အားကစားနည်းပေါင်းစုံကို နိုင်ငံပေါင်းစုံက ကစားသမားတွေ ပါဝင်ဆင်နွှဲကြမယ့် အဲဒီ အိုလံပစ် အားကစားပွဲတော်ရဲ့ ကြော်ငြာမှာ အားကစားပွဲတော်အကြောင်း အချက်အလက်တွေထက် ကျနော့်ကို ပိုပြီးစိတ်ဝင်စားစေတဲ့ အရာကတော့ အားကစားပွဲတော် စတင်ကျင်းပမယ့် နေ့ပါပဲ။ အဲဒီနေ့ကတော့ …။
၈-၈-၀၈ တဲ့…။
***
သူတို့နိုင်ငံအတွက်တော့ အဲဒီနေ့ အဲဒီရက်ဟာ အင်မတန်မှ ဂုဏ်ယူစရာ၊ ၀ံ့ကြွားစရာ နေ့တနေ့ ဖြစ်ပေမယ့် သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံ ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ လူသားဆန်သော စိတ်ဓာတ်ရှိသူ မြန်မာနိုင်ငံသား အားလုံးအတွက် မေ့ကောင်းစရာ မဟုတ်တဲ့ သမိုင်းဝင်နေ့တခုရဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည် နေ့တနေ့ပေါ့…။
လွန်ခဲ့တဲ့ အနှစ် ၂၀…။
အဲဒီအချိန် အဲဒီကာလတုန်းကဆိုရင် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အားလုံးရဲ့ စိတ်ထဲမှာ ၂၆ နှစ်တာပတ်လုံး အမှောင်ဖုံးခဲ့ရတဲ့ တပါတီအာဏာရှင် လက်အောက်ကနေ အလွတ်ရုန်းထွက် နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တတိုင်းတပြည်လုံး အုံးအုံးညံအောင် တက်ကြွခဲ့ကြတယ်။ လှိုက်လှိုက်လှဲလှဲ တခဲနက် အသံတွေနဲ့အတူ ပြည်သူတွေရဲ့ ရင်ခေါင်းထဲကနေ လှိုက်ခနဲ လှိုက်ခနဲ ဖြစ်အောင် အော်ဟစ်လိုက်တဲ့ `ဒီမိုကရေစီ ရရှိရေး…၊ ဒို့အရေး ဒို့အရေး´ ဆိုတဲ့ ကြွေးကြော်သံတွေဟာ လမ်းမတွေထက်ကနေ တဆင့် ဘ၀ဂ်ညံအောင် ဟိန်းလျှံခဲ့တယ်။
ချိန်ထားတဲ့ သေနတ်ပြောင်းတွေရှိရာကို လက်နက်ဗလာ၊ ရန်လိုမှုနတ္ထိနဲ့ ရင်ဆိုင်ခဲ့ကြတဲ့ လူတန်းစားပေါင်းစုံသော လူထုရဲ့ တခုတည်းသော အားမာန်ကတော့ `ဒီမိုကရေစီ ရရှိရေး´ ဆိုတဲ့ မျှော်လင့်ချက်ပါ။ အဲဒီ မျှော်လင့်ချက် တခုတည်း အတွက်နဲ့ပဲ လမ်းမပေါ်မှာ အသက်ပေါင်းများစွာ သွေးချင်းချင်းနီခဲ့ရတယ်။ အခုတော့ အဲဒီ မျှော်လင့်ချက်တွေရဲ့ သက်တမ်းဟာ ကြွေရတု တိုင်သွားခဲ့ပါပြီ။
အခုလို အနှစ် ၂၀ လွန်မြောက်လာတဲ့ အချိန်မှာ ကျနော်တို့ အားလုံးရဲ့ အဲဒီ မျှော်လင့်ချက်က ဝေးနေပြီလားလို့ တွေးမိတယ်။ မဝေးပါဘူး၊ ဒါပေမယ့် နီးသလားဆိုတော့လဲ ကျော်ဖြတ်ရဦးမယ့် အရာတွေက မြောက်များစွာ ရှိနေသေးပြန်တယ်။ ကျနော်တို့ လိုက်မမှီနိုင်တဲ့ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေး စီးချင်းထိုးမှုတွေ၊ ပျက်ပြားနေတဲ့ စည်းလုံးမှုတွေ၊ ခြစားပြိုလဲနေတဲ့ တိုင်းပြည်ရဲ့ အခက်အလက်တွေ၊ ယိုစီးနေတဲ့ ဦးနှောက်တွေ၊ အဲဒါတွေ အားလုံးကို ရင်ဆိုင် ကျော်လွှားရပါဦးမယ်။
လက်ရှိအာဏာပိုင်တွေကတော့ လတ်တလော မြန်မာပြည် အခြေအနေဟာ သူတို့လိုရာဘက်ကို ယိမ်းယိုင်လာပြီလို့ ယူဆဟန်ရှိပါတယ်။ အာဏာပိုင်တွေရဲ့ အာဘော်တွေကို ကိုယ်စားပြုတဲ့ သတင်း မီဒီယာနဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်လိုက်ရင်လဲ တက်ထောင်ချင်ဟန် ရှိတဲ့ အရေးအသားမျိုးတွေကို တွေ့လာရပါတယ်။ ဒီမိုကရေစီ အင်အားစုတွေဟာတော့ဖြင့် သူတို့(အာဏာပိုင်)တွေကို ဘယ်လိုမှ တွန်းလှန်ခြင်းငှာ မစွမ်းသာတော့ဘူး လို့ အထင်ရှိဟန်လဲ ပေါ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အထင်နဲ့ ပါစင်အောင် လွဲလှစွာနဲ့ပဲ တိုင်းပြည်က မကျေနပ်မှုတွေ ပြည့်သိပ်နေတဲ့ ဗုံးတလုံးနဲ့ တူနေတာပါ။
အဲဒီ အနှစ် ၂၀ ကာလပတ်တွင်း၊ ဒီထက်ပိုပြောရရင်တော့ `ချောက်ထဲကျတော့မယ့် တိုင်းပြည်ကို အကယ်ခံခဲ့ရတဲ့ အနှစ် ၂၀ ကာလအတွင်းမှာရော´ ကျနော်တို့နဲ့ ပုံစံမတူတဲ့ လမ်းကြောင်းကနေ အာဏာပိုင်တွေဟာ တိုင်းပြည်ကို တိုးတက်အောင် လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၁၉၈၈ ခုနှစ်မှာ ကမ္ဘာ့အဆင်းရဲဆုံးလို့ ကုလသမဂ္ဂက အသတ်မှတ်ခံထားရတဲ့ ကျနော်တို့ တိုင်းပြည်ဟာ အနှစ် ၂၀ လွန်မြောက်လာတဲ့အခါမှာ ခြအစားဆုံး၊ သတင်းလွတ်လပ်မှု မရှိဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစရှိတဲ့ သတ်မှတ်ချက်တွေကိုပါ ထပ်ဆောင်း အတိုးခံရတုန်းပါပဲ။
ပြည်သူတွေရဲ့ လူနေမှု ဘ၀ကိုကြည့်မယ်ဆိုရင်လဲ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက လူမှုဘ၀ မပြည့်စုံခဲ့တဲ့ ပြည်သူတွေ ၂၀၀၈ ခုနှစ်ကို ရောက်လာတော့လဲ `ဗိုက်ကလေး ပြည့်ရင် တော်ပါပြီဆရာရယ်´ လို့ တိုးလျှိုးတောင်းပန်နေရတုန်း၊ တုန်ချိနေတဲ့ အဘိုးအိုက နံရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်ကို ခါးတောင်းမြှောင်အောင် ကျိုက်လို့ တ၀မ်းတခါးအတွက် မြစ်ထဲမှာ ငါးရှာထွက်နေရတုန်း၊ လုံးကြီးပေါက်လှ မြန်မာလုံမပျိုလေးတွေ သူတို့ရဲ့ လုပ်အားခကို ခေါင်းပုံအဖြတ်ခံရပြီး တိုင်းတပါးသားရဲ့ ထိကပါးရိကပါးမှုကို သူတပါးနိုင်ငံမှာ ခံနေရတုန်း…။
ပွင့်လင်းစွာ ၀န်ခံရရင်တော့ ၈၈၈၈ အရေးတော်ပုံရဲ့ အသီးအပွင့်လို့ ပြောရမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးမှု အင်အားဟာ အာဏာရှင်တွေ ပြိုလဲကျဆုံးသွားရစေလောက်တဲ့ ခြိမ်းခြောက်မှုမျိုးအထိ (လက်ရှိအချိန်မှာ) မရှိသေးတာပါပဲ။ ဒီလိုပြောလိုက်လို့ အပြစ်တင်ရင်လဲ ခံယူယုံပဲ ရှိပါတယ်။ ပြည်သူတွေနဲ့ စစ်တပ် တခြားစီ ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့နဲ့ တသားတည်းဖြစ်လာအောင် လုပ်ယူနိုင်စွမ်းတွေ ယခုထက် အဆပေါင်းများစွာ လိုအပ်နေသေးတာ အမှန်ပါ။
၈၈၈၈ ကာလရဲ့ အနှစ် ၂၀ ပြည့်အချိန်မှာ တွေးမိတာ တခု ရှိပါသေးတယ်။ အဲဒါကတော့ လက်ရှိအာဏာပိုင်တွေနဲ့တကွ၊ သူတို့ကို ထောက်ခံနေကြသူတွေပဲ ဖြစ်ဖြစ်၊ ဆန့်ကျင်နေကြသူတွေပဲ ဖြစ်ဖြစ် စဉ်းစားကြတဲ့ `နိုင်ငံကောင်းဖို့´ ဆိုတဲ့ အချက်ပါ။
`နိုင်ငံကောင်းဖို့ကို မျက်နှာမူလိုက်ရင် အားလုံးဟာ တဘက်ထဲမှာပါ´ …တဲ့။
သိပ်လှတဲ့ စကားလုံးပါပဲ။ ဒါပေမယ့် အဲဒီ နိုင်ငံကောင်းဖို့ကို မျက်နှာမူတယ်ဆိုပြီး လက်ရှိ အချုပ်အခြာအာဏာကတော့ ငါတို့ပဲ ဆက်ထိန်းထားမှ ဖြစ်မယ်၊ မင်းက ငါတို့လုပ်သလို လိုက်လုပ်ပေါ့၊ နိုင်ငံကောင်းဖို့အတွက်ပါကွာ ဆိုပြီး ရောချလို့တော့ မရပါဘူး။ နိုင်ငံကောင်းဖို့ကို မျက်နှာမူပြီး တဘက်ထဲ ဖြစ်စေချင်ရင် အာဏာကို ရယူထားသူကလဲ အုပ်ချုပ်ခံပြည်သူတွေရဲ့ လိုအပ်ချက်၊ ခံစားချက်ကို စာနာဖြည့်ဆည်းပေးရမှာ ဖြစ်သလို ပြည်သူတွေဘက်ကလဲ ရန်လိုမှုတွေကို လျှော့ချပြီး တူညီမှုတွေကို ပိုပြီး အားကောင်းလာအောင်သာ ကြိုးစားကြရဖို့ပဲ ရှိပါတယ်။
`နိုင်ငံကောင်းဖို့´ ဆိုတဲ့ စကားလုံးဟာ လက်ရှိ ကိုင်စွဲထားတဲ့ အာဏာကို မြဲမြံဖို့အတွက် အသုံးချခံစကားလုံး မဖြစ်သင့်သလို လက်ရှိ ကိုယ့်နေရာလေး ပျောက်သွားမှာစိုးတာနဲ့ပဲ ကိုယ်ပိုင်ခံတပ်လို အကာအကွယ်ယူတဲ့ စကားလုံးလဲ မဖြစ်သင့်ပါဘူး။
မကျေနပ်မှုတွေ ပြည့်သိပ်နေတဲ့ ကျနော်တို့ တိုင်းပြည်ကြီးဟာ မျက်နှာငယ်လှစွာနဲ့ ဖြတ်သန်းခဲ့ရတာဟာ တကယ်တော့ နှစ်ပေါင်း ၂၀ ရဲ့ ဟိုမှာဘက် ကာလများစွာကတည်းပါ။ ဟိုဘက် ဒီဘက် မျိုးဆက်တခုပြီးတခု အချိန်းအပြောင်း ဖြစ်လာပေမယ့် လက်ရှိအနေအထားဟာ ဒီအတိုင်းပဲ ဆိုတာတော့ မဖြစ်သင့်တာ အမှန်ပါ။
`အဖေအမေလဲ တာဝန်မကျေဘူး၊ ဦးလေးလဲ တာဝန်မကျေဘူး၊ ငါတို့ရဲ့ နောက်မျိုးဆက်လဲ တာဝန်… ကျေမယ်မထင်ဘူး´
MFG အဖွဲ့ရဲ့ အဲဒီစာသားထဲကလိုတော့ မဖြစ်ချင်တာ အမှန်ပါ။ ဒီတော့ ကျနော်တို့ လုပ်စရာက တခုပဲ ရှိပါတော့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေကြရုံပါပဲ။ တခုတော့ ရှိတာပေါ့၊ ကျေကြဖို့ လိုတယ်ဆိုတဲ့ တာဝန်ဟာ ပြည်သူလိုလားတဲ့ ဆန္ဒအစစ်အမှန်ကို ဖော်ဆောင်နိုင်မယ့် တာဝန်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။
ကလိုစေးထူး





