Saturday, February 24, 2007

နှုတ်အားဖြင့် ဖြစ်စေ…

ပြီးခဲ့တဲ့ အပတ်က ကြည့်လိုက်ရတဲ့ ဒီဗွီဘီ ရုပ်သံသတင်းမှာ သတင်းတခုကို သတိထားမိပါတယ်။ အဲဒါကတော့ `မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB)´ က နယ်စပ်တလျှောက်က ဒုက္ခသည် စခန်းတွေမှာ အမျိုးသမီးတွေကို အိမ်တွင်း အကြမ်းဖက် ခံနေရခြင်း အကြောင်းကို ပညာပေး ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတဲ့ သတင်းပါ။

တကယ်တော့ WLB အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတာကို လုပ်နေခဲ့တာဟာ ပြောမယ်ဆိုရင် သူတို့ အဖွဲ့ကို စတင် တည်ထောင်ကတည်းကလို့ ဆိုရမှာပါ။ ဒါပေမယ့် အခုတခါ သတင်းမှာတော့ ထူးခြားတာ တခုကို သွားသတိထား မိပါတယ်။

အဲဒါကတော့ အိမ်တွင်း အကြမ်းဖက်မှု ဆိုတာဟာ ထိုးကြိတ်၊ ကန်ကျောက်၊ ရိုက်နှက် အစရှိတဲ့ ကိုယ်ကာယအားနဲ့ နှိပ်စက်ကလူ ပြုတာကိုတင် ဆိုလိုတာ မဟုတ်ဘဲ နှုတ်အားဖြင့် အနိုင်ကျင့်တာဟာလဲ အိမ်တွင်းအကြမ်းဖက်တာ၊ တနည်းအားဖြင့် အမျိုးသမီးများကို ဖိနှိပ်၊အကြမ်းဖက်ခြင်း တမျိုးဖြစ်တယ်ဆိုတာပါ။ ကာယကံအားဖြင့် နှိပ်စက်ကလူ မပြုသည့် တိုင်အောင် ၀စီကံအားနဲ့ အမျိုးသမီးတယောက်ကို ထိခိုက် နာကျင်အောင် ပြောဆိုတာဟာလဲ အကြမ်းဖက်ခြင်း သက်ရောက်နေတယ်ဆိုတဲ့ အချက်ကို သူတို့ ပညာပေးပါတယ်။

အဲဒီ သတင်းကို ကြည့်ပြီးတော့ ကျနော့် စိတ်ကူးထဲကို တွေးစရာတွေ အများကြီး ရလာခဲ့ပါတယ်။ ကျနော်တွေးမိတာက `အိမ်တွင်း´ဆိုတဲ့ နယ်ပယ် ကျဉ်းကျဉ်းလေးတင် မကဘဲ ကျနော်တို့တတွေ နေထိုင်ရှင်သန်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ အမျိုးသမီးနဲ့ အမျိုးသားတွေ အကြားမှာ ကျနော်တို့ သတိမထားမိသော၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံနေသော စကားအသုံး တချို့တွေ အကြောင်းကို တွေးမိတာပါ။ ကဲ.. ဘယ်လို စကားမျိုးတွေပါလိမ့်။ လေ့လာကြည့်ကြပါစို့..။

`မိန်းမလို မိန်းမရ သိပ်ဆန်တာပဲ´

အထက်ပါ စကားလေးကို ကြည့်လိုက်ရင် တိုတောင်းပါတယ်၊ ဒါပေမယ့် အဲဒီ တိုတောင်းတဲ့ စကားရဲ့ နောက်ကွယ်မှာ အမျိုးသမီးတွေဟာ နေရင်းထိုင်ရင်းနဲ့ကို အမျိုးသားများထက် နိမ့်ကျနေသယောင်ယောင် အဓိပ္ပာယ်ဆီကို ဦးတည်နေပါတယ်။ ကြည့်ပါ..။ အမျိုးသား တယောက်ယောက်က နည်းလမ်းမကျတဲ့ အရာတခုခုကို ပြောဆိုနေရင်၊ လုပ်ကိုင်နေရင် အဲဒီလို ပြောလိုက်ပါတယ်။ `မိန်းမကြီး ကျနေတာပဲ၊ တဖျစ်တောက်တောက် ပြောနေလိုက်တာ´ `ထဘီ ၀တ်ထားပါလား´ စတဲ့ စတဲ့ စကားတွေကို ကြည့်ရင် အသုံးမကျသော၊ ဒါမှမဟုတ် အမှားလုပ်သော ယောက်ျား တယောက်ဟာ မိန်းမနဲ့ တူတယ် ဆိုတဲ့ သဘောကို ဆိုလိုနေသလို ဖြစ်နေပါတယ်။

ကဲ.. ဒါဖြင့်၊ ကျနော်တို့ ယောက်ျားတွေက မိန်းမတွေထက် အလိုလိုများ သာနေပြီတဲ့လား။ ကျနော်တော့ သိပ်မထင်ပါ။ အမေရိကန်နိုင်ငံက အိမ်မဲ့ယာမဲ့ အခြေအနေမဲ့ ယောက်ျားတယောက်က ကွန်ဒိုလီဇာရိုက်လို မိန်းမ တယောက်ထက် ဘယ်လိုမှ မသာနိုင်ပါ။ အဲဒီလိုပါပဲ။ ဥဒုမ္မရဒေ၀ီဟာလဲ ပိင်္ဂုတ္တရ လုလင်ထက် များစွာသာပါတယ်။ အဓိကက လူပါ။ လူတဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကသာလျှင် အရေးအကြီးဆုံးပါ။ ဒီလိုဆိုရင် ဘာဖြစ်လို့များ ဒီလိုစကားတွေကို လွယ်လွယ်နဲ့ ပြောလိုက်ရအောင်၊ ပြောနေရအောင် တွင်ကျယ်နေရပါသလဲ။ လေ့လာကြည့်ရအောင်…။

ကျနော်တို့ တတွေဟာ အမိဝမ်းထဲက ထွက်လာပြီဟေ့ဆိုတာနဲ့ မိမိကိုမွေးဖွားပေးရာ ပတ်ဝန်းကျင်အလိုက် အဲဒီ ပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို လက်ခံသင်ယူကြရလေ့ ရှိပါတယ်။ ဥပမာအားဖြင့်.. အ၀တ်အစားတွေမှာ ဆိုရင် မိန်းကလေးက ဒီအရောင်။ ယောက်ျားလေးက ဒီအရောင် သတ်မှတ်ပေးလေ့ရှိပါတယ်။ အနီးစပ်ဆုံး ပြောရရငတော့် ပန်းရောင်ကို ဆင်မြန်းဝတ်ဆင်တဲ့ ယောက်ျားတယောက်ဟာ `မိန်းမအရောင်ကြီး ၀တ်လာတယ်´ ဆိုပြီး အလှောင်ပြောင် ခံရလေ့ရှိပါတယ်။

အဲဒါအပြင် မိန်းမတွေရဲ့ ထဘီတွေကို ထိမိကိုင်မိရင်ပဲ ဘုန်းကံနိမ့်တော့မယောင်ယောင် သင်ကြားပေးတဲ့ ပတ်ဝန်းကျင်ထဲမှာလဲ ကျနော်တို့တတွေ ကြီးပြင်းလာရလေ့ ရှိပါတယ်။ အဲဒီလို အသေးစိတ်ကလေးများကနေ ခွဲခြားလာလိုက်တာဟာ တဆင့် တဆင့်နဲ့ စစ်သားဆိုရင် ယောက်ျားအလုပ်၊ ရက်ကန်းရက်တာက မိန်းမအလုပ်၊ အဲဒီကတဆင့် နောက်ထပ် နောက်ထပ်နဲ့ ခွဲခြားလာလိုက်တာဟာ အမျိုးသမီးတွေဟာ နေရင်းထိုင်ရင်းနဲ့ အမျိုးသားတွေရဲ့ အောက်တဆင့်နိမ့်ကို ရောက်နေရာ ကျနေပါတော့တယ်။

အဲဒီလိုနဲ့ ခွဲခြားလိုက်ရင်းနဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ အကြား စိတ်စွမ်းရည်ကိုလဲ ဒီလို သတ်မှတ်ပစ်လိုက်ပါတယ်။

ယောက်ျားဆိုတာ သတ္တိရှိတယ်၊ ရဲရင့်တယ်၊ တည်ငြိမ်တယ်၊ စဉ်းစား ဆင်ခြင်နိုင်စွမ်းလဲ ရှိတယ်။ မိန်းမများကတော့ ပျော့ညံ့တယ်၊ မူယာမာယာများတယ်၊ စဉ်းစားဆင်ခြင်စွမ်းလဲ နည်းတယ် စသဖြင့် စသဖြင့်တွေ သတ်မှတ်ပစ်လိုက်ပါတယ်။ အဲဒီ အမြင်တွေဟာ အချိန်တွေကြာလာလေလေ ခိုင်မာလာလေလေ ဖြစ်ပြီးတော့ လိင်ကွဲပြားမှု တခုတည်းနဲ့တင်ကို အဲဒီ ပုံစံခွက်ကြီးနဲ့ တိုင်းတာ ပြောဆိုကြပါတော့တယ်။

ပိုဆိုးတာက အမျိုးသမီးတွေကို ခပ်နှိမ်နှိမ်ပြောတဲ့ သဘောသက်ရောက်တဲ့ အထက်ပါ စကားတွေကို အမျိုးသားတွေသာမက တချို့ အမျိုးသမီးတွေကပါ သတိမမူဘဲ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို သုံးနေကြတာပါ။ ဥပမာအားဖြင့် အမျိုးသမီးတယောက်က သူနဲ့ အချေအတင် ဖြစ်တဲ့ အမျိုးသားတယောက်ကို နာအောင်ရည်ရွယ်ပြီး `ယောက်ျားကြီးဖြစ်ပြီး မိန်းမလို မိန်းမရ၊ ကက်ကက်လန် ရန်တွေ့နေလိုက်တာ၊ ထဘီဝတ်ထားပါလား´ လို့ ပြောပစ်လိုက်ပါတယ်။ နစ်နစ်နာနာ နာပါစေတော့ပေါ့၊ ပြောပစ်လိုက်တာပါပဲ။ ဒါပေမယ့် အဲဒီလို ပြောပစ်လိုက်တဲ့ တခဏမှာတင် သူဟာ သူနဲ့တကွ အမျိုးသမီးထု တရပ်လုံးဟာ အမျိုးသားများထက် အောက်တဆင့်နိမ့်နေသယောင်ယောင် ပြောမိသွားပါတယ်။

တကယ်တော့ မြန်မာစကားပုံမှာ `နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ´ ဆိုတဲ့ အဖိုးတန် စကားပုံ တခုရှိပြီးသားပါ။ စကားတခွန်းရဲ့ ထိရောက်နိုင်မှုစွမ်းအားဟာ လက်နဲ့ ရိုက်ပုတ်လိုက်တာထက် ပိုလို့ နာကျင်စေပါတယ်။ စိတ်ကို အနာရစေပါတယ်။ အတွေးတွေကို ပျက်စီးစေပါတယ်။ စကားတခွန်းဟာ လူတယောက်ရဲ့ အနာဂတ်ကို မဲ့သွားစေနိုင်လောက်အောင် ထိရောက်စေပါတယ်။ ပြင်းထန်စေပါတယ်။ လက်နဲ့ ရိုက်ပုတ်မှ နာကျင်စေတာ မဟုတ်ပါ။ စိတ်မှတ်သည်းခြေကို ထိခိုက်နာကျင်စေတဲ့ မြားအစင်းပေါင်းများစွာလို အစွမ်းထက်တဲ့ စကားတွေဟာလဲ ခွဲခြားဆက်ဆံရာ၊ ဖိနှိပ်ရာ ကျနေပါတယ်။

ကျနော့်ကို အမျိုးသမီးတယောက်ယောက်က သူ စိတ်ဆိုးတဲ့ အချိန်မှာ `နင် ထဘီဝတ်ထားပါလား´ လို့ပြောရင် ကျနော် ပြုံးမိပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လုံချည်ဝတ်ထားတဲ့ ကျနော်က အချိန်တိုင်း မြင့်မြတ်နေမယ့်သူ မဖြစ်နိုင်လို့ပါ။ ကျနော့်ထက် မြင့်မြတ်သော အမျိုးသမီးတွေ ဒီကမ္ဘာပေါ်မှာ မြောက်မြားစွာ ရှိနေမှာ အသေအချာ ဖြစ်လို့ပါ။ အဲဒီလိုပဲ ထဘီဝတ်ထားတဲ့ အမျိုးသမီးတွေဟာလဲ နေရင်းထိုင်ရင်းနဲ့ နိမ့်ကျမနေပါဘူး။ အဓိက အရေးကြီးဆုံးက လူရယ်လို့ ဖြစ်လာရင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ ဒီထက်ပိုပြီး မိမိနိုင်ငံ၊ ဒီထက်ပိုပြီး မိမိကမ္ဘာကြီးမှာ ကျနော်တို့တတွေ အကျိုးရှိတဲ့အလုပ်တွေ ဘယ်လောက်လုပ်နိုင်ပြီလဲ ဆိုတဲ့ `လူ့အရင်းအမြစ်´ပါ။

အဲဒီ လူ့အရင်းအမြစ်ကို မထည့်တွက်နိုင်အားဘဲ အမျိုးသမီးဖြစ်တာတခုတည်းနဲ့တင် ခွဲခြားပစ်လိုက်တဲ့ `လိင်ပုံသေကားချပ် ဖြစ်မှုကြီး´ကို တကယ်တော့ ရာဇ၀င်ထဲမှာ ထားခဲ့သင့်နေတာ ကြာပါပြီ။

အမျိုးသမီးတွေက `အမျိုးသမီးအခွင့်အရေး´ ဆိုပြီး ဘာကြောင့် ကျယ်ကျယ်လောင်လောင် ပြောနေခဲ့ပါသလဲ။ ပြောနေဆဲပါလဲ။ ပြောနေအုံးမှာပါလဲ။ ရှင်းပါတယ်။ သူတို့ အဖိနှိပ်ခံခဲ့ရလို့ပါ။ သူတို့ အခွဲခြား ခံခဲ့ရလို့ပါ။ သူတို့ နှိမ့်ချဆက်ဆံခံခဲ့ရလို့ပါ။ သူတို့ လိုလားတဲ့ အမျိုးသမီး အခွင့်အရေးဆိုတာက သိပ်တော့လဲ ထူးခြားနေတဲ့ အရာကြီး မဟုတ်ပါဘူး။ လူ့အသိုင်းအ၀ိုင်းမှာ အများနည်းတူ သာတူညီမျှ ပူးပေါင်းပါဝင် ပတ်သက်ခွင့်သာလျှင် ဖြစ်ပါတယ်။

အဲဒီတော့ ဘာမဟုတ်တဲ့ စကားလေးတွေနဲ့ ခပ်နှိမ်နှိမ်ပြောပစ်တာက အစ ကျနော်တို့ အမျိုးသားတွေက ဆင်ခြင်သင့်လှပါတယ်။ ဒီထက်ပို အရေးကြီးတာက ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်ကိုကလဲ ဒါကို နားလည်စွာနဲ့ အဲဒီလို စကားအသုံးတွေ မသုံးမိဖို့ သတိထားရပါမယ်။ သုံးလိုက်တာနဲ့ နဂိုကတည်းကမှ အမျိုးသမီးများကို ခွဲခြားဆက်ဆံချင်တဲ့ ပုရိသတွေ အကြိုက် ဖြစ်သွားပါလိ့မ်မယ်။

`မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ရောပေါ့´ လို့ ကျနော်တို့ အဘိုးအဘွားတွေရဲ့ လက်ထက်က စကားအမှားကြီးကိုလဲ ဒီဘက်ခေတ်ကို ဆက်မသယ်ကြပါစို့။ `နင်ဟာ မိန်းမ၊ မိန်းမဟာ မိန်းမလိုနေ၊ ငါရှာကျွေးတာကိုစား၊ ယောက်ျားဆိုတာ အိမ်ရဲ့အိမ်ဦးနတ်ဆိုတာ မြဲမြဲမှတ်ထား´ ဆိုတဲ့ သာမန်အားဖြင့် မြန်မာ့ အိမ်ထောင်မှု နယ်ပယ်မှာ အသုံးများနေတဲ့ ဒီစကားကိုလဲ ပယ်ဖျောက်ကြပါစို့။ မိန်းမလဲလူ၊ ယောက်ျားလဲ လူ၊ လူသည်သာလျှင် အဓိက၊ လူ့စွမ်းအားသည်သာလျှင် ပဓာန ဆိုတာကို နားလည်လက်ခံပြီး သာတူညီမျှ အခွင့်အရေးရှိတဲ့ ကမ္ဘာကြီးတခုကို ဖန်တီး တည်ဆောက်ကြပါစို့။

စစ်မှန်သော၊ ထက်မြက်သော အတွေးအမြင်များ အမျိုးသမီးတိုင်း အမျိုးသားတိုင်းတွင် ပိုမိုရင့်သန်ပြီး တိုင်းပြည်၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။

ကလိုစေးထူး

(ဒီစာကို နယ်စပ်က အမျိုးသမီးစာစောင်ကို ပို့ပေးဖို့ ရည်ရွယ်ရေးဖြစ်ခဲ့တာပါ။ သူတို့စာစောင် ထွက်ရှိချိန်က ကြာမှာကြောင့် ကျနော့်ဘလော့မှာ အရင်ဆုံး တင်လိုက်ပါတယ်။)

4 comments:

Anonymous said...

ကွန်မန့်ရေးချင်တာ ဘယ်လိုမှ ၀င်မရလို့ အခုမှ ရေးလိုက်ပါတယ် ကိုသံလွင်။
ကိုသံလွင်ရဲ့ ဒီဆောင်းပါးဖတ်ပြီး ကျမလည်း ရှက်မိပါတယ်။
ဘာကြောင့်ဆို သူများ နာရင်ပြီးရော ကိုယ်လည်း အဲဒီလို သုံးခဲ့မိလို့ပါပဲ။
“ယောက်ျားကြီးတန်မဲ့ မိန်းမလို မိန်းမရ နှုတ်သီးကောင်း လျှာပါး ပြောတတ်လိုက်တာ” … တို့
“ဒီလူ့စိတ်က မိန်းမဆန်လိုက်တာ ထစ်ခနဲဆို ဘာဖြစ်တယ် ညာဖြစ်တယ်” … တို့ … ပြောခဲ့ဖူး သုံးခဲ့ဖူးပါတယ်။
ယောက်ျားတယောက် မိန်းမဆန်တာဟာ ရှက်စရာဆိုရင် …. မိန်းမတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ဟာ အတော်နိမ့်ကျသလို ဖြစ်နေပါလား လို့ ဒီစာဖတ်ပြီးမှ ဆင်ခြင်တွေးတောမိပါတယ်။
မိန်းမဆိုတာနဲ့ အားအားယားယား အတင်းပြော သန်းတုတ် ဦးနှောက်မရှိ စွာစိတွေလို့ သတ်မှတ်ကြရင် ကျမတို့ အမျိုးသမီး တရပ်လုံး မခံနိုင်ပေမဲ့ … အတင်းပြောမိ ရန်တွေ့မိတဲ့ ယောက်ျားတွေကိုဆိုရင် မိန်းမကြီးကျနေတာပဲ … စသဖြင့် နှိမ်နှိမ်ချိုးချိုး ပြောမိကြတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ပြန်နှိမ်နေတာပဲ ပေါ့နော်။

“ဒီထက်ပို အရေးကြီးတာက ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်ကိုကလဲ ဒါကို နားလည်စွာနဲ့ အဲဒီလို စကားအသုံးတွေ မသုံးမိဖို့ သတိထားရပါမယ်။ သုံးလိုက်တာနဲ့ နဂိုကတည်းကမှ အမျိုးသမီးများကို ခွဲခြားဆက်ဆံချင်တဲ့ ပုရိသတွေ အကြိုက် ဖြစ်သွားပါလိ့မ်မယ်။”
ဒီစာသားကို ဖတ်ပြီး ဟုတ်ပါရဲ့ … လို့ အကြိမ်ကြိမ် ထောက်ခံမိပါတယ်။

“မိန်းမလဲလူ၊ ယောက်ျားလဲ လူ၊ လူသည်သာလျှင် အဓိက၊ လူ့စွမ်းအားသည်သာလျှင် ပဓာန ဆိုတာကို နားလည်လက်ခံပြီး သာတူညီမျှ အခွင့်အရေးရှိတဲ့ ကမ္ဘာကြီးတခုကို ဖန်တီး တည်ဆောက်ကြပါစို့။”
ဟုတ်ကဲ့ … လူတိုင်း လူတိုင်း ဒီလို နားလည်ကြမယ်ဆိုရင်ဖြင့် … ဘယ်လောက်များ ကောင်းလိုက်ပါမလဲ။

Unknown said...

ဒီကိစ္စမှာတစ်ခုပြောချင်ပါတယ်
အမျိုးသမီးများကလည်းတစ်ချို့ကိစ္စတွေမှာ အားနည်းတယ်ဆိုပြီး ယောကျာ်းများအပေါ်အနိုင်ယူဗိုလ်ကျလိုပါတယ်
ဥပမာ- ရန်ကုန်မှာကျွန်မ ကားမောင်း.မန္တလေးမှာဆိုင်ကယ်စီးတဲ့အခါ ကြုံခဲ့ရတာလေးတွေပြောချင်ပါတယ်။

လမ်းပေါ်မှာမိန်းမမောင်းလို့ကိုးလို့ကန့်လန့်ဖြစ်ခဲ့ရင် မိန်းမမောင်းလို့ကိုးလို့အပြောခံရပါတယ်။တကယ်ပြန်သုံးသပ်ကြည့်ရင်မိန်းမတွေဘက်ကအားနည်းတာမှန်ပေမယ့်အမြဲတန်းတော့မဟုတ်ပါ။များသောအားဖြင့် ငါမိန်းမဘဲ။ငါ့ကိုအလျှော့ပေးရမယ်ဆိုပြီး စည်းကမ်းမဲ့ကြတာများလို့ပါ။ဒီစိတ်ဓါတ်ကြောင့်ကိုယ့်ကိုယ်ကိုနှိမ်သလိုဖြစ်သွားတာမသိလိုက်ဘဲအနိုင်ရတယ်အထင်မှားနေကြတယ်။တကယ်ဆို ယောကျာ်းဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် ကိုယ့်အစွမ်းရှိသလောက်ကြိုးစားရင်ဘာမှမဖြစ်နိုင်စရာမရှိပါ။

ကလိုစေးထူး said...

မမေဓာဝီရော.. မ.ဇင် ရော ကွန်မန့်တွေအတွက် ကျေးဇူးပါ။ မိန်းမဆိုတာနဲ့ လူတိုင်းက အားနွဲ့တယ်လို့ အရင်မြင်တတ်ပါတယ်။ (တကယ်တော့လဲ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ယောက်ျားတွေထက် အားနွဲ့တာကိုး).. ဒါပေမယ့် အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ တဆင့်..တဆင့်နဲ့ ခွဲခြားလာလိုက်တာ... အခုဆိုရင် စကားတခွန်းပြောရင်တောင် ... ကျနော်တို့တတွေ သတိမထားလိုက်မိစွာဘဲ အားနွဲ့သူကို ပိုလို့ ဖိနှိပ်တဲ့ စကားတွေ ပြောမိနေပါတယ်။ အဲဒါကို ရေးမိတာပါ။ ဖတ်ပေးတာရော၊ မှတ်ချက်ပေးတာပါ ကျေးဇူးပါ။

Anonymous said...

ကျန်ာကတော့ အချို့ အချက်တွေကိုလက်မခံချင်ဘူး...
ဝစီကံနဲ့ နှိပ်စက်ကလူအပြုခံရသူဟာ မိန်းမတွေဖြစ်တယ်ဆိုတဲ့အချက်က သက်သေမရှိဘူးဗျ.. ကျနော်တွေ့မိသလောက် ယောက်ျားတွေဖြစ်တယ်ဗျ..
ဝစီကံနဲ့ နှိပ်စက်ခံရတိုင်း တိုင်တန်း ထောင်ထဲထည့်ဖို့ မသိတဲ့ ယောက်ျားတွေ စိတ်မထိန်းနိုင် ရိုက်.. အဲ့ဒီ့ အဖြစ်မှာ ဘယ်သူမှားသလဲ..
အခုလို ဥပဒေရှိရင်တကယ်ကျင့်သုံးရင် ထောင်ထဲ ၀င်မယ့်သူ ဘယ်သူတွေများမလဲ သိချင်မိပါတယ်..

မိန်းမလိုမိန်းမရ ဆန်တယ်လို့သုံးတာဟာ အစ်မတစ်ယောက်ပြောသလိုဆိုရင်.. ပုံစံတစ်ခုကို နမူနာပြတာပါတဲ့..
ဥပမာ..(တိုးတိုးတိတ်တိတ်သွားတတ်ခြင်းကိုဂုဏ်ယူသော).. ကြောင်တစ်ကောင်ကို.. ကျားလိုဘဲ.. အသံမြည်တယ်လို့ပြောတာဟာ.. ကဲ့ရဲ့ခြင်းပါ.. ကျားလိုဘဲ လို့နှိုင်းသောကြောင့် ချီးကျူးတာ မဟုတ်ပါ..

ထို့အတူဘဲ..
`မိန်းမကြီး ကျနေတာပဲ၊ တဖျစ်တောက်တောက် ပြောနေလိုက်တာ´ `ထဘီ ၀တ်ထားပါလား´ ဆိုတာက
ကိုယ့်ကိုယ်ကို စကားနည်းတယ်.. အထက်ကပြောသလို ၀စီကံနဲ့ လိုက်မနှိပ်စက်နေဘူးလို့ ခံယူထားသူကို ၀စီကံနဲ့ ခဏခဏ နှိပ်စက်တတ်သူနဲ့ နှိုင်းကာ မခံချင်အောင်ပြောခြင်းဟုသာ မြင်ပါတယ်..
အမှားလုပ်သော ယောကျာ်းတိုင်းကို ပြောတဲ့ စကားလုံးမဟုတ်ပါ..

`မိန်းမကြီး ကျနေတာပဲ၊ တဖျစ်တောက်တောက် ပြောနေလိုက်တာ´ `ထဘီ ၀တ်ထားပါလား´ စတဲ့ စတဲ့ စကားတွေကို ကြည့်ရင် အသုံးမကျသော၊ ဒါမှမဟုတ် အမှားလုပ်သော ယောက်ျား တယောက်ဟာ မိန်းမနဲ့ တူတယ် ဆိုတဲ့ သဘောကို ဆိုလိုနေသလို ဖြစ်နေပါတယ်။
ဆိုတာကို လက်မခံနိုင်ပါ.. ဒီလို သဘောနဲ့ ဘယ်သူမှ မသုံးပါ..
လိုရာရေးထားတယ်လို့မြင်ပါတယ်..

အရောင် ကတော့ ကလေးအရောင် လူကြီးအရောင်လည်းခွဲကြတာဘဲ.. ကလေးကို နှိပ်တာလား.. ကျားကြိုက်တာနဲ့ မကြိုက်တာ မတူတာ တော့အမှန်ဘဲဗျာ.. မိန်းကလေးတစ်ယောက် ယောကျာ်းအဆင် အကွက်ဝတ်ရင်လည်း ပုဆိုးဆင်နဲ့ ဆိုပြီးစတာဘဲဗျာ..

ဝေဖန်ပြောတာ မဟုတ်ပါဘူး... ပြန်စဉ်းစားကြည့်ဖို့ လေးပါ..