနေသော လူကြီးအား အံကြိတ်ကာ ကြည့်နေသော လူရွယ်တဦး။ ထိုအဖြစ်အပျက်၏ နောက်ပိုင်းတွင်တော့ ယင်းလူရွယ်သည် ဘဒင် ဆိုသော လူကြီးအား ကလဲ့စားချေ လက်တုံ့ပြန်ရန် ကြိုးစားတော့သည်။

သို့သော်…။

အထက်က ကျနော်ရေးပြခဲ့တာဟာ တကယ်တော့ တကယ့်အဖြစ်အပျက် မဟုတ်ပါဘူး။ ကျော်ဟိန်း၊ ကျော်သူ၊ ဇင်မာဦး တို့ သရုပ်ဆောင်ခဲ့ပြီး နာမည်တော်တော်ကြီးခဲ့တဲ့ `အကြွေး´ ဇာတ်ကားက ဇာတ်ဝင်ခန်း တချို့ကို ပုံဖော်ထားတာပါ။

တလောကလည်း ဇာတ်ကားကြော်ငြာ တခု ကြည့်လိုက်ရပါတယ်။ ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ `မိုက်တီးလေးများ´ ဇာတ်ကား နမူနာကြော်ငြာပါ။ ခန့်မှန်းကြည့်ချက်အရ တချိန်က နာမည်ကျော်ခဲ့တဲ့ `မိုက်ချက်ကတော့ ကမ်းကုန်ပဲ (ရှုမ၀)´ ဇာတ်လမ်း ကျောရိုးကို ယူထားပုံရပါတယ်။ ဆိုးပေ့ မိုက်ပေ့ ညီအကိုတွေ အကြောင်း ဇာတ်လမ်းပါ။ ဇာတ်ဝင်ခန်း တခုမှာ အဖေ့ရက်လည် တရားနာတောင် ပြီးအောင် မစောင့်နိုင်ဘဲ အရက်ဖိုးလာတောင်းတဲ့ လူမင်းရဲ့ သရုပ်ဆောင်ကွက် တချို့ကို တွေ့လိုက်ရပါတယ်။

ယခုနှစ်ပိုင်းတွေမှာ ပရိသတ် အားအပေးကြီးပေးခဲ့ကြတဲ့၊ အကြိုက်ကြီး ကြိုက်ခဲ့ကြတဲ့ အနုပညာ ဖန်တီးတင်ပြချက်တွေ (ရုပ်ရှင်၊ ဗီဒီယို၊ သီချင်း၊ ၀တ္ထု၊) ရဲ့ ထူးခြားမှုကို တခု သွားသတိထားမိပါတယ်။ အဲဒါကတော့ ခပ်မိုက်မိုက်စာသားတွေ၊ ခပ်မိုက်မိုက်စကားတွေ၊ လက်စားချေ ဇာတ်လမ်းတွေက လူကြိုက်များနေလေသလားလို့ ထင်မိတာပါ။

ကြည့်ပါ..။

၁၉၉၈ ခုနှစ် ၀န်းကျင်လောက်မှာ `အက်ဆစ်´ အဖွဲ့ရဲ့ ပထမဦးဆုံးသော ဟစ်ဟော့ အခွေ ထွက်လာခဲ့ပါတယ်။ သူတို့အခွေထဲက ကျနော် သတိပြုမိတဲ့ စာသားတချို့...

`ငါတို့ထဲက တယောက်ကို လာထိရင်၊ အက်ဆစ်နဲ့ လောင်မြိုက်ခံရမယ်ဆိုတာ မင်းတို့ သိစေချင်´

`ငါထပ်ပြောမယ် နားထောင်အုံး၊ သတ္တိရှိရင် စိန်ခေါ်အုံး´

ဘာပဲဖြစ်ဖြစ် အက်ဆစ်အဖွဲ့ကတော့ အဲဒီ တခွေတည်းနဲ့ ပေါက်သွားခဲ့ပါတယ်။

မကြာသေးခင် နှစ်များကလည်း `ဆန်ရေ´ ဇာတ်ကားမှာ သရုပ်ဆောင် ညွှန့်ဝင်းက လမ်းမပေါ်မှာ ဖရုဿဝါစာတွေ ဆဲဆိုသရုပ်ဆောင်ပြပြီး အကယ်ဒမီ ရသွားခဲ့ပါတယ်။ အဲဒီလိုပါပဲ။ လက်စားချေတဲ့ ဇာတ်အိမ်ကို အခြေခံတဲ့ `အလင်းဖျော့ ကောင်းကင်´ ဇာတ်ကားမှာလဲ ရန်အောင်၊ မေသန်းနုတို့ အကယ်ဒမီတွေ ရသွားကြတာပါပဲ။

ကျနော် အသက် နှစ်ဆယ် ၀န်းကျင်လောက်က ထင်ပါတယ်။ မင်းသိင်္ခရေးတဲ့ `ဖြစ်ချင်ရာဖြစ် မောင်ဘချစ်´ ဆိုတဲ့ ၀တ္ထုကို အတော်ကြိုက်ခဲ့မိဖူးပါတယ်။ အဲဒီ ၀တ္ထုထဲက ဇာတ်လိုက် ဘချစ်ကို သူ့ဆရာ ဦးဂွမ်တီက `မနေ့ကဆိုတာ ကျန်ခဲ့ပြီ၊ မနက်ဖန်ဆိုတာ မလာသေးဘူး၊ ဒီနေ့မှာပဲ ပျော်အောင်နေမယ်´ ဆိုတဲ့ ဆုံးမ စကားကို အဟုတ်ကြီးထင်ခဲ့မိပါတယ်။ ဖျံကျတဲ့ အလုပ်သမားခေါင်းဆောင်ကို တော်လှန်ပစ်တဲ့ မောင်ဘချစ်ကို ကုလားအလုပ်သမားတွေက ခေါင်းဆောင် တင်တဲ့ အခန်းကိုဆိုရင် ခဏခဏ ပြန်ဖတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဇာတ်လမ်းဟာလဲ လက်စားချေမှုကို အရင်းခံတဲ့ ဇာတ်လမ်းပါပဲ။

အဲဒီတော့…၊ ဘာကြောင့်များ အဲဒီလို လက်စားချေမှု အခြေခံဇာတ်လမ်းတွေ၊ လူမိုက်စာသားတွေကို လူကြိုက်များလာနေရပါသလဲ ဆိုတာ စဉ်းစားစရာပါ။ ဘာကိုမှ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် မရတာရဲ့ ထွက်ပေါက်လေလား။ ဒါမှ မဟုတ် ကိုယ်က ပြောချင်တဲ့၊ ကိုယ့်ဆန္ဒနဲ့ ထပ်တူကျနေတဲ့ စကားတွေဟာ အနုပညာရှင်တွေရဲ့ ဖန်တီးတင်ပြချက်တွေနဲ့ (သွယ်ဝိုက်ပြီး ဖြစ်ဖြစ်) တူနေလေရော့လား။

လူရွှင်တော် ကိုဇာဂနာကတော့ ဒါဟာ အငုပ်စိတ် တခု လို့ မှတ်ချက်ချတာကို အင်တာဗျုးတခုမှာ နားထောင်လိုက်ရဖူးပါတယ်။ မှတ်သားစရာပါပဲ။ တီဗွီကို ဖွင့်လိုက်တော့လည်း ပွဲတိုင်းကျော် အစိမ်းရောင်ဝတ် ပင်တိုင်မင်းသားတွေရဲ့ ပုံရိပ်တွေပဲ မြင်နေရ၊ ရေဒီယိုနားထောင်တော့လည်း မကြားချင်တဲ့ ဦးတည်ချက်တွေနဲ့ လမ်းပျောက်မြေပုံ ဆိုတာချည်းသာ ကြားနေရတော့ စိတ်ပေါက်ပေါက်နဲ့ ခပ်မိုက်မိုက် တုံ့ပြန်ချင်တာကို ခပ်မိုက်မိုက် အနုပညာတွေကို အားပေးရင်းနဲ့ စိတ်ဖြေနေတာများလား..။

မဂ္ဂဇင်းစာအုပ် တအုပ်မှာ သီချင်းဝေဖန်ရေး ဆရာ `လင်းလက်ရဲအောင်´က `အနုပညာဆိုတာ ခေတ်ကို ထင်ဟပ်တယ်´ လို့ ရေးတာကို ဖတ်မိလိုက်ဖူးပါတယ်။ အခုထင်ဟပ်နေတဲ့ အနုပညာတွေရဲ့ ပုံရိပ်တွေက ခေတ်တခေတ်လေများ ဖြစ်နေလေရော့သလား။

ဟိုတွေး ဒီတွေးနဲ့ စဉ်းစားရတာ စိတ်ရှုပ်လာတော့ သီချင်းဖွင့်လိုက်တော့ တီဗွီထဲကနေ ဦးကျော်ဟိန်းက လက်ညှိုးငေါက်ငေါက်ထိုးလို့ ဟောသလို ပြောနေပါရောလား…။

`ငါ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်လည်း ငါဂရုမစိုက်ဘူး၊ မြန်မာပြည်ကြီးကို ကျေးဇူးတင်တယ်… ငါအသက်ရှင်နေသရွေ့တော့.. အားလုံးကို သနားနေတယ်ဟေ့´

ကောင်းရောဗျာ…။

ကလိုစေးထူး

Monday, March 12, 2007

ကျနော့်အကြိုက်(၂)…

ယခု အပတ်အတွက် ကျနော့်အကြိုက် ၀တ္ထုတိုကတော့ ၂၀၀၆ခုနှစ်၊ အောက်တိုဘာလထုတ် မဟေသီ မဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့ လင်းထင် ရဲ့ `ခေါင်းလောင်းကလေး၏ နေ့စွဲများ´ ဆိုတဲ့ ၀တ္ထုတိုလေးပါ။

စာရေးဆရာဟာ အဲဒီ ၀တ္ထုတိုကို တိုရှင်းတဲ့ ၀ါကျတိုတွေနဲ့ ထိမိစွာ သရုပ်ဖော်တာကို နှစ်သက်လှပါတယ်။ ကျေးလက် လူနေမှု စရိုက်ကိုလည်း မျက်စိထဲမှာ မြင်ယောင်လာစေပါတယ်။

စာရေးဆရာရဲ့ အရေးအသားစွမ်းရည်ကြောင့် ၀တ္ထုကလေးရဲ့ အဆုံးမှာ ကြေကွဲဖွယ် ခံစားရသလို၊ အတ္တကြီးတဲ့ ကျောင်းဆရာကိုလည်း အပြစ်တင်ချင်မိပါတယ်။ ကဲ.. ခံစားကြည့်ကြပါစို့.။

ကလိုစေးထူး

***

ခေါင်းလောင်းကလေး၏ နေ့စွဲများ

ခေါင်းလောင်းသံ မကြားရတာ ကြာတောင့်ကြာလှပြီ။

ခေါင်းလောင်းသံကို ငတ်မွတ်နေသလားဟု သူ့ကိုယ်သူ မေးကြည့်မိသည်။ အင်း.. သို့မဟုတ်၊ ဟင့်အင်း တစ်ခုခုတော့ ဖြေရလိမ့်မည်။

တကယ်တော့ ခေါင်းလောင်းသံလေးကို သူ ကြောက်ရွံ့နေတာပါလား။

**

မုန်းမြို့၊ သောင်လယ်ရွာဆိုသော မူလတန်းကျောင်း ဆိုင်းဘုတ်သေးသေးလေးက ဆေးသား ပျက်လုလု။

မြို့ပြဘ၀ မွန်းကျပ်မှုတွေကို ကျောခိုင်းကာ ရိပ်ကြီးခိုချင်နေသော သူ့အတွက် ကျေးလက်ကလေးက နွေးထွေးစွာ ဆီးကြိုခဲ့သည်ကိုတော့ တတမ်းတတ ကျေးဇူးတင်မိခဲ့သည်။ မိမိကိုယ်ကို ကျောင်းအုပ်ကြီးရယ်လို့ သွေးကြီးဟန်မရှိသော ဆရာကြီးက ကွမ်းငုံထားသော ပါးစပ်ကြီးဟကာ၊ လက်ဖ၀ါးကြမ်းကြီး နှစ်ဖက်တို့ဖြင့် ဆုပ်ကိုင်ကာ ဖြူစင်သော လှိုက်လှဲခြင်းဖြင့် သူ့ကို အသိအမှတ်ပြုလိုက်သည်။ `အားရတယ်ဗျာ..။ အဟေးဟေးဟု ကွမ်းပလုတ်ပလောင်းသံကြီးဖြင့် ထွေးပွေ့သည်။ သူတို့ကတော့ တကယ့်ကို စေတနာဆရာအစစ်တွေဟု ဆရာဇနီးမောင်နှံဘက်လှည့်ကာ မိတ်ဆက်ပေးရင်း ထောပနာပြုလိုက်တော့ တွေ့စက ကျောင်းသန့်ရှင်းရေး လုပ်သားများလားဟု တွေးထင်မိသည်ကို ချက်ချင်း နောင်တရသွားသည်။

`ဆရာလေး ရောက်လာတော့ ကျွန်တော်တို့ နောက်ဆံတင်းရတာတွေ သက်သာရာရတာပေါ့ဗျာ´

ဆရာကြီး မိတ်ဆက်ပေးသူ ဆရာက ပင်နီတိုက်ပုံနွမ်းနွမ်းကို လက်မောင်းထိ ပင့်တင်ရင်းမှ အားရပါးရဆိုလိုက်၏။ သူ့ကို ဆရာတစ်ယောက်အဖြစ် ဆီးကြိုသည့်ပွဲလေးက ဤမျှဖြင့် လေးနက်ပြည့်စုံသွားသည်။

နောင်မှ သိရသည်မှာ ထိုဆရာလင်မယားက တကယ့်စေတနာ ဆရာအစစ်၊ နှစ်ယောက်လုံး ဆယ်တန်းမအောင်၊ မူလတန်းမျှ မရှိသေးသော ရွာကလေးမှာ ကနဦး ဆရာမောင်နှံ ဖြစ်ကြသည်။ တရားဝင် ကျောင်းကလေးကျလာတော့ ကျောင်းအုပ်တယောက် ရောက်လာသည်။ တစ်ယောက်တည်း မနိုင်သော ကျောင်းအုပ်အတွက် ရွာက မေတ္တာရပ်ခံသဖြင့် ဆက်လက်ကူညီခဲ့ရပြန်သည်။ အစိုးရလစာမရှိ၊ ခံစားခွင့် ဘာမှမရှိ။ သို့သော် သမုဒယ တစ်မျှင်တစ်စဖြင့် ဆက်လက်ထမ်းရွက်ခဲ့ကြသူ တကယ့်စေတနာဆရာများ။ သူရောက်လာပြီး မကြာမီ မိသားစုဘ၀အတွက် လယ်ထဲကိုင်းထဲ ပြန်ဝင်သွားကြသည်။ ပြီး… ပြောသွားခဲ့ကြသေးသည်။

`ကျွန်တော်တို့ ပျိုးထောင်ခဲ့တဲ့ ဥယျာဉ်လေးကို ဆရာတို့လက်မှာ ယုံကြည်စွာ ၀ကွက်အပ်ခဲ့ပါပြီဆရာ´တဲ့။ သူတို့လက်ထက်က ခေါင်းလောင်းလေးကို အမှတ်တရပေးသည်။ ကြည်လင်ပြုံးရွှင်နေသော သူတို့ရှေ့မှာပင် ခေါင်းလောင်းလေးကိ သူဝှေ့ယမ်းလိုက်သည်။

ခေါင်းလောင်းသံ ချိုချိုလေးတစ်ခု လှိုင်းတွန့်များအဖြစ် လွင့်ပျံ့သွားပါသည်။ သူ ကျေနပ်စွာဖြင့် မှတ်ချက်ချလိုက်သည်။

`ငွေသံကြေးသံ မပေါက်တဲ့ ခေါင်းလောင်းလေးပါလား´

**

ရွာကလေးက ခရိုင်မြို့ပြ တောင်ငူနှင့် မိုင်အတော်ဝေးသည်။ ဖြူးမြို့မှသည် အရှေ့ဘက်စူးစူးကို တက်လိုက်လျှင် စစ်တောင်းမြစ်ကမ်းနဖူးမှ အုတ်ဖြတ်မြစ်ဆိပ်။ ရေစီးသန်သော စစ်တောင်းမြစ်က ဖောင်ကူးတို့သမားတွေကို အကျီစားသန်တတ်သည်။ တစ်ဖန် အရှေ့ဘက်ကမ်းကို ခြေကျင်ခရီးဆက်တော့ ကျောက်ကြီးမြို့နယ်၏ တိုက်နယ်မြို့ဟု ဆိုနိုင်သော `မုန်း´ မြို့၏ ကျောထောက်နောက်ခံများထဲက ရေအိုးစင်၊ ကော့ဗျင်း၊ ပအို့ဝ်ရွာ၊ ဒိုးတန်း၊ ဆင်ခေါင်းကလယ်ရွာ (ကုလားရွာ)၊ နွယ်တန်းနှင့် သောင်လယ်ရွာ ညီအစ်ကို။

လွန်ခဲ့သော နှစ်လေးဆယ်လောက်က စစ်တောင်းမြစ်နှင့် မုန်းချောင်း နှစ်ဖက်ညှပ်၍ ရေတိုက်စားသဖြင့် ရွာကြီးတစ်ရွာ ပျောက်ဆုံးသွားသည်။ ငယ်သူတွေ သိကြမည် မဟုတ်တော့။ သင့်ရာမှာ ရွာတည်ဖို့ တိုင်ပင်ကြတော့ နေရာရွေးရာမှာ နှစ်စုကွဲသွားသည်။ မြစ်ရေတိုက်စားမှုအရ ယခုရွေးသောနေရာမှာ မလွတ်ကင်းဟု တစ်ဖက်ကိုတစ်ဖက် အပြစ်တင်ကြသည်။ သို့နှင့် ကိုယ်ကြိုက်တဲ့ဘက်ကို လိုက်ပါရင်း နွယ်တန်းရွာနှင့် သောင်လယ်ရွာအဖြစ် နှစ်ရွာ ကွဲသွားသည်။

စစ်တောင်းမြစ်ရေ ကျချိန်တွင် ရွာဟောင်းဘ၀က ဘုန်းတော်ကြီးကျောင်းမှ ကျွန်းလုံးငုတ်တွေ ပေါ်လာတတ်တာ မီလိုက်သော လူကြီးအချို့သာ သိကြတော့လေသည်။

**

သမီးလေး နန်းမွန်ကြည်…။

ခေါင်းလောင်းသံနှင့် မရှေးမနှောင်းတွင် နန်းမွန်ကြည် လွယ်အိတ်နွမ်းလေးလွယ်ကာ ရောက်လာတတ်သည်။ စာသင်လိုစိတ်ရှိသော ကလေးမလေး။ သို့သော် မိဘနှစ်ဦးက ရွာနှစ်ရွာကွဲသွားချိန်မှာ မအေက ယောက္ခမများနှင့် မနေလိုက်၍ သောင်လယ်ရွာဘက် လိုက်ချင်သည်။ ဖအေက မိဘများနှင့် မခွဲလို၍ နွယ်တန်းရွာဘက် နေချင်သည်။ ကလေးသုံးယောက်ရမှ နယ်လုရင်း တရွာစီ ကွဲသွားကြသည်။ ကလေးတွေက ဖအေ့ရွာသွားလိုက်၊ မအေ့ရွာသွားလိုက်။ ကာလတစ်ခု အကွာမှာ အိမ်ထောင်သစ်တွေ ထူဖြစ်ကြတော့ ခဏကွဲရာမှ တစ်ဘ၀ ကွဲသွားကြတော့သည်။

နန်းမွန်ကြည်၏ ဘ၀လေးကိုတော့ ကျောင်းကလေးကို ၀ကွက်အပ်ခဲ့သော ဆရာဟောင်းကသူ့ကို ကြေကွဲစွာ ပြောခဲ့ဖူးသည်။

`ဘာမှ မဟုတ်လောက်တဲ့ မာနကိုယ်စီနဲ့ မိဘတွေက ကွဲပြားသွားကြတာ။ နန်းမွန်ကြည်က စာသင်ချင်စိတ် သိပ်ရှိတယ်ဗျာ။ အခုအတိုင်းဆို သူ့အမေက မူလတန်းအောင်ရင်တောင်မှ ကျောင်းဆက်ထားမယ့်ပုံ မပေါ်ဘူး´

နန်းမွန်ကြည်အမေက နောက်အိမ်ထောင်နှင့် ကိုယ်ဝန်လွယ်ထားရသည်။ ပထွေးငါးရှာရာနောက်ကို တကောက်ကောက် လိုက်ရသည်။ ကလေးကို ခါးထစ်ခွင်ကာ ခါးချည့်အောင် ကလေးထိန်းရသည်။ ကျောင်းသင်ခန်းစာထဲမှာ မကြာခဏ ငိုက်တတ်သော နန်းမွန်ကြည်ကို ကြည့်ကာ ကြေကွဲမိရသည်။

နန်းမွန်ကြည် ၄ တန်းရောက်သောနှစ်။ ကိုယ့်သမီးလေးလိုပဲ သမုဒယ တစ်မျှင်တစ်စ ရစ်ပတ်ကာ ကျောင်းဆက်ထားပေးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

နန်းမွန်ကြည် သမီးလေး… သမီးလေး နန်းမွန်ကြည်။ မျက်လုံးတောက်တောက်ကလေးက လျင်မြန်ပါးနပ်သော ဉာဏ်ရည်အချို့ကို ဖော်ပြနေလေသလား၊ စိတ်ဝင်တစားရှိသော မျက်လုံးလေးတွေက သူ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

သမီးလေး နန်းမွန်ကြည်…။ ၄ တန်းအောင်ဖို့တော့ သမီးလေးတာဝန်ပဲနော်။ ဆရာ မြို့ကို ခေါ်သွားမယ်။ ဆရာ့သမီးလေး နှစ်ယောက်နဲ့လည်း အဖော်ရသွားမှာပဲ။ ညီအစ်မ အရင်းတွေလို ဖြစ်သွားမှာပဲ။ နန်းမွန်ကြည် မျက်နှာလေးမှာ မျှော်လင့်ချက်များဖြင့် လင်းပနေခဲ့သည်။ အဲသည်မျက်နှာကို သတိရနေတယ် သမီးလေးရေ။

အတန်းတင် စာမေးပွဲပြီးတော့ သူ မြို့ကို ပြန်ရောက်သွားသည်။ ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်းကလေးကို ထားခဲ့ပြီးတော့ပေါ့။

**
ရွာကလေး၏ အရှေ့ဘက်ထိပ် ရွာဦးမှာ သက်ငယ်မိုး၍ ကွမ်းသီးပင် ကြမ်းခင်းထားသော ခြေတံရှည်ကျောင်းကလေးက သူ့အာရုံထဲမှာကို မကြာခဏ ရောက်လာတတ်ဆဲ ဖြစ်သည်။ ကွမ်းသီးပင်ကို လေးစိတ်ခွဲထားသော ကြမ်းခင်းက ၀ါးခင်းပျဉ်တွေထက် ခိုင်ခံ့ချောမွေ့သည်။ ကြာလာလေလေ အရောင်က စိုတက်လာလေလေ။ သက်ငယ်မိုးကတော့ အရှေ့ရိုးမဘက်က မိုးတွေညို၍ လေပြင်းဝှေ့လာလျှင် ရှဲခနဲ မြည်သွားတတ်သည်။ ကျောင်းပေါ်က ကြည့်လိုက်လျှင် လွှတ်ကျောင်းထားသော နွားအုပ်များကို တွေ့ရပြီး သားသည်အမေ နွားမကြီး၏ သားပျောက်တွန်သံကို ကြားရတတ်သည်။

စင်စစ် တကယ်တော့ ကြာခဲ့ပြီ။ ရွာကလေးမှာ မူလတန်းကျောင်းကို အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်လိုက်ပြီဟု သတင်းစာမှာ တွေ့လိုက်တော ဇနီး အညိုကို ပြောမိသည်။ သမီးတို့ကို ပြမိသည်။ တပည့်မလေး နန်းမွန်ကြည်အကြောင်းကိုလည်း သတိတရ ပြောမိသည်။ ရွာဦးထိပ်က ကျောင်းလေးရှိရာမှ မျှော်ကြည့်လျှင် ရွာရှေ့ အတန်ဝေးဝေးမှာ လမ်းခွဲချောင်းကူးတံတားကို မြင်ရသည်။ ထိုနေရာမှာ ရေလျှံတတ်သည်နှင့် အင်းသူကြီးတို့ ယင်းပိတ်ထားသော အကာအရံကို မြင်ရသည်။ ထိုလမ်းခွဲ လမ်းဆုံမှာက ကျေးရွာလက်ဖြစ် ဇရပ်လေးတစ်ခု။ ခရီးသွားတို့ ခဏတာ နားခိုရာဖြစ်၍ ရွာကလေး၏ တစ်ခုတည်းသော ရွာလမ်းအ၀င်အထွက်မှ တာရိုးကလေး၏ ဆုံရာလည်းဖြစ်သည်။

နှစ်ရွာကွဲသွားသော ရွာညီအစ်ကို သောင်လယ်နှင့် နွယ်တန်းကို သည်ဇရပ်လေးဆီမှ ၀င်ရထွက်ရသည်။ နှစ်ရွာလုံး၏ ရွာဦး၊ရွာထိပ်လည်းဖြစ်သည်။ ရွာကလေး၏ တည်နေပုံနှင့် သာယာပုံကို သူ့သမီးနှစ်ယောက်က အတွေးထဲမှာ ပုံဖော် ကြည့်နေကြသည်။ ကျေးလက်တောရွာဆိုတာကို မသိသော ကွန်ပျူတာတက်နေသော သမီးတို့က ပျော်စရာနေမှာပဲနော်ဟု သူ့ကို ပြောကြသည်။

သမီးတို့ ဆယ်တန်းအောင်သော နှစ်လောက်မှာ သူ၏ကျူရှင်ဆရာ ဘ၀ကလည်း သက်တမ်းတချို့ ကြာမြင့်ကာ နာမည်တစ်လုံး ထူထောင်ပြီး ဖြစ်နေပြီ။ ရူပ ဆရာလင်း၏ အဆင့်မြင့် စာကျက်ဝိုင်း။ တန်းစုံဘော်ဒါ ဆိုင်းဘုတ်တွေက ဟိုမှာ သည်မှာ…။

သောင်လယ်မှ စေတနာဆရာနှင့် တွေ့ရသောနေ့ကတော့ သူ ကြေကွဲရသော နေ့တစ်နေ့ပင်။

**
ရွှေတိဂုံကုန်းတော်ပေါ်မှ ဘုရားဖူးများအကြားမှာ ဆရာ့ကို တွေ့လိုက်ရတော့ ၀မ်းသာသွားသည်။ မတွေ့ရတာလည်း ကြာတောင့်ကြာလှပြီ။ သူက ရွာအကြောင်းလည်း မေးသည်။ အလယ်တန်းကျောင်း တိုးမြှင့်ဖွင့်လှစ်နိုင်သည့်အတွက် ၀မ်းမြောက်ကြောင်း ပြောမိသည်။ နန်းမွန်ကြည် အကြောင်းကတော့ ကြေကွဲစရာ အကောင်းဆုံးပင်။

`အဲဒီနှစ်က နန်းမွန်ကြည် ၄ တန်းအောင်တယ်။ ကျောက်ကြီး တစ်မြို့နယ်လုံးမှာ ပထမရတယ် ဆရာ။ ဆရာက မြို့ကိုခေါ်သွားမယ်။ ကျောင်းဆက်ထားပေးမယ်၊ ဆရာ့သမီးတွေနဲ့ အတူနေရမှာလို့ တစ်ရွာလုံးကို အားတက်သရော ပြောနေတယ် ဆရာ။ အောင်စာရင်း ထွက်ပြီးကတည်းက ရွာထိပ်ဇရပ်မှာ ဆရာ့ကို ထွက်မျှော်နေတာ။ သူ့ကို ဆရာက တကယ်လာခေါ်မှာတဲ့။ ဘယ်သူမှ ဖျောင်းဖျလို့ မရဘူးဆရာ။ မနက်မရုဏ်တက်မှာ နန်းမွန်ကြည် ဇရပ်ဘေးမှာ ရောက်နေပြီ။ ဇရပ်လေးကနေ တမျှော်မျှော်နဲ့ပေါ့ ဆရာ။ ည မိုးစုပ်စုပ်ချုပ်မှ နောက်တနေ့မှာ ပြန်စောင့်ပေါ့ဆိုပြီး ချော့မော့ခေါ်ရတာ နေ့တိုင်းလိုပါပဲ ဆရာရယ်´

`သြော်..´

`နောက်တော့ အအိပ်အစား မမှန်တော့ဘဲ ဖြစ်လာတယ်။ အပျိုဖော်လည်း ၀င်နေပြီဆိုတော့ ရူးသွားမှာကို စိုးရိမ်ရတဲ့ အထိလည်း ဖြစ်လာတယ် ဆရာ´

**

ထိုအချိန်မှာ တကယ်ရူးသွပ်သွားသူမှာ သူသာ ဖြစ်သင့်သည်။ ကွမ်းသီးသား ကြမ်းခင်း၊ သက်ငယ်မိုးနှင့် ခြေတံရှည် ကျောင်းကလေး။ ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်းသံ။ သောင်လယ်ရွာဆိုသော ဆိုင်းဘုတ် အစိမ်းရောင်လေးမှာ ဆေးသား ပျက်လုလု။ ပထွေးငါးရှာရာသို့ တကောက်ကောက် လိုက်ရသော တပည့်မလေး နန်းမွန်ကြည်။ မျက်လုံး တောက်တောက်နဲ့ ကျောင်းနေချင်တဲ့ တပည့်မလေး။ သူ နွေရာသီ အပြန်မှာ မပြည့်စုံသော မိသားစု ဘ၀ကို လက်ညှိုးထိုးကာ မိဘ၊ ယောက္ခမများက `တာဝန် မဲ့တဲ့ကောင်´ ဟု အပြစ် ဆိုနေခဲ့ကြ။ အစ်ကိုတယောက်က `မင်း၊ ရူးနေသလား။ ဘာများ မျှော်လင့်ချက် ရှိလို့လဲကွာ၊ မင်းလုပ်ပုံတွေ မဟုတ်သေးဘး´ ဟု ကဲ့ရဲ့လျက်…။

`ဘာတတ်နိုင်မလဲ ဆရာရယ်။ သွေးရူးလေရူးလို ဖြစ်လာပြီ ဆိုမှတော့ အိမ်ထောင် ချပေးလိုက်ရတော့တာပေါ့။ အခုဆို ကလေးတစ်ယောက် ခါးထစ်ခွင်ပြီး မုန်းဈေးမှာ ခေါပုတ်ရောင်း…´

အဲသည့်အသံကို သူမကြားရဲ။ အဲသည့် ရွာကလေးကို သူမသွားရဲ။ တပည့်မ နန်းမွန်ကြည်ကို သူမကြည့်ရဲ။ မကြည့်ရက်။ ကလေး ခါးထစ်ခွင်၍ ခေါပုတ်တောင်း ခေါင်းပေါ်တင်ကာ `မုန်း´ ဈေးတန်းထဲ ၀င်သွားသော သားသည် အမေတစ်ယောက်ကို မြင်နေရသည်။ ငါးရှာထွက်သော လင်ယောက်ျားနောက်ကို ငါးပလိုင်းလွယ်၍ လိုက်နေလေမလား။ ဟိုအိမ်ထင်းခွဲ၊ သည်အိမ်ရေခပ်၊ ခေါင်းစုတ်ဖွားနဲ့ မိန်းကလေးဆီမှာ အရောင်တောက်တောက် မျက်လုံးလေးတွေ ပျောက်နေရောပေါ့ဟု တွေးမိတိုင်း ငွေသံကြေးသံ မပေါက်သော ခေါင်းလောင်သံကိုတော့ သူ ကြားရမှာ ကြောက်နေသည်။

သို့သော် အဲသည် ခေါင်းလောင်းမျိုး မြို့ပြမှာ မရှိပါ။

လင်းထင်