Wednesday, March 28, 2007

လူသားများကို မလေးစားသော ဦးကျော်ဟိန်း...

`ကျနော်စဉ်းစားတယ်ဗျ။ မြန်မာနိုင်ငံမှာ၊ မြန်မာရုပ်ရှင်လောကမှာ ကြီးကျယ်ခဲ့ဖူးတဲ့ လူတွေရဲ့ သားသမီးတွေဟာ ကျော်ဟိန်းရဲ့ သားသမီးတွေလောက် ကြီးကျယ်ကြလား..? ကြီးကျယ်လာအောင် သူတို့ရဲ့ အဖေတွေ အမေတွေက လုပ်ခဲ့ကြသလားလို့ သမိုင်းကြောင်းကို ပြန်လှန်တဲ့အခါ..၊ မရှိဘူးဗျ။

ကျနော်တို့..၊ နာမည်သိပ်ကြီးခဲ့တဲ့ ဦးကျော်ဆွေ၊ သူ့သားသမီးတွေ ကြီးကြီးကျယ်ကျယ် မရှိဘူး။ ဦးရွှေဘ..၊ ကြီးကျယ်ခဲ့ဖူးတယ်။ သူ့သားသမီးတွေ မကြီးကျယ်ဘူး။ အခုလက်ရှိ..၊ ၀ါဝါ၀င်းရွှေရဲ့ သားနှစ်ယောက်၊ ကြီးကျယ်သလား? မဟန်ဘူးဗျ။ ခင်??? (မသဲကွဲ) ရဲ့သား၊ နံပါတ်ဖိုးနဲ့ သေသွားတယ်၊ မမိုက်ဘူးဗျာ။ ကျနော့်ကို လမ်းသရဲ…တဲ့။ ဒါပေမယ့် အဲဒီကောင် ခေါင်းက သိပ်သွားတယ်၊ အရမ်း… စဉ်းစားတယ်။ ခင်ဗျားတို့လည်း စဉ်းစားပါ။ ကျနော် သီချင်း တပုဒ်ဆိုထားတယ်။ စဉ်းစား..ကြ´

ရုပ်ရှင်ကား ဇာတ်ဝင်ခန်းတခု မဟုတ်ပါ။ ၀တ္ထု ဇာတ်လမ်း တပုဒ်လည်း မဟုတ်ပါ။ ကျနော် အပါအ၀င် မြန်မာ ရုပ်ရှင်၊ ဗွီဒီယိုကြည့် ပရိသတ် တော်တော်များများ နှစ်ခြိုက်အားပေးခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းက သူ့ဆီက မှတ်သားစရာ တခုခု ရလေမလားလို့ မျှော်လင့်တကြီးနဲ့ သူ့စကားတွေကို တလေးတစား နားထောင်နေတဲ့ လူငယ်များရဲ့ ရှေ့မှာ အထက်ပါအတိုင်း ပြောသွားခဲ့တာပါ။

အဲဒီစကားကို ကြားတော့ တော်တော်ကြီးကို အံ့အားသင့်သွားပါတယ်။

၂၀၀၆ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့၊ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းလူငယ်ဌာန မှာ ကျင်းပသွားတဲ့ ဆဋ္ဌမအကြိမ် နှစ်ခြင်းလူငယ် ဓမ္မညီလာခံမှာ ဖြစ်ပါတယ်။ အဲဒီညီလာခံကို ဦးစီးဦးဆောင် ကျင်းပတဲ့ လူငယ်များရဲ့ စေတနာစကားကတော့ လေးစားစရာပါ။

`မြန်မာနိုင်ငံ တနိုင်ငံလုံးမှ လာတဲ့ တိုင်းရင်းသားလူငယ်တွေဟာ..၊ တချို့ဆိုရင် သုံးလေးရက်လောက် လာရတယ်။ လမ်းမှာ တကူးတက လေးငါးရက် ရန်ကုန်ကို ငွေကြေးကုန်ကျခံပြီးတော့မှ လာရတယ်။ လူငယ်တွေ ဘ၀မှာ တခုခုလေး ရသွားစေချင်တယ်။ အဲဒီ ရသွားစေချင်တဲ့ အကြောင်းကြောင့် နိုင်ငံကျော် တဦး၊ ဒါမှမဟုတ် လူငယ်ကို ချစ်တဲ့ အနုပညာရှင်ကြီး တဦးကတော့ဖြင့် လူငယ်များကို စကားပြောပြီး အားပေးလိုက်လို့ ရှိရင်ဖြင့် သူတို့ရဲ့ လာရကျိုး၊ ပင်ပန်းရကျိုး၊ ငွေကုန်ရကျိုး အများကြီးရမယ် ဆိုတာ ကျနော်တို့ မျှော်လင့်တယ်´

အင်မတန်မှ ဖြူစင်တဲ့ စကား၊ လူကြီးသူမဆီက အဖိုးတန်စကားတွေကို လူငယ်တွေ ရသွားစေချင်တဲ့ စေတနာ စကား..။ ဒီလိုစကားတွေနဲ့ ခရီးဦးကြိုပြုပြီး တလေးတစား နားထောင်နေကြတဲ့လူတွေရဲ့ အရှေ့မှာ ဦးကျော်ဟိန်း ပြောသွားတဲ့ စကားတော်တော်များများကတော့ဖြင့် ကသောင်းကနင်း နိုင်လှတယ်လို့ မြင်မိပါတယ်။

သူ့သားသမီးတွေလောက် တခြားသော မင်းသား၊ မင်းသမီးကြီးတွေရဲ့ သားသမီးတွေက မကြီးကျယ်ကြဘူး ဆိုတဲ့ စကားဟာ အတော်ကြီးကို လက်လွတ်စပယ် နိုင်လွန်းတဲ့ စကားလို့ ထင်မိပါတယ်။ မင်းသားကြီး ကောလိပ်ဂျင်နေ၀င်းရဲ့သား ရာဇာနေ၀င်း၊ သမီး ဟေမာနေ၀င်းတို့ထက် သူ့သားသမီးတွေက ကြီးကျယ်နေတယ်လို့ ထင်လေရော့သလား။ မင်းသားကြီး ဦးသုမောင်ရဲ့ သား ဖိုးသောကြာလောက်ရော သူ့သား နေ၀င်းက ကျော်ကြားနေပြီလား။

သူတပါးကိုပုတ်ခတ်ပြီး ကြွားလုံးထုတ်သွားတဲ့ ဦးကျော်ဟိန်းကို ဒီတခါမှာတော့ တော်တော်ကြီးကို စိတ်ပျက်သွားမိပါတယ်။

သူပြောသွားတဲ့ စကားတွေကို ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်ပါ။

ပြောသွားပါသေးတယ်။

`ကျနော် သက္ကရာဇ် ၂၀၀၈ ခုနှစ်ကျရင် ဒီအလုပ် (အနုပညာ) အလုပ်တွေ မလုပ်တော့ဘူးလို့ ကျနော် သတ်မှတ်လိုက်တာဟာ ဒီလို ဟောပြောပွဲတွေ ထပ်လုပ်ချင်လို့ ကျနော် ဟိုဘက်ကို ဖြတ်လိုက်တာ၊ ကျနော် ရုပ်ရှင်ရိုက်ရတာ သီချင်းဆိုရတာ တပြည်လုံးကို မပျံ့ဘူး ဖြစ်နေတယ်၊ နောက်ဆိုရင် တဆင့်တဆင့် ဒီစကားတွေက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားမယ်´

အင်း.. ဒီအတိုင်းသာဆိုရင်တော့ ကိုယ်ကျိုးတွေ နည်းကုန်တော့မယ် ထင်ပါရဲ့ခင်ဗျာ။ ဖိလစ်ပိုင်က အက်စ်ထရာဒါလ် လို ပုံစံမျိုး လုပ်တော့မယ်လားမသိ။

အဲ.. ဒါနဲ့။ သူပြောတဲ့ ကြီးကျယ်တယ် ဆိုတဲ့ သူ့သားနဲ့သူ တွဲဖက်သီဆိုသွားတဲ့ သီချင်းကိုတော့ ဒီမှာ ကြည့်ပါ။ လူမည်းအဆိုတော် Usher ပုံစံကို အတုခိုးပြီး ဘာတွေမှန်းမသိ အိုက်တင်လုပ်ပြတဲ့ ဦးကျော်ဟိန်းရဲ့ သားတော်မောင် နေ၀င်းရဲ့ စတိုင်လ်ကိုဝင်ကြည့်မိတဲ့ ပရိသတ်ထဲက တယောက်က ချီးကျူး ထောပနာ ပြုထားပါသေးတယ်။

3 comments:

Nay Nay Naing said...

နားထောင်ကြည့်တာတော့ ခင်သန်းနုတဲ့ ... အစ်ကိုရေ ဒီဟာ အရင်ကနားထောင်ဘူးတယ်.. နားထဲ ကိုးလို့ ကန့် လန့် နဲ့  မို့  ပြီးအောင်နားမထောင်ပဲနေတာ.. ခုတော့ ပြန်နားထောင်လိုက်ပါဦးမယ်.. သူပြောတာထဲက ကောင်းတာလေးတွေ ယူပြီး။ သူ့ ရဲ့ အပြောအဆိုမတတ်ပုံတွေကို သင်ခန်းစာယူပြီး ကိုယ်မလုပ်မိအောင် ... ရှောင်ရတာပေါ့..

စိုးဇေယျထွန်း said...

နောက်ဆက်တွဲလေး ထဲ့ချင်ပါသေးတယ်

လွန်ခဲ့လပိုင်းတုန်းက ဂျာနယ် တစ်စောင်မှာဖတ်လုက်ရတာပါ။ မှတ်မိသလောက် ပြန်ဖောက်သည်ချပါမယ်။

ကျွန်တော် ဟာလာမဲ့ 2008 မှာ အနုပညာလောကကနေ လုံးဝအနားယူပါတော့မယ်။ ဒါကြောင့် ကျွန်တော့ရဲ့ ပညာအမွေတွေကို ဘယ်သူ့ကိုပေးထာခဲ့ရ မလဲဆိုပြီးကြည့်တာ။ ကျော်ဟိန်းလို ပရိတ်သတ်အပေါ်မှာ အနှစ်နာ ခံနိုင်တဲ့လူ ကျော်ဟိန်းလို အနုပညာဗီဇ ရှိတဲ့လူတွေ ရှာကြည့်လိုက် တာ ကျွန်တော် လုံးဝရှာမတွေ့ဘူး။ ဒါကြောင့် ကျွန်တော် အနုပညာလောက တွက်စိတ်ပူနေရတယ်။ အခုတော့ ကျော်ဟိန်းစိတ် မပူတော့ ဘူး။ ကျော်ဟိန်းလို အနှစ်နာခံတဲ့လူ ကျော်ဟိန်းလို ပေးဆပ်မဲ့လူကိုတွေ့သွားပြီ။
ဘယ်သူလဲဆိုတော့ ခင်ခင်ခတဲ့

သူ့သမီးတော် အလှပဂေးလေးပေါ့ဗျာ။ သူ့သမီးတော်ကိုပွဲ ထုတ်တဲ့ အခမ်းအနားမှာ အဲလိုပြောသွားတာ။

အနားယူတဲ့လူကို အနုပညာသမားလား
ဆရာ မြသန်းတင့်ဆို မသေမချင်းစာရေးသွားတယ်။ အခု လူထုစိန်ဝင်း အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ စာရေးနေတုန်း။ ရွှေမန်းတင်မောင် ဆိုရင် ကရင်းနဲ့ သေသွာတယ်။ အနုပညာရဲ့ အနားယူခြင်းဟာ တကယ်တော့ အနုပညာတွေကို ဖန်တီးနေခြင်းပဲ။

ကျွန်တော့ အမြင်ရ ပြောရရင်တော့ သူ့ခေတ်ကုန်သွားလို့ ထွက်ပြေးတာကို အနားယူတယ်လို့ လူကြားကောင်းအောင် ဟစ်တာပဲ။

Unknown said...

ဟုတ်တယ်ဗျို့
အမွေဆိုတာလဲ ခံယူထိုက်မှဖြစ်တာ။အနုပညာအမွေဆိုတာမျိုးကပိုပြီးခက်သေးတယ်။
ကိုယ့်သားသမီး ကလည်းခံယူနိုင်ရင်တော့ကောင်းပါတယ်။

ဒါပေမယ့်သူများကိုပုတ်ခတ်တာတော့မကောင်းဘူး။ မအောင်မြင်တဲ့သူတွေရှိသလိုအောင်မြင်စွာဆက်ခံနိုင်သူတွေလဲအများကြီးပါ။
ဦးသာဓုရဲ့မျိုးဆက်ကိုဘဲကြည့်မလား။ဒေါ်မြင့်မြင့်ခင်နဲ့မေဆွိကရော။
ဦးမြင့်အောင်နဲ့မို့မို့မြင့်အောင်
ရွှေမန်းတင်မောင်နဲ့ ညွှန့်ဝင်း
ဦးလူကလေးနဲ့ မြတ်ကေသီအောင်
ရာဖာနေ၀င်းတို့ အများကြီးရှိတယ်
အဆိုတော်တွေထဲမှာလဲရှိတာဘဲ…