Thursday, June 07, 2007

စပ်မိစပ်ရာ (၆)…

စပ်မိစပ်ရာကို ရေးဖို့ အစပျိုးလုဆဲမှာပဲ ကိုနတ္ထိတယောက် ဘလော့ဂ်လောကကနေ အနားယူတော့မယ် ဆိုတဲ့ သတင်းဆိုးကို ကြားလိုက်ရတယ်။ ကိုနတ္ထိဟာ ၂၀၀၇ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ကနေ စလို့ ဘလော့ဂ် စတင်ရေးသားခဲ့ပြီးတော့ ပါဠိနဲ့ စပ်လျဉ်းတဲ့ ပို့စ်များကို မှန်မှန် တင်ဆက်ခဲ့ပါတယ်။ ဘလော့ဂ်ရေးတာ သုံးလကျော်ကျော်၊ (၅၈) ခုမြောက် ပို့စ်မှာ အခုလို နှုတ်ဆက်တဲ့ ပို့စ်ကို ဖတ်ရတော့ ဘလော့ဂ်ရေးဖော် ညီအကိုတယောက် ခွဲရစ်ခဲ့သလို ခံစားရလို့ ၀မ်းနည်းမှတ်တမ်း တင်မိပါတယ်။ (ကိုနတ္ထိရေ..၊ ပြန်ရေးစေချင်တယ်ဗျာ)။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တနှစ်သက်တမ်း တိုးမြှင့်ခဲ့ဖို့ကို အလွန် ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက် ချခဲ့ရတာဖြစ်ပါတယ်လို့ ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေး ၀န်ကြီး တိုရိုအာဆိုကို ပြောခဲ့ပါသတဲ့။ မြန်မာ စစ်အုပ်ချုပ်သူများဟာ နိုင်ငံတည်ငြိမ်မှုအတွက် တဖက်က စိုးရိမ်နေရပြီး တဖက်မှာလဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ငြိုငြင်မှုအတွက် ပူပန်နေရတယ်လို့ အကြောင်းပြခဲ့ပါတယ်။ ကျနော်ကတော့ သူပြောတဲ့ နိုင်ငံတည်ငြိမ်မှုဆိုတဲ့ စကားရပ်ကို ဖြန့်ကျက်တွေးနေမိပါတယ်။ နိုင်ငံတည်ငြိမ်မှု= မည်သူကမှ မိမိဆန္ဒကို ထုတ်ဖော်မပြောရဲမှု = စစ်တပ်က ဒါဆိုဒါ လိုက်လုပ်ဖို့ = စစ်တပ်အလိုကျ နိုင်ငံသားများက လိုက်လုပ်ရဖို့…….။ အင်း.. ကျနော်ကိုယ်တိုင်ကိုက အဆိုးမြင်နေမိလေသလား မသိတော့ပါဘူး။

`ငါတို့ ရပ်ကွက်ထဲ မလာခဲ့နဲ့ကွ၊ ငါ @#$&တွေ၊ အကုန် ရိုက်သတ်ပစ်မယ်´

ဒီစကားကို ကြားလိုက်ရတဲ့ တခဏမှာ ကျနော် မင်သက်မိသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူမိုက်ဆန်ဆန် ဆဲရေးခွင့် ပါမစ်တွေကို သူတို့ ဘယ်ကနေ ရယူခဲ့ပါလိမ့်..။ ဒါပေမယ့် အဲဒီစကားတွေနဲ့ အတူ ရုန့်ရင်းမှုတွေကို လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ `တယောက်တပေါက် ပြန်မပြောကြနဲ့၊ ကျနော်တို့ ဘက်က စည်းကမ်းရှိရမယ်´ ဆိုတဲ့ စကားကိုသာ တည်တည်ငြိမ်ငြိမ်ပြောလို့ ငြိမ်းချမ်းစွာတဲ့ သူတို့ရဲ့ သွင်ပြင်ကို ပြနိုင်ခဲ့ပါတယ်။


ဟိုတခါတုန်းက ဈေးထဲသွားပြီး ဆန်ဆိုင်ရှေ့ အိုက်တင်ပေးခဲ့တဲ့ ဒုတိယဘိုချုပ်ကြီး မြင့်ဆွေ တယောက် အခုတခါမှာတော့ ရေနုတ်မြောင်းဖော်တာကို သွားကြီးကြပ်နေပါတယ်။ ရေစီးရေလာ ကောင်းဖို့အတွက် ဒုတိယ ဘိုချုပ်ကြီး အဆင့်ကိုယ်တိုင် ကြီးကြပ်ပေးနေမှတော့ ကျနော်တို့ နိုင်ငံ မတိုးတက်စရာ အကြောင်း မရှိတော့ပါဘူး။ ဟုတ်ပြီကွ၊ ဖော်ထားပေးကွ၊ ဟိုကောင်.. ဘာလုပ်နေတာလဲ၊ ပုဆိုးပြင်လိုက် ရပ်ကြည့်လိုက် လုပ်မနေနဲ့လေ။ သေချာလေး လုပ်ကြကွာ..။ (ဘေးက အဖြူအစိမ်း ၀တ်စုံ တိုက်ပုံနဲ့ လူကြီး ပါးစပ်က ပြောမှာကို ရမ်းတုတ်ကြည့်တာ) :D

အဖြူရောင်သက်တန့် ကဗျာရွတ်ပွဲကို ပြန်လည်ကျင်းပခွင့် ရတာကို သိရလို့ ၀မ်းမြောက်မိပါတယ်။ ဒီလိုပွဲလေးတွေကိုတော့ မပိတ်ပင်တန်ကောင်းဘူးလို့ မြင်မိပေမယ့် ကဗျာတွေကို ဟိုကန့်သတ်၊ ဒီကန့်သတ်နဲ့ ပွဲစီစဉ်သူတွေမှာ အတော်လေး အကျပ်ရိုက်ရှာမှာပဲလို့ တွေးမိပါတယ်။

`မြန်မာနိုင်ငံက ကလေးတွေ စင်္ကာပူလာပြီး poly-tech လာတက်ကြတာဟာ တကယ်တော့ poly-tech ဆိုတာ သူ့နိုင်ငံအတွက်တော့ မြန်မာနိုင်ငံက GTI အဆင့်ပါပဲ။ ကျွန်တော်တို့ နိုင်ငံက ကလေးကို ဘယ်လောက်တော်တော် University အဆင့်ကို ပေးမတတ်ပါဘူး၊ ဒီမှာဆိုရင် YIT လို ကျောင်းမျိုးပေါ့၊ poly ပြီးတော့လည်း လုပ်အားခကို နှိမ်ပြီး ပြန်ခိုင်းတယ်၊ ပေးတဲ့ လုပ်အားခကလည်း နိုင်ငံသားကို တစ်မျိုး၊ နိုင်ငံခြားသားကို တစ်မျိုး ပေးတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ စင်္ကာပူဟာ အသားအရောင် ခွဲခြားမှုနဲ့ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေလို့ပါပဲ´

အဲဒီ မှတ်ချက်ကို စကာင်္ပူရောက် မြန်မာအင်ဂျင်နီယာ တယောက် ပေးခဲ့တာပါ။ သူတို့ (စင်္ကာပူ) ဘက်ကနေ စံနှုန်းတွေကို အတိုင်းအတာ တရပ်အထိ တိုးမြှင့်ထားပေမယ့်လဲ မြန်မာလူငယ် အများစုကတော့ poly-tech ကို တက်ဖို့ အားသန်လျက် ရှိကြောင်းကိုပါ ဖတ်ရှုလိုက်ရပါတယ်။ ဒီသတင်းကို ဖတ်လိုက်ရတော့ ၂၀၀၅ခုနှစ်၊ စင်္ကာပူရောက် မြန်မာ poly-tech သင်္ကြန်ပွဲက `မြန်မာနိုင်ငံရဲ့ အများဆုံး ထုတ်ကုန်ဟာ ဘာလဲ၊ သိလား´ လို့ ကျောင်းသားတွေ ပြက်လုံးထုတ်ခဲ့ကြတာကိုပါ ပြန်လည် မြင်ယောင်မိပါတယ်။

အိန္ဒိယနိုင်ငံမှာ အသားမည်းလွန်းလို့ ဆိုပြီး ကောင်မလေးက လက်မထပ်နိုင်ကြောင်း ငြင်းဆန်ခဲ့တာကို ဇွဲကောင်းကောင်းနဲ့ နှစ်ရက်ကြာအောင် အဲဒီကောင်မလေး အိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြလိုက်တာ ကောင်မလေးက စိတ်ပြန်လည်ပြီး လက်ခံခဲ့ပါတယ်တဲ့။ အချစ်ကြီးပါပေ့..။

သတင်းတွေ လိုက်ဖတ်ရတာ ဟိုမှာလဲ နေပြည်တော်၊ ဒီမှာလဲ နေပြည်တော်နဲ့ တတော်ထဲ တော်နေရတာ ကြာတော့ လူက ဟိုးခေတ် မင်းညီမင်းသားများလို စကားပြောကြည့်ချင်စိတ်တောင် ပေါက်လာပါတယ်။ ပြောနေကြာတယ်။ စမ်းကြည့်မှ..။ :D အဟမ်း.. ယိစ်((((။ ဗျို့၊ နောင်တော်ကြီး ပုထုဇဉ်။ ကျန်းခန့်သာလို့ မာပါစ၊ ဟိုးမှာဘက် စင်္ကာပူမြေဘက်က နှမငယ် ဂျစ်တူးတို့လိုလဲ လွမ်းတော်မူလှတယ်။ ပေစာလေးဘာလေး ခွေလို့ စေဦးမှပါပဲ။ အစ်မတော် မေဓာဝီကတော့ ဝေါပုထု..အဲ..ဟုတ်ပေါင်..။ ဘယ်တွေရောက်ကုန်ပါလိမ့်။ ဟူးး.. အဆင်ကို မပြေလှပါလား..။ ဒါပေမယ့်..၊ ဒါပေမယ့်ပေါ့လေ၊ သြော်…. နေပြည်တော်… နေပြည်တော်..နေပြည်တော်..။

ကဲ.. ဒီတပတ်တော့ စပ်မိစပ်ရာကို ဒီလောက်နဲ့ပဲ ယိစ်((((((((။ အဲ… ဒါတော့ လွန်ပြီထင်တယ်နော…။ :D


ကလိုစေးထူး


ကိုးကား၊ ခေတ်ပြိုင်၊ ဧရာဝတီ၊ ဒီဗွီဘီ၊ Weekly Eleven ဂျာနယ်၊ ကြေးမုံသတင်းစာ။


Tuesday, June 05, 2007

ပေါက်ကြမယ်ဟေ့..ကောင်းကောင်း..

အလုပ်ထဲမှာ ဖြစ်ပါတယ်။

ဆူဆူညံညံနဲ့ စက်သံတွေကြား မကျဉ်းမကျယ် အခန်းလေး တခုထဲမှာ Tools တွေကို တဂျွီးဂျွီးနဲ့ ပုံဖော်သွေးနေတုန်း ဆိုးဝါးလှတဲ့ အနံ့တခုက နှာခေါင်းထဲကို တိုးဝင်လာပါတယ်။ နောက်..မိနစ် အနည်းငယ်အကြာမှာတော့ ဘယ်လိုမှ ဆက်နေလို့ မရလောက်အောင် အနံ့က ပိုဆိုးလာတော့ နှာခေါင်းကို ပိတ်ရင်း ဘေးဘီကို ကြည့်လိုက်တော့ မက္ကဆီကန်တွေ သူတို့အချင်းချင်း ကွိစိကွစနဲ့ ပြောလို့ တယောက်ကတော့ မျက်နှာနီအမ်းအမ်းနဲ့ ရှက်နေဟန်..။ စိတ်ထဲကတော့ အားရပါးရ ကျိန်ဆဲပစ်လိုက်တယ်။

***

`အီးအီး ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော၊ အီးဘွတ်တရားဟော၊ ဟောလို့ မကျေ သံပုရာရည်…..´

ငယ်ငယ်တုန်းကတော့ အခုလိုကဗျာနဲ့ လူကြားထဲ အနံ့ဆိုးလွှတ်တာကို ကလေးပီပီ ဖြူဖြူစင်စင်နဲ့ ထုတ်ဖော်ပါတယ်။ တကယ့်တရားခံအစစ်ကို အဲဒီနည်းနဲ့ ထုတ်ဖော်လို့ ရတာ မဟုတ်သော်ငြားလဲ ပျော်တော့ ပျော်စရာ..။

လေလည်တာကို အင်္ဂလိပ်လို fart လို့ ခေါ်ပါသတဲ့။ `အီး´ ကိုကျတော့ ရှာမတွေ့ပြန်ဘူး။ flatus ဆိုတာကျတော့လဲ လေချဉ်တက်တာရော၊ အီး (ကန်တော့ဗျို့) ပေါက်တာကိုပါ ဆိုလိုတယ်တဲ့.။ ထားပါတော့..။

ကျနော်ငယ်ငယ်က တချို့လူကြီးတွေ ပြောတာကို ကြားမိဖူးပါတယ်။

`ဆင်းရဲတဲ့ လူရဲ့သားသမီးများ လူကြားထဲ အီးပေါက်တော့ ဒီကလေးနှယ်၊ လူရှေ့မရှောင် သူရှေ့မရှောင် အီးပေါက်ရတယ် ရိုင်းပါပေ့လို့ ပြောပြီး အပြစ်တင်လေ့ရှိပေမယ့် ပိုက်ဆံဝါလားတွေရဲ့ သားသမီးများ အီးပေါက်တာကိုတော့ ကျန်းမာရေးနဲ့ ပြည်စုံတယ်၊ လေမှန်တယ်လို့ ပြောကြသတဲ့´

***

သူငယ်ချင်းတယောက်ရဲ့ ဖြစ်ရပ်မှန် အီးအသည်းကွဲ ပုံပြင်လေးကို ပြောပြပါရစေဦး။

သုံးနှစ်သုံးမိုး မရှိသော်ငြား ချစ်အဖြေရဖို့ စောင့်နေခဲ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို သူလိုက်နေတဲ့ ကောင်မလေးက တရက်မှာတော့ စကားပြောဖို့ ချိန်းပါသတဲ့..။ သကောင့်သားမှာလဲ ငါဟဲ့ယောက်ျား၊ ဇမ္ဗူမှာ ရှိပါ့တော့မလား လို့ မာန်တွေ ဘာတွေ တက်လို့ မောင်းတင်ပြီး သွားသတဲ့။

ဟိုရောက်တော့ မြစ်ဆိပ်က သစ်ပင်အောက်တခုမှာ ထိုင်လို့ မရိုးနိုင်တဲ့ ချစ်ခြင်းဖွဲ့လင်္ကာလေးတွေနဲ့ ကောင်မလေးကို ကျူးရင့်တယ်ဆိုပါတော့..။

`ကိုယ်စောင့်နေခဲ့ရတာလဲ ကြာခဲ့ပါပြီကွာ၊ ဒီတခါတော့ အချိန်မဆွဲပါနဲ့တော့နော်´
`…………..´

ကောင်မလေးက ရှက်သွေးတွေ ဖြာလို့ပေါ့….။ ခဏအကြာမှာတော့ ရှက်စိတ်ကို အားတင်းဖြေဖျောက်ပြီး ကောင်မလေးက..

`ဒို့လည်း သူ့ကို…..´

အဲဒီအခိုက်အတန့်လေးမှာတင်…

`ဘူ….၀ူ…၀ူ´

ဟိုကောင့်ရဲ့ ထိန်းချုပ်စွမ်းအားက အဲဒီအချိန်လေးမှာမှ သွားအစွမ်းပြတော့တာပဲကိုး..။

***

ကမ္ဘာမှာ ထင်ရှားလှတဲ့ အီးအကျော်အမော်ကြီး တယောက်ရှိပါသတဲ့..။ သူ့နာမည်က ဂျိုးဆက် ပိုဂျူး (Joseph Pojul) လို့ ခေါ်ပါသတဲ့။ ၁၈၉၂ ခုနှစ်တုန်းက ပြင်သစ်မှာ တင်ဆက်တဲ့ ဖျော်ဖြေပွဲ တခုမှာ သူက အဲဒီအချိန်က နာမည်ကျော်တွေရဲ့ အသံတုကို အောက်ပါးစပ်ကနေ လုပ်ပြသတဲ့။ နောက်ဆုံး… စအိုမှာ ပိုက်တပ်လို့ ပိုက်ထိပ်မှာ ပလွေစွပ်ပြီး ပြင်သစ်နိုင်ငံတော် သီချင်းတောင် မှုတ်ပြလိုက်သေးပါသတဲ့။ ထူးဆန်းပါပေ့..။

ပုရိသတွေအတွက် ဂုဏ်ယူစရာအချက်ကတော့ လူတရာမှာ ၉၆.၃ ရာခိုင်နှုန်းက လူကြားထဲ လေလည်တတ်တာကို ၀န်ခံပါသတဲ့။ ပျိုကညာတို့ အန်တီမမတို့မှာတော့ ရှက်ရှာကြလို့ ထင်ရဲ့ ၂.၁ ရာခိုင်နှုန်းကသာ ဖြောင့်ချက်ပေးပါတယ်တဲ့။ ဘယ်ရမလဲကွာ၊ ဒီနေရာမှာတော့ အမျိုးသမီးတွေ နောက်ကောက်ကျပြီကွ..။ :P

ကမ္ဘာ့အီးပေါက် ဘုရင် စံချိန်ရှင်ကတော့ ဘားနတ်ကလင်းမင် (Bernard Clemmens) ဆိုသူပါပဲ။ လန်ဒန်မြို့မှာ ၁၉၅၆ ခုနှစ်တုန်းက သူတင်ထားတဲ့ စံချိန်ဟာ နှစ်မိနစ်နဲ့ ၄၂ စက္ကန့်တိတိကြာပါသတဲ့..။ တတ်လဲ တတ်နိုင်ပါပေ့.။

စာအုပ်ထဲက ဖတ်မိထားတဲ့ အီးဗဟုသုတကို ခပ်တည်တည်ရွှီးပါရစေဦး..။ :D

ယောက်ျားတယောက်ဟာ ပျှမ်းမျှအားဖြင့် တနေ့ကို ၁၂ကြိမ် လေလည်ပါသတဲ့။ စုထားရင် ပူဖောင်းလုံးကို ကောင်းကောင်း ဖောင်းစေနိုင်တဲ့ ပမာဏ တလီတာခွဲကနေ နှစ်လီတာခန့် အထိ ရပါတယ်။ မိန်းမတွေကတော့ နည်းပါတယ်။ တနေ့ ပျှမ်းမျှ ခုနှစ်ကြိမ်နှုန်းနဲ့ အလွန်ဆုံး တလီတာခွဲလောက်သာ ရပါသတဲ့။ ဘယ်လိုများ စစ်တမ်းယူထားပါလိမ့်..နော်။

***

အလုပ်ခန်းထဲမှာ အနံ့အသက်တွေ ကင်းစင်အောင် ပန်ကာတွေနဲ့ မှုတ်ထုတ်၊ အီးပိုင်ရှင် ဟိုသကောင့်သားလဲ စပ်ဖြီးဖြီးနဲ့၊ အားလုံးလဲ ငြိမ်ကုပ်သွားကြ အပြီးမှာတော့ အားလုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါတယ်။ အဲဒီမှာတင်…

ဗိုက်ထဲက သရိုးသရီနဲ့ လေလုံးတလုံးက အောက်ကို ပြေးဆင်းလာလိုက်၊ ကမန်းကတန်း ထိန်းချုပ်လိုက်တော့ အင့်ခနဲ ငြိမ်သွားလိုက်၊ ဒါပေမယ့် ခဏပဲ ခံတယ်။ မဖြစ်ဘူး…။ ထိန်းထားမှ..။ သေချာအောင် နေရာပြင်ထိုင်မှ ဆိုပြီး ကိုယ်ခန္ဓာကို အနေအထား နည်းနည်းပြင်လိုက်တယ်။ ပိတ်လိုပိတ်ငြားပေါ့…။

အတော်လေးကြာတော့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အနေအထားရောက်လာတယ်..။ မဖြစ်တော့ဘူး..။ အပြင်ကို ရောက်အောင်ထွက်မှ။ အဲဒီလိုနဲ့ ထိုင်ခုံကနေ ဆတ်ကနဲ ကသုတ်ကရက် ထလိုက်တယ် ဆိုရင်ပဲ…

`ဘူ..၀ူ..၀ူ..၀ူ´


ကလိုစေးထူး


(၀န်ခံချက်၊ ဆရာဒေါက်တာ အောင်ကျော်မြင့်၏ `အာလူးလာမပေးနှင့် လေနည်းနည်းလျှော့´ ဆောင်းပါးမှ အချက်အလက်တချို့အား ယူငင်သုံးစွဲထားပါသည်)

Monday, June 04, 2007

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်….



၁၉၉၃ ခုနှစ်က ဖြစ်ပါတယ်။

ကျနော့်ညီလေး အိမ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၁၅ နှစ် စွန်းစွန်းသာ ရှိပါသေးတယ်။

သူသွားလည်လေ့ရှိတဲ့ ဦးလေးတွေ၊ အဒေါ်တွေ အိမ်ကိုစုံစမ်းတော့လဲ မရှိ၊ သူငယ်ချင်းတွေ အိမ်ကိုလဲ မလာနဲ့ နောက်တော့ သတင်းတခုရပါတယ်။ `ရဲဘော်တယောက်နဲ့ သင်္ဘောဆိပ်ကို ဆင်းသွားတာ တွေ့လိုက်တယ်´ တဲ့။ (ကျနော်တို့ အရပ်မှာ စစ်သားတွေကို `ရဲဘော်´ လို့ ခေါ်ပါတယ်)။

ကိုးတန်းတက်နေဆဲ ညီလေး အခုလို ပုံစံနဲ့ အိမ်ကပျောက်သွားတော့ အစပထမတော့ ဖေဖေနဲ့ မေမေဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူး။ နောက်တော့ ဖေဖေ့မိတ်ဆွေ တယောက်ရဲ့ အကြံပေးချက်အရ အဲဒီတုန်းက စစ်သားစုဆောင်းရေး ဌာနချုပ်ဖြစ်တဲ့ မင်္ဂလာဒုံ စုဆောင်းရေးကို သွားစုံစမ်းရပါတယ်။ ဟိုကိုရောက်တော့ ညီလေးရဲ့ နာမည်ကိုတော့ စုံစမ်းလို့ရပါရဲ့..။ ဒါပေမယ့်.. `သင်တန်းကျောင်းကို ပို့လိုက်ပြီ´ တဲ့..။

ညီလေး တပ်သားသစ်သင်တန်း တက်ဖို့ ပို့လိုက်တဲ့ အမှတ်(၄) လေ့ကျင့်ရေးတပ်၊ သင်တန်းကျောင်း ရှိတဲ့ နေရာက ပင်လောင်းမှာပါ။ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဆိုတော့ ဝေးလွန်းလှတဲ့ နေရာပေါ့။ သားသမီးဇောကြောင့် ဝေးမှန်းမသိအားဘဲ အဲဒီကို လိုက်သွားဖို့ မိဘတွေမှာ ပြင်ဆင်ရပြန်ပါတယ်။ ကံကောင်းထောက်မလှစွာပဲ အဲဒီသင်တန်းကျောင်းရဲ့ တပ်မှူးက ဖေဖေနဲ့ သိကျွမ်းနေပါတယ်။

နောက်ဆုံး.. ပင်လောင်းကို ရောက်တော့ တပ်မှူးရဲ့ သူ့တပ်ရေး ဗိုလ်ကြီးဆီ ရေးပေးလိုက်တဲ့ `တပ်ရေးဗိုလ်ကြီး၊ အခုလာတဲ့ ဦး…… လိုအပ်တာကို ကူညီပေးလိုက်ပါရန်´ ဆိုတဲ့ စာလေးတကြောင်းနဲ့တင် ညီလေးကို မိဘရင်ခွင် အရောက် ပြန်ခေါ်နိုင်ခဲ့ပါတယ်။ တောင်ကြီးဆေးရုံမှာ ဆေးရုံအတက်ပြ၊ စစ်သားလုပ်နိုင်လောက်တဲ့ ကျန်းမာရေး အနေအထားမရှိပါဘူးလို့ မှတ်ချက်ရယူပြီး ပြန်ခေါ်ခဲ့ရတာပါ။

***

တကယ်တော့ မြန်မာနိုင်ငံမှာ စစ်သားတယောက်အဖြစ် စစ်မှုထမ်းဖို့အတွက် အငယ်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ အသက်က (၁၈)နှစ်ပါ။ ဒါဖြင့် ဘာဖြစ်လို့များ အသက် (၁၅)နှစ်အရွယ် လူမမယ်လေးတယောက်ကို စစ်တပ်ထဲ သွတ်သွင်းပြီး ကျောင်းဝတ်စုံအစား စစ်ဝတ်စုံကို ဆင်မြန်းစေပါသလဲ…။

ဗိုလ်ချုပ်အောင်ဆန်း စတင်ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဟိုတုန်းကတော့ ပြည်သူတွေရဲ့ ချစ်မြတ်နိုးခြင်းကို အတိုင်းမသိအောင် ခံစားခဲ့ရဖူးပါတယ်။ စစ်ယူနီဖောင်း ကြော့ကြော့၊ ဆံပင်တိုတိုနဲ့ အသားကလဲ ညိုမောင်းမောင်းနဲ့ `အားကိုးလောက်စရာ့ အမေ့သား´ ဆိုသလိုပါပဲ။ `သားကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မှာ´ လို့များ ကလေးငယ်ငယ်က ပြောလိုက်ရင် မိဘတွေမှာ ကျေနပ်လို့မဆုံး…။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ စစ်တပ်ကို ပြည်သူက သတိနဲ့ ဆက်ဆံလာပါတယ်။ ဆရာထက်တပည့် လက်စောင်းထက်တဲ့ ၁၉၈၈ နောက်ပိုင်း စစ်တပ်ကတော့ မြန်မာ့တပ်မတော်ကို သုံးမရအောင် နာမည်ပျက်စေခဲ့တဲ့ တပ်မတော်ပါပဲ။ လူတွေ အများကြီးကို ပစ်သတ်ပြီး တိုင်းပြည်ကို ချောက်ထဲ မကျသွားအောင် ကယ်တင်ခဲ့တာပါဆိုတဲ့ စစ်တပ်က ၁၉၉၀ခုနှစ်၊ ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှုပြီး ခပ်တည်တည် မျက်နှာပြောင်တိုက်လို့ အာဏာကို ဆက်လက်ထိန်းသိမ်းလိုက်တဲ့ အခါမှာတော့ စစ်တပ်ကို လူထုက တော်တော်ကြီးကို အယုံအကြည် ကင်းမဲ့သွားပါတော့တယ်။ `စစ်ဆိုရင် ရေတောင် စစ်မသောက်ဘူးဟေ့´ ဆိုတဲ့ အရပ်စကားဟာ စစ်တပ်ကို လူမုန်းများနေတာ ထင်ရှားစေတဲ့ ပြယုဂ်တခုပါ။

အဲဒီလို အယုံကြည်မဲ့ပြီး မုန်းတီးလာတဲ့ နောက်ပိုင်းမှာ စစ်တပ်ထဲကို ၀င်ရောက်တာဝန် ထမ်းဆောင်လိုစိတ်လဲ ကင်းမဲ့သွားပါတယ်။ ဒီကြားထဲကမှ စစ်ခေါင်းဆောင်တွေက သူတို့ရဲ့ စစ်အင်အားကို ကြီးသထက်ကြီးအောင် တိုးချဲ့ချင်ပါတယ်။ အကြောင်းရင်းကတော့ မကြာခဏဆိုသလို ကတောက်ကဆဖြစ်လေ့ရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို အင်အားပြလိုမှု၊ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်လိုမှုနဲ့အတူ မိုးဦးကျမှိုများလို ပေါများလာတဲ့ စစ်ခေါင်းဆောင် လက်သစ်များအတွက် ရာထူးနေရာ ခပ်များများ တိုးမြှင့်လိုမှုကြောင့် ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံရဲ့ ဒေသ အနှံ့အပြားမှာ စစ်ဌာနချုပ်အသစ်၊ တပ်သစ်များကို ထပ်မံဖွင့်လှစ်ပါတယ်။ အများအားဖြင့် နယ်စပ်ဒေသတွေမှာ ပိုဖွင့်ပါတယ်။ သူတို့အခေါ်ကတော့ `တပ်ခြံစည်းရိုး ကာတယ်´ လို့ ခေါ်ပါတယ်။ သာဓကအားဖြင့် နဂိုက နယ်မြေခံတပ်ရင်း တခုတည်းသာ ရှိခဲ့တဲ့ ကျနော်တို့ မြို့လေးမှာ အခုဆိုရင် ခြေလျင် တပ်ရင်း သုံးရင်း၊ အမြောက်တပ်ရင်း တရင်း နဲ့ စစ်ဗျူဟာ တခု ရှိနေပါပြီ။

မြန်မာ့စစ်တပ်ရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် ၁၉၉၅ ခုနှစ်မှာ ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံအရ ခြေလျင်/ ခြေမြန် တပ်ရင်း တရင်းမှာ ရှိရမယ့် သန္ဓေစစ်သည် အင်အားက (၇၈၆) ဦး ဖြစ်ပါတယ်။ တွဲဖက် စစ်သည် အင်အားက (၃၀) ဦး၊ အဲဒီတော့ စုစုပေါင်း (၈၁၆) ဦး ရှိရပါမယ်။ သာမန်အားဖြင့် စစ်ဌာနချုပ်တခုကို ခြေလျင်/ခြေမြန်တပ်ရင်း (၁၀)ရင်းနဲ့ အခြေခံ ဖွဲ့စည်းလေ့ ရှိတာကြောင့် စစ်ဌာနချုပ်တခုမှာဆိုရင် စစ်သည် ရှစ်ထောင်ကျော် ရှိပါတယ်။ ဒါဟာ စစ်ဌာနချုပ်တခုမှာ ပါဝင်ရမယ့် လက်ရုံးတပ်လို့ ခေါ်တဲ့၊ ဆက်သွယ်ရေး၊ ဆေး၊ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး၊ အင်ဂျင်နီယာ၊ အမြောက် စသဖြင့် တပ်တွေရဲ့ အင်အားကို ထည့်မတွက်ရသေးပါဘူး။ အဲဒီတပ်တွေရဲ့ အင်အားကိုပါ ထည့်တွက်ရင်တော့ စစ်ဌာနချုပ်တခုရဲ့ အင်အားဟာ စစ်သည် တသောင်းကျော် ရှိရပါမယ်။

သာမန်အားဖြင့် မြန်မာပြည်မှာ လူသိများလေ့ရှိတာက အမှတ်(၁၁)၊ (၂၂) (၃၃)… …. စသဖြင့် တပ်မဌာနချုပ်တွေနဲ့ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ စသဖြင့် တိုင်းစစ်ဌာနချုပ်တွေပါ။(စကားချပ်၊ တိုင်းစစ်ဌာနချုပ်တွေက တပ်မဌာနချုပ်တွေထက် တပ်ရင်း အင်အားပိုများလေ့ရှိသလို တိုင်းမှူးတယောက်ရဲ့ အာဏာကလဲ တပ်မမှူးထက် ပိုမြင့်မားပါတယ်)။ ဒါပေမယ့် အဲဒီ စစ်ဌာနချုပ်တွေအပြင် လူသိ အတန်ငယ်နည်းပြီး တပ်မဌာနချုပ်နဲ့ ဖွဲ့စည်းပုံ အလားသဏ္ဍာန်ဆင်တူတဲ့ အမှတ်(၁) မှ (၁၆) အထိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်တွေကိုလည်း ၁၉၈၈ခုနှစ်နောက်ပိုင်း၊ မြန်မာပြည် တနံတလျားမှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။

ဖွဲ့စည်းပုံ အင်အားအရ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားပေါင်း (၈၁၆) ဦး ရှိရမယ်လို့ ဆိုထားပေမယ့် မြန်မာပြည်မှာ ရှိတဲ့ ဘယ်တပ်ရင်းမှာမှ ဖွဲ့စည်းပုံအတိုင်း အတိအကျ အင်အား မရှိကြပါဘူး။ သာမန်အားဖြင့် သုံးရာမှ လေးရာအထိသာ အင်အား ရှိတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြုန်းတီးအင်အားကြောင့် ဖြစ်ပါတယ်။

စစ်တပ်မှာ ပြုန်းတီးအင်အား လေးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ စစ်ပြေး၊ ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံး အင်အားတွေပါ။ အဲဒီလေးမျိုးမှာ အများဆုံး ဖြစ်လေ့ရှိတဲ့ ပြုန်းတီးအင်အားကတော့ စစ်ပြေးပါ။ ဒါဟာလဲ တကယ်တော့ ထူးဆန်းလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စစ်သားများရဲ့ အား(၁၀)ပါး အနက်၊ `အမိန့်နာခံမှု´ ဆိုတဲ့ အချက်ကို စစ်တပ်တွင်း အရာရှိတော်တော်များများက အလွဲသုံးစားပြုလုပ်မှု နဲ့ အထက်ပိုင်း ခေါင်းဆောင်များရဲ့ ခြစားမှုများကြောင့် ဒီဘက်ခေတ် စစ်တပ်တွေရဲ့ စစ်ပြေးမှုများဟာ ဘယ်ခေတ်နဲ့မှ မတူအောင် အများဆုံးပါ။

အဲဒီတော့ စစ်ခေါင်းဆောင်တွေ အဓိက အကြံအိုက်ရတာကတော့ စစ်အင်အားပါပဲ။ အသစ်ဖွင့်လှစ်တဲ့ တပ်တွေအတွက်လဲ အင်အားကလို၊ နဂိုရှိပြီးသားထဲက ပြုန်းတီးတာတွေအတွက်လဲ ထပ်ဖြည့်ဖို့ အင်အားကလို ဖြစ်ရပါတယ်။ အဲဒီမှာတင် ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေ၊ အမိန့်တွေထုတ်ပြီး စစ်သားစုဆောင်းရေး နည်းလမ်းကို မျိုးစုံ သုံးကြပါတော့တယ်။

ညီလေးကို စည်းရုံးသွားတဲ့ စစ်သားဟာ သူ ခွင့်ရဖို့အတွက် `တပ်သားသစ် တယောက်ရအောင် စုဆောင်းပါမယ်´ လို့ သူ့တပ်ရင်းမှာ ကတိပေးခဲ့ရတယ် လို့ သိရပါတယ်။ ခြေလျင်/ခြေမြန် တပ်ရင်းတွေအနေနဲ့ တလကို တပ်သားသစ် အနည်းဆုံး ဘယ်ရွေ့ဘယ်မျှ စုပေးရမယ်ဆိုတဲ့ အထက်ဌာနအဆင့်ဆင့်ရဲ့ အမိန့်ကလဲ ရှိနေပါတယ်။ မပြည့်မီတဲ့ တပ်ရင်းက တပ်မှူးတွေဟာ သူတို့ရဲ့ လေးလပတ်အစည်းအဝေးတွေမှာ မျက်နှာကောင်း မရကြရှာပါဘူး။ နောက်ဆုံး..၊ သူတို့ရဲ့ ရာထူးတက်လမ်းတွေအထိပါ ဒီကိစ္စက ထိရောက်ပါတယ်။ အကြောင်းရင်းကတော့ `စည်းရုံးရေး စွမ်းရည် အားနည်းလို့ပါ´ ..တဲ့။

ဒီတော့ ကျနော့်ညီလေး စစ်တပ်ထဲကို အရွယ်မတိုင်မီ ၀င်ရောက်သွားတာဟာ သူ့ကို စည်းရုံးသူ စစ်သားမျက်နှာသာရဖို့၊ ဒီထက်ပိုပြီး အဲဒီတပ်ရဲ့ တပ်မှူး မျက်နှာသာရဖို့၊ ရာထူးတိုးဖို့ ဖြည့်ဆည်းပေးချက် တမျိုး ဖြစ်လို့ နေပါတယ်။ ဒါတောင်မှ ညီလေးက ကံကောင်းထောက်မလို့၊ တနည်းအားဖြင့် အလိုက်ကောင်း၊ အကပ်ကောင်းလို့ မိဘရင်ခွင်ထဲ ပြန်ရောက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ ညီလေးလိုပုံစံမျိုးနဲ့ စစ်တပ်ထဲ ရောက်သွားပြီး မိဘရင်ခွင်ထဲ ပြန်မရောက်တော့တဲ့ လူမမယ်လေးတွေ ဘယ်လောက်တောင် ရှိနေဦးမလဲ ဆိုတာကလဲ အဖြေမရနိုင်တဲ့ ပုစ္ဆာတပုဒ်ပါ။

မြန်မာပြည်ရဲ့ လူစည်ကားရာ ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်တွေမှာ တခါတရံမှာ `တာဝန်´ဆိုတဲ့ လက်ပတ်အနီနဲ့၊ တခါတရံတော့လည်း အရပ်ဝတ်နဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် ရပ်လို့ ဥဒဟို သွားလာနေတဲ့ လူတွေထဲကို သားကောင်ရှာတဲ့ မုဆိုးရဲ့ မျက်လုံးမျိုးနဲ့ ရှာနေတတ်တဲ့ လူတချို့ကို သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။ သူတို့ရဲ့ အဓိက သားကောင်ကတော့ အရပ်တပါးသို့ သွားရောက် အလုပ်လုပ်ကိုင်မယ့် ပုံစံ လူငယ်များ၊ အိမ်ခြေမဲ့ ဖြစ်ဟန်တူသူများ နဲ့ အိမ်ပြေးဖြစ်ဟန်တူသူ လူမမယ်ကလေးများ ဖြစ်ပါတယ်။

`မှတ်ပုံတင် တဆိတ်လောက် ပြစမ်းပါ´ ဆိုတဲ့ စကားဟာ သိပ်တော့ မထူးဆန်းသယောင် ရှိပေမယ့် စစ်သားမြင်ရင် နဂိုကတည်းကမှ အလိုလိုကြောက်နေတဲ့ ကလေးငယ်တယောက်ကို ခြိမ်းခြောက်ဖို့တော့ အလွန် အသုံးတည့်ပါတယ်။ အဲဒီ မေးခွန်းကိုပဲ တခြားသော သားကောင်များကိုလဲ အသုံးချပါတယ်။ မှတ်ပုံတင် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အိမ်ပြေး ကလေးတော်တော်များများကတော့ အဲဒီစစ်သားနောက်ကို ပါသွားတော့တာပါပဲ။

စစ်တပ်ထဲကို ညီလေးကဲ့သို့ လူမမယ်ကလေးငယ်များ ရောက်သွားလေ့ရှိတာအပြင် တပ်မတော်ကို အလွန်အင်မတန် နာမည်ပျက်စေပြီး ပြည်သူလူထုအတွက်ပါ အန္တရာယ်သိပ်ကြီးတဲ့ စစ်သားစုဆောင်းတာ တခု ရှိပါသေးတယ်။ အဲဒါကတော့ ရာဇ၀င်လူဆိုးတချို့နဲ့ ရဲဘက်ပြေး၊ ၀ရမ်းပြေးတချို့ကို စည်းရုံးမိတာပါ။ ရာဇ၀တ်မှု တခုနဲ့ ရှောင်တိမ်းနေရတဲ့ လူဆိုးတယောက်ဟာ စစ်တပ်ထဲ ၀င်လိုက်တော့ တော်ရုံအားဖြင့် ရဲက လိုက်ဖမ်းဖို့ ကွင်းဆက် ပြတ်သွားလေ့ရှိပါတယ်။ အဲဒီလူဆိုးက စစ်တပ်ထဲ ၀င်ပြီးတော့လဲ သူ့နဂိုဗီဇကိုက မကောင်းခဲ့တော့ ဇာတိပြန်ပြလေ့ရှိပါတယ်။ အသေးဆုံး ပြစ်မှုအဖြစ် စစ်တပ်က ပေးတဲ့ စစ်ပစ္စည်းတွေကို ရောင်းစား၊ ထွက်ပြေး၊ နောက်ထပ်တခါ စစ်တပ်ထဲကို ထပ်ဝင်တာကနေ အကြီးဆုံး ပြစ်မှုအဖြစ် ပြည်သူကို နှိပ်စက်ကလူပြုတာ၊ ပြည်သူ့သမီးပျိုများကို မုဒိမ်းကျင့်တာမျိုးတွေအထိပါ လုပ်ဆောင်ပါတယ်။ ဒီနည်းအားဖြင့်လည်း စစ်တပ်ဟာ ရာဇ၀တ်သားတွေကို အကာအကွယ်ပေးရာ ကျနေပါတယ်။

ရရာလူကို စစ်တပ်ထဲ ဆွဲထည့်တဲ့ မတော်တရော် စည်းရုံးမှု နောက်တခုကတော့ အသက်ကြီးရင့်သူ အိမ်ခြေမဲ့ တချို့ကို စစ်တပ်ထဲ အတင်းအဓမ္မ၀င်ခိုင်းစေတာပါ။ မြန်မာတပ်မတော်မှာ အနည်းဆုံး အသက်(၁၈)နှစ်ပြည့်မှ စစ်တပ်ထဲ ၀င်လို့ရမယ်လို့ စည်းကမ်းသတ်မှတ်ထားသလို အသက်(၂၅)နှစ်အထက်ဆိုရင်လဲ တာဝန်ထမ်းဆောင်ခွင့် မရှိပါဘူး။ ဒါပေမယ့် သတ်မှတ်ဦးရေ ပြည့်မီရေးကိုသာ အဓိကထား စုဆောင်းကြတာကြောင့် အသက် ၃၀ မှ ၄၀ အကြား အိမ်ခြေမဲ့များဟာ စစ်တပ်ထဲ ရောက်လာလေ့ ရှိပါတယ်။

စစ်သားတယောက်က ပြောဖူးပါတယ်။ `စစ်သားလုပ်လို့ သူဌေးမဖြစ်ဘူး၊ သူဌေးဖြစ်ချင်လို့လဲ စစ်တပ်ထဲကို ၀င်လာတာ မဟုတ်ဘူး´ တဲ့။ ဟုတ်ပါတယ်။ အဲဒီအချက်တွေကြောင့် ဒီဘက်ခေတ်ကာလမှာ တော်ရုံလူက စစ်တပ်ထဲကို မ၀င်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အရပ်ထဲမှာ ဘယ်လိုမှ နေလို့မရတော့တဲ့လူ၊ အိမ်နဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာသူ လူငယ်တချို့၊ ဘာမှ မသိနားမလည်တဲ့ ကလေးငယ်တချို့နဲ့ ကျနော်အထက်က တင်ပြခဲ့တဲ့ ရာဇ၀တ်မှု ကျူးလွန်ဖူးသူ လူဆိုးများနဲ့ အခြေအနေမဲ့များသာလျင် အများအားဖြင့် စစ်တပ်ထဲကို ၀င်ပါတယ်။ အဲဒါတွေရဲ့ ရလာတဲ့ အကျိုးဆက်ကတော့ စစ်တပ်ကို လူအထင်သေးတာ၊ မုန်းတီးတာတွေပါပဲ။

စစ်တပ်ထဲကို အကွက်ကျကျနဲ့ ရည်မှန်းချက်ကောင်းကောင်းတွေ ထားပြီးဝင်လာကြတဲ့ လူတန်းစားတရပ်ကတော့ အရာရှိလောင်းတွေပါ။ ယနေ့ခေတ် အရာရှိလောင်း အများစုရဲ့ ရည်ရွယ်ချက်တွေက ဘယ်အချိန်မှာ ဗိုလ်သင်တန်းဆင်းရင်၊ ဘယ်အချိန်လောက်ဆို ဗိုလ်အဆင့်ဖြစ်မယ်၊ ဗိုလ်မှူးဖြစ်မယ်။ တပ်မှူးဖြစ်မယ်၊ တပ်မမှူးဖြစ်မယ် စသဖြင့် ရည်မှန်းချက်တွေနဲ့ပါ။ အဲဒီရည်မှန်းချက်တွေအတွက် ငွေကိုလိုသလို ပုံအောသုံးနိုင်အောင်လည်း သူတို့မိဘတွေက ရာထူးကြီးကြီး အရာရှိကြီးတွေ၊ သို့တည်းမဟုတ် စီးပွားရေးကောင်းတဲ့ သူကြွယ်ကြီးတွေ ဖြစ်နေလေ့ရှိပါတယ်။ ဒီတော့ သူတို့တတွေကလဲ `သူဌေးဖြစ်ချင်လို့ စစ်တပ်ထဲ ၀င်လာတာ မဟုတ်ဘူး´ လို့ ၀င့်ကြွားစွာ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ် မြန်မာပြည် အနေအထားအရ စစ်တပ်ရာထူးကို သွားရည်ယိုလို့ စစ်တပ်ထဲ ၀င်လာတာကတော့ မြေကြီးလက်ခတ်မလွဲပါ။

အဲဒီလိုနဲ့ အရာရှိကလဲ အရာရှိအလျှောက် အခြားအဆင့်ကလဲ အခြားအဆင့်အလျှောက် ပုံမှန် မဟုတ်တဲ့ အနေအထားတွေနဲ့ ၀င်လာကြတဲ့ လူတွေရဲ့ အင်အားရာခိုင်နှုန်းက တဖြည်းဖြည်းနဲ့ များလာတော့ နှစ်တွေကြာလေလေ တပ်မတော်ကြီးက ဂုဏ်သိမ်ညှိုးနွမ်းလေလေ ဖြစ်ရပါတော့တယ်။ ဒီလိုနည်းနဲ့ အင်အားရှိလာတဲ့ တပ်မတော်ကြောင့် တိုင်းပြည်မှာလဲ ဘယ်လိုမှ အင်အားမရှိတော့ပါဘူး။ ပြည်သူတွေမှာလဲ သားဆိုးကို မွေးမိတဲ့ မိဘများနှယ် တပ်မတော်ရဲ့ ဆိုးမွေကို ခါးစည်းခံရပါတယ်။ ဆိုးလွန်းတဲ့ သားကြောင့် မိဘတွေမှာ ပတ်ဝန်းကျင်မှာလဲ မျက်နှာငယ်ရပါတယ်။

အခု တင်ပြခဲ့တဲ့ အချက်အလက်တွေကို ဖတ်ပြီးတော့ `ဒါဖြင့် စစ်တပ်ကြီး တခုလုံး မကောင်းတော့ဘူးလားကွာ၊ စစ်သားတွေ အကုန်လုံးက ဒီလို ဖြစ်နေပြီလား၊ စစ်တပ်ထဲကို ရောက်လာသူတိုင်း ဒီပုံစံနဲ့ အားလုံးရောက်လာကြတာလား´ လို့ မေးစရာ ရှိပါတယ်။ အဲဒီမေးခွန်းကို ပြန်ဖြေရမယ်ဆိုရင်တော့ `ကျနော်ကိုယ်တိုင်လဲ တိုင်းပြည်ကို တကယ်ချစ်လို့ ငါ့ပြည်သူအတွက် ကာကွယ်ပေးဖို့၊ ငါ့ပြည်သူကို အလုပ်အကျွေးပြုဖို့ စစ်တပ်ထဲကို ဖြူစင်တဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ၀င်လာတဲ့ ပြည်သူ့တပ်မတော်သား အစစ်အမှန်ကို လိုလိုလားလား ကြိုဆိုချင်ပါတယ်´ လို့ ပြန်ဖြေပါမယ်။ ပြည်သူကို အမှန်တကယ် တကယ်ချစ်တဲ့ စစ်သားတွေသာ တပ်မတော်မှာ နေရာများများရလာရင် ကျနော်တို့ လက်ရှိနေနေရတဲ့ အခြေအနေကနေ တစုံတရာ ပြောင်းလဲလာမှာကို ယုံကြည်မိလို့ပါ။ ဒါပေမယ့် လက်ရှိ တပ်မတော်အနေအထားကတော့ အခြေအနေမကောင်းလှတာ အသေအချာပါပဲ။

***

`ကဲ၊ ညီလေး မင်းနောက်တခါဆိုရင် မိဘမသိဘဲ စစ်ထဲ ၀င်လို့မရတော့ဘူးနော်´

ညီလေးကို ပြန်ခေါ်လာတော့ သူ့သင်တန်းကျောင်းက သင်တန်းမှူးဗိုလ်ကြီးက ခပ်တည်တည်နဲ့ အဲဒီလို မှာလိုက်ပါတယ်။ ဒါပေမယ့် ကျနော့်ညီလေးနဲ့ ရွယ်တူကလေးလေးတွေ သူ့သင်တန်းမှာ အဲဒီတုန်းက အများကြီး ကျန်နေခဲ့ပါသေးတယ်။ နောက်ထပ်လဲ ညီလေးလို လူမမယ်လေးတွေ ဘယ်လောက်များများ စစ်ထဲ ရောက်ခဲ့ကြသေးသလဲ ကျနော်မခန့်မှန်းတတ်ပါ။

တီဗွီတွေ၊ ရေဒီယိုတွေထဲမှာ `တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ~~~ တပ်မတော်အင်အားရှိမှ တိုင်းပြည်သာယာမည်´ ဆိုတဲ့ သီချင်းကို ကြားနေရတာ ကြာပါပြီ။ ဘယ်လို အင်အားမျိုးပါလိ့မ်လို့ ပြန်မေးရင်……။


ကလိုစေးထူး


(ဒီဆောင်းပါးရေးဖို့ ချိန်ရွယ်ခဲ့တာ အတန်ငယ်ကြာပါပြီ။ အချက်အလက်တွေ စုဆောင်းနေတာနဲ့ ကြာသွားခဲ့တယ်။ တချို့အချက်အလက်တွေကို ကျနော့်အရင်ဆောင်းပါးတပုဒ် `မြန်မာပြည်မှ ကလေးစစ်သားများ (လေလွင့်သွားသော နိုင်ငံ့သည်းချာများ) ဆောင်းပါးကနေ ပြန်လည် ကောက်နှုတ်ပါတယ်)



Sunday, June 03, 2007

ဒီနေ့…

ဒီနေ့..။ တနင်္ဂနွေနေ့..။

ညက အိပ်ရာဝင်တာ နောက်ကျလွန်းတာကြောင့် အိပ်ရာထတော့ မနက်ဆယ်နာရီ ထိုးလုပါပြီ။ အိပ်ရာမှ နိုးနိုးခြင်းမှာ တေးထားမိတာက `ဒီနေ့ စာကောင်းကောင်း တပုဒ်ဖြစ်အောင် ရေးမယ်´ လို့ပေါ့.။ တီဗွီကို ဖွင့်လိုက်တော့ ခေါင်းဖြူ ဆံပင်စတိုင်လ်နှင့် ဘက်ခမ်းက သူ့အပေါင်းအပါတသိုက်နဲ့ အတူ ဘရာဇီးလ်သားတွေနဲ့ ချစ်ကြည်ရေးပွဲကန်ဖို့ ဟန်တပြင်ပြင် ဖြစ်နေပါပြီ။

အွန်လိုင်းကလဲ တက်ချင်သေးတော့ ဂျီတော့ခ်ကို ၀င်မိလိုက်ရင်ပဲ..။

…………………………………
……… ဟိုဟိုဒီဒီ………………
ဘာညာသာရကာ…….. ……..
……………… နေကြာကွာစိ…….

ခပ်လှမ်းလှမ်းက ဘောလုံးပွဲကို ငဲ့ကြည့်လိုက်၊ စကားပြောလိုက်၊ သူငယ်ချင်း ဘလော့ဂါတချို့ရဲ့ စာတွေ လိုက်ဖတ်လိုက်…။

ဂိုးးးးးးးးး

ဘက်ခမ်းရဲ့ ဖရီးကစ်ကန်တင်အပို့ကို ဂျွန်တယ်ရီရဲ့ ခေါင်းတိုက်ချက်က ဘရားဇီးဂိုးသမားကို ဖားတကောင်လို ကားခနဲ ဖြစ်သွားစေလေရဲ့..။ အားရှိပါးရှိနဲ့ ဂျီတော့ခ် ကာစတွန်မက်ဆေ့မှာ `ဂျွန်တယ်ရီကွ(((((((´ လို့ ရေးတင်လိုက်တော့ တချို့က ထောပနာပေးပါလေရော..။ ဒါပေမယ့် ကာကာရဲ့ နောက်ဆုံးမိနစ် ချေပဂိုးကြောင့် ဘရာဇီးလ်သားတွေ မရှုံးဖြစ်လိုက်ပါဘူး။

ဘောလုံးပွဲပြီးတော့ နေ့လည် ၁၂ နာရီထိုးလုပါပြီ။ အင်း…၊ စာနည်းနည်းဖတ်ဦးမှ..။ ပန်ဒိုရာရဲ့ `ကိုဖိုးရမ် မဘလောက်´ ၀တ္ထုကို ဖတ်ရင်းနဲ့ မျက်နှာက စပရိန်လို စပ်ဖြီးဖြီး…..။ ဆရာမမေငြိမ်းရဲ့ `အမှန်နဲ့ အမှား´ ပို့စ်ကို ဖတ်မိတော့လည်း လူက ငိုင်ကျသွားချင်ပြန်…။ မမေဓာဝီရဲ့ `လျှပ်တပြက်ဟာသများ´ ပို့စ်ကလည်း ကလိတိတိနဲ့ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ချင်စရာ….။ နောက်တော့ တခြားသော ဘလော့ဂ်တွေဆီ ဟိုဝင်ဒီထွက်နဲ့ မျက်နှာကလဲ ပြုံးလိုက်၊ မဲ့လိုက်…။

နာရီကို ကြည့်မိတော့ နေ့လည် တနာရီခွဲ..။ ဟာ၊ ဒီနေ့ အိမ်လခပေးရမယ့် နောက်ဆုံးရက်ပဲ။ သုံးနာရီဆို ရုံးပိတ်မယ်၊ ဒီနေ့မပေးမိရင် ဒဏ်ကြေး အစိတ် ပေးရမယ်။ မဖြစ်ချေဘူး၊ အမြန်သွားပေးမှ..။ ချက်လက်မှတ်အမြန်ရေး၊ အိမ်ငှားရုံးကို ပြေးရပြန်ပါတယ်။ အရေးထဲ အိမ်ငှားရုံးက ဗိုက်ပူစာရေးကြီးက ဖုန်းပြောနေတာ တော်တော်နဲ့ မပြီးနိုင်။

`ဟေးးးးလူ´

အိမ်ငှားရုံးက ပြန်အလာ မြန်မာအသိမိတ်ဆွေတယောက်ရဲ့ အခန်းရှေ့က ဖြတ်မိတော့ သူက လှမ်းခေါ်နှုတ်ဆက်ပါတယ်။

`လာပါဦးဗျ´

အားနာတာနဲ့ သူ့အခန်းကို ၀င်မိတော့ အချိန်တချို့က ကျနော့်ကို မစောင့်ဘဲ သွားကြပြန်လေရော..။

……………..
…………………………
…………………………..

`ပြန်လိုက်ဦးမယ်ဗျာ´ လို့ နှုတ်ဆက်ရင်း ကျနော့်အခန်းကို ပြန်လာတော့ နေ့လည် နှစ်နာရီခွဲကျော်ပြီ။ စက်ရှေ့မှာ ပြန်ထိုင်ရင်း ရေးမယ့်စာအတွက် ကီသွင်းပါတယ်။ မျက်လုံးကို အသာမှိတ်၊ ကုလားထိုင်မှာ မှီထိုင်ရင်း ရေးမယ့်စာရဲ့ အစကို ဘယ်ပုံဘယ်နည်းပျိုးရပါ့လို့ ဉာဏ်နီဉာဏ်နက်ထုတ်နေတုန်း…….။

`ဒေါက်၊ ဒေါက်၊ ဒေါက်´

အခန်းတံခါးခေါက်သံ ခပ်ဖွဖွကြောင့် ချောင်းကြည့်ပေါက်မှာ ကြည့်လိုက်တော့ လားလား၊ သူငယ်ချင်းတယောက်ရဲ့ မိသားစုပါလား…။ ကလေးတွေပါ ပါလားသေးတယ်။ တံခါးကို ဖွင့်လိုက်တော့…။

`ဘာတွေလုပ်နေတုန်းဗျ´
`သြော်၊ ဒီလိုပါပဲ၊ လာဗျာ၊ အထဲဝင်ထိုင်လေ´
`ဒီဘက်မရောက်တာလဲ ကြာပြီဆိုတော့ ၀င်လာတာဗျ။ ပြီးတော့ ကျနော့်အိမ်မှာ အင်တာနက်ချိတ်ချင်လို့ဗျာ၊ အဲဒါ ဖုန်းဆက်ပေးပါလား´
`သြော်၊ ဟုတ်ကဲ့ ရပါတယ်´

ဖုန်းခေါ်….၊ blah, blah blah နဲ့ ပွားအပြီးမှာတော့ ကျနော့်စက်ရှေ့မှာ သူငယ်ချင်းရဲ့ ကလေးနှစ်ယောက်က ခန့်ခန့်ကြီး နေရာယူနေပါပြီ။ ကလေးတွေနဲ့ အတူတူ ဂိမ်းကစားနေတဲ့ ကျနော့်ကွန်ပြူတာက ကျနော့်ကို မျက်စပစ် လှောင်ပြောင်နေသယောင်ယောင်..။

ရေခဲသေတ္တာထဲကို ဖွင့်ကြည့်တော့ ဘီယာသုံးလေးပုလင်း ရှိနေသေးတာနဲ့ သူငယ်ချင်းကို လောကွတ်ချော်လိုက်ပါတယ်။

`ဘီယာချဗျာ´

ကိုယ်တော်ချောက မငြင်းပါ။ အင်းလေ၊ ကိုယ့်တုန်းကလဲ ငြင်းတာမှတ်လို့.။ စည်ပိုင်းပေါက်စ သူ့အိမ်သူ ဇနီးကတော့ တီဗွီရှေ့မှာ ထိုင်လို့ ကျနော့်မှာ ရှိသမျှ မြန်မာအခွေတွေကို ပြဿနာရှာနေလေရဲ့..။ `ဟယ်၊ စာအုပ်တွေလဲ အများကြီးနော်´ ဆိုပြီး စာအုပ်တွေကိုလည်း တဖျောဖျောနဲ့ ဆွဲယူလှန်လှောပြန်ပါတယ်။

ညနေ.. ငါးနာရီ..။ သူတို့ မပြန်သေး..။

ခြောက်နာရီ..။ စကားကောင်းနေကြဆဲ..။ ဒီပြည်နယ်က မြန်မာတွေအကြောင်း…။ လက်ရှိ ဒေါ်လာငွေပေါက်ဈေး၊ ဆီဈေး အကြောင်း..။

ခုနှစ်နာရီ…။

`ဟဲ့၊ ဟဲ့´ ဆိုတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ ကလေးနှစ်ယောက်က ကျနော့်စက်ကို အဝေမတည့်လို့ သူ့အမေက ဟန့်နေရပါတယ်။ စိတ်ကြီးပုံရတဲ့ အကြီးကောင်က ကျနော့် ကြိုးမဲ့ မောက်စ်လေးကို လွှင့်ပစ်လိုက်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ မောက်စ်က မပျက်သွားပါဘူး။ ခဏကြာတော့မှ ကလေးနှစ်ယောက်လုံး တီဗွီရှေ့ကို ရောက်လာကြလို့ ကျနော့်စက်ကလေးအတွက် စိတ်သက်သာရ ရပါတော့တယ်။

ည ခုနှစ်နာရီခွဲ….။

`ကဲ.. ပြန်တော့မယ်ဗျာ´
`သြော်.. ပြန်တော့မလား၊ အေးအေးဆေးဆေးပေါ့ဗျ´ (အမှန်က ပြန်စေချင်နေတာ တော်တော်ကြာပြီ)
`ခင်ဗျားက မနက်ကျရင် အလုပ်သွားရမယ်လေဗျာ၊ နားလိုက်ပါဦး´
`ဟုတ်ကဲ့´ (ကျေးဇူး ကြီးလှပါတယ် မောင်မင်းကြီးသားရယ်)

သူတို့ အားလုံး ပြန်သွားတော့ ည ရှစ်နာရီ ထိုးလုပေါ့..။ ထမင်းစားစားပွဲပေါ်မှာ ဘီယာပုလင်းခွံ လေးငါးလုံးက မညီမညာထောင်လျက်သား၊ မစီမရီဖြစ်သွားတဲ့ စာအုပ်စင်ကလဲ မသေမသပ်နဲ့..။ ကွန်ပြူတာကို ကြည့်လိုက်တော့ အတော်မောပန်းနေလေဟန်..။ လူကလဲ အာရုံတွေ ခပ်နောက်နောက်ဖြစ်လို့ ရေးမယ်လို့ တေးထားသမျှလေးတွေလဲ ဘယ်ဆီရောက်ကုန်ပြီ မသိတော့…။

ဒီလိုနဲ့..။

ဒီနေ့.. ကျနော်စာမရေးဖြစ်ပါ။


ကလိုစေးထူး

Friday, June 01, 2007

Hola Hola..

ဘရူနို စရိယားစ် (မင်္ဂလာ နံနက်ခင်းပါ)

အဲဒါကတော့ အလုပ်ထဲက မက္ကဆီကန် မိတ်ဆွေတွေနဲ့ ကျနော်ရဲ့ နံနက်ခင်း နှုတ်ဆက်လေ့ စကားပါ။

ကျနော့်အလုပ်ထဲမှာ မက္ကဆီကန် လူမျိုး ငါးယောက်ရှိပါတယ်။ အလုပ်ရှင်/အလုပ်သမား စုစုပေါင်းမှ ၂၀ ကျော်သာ ရှိတဲ့ မိသားစု စက်ရုံလေးမှာ မက္ကဆီကန်လူမျိုး ငါးယောက်ဆိုတာဟာ သေးလှတဲ့ အင်အားမဟုတ်ပါဘူး။

တကယ်တော့ ကျနော့်အလုပ်ရုံလို စက်ရုံပိစိကွေးလေးတင်မှာတင် မဟုတ်ဘဲ အမေရိကန်နိုင်ငံ အနှံ့အပြား တနံတလျားမှာ မက္ကဆီကန်လူမျိုးတွေ ရောက်ရှိအလုပ်လုပ်နေကြတာဟာ အခုဆိုရင် သန်း ၂၀ ခန့်တောင် ရှိနေပါပြီ။ ဟိုနေရာသွားလဲ သူတို့၊ ဒီနေရာသွားလဲ သူတို့ဖြစ်နေကြလိုက်တာ မက္ကဆီကန် ကွန်မြူနတီကို အမေရိကန်မှာ ခိုင်ခိုင်မာမာကြီးကို တည်ဆောက်နေနိုင်ကြနေပါပြီ။ ကျနော်နေတဲ့ မြို့ငယ်လေးမှာတောင် မက္ကဆီကန်လူမျိုးတွေအတွက် စပိန်ဘာသာနဲ့ ထုတ်လွှင့်တဲ့ ရေဒီယို ဌာန တခုရှိနေပါတယ်။

မက္ကဆီကို နိုင်ငံရဲ့ အကြောင်းကို အနည်းငယ် တင်ပြပါရစေ..။

ကမ္ဘာပေါ်မှာ (၁၁)နိုင်ငံမြောက် အများဆုံး အဖြစ် လူဦးရေ ၁၀၉ သန်းနီးပါးရှိတဲ့ မက္ကဆီကို နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ကယ်လ်လီဖိုးနီးယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို နဲ့ တက်ဆက် ပြည်နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေပါတယ်။ ပြည်နယ်ပေါင်း (၃၁) ပြည်နယ်နဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တခုပါ။ စပိန်နိုင်ငံရဲ့ ကိုလိုနီအဖြစ် ၁၈၁၀ ခုနှစ်ကနေ ၁၈၂၁ ခုနှစ်အထိ နေခဲ့ရပါတယ်။ လက်ရှိရုံးသုံး ဘာသာစကားက စပိန်စကားပါ။

နိုင်ငံချင်း ထိစပ်မှု ရှိကြပြီဟေ့ ဆိုတာနဲ့ ပိုမိုတိုးတက်တဲ့ နိုင်ငံဆီကို သူ့လောက်မတိုးတက်သေးတဲ့ နိုင်ငံကလူတွေက ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြတဲ့ အစဉ်အလာရှိတဲ့ အတိုင်း မက္ကဆီကိုနိုင်ငံသားတွေဟာလည်း အမေရိကန်နိုင်ငံအတွင်းကို ပုံစံမျိုးစုံနဲ့ ၀င်ရောက်ကြပါတယ်။ အများစု ၀င်ရောက်လာကြတာကတော့ နယ်စပ်ကို ဖြတ်ကျော်ကြတာပါ။ အပိတ်အဆို့ အတားအဆီးတွေ မြောက်များစွာ ရှိတဲ့ကြားက ဖြတ်ကျော်ဝင်ရောက်ကြပါတယ်။ ဖမ်းဆီးရမိသူတွေကို နေရင်းပြန်ပို့နေတာကလည်း မထူးဆန်းတော့တဲ့ သတင်းတပုဒ်နှယ် တီဗွီမှာ မကြာခဏ မြင်နေရလေ့ရှိပါတယ်။

`မင်းမှာ အခု အိုင်ဒီကဒ်ရှိတယ်လား´
`ရှိတာပေါ့´

နယ်စပ်ကို တရားမ၀င် ဖြတ်ကျော်ဝင်လာတဲ့ လူတယောက်က စိစစ်ရေးကဒ်ပြားလို့ ခေါ်ရမယ့် Social Security Number နဲ့ Identity Card ရအောင် ဘယ်ပုံဘယ်နည်း ဖန်တီးရယူသလဲ ဆိုတာ ကျနော် တကယ်မသိပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဒရိုင်ဘာ လိုင်စင်မရှိဘဲ ကားမောင်းသူ မက္ကဆီကန်တွေ ဒုနဲ့ဒေးပါပဲ။ ရဲက စစ်ဆေးလို့ မိသွားရင် သူတို့ ဘယ်ပုံဘယ်နည်း ဖြေရှင်းကြတယ်ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းပေမယ့် ဘယ်သူ့ဆီမှာကမှ တိကျတဲ့ အဖြေရအောင် စုံစမ်းလို့ မရပါဘူး။

အမေရိကန်နိုင်ငံမှာ မက္ကဆီကိုလူမျိုးတွေ အင်မတန်မှ သက်သောင့်သက်သာ နေနိုင်တဲ့ အချက်တခု ရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား မက္ကဆီကန်တွေကို ထိုင်းရဲတွေက မြန်မာအလုပ်သမားတွေကို ဖမ်းသလိုမျိုး အလုပ်ရုံတွေ၊ နေအိမ်တွေကို ၀င်ရောက်စီးနင်း ဖမ်းဆီးတာ မရှိပါဘူး။ တခုတော့ ရှိပါတယ်။ အိမ်တအိမ်တည်းမှာ လူတွေအများကြီး စုပြုံပြွတ်သိပ်နေနေကြလို့ ဘေးအိမ်က တိုင်လိုက်ရင်တော့ လာဖမ်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံမှာ အိပ်ခန်းတခန်းပါ အိမ်ကို လူဘယ်နှစ်ယောက်၊ အိပ်ခန်း နှစ်ခန်းပါ အိမ်ကို ဘယ်နှစ်ယောက် စသဖြင့် စည်းကမ်းသတ်မှတ်ချက်နဲ့ နေရလို့ပါ။

လမ်းပေါ်မှာ သွားလာနေတဲ့ မက္ကဆီကန်တွေကိုလဲ `မင်းမှာ လက်မှတ်ပါလား´ ဆိုပြီး မေးလေ့ မရှိပါဘူး။ ဒါကြောင့် ဘယ်လိုနည်းနဲ့ပဲ ရောက်လာရောက်လာ ရာဇ၀တ်ပြစ်မှုကို မကျူးလွန်သရွေ့ ရဲဖမ်းတာ မခံရဘဲ အလုပ်လုပ်နိုင်ကြပါတယ်။

မက္ကဆီကို နိုင်ငံသုံး ပီဆိုငွေနဲ့ အမေရိကန်ဒေါ်လာရဲ့ ကွာဟနှုန်းထားကတော့ ပျှမ်းမျှအားဖြင့် တဒေါ်လာကို ၁၀ ပီဆို ၀န်းကျင်ပါ။ သူတို့နိုင်ငံမှာ လုပ်အားအနိမ့်ဆုံးရတဲ့ အလုပ်သမားတယောက်ဟာ တနေ့ကို ၃၀ ပီဆို ခန့်သာ ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အမေရိကန်ရောက် မက္ကဆီကန်လူမျိုးတွေဟာ တနာရီကို ငါးဒေါ်လာသာ ရရင်လဲ ၀င်လုပ်ဖို့ ၀န်မလေးပါဘူး။ ကယ်လီဖိုးနီးယားပြည်နယ်ဘက်မှာ ဆိုရင်တော့ စိုက်ခင်းတွေမှာ ၀င်ရောက်လုပ်ကိုင်တဲ့ မက္ကဆီကန်လူမျိုးတွေဟာ တနေ့ကို ၃၀ ဒေါ်လာနဲ့တောင် (တရားမ၀င်) လုပ်လေ့ရှိတယ်လို့ သတင်းတပုဒ်မှာ ကြည့်လိုက်ရပါတယ်။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ အတိုင်း ဒီနိုင်ငံကို ရောက်ခိုက်မှာ တနေ့ကို ၁၈ နာရီအထိ မရပ်မနားလုပ်ပြီး ငွေရှာတဲ့ မက္ကဆီကန်တွေရှိသလို ရရစားစား ပျော်ပျော်ပါးပါး၊ ဘားကိုသွားလိုက်၊ ကက်စီနိုသွားလိုက်၊ ဆေးရှူလိုက် လုပ်နေတဲ့ မက္ကဆီကန်တွေလဲ မနည်းလှပါဘူး။ ကျနော့် အလုပ်ထဲက မက္ကဆီကန်ငါးယောက်မှာ လေးယောက်က အလုပ် နှစ်ခုလုပ်ပါတယ်။ ကျနော်တို့ အလုပ်ရုံမှာ အချိန်ပြည့်လုပ်တဲ့အပြင် တခြားမှာ အချိန်ပိုင်း လုပ်ကြတာပါ။ တနေ့ကို ၁၄ နာရီလောက် လုပ်ကြပါတယ်။ အလုပ်ကိုလာရင် အိပ်ရေးမ၀တဲ့ ပုံဟန် မျက်လုံးတွေ နီရဲလို့ပါ။

ကြုံတုန်း စပိန်စကား နည်းနည်းလောက် သင်ပေးပါရစေဦး။

Hi = ဟိုးလာဟိုးလာ (Hola Hola)
Thank you= ဂရာ့စီယာ့စ် (Gracias)
I love you = အဲဒါကတော့ နှစ်မျိုးသုံးပါတယ်။ ချစ်သူကို ပြောရင် တီအားမို (Te Amo) ဖြစ်ပြီးတော့ မိတ်ဆွေ၊ သူငယ်ချင်း အချင်းချင်းကိုတော့ တေကဲရ်ဒို (Te Quiero) မြန်မာတွေမှာ ငါးရာနှစ်ဆယ့်ရှစ်နဲ့ ထောင့်ငါးရာ အချစ် ကွာသလိုမျိုးလားတော့ မသိပါ။
ခပ်ချောချော ခပ်တောင့်တောင့် မိန်းကလေးကိုတော့ မာမာစီးတာ (MaMacita) လို့ ခေါ်ပါသတဲ့။
သိပ်လှတဲ့ မိန်းကလေး လို့ ပြောချင်ရင်တော့ ဘိုနီးတာ့ (Bonnita)
See you ကတော့ ကိုမိုစတာ့စ် (Como Stas) ပါ။
သူငယ်ချင်းကိုတော့ အာမီးကို (Amigo) လို့ခေါ်ပါတယ်။

ညနေ သုံးနာရီထိုးပါပြီ။ သောကြာနေ့ ညနေဆိုတော့ အားလုံးကလဲ ပျော်ပျော်ပါးပါးပေါ့။ မက္ကဆီကန် သူငယ်ချင်းတွေကို မြန်မာသံ ၀ဲဝဲနဲ့ နှုတ်ဆက်လိုက်တာကတော့..

အာဒီးယို့စ် (Adios) Bye Bye
ကိုမိုစတာ့စ်


ကလိုစေးထူး


(တကယ်တော့ ကျနော်အခုရေးတဲ့ မက္ကဆီကန်တွေရဲ့ အကြောင်းက သိပ်တော့ မပြည့်စုံလှသေးပါဘူး။ မနက်ဖြန်မှာ ကျနော် မအားလို့ ပို့စ်အသစ်တင်နိုင်မှာ မဟုတ်တာကြောင့် ခါတိုင်းဆို ပျက်ကွက်နေကြ သောကြာနေ့မှာ တင်လိုက်တာပါ။ ကြုံကြိုက်ရင်တော့ အချက်အလက်တွေ စုံစုံလင်လင်နဲ့ ထပ်ရေးပါဦးမယ်။)

Thursday, May 31, 2007

စပ်မိစပ်ရာ (၅)…

ဥရောပ ဘောလုံးပွဲ ရာသီ တော်တော်များများ ပြီးဆုံးသွားကြပါပြီ။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ မန်ယူ၊ ဂျာမန် ဘွန်ဒစ်လီဂါမှာ စတူးဂတ်၊ ပြင်သစ် ပထမတန်းမှာ လိုင်ယွန်၊ အီတလီ စီးရီးအေမှာ အင်တာမီလန် အသင်းတို့က ဖလားအသီးသီး ရရှိသွားကြပါတယ်။ ချန်ပီယံ လိဂ်ဖလားကိုတော့ အေစီမီလန်က လီဗာပူကို လက်စားချေပြီး ပြန်လုသွားပါတယ်။

စပိန်လာလီဂါမှာတော့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာကာ အသင်းက အကြိတ်အနယ် ယှဉ်ပြိုင်နေရဆဲ ဖြစ်သလို သူတို့နောက်က ကပ်လိုက်နေတဲ့ ဆီဗီလာနဲ့ ဗလင်စီယာ အသင်းတွေရဲ့ ရန်ကလဲ နောက်ကြောင်း မအေးသေးပါဘူး။ ချကြကွ..။

ကျနော့်ဖေးဖရိတ် ချဲလ်ဆီးအသင်းကတော့ ဒီရာသီမှာ ကားလင်းလိဂ်နဲ့ အက်ဖ်အေဖလား နှစ်လုံးနဲ့တင် နှစ်သိမ့်လိုက်ရပါတယ်။ စိတ်ပုတ်တယ်ပဲ ဆိုဆို..။ ပရီးမီးယားလိဂ် ဖလားရသွားတဲ့ မန်ယူကို အမြင်သိပ်မကြည်တာနဲ့ မန်ယူကို ချဲလ်ဆီးက နောက်ကောက်ချတဲ့ အက်ဖ်အေ ဖလားပွဲကို တီဗွီက ပြန်လွှင့်တဲ့ အကြိမ်တိုင်း ခဏခဏကြည့်တာ လေးခါလောက်တောင် ရှိပါပြီ။ :D သူငယ်ချင်းတယောက်က ကျနော့်ကို ကောင်းချီးပေးပါတယ်။ `သူများမကြိုက်တဲ့ အသင်းကိုမှ ရွေးကြိုက်တဲ့ အကောင်´…တဲ့။ =))

၂၀၀၇ ခုနှစ်အကုန်၊ ဒီဇင်ဘာလအတွင်းမှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ လုပ်ပါတော့မယ်။ အဲဒီအတွက် မြန်မာဘောလုံးအသင်း ဘာတွေလုပ်နေပါလိမ့်လို့ သတင်းဖတ်ကြည့်တော့ ဖြူ၊နီ၊ပြာဝါ လေးရောင်ခွဲလို့ လေးပွင့်ဆိုင်ပွဲတွေ လုပ်လို့ ကောင်းတုန်းပါပဲ။ ပြီးရင် လူရွေး၊ စခန်းသွင်း နှစ်သင်းခွဲကန်၊ သွားပြိုင်..၊ ရှုံး..၊ သတင်းစာ ရှင်းလင်းပွဲလုပ်၊ ဒိုင်ညစ်၊ မုန့်လုံးစက္ကူကပ်.. ပြာကလပ်မှာ ဆွမ်းတော်တင်..အဲ..ဟုတ်ပေါင်။ ဘယ်တွေ ရောက်ကုန်ပါလိ့မ်။

ငါးမင်းဆွေ ဆိုတဲ့ နာမည် အတော်ကြီးလှပြီး ပြည်သူ့မေတ္တာကို အားရပါးရကြီး ခံယူနေတဲ့ ဆောင်းပါးရှင်ကြီးက သူအခုလို နေ့စဉ်ထုတ် သတင်းစာတွေမှာ ဆောင်းပါးရေးနေတာဟာ `နိုင်ငံတော်ရဲ့ လတ်တလော အခြေအနေအရ၊ နိုင်ငံသားတယောက်၏ တာဝန်အရ´ ဖြစ်ပါသတဲ့။ ၁၃၆၈ခုနှစ်၊ သင်္ကြန်အတက်နေ့မှာ သူရေးခဲ့တဲ့ ဆောင်းပါးဟာ နောက်ဆုံး ဆောင်းပါးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသတဲ့။ ငါးမင်းဆွေကြီးနားသွားရင်တော့ ဖားမင်းဆွေ၊ လိမ်မင်းဆွေ၊ အဲ..ဟုတ်ပေါင် သတ်ပုံမှားလို့ လိပ်မင်းဆွေ၊ နဂါးမင်းဆွေ၊ ခြသေ့င်္မင်းဆွေ၊ အဲ.. ခြသေ့င်္တော့ မထိရဲတော့ဘူး။ တော်ကြာ…….။ အင်း.. အဲဒီ မင်းဆွေတွေက ဆက်ရေးကြမယ်ထင်ရဲ့.။ ဖတ်ရချည်သေးရဲ့..။ လာထား..ယိစ်)))))))။

ထိုင်းဝန်ကြီးချုပ်ဟောင်း ထပ်ဂ်ဆင်ရဲ့ ထိုင်းရတ်ထိုင်းပါတီကတော့ အနိစ္စသဘောနဲ့ ကိစ္စချောသွားပါပြီ။ အဲဒီအပြင် ထပ်ဂ်ဆင်နဲ့ တကွ ပါတီခေါင်းဆောင်ပေါင်း (၁၀၀) ကျော်ကိုလည်း နိုင်ငံရေး ငါးနှစ်မလုပ်ရ အမိန့်ချလိုက်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကတော့ အာဏာတွေ ပါဝါတွေနဲ့ အရှိန်အ၀ါ ကြီးခဲ့သလောက် အခုတော့…..။ တရားကျစရာပင် ကောင်းပါသေးတော့..။



ဂူဂယ်လ်အာ့သ် ကို ကြည့်လိုက်တော့ Crisis in Durfer ဆိုတဲ့ နာမည်နဲ့ ဆူဒန်နိုင်ငံမှာ ရဲပဒေါင်းခပ်နေအောင် စစ်မီးလျှံတွေ တောက်လောင်နေပါတယ်။ ကင်မရာပုံနဲ့ လင့်ခ်ကလေးတွေကို လိုက်ဖတ်ကြည့်ရတာကလည်း တစက်ကလေးမှ စိတ်ချမ်းမြေ့ဖွယ်ရာ မရှိပါဘူး။ ပျက်စီးနေတဲ့ စာသင်ကျောင်းတွေ၊ မီးရှို့ခံထားရတဲ့ ရွာပေါင်းများစွာ၊ အသက်လုပြေးနေကြတဲ့ အပြစ်မဲ့ ပြည်သူတွေ..။ သြော်၊ စစ်..စစ် လို့သာ ညည်းတွားမိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားခွင့်ရရေးကို ရည်ရွယ်ပြီးတော့ `ရွေ့လျားကျောင်း´ (၄၃) ကျောင်းကို မြို့နယ် ဆယ်မြို့နယ်မှာ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ကလေးတွေ ပညာသင်ကြားခွင့် ရရေးဆိုတဲ့ ရည်ရွယ်ချက်က ကောင်းမွန်လှပေမယ့် ရွေ့လျားကျောင်းရဲ့ အဓိပ္ပာယ်ကို ကျနော် မရှင်းလင်းလှပါဘူး။ ပုံမှန်ကျောင်းနဲ့ ရွေ့လျားကျောင်းရဲ့ ကွာခြားချက်ကတော့ အတန်းတွဲ စနစ်နဲ့ သင်ကြားပေးမှု ဖြစ်ပြီးတော့ အတန်းတွဲစနစ်ဆိုတာကတော့ ဆရာတဦးလျှင် သူငယ်တန်းမှ စတုတ္ထတန်းအထိ လိုအပ်သလို တွဲပြီး တာဝန်ယူ သင်ကြားပေးခြင်းမျိုး ဖြစ်ပါတယ်တဲ့။ သိရှိသူများ ရှင်းလင်းပြရင် တော်တော်ကောင်းမယ်လို့ ထင်မိပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာ ကျောင်းလခနှုန်းထားများကိုလဲ ပြောင်းလဲ သတ်မှတ်လိုက်ပါပြီ။ နှုန်းထားအသစ်အရ ဒသမတန်း စာသင်သားတယောက်ဟာ တနှစ်ကို ကျောင်းလခ ၁၀၀၀ ကျပ် ပေးရပါမယ်။

အာရှဟာ ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံးနဲ့ လုပ်ရကိုင်ရ အခက်ဆုံး ဖြစ်ပါသတဲ့။ Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ အဲဒီသတင်းမှာ တရုတ်၊ ဆီးရီးယား၊ အီရန်၊ ဗီယက်နမ်၊ တာမေနစ္စတန် နိုင်ငံတွေဟာ လုပ်ရကိုင်ရ အခက်ဆုံးနဲ့ အန္တရာယ် အရှိဆုံးနေရာတွေ ဖြစ်ပြီးတော့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီဟာ ဆိုရင်လဲ သတင်းထွက်ပေါက် အားလုံးနီးပါးကို ထိန်းချုပ်ထားသူ ဖြစ်ပါသတဲ့။ ထိုင်းမှာဆိုရင်လဲ လက်ရှိအစိုးရက ပြည်တွင်းအသံလွှင့် ဌာနတွေကို ရာနဲ့ချီပြီး ပိတ်ပင်ထားပါတယ်တဲ့။ စင်ကာပူ၊ မလေးရှားတွေမှာဆိုရင်လည်း အာဏာပိုင်တွေက သူတို့ရဲ့ ဘက်တော်သားတွေကိုသာ လိုင်စင်ထုတ်ပေးပါသတဲ့။ သို့သော်……..။ မြန်မာနိုင်ငံ သတင်းတော့ ….။ ဒန်တန့်တန်…။

ဟုတ်ကဲ့..။ မပါပါဘူး။ အင်းလေ..။ ဒီလောက် လွတ်လပ်တဲ့ နိုင်ငံမှာ ဒါမျိုးတွေ ဘယ်ရှိမှာတုန်း…။ ဒီလောက် လွတ်လပ်စွာ ရေးလို့ရနေတာကို..။ ငါးမင်းဆွေကိုပဲ ကြည့်..။ အဲ.. ဟုတ်ပေါင်။ :D



ဒီပုံထဲက လူတွေကို ကြည့်ရတာ တော်တော်လေးကို အဆင်မပြေပါဘူး။ လူတွေဟာ မိမိရမယ့် အခွင့်အရေး လက်တဆုပ်စာကိုပဲ ကြည့်လေ့ရှိတတ်ပါသလား။ ကျနော် မသိပါဘူး။ ဒါပေမယ့် အခု ဒီလူတွေကတော့ သူတို့မျက်လုံးထဲက အတ္တမီးလျှံတွေကို ထုတ်လွှတ်ပြီး လူမိုက်ဆန်ဆန် စောင်ကြည့်နေတာ တွေ့ရတာဟာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။

ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စပ်လိုက်တာ နာရီကို ကြည့်မိတော့ ည ဆယ်နာရီထိုးဖို့ ဆယ်မိနစ်သာ လိုပါတော့တယ်။ နောက် မိနစ်လေးဆယ်ဆိုရင် မနက်မှာ အလုပ်ကောင်းစွာ လုပ်နိုင်ဖို့ အိပ်ချင်သည်ဖြစ်စေ၊ မအိပ်ချင်သည်ဖြစ်စေ အိပ်ရပါတော့မယ်။ မနက်ကျတော့ နှိုးစက်က အသံသာသာ ဟန်ဆောင်ပြီး နှိပ်စက်နှိုး..၊ အလုပ်သွား.. အလုပ်ပြန်။ ရုပ်ခန္ဓာကြီးက စက်ရုပ်တခုလို လှုပ်ရှားနေပေမယ့် ကျနော့်စိတ်တွေကတော့ ဟိုးကမ္ဘာတဖက်ခြမ်းဆီက အမိမြေဆီကို ရောက်နေဆဲ….။ စိတ်နဲ့ကိုယ် တထပ်တည်းကျဖို့ဆိုတာကတော့….။


ကလိုစေးထူး


ကိုးကား။ ခေတ်ပြိုင်သတင်း (ဓာတ်ပုံတပုံကိုလဲ ခေတ်ပြိုင်မှ ယူငင်သုံးစွဲပါသည်)၊
Weekly&First Eleven ဂျာနယ်။
Google Earth

Wednesday, May 30, 2007

ကျနော့် အကြိုက် (၆) ...

တကယ်တော့ ကျနော့်အကြိုက် အမှတ်စဉ် (၅)ကို တင်ဖြစ်ခဲ့တဲ့ ရက်က မကြာလှသေးပါဘူး။ ဒါပေမယ့် ဒီနေ့တော့ စာတွေ လိုက်ဖတ်ရင်းနဲ့ Weekly Eleven ဂျာနယ်၊ N0.32 Volume.2 မှာ ဖော်ပြထားတဲ့ ဆရာမ ဂျူးရဲ့ `လမ်းပေါ်မှ အသံများ´ ဆိုတဲ့ ဆောင်းပါးကို ဖတ်အပြီးမှာတော့ စိတ်ထဲမှာ တစုံတရာကို နင့်သည်းစွာ ခံစားလိုက်ရပါတယ်။ မမေဓာဝီ ရေးခဲ့ဖူးတဲ့ `ဘယ်သူ့ လက်ထဲမှာလဲ´ ဆိုတဲ့ ပို့စ်ကိုလည်း ချက်ချင်း သတိရလိုက်မိပါတယ်။ အဲဒါနဲ့ပဲ ကျနော့်အကြိုက် အမှတ်စဉ်(၆)ကို စောစီးစွာ တင်ဖြစ်ပါတယ်။

ရှင်းလင်းပြေပြစ်လှတဲ့ အရေးအသားနဲ့ အတူ ရသပေါင်းစုံကို ခံစားစေတဲ့ ဆောင်းပါးလေးကို ကျနော့်မိတ်ဆွေများထံ ဝေမျှချင်တဲ့ ဆန္ဒနဲ့ ဖတ်ပြီးပြီးချင်းမှာပဲ ချက်ချင်း စာရိုက်ပြီး တင်လိုက်ပါတယ်။ ဖတ်ရှု ခံစားကြည့်ကြပါဦး။

လမ်းမပေါ်မှ အသံများ

တနင်္ဂနွေလည်းဖြစ်၊ မိုးလည်း သဲသဲမဲမဲ ရွာတာတောင် လမ်းမှာ ကားတွေက များလိုက်တာ။ ညနေ ၅ နာရီ ကျော်နေပြီလား။ အမြဲလိုလို နာရီမပါသူမို့ အချိန်ကို ခန့်မှန်းနှင့်သာ ခန့်မှန်းကြည့်ရသည်။ ဓာတ်ဆီထုတ်ရဦးမည်။ ဆီစာအုပ်က ထုံးစံအတိုင်း မပါလာ။ အိမ်ရောက်မှ တစ်ခေါက် ပြန်ထွက်ရမည့် ပုံပဲ။ အို၊ မိုးသိပ်ရွာနေရင်တော့ ပြန်မထွက်ချင်ပါဘူး။ တစ်ရက်တလေ မထုတ်ဘဲ ထားလိုက်မယ်။ ဆီလည်း မကုန်လောက်သေးပါဘူး။ အရင်လကဆို (၁၀)ဂါလန်တောင် မထုတ်လဲ နေခဲ့သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် အားပေးသည်။

ရေတွေကြောင့် ကတ္တရာလမ်းကို မမြင်ရတော့ဘဲ ရေပြင်မှာ မောင်းနေရသလိုရှိသည့် လမ်းဘေးသို့ ကျွန်မ မကပ်ပါ။ လမ်းအလယ်လောက်မှာ တတ်နိုင်သမျှ နေသည်။ အင်း၊ အတွင်းယာဉ်ကြောက မောင်းတာလည်း ရေကို မကြောက်ရပေမဲ့ နောက်ထပ် အန္တရာယ် တစ်ခု ရှိသေးသည်။ ဟိုဘက် မျက်နှာချင်းဆိုင် ယာဉ်ကြောကနေ စည်းကမ်းဖောက်ပြီး ကိုယ့်ယာဉ်ကြောဘက် အရှိန်ပြင်းပြင်း ရောက်လာမဲ့ ကားကြီးတွေကို ကြောက်ရသည်။ အေးလေ၊ လူ့လောကကြီးမှာတော့ လူသားတွေဟာ အန္တရာယ်တွေ ကြားထဲမှာပဲ အသက်ရှင်နေကြရတာပဲ။

ဓမ္မစေတီနှင့် ဦးဝိစာရထောင့် မီးပွိုင့်မှာ မီးနီက အကြာကြီး။ မီးစိမ်းကို စောင့်ရင်း ကျွန်မ စိတ်ပူပန်လာသည်။ မှောင်တော့မည်။ မိုးကလည်းရွာ၊ မှောင်လည်းမှောင် ဆိုရင်တော့ ကျွန်မ အိမ်ပြန်မရောက်မချင်း ဘုရားတနေရတော့မည်။ ကျွန်မ၏ ကားမီးက အားသိပ်မကောင်းဘဲ မှိန်နေသောကြောင့် ဖြစ်သည်။

ကျွန်မဘေးက ကားပြတင်းမှန်မှာ တစ်ခုခု လာထိသည်။ ကျွန်မဘေးသို့ ကြည့်လိုက်တော့ စကောတစ်ချပ်နှင့် စပါးနှံစည်းတွေ အပုံလိုက်။ ဟင်၊ အဲဒါ ဘာလဲ။ မိုးရွာနေသဖြင့် ကျွန်မမှန်က ရေငွေ့ရိုက်ကာ မှုန်ဝါးနေသည်။ ကျွန်မ မှန်ကို ချလိုက်သည်။

ကလေးမလေး တစ်ယောက်။ စပါးတွဲလေးတွေကို စကောထဲထည့်ပုံကာ လိုက်ရောင်းနေပုံ ရသည်။ ဒီကလေးမနှယ်၊ မိုးသဲသဲမဲမဲမှာကွယ်။ သူ့အသက်က ကျွန်မတူမလေး အငယ်ဆုံးလောက်ပဲ ရှိမည်။

ကျွန်မက စပါးတွဲကို ဘာအတွက်နဲ့ ၀ယ်ရမှာလဲ။ ကျွန်မက တိုက်ခန်းမှာနေရသူ၊ ကျွန်မမှာ စာကလေးတွေ ခိုကလေးတွေ မရှိ။ ကျွန်မ ခေါင်းယမ်းလိုက်ပြီး ကားမှန်ကို ပြန်တင်ဖို့ လုပ်သည်။ ထိုအချိန်တွင် ကလေးမလေးက ကျွန်မထံမှ တစ်ခုခုတောင်းခံသလိုလို ပုံစံနှင့် သူ့လက်ကလေးကို ဖြန့်လေသည်။

ဘုရားရေ၊ အဲဒါမှ ဒုက္ခပါလား။

ဒီကလေးမလေးမှာ မိဘ မရှိဘူးလား။ မိဘတွေက သူဒီမှာ ရောက်နေတာကို မသိကြဘူးလား။ အင်းလေ၊ သိမှာပါ။ ကိုယ့်ကလေး အိမ်မှာ ရှိ၊မရှိ မသိတဲ့ မိဘ ဘယ်နှယောက် ရှိမှာလဲ။ နေဦး။ သူ့ကို ကျွန်မ ဘာလုပ်ပေးရမှာလဲ။ ဟင့်အင်း၊ ကျွန်မ ဘာမှ မလုပ်ပေးနိုင်။ မိဘမဲ့ဂေဟာကို ခေါ်သွားပေးနိုင်မည့် အဖြစ်လည်း မဟုတ်။ သူ့မှာ မိဘရှိလိမ့်မည်။ မိဘက တစ်နေရာရာမှာ တခြားအလုပ်တွေ လုပ်နေရသလား။ ဒါမှမဟုတ် သမီးက ငွေရှာပြီး အပြန်ကို ထိုင်စောင့်နေရမဲ့ မိဘမျိုးလား။

ကျွန်မ၏ ဒက်ရှ်ဘုတ်ပေါ်မှာ ကားရပ်နားခ ပေးဖို့ထားသည့် ငါးဆယ်တန်၊ တစ်ရာတန်တွေ ရှိနေသည်။ ကျွန်မ ကလေးမကို ငါးဆယ်၊ တစ်ရာ ပေးလိုက်ဖို့ ချီတုံချတုံ ဖြစ်နေ၏။

ကလေးမ၊ ညည်းက စပါးတွဲရောင်းတဲ့ ဈေးသည်လေးလေ။ သူတောင်းစား မဟုတ်ဘူး။ ကျွန်မ ဘာပြောရမှာလဲ။ ဘာစကားပြောလို့ရော သူက နားလည်မှာလဲ။ သူလိုချင်တာ စကားမဟုတ်။ ငွေပဲ။

ဘုရား ဘုရား။ မိုးတွေကလည်း ရွာ။ စပါးတွဲလေးတွေကလည်း ရေတွေကစိုရွှဲ။ ကလေးမလေး၏ မျက်နှာမှာလည်း မိုးရေစီးကြောင်းလား၊ မျက်ရည်စီးကြောင်းလား။

ကျွန်မဆီက သူမျှော်လင့်သည့် ငါးဆယ်တန် တစ်ရာတန်တွေက သူ့ဘ၀ကို ဘာမှပြောင်းလဲပေးနိုင်မှာ မဟုတ်။

ကျွန်မသည် ပြစ်မှု တစ်ခုခု ကျူးလွန်လိုက်ရသည့် ခံစားချက်မျိုးဖြင့် ငါးဆယ်တန် တစ်ရွက်ကို ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်၏။ ကလေးမက လှစ်ကနဲ ပြန်ထွက်သွားသည်။

ဘာဖြစ်လို့ ပိုက်ဆံပေးပြီးတော့ ကျွန်မ စပါးတွဲ မယူလိုက်ရတာလဲ။ ကျွန်မအိမ်မှာ စာကလေးမရှိရှိ ခိုမရှိရှိ။ သူ့ဆီက စပါးတွဲတစ်တွဲလောက် ယူလိုက်ဖို့ မကောင်းဘူးလား။ ဒါမှ သူကရောင်းသူ ကျွန်မက ၀ယ်သူဖြစ်မည်။

ကိုယ့်ကိုယ်ကိုယ် ကျွန်မ မကျေနပ်ပါ။

ကလေးမလေးက လတ်တလောတော့ သူငါးဆယ်ရလိုက်လို့ စိတ်သက်သာလိမ့်မည်။ ဒါပေမဲ့ အဲဒီလို ရမှန်းသိလျှင် သူသည် စပါးတွဲရောင်းရင်းနှင့် ပိုက်ဆံတောင်းရသည်ကို ကျေနပ်လာလိမ့်မည်။ ကျွန်မတို့လို လူတွေက ပိုက်ဆံအလကားပေးနေတာဟာ သူ့ကို ဖျက်ဆီးနေတာနှင့် မတူဘူးလား။

အို၊ မတတ်နိုင်ပါဘူးဟယ်။ အိမ်မြန်မြန် ပြန်ရောက်ချင်လှပါပြီ။ မီးနီကလည်း မစိမ်းနိုင်တော့ဘူး။ ကျွန်မရှေ့မှာ ဘေးမှာ နောက်မှာ ကားတွေက တသီတတန်းကြီး။

ဒေါက်ဒေါက်အသံဖြင့် ကားမှန်ကို တစ်ခုခုက လာထိသည်။ ကျွန်မ လှည့်ကြည့်လိုက်သည်။

ဟောတော်။ နောက်ထပ် စကောခပ်သေးသေးနှင့် စပါးတွဲအပုံလေးကို ရွက်လာသော ကလေးမလေးတစ်ယောက်။ ဒါက နောက်တစ်ယောက် ဖြစ်သည်။ အရင်တစ်ယောက်က သူ့ကို သတင်းပေးလိုက်ပုံရသည်။

တွေ့လား၊ လတ်တလော ဖြေရှင်းနည်းဆိုတာ ရေရှည်ဖြေရှင်းဖို့အတွက် ဘယ်လောက်ပိုခက်ခဲအောင် လုပ်ပစ်နိုင်တယ်ဆိုတာ။ ဒါလက်တွေ့ပါပဲ။ ဒီကိစ္စကို ကျွန်မ ဘယ်လိုရှင်းမလဲ။

ကျွန်မ ခါးသက်သက် ပြုံးလိုက်မိပြီး ကလေးမလေး လက်ထဲသို့ ငွေစက္ကူတစ်ရွက် ထည့်ပေးလိုက်သည်။ ဘာတန်လည်းတော့ ကျွန်မ မကြည့်မိတော့ပေ။ ဒီနေရာက မြန်မြန်ခွာချင်လောက်အောင် ကျွန်မ မျက်နှာပူနေမိတာ အမှန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်နေသည်။

အဲဒီလိုလူတွေရှိလို့ အဲဒီလို ကလေးလေးတွေ ရှိနေတာ။ ဒီကလေးမလေးတွေကို တခြားနည်းနဲ့ အလုပ်ကို မြတ်နိုးတတ်အောင် ကျင့်ပေးရမှာ မဟုတ်ဘူးလား။ ကျွန်မဘေးမှာ ရှိနေသည့် ဆွေမျိုးလူငယ်လေးတွေတောင် အလုပ်တန်ဖိုးကို တကယ်မမြတ်နိုးတတ်သေးဘဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြသေးတာ။ ဒီကလေးမလေးတွေအတွက် အလုပ်ကို မြတ်နိုးခြင်းဟာ ကူညီပေးခြင်း ဖြစ်နိုင်ပါ့မလား။ ဒါဖြင့် သူတို့ကို ကူညီနိုင်တာ ဘာလဲ။

ဘုရားရေ။ မိဘမဲ့ ကလေးဂေဟာအတွက် အခုပင် အလှူငွေကိစ္စတွေ ပြောလာခဲ့သည့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်၊ ဆက်လုပ်ရမည့် လမ်းစတွေ ပျောက်ကာ သံသယတွေက စိုးမိုးလာခဲ့သည်။

ကံကောင်းထောက်မစွာပင် မီးပွိုင့်က မီးစိမ်းသွားလေသည်။ ကျွန်မ အသက်အောင့်ထားရာမှ လွှတ်ကာ ခပ်ပြင်းပြင်းရှူရှိုက်လျက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

အိမ်ရောက်တော့ ဘယ်သူ့ကိုမှ ဘာမှ စကားမပြောနိုင်။ ရေချိုးပြီးနောက် စာအုပ်တစ်အုပ် ဆွဲယူကာ အိပ်ရာပေါ်လှဲချ အနားယူမိသည်။ စာဖတ်မည်။ ဖတ်မည်ဟု ဆွဲယူလိုက်သည့် စာအုပ်က ဂျရတ်ဒိုင်ယာမွန်း၏ `ပြိုလဲခြင်း´ Collapse ဖြစ်နေသည်။ စာအုပ်ကို ကျွန်မ ပြန်ချပစ်လိုက်၏။

ဟာ၊ ဒီစာအုပ်က အသာနေစမ်းပါဦး။ အခုနေမှာ ဒါတွေကို မဖတ်ချင်ပါဘူး။ ရသစာအုပ်လေး တစ်အုပ်လောက် ဖတ်မယ်။

ကျွန်မ ထိုင်ရာမထ ခေါင်းရင်းစာအုပ်စင်ကနေ စာအုပ်တစ်အုပ် လှမ်းဆွဲလိုက်မိသည်။ အင်္ဂါဒဿန စကားဝိုင်းများ..တဲ့။ ကောင်းတယ်။ ဖတ်လက်စ လုံးချင်း ၀တ္ထုဖြစ်သည်။

ဒီကနေ့ ကျွန်မ အမှန်တွေ ဘာလုပ်ဖြစ်ခဲ့လဲ။ အမှားတွေ ဘာလုပ်ဖြစ်ခဲ့လဲဟု ပြီးခဲ့သည့် ကိစ္စတွေဆီ အာရုံမရောက်အေင် စာအုပ်ကို ဖွင့်ဖတ်လိုက်၏။ ပြဇာတ်စင် ပွဲကြည့်ပရိသတ် စင်မြင့်ဝရံတာမှ ပြုတ်ကျလာသော လူငယ်လေး တစ်ယောက်၏ သေဆုံးမှုကို စုံစမ်းစစ်ဆေးနေသော ဇာတ်လမ်းမို့ ဇာတ်ကြောင်းထဲ မျောပါကာ ထမင်းစားဖို့ မေ့သွားသည်။

`အစ်မ ထမင်းစားရအောင်´

ညီမစိုးစိုးက လာခေါ်သည့် အချိန်မှာ ညရောက်နေပြီး ပြတင်းမှ လွန်လျက် မှောင်ပိန်းနေသော ညကို မြင်ရသည်။

`မစားချင်တော့ပါဘူးဟယ်၊ ငါအိပ်တော့မယ်´
`ဟဲ့ ထမင်းမစားချင်လည်း ကော်ဖီလေးဖြစ်ဖြစ် သောက်လိုက်မလား၊ ညကျမှ ထဆာနေဦးမယ်´

စိုးက လူကြီးလိုပင် ကျွန်မကို မြည်တွန်တောက်တီးကာ ကော်ဖီတစ်ခွက် ဖျော်လာပေးသည်။

`အေးပါဟယ်၊ နင်ထမင်းစားတာကို မပျင်းအောင် ငါဘေးကနေ စောင့်ပြီး ကော်ဖီသောက်ပေးပါ့မယ်´

ကျွန်မ ၀တ္ထုစာအုပ်နှင့် ကော်ဖီပန်းကန်ကို ကိုင်လျက် ဧည့်ခန်းသို့ ထွက်ခဲ့သည်။ ကျွန်မတို့မှာ ထမင်းစားခန်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိ။ ဧည့်ခန်း တီဗွီရှေ့မှာပင် ထမင်းစားပွဲ အသေးကို ထုတ်ခင်းလျက် ထမင်းစားကြသည့် ထုံးစံရှိလေသည်။

အို၊ ညရှစ်နာရီတောင် ခွဲတော့မှာပါလား။

`အစ်မ၊ နေ့လယ်က စာအုပ်အမှာ ဖုန်းလာသေးတယ်။ မနက်ဖြန်မှ လာပို့မယ်လို့ ပြောထားတယ်´
`အေး အေး´
`သိပ်တော့ မများဘူး၊ ဆယ့်ရှစ်အုပ်ပဲ´
`ရတယ်၊ မနက်ဖြန်မှ စာရင်းကူးမယ်´

ကျွန်မ စာဖတ်တာ အာရုံ မပျက်ချင်။ ညီမစိုးက စကားတိတ်သွားသည်။

အပြင်မှာ မိုးက မသဲမဲတော့သော်လည်း တစိမ့်စိမ့်တော့ ရွာနေဆဲ။ မိုးအေးအေးနှင့် စောင်ခြုံထဲကွေးကာ သည်းထိတ်ရင်ဖို ၀တ္ထုတွေဖတ်ရသည့် ငယ်ဘ၀ကို ပြန်သတိရမိသည်။ ဘယ်လောက်များ လွမ်းစရာ ကောင်းလိုက်ပါသလဲ။ ကိုယ့်လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု မဖြစ်စေသေးသည့် လွတ်လပ်ပြီး တာဝန်ကင်းသော ဘ၀။ ကျွန်မ ပြန်လိုချင်မိသည်။

အတွေးထဲ နစ်နေသော ကျွန်မကို အတွေးစပျက်သွားအောင် လှုပ်နှိုးလိုက်သည်က ဟိုးအောက်ဘက် လမ်းပေါ်မှ အသံတစ်ခု ဖြစ်၏။

`စံပယ်ပန်းတွေ´

စံပယ်ပန်းရောင်းသော အဘွားကြီး၏ အောင်မြင်လှသော အသံ။

အဲဒါ ညီမစိုး၏ ဖောက်သည်။ ညကိုးနာရီလောက်မှာ သူများတွေက အနားယူနေချိန် သူက လမ်းတကာလှည့်ပြီး စံပယ်ပန်းကုံးတွေ ရောင်းနေဆဲ။

`စံပယ်ပန်းတွေ´

ခပ်မာမာအော်လိုက်သော အသံက ကျွန်မတို့ တိုက်ခန်းအနားတွင် ရစ်ဝဲနေသည်။

`စိုး၊ အဲဒါ နင့်ကို အော်ပြောနေတာ´

စိုးက ထိုအဘွားကြီးထံမှ စံပယ်ပန်းတွေ ခဏခဏ ၀ယ်နေကျ။ တစ်ခါတစ်ခါ အဘွားကြီးကို ရေသောက်မလား၊ မုန့်စားမလားဟု ငါးထပ်တိုက်ခန်းကို ပြန်တက်ကာ မုန့်တွေရေတွေ သယ်ပေးပြီး ကျွေးမွေးသူ ဖြစ်သည်။

`အဘွားမှာ သားသမီး မရှိဘူးလား´
`အို၊ ရှိပါ့တော်၊ အဲဒီသားအကြောင်းတော့ မပြောချင်ပါဘူး။ ရင်နာလွန်းလို့ပါ´
`အခု အဘွား ဘယ်မှာနေလဲ´
`လှိုင်သာယာမှာ´

လှိုင်သာယာအထိ ပြန်ရမည့် သက်ကြီးရွယ်အို အဘွားကြီးက ညကိုးနာရီအထိ စံပယ်ပန်းတွေ ရောင်းနေဆဲ။ ကျွန်မ ရင်ထဲမှာ စစ်ကနဲ နာကျင်သွားသည်။

`အဘွား အသက်ဘယ်နှနှစ်လဲ´
`ကိုးဆယ်´

ဘုရား ဘုရား။

ကျွန်မ အဖေအသက်က ကိုးဆယ့်သုံးနှစ်ရှိပြီ။ ဖေဖေ့ကို ရေချိုးခန်းအ၀င် အိမ်သာအဆင်းမှာ ချော်ပြုလဲမှာ စိုးလို့ ညီမစိုးက စောင့်ကြည့်နေသည်မို့ အိမ်မှ တစ်ဖ၀ါးမှ မခွာဖြစ်တာ ကြာလှပြီ။

`အစ်မ အမေကြီး ပန်းမကုန်သေးဘူးနဲ့ တူတယ်။ ငါသွားဝယ်လိုက်ရမလား´
`အေး´

စိုးက စားလက်စ ဇွန်းနှင့် ထမင်းပန်းကန်ကို ပစ်ချကာ ပိုက်ဆံအိတ်လေး ချိုင်းကြားညှပ်လျက် အောက်ထပ် ဆင်းသွားလေသည်။

ကျွန်မသိသည်။ သူ အဘွားကြီးထံမှ ပန်းတွေ အကုန်ဝယ်လာလိမ့်မည်။

ဒီနေ့ည ဘုရားစင်မှာ စံပယ်တွေ ဖွေးနေအောင် သူ ပန်းကပ်လိမ့်မည်။

ဂျူး


Tuesday, May 29, 2007

မှန်ရှေ့ကလူ… ကျနော်

နားရက်များ ကုန်ဆုံးပြီး အလုပ်ပြန်ဆင်းရသည့် ပထမရက်မို့လားတော့ မသိ..။ ယနေ့အတွက် နေ့တာက ခါတိုင်းထက် ပိုမိုရှည်ကြာလေရော့သလား ဟု တွေးထင်မိသည်။

အလုပ်ချိန်ကုန်ဆုံး၍ အိမ်ကိုပြန်ရောက်ချိန်တွင်မတော့ လူက အတော်နွမ်းနေပေပြီ။ ဘာကိုမှ မစဉ်းစားအားနိုင်ဘဲ ရေချိုးခန်းသို့ ကသောကမျောဝင်ပြီး အားရပါးရ ရေမိုးချိုးပစ်လိုက်တော့မှ လူက အတန်ငယ် ကြည်လင်လာ၏။

ရေစက်လက်နှင့် ခန္ဓာကိုယ်ကို မွေးပွသဘက်ဖြင့် သုတ်စင်ရင်း မှန်ရှေ့ကို ရပ်ကြည့်မိတော့ ကိုးရို့ကားယားနိုင်လှသော လူတယောက်၏ ပုံရိပ်က မှန်ထဲတွင် ထင်ဟပ်နေလေ၏။ ရေသုတ်လက်စ ဆံပင်တွေက စုတ်ဖွားဖွားနှင့် အရပ်မြင့်လေဟန် ထိုလူကို ကြောင်အမ်းအမ်းဖြင့် ကြည့်မိရာ သူကလည်း ကျနော့်ကို နားမလည်ဟန် ပြန်ကြည့်၏။

မှန်မကြည့်ဖြစ်တာ ကြာလို့ပဲလားတော့ မသိ၊ အခုမှပင် ကိုယ့်မျက်နှာကိုယ် စေ့စေ့စပ်စပ် ပြန်ကြည့်မိသည်။ ခပ်လှမ်းလှမ်းက ကြည့်နေရတာ အားမရလှ..။ သို့နှင့် မျက်နှာကို ရှေ့ကိုတိုးလိုက်တော့ မှန်ထဲကလူကလည်း သူ့မျက်နှာကို ရှေ့သို့ တိုးသထက်တိုးလာ၏။

မှန်ဘေးမှ ဓာတ်ပုံထဲတွင်တော့ ယခုလက်ရှိ မှန်ထဲကလူထက် ငါးနှစ်လောက်ငယ်သော ကျနော်က ရှုတည်တည် မျက်နှာထားနှင့် ကြည့်လျက် ကျနော်ဘာဆက်လုပ်မည်ကို အသာ စောင့်ကြည့်နေ၏။

နဖူးပေါ် ၀ဲကျနေသော အတန်ငယ် ရှည်စပြုနေသည့် ဆံပင်တို့ကို သပ်တင်လိုက်တော့ အရေးအကြောင်းတချို့ တန်ဆာဆင်နေပြီ ဖြစ်သည့် နဖူးပြင်က အထင်းသား ပေါ်လာသည်။ အစက်အပြောက် တချို့ကလည်း နဖူးထက်၌ ဟိုနားတစက် ဒီနားတစက် ရှိနေသေးသည်။ အပေါ်နား ခပ်ကျကျတွင်တော့ ခပ်ရွယ်ရွယ် အမာရွတ်လေး တခု..။ ငယ်ငယ်က ကလေးအချင်းချင်း ရန်ဖြစ်တော့ ရန်ဖြစ်ဖက်က ခဲနှင့်ထုလိုက်ရာ နဖူးမှန်၍ မဏိကွမ်းစားပြီး ပြန်လာခဲ့ရသည်။ အိမ်ကိုရောက်တော့လည်း မေမေက ရန်ဖြစ်ရကောင်းလားဟု ရိုက်သေးသည်ကို ပြန်အမှတ်ရမိသည်။ အခုတော့ အနှီသကောင့်သားလေးလည်း ဘယ်ဆီရောက်နေပြီ မသိတော့..။

မည်းနက်နက် မျက်ခုံးအစုံကတော့ မပြောင်းလဲဟန် ရှိ၏။ ရှစ်တန်း ကျောင်းသားအရွယ်က ထင်သည်..။ ကျောင်းသားကဒ်လုပ်ဖို့ ဓာတ်ပုံသွားရိုက်ရ၏။ ဓာတ်ပုံရလာတော့ ကျနော့်ဓာတ်ပုံကို ကြည့်ပြီး ဖေဖေမေမေက `ငါတို့သားကြီးက မျက်ခုံးအတော်ကောင်းတာပဲကွ´ လို့ ပြောတော့ သဘောကျလွန်း၍ ထိုကျောင်းသားကဒ်လေးက ပုံကို အခါခါ ထုတ်ကြည့်ခဲ့ဖူးသည်။ မျက်မှောင်ကို ကြုံ့ကြည့်လိုက်တော့ အလိုမကျဟန်မျက်နှာထားနှင့် မှန်ထဲကလူ၏ အကြည့်ကြောင့် အမြန်ပြန်ပြင်လိုက်ရ၏။

မျက်လုံးအစုံကို စိုက်ကြည့်မိတော့ ပေတေခဲ့သည့် ဒဏ်တွေကြောင့်ထင့်..။ မျက်လုံးတွေက အပြစ်ကင်းစင်ဟန် တစက်တလေမှ မရှိတော့..။ ဟိုးတချိန် ငယ်ရွယ်စဉ်ဘ၀ ဖြူစင်ကြည်လင်သော မျက်လုံးတွေကို မပိုင်ဆိုင်တော့သည်မှာလည်း ကြာလှပါပြီကော..။ လောဘ၊ ဒေါသ၊ မောဟ လှိုင်းလုံးများအကြားတွင် ကူးရင်းခတ်ရင်းဖြင့် တခါတရံမှာဆိုရင်ဖြင့် ဒီမျက်လုံးတွေက သာမန်ထက် အရွယ်အစား ပိုမိုကြီးနေပေလိမ့်မည်။ ယင်းအချိန်တွင် မီးလျှံမီးတောက်များ ထွက်တော့မည်အလား ပူလောင်လျက် ဒီမျက်လုံးတွေက အကြည့်ခံရသူကိုလည်း အပူတွေ ကူးစက်စေခဲ့မှာ အသေအချာ..။ အခုလောလောဆည်မှာတော့ ၀ါကျင်ကျင်အရောင်နှင့် ဒီမျက်လုံးတွေက အရိပ်အယောင် တစုံတရာမဲ့စွာဖြင့် ကျနော့်ကို အကြောင်သား ပြန်ကြည့်နေပြန်၏။

ပါးနှစ်ဖက်..။ အပြစ်ကင်းစင်သော အရွယ်ကတော့ ထိုပါးတွေက မိဘတို့၏ မွှေးမွှေးကြူခြင်းကို အခါခါခံခဲ့ရသည်။ ၀မ်းနည်းမှုတွေ ကြုံလာတော့လည်း မျက်ရည်ချောင်းငယ်တွေက ပါးပြင်ပေါ် အခါခါဖြတ် စီးဆင်းခဲ့ဖူးသည်။ ငယ်စဉ်က ရေးရေးထင်ခဲ့ဖူးသော ပါးပြင်ပေါ်မှ ပါးချိုင့်ငယ်အစုံက ယခုတော့ ဘယ်ဆီရောက်သွားပြီ မသိတော့။ အားရပါးရ ပြုံးကြည့်လိုက်ရာ ဘယ်နှစ်ကြောင်းမှန်းမသိသော အရေးအကြောင်းတွေက ပါးတဖက်တချက်စီမှာ အလုအယက်ပေါ်လာသည်။ အလန့်တကြားနှင့် ပြန်တည်လိုက်တော့မှ ခေတ္တပြန်လည် ပုန်းခိုသွားကြ၏။

နှုတ်ခမ်းအစုံကတော့ ထူအမ်းအမ်းဟန်….။ ခပ်တင်းတင်း စေ့ကြည့်လိုက်တော့ လူမိုက်လိုလို ဘာလိုလို ပုံဟန်ပေါက်လာသည်။ စေ့လျက်သား နှုတ်ခမ်းကို ပစောက်ပုံဖော်လိုက်တော့ အပြုံးရိပ်ပေါ်လာ၏။ ဂငယ်ဟန် မဲ့ပြီး စေ့ကြည့်လိုက်တော့ နဂိုကမှ မချောမောသော ရုပ်သွင်က ပိုလို့တောင် အကျည်းတန်နေလေ၏။

`နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ´ …တဲ့။ ချစ်ဖွယ်သော စကားကို ဆိုနိုင်သည်မှာလည်း ဒီနှုတ်ပင်ဖြစ်သလို အသက်ကို ရန်အရှာခံနိုင်အောင် စွမ်းဆောင်နိုင်စွမ်းသည်မှာလည်း ဒီနှုတ်ပင် ဖြစ်နေပြန်သည်။

အသံကို အကြည်လင်ဆုံးထားပြီး `မင်္ဂလာပါ´ ဟု ပြောလိုက်တော့ အတော်ကျက်သရေ ရှိဟန် အသံက နှုတ်ဖျားမှ ငြင်သာစွာ ထွက်လာ၏။ `ဟေ့၊ မင်းဘာကောင်လဲကွ´ ဟု ခပ်ကျယ်ကျယ် ရေရွတ်မိတော့ အကျည်းတန်လှသော အသံက ဒီနှုတ်ဖျားမှပင် ခုန်ပေါက်ပြုတ်ကျလာကြသည်။

မှန်ရှေ့မှ နောက်သို့ အတန်ငယ် ဆုတ်ကြည့်လိုက်သည်။ မှန်ထဲမှ ထိုလူကလဲ လိုက်ဆုတ်သွားပြန်သည်။ ခါးထောက်လျက် မိုက်ကြည့်ကြည့်လိုက်တော့ သူကလဲ မခေ..။ မလျှော့စတမ်း ပြန်ကြည့်နေပြန်၏။

နောက်ဆုံးမှာတော့ ….။

ဇရာတွေ၊ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေကို မေ့ဖယ်ပစ်လိုက်ပြီး မှန်ထဲကလူကို အားရပါးရ ပြုံးပြပစ်လိုက်သည်။ ဒီလိုနှင့် မှန်ထဲကလူနှင့် ကျနော် အပြုံးချင်းပြိုင်လျက်…။ မှန်ဘေးရှိ ဓာတ်ပုံထဲမှာတော့ လွန်ခဲ့သောငါးနှစ်က တနည်းအားဖြင့် ငါးနှစ်စာ ပိုမိုနုပျိုသော ကျနော်ကတော့ ရှုတည်တည်နှင့် ကြည့်နေဆဲ..။ သို့သော်.. မပြုံးနိုင်သောသူ့ထက် လက်ရှိကျနော်က ပိုကြည့်ကောင်းသည်ဟု ထင်မိလေ၏။


ကလိုစေးထူး

Monday, May 28, 2007

Domes

ဒီတပတ်မှာ ကျနော်အလုပ်နားရက် သုံးရက်ရပါတယ်။ တနင်္လာနေ့က Memorial Day ဖြစ်တဲ့အတွက် စနေ၊ တနင်္ဂနွေနဲ့ ဆက်လိုက်တော့ သုံးရက် အနားရတာပါ။

ဒီတပတ်အနားရခိုက်မှာ ကျနော့်ဘလော့ဂ်မှာ တင်ဖို့ရည်ရွယ်ပြီး နေရာတခုကို သွားခဲ့ပါယ်။




ဒါကတော့ ကျနော်တို့ မြို့နဲ့ မိုင် ၂၀ကျော်အကွာက National Park တခုပါ။ အခုမြင်နေရတဲ့ အဆောက်အဦ လုံးလုံးသုံးခုကတော့ Domes ပြခန်းတွေပါ။ လိပ်ခုံးပုံစံ အဲဒီအဆောက်အဦတွေကို Tropical dome, Arid dome, နဲ့ Show dome လို့ ခွဲခြားပြသပါတယ်။

အဲဒီအဆောက်အဦတွေထဲမှာ သာမန်အားဖြင့် အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တေ်ော်များများမှာ ပေါက်ရောက်လေ့ မရှိတဲ့ (သူတို့နိုင်ငံအတွက်) ရှားပါးအပင်တွေကို စိုက်ပျိုးပြသထားပါတယ်။ မြေကိုလဲ လိုသလိုပြုပြင်၊ အပူချိန်ကို ၇၂ ဒီဂရီဖာရင်ဟိုက် ၀န်းကျင်မပြတ်ရအောင် ထိန်းထားပေးပြီး။ နေရောင်ခြည်ရနိုင်ဖို့အတွက်ကိုပါ ထည့်သွင်းစဉ်းစားပြီး အမိုးခုံးတွေကို ဖန်သားတွေနဲ့ ဆောက်လုပ်ထားပါတယ်။ တောအုပ်လေးများသဖွယ် ဖန်တီးထားတဲ့ အဲဒီ အဆောက်အဦးတွေထဲကို
ဝင်ကြည့်လိုက်မယ် ဆိုရင်...။


ဒါကတော့ Tropical dome ခေါ် အပူပိုင်းဒေသဆိုင်ရာ ပြခန်းပါ။ တောအုပ်အတု၊ စမ်းချောင်းအတု၊ ရေတံခွန်အတုတွေ ဖန်တီးထားပေးပြီး အပူပိုင်းဒေသတွေမှာ ပေါက်ရောက်လေ့ ရှိတဲ့ အပင်တွေကို စိုက်ပျိုးပြသပါတယ်။














Tropical dome ထဲမှာ ကျနော်တို့ နိုင်ငံနဲ့ အင်မတန် နီးစပ်တဲ့ ရှုခင်းမြင်ကွင်း၊ အပင်တွေများပါတယ်။ ၀ါးရုံပင်စုစု၊ မန်ကျည်းရွက်နု၊ မန်ကျည်းတောင့်နုလေးတွေနဲ့ မန်ကျည်းပင်ငယ်၊ အသီးတွေ တွဲရရွဲကျနေတဲ့ လိမ္မော်ပင်နဲ့ ကျွဲကောပင်။ ငှက်ပျောပင် ခပ်ငယ်ငယ်ကလဲ ခူးဆွတ်ချင်စရာ ငှက်ဖျောဖူးနဲ့..။ ဖလံတောင်ဝှေးပင် နုနုလေးတွေကလည်း တဖျောက်ဖျောက်နဲ့ ခူးချိုးစားချင်စရာ။ ဘာမျိုးစိတ်မှန်းမသိတဲ့ သစ်ခွပင်ကိုလဲ လှလွန်းတာကြောင့် ပုံရိုက်ကူးခဲ့ပါသေးတယ်။

ငှက်ကလေးတွေ စိုးစိုးစီစီအသံက သာယာလွန်းလှတာကြောင့် ပုံရိုက်ကူးဖို့ ကြိုးစားတာ၊ ကင်မရာချိန်လိုက်တာနဲ့ ငှက်တွေက ပျံပျံပြေးပါတယ် နောက်ဆုံးတော့ သဘောကောင်းတဲ့ ဟောဒီငှက်ကလေးက ဓာတ်ပုံအရိုက်ခံဖို့ အသာတကြည်ခွင့်ပြုခဲ့ပါတယ်။


ဒါကတော့ Arid dome ခေါ် ခြောက်သွေ့လွင်တီးခေါင်ဒေသ ဆိုင်ရာ ပြခန်းပါ။ ဆီအုန်းပင်တွေ၊ ကျောက်ဆောင်တွေနဲ့အတူ တခြားသော အပင်တွေနဲ့ ပနံရအောင် အလှဆင်ထားတဲ့ ဒီပြခန်းကို Tropical dome လောက် ခံစားရသ မဖြစ်ခဲ့မိပေမယ့် ပြခန်းကို ဖန်တီးသူတို့ရဲ့ အနုပညာ စွမ်းအားကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်စွာ ချီးကျူးမိပါတယ်။




Show dome မှာကတော့ ပန်းမျိုးပေါင်း များစွာကို စိုက်ပျိုးပြသထားတာပါ။ မြန်မာပြည်က ပန်းမျိုးတွေဖြစ်တဲ့ နှင်းဆီ၊ ဂန္ဒမာ၊ မေမြို့၊ စိန်ချယ် သစ္စာပန်းများအပြင် တခြားသော ကျနော် မသိတဲ့ အမျိုးအမည်ပေါင်းများစွာနဲ့ ပန်းတွေကို မြင်ရတဲ့လူ မျက်စိအေးသွားအောင် ဖန်တီးစိုက်ပျိုးပြသထားပါတယ်။

Show dome ပြခန်းထဲကိုရောက်တော့ မင်္ဂလာဆောင်ပွဲ တခုကျင်းပနေလို့ လူတွေတော်တော် များများရောက်နေကြပါတယ်။ မင်္ဂလာပွဲလာ ပရိသတ်တွေကြောင့် ရှုခင်းပုံတွေကို ကောင်းမွန်စွာ ရိုက်ခွင့်မကြုံခဲ့ပါဘူး။ အဲဒါနဲ့ပဲ မင်္ဂလာဆောင် ဓာတ်ပုံနှစ်ပုံ ရိုက်ပြီး အသာလှည့်ထွက်လာခဲ့ပါတယ်။

Dome ပြခန်းတွေထဲက ထွက်လာတော့ အပြင်မှာ မိုးဖွဲဖွဲရွာနေပါတယ်။ နွေရာသီမိုးကြောင့် ထင်ရဲ့၊ နေသာထိုင်သာတော့ ရှိသား.။ နောက်ကို ငဲ့အကြည့်မှာတော့ dome ပြခန်းတွေက `နောက်လဲ လာဦးနော်´ လို့ ပြောနေဟန် အပြုံးတွေနဲ့ မိုးရေထဲမှာ ငူငူကြီး ကျန်ရစ်ခဲ့ကြလေရဲ့..။


ကလိုစေးထူး