Saturday, May 31, 2008

ပြောပါရစေ..

ကျနော့် ကွန်ပျူတာရဲ့ ကျန်းမာရေး ချို့ယွင်းချက်ကြောင့် ကျနော့် ဘလော့ဂ်နဲ့ တကွ အင်တာနက်လောကကြီးကိုပါ ငါးရက်လောက် အဆက်အသွယ် ပြတ်လုနီးပါး ဖြစ်သွားပါတယ်။ သတင်းငတ်တဲ့ ဒဏ်ကို သိပ်မခံစားနိုင်လို့ နီးစပ်ရာ စာကြည့်တိုက်မှာ သတင်းသွားဖတ်နေလို့သာ အဆက်အသွယ် လုံးဝ မပြတ်တာလို့ ပြောလို့ရတဲ့ အနေအထားပါ။

ဒီနေ့ညနေတော့ ကျနော့်ရဲ့စက် ကျန်းမာရေး ပြန်ကောင်းပါပြီလို့ စက်ပြင်ဆရာ မောင်မင်းကြီးသားက ဖုန်းဆက်လာတာနဲ့ အသော့ကလေး အပြေးနှင်လို့ စက်ကို သွားယူရပါတယ်။ အိမ်ကိုရောက်တော့ အင်တာနက် လိုင်းတွေ ပြန်ချိတ်၊ ရက်အတန်ကြာ အိပ်ပျော်နေတဲ့ ကျနော့်ဘလော့ဂ်ကို ပြန်စစ်၊ မေးလ်တွေကို ပြန်စစ်၊ နောက်တော့ ဘလော့ဂ်လည်ထွက်၊ သတင်းတွေနောက် လိုက်…၊ အင်တာနက်တောမှာ မျော..။

စာဖတ်နေရင်းနဲ့ကို တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ကွန်မန့်တခု ၀င်လာလို့ ဘာများလဲလို့ ဖတ်မိတော့ ကျနော်တင်ထားတဲ့ ပို့စ်ပါ အကြောင်းအရာနဲ့ လားလားမှ မဆိုင်တဲ့ အကြောင်းအရာတွေကို anonymous နာမည်ကို သုံးပြီး လာတင်ထား…၊ အောက်ဆုံးမှာက မျိုးမြန်မာကနေ ကူးယူပါတယ်လို့ ကြော်ငြာပါ ၀င်လိုက်သေး…။ အင်း…၊ ဒီမောင်တွေ ခမျာမှာလဲ လာမဖတ်မှာ စိုးရိမ်လွန်းရှာတယ် ထင်ပါရဲ့ လို့ ခပ်ငေါ့ငေါ့တွေးလိုက်မိပါရဲ့။

သတင်းတွေ၊ ဘလော့ဂ်တွေ ကို လက်လှမ်းမီသလောက် လိုက်ဖတ်အပြီးမှာတော့ ကျနော် စကားနည်းနည်း ပြောချင်လာတယ်။ ဒါကြောင့် အခုပို့စ်ကို ရေးမိပါတယ်။

အခုဆိုရင် ကျနော်တို့ နိုင်ငံမှာ အလွန်တရာကြီးမားလှတဲ့ သဘာဝဘေးဒဏ်ကြီးကို ရိုက်ခတ်ခံခဲ့ရတာဟာ တလပြည့်လုနီး ဖြစ်ခဲ့ပါပြီ။ အဲဒီ သဘာဝဘေးဒဏ်သတင်းကို ကြားကြားခြင်းမှာ ကျနော်တို့ အရင်ဆုံး လုပ်ဖြစ်ခဲ့တာက `မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လူတွေကို ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ´ ဆိုတာကို ချက်ချင်းတွေး၊ ချက်ချင်း အကောင်အထည်ဖော်တဲ့ အလုပ်ပါပဲ။ `နိုင်ငံရေး´ လို့ အများက ယူဆသတ်မှတ်ထားတဲ့ အကြောင်းအရာတွေ (တည့်တည့်ပြောရရင် လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်ဝေဖန်တာတွေ) ကို လုံးဝ ဘေးဖယ်ထားပြီးတော့ မိမိရဲ့ ချွေးနည်းစာတွေကို ထည့်ဝင်လှူဒါန်းကြတဲ့ အလုပ်ကိုသာ အားလုံး (အားလုံး) က အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။

ကျနော့် အနေနဲ့ မြန်မာပြည်ကို ငွေလွှဲဖို့ရာ ဆိုရင် အမျိုးမျိုးသော အကြောင်းတွေကြောင့် တရားဝင် ငွေလွှဲလမ်းကြောင်း (တရားဝင် ဘဏ်ငွေလွှဲစနစ်) ကို မသုံးနိုင်ပါဘူး။ ဒါပေမယ့် အရေးကြီးတာက တကယ်တမ်း ဒုက္ခရောက်နေသူတွေ လက်ထဲကို ကျနော်တို့ တတ်နိုင်သမျှ လှူတာလေးတွေ ရောက်ပါစေတော့ ဆိုတဲ့ စိတ်ကြောင့် ရတဲ့ အဆက်အသွယ်ကို ဖြစ်တဲ့ နည်းနဲ့ ပို့ရပါတယ်။ အဲဒီလို ပို့ရတော့ အခက်အခဲတွေ တွေ့ရပါတယ်။ (ပြည်တွင်းက) တချို့က `ပြဿနာတွေ များလို့´ ဆိုတဲ့ အကြောင်းပြချက်နဲ့ တွန့်ဆုတ်ပါတယ်။ တကယ်တမ်းမှာလဲ သူတို့ဆီမှာ ခြိမ်းခြောက်မှုမျိုးစုံကို သတိကြီးစွာ ထားပြီးတော့ ကျနော်တို့နဲ့ အဆက်အသွယ်ယူ၊ ကျနော်တို့ရဲ့ အလှူကို အထမြောက်အောင် ကူရတာပါ။

အခု ဒီစာကို ရေးနေတဲ့ အချိန်မှာတင်ကို ကျနော်တို့ ပြည်နယ်က မြန်မာတွေ စုပေါင်းလှူဒါန်းကြတဲ့ အလှူငွေ ဒေါ်လာ ၁၈၀၀ ဟာ လမ်းခုလတ်မှာ ကြန့်ကြာနေဆဲပါ။

အဲဒီလိုမျိုး ကိုယ်က တကယ်လုပ်သင့်တယ် ထင်တဲ့အရာကို အားစိုက်လုပ်ဆောင်ရင်းနဲ့ သတင်းတွေကို လိုက်ဖတ်တဲ့ အခါမှာတွေ့ရတဲ့ မတရားမှုတွေ၊ ရင့်သီးယုတ်မာမှုတွေကို ခံပြင်းမှုတွေနဲ့ အတူ ရေးမိတာတွေတော့ ရှိပါရဲ့။ အဲဒီအခါမှာ ကျနော်တို့ ရလိုက်တဲ့ ရလဒ်ကတော့ ဘယ်သူမှန်း မသိတဲ့ (လက်ရှိ အာဏာပိုင်ကို လိုလားပုံရတယ်လို့ ယူဆရတဲ့) သကောင့်သားတွေရဲ့ စီဘောက်စ်မှာ မကြားဝံ့မနာသာ ဆဲဆိုသွားတာ၊ ပေါကြောင်ကြောင် ရူးနှမ်းနှမ်း ကွန်မန့်တွေကို လာပေးသွားတာတွေပါပဲ။

ကဲ၊ အဲဒီလို လာဆဲသွားတဲ့ မဟာ ပုဂ္ဂိုလ်ကျော်များနဲ့ တကွ လက်ရှိအာဏာပိုင်တွေကို တည့်တည့်ကြီး တမျိုး၊ သွယ်ဝိုက်လို့ တဖုံ၊ မခို့တရို့ တနည်း ထောက်ခံအားပေးနေကြတဲ့ လူတွေကို ကျနော် မေးကြည့်ချင်ပါတယ်။ ကျနော်တို့ ဒီမိုသမားတွေ (ဒီတံဆိပ်ကို ကျနော့်ကို ဘယ်သူ ကပ်ပေးလိုက်မှန်းတော့ မသိပါဘူး၊ ဒါပေမယ့် ကျနော့်ကို ဒီမိုသမားလို့ တယောက်ယောက်က လာပြောရင် ကျနော် အလွန်အင်မတန် ဂုဏ်ယူစွာ ကျေနပ်ပါတယ်) ရဲ့ ဘလော့ဂ်(အများစု)တွေမှာ မုန်တိုင်း ဖြစ်ခဲ့တဲ့ အချိန်ကနေ စလို့ အခုအချိန်ထိတိုင်အောင် အဓိက အသားပေးဖော်ပြခဲ့ကြ၊ ရေးခဲ့ကြ၊ လှုံ့ဆော်ခဲ့ကြတာဟာ ဘာအကြောင်းပါလဲ။ မျက်စိရှိသူ မြင်တတ်ပါတယ်။ နှလုံးသား ရှိသူ ခံစားတတ်ပါတယ်။ ဦးနှောက်ရှိရင် ခွဲခြားတတ်ပါတယ်။

ဒီတော့ ကျနော်ပြောရဲပါတယ်။ မုန်တိုင်း ဖြစ်တဲ့ အချိန်မှာ No Vote ဆိုတဲ့ လှုံ့ဆော်သံတွေ လုံးဝ တိတ်ဆိတ်ခဲ့ပါတယ်။ အားလုံးရဲ့ စိတ်ထဲမှာ ဒါဟာ `လူမှုရေးကိစ္စ´၊ `ငါတို့ နိုင်ငံသားတွေ သေကြပျက်စီးကုန်နေပြီ၊ ငါတို့ ဘာလုပ်ပေးနိုင်မလဲ´ ဆိုတဲ့ ရှုထောင့်ကနေသာ အတော်များများက စဉ်းစားခဲ့ကြတာပါ။

စင်္ကာပူရောက် မျိုးချစ်မြန်မာတချို့ဆိုရင် မြန်မာပြည်အထိ အရောက်ပြန်လို့ မုန်တိုင်းဖြစ်ခဲ့တဲ့ မြို့တွေဆီမှာ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလုပ်အားပေးခဲ့ကြတာဟာ လေးစားစရာ၊ အားတက် ဂုဏ်ယူစရာပါ။

ဒါပေမယ့် ကျနော်တို့ကို အုပ်ချုပ်နေတဲ့ လက်ရှိအာဏာပိုင်တွေကတော့ ဘာကို အသားပေးခဲ့ပါသလဲ။ ကျနော် အထူးအထွေ ပြောနေစရာ လိုမယ် မထင်တော့ပါဘူး။ မေလ ၂ ရက်နေ့မှာ ကပ်ဘေးဆိုက်တာကို မေလ ၁၀ ရက်နေ့မှာ ဆန္ဒခံယူပွဲလုပ်ခဲ့တာ၊ အဲဒီ ဆန္ဒခံယူပွဲမှာ အောင်ပွဲခံနိုင်ဖို့အတွက် ကလိန်ကကျစ် နည်းလမ်းပေါင်းစုံကို ဘက်ပေါင်းစုံကနေ သုံးခဲ့တာ ဘယ်သူတွေပါလဲ။ ပြောရရင် ရှည်ပါတယ်။ ဒါတွေကို မပြောချင်လို့ ပြောချင်စိတ် ကုန်ခန်းနေလို့ကို ဘာမှ မပြောဘဲ အဓိကကျတဲ့ အလုပ်ကိုသာ ဦးစားပေးနေခဲ့တာပါ။

တခါတလေကျတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အတော်လေးကို စိတ်ဆင်းရဲရသလို စိတ်လဲ တော်တော် ကုန်မိပါတယ်။ ကျနော်တို့က စိတ်ထဲမှာ ယုံကြည်တာတွေ၊ ခံစားရတာတွေကို ကိုယ်မြင်တဲ့ ရှုထောင့်ကနေ ချရေးတယ်။ ဘာအကျိုးအမြတ် တခုမှ မျှော်ကိုးနေလို့ မဟုတ်ပါဘူး။ ရစရာ အကြောင်းလဲ မရှိပါဘူး။ ဘလော့ဂ် မရေးဘဲနဲ့ အလုပ်လုပ်ချိန်တန် လုပ်၊ ရတဲ့ဝင်ငွေနဲ့ ကိုယ်ရောက်တဲ့ နိုင်ငံမှာ အေးအေးဆေးဆေး နေလို့ရပေမယ့်လဲ မနေနိုင်ပါဘူး။ မနေချင်ပါဘူး။

ဒါပေမယ့် တချို့သော ပုဂ္ဂိုလ်များရဲ့ အဲဒီအပေါ် သဘောထား response ကတော့ အတော်လေးကို ဆိုးပါတယ်။ ကျနော်တို့ကို `ဒီမိုသမား´ လို့ တံဆိပ်ကပ်လိုက်တာနဲ့တင် အားမရနိုင်သေးဘဲ မောင်နဲ့နှမ၊ သားနဲ့ အမိ မြင်လို့မှ မတော်တဲ့ စကားလုံးတွေနဲ့ လာဆဲတာ၊ အချိန်အခါနဲ့ အခြေအနေကို အလိုက်မသိနိုင်လွန်းစွာနဲ့ အယူဝါဒရေးရာ ဆိုင်ရာ ကိစ္စတွေကို အတင်းကာရောကြီး ဆွဲယူ ငြင်းခုန်လိုတာတွေကို လက်ခံရရှိတော့ တော်တော်စိတ်ပျက်မိပါတယ်။

ကျနော့်ကို မကြာခဏဆိုသလို လာရောက် ပုတ်ခတ်လေ့ရှိတဲ့ ဇော်မျိုး အမည်ခံ ဘလော့ဂ်မှာ ရေးထားတဲ့ စာသားလေးတခုက `ဘာမှ မလှူဘဲ ဝေဖန်သူသည် အာချောင်သူသာ ဖြစ်သည်´ တဲ့။ အင်မတန်ကောင်းပါတယ်။ ဟုတ်ကဲ့၊ တကယ် လှူနေတဲ့ လူတွေကို ဒီထက် ပိုလှူချင်လာအောင်၊ ဒါမှမဟုတ် မလှူဖြစ်သေးတဲ့ လူတွေရဲ့ အိတ်ကပ်ထဲကနေ ငွေတကျပ် တပြားဘဲ ဖြစ်ဖြစ် မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် လှူဖြစ်လာအောင် ကျနော်တို့ ဘယ်လိုကြိုးစားသင့်တယ်ဆိုတာကို ပိုပြီး ချဉ်းကပ်ရေးသား လှုံ့ဆော်ကြရင် ပိုမကောင်းပေဘူးလား။

ကျနော့် သဘောကို တခါကလဲ ပြောဖူးပါတယ်။ ကျနော်တို့ တဘက်စီကနေ ယုံကြည်ချက် တခုစီနဲ့ ရပ်တည်နေကြတယ်။ ဒါပေမယ့် `စစ်ခွေးတွေ´ လို့ ရင့်ရင့်သီးသီး သုံးနှုန်းဆဲဆိုတတ်တဲ့ ဒီမိုသမားတွေကို ကျနော် အားမပေးသလို ဒီမိုကရေစီ လိုလားသူတွေကို မိုက်ရိုင်းဆဲဆိုတတ်သူတွေကိုလဲ ကျနော် စိတ်ပျက်ပါတယ်။ ဒီနည်းနဲ့ ကျနော်တို့ နားလည်မှု ဘယ်တော့မှ မရနိုင်ပါဘူး။ အပြန်အလှန် လိုက်ဆဲနေတာက အဖြေမဟုတ်ပါဘူး။

အထူးသဖြင့် အခုလို အချိန်မျိုးမှာ ပိုလို့ အရေးကြီးလှတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့တွေ တဘက်နဲ့ တဘက် ဆဲနေကြလို့ ဒုက္ခရောက်နေသူမှာ ထမင်းတလုပ် ပိုမတိုးလာတဲ့အတွက် တကယ့် အဓိကအရာကို ကျနော်တို့ ဦးစားပေးရပါမယ်။ ရုရှက စစ်ဘိုတွေ မုန်တိုင်းအတွက် အလှူလုပ်တယ်ဆိုရင် ကျနော် လက်ခုပ်တီး သာဓုခေါ်မှာ ဖြစ်သလို ဒီမိုသမားတွေက လှူတာကိုလဲ ၀မ်းမြောက် အားပေးမိမှာပါ။

လူဆိုတာ အရိပ်သုံးပါး နားလည်ရပါတယ်။ သေတဲ့လူတွေက သောက်သောက်လဲ သေပြီးတဲ့ အပြင် ဒုက္ခရောက်နေသူတွေကလဲ သန်းချီနေတာကို အကူအညီပေးဖို့ မစဉ်းစားဘဲ ကိုယ့်အာဏာမြဲရေးကိုသာ အားစိုက်ခဲ့တဲ့လူက စိုက်ခဲ့ပြီးပါပြီ။ ဒါကို သခင်အားရ ကျွန်ပါးဝပြီး ထောက်ခံချင်သပ ဆိုလဲ ကိုယ့်ဘလော့ဂ်ပေါ်ကနေသာ ကိုယ် အားရပါးရကြီး အော်ဟစ် ထောက်ခံကြပါတော့လို့သာ ပြောချင်ပါတယ်။ ကျေနပ်အားပေးမယ့်လူတွေ ကွန်မန့်လာရေးပြီး အားပေးကြပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ အခုလို အချိန်မှာ ဘာကိုမှ ပြန်ပြီးတော့ ဖက်ပြိုင် ငြင်းခုန်လိုစိတ် မရှိပါဘူး။


ကလိုစေးထူး

Wednesday, May 21, 2008

China Earth Quake Vs Myanmar Cyclone

အခု တင်ပြပေးမယ့် ပုံတွေကတော့ ကျနော့်မေးလ်ထဲကို ရောက်လာတဲ့ ဖိုင်လ်တခုက ပုံတွေပါ။ တရုတ်မြေငလျင်ဒဏ်ခံ ပြည်သူတွေနဲ့ ကျနော်တို့ ရွှေပြည်ကြီးက လေဘေးသင့် ပြည်သူတွေရဲ့ အနေအထားတွေ ဘယ်လိုဘယ်ပုံ ကွာခြားတယ်ဆိုတာကို ဒီပုံတွေကနေ သိနိုင်ပါလိမ့်မယ်။

တခြားသော ဘလော့ဂ်တခုခုမှာလည်း ဒီပုံတွေကို တင်ပြီးကောင်း တင်ပြီး ဖြစ်နေလောက်ပေမယ့် ဒီပုံတွေကို မြင်ပြီးတဲ့နောက် ကျနော့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ နာကျင်စိတ်၊ ခံပြင်းစိတ်၊ ယူကြုံးမရ စိတ်တွေကြောင့် ကျနော့်ဘလော့ဂ်ပေါ်မှာလဲ အမှတ်ထင်ထင် ရှိစေချင်တဲ့ ဆန္ဒနဲ့ တင်ပြလိုက်ပါတယ်။

ပုံတွေကို ပေးပို့ပေးခဲ့တဲ့ မိတ်ဆွေကိုလဲ ကျေးဇူး တင်ရှိကြောင်းပါ။




Tuesday, May 20, 2008

တကယ် လုပ်သင့်တဲ့ အရာ…

စိတ်ထဲမှာ အတော်လေးကို ချီတုံချတုံ ဖြစ်နေရတာက တော်တော် ပင်ပန်းလွန်းလှသည်။

စာရွက်ထဲမှာ အကြမ်းရေးထားသည့် စာရင်းတွေကို ကွန်ပျူတာထဲကို တဆင့် ရိုက်ထည့်ပြီး ဘယ်လောက်ရပြီးပြီလဲဆိုပြီး ထပ်မံတွက်ချက်မိပြန်သည်။ လက်ရှိရထားတဲ့ အတိုင်းအတာအရ ဆိုးတော့ မဆိုးလှပါဘူး လို့ တွေးမိသေးပေမယ့် တခုခု လိုနေသေးသလို စိတ်ထဲမှာ ခံစားနေတာကြီးက ဘယ်လိုမှ ဖျောက်လို့ မရဖြစ်နေ၏။

ကွန်ပျူတာ ဘေးက တယ်လီဖုန်းကတော့ ကျနော့်ကို မတှုန်မလှုပ်ဖြင့် ကြည့်နေလေသည်။

***

သူ …။ သူ့နာမည်ကိုတော့ ကိုစိန် လို့ပဲ လွယ်လွယ်ခေါ်ကြပါစို့…။

သူနဲ့ ကျနော်က တစောင်းစေးနဲ့ မျက်ချေး…။ ဟိုးအစကတော့ ဒီလောက်ကြီး မဟုတ်လှပေမယ့် အခုအချိန်မှာတော့ မျက်နှာချင်းဆိုင် တွေ့မိရင်တောင် နှုတ်ဆက်စကား ဟဟ မဆိုနိုင်လောက်အောင်ပင် မခေါ်နိုင်မပြောနိုင် ဖြစ်နေလေပြီ။

အစည်းအဝေးတခုခု လုပ်ကြပြီဆိုရင် သူပြောချင်တာနဲ့ ကျနော် ဖြစ်ချင်တာက အမြဲဆန့်ကျင်ဘက်…။ သူက ကျနော့်ကို `ဘာမဟုတ်တဲ့ကောင်´ လို့ ထင်ချင်သည်။ ကျနော့်ကလဲ သူ့ကို `အလကားလူ´ ဟု စိတ်ထဲကနေ သတ်မှတ်၏။ ကျနော်ပြောသမျှကို ကန့်လန့်တိုက်တတ်သော သူ့ကို ကျနော်က စကားမပြောချင်သလို သူပြောသမျှနှင့် သဘောထား မတိုက်ဆိုင်တတ်သော ကျနော့်ကို သူကလဲ အမြင်မကြည်…။

ပြီးခဲ့နှစ် သြဂုတ်လက ကျနော်တို့ ပြည်နယ်မှာ အထိမ်းအမှတ်အခမ်းအနား တခုလုပ်တော့ သူလာမတက်ခဲ့သလို အခမ်းအနားလုပ်ဖို့ ကျသင့်ငွေကို ဒီပြည်နယ်မှာ ရှိတဲ့ မြန်မာတွေက စုပေါင်းထည့်ဝင်ကြတော့လဲ သူမပါခဲ့ပါ။ အကြောင်းပြချက် လုံလုံလောက်လောက် မပေးခဲ့ပေမယ့် သူ့ခြေသူ့လက် ဖြစ်ခွင့်မရတဲ့အတွက် အဲဒီ အခမ်းအနားကို လစ်လျူရှုခဲ့တာကို တဆင့်ပြန်သိရတော့ ကျနော်ကလဲ သူ့အမျိုးသမီး ဖိတ်ခဲ့တဲ့ သူ့သားကလေးရဲ့ မွေးနေ့ပွဲကို မသွားခဲ့ပါ။

လူဆိုတာကလဲ ခက်သည်။ ဟိုတချိန် အဆင်ပြေတုန်းကသာ သူဘာလုပ်လုပ် အကောင်းမြင်နိုင်ပေမယ့် အခုလောလောဆယ်ကတော့ သူဘာတွေဖြစ်နေ ဖြစ်နေ၊ ဘာတွေလုပ်လုပ် မျက်စိထဲ နားထဲမှာ ကန့်လန့်ချည်းသာ ဖြစ်နေလေတော့သည်။ သူကလဲ ကျနော့်အပေါ် ထိုနည်းနှင်နှင် စိတ်သာ ဖြစ်နေမှာ သေချာပါသည်။

***

မေလ ၃ ရက်နေ့မှာ ကျနော်တို့ နိုင်ငံ ရွှေပြည်ကြီးကို ကြမ္မာဆိုးငင်လှစွာဖြင့်ပင် `ပန်း´ လို့ အဓိပ္ပာယ်ရတဲ့ နာဂစ်မုန်တိုင်းရဲ့ တိုက်ခတ်ခြင်းကို ခံလိုက်ရ၏။ နာမည်ကသာ နန်းဆန်ပေမယ့် ကြမ်းထန်လှတဲ့ မုန်တိုင်းဒဏ်ကြောင့် ဆုံးပါးသွားတဲ့ အသက်တွေမှာ အတုန်းအရုန်း၊ ပျောက်ဆုံးနေဆဲ လူတွေကလဲ ထုနဲ့ထေး…။ မုန်တိုင်းပြီးဆုံးသွားပြန်တော့ မပြီးသေးသည်က အသက်ရှင်ကျန်ခဲ့ပေမယ့် ဒုက္ခပေါင်းများစွာနဲ့ ဘ၀ပေါင်းများစွာ…။

အဝေးကြီးကနေပြီး `ကျနော်တို့ ၀မ်းနည်းပါသည်´ လို့ ပြောရုံလောက်နဲ့တော့ ထူးခြားပြီး ထိရောက်တဲ့ အရာ တခုမှာ ဖြစ်မလာနိုင်ဘူးလို့ တွေးမိတော့ လက်လှမ်းမီရာကနေ တဆင့် ငွေစချွေးနည်းစာ တချို့ကို လှူဒါန်းဖြစ်ခဲ့ပြီးပြီ။ ဒါပေမယ့် ကျနော် လက်ရှိနေထိုင်ရာ ပြည်နယ်မှာ အင်အားမနည်းပါးလှသော အနီးအနားဝန်းကျင်က မြန်မာမိတ်ဆွေတွေ အနေနှင့်လည်း စုစည်းလှူဒါန်းရရင် ကောင်းမှာပဲလို့ ထပ်တွေးမိတော့ နီးစပ်ရာတွေကို ဖုန်းလိုက်ဆက်၊ အကျိုးအကြောင်း ရှင်းပြ၊ ထည့်ဝင်ကြနဲ့ ငွေစကလေးတွေက အတော်အတန်တော့ စုမိလေပြီ။

ခက်နေတာက ဟိုလူ၊ ကိုစိန်…။ ဒီလူ့ဆီကို ကျနော် ဖုန်းဆက်သင့် မဆက်သင့်ကို တော်တော်လေးကို ဝေခွဲရ ခက်လှပါသည်။ ဖုန်းဆက်လိုက်ရင် သူက ကျနော့်ကို ချေချေငံငံ ပြန်ပြောပါ့မလား…။ အခု လုပ်နေတဲ့ အလုပ်ကို သူပြောပြောနေတဲ့ ကျနော်လို `ဘာမဟုတ်တဲ့ကောင်´ က လုပ်နေတာဆိုပြီး ကန့်လန့်တိုက် စကားတွေ ပြောရင် ကျနော်ပဲ ဒေါသဖြစ်ရဦးမည်။ တော်ကြာ စကားလုံးအကြီးကြီးတွေ လျှောက်ပြောပြီး အလှူငွေလဲ မထည့်ရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးကလဲ တွေးမိသေးသည်။

`အို…၊ ဘာဖြစ်သေးလဲ၊ သူ့ဘာသာ ထည့်တာ မထည့်တာ တကဏ္ဍ၊ ငါ့အနေနဲ့ကတော့ ဖုန်းဆက်ပြောပြသင့်တယ်´

နောက်ဆုံးတော့ လူက ချီတုံချတုံနှင့်ပင် ဖုန်းခွက်ကို ကောက်ကိုင်လို့ နံပါတ်တချို့ကို နှိပ်ဖြစ်လိုက်တော့…။

***

`ဟာ၊ ထည့်ရမှာပေါ့ဗျ၊ ကောင်းတယ်ဗျာ။ အခုရော ကောက်ထားတာ ဘယ်လောက်ရပြီလဲ´

`ဟုတ်၊ တထောင်ကျော်လောက်တော့ ရနေပြီ´

`ကျနော် နှစ်ရာ ထည့်မယ်ဗျာ´

စိတ်ထဲမှာ `ဒါ ကိုစိန်မှ ဟုတ်ရဲ့လား´ လို့ တွေးနေတုန်း…

`ဒါ နိုင်ငံရေး မဟုတ်ဘူးဗျ၊ လူမှုရေး၊ လူမှုရေးမှ ခင်ဗျားတို့ ကျနော်တို့ ချစ်လှပါတယ်ဆိုတဲ့ လူတွေရဲ့ အရေးလေ´

ဒီနိုင်ငံရောက်ခဲ့ပြီးမှ ကိုစိန့်ဆီက ကြားသမျှ စကားတွေထဲမှာ အခု စကားလောက် နားဝင်ချိုတာ မရှိတော့ဘူးဟု ထင်မိသည်။ ဟုတ်ပါသည်။ အခု အရေးသည် နိုင်ငံရေးရှုထောင့်တွေ၊ ထင်မြင်ချက်တွေကို အသာထားလို့ ဟိုတဘက်မှာ ဒုက္ခရောက်နေတဲ့ လူတွေကို `ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ´ ဆိုတာကို ကောင်းကောင်းကြီး အဖြေထုတ်ရမည့် အချိန်ပင် မဟုတ်ပါလား…။ လက်ရှိ အာဏာပိုင်တွေက မကြည့်၊ မကူတာကို လက်ညှိုးထိုးထောက်ပြနေရုံ သက်သက်နဲ့တော့ ဒုက္ခရောက်နေတဲ့ လူတွေဆီကို ဆန်တဆုပ်၊ ရေတမှုတ် မရနိုင်တာ သေချာပါသည်။ မတရားမှုတွေကို ဖော်ထုတ်တင်ပြခြင်းနှင့် အတူ အရေးပါထိရောက်သော အကူအပံ့တွေကို ကိုယ်တတ်နိုင်တဲ့ တထောင့်တနေရာကနေ ပါဝင်ရမှာ အသေချာပင် ဖြစ်၏။

ကျနော်နဲ့ အဆင်မပြေသူကပဲ လှူလှူ၊ ကျနော်နဲ့ အလျဉ်းသင့်သူကပဲ ကူကူ အဓိက အရေးကြီးတာက များများလှူနိုင်ကြဖို့ ဆိုတဲ့ အချက်ကို ကျနော်တို့ မေ့ထားလို့ မရနိုင်ပါ။

***

ကိုစိန်နဲ့ ဖုန်းပြောပြီးတော့ ငွေပို့ပေးရမယ့် လူဆီကို အီးမေးလ်လှမ်းပို့…၊ အလှူခံဖို့ ကျန်နေသေးတဲ့ တချို့ ဖုန်းနံပါတ်တွေကို ပြန်ထပ်ရှာနေခိုက်မှာ အိမ်တံခါးခေါက်သံ ခပ်ဖွဖွပေါ်လာလို့ တံခါးသွားဖွင့်ပေးလိုက်တော့ အမိုး…။

`ဖိုးခွားပြောထားတာကို အမိုးပိုက်ဆံ လာပေးတာ´

`သြော်၊ ဟုတ်ကဲ့ အမိုး`

`အမိုး ငါးဆယ် လှူမယ်နော်´

စာအိတ်လေးနဲ့ တသေတသပ်ထည့်လာတဲ့ ငွေစက္ကူတချို့ကို ကျနော့်ကို ကမ်းပေးပြီး ပြန်သွားသော အမိုးကိုကြည့်ပြီး မုန်တိုင်းတိုက်ခတ်ခံရတဲ့ ဓာတ်ပုံတချို့ကို အမိုးကို ပြစဉ်က အမိုးပြောခဲ့သော စကားတခွန်းကို ပြန်ကြားယောင်မိပါသည်။

`သူတို့က အမိုးမြေးကလေးတွေ အရွယ်နော်၊ သူတို့ အဘိုးအဘွား အမေအမေတွေ ဘယ်လောက်တောင် စိတ်ထိခိုက်မလဲ´

***

နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကျနော် ငွေတချို့ ထပ်လွှဲပါဦးမည်။ ဒီတခေါက် လွှဲမယ့် ငွေထဲမှာတော့ ကရင်လှူတဲ့ ငွေ၊ ဗမာလှူတဲ့ငွေ၊ ချင်းလှူတဲ့ ငွေ၊ ရခိုင်လှူတဲ့ ငွေတွေ အပြင် ကျနော်နဲ့ အဆင်ပြေတဲ့လူ၊ ကျနော် သိပ်အမြင်ကပ်တဲ့လူ၊ ကျနော့်ကို ကြည့်ရတဲ့လူ၊ ကျနော့်ကို ဘယ်တုန်းကမှ အကောင်းမထင်တဲ့လူ၊ … … … အားလုံးရဲ့ ငွေတွေပါသွားပါလိမ့်မည်။

ဒါပေမယ့် ဒီငွေတွေကို လှူရတဲ့ `ဒုက္ခရောက်နေသူတွေကို ကျနော်တို့ တတ်နိုင်သလောက် လှူကြမယ့်´ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တူညီခဲ့ပါသည်။

ဒီအချိန်မှာ တကယ်တမ်း အဓိကအကျဆုံးအရာကလဲ အဲဒါပဲ မဟုတ်ပါလား ခင်ဗျာ…။


ကလိုစေးထူး

Thursday, May 15, 2008

လိုနေတာ…

`တိုင်းပြည်ကို ဘယ်သူက အုပ်ချုပ်နေတာပဲ ဖြစ်ဖြစ် အဲဒီတိုင်းပြည်ကို စေတနာဘယ်လောက် ထားလဲဆိုတာက အဖြေပဲ´

အထက်ပါ စကားကို ကျနော်တို့တတွေ အုပ်စုပေါင်းများစွာကနေပြီးတော့ လူပေါင်းများစွာက အမြင်ပေါင်းများစွာကနေ ပြောဆို၊ ဆွေးနွေး ငြင်းခုန်ခဲ့ကြဖူးပါရဲ့…။ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အာဏာရအုပ်စုက ခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ငယ်၊ ခေါင်းဆောင် ပေါက်စနဲ့တကွ နောင် ခေါင်းဆောင် ဖြစ်လတ္တံ့သော ခေါင်းဆောင်လောင်း ပိစိကွေးလေးက အစ သူတို့ကို ဆန့်ကျင် ပုန်ကန်နေကြတဲ့ အဖွဲ့အစည်းပေါင်းစုံ အလယ်၊ ကျနော်တို့လို သာမန်ပြည်သူတွေအဆုံး အားလုံးအားလုံးက `တိုင်းပြည် အုပ်ချုပ်နေသူတွေရဲ့ တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာတရား´ ဟာ ဘာလဲဆိုတာ အမျိုးမျိုး သုံးသပ်ကြည့်ဖူးခဲ့ကြပါတယ်။

အခုတော့…။

***

ပြန်ပြောရကြစတမ်း ဆိုရင်တော့ ကျနော်တို့ နိုင်ငံကို တခြားသော ကမ္ဘာ့နိုင်ငံတွေက `စစ်အာဏာရှင် နိုင်ငံ´ `စစ်အစိုးရ နိုင်ငံ´ `စစ်အုပ်ချုပ်ရေး နိုင်ငံ´ စသဖြင့် စသဖြင့် အမျိုးမျိုး သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲ ခေါ်ခေါ်ပါ၊ အဲဒီလို ခေါ်ကြတဲ့ အကြောင်းရင်းကတော့ လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာက စစ်တပ် ဖြစ်နေလို့ပါပဲ။

ကဲ..၊ ဒီတော့ ကျနော်တို့ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့စစ်တပ်၊ မြန်မာစစ်တပ်ရဲ့ အဓိကတာဝန်က ဘာလဲဆိုတာကို လေ့လာကြည့်ချင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ (သူတို့ တပ်တွင်းက ဆောင်ပုဒ်) အဓိကတာဝန်ကြီး သုံးရပ် ရှိပါသတဲ့…။ အဲဒါတွေကတော့…

(၁) စစ်တိုက်ရန်။

(၂) စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်။

(၃) စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ဆိုပြီး သုံးရပ်ရှိကြောင်း လေ့လာသိရှိရပါတယ်။

စစ်သားဆိုတော့ စစ်တိုက်ရမှာက သူတို့ရဲ့ တာဝန်ပေါ့။ ဒါက နံပါတ်တစ် ဖြစ်နေတာ ငြင်းစရာ မရှိပါဘူး။ စစ်တိုက်ဖို့ မရှိရင်တော့လဲ လေ့ကျင့်ရမှာပေါ့။ ဒါကိုလည်း မေးခွန်းထုတ်စရာ မလိုပြန်ပါဘူး။ ဒါဖြင့် စစ်တိုက်ရန်နဲ့ လေ့ကျင့်ရန် မရှိတဲ့ အချိန်မှာဆိုရင် စစ်သားတွေရဲ့ တာဝန်က ဘာပါလဲ။ အဲဒါကို တွေးမိတော့ အခု ဆောင်းပါးကို ရေးမိပါတယ်။

***

တခြား အကြောင်းအရာတွေ ရှည်ရှည်ဝေးဝေး မပြောလိုပါ။ ကျနော်တို့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေမှာ မြန်မာပြည် နိုင်ငံရေးအနေအထားအရပဲ ဖြစ်ဖြစ်၊ လက်ရှိအာဏာပိုင်တွေ ရင်ဆိုင်နေရတဲ့ စစ်ရေး အခြေအနေအရပဲဖြစ်ဖြစ် `စစ်တိုက်ရန်´ ဆိုတဲ့ အချက်ဟာ အခုအချိန်မှာ လုံးဝ အဓိက ကျမနေပါဘူး။ ဆိုလိုတာက စစ်တပ်ရဲ့ အဓိကဦးစားပေး တာဝန်ဖြစ်တဲ့ `စစ်တိုက်ရန်´ ဆိုတာကို အခုအချိန်မှာ ထည့်သွင်းတွက်ချက်နေစရာ မလိုအပ်ပါဘူး။

နံပါတ်(၂) အချက်ဖြစ်တဲ့ `စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်´ ဆိုတာကျတော့လည်း အထက်မှာ ကျနော်ပြောခဲ့တဲ့ အခြေအနေတွေကို မူတည်ပြီးတော့ ပြန်စဉ်းစားရင်ကိုပဲ ကျနော်နိုင်ငံ စစ်တပ်အနေနဲ့ `လာဟေ့၊ ထိုးကွ၊ ချကွ၊ ချီတက်ကွ´ ဆိုပြီး စစ်ပြင်ဆင် လေ့ကျင့်နေဖို့ အခြေအနေ လောလောဆယ်မှာ မရှိသေးပါဘူး။ ဘယ်နိုင်ငံကိုမှလဲ သွားတိုက်နေတာ မဟုတ်သလို၊ ဘယ်နိုင်ငံကမှလဲ ကျနော်တို့ နိုင်ငံကို လာတိုက်မနေပါဘူး။

ဒီတော့ နောက်ဆုံးအချက် ဖြစ်တဲ့ နံပါတ်(၃) အချက်ဖြစ်တဲ့ `စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန်´ ဆိုတဲ့ အချက်ကို စဉ်းစားဖို့ လိုလာပါတယ်။ တကယ်တော့ အခု လက်ရှိ ကျနော်တို့ နိုင်ငံကြုံတွေ့နေရတဲ့ အခြေအနေအရ အဲဒီနံပါတ်(၃) အချက်ဟာ လက်ရှိ မြန်မာစစ်တပ်အတွက် ပထမဦးစားပေး အချက်ဖြစ်နေတယ် ဆိုတာကို ငြင်းချက်ထုတ်စရာ လုံးဝ မလိုတော့ပါ။

***

မြန်မာစစ်တပ်ရဲ့ လက်ရှိအင်အားကို စစ်သည်လေးသိန်းခန့် ရှိမယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ တကယ်လဲ ရှိနိုင်တဲ့ အင်အားပါပဲ။ စစ်တိုင်းကြီးတွေ၊ တပ်မဌာနချုပ်တွေ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေနဲ့ တကွ လက်ရုံးတပ် အင်အားတွေကိုပါ တွက်ချက်လိုက်မယ်ဆိုရင် စစ်သည်အင်အား လေးသိန်းဆိုတဲ့ အင်အားထက်တောင် သာလွန်နိုင်ပါသေးတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူ့အကျိုးပြုလုပ်ငန်းကို စစ်ဆင်ရေး တခုသဖွယ် အားစိုက်လုပ်ခဲ့ဖူးတဲ့ သာဓကတွေတော့ ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ကားလမ်း၊ ရထားလမ်းဖောက်ခဲ့တဲ့ လုပ်ငန်းတွေမှာပါ။ အဲဒီအချိန်တုန်းကဆိုရင် လမ်းဖောက် တာဝန်ကျတဲ့ တပ်မတွေ၊ တပ်ရင်းတွေဟာ ရှေ့တန်းစစ်ထွက်အင်အားအတိုင်း၊ ရှေ့တန်းစစ်ဆင်ရေးထွက်တဲ့ အတိုင်းကို အားစိုက်ဆောင်ရွက်ခဲ့ကြဖူးပါတယ်။ ဆိုလိုတာက တကယ်တမ်းသာ အလုပ်လုပ်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ လိုအပ်ရင် လိုအပ်သလို သူ့အင်အားကို ထုတ်သုံးနိုင်တဲ့ အင်အားရှိပါတယ်။

အခု ကျနော်တို့ မြန်မာနိုင်ငံမှာ မကြုံစဖူး ထူးထူးကဲကဲ ရင်ဆိုင်ခဲ့ရတဲ့ ကပ်ဘေးဆိုးကြီးကြောင့် မရပ်နိုင်သေးတဲ့ စာရင်းဇယားတွေနဲ့ အတူ လူ့အသက်ပေါင်း မြောက်မြားစွာ သေဆုံးခဲ့ကြပြီးပါပြီ။ မသေဘဲ ကျန်တဲ့လူတွေမှာလဲ ဒုက္ခပေါင်းစုံအတိနဲ့၊ မုန်တိုင်းတိုက်ခတ်သွားတဲ့ နေရာတွေကို ကြည့်လိုက်ရင် ပြိုပျက်လဲပြိုနေတဲ့ အိမ်တွေ၊ ဟိုဟိုဒီဒီ ပြန့်ကျဲနေတဲ့ သက်မဲ့အလောင်းတွေ…။

နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို အခုအချိန်ထိတိုင်အောင် မြန်မာအာဏာပိုင်တွေက ဗီဇာထုတ်ပေးခြင်း မရှိသေးပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ဝေဖန်ချက်ပေါင်းစုံ ထွက်ပေါ်နေပေမယ့်လည်း အာဏာပိုင်တွေကတော့ တုတ်တုတ်မှ မလှုပ်သေးပါ။

မြန်မာစစ်တပ်ကို သစ္စာတော်စောင့်သိရတဲ့ စစ်ခေါင်းဆောင်ငယ်လေး တယောက်ကတော့ သူတို့ခေါင်းဆောင်ကြီးတွေဘက်ကနေ ဖေးဖေးမမနဲ့ ဒီလိုပြောပါတယ်။ `လူကြီးတွေက ရှေ့နောက်ချင့်ချိန် တွက်ချက်နေတာ၊ တကယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက မြန်မာပြည်ထဲဝင်လာပြီးမှ ပြန်မထွက်ကြတော့ရင် ဘယ်လိုလုပ်မလဲ´ တဲ့…။

ဟုတ်ပြီ…၊ သူတို့တွေးသလိုမျိုး နိုင်ငံရေးကယ်ဆယ်ရေး အဖွဲ့တွေက တိုင်းပြည်ထဲဝင်လာပြီး ပြန်မထွက်မှာစိုးလို့ ပြည်ဝင်ခွင့် မပေးဘူးဆိုရင် ကယ်ဆယ်ရေးတာဝန်တွေအတွက် ဘယ်လို စဉ်းစားဆောင်ရွက်သင့်သလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

မကြာသေးခင်ကမှ တရုတ်နိုင်ငံ ငလျင်အပြီးမှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ဟာ ငလျင်ဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး လုပ်သားပေါင်း ၅၀၀၀၀ ကျော်ကို ချက်ချင်းစေလွှတ်ခဲ့တယ်လို့ သိရှိခဲ့ရသလို သူတို့နိုင်ငံရဲ့ ရုပ်သံသတင်းတွေမှာ ဆိုရင်လည်း ဝေဒနာခံစားနေရတဲ့ လူမမာတွေကို ဂရုတစိုက်နဲ့ ဆေးကုသပေးနေတဲ့ သူနာပြုတွေ၊ အဆောက်အဦတွေအောက်မှာ ပိတ်မိနေဆဲ လူတချို့ကို ကြိုးစားပမ်းစား ကယ်ထုတ်နေတဲ့ တရုတ်စစ်သားတွေရဲ့ ပုံရိပ်တွေဟာ အားကျဖို့ကောင်းသလို တရုတ်အစိုးရရဲ့ သူ့ပြည်သူအပေါ် ဂရုတစိုက် ရှိမှုကိုလဲ အထင်းသားပေါ်လွင်နေစေပါတယ်။

ဒါဖြင့် ကျနော်တို့ နိုင်ငံကရော…၊ သူတို့နိုင်ငံလိုပဲ သူနာပြုတပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေးအလို့ငှာ တပ်ရင်းတပ်ဖွဲ့တွေ ကို စစ်ဆင်ရေး တရပ်လို သဘောထားစုဖွဲ့ပြီးတော့ မုန်တိုင်း တိုက်ခတ်သွားတဲ့ ဒေသတွေကို စေလွှတ်ပေးဖို့ မဖြစ်နိုင်ပေဘူးလား။ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက်ဆိုရင် အလုံးအရင်းနဲ့တကွ အမြန်ဆုံးရောက်လာတတ်တဲ့ စစ်သားတွေဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်လဲ အဲဒီလိုပဲ အင်အားကောင်းကောင်းနဲ့ ဆောင်ရွက်ကြမယ် ဆိုရင် ဘယ်လောက်များ ကောင်းလိုက်ပါမလဲ။

နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေကို အ၀င်မခံဘူး ဆိုမှတော့ ကိုယ့်မှာ ရှိတဲ့လူတွေနဲ့ ဖြစ်အောင်လုပ်ပြနိုင်တဲ့ အရည်အသွေးကိုတော့ ပြသရမှာ ဖြစ်ပါတယ်။ အခုအချိန်ထိကတော့ ပြည်သူပြည်သား အချင်းချင်း တပိုင်တနိုင် ကူညီကြတာက လွဲလို့ အစိုးရတရပ်အနေနဲ့ လုပ်နိုင်၊ လုပ်သင့်တဲ့ အလုပ်တွေကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမျိုး မတွေ့ရသေးတာတော့ အမှန်ပါ။ မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့ပေါ်မှာ လဲကျနေတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ရှင်းလင်းပေးတာနဲ့တင် လုံလောက်သွားပြီလို့ ယူဆနေရော့သလားတော့ မသိနိုင်ပါဘူး။

တကယ်တမ်းသာ ထိထိရောက်ရောက် စေတနာပါပါနဲ့ လုပ်မယ်ဆိုရင် `တပ်မတော် ဆေးတက္ကသိုလ်´ `တပ်မတော် သူနာပြု တက္ကသိုလ်´ က မွေးထုတ်ပေးလိုက်တဲ့ စစ်ဘက်ဆရာဝန်၊ သူနာပြုတွေ နဲ့ တကွ ဆေးတပ်ရင်းတွေ…၊ ကြီးမားတဲ့ စစ်ရေးဆိုင်ရာ တိုက်ပွဲတွေ မရှိသေးတဲ့အတွက် ဒဏ်ရာရသူတွေကို အလောဆုံးဆယ် ကုသမနေရတဲ့အတွက် စစ်တပ်ထဲမှာ ပိုလျှံနေမှာဖြစ်တဲ့ ဆေးဝါးတွေ ဟာ သဘာဝဘေးဒဏ်သင့် ပြည်သူတွေအတွက် သုံးလို့ ရနိုင်ပါလျက် ဒါကိုရော ဘာကြောင့် ဖင့်နှေးနေရပါသလဲ ဆိုတာ စဉ်းစားလို့ မရပါဘူး။

ဒါတောင် အခုကျနော် တင်ပြနေတဲ့ အချက်တွေဟာ လတ်တလော အခြေအနေတခုတည်းအတွက်ပဲ ရှိပါသေးတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ ပြည်သူတွေကို သူတို့ရဲ့ နေရပ်တွေမှာ အခြေတကျပြန်ဖြစ်အောင် စနစ်တကျ နေရာပြန်ချပေးဖို့ ဆိုတဲ့ နောက်ဆက်တွဲ အလုပ်တွေက ရှိပါသေးတယ်။ အဲဒီ လုပ်ငန်းတွေမှာလဲ တကယ်တမ်းသာ စစ်တပ်က စေတနာပါပါနဲ့ ကူညီဆောင်ရွက်ပေးမယ်ဆိုရင် နိုင်ငံတကာကနေ လှူဒါန်းထားတဲ့၊ လှူဒါန်းနေဆဲ ဖြစ်တဲ့၊ နောက်ထပ်လဲ လှူဒါန်းလာဦးမယ့် ကယ်ဆယ်ရေး ပစ္စည်းတွေက အပုံအပင်ပါ။

ပြန့်ကျဲနေတဲ့ လူ၊ တိရိစ္ဆာန်အလောင်းတွေကို သင့်တော်သလို မြေမြုပ်သဂြိုလ်ဖို့ဆိုတာဟာလဲ ကြီးမားတဲ့ လိုအပ်ချက်တခု ဖြစ်တဲ့အတွက် မှိုလိုပေါက်နေအောင် မြန်မာပြည် အနှံ့ဖွဲ့စည်းထားတဲ့ ခြေလျင်ခြေမြန် တပ်တချို့ကို အဲဒီတာဝန်တွေ ပေးလို့ရပါတယ်။

အခုတော့ အဲဒီလို တာဝန်တွေ ထိထိရောက်ရောက် ယူပေးဖို့ နေနေသာသာ ကြားရ၊ သိရ၊ ဖတ်ရတဲ့ သတင်းတွေက ဘယ်လိုမှ အားရစရာ မရှိပါ။ နိုင်ငံတကာက လှူထားတဲ့ သွပ်ပြားတွေကို အခကြေးငွေနဲ့ ပြန်ရောင်းနေတဲ့ သတင်း၊ လှူထားတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို ဈေးထဲမှာ သွားပြန်သွင်းတဲ့ သတင်း၊ ဆေးဝါးပစ္စည်း တချို့ကို ဈေးထဲမှာ ပြန်ရောင်းနေတာ တွေ့ရတဲ့ သတင်း၊ အို… နောက်ဆုံး ကုန်ကုန်ပြောရရင်တော့ ဘီစကွတ်မုန့်တွေကိုပါ ခိုးစားတဲ့ သတင်း…။ ဘယ်လို နှလုံးသားမျိုးတွေပါလိမ့် ဆိုတာကို မစဉ်းစားတတ်တော့သလို သူတို့အတွက် ဘယ်လို စကားလုံးမျိုး သုံးရမှန်း မသိတော့အောင်ကို တုန်လှုပ်ခြောက်ခြားမိလှပါတယ်၊ ရွံရှာမိလှပါတယ်။

နိုင်ငံတကာက ကူပါမယ်၊ သူတို့ရဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ၀င်ခွင့်ပေးပါ လို့ ထပ်ခါတလဲလဲ တောင်းဆိုနေကြဆဲပါပဲ။ သူတို့ကို မယုံလို့ ၀င်ခွင့် မပေးဘူးလို့ တွေးဆတယ်ဆိုရင် ကိုယ်ကိုယ်နှိုက်ကရော ဘာအကူအညီတွေ ပေးနိုင်သလဲ၊ ဘာတွေရော ကူနေသလဲဆိုတာကို ပြန်လည် ဆင်ခြင်သင့်လှပါတယ်။ အခုတော့ `ငါလဲ မကူနိုင်ဘူး၊ မင်းတို့တွေလဲ ငါ့နိုင်ငံပြည်တွင်းရေးကို ဘာမှ လာမရှုပ်နဲ့၊ ပြည်တွင်းထဲက ရုတ်ရုတ်ရုတ်ရုတ် လုပ်တဲ့ကောင်တွေလဲ ဆူဖို့တော့ မစဉ်းစားနဲ့´ ဆိုတဲ့ အပေါက်မျိုး ချိုးနေလေတော့ …၊ ဒီလူတွေရဲ့ `စေတနာ´ ဆိုတဲ့ စကားကို ကျနော်တို့ ဘယ်လို ယုံစားရပါတော့မလဲ။

***

ကျနော်တို့ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များ အလွန်အင်မတန် သဘောတွေ့နှစ်ခြိုက်ပုံရပြီး ပါးစပ်ဖျားကမချတဲ့ စကားတခွန်း ရှိပါတယ်။

အဲဒါကတော့ `အမျိုးသားရေး တာဝန်´ ဆိုတဲ့ စကားလုံးပါ။

ကြိုက်လွန်လွန်းလို့ ဟင်နီကင်နဲ့ ကားလ်စ်ဘတ် ဘီယာတွေကို မြန်မာပြည်တွင်းမှာ ပိတ်ပင်ခဲ့တုန်းကတောင် အဲဒီဘီယာတွေဟာ `အမျိုးသားရေး တာဝန်အရ သောက်သုံးရန် မသင့်´ ဆိုပြီး အဲဒီ စကားလုံးကို သုံးလိုက်ပါသေးတယ်။

အခု ကျနော်တို့ နိုင်ငံမှာ လက်တလောကြုံတွေ့နေရတဲ့ အကျပ်အတည်း၊ ကပ်ဘေးအန္တရာယ်ရဲ့ ဒုက္ခ၊သုက္ခ အပေါင်းဟာ သူတို့ စကားကိုပဲ ထပ်ကွန့်ပြီး ပြောရရင် `အမျိုးသားအရေး၊ တမျိုးသားလုံးရဲ့ အရေး´ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာလောက် အရေးကြီးတဲ့ အမျိုးသားရေး မရှိပါဘူး။ အဲဒီ အမျိုးသားရေးကို ပူးပေါင်းဖြေရှင်းဖို့အတွက်ကတော့ အဓိက အကျဆုံး လိုအပ်ချက်က တခုပဲ ရှိပါတယ်။

အဲဒါကတော့ `စေတနာတရား´ ပါပဲ။ ဒါကြောင့်…

ဒီဆောင်းပါးရဲ့ အစမှာ ကျနော်ရေးခဲ့တဲ့ စာကြောင်းနဲ့ပဲ နိဂုံးသတ်ပါရစေ…။

`တိုင်းပြည်ကို ဘယ်သူက အုပ်ချုပ်နေတာပဲ ဖြစ်ဖြစ် အဲဒီတိုင်းပြည်ကို စေတနာဘယ်လောက် ထားလဲဆိုတာက အဖြေပဲ´


ကလိုစေးထူး

Wednesday, May 14, 2008

လက်…

မှင်တက်မိသွားသော စိတ်အစဉ်နှင့် အတူ ၀မ်းနည်းခြင်း၊ ယူကြုံးမရခြင်း များစွာတို့ကြောင့် အကြည့်တွေက တနေရာထဲကို စူးစိုက် ကြည့်မိရက်သား…။

လက်တွေ…၊ လူများစွာရဲ့ လက်များစွာတွေ…။

ဒီလက်တွေက အရောင်အသွေး တူချင်မှ တူလိမ့်မည်။ စိုစိုပြည်ပြည် ရှိချင်လဲ ရှိလိမ့်မည်။ ကြုံလှီခြောက်ကပ်နေတဲ့ လက်တွေလဲ ဖြစ်နိုင်သည်။

ဒီလက်တွေနဲ့ပဲ သူတို့တတွေ ဘ၀ကို အမျိုးမျိုး ရုန်းကန် ရပ်တည်ခဲ့ကြရဖူးမည်။ ဒီလက်တွေက စပါးတွေလဲ စိုက်ချင် စိုက်ခဲ့ဖူးလိမ့်မည်၊ နှမ်းတွေလဲ စိုက်ချင်စိုက်ခဲ့ဖူးလိမ့်မည်။ အဲဒီ လက်တွေက စိုက်တဲ့ စပါးက ရတဲ့ ဆန်ကို ကျနော်တို့ စားခဲ့ရဖူးလိမ့်မည်။

ဒီလက်တွေက ပျိုရွယ်နေဆဲလည်း ဖြစ်ချင် ဖြစ်လိမ့်မည်။ လူမမည်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ အရွယ်လွန်လည်း ဖြစ်ချင် ဖြစ်လိမ့်မည်။

ဒီလက်တွေက အသက်ဘေးက လွတ်အောင်တခုခုကို တွယ်ကပ်ဖက်တွယ်ခဲ့ရတဲ့ လက်တွေလဲ ဖြစ်နိုင်သည်။ တယောက်နဲ့ တယောက် ဖေးကူရင်း အသက်ဆက်ခဲ့ရတဲ့ လက်တွေလဲ ဖြစ်နိုင်သည်။ ရင်မှဖြစ်တဲ့ သားငယ်ကို လွတ်ထွက်မသွားအောင် အားယူဆွဲငင်ထားခဲ့ရတဲ့ မိခင်တွေရဲ့ လက်တွေလဲ ဖြစ်နိုင်သည်။

ဒီလက်တွေက ရင်ခုန်မှုတွေကို ပေးစွမ်းနိုင်တဲ့ ကာလတွေကိုလဲ ဖြတ်သန်းချင် ဖြတ်သန်းခဲ့ရလိမ့်မည်။ လက်တခုကို တခြားတယောက်ရဲ့ လက်တခုက ရင်ခုန်စွာ၊ မြတ်နိုးစွာ၊ ခုံမင်စွာနဲ့ ဆုပ်ကိုင် ဆုပ်ကိုင်ခဲ့ဖူးလိမ့်မည်။

အခုတော့ အဲဒီလက်တွေက လေထဲမှာ အငမ်းမရနဲ့ ဖြန့်ထားကြလေပြီ။ တခုခုကို ငံ့လင့်ရင်း၊ တခုခုကို အားကိုးတကြီး မျှော်လင့်ရင်း၊ တခုခုကို အားကိုးတကြီး တောင်းခံရင်း တိုးဝှေ့နေတဲ့ လက်အစုံတွေ…။

ဒီလက်ထဲကို ထမင်းတလုပ်စာ ဆန်တဆုပ်များ ကျလာလေမလား၊ တမနက် အသက်ဆက်စရာ ရေတပေါက်များ ကျလာလေမလား၊ နာကျင်မှုပေါင်းများစွာကို ဖြေသိမ့်စရာ ဆေးဝါးတလုံးတလေများ ရလာလေမလား။ သေချာတာကတော့ ဒီလက်တွေဟာ အကူအညီလိုနေတဲ့ လက်တွေ…၊ မျှော်လင့်နေတဲ့ လက်တွေ။ အားကိုးရှာနေတဲ့ လက်တွေ…၊ အပြစ်တစုံတရာ မရှိတဲ့ လက်တွေ…။

အဲဒီလက်တွေထဲကို လူတချို့က အစားအစာတွေ ထည့်ပေးသည်။ လူတချို့က သောက်စရာရေ ထည့်ပေးသည်။ လူတချို့က ဆေးဝါးတွေ ထည့်ပေးသည်။ လူတချို့က အ၀တ်အစားတွေ ထည့်ပေးသည်။ လက်တွေကတော့ မလောက်မငှဖြစ်မှုကို ကိုယ်စားပြုနေကြဆဲပင်…။

လက်…ဆိုသည်က ပေးကမ်းခြင်းနှင့် တောင်းခံခြင်း သဘောနှစ်ခုကို ဆောင်သတဲ့။ အဲဒီအပြင် နောက်တခုကတော့ `ဖျက်လို ဖျက်ဆီးခြင်း´ သဘောကိုလည်း ဆောင်နိုင်ပါသေးသည်။

အခု…။

ဘ၀ပေါင်းများစွာရဲ့ လက်ပေါင်းများစွာ…။ လက်ပေါင်းများစွာက ကိုယ်စားပြုနေတဲ့ ဘ၀ပေါင်းများစွာ…။ ငိုကြွေးမှုပေါင်းများစွာကို ကိုယ်စားပြုနေတဲ့ လက်ပေါင်းများစွာ အဲဒီလက်တွေရဲ့ သောကတွေကို ပြေစေဖို့အတွက် ဖေးမပေးကမ်းမယ့် လက်တွေကတော့ လိုအပ်နေဆဲ…။


ကလိုစေးထူး

Tuesday, May 13, 2008

ခိုးရက်…စားရက်ကြသူတွေရယ်…

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်တုန်းကပါ။

အဲဒီတုန်းက ကျနော်က ဦးလေးတယောက်ရှိတဲ့ တိုက်ကြီးမြို့ကို အလည်အပတ်ရောက်ခိုက်ပေါ့။ တမနက်ကျတော့ တိုက်ကြီးမြို့မဈေးမှာ မီးလောင်ပါတယ်။ ထူးထူးဆန်းဆန်း မနက်လေးနာရီ သာသာလောက်မှာ ထလောင်တဲ့ အဲဒီမီးကြောင့် မြို့သူမြို့သားတွေ၊ အထူးသဖြင့် ဆိုင်ပိုင်ရှင်တွေဟာ အလစ်အငိုက်မိသလို ဖြစ်သွားကြပါတယ်။ ဒါနဲ့ တချို့လဲ မီးငြှိမ်းတန်တာ ငြှိမ်းကြတဲ့ ကြားကနေ ကိုယ့်ပစ္စည်းလေးတွေ ရလိုရငြား သယ်ထုတ်ကြပေါ့…။

အဲဒီအခိုက်အတန့်မှာပဲ တိုက်ကြီးနယ်မြေခံက စစ်တပ်တွေ ရောက်လာပါလေရော…။ သူတို့ ရောက်လာပြီဆိုရင်ပဲ လုံခြုံရေးအတွက် ဆိုပြီးတော့ ဈေးထဲရောက်နေနှင့်တဲ့ လူတွေကို အကုန်မောင်းထုတ်ပြီး မီးလောင်နေတဲ့ ဈေးပတ်ဝန်းကျင်ကို အကုန် ပိတ်ကာလိုက်ပါတယ်။ မီးသတ်ကားတွေနဲ့ မီးသတ်သမားတွေက လွဲလို့ပေါ့။ နောက်တော့ ထုံးစံအတိုင်းပဲ မီးက တဈေးလုံးအကုန် လောင်ပြီးမှ ငြိမ်းသွားပါတော့တယ်။

မီးလောင်ပြီးပြီဆိုတော့ နောက်နေ့တွေမှာ ယာယီလဟာပြင် ဈေးသဖွယ် ဖြစ်သလို ခင်းကျင်းလို့ ရောင်းရ၊ ၀ယ်ကြရပြန်တာပေါ့…။ အဲဒီမှာတင် ဇာတ်လမ်းက စတာပါပဲ။

တချို့စစ်သားတွေက ပိတ်အုပ်တွေ၊ အ၀တ်အထည်တွေ၊ တချို့ဆိုရင် ကက်ဆက်အသစ်ကြီးတွေကို ဈေးနှုန်းက အလွန်အင်မတန် ချိုချိုသာသာနဲ့ကို လိုက်စပ်ရောင်းနေတာပါ။ စစ်တပ်ထဲကနေ အဲဒီပစ္စည်းတွေ ဘယ်ပုံဘယ်နည်း ထွက်လာတာလဲ …?

အခုတော့လဲ တိုက်ကြီးမြို့မ ဈေးသစ်ကြီးဆိုတာက သူမဟုတ်သလို သစ်သစ်လွင်လွင် ဖြစ်နေလောက်ပါပြီ။

***

အခုလဲ အဲဒီလိုမျိုး အလားသဏ္ဍာန်တူ သတင်းတွေ ကြားနေရပြန်ပါပြီ။

`ဒုက္ခသည်အတွက် အသက်ဆက်ရမည့် အစားတလုပ်ကို အာဏာပိုင်များ လုစားနေ´

`မုန်တိုင်း ဒုက္ခသည်အတွက် ပစ္စည်းကို အလွဲသုံးစားလုပ်နေ´

`ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးဈေးတွင် စစ်ကားတစီးက ထိုင်းနိုင်ငံ ထုတ် မာမားခေါက်ဆွဲခြောက်များကို လာရောင်းသော်လည်း ဈေးသူဈေးသားများက မ၀ယ်ကြကြောင်း´

အသက်ဘေးကြုံရတဲ့လူတွေကို လှူထားတဲ့ အလှူပစ္စည်းတွေ၊ အစားအစာတွေကို ကြားထဲကနေ ဖြတ်ပြီး ခိုးယူရောင်းစားဝံ့လောက်တဲ့ လူတွေက ဘယ်လိုလူစားတွေများပါလဲ။ နိုင်ငံတကာက လှူထားတဲ့ သွပ်တချပ်ကို ၅၀၀၀ နှုန်းနဲ့ ပြန်ရောင်းစား၊ ဘိုကလေးမှာ တပ်မ ၆၆ တပ်တွေက ကုလသမဂ္ဂက ပေးတဲ့ မိုးကာတွေကို ဈေးထဲမှာ ပြန်ရောင်းစား၊ WFP အဖွဲ့ရဲ့ ပစ္စည်းထုပ်တွေက မင်္ဂလာဈေးထဲရောက်လိုရောက် … … …။

***

နိုင်ငံတကာ အကူအညီတွေကို လက်မခံခဲ့တာက ဘာကြောင့်၊ ဘယ်လိုကြောင့်၊ အခု လက်ခံတာက ဘာကြောင့် ဘယ်လိုကြောင့် အမေရိကန်က အကူအညီကို မယူတာက ဘာကြောင့် ဘယ်လိုကြောင့်နဲ့ ရှုပ်ထွေးပွေလီနေအောင်လဲ ပြောကြရေးကြ…၊ ဟော… အခုတော့လဲ ခိုးကြ၊ ဖွက်ကြ။

ကျနော်ကတော့ အဲဒီလူတွေ အဲဒီလို ခိုးတယ်ဆိုတဲ့ သတင်းကို လုံးဝဥဿုံ ယုံပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့်မျက်မြင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေရယ်၊ လက်ရှိ သူတို့ စစ်တပ်ထဲမှာကိုက အောက်ခြေစစ်သားတွေ ငတ်ပြတ်နေကြတဲ့ အခြေအနေတွေရယ်ကို ယှဉ်ထိုးကြည့်လိုက်ရင် သူတို့ ခိုးကြတယ်ဆိုတာ သံသယ ဖြစ်ဖွယ် လုံးဝ မရှိပါဘူး။

ယနေ့ခေတ် မီဒီယာကွန်ယက်ကို ဘယ်လိုနည်းနဲ့မှ လက်ဝါးကြီးအုပ်လို့မရတဲ့ အခုအချိန်မှာ ဘိုကလေးက ဦးကြီးရဲ့ ငိုသံပါနဲ့ ပြောနေတဲ့ စကားကိုလဲ ကျနော်တို့ ကြားခွင့်ရပါတယ်။ အဲဒီအပြင် တကယ်တမ်းမှာ ဘယ်သူတွေက အလှူကို ထိထိရောက်ရောက် ဆောင်ရွက်နေတာလဲ၊ ဘယ်သူတွေက ဟန်ပြနေသလဲဆိုတာကိုလဲ သက်သေအထောက်အထားပေါင်း မြောက်မြားစွာနဲ့ မြင်ခွင့်၊ သိခွင့် ရနေပါတယ်။

အဲဒီလောက်တောင် မီဒီယာ ဟင်းလင်းပွင့်နေတဲ့ အချိန်မှာ ခိုးဝံ့၊ ဖွက်ဝံ့နေတာကို ဘယ်သူကမှ မတားမဆီးနိုင်ကြတော့ဘူးလားလို့ လဲ မချင့်မရဲဖြစ်မိပါရဲ့။

ကျနော်တို့ လှူချင်တာ ဒုက္ခအတိရောက်နေတဲ့ ကျနော်တို့ရဲ့ အမိအဖနဲ့ တူတဲ့ ပြည်သူတွေအတွက်ပါ။ အဲဒီလို ကျနော်တို့ အမိအဖအတွက် ထမင်းတလုပ်ကို ဖြတ်စားတဲ့လူတွေ၊ ရေတပေါက်ကို ဖြတ်သောက်ရက်တဲ့လူတွေ၊ ငွေစတစုကို ဖြတ်လုရက်တဲ့လူတွေကို ကျနော်တို့ ဘယ်လို မေတ္တာထားရပါတော့မလဲဗျာ။ ဘယ်လို အသိတရားမျိုးနဲ့ ကျနော်တို့ ခွင့်လွှတ်ပေးရပါတော့မလဲ…။

အကုသိုလ် အဆိုးအယုတ်ကောင်တွေရဲ့ ဇတ်သိမ်းခန်းကို မြန်မြန်ရောက်လှည့်ပါတော့…။


ကလိုစေးထူး

Monday, May 12, 2008

အလှူကို ဖျက်ဆီးကြသူများ…

`အိုကေ…၊ အားလုံးပြီးပါပြီနော်´

ငွေလက်ခံသူ စာရေးမက ပြောလဲပြော၊ လက်ခံဖြတ်ပိုင်းတခုကိုလဲ ကမ်းပေးလိုက်ပါတယ်။ `ဟုတ်ကဲ့၊ ကျေးဇူးပါ´ လို့ ပြန်ပြောရင်း Western Union ငွေလွှဲဖြတ်ပိုင်းလေးကို ကြည့်လိုက်တဲ့ တခဏမှာ စိတ်ထဲမှာ တခုခုကို ကျေနပ်သွားသလိုလို…။

***

`အကိုရေ…၊ အကိုပို့လိုက်တဲ့ ချက်ခ်ရောက်ပြီနော်၊ အဲဒါ ဖုန်းလှမ်းဆက်တာပါ´

`ဟာ…၊ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဒါနဲ့ အမ ဘယ်တောလောက့် မြန်မာပြည်ထဲကို လွှဲနိုင်မလဲခင်ဗျ´

`ကျမ ဒီညပဲ ဖုန်းလှမ်းဆက်မှာပါ´

`ဟုတ်၊ ငွေဈေးကတော့ ဟိုတနေ့က ပြောထားတဲ့ အတိုင်းပဲနော် အမ´

`ဟုတ်ပါတယ်ရှင်´

`ဟုတ်ကဲ့ခင်ဗျာ၊ အခုလို ကူညီတာ ကျေးဇူးပါပဲဗျာ´

ပို့လိုက်တဲ့ ငွေက မြန်မာငွေဆို ဘယ်လောက်ရမလဲ တခေါက် ပြန်တွက်ချက်ပြီး ဒီလောက်ဆို ဆန် သုံးလေးအိတ်စာပဲဖြစ်ဖြစ်တော့ ရတန်ကောင်းပါရဲ့လို့ တွေးမိရင်း ပင့်သက်တခုကို ချမိပြန်ပါတယ်။

***

အခု ဒီစာကို ရေးနေတဲ့ အချိန်မှာ မေလ ၁၂ ရက်နေ့ ရှိပါပြီ။ ကျနော်တို့ရဲ့ ရွှေပြည်ကြီးမှာ သဘာဝကပ်ဘေး အန္တရာယ်ဆိုးကြီး ဖြစ်တဲ့ နာဂစ် မုန်တိုင်း ကျရောက်ခဲ့တာဟာလည်း (၈)ရက်တာ ကြာခဲ့ပါပြီ။ မုန်တိုင်းသတင်း၊ အသေအပျောက်သတင်း၊ ထိခိုက်သတင်းတွေကြောင့် ဘာစာကိုမှ ရေးလို့မရလောက်အောင်ပဲ အာရုံတွေ စုစည်းလို့ မရခဲ့ပါဘူး။

ဒါပေမယ့် ရွှေပြည်ကြီးကနေ ကမ္ဘာတဘက်ခြမ်းကို ရောက်နေသူ တယောက်အနေနဲ့ အလုပ်နိုင်ဆုံးလို့ ယူဆရတဲ့ မိမိတတ်နိုင်သလောက် လှူဒါန်းတာကိုတော့ လုပ်ဖြစ်၊ လုပ်မိပါတယ်။

တကယ်တမ်း ပြန်စဉ်းစားကြည့်ရင်တော့ ကျနော်လှူနိုင်တယ် ဆိုတဲ့ အတိုင်းအတာ ပမာဏဟာ ဟိုတဘက်မှာ အတိဒုက္ခရောက်နေကြတဲ့ လူပမာဏနဲ့ စာရင် အလွန်အင်မတန်နည်းပါးလှသေးပေမယ့် တခြားသော နီးစပ်ရာ မိတ်ဆွေတွေနဲ့တကွ နိုင်ငံအရပ်ရပ်ကို ရောက်နေကြတဲ့ ရွှေပြည်ကြီးသား မြန်မာများရဲ့ အလှူသတင်းတွေကို သိရ၊ ဖတ်ရတဲ့အခါ ပီတိအားရမှုတွေတော့ အတန်အသင့် ဖြစ်ခဲ့ရပါတယ်။

သို့သော်…။

***

`ဒီမှာက ဘယ်လိုဖြစ်နေလဲ ဆိုတော့အကိုရာ၊ အရပ်ထဲက ပိုက်ဆံရှိတဲ့ တချို့လူတွေက ဒုက္ခသည်တွေကို သွားလှူတယ်၊ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ လှူလို့မရဘူးဗျ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေက ဘယ်ကလာတာလဲ၊ ဘယ်သူ့ ခွင့်ပြုချက်လဲ၊ သူတို့လက်ထဲကို အပ်ပါ၊ သူတို့ဦးစီးပြီး ဝေငှပါ့မယ် ဆိုတာမျိုးတွေ ကြုံရတယ်။ နောက်ဆုံး ဘယ်လောက်အထိတောင်လဲဆို အာရှတော်ဝင် လို ဆေးခန်းမျိုးကဆို လူကိုယ်တိုင်ပဲ လုပ်အားသွားပေး ဆေးကုတာမျိုး လုပ်ကြတယ်၊ ဆေးတွေလှူချင်ပေမယ့် အဲဒီကြံ့ဖွတ်တွေ လက်ထဲကို မထည့်ချင်တော့လေ´

***

`ကိုကျော်သူတို့ အခု ဆန်ဝေတဲ့ ပုံစံက ဘယ်လိုပုံစံမျိုးနဲ့ ဝေတာလဲ ခင်ဗျ´

`ကျနော်တို့ ဒုက္ခသည်တွေလက်ထဲကို ရောက်အောင် အဓိကထားပြီးတော့ ဝေနေတယ်၊ ဝေနေတဲ့ အချိန်မှာ ဘာတွေ ဖြစ်လာလဲဆိုတော့ ဘေးကနေပြီးတော့ တုတ်တွေ၊ ဓားတွေနဲ့ ၀ိုင်းပြီးတော့ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ထွက်ပြေးရတဲ့ အပိုင်းတွေ ရှိတယ်´

`အခုက အလှူလုပ်တဲ့ ကိစ္စမှာတောင် အကုန်ဝိုင်းပြီး ဟိုဟာလုပ်နေကြတော့ အဲဒါကြီးက အတော်လေးဆိုးတယ်´

`ဘယ်လိုသတ္တ၀ါတွေမှန်းကို မသိဘူးခင်ဗျ၊ ကျနော်စဉ်းစားလို့ မရဘူး၊ အဲဒီသတ္တ၀ါတွေက တော်တော် မိုက်ရိုင်းတဲ့ သတ္တ၀ါတွေပါ´

`အလှူရှင်တွေကတော့ ကျနော်တို့ နိုင်ငံတကာကရော၊ မြန်မာပြည်ကရော စုံနေတာပဲ။ ဒီအလှူရှင်တွေ လှူတဲ့ဟာကို ကျနော်တို့က ကိုယ်ထိလက်ရောက် ဒုက္ခသည်တွေ လက်ထဲကိုရောက်ဖို့က ကျနော်တို့က တာဝန်ရှိနေတယ်၊ အဲဒီတာဝန်ကို ပူးတွဲပြီးတော့ပေါ့လေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပူးတွဲပြီးတော့ ကျနော်တို့နဲ့ လုပ်ဆောင်မယ်ဆိုရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်မြင်တယ်´

(ကိုကျော်သူနှင့် အာအက်ဖ်အေ သတင်းဌာနအင်တာဗျူးမှ ကောက်နှုတ်ချက်)

***




`ကျနော်တို့ ရပ်ကွက်က ၀ါသနာတူ လူငယ်လေးတွေ စုပြီးတော့ လာလှူတာပါ၊ ကျနော်တို့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ၀ါသနာရှင် လူငယ်တွေပါ´

အဲဒါကတော့ လပွတ္တာမြို့ပေါ်မှာ လေဘေးဒုက္ခသည်ကလေးတွေကို လှူဒါန်းနေတဲ့ လူငယ်တယောက်က သူ့ကို လာမေးသူကို ပြန်လည်ဖြေရှင်းနေရတာပါ။

ကျနော် စဉ်းစားကြည့်မိပါတယ်။ မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးတဲ့ သတင်းကြားပြီဆိုကတည်းက ပြည်တွင်း၊ပြည်ပက မြန်မာတွေ အပြင် တခြားသော နိုင်ငံတကာကပါ အရင်ဦးဆုံး စဉ်းစားကြတာက မသေဘဲ ကျန်ရစ်သူတွေကို ဘယ်လိုကူညီမလဲ၊ ဘာတွေ လှူကြမလဲဆိုတာပါ။ စဉ်းစားတဲ့ အတိုင်းပဲ လှူဒါန်းမှုတွေကို အလွန်အင်မတန် အားရဖွယ်ကောင်းလောက်အောင် ဆောင်ရွက်နေကြတာဟာ သတင်းတွေထဲမှာ မဖတ်ချင်အဆုံးပါပဲ။

ဒါပေမယ့် ဒီလို လှူဒါန်းတဲ့ ကိစ္စတွေမှာ ဘာအတွက်ကြောင့်များ အနှောက်အယှက်တွေ ရှိနေရပါသလဲ။ စစ်သားကပဲ လှူလှူ၊ ကြံ့ဖွတ်ကပဲ လှူလှူ၊ သူပုန်ကပဲ လှူလှူ၊ အရပ်ထဲက ပြည်သူတွေကပဲ လှူလှူ၊ လှူတာက လှူတာပါပဲ မဟုတ်ပါလား။ ဘယ်အဖွဲ့ကမို့ မလှူရ၊ ငါတို့ဦးစီးမှ၊ ငါတို့ နာမည်နဲ့မှဆိုပြီး လိုက်လံပိတ်ပင်ကန့်သတ်နေတာဟာ ဘယ်လို စိတ်ထားတွေများပါလဲဆိုတာ နားလည်လို့ကို မရပါဘူး။

`အကိုရေ၊ ကျနော်ကတော့ ဒုက္ခသည်တွေရဲ့ လက်ထဲကိုပဲ အရောက်ဖြစ်စေမယ့် နည်းနဲ့ ပိုလှူချင်တယ်ဗျာ´ ဆိုတဲ့ စကားကို အလှူငွေထည့်တဲ့ အခါ ကျနော်တို့ ဘာကြောင့် ပြောနေရပါသလဲ။ ရှင်းရှင်းလေးပါပဲ။ အဲဒီ ဒုက္ခသည်တွေ လက်ထဲကို ကျနော်တို့ အလှူတွေ အပြည့်အ၀၊ ဒါမှမဟုတ် လုံးဝ မရောက်မှာကို စိုးရိမ်ပူပန်နေရလို့ပါ။

***



အဲဒီ ဗွီဒီယိုမှတ်တမ်း တလျှောက်လုံးမှာ ကျနော် ရင်အနင့်ရဆုံးစကားတခွန်းနဲ့၊ ဒေါသအဖြစ်ရဆုံး စကားတခွန်းစီ ရှိပါတယ်။

ဒေါသအဖြစ်ရဆုံးကတော့ မြန်မာ ၀န်ကြီးချုပ် လုပ်စားတဲ့ သက်ကြားအိုကြီးရဲ့ စေတနာမဲ့ ပါးစပ်ဖျားစကား `ထမင်းတွေ ဘာတွေရော စားရလား´ ဆိုတဲ့ စကားပါ။

ရင်အနင့်ရဆုံးကတော့ ၀န်ကြီးချုပ် လုပ်စားသူရဲ့ ဖောဖောဖိန့် စကားတွေကို နေပူမှာ နားပူခံနားထောင်နေရရှာသူ တယောက်က ပြောလိုက်တဲ့ `ဗိုက်ကလေး ပြည့်ရင် တော်ပါပြီဆရာရယ်၊ ဆန်ပြုတ်ကလေးပဲ သောက်ရသောက်ရပါ…´ ဆိုတဲ့ စကားကိုပါ။

***

`ကိုယ်က မလှူ လှူသော်မကြိုက်၊ ကိုယ်က မကူ ကူသော်မကြိုက်၊ ထိုလူမိုက်များ မင်းဖြစ်ငြားက ပြည်သူတို့မှာ သေဖို့သာတည်း´ …တဲ့။

သူငယ်ချင်းတယောက် ရေးတဲ့ စာချိုးစကားလေးပါ။

ကျနော်တို့ ပြည်သူတွေ ဒုက္ခတွေ ရောက်နေကြတယ်။ ဒုက္ခတွေကြောင့် မျက်ရည်တွေ ဝေနေရပါတယ်။ အဲဒီ မျက်ရည်တွေ ကျနော်တို့တတွေ ဖြေသိမ့်ကူဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒုက္ခပေါ် အပူဆင့်၊ မျက်ရည်ပေါ် အငိုဆင့်အောင် ကြိုးစားနေသူတွေကိုရော ဘယ်သူကမှ ဒဏ်မခတ်ကြတော့ဘူးလားဗျာ။


ကလိုစေးထူး

Thursday, May 08, 2008

Burma Cyclone Emergency Appeal



The people of Burma are in desperate need of food, water, shelter, medicine and clothes, etc.

With 1,000,000 people homeless and over 100,000 missing we need to help and quickly before the death toll rises even higher from disease and starvation. No matter how little you can spare every penny will help.

To help please print a copy of the below donation form and include with your cheque made payable to “BBVT (cyclone appeal)”. Cheques plus donation forms should be sent to:

Birmingham Buddhist Vihara

29 Osler Street

Ladywood

Birmingham B16 9EU

Contact details: Dr Ottara Nyana

Telephone: 01214546591, mobile: 07729802076, e-mail ottama2000@yahoo.co.uk

Web page: http://www.bbvt.org.uk/

Credit card payments should be made via the British Red Cross web page at: www.redcross.org.uk

Donation Form

Please accept my gift £ ____________________
Cheques payable to "Birmingham Buddhsit Vihara"

Mr/Mrs/Miss/Ms/U/Daw ________ Initials ________________________
Surname __________________________________________________
Address ___________________________________________________
__________________________________ Postcode ________________
e-mail ____________________________________________________
Tel No. ___________________________________________________

Gift Aid : Use Gift Aid and make your donation worth more at no extra cost to you.
I want Birmingham Buddhist Vihara Trust to treat all donations I have made for the last six years and all donations I make in future as Gift Aid donations, until I notify you otherwise.
Signature __________________________ date _______________

Credit card payments should be made via the British Red Cross web page at: http://www.redcross.org.uk/
Charity No. 513368




Wednesday, May 07, 2008

မုန်တိုင်း လွန်ချိန်…


နာဂစ်…တဲ့
ဗလာဖြစ်နှင့်တဲ့ ဘ၀တွေကို
အညှာဖျစ်ချွေလိုက်သလို
လေပြင်းက၀ုန်းဝုန်း မိုးရေတအုန်းအုန်းနဲ့
တုန်းခနဲလဲပြိုတဲ့သစ်ပင်တွေက
အိမ်တွေကို ပိလိုပိ၊ ကားတွေကို ပိလိုပိနဲ့
တကယ်က ဘ၀တွေကိုပါ ပိကုန်ပါပေါ့ …။

သတင်းမှန် မထုတ်တာလား
သတင်းထုတ် မမှန်တာလား
ဒင်းတို့ ကြေညာတဲ့လေတိုက်နှုန်းက
မုန်းလောက်စရာ ဆပွားတာမို့
မဆုံးနိုင်သေးတဲ့ ကိန်းဂဏန်းတွေက
သေစာရင်းတွေ များသထက်များ
ပျောက်နေသူတွေ သိန်းချီလို့
များစွာတို့ အိမ်ယာမဲ့ရတယ် …။

ကူညီကာ ဖေးမပါရစေလို့
ဘေးက ပြောနေလေလဲ
မြဲမြံဖို့အာဏာသာ အာသာငမ်းနေတာမို့
သဘောက်မသား သက်ကြားအိုတွေမှာ
စူးရောက်ဉာဏ် ထွာတမိုက်နဲ့
ငိုက်နေတဲ့ မြည်းတွေလို
အချင်းချင်း ဖြီးနေတာမို့
ဆုံးဖြတ်ချက်တွေ ဖင့်နှေးလေတော့
ဒုက္ခတွေ လေးသထက် လေးရပြန်တယ်…။

ပြောင်ရောင်တဲ့ ယူနီဖောင်း
ခြံရံတဲ့ မျောက်လောင်းတွေနဲ့ အတူ
မပြောင်းနိုင်တဲ့ ဖိန့်ဖိန့်ဖော စကားတွေက
နားရည်ဝစေရုံသာ ရှိလေတော့
ကျောခိုင်းသူခိုင်းပေမယ့်
ဆန်တဆုပ်၊ ရေတမှုတ်ရလေမလားလို့
အုပ်ချီကာ ရှိခိုးရတော့
နေပူမှာ လေပူတွေက ဆင့်ရပြန်တယ် …။

***

ဆွေးပူကာ နေလို့ ငေးငူလို့လဲ မထူးလှတာမို့
စုရသမျှ ချွေးနည်းစာကို ပေးလွှဲကာ လှူသမျှ
ဘယ်သူရသည်ဖြစ်စေ အပူတခဏတော့
ငြိမ်းစေရော့လို့ ပင့်သက်ချွေရတယ်…။

မုန်တိုင်း စဲလဲ၊ ခြုံသိုင်းဆဲ သောကကြောင့်
လောကတခွင် မှုန်မှုန်မှိုင်းက
နှိုင်းလောက်စရာ မရှိအောင် ဒုက္ခတွေ ဝေနေဆဲမို့
ဖြေပြေစရာ ဘယ်မသိ
ကျွန့်ရင်မှာ ပူကာတွေးရတယ်
ဆွေးလှပေါ့လေး…။


ကလိုစေးထူး

Thursday, May 01, 2008

စပ်မိစပ်ရာ…(၂၃)

စပ်မိစပ်ရာ ကဏ္ဍကို မရေးဖြစ်ခဲ့တာ အတန်ငယ် ကြာခဲ့ပါပြီ။ ဒါကြောင့် ကျနော် ဖတ်မိသမျှ သတင်းတွေအနက် တချို့ကို ထုတ်နှုတ်ပြီးတော့ တင်ဆက်လိုက်ပါတယ်။

မကြာသေးမီက ထိုင်းနိုင်ငံတွင်းကို အလုပ်ရှာဖို့အတွက် ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၅၄ ဦးဟာ ကုန်တင်ကား အနောက်ဘက် အအေးခန်းတွင်းမှာ အအေးဓာတ်လွန်ကဲမှုကြောင့် သေဆုံးသွားခဲ့ရတဲ့နောက် ဇွန်လ ၆ ရက်နေ့ကို လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် ဥပဒေ တရပ် ပြဋ္ဌာန်း သတ်မှတ်သွားမယ်လို့ ထိုင်းသတင်းဌာ (TNA) က ဖော်ပြခဲ့ပါတယ်။ ဧပြီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီ ဖြစ်ရပ်ဆိုးကနေ အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ၆၆ ဦးဟာလဲ ထိုင်းနိုင်ငံတွင်း တရားမ၀င် ခိုးဝင်မှုကြောင့် အကျဉ်းချခံရခြင်း၊ ဒါမှမဟုတ် တဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ စီ ဒဏ်ရိုက်ခံရဖွယ် ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ထုတ်လုပ်ဖြန့်ချိတဲ့ သတင်းဂျာနယ်တခုကတော့ ဒီသတင်းကို ဖော်ပြရာမှာ သေဆုံးသွားတဲ့ `မြန်မာနိုင်ငံသား´ ဆိုတဲ့ စကားရပ်အစား `နိုင်ငံခြားသား´ ဆိုတဲ့ စကားရပ်ကို အစားထိုးပြီးတော့ သတင်းတိုအဖြစ် ဖော်ပြခဲ့ပါတယ်။

မြန်မာ့ ရုပ်မြင်သံကြားဌာနရဲ့ `ဆိုကြမယ်၊ ပျော်ကြမယ်´ အစီအစဉ် စတင်ထုတ်လွှင့်စဉ်ကာလက အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူခဲ့ဖူးသူ လူရွှင်တော် သရုပ်ဆောင် မောင်မေတ္တာဟာ ဆယ်စုနှစ် တခုအကြာတိုင်အောင် အဲဒီအစီအစဉ်တွေကနေ ပျောက်ကွယ်နေရာက ယခု မေလဆန်းပိုင်းမှာ ထုတ်လွှင့်မယ့် ဆိုကြမယ်ပျော်ကြမယ် အစီအစဉ်မှာတော့ အစီအစဉ်တင်ဆက်သူ အဖြစ်ပြန်လည် ပါဝင်ထားကြောင်း သိရပါတယ်။ `အစီအစဉ်မှာ Success တီးဝိုင်းနဲ့ ကိုင်ဇာရဲ့ သီချင်း `မင်း ၁၈ နှစ်ပြည့်ပြီလား´ နဲ့ ကိုမောင်မောင်လတ် ရေးတဲ့ `မဲရုံဆီ သွားကြမည်´ ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို တင်ဆက်ခဲ့ပါတယ်။ ပြိုင်ကြတဲ့ ကလေးတွေပဲ ဆိုကြတာပါ။ ကျနော်ကတော့ ပံ့ပိုးရုံပါပဲ´ လို့ မောင်မေတ္တာက ပြောကြားခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကို မေလ ၁၀ နေ့ မတိုင်ခင်မှာ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်တွေကနေ ထုတ်လွှင့်မယ်လို့ သိရှိရပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ဒေါက်တာ ဖြူဖြူကျော်သိန်းဟာ သူမရဲ့ အသက် ၂၇နှစ်ပြည့် မွေးနေ့ အလှူပွဲကို ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ၃၅ လမ်းမှာ ကျင်းပခဲ့ပါတယ်။ ဖြူဖြူကျော်သိန်းဟာ သူမရဲ့ မွေးနေ့အလှူ အဖြစ်နဲ့ ဧမာနွေလ နှစ်ခြင်း အသင်းတော်၊ မရမ်းချောင် အနာကြီးရောဂါသည် စောင့်ရှောက်ရေး၊ ဇိဝိတ ဒါနသံဃာ့ဆေးရုံ၊ မေရီချပ်မင်း နားမကြားကလေးများကျောင်း၊ သန်လျင် မိဘမဲ့ဂေဟာ၊ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ၊ ပရဟိတကျောင်းနဲ့ မှော်ဘီ မူးယစ်လူငယ် ပြန်ထည်ထူထောင်ရေး အစရှိတဲ့ ဘာသာရေးနဲ့ လှုမှုရေး အသင်းအဖွဲ့ နေရာ ရှစ်နေရာကို အလှူငွေ ကျပ် သိန်း၃၀ လှူဒါန်းခဲ့တယ် လို့ သိရှိရပါတယ်။

မြန်မာစစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီကြီး (၃)ခုသာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် စမတ်ခ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချခံရတဲ့ မစ္စတာ သက်ခ်ဆင် နောက်ပိုင်း မကြာသေးခင်ကမှ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ စမတ်ဟာ `ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ဖြင့် မြန်မာစစ်အစိုးရက ကြာမြင့်စွာ ထိန်းသိမ်းထားတာဟာ၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အပယ်ခံတယောက်လိုထားတာဟာ အဆင်ပြေမယ်လို့ သူထင်ပါတယ်´ လို့လဲ ပြောကြားခဲ့ပါတယ်။

နှစ်စဉ် တိုးနေတဲ့ အိမ်ထောင်စုနဲ့ လူဦးရေစာရင်းအရ မြန်မာ တနိုင်ငံလုံးမှာ လူဦးရေ ၅၆ ဒသမ ၃၈၁ သန်း ရှိပြီးတော့ အိမ်ထောင်စု ဦးရေ ၈ ဒသမ ၀၇၉ သန်း ရှိနေတဲ့ အနက် လက်ရှိအနေအထားအရ အိမ်ထောင်စု ဦးရေ ၁ ဒသမ ၇၅ သန်းအတွက်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ဖို့အတွက် လျှပ်စစ်မီတာများ တပ်ဆင်ပေးထားနိုင်သေးကြောင်းကို အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ဧပြီလ ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ တရားဝင် စာရင်းဇယားများနဲ့ ဖော်ပြခဲ့ပါတယ်။

ဒီတပတ် ကစားခဲ့ကြတဲ့ ဥရောပချန်ပီယံလ်ဂ်ရဲ့ ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲတွေ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီး ဖြတ်ကျော်ပြီး ရုရှနိုင်ငံ၊ မော်စကိုမှာ ကျင်းပမယ့် ဗိုလ်လုပွဲဆီကို တက်ရောက်သွားကြပြီ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ ဆက်လက်ကျင်းပခဲ့တဲ့ ယူအီးအက်ဖ်အေ ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာတော့ ရုရှကလပ် ဇင်းနစ်နဲ့ စကော့တလန် ကလပ် ရိမ်းဂျားအသင်းတို့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

ဒီတပတ် အတွက် စပ်မိစပ်ရာကတော့ ဒီလောက်ပါပဲ။ နောက်တပတ်မှာမှ ပြန်ဆုံကြပါစို့။ အားလုံး ပျော်ရွှင် အဆင်ပြေပါစေ။


ကလိုစေးထူး

Tuesday, April 29, 2008

ကွဲခြားတဲ့ မဲတပြား…

မနေ့က ဖြစ်ပါတယ်။

ရေမိုးချိုး ထမင်းစားပြီးတော့ ဧည့်ခန်းထဲက ဆိုဖာမှာ ခဏတဖြုတ်လှဲနေတုန်း ဖုန်းသံ မြည်လာလို့ ကိုင်လိုက်တော့…

`အကို ကလိုလား၊ ကျနော်ပါ၊ ဖိုးဇေ´

`ဟာ၊ ဖိုးဇေ´

………………………….

………………………….

………………………….

***

အဲဒီကောင်လေးနဲ့ ကျနော် အွန်လိုင်းပေါ်မှာ အမှတ်မထင် ခင်မင်ခွင့်ရခဲ့ပြီးတော့ ကံအားလျော်စွာနဲ့ပဲ အပြင်မှာ နှစ်ကြိမ် ဆုံဖြစ်ဖူးလိုက်ပါတယ်။ သူက ကျနော်နေတဲ့ မြို့နဲ့ မိုင် ၇၀ ကျော်လောက် ဝေးတဲ့ မြို့တခုမှာ ကျောင်းတက်နေတာပါ။ သူ့ကျောင်းပိတ်ရက် တခဏတာမှာ ကျနော်တို့ မြို့ကို အလည်လာရင်းနဲ့ အပြင်မှာ ဆုံဖူးပေမယ့်လဲ သူကတော့ ကျနော့်ကို `အကိုကလို´ လို့ပဲ ခေါ်လေ့ရှိပါတယ်။

ဒီနိုင်ငံကို ရောက်တဲ့ မြန်မာအတော်များများက မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတွေဆီကို ဒီမှာရှာလို့ ရတဲ့ ငွေပြန်ပို့ကြပေမယ့် အဲဒီကောင်လေးကတော့ ထူးခြားလှစွာပဲ မြန်မာပြည်က သူ့မိဘတွေက သူ့ဆီကို ပြန်ပြီး တနှစ်ကို အမေရိကန်ဒေါ်လာ လေးထောင်လောက် ပို့ပေးတဲ့ငွေနဲ့ ဒီမှာ ကျောင်းတက်နေသူပါ။

`ဖိုးဇေ၊ ၀ါရှင်တန်မှာတော့ မဲတွေ ပေးနေပြီတဲ့ကွ´

`ဟုတ်တယ်။ ကျနော့်ဆီကိုလဲ စာရောက်တယ် အကို´

`ဟေ၊ မင်းသွားထည့်ဖြစ်လား´

`ဘယ်သွားနိုင်မလဲ အကိုရာ၊ ဒီမှာ စာတွေနဲ့ ပိနေတာ´

နောက်တော့ တခြားအကြောင်းအရာတွေ ဘက်ကို စကားလမ်းကြောင်း ပြောင်းသွားပြန်တယ်။ တော်တော်ကြာတော့ ဖိုးဇေက ကျနော့်ကို…

`အကို ကလို´

`အေး၊ ပြောလေ´

`ကျနော်ကတော့ မကြိုက်ဘူးဗျာ၊ ထည့်လို့ရရင်တော့ ကန့်ကွက်မဲပဲ ထည့်ချင်တယ်´

`ဟေ၊ မင်းက သူတို့ ဥပဒေမူကြမ်းကို ဖတ်ဖူးပြီးပြီလား´

`မဖတ်ရသေးဘဲနဲ့ကို အဲဒါကို ထောက်ခံလိုက်ရင် ကျနော်တို့ ပိုဆိုးတော့မယ်ဆိုတာ စိတ်ထဲက သိနေတယ် အကိုကလို´

******************

`ဒါဆို နင်က ထောက်ခံမဲထည့်မှာပေါ့´

`ဒါပဲ ရှိတာပဲဟာ´

`ဟ၊ နင့်ဟာက လွယ်လွယ်လေး ဆုံးဖြတ်လိုက်သလိုပါပဲလားဟာ´

`ကဲ၊ ငါက ကန့်ကွက်မဲ ထည့်ရမယ် ထားပါတော့၊ ဘာကြောင့် ကန့်ကွက်သင့်တယ် ဆိုတာကို နင်ပြောကြည့်လေ´

`အေး၊ ငါနားလည်မိတာတွေထဲက အဓိက အကျဆုံး ကန့်ကွက်သင့်တယ် ဆိုတာကိုပဲ ငါပြောမယ်´

`….´

`ပထမတချက် အဲဒီဥပဒေအရ သမ္မတဟာ စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်အရ၊ စစ်သား ဒါမှမဟုတ် စစ်သားလူထွက်မှပဲ သမ္မတ လုပ်လို့ရမယ်´

`အင်း´

`နောက်တချက်ကတော့ အဲဒီ ဥပဒေအရ စစ်တပ်ဟာ အချိန်မရွေး တိုင်းပြည်အာဏာကို သိမ်းခွင့်ရှိတယ်´

`အင်း´

`အေး၊ အဲဒီလို အာဏာသိမ်းထားတဲ့ စစ်တပ်က နောက်ထပ် အစိုးရသစ်ကို အာဏာမလွှဲပေးခင်အထိ ကြားကာလတွေမှာ သူတို့ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အခုဥပဒေမူကြမ်းထဲက အတိုင်းဆိုရင် သူတို့ကို စစ်ခုံရုံးတင် အရေးယူတာတွေ ဘာမှ လုပ်ခွင့် မရှိဘူး၊ ဥပမာ တလောက ဖြစ်သွားတဲ့ စက်တင်ဘာ အရေးတော်ပုံ ကိစ္စမှာ စစ်တပ်က သံဃာတွေကို ရိုက်တာတွေ၊ လူတွေကို သတ်တာတွေကို ဘာမှ အရေးယူလို့ မရတော့ဘူး´

`အင်း´

`နောက်ထပ် ပြောရမယ်ဆိုရင်တော့ ထောက်ပြစရာ အချက်တွေ အများကြီး ကျန်သေးတာပေါ့´

`အင်း´

`နင်က သူတို့အုပ်ချုပ်တာကို ကြိုက်လို့လား´

`ပွင့်ပွင့်လင်းလင်း ပြောရမလား´

`အေးလေ´

`မကြိုက်ဘူး´

`ဒါနဲ့များဟာ´

သူ့ဘက်က အသံတွေ ခဏတော့ တိတ်သွားပါတယ်။ အတန်ကြာတော့မှ…

`ကန့်ကွက်မဲ ထည့်တာကို သိသွားလို့ ပြဿနာရှာရင် ငါပညာတော်သင် မဆုံးမီမှာ မြန်မာပြည် ပြန်ရမှာကိုစိုးတယ်

`……………….´

`ငါတို့က အစိုးရစရိတ်နဲ့ ပညာတော်သင် လာရတာ၊ တခုခုဖြစ်ရင် ငါတယောက်ထဲ မဟုတ်ဘူး၊ မြန်မာပြည်က ငါ့မိသားစုကိုပါ ထိခိုက်မှာ´

`သူတို့ မကောင်းတာတော့ မကောင်းတာပေါ့၊ ဒါပေမယ့် …´

`ကဲ၊ ဘိုင့်ဘိုင်နော်၊ နောက်မှဆုံတာပေါ့ဟာ´

ပြောချင်ရာပြောပြီး သူကတော့ ဖုန်းချသွားပေမယ့် ကျနော်မှာသာ ပြောလက်စ မကုန်သေးတဲ့ စကားတွေနဲ့ ကျန်ခဲ့ပြန်ပါတယ်။

***

`အကို၊ ကျနော်တို့ စင်္ကာပူက မဲပေးပွဲ ပုံတွေကြည့်မလား´

`ဟာ၊ ကြည့်မယ်၊ ကြည့်မယ်´

`အင်း၊ ကျနော် လင့်ခ်ပေးမယ်နော်´

လူငယ်အများစုပါဝင်တဲ့ No စာလုံးပါ အနီရောင် ၀တ်စုံနဲ့ လူအုပ်ကြီးဟာ ထောက်ခံမဲပေးကြမှာလား၊ ကန့်ကွက်မဲ ပေးကြမှာလားဆိုတာကို မေးခွန်းထုတ်စရာ လုံးဝ မလိုတော့တဲ့ ပုံတွေက အားရစရာ၊ အားတက်စရာ…။ သူတို့တတွေကို မြင်ကြရမယ့် မြန်မာသံရုံးတာဝန်ခံ ၀န်ထမ်းတွေရဲ့ မျက်နှာထား ဘယ်လိုရှိနေမလဲဆိုတာ သိချင်စမ်းပါဘိ။ လွတ်လပ်စွာ သဘောထားပေးခွင့် ရှိတဲ့နေရာမှာ လွတ်လွတ်လပ်လပ် သဘောထားပေးကြသူတွေရဲ့ ဆန္ဒကို သူတို့ သိတတ်၊ မြင်တတ်မယ်ဆိုရင်တောင် ရှက်စိတ်နဲ့ ဘုန်းဘုန်းလဲ သေလို့ရလောက်တဲ့ ပုံတွေ…။

***

`အကိုကလို၊ ကျနော်ကတော့ ကန့်ကွက်တဲ့ဘက်က နိုင်စေချင်တယ်´

`ငါတခုခု ဖြစ်ရင် ငါ့မိသားစုမှာ အရင်ဒုက္ခရောက်မှာ၊ ထောက်ခံမဲပေးလိုက်တာက ရန်အေးတယ်၊ ကန့်ကွက်လိုက်လို့ ငါဒုက္ခဖြစ်ရင် ဘယ်သူက ငါ့ကိုကယ်မှာမို့လဲ´

`ကျနော်တို့ ဒီတိုင်းငြိမ်ခံနေတာထက်စာရင် ကျနော်တို့ရဲ့ ဆန္ဒအစစ်အမှန်ဟာ ဘာလဲဆိုတာကို ပြချင်တယ်၊ ဒါကြောင့် ကျနော်တို့တွေ သွားခဲ့ကြတာ၊ အခု သူတို့ ရက်ထပ်တိုးပေးထားတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကန့်ကွက်မဲဟာ ကျနော်တို့ရဲ့ ဆန္ဒအစစ်ဆိုတာကို ပြဖို့ဒီအချိန်ဟာ အကောင်းဆုံး အချိန်ပဲဗျ၊ ရှုံးသည်ဖြစ်စေ နိုင်သည် ဖြစ်စေ ကျနော်တို့ကတော့ ကန့်ကွက်ရမှာပဲ၊ ဒါဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို တရားဝင် ထုတ်ဖော်ခွင့်´

***

တယောက်သောသူက အပူအပင်ကြောင့်ကြ ကင်းကင်း မိဘလုပ်စာနဲ့ ကျောင်းလာတက်နေတဲ့ လူငယ်လေး၊ နောက်ထပ် တယောက်ကတော့ `အစိုးရစရိတ်´ လို့ သူထင်နေတဲ့ `ပြည်သူ့စရိတ်´ နဲ့ နိုင်ငံရပ်ခြားရောက် ပညာတော်သင် တယောက်၊ နောက်ထပ် တယောက်ကတော့ ပညာရှာရင်း တနယ်တကျေးရောက် ကျောင်းသားတယောက်…။

ဝေဖန်ချက်တွေ၊ သုံးသပ်ချက်တွေ မပေးလိုပေမယ့် ကျနော် သူတို့ကို စကားတွေ အများကြီး ပြောချင်နေသေးတယ်။ ပြီးတော့…။

ကျနော် သူတို့လိုပဲ `မဲပေးခွင့်´ အခွင့်အရေး ရချင်နေတယ်။

ကန့်ကွက်မဲလေး တခုအတွက်ပေါ့။

***


ကလိုစေးထူး