Sunday, July 15, 2007

Buffalo မြို့ နှင့် Niagara ရေတံခွန် ခရီး…(၃)

Cave of the Winds

အဲဒီနေရာမှာကတော့ ရေတံခွန်ရဲ့ အောက်ခြေအထိ ရောက်အောင် ဥမင်ဖောက်၊ ဓာတ်လှေကားနဲ့ ဆင်းပြီး ရေတံခွန်အပေါ်က ကျလာတဲ့ ရေမှုန်ရေမွှားတွေကို မိုးရေချိုးရတဲ့ အလား အရသာခံစေခြင်း ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော စင်ယော်ငှက်တွေရဲ့ အသိုက်များစွာကိုလဲ အနီးကပ် လေ့လာနိုင်ပါတယ်။

အောက်ကို မဆင်းမီမှာ မိုးကာအင်္ကျီအဖြူ၊ ချော်မလဲစေဖို့အတွက် တခါစီး ညှပ်ဖိနပ်တွေ ထုတ်ပေးပါတယ်။








အဲဒီပုံတွေကတော့ နိုင်ယာဂရာ ရေတံခွန်ကို အနီးကပ်ဆုံး ထိတွေ့ခွင့် ရတဲ့ နေရာက ပုံတွေပါ။ ဆောက်လုပ်ပေးထားတဲ့ စင်္ကြန် အနီလေးရဲ့ ထိပ်ဆုံးမှာ သွားရပ်ရင် ရေမှုန်တွေက မိုးရွာနေတဲ့ အလား ထိတွေ့ပါလိမ့်မယ်။ ကျောက်ဆိုင်၊ ကျောက်တုံးတွေကြားမှာ ခဲရာခဲဆစ်ဆောက်ထားတဲ့ ဒီလူသွားစင်္ကြန်လေးတွေက အခုတော့ လာလည်သမျှ လူတွေဆီက ငွေတွေကို သဲ့ယူနေပါပြီ။


ဥ ဥနေဆဲ ငှက်မရဲ့ အသိုက်၊ အကောင်ပေါက်ခါစ ငှက်သားပေါက်လေးတွေ၊ အပျံသင်စ အတောင်မစုံငှက်လေးတွေနဲ့ မြူးတူးပျော်ပါးနေတဲ့ ငှက်စုံတွဲ ထောင်ပေါင်းများစွာကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။


Horseshoe falls ရဲ့ ထိပ် အစပ်နားမှာ ရေတံခွန်ကို အနီးကပ် ကြည့်လို့ရအောင် Terrapin Point ဆိုပြီး ဖန်တီးပေးထားပါတယ်။ လက်ရန်း ခပ်ကျဲကျဲတွေဆောက်ထားတဲ့ ဒီနေရာမှာ ရဲတချို့က ရေတံခွန်အောက်ကို ခုန်ချမယ့်လူ တဦးတလေနဲ့ ကလေးသူငယ်တွေ အောက်ကို ပြုတ်ကျမယ့် ရန်ကို စောင့်ကြည့်နေပေမယ့် ဘတ်ဖလိုမြို့နေ မြန်မာတချို့ရဲ့ အရပ်စကားအရ ABSDF မှ ရဲဘော်ဟောင်း မြန်မာတဦး ဒီနေရာကနေ အောက်ကို ခုန်ချဖူးပါသတဲ့။ အလောင်းကိုတော့ ကနေဒါဘက်ခြမ်းကနေ ပြန်ရခဲ့တယ်လို့ သိရပါတယ်။ အသဲယားစဖွယ် မြင်ကွင်း တချို့ကို ခံစားကြည့်ပါအုံး။ ရေတံခွန်ထဲကို တိုးဝှေ့ ၀င်နေတဲ့ သင်္ဘောငယ်လေးကိုလဲ ရေမှုန်တွေ ကြားမှာ မြင်နိုင်ပါတယ်။


ဟောဒီနေရာလေးမှာလဲ ရေတံခွန်အလှကို ခံစားသူ၊ ကြည့်ရှုလေ့လာသူ အတော်များပါတယ်။


ချွင်ချွင် ချွမ်ချွမ် အသံတွေနဲ့ တလှုပ်လှုပ် လျှောက်လာတဲ့ အဲဒီ အင်ဒီယန်း သုံးယောက်ကို တွေ့တော့ ဆတ်ဆတ်ဆော့ဆော့နဲ့ ဓာတ်ပုံရိုက်ခွင့် သွားတောင်းတော့ သဘောကောင်းလှစွာပဲ ရိုက်ခွင့်ပြုခဲ့ပါတယ်။ ကျနော်က စလိုက်တဲ့ အဲဒီဇာတ်လမ်းကြောင့် သူတို့ခဗျာ အချိန်အတော်ကြာကြာ တိုင်အောင် ခရီးသွားတွေရဲ့ ဓာတ်ပုံတွဲရိုက်တာကို ခံလိုက်ရပါတယ်။ ရိုးရာ အကနဲ့ သူတို့ သွားရောက် ဖျော်ဖြေမှာကတော့ Casino ရုံမှာပါတဲ့။


ပန်းခြံတနေရာက အလှစိုက်ထားတဲ့ ငရုတ်ပင်တွေပါ။ ခူးမိရင်တော့ ဒဏ်ငွေက မနည်းဘူး။


အပေါ်တက်လာလိုက်၊ အောက်ဆင်းသွားလိုက်နဲ့ အဲဒီ မိုးပျံပူဖောင်းကြီးကိုတွေ့တော့ သွားစီးကြည့်ချင်စိတ် ပေါက်လာပါတယ်။ လူတယောက် ၂၅ ဒေါ်လာဆိုတော့ လူက တွန့်ခနဲ ဖြစ်သွားတယ်။ စီးရင်ကောင်းမလား၊ မစီးရင် ကောင်းမလားနဲ့ ချီတုံချတုံဖြစ်နေတာ အတော်ကြာသွားပါတယ်။ နောက်ဆုံးတော့ မြင်ကွင်းတွေကို အပေါ်စီးက ကြည့်ချင်ဇောက အနိုင်ယူသွားပါတယ်။

တခေါက်ကို လူဆယ်ဦးသာ တင်ဆောင်တဲ့ ဒီမိုးပျံပူဖောင်းကြီးဟာ ပေလေးရာ အမြင့်အထိရောက်အောင် တက်ပါတယ်။ တကျပ်လုံးပတ်ခန့်ရှိတဲ့ သံကြိုးအကြီးကြီး တချောင်းတည်းနဲ့ ဆွဲယူထားပြီး တဖြည်းဖြည်းခြင်း ကြိုးလျှော့လို့ အပေါ်ကို တက်စေတာပါ။ ကြိုးပြတ်သွားရင်တော့ ဒီပူဖောင်းကြီးက ဟိုးအပေါ်ကို တက်သွားတော့မှာပဲလို့ တွေးလိုက်မိပါသေးတယ်။


ကနေဒါဘက်ခြမ်းက မြင်ကွင်း တချို့ကို ဒီမှာ မြင်နိုင်ပါတယ်။ (တပြည်သူရေ၊ ကနေဒါပုံ တင်ပေးတယ်နော်။ :) ) သေသေချာချာ သတိထားမိရင် တံတားပေါ်မှာ ကနေဒါဘက်ကို အ၀င်မှာ ကားတွေက ရှင်းလင်းနေသလောက် အမေရိကန်ဘက်ခြမ်းကို အ၀င်မှာ စုပြုံပိတ်ဆို့နေတဲ့ ကားတွေကို တွေ့နိုင်ပါတယ်။ ဒါဟာ အမေရိကန်တွေ သူ့နိုင်ငံထဲကို အ၀င်မှာ လုံခြုံရေးကို ဘယ်လောက်တောင် စိစစ်တယ်ဆိုတာ ပြသနေတဲ့ ပြယုဂ် တခုပါပဲ။



နိုင်ယာဂရာ ရေတံခွန်ရဲ့ အပေါ်စီး မြင်ကွင်းနဲ့ ခပ်ဝေးဝေးက မှုန်ပျပျနဲ့ မြင်ရတဲ့ ကနေဒါနိုင်ငံ မြင်ကွင်း။ ထိုးထိုးထောင်ထောင် အဆောက်အဦးတွေက အမေရိကန်နဲ့ ပုခုံးချင်းယှဉ်လို့ တိုးတက်မှုခြင်း ပြိုင်နေလေရဲ့။


ဟိုး ခပ်ဝေးဝေးက Lake Eric နဲ့ ဘတ်ဖလို မြို့ရဲ့ အပေါ်စီး မြင်ကွင်း။




လေဟုန်စီးရင်းနဲ့ မြင်ခဲ့ရတဲ့ မြင်ကွင်းတချို့ပါ။

နိုင်ယာဂရာ ရေတံခွန် ခရီးစဉ် ပို့စ်တွေကို အခု ပို့စ်နဲ့ အဆုံးသတ်ပါတော့မယ်။ တကယ်တော့ ရိုက်လာခဲ့တဲ့ ပုံတွေ မြောက်များစွာ ရှိနေသေးပေမယ့် ဒီအကြောင်းအရာချည်းပဲ တင်နေတော့ ဖတ်ရသူမှာ အီနေတော့မှာမို့ ဒီလောက်နဲ့ပဲ အပြီးသတ်ပြီးတော့ နောက်နေ့တွေမှာ တခြားသော အကြောင်းအရာတွေကို ဆက်လက် တင်သွားပါမယ်။ လာရောက် ဖတ်ရှုသူအားလုံး ပျော်ရွှင်နိုင်ကြပါစေ။


ကလိုစေးထူး

Saturday, July 14, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း… (၂)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ကားက ဟိုကွေ့ ဒီကောက်နဲ့ မောင်းနေတာ သတိထားမိတယ်။ အကွေ့တွေကို လိုက်မှတ်ကြည့်တယ်။ များလိုက်တာ။ ကြာတော့ မမှတ်မိတော့ဘူး။ (ထောက်လှမ်းရေး စာအုပ်တွေထဲမှာ ပါလေ့ရှိတဲ့ အတိုင်း ကားထဲ ဖမ်းလာသူ နေရာ မမှတ်မိအောင် လုပ်နေတာလားလို့ တွေးမိတယ်)။

နှစ်နာရီလောက် ကြာတော့ ကားရပ်သွားတယ်။ မေးမြန်း အော်ဟစ်သံတချို့ ကြားရတယ်။ အစောင့်ဂိတ် တခုနဲ့ တူပါရဲ့။ နောက်တော့ ကားက ခြံဝင်းတခုထဲ မောင်းဝင်လိုက်တယ်လို့ ထင်မိတယ်။ ခဏကြာတော့ ရပ်သွားတယ်။

`ထစမ်း´

`သွား´

ခေါင်းစွပ် မည်းမည်းထူထူကြီး စွပ်ထားတာဆိုတော့ မျက်လုံးထဲမှာ မှောင်ပိန်းနေတာ။ ဒီကြားထဲ လက်ထိပ်ကလဲ ခပ်သေးသေးဆိုတော့ ကားအနောက်ဖက်ကို ခြေထောက်နဲ့ စမ်းပြီးသွားရတယ်။ အောက် ပြုတ်ကျသွားမှာ စိုးလို့ပါ။ တကယ်တော့ စိုးရိမ်စရာ မလိုပါဘူး။ အဲဒီလို ကားကြမ်းပြင်ကို စမ်းစမ်း သွားနေချိန်မှာပဲ ထောက်လှမ်းရေး တယောက်က နောက်ကနေ ကျနော့်ကို တအားဆောင့်ကန်ထည့်လိုက်တာ ကားပေါ်ကနေ အောက်ကို ဘယ်လို ပြုတ်ကျသွားမှန်း မသိလိုက်ဘူး။ အောက်ရောက်လို့ အလန့်တကြား လူးလဲ ထမယ်ကြံရုံရှိသေး။ အောက်မှာ အရန်သင့် စောင့်နေတဲ့ လူတွေက အော်ဟစ်ဆဲဆိုရင်း ကျနော့်ကို ၀ိုင်းကန်ကြပါလေရော။ လူ ဘယ်နှစ်ယောက်လည်း မသိဘူး။ သူတို့ ၀ိုင်းကန်ကြတာ ဘယ်လောက်ကြာမှန်းလည်း မသိဘူး။ ကျနော် သတိရနေသလား။ သတိလစ်နေသလား။ ကျနော့်ကိုယ်ထဲမှာပဲ ကျနော် ရှိနေသေးလား။ ဒါမှမဟုတ် တခြား တနေရာရာမှာလား။

ကျနော့်ကိုယ်ထဲမှာပဲ ကျနော်ရှိနေတာ သေချာချိန်မှာတော့ ကျနော့်ကို သူတို့ လမ်းတလျှောက် ဒရွတ်တိုက် ဆွဲသွားနေကြပါပြီ။ နောက် ကျနော့်ကို အခန်းတခန်းထဲကို အထုပ်တထုပ် ပစ်ထည့်လိုက်သလို ပစ်ထည့်လိုက်တယ်။ အခန်းထဲ ကျနော် ပုံလဲနေတယ်။

`ထ ထိုင်စမ်း´

`နံရံကို မှီစမ်း´

ကျနော် အလန့်တကြား လူးလဲထ၊ နံရံကို မှီရင်း ဆောင့်ကြောင့် ထိုင်နေရတယ်။ သူတို့ အပြင်ထွက်သွားကြပြီး တံခါးပိတ်သံ ကြားရတယ်။ တကိုယ်လုံး ဆတ်ဆတ်တုန်အောင် နာပြီး ကျနော် မောနေတယ်။ စိုးရိမ်ပူပန်စိတ်လဲ တစိမ့်စိမ့် ၀င်လာတယ်။ ဒီကောင်တွေ လုပ်ပုံကိုင်ပုံက သောက်ရမ်းကြီးပါလား။ ဘာတွေ ဖြစ်လာဦးမလဲ။ မှန်းမရတာက ပို ဆိုးတယ်။ ခေါင်းစွပ်ကြီးကလည်း စွပ်ထား၊ ခေါင်းစွပ်ထဲမှာလည်း မှောင်မည်းနေတော့ အားငယ်သွားသလိုပဲ။ လူက ဒီမျက်လုံး ဒီအလင်းကိုပဲ အားကိုးနေရတာ မဟုတ်လား။ မျက်လုံး ရှိပေမဲ့လဲ မမြင်ရ၊ မှောင်မည်းမည်းကြီး ဖြစ်နေတော့ စိတ်က ငယ်သွားတာနဲ့ တူပါရဲ့။ မရေရာ၊ မသေချာသလိုကြီး ခံစားရတယ်။

(ခေါင်းစွပ် စွပ်တဲ့ကိစ္စမှာ လူနဲ့ နေရာတွေကို မမှတ်မိအောင် ဆိုတဲ့အပြင် အဲဒီလို စိတ်ထားမျိုး ၀င်သွားအောင်လည်း ရည်ရွယ်ပုံရပါတယ်။ ထောက်လှမ်းရေး စ ရောက်ရောက်ခြင်း ဖမ်းဆီးလာသူတွေကို လူ အဆင့်အတန်းမပေးဘဲ အောက်တန်းစား သတ္တ၀ါ တကောင်လို၊ တိရိစ္ဆာန်တကောင်လို နှိမ်ချ ရိုင်းပျပြီး ဆက်ဆံတာကလည်း စိတ်သိမ်ငယ်သွားအောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်သွားအောင် လုပ်တာပါပဲ။ အဲဒီတုန်းကတော့ အဲဒါတွေ ကျနော် မသိပါဘူး)။

အခန်းထဲမှာတော့ ကျနော် တယောက်ထဲ။ တိတ်ဆိတ်လို့၊ မောဟိုက်လို့၊ လှောင်အိုက်လို့၊ ခြောက်ခြားလို့။ ပြီးတော့ စိတ်တွေရှုပ်ထွေးလို့လည်း နေသေးတယ်။ ကျနော့်အထင် တနာရီလောက်လား၊ နှစ်နာရီလောက်လား အကြာမှာ တံခါးကို `ဒိုင်း´ခနဲ ဆောင့်ကန် ဖွင့်သံ ကြားရတယ်။ လန့်သွားတယ်။ `ဟေး´ `ဟေး´ နဲ့ ညာသံတွေ ပေး၊ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ အခန်းထဲ ပြေးဝင်လာကြတာ။ တောမှာ နွားအုပ်ပြိုင်ကျသလိုပဲ။ ညစ်ညစ်ပတ်ပတ်တွေ အော်ဟစ်ဆဲရေး၊ ကျနော့်ကို စစ်ဘိနပ်တွေနဲ့ ၀ိုင်းကန်ကြ၊ ၀ိုင်းနင်းကြ။ မှတ်မှတ်ရရ၊ တယောက်က `ငါ´ နဲ့ ကိုင်တုတ်ပြီး မျက်နှာကို ရှေ့တည့်တည့်ကနေ ဖြတ်ရိုက်ထည့်လိုက်တာ ကျနော့်မျက်လုံးထဲ မီး ၀င်းဝင်းတောက်သွားတယ်။ လက်ထိပ်က နောက်ပြန်ခတ်ထားတာ ဆိုတော့ မျက်နှာကို လက်နဲ့ ပိတ်ကာလို့ မရဘူးပေါ့။ နောက်တခါ အဲဒီလိုပဲ ဖြတ်ရိုက်ပြန်တယ်။ မျက်လုံးထဲ ၀င်းခနဲ။ နောက်တခါ။ ၀င်းခနဲ။ နောက်တခါ…

အား။ မျက်လုံးတွေ။ မျက်လုံးတွေ ရှိသေးရဲ့လား။ လွင့်စင်ထွက်များ ကျသွားပြီလား။ မျက်လုံးထဲက စေးစေးပြစ်ပြစ် အရည်တွေ စီးကျလာတယ်။ သွေးတွေလား။

`ဟင်း။ မင်းတို့က မင်းတို့ကို မင်းတို့ လည်လှပြီ ထင်နေလား။ လွှတ်ပေးထားလို့ ထားမှန်းမသိ။ မအေ- တွေ´

ကျနော် ငြိမ်နေတယ်။ အသံမထွက်အောင် မနည်း ကြိုးစားနေရတယ်။ မညည်းနဲ့။ မအော်နဲ့။

`လမ်းတုန်းကလို စကားတွေ ဘာတွေ ပြောအုံးလေကွာ´

`တရားဟောအုံးလေကွာ´

`-ီး Non-violence လားကွ´

`တကယ့် Non-violence က ဒီမှာကွ´

ရိုက်တယ်။ ထပ်ရိုက်တယ်။ ကန်တယ်။ ရိုက်…

မရပ်ကြတော့ဘူးလား။ မရပ်ကြတော့ဘူးလား။ ယဉ်ကျေးတဲ့ ဟောဒီ ရာစုကြီးမှာ။ ပညာတတ်တယောက်၊ အရပ်ရှည်ရှည် ပိန်ပိန်ကိုင်းကိုင်း။ သူရဲကောင်းဖြစ်ဖို စိတ်မ၀င်စားသူ။ ဒါပေမယ့် အဓိပ္ပာယ် တစုံတရာနဲ့ အသက်ရှင်လိုသူ၊ လူ့သိက္ခာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ချစ်ခြင်းမေတ္တာကိုသာ ယုံကြည်သူ။ အဲဒီ လူတယောက် …

အလို…။ ကျနော် ဘယ်ရောက်နေပါလိမ့်။ ကျနော် မောနေတယ်။ အသံထွက်ကြည့်တယ်။ မရဘူး။

စစ်ဘိနပ်တွေ၊ စစ်ဘိနပ်တွေ…။ ရှေ့မှာ၊ နောက်မှာ၊ ၀ဲမှာ၊ ယာမှာ၊ တခါတခါ ရင်ဘတ်ပေါ်မှာ။ အဲဒီအချိန် လူတယောက်ရဲ့ ဘ၀ဟာ ဘာမှ မသေချာတော့ဘူး။ အသက်ရှင်မှု၊ အနာဂတ်၊ လူ့ဂုဏ်သိက္ခာ…။ ဘာမှ မသေချာတော့ဘူး။

ကျနော် အော်မိသလား၊ မအော်မိသလား။ သံမံတလင်း ကြမ်းပြင်ပေါ်မှာ ကျနော် လိမ့်နေတာပဲ။ နောက် ကျနော့်ကို ဆွဲထူပြီး နံရံမှာ ကပ် ထိုင်ခိုင်းတယ်။ ဒါပေမယ့် ထိုင်လို့ မရဘူး။ ပုံလဲကျသွားတယ်။ တယောက်က ဆွဲထူပြီး ကိုင်ပေးထားတယ်။ အဲဒီအချိန် တယောက်က ရိုက်ရ၊ ကန်ရတာ အားမရရှာသေးဘူး ထင်ပါရဲ့။ ကျနော့်လည်ပင်းကို ဖြတ်ရိုက်လိုက်တာ ကျနော် အသက်ရှုမရ ဖြစ်သွားတယ်။ ကျနော် ခဏ သတိလစ်သွားသလားပဲ။ (လည်ပင်းကို အဲဒီလို ဖြတ်ရိုက်ထားတဲ့ ဒဏ်ကြောင့် နောက်ပိုင်း ရေသောက်တာတောင် ခက်နေတယ်။ နင်နေတယ်။ နာနေတယ်)။

ကျနော် ကြည်ကြည်လင်လင် သတိထားမိချိန်မှာတော့ အခန်းထဲမှာ ကျနော် တယောက်ထဲ။ သူတို့ မရှိကြတော့ဘူး။ ကျနော်လည်း ပုံလဲနေတယ်။ အရုပ်ကြိုးပြတ်ဆိုတာ ဒါမျိုးကို ခေါ်တာ ထင်ပါရဲ့။ နံရိုးတွေ ကျိုးကုန်ပြီလား။ မျက်လုံးတွေရော ရှိသေးလား။ အသက်ရှူလို့ မ၀ဘူး။ မျှင်းပြီး နည်းနည်း ရှူနေရတယ်။ (ထောင်ထဲရောက်လို့ တလကြာထဲအထိ ညာဘက် နံရိုးတွေက အောင့်နေတယ်။ အသက်ကို နည်းနည်းချင်း ခွဲပြီး ရှူရတယ်။ အပြည့် ရှူလို့ မရဘူး။ ဟိုဘက် ဒီဘက် လှည့်ဖို့ ကိစ္စလောက်ကိုပဲ ဖြည်းဖြည်းချင်း ဆယ့်ငါးမိနစ်၊ မိနစ် နှစ်ဆယ်လောက် ကြာအောင် လှည့်ယူရတယ်။ ဒါတောင် မအော်ဘဲ၊ မညည်းဘဲ လှည့်လို့ မရဘူး။ ထောင်က ဆေးကု မပေးဘူး။ အိမ်ကနေ ဆေးမှာပြီး ကုယူရတယ်)။

အတော်ကြာတော့ တံခါးဆောင့်ဖွင့်သံ၊ ခြေသံတွေ ကြားရပြန်တယ်။ ဆော်ကြဦးမှာပဲ ထင်ပါရဲ့။ သတိလစ်သွားလိုက်စမ်းပါ။ ဟေ့ကောင်။ ၀င်းနိုင်ဦး။ သတိလစ်လိုက်စမ်း။ ဟုတ်တယ်။ ကျနော်လန့်နေတယ်။ မလန့်အောင် ကြိုးစားကြည့်တယ်။ မအောင်မြင်ဘူး။ မျက်လုံးကလည်း မမြင်ရဘူး။ နားနဲ့ပဲ ကြည့်နေရတာ။

ဒါပေမယ့် ဒီတခါတော့ မရိုက်ဘူး။ မေးခွန်းတွေ စမေးတယ်။ ကိုယ်ရေး အချက်အလက်တွေကို အရင် စမေးတယ်။ ပြီးတော့ တခြားမေးခွန်းတွေ …။

ဆက်ရန်…

Friday, July 13, 2007

အကောင်းထူး မရှိ…

ည ၁၂ နာရီ ထိုးချေပြီ…။

စစ်ခြင်ထောင်တွေ အစီအရီထောင်ထားသော အိပ်ယာတွေကို ဖြတ်သန်းကာ နောက်ထပ် ကင်းတာဝန်ကျမည့်သူ၏ အိပ်ယာသို့ အရောက် ခြင်ထောင်ကို လှပ်ရင်း-

`သူငယ်ချင်း၊ ထ..ထ၊ မင်းကင်းအလှည့် ကျပြီ´

အိပ်မှုံစုံမွှားဖြင့် ထလာသော သူ့ကို လက်ထဲက ၀ါးရင်းတုတ် အသာထိုးထည့်ပေးရင်း ကျနော့်အိပ်ယာဆီကို အရောက်မှာတော့ အပြင်ဘက်က အသံ တခုက ဘားတိုက်ထဲသို့ ပျံ့လွင့်လာပါတယ်။

`တပ်စုအလိုက်…၊ ကင်းသတင်း ပို့(((((((´

***

ဒီတပ်သားသစ် လေ့ကျင့်ရေး သင်တန်းကို ကျနော် ရောက်ရှိခဲ့တာ သုံးပတ်ခန့်မျှသာ ရှိပါအုံးမယ်။ သင်တန်းသား ၂၅၀ ကို တပ်စု လေးစုခွဲလို့ နေရာချပေးတော့ ကျနော်က တပ်စု(၃)မှာ ကျပါတယ်။ ကျနော့်တပ်စုမှာ တပ်သားသစ် သင်တန်းသား ၆၃ ယောက် ရှိပါတယ်။

မနက်စောစောထ အပြေးလေ့ကျင့်ခန်းလုပ်၊ စစ်ရေးပြ သင်ခန်းစာ လေ့ကျင့်၊ ညနေစောင်းရောက်တော့ ဖက်ထိပ်လုပ်နဲ့ တခါမှ မလုပ်ဖူးတဲ့ အလုပ်တွေနဲ့ ကျင်လည်လာလိုက်တာ လူလဲ အသားတွေ ညိုလို့ မျက်နှာတွေတောင် ချောင်ကျချင်ချင်…။

အိပ်မယ်ဆိုပြီး အိပ်ယာထက် လှဲလိုက်ပေမယ့် မနက်က အဖြစ်အပျက်ကို တွေးမိပြီး မျက်လုံးတွေက ကြောင်တောင်တောင်နဲ့ အတွေးတွေဟိုဟိုဒီဒီ ပျံ့လွင့်နေမိတယ်။

***

ကျော်ဝင်း…။ ဒီကောင်လေး အသက် အလွန်ဆုံးရှိလှ ၁၄ နှစ်ပေါ့။ တိုင်းရင်းသား တမျိုးမျိုးဖြစ်ဟန် လေသံ ၀ဲဝဲနဲ့ ဗမာစကားပြောတော့ စကားက ထစ်လိုက်တာများ တလုံးတလုံး ပြောဖို့ကို တော်တော်နားထောင်ယူရတယ်။ ဒါပေမယ့် သူဝင်လာတာက ဆက်သွယ်ရေးတပ် အင်အား..တဲ့။ ရုပ်ရှင်တွေထဲမှာတော့ ဆက်သွယ်ရေး တပ်သားဆိုတာ စကားကို ခပ်သွက်သွက် အင်မတန်ပြောရတာကလား…။ `ငါ့အသံကြားလား၊ အသံဘယ်လောက်ကြားလဲ၊ ပျံလွှားမှ စင်ရော်၊ ဘာဖြစ်တယ် ညာဖြစ်တယ်´ စသဖြင့်နဲ့ ခပ်မြန်မြန်ပြောကြရတာတွေ တွေ့ဖူးတော့ အခု ဆက်သွယ်ရေးတပ် အင်အားအတွက် တပ်သားသစ်လေး ကျော်ဝင်းကိုတွေ့တော့ အဲဒါတွေ သတိရပြီး ပြုံးမိသေးတယ်။

ကောင်လေးက ကလေးပေါက်စလေးလို မျက်နှာထားက နုဖတ်နေငယ်ပေမယ့် သူ့ကို ဘယ်သူတွေက သင်ပေးလိုက်တယ် မသိဘူး။ သူ့ကို `မင်းအသက် ဘယ်လောက်လဲ´ လို့ ဘယ်သူက မေးမေး `ဆယ့်…ဆယ့်ရှိုက်´ လို့ လေသံဝဲ၀ဲ၊ အသံထစ်ထစ်နဲ့ ဆယ့်ရှစ်နှစ်ကနေ တပြားသားမှ မလျှော့ ပြန်ဖြေတတ်တယ်။

ခန္ဓာကိုယ်လေးက သေးညှက်ညှက်နဲ့မို့ သူ့ကို ညနေ ဖက်ထိပ် အချိန်ဆိုရင် သူ့ခမျာမှာ မျက်နှာလေး ညှိုးလို့ ခွဲတမ်းကျရာ နေရာကို လိုက်သွားရလေ့ရှိတယ်။ အဲဒီအချိန်ဆိုတာကတော့ တပ်သားသစ်တွေအဖို့ လူစင်စစ်က ငွေဝယ်ကျွန် လက်သစ် ဖြစ်ရတဲ့ အချိန်လို့ ဆိုရမလားဘဲ။ ၀ါးခုတ်၊ မြက်ရှင်း၊ အုတ်သယ်၊ ဟိုဗိုလ်ကြီးအိမ် အကူ၊ ဒီဆရာကြီးအိမ် သန့်ရှင်းရေး နဲ့ များပြားလှတဲ့ ခေါင်းစဉ်တွေ အောက်မှာ လူတွေက လောက်တောင် မလောက်ချင်အောင် ခွဲတမ်းချခံရတယ်လေ။ တခါတလေမှာများ သင်တန်းချိန် တချို့တောင် ဖျက်ပြီး အဲဒီ ဖက်ထိပ် ဆိုတာကြီး လုပ်ရသေး…။ တကယ်ပါ။ လောကမှာ မြန်မာပြည် စစ်သားတွေအတွက် အမုန်းဆုံးနဲ့ မကြားချင်ဆုံး စကားက ဖက်ထိပ် လို့ ပြောရင် လွန်မယ်မထင်ဘူး။ (မှတ်ချက်။ မြန်မာစစ်သားများ အခေါ် ဖက်ထိပ်ဆိုသည်မှာ Fatigue= ပင်ပန်းဆင်းရဲစွာ၊ မောပန်းနွမ်းနယ်စွာ လုပ်ရသော အလုပ်ဟု အဓိပ္ပာယ်ရပြီး ပြင်သစ်ဘာသာစကားမှ ဆင်းသက်လာသည် ဟု လေ့လာ သိရှိရပါသည်။)

***

ဒီလိုနဲ့…။ တညတော့ ကျော်ဝင်း ပျောက်သွားတယ်။ သူ တယောက်ထဲ မဟုတ်ပါဘူး။ တခြား တပ်သားသစ် လေးငါးယောက်လဲ ပျောက်သွားကြတယ်။ ပြောသံကြားတာတော့ သူတို့ ထွက်ပြေးတာတဲ့။ အဲဒီညက သင်တန်းဆရာတွေ လိုက်ရှာကြပေမယ့် တယောက်မှ မမိခဲ့ဘူးတဲ့။ သူတို့ ပျောက်သွားတာရဲ့ အကျိုးဆက်ကတော့ ကျန်ခဲ့တဲ့ သင်တန်းသားတွေကို တန်းစီကွင်းမှာ အကြာကြီး မတ်တပ်ရပ်ခိုင်းပြီး ည ကိုးနာရီ ကျော်အထိ သင်တန်းဆရာတွေက ဟိန်းဟောက်စကားတွေ နဲ့ ခြိမ်းခြောက်တာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ကတော့ စိတ်ထဲကနေ တိတ်တိတ်လေး ဆုတောင်းလိုက်မိတယ်။

`သူတို့…၊ လွတ်သွားကြပါစေ´ လို့။

ကျနော်ကတော့ မပြေးရဲခဲ့ဘူး။ တကယ်တော့ ကျနော့်အိမ်ကို ကျနော် ဒီသင်တန်းကနေ ဘယ်လိုပြန်ရမယ်ဆိုတာ မသိတာကြောင့်လဲ ပါတယ်။

***

ကျော်ဝင်းတို့ ပျောက်သွားကြပြီး နောက်တနေ့ မနက်ပေါ့…။

ကျနော် တောင်းခဲ့တဲ့ ဆုတောင်းက ကျော်ဝင်းအတွက် မပြည့်လိုက်ဘူး။ အတီးအတနဲ့ ကားဂိတ်မှာ သွားထိုင်နေတဲ့ ရှေ့တလက်မ နောက်ပြောင် ဆံပင်နဲ့ သူ့ကို တပ်သားသစ်တယောက်ဆိုတာ လူတိုင်းက သိမှာပေါ့။ ဒီလိုနဲ့ပဲ တယောက်ယောက်ရဲ့ သတင်းပေးချက်အရ သင်တန်းဆရာတွေက သူ့ကို အဲဒီ ကားဂိတ်ကနေပဲ ပြန်ဖမ်းခေါ်လာခဲ့တယ်လေ။

ညနေကျရင် သင်တန်းသားအားလုံး ရှေ့မှာ စံပြအဖြစ် အပြစ်ဒဏ်ပေးမတဲ့…။

***

`ကဲ…၊ အားလုံး နားထောင်´

သင်တန်းမှူး ဗိုလ်ကြီးမြဒင်ရဲ့ အသံက ဟိန်းခနဲ ထွက်လာတယ်။ သင်တန်းသားအားလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေကြတယ်။ ကျော်ဝင်းကတော့ လက်ပြန်ကြိုး အတုပ်ခံထားလျက်သားလေးနဲ့ ခပ်လှမ်းလှမ်းမှာ။ ဘေးမှာကတော့ ဇာတ်တူသားချင်း တပ်သားသစ် အစောင့်နှစ်ယောက်က ၀ါးရင်းတုတ်လေးတွေ ကိုင်လို့ မှုန်တေတေနဲ့ စောင့်နေကြတယ်။

`အခု မြင်နေရတဲ့ ကျော်ဝင်းဟာ ဘာအပြစ်ကို ကျူးလွန်လဲ၊ မင်းတို့ သိကြလားကွ´

`……….´

လူအုပ်ကြီးက အသံတွေ တိတ်နေတော့ သင်တန်းမှူးက အသံကျယ်ကျယ်နဲ့ `ပြောလေကွာ´ လို့ ထပ်အော်လိုက်တော့-

`စစ်ပြေးမှုပါ´

ဖျောက်ဆိပ် အသံတချို့ ထွက်လာတယ်။ ဗိုလ်ကြီးက အတန်ငယ် အားရဟန်နဲ့-

`အေး၊ စစ်တပ်ဆိုတာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ မင်းတို့ အမေ့လင် အိမ်မဟုတ်ဘူး၊ အခု ဒီကောင် စစ်တပ်ထဲကို ၀င်လာပြီးမှ ပြေးတယ်၊ စစ်ပြေးတယောက်ကို ဘယ်လိုဆုံးမမယ်ဆိုတာ မင်းတို့အားလုံးကို အခု စံပြအနေနဲ့ ပြမယ်´

ဗိုလ်ကြီးက ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး တန်းစီကွင်း တခုလုံးကို ဝေ့ကြည့်လိုက်တယ်။ ပြီးမှ-

`တကယ်ဆို စစ်ပြေးတယောက်ဆိုတာ ထောင်သုံးနှစ်အထိ ချပစ်လို့ရတယ်။ သူ့ကို လက်ခံထားတဲ့ မိဘ၊ ဆွေမျိုး ဘယ်သူ့ကို မဆို ထောင် နှစ်နှစ် ချလို့ရတယ်။ ဒါပေမယ့် အခု ကျော်ဝင်းကိုတော့ နောင်ကြဉ်လောက်အောင် စံပြဆုံးမမယ်၊ ကြိမ်ဒဏ်ပေါ့ကွာ´

အင်း…၊ ကြိမ်ဒဏ်လောက်ဆိုတော့ တော်ပါသေးရဲ့ လို့ စိတ်ထဲက ကြိတ်တွေးလိုက်တုန်း ရှိသေး-

`ငါက ဆယ်ချက် ရိုက်မယ်။ ဒီသင်တန်းမှာ သင်တန်းဆရာ ဆယ်ယောက် ရှိတယ်။ အဲဒီ ဆယ်ယောက်က တယောက်ကို ငါးချက်စီ ကျော်ဝင်းကို ရိုက်ရမယ်။ သင်တန်းသား တပ်စုမှူး လေးယောက်က တယောက် သုံးချက်၊ ဒု-တပ်စုမှူးက နှစ်ချက်စီ ရိုက်ရမယ်´

မြတ်စွာဘုရား…။ ဦးနှောက်ထဲမှာ ကိန်းဂဏန်းတချို့နဲ့ အလုပ်များသွားတယ်။ ဗိုလ်ကြီးက ဆယ်ချက်။ ဆရာဆယ်ယောက် အတွက် အချက် ငါးဆယ်၊ တပ်စုမှူးလေးယောက် အတွက် ၁၂ ချက်၊ ဒု-တပ်စုမှူးတွေက ရှစ်ချက်၊ ဟင်.. အချက် ၈၀ တောင်မှပါလား…။ အတွေးစတွေနဲ့ တွက်ချက်နေတုန်း…။

`ဖုန်း´

`အောင်မလေး၊ ဆရာရဲ့ မပြေးတော့ပါဘူး´

ဗိုလ်ကြီးက စ ရိုက်နေပါပြီ။ ကျော်ဝင်းရဲ့ အဲဒီ အအော်ကို-

`ဟေ့ကောင်၊ ငါဆရာ မဟုတ်ဘူးကွ၊ ဗိုလ်ကြီးကွ´

`ဖုန်း´

`အောင်မလေးဗျ´

`ဖုန်း´

`အောင်မလေး ဆရာဗိုလ်ကြီး၊ သားမပြေးတော့ပါဘူး´

`စစ်တပ်မှာ သား မရှိဘူးကွ´

`ဖုန်း၊ ဖုန်း´

`အား´

`ဖုန်း´

`ဖုန်း´

ဗိုလ်ကြီးက အမဲသတ်နေတဲ့ အလား အားရပါးရ ရိုက်ပြီးတော့ သင်တန်းဆရာတွေအလှည့်…။ တဖုန်းဖုန်းနဲ့ ရိုက်နေတဲ့ အသံကြားမှာ ကျော်ဝင်းရဲ့ အော်သံက တိမ်ဝင်လာတယ်။ နောက်ဆုံးမှာ တချက်ရိုက်လိုက်တိုင်း `အု´ ခနဲ အသံသာ ထွက်နိုင်ရှာတော့တယ်။ သင်တန်းဆရာတွေ ပြီးတော့-

`ကဲ၊ တပ်စုမှူးတွေ ရိုက်၊ ညှာမယ်တော့ မကြံနဲ့နော်၊ ညှာရိုက်တဲ့ကောင်တွေ၊ မင်းတို့ကို ငါပြန်ရိုက်မှာ´

သင်တန်း ဆရာကြီး တယောက်ရဲ့ အမိန့်သံ အဆုံးမှာ ဇာတ်တူသား တပ်သားသစ် တပ်စုမှူးတွေကလည်း အလှည့်အလိုက် မနွဲ့စတမ်း ရိုက်ကြပြန်တယ်။

`ဖုန်း´

`အု´

`ဖုန်း´

`အု´

`ဖုန်း´

`ဖုန်း´

`ဖုန်း´

နောက်ဆုံးမှာတော့ ကျော်ဝင်းရဲ့ အုခနဲ အော်သံတောင် မကြားရတော့ဘူး။

***

`တပ်စု(၃) ရှေ့ကင်းကောင်း၊ အကြောင်းထူးမရှိ´

အိပ်ယာထက်မှာ လှဲနေရင်း ကျော်ဝင်းအကြောင်းကို စဉ်းစားနေရာက ကင်းကျတပ်သားသစ် တယောက်ရဲ့ အော်သံကြောင့် အတွေးတွေက ကြောက်လန့်တကြား ပြေးထွက်သွားတယ်။ အင်း၊ မနက်ကျရင် စောစောထရအုံးမှာ အိပ်မှ၊ ညနေကျတော့လဲ ဖက်ထိပ်ဆိုတာကြီးက လုပ်ရအုံးမယ်လေ။ မဖြစ်ပါဘူး၊ အိပ်မှပါ။

ဒီသင်တန်းဆင်းရင် ကျနော်က ဘာဖြစ်မှာပါလိမ့်…။ အင်း…၊ တပ်သားသစ် ကနေ သစ်တလုံး ပြုတ်ပြီး တပ်သား ဆိုတာတော့ ဖြစ်လာမယ်ထင်တယ်။ ကျနော်က အဲဒီ တပ်သားဖြစ်လာရင် ဘယ်သူ့အကျိုး သယ်ပိုးရမှာပါလိမ့်။ ပြည်သူ့အကျိုးလား၊ ဒါမှမဟုတ်…။ ကဲကွာ၊ မတွေးတော့ဘူး…။

စိတ်ထဲကနေတော့ ဘယ်သူမှ မသိအောင် ကြိတ်အော်လိုက်တယ်။

`တပ်စု(၃) ရှေ့ကင်းနောက်ကင်းကြောင်း၊ အကောင်းထူး မရှိ´

ဟုတ်တယ်လေ၊ အကောင်းထူးရယ်လို့ ဘာများ ရှိတာမှတ်လို့…။


ကလိုစေးထူး


(ယခု စာစု ဖြစ်မြောက်ရေးအတွက် အချက်အလက်နှင့် အတွေ့အကြုံများကို ကူညီ ပြောပြပေးခဲ့သော ပြည်သူ့စစ်သား ကိုရဲဇော် အား ကျေးဇူးအထူးတင်ရှိပါသည်)။

Thursday, July 12, 2007

Buffalo မြို့ နှင့် Niagara ရေတံခွန် ခရီး…(၂)

ဒီနေ့မှာတော့ Niagara falls ခရီးစဉ်များ အကြောင်းကို တင်ဆက်သွားပါမယ်။ အဲဒီနေရာကို သဘောကျလွန်းလို့ ကျနော် နှစ်ရက်ကြီးများတောင် အလည်သွားခဲ့ပြီး ရှိသမျှ အစုံ လိုက်ကြည့်ဖြစ်ခဲ့ပါတယ်။

Niagara falls ခရီးစဉ် အကြောင်း မတင်ဆက်မီ အနည်းငယ် လေကြောရှည်တဲ့ အနေနဲ့ အဲဒီ ရေတံခွန် အကြောင်း ပြောပြပါရစေ။ မြန်မာလိုပဲ နိုင်ယာဂရာ ရေတံခွန်လို့ ငပိသံလေးနှောလို့ အားရပါးရ ခေါ်ပါရစေတော့။

နိုင်ယာဂရာ ရေတံခွန်ဟာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကနေဒါနိုင်ငံ အွန်တာရီယို ပြည်နယ်ကြား နယ်စပ် နိုင်ယာဂရာ မြစ်မှာ ရှိပါတယ်။ နိုင်ယာဂရာလို့ စုပေါင်း သတ်မှတ်ပေမယ့် ရေတံခွန် စုစုပေါင်း သုံးခု ရှိပါတယ်။ ကနေဒါဘက်ခြမ်း အပိုင် Horseshoe falls ၊ အမေရိကန် ဘက်ခြမ်း အပိုင် American falls နဲ့ Bridal Veil falls တို့ ဖြစ်ပါတယ်။ American falls နဲ့ Bridal falls တို့ကတော့ အလွန် နီးကပ်စွာ တည်ရှိပြီး အဲဒီနှစ်ခုနဲ့ Horseshoe falls က အတန်ငယ် လှမ်းပါတယ်။

နိုင်ယာဂရာ ရေတံခွန်တွေ ရှိရာကို အမေရိကန်နိုင်ငံ ဘတ်ဖလို မြို့ကနေ (၁၇)မိုင် သွားရပြီး ကနေဒါနိုင်ငံ တိုရွန်တို မြို့နဲ့တော့ ၇၅ မိုင် ကွာဝေးပါတယ်။

အမေရိကန် ဘက်ခြမ်းက နိုင်ယာဂရာ ရေတံခွန်မှာ လေ့လာလည်ပတ်စရာတွေ များစွာ ဖန်တီးထားပေးတဲ့အနက်က ကျနော် ရောက်ခဲ့တဲ့ နေရာအလိုက် တင်ဆက်သွားပါရစေ။


Maid of the Mist

မြန်မာလိုတော့ ဘယ်လိုအကောင်းဆုံး ခေါ်ရမလဲ မသိ။ မြူနှင်းရဲ့ ကောင်မလေးပဲ ခေါ်မလား၊ မြူနှင်းပျိုမေ လို့ ကဗျာဆန်ဆန် ခေါ်ရင် ပိုကောင်းမလားတော့ မပြောတတ်…။



အဲဒါကတော့ Observation Tower ပါ။ အဲဒီ မျှော်စင်ကနေပဲ ဓာတ်လှေကားနဲ့ အောက်ကို ဆင်းပြီး Maid of the Mist လို့ အမည်ပေးထားတဲ့ သင်္ဘောငယ်လေးနဲ့ ရေတံခွန်တွေ ရှိရာကို အနီးကပ် သွားကြည့်ရပါတယ်။




မျှော်စင်ပေါ်ကနေ လှမ်းကြည့်တော့ ရေတံခွန်တွေက ကျတဲ့ ရေတွေက အပေါ်ကို ရေမှုန်တွေ အဖြစ်ပျံ့လွင့်လို့ နေပါတယ်။

မျှော်စင် အပေါ်ကနေ အောက်ကို ငုံ့ကြည့်ရင် သဘောင်္ရှိရာကို တရွေ့ရွေ့နဲ့ သွားနေတဲ့ အပြာရောင်လေးတွေကို တွေ့ရပါမယ်။ ရေတံခွန်နားကို ရောက်ရင် ရေတွေစင်တဲ့အတွက် သင်္ဘောစီး ခရီးသည်တိုင်းကို အပြာရောင် တခါသုံး မိုးကာလေးတွေ ပေးတဲ့အတွက် လူတွေက မတိုင်ပင်ရဘဲနဲ့ တူညီဝတ်စုံ ၀တ်ထားသလိုဖြစ်လို့ တမျိုးလှနေပါတယ်။




မျှော်စင်ရဲ့ ဟိုမှာဘက်မှာတော့ အမေရိကန်နဲ့ ကနေဒါကို ချိတ်ဆက်ထားပေးတဲ့ Rainbow Bridge။


မျှော်စင်ရဲ့ အောက်ခြေကို ရောက်တော့ မိုးတိမ်တိုက်တွေနဲ့ အတူ အလှပြိုင်နေတဲ့ ရေတံခွန်ကို တွေ့ရတယ်။



သင်္ဘောစထွက်ပါပြီ။ ဟိုး ခပ်လှမ်းလှမ်းက ရေတံခွန်တွေ ရှိရာကို သွားပါမယ်။



American fall နဲ့ Bridal fall ရဲ့ မြင်ကွင်းပါ။ ခပ်ကြီးကြီး ရေတံခွန်က American fall ဖြစ်ပြီး ဘေးနားကပ်လျက်က ခပ်သေးသေးက Bridal fall ပါ။



တ၀ုန်းဝုန်းနဲ့ အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေတဲ့ ရေတွေရဲ့ အရှိန်က တစက္ကန့်ကို ဂါလံ တသောင်းကျော်နှုန်း ရှိပါသတဲ့။ Horseshoe Falls လို့ ခေါ်တဲ့ ဂငယ်ပုံသဏ္ဍာန် ဒီရေတံခွန်နားကို ပိုလို့ ကပ်လာလေလေ ရေမှုန်ရေမွှားတွေက ပိုစင်လာလေလေ။ မိုးရေချိုးနေရတဲ့ အလားခံစားရလို့ နေပူပူအောက်မှာ အေးမြမြအရသာပေါ့။ လေတချက် တိမ်းလိုက်တိုင်း ယိမ်းခနဲ ဖြစ်သွားတဲ့ သင်္ဘောပေါ်က အပြာရောင် တပ်သားတွေကတော့ ရင်ခုန်သံတွေ မြန်နေကြတာပေါ့..။

“Ladies and gentlemen, this is Niagara fall” ဆိုတဲ့ အစီအစဉ် ကြေညာသူရဲ့ အားရပါးရ အော်ဟစ်ကြေညာသံ အဆုံးမှာတော့ ခရီးသွားအားလုံးလိုလို ဟစ်ကြွေးလိုက်သံက ရေတံခွန်ထဲမှာ စီစီညံသွားလေရဲ့။


မျှော်စင်ပေါ် ပြန်ရောက်လာတော့ အောက်ကို လှမ်းကြည့်လိုက်တာ အပြာရောင် တပ်သားတွေ တရွေ့ရွေ့နဲ့ ခရီးနှင်နေကြဆဲ…။







ဟိုမှာဘက်ခြမ်းရဲ့ ကနေဒါ နယ်စပ်မှာလည်း သင်္ဘောစီးသူတွေ၊ ကမ်းပေါ်က ကက်စီနိုရုံနားမှာ သွားလာနေကြသူ၊ သူတို့ဘက်က မျှော်စင်ပေါ်ကနေ တက်ကြည့်နေကြသူ အစုံအလင်နဲ့ လှုပ်လှုပ်ရွရွပေါ့။

အပေါ်ကို ပြန်ရောက်တော့ ရေတံခွန်က စိုလာတဲ့ ရေတွေကြောင့် လေတိုက်လိုက်တိုင်း ချမ်းစိမ့်စိမ့် ဖြစ်နေပါတယ်။

ဆက်ရန်…


ကလိုစေးထူး


Wednesday, July 11, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…



ဒီစာအုပ်လေးကတော့ ကျနော် စတင်ဖတ်မိမိခြင်းမှာပဲ ရင်နင့်အောင် ခံစားရပြီး နှစ်သက်ခဲ့ရတဲ့ စာအုပ်လေးပါ။ တခြားသော စာအုပ်တော်တော်များများကို ဖတ်ဖူး၊ နှစ်သက်ဖူးပေမယ့် ဒီစာအုပ်ကို ဖတ်စဉ်က ခံစားရတဲ့ ခံစားရမှုမျိုးနဲ့ မတူခဲ့တာမို့ ကျနော့် ဘလော့ဂ်ရဲ့ ပရိုဖိုင်လ်မှာ ဒီစာအုပ်ကို ဖေးဖရိတ်အနေနဲ့ ထည့်သွင်းဖြစ်ခဲ့ပါတယ်။

ဒီစာအုပ်ကို ကျနော့်ဘလော့ဂ်မှာ တဆင့် ကူးယူဖော်ပြဖို့ ကြံရွယ်ခဲ့တာ ကြာပါပြီ။ ဖြစ်ချင်တော့ ကျနော့်ဆီမှာ ရှိတဲ့ စာအုပ်ကို မိတ်ဆွေ တယောက်က ငှားသွားပြီး ပြန်မပေးတော့ပါဘူး။ အဲဒီလိုနဲ့ပဲ မတင်ဖြစ်ခဲ့တာ အခုတော့ Buffalo မြို့မှာနေတဲ့ အမရင်းတယောက်သဖွယ် ခင်မင်ရတဲ့ နိုင်ငံရေး အကျဉ်းသူဟောင်းဆီကနေ ဒီစာအုပ်လေးကို ထပ်မံ ရရှိခဲ့ပါတယ်။

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း လို့ အမည်ရတဲ့ ဒီစာအုပ်ကို ရေးသားသူက ကိုဝင်းနိုင်ဦး ဖြစ်ပြီးတော့ ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။

စာမျက်နှာ ၂၂၈ မျက်နှာ ရှိတဲ့ ဒီစာအုပ်ကို အပိုင်းစဉ် အလိုက်ခွဲပြီးတော့ ကျနော် ကူးယူ တင်ပြသွားပါမယ်။ အကယ်၍များ ဒီစာအုပ်ကို မူပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ် တယောက်ယောက်ကများ ဖတ်မိရင် ကျနော့်ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း တခါတည်း တောင်းပန်အပ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ခွင့်မရသူ၊ ဖတ်ရန် အခြေအနေမပေးသူ တဦးတလေကဖြစ်ဖြစ် စိတ်ဝင်တစားနဲ့ စောင့်ဖတ်တယ်ဆိုရင် ကျနော် ကူးယူတင်ဆက်ရကျိုး နပ်ပါပြီ။


လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…
ရေးသူ- ၀င်းနိုင်ဦး


မှတ်တမ်း (၁)
ထောက်လှမ်းရေး

ခေါင်းစွပ်နဲ့ သံခြေကျင်းနေ့ရက်များ

အဲဒီညက ရဲဘော်အောင်သူ (ပြည်တွင်းကိစ္စတွေမှာ အဓိက တာဝန်ရှိသူ) နဲ့ မမာမာ (ကိုအောင်သူ့ ဇနီး) ရဲ့ မိဘတွေအိမ် (တောင်ဥက္ကလာ၊ (၁၃)ရပ်ကွက်) ကို ကျနော်ရောက်တော့ ည ကိုးနာရီလောက် ရှိပါပြီ။ မန္တလေး ရဟန်းပျို သမဂ္ဂက ဦးဇင်းတပါး၊ အောက် ဗကသ (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၊ အောက်ဗမာပြည်) က ကျောင်းသားတချို့နဲ့ သွားရောက် လျှို့ဝှက် တွေ့ဆုံ ဆွေးနွေး၊ အစီအစဉ် တချို့ ချပြပြီး ကျနော် ပြန်လာတာပါ။ အိမ်ရောက်တော့ အောင်သူနဲ့ တွေ့တယ်။

`ဝေလင်းနဲ့ ချိန်းထားတာ ဒီကောင် ရောက်မလာဘူး´

တွေ့တွေ့ချင်း အောင်သူက ပြောတယ်။

`ဘယ်လိုဖြစ်တာလဲ´

`မပြောတတ်ဘူး´

`ဝေလင်းအိမ် သွား စုံစမ်းကြည့်ပါလား´

အောင်သူ ထွက်သွားတယ်။ နာရီဝက်ကြာတော့ ပြန်ရောက်လာတယ်။

`အိမ်ကိုလည်း ဝေလင်း ပြန်မရောက်သေးဘူးတဲ့။ သူ့မိန်းမက ပြောတယ်´

ကျနော် အတွေးရခက်သွားတယ်။

`သူ့မိန်းမ ဘယ်လိုနေလဲ၊ စိတ်ပူနေပုံရလား´

`ဟင့်အင်း၊ အေးအေးဆေးဆေးပါပဲ။ ဒီလိုပဲ ပြန်မလာတဲ့ ညတွေ ရှိတယ်ဆိုတော့ … …´

`ဒီကောင် အဖမ်းခံရပြီလို့ အောင်သူထင်လား´

`မပြောတတ်ဘူး၊ ဘာမဆို ဖြစ်နိုင်တဲ့ အခြေအနေပဲ´

ကျနော် တွက်ချက်ကြည့်တယ်။ အဖြေမရဘူး။ စိတ်နည်းနည်း လေးလာတယ်။

`ကိုယ် မြို့ထဲ သွားလို့ ရနိုင်လား´

`မရတော့ဘူး၊ အခု ဆယ်နာရီထိုးတော့မယ်။ ကားတွေ ဆိုက်ကားတွေလည်း လုံးဝ မရှိတော့ဘူး။ လမ်းတွေပေါ်မှာ လူတွေလည်း မရှိတော့ဘူး။ စစ်ကားတွေပဲ ပတ်မောင်းနေတယ်´

ဟုတ်တယ်။ ကာဖျူးက ဆယ်နာရီဆို စပြီ။ ငါးမိနစ်၊ ဆယ်မိနစ်ပဲ ကျန်တော့တယ်။

`ညဆယ်နာရီက မနက်လေးနာရီထိ ည မထွက်ရ အမိန့်´။

***

ဘာမှ မတတ်နိုင်တော့ဘူး။ ဒီအိမ်မှာပဲ အိပ်ရတော့မှာပဲ။ ရပ်ကွက်ထဲမှာ အိပ်စရာ အိမ် သုံးလေးအိမ်တော့ ရှိပါရဲ့။ ဒါပေမယ့် အဲဒီအိမ်တွေ အားလုံးကို ဝေလင်း သိနေတယ်။ အဖမ်းခံရထားတဲ့ လူတယောက်၊ သို့မဟုတ် အဖမ်းခံရပြီလို့ သံသယ ၀င်စရာရှိတဲ့ လူတယောက် သိနိုင်တဲ့ နေရာတွေမှာ မနေသင့်ဘူး။ ဒါပေမယ့် ဘာပဲပြောပြော အခုအချိန် ကျနော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ဝေလင်းလဲ အဖမ်းခံရချင်မှ ခံရမှာပါ။ အခုလောက်ဆို အိမ်ပြန်ရောက်နေမှာပေါ့။ စသဖြင့် ကျနော် ဖြေတွေးနေမိတယ်။ အောင်သူကတော့ နှစ်လမ်း သုံးလမ်းကျော်က အိမ်မှာ သွားအိပ်တယ်။

ဘာပဲဖြစ်ဖြစ် မနက်လေးနာရီတော့ မြန်မြန်ရောက်ချင်တယ်။ သုံးနာရီခွဲဆိုရင် ကျနော် ဒီကထွက်မယ်။ မန္တလေး တက်မယ်။ ရန်ကုန်ကနေ ခဏရှောင်နေမယ်။ မန္တလေးမှာလည်း လုပ်စရာတွေ ရှိနေတယ်။

အတွေးတွေ ရှုပ်ယှက်ခပ်နေတယ်။ ကျနော် စိုးရိမ်လွန်ပြီး အတွေးတွေ ရှုပ်နေတာ ထင်ပါရဲ့။ ဒါနဲ့ စိတ်ထဲ ပေါ့ပေါ့ပါးပါး ဖြစ်အောင် အိမ်သားတွေနဲ့ ဟိုပြောဒီပြော စကားဝိုင်း ဖွဲ့နေလိုက်တယ်။ ရယ်ရယ်မောမော။

***

ဆယ်နာရီ။ ဆယ်နာရီခွဲ။ ဆယ့်တနာရီ။ ဆယ့်တနာရီခွဲ။ ဆယ့်နှစ်နာရီ…။ ဟုတ်တယ်။ ဆယ့်နှစ်နာရီလောက်လည်း ရောက်ရော အိမ်ထဲကို ထောက်လှမ်းရေးတွေ ၀င်လာပါလေရော။

သူတို့ ၀င်လာတာ သိပ်မြန်တာပဲ။ အားလုံး အရပ်ဝတ်တွေနဲ့ပါ။ လေးငါးယောက် ရှိမယ်ထင်တယ်။ လမ်းပေါ်မှာလည်း တချို့ကို လှမ်းတွေ့ရတယ်။

ကျနော်ကလည်း ဘာကြောင့်မှန်း မသိ။ အဲဒီအချိန် တကယ့်ကို အေးအေးဆေးဆေး။ စိတ်က လုံးဝ ငြိမ်ကျသွားတယ်။ စောစောက ပူပန်တာတွေတောင် မေ့သွားတယ်။ ပေါ့ပေါ့ပါးပါး။ (နောက်ပိုင်း ပြန်စဉ်းစားကြည့်တိုင်း အဲဒီတုန်းက ကျနော် ဘာကြောင့် အေးအေးဆေးဆေး ရှိခဲ့မှန်း အဖြေမရဘူး။ ကျနော် သတ္တိသိပ်ကောင်းလွန်းလို့ မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမယ့် တနေ့ ဒီလိုကြုံမယ်ဆိုတာ ကျနော် ပိုင်းဖြတ်ထားပြီးသား မို့လား။)

မှတ်မှတ်ရရ ကျနော် အဖမ်းခံရပြီဆိုပြီး စိတ် မချမ်းမမြေ့နဲ့ ကျနော့်ကို ငေးစိုက်ကြည့်နေတဲ့ အိမ်သားတွေကိုတောင် ရိုးရိုးခရီးထွက်ခါနီး နှုတ်ဆက်သလို လူစေ့အောင် ကျနော် ရယ်ရယ်မောမော လိုက်နှုတ်ဆက်လိုက်သေးတယ်။ အောင်သူ့မိန်းမရဲ့ အမေကိုတောင် `ကဲ၊ သွားပြီအမေရေ့။ အမေ ဒီညနေချက်တဲ့ ဟင်းက သိပ် စားကောင်းတာပဲ။ ကျနော်မမေ့ဘူး´ လို့ ရယ်ရယ်မောမော ပြောပြီး ဖက်ရမ်း နှုတ်ဆက်လိုက်သေးတယ်။

အမေက ဘာစကားမှ ပြန်မပြောနိုင်ဘူး။ ကျနော့်ကို ငေးနေတယ်။ (မာမာ့ အမေက ကျနော်ပြောခဲ့တဲ့ အဲဒီ နောက်ဆုံးစကားကို ကျနော့်ကို ဖမ်းသွားပြီး နောက်ပိုင်း ပြော မဆုံးဘူးတဲ့။)

ထောက်လှမ်းရေးတွေက အိမ်ထဲကနေ အမြန်ဆုံး ပြန် ထွက်ချင်ပုံရတယ်။ ရပ်ကွက်ထဲမှာ အကြာကြီး နေချင်ဟန် မတူဘူး။ ကျနော့် ပစ္စည်းတွေကို ကမန်းကတမ်း ရှာပြီး (ဘာပစ္စည်းမှလည်း သူတို့ မတွေ့ပါ) ကျနော့်ကို လက်ထိပ်ခတ်တယ်။ (လက်ထိပ်က လက်မ နှစ်ချောင်းကို ပူးပြီး ခတ်တဲ့ လက်ထိပ်)။ အောင်သူကိုလည်း သူ သွားအိပ်တဲ့ အိမ်ကနေ ဖမ်းလာတာ တွေ့ရတယ်။

`ဇော်ထက် ဘယ်မှာလဲ´

လာဖမ်းတဲ့ ထောက်လှမ်းရေးတွေထဲက အကြီးဆုံးလို့ ယူဆရသူက မေးတယ်။ ဇော်ထက်က ကျနော် ထိုင်းမှာ ရှိတုန်းက ပြည်တွင်ကို အရင် လျှို့ဝှက် လွှတ်ထားတဲ့ ရဲဘော်ပါ။

ကျနော်က…

`မနေ့ထဲက ထွက်သွားတာ ပြန်မရောက်ဘူး´

`ဘယ်မှာ ရှိနိုင်လဲ´

`မပြောတတ်ဘူး´

သူတို့က ညတွင်းချင်း အကုန် ဖမ်းချင်ပုံရတယ်။ အမှန်က ဇော်ထက် ဘယ်မှာ ရှိတယ်ဆိုတာ ကျနော် သိပါတယ်။ ညနေကမှ သူ့ကို ကျနော် တနေရာ လွှတ်လိုက်တာပဲ။ (ရဲဘော် ဇော်ထက်ရဲ့ စွန့်စားခန်းတွေ အကြောင်း ပြောမယ်ဆိုရင် အများကြီးပါ။ တာဝန်တခု ပေးလိုက်ရင် ဘယ်လောက်ပဲ အခက်အခဲ ရှိရှိ၊ ဘယ်လောက်ပဲ အခြေအနေ မပေး မပေး၊ ဘယ်လောက်ပဲ အန္တရာယ် များများ၊ မဖြစ် ဖြစ်အောင် လုပ်တတ်ပြီး၊ လုပ်ပြီးရင်လဲ `ဟောဒီမှာ ကျုပ်ဗျ´ ဆိုပြီး ရင်ကော့ ပြောတတ်တဲ့ ရဲဘော်ပါ။ အခုတော့ ဆုံးပါးသွားရှာပါပြီ)။

အဲဒီညက တခြား ရဲဘော်နှစ်ယောက်ရဲ့ အိမ်ကိုလည်း တခြားထောက်လှမ်းရေး အဖွဲ့နှစ်ဖွဲ့က သွား ၀ိုင်းသေးကြောင်း နောက်ပိုင်းမှာ သိရပါတယ်။ အိမ်တွေမှာ သူတို့ မရှိကြလို့ မမိလိုက်ပါ။ ထောက်လှမ်းရေးတွေက သူတို့ ထင်ရတဲ့ နေရာတွေ သွားရောက် မွှေနှောက် ရှာဖွေကြသေးပေမယ့် ဇော်ထက်ကိုလည်း မမိလိုက်ပါ။

လမ်းထိပ်ရောက်တော့ ထောက်လှမ်းရေးတွေက ကျနော်နဲ့ အောင်သူ့ကို အသင့် စက်နှိုးစောင့်နေတဲ့ အီး-၂၀၀၀ ကားတစီးပေါ် တက်ခိုင်းတယ်။ ထောက်လှမ်းရေး တယောက်က ဘေးမှာ။ ကျနော့်ခါးကို သေနတ်ပြောင်းနဲ့ ခပ်တင်းတင်း ထောက်ထားတယ်။ ဥက္ကလာက လမ်းကြမ်းတော့ ကားက ခုန်နေတယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်း။ ကားထဲမှာတော့ တိတ်ဆိတ်လို့။

ထောက်လှမ်းရေးတွေကလည်း ဘာစကားမှ မပြောကြဘူး။ ကျနော် တခုခု ပြောချင်လာတယ်။ ဒါနဲ့ အောင်သူ့ကို မျက်စေ့ လှမ်း မှိတ်ပြလိုက်တယ်။ ကားတချက် ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း ကျနော့် နံဘေးကို ထောက်ထားတဲ့ သေနတ်က ကျနော့်ကို ဆောင့်ဆောင့် တိုးလာတာ သတိထားမိတယ်။ ဒါနဲ့ ကျနော်က ရယ်ပြီး သေနတ်နဲ့ ထောက်ထားတဲ့ ထောက်လှမ်းရေးကို-

`အဟမ်း၊ အဟမ်း၊ ဒီမှာ အကို။ လမ်းက ကြမ်းလို့ ကားက ဆောင့်နေတယ်။ မတော်တဆ ကျည်ဆံ ထွက်သွားဦးမယ်။ ကျနော်က ဒီအလုပ်တွေသာ လုပ်နေတာ သေမှာတော့ အကြောက်သား။ သေနတ် ဘေးဖယ်ထားရင် မကောင်းဘူးလား´

ကျနော်က တမင်နောက်ပြောင် ပြောတာပါ။ သူတို့ကလည်း ဒါကို သိပါတယ်။ ဒါပေမယ့် မရယ်ကြပါဘူး။ ဘာ စကားမှလည်း ပြန် မပြောကြပါဘူး။ သေနတ်ကိုလည်း ထောက်ထားတာကနေ ဖယ်မပေးပါဘူး။ ကျနော့်ကိုတော့ ၀ိုင်းပြီး စိုက်ကြည့်နေကြတယ်။ ဒီလိုနဲ့ ကားပေါ်မှာ တိတ်ဆိတ် ငြိမ်သက်သွားပြန်ပါရော။ ဒါနဲ့ ကျနော်က-

`အဟမ်း၊ အကိုတို့ကို ကျနော် တခုပြောပြချင်တယ်။ ကျနော်တို့က လက်နက်တွေ ဘာတွေနဲ့ မဆိုင်ဘူး။ အကြမ်းမဖက် Non-violence ပဲ စိတ်ဝင်စားတာ။ ဒီလိုလူတွေကိုပါ အကိုတို့က ခုလို ဖမ်းတယ်ဆီးတယ် ဆိုတော့ ကျနော်တို့ ကျောင်းသား အားလုံးကို သေနတ်ကို ယုံကြည်ခိုင်းတာ။ တနည်းအားဖြင့် တောထဲကို မောင်းထုတ်တာနဲ့ တူနေပြီ။ ဒီတော့ ကျနော်တို့ကလည်း တောထဲ မသွားချင်ဘဲ သွားကြရရရော´

`ဟေ့ကောင်။ မင်း သောက်ပါးစပ် ပိတ်ထားစမ်း´

ရှေ့မျက်နှာချင်းဆိုင် အောင်သူ့ဘေးမှာ ထိုင်နေတဲ့ ထောက်လှမ်းရေးက အံကြိတ်သံနဲ့ လှမ်းပြောလိုက်တာပါ။

`မဟုတ်ဘူးလေ။ အကိုတို့ စဉ်းစား´

ကျနော့်စကား မဆုံးလိုက်ရဘူး။ ဘေးက လူက ကျနော့်နံဘေးကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးလိုက်တာ ကျနော် `အင့်´ခနဲ အသက်ရှူကြပ်သွားတယ်။

`ဟေ့ကောင်။ မင်းသောက်တရား ဟောတာကို နားထောင်ဖို့ မင်းကို ဖမ်းလာတာ မဟုတ်ဘူး။ မင်း သောက်ပါးစပ်တော့ ဟိုရောက်မှ တွေ့မယ်။ မအေ-´

ဆဲရင်း သေနတ်ပြောင်းနဲ့ ထပ်ပြီး ဆောင့်ထိုးပြန်တယ်။ နောက်တယောက်က-

`အောက်ဆင်းထိုင်စမ်း´

ကျနော်တို့ နှစ်ယောက်လည်း ထိုင်ခုံပေါ်က ဆင်းပြီး ကားကြမ်းပြင်ပေါ် ဆင်းထိုင်ရတယ်။ ပြီးတော့ ကျနော်တို့ကို ခေါင်းစွပ် အမည်းကြီးတွေ စွပ်ချလိုက်တယ်။ မှောင်မည်းသွားတယ်။ ဘာမှ မမြင်ရတော့ဘူး။ ကျနော် နည်းနည်း တွန့်သွားတယ်။ အန္တရာယ် အနံ့ စရလာတယ်။

ဆက်ရန်…



Tuesday, July 10, 2007

Buffalo မြို့ နှင့် Niagara ရေတံခွန် ခရီး…

ဇူလိုင်လ (၄) ရက်နေ့…။

အချိန်ခပ်စောစော ရက်များကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်ခဲ့လို့ ထွက်ခဲ့ရတဲ့ ဒီခရီးစဉ်ဟာ ကျနော့်အတွက်တော့ အတွေ့အကြုံများစွာ၊ လေ့လာစရာ များစွာ ရရှိခဲ့ပါတယ်။ အဲဒါတွေကို ပြန်လည် ချရေးဖို့ကျတော့ တပုဒ်တည်းနဲ့ ရေးလို့ ကုန်မယ် မထင်တာနဲ့ အပုဒ်ရေ ခွဲပြီး တင်သွားဖို့ စဉ်းစားမိပါတယ်။

ခရီးသွား ဆောင်းပါးပုံစံကို ရေးလေ့ရေးထလဲ မရှိခဲ့ဖူးတော့ နေ့စဉ်လိုလို ဒါတွေချည်း တင်နေရင် လာဖတ်ကြသူတွေအတွက် အီနေမလားလို့ စဉ်းစားမိတာနဲ့ ခရီးစဉ်အကြောင်း တလှည့်နဲ့ တခြားသော အကြောင်းအရာ တလှည့်စီ ရက်ခြားပြီးတော့ ကျနော် တင်ဆက်သွားပါမယ်။

ကျနော် သွားခဲ့တာကတော့ နယူးယောက်ပြည်နယ်၊ ဘတ်ဖလို မြို့ကလေးကိုပါ။ အဲဒီမြို့ဟာ ကျနော်လက်ရှိနေတဲ့ မြို့ကနေ မိုင် ၆၅၀ ခန့် ဝေးကွာပါတယ်။ ပြည်နယ် လေးခုကို ဖြတ်သန်း မောင်းနှင်ပြီးမှ ရောက်ပါတယ်။

တကယ်တော့ ကျနော် ကားစတင် မောင်းတတ်တာက ဒီနှစ် ဖေဖော်ဝါရီလကမှပါ။ လိုင်စင်အောင်တာကလဲ မတ်လမှာမှ အောင်ခဲ့တာပါ။ ဒီတော့ ကားမောင်း အတွေ့အကြုံ အနေအထား၊ လက်ရှိ ကားမောင်း လိုင်စင် သက်တမ်း အနေအထားနဲ့ ဒီခရီးဟာ ကျနော့်အတွက်တော့ အင်မတန် သတိထားရတဲ့ ခရီးရှည်တခုပါပဲ။

အဲဒီမြို့ကို ရောက်ဖူးတဲ့ ဒီပြည်နယ်က မိတ်ဆွေက သူသွားတုန်းကတော့ ၁၂ နာရီလောက် မောင်းရတယ်လို့ ပြောတာနဲ့ ကျနော်က ကျနော့်စံချိန်ကို ယုံကြည်စိတ်ချစွာနဲ့ ၁၄ နာရီလောက် မောင်းရမယ်လို့ တွက်ချက်လိုက်ပါတယ်။ အဲဒါနဲ့ပဲ ဟိုကို မနက် ငါးနာရီလောက် အရောက် ခန့်မှန်းပြီး ကျနော့်မြို့ကနေ ဒေသစံတော်ချိန် ဇူလိုင်လ (၄) ရက်နေ့၊ ညနေ သုံးနာရီခန့်မှာ စတင်ထွက်ခွာခဲ့ပါတယ်။

ကားမောင်းတဲ့ အချိန်မှာ စိတ်ညစ်သင့်သလား၊ မညစ်သင့်သလား ကျနော် မသိပေမယ့် အဲဒီနေ့ မနက်ကတော့ ကျနော် တော်တော်လေးကို စိတ်ညစ်ခဲ့ပါတယ်။ လေးလံနောက်ကျိနေတဲ့ စိတ်ကို ဆောင်ထားတဲ့ ခန္ဓာကိုယ်က တကယ်တမ်း ခရီးစတင် ထွက်ခွာတော့ ဘေးမှာ တ၀ူးဝူး တဝေါဝေါ မောင်းနေကြတဲ့ ကားတွေရဲ့ တပ်လှန့်သံကြောင့် စိတ်မညစ်ရဲတော့ပါဘူး။

သွားရမယ့် လမ်း မမှားအောင်ကြည့်၊ ဘေးက ကားကိုကြည့်၊ အရှေ့က ကားကိုကြည့်၊ အနောက်က ကားကိုကြည့် ဟိုကြည့်ဒီကြည့်နဲ့ မောင်းလိုက်တာ အိမ်ကထွက်လို့ တနာရီခွဲကျော်ကျော်လောက်မှာ ချီကာဂိုမြို့ကို စတင်ဖြတ်သန်းပါတယ်။

ချီကာဂိုမြို့ကို အပြင်ကနေ ဖြတ်သန်းရင်းနဲ့ ကြည့်ရတာဟာ မျက်စိပသာဒ ဖြစ်လှပေမယ့် အဲဒါတွေကို လိုက်လံ မခံစားရဲပါဘူး။ များပြားလှတဲ့ကားတွေနဲ့ ရှုပ်ထွေးလှတဲ့ လမ်းတွေကြားမှာ အန္တရာယ်ကင်းကင်းနဲ့ ရှေ့ဆက်နိုင်အောင်သာ ဂရုတစိုက်နဲ့ မောင်းနှင်ခဲ့ရပါတယ်။

ဒီလိုနဲ့ I-90 လမ်းပေါ်ကိုရောက်တော့မှ ကားတွေ အတော်အတန် ရှင်းလင်းပါတယ်။ ကားလမ်းဘေး တဖက်တချက်မှာ ပြောင်းခင်းတွေနဲ့ စိမ်းစိုလိုက်၊ တခါတခါမှာတော့ တောအုပ်စိမ်းစိမ်းထဲ ဖြတ်မောင်းရလိုက်၊ အိပဲ့အိပဲ့နဲ့ သွားနေတဲ့ ကုန်တင်ကား ရှည်မျောမျောတွေကို တွေ့တော့ ဖြတ်ကျော်လိုက်၊ မီးရောင်စုံလှလှလေး အမိုးပေါ်မှာ ထွန်းပြီး နောက်ကနေ လိုက်လာမယ့် ကိုရွှေရဲကားကိုလဲ သတိနဲ့ စောင့်ကြည့်လို့ သတ်မှတ်မိုင်ထက် ပိုပိုသာသာလေး ခိုးမောင်းလိုက်နဲ့ မောင်းလာလိုက်တာ Toledo ဆိုတဲ့ မြို့ကို မှောင်ရီပျိုးစ အချိန်မှာ ရောက်ပါတယ်။ ဒေသစံတော်ချိန် ၈ နာရီကျော်ခန့် ရှိပါပြီ။

Cleveland ဆိုတဲ့ မြို့ကို ဖြတ်တော့ မိုးချုပ်ညအမှောင်ယံမှာ မီးပန်းမီးဖွားတွေက ကောင်းကင်မှာ ဖြာခနဲ ဖြာခနဲ တက်လို့ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေး အခါသမယကို ပျော်မြူးပုံဖော်နေကြပါတယ်။ ဒီလိုနဲ့ တမေ့တမောမောင်း၊ ညောင်းချိအောင်မောင်း၊ အိပ်မငိုက်အောင် သီချင်း ခပ်ကျယ်ကျယ်ဖွင့်ပြီးမောင်းနဲ့ မောင်းလာလိုက်တာ Eric မြို့ကို ဖြတ်လို့ နယူးယောက် ပြည်နယ်ကို ၀င်လာတဲ့ အချိန်မှာတော့ ည ၁ နာရီ ကျော်ပါပြီ။

I-190 ကို ခွဲထွက်မောင်းနှင်ပြီး Buffalo မြို့ထဲကို မောင်းဝင်လာတော့ ကားလမ်းမပေါ်မှာ ကားတွေက ဟိုတစီးဒီတစနဲ့ ဖျောက်ဆိပ်ပဲ ရှိပါတော့တယ်။ တည်းမယ့်အိမ်ကို ရောက်တော့ ည ၂ နာရီကျော်…။ မိုင်နှုန်းတွေ ခိုးမောင်းလာလို့လားတော့ မသိ၊ ခန့်မှန်းချိန်ထက် စောပြီးရောက်သွားခဲ့ပါတယ်။


Buffalo မြို့ဟာ တကယ်တော့ စီးပွားရေး တရိပ်ရိပ်ကျဆင်းနေတဲ့ မြို့တခုပါပဲ။ အဆောက်အဦးတွေ၊ အိမ်တွေကလဲ အိုမင်းနေတာတွေက များလှပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က လူဦးရေထက်ကို အခုလက်ရှိ လူဦးရေက နှစ်ဆ လျော့နည်းပါသတဲ့။ ဒါကြောင့် ထင်ရဲ့၊ နေထိုင်မှုစရိတ်စက အလွန်ဈေးချိုလှပါတယ်။ အခုမြင်နေရတာကတော့ Niagara မြစ်ကမ်းနဘေးက Buffalo မြို့ရဲ့ တစွန်းတစ ပုံရိပ်ပါ။


ခပ်လှမ်းလှမ်းမှာ လှမ်းမြင်နေရတဲ့ တံတားကတော့ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံကို ကူးဆက်ထားပေးတဲ့ Peace Bridge ပါ။


Niagara မြစ်ကမ်းနဘေးတနေရာ ရောက်တော့ ပုံထဲမှာ မြင်နေရတဲ့ ကိုတံငါနား သွားရပ်ကြည့်မိတာ ကျနော် ရပ်ကြည့်ပြီး သိပ်မကြာခင်မှာဘဲ အခု မြင်ရတဲ့ ငါးအကောင် ခပ်ကြီးကြီးတကောင်ကို သူရပါတယ်။ ဘယ်နှစ်ကောင် ရပြီလဲ လို့ မေးကြည့်တော့ ဒီနေ့ တနေ့လုံးမှာ အခုလို အရွယ်ချည်းပဲ ၇ ကောင်ရပါသတဲ့။ ဥပဒေအရ တကြိမ်ကို ငါးကောင်ပဲ ဖမ်းခွင့်ရှိလို့ အရင် ရနှင့်တဲ့ အကောင်တွေကို အိမ်မှာ သွားထားပြီး အခု နောက်တခေါက် ထပ်လာမျှားတာပါတဲ့။ ၀ါသနာကြီးပါပေ့။


ဒါကတော့ Buffalo State Collage ပါ။

ဆက်ရန်…


ကလိုစေးထူး

Monday, July 09, 2007

တောင်းပန်ခြင်း…

မနေ့ကပေါ့…။

ညနေစောင်းလောက်မှ အိမ်ကို ပြန်ရောက်ခဲ့ပါတယ်။ ရောက်ရောက်ခြင်းပါပဲ…၊ ဆောက်နဲ့ မထွင်းတဲ့အပြင် အားပေးစကား အစုံအလင်နဲ့ ကျနော့်ရဲ့ ဘလော့ဂ်က ကျနော်ချစ်လှစွာသော မိတ်ဆွေများရဲ့ အားပေးစကားတွေဟာ ကျနော့်ကို တကယ်ကိုပဲ အားအင်တွေ ဖြစ်စေခဲ့ပါတယ်။

အထူးသဖြင့် မမေဓာဝီရဲ့ မေတ္တာ့ဝန်တာ ပို့စ်လေးက ကျနော့်ရဲ့ ပုဂ္ဂလိကဆိုင်ရာ ခံစားချက်တွေကို ဘေးဖယ်ပြီး ကျနော်ချစ်တဲ့ ကျနော့်မိတ်ဆွေတွေ ရှိရာကို ပြန်လာစေဖို့ အဓိက အားဆေးပါပဲ။

အားလုံးကို ကျနော် ပြန်လည်တောင်းပန်ပါတယ်။

ကျနော်…၊

မိုက်မဲခဲ့တယ်။
ကျနော့်အတွက် ပေးခဲ့တဲ့ အဖြူရောင် မေတ္တာတွေကို စော်ကားခဲ့မိတယ်။
ကျနော့်ရဲ့ ပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်းတင်ပြီး အတ္တကြီးမိတယ်။

အခုတော့ ကျနော် အားလုံးရဲ့ မေတ္တာတွေကို နားလည်ခဲ့ပါပြီ။

အခု ကျနော်သွားခဲ့တဲ့ ခရီးစဉ် တလျှောက်လုံးမှာ တွေ့ခဲ့ရသမျှ အတွေ့အကြုံတိုင်းမှာ ကျနော့်မိတ်ဆွေတွေကိုသာ သတိရနေခဲ့မိတယ်ဆိုရင် ပိုတယ်ပြောကြမလား မသိနိုင်ပေမယ့် ကျနော်အားလုံးကို အရမ်းသတိရနေခဲ့တယ်။

အခု သွားခဲ့တဲ့ ခရီးစဉ်ကနေ ကျနော်စာတွေ ဆက်ရေးဖို့၊ ဘလော့ဂ်မှာ တင်ဖို့ ကုန်ကြမ်းတွေ များစွာပါလာခဲ့ပါတယ်။ နောက်ရက်တွေက စပြီး ကျနော့်ဘလော့ဂ်ကို အသက်ဆက်ပါတော့မယ်။ ကျနော် စာတွေ ပြန်ရေးပါတော့မယ်။ မမေဓာဝီရဲ့ ပို့စ်ထဲမှာ ဖော်ပြထားတဲ့ ဆရာမမေငြိမ်းရဲ့ ကဗျာတစကို ယူသုံးပါရစေတော့…။

ကျနော်…။

တကယ်တမ်းကျ…
ထွက်ပြေးတာကိုက
ထွက်ပြေးမရ…တာ။

ကလိုစေးထူး


Tuesday, July 03, 2007

1 to ... 0 -1 -2 -3 .............. infinity

နေ့လည် ၁၂ နာရီ…။

အသိစိတ်မဲ့သူ တယောက်လိုပင် ယောင်နနခြေလှမ်းများက လေးကန်လွန်းလှစွာ...။

လမ်းကလေး…။

ကျနော့်ရဲ့လမ်းကလေးဆီသို့ ကျနော် လျှောက်နေမိပါလား…။

ဟင်…၊ သူကျနော့်ကို ဘယ်လို အကြည့်တွေနဲ့ ကြည့်နေတာပါလိမ့်…။ ဒါ…၊ ဒါ…။

မကြည့်ပါနဲ့ လမ်းကလေး(((((( ကျနော်တကယ်လျှောက်မလို့ပါ…၊ အဲဒီလို မကြည့်လိုက်ပါနဲ့…။

သွား((((((((((

လမ်းကလေးက အော်ဟစ်မောင်းထုတ်လိုက်လေသလား…။ ကျနော် မလျှောက်ရတော့ဘူးပေါ့…။

ကြောက်လန့်တကြားဖြင့် ပြေးထွက်လာမိတော့ တ၀ူးဝူးတိုက်ခတ်နေသည့် လေကြမ်းနှင့်အတူ အော်ဟစ်သံတွေကို ကြားယောင်နေသယောင်ယောင်…။

`သွား... ထွက်သွား...၊ အလကားကောင်´

ကားလမ်းကို အတင်းဖြတ်ပြေးတော့ ဟွန်းသံကျယ်လောင်စွာ တီးသွားသော ကားတစင်းပေါ်မှ လူတယောက်က တခုခု လှမ်းပြောပြီး လက်ခလယ်ထောင်ပြသွား၏။

***

ညနေ ၄ နာရီ…။

ခေါင်းစဉ် မရှိ…တဲ့။

ဟင်…၊

…………………………
………………………………….
အမထက် ၁၀နှစ်ငယ်တဲ့ ဆုံးသွားတဲ့မောင်အငယ်ဆုံးလေးထက်တောင်မင်းကငယ်သေးတော့ မင်းက အမ ရဲ့ မောင်လေးပဲ။

ရင်ဝကို အင်အားကြီးမားသော တစုံတခုက ဒိုင်းခနဲ လာဆောင့်လိုက်လေသလား…။ ဆို့နင့်လာသော စိတ်ဖြင့် တကြောင်းချင်း…၊ တကြောင်းချင်း…၊ တကြောင်းချင်း…။

……………………………..
………………………………………
…………………………………………..
ရိုးသားပွင့်လင်းမှုကို ချစ်တယ်။လောကမှာ..အကြီးဆုံးပြဿနာက မယုံကြည်တော့တာပဲ။ကလေးရေ.. အမတကယ်ယုံတာပါ..မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏...ဆိုတာကို။

ကျနော် ဘာကိုမှ မမြင်တော့ပါ။ အားရပါးရ ချုံးပွဲချ ငိုကြွေးပစ်လိုက်သည်။ ငို..၊ ငိုစမ်း၊ အဖိုးမတန်တဲ့ မျက်ရည်တွေနဲ့ ငို…။

တွေတွေစီးကျနေသော မျက်ရည်တို့ဖြင့် တစုံတခုကို ရှာဖွေကြည့်တော့….။

လစ်ဟာသွားသော ကျနော့်နေရာတွေ…၊ သေချာပါတယ်။ ကျနော် ဘယ်တော့မှ ပြန်မရတော့ဘူး…။ စကားသံတခုက နားထဲတွင် ပဲ့တင်ထပ်သွား၏။

`ဒီတခါ ပိုဆိုးပြီ´


ကလိုစေးထူး

(ကျနော် ခရီးတခု သွားစရာ ရှိလို့ အားလုံးကို နှုတ်ဆက်ပါရစေ…။ တချိန်ချိန်တော့ ပြန်လာမယ် ထင်ပါတယ်။ မပြန်လာဖြစ်ရင်တော့ ဒီပို့စ်ဟာ ကလိုစေးထူးရဲ့ နိဂုံးပါပဲ။ ကျနော့်ရဲ့ နှလုံးသွေး၊ တကယ့်ခံစားချက်တွေနဲ့ ရေးခဲ့တဲ့ ဒီဘလော့ဂ်ကိုတော့ ဖျက်ဆီးပစ်ဖို့ စိတ်အင်အား မရှိသေးလို့ အမှတ်တရဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ ထားရစ်ခဲ့ပါတယ်။)


Monday, July 02, 2007

The World Largest Music Festival သို့ တခေါက်…

ဒီတပတ်ပိတ်ရက်ရဲ့ သောကြာညမှာ ကျနော်တယောက်၊ ကျနော်တို့ ပြည်နယ်ရဲ့ summer fest ကို သွားဖြစ်ခဲ့ပါတယ်။ အဲဒီနွေရာသီ ပွဲတော်ကို The World Largest Music Festival လို့လဲ ခေါ်ဝေါ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တနေရာတည်းမှာ ကမ္ဘာ့ ရက်အရှည်ကြာဆုံးနဲ့ တေးဂီတမျိုးစုံလင်စွာ နားဆင်နိုင်လို့ ဖြစ်ပါတယ်။

အဲဒီ တေးဂီတပွဲတော်ကို ဇွန်လ ၂၈ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ ကျင်းပပါတယ်။ နေ့အလိုက် ဇယားဆွဲပြီး ဥပမာပြောရရင် Italian Fest, Germany Fest, African Fest, Mexican Fest …. စသဖြင့် ကျင်းပတဲ့အတွက် မိမိနှစ်သက်ရာ မိမိနဲ့ ယဉ်ကျေးမှုခြင်း နီးစပ်ရာ ရက်အလိုက် ပရိသတ်တွေက သူ့နေ့နဲ့သူ လာအားပေးကြပါတယ်။

တေးဂီတ စင်မြင့်တွေကိုလဲ Rock, Country, Hip Hop, Pop စသဖြင့် အမျိုးအစားအလိုက် ခွဲခြားထားတာကို တွေ့ရပါတယ်။ စင်နာမည်တွေကိုတော့ အဲဒီစင်ကို စပွန်ဆာပေးတဲ့ ကုမ္ပဏီ နာမည်တွေ ပေးထားတာ များပါတယ်။ ဥပမာ US cellular connection stage, Zippo stage, Miller Lite stage… စသဖြင့်ပါ။ စုစုပေါင်း စတိတ်ရှိုးစင် ၇ ခုလောက် ရှိပါတယ်။ မိမိနှစ်သက်တဲ့ စင်မှာ အားပေးရုံပါပဲ။

အဲဒီအပြင် တပိုင်တနိုင်ရှိုး လို့ ကျနော့်ဘာသာ နာမည်ပေးထားတဲ့ ဂီတ၀ိုင်းငယ်လေးတွေလဲ ပွဲတော်ဝင်းထဲ တွေ့ခဲ့ပါသေးတယ်။ သူတို့လဲ သူ့ပရိသတ်နဲ့သူတော့ ဟုတ်နေတာပါပဲ။ ဟိုလို ၀ိုင်းကြီးတွေလောက်တော့ ပရိသတ်တွေ တအုန်းအုန်း မဖြစ်နေပါဘူး။ ဒါပေမယ့် တချို့ကျတော့လဲ ဘီယာခွက်လေး ရှေ့ချ၊ ဆိုပြတဲ့ သီချင်းကို မျက်လုံးလေး မှေးစင်းပြီးနားထောင်၊ တပုဒ်ဆုံးသွားရင် ဆုတော်ငွေ သွားချလိုက် အဆင်တော့ ပြေနေတာပါပဲ။

ကဲ…၊ လေကြောရှည်နေတာ များသွားပြီ ထင်ပါရဲ့…၊့  အဲဒီ ဂီတပွဲကို သွားကြရအောင်…။

ဂီတပွဲတော်ကို သွားရာ မြို့လယ်လမ်းပါ။


ဂီတပွဲတော်ရဲ့ အ၀င်ဝမှာပါ။ ပွဲတောင် ၀င်ကြေးကို အချိန်အလိုက် ခွဲခြားကောက်ခံပါတယ်။ ပွဲတော် ကျင်းပချိန်က နေ့လည် ၁၂ နာရီကနေ ည ၁၂ နာရီ အထိပါ။ နေ့လည် ၁၂ နာရီကနေ ညနေ လေးနာရီအထိ ဆိုရင် တယောက်ကို ၀င်ကြေး ၈ ဒေါ်လာပါ။ ညနေ လေးနာရီနောက်ပိုင်းကတော့ တယောက် ၁၅ ဒေါ်လာပါ။ ကျနော် ကြံကြံဖန်ဖန် တခုတွေးမိတာက နေ့လည် ၂ နာရီလောက်မှာ ပွဲတော်ကို လာပြီး တညလုံး မပြန်တဲ့လူတွေကို ဘယ်လို ၀င်ကြေးယူလဲ ဆိုတာပါ။


Zippo က စပွန်ဆာ ပေးတဲ့ စတိတ်စင် တခုပါ။ ကျနော်ရောက်သွားတဲ့ အချိန်မှာ ပွဲက တော်တော်ကောင်းနေပါပြီ။ ဒါပေမယ့် ဆိုနေတဲ့ အဆိုတော် ဘယ်သူလဲ ကျနော်မသိပါဘူး။ :D သဘောကျမိတာကတော့ ဒရမ်မာသမားက ဘေ့စ်ဂစ်တာကို ဒရမ်သံထွက်အောင် တီးခတ်ပြတာပါ။


ဒါကတော့ Punk သီချင်းတွေ တင်ဆက်နေတဲ့ နောက်ထပ် စင်တစင်ပါ။


ဒီတီးဝိုင်းငယ်လေးမှာ Country သီချင်းလေးတွေ ဆိုပြပါတယ်။ စင်ကြီးတွေလောက် မခန့်ထည်လှပေမယ့် သူတို့ရဲ့ အဆိုစွမ်းရည်ကလဲ မသေးပါဘူး။


ကျနော်နှစ်သက်တဲ့ လက်တင်အဖွဲ့ရဲ့ တီးဝိုင်းငယ်လေး ရှေ့မှာတော့ ပျော်နေကြတဲ့ လူတွေနဲ့ စည်ကားနေပါတယ်။ တချို့ကလဲ မူးယစ်နေဟန် ရှိပါတယ်။ ပုံမှာမြင်ရတဲ့ အကကောင်းတဲ့ စုံတွဲတတွဲကို ပရိသတ်တော်တော်အားပေးပါတယ်။


အဲဒါကတော့ Bike Ride Show ပွဲငယ်လေးပါ။ အဲဒီမှာလဲ ပရိသတ် တော်တော်များပါတယ်။


လူတွေကများ၊ စင်တွေက တိုးမပေါက်၊ အပေါ်ကို မော့ကြည့်တော့ Sky Ride ခုံတွေ၊ တခေါက်စီးခ ၃ ဒေါ်လာတဲ့။ ပွဲခင်းရဲ့ မြင်ကွင်းတွေကို အပေါ်စီးကနေ ကြည့်ချင်တာနဲ့ တက်စီးခဲ့ပါတယ်။



အပေါ်စီးက လှမ်းမြင်လိုက်ရတဲ့ Hip Hop သီချင်းတွေ တင်ဆက်တဲ့ စတိတ်စင်ပါ။ ဘေးမှာတော့ ဈေးတန်းလေး။



အပေါ်စီးကနေ ဓာတ်ပုံရိုက်ရတာ ခုံက ရွေ့နေတော့ ပုံကြည်ကြည်လင်လင် ရအောင် ဘယ်လိုမှ ချိန်လို့ မရပါဘူး။ မီလာလိုက် စင် နဲ့ ဟာလီဒေဗစ်ဆင် စင်တွေမှာ လူတွေပိုများပါတယ်။



လူတရုန်းရုန်းနဲ့ အထွက် ဂိတ်ပေါက်ဝကိုရောက်တော့ ည ၁၂ နာရီကျော်ပါပြီ။



မီးရောင် မှိတ်တုတ်တုတ်နဲ့ မီချီဂန် ရေအိုင်ရဲ့ ကမ်းစပ်ဘေးမှာတော့ လူတချို့ ရှိနေလေရဲ့…။


ကလိုစေးထူး