Sunday, March 11, 2007

နွေအ၀င်…

နွေရာသီကို ရောက်နေပြီဆိုတာ သတိမထားမိခင်မှာဘဲ နာရီလက်တံတွေကို ရှေ့ကို တနာရီ တိုးလိုက်ရပြန်ပါပြီ။ ဒီလိုအချိန်ဆိုရင်တော့ အမိမြန်မာပြည်မှာ အတော်ပူနေလောက်ပါပြီ။ သစ်ရွက်ခြောက် ကြွေသံ တဖျောဖျောနဲ့ လှနေမယ့် မြန်မာ့နွေ၊ အညာက တမာပင်တန်းတွေနဲ့ လှနေမယ့် မြန်မာ့နွေ၊ ပင်အိုတွေ အလှချင်းပြိုင်နေမယ် မြန်မာ့နွေ၊ နွေ.. နွေ.. နွေ။

မြန်မာ့နွေနဲ့ ဒီနိုင်ငံက နွေကတော့ ခံစားရပုံချင်း အတော်ကွာပါတယ်။ ဒီမှာကတော့ အရည်ပျော်လက်စ မကုန်သေးတဲ့ နှင်းခဲပုံတွေ ဟိုတစ ဒီတစ၊ ကားသံတ၀ှီးဝှီး၊ အဖူးအငုံလေးတွေ ထွက်ပြူစပြုတော့မယ့် အပင်တွေက နွေရဲ့ သရုပ်ပါ။ အနွေးထည်ကို လက်လွှတ်လို့ မရသေးတဲ့ နွေဦးကာလ ဒီပြည်နယ်မှာ တကယ်တမ်း ပူအိုက်လာရင်တော့ မြန်မာနိုင်ငံက အညာနွေက အဘခေါ်ရပြန်ပါတယ်။ အပူအအေး မမျှတလိုက်ပုံများ၊ ကျနော်တို့ နိုင်ငံရာသီဥတုနဲ့တော့ အကွာကြီးကွာပါတယ်။

လာမယ့် သင်္ကြန်ရက် မြန်မာနိုင်ငံမှာ အားလပ်ရက် ဆယ်ရက်ကြီးများတောင် ပိတ်မတဲ့။ ဒီမှာကတော့ တနှစ်လုံးမှာမှ အားလပ်ရက် ၇ ရက်မျှသာ ရလို့ မြန်မာ့အားလပ်ရက်တွေကို ဒီကိုယူလာလို့ ရရင် သိပ်ကောင်းမှာပဲလို့ ကြံကြံဖန်ဖန် စိတ်ကူးမိပါတယ်။

နွေရဲ့ အကျည်းတန်မှု တခုလေလား မသိပါ။ အခု ဒီစာကိုရေးနေတဲ့ အချိန်မှာ ကယ်လီဖိုးနီးယား ပြည်နယ်၊ အော့ရင့်ရှ် ကောင်တီမှာ တောမီး အကြီးအကျယ် လောင်နေပါတယ်။ မြို့ပတ်ပတ်လည်တ၀ိုက် လောင်နေတဲ့ အင်အားကြီးလှတဲ့ တောမီးက တဖြည်းဖြည်းနဲ့ မြို့လေးအနားကို ချဉ်းကပ်လာရင်း မြို့အစွန်က အိမ်လေးတွေကို တလုံးပြီးတလုံး ၀ါးမျိုနေတာကို ကြည့်ရတာ ရင်ထိတ်စရာ ကောင်းလှပါတယ်။ မီးသတ်သမားတွေကလည်း လေယာဉ်၊ ရဟတ်ယာဉ်၊ မီးသတ်ကားတွေ အစုံ အသုံးချပြီး မီးကို ရပ်တန့်အောင် ကြိုးစားနေကြတုန်းပါ။ ဒါပေမယ့် အခု အချိန်ထိတော့ လောင်နေဆဲပါ။

မြန်မာနိုင်ငံမှာလည်း မီးအန္တရာယ်က မသေးလှပါ။ ၁၉၈၈ခုနှစ်ကနေ ၂၀၀၆ခုနှစ်အထိ မီးလောင်မှု အကြိမ်ပေါင်း ၂၁၂၇၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မှတ်သားရပါတယ်။ တနှစ်ကို ပျှမ်းမျှ အကြိမ်ရေ ၁၁၁၉ ကြိမ်ပေါ့။ မနည်းလှတဲ့ အကြိမ်ပါပဲ။ စိန်စီသောည ဗီဒီယိုမှတ်တမ်းမှာတော့ အားကြီးလှတဲ့ မီးကို မြောင်းပုပ်ရေတွေနဲ့ ကြိုးစားငြိမ်းသတ်နေရတဲ့ မီးသတ်ရဲဘော်/ ရဲမေတွေကို တွေ့လိုက်ရပါတယ်။ ကြီးကြပ်ကွပ်ကဲသလိုလို ယောင်ပေပေလုပ်နေတဲ့ သေနတ်တကားကား လွယ်လျက်သားနဲ့ အစိမ်းရောင်ဝတ် ပုဂ္ဂိုလ်လေး တယောက်ကိုလည်း တွေ့လိုက်မိပါရဲ့။

နွေရောက်ပလားဆိုရင် ဒီပြည်နယ်သား လူချမ်းသာတချို့ကတော့ သူတို့ရဲ့ စပိဒ်ဘုတ်လေးတွေကို ကားနဲ့ဆွဲလို့ ကျနော်တို့ မစ်ချီဂန် ရေအိုင်မှာ အပျော်စီးကြပါတယ်။ တချို့ကျတော့လဲ အပျော်တမ်း ငါးမျှားကြတာပေါ့။ မနှစ်တုန်းက အဲဒီရေကန်ကို သွားပြီး ရေကူးခဲ့ပါသေးတယ်။ ဒါပေမယ့် ကျနော့်ဇာတိ မြို့က ချောင်းထဲမှာ ရေကူးရတဲ့ အရသာလောက် မက်လောက်စရာ ကောင်းတယ်မထင်ပါ။

ဒီကနွေရာသီနဲ့ ကျနော်တို့ အမိမြန်မာပြည် နွေရာသီရဲ့ ကွာခြားချက်ကြီး တခုရှိပါသေးတယ်။ မြန်မာပြည်မှာ ဆိုရင်တော့ နွေရာသီဆိုရင် အပင်တွေက အရွက်တွေ ကြွေလို့ ခြောက်သယောင်းနေတဲ့ မြင်ကွင်းကို သီချင်းရေးဆရာက `ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလဲ ပြိုင်´ လို့ တင်စားစပ်ဆိုပါတယ်။ ဒီမှာကတော့ နွေအ၀င်မှာမှ အပင်တွေက အရွက်ဖူးလေးတွေ ပြန်ထွက်ပါတယ်။ ဆောင်းအ၀င်ဆိုရင် အဲဒီအရွက်တွေက တရွက်မှ မကျန်အောင် တဖြုတ်ဖြုတ်နဲ့ ကြွေကုန်တော့ နည်းနည်းတော့ ကိုးလို့ကန့်လန့် နိုင်သား။ ဒီမှာ ဆောင်းအ၀င်မှာတုန်းက သူငယ်ချင်းတယောက်က ကားမောင်းနေရင်းနဲ့ `ဆောင်းရောက်ပြီလေ…၊ ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလဲပြိုင်´ လို့ ပြင်ဆိုပါတယ်။

နွေရာသီ မြန်မာပြည်ရဲ့ ကျနော်တို့ မြို့လေးမှာ ဘုရားပွဲတွေ လုပ်ကြတော့မှာကို မြင်ယောင်မိပါတယ်။ ဖုန်တွေတထောင်းထောင်း၊ ဇာတ်ပွဲဗလာ ခပ်ချာချာနဲ့ ပွဲဈေးတန်းမှာ အန်ဂလုံဝိုင်းသံ တညံညံ ဖြစ်နေလေမလား။ သနပ်ခါး ထူလပျစ်နဲ့ ပျိုစင်လုံမေချောတို့ရဲ့ ဘုရားပွဲည အလှကိုလည်း မှန်းဆတမ်းတမိပါရဲ့။

နွေပြီးရင်တော့ ဆောင်းက ပြန်လာအုံးတော့မယ်။ (မိုးရာသီဆိုတာက ဒီမှာ အတည်တကျ မရှိလှဘဲ ဖျောက်ဆိပ်ပါ)။ ဆောင်းပြီးတော့ရော..?၊ နွေရာသီပေါ့။ အေးလိုက် ပူလိုက်နဲ့ ဘ၀သံသရာမှာ ဘယ်လောက်များ လည်ပတ်ရအုံးမယ် မသိ။

ကလိုစေးထူး

1 comment:

Anonymous said...

ကိုသံလွင်ရေးထားတဲ့ နွေအကြောင်းကို ပူလောင် အိုက်စပ်နေတဲ့ အခန်းလေးထဲမှာဖတ်ပြီး ပိုပူသယောင်ဖြစ်သွားတယ်။ (အခု လောလောဆယ် မီးတလိုင်းပျက်နေလို့ တော်တော်လေး အိုက်စပ်စပ်ဖြစ်နေလို့ပါ)

မီးလောင်မှုကတော့ မြန်မာနိုင်ငံမှာ ဒီနှစ်စံချိန်တင်လောက်ပါတယ်။
နွေမရောက်ခင် ဆောင်းဝင်ခါစကတည်းက လောင်လိုက်တဲ့မီး။ အရင်ကတော့ နွေဦးပေါက် ပြီဆိုမှသာ မီးသတိပေး ဆော်သြတဲ့ အသံတွေ … သစ်ပင်ထက်က ဥသြငှက်အသံနဲ့အတူ မီးသတ်ကား ဥသြသံကိုလည်း ရံဖန်ရံခါ ကြားရတာပါ။
ဒီနှစ်မှာတော့ သစ်ပင်ထက်က ဥသြငှက်က ဘယ်မှာသွားအိပ်ပျော်နေလဲ မသိဘူး၊ သူ့အသံအစား အိမ်ရှေ့လမ်းမက ဖြတ်သွားတဲ့ မီးသတ်ကား ဥသြသံ ကိုသာ တပတ်တခါလောက်ကို ကြားနေရပါတယ်။ ဖယောင်းတိုင်က လောင်တဲ့မီး၊ မီးစက်လောင်စာဆီက တဆင့်လောင်တဲ့မီး၊ မီးပျက်တုန်းမေ့ပြီး လျှပ်စစ်မီးဖိုခလုတ် မပိတ်မိရာက မီးပြန်လာတော့ ပွင့်နေရာက ၀ါယာ ရှော့ဖြစ်ပြီး လောင်တဲ့မီး … ဆိုပြီး နည်းမျိုးစုံနဲ့လောင်နေကြတယ်။
နွေရယ် မိုးရယ် တော့မဟုတ်ပါဘူး။ လောင်စရာ လောင်စာ ရှိပြီး လောင်ဖို့ အကြောင်းရင်း ဖန်လာရင် မီးကတော့ လောင်မှာပဲ ထင်ပါရဲ့။ တခါတလေလည်း အမှိုက်ကစ ပြာဿဒ် မီးလောင်တတ်တယ် မဟုတ်လား။