သူမက ကားကို သတိကြီးစွာနဲ့ အသာအယာ မောင်းထွက်ချိန်မှာတော့ နွေနေပူက တောက်ပလို့ကောင်းတုန်း…။
Karen Newton …။ ဒီအမျိုးသမီးကြီးနဲ့ ကျနော် အသိအကျွမ်း စဖြစ်ခဲ့တာ တနှစ်ကျော်ကျော်တော့ ရှိခဲ့ပါပြီ။ သူတို့ရဲ့ Church ကျောင်းက အထောက်အပံ့ပေးပြီး ခေါ်ယူထားတဲ့ ကရင်မိသားစုနဲ့ သူတို့အကြားက ဘာသာစကား အခက်အခဲကို ကျနော်တတ်နိုင်သလောက် ကူညီဖြေရှင်းပေးရင်းက တဆင့် Karen တို့ မိသားစုနှင့် ရင်းနှီးခွင့် ရခဲ့တာပါ။ စိတ်ရင်းသဘောထား အလွန်နူးညံ့ပြီး ကြင်နာတတ်တဲ့ သူတို့ မိသားစုဟာ ရှေးရေစက်ကြောင့်လားတော့ မပြောတတ်ပါဘူး၊ မြန်မာလူမျိုးတွေကို အလွန်ချစ်ပါသတဲ့။ ပြီးတော့ မြန်မာ့အရေးကိုလဲ အတော်လေး စိတ်ဝင်စားကြပါတယ်။ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းတုန်းကဆိုရင် သူတို့ရဲ့ Church ကျောင်းမှာ အလှူငွေ သွားကောက်ဖြစ်တော့ Karen က မြန်မာပြည် မုန်တိုင်းတိုက်ခတ်ခံရမှု အခြေအနေကို တသေတချာကို ကူညီရှင်းပြပေးခဲ့တဲ့ အပြင် သူကိုယ်တိုင်လဲ တက်တက်ကြွကြွနဲ့ပဲ အလှူငွေ ထည့်ဝင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ သူက ကျနော့်ဆီကို ဖုန်းလှမ်းဆက်ပြီး အခု လာမယ့် တနင်္ဂနွေနေ့မှာ သူတို့မိသားစုနဲ့အတူ ကန်ထဲမှာ ဘုတ်အတူစီးကြဖို့နဲ့ ညစာအတူစားဖို့ ဖိတ်ထားတာကြောင့် သူတို့ရဲ့ လူနေမှုပုံစံတမျိုးကို တစေ့တစောင်း လေ့လာခွင့်ရခဲ့တယ်ဆိုပါတော့။
ရဲတိုက်ကြီး တခုနဲ့တူနေတဲ့ အဲဒီအိမ်ကြီးထဲမှာ Karen ရယ်၊ သူ့အမျိုးသား Roger ရယ် နှစ်ယောက်ပဲ နေပါတယ်။ သားသမီးတွေက ကိုယ်ပိုင်အသိုက်အမြုံကိုယ်စီကို ခွဲထွက်သွားကြတဲ့အခါမှာ နောက်ဆုံးတော့ မိဘနှစ်ပါးပဲ ဒီအိမ်ကြီးထဲမှာ ကျန်နေခဲ့ရတယ်ဆိုတာဟာ တကယ်တော့ သူတို့ရဲ့ အသိုင်းအ၀ိုင်းမှာ သိပ်ထူးဆန်းနေတော့တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော် သတိထားမိတာကတော့ သူတို့နိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ နေ၀င်ချိန်ဟာ ခမ်းနားထည်ဝါနိုင်လွန်းတာကိုပါ။
ချမ်းသာကြွယ်ဝပေမယ့် ရိုးရိုးကုပ်ကုပ်နေတတ်ဟန် ရှိတဲ့ Roger က လှေမောင်းတဲ့ အခါမှာတော့ လူငယ်တဦးလို ဖျတ်လတ် သတိရှိလို့နေပါတယ်။ လှေမောင်းနေရင်းနဲ့ပဲ အဲဒီ ရေကန်ကြီးရဲ့ အကြောင်းကို စိတ်လိုလက်ရနဲ့ ရှင်းပြနေပါသေးတယ်။
ဓာတ်ပုံတဖျတ်ဖျတ် ရိုက်နေတဲ့ ကျနော့်ကို ရေကန်စပ်နားမှာ ဖွင့်ထားတဲ့ ပန်းခြံရဲ့ရှုခင်းတွေ ပြချင်တာနဲ့ Roger က ကမ်းစပ်တခုရဲ့ အနားထိ ဘုတ်ကို ဖြည်းဖြည်းခြင်း မောင်းပြပါတယ်။ ပန်းခြံထဲမှာ အပူအပင်ကင်းလှစွာနဲ့ လူတွေ၊ ရေကူးဖို့ ပြင်ဆင်နေကြသူ တချို့နဲ့ ကမ်းစပ်က ကလေးငယ်တချို့၊ နေပူစာလှုံနေကြသူ တချို့၊ ရေကူးကြသူတွေ အန္တရာယ်မဖြစ်ဖို့အတွက် နေပူထဲမှာ ထိုင်စောင့်နေတဲ့ လုံခြုံရေး၊ စိမ်းညှို့နေတဲ့ပန်းခြံရှုခင်းက ရုပ်ရှင်ပြကွက်လို လှပါတယ်။
ကန်ရဲ့အကျယ်က ငါးမိုင်ပတ်လည်ခန့် လောက်ရှိပေမယ့် ရေစူးအနက်ကတော့ တိမ်ပါတယ်။ အနက်ဆုံးနေရာဟာ ၉၅ ပေ ဖြစ်ပြီးတော့ အဲဒီနေရာကိုတော့ ရဲက ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ အခုမြင်နေရတာကတော့ ရေကန်ရဲ့ တနေရာမှာ Water Volleyball ကစားနေကြတဲ့ မိသားစု တခုပါ။ ကိုကိုကာလသားတို့ အကြိုက် လုံမပျိုလေးတွေလဲ လွတ်လပ်ပေါ့ပါးစွာနဲ့ ရေကူးမြူးထူးနေကြတာကို တွေ့ခဲ့ပါရဲ့။ Ski Riding ကစားကြသူတွေလဲ မနည်းပါဘူး။
ကန်ထဲကနေ Karen တို့အိမ်ကို ပြန်ရောက်တော့ ညနေတော်တော် စောင်းပါပြီ။ နောက်ထပ် မိသားစု တစု ထပ်ရောက်လာတော့ Karen က မိတ်ဆက်ပေးတာ အဲဒါ သူ့သမီးပါတဲ့။ သားအမိတတွေ တနှစ်လုံးနေမှ အခုလိုနေ့ရယ်၊ ခရစ်စမတ်ရယ်မှာပဲ သေသေချာချာ ပြန်ဆုံရတယ်လို့ ပြောတော့ သူတို့အစား ၀မ်းနည်းရမလိုလို…။ သူ့သမီးနဲ့ မိတ်ဆက်ပေးတဲ့ အချိန်မှာ Alaska ပြည်နယ်နဲ့ ကနေဒါတို့မှာ ရောက်နေတဲ့ တခြား သားသမီးတွေကို သတိရသွားလို့ ထင်ပါရဲ့…၊ Karen မျက်နှာက ခပ်ငေးငေး…။
ညစာစားပွဲအတွက် ပြင်ဆင်ကြပြီးတော့ မစားကြခင်မှာ အိမ်ကိုရောက်နေကြသူ အားလုံး အချင်းချင်း လက်ချင်းချိတ်ပြီး သီချင်းတပုဒ်ညည်းဆိုကြပါတယ်။ နားလည်မိသလောက် အဓိပ္ပာယ်လိုက်ဖော်ကြည့်တာကတော့ `ဒီနေ့ ဒီအချိန်မှာ တို့မိသားစုလေး ဆုံခွင့်ရတယ်၊ ၀မ်းနည်းစရာတွေ အခုအချိန်မှာ ဘာမှမရှိဘူး၊ အခက်အခဲအားလုံးကို ဒီနေ့မှာ တိုင်ပင်ကြမယ်၊ အနာဂတ်အတွက် ဒီနေ့ဟာ အားအင်ကွယ်´ လို့ အဓိပ္ပာယ်ရပါတယ်။ ညစာစားရင်းနဲ့ သူတို့ သားအမိတွေ စကားတွေဖောင်နေကြတဲ့ အခါမှာတော့ ကျနော်လဲ အလိုက်တသိနဲ့ ခပ်မဆိတ်ပေါ့…။
ဒီလိုနဲ့ Karen တို့အိမ်က ပြန်လာတော့ ည ၈ နာရီခွဲပါပြီ။
***
အပြန်လမ်းမှာတော့ တခုကို သွားတွေးမိပါတယ်။ သူတို့ဟာ နေ၀င်ချိန်လို့ ပြောလို့ရတဲ့ ဒီအသက်ဒီအရွယ် ရောက်နေချိန်မှာ တခြားသူတွေကို ပြန်ပြီးကူညီနိုင်နေတယ်။ အဲဒီလို ကူညီနိုင်ဖို့ကိုလဲ သူတို့မှာ ကုံလုံပြည့်စုံတဲ့ ကြွယ်ဝမှုက ရှိနေတယ်။ ပြောရင်တော့ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အပြင် အသက်ကြီးပြီး အချိန်လဲ စီးတဲ့ လူစားတွေပေါ့။ လောဘ၊ မောဟတွေကလဲ နည်းလိုက်ပါသဘိ…။
ဒါပေမယ့်...။
အသက်သာကြီးတယ်၊ လောဘဇောတွေ မသတ်နိုင်သေးတဲ့ လူတွေများကျတော့လဲ…၊ သူများကို ကူညီဖို့နေနေသာသာ…။
ကလိုစေးထူး










