Tuesday, July 24, 2007

ကျနော့်အကြိုက်(၈)…

တကယ်တော့ ဒီဝတ္ထုကို ကျနော့်အကြိုက်အဖြစ် တင်ဖို့ ရည်ရွယ်တာ ကြာပါပြီ။ တခြားသော ပို့စ်တွေ တင်နေတာရယ်၊ ၀တ္ထုက စာရိုက်ဖို့အတွက် အတန်ငယ် ရှည်နေတာရယ်တွေကြောင့် မတင်ဖြစ်တာပါ။

ဒီဝတ္ထုကို ကျနော်နှစ်သက်မိတာကတော့ စာရေးသူရဲ့ အရေးအသားစွမ်းရည်ပါ။ `စာရေးတယ်ဆိုတာ ဒါပါလား´ လို့ ပညာရတဲ့အထိ သူ့ရဲ့ အရေးအသားက နမူနာ ယူစရာကောင်းလှပါတယ်။ ဇာတ်လမ်းက အစပိုင်းမှာ သာမန်လို့ ထင်ရပေမယ့် ဖတ်လေလေ စာထဲမှာ နစ်မြောသွားလေလေ ဖြစ်အောင် စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ ဒီဝတ္ထုကို ကျနော့် မိတ်ဆွေများလည်း ခံစားဖတ်ရှုနိုင်အောင် ကျနော့်အကြိုက် အဖြစ် တင်ဆက်လိုက်ရပါတယ်။

`အလည်လွန် ၀ိညာဉ်´ လို့ အမည်ရတဲ့ ဒီဝတ္ထုလေးကို ဆရာ ကျော်မောင်မောင်ဟန်က ရေးခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဧပြီလ ထုတ် ရွှေအမြုတွေ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၂၁၉ ရဲ့ ရွှေအသစ် ကဏ္ဍမှာ ဖော်ပြပါရှိခဲ့တာပါ။ ကဲ…၊ ခံစားကြည့်ကြပါစို့။


အလည်လွန် ၀ိညာဉ်

`မရတော့ဘူးဗျာ၊ ခင်ဗျားတို့က ဆေးရုံပို့တာ အရမ်းနောက်ကျတာကိုး´

ဆရာဝန်ကြီး စကားအဆုံးမှာ အမေ့ရဲ့ အင့်ခနဲ ရှိုက်သံသဲ့သဲ့ကို သူ ကြားလိုက်ရသည်။ ညီမလေးကတော့ ချုံးပွဲချ ငိုနေလေပြီ။

`သံစူးစူးခြင်း ကာကွယ်ဆေး ထိုးလိုက်ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး။ အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရေတိမ် နစ်ရရှာပြီ´

`ကျွန်တော်တို့လည်း ဖြစ်ဖြစ်ချင်း သတိပေးပါသေးတယ် ဆရာရယ်။ ဒီကလေးက လိမ္မာသလောက် ခေါင်း အလွန်မာတယ်။ သူရတဲ့ လက်သမားခ လေးတွေကို မကျန်းမာတဲ့ သူ့အမေနဲ့ ညီမ ၁၀ တန်းကျောင်းသူ အတွက်ပဲ ခေါင်းထဲမှာ ရှိတယ်။ မေးခိုင် ကာကွယ်ဆေးလေး တစ်လုံးလောက် ထိုးဖို့ ပိုက်ဆံကို သူ့မှာ မသုံးရက်ဘူး။ သံဆိပ်တက်ပြီး အပြင်းဖျားတာတောင် ဆေးရုံလာဖို့ ငြင်းချည်းပဲနေတာ။ အခု အခြေအနေအထိ ဖြစ်လာမှ ကျွန်တော်တို့လည်း မနေသာတော့ဘဲ ဆေးရုံကို အတင်းလိုက်ပို့ရတာပါ ဆရာရယ်။ အခုတော့ …´

ဆရာဝန်ကြီးနဲ့ ဘေးအိမ်က ဦးကြီးတို့ ပြောနေတဲ့ စကားတွေက သူ့နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်နှင့်။ သူ့တစ်ကိုယ်လုံး ပူပြီး အာခေါင်တွေ ခြောက်ကပ်နေသည်။ သွားတွေ စေ့ပြီး ပါးစပ်လည်း လုံးဝ ဟလို့ မရတော့ပေ။ တစ်ချက်တစ်ချက် မျက်ဖြူလန်သွားပြီး အသိစိတ်တွေလည်း ခန္ဓာကိုယ်နှင့် ခွာလိုက် ကပ်လိုက်ပင်။ သူ့ခန္ဓာကိုယ်ထဲက အားအင်တွေနဲ့ အသိစိတ်ထဲက စွမ်းအင်တွေကို အလွန်နက်ရှိုင်းသော အမှောင်တိုက်ကြီးထဲတွင် ရှိသော တစ်စုံတစ်ရာက ဆွဲယူနေသလို ခံစားရလေသည်။ အချိန်ကြာလာတာနဲ့ အမျှ သူ့ရဲ့ ခုခံနိုင်စွမ်းအားတွေ မရှိသလောက် လျော့ပါးလာသည်။ နောက်ဆုံးမှာတော့ ထိုတစ်စုံတစ်ရာက အနိုင်ရရှိသွားပြီး သူလည်း အလွန်နက်ရှိုင်းသော အမှောင်တိုက်ကြီးထဲသို့ လွင့်မျောသွားလေတော့သည်။

***

သူ သတိရလာသည့် အခါ အမှောင်တိုက်ကြီး မရှိတော့ဘဲ အရာအားလုံးကို လင်းလင်းချင်းချင်း မြင်တွေ့လိုက်ရသည်။ အလွန်ထူးဆန်းစွာပဲ ခံစားနေရသော ဝေဒနာများ လုံးဝမရှိတော့ဘဲ အရမ်း ပေါ့ပါးနေလေသည်။ ထိုအချိန်မှာပဲ သူ့ရဲ့ ဘေးတစ်ဖက်တစ်ချက်ကနေ လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။ သူကြည့်လိုက်တော့ အလွန်ထွားကျိုင်းပြီး ကြောက်စရာကောင်းသော လူနီနီကြီး နှစ်ဦး။

`မင်းနာမည် မောင်မောင်ဝေ နော်´

`ဟုတ်… ဟုတ်ပါတယ် ခင်ဗျာ´

လူနီနီကြီး နှစ်ဦး၏ အမေးကို သူ ကြောက်ကြောက်နှင့် ပြန်ဖြေလိုက်သည်။

`မင်း လူ့ပြည်မှာ ကံကုန်သွားပြီ။ ယမမင်းကြီးထံမှာ စစ်ဆေးခံဖို့အတွက် လိုက်ခဲ့ရမယ်။ ငါတို့ကတော့ ယမမင်းကြီးရဲ့ စေတမန်တွေပဲ´

ထိုစကား ကြားလိုက်ရသော အခါ သူ အရမ်း တုန်လှုပ်သွား၏။

`ဒါ… ဒါဆို ကျွန်တော် သေသွားပြီပေါ့´

`ဟုတ်တယ်လေ၊ ဟောဟိုမှာ မင်းရဲ့ ရုပ်ကလာပ် မတွေ့ဘူးလား´

သူ ကြည့်လိုက်တော့ ဆေးရုံရေခဲတိုက်သို့ သွားသည့် စင်္ကြန်လမ်းမှာ ဆေးရုံဝန်ထမ်း တစ်ယောက်က သူသေ အလောင်းတင်ထားသည့် လှည်းကို တွန်းသွားနေသည်။ အမေနှင့် ညီမလေးတို့လည်း ထိုလှည်းနောက်ကနေ ငိုယိုပြီး လိုက်သွားကြတာကို တွေ့လိုက်ရသည်။

`အမေ… အမေ… သား ဒီမှာလေ။ ညီမလေး… ညီမလေး´

သူ ဘယ်လောက်ခေါ်ခေါ် ကြားပုံ မရကြ။ သူလည်း အရမ်းဝမ်းနည်းစွာ ငိုကြွေးလိုက်မိသည်။

`ကဲ… ကဲ… ငိုမနေနဲ့။ အချိန်မရှိဘူး။ သွားကြရအောင်´

လူနီနီကြီး တစ်ဦး၏ သတိပေးသံ အဆုံးတွင် သူ့လက်မောင်းများကို ကိုင်ပြီး လေ၏ လျင်မြန်ခြင်းမျိုးဖြင့် ဆွဲခေါ်သွားကြသည်။ သူ့နားထဲတွင် လေတိုးသံများကိုသာ ကြားရပြီး ဘေးပတ်ဝန်းကျင်ကိုလည်း သဲကွဲစွာ မမြင်ရပေ။ အချိန် အတော်ကြာကြာ သွားပြီးနောက် အလွန်ခမ်းနားသော အဆောက်အုံကြီး တစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။

ထိုအဆောက်အအုံထဲတွင် သူမမြင်ဖူးသော လူများကို တန်းစီလျက် တွေ့ရသည်။ ရှေ့တွင်ရှိ အမြင့်တစ်နေရာတွင် အ၀တ်အစား တောက်တောက်ပြောင်ပြောင်ဖြင့် အလွန်ခံညားသော ပုဂ္ဂိုလ်ကြီး တစ်ဦး ထိုင်နေပြီး တန်းစီနေသူများအား အမည်နှင့်တကွ စစ်ဆေးမေးမြန်းနေတာကို တွေ့လိုက်ရသည်။ စစ်ဆေးပြီးသည့်အခါ လူနီနီကြီးများက လာရောက် ခေါ်ဆောင်သွားကြသည်။

ထိုအခါ တချို့က တည်ငြိမ်စွာ လိုက်ပါသွားပြီး တချို့ကတေ့ ကြောက်ရွံ့ တုန်လှုပ်စွာ အော်ဟစ်ရင်း ပါသွားကြလေသည်။ သူ့နောက်တွင်လည်း နောက်ထပ် လူများစွာ ရောက်ရှိလာပြီး တန်းစီနေကြလေ၏။

`မင်းနာမည် မောင်မောင်ဝေ နော်´

သူ့အလှည့်သို့ ရောက်သောအခါ ပုဂ္ဂိုလ်ကြီးက အလွန်အောင်မြင်သော အသံနှင့် မေးလေသည်။

`ဟုတ်ပါတယ်ခင်ဗျာ´

`အသက်က ၂၆ နှစ်၊ လူ့ပြည်မှာတုန်းက မင်းမိန်းမ ကြက်သားရောင်းဖို့ အတွက် ကြက်တွေကို ရေနွေးပူထဲ နှစ်သတ်တဲ့ အလုပ် လုပ်ခဲ့တယ် မဟုတ်လား´

ပထမ သူကြောင်သွား၏။ နောက်တော့မှ ကမန်းကတန်း…

`မ… မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် လူ့ပြည်မှာတုန်းက လက်သမားလုပ်တာပါ။ မိန်းမလည်း မရှိသေးပါဘူး။ လူပျိုပါခင်ဗျာ´

`မင်း ဒဂုံတောင်က မောင်မောင်ဝေ မဟုတ်ဘူးလား´

`မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တောင် ပုစွန်တောင်ကပါ´

`ဟေ… ဟုတ်လား၊ နေပါဦး။ ငါကြည့်ပါဦးမယ်´

ပြောပြောဆိုဆို ပုဂ္ဂိုလ်ကြီးလည်း လက်ထဲက ဖိုင်တွဲလို အရာကြီးကို လှန်လှော ကြည့်ရှုပြီးနောက်…

`အေး… ဟုတ်တယ်ကွ။ ငါက ဒဂုံတောင်က မောင်မောင်ဝေကို ခေါ်ခိုင်းလိုက်တာ။ ဟိုကောင်တွေ မင်းနဲ့ မှားပြီး ခေါ်လာတာပဲ။ မင်းက လူ့ပြည်မှာ ကိစ္စတစ်ခု ရှိသေးတယ်။ ပြီးမှ ဒီကို ရောက်ရမှာ။ ကဲ… ဟေ့၊ ဒီကောင့်ကို ပြန်ပို့လိုက်ကြပါကွာ´

ပုဂ္ဂိုလ်ကြီးရဲ့ စကားအဆုံး သူ့ကို ခေါ်လာတဲ့ လူနီနီကြီး နှစ်ဦးကပဲ အလာတုန်းကအတိုင်း ပြန်ခေါ်လာခဲ့ကြလေသည်။

***

ဆေးရုံရှိ ရေခဲတိုက်သို့ ရောက်တော့ ညဥ့်နက်နေပေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေပြီး တစ်ချက်တစ်ချက် သံရှည်ဆွဲ၍ အူသော ခွေးအူသံများကိုသာ ချောက်ချားစဖွယ် ကြားရသည်။ ထိုနေရာတွင် အစောင့်ဖြစ်ဟန်တူသော ကိုယ်လုံးထွားထွား အပေါ်ပိုင်း အ၀တ်ဗလာနှင့် ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရသည်။ လူနီနီကြီး တစ်ဦးက ထိုပုဂ္ဂိုလ်အား မေးလိုက်သည်။

`မောင်မောင်ဝေရဲ့ ရုပ်ကလာပ် ဘယ်နားမှာ ထားလဲ´

အ၀တ်ဗလာနှင့် ပုဂ္ဂိုလ်ကြီးက သူ့ကို ကြည့်ကာ…

`ဒီကောင်လေးရဲ့ အလောင်းကို ပြောတာလား´

`အေး… ဟုတ်တယ်´

`မရှိတော့ဘူး။ ညနေကပဲ သဂြိင်္ုလ်လိုက်ကြတယ်။ ဆွေမျိုးကလည်း စောင့်စရာ မရှိ။ ပိုက်ဆံကလည်း မရှိနဲ့။ မိန်းမသား နှစ်ယောက်တည်း ဆိုတော့ ၃ ရက် ပြည့်အောင် မထားတော့ဘဲ ရပ်ကွက်က စုပြီး သင်္ဂြိုလ်လိုက်တယ်လို့ ပြောသံကြားတယ်´

`ဟာ… သွားပါပြီကွာ´

ထိုပုဂ္ဂိုလ်ကြီး စကားအဆုံး လူနီနီကြီး တစ်ဦးက အလန့်တကြား ရေရွတ်လိုက်သည်။ သူလည်း ၀မ်းနည်းခြင်းနှင့် ယူကြုံးမရခြင်းများ ပေါင်းစပ်ကာ ငိုကြွေးလိုက်မိသည်။ လူနီနီကြီး နှစ်ဦးနှင့် ရေခဲတိုက်စောင့် ပုဂ္ဂိုလ်ကြီးတို့လည်း သူ့အား နှစ်သိမ့်နိုင်စွမ်း ရှိပုံ မရကြချေ။ အနားကနေပဲ သနားခြင်း ကြီးစွာနှင့် ကြည့်နေကြလေသည်။

သူ ဘယ်လောက် ကြာကြာ ငိုကြွေးမိမှန်း မသိ။ ရေခဲတိုက်ဘက် တွန်းလာသော လှည်းဘီးသံ တဒုန်းဒုန်းကြားမှ သူ ကြည့်လိုက်တော့ လှည်းပေါ်မှာ လူသေ အလောင်းတစ်လောင်းကို ပိတ်ဖြူအုပ်လျက် တွေ့ရသည်။ ရေခဲတိုက်ရှေ့ရောက်သောအခါ လှည်းတွန်းလာသူသည် လှည်းကိုရပ်ကာ ရုံးခန်းလို အခန်းလေးထဲသို့ ၀င်သွား၏။

ပြန်ထွက်လာတော့ လူနာစောင့် ဖြစ်ပုံရသော ကုလားကြီး တစ်ယောက် သော့တွဲများ ကိုင်လျက် လိုက်ပါလာ၏။ နှစ်ယောက်သား စကားတပြောပြောနှင့် ရေခဲတိုက် တံခါးဖွင့်ကာ အလောင်းထည့်ပြီးနောက် လှည်းတွန်းလာသူလည်း လှည်းကို ဆေးရုံဘက် ပြန်တွန်းသွားသလို ကုလားကြီးလည်း ရုံးခန်းလေးထဲ ပြန်ဝင်သွားလေသည်။ သူတို့ ပြောစကားများအရ စောစောက အလောင်းသည် ကားမှောက်ပြီး သေသွားသော မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် လူနီနီကြီး တစ်ဦးက ရုတ်တရက်…

`ဟာ… ဟုတ်ပြီ´

နောက် တဦးကလည်း တစ်ခုခုကို သဘောပေါက်လိုက်ပုံဖြင့်

`အေး… ငါလည်း စဉ်းစားလို့ရပြီ။ လာ… လာ အချိန်ရှိတုန်း သွားကြမယ်´

သူ့မှာ ခေါ်ရာနောက်သို့သာ ကြောင်တောင်တောင်နှင့် ပါလာ၏။ ဆေးရုံရှိ ထိခိုက်ဒဏ်ရာ အထူးကြပ်မတ် ကုသဆောင်နားရောက်မှ လူနီနီကြီး တစ်ဦးက…

`မင်းက လူ့ပြည်သက်တမ်း မကုန်သေးတော့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် လူ့ပြည်ကိုရောက်အောင် ပြန်ပို့ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်လေ။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း မရှိတော့ဘူး ဆိုတော့ လူ့ပြည် ပြန်ရောက်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ်´

`ဘယ်လို နည်းလဲဗျ´

သူ စိတ်လှုပ်ရှားစွာ မေးလိုက်တော့…

`အဲဒါကတော့ ပူပူနွေးနွေး အသက်ထွက်ခါစ ရုပ်ခန္ဓာကိုယ်ထဲကို မင်းရဲ့ စိတ်ဝိညာဉ် ၀င်လိုက်ဖို့ပဲ။ ဒီလိုမှ မဟုတ်ရင် မင်းဝိညာဉ် ဘ၀နဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ နေသွားရလိမ့်မယ်´

သူ ခဏ တွေဝေသွားသည်။ ဒါပေမယ့် ၀ိညာဉ် ဘ၀နဲ့လည်း မနေချင်ပြန်။ နောက်တော့မှ သူတို့ ပြောသလိုဆိုရင် ဘာပဲဖြစ်ဖြစ် လူ့ဘ၀တော့ ပြန်ရဦးမှာပဲ ဟု စဉ်းစားမိပြီး ထိုအစီအစဉ်ကို လက်ခံလိုက်ရသည်။

`ဒါဆိုရင် ဒီအခန်းတွေမှာ ရှိတဲ့ မကြာခင် လူ့ပြည် သက်တမ်းကုန်တော့မယ့် သူတွေကို ငါတို့ လိုက်ပြမယ်။ မင်းကြိုက်တဲ့ ခန္ဓာထဲ ၀င်ပေါ့ ဟုတ်လား´

သူ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့ တစ်ခန်းဝင် တစ်ခန်းထွက် လျှောက်ကြည့်ကြလေသည်။ ပထမဆုံး အခန်းတွင် အသက် ၅၀ ခန့် ရှိမည့် မိန်းမကြီးကို တွေ့ရသည်။ စောစောက သေသွားတဲ့ ကောင်မလေးနှင့် အတူ ကားမှောက်သည့် အထဲမှာ ပါကြောင်း သိရသည်။ လူနီနီကြီး တစ်ဦး၏ `ဘယ်လိုလဲ´ ဆိုသည့် အမေးကို သူ ကမန်းကတန်း ခေါင်းခါပြလိုက်ရ၏။ ယောက်ျားစင်စစ်ကနေ မိန်းမဘ၀ ရောက်ရမည့် အထဲ အသက် ၅၀ လောက် အိုရမယ်ဆိုတော့ သူ တွန့်သွားမိသည်။

နောက် တစ်ခန်းတွင်တော့ အသက် ၁၀ နှစ်လောက် ရှိသော ကောင်လေး တစ်ယောက်။ သစ်ပင်ပေါ် တက်ဆော့ရင်း ပြုတ်ကျ၍ ဆေးရုံရောက်လာကြောင်း သိရသည်။ အသက် ငွေ့ငွေ့လေးသာ ရှိတော့သည့် ကောင်လေးအား သူ သနားမိပေမယ့် အဲဒီလောက်လည်း ပြန်မငယ်ချင်ပေ။

ဒီလိုနှင့် တစ်ခန်းဝင် တစ်ခန်းထွက် ကြည့်လာကြရင်း မိုးလင်းခါနီးတွင် ဆိုင်ကယ်မှောက်ပြီး ရောက်လာသူ၏ အခန်းသို့ သူတို့ ရောက်ရှိခဲ့ကြသည်။ ခေါင်းတစ်ခုလုံး ပတ်တီး အဖွေးသားနှင့် အသက်ကတော့ သူနှင့် မတိမ်းမယိမ်းလောက် ရှိမည်ထင်သည်။ အနားတွင် တအင့်အင့် ငိုကြွေးနေသော အမေဖြစ်ပုံရသူ မိန်းမကြီးအား အဖေဖြစ်ပုံရသော လူကြီးက နှစ်သိမ့်နေလေသည်။

မိန်းမကြီး၏ လည်ပင်းတွင် လက်သန်းလုံးခန့် ရှိမည့် စိန်လော့ကက်သီးတပ် ဆွဲကြိုးကြီးနှင့် လက်မှာလည်း လက်ကောက်တွေ မြင်မကောင်းအောင် ၀တ်ထားသည်။ လက်စွပ်တွေ နားကပ်တွေကလည်း စိန်တွေ ဖြစ်မည်။ တလက်လက်နှင့် မျက်စိကျိန်းလောက်ပေသည်။ နှစ်သိမ့်နေသော လူကြီး၏ လက်ချောင်းတွေမှာလည်း လက်စွပ်ကြီးများ ပြူးနေသည်။ ချိုင်းတွင် ညှပ်ထားသော ပိုက်ဆံအိတ်ကြီးလည်း ဖောင်းကားလျက်။

ထိုအရာများကို မြင်ရသောအခါ သူ့လောဘစိတ်တို့ တရိပ်ရိပ် တက်လာသည်။ သူ လူ့ဘ၀တုန်းက အခြေအနေနှင့် ခုတင်ပေါ်က လူနာ၏ ဘ၀ အခြေအနေကို နှိုင်းယှဉ်ကြည့်လျှင် မိုးနှင့် မြေလို ကွာခြားလွန်းလှသည်။ တစ်နေ့တစ်နေ့ ရသည့် လုပ်အားခလေးကို အမေ့ဆေးဖိုး၊ ညီမလေး ကျောင်းစရိတ်၊ အိမ်းစားစရိတ် စတာတွေ သုံးရတာနှင့်ပဲ သူ့ဘ၀ နာလန်မထူနိုင်ခဲ့ပေ။ ဒီလူနာကျတော့ ဒီလိုမဟုတ်။ မိဘကလည်း ချမ်းသာ၊ တစ်ဦးတည်းသော သားလေးဖြစ်၍ အလိုက်လိုက်ထားတော့ ဘီယာမူး၊ ဆိုင်ကယ်မှောက်ကာ ဆေးရုံသို့ ရောက်လာကြောင်း သိရသည်။

`ဘယ်လိုလဲ မောင်မောင်ဝေ၊ ဒီ တစ်ယောက်တော့ အဆင်ပြေမယ် ထင်တယ်´

လူနီနီကြီး တစ်ဦး၏ စကားအဆုံး စောစောက အမောဖောက်နေသော ထိုလူနာ ရုတ်တရက် အသက်ရှူ ရပ်သွားသည်။ ဆရာဝန်နှင့် သူနာပြုများလည်း နှလုံးနှိုးစက်နှင့် နှိုးသူနှိုး၊ အောက်ဆီဂျင် ပေးသူပေးနှင့် ပြာလောင်ခတ်သွားကြသည်။

သူတို့ ပြုစုနေတုန်းမှာပင် ထိုလူနာ၏ ၀ိညာဉ်သည် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့အား တွေ့လိုက်ရသည့်အခါ အလွန်အံ့သြစွာ ကြည့်နေ၏။ ထိုအချိန်မှာပဲ နောက်ထပ် လူနီနီကြီးနှစ်ဦး ထပ်မံရောက်ရှိလာပြီး ၎င်းအား တစ်ဖက်တစ်ချက်ကိုင်ကာ ဆွဲခေါ်သွားကြလေသည်။

`မောင်မောင်ဝေ၊ မင်း ဒီခန္ဓာကိုယ်ထဲ ၀င်မယ်ဆိုရင်တော့ အချိန်ကောင်းပဲ။ အသာလှဲချလိုက်၊ ဒါပေမယ့်…´

သူ ဘာမှ စဉ်းစားမနေတော့။ စကားမဆုံးခင်မှာပဲ ထိုခန္ဓာကိုယ်ပေါ်သို့ ဒိုင်ဗင် ထိုးချလိုက်တော့သည်။

***

သူ သတိရလာတော့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေပြီး ဦးခေါင်းမှာလည်း အလွန်နာကျင် ကိုက်ခဲလျက် ရှိသည်။

`အမလေး… သားလေး၊ သားလေး သတိရလာပြီ။ ကျေးဇူးတင်လိုက်တာ ဆရာကြီးတို့ရယ်´

မိန်းမကြီးမှာ ၀မ်းသာလွန်းစွာ ဆရာဝန်များအား ထိုင်ကန်တော့ရှာသည်။ ပိုက်ဆံအိတ် ချိုင်းကြား ညှပ်ထားသော လူကြီးကတော့ သူ့အနားတွင် ရပ်ရင်း ညင်သာစွာဖြင့်…

`သား သတိရလာပြီနော်။ နေသာရဲ့လား သား။ ဖေဖေတို့ အနားမှာ ရှိတယ်။ ငါ့သား ဘာမှ အားမငယ်နဲ့။ ဟုတ်လား´

`ဒီက အစ်ကိုကြီးတို့ အစ်မကြီးတို့ကလည်း တစ်ညလုံးစောင့်ရတာ ပင်ပန်းနေရောပေါ့။ ခဏလောက်ဖြစ်ဖြစ် နားလိုက်ကြပါဦး။ လူနာက ခေါင်းလည်း ထိထားတော့ စကားတွေ အများကြီး အာရုံနောက်အောင် မပြောပါနဲ့ဦး။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး´

ဆရာဝန်ကြီးရဲ့ စကားအဆုံး အဖေဖြစ်တဲ့ လူကြီးက…

`ဟုတ်ကဲ့ပါ ဆရာ၊ သားလေးကို အခုလို ကယ်တင်ပေးတဲ့အတွက် ဖော်မပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ် ဆရာရယ်´

`ဘယ်လူနာဖြစ်ဖြစ် အစွမ်းကုန် ကယ်တင် ကုသပေးရမှာ ကျွန်တော်တို့ ဆရာဝန်တွေရဲ့ တာဝန်ပါပဲဗျာ။ ကဲ… ကဲ ကျွန်တော့်ကို ခွင့်ပြုကြပါဦး။ အရေးအကြောင်းရှိရင် ရုံးခန်းကို လာခေါ်ပေါ့။ အနာသက်သာအောင် ဆေးတစ်လုံး ထိုးပေးခဲ့တယ်။ လူနာ အိပ်ချင် အိပ်နေပါစေ´

ဆရာဝန်ကြီး ထွက်သွားပြီး ခဏအကြာ ဆေးရှိန်ကြောင့် သူ့မျက်ခွံများ လေးလံလာတာမို့ အသာ မျက်စိမှိတ်ထားရင်းက နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ ညနေပိုင်း အိပ်ရာက နိုးလာသည့် အခါမှာတော့ ဝေဒနာတွေ အတော်သက်သာနေပြီး လူကလည်း လန်းလန်းဆန်းဆန်း ရှိနေသည်။ လက်ရှိ အမေဖြစ်သူကတော့ အနားကနေ သူမသိတဲ့ အကြောင်းအရာများကို ပြောပြနေသည်။ သူ့မှာ ခေါင်းက ဒဏ်ရာကို အခွင့်ကောင်းယူပြီး စမ်းတ၀ါးဝါးနဲ့သာ ရေလိုက် ငါးလိုက် လုပ်နေရသည်။

`သားလေး သတိမရသေးတာတွေကို ဖြည်းဖြည်းမှ စဉ်းစား သိလား။ လောလောဆယ် ဖေဖေနဲ့ မေမေတို့ကို မှတ်မိရင် တော်ပါပြီကွယ်´

မိန်းမကြီး စကားကြောင့် သူ့မှာ မလုံမလဲနှင့် စိတ်မကောင်းလည်း ဖြစ်ရသည်။ သူတို့မှာ ဒီသားလေး တစ်ယောက်ကို ဘယ်လောက်တောင် ချစ်သလဲ ဆိုရင် စပါယ်ရှယ်နာ့စ် နှင့် အထူးခန်းမှာ စိတ်ချနိုင်ပါလျက် အိမ်ကို မပြန်နိုင်ဘဲ နှစ်ယောက်လုံး ဒုက္ခခံပြီး အနားတွင် စောင့်ရှောက်နေရှာသည်။

ခဏနေတော့ အဖေဖြစ်တဲ့ လူကြီး ဆေးဝယ်ရာက ပြန်လာပြီး သူ့ခုတင်နားတွင် ၀င်ထိုင်လိုက်သည်။ ပြီးတော့ သူ့အား အားပေးစကားများ ပြောရှာသည်။ မိဘနှစ်ယောက် ဘယ်လောက်အထိ သည်းလသလဲ ဆိုရင် သူ့ရဲ့ ဆေးမသွင်းဘဲ အားနေတဲ့ လက်တစ်ဖက်ကို အလွတ်မပေးဘဲ တစ်လှည့်စီ ကိုင်ထားကြလေသည်။ သူ့မှာ ဟိုနားဒီနား ယားမလို့ ကုတ်မည်ပြင်တာတောင် သူတို့ကိုယ်တိုင်ပဲ လုပ်ပေးကြသည်။ ကြာတော့ သူ့မှာ မနေတတ်မထိုင် ဖြစ်လာရတော့သည်။

`သားလေး၊ ဗိုက်ဆာနေရောပေါ့။ အားရှိသွားအောင် ကြက်စွပ်ပြုတ်လေး သောက်လိုက်နော်´

မိန်းမကြီးက ပြောပြောဆိုဆို ကြက်စွပ်ပြုတ်ကို ကိုယ်တိုင်တိုက်သည်။ သူ့ဘ၀မှာ ဒီလောက်ကောင်းတဲ့ စွပ်ပြုတ်မျိုး တစ်ခါမှ မသောက်ဖူးတာတော့ သေချာပါသည်။ ပြီးတော့ နာ့(စ်)မလေး ဆေးလာတိုက်လေသည်။

ခဏ ကြာတဲ့အခါမှာ အိပ်ချင်လာတာနဲ့ပဲ သူ နောက်တစ်ကြိမ် အိပ်ပျော်သွားပြန်ပါသည်။

***

မနက်စောစော သူ အိပ်ရာက နိုးတော့ အဖေနဲ့ အမေ နှစ်ယောက်လုံးကို ထိုင်လျက်သား တွေ့လိုက်ရသည်။ သူကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရသလောက် သူတို့မှာ အနားမယူနိုင်ကြပါလားဟု တွေးမိပြီး စိတ်မကောင်း ဖြစ်ရပြန်သည်။ မျက်နှာသစ် သွားတိုက်နှင့် တယုတယ လုပ်ပေးပြီး ပြန်ကြတဲ့အခါမှာ သူ ဆီးသွားချင်လာသည်။

`ဟို… ကျွန်… ကျွန်တော် အပေါ့သွားချင်တယ်´

သူ့စကားသံ အဆုံးမှာ လင်မယား နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြိုင်တူကြည့်လိုက်ကြလေသည်။ အဖေဖြစ်သူက ကမန်းကတန်းနှင့်…

`သား… အပေါ့သွားချင်ရင် ဖေဖေ စောင်အောက်ကနေ ဆီးအိုးထည့်ပေးမယ်။ အဲဒီအတိုင်း သွားပေါ့။ ဟုတ်လား´

`ဟင့်အင်း၊ ကျွန်တော် ထိုင်ပြီး သွားချင်တယ်´

သူ ငြင်းတော့ နှစ်ယောက်သား အကြည့်ချင်း ဆုံကြပြန်လေသည်။ ဆီးသွားဖို့ ကိစ္စလေးကို သူတို့အတွက် ဘာတွေများ ခက်ခဲနေပါလိမ့် ဟု သူ့မှာ နားမလည်နိုင်အောင် တွေးမိရသည်။

`ဒါဆို မေမေပါ ၀ိုင်းထူပေးမယ်နော်´

ပြောပြောဆိုဆိုနှင့် နှစ်ယောက်သား သူ့အား ထူလိုက်ကြသည်။ ထိုင်ပြီးတဲ့ အခါ အမေဖြစ်သူက ဆေးသွင်းထားသည့် လက်ကိုကိုင်ပြီး အဖေဖြစ်သူက တခြားလက်ကို ကိုင်လျက်ကနေ ဆီးအိုးကို စောင်အောက် ထည့်ပေးသည်။ ဒါပေမယ့် သူ သွားလို့ မရ။

`ဟို… မေ… မေမေ အပြင်ခဏ ထွက်ပေးပါ´

သူ့မှာ ပထမဆုံးအကြိမ် အဖြစ် မလုံမလဲနဲ့ပဲ မိန်းမကြီးအား `မေမေ´ ဟု ခေါ်လိုက်ရသည်။

`သားအမိချင်းပဲဟာ သားရယ်။ ရှက်စရာမှ မဟုတ်တာ´

`ဟင့်အင်း၊ ကျွန်တော် သွားလို့ မရဘူး´

`အေး၊အေး ဒါဆို မေမေထွက်ပေးမယ်။ အဖေကြီး သားကို ဂရုစိုက် ကိုင်ထားနော် ကြားလား´

မိန်းမကြီးမှာ သူ့ယောက်ျားကို အဓိပ္ပာယ် တစ်မျိုးနှင့် ကြည့်ပြီး မထွက်ချင် ထွက်ချင် ထွက်သွားသည်။ မိန်းမကြီး ထွက်သွားပြီးမှ သူ့မှာ ရှောရှောရှူရှူနှင့် ဆီးသွား၍ ရလေသည်။ ပြီးနောက် အဖေဖြစ်သူမှာ လက်တစ်ဖက်က သူ့အား ထိန်းကိုင်ရင်း ဆီးအိုးကို ခုတင်အောက်တွင် ပြန်ထားလေသည်။ ထိုအချိန် ကိုင်မထားဘဲ လွတ်နေသည့် ဆေးပိုက်တန်းလန်းနှင့် လက်ကို သူ့ ဒူးခေါင်း နေရာပေါ် တင်လိုက်မိသည်နှင့် လက်က ဒူးခေါင်းနေရာကို ကျော်ပြီး ခုတင်ပေါ် အထိ ရောက်သွားသည်။

`ဟာ… ကျွန်တော့် ခြေထောက်…´

သူ အလန့်တကြား နောက်တစ်ဖက်ကို စမ်းလိုက်သည့်အခါ…

`ဟာ… ကျွန်တော့်ရဲ့ ခြေထောက်တွေ၊ ကျွန်တော့်ရဲ့ ခြေထောက်တွေရော´

သူ့ အော်သံ ကြားတဲ့အခါ မိန်းမကြီး အပြေးအလွှား ၀င်လာကာ…

`သား… သားလေးရယ်´

ဆိုပြီးနောက် သူ့အား ဖက်ကာ ငိုပါတော့သည်။ အခုမှ သူ မတင်မကျ ဖြစ်နေရသော အကြောင်းကို ရှင်းရှင်းလင်းလင်း အသေးစိတ် သိလိုက်ရသည်။ သူ့ခြေထောက် နှစ်ဖက်လုံး ဒူးအထက်ကနေ တိတိရိရိ ပြတ်နေကြပါလား။

`ကျွန်တော့် ခြေထောက်တွေရောဗျာ´

သူ့မှာ အရူးတစ်ယောက်လိုပင် အော်ဟစ်နေမိသည်။

`သတိထားပါ သားရယ်၊ ဆိုင်ကယ်မှောက်တဲ့ အရှိန်က အရမ်း ပြင်းတယ်လေ။ သားရဲ့ ခြေထောက် နှစ်ဖက်စလုံး ရစရာ မရှိအောင် ကြေမွသွားလို့ ဖေဖေတို့မှာ ရင်နာနာနဲ့ ဖြတ်ပစ်ဖို့ သဘောတူခဲ့ရတာပါ သားရယ်။ ဖေဖေတို့ကို ခွင့်လွှတ်ပါ´

အဖေဖြစ်သူ လူကြီးမှာ မျက်ရည်စက်လက်နှင့် ရှင်းပြရှာသည်။

`မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် မဟုတ်ဘူး။ ကျွန်တော် မှားပြီဗျ။ ကျွန်တော် မှားပြီဗျ´

သူ အော်ဟစ်ရင်း ချုံးပွဲချ ငိုကြွေးမိသည်။ လင်မယား နှစ်ယောက်ခမျာ သူ ဘာကို ဆိုလိုမှန်း နားမလည်ဘဲ သူ့ကိုသာ အမျိုးမျိုး ချော့မော့ နှစ်သိမ့်နေကြသည်။ လောဘစိတ် တခုကြောင့် မဆင်မခြင် လုပ်လိုက်မိတာလေးအတွက် ယခုလောက် မှားယွင်းသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ ထိုစဉ် ခုတင် ခြေရင်း၌ လူနီနီကြီးနှစ်ဦး ရုတ်တရက် ပေါ်လာသည်။

`ဘယ်လိုလဲ မောင်မောင်ဝေ။ မင်းက ငါတို့ စကားကို ဆုံးအောင်မှ နားမထောင်ဘဲ။ ခုတော့ ငါတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ၀ဋ်ကြွေးလို့ပဲ သဘောထားလိုက်ပေါ့ကွာ။ မင်းရဲ့ လူ့ဘ၀ သက်တမ်း ကုန်တဲ့နေ့ကျမှ ငါတို့ လာခဲ့မယ်။ အခုတော့ သွားပြီဟေ့´

လူနီနီကြီး နှစ်ဦးလည်း ပြောပြီးတာနှင့် ပျောက်သွား၏။ အခုမှ သူ့အား စစ်မေးခဲ့သော အ၀တ်အစား တောက်တောက်ပြောင်ပြောင်နှင့် ပုဂ္ဂိုလ်ကြီး၏ `မင်းက လူ့ပြည်မှာ ကိစ္စတစ်ခု ရှိသေးတယ်´ ဆိုသည့် စကားကို ပြန်ကြားယောင်မိလာသည်။

သူ၏ အတိတ်ဘ၀က ဘာလုပ်ခဲ့မှန်း မသိသည့် မကောင်းမှု ၀ဋ်ကြွေးများကို ခြေထောက်နှစ်ဖက် ပြတ်နေသည့် ဒုက္ခိတ ဘ၀ကြီးနှင့် ဘယ်လောက် ကြာကြာ ပေးဆပ်ရမည် မသိပေ။ အခုတော့ လူနီနီကြီး နှစ်ဦး နောက်တစ်ကြိမ် ပြန်လာခေါ်မည့် အချိန်အား စောင့်နေရုံက လွဲ၍ ဘာမှ မတတ်နိုင်တော့။ သူ့မှာ စိတ်ပျက်အားငယ်စွာနဲ့ပဲ လူနီနီကြီး နှစ်ဦးတို့အား တကြော်ကြော် အော်ခေါ်နေမိပါတော့သည်။

`လူနီနီကြီးတို့ရေ၊ ကျွန်တော့်ကို လာခေါ်ကြပါဗျာ။ ကျွန်တော့်ကို လာခေါ်ကြပါ´


ကျော်မောင်မောင်ဟန်

Monday, July 23, 2007

မရယ်ချင်ရင်လဲ ပြုံးနိုင်ပါစေ

အမှန်တော့ ဒီပို့စ်ကို တင်ဖို့ ကျနော် ချိန်ရွယ်နေတာ ကြာပါပြီ။ ချိန်ရွယ်နေတာနဲ့ပဲ အခုတော့ ဟိုဘက်ဘလော့ဂ်က မမေဓာဝီက အကြံဦးလို့ ဟာသပို့စ်တင်တာ နှစ်ခါကြီးများတောင် ရှိသွားပါပြီ။ ဒါပေမယ့် သူတင်တာက စာအုပ်ထဲကပေါ့။ ကျနော်ကတော့ ပုံစံတမျိုးနဲ့ တင်ဆက်ကြည့်ချင်ပါတယ်။ အပြင်လောကက တကယ့်အဖြစ်အပျက်လဲပါ၊ သူငယ်ချင်း မျှဝေတာလဲ ပါပေါ့။ ဒီပို့စ်နာမည်ကိုတော့ `မရယ်ချင်ရင်လဲ ပြုံးနိုင်ပါစေ´ လို့ အမည်ပေးပါရစေ။ ကဲ…။ စလိုက်ကြပါစို့…။

ဘာများပါလိမ့်

ဒီဟာသလေးကိုတော့ ကျနော်တို့ မြို့ကလေးက တကယ့် အဖြစ်အပျက်တခုကို အခြေခံပြီး တင်ဆက်ပါတယ်။

ကျနော်နေတဲ့ ရပ်ကွက်က မွန်လူမျိုး အများစု နေထိုင်ပါတယ်။ မြို့ရဲ့ အစွန်လည်း ကျတဲ့အပြင် နယ်ခံတပ်ရင်းနဲ့လဲ အတော်နီးကပ်ပါတယ်။ ကျနော်ရေးခဲ့ပြီးတဲ့ ပို့စ်တချို့တွေ အတိုင်းပါပဲ။ ကျနော်တို့ မြို့ကလေးမှာ စစ်သားအ၀င်အထွက် သိပ်များပါတယ်။ ရှေ့တန်းထွက်လိုက်၊ နောက်တန်းပြန်ဝင်လိုက်နဲ့ပေါ့…။

မွန်လူမျိုးတွေ ဗမာစကားပြောရင် တလုံးတခဲနဲ့ အားရပါးရကြီးပြောတတ်လေ့ ရှိတဲ့အပြင် ၀ဲတဲတဲနဲ့ တမျိုးလဲ နားထောင်ကောင်းပါတယ်။ ကျနော်တို့ ရပ်ကွက်ရဲ့ အစွန်အဖျားနားက မွန်မိသားစု နေတဲ့အိမ်တအိမ်မှာပေါ့။ တခုသော ရက်ရဲ့ ညမှောင်ရီပျိုးစမှာပါ။

အိမ်အောက်ဘက်က ချိုးချိုးချွတ်ချွတ် အသံကြားတာနဲ့ အမေဖြစ်သူက သူ့သမီးကို ပြောပါတယ်-

`သမီး၊ အိမ်အောက်မှာ အသံကြားတယ် သွားကြည့်စမ်း။ ဘယ်သူလဲ´

သမီးဖြစ်သူက သွားကြည့်တော့ ကင်းလှည့်ဟန်တူတဲ့ စစ်သားတစု အိမ်နားက ဖြတ်သွားတာတွေ့တော့ အိမ်ပေါ်ကို ပြန်တက်လာပြီး အမေကို ဒီလိုပြောလိုက်ပါသတဲ့-

`အယ်၊ အမေ၊ လူးမှ မဟုတ်၊ ရဲ့ဘောတွေ၊ ရဲ့ဘောတွေ´

`အမေရေ၊ လူမဟုတ်ဘူး၊ ရဲဘော်(စစ်သား)တွေ´ ဆိုတဲ့ အဲဒီအမှတ်မထင် စကားက ကျနော်တို့ မြို့မှာတော့ ဗန်းစကားတခုလို အမှတ်ထင်ထင် တွင်သွားလေရဲ့။


ငါမဆဲချင်ပါဘူးဆိုနေ

ဒီအဖြစ်အပျက်ကိုတော့ ကျနော့်မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတယ် ဆိုပါတော့။ ကျနော် လိုက်ခဲ့ဖူးတဲ့ ခြောက်ရက်ကြာ ပေါ်တာခရီးစဉ်မှာ ဖြစ်ပါတယ်။

အတော်အတန် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အထမ်းသမား တယောက်က ခရီးလမ်းတာရှည်လာတာနဲ့ အမျှ ခြေလှမ်းတွေက မသယ်နိုင်ရှာတော့ပါဘူး။ ရှေ့မှာကလဲ တောင်တက်ခရီး၊ စတက်ပြီ ဆိုတာနဲ့ သူ့ခမျာ နည်းနည်းသွားလိုက်၊ အထုပ်ကို `ဖုတ်´ ခနဲ ပစ်ချပြီး နားလိုက်၊ နည်းနည်းသွား၊ နား နဲ့ ဖြစ်နေပါတော့တယ်။ အဲဒီမှာ သူ့ကို စောင့်ကြပ်လိုက်ပါရတဲ့ အစောင့်စစ်သားက အလွန်အင်မတန် ကြင်နာဟန် လေသံနဲ့-

`အဘရယ်၊ ရှေ့နားဆို ရောက်တော့မှာပါ၊ ကြိုးစား သွားလိုက်နော်´

အဘိုးကြီးက `အေး၊ အေး´ ဆိုပြီး ကြိုးစားလျှောက်လိုက်နဲ့ ခဏအကြာတော့ ထပ်နားပြန်ပါတယ်။ စစ်သားက-

`အဘ၊ ရှေ့မှာ လူတွေပြတ်ကုန်မယ် အဘရဲ့၊ ထထ´

အဘိုးကြီးက ထလျှောက်ပြန်၊ သုံးလေးလှမ်းပြီးတော့ တခါ ထပ်နားပြန်-

`အဘ၊ ထပါဗျ၊ လူတွေပြတ်တော့ပါမယ် ဆိုနေ´

တခါ ထလျှောက်၊ နောက်ဆုံးတော့ ခြေပစ်လက်ပစ် လှဲချ။ အဲဒီမှာတင် စစ်သားဖြစ်သူက-

`ဟာ၊ ဒီငါ- အဘတော့ ထပါဆိုနေ၊ ငါမဆဲချင်ပါဘူးဆိုမှ၊ ထကွာ၊ ထကွာ´

မောပန်းရတဲ့ ကြားက အဲဒီစစ်သားရဲ့ ဒေါသထွက်ပုံကို မပြုံးချင်ဘဲ ပြုံးခဲ့ရပါရဲ့။


မြန်မာပြည်က အချမ်းသာဆုံး…

ဒီဟာသကိုတော့ မြန်မာချက်ထဲက ခင်စရာကောင်းတဲ့ သူငယ်ချင်းတယောက် ဖောက်သည်ချပါတယ်။ သူပြောတဲ့ ဟာသကို ကျနော်က အဆင်ပြေသလို ပြန်လည် ဖောက်သည်ချပါတယ်။

ပန်းခြံတခုမှာပါ။ ရုရှနှစ်ယောက်က ခုံတန်းတခုမှာ ထိုင်နေပါတယ်။ ခပ်လှမ်းလှမ်းမှာတော့ မြန်မာတယောက်…။

`သေချာတယ်၊ ငါတို့ ရုရှဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ဖြစ်သွားပြီ´ အတွေးအခေါ် သမားဖြစ်ဟန်တူသူ ရုရှတယောက်က အဲဒီစကားကို ပြောတော့ အံ့အားသင့် နားမလည်ဟန်နဲ့ တခြား ရုရှတယောက်က-

`ဟာ၊ မဖြစ်နိုင်လိုက်တာကွာ´

`ဟုတ်တယ်ကွ၊ သေချာသမှ သိပ်ဟုတ်၊ ငါတို့ ရုရှက ကမ္ဘာမှာ အချမ်းသာဆုံး…´

မြန်မာကတော့ ခပ်လှမ်းလှမ်းကနေ နားစွင့်နေတာပေါ့။ ပထမစကားကို ပြောတဲ့ ရုရှကပဲ-

`မင်းစဉ်းစားကြည့်လေကွာ၊ ငါတို့ ရုရှမှာ ခိုးခဲ့ကြတာ အနှစ် (၇၀) ကျော်၊ အခုထိတောင် မကုန်ဘူး၊ ဒီနိုင်ငံမှ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံမဟုတ်ရင် ဘယ်နိုင်ငံ ဖြစ်မလဲ´

အဲဒီမှာတင် အသာငြိမ် နားထောင်နေတဲ့ မြန်မာက-

`ခင်ဗျားတို့ အားလုံးမှားတယ်၊ ကျနော်တို့ မြန်မာနိုင်ငံကမှ ကမ္ဘာ့အချမ်းသာဆုံး´

`ဟေ…´

ရုရှတွေ အံ့အားသင့်နေဆဲမှာပဲ-

`ခင်ဗျားတို့ ရုရှက ခိုးခဲ့တာ အနှစ် ၇၀၊ ကျနော်တို့ နိုင်ငံက ခင်ဗျားတို့လောက် ခိုးသက်မကြာပေမယ့် ခင်ဗျားတို့ ထက် ခိုးစွမ်းထက်တယ်၊ ခိုးတာလဲ ခင်ဗျားတို့ထက် ပြောင်မြောက်တယ်။ ဒါတောင် မကုန်သေးဘူး၊ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံကမှ ကမ္ဘာ့ အချမ်းသာဆုံး´

ရုရှနှစ်ယောက် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့လေရဲ့…။

ဖတ်ရတာ ဟာသမမြောက်ရင် ကိုယ့်ကိုယ်ကိုယ် ကလိထိုးပီးသာ ရယ်လိုက်ကြပါကုန် ...။

ကလိုစေးထူး

Sunday, July 22, 2007

စပ်မိစပ်ရာ (၉)…

မရေးတာကြာပြီ ဖြစ်တဲ့ စပ်မိစပ်ရာကို ရေးဖို့အတွက် သတင်းအချက်အလက်တွေ စုစည်းဖို့ အတွက် စာစောင်၊ ဂျာနယ်တွေကို လိုက်ဖတ်မိတော့ ဒီရက်ပိုင်းမှာ ကျနော် စိတ်အ၀င်စားဆုံးက မြန်မာပြည်ထုတ် နေ့စဉ် သတင်းစာတွေပါ။ လွန်မြောက်လာတဲ့ အာဇာနည်နေ့မှာ ဘာတွေများ ထူးလေမလဲ၊ အကြီးအကဲဆိုသူကြီး အာဇာနည်ကုန်းကိုများ (ယောင်ယမ်းပြီး) အလေးသွားပြုဖြစ်သေးလား စတဲ့ အတွေးအပြင် `ဒီတခါ နောက်ဆုံးပါ´ ဆိုတဲ့ အမျိုးသားညီလာခံ အမည်ခံ လက်ညှိုးထောင်ခေါင်းငြိမ့် စာဖတ်ပွဲ သတင်းအခြေအနေကိုလဲ စိတ်ဝင်စားမိလို့ပါပဲ။

ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာကို ဖွင့်ဖတ်မိတော့ အာဇာနည်ကြီးများကို နိုင်ငံတော်ကိုယ်စား ယဉ်ကျေးမှု ၀န်ကြီး ဆိုသူ ဘိုချုပ် ခင်အောင်မြင့်က ပန်းခွေချ အလေးပြုတဲ့ သတင်းကို နောက်ဖုံးမှာ ဖတ်လိုက်ရပါတယ်။ အာဇာနည်ကြီးများရဲ့ ကျန်ရစ်သူ ဆွေမျိုးအချို့ လာရောက် ပန်းခွေချ အလေးပြုတဲ့ သတင်းကို ဖတ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်အကျယ်ချုပ်ကြောင့် အာဇာနည်ကုန်းမှာ ပန်းခွေချ ဂါရ၀ ပြုခွင့် မရရှာခဲ့ပေမယ့် ဦးအောင်ဆန်းဦး သွားရောက် ဂါရ၀ ပြုခဲ့တာကို တွေ့လိုက်ရပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ်ဆောင်းပါးအနေနဲ့ကတော့ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ `ဇာနည်ဘွား´ အမည်ခံရဲ့ `အာဇာနည် ခေါင်းဆောင်များကို အလေးထား မြတ်နိုးကြပါလျှင်´ ဆိုတဲ့ ဆောင်းပါးယောင်ဆောင်ထားတဲ့ စောင်းမြောင်း၊ ဖော်လံဖား စာတပုဒ်ကို ဖတ်လိုက်ရပါတယ်။

ခံပြင်းစရာကောင်းတဲ့ ဆောင်းပါးတပုဒ်ကိုတော့ ကျော်မြင့်နိုင် အမည်ခံသူက ဇူလိုင်လ ၂၂ ရက်နေ့ထုတ် သတင်းစာထဲမှာ ရေးပါတယ်။ (သတင်းစာ ဖတ်ရကောင်းလားလို့ ဟိုတခါ အမည်မဲ့ မိတ်ဆွေတယောက်က သြဘာပေးသွားတာကို ဖတ်ရင်းနဲ့ သတိရမိပါသေးတယ်)။ သူခိုးလူဟစ်တဲ့ စာသားတချို့ကို ဖောက်သည်ချပါမယ်။

`ဒေါ်စုကြည်ဟာ အကြမ်းဖက်တဲ့နည်း (အကြမ်းဖက်တဲ့နည်း) နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူ ဖြစ်ရုံသာမက မြန်မာနိုင်ငံ လူ့သမိုင်းကို ရှေ့သို့ တိုးတက်စေရန် လိုအပ်တဲ့ ကုန်လုပ် စွမ်းအားစုတွေ တိုးတက်အောင် မလုပ်ဆောင်ဘဲ တည်ဆဲ အစိုးရကို ထိပ်တိုက် ရင်ဆိုင်ဆန့်ကျင်ရေး၊ တိုင်းပြည်နဲ့ ပြည်သူတွေ စီးပွားရေးချွတ်ခြုံကျစေပြီး လူထုအုံကြွမှုတွေ ဖြစ်ပေါ်လာရေး၊ မိမိတို့ အာဏာရရေးအတွက် စီးပွားရေး ပိတ်ဆို့ ဖိအားပေးရေး၊ ကုန်လုပ်စွမ်းအားစုတွေ ကျဆင်း ကြေပြုန်းရေး စတဲ့ အဖျက်လုပ်ရပ်တွေကိုသာ တစိုက်မတ်မတ်လုပ်နေသူ၊ လူ့သမိုင်း (မြန်မာနိုင်ငံ သမိုင်း) ကို နောက်ပြန်ဆွဲနေသူသာဖြစ်။´

အင်္ဂလန်က နာမည်ကြီး ဘောလုံးသမား ဒေးဗစ်ဘက်ခမ် တယောက် အမေရိကန်က အယ်လ်အေဂလက်ဆီ ကလပ်နဲ့အတူ ချဲလ်ဆီးနဲ့ ခြေစမ်းပွဲမှာ အရန်ကစားသမားအဖြစ် စတင် ကစားခဲ့ပါတယ်။ သူ ဒီကို ရောက်တော့ ကြိုဆိုသူ တော်တော်ကို များခဲ့ပါတယ်။ ကျနော် အံ့အားတသင့်နဲ့ စိတ်ဝင်စားမိတာက သူ့ရဲ့ လုပ်ခလစာပါ။ ဟုတ်ကဲ့၊ သူ ဒီမှာ ရမယ့် လစာက တစက္ကန့်ကို ဒေါ်လာ ကိုးဆယ်နှုန်းနဲ့ ညီပါသတဲ့။

အခုတလော မြန်မာပြည်မှာ လေဆင်နှာမောင်း၊ ရေကြီး စတဲ့ သဘာဝ ဘေးအန္တရာယ် သတင်းတွေကို မကြာခဏ ဖတ်နေရတာဟာ စိတ်မချမ်းမြေ့စဖွယ် အင်မတန်ကောင်းလှပါတယ်။ ဒါပေမယ့် အဲဒီ ဘေးဒဏ်ကျသင့်ခံရတဲ့ ပြည်သူတွေကို အုပ်ချုပ်သူတွေက ထိရောက်တဲ့ အကူအညီ လောက်လောက်လားလား မပေးတာကို တွေ့ရတာက ပိုလို့ စိတ်မသက်မသာဖြစ်ရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံမှ ရေအားလျှပ်စစ် ရယူထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြုပ်နှံပါမယ်။ လာမယ့် နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်ယူမှုမှာ ရင်းနှီးမြုပ်နှံမှာဖြစ်ပြီး သူတို့က စွမ်းအင် ၇၀ ရာခိုင်နှုန်းကို ရယူလို့ အိမ်ရှင်မြန်မာက ၃၀ ရာခိုင်နှုန်းရမှာ ဖြစ်ပါသတဲ့။ သူတို့ လာဆောက်တဲ့ စက်ရုံတွေကို နှစ်ပေါင်း ၄၀ ပြည့်မှသာ မြန်မာနိုင်ငံက ပိုင်ဆိုင်ပါမယ်။


ကျနော်ကိုက အမြင်မှားလေရော့သလား မသိပါဘူး။ ဒီပုံထဲက မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းကို ကြည့်ရတာ အတော်လေးကို အဆင်မပြေပါဘူး။ ရပ်ကွက်ထဲက လူမိုက်လိုလို ဘယ်သူ့မှ ထီမထင်ဟန် မျက်မှောင်ကြီးကုပ်၊ ခါးထောက်လို့ သူ့ဟန်ကို ဟိုတခါ ဒီဗွီဘီ ရုပ်သံသတင်းမှာတုန်းကလဲ သတိထားမိပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က အမျိုးသား ဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ ၀တ်စားဆင်ယင်မှု ပြပွဲနဲ့ ပဒေသာကပွဲမှာ ထူးထူးခြားခြား အနေနဲ့ လူရွှင်တော်များအဖြစ် နေတိုး၊ ရဲလေး၊ ထွန်းထွန်းနဲ့ မျိုးမျိုးတို့က ဖျော်ဖြေတင်ဆက်သွားပါတယ်။ အခွေထွက်လာရင်တော့ ဘာပဲပြောပြော အရောင်းရဆုံးစာရင်းမှာ ပါအုံးမှာ မြင်ယောင်နေပါသေးတယ်။

ဒီစာကိုရေးနေတုန်းမှာ အိမ်ကိုလာလည်တဲ့ ဧည့်သည်တွေကို ဖွင့်ပြထားတဲ့ မြန်မာဇာတ်ကားက ဇာတ်ဝင်ခန်း တခုမှာ သဘောကျစဖွယ် ဇာတ်ဝင်စာသားတခုကို နားထောင်လိုက်ရပါတယ်။

`မင်းသမီးက ရေနံတွေ ပန်းထွက်ရင်တောင် ငါ့သားနဲ့ မပေးစားနိုင်ဘူးကွ´…တဲ့။

စဉ်းစားလေလေ ရယ်ချင်လေလေ…။ :D

ကဲ… ဒီနေ့အတွက် စပ်မိစပ်ရာ စာစုကိုတော့ ဒီလောက်ပဲ ခပ်တိုတို တင်ဆက်လိုက်ပါတယ်။ လာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။


ကလိုစေးထူး


ကိုးကား။ ကြေးမုံသတင်းစာ၊ ဒီဗွီဘီ ရုပ်သံ၊ Weekly Eleven ဂျာနယ်။


Saturday, July 21, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၄)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

`အေး၊ ဒီလိုမှပေါ့ကွ။ မင်း ရေ ရမယ်´

ကျနော်လည်း အခုမှ သက်ပြင်းချမိတယ်။ သူ ဘာလို့ လက်ခံသွားပါလိမ့်။ မသိဘူး။ ကျနော့်မှာ အူကြောင်ကြောင်နဲ့။ ဒါပေမယ့် သေချာတာကတော့ ကျနော် ABSDF ဗဟိုကို တင်ခဲ့တဲ့ အစီရင်ခံစာ သူတို့ ရထားတယ် ဆိုတာ မဟုတ်နိုင်တော့ဘူး။ ဒါပေမယ့် အဲဒီ အစီခံစာ အကြောင်းနဲ့ စာမျက်နှာ အရေအတွက် သူ ဘယ်လိုလုပ် သိနေတာပါလိမ့်။ စာမျက်နှာ ခြောက်ဆယ်ကျော် ဆိုတာလည်း ဟုတ်နေတယ်။ သူက တံခါးပိတ်ပြီး ပြန်ထွက်သွားတယ်။ ခဏကြာတော့ ပြန် ၀င်လာတယ်။ ကျနော့်ရှေ့ ရေတခွက် ချပေးတယ်။

`ခေါင်းစွပ် အောက်နားစကို ငါ အသာ မ ပေးမယ်။ ငါ့ကို မော့မကြည့်နဲ့။ သောက်´

ခက်တာက ကျနော့်ကို လက်ထိပ် ချွတ်မပေးတာဘဲ။ လက်ထိပ်ကလည်း နောက်ပြန်ခတ်ထားတာ။ ရှေ့မှာ ရေခွက်ကို တွေ့တယ်။ လက်ဖက်ရည် အကြမ်းပန်းကန် အသေးလေး တလုံးပါ။ ဒါနဲ့ ကျနော်လည်း ကိုယ်ကို ရှေ့ကိုကုန်း၊ ပန်းကန်လုံး နှုတ်ခမ်းကို ပါးစပ်နဲ့ တေ့ပြီး၊ ၀က်တကောင်လို ရေကို `ပြွတ်´ ခနဲ စုပ် သောက်လိုက်တယ်။ တ၀က်လောက်ပဲ သောက်ရသေးတယ်။ `တော်ပြီ´ ဆိုပြီး ပန်းကန်လုံးကို ဆွဲယူသွားတယ်။ ကျနော်က `ရေပေးပါ´ လို့ ပြောတယ်။ `ဆက် မပြောနဲ့´ တဲ့။ ကျနော် တော်တော် စိတ်ဓာတ်ကျသွားတယ်။ သူက မေးခွန်းတွေ ဆက်မေးတယ်။

***

ဒီလိုနဲ့ နေရင်း အတော်ကြာတော့ ကျနော် စိတ်ကူး တခု ရလာတယ်။ ဒါနဲ့ `အိမ်သာ တက်ချင်တယ်´ လို့ သူ့ကို ပြောလိုက်တယ်။ `သောက်ရေးထဲမှာ´ လို့ သူက ပြောပြီး ကျနော့်ကို လက်ထိပ် ဖြုတ်ပေးတယ်။ တွဲပြီး လိုက်ပို့ပေးတယ်။

အိမ်သာထဲရောက်တော့ တံခါးပိတ်။ ခေါင်းစွပ် ချွတ်လိုက်တယ်။ ဒေါင့်မှာ (ညစ်ညစ်ပတ်ပတ်) မြေအိုး နှုတ်ခမ်းပဲ့လေး တလုံးတွေ့တယ်။ အိမ်သာ သုံးဖို့ရေ။ ဒါနဲ့ အိုးထဲကို ကြည့်လိုက်တော့ ကျနော် ကံဆိုးတယ်။ ရေက အကပ်အသပ်လေးပဲ ကျန်နေတာ။ အပေါစား အိမ်သာက ရေဆိုတော့ ညစ်ကလည်း ညစ်ပတ်နေသေး။ မတတ်နိုင်ဘူး။ အိုးမှုတ်ခွက်ကိုယူ၊ ရေကို ခြစ်ပြီး ခပ်လိုက်တော့ `ဂျစ်´ ခနဲ အသံ မြည်သွားတယ်။

`၀ုန်း´ အိမ်သာကို အပြင်ကနေ ဟိုလူ အုတ်ခဲနဲ့ လှမ်းထုလိုက်တာပါ။

`ထွက်စမ်း၊ ငါ -မသား။ အိမ်သာရေ သောက်မလို့ မဟုတ်လား။ ခုချက်ချင်းထွက်၊ မအေ-´

ဟာ။ ဘာပြောကောင်းမလဲ။ အယုတ်တ အနတ အော်ကြီးဟစ်ကျယ်၊ မကြားဝံ့ မနာသာတွေ ဆဲဆိုနေလိုက်တာ အိမ်သာရှေ့မှာ ဆူညံနေတာပဲ။ ကျနော်လည်း အလန့်တကြားနဲ့ လက်ထဲက အုန်းမှုတ်ခွက် လွတ်ကျသွားပြီး အိမ်သာထဲကနေ ကမန်းကတန်း ထွက်ရတယ်။

(ကျနော် စဉ်းစားကြည့်တယ်။ သြော်- အိမ်သာရေကိုတောင် ဒီလူတွေ မသဒ္ဓါကြပါလားလို့။ တော်ပါသေးရဲ့။ မရိုက်လို့။ အရိုက်ကလည်း မခံနိုင်တော့လောက်အောင်ပဲ။ ရိုက်လိုက်ရင် အသားတွေ ပဲ့ကျ။ ကြွေကျတော့မလားတောင် ထင်ရတာ။)

ကျနော့်ကို ထောက်လှမ်းရေး (၁၄) (ထောင်ထဲရောက်ပြီးမှ အဲဒီ နံပါတ်ကို သိရတာပါ။) မှာ စစ်တာ၊ ရေ နှစ်ရက်လား သုံးရက်လား မသိဘူး။ မတိုက်ဘူး။ ထမင်း သုံးရက် မကျွေးဘူး။ လေးရက်စလုံး မအိပ်ရဘူး။ (နောက်ပိုင်း ပြန်စဉ်းစားကြည့်မှ သိရတာပါ။) နေ့တွေ ညတွေလည်း မကွဲဘူး။ မေးခွန်းတွေ၊ ဆဲဆိုသံတွေ၊ ရိုက်နှက်တာတွေနဲ့ပဲ တချိန်လုံး ပြည့်နှက်နေတာ။

မေးတာမှာ အဖွဲ့ နှစ်ဖွဲ့ရှိတယ်။ တဖွဲ့က ပြေပြေလည်လည် အဖွဲ့ပါ။ သူတို့က ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ်။ ချော့တယ်။ ကိုယ့်မိသားစုကို ငဲ့ညှာဖို့၊ ကိုယ့်ရှေ့ရေးကို တွေးဖို့။ ကျောင်းသား ခေါင်းဆောင်တွေထဲက ဘယ်သူ ဘယ်ဝါတွေဆိုရင် လက်ဖျားနဲ့တောင် မထိရသေးဘူး။ အကုန်ပြောတာ။ သမိုင်းစာအုပ်ထဲက သူရဲကောင်းတွေလို လုပ်နေလို့ ဘာထူးမလဲ ဘာညာ။ စသဖြင့် ပြောတယ်။ ပျော့ပျော့လေးနဲ့ ခြောက်တယ်။ ဖြေတာကို စိတ်ရှည် လက်ရှည်နဲ့ နားထောင်တယ်။ (လိမ်ပြောတာကိုလဲ လိမ်နေမှန်း သူတို့ သိနေရင်တောင် ငြိမ်ပြီး နားထောင်တယ်။)

သူတို့ ထွက်သွားပြီးရင်တော့ နောက်တဖွဲ့ ၀င်လာပါရော။ (မမြင်ရတော့ သူတို့ပဲ ဖြစ်ရင် ဖြစ်နေမှာ။) တကယ့် သမတ လူကြမ်းအဖွဲ့။ ကြမ်းလိုက်တာ ကမ်းကုန်ရော။ ၀င်လာကတည်းက တံခါးကို ၀ုန်းခနဲ ဆောင့်ကန်ဖွင့်၊ အသံကုန်အော်ပြီး ၀င်လာ။ လူကို တွေ့တာနဲ့ မဟားဒယားရိုက်၊ နောက်ကနေ ဆောင့်ကန်၊ ခုံနဲ့ ရှေ့က စားပွဲကြား လူက ညပ်လို့။ တခါတခါ ခုံပေါ်ကနေ လွင့်စင်ကျ၊ ကြမ်းပေါ်မှာလဲ အလဲလဲ အပြိုပြိုဖြစ်၊ ၀ိုင်းကန်၊ အော်ဟစ်ဆဲဆို၊ အသံမျိုးစုံ။ အို… ဆူညံနေတာပဲ။ လူက ဘယ်လိုဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ ထူပူ၊ အံ့သြ၊ အဝေးကြီးကို လွင့်စင်ထွက်သွားသလို ခံစားရ။ ပြီးတော့ မေးခွန်းတွေ မေးလိုက်။ ရိုက်လိုက်၊ မေးလိုက်၊ ရိုက်လိုက်။ မေး။ ရိုက်…။

ဖြစ်ရပ်တခုကို ကျနော် မှတ်မိနေပါသေးတယ်။ ဆရာဝန်နဲ့ ပတ်သက်တဲ့ ကိစ္စပါ။ အဖမ်းခံရတုန်းက ကျနော် ၀မ်းတွေ လျှောနေတယ်။ ငှက်ဖျားကလည်း ပြန်ထချင်ချင်။ ထောက်လှမ်းရေး ရောက်ပြီး ကျနော့်အထင် နှစ်ရက်လောက်လား အကြာမှာ ကျနော် တကိုယ်လုံး ခြစ်ခြစ်တောက် ပူလာတယ်။ ကျနော် ဖျားနေပြီ။ ကျနော် သူတို့ကို ပြောတယ်။ ဒါနဲ့ သူတို့က ဆရာဝန် ခေါ်လာတယ်။

ဆရာဝန်လာတော့ ကျနော့်ကို ဆေးစစ်တယ်။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ နာနာကျင်ကျင်၊ ဒုက္ခရောက်နေချိန်မို့လား မသိဘူး။ အဲဒီ အချိန်တုန်းကလောက် ဆရာဝန် တယောက်အပေါ် အားကိုးစိတ်၊ ချစ်ခင်စိတ် ပေါ်သလိုမျိုး အရင်တုန်းက တခါမှ ပေါ်ခဲ့ဖူးမယ် မထင်ဘူး။ ထောက်လှမ်းရေး ရောက်ပြီးမှ လူသားဆိုတာကို ပထမဆုံး အကြိမ် ပြန် မြင်ရသလိုမျိုး စိတ်ထဲ ခံစားရတယ်။ ဆရာဝန်က ကျနော့်ကို စမ်းသပ်တယ်။ ပြီးတော့ ထောက်လှမ်းရေးကို ကျနော့်ကို တိုက်ဖို့ ဆေးတချို့ ပေးတယ်။ ပြီးတော့ ပြောသွားတယ်။

`ဖျားတော့ ဖျားနေတယ်။ ဒါပေမယ့် ဆက်ပြီး မေးလို့၊ စစ်လို့ ရသေးတယ်´

ဟာ။ ဆရာဝန်ကို ကျနော် အံ့အားသင့်သွားမိတယ်။ သူ့စကား အဓိပ္ပာယ်က `ဆက်နှိပ်စက်လို့၊ ဆက် ရိုက်လို့ ရသေးတယ်´ လို့ ပြောသွားတာပဲ မဟုတ်လား။ ဆရာဝန် တယောက်ဆီက ကျနော် မျှော်လင့်ခဲ့တဲ့ ဆရာဝန်စိတ်၊ လူသားစိတ် ဘယ်မှာလဲ။ ဟုတ်တယ်။ ဆရာဝန်တောင် အခန်းပြင် မရောက်သေးဘူး။ `နည်းနည်းကို များများ ဖြစ်ရလား´ ဆိုပြီး ကျနော့်ကို ၀ိုင်းပြီး ရိုက်ကြ ကန်ကြပါလေရော။ ထောက်လှမ်းရေးက ဆရာဝန်ကလည်း ထောက်လှမ်းရေး အတိုင်းပါပဲလား။ (တကယ်တော့ သူတို့ ဆရာဝန် ခေါ်တာကလဲ ကျနော့်ကျန်းမာရေးအတွက်၊ ကျနော့်အသက်အတွက် စိုးရိမ်လို့ မဟုတ်ပါဘူး။ ကျနော့် အခြေအနေ ဆိုးလာရင် သူတို့ စစ်ဆေးနေတာတွေ ရပ်ရမှာ စိုးလို့ပါ)။

ကိုယ် အရိုက်မခံရတဲ့ အချိန်မှာလည်း အရိုက်မခံရလို့ ဆိုပြီး စိတ်ချမ်းသာစရာ မရှိပါဘူး။ ဘေးအခန်းတွေက ၀ုန်းဝုန်း ဒိုင်းဒိုင်း ဆူညံနေတဲ့ အသံတွေ၊ ရိုက်နှက်သံတွေ၊ နာကျင်လွန်းလို့ စူးစူးဝါးဝါး အသံကုန် ခြစ်ပြီး အော်ဟစ်လိုက်တဲ့ အသံတွေ၊ အော်ရင်းက တိမ်ဝင် ပျောက်ကွယ်သွားတဲ့ အသံတွေ၊ တအင်းအင်း ညည်းညူသံတွေ၊ အသက်ရှူမွန်းကျပ်နေတဲ့ အသံဆိုးကြီးတွေ…၊ ဒါ… ဒါ… ကျနော်နဲ့ သိသိ မသိသိ၊ ကျနော်တို့ ရဲဘော်တွေရဲ့ အသံတွေပဲ မဟုတ်လား။

ဆက်ရန်…

Friday, July 20, 2007

ဘုန်းကြီးကျောင်းကို ရောက်ခဲ့တယ်…

၂၀၀၇ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ကပါ…။

နယူးယောက် ပြည်နယ်၊ ဘတ်ဖလိုမြို့က `မေတ္တာနန္ဒ ဓမ္မရိပ်သာ´ လို့ အမည်ပေးထားတဲ့ မြန်မာ ဘုန်းကြီးကျောင်းကို ရောက်တော့ မနက် ၉ နာရီ ၀န်းကျင်ပါ။ ပြည်ပမှာ မြင်ရခဲလှ၊ ကုသိုလ်ပြုရခဲလှတဲ့ ဒီရှင်ပြု ရဟန်းခံပွဲလေးက ဟောဒီမဏ္ဍပ် မုခ်ဦးက မြန်မာပြည် အလွမ်းပြေစေခဲ့ပါတယ်။


ကျောင်းပေါက်ဝမှာတော့ ဒီကျောင်းရဲ့ ကပ္ပိယလို ဖြစ်နေတဲ့ ကိုစိုးသန်းက အပြုံးတွေ ပရပွနဲ့ အလုပ်တွေများနေပါတယ်။

ဒီကျောင်းလေးကို ဘတ်ဖလိုက မြန်မာတွေနဲ့ တခြားသော ပြည်နယ်တွေက မြန်မာတွေရဲ့ စုပေါင်း လှူဒါန်းငွေနဲ့ ထူထောင်ထားပါတယ်။ ကျောင်းဆိုပေမယ့် ဒီက လူနေအိမ်ကို ၀ယ်ပြီး ဘုန်းကြီးကျောင်းအဖြစ် သတ်မှတ်ရတာပါ။ မြေအောက်ခန်း အပါအ၀င် လေးထပ် ရှိပါတယ်။ အပေါ်ဆုံးက ထပ်ခိုးသာသာ အတန်ငယ် ကျယ်တဲ့ အထပ်ကို ဇူလိုင် ၈-ရက်နေ့မှာ သိမ်သမုတ်ပါမယ်။ ဒီကျောင်းကို ဘယ်လောက် ပေးဝယ်ရလဲ လို့ စပ်စုမိတော့ ဒေါ်လာ နှစ်သောင်းခွဲ ဆိုလို့ အံ့အားသင့်မိသွားပါသေးတယ်။ ကျနော်နေတဲ့ ပြည်နယ်မှာတော့ အခု အနေအထားနဲ့ အိမ်တလုံးကို အနည်းဆုံး ဒေါ်လာ နှစ်သိန်းဝန်းကျင်ခန့် ပေးရမှာပါ။ `ဟိုဖြည့် ဒီပြင်နဲ့ အခုဆို ခြောက်သောင်းကျော် ကုန်ပြီ´ လို့ ကိုစိုးသန်းက ဖြည့်စွက် ပြောပါတယ်။


ကျောင်းထဲကို ၀င်လိုက်တာနဲ့ ကြည်ညိုဖွယ်ရာ စေတီငယ်လေးနဲ့ မောင်ရင်လောင်းတွေကို ကြိုဆိုနေတဲ့ သင်္ဃန်းပရိက္ခရာတွေကို မြင်လိုက်ရပါတယ်။ စေတီကို အပြင်မှာ တည်ထားကိုးကွယ်ဖို့ ဒီက ရာသီဥတုအနေအထားနဲ့ မလွယ်ကူလှတာကြောင့်ရယ်နဲ့ တခြားသော ကန့်သတ်ချက်တချို့တွေကြောင့် အခုလိုသာ တည်ထားရတယ်လို့ သိရပါတယ်။


သိမ်သမုတ်မယ့် ကျောင်းရဲ့ အပေါ်ဆုံးထပ်မှာ စံပယ်နေတဲ့ ဆင်းတုတော်ပါ။ အခက်အခဲပေါင်း မြောက်မြားစွာ၊ ငွေကုန်ကြေးကျများစွာနဲ့ ဒီနေရာကို အရောက် ပင့်ဆောင်ခဲ့ရပါတယ်တဲ့။

ဘုရားရှင်ရဲ့ ရှေ့မှောက်ကို အရောက်မှာ ၀ပ်တွားခယ ဦးချပူဇော်လိုက်တော့ ပင်ပန်းလာခဲ့သမျှ ခန္ဓာကိုယ်နဲ့ နွမ်းနယ်ခဲ့သမျှ စိတ်အစဉ်က တော်တော်ကြီးကို အေးချမ်းသွားလို့ အတန်ငယ်ကြာအောင် ဘုရားရှင် ရှေ့မှာ ငူငူကြီး ထိုင်နေခဲ့မိပါတယ်။

အောက်ထပ်ကို ပြန်ရောက်တော့ ကြွလာကြမယ့် ဘုန်းတော်ကြီးများအတွက် ဆွမ်းပွဲ ပြင်ဆင်နေကြတာကို တွေ့တော့ ကျနော်လဲ အားတက်သရောနဲ့ ဘုန်းကြီးကျောင်းသား တယောက်အဖြစ် ၀ိုင်းဝန်းကူညီခဲ့ပါတယ်။ တကယ်တော့ ကျနော် ကူညီတယ်ဆိုတာက အပေါ်ယံသာသာလို့ ပြောရင် ရပါတယ်။ ဟင်းခွက်တွေ ဟိုဝိုင်းမှာ ပြင်ဆင်၊ ဟိုသယ် ဒီပို့ ဒီလောက်ပါပဲ။ တကယ်တမ်း ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်ထားကြသူတွေကတော့ ဘတ်ဖလို မြို့ခံ မြန်မာတွေပါ။ သူတို့ကလဲ အလှူအတွက် တပျော်တပါး အပြုံးပန်းတွေ တပုံတပင်နဲ့ မောရကောင်းမှန်း မသိ ပြင်ကြဆင်ကြနဲ့ပေါ့။


`၀က်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန်… နှိပ်ဟ´ ဆိုတဲ့ `နားပန်းဆံ´ သီချင်းလေးကိုတောင် သတိရမိပါရဲ့။ မြင်တာနဲ့ တကျုတ်ကျုတ် ဆာလောင်လာတဲ့ ဗိုက်ကို အသာ ထိန်းချုပ်လို့ တံတွေးကို `ဂလု´ ခနဲ မြိုချလိုက်တယ်။





ဓမ္မကထိက တယောက်အလား အာပေါင် အာရင်း သန်သန်နဲ့ အလှူခံ မဏ္ဍပ်ပုဂ္ဂိုလ်အဖြစ် နိဗ္ဗာန်အကျိုးမျှော်လို့ နှိုးဆော်နေတဲ့ ကိုခင်ဇော်။ မျက်မှန်လေး ၀င့်ကာဝင့်ကာနဲ့ ဌာန်ကရိုဏ်းကျကျ ရွတ်ဆို အလှူခံတဲ့ သူ့ကို အားလုံးက သဘောတကျနဲ့ ပြုံးကြည့်လို့ပေါ့…။ ငွေစတချို့ လှူကြသူတွေကို နာမည်နဲ့ တကွ ကြေညာပေးလို့ မဏ္ဍပ်ကို သူ့အသံနဲ့ မြိုင်ဆိုင်စေခဲ့တယ်။

ခဏအကြာမှာတော့ ဘုန်းဘုန်းများ ဆွမ်းစား ကြွလာကြပါတယ်။




အလှူရေစက် လက်နဲ့ မကွာ…။ `ကြွပါဘုရား´ လို့ ပင့်ဖိတ်သံတွေ၊ ဘုန်းဘုန်းတို့ကို ဆွမ်းတွေကပ်၊ ဝေယျာဝစ္စတွေ ကူညီ ဖြည့်ဆည်းပေးကြနဲ့ အားလုံးက ပြုံးလို့ ပျော်လို့။



ရဟန်းပျို သမဂ္ဂ ဥက္ကဋ္ဌ အရှင် ခေမာစာရ နဲ့ ဦးသာရပတိ တဖြစ်လဲ စာရေးဆရာ မောင်သာရ…။

ဆရာတော် အရှင်ခေမာစာရက ကျနော့်ကိုတွေ့တော့ အမှတ်ရဟန်နဲ့ ပြုံးပြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ကျနော်တို့ ပြည်နယ်ကို ဆရာတော်ကြွလာတော့ ဆွမ်းကွမ်းဝေယျာဝစ္စ ကပ်လှူရင်း စကားတွေ ပြောဖြစ်ခဲ့ကြဖူးပါတယ်။ `အရှင်ဘုရား၊ အခု ဘယ်မှာ သီတင်းသုံးနေပါလဲ ဘုရား´ လို့ မေးလျှောက်မိတော့ `ဒီလိုပဲ၊ သွားလိုက်လာလိုက်ပါပဲကွာ´ လို့ မိန့်ပါတယ်။ `ညနေကျရင် င့ါဆီ လာခဲ့ပါဦး´ လို့ မိန့်တော့ `တင်ပါ့ ဘုရား´ လို့ လျှောက်ခဲ့မိပေမယ့် တကယ်တမ်းမှာတော့ သူငယ်ချင်းတွေနဲ့ အတူ နိုင်ယာဂရာ ရေတံခွန်ကို သွားတာနဲ့ ခရီးပန်းတာကို အကြောင်းပြလို့ ဆရာတော်ဆီ သွားမတွေ့ဖြစ်ခဲ့ပါဘူး။






ဘတ်ဖလိုမြို့ကို ကြွလာကြတဲ့ ဘုန်းဘုန်းများ…။ အင်္ဂလန်က ကြွလာတဲ့ ဆရာတော်လဲ ပါဝင်ပါသတဲ့။


ဟောဒီမှာ…၊ မောင်ရင်လောင်းတွေ…။ တကယ်ဆို သူတို့ ရှင်ပြုချင်တာ မြန်မာပြည်မှာ နေမှာ…၊ အခုတော့ ဒီမှာပဲ ရှင်ပြုရတာပေါ့။ စီးစရာ မြင်း မရှိ၊ ရှင်လောင်းလှည့်စရာ ရွာမရှိ။


ဘုန်းကြီးအကျန် ကျောင်းသားနှံ လို့ ဆိုရမလားပါဘဲ။ ဘုန်းဘုန်းတို့ ဆွမ်းစားပြီးတဲ့ ဆွမ်းကျန် ဟင်းကျန်တွေကို စားပွဲတွေပေါ်မှာ အစီအရီတင်၊ စနစ်တကျ စီတန်းလို့ ဘူဖေးစတိုင်လ် စားခဲ့ရတယ်။ စားချိန်ရောက်တော့မှပဲ တခြားပြည်နယ်က လာသူတွေနဲ့ မိတ်ဆက်၊ ဆွေမျိုးစပ်ရတယ်။

ဘုန်းကြီးကျောင်းက ပြန်ထွက်လာတော့ နေ့လည် ၁ နာရီ သာသာခန့် ရှိပါပြီ။ ကုသိုလ်ရခဲ့သလား မရခဲ့သလား ဆိုတာ ကျနော် မသိပါ။ ဒါပေမယ့် အဲဒီ အခိုက်အတန့်လေးမှာ ကျနော့်စိတ်တွေ တော်တော်ကို အေးချမ်းခဲ့ပါတယ်။


ကလိုစေးထူး


Wednesday, July 18, 2007

ဦးညွှတ် အလေးပြုအပ်ပါသည်…



ဒီပုံတွေကို ဒီနိုင်ငံရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျနော့် အိမ်ခန်းမှာ ချိတ်ဆွဲဖြစ်ခဲ့သလို အိမ်ကို လာလည်သမျှ နိုင်ငံခြားသားတွေကိုလည်း `ဒါဟာ ငါတို့ရဲ့ သူရဲကောင်းတွေ´ လို့ ၀ံ့ကြွားစွာ ပြောခဲ့ပါတယ်။

မနှစ်တုန်းကတော့ အာဇာနည်ကုန်းမှာ အာဇာနည်တွေကို အလေးပြုဖို့ သွားရောက်ကြတဲ့ လူငယ်တွေကို ရိုင်းပြစွာ တားမြစ်ခဲ့တဲ့ တာဝန်ရှိသူ ဆိုသူတွေကို ရုပ်သံက တဆင့် မြင်ခဲ့ရပါတယ်။

တကယ်တော့ အဲဒီလို တားကြဆီးကြနဲ့ အာဇာနည်ကုန်းမှာ ခြောက်သွေ့တိတ်ဆိတ်ခဲ့တဲ့ အာဇာနည်နေ့တွေ မနည်းခဲ့တော့ပါဘူး။ ဒီနှစ်ရော…။ သေချာပါတယ်။ `မလိုလားအပ်သော ဆူပူမှုများ မဖြစ်ပွားစေရန်´ ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ အာဇာနည်ကြီးတွေကို ပြည်သူတွေ အလေးပြုခွင့် ရမယ် မထင်ပါဘူး။ လက်ရှိ အုပ်ချုပ်သူတွေလဲ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို အလေးပြုဖို့ သတိမရအားဘဲ သူတို့ လက်အောက် အစေအပါး တယောက်ယောက်ကိုသာ သတင်းဖော်ပြလို့ ကောင်းရုံ တာဝန်ကျေ စိတ်မပါလက်မပါ မျက်နှာနဲ့ အလေးပြုဟန် အဆောင်ခိုင်းအုံးမှာ မြင်ယောင်မိနေပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တယောက်ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်းပွဲနဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွေကို တက်ဖြစ်အောင် တက်ရတယ်လို့ မှတ်သား လေ့လာရဖူးပါတယ်။ ဒါပေမယ့် အဲဒီ တက်ဖြစ်အောင် တက်ရမယ့် အခမ်းအနားမှာ အာဇာနည်နေ့ အခမ်းအနား မပါပါဘူး။ အခု လက်ရှိ အကြီးအကဲဆိုသူ တက်ရောက်ခဲ့တဲ့ အာဇာနည်နေ့ အလေးပြု အခမ်းအနားကိုလဲ ဘယ်သတင်းမှာမှ မဖတ်မိသေးပါဘူး။ ဒါဟာ ဘာဖြစ်လို့ပါလဲ။ တပ်မတော်ရဲ့ ဖခင်ကို အလေးမပြုကောင်းဘူးလို့ ထင်လေရော့သလား။

အာဇာနည်ကြီးတွေကို သူတို့တတွေ တန်ဖိုး မထားရုံနဲ့တင် အားမရဘဲ တန်ဖိုးထားတဲ့ ချစ်တဲ့ ပြည်သူတွေရဲ့ စိတ်သန္တာန်ထဲကပါ အာဇာနည်ကြီးတွေရဲ့ သမိုင်းပုံရိပ်ကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတာကတော့ ရင်နာစရာ အကောင်းဆုံး အချက်ပါပဲ။

ဒီလိုနေ့တွေ ဘယ်တော့များမှ လွန်မြောက်မှာပါလိမ့်…။ ကျနော် မသိပါ။ ဒါပေမယ့် အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဟိုလူတွေလို မေ့ပျောက် ပစ်ဖို့အထိတော့် ကျနော် မမိုက်မဲနိုင်ပါ။

မြန်မာ့ သမိုင်းမှ ဘယ်သောအခါမှ ပျောက်ပြယ် မသွားနိုင်သော၊ နိုင်ငံအတွက် အသက်ပေးသွားကြရသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို မြန်မာပြည်သူများစွာထဲမှ လူငယ် တယောက် ကျနော်သည်လည်း အခြားသော ပြည်သူများနည်းတူ ဦးညွှတ်အလေး ပြုအပ်ပါသည်။

ကလိုစေးထူး

(အမှန်ကတော့ ဒီပို့စ်ကို ကျနော် မနေ့ကတည်းက တင်ပြီး ဒီနေ့မှာ တခြားသော ဘလော့ဂါများ နည်းတူ ဆိတ်ငြိမ်စွာနဲ့ အလေးပြု အစီအစဉ်မှာ ပါဝင်မလို့ပါပဲ။ ဖြစ်ချင်တော့ အသစ်ရောက်လာတဲ့ ကရင်မိသားစု အိမ်မှာ ဘာစားစရာမှ မရှိတာကို သူတို့ အိမ်ကို သွားမိမှ သိရတော့ မနေ့က သူတို့ကို ဈေးဆိုင် လိုက်ပို့ရလို့ အိပ်ချိန်နီးမှ အိမ်ပြန်ရောက်တာနဲ့ပဲ ဒီနေ့မှ တင်ဖြစ်လိုက်ရတာပါ။ နားလည်ခွင့်လွှတ်ပေးကြပါလို့ ပန်ကြားရင်းနဲ့ပဲ သူငယ်ချင်းများရဲ့ အလေးပြု အစီအစဉ်ကို အခုပို့စ်နဲ့ ပူးပေါင်းလိုက်ပါကြောင်း)


Monday, July 16, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၃)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

(ဒီနေရာမှာ တခုဖြတ်ပြောချင်ပါတယ်။ ရဲဘော် ဝေလင်း ကိစ္စပါ။ ထောက်လှမ်းရေးတွေ ကျနော်နေတဲ့ အိမ်ထဲ ၀င်လာချိန်မှာ ဝေလင်း အဖမ်းခံရပြီဆိုတာ မှန်းဆနိုင်ပေမယ့် အတိအကျ ပြောလို့ မရပါဘူး။ ထောက်လှမ်းရေး စခန်းရောက်ပြီး မေးခွန်းတွေ စမေးမှပဲ ဝေလင်း အဖမ်းခံရတာ သေချာသွားပါတယ်။ သူ အဖမ်းခံရပုံက ဒီလိုပါ။

ABSDF အဖွဲ့ရှိရာ ထိုင်းနယ်စပ်ကို ပြန်တော့မယ့်၊ ပြည်တွင်းကို လျှို့ဝှက်တာဝန်နဲ့ ရောက်နေတဲ့ ABSDF အဖွဲ့က ရဲဘော်နှစ်ဦး (မြင့်ဆွေနဲ့ အောင်နိုင်။ ယခု သေဒဏ်ကျခံထားရသူ နှစ်ဦး၊ မြင့်ဆွေကတော့ ထောင်ထဲမှာပဲ ဆုံးပါးသွားပါပြီ) လူ့ဘောင်သစ်ပါတီ ရုံးခန်းကို အဲဒီနေ့က ရောက်လာကြပါတယ်။ သူတို့က နယ်စပ် မပြန်ခင် ဝေလင်းနဲ့ အရေးတကြီး တွေ့လိုကြောင်း၊ ဝေလင်းဆီက အကူအညီရမှ ဖြစ်မယ့် အကြောင်း လူ့ဘောင်သစ်ပါတီ အတွင်းရေးမှူးကတဆင့် အချိန်းအချက် လုပ်ပါတယ်။ နောက် တာမွေက လက်ဘက်ရည်ဆိုင် တဆိုင်မှာ ချိန်းတယ်။ ဆိုင်ကို ဝေလင်းရောက်ချိန်မှာ မြင့်ဆွေနဲ့ အောင်နိုင်တို့ကို စားပွဲ တလုံးမှာ ထိုင်နေတာ တွေ့ရတယ်။ စားပွဲမှာ ထိုင်မိရင်ပဲ မြင့်ဆွေနဲ့ အောင်နိုင့် အမူအရာကို ကြည့်ရင်း တခုခုတော့ မှားနေပြီလို့ စိတ်ထဲ မသိုးမသန့် ဖြစ်တာနဲ့ ဆိုင်ထဲကနေ ဝေလင်း ကမန်းကတန်း ပြန်ထွက်တယ်။ အဲဒီအချိန် ဘေးနားက စားပွဲမှာ ထိုင်နေသူတွေ ထလာပြီး ဝေလင်းကို ၀ိုင်းပိတ်ဆို့၊ လက်ထိပ်ခတ်၊ လေးဘီးကားတစီးပေါ် ပစ်တင်၊ ၀ိုင်းဖိ၊ ကားကို အတင်း မောင်းပြေးပါတော့တယ်။

အမှန်က လူ့ဘောင်သစ် အတွင်းရေးမှူး မသိလို့ပါ။ မြင့်ဆွေနဲ့ အောင်နိုင်တို့ကို လူ့ဘောင်သစ် ရုံးခန်း၊ အတွင်းရေးမှူးဆီ ရောက်ချိန်မှာ ထောက်လှမ်းရေးတွေ အတူ ပါလာတာပါ။ ဝေလင်းနဲ့ အချိန်းအချက် လုပ်ခိုင်းတဲ့ အစီအစဉ်ကလည်း ထောက်လှမ်းရေးပဲ စီစဉ်တာပါပဲ။ မြင့်ဆွေနဲ့ အောင်နိုင်တို့က နယ်စပ်ကနေ လက်နက်တွေ ပြည်ထဲကို သွင်းလာသူတွေ၊ နယ်စပ်ပြန်ခါနီးမှာ ဖမ်းမိသူတွေ ဖြစ်ပါတယ်။ သူတို့ အမှုတွဲမှာ အဖမ်းခံရသူတွေ မနည်းပါဘူး။)

ထောက်လှမ်းရေးတွေက ကျနော့်ကို ကြမ်းပြင်ပေါ်ကနေ နောက်မှီပါတဲ့ ခုံတလုံးပေါ် ပြောင်းပြီး ထိုင်ခိုင်းတယ်။ ကျနော်လည်း မှီနေတယ်။ ဘယ်အချိန်၊ ဘယ်အချက် ရိုက်တော့မှာလဲ ဆိုတဲ့ အသိက တကယ် အရိုက်ခံရတာထက် ပိုနာတယ်ထင်တယ်။ ဟုတ်တယ်။

သူတို့ မေးခွန်းမေးပုံကလည်း မျက်နှာကို ဖြတ် ဖြတ်ရိုက်လိုက်သလိုပါပဲ။ အသံနိမ့်မြင့် အတက်အကျ မရှိ။ အသံသေ။ ကျောက်သား ကျောက်ဆိုင်လို အသံမျိုးနဲ့။ ပြီးတော့ ရထားတစင်း ဖြတ်မောင်းသွားသလိုမျိုး ဝေါခနဲ မေးချတာ။ မဟုတ်ဘူး။ မဟုတ်ဘူး။ ရထားက ဖြတ်မောင်းသွားတာ မဟုတ်ဘူး။ ကိုယ်ပေါ် ဖြတ်ကြိတ်သွားတာ။

စ မေးတော့ ကျနော် ချက်ချင်း မဖြေနိုင်သေးဘူး။ အဲဒါကိုပဲ ချက်ချင်း မဖြေရကောင်းလားဆိုပြီး ထုံးစံအတိုင်း မျက်နှာကို ဖြတ်ရိုက်ပြန်တယ်။ ရိုက်တာကလည်း ပြင်းလိုက်တာ။ တခါတခါ ထိုင်ခုံပေါ်ကနေ လူက အောက်ကို ပြုတ်ပြုတ်ကျသွားတယ်။ မျက်နှာကို ရှေ့တည့်တည့်က ဖြတ်ရိုက်တာဆိုတော့ မျက်လုံးထဲ ၀င်းခဲ လက်ခနဲပေါ့။ တခါတခါလည်း ဘာမှ အကြောင်း မရှိဘဲ ရိုက်ရင် ရိုက်ပြန်ပါရော။

(ရန်ညှိုး ရန်စ မရှိဘဲ လူတယောက်ကို ဘာလို့များ ခုလောက် လွယ်လွယ်ကူကူ ရက်ရက်စက်စက် ရိုက်နှက်နိုင်ပါလိမ့်။ ဒီစိတ်ထားက အဲဒီတုန်းက ကျနော့်အတွက် အဆန်းပဲ။ နားလည်လို့ မရဘူး။ သူတို့ကိုလည်း အံ့အားသင့်မိတယ်။ လူတယောက်ဟာ ဒီလောက် ရက်စက်နိုင်လား။ ဒီလောက် ရိုင်းစိုင်းနိုင်လား။ သူတို့မှာ ဇနီးမယားနဲ့ သမီးသားတွေ ရှိကြမှာပါ။ အိမ်ပြန်ရောက်တော့ ဒီ ရက်စက်တဲ့၊ ရိုင်းစိုင်းတဲ့ လက်တွေနဲ့ ဇနီးမယားကို ဖက်ပွေ့နိုင်ကြသလား။ သမီးသားကို ချီပွေ့ ယုယနိုင်ကြသလား။)

မေးခွန်းကို ဖြေတဲ့အခါ လေးနေရင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေရင်လည်း ရိုက်ပြန်ရော။ သူတို့ သဘောက ချက်ချင်း မဖြေတာ၊ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာဟာ လိမ်ဖို့ ကြိုးစားနေတာလို့ ယူဆထားပုံရတယ်။ တကယ်တော့ သူတို့ မေးခွန်းတွေမှာ ကျနော် ဖြေနိုင်တာလည်း ရှိ၊ မဖြေနိုင်တာလည်း ရှိ။ မဖြေဘူးဆိုတာက ကျနော် အမှန်တကယ် မသိတာတွေရော၊ သိပေမယ့် အဖြေပေးလို့ မဖြစ်တာပါ ပါပါတယ်။ ကိုယ့်ရဲဘော်တွေကို မထိခိုက်အောင်၊ အဖမ်း မခံရသေးသူတွေနဲ့ လုပ်လက်စ အလုပ်တွေ မထိခိုက်အောင်ပါ။ ပြီးတော့ ကိုယ့်အခန်း ကဏ္ဍကိုလည်း မကြီးမားအောင်ပေါ့။ ကိုယ့်ကို တာဝန်ကြီးတယ်လို့ သူတို့ မယူဆရင် အမှုပေါ့တယ်။ ကိုယ့်ကို အကြောင်းပြုပြီး အဖမ်းခံရတဲ့လူ အရေအတွက်လည်း နည်းတယ်။

(တချို့ အမှုတွေမှာ ဒီသဘောကို မလိုက်နာတဲ့ အတွက် အဖမ်းခံရသူ အရေအတွက် များရုံမက တိုက်ရိုက် မသက်ဆိုင်သူတွေပါ ပါသွားပါတယ်။ အကျိုးဆက်ကတော့ လုပ်ဖော်ကိုင်ဖက် ရဲဘော်အချင်းချင်း စိတ်ဝမ်း ကွဲပြားသွားကြတာ၊ လူထုရဲ့ အားတက်သရော အကူအညီတွေ လျော့ကျသွားတာပါ။ အမှုအားလုံးကို မဆိုလိုပါဘူး။ ယူဂျီအလုပ်ရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားခြင်း အကြောင်းတွေထဲမှာ အဲဒီအချက်က အဓိက ကျပါတယ်။ အစစ်ခံရာမှာ မတတ်သာတဲ့ အဆုံး မပြောမဖြစ် ဖော်ရ ပြောရတော့မယ်ဆိုရင် ဖမ်းလို့ မရနိုင်တဲ့သူ၊ ဖမ်းလို့ မလွယ်နိုင်တဲ့သူ အတတ်နိုင်ဆုံး ဖြစ်ဖို့ လိုပါတယ်။ တခြားအချက်တွေလည်း အများကြီးပါ။ တိုက်ဆိုင်တဲ့ အချိန်တချိန်မှာတော့ ကျနော်တို့ ယူဂျီလုပ်ငန်းရဲ့ အရေးကြီးတဲ့ အားနည်းချက်တွေ အကြောင်း ဆွေးနွေးကြည့်ချင်ပါသေးတယ်။ ကျနော်တို့လည်း အားနည်းချက်တွေနဲ့ပါ။

နောက်ပိုင်း ကျနော့် အတွေ့အကြုံအရ ပြောရရင် ဖြေနိုင်တာကို မြန်မြန် အဖြေပေးပြီး မဖြေနိုင်တာကိုတော့ မသိဘူး ဆိုပြီး `ဘူး´ ခံတာ၊ ဘူးခံလို့ အနှိပ်စက်ခံရတာ ပိုကောင်းတယ်။ ခံတော့ ခံရမှာပဲ။ တကယ်တော့ ထောက်လှမ်းရေးမှာ လိမ်တဲ့ကိစ္စက သတိနဲ့ မလုပ်ရင်၊ သတိမကြီးရင် သိပ် အန္တရာယ်များတာမျိုးပါ။ ကိုယ့်အတွက်ရော ကိုယ့်ရဲဘော်တွေ အတွက်ပါ ။ ဒါကြောင့် ဖြစ်နိုင်ရင် သိပ်အရေးကြီးတဲ့ ကိစ္စ နည်းနည်းလောက်ပဲ ကြိုတင် ရွေးချယ်၊ ပြင်ဆင်၊ သတိထားပြီး လိမ်တာ ကောင်းတယ်။ ဘာလို့လဲ ဆိုတော့ လိမ်တာက ရက်တွေ ကြာလာတဲ့ အခါ ကယောင်ကတမ်းတွေ ဖြစ်လာတဲ့ အခါ (နောင်မှာ ဖြစ်လည်း ဖြစ်လာတယ်) ကိုယ် ဘယ်လို လိပ်ထားတယ်ဆိုတာ ကိုယ့်ဖာသာ မေ့မေ့သွားတော့ တချို့ လိမ်ထားတာတွေ ပေါ်သွားပြီး အဲဒီအခါကျတော့ သူတို့က ပိုပြီး ပက်ပက်စက်စက်၊ ရက်ရက်စက်စက် လုပ်ပါတယ်။

တပြိုင်တည်း ဖမ်းမိတာ နှစ်ယောက်၊ နှစ်ယောက် အထက် ဖြစ်ခဲ့ရင် လူခွဲမေး၊ လူခွဲစစ်ပြီး ထွက်ချက်တွေကို ပြန်တိုက်စစ်တာကြောင့် လိမ်ဖို့ အခွင့်အလမ်းက သိပ်နည်းသွားတယ်။ သိပ်ခက်တယ်။ ဖြေတဲ့ အခါတွေမှာလဲ အမြန် ဖြေရတာဆိုတော့ တခါတခါ မရည်ရွယ်ဘဲ တချို့ အစတွေ ထွက်သွားတတ်တယ်။ အဲဒီ အစကို ထောက်လှမ်းရေးက ယူသွားပြီး တခြားလူကို သွားစစ်၊ တခါ အဲဒီလူဆီက ထွက်လာတဲ့ အစကို ယူပြီး နောက်တယောက်ကို စစ်။ တိုက်စစ်၊ လှည့်စစ်၊ တပတ်ရိုက်စစ်၊ အယုံသွင်း စစ်။ ဒါကြောင့် လိမ်ဖို့ မလွယ်ဘူး။

ကိုယ်တယောက်ထဲပဲ သိတဲ့ အချက်အလက်တွေ၊ ဒါမှမဟုတ် အတူတူ အဖမ်းခံရတဲ့ လူတွေ မသိနိုင်တဲ့ အချက်အလက်တွေ ဆိုရင်တော့ ကိုယ် ပိရိရင် ပိရိသလောက် လွတ်လွတ်လပ်လပ် လိမ်လို့ရ၊ အကျိုးသင့် အကြောင်းသင့် လိမ်လို့ ရပါတယ်။ မေးခွန်းတွေ မေးတာမှာ မေးပြီးသားတွေကို ထပ်ခါထပ်ခါ ပြန် မေးတာမျိုးလည်း အကြိမ်ကြိမ်။ ကိုယ့်အရင် အဖမ်းခံထားရတဲ့ သူတွေ၊ ကိုယ်နဲ့လည်း ဆက်စပ်နေသူတွေရဲ့ ထွက်ချက်တွေကို ကိုင်ပြီး စစ်မေးတာမျိုးလည်း ရှိတယ်။ အဲဒီနည်းနဲ့ အချက်အလက်တချို့ သူတို့ သိထားနှင့်၊ ရ ထားနှင့်တာ ကိုယ်က မသိနိုင်ဘူး။ ဒီတော့ သူတို့ ထောက်လှမ်းရေး သိပ်သိနေပါလား ဆိုပြီး အထင်ကြီး စိတ်ဝင်၊ ပြီးတော့ လိမ်လို့ ဖုံးလို့ ဖြစ်ပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေ၊ စိတ်မချမှုတွေ ၀င်လာပါတယ်။ သိပ် မလိမ်ရဲတော့ဘူးပေါ့။)

ရေ မတိုက်တာကတော့ တော်တော်ဆိုးတယ်။ မေးခွန်းတွေကလည်း ဆက်တိုက်ဖြေနေရတယ်။ နှစ်ရက်လောက် ကြာတဲ့ အထိ ကျနော့်ကို ရေမတိုက်ဘူး။ နှုတ်ခမ်းတွေလည်း ခြောက်ပြီး ကွဲနေတယ်။ ဖူးယောင်လာတယ်။ မျက်နှာမှာ နှုတ်ခမ်းတွေ ရှိနေတာ မသိလိုက် မသိဖာသာ မဟုတ်တော့ဘဲ၊ သက်သက်ကြီး အပင်ပန်းခံ `မ´ ထားရသလိုပဲ။

နှစ်ရက်လောက် အကြာမှာ ရေတိုက်ဖို့ ကျနော် ထပ်ပြောတယ်။ တကယ်တော့ ပြောခဲ့တာ အကြိမ်ကြိမ်ပါ။ ပြောတိုင်း အရိုက်ခံရတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ ရေဆာတာက အရိုက်ခံရတာထက် ပို ဆိုးတယ် ထင်လာတယ်။ ကံအားလျော်စွာ ဒီတခါတော့ မရိုက်ဘူး။

`ကောင်းပြီ၊ ရေတိုက်မယ်။ ဒါပေမယ့် တခု မင်းအရင်ရေး။ ABSDF ဗဟိုကို မင်း တင်ခဲ့တဲ့ အစီရင်ခံစာ။ စာမျက်နှာ ခြောက်ဆယ်ကျော်။ အဲဒါကို မင်းရေး။ ပြီးရင် ရေတိုက်မယ်´

`စာမျက်နှာ ခြောက်ဆယ်ကျော်။ ကျနော် ဘယ်မှတ်မိမလဲ။ ဒါလောက် အများကြီး။ ခြောက်ဆယ်ကျော်လည်း မဟုတ်ပါဘူး။´

`မလိမ်နဲ့။ မှတ်မိသလောက် ရေး။ စာမျက်နှာ ခြောက်ဆယ်ကျော်တယ်။ အဲဒီ အစီရင်ခံစာ ငါတို့ ရထားပြီးပြီ´

`ဒါဆို ကျနော့်ကို ဘာလို့ ရေးခိုင်း…´

`လျှာ မရှည်နဲ့၊ ရေးခိုင်းချင်လို့ ရေးခိုင်းတာ။ ရေး´

သူက စာရွက်တွေနဲ့ ဘောလ်ပင် ချထားပြီး အပြင်ထွက်သွားတယ်။ လက်ထိပ်ဖြုတ်ပေး ထားခဲ့တယ်။ ပြီးတော့ အပြင်ကနေ လှမ်းအော်တယ်။

`ခေါင်းစွပ် ချွတ်လိုက်။ ငါပြန်လာလို့ တံခါးဖွင့်သံကြားရင် ခေါင်းစွပ် ပြန်စွပ်´

ကျနော် ခေါင်းစွပ် ချွတ်လိုက်တယ်။

`အား´ ခနဲ လန့်အော်ပြီး ချက်ချင်း မျက်လုံး ပြန်မှိတ်လိုက်ရတယ်။ အလင်းရောင်က မျက်လုံးထဲ ၀င်လာတာ စူးချွန်ချွန်နဲ့ ဆောင့်ထိုးလိုက်သလိုပဲ။ စူးလိုက် နာလိုက်တာ။ ရေကလည်း သိပ်ဆာနေတယ်။ ရေမသောက်ရဘဲ လူတယောက် ဒီလောက် ကြာကြာနေနိုင်တာ ဟုတ်ရော ဟုတ်ရဲ့လား။ ယုံတောင် မယုံချင်ဘူး။

စာရွက်နဲ့ ဘောလ်ပင်ကို ကောက်ယူလိုက်တယ်။ စဉ်းစားတယ်။ ဘာရေးရင် ကောင်းမလဲ။ စာမျက်နှာ ခြောက်ဆယ်ကျော်တဲ့။ ပြဿနာ။ အစီရင်ခံစာ သူတို့ ရထားတယ်ဆိုတာ တကယ်များလား။ ကျနော် တွေဝေသွားတယ်။ စဉ်းစားမရဘူး။ ဒီလိုနဲ့ ကျနော် စပြီး ရေးတယ်။ ခေါင်းထဲမှာလည်း စာလုံးတွေ မပေါ်ဘဲ ရေတွေပဲ ပေါ်နေတယ်။ ရေ သိပ်သောက်ချင်တာပဲ။ လက်တွေလည်း တုန်နေတယ်။

တနာရီလောက် အကြာမှာ တံခါးဖွင့်သံ ကြားရတယ်။ ဒါနဲ့ ကမန်းကတန်း ခေါင်းစွပ် ပြန် စွပ်လိုက်ရတယ်။ စောစောက လူ ၀င်လာတယ်။ ရှေ့မှာ ထိုင်တယ်။ ကျနော့် ရေးလက်စ စာရွက်တွေကို လှမ်းယူသံ ကြားရတယ်။

`ဖြောင်း´

ကျနော့် မျက်နှာကို ဖြတ်ရိုက်တာ။ မျက်လုံးထဲ ၀င်းခနဲ။

`ဖြောင်း´ `ဖြောင်း´ ထပ်ရိုက်တယ်။ ဘယ်ပြန် ညာပြန်။ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်တာ။ ရိုက်လိုက်တိုင်း လူက နောက်ပြန် ယိုင်ယိုင်သွားတယ်။ သူက ဆဲတယ်။

`တနာရီလောက် ကြာတာ ဒီ တမျက်နှာပဲ ရလားကွ´

`ကျနော် စဉ်းစားလို့ ရတာ ဒီလောက်ပဲ´

`ဟေ့ကောင်၊ ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်ဦး။ လူလဲ လုပ်ထားတာ ကြေနေပြီ။ ဒါတောင် သောက်မှတ် မရှိဘူး။ ကိုယ့်ကိုကိုယ် မနှမြောဘူး ထင်တယ်။ ဟုတ်လား။ မအေ -။ အေး။ ငါ ပြန်ထွက်မယ်။ ထပ်ရေး၊ ဒီမှာ ဟေ့ကောင်၊ ရီးတီးယားတား မလုပ်နဲ့။ သေပြီးလို့ အရိုးပဲ ကျန်ရင်တောင် အရိုးကို ရိုက်စစ်ဦးမယ်ကွ။ သိလား။ ဘာမှတ်လဲ´

စားပွဲကို `ဖြောင်း´ ခနဲ ရိုက်ပြီး သူပြန်ထွက်သွားတယ်။ ကျနော် ဘယ်လို လုပ်ရမလဲ။ အစီရင်ခံစာ သူတို့ ရထားပြီတဲ့။ `အစ်´နေတာလား။ အစ်တာဆိုရင် ဘာလို့ အစီရင်ခံစာ အကြောင်းနဲ့ စာမျက်နှာ အရေအတွက်တွေ ပြောနိုင်တာလဲ။ တကယ်ပဲ တနည်းနည်းနဲ့ သူတို့ ရထားပြီလား။ ကျနော် မှန်းလို့ မရဖြစ်နေတယ်။ နေပါဦး။ အဲဒီ အစီရင်ခံစာက ABSDF ဗဟိုကို တင်ထားတာ။ ဗဟိုကို တင်တယ်ဆိုတာတောင် တကယ်တော့ ထိပ်ပိုင်း လေးယောက်လောက်ကိုပဲ အစီရင်ခံစာ ပေးထားတာ မဟုတ်လား။ ဘယ်လို ဖြစ်တာလဲ။ ကဲ မတတ်နိုင်ဘူး။ လွဲကာမှသာ လွဲရော။ လွဲလို့ ရိုက်ကာမှသာ ရိုက်ရော၊ သူတို့ လက်ထဲ အစီရင်ခံစာ ရောက်မနေဘူးလို့ အရင် ယူဆထားတာ ကောင်းမယ်။ ကျနော် စမ်းကြည့်ချင်စိတ် ပေါက်နေတယ်။ ဟုတ်တယ်။

ဒါပေမယ့် ဘာအကြောင်းအရာ ရေးရင် ကောင်းမလဲ။ စဉ်းစားလို့လည်း ဘာမှ ပေါ်မလာဘူး။ ရေတွေပဲ ပေါ်လာတယ်။ ရေ ဆာလိုက်တာ။ ရေ… ရေ…။ ကျနော် ဘောလ်ပင်ကို ကိုင်ပြီး စရေးတယ်။ ရေးပြီးရင်း ရေးတယ်။ ခေါင်းထဲ ပေါ်လာသမျှ ရေးတယ်။ ရေ… ရေ…။

`… တော်လှန်ရေးကျသော စိတ်ဓာတ် မရှိဘဲနှင့် တော်လှန်သော အတွေးအခေါ် တရပ် မရှိနိုင်။ တော်လှန်သော အတွေးအခေါ် တရပ် မရှိဘဲ စစ်မှန်သော တော်လှန်ရေး တရပ် မရှိနိုင်။ ထို့ကြောင့် ကျနော်တို့မှာ တော်လှန်ရေးကျသော စိတ်ဓာတ်ကို ပထမဆုံး ဦးစားပေး တည်ဆောက်ကြရမည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုနှင့် ထိုက်တန်သူများ ဖြစ်ကြသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့ဂုဏ်သိက္ခာ၊ လူသား အချင်းချင်း အချစ်စိတ်၊ အနာဂတ် နိုင်ငံတော်သစ်၊ မတူသူချင်း အတူယှဉ်တွဲ နေထိုင်ခွင့်၊ လေးစားစွာ ကွဲပြားခွင့်၊ သမိုင်းဝင် ရွေးချယ်မှု၊ မညီမျှမှု အသစ်၊ ကျွန်ုပ်တို့ တော်လှန်ရေး၏ အရေးကြီးသော အဆင့်နှစ်ဆင့်၊ အသက်ရှင်မှုအတွက် တိုက်ပွဲလော၊ အတွေးအခေါ်အတွက် တိုက်ပွဲလော၊ ခေတ်၏ ငြင်းဆန်မှု အသစ်နှင့် တောင်းဆိုမှု အသစ်များ၊ ကမ္ဘာ့ အခင်းအကျင်း အသစ်…´

ကျနော် ဘာတွေ ရေးနေလဲ၊ မသိဘူး။ ဒါပေမယ့် ရေးလို့တော့ သိပ်ကောင်းတာပဲ။ တခုရှိတာက ကျနော့်ကို ရေးခိုင်းရင် `ဒါမျိုးရေးမှာပဲ´ လို့ သူတို့ မျှော်လင့်ထားတာမျိုးတော့ အနည်းဆုံး ဖြစ်ရမယ် မဟုတ်လား။

ကျနော် ရေးနေတယ်။ အစီအစဉ်လည်း မကျဘူး။ ဒါပေမယ့် ရေးနေတယ်။ ရေ… ရေ… ရေအတွက် ရေ…။

***

ဘယ်လောက် ကြာသွားမှန်း မသိဘူး။ တံခါးဖွင့်သံ ကြားရတယ်။ ဟိုလူ ပြန်လာပြီ။ ကျနော်လည်း ဘောလ်ပင် ချလိုက်ပြီး ကမန်းကတန်း ခေါင်းစွပ် ပြန် စွပ်လိုက်တယ်။ သူက ကျနော့်ကို လက်ထိပ် ပြန်ခတ်တယ်။ နောက် ကျနော် ရေးထားတဲ့ စာရွက်တွေ လှန်ပြီး ဖတ်နေတယ်။

မျက်လုံးတွေ ကျွတ်ထွက် လွင့်စင် သွားမတတ် ဖြစ်လောက်အောင် မျက်နှာကို ဘယ်တော့များ ဖြတ်ရိုက်မှာပါလိမ့်။ တထိတ်ထိတ်။ ကျနော် စောင့်နေတယ်။ ရေးထားတာ ဆယ်မျက်နှာလောက်တော့ ရှိမယ် ထင်ပါရဲ့။ ၀င်းနိုင်ဦး။ ကံကောင်းစမ်း။

ဆက်ရန်…