Thursday, May 15, 2008

လိုနေတာ…

`တိုင်းပြည်ကို ဘယ်သူက အုပ်ချုပ်နေတာပဲ ဖြစ်ဖြစ် အဲဒီတိုင်းပြည်ကို စေတနာဘယ်လောက် ထားလဲဆိုတာက အဖြေပဲ´

အထက်ပါ စကားကို ကျနော်တို့တတွေ အုပ်စုပေါင်းများစွာကနေပြီးတော့ လူပေါင်းများစွာက အမြင်ပေါင်းများစွာကနေ ပြောဆို၊ ဆွေးနွေး ငြင်းခုန်ခဲ့ကြဖူးပါရဲ့…။ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အာဏာရအုပ်စုက ခေါင်းဆောင်ကြီး၊ ခေါင်းဆောင်ငယ်၊ ခေါင်းဆောင် ပေါက်စနဲ့တကွ နောင် ခေါင်းဆောင် ဖြစ်လတ္တံ့သော ခေါင်းဆောင်လောင်း ပိစိကွေးလေးက အစ သူတို့ကို ဆန့်ကျင် ပုန်ကန်နေကြတဲ့ အဖွဲ့အစည်းပေါင်းစုံ အလယ်၊ ကျနော်တို့လို သာမန်ပြည်သူတွေအဆုံး အားလုံးအားလုံးက `တိုင်းပြည် အုပ်ချုပ်နေသူတွေရဲ့ တိုင်းပြည်အပေါ်မှာ ထားတဲ့ စေတနာတရား´ ဟာ ဘာလဲဆိုတာ အမျိုးမျိုး သုံးသပ်ကြည့်ဖူးခဲ့ကြပါတယ်။

အခုတော့…။

***

ပြန်ပြောရကြစတမ်း ဆိုရင်တော့ ကျနော်တို့ နိုင်ငံကို တခြားသော ကမ္ဘာ့နိုင်ငံတွေက `စစ်အာဏာရှင် နိုင်ငံ´ `စစ်အစိုးရ နိုင်ငံ´ `စစ်အုပ်ချုပ်ရေး နိုင်ငံ´ စသဖြင့် စသဖြင့် အမျိုးမျိုး သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲ ခေါ်ခေါ်ပါ၊ အဲဒီလို ခေါ်ကြတဲ့ အကြောင်းရင်းကတော့ လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာက စစ်တပ် ဖြစ်နေလို့ပါပဲ။

ကဲ..၊ ဒီတော့ ကျနော်တို့ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့စစ်တပ်၊ မြန်မာစစ်တပ်ရဲ့ အဓိကတာဝန်က ဘာလဲဆိုတာကို လေ့လာကြည့်ချင်ပါတယ်။ မြန်မာစစ်တပ်ရဲ့ (သူတို့ တပ်တွင်းက ဆောင်ပုဒ်) အဓိကတာဝန်ကြီး သုံးရပ် ရှိပါသတဲ့…။ အဲဒါတွေကတော့…

(၁) စစ်တိုက်ရန်။

(၂) စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်။

(၃) စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ဆိုပြီး သုံးရပ်ရှိကြောင်း လေ့လာသိရှိရပါတယ်။

စစ်သားဆိုတော့ စစ်တိုက်ရမှာက သူတို့ရဲ့ တာဝန်ပေါ့။ ဒါက နံပါတ်တစ် ဖြစ်နေတာ ငြင်းစရာ မရှိပါဘူး။ စစ်တိုက်ဖို့ မရှိရင်တော့လဲ လေ့ကျင့်ရမှာပေါ့။ ဒါကိုလည်း မေးခွန်းထုတ်စရာ မလိုပြန်ပါဘူး။ ဒါဖြင့် စစ်တိုက်ရန်နဲ့ လေ့ကျင့်ရန် မရှိတဲ့ အချိန်မှာဆိုရင် စစ်သားတွေရဲ့ တာဝန်က ဘာပါလဲ။ အဲဒါကို တွေးမိတော့ အခု ဆောင်းပါးကို ရေးမိပါတယ်။

***

တခြား အကြောင်းအရာတွေ ရှည်ရှည်ဝေးဝေး မပြောလိုပါ။ ကျနော်တို့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေမှာ မြန်မာပြည် နိုင်ငံရေးအနေအထားအရပဲ ဖြစ်ဖြစ်၊ လက်ရှိအာဏာပိုင်တွေ ရင်ဆိုင်နေရတဲ့ စစ်ရေး အခြေအနေအရပဲဖြစ်ဖြစ် `စစ်တိုက်ရန်´ ဆိုတဲ့ အချက်ဟာ အခုအချိန်မှာ လုံးဝ အဓိက ကျမနေပါဘူး။ ဆိုလိုတာက စစ်တပ်ရဲ့ အဓိကဦးစားပေး တာဝန်ဖြစ်တဲ့ `စစ်တိုက်ရန်´ ဆိုတာကို အခုအချိန်မှာ ထည့်သွင်းတွက်ချက်နေစရာ မလိုအပ်ပါဘူး။

နံပါတ်(၂) အချက်ဖြစ်တဲ့ `စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်´ ဆိုတာကျတော့လည်း အထက်မှာ ကျနော်ပြောခဲ့တဲ့ အခြေအနေတွေကို မူတည်ပြီးတော့ ပြန်စဉ်းစားရင်ကိုပဲ ကျနော်နိုင်ငံ စစ်တပ်အနေနဲ့ `လာဟေ့၊ ထိုးကွ၊ ချကွ၊ ချီတက်ကွ´ ဆိုပြီး စစ်ပြင်ဆင် လေ့ကျင့်နေဖို့ အခြေအနေ လောလောဆယ်မှာ မရှိသေးပါဘူး။ ဘယ်နိုင်ငံကိုမှလဲ သွားတိုက်နေတာ မဟုတ်သလို၊ ဘယ်နိုင်ငံကမှလဲ ကျနော်တို့ နိုင်ငံကို လာတိုက်မနေပါဘူး။

ဒီတော့ နောက်ဆုံးအချက် ဖြစ်တဲ့ နံပါတ်(၃) အချက်ဖြစ်တဲ့ `စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန်´ ဆိုတဲ့ အချက်ကို စဉ်းစားဖို့ လိုလာပါတယ်။ တကယ်တော့ အခု လက်ရှိ ကျနော်တို့ နိုင်ငံကြုံတွေ့နေရတဲ့ အခြေအနေအရ အဲဒီနံပါတ်(၃) အချက်ဟာ လက်ရှိ မြန်မာစစ်တပ်အတွက် ပထမဦးစားပေး အချက်ဖြစ်နေတယ် ဆိုတာကို ငြင်းချက်ထုတ်စရာ လုံးဝ မလိုတော့ပါ။

***

မြန်မာစစ်တပ်ရဲ့ လက်ရှိအင်အားကို စစ်သည်လေးသိန်းခန့် ရှိမယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ တကယ်လဲ ရှိနိုင်တဲ့ အင်အားပါပဲ။ စစ်တိုင်းကြီးတွေ၊ တပ်မဌာနချုပ်တွေ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေနဲ့ တကွ လက်ရုံးတပ် အင်အားတွေကိုပါ တွက်ချက်လိုက်မယ်ဆိုရင် စစ်သည်အင်အား လေးသိန်းဆိုတဲ့ အင်အားထက်တောင် သာလွန်နိုင်ပါသေးတယ်။

မြန်မာစစ်တပ်ဟာ ပြည်သူ့အကျိုးပြုလုပ်ငန်းကို စစ်ဆင်ရေး တခုသဖွယ် အားစိုက်လုပ်ခဲ့ဖူးတဲ့ သာဓကတွေတော့ ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ကားလမ်း၊ ရထားလမ်းဖောက်ခဲ့တဲ့ လုပ်ငန်းတွေမှာပါ။ အဲဒီအချိန်တုန်းကဆိုရင် လမ်းဖောက် တာဝန်ကျတဲ့ တပ်မတွေ၊ တပ်ရင်းတွေဟာ ရှေ့တန်းစစ်ထွက်အင်အားအတိုင်း၊ ရှေ့တန်းစစ်ဆင်ရေးထွက်တဲ့ အတိုင်းကို အားစိုက်ဆောင်ရွက်ခဲ့ကြဖူးပါတယ်။ ဆိုလိုတာက တကယ်တမ်းသာ အလုပ်လုပ်မယ်ဆိုရင် မြန်မာစစ်တပ်ဟာ လိုအပ်ရင် လိုအပ်သလို သူ့အင်အားကို ထုတ်သုံးနိုင်တဲ့ အင်အားရှိပါတယ်။

အခု ကျနော်တို့ မြန်မာနိုင်ငံမှာ မကြုံစဖူး ထူးထူးကဲကဲ ရင်ဆိုင်ခဲ့ရတဲ့ ကပ်ဘေးဆိုးကြီးကြောင့် မရပ်နိုင်သေးတဲ့ စာရင်းဇယားတွေနဲ့ အတူ လူ့အသက်ပေါင်း မြောက်မြားစွာ သေဆုံးခဲ့ကြပြီးပါပြီ။ မသေဘဲ ကျန်တဲ့လူတွေမှာလဲ ဒုက္ခပေါင်းစုံအတိနဲ့၊ မုန်တိုင်းတိုက်ခတ်သွားတဲ့ နေရာတွေကို ကြည့်လိုက်ရင် ပြိုပျက်လဲပြိုနေတဲ့ အိမ်တွေ၊ ဟိုဟိုဒီဒီ ပြန့်ကျဲနေတဲ့ သက်မဲ့အလောင်းတွေ…။

နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို အခုအချိန်ထိတိုင်အောင် မြန်မာအာဏာပိုင်တွေက ဗီဇာထုတ်ပေးခြင်း မရှိသေးပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ဝေဖန်ချက်ပေါင်းစုံ ထွက်ပေါ်နေပေမယ့်လည်း အာဏာပိုင်တွေကတော့ တုတ်တုတ်မှ မလှုပ်သေးပါ။

မြန်မာစစ်တပ်ကို သစ္စာတော်စောင့်သိရတဲ့ စစ်ခေါင်းဆောင်ငယ်လေး တယောက်ကတော့ သူတို့ခေါင်းဆောင်ကြီးတွေဘက်ကနေ ဖေးဖေးမမနဲ့ ဒီလိုပြောပါတယ်။ `လူကြီးတွေက ရှေ့နောက်ချင့်ချိန် တွက်ချက်နေတာ၊ တကယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက မြန်မာပြည်ထဲဝင်လာပြီးမှ ပြန်မထွက်ကြတော့ရင် ဘယ်လိုလုပ်မလဲ´ တဲ့…။

ဟုတ်ပြီ…၊ သူတို့တွေးသလိုမျိုး နိုင်ငံရေးကယ်ဆယ်ရေး အဖွဲ့တွေက တိုင်းပြည်ထဲဝင်လာပြီး ပြန်မထွက်မှာစိုးလို့ ပြည်ဝင်ခွင့် မပေးဘူးဆိုရင် ကယ်ဆယ်ရေးတာဝန်တွေအတွက် ဘယ်လို စဉ်းစားဆောင်ရွက်သင့်သလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

မကြာသေးခင်ကမှ တရုတ်နိုင်ငံ ငလျင်အပြီးမှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ဟာ ငလျင်ဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး လုပ်သားပေါင်း ၅၀၀၀၀ ကျော်ကို ချက်ချင်းစေလွှတ်ခဲ့တယ်လို့ သိရှိခဲ့ရသလို သူတို့နိုင်ငံရဲ့ ရုပ်သံသတင်းတွေမှာ ဆိုရင်လည်း ဝေဒနာခံစားနေရတဲ့ လူမမာတွေကို ဂရုတစိုက်နဲ့ ဆေးကုသပေးနေတဲ့ သူနာပြုတွေ၊ အဆောက်အဦတွေအောက်မှာ ပိတ်မိနေဆဲ လူတချို့ကို ကြိုးစားပမ်းစား ကယ်ထုတ်နေတဲ့ တရုတ်စစ်သားတွေရဲ့ ပုံရိပ်တွေဟာ အားကျဖို့ကောင်းသလို တရုတ်အစိုးရရဲ့ သူ့ပြည်သူအပေါ် ဂရုတစိုက် ရှိမှုကိုလဲ အထင်းသားပေါ်လွင်နေစေပါတယ်။

ဒါဖြင့် ကျနော်တို့ နိုင်ငံကရော…၊ သူတို့နိုင်ငံလိုပဲ သူနာပြုတပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေးအလို့ငှာ တပ်ရင်းတပ်ဖွဲ့တွေ ကို စစ်ဆင်ရေး တရပ်လို သဘောထားစုဖွဲ့ပြီးတော့ မုန်တိုင်း တိုက်ခတ်သွားတဲ့ ဒေသတွေကို စေလွှတ်ပေးဖို့ မဖြစ်နိုင်ပေဘူးလား။ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက်ဆိုရင် အလုံးအရင်းနဲ့တကွ အမြန်ဆုံးရောက်လာတတ်တဲ့ စစ်သားတွေဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်လဲ အဲဒီလိုပဲ အင်အားကောင်းကောင်းနဲ့ ဆောင်ရွက်ကြမယ် ဆိုရင် ဘယ်လောက်များ ကောင်းလိုက်ပါမလဲ။

နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေကို အ၀င်မခံဘူး ဆိုမှတော့ ကိုယ့်မှာ ရှိတဲ့လူတွေနဲ့ ဖြစ်အောင်လုပ်ပြနိုင်တဲ့ အရည်အသွေးကိုတော့ ပြသရမှာ ဖြစ်ပါတယ်။ အခုအချိန်ထိကတော့ ပြည်သူပြည်သား အချင်းချင်း တပိုင်တနိုင် ကူညီကြတာက လွဲလို့ အစိုးရတရပ်အနေနဲ့ လုပ်နိုင်၊ လုပ်သင့်တဲ့ အလုပ်တွေကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမျိုး မတွေ့ရသေးတာတော့ အမှန်ပါ။ မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့ပေါ်မှာ လဲကျနေတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ရှင်းလင်းပေးတာနဲ့တင် လုံလောက်သွားပြီလို့ ယူဆနေရော့သလားတော့ မသိနိုင်ပါဘူး။

တကယ်တမ်းသာ ထိထိရောက်ရောက် စေတနာပါပါနဲ့ လုပ်မယ်ဆိုရင် `တပ်မတော် ဆေးတက္ကသိုလ်´ `တပ်မတော် သူနာပြု တက္ကသိုလ်´ က မွေးထုတ်ပေးလိုက်တဲ့ စစ်ဘက်ဆရာဝန်၊ သူနာပြုတွေ နဲ့ တကွ ဆေးတပ်ရင်းတွေ…၊ ကြီးမားတဲ့ စစ်ရေးဆိုင်ရာ တိုက်ပွဲတွေ မရှိသေးတဲ့အတွက် ဒဏ်ရာရသူတွေကို အလောဆုံးဆယ် ကုသမနေရတဲ့အတွက် စစ်တပ်ထဲမှာ ပိုလျှံနေမှာဖြစ်တဲ့ ဆေးဝါးတွေ ဟာ သဘာဝဘေးဒဏ်သင့် ပြည်သူတွေအတွက် သုံးလို့ ရနိုင်ပါလျက် ဒါကိုရော ဘာကြောင့် ဖင့်နှေးနေရပါသလဲ ဆိုတာ စဉ်းစားလို့ မရပါဘူး။

ဒါတောင် အခုကျနော် တင်ပြနေတဲ့ အချက်တွေဟာ လတ်တလော အခြေအနေတခုတည်းအတွက်ပဲ ရှိပါသေးတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ ပြည်သူတွေကို သူတို့ရဲ့ နေရပ်တွေမှာ အခြေတကျပြန်ဖြစ်အောင် စနစ်တကျ နေရာပြန်ချပေးဖို့ ဆိုတဲ့ နောက်ဆက်တွဲ အလုပ်တွေက ရှိပါသေးတယ်။ အဲဒီ လုပ်ငန်းတွေမှာလဲ တကယ်တမ်းသာ စစ်တပ်က စေတနာပါပါနဲ့ ကူညီဆောင်ရွက်ပေးမယ်ဆိုရင် နိုင်ငံတကာကနေ လှူဒါန်းထားတဲ့၊ လှူဒါန်းနေဆဲ ဖြစ်တဲ့၊ နောက်ထပ်လဲ လှူဒါန်းလာဦးမယ့် ကယ်ဆယ်ရေး ပစ္စည်းတွေက အပုံအပင်ပါ။

ပြန့်ကျဲနေတဲ့ လူ၊ တိရိစ္ဆာန်အလောင်းတွေကို သင့်တော်သလို မြေမြုပ်သဂြိုလ်ဖို့ဆိုတာဟာလဲ ကြီးမားတဲ့ လိုအပ်ချက်တခု ဖြစ်တဲ့အတွက် မှိုလိုပေါက်နေအောင် မြန်မာပြည် အနှံ့ဖွဲ့စည်းထားတဲ့ ခြေလျင်ခြေမြန် တပ်တချို့ကို အဲဒီတာဝန်တွေ ပေးလို့ရပါတယ်။

အခုတော့ အဲဒီလို တာဝန်တွေ ထိထိရောက်ရောက် ယူပေးဖို့ နေနေသာသာ ကြားရ၊ သိရ၊ ဖတ်ရတဲ့ သတင်းတွေက ဘယ်လိုမှ အားရစရာ မရှိပါ။ နိုင်ငံတကာက လှူထားတဲ့ သွပ်ပြားတွေကို အခကြေးငွေနဲ့ ပြန်ရောင်းနေတဲ့ သတင်း၊ လှူထားတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို ဈေးထဲမှာ သွားပြန်သွင်းတဲ့ သတင်း၊ ဆေးဝါးပစ္စည်း တချို့ကို ဈေးထဲမှာ ပြန်ရောင်းနေတာ တွေ့ရတဲ့ သတင်း၊ အို… နောက်ဆုံး ကုန်ကုန်ပြောရရင်တော့ ဘီစကွတ်မုန့်တွေကိုပါ ခိုးစားတဲ့ သတင်း…။ ဘယ်လို နှလုံးသားမျိုးတွေပါလိမ့် ဆိုတာကို မစဉ်းစားတတ်တော့သလို သူတို့အတွက် ဘယ်လို စကားလုံးမျိုး သုံးရမှန်း မသိတော့အောင်ကို တုန်လှုပ်ခြောက်ခြားမိလှပါတယ်၊ ရွံရှာမိလှပါတယ်။

နိုင်ငံတကာက ကူပါမယ်၊ သူတို့ရဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ၀င်ခွင့်ပေးပါ လို့ ထပ်ခါတလဲလဲ တောင်းဆိုနေကြဆဲပါပဲ။ သူတို့ကို မယုံလို့ ၀င်ခွင့် မပေးဘူးလို့ တွေးဆတယ်ဆိုရင် ကိုယ်ကိုယ်နှိုက်ကရော ဘာအကူအညီတွေ ပေးနိုင်သလဲ၊ ဘာတွေရော ကူနေသလဲဆိုတာကို ပြန်လည် ဆင်ခြင်သင့်လှပါတယ်။ အခုတော့ `ငါလဲ မကူနိုင်ဘူး၊ မင်းတို့တွေလဲ ငါ့နိုင်ငံပြည်တွင်းရေးကို ဘာမှ လာမရှုပ်နဲ့၊ ပြည်တွင်းထဲက ရုတ်ရုတ်ရုတ်ရုတ် လုပ်တဲ့ကောင်တွေလဲ ဆူဖို့တော့ မစဉ်းစားနဲ့´ ဆိုတဲ့ အပေါက်မျိုး ချိုးနေလေတော့ …၊ ဒီလူတွေရဲ့ `စေတနာ´ ဆိုတဲ့ စကားကို ကျနော်တို့ ဘယ်လို ယုံစားရပါတော့မလဲ။

***

ကျနော်တို့ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များ အလွန်အင်မတန် သဘောတွေ့နှစ်ခြိုက်ပုံရပြီး ပါးစပ်ဖျားကမချတဲ့ စကားတခွန်း ရှိပါတယ်။

အဲဒါကတော့ `အမျိုးသားရေး တာဝန်´ ဆိုတဲ့ စကားလုံးပါ။

ကြိုက်လွန်လွန်းလို့ ဟင်နီကင်နဲ့ ကားလ်စ်ဘတ် ဘီယာတွေကို မြန်မာပြည်တွင်းမှာ ပိတ်ပင်ခဲ့တုန်းကတောင် အဲဒီဘီယာတွေဟာ `အမျိုးသားရေး တာဝန်အရ သောက်သုံးရန် မသင့်´ ဆိုပြီး အဲဒီ စကားလုံးကို သုံးလိုက်ပါသေးတယ်။

အခု ကျနော်တို့ နိုင်ငံမှာ လက်တလောကြုံတွေ့နေရတဲ့ အကျပ်အတည်း၊ ကပ်ဘေးအန္တရာယ်ရဲ့ ဒုက္ခ၊သုက္ခ အပေါင်းဟာ သူတို့ စကားကိုပဲ ထပ်ကွန့်ပြီး ပြောရရင် `အမျိုးသားအရေး၊ တမျိုးသားလုံးရဲ့ အရေး´ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာလောက် အရေးကြီးတဲ့ အမျိုးသားရေး မရှိပါဘူး။ အဲဒီ အမျိုးသားရေးကို ပူးပေါင်းဖြေရှင်းဖို့အတွက်ကတော့ အဓိက အကျဆုံး လိုအပ်ချက်က တခုပဲ ရှိပါတယ်။

အဲဒါကတော့ `စေတနာတရား´ ပါပဲ။ ဒါကြောင့်…

ဒီဆောင်းပါးရဲ့ အစမှာ ကျနော်ရေးခဲ့တဲ့ စာကြောင်းနဲ့ပဲ နိဂုံးသတ်ပါရစေ…။

`တိုင်းပြည်ကို ဘယ်သူက အုပ်ချုပ်နေတာပဲ ဖြစ်ဖြစ် အဲဒီတိုင်းပြည်ကို စေတနာဘယ်လောက် ထားလဲဆိုတာက အဖြေပဲ´


ကလိုစေးထူး

9 comments:

Anonymous said...

စာတွေရေးလဲ အလကားပဲထင်တယ်
သူတို့သာမတတ်ဘူးလေ..

ဖြူ

Anonymous said...

စာမတတ်ဘူးလေ. စာလုံးပေါင်း မှားလို့ ပြန်ပြင်တာ
အားလုံးသိတယ်.. သူတို့မသိဘူး
အားလုံးမြင်တယ် သူတို့ မမြင်ဘူး
အားလုံး ကြားတယ် သူတို့ မကြားဘူး
သူတို့က လူတွေမှ မဟုတ်ကြတာ..

ဖြူ

Anonymous said...

လိုနေတာ ကို သူတို့ မသိတာခက်တယ် စစ်သားဆိုမှတော့ စစ်တိုက်ဖို့ လောက်ပဲတက်မှာပေါ့ လူမှုရေးဘယ်နားလည်မှာလဲ UN အဖွဲ့ တွေ ပြန်မထွက်မှာကိုပဲ ကြောက်နေသေးတယ် နိုင်ငံခြားသား အများဆုံးဝင်လာရင် အယောက် ၁၀၀၀ ပေါ့ သူတို့ စစ်အင်အား ၄ သိန်းကျော်က ဒီလောက် လူလေးကိုကြောက်စရာလား မဟုတ်တာလုပ်ထားတဲ့ ခလေးလို့ ပေါ့ မျက်စိပျက် မျက်နှာပျက် ကြောက်ကလည်းကြောက် ရိုက်ခံထိမှာဆိုးလို့  ငြင်းလည်း ငြင်းသေးဆိုသလိုဖြစ်နေတယ် ........။ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်းအားရှိမယ် ဆိုတဲ့ သီချင်းမှားနေတယ် တပ်မတော် အင်အားရှိမှ တိုင်းပြည် အမျိုးပြုတ်မယ် ဖြစ်ရမှာ................။ လူမဟုတ်တာတွေကို ပြောရတာကလည်း အရာမေ၇ာက်ပါဘူး လေကုန်တယ် လက်ညောင်းတယ် ။ တကယ်ဆိုရင်တော့ တိုင်းပြည်အုပ်ချုပ်သူက ကိုယ့်ပြည်သူအပေါ်တော့ စေတနားလေး ထားသင့်ပါတယ် ဒါလေးပဲ လိုနေတာ ပါ အခုတော့း((((

sawthanlwin said...

Junta has not any goodwill to civilian.They already destroyed many people`s life, hope ,dignity, honest, loyal.......in this Cyclone Nargis.
Obvious this cyclone Nargis later they could not hide what they have done to Myanmar people..

Unknown said...

မျှတမှု ရှိပါတယ်အစ်ကို...။ လက်ခံပါတယ်...။

M.Y. said...

အင်း...
အမျိုး များအ ရေးတာဝန်
အမျိုးသားအရေး တာဝန် ..
စေတနာ..မှန်...
...ခွဲခြားနားလည်စွမ်းတဲ့အမြော်အမြင်ရှိသော သူများ အုပ်ချုပ်မှပဲ...ဖြစ်နိုင်ပေမည်..

Thyda said...

သူများကူညီတာလဲလက်မခံ၊ ကိုယ်ကိုတိုင်လဲမလုပ်၊ မနေနိုင်တဲ့ကိုယ့်လူမျိုးအချင်းချင်းကူညီမယ်ဆိုတော့လည်းအဝင်မခံ၊ အကုသိုလ်တွေတခုပြီးတခုထပ်လိုချင်ပုံရတယ်နော်။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ငါ ငါ့မိန်းမ ငါ့သားသမီး ငါ့ဆွေမျိုး ဘာမ မဖြစ်ပြီးတါ ဘဲ စိုတာကိုသက်သေပြလိုက်တာပါဘဲ..,

စိုးမြနန္ဒာသက်လွင်..

Tea said...

စစ်အစိုးရကို ထပ်မံရှုတ်ချလိုက်ပါသည်။