
ဒီစာအုပ်လေးကတော့ ကျနော် စတင်ဖတ်မိမိခြင်းမှာပဲ ရင်နင့်အောင် ခံစားရပြီး နှစ်သက်ခဲ့ရတဲ့ စာအုပ်လေးပါ။ တခြားသော စာအုပ်တော်တော်များများကို ဖတ်ဖူး၊ နှစ်သက်ဖူးပေမယ့် ဒီစာအုပ်ကို ဖတ်စဉ်က ခံစားရတဲ့ ခံစားရမှုမျိုးနဲ့ မတူခဲ့တာမို့ ကျနော့် ဘလော့ဂ်ရဲ့ ပရိုဖိုင်လ်မှာ ဒီစာအုပ်ကို ဖေးဖရိတ်အနေနဲ့ ထည့်သွင်းဖြစ်ခဲ့ပါတယ်။
ဒီစာအုပ်ကို ကျနော့်ဘလော့ဂ်မှာ တဆင့် ကူးယူဖော်ပြဖို့ ကြံရွယ်ခဲ့တာ ကြာပါပြီ။ ဖြစ်ချင်တော့ ကျနော့်ဆီမှာ ရှိတဲ့ စာအုပ်ကို မိတ်ဆွေ တယောက်က ငှားသွားပြီး ပြန်မပေးတော့ပါဘူး။ အဲဒီလိုနဲ့ပဲ မတင်ဖြစ်ခဲ့တာ အခုတော့ Buffalo မြို့မှာနေတဲ့ အမရင်းတယောက်သဖွယ် ခင်မင်ရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်းဆီကနေ ဒီစာအုပ်လေးကို ထပ်မံ ရရှိခဲ့ပါတယ်။
လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း လို့ အမည်ရတဲ့ ဒီစာအုပ်ကို ရေးသားသူက ကိုဝင်းနိုင်ဦး ဖြစ်ပြီးတော့ ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။
စာမျက်နှာ ၂၂၈ မျက်နှာ ရှိတဲ့ ဒီစာအုပ်ကို အပိုင်းစဉ် အလိုက်ခွဲပြီးတော့ ကျနော် ကူးယူ တင်ပြသွားပါမယ်။ အကယ်၍များ ဒီစာအုပ်ကို မူပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ် တယောက်ယောက်ကများ ဖတ်မိရင် ကျနော့်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း တခါတည်း တောင်းပန်အပ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ခွင့်မရသူ၊ ဖတ်ရန် အခြေအနေမပေးသူ တဦးတလေကဖြစ်ဖြစ် စိတ်ဝင်တစားနဲ့ စောင့်ဖတ်တယ်ဆိုရင် ကျနော် ကူးယူတင်ဆက်ရကျိုး နပ်ပါပြီ။
လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…
ရေးသူ- ၀င်းနိုင်ဦး
မှတ်တမ်း (၁)
ထောက်လှမ်းရေး
ခေါင်းစွပ်နဲ့ သံခြေကျင်းနေ့ရက်များ
အဲဒီညက ရဲဘော်အောင်သူ (ပြည်တွင်းကိစ္စတွေမှာ အဓိက တာဝန်ရှိသူ) နဲ့ မမာမာ (ကိုအောင်သူ့ ဇနီး) ရဲ့ မိဘတွေအိမ် (တောင်ဥက္ကလာ၊ (၁၃)ရပ်ကွက်) ကို ကျနော်ရောက်တော့ ည ကိုးနာရီလောက် ရှိပါပြီ။ မန္တလေး ရဟန်းပျို သမဂ္ဂက ဦးဇင်းတပါး၊ အောက် ဗကသ (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၊ အောက်ဗမာပြည်) က ကျောင်းသားတချို့နဲ့ သွားရောက် လျှို့ဝှက် တွေ့ဆုံ ဆွေးနွေး၊ အစီအစဉ် တချို့ ချပြပြီး ကျနော် ပြန်လာတာပါ။ အိမ်ရောက်တော့ အောင်သူနဲ့ တွေ့တယ်။
`ဝေလင်းနဲ့ ချိန်းထားတာ ဒီကောင် ရောက်မလာဘူး´
တွေ့တွေ့ချင်း အောင်သူက ပြောတယ်။
`ဘယ်လိုဖြစ်တာလဲ´
`မပြောတတ်ဘူး´
`ဝေလင်းအိမ် သွား စုံစမ်းကြည့်ပါလား´
အောင်သူ ထွက်သွားတယ်။ နာရီဝက်ကြာတော့ ပြန်ရောက်လာတယ်။
`အိမ်ကိုလည်း ဝေလင်း ပြန်မရောက်သေးဘူးတဲ့။ သူ့မိန်းမက ပြောတယ်´
ကျနော် အတွေးရခက်သွားတယ်။
`သူ့မိန်းမ ဘယ်လိုနေလဲ၊ စိတ်ပူနေပုံရလား´
`ဟင့်အင်း၊ အေးအေးဆေးဆေးပါပဲ။ ဒီလိုပဲ ပြန်မလာတဲ့ ညတွေ ရှိတယ်ဆိုတော့ … …´
`ဒီကောင် အဖမ်းခံရပြီလို့ အောင်သူထင်လား´
`မပြောတတ်ဘူး၊ ဘာမဆို ဖြစ်နိုင်တဲ့ အခြေအနေပဲ´
ကျနော် တွက်ချက်ကြည့်တယ်။ အဖြေမရဘူး။ စိတ်နည်းနည်း လေးလာတယ်။
`ကိုယ် မြို့ထဲ သွားလို့ ရနိုင်လား´
`မရတော့ဘူး၊ အခု ဆယ်နာရီထိုးတော့မယ်။ ကားတွေ ဆိုက်ကားတွေလည်း လုံးဝ မရှိတော့ဘူး။ လမ်းတွေပေါ်မှာ လူတွေလည်း မရှိတော့ဘူး။ စစ်ကားတွေပဲ ပတ်မောင်းနေတယ်´
ဟုတ်တယ်။ ကာဖျူးက ဆယ်နာရီဆို စပြီ။ ငါးမိနစ်၊ ဆယ်မိနစ်ပဲ ကျန်တော့တယ်။
`ညဆယ်နာရီက မနက်လေးနာရီထိ ည မထွက်ရ အမိန့်´။
***
ဘာမှ မတတ်နိုင်တော့ဘူး။ ဒီအိမ်မှာပဲ အိပ်ရတော့မှာပဲ။ ရပ်ကွက်ထဲမှာ အိပ်စရာ အိမ် သုံးလေးအိမ်တော့ ရှိပါရဲ့။ ဒါပေမယ့် အဲဒီအိမ်တွေ အားလုံးကို ဝေလင်း သိနေတယ်။ အဖမ်းခံရထားတဲ့ လူတယောက်၊ သို့မဟုတ် အဖမ်းခံရပြီလို့ သံသယ ၀င်စရာရှိတဲ့ လူတယောက် သိနိုင်တဲ့ နေရာတွေမှာ မနေသင့်ဘူး။ ဒါပေမယ့် ဘာပဲပြောပြော အခုအချိန် ကျနော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဝေလင်းလဲ အဖမ်းခံရချင်မှ ခံရမှာပါ။ အခုလောက်ဆို အိမ်ပြန်ရောက်နေမှာပေါ့။ စသဖြင့် ကျနော် ဖြေတွေးနေမိတယ်။ အောင်သူကတော့ နှစ်လမ်း သုံးလမ်းကျော်က အိမ်မှာ သွားအိပ်တယ်။
ဘာပဲဖြစ်ဖြစ် မနက်လေးနာရီတော့ မြန်မြန်ရောက်ချင်တယ်။ သုံးနာရီခွဲဆိုရင် ကျနော် ဒီကထွက်မယ်။ မန္တလေး တက်မယ်။ ရန်ကုန်ကနေ ခဏရှောင်နေမယ်။ မန္တလေးမှာလည်း လုပ်စရာတွေ ရှိနေတယ်။
အတွေးတွေ ရှုပ်ယှက်ခပ်နေတယ်။ ကျနော် စိုးရိမ်လွန်ပြီး အတွေးတွေ ရှုပ်နေတာ ထင်ပါရဲ့။ ဒါနဲ့ စိတ်ထဲ ပေါ့ပေါ့ပါးပါး ဖြစ်အောင် အိမ်သားတွေနဲ့ ဟိုပြောဒီပြော စကားဝိုင်း ဖွဲ့နေလိုက်တယ်။ ရယ်ရယ်မောမော။
***
ဆယ်နာရီ။ ဆယ်နာရီခွဲ။ ဆယ့်တနာရီ။ ဆယ့်တနာရီခွဲ။ ဆယ့်နှစ်နာရီ…။ ဟုတ်တယ်။ ဆယ့်နှစ်နာရီလောက်လည်း ရောက်ရော အိမ်ထဲကို ထောက်လှမ်းရေးတွေ ၀င်လာပါလေရော။
သူတို့ ၀င်လာတာ သိပ်မြန်တာပဲ။ အားလုံး အရပ်ဝတ်တွေနဲ့ပါ။ လေးငါးယောက် ရှိမယ်ထင်တယ်။ လမ်းပေါ်မှာလည်း တချို့ကို လှမ်းတွေ့ရတယ်။
ကျနော်ကလည်း ဘာကြောင့်မှန်း မသိ။ အဲဒီအချိန် တကယ့်ကို အေးအေးဆေးဆေး။ စိတ်က လုံးဝ ငြိမ်ကျသွားတယ်။ စောစောက ပူပန်တာတွေတောင် မေ့သွားတယ်။ ပေါ့ပေါ့ပါးပါး။ (နောက်ပိုင်း ပြန်စဉ်းစားကြည့်တိုင်း အဲဒီတုန်းက ကျနော် ဘာကြောင့် အေးအေးဆေးဆေး ရှိခဲ့မှန်း အဖြေမရဘူး။ ကျနော် သတ္တိသိပ်ကောင်းလွန်းလို့ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့် တနေ့ ဒီလိုကြုံမယ်ဆိုတာ ကျနော် ပိုင်းဖြတ်ထားပြီးသား မို့လား။)
မှတ်မှတ်ရရ ကျနော် အဖမ်းခံရပြီဆိုပြီး စိတ် မချမ်းမမြေ့နဲ့ ကျနော့်ကို ငေးစိုက်ကြည့်နေတဲ့ အိမ်သားတွေကိုတောင် ရိုးရိုးခရီးထွက်ခါနီး နှုတ်ဆက်သလို လူစေ့အောင် ကျနော် ရယ်ရယ်မောမော လိုက်နှုတ်ဆက်လိုက်သေးတယ်။ အောင်သူ့မိန်းမရဲ့ အမေကိုတောင် `ကဲ၊ သွားပြီအမေရေ့။ အမေ ဒီညနေချက်တဲ့ ဟင်းက သိပ် စားကောင်းတာပဲ။ ကျနော်မမေ့ဘူး´ လို့ ရယ်ရယ်မောမော ပြောပြီး ဖက်ရမ်း နှုတ်ဆက်လိုက်သေးတယ်။
အမေက ဘာစကားမှ ပြန်မပြောနိုင်ဘူး။ ကျနော့်ကို ငေးနေတယ်။ (မာမာ့ အမေက ကျနော်ပြောခဲ့တဲ့ အဲဒီ နောက်ဆုံးစကားကို ကျနော့်ကို ဖမ်းသွားပြီး နောက်ပိုင်း ပြော မဆုံးဘူးတဲ့။)
ထောက်လှမ်းရေးတွေက အိမ်ထဲကနေ အမြန်ဆုံး ပြန် ထွက်ချင်ပုံရတယ်။ ရပ်ကွက်ထဲမှာ အကြာကြီး နေချင်ဟန် မတူဘူး။ ကျနော့် ပစ္စည်းတွေကို ကမန်းကတမ်း ရှာပြီး (ဘာပစ္စည်းမှလည်း သူတို့ မတွေ့ပါ) ကျနော့်ကို လက်ထိပ်ခတ်တယ်။ (လက်ထိပ်က လက်မ နှစ်ချောင်းကို ပူးပြီး ခတ်တဲ့ လက်ထိပ်)။ အောင်သူကိုလည်း သူ သွားအိပ်တဲ့ အိမ်ကနေ ဖမ်းလာတာ တွေ့ရတယ်။
`ဇော်ထက် ဘယ်မှာလဲ´
လာဖမ်းတဲ့ ထောက်လှမ်းရေးတွေထဲက အကြီးဆုံးလို့ ယူဆရသူက မေးတယ်။ ဇော်ထက်က ကျနော် ထိုင်းမှာ ရှိတုန်းက ပြည်တွင်ကို အရင် လျှို့ဝှက် လွှတ်ထားတဲ့ ရဲဘော်ပါ။
ကျနော်က…
`မနေ့ထဲက ထွက်သွားတာ ပြန်မရောက်ဘူး´
`ဘယ်မှာ ရှိနိုင်လဲ´
`မပြောတတ်ဘူး´
သူတို့က ညတွင်းချင်း အကုန် ဖမ်းချင်ပုံရတယ်။ အမှန်က ဇော်ထက် ဘယ်မှာ ရှိတယ်ဆိုတာ ကျနော် သိပါတယ်။ ညနေကမှ သူ့ကို ကျနော် တနေရာ လွှတ်လိုက်တာပဲ။ (ရဲဘော် ဇော်ထက်ရဲ့ စွန့်စားခန်းတွေ အကြောင်း ပြောမယ်ဆိုရင် အများကြီးပါ။ တာဝန်တခု ပေးလိုက်ရင် ဘယ်လောက်ပဲ အခက်အခဲ ရှိရှိ၊ ဘယ်လောက်ပဲ အခြေအနေ မပေး မပေး၊ ဘယ်လောက်ပဲ အန္တရာယ် များများ၊ မဖြစ် ဖြစ်အောင် လုပ်တတ်ပြီး၊ လုပ်ပြီးရင်လဲ `ဟောဒီမှာ ကျုပ်ဗျ´ ဆိုပြီး ရင်ကော့ ပြောတတ်တဲ့ ရဲဘော်ပါ။ အခုတော့ ဆုံးပါးသွားရှာပါပြီ)။
အဲဒီညက တခြား ရဲဘော်နှစ်ယောက်ရဲ့ အိမ်ကိုလည်း တခြားထောက်လှမ်းရေး အဖွဲ့နှစ်ဖွဲ့က သွား ၀ိုင်းသေးကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ အိမ်တွေမှာ သူတို့ မရှိကြလို့ မမိလိုက်ပါ။ ထောက်လှမ်းရေးတွေက သူတို့ ထင်ရတဲ့ နေရာတွေ သွားရောက် မွှေနှောက် ရှာဖွေကြသေးပေမယ့် ဇော်ထက်ကိုလည်း မမိလိုက်ပါ။
လမ်းထိပ်ရောက်တော့ ထောက်လှမ်းရေးတွေက ကျနော်နဲ့ အောင်သူ့ကို အသင့် စက်နှိုးစောင့်နေတဲ့ အီး-၂၀၀၀ ကားတစီးပေါ် တက်ခိုင်းတယ်။ ထောက်လှမ်းရေး တယောက်က ဘေးမှာ။ ကျနော့်ခါးကို သေနတ်ပြောင်းနဲ့ ခပ်တင်းတင်း ထောက်ထားတယ်။ ဥက္ကလာက လမ်းကြမ်းတော့ ကားက ခုန်နေတယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်း။ ကားထဲမှာတော့ တိတ်ဆိတ်လို့။
ထောက်လှမ်းရေးတွေကလည်း ဘာစကားမှ မပြောကြဘူး။ ကျနော် တခုခု ပြောချင်လာတယ်။ ဒါနဲ့ အောင်သူ့ကို မျက်စေ့ လှမ်း မှိတ်ပြလိုက်တယ်။ ကားတချက် ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း ကျနော့် နံဘေးကို ထောက်ထားတဲ့ သေနတ်က ကျနော့်ကို ဆောင့်ဆောင့် တိုးလာတာ သတိထားမိတယ်။ ဒါနဲ့ ကျနော်က ရယ်ပြီး သေနတ်နဲ့ ထောက်ထားတဲ့ ထောက်လှမ်းရေးကို-
`အဟမ်း၊ အဟမ်း၊ ဒီမှာ အကို။ လမ်းက ကြမ်းလို့ ကားက ဆောင့်နေတယ်။ မတော်တဆ ကျည်ဆံ ထွက်သွားဦးမယ်။ ကျနော်က ဒီအလုပ်တွေသာ လုပ်နေတာ သေမှာတော့ အကြောက်သား။ သေနတ် ဘေးဖယ်ထားရင် မကောင်းဘူးလား´
ကျနော်က တမင်နောက်ပြောင် ပြောတာပါ။ သူတို့ကလည်း ဒါကို သိပါတယ်။ ဒါပေမယ့် မရယ်ကြပါဘူး။ ဘာ စကားမှလည်း ပြန် မပြောကြပါဘူး။ သေနတ်ကိုလည်း ထောက်ထားတာကနေ ဖယ်မပေးပါဘူး။ ကျနော့်ကိုတော့ ၀ိုင်းပြီး စိုက်ကြည့်နေကြတယ်။ ဒီလိုနဲ့ ကားပေါ်မှာ တိတ်ဆိတ် ငြိမ်သက်သွားပြန်ပါရော။ ဒါနဲ့ ကျနော်က-
`အဟမ်း၊ အကိုတို့ကို ကျနော် တခုပြောပြချင်တယ်။ ကျနော်တို့က လက်နက်တွေ ဘာတွေနဲ့ မဆိုင်ဘူး။ အကြမ်းမဖက် Non-violence ပဲ စိတ်ဝင်စားတာ။ ဒီလိုလူတွေကိုပါ အကိုတို့က ခုလို ဖမ်းတယ်ဆီးတယ် ဆိုတော့ ကျနော်တို့ ကျောင်းသား အားလုံးကို သေနတ်ကို ယုံကြည်ခိုင်းတာ။ တနည်းအားဖြင့် တောထဲကို မောင်းထုတ်တာနဲ့ တူနေပြီ။ ဒီတော့ ကျနော်တို့ကလည်း တောထဲ မသွားချင်ဘဲ သွားကြရရရော´
`ဟေ့ကောင်။ မင်း သောက်ပါးစပ် ပိတ်ထားစမ်း´
ရှေ့မျက်နှာချင်းဆိုင် အောင်သူ့ဘေးမှာ ထိုင်နေတဲ့ ထောက်လှမ်းရေးက အံကြိတ်သံနဲ့ လှမ်းပြောလိုက်တာပါ။
`မဟုတ်ဘူးလေ။ အကိုတို့ စဉ်းစား´
ကျနော့်စကား မဆုံးလိုက်ရဘူး။ ဘေးက လူက ကျနော့်နံဘေးကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးလိုက်တာ ကျနော် `အင့်´ခနဲ အသက်ရှူကြပ်သွားတယ်။
`ဟေ့ကောင်။ မင်းသောက်တရား ဟောတာကို နားထောင်ဖို့ မင်းကို ဖမ်းလာတာ မဟုတ်ဘူး။ မင်း သောက်ပါးစပ်တော့ ဟိုရောက်မှ တွေ့မယ်။ မအေ-´
ဆဲရင်း သေနတ်ပြောင်းနဲ့ ထပ်ပြီး ဆောင့်ထိုးပြန်တယ်။ နောက်တယောက်က-
`အောက်ဆင်းထိုင်စမ်း´
ကျနော်တို့ နှစ်ယောက်လည်း ထိုင်ခုံပေါ်က ဆင်းပြီး ကားကြမ်းပြင်ပေါ် ဆင်းထိုင်ရတယ်။ ပြီးတော့ ကျနော်တို့ကို ခေါင်းစွပ် အမည်းကြီးတွေ စွပ်ချလိုက်တယ်။ မှောင်မည်းသွားတယ်။ ဘာမှ မမြင်ရတော့ဘူး။ ကျနော် နည်းနည်း တွန့်သွားတယ်။ အန္တရာယ် အနံ့ စရလာတယ်။
ဆက်ရန်…